အစီအစဉ်များ
၁။ "နမော တဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ရန်၊
၂။ အနန္တငါးပါးကို ထိခြင်းငါးပါးဖြင့် စနစ်တကျ ဂါဝရပြုရန်၊
၃။ သာသနာလျှောက်ထားရန်၊
၄။ အဘိဓမ္မာ ဟောကြားတော်မူသော မြတ်စွာဘုရားအား ရှိခိုးပူဇော်သည့် ဝန္ဒာနာဂါထာကို ရွတ်ဖတ်ပူဇော်ရန်၊
၅။ အဘိဓမ္မာ အမေးအဖြေကို ဖတ်ကြားရန်၊
၆။ အဘိဓမ္မာအကြောင်း သိကောင်းစရာများကို ရွတ်ဖတ်ပူဇော်ရန်၊
၇။ အဘိဓမ္မာ အမွှန်းဂါထာကို ရွတ်ဖတ်ပူဇော်ရန်၊
၈။ အဘိဓမ္မာ ပါဠိတော်များကို ရွတ်ဖတ်ပူဇော်ရန်၊
၉။ ရောင်ခြည်တော်ဖွဲ့ သံဆန်းကဗျာများကို ရွတ်ဖတ်ပူဇော်ရန်၊
၁၀။ မေတ္တာပို့ရန်၊
၁၁။ အမျှဝေရန်၊
၁၂။ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်၍ အခမ်းအနား ပြီးဆုံးရန်။
အဘိဓမ္မာ ဟောကြားတော်မူသော မြတ်စွာဘုရားကို ရှိခိုးရန်
ဘိဓမ္မံ ဒေသနတ္ထာယ၊ ယမကံ ပါဋိဟာရိယံ။
ဒဿေတွာ ဘဂဝါ ဂဉ္ဆိ၊ ခဏေန တိဒသာလယံ။
သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ဖြင့် ဘယ်သူတို့အား ဟောကြားတော်မူခဲ့ပါသနည်း?
သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာ တရားတော်ကို ၆ ဝါအလွန်၊ ၇ ဝါ အရောက် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ ကျောက်နေရာထက်၌ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော် မူခဲ့ပါသည်။
သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာ တရားတော်ကို အချိန်ကာလ မည်မျှကြာအောင် ဟောတော်မူပါသနည်း?
သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာအောင် ဟောတော် မူပါသည်။
ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားဘဲ အဘယ်ကြောင့် နတ်ပြည်မှာသာ ဟောကြားပါသနည်း?
အဘိဓမ္မာ တရားတော်သည် သုတ္တန်ဒေသနာ, ဝိနည်းဒေသနာတော်များ ကဲ့သို့ လူတို့၏ အချိန်ကာလ တစ်ရက်အတွင်း၌ အစ, အလယ်, အဆုံး အပြည့်အစုံ ပြီးဆုံးအောင် ဟောကြား၍ မဖြစ်ပါ။ အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို လူသားများ ဣရိယာပုတ် တစ်ခုတည်းဖြင့် ပြီးဆုံးအောင် နာယူနိုင်သော စွမ်းရည်လည်း မရှိပါ။ လူတို့၏ အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏ အချိန်ကာလ တစ်ခဏမျှသာ ဖြစ်ပါသည်။ ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌ မဟောကြားဘဲ နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။
အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရား အနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော၊ အာဟာရကိစ္စ မည်သို့ ဖြေရှင်းပါသနည်း?
အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ လူသားဘုရား အနေဖြင့် နတ်အာဟာရကို မမှီဝဲပါ၊ လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။
ပကတိ မြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော၊ တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ ဆောင်ရွက်တော် မူပါသနည်း?
ပကတိ မြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍ မထားပါ၊ ပကတိ မြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော နိမ္မိတဘုရားရှင်က ဆက်၍ ဟောကြားတော် မူပါသည်။
အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်းများကို ဗဟုသုတ အဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ?
အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်းမှ သုံးမျိုး ရှိပါသည်။
(က) သဗ္ဗညု မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။
(ခ) စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
(ဂ) ဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး လင်းနို့သား ဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော် မူပါသည်။
ယနေ့ မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့် ရရှိနေသည်မှာ မည်သူ၏ ကျေးဇူးကြောင့် ဖြစ်ပါသနည်း?
ယနေ့ မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့် ရရှိနေသည်မှာ အရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။
အဘိဓမ္မာတရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ် အခါ၌ မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှု အစဉ်အလာကို သိပါရစေ?
သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနုဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်း တော်မူပါသည်။ နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌ -
နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်း မှ သက်ဆင်းတော် မူပါသည်။
မာတလိနတ်သားက မြတ်စွာဘုရားအနီး ဝဲဘက်တော်မှ ခစားလိုက်ပါပြီး ပဉ္စသီခနတ်သားက စောင်းတီးပူဇော်ရင်း လိုက်ပါပို့ဆောင် ပါသည်။ သိကြားမင်းက ဘုရားနောက်တော်မှ ထီးမိုးလိုက်ပါပြီး သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။
အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့ လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက များပါသတဲ့။ ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင် လိုကြတယ်လို့ ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။ မြတ်စွာဘုရားသခင် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့် ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော် ကြခြင်း ဖြစ်ပါသည်။
သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် ကျင်းပရပုံ ရှင်းပြပါ?
(က) နတ်ပြည်မှာ နတ်ပရိသတ်တွေကို အကျယ်ဟောကြား ပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ် လပြည့်နေ့။
(ခ) စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်း ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ် လပြည့်နေ့။
(ဂ) အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချခြင်း ပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါသည်။
ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ ကျင်းပခြင်း ဖြစ်ပါသည်။
၁။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ဝါ အလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။
၂။ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။
၃။ မယ်တော်မိနတ် အမှူးပြုသော နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။
၄။ ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ ဟောကြားတော် မူခဲ့ပါသည်။
၅။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြား တော်မူပါသည်။ အရှင်သာရိပုတ္တရာက လင်းနို့သား ဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ် နည်းဖြင့် ဟောကြားတော် မူပါသည်။
၆။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသော တရားဖြစ်၍ အဘိဓမ္မာ ခေါ်ပါသည်။
၇။ အဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူ၍ အရေအတွက် ၇ ကျမ်း ရှိပါသည်။
၈။ ကုသိုလ်, အကုသိုလ် စသော တရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော် မူသောကျမ်းကို ဓမ္မသင်္ဂဏီ ကျမ်းဟု ခေါ်ပါသည်။
၉။ ခန္ဓာ စသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း တို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဖန် ဟောကြားသော ကျမ်းကို ဝိဘင်း ကျမ်းဟု ခေါ်ပါသည်။
၁၀။ ဓာတ်အမျိုးမျိုး ဟောကြားသော ကျမ်းကို ဓာတုကထာ ကျမ်းဟု ခေါ်ပါသည်။
၁၁။ ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသော ကျမ်းကို ပုဂ္ဂလပညတ် ကျမ်းဟု ခေါ်ပါသည်။
၁၂။ အယူဝါဒ နှင့် ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့် ပြည့်စုံသော ကျမ်းကို ကထာဝတ္ထု ကျမ်းဟု ခေါ်ပါသည်။
၁၃။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန် နှင့် သံသယ အစုံ အစုံ ပြု၍ ဟောကြားသော ကျမ်းကို ယမိုက် ကျမ်းဟု ခေါ်ပါသည်။
၁၄။ အကြောင်း အမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသော တရားတို့ကို ၂၄ ပစ္စည်းတို့ဖြင့် ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ ဖြစ်သောကျမ်းကို ပဋ္ဌန်း ကျမ်းဟု ခေါ်ပါသည်။
၁၅။ အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ် တရားဖြစ်ပြီး နတ်ပြည်၌ ဟောကြားခြင်း၊ သုံးလကြာမျှ ဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်း ဟူသော ထူးခြားချက် လေးမျိုးတို့နှင့် ပြည့်စုံပါသည်။
၁၆။ အဘိဓမ္မာတရားသည် ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်း ဟူသော ဂမ္ဘီရလေးမျိုးနှင့်လည်း ပြည့်စုံပါသည်။
၁၇။ အဘိဓမ္မာတရားတော်ကို ရွတ်ဖတ် ပူဇော်ခြင်း၊ သင်ကြားနာယူ ရခြင်းကြောင့် လင်းနို့သား ဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပ ပရိစ္ဆေဒဉာဏ် ရင့်သန်စေခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန် ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်း ရနိုင်ခြင်း၊ ဘေးဥပဒ်အန္တရာယ် ကင်းဝေခြင်း၊ ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးတရားများကို ရရှိနိုင်ပါသည်။
*သီတင်းကျွတ် လပြည့်နေ့တွင် အဘိဓမ္မာတရား ဟောကြားပြီးဆုံးသည်ကို ရည်စူး၍ ဤနေ့တွင် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ် အဖြစ်ဖြင့် ကျင်းပခြင်း ဖြစ်ပါသည်။
မဟုဿဝေါ အနုပ္ပတ္တော၊ အဘိဓမ္မဒိနော အယံ။
အဘိဓမ္မံ ဘဏိဿမ၊ သုဏန္တု ဘော သဂါရဝါ။
ဘဒ္ဒန္တာ = အို သူတော်ကောင်းတို့။
အယံ နိဒေါ = သီတင်းကျွတ်လပြည့် ဤယနေ့သည်ကား။
အဘိဓမ္မ ဒိနော = အဘိဓမ္မာ ဒေသနာကို သေချာပြီးဆုံး နိဂုံးကမ္ပတ် အပြီးသတ်အောင် စောမြတ်စိန္တေ ဟောမိန့်ချွေသည့် ကြုံလေထူးခြား အဘိဓမ္မာနေ့ကြီး ပါတကား။
မဟုဿဝါ = ဒေသနာဉာဏ် နတ်ဌာန်ကွန့်မြူး တရားထူးကို ဟောကျူးခဲ့ငြား နေ့တကားဟု မှတ်သားစီစဉ် ခမ်းနားယင်၍ ပြင်ဆင်ခြယ်မွမ်း ရောင်လျှံထွန်းလျက် ခဝန်းရံလတ် ပရိသတ်တို့ စိတ်ဓာတ်ကြည်နူး ဝသီထူးအောင် ရည်စူးဆောင်သား နောက်နောင်ယခု အကျိုးစုတို့ တိုးမှုယှဉ်ရာ မင်္ဂလာတည့် ထင်စွာလက်ဝေ ကျက်သရေရှိပြီး ဤပွဲတော်မြတ် သဘင်ကြီးသည်။
အနုပ္ပတ္တော = ပွဲကြီးယင်ရာ စဉ်အလာဖြင့် ချိန်ခါယနေ့ ဆိုက်ရောက်၍ လာခဲ့ပါပြီ တကား။
အဘိဓမ္မံ = အတိဂမ္ဘီ နက်နဲသည်ဟု ဂုဏ်ရည်လျှမ်းဖြာ ကျမ်းတော်မြတ် အဘိဓမ္မာကို။
ဘဏိဿာမ = ပီပြင်ပြတ်သား ရွတ်ပွား ကြပါကုန်စို့။
ဘော = အဘိဓမ္မာ အခါတော်ပွဲ ဆင်နွှဲဆုပေါင်း အို သူတော်ကောင်းတို့။
တုမှေ = သင် သူတော်ကောင်း အပေါင်းတို့သည်။
အဘိဓမ္မံ = ဓမ္မက္ခန္ဓာပေါင်း လေးသောင်းနှစ်ထောင် မြားမြောင်စွာလှ ဂမ္ဘီရနက်ဝှမ်း အဘိဓမ္မာ ခုနှစ်ကျမ်းကို။
သဂါရဝါ = ရိုသေလေးစား ကြည်ညိုသောအားဖြင့်။
သုဏန္တု = တရားတော်ဂုဏ် ကိုယ်လုံးထုံလျက် အာရုံတစ်ပါး စိတ်မသွားဘဲ နာကြား ကြပါကုန်လော့။
မော မောဠိ ခေါင်တင်၊ ဗော ဗောဓိညောင်ခွင်။
ရွှေအိမ်နန်း၊ ပဋ္ဌာန်းအောင်လံတင်။
ပြိုး ပြိုးပြက်ရောင်ရှင်၊ ချိုး ချိုးဖျက်မှောင်ခွင်။
ဆဗ္ဗဏ္ဏ၊ မြူးကြွကိုယ်တော်ရှင်။
မွေ မွေဓာတ်ဆံတော်၊ ခွေ ခွေပတ်လျှံသော်။
ညိုရောင်ဝင့်၊ မြနှင့် တူပြိုင်နော်။
မှိုင်း မှိုင်းသမျှရောင်တော်၊ နှိုင်း နှိုင်းမရခေါင်ကျော်။
ညိုရောင်ကြွ၊ နီလရောင်ခြည်တော်။
သွေး သွေးသားရေတော်၊ ပြေး ပြေးလွှားနေသော်။
ထိန်ထိန်လင်း၊ လမင်းတူပြိုင်နော်။
လက် လက်သမျှရောင်တော်၊ ဖက် ဖက်မရခေါင်ကျော်။
ရွှေရောင်ကြွ၊ ပီတရောင်ခြည်တော်။
နှုတ် နှုတ်ဖျားလျှာသော်၊ လှုပ် လှုပ်ရှားပါသော်။
ပြောင်ပြောင်ဝင်း၊ နေမင်းတူပြိုင်နော်။
ရဲ ရဲသမျှရောင်တော်၊ ကဲ ကဲသမျှခေါင်ကျော်။
နီရောင်ကြွ၊ လောဟိတရောင်ခြည်တော်။
ရိုး ရိုးဓာတ်စွယ်တော်၊ ပြိုး ပြိုးလျှပ်ခြယ်သော်။
ဖွေးဖွေးလွင့်၊ စိန်နှင့်တူပြိုင်နော်။
ကြည် ကြည်သမျှရောင်တော်၊ မှီ မှီမရခေါင်ကျော်။
ဖြူရောင်ကြွ၊ ဩဒါတရောင်ခြည်တော်။
ကာ ကာယအစုံတော်၊ စာ စာသ,မကုန်သော်။
ဝင့်ဝင့်ဖြိုး၊ မိုးကြိုးတူပြိုင်နော်။
တောက် တောက်သမျှရောင်တော်၊ မောက် မောက်သမျှခေါင်ကျော်။
မောင်းမောင်းဖိတ်၊ မဉ္ဇိဌ်ရောင်ခြည်တော်။
နေ နေလရှိန်သော်၊ ရွှေ ရွှေမြစိန်ပေါ်။
ရောင်စုံကျူး၊ ကွန့်မြူးရွှေကိုယ်တော်။
ရှိ ရှိသမျှရောင်တော်၊ ထိ ထိကရခေါင်ကျော်။
ပြိုးပြိုးကြွ၊ ပဘရောင်ခြည်တော်။
ကွန့် ကွန့်မြူးရောင်ရှင်၊ လွန့် လွန့်လူးပြောင်လွင်။
မျှော်ရည်ဖူး၊ ကြည်နူးစရာပင်။
ဂီ ဂီတိ ပဏာတင်၊ ပီ ပီတိသဒ္ဓာရွှင်။
အဉ္ဇလိ၊ တင်ရှိခါခါပင်။