ထေရုပ္ပတ္တိအကျဉ်း ( ၁၁၇၉ - ၁၂၅၆ )
ဆရာတော်လောင်းလျာကို ၁၁၇၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ ကြာသာပတေးနေ့တွင် ရွှေတောင်မြို့၊ ကျီးသဲရှမ်းတန်းကလေးရပ်၌ ဖွားမြင်သည်။ (မိဘအမည် ရှာမတွေ့ပါ) ငယ်မည် မောင်ကင်း ဖြစ်သည်။ အမရပူရမြို့ ရွှေတောင်ဆရာတော်ထံတွင် ရဟန်းအဖြစ်သို့ ရောက်သည်။ ဘွဲ့တော်မှာ အရှင်မုနိန္ဒာဘိဓဇ ဖြစ်သည်။
မန္တလေး နေပြည်တော်သို့ ကြွ၍ မောင်းထောင်သာသနာပိုင် ဆရာတော်၊ ခင်မကန်ဆရာတော်၊ ရွှေတိုက်ဆရာတော်ကြီးများ ထံ၌ ပိဋကတ်ကျမ်းဂန်များကို သင်ကြားတော်မူသည်။
၁၂၅၅ ခုနှစ်တွင် ဟင်္သာတမြို့သို့ ကြွရောက် သီတင်းသုံးတော်မူပြီး ရွှေတောင်မြို့သို့ ပြန်၍ ကြွသည်။ ရွှေတောင်မြို့တွင် မင်းကြီးမဟာမင်းလှမင်းခေါင် ကျော်ထင်နော်ရထာ ဘွဲ့ခံ ဝန်ကြီးဦးမှုံ ဆောက်လုပ်လှူဒါန်းသော ရွှေတောင်မြို့ ကျီးသဲရွာ အရှေ့မျက်နှာရှိ လေးထပ်ကျောင်းကြီးတွင် သီတင်းသုံး သဖြင့် ကျီးသဲလေးထပ် ဆရာတော် ဟု ထင်ရှားသည်။ ဇိနတ္ထပကာသနီကျမ်း၊ ကျီးသဲမေတ္တာစာ၊ နိဗ္ဗာန်အလင်းပြကျမ်း အပါအဝင် ကျမ်းပေါင်း ၂၃ ကျမ်း ကို ပြုစုတော် မူခဲ့သည်။
သာသနာ့ တာဝန်ကို ထမ်းဆောင်ရင်း ၁၂၅၆ ခုနှစ် သက်တော် ၇၇ နှစ် ၅၇ ဝါ အရတွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူခဲ့ပါသည်။
သန်လျက်ဖြစ်ငြား၊ မသွေးထားသော်၊ ချင့်စားလိုခါ မတုံးလား။
ဓမ္မသတ်တရား၊ မသင်ကြားက၊ စကားဆိုခါ မရှုံးလား။
ငယ်ကပျော်လွန်၊ ကျမ်းဂန်တရား၊ မသင်ကြားသော်၊
မင်းပါးစိုးခွင်၊ မဝင်နိုင်ဘဲ၊ ဆင်းရဲပန်းတောင်း၊
မကောင်းသက်မွေး၊ မယဉ်ကျေးသည်၊ လူရေးလူစ မတုံးလော။