ဂုဏ်တော် ၉ ပါး ပါဠိတော်
ဣတိပိ သော ဘဂဝါ အရဟံ , သမ္မာသမ္ဗုဒ္ဓေါ , ဝိဇ္ဇာစရဏသမ္ပန္နော , သုဂတော , လောကဝိဒူ , အနုတ္တရောပုရိသဒမ္မသာရထိ , သတ္ထာဒေဝမနုဿာနံ , ဗုဒ္ဓေါ ဘဂဝါ ။
"ဣတိပိ သော ဘဂဝါ" ၌ "ဣတိပိ" သည် မိမိ၏ ဉာဏ်ထဲမှာ ထင်လာသော အကြောင်းတစ်ခုခုကို ညွှန်ပြအပ်သော ပါဠိ၊ "သော ဘဂဝါ" ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း။ ထို့ကြောင့် ထိုပါဠိ ၂ ရပ်ကို ဂုဏ်တော် ၉ ပါးလုံးနှင့် တွဲစပ်ပါ။
ဣတိပိ သော ဘဂဝါ အရဟံ
ဣတိပိ သော ဘဂဝါ သမ္မာသမ္ဓုဒ္ဓေါ
ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော
ဣတိပိ သော ဘဂဝါ သုဂတော
ဣတိပိ သော ဘဂဝါ လောကဝိဒူ
ဣတိပိ သော ဘဂဝါ အနုတ္တရောပုရိသဒမ္မသာရထိ
ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ
ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ
ဣတိပိ သော ဘဂဝါ ဘဂဝါ
အရဟံ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန တစ်ထောင့်ငါးရာ, ကိလေသာတို့, ဝါသနာဓလေ့, အထုံငွေ့မျှ , မငွေ့မရိပ်, ဝင်းဝင်းဖိတ်သို့, ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူ ကော်ရော်, အလှူ တော်မှန်, အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
အရဟံ ဂုဏ်တော်သည် -
"ကိလေသာတို့မှ ဝေးကွာတော်မူ၏" ဟူသော အနက်၊ "လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏" ဟူသော အနက်ကို ပြသည်။
တစ်ထောင့်ငါးရာ, ကိလေသာတို့ - ပုထုဇဉ်တို့၏ သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။
[ထို ၁၅၀၀ တွက်ပုံကို အလိုရှိက သဂြိုဟ်သင်ဖူးသူများကို မေးပါ။ အခြေပြုသဂြိုဟ် သမုစ္စည်းပိုင်းမှာလည်း တင်ပြထားသည်။]
ဝါသနာဓလေ့ အထုံငွေ့မျှ - သတ္တဝါတို့၏ သန္တာန်၌ အငွေ့အသက် ထုံလျက်ပါသော ကိလေသာတို့၏ သတ္တိကို "ဝါသနာ = အထုံ" ဟု ခေါ်သည်။ ရဟန္တာများ သန္တာန်၌ ကိလေသာကုန်သွားသော်လည်း ဘဝဆက်တိုင်းက ပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ။ ဥပမာ - စူးရှသော အရက်ထည့်ရာ ပုလင်းမှ အရက်ကုန်သွားသော်လည်း အရက်အနံ့ အထုံ မပျောက်သကဲ့သို့တည်း။ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာပါ ပျောက်ကင်းအောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် တဝင်းဝင်း တဖိတ်ဖိတ် အရောင်တောက်နေသလို ကြည်လင်သန့်ရှင်း တော်မူပေသည်။
ပူဇော်ခံထိုက်ပုံ - ထို့ကြောင့် အမှိုက်သရိုက်ကင်း၍ သန့်ရှင်းသော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာကြီးမား ထွားကျိုင်း ဖွံ့ဖြိုး အကျိုးများသောကြောင့် ထိုမြေမျိုး၌သာ စိုက်ပျိုး ကြဲချသင့်သကဲ့သို့ ထို့အတူ ကိလေသာ အနောက်အကျူ မရှိသဖြင့် စိတ်တော်အစဉ် ကြည်လင်နေသော ဘုရားရှင်၌ လှူ ဒါန်းပူဇော်ခြင်း ဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ်သလောက် အကျိုးရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူ ဒါန်းပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။
ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော "အရဟံ" ဂုဏ်တော်ကြောင့် ဘုရားရှင် လက်ထက်တော်အခါ၌ "သဟမ္ပတိ" ဗြဟ္မာမင်းကြီးသည် မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဖူးလေပြီ။ "ဗိမ္မိသာရ" မင်းလည်း ဝေဠုဝန် ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဖူးလေပြီ။ ပရိနိဗ္ဗာန်စံတော်မူပြီးမှလည်း "ဓမ္မသောက" မင်းသည် ၉၆ ကုဋေသော ဥစ္စာတို့ကို (စုတေခါနီးမှ ၄ ကုဋေ ထပ်ဖြည့်၍ ကုဋေတစ်ရာ) ဥစ္စတို့ကို အကုန်အကျခံလျက် ရှစ်သောင်းလေးထောင်သော ကျောင်းတို့ဖြင့် ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ ပူဇော်ဖူးလေပြီ။ ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူ ဒါနပြုမှုတို့၌လည်း ဘုရားရှင်ကို ကြည်ညိုမှုက အရင်းခံလျက်ရှိ၏။ ယခုတိုင်အောင် အပူဇော်ခံနေရပါသည် ဟူလို။ ဤသို့လျှင် ဘုရားရှင်၏ "အရဟံ" ဂုဏ်တော် ရနံ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာ့ပြည်တိုင်အောင် ပျံ့နှံ့မွှေးကြူ ပါသည်။
တိုက်တွန်းချက် - ဘုရားရှင်၏ "အရဟံ" ဂုဏ်တော်ကို အောက်မေ့ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ စိတ်တော်၏ ကိလေသာ အနောက်အကျူ တို့မှ ကင်းသဖြင့် သန့်ရှင်း ကြည်လင်တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ။ ထိုကြည်လင်သော စိတ်တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ, ဒေါသ, မာန်မာနနှင့် ဣဿာ, မစ္ဆရိယ စသော ကိလေသာ အနောက်အကျူ ကင်းစင်၍ အမြဲ ကြည်လင်သန့်ရှင်းအောင် သတိထားကြပါလေ။ ဤသို့ ဘုရားရှင်၏ ကိလေသာကင်း၍ စိတ်တော်သန့်ရှင်းပုံကို အာရုံပြုဖန်များလာလျှင် ထိုသန့်ရှင်းမှုသည် မိမိစိတ်၌ ဓာတ်သဘောကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါပေလိမ့်မည်။ ဥပမာ - သူတော်ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့တည်း။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ, ဝိကာရနှင့် လက္ခဏပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရပ်သိရန်, ဉေ ယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော်တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်သည် "အလုံးစုံသော တရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏" ဟူသော အနက်ကို ပြသည်။
[သမ္မာ + သံ + ဗုဒ္ဓ - သမ္မာ = မဖောက်မပြန် (အမှားမရှိအောင်) + သံ = ကိုယ်တော်တိုင် + ဗုဒ္ဓ = သိတော်မူနိုင်သည်။]
သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့် - ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရဖို့ရန် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမှု ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘဝအဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဉာဏ်တော် အဖြစ်သို့ ရောက်၍ လွန်စွာ အစွမ်းသတ္တိ ထက်မြက်ပါပေသည်။
ယခုလောက၌ သေးငယ်သော မြူ မှုန်ကို လူအပေါင်းတို့ ဝိုင်း၍ ကြည့်သောအခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမှုန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာ မရှိတော့သကဲ့သို့ ထို့အတူ သိဖွယ်အာရုံများကို သတ္တဝါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသော်လည်း ပင်ကိုဉာဏ်မျက်စိ ရှိသလောက်သာ သိမြင်နိုင်ကြသည်။ လုံးလုံးဉာဏ်မျက်စိ မရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက် နှင့် တင်းတောင်း ပမာဏကို မျှ မသိနိုင်ကြပေ။
ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်။ ထိုသိဖွယ်တရားများကို "ဉေ ယျဓမ်" ဟုခေါ်၏။
[ဉေ ယျ = သိသင့် သိထိုက်သော + ဓမ် = ဓမ္မ - တရား။]
ဉေ ယျ ဓမ်တရား ၅ ပါးကား - သင်္ခါရ စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ပန္နရုပ်များ။
ဝိကာရ - ဝိကာရရုပ် ငါးပါး။
လက္ခဏ - လက္ခဏရုပ် လေးပါး။
ပညတ် - လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။
နိဗ္ဗာန် - ရုပ် နာမ် ပညတ်မှတပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။
[ဤငါးမျိုး မှတပါး သိဖွယ်ရာ မရှိပြီ။ ဝိကာရ နှင့် လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။
ဤဉေ ယျဓမ် ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏ ကထာ၌ ပါသည်။]
ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ - ဤဉေ ယျဓမ်တရား ငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်းမရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်။ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပာယ်သော ရုပ်အဆင်းတော်အတွင်း၌ "အရဟံဂုဏ်တော်" အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ၊ ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဉာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿ တိကမ္မဋ္ဌာန်း ပွားများကြပါလေ။
တိုက်တွန်းချက် - အသိ အလိမ္မာ ဉာဏ် ပညာ ဟူသည် အလွန်အရေးကြီး၏။ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှာ အတူတူ သင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကို လည်းကောင်း၊ စီးပွား ဥစ္စာ ရှာဖွေရာဝယ် အရင်းအနှီးချင်း တူပါလျက် ဉာဏ်ရှိသူမှာ ကြီးပွား၍ ဉာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်မရှိသူမှာ ဆုံးရှုံးရပုံကိုလည်းကောင်း၊ မိဖချင်း တူပါလျက် အချို့သားသမီးများ လိမ္မာ၍ အချို့ယုတ်မာပုံကိုလည်းကောင်း၊ ထိုကဲ့သို့ ကွာခြားသည့် အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဉာဏ်ရှိသူက ကြီးကျယ်ထွန်းကား၊ ဉာဏ်မရှိသူက ပျက်ပြားနစ်မွန်း ရပုံကိုလည်းကောင်း စဉ်းစား၍ ဤ "သမ္မာသမ္ဗုဒ္ဓ" ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ ပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။
"မရှိတာထက် မသိတာခက်"
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန သုံးပါး ရှစ်ပါး, ၂ မျိုးအားဖြင့်, ဟောထားပညာ, ဉာဏ်ဝိဇ္ဇာတည်း, နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွ ဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော ဝိဇ္ဇာစရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်သည် "ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏" ဟူသော အနက်ကို ပြ၏။
[ဝိဇ္ဇာ = အသိဉာဏ် + စရဏ = အကျင့် + သမ္ပန္န = ပြည့်စုံ၏။]
သုံးပါး, ရှစ်ပါး - ဉာဏ်ဝိဇ္ဇာတည်း - အသိဉာဏ်ပညာဟူသော ဝိဇ္ဇာကို အချို့ သုတ္တန် ဒေသနာတော်၌ ၃ ပါး၊ အချို့ သုတ္တန် ဒေသနာတော်၌ ၈ ပါးဟု ၂ မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် "ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး" ဟုကွဲနေသည်။
[ဆောင်ပုဒ်] သုံးပါး ဝိဇ္ဇာ, ပု - ဒိ - အာ နှင့်, ဝိဇ္ဇာရှစ်ရပ်, ဝိပသ်စေတော, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။
ဝိဇ္ဇာသုံးပါး
ပုဗ္ဗေနိဝါသနုဿတိဉာဏ် - ရှေးရှေးဘဝ၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဉာဏ်။
ဒိဗ္ဗစက္ခု ဉာဏ် - နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဉာဏ်။
အာသဝက္ခယဉာဏ် - ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာရှစ်ပါး
ဝိပဿနာဉာဏ် - "အနိစ္စ ဒုက္ခ အနတ္တ" ဟု ရုပ် နာမ် တရားအားလုံးကို သိမြင်နိုင်သော ဉာဏ်။
စေတောပရိယဉာဏ် - သူတပါး၏ စိတ်ကို သိနိုင်သော ဉာဏ်။
မနောမယိဒ္ဓိဉာဏ် - မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဉာဏ်။
ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ၊ သေးငယ်သော အသံကို ကြားနိုင်သော ဉာဏ်။
ဣဒ္ဓိဝိဓဉာဏ် -မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ်။ ရှေ့ သုံးပါးတွင် ဤငါးပါးကို ထည့်လျှင် ဝိဇ္ဇာရှစ်ပါး ဖြစ်၏။
နိဗ္ဗာနဓာတ် အကျင့်စရဏ - မပျက်စီးနိုင်သော အရာကို "အမြိုက်" ဟုခေါ်၏။ ထိုအမြိုက်နှင့် တူသော နိဗ္ဗာန်ဓာတ်သို့ ရောက်ဖို့ရန် ကျင့်သော အကျင့်ကို "စရဏ" ဟုခေါ်သည်။
စရဏ ၁၅ ပါး
[ဆောင်ပုဒ်] သဒ္ဓါ သတိ, ဟိရီသြတပ္ပ, ဝီရိယနှင့်, သုတပညာ, ခုနှစ်ဖြာ, သဒ္ဓမ္မာဟု ပြ။ ထို သဒ္ဓမ္မာ, ခုနှစ်ဖြာနှင့်, ဘော ဇာ သီ ဣန်, ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။
သဒ္ဒါ - "ကုသိုလ် ၊ အကုသိုလ်ကံ ရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘဝ ရှိသည်" ဟု ယုံကြည်မှု။
သတိ - ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ အမှတ်ရမှု။
ဟိရီ - မကောင်းမှု ဒုစရိုက်မှ ရှက်မှု။
သြတ္တပ္ပ - မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု။
ဝီရိယ - ကုသိုလ်ကောင်းမှု ကိစ္စ၌ အားထုတ်မှု။
သုတ - အကြားအမြင်များမှု။
ပညာ - အရာရာ၌ တတ်သိ လိမ္မာမှု။
ဤကား "သဒ္ဓမ္မ" ဟု ခေါ်အပ်သော သူတော်ကောင်း တရား ၇ ပါးတည်း။
[သူတော် ဥစ္စာ၌ကား သတိ နှင့် ဝီရိယကို နုတ်ပြီးလျှင် သီလ (သီလစောင့်မှု)၊ စာဂ (စွန့်ကြဲလှူ ဒါန်းမှု) ထည့်၍ ရေတွက်ရသည်။
ဘောဇနေမတ္တညုတာ - စားသောက်ရာ၌ မိမိနှင့် သင့် မသင့် နှိုင်းချင့်၍ အတိုင်းအရှည် သိမှု။
ဇာဂရိယာနုယောဂ - နိုးနိုးကြားကြား အိပ်မှု ၊ အအိပ်အနေ နည်းမှု။
သီလ - ဆိုင်ရာသီလကို နေ့စဉ် စောင့်ထိန်းမှု။
ဣန္ဒြိယသံဝရ - တွေ့ မြင် ကြား သိ သမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။
ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ပေါင်း စရဏ ၁၅ ပါးဖြစ်၏။
"ဝိဇ္ဇာ" ဟူသော အသိဉာဏ် ရှိသော်လည်း "စရဏ" ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်။ "စရဏ" အကျင့်သာ ရှိ၍ "ဝိဇ္ဇာ" ဟူသော အသိဉာဏ် မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကို ကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်။ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ဝိဇ္ဇာ = ဉာဏ် , စရဏ = အကျင့် နှင့် ပြည့်စုံတော် မူပါပေသည်။
တိုက်တွန်းချက် - အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်။ ယခုအခါ၌ကား အသိဉာဏ် ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မှု "စရဏ" မရှိသောကြောင့် အောက်ကျ နောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ "ဝိဇ္ဇာစရဏသမ္ပန္န" ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညို ကြီ့းလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂ ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။
သုဂတ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘဝ, များသတ္တ၏, သုခစီးပွား, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံမြူ တစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဉာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော သုဂတ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
သုဂတ ဂုဏ်တော်သည် "ကောင်းစွာကြွတော်မူခဲ့၏" ဟူသော အနက်ကို ပြသည်။
[ သု = ကောင်းစွာ + ဂတ = ကြွတော်မူခဲ့သည်။ ]
ထွတ်ချာသနင်း - အထွတ်အထိပ် အချုပ်အခြာ မြင့်မြတ်သော ဘုရားရှင်။
မှန်ကင်းသိရီ - ပြာသဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်သော တုရင် မှန်ကင်းကဲ့သို့ မို့မောက်နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။
ဗောဓိမဏ္ဍိုင် - ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူ ဒိပ်ကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ်သောကြောင့် ဗောဓိပင်ကိုလည်း "မဏ္ဍိုင်" ဟုဆိုသည်။ (တစ်နည်း) ဗောဓိပင်ကို သဗ္ဗညု တဉာဏ်၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင် ဟု ဆိုသည်။ [ဤနည်း၌ "ကြည်လင်ခြင်း" အနက်ကို ဟောသော "မဏ္ဍာ" ဟူသော ပါဠိမှ မဏ္ဍိုင် ဖြစ်လာသည်ဟု ကြံပါ။]
ခန်းဝါပိုင်အောင် - အရောင်အဝါရှိသော ခန်းဆောင်နေရာကို "ခန်းဝါ" ဟု ခေါ်သည်။ ဤ၌ ဗောဓိပင်ကို အရောင်အဝါရှိသော အခန်းဆောင်ကဲ့သို့ ဥပမာ ပြုထားသည်။ "ရောင်ဝါ" ထိန်လျှမ်းသည့် အခန်းဆောင်သို့ ရောက်လျှင် အင်မတန် အဖိုးတန်သော ရတနာကို ရသကဲ့သို့ သဗ္ဗညု တဉာဏ် တည်းဟူသော အဖိုးတန် ရတနာကိုလည်း ဗောဓိမဏ္ဍိုင်တည်း ဟူသော နေရာ၌ ရတော်မူသည် ဟူလို။
ဘုရားရှင်သည် ဘုရားဆု ပန်တော်မူရာ ဒီပင်္ကရာ ထွတ်ချာသနင်း တရားမင်း၏ ခြေတော်ရင်းမှစ၍ "ဗောဓိမဏ္ဍိုင်" တည်းဟူသော ခန်းဝါဆောင်နန်းကို စိုးပိုင် စံမြန်းတော်မူလျက် ဘုရားဖြစ်သည့်တိုင်အောင် (ကာမ, ရူပ, အရူပ အားဖြင့် ဘဝသုံးပါး၌ ရှိသော) သတ္တဝါအများ၏ စီးပွားချမ်းသာ အလို့ငှာ ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။
ထို ဖြည့်ကျင့်စဉ်အခါ၌ မိုက်မှားသော မိစ္ဆာဒိဋ္ဌိ အယူဆိုးကြီးများလည်း ကိုယ်တော်၏ သန္တာန်၌ တစ်ဆံခြည်မျှ မြူ မှုန်ကလေးမျှ တစိုးတစိ မကပ်ငြိရအောင် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘဝဆက်တိုင်း လွန်ကဲသော သတိ "သမ္ပဇဉ်" ဟု ခေါ်အပ်သော ပညာတရားတို့ကို အမြဲလက်ကိုင်ထားတော်မူ၍ သဗ္ဗုညုတဉာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်။
[ဤနေရာ၌ ရပ်တန့်၍ "ဘုရားရှင်သည် ပါရမီဖြည့်တော်မူစဉ်က မိစ္ဆာအယူကို မယူမိအောင် သတိနှင့် ဉာဏ် အမြဲရှိပုံကို" အာရုံပြုလိုက်ပါ။]
တိုက်တွန်းချက် - သာသနာပ အခါဝယ် မိစ္ဆာအယူမှားတွေ လွန်စွာ လွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ သုဂတဂုဏ်တော်ကို ကြည်ညိုပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူဟူသမျှ ဘဝဆက်တိုင်း မကပ်ငြိ မယူမိအောင် သတိ ပညာ တရားကို သန့်သန့်ကြီး ထားတတ်ကြဖို့ရန် "ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏။ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏" ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သော "ကမ္မဿ ကတာဉာဏ်" ကို မိမိသန္တာန်၌ ဖြစ်အောင် ပထမ ကြိုးစားသင့်၏။
ထို့နောက် "ဤခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏" ဟုသိအောင် ဆရာသမားအထံ မေးမြန်း၍ ထို ရုပ် နာမ်၏ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံကို နားလည်သော ဝိပဿ နာဉာဏ်ဖြစ်အောင် ကြိုးစားပါ။ ထိုသို့သိလျှင် ပါရမီဖြည့်လိုသော ဆန္ဒ ၊ သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်လိုသော ဆန္ဒ ပြင်းပြ၍ မိစ္ဆာအယူသာမက ဂုဏ်ပကာသန စိတ်တွေပါ ကင်းဝေးသွားပါလိမ့်မည်။
လောကဝိဒူ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန သတ္တာကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြားကာဖြင့်, ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောကဝိဒူ လောကဝိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
လောကဝိဒူ ဂုဏ်တော်သည် "လောကအားလုံးကို သိမြင်တော်မူ၏" ဟူသော အနက်ကို ပြသည်။
[လောက = ကမ္ဘာလောကကြီးကို + ဝိဒူ = သိတော်မူနိုင်သည်။]
လောကသုံးပါး - သတ္တလောက ၊ သြကာသ လောက ၊ သင်္ခါရလောက ဟု လောကသုံးပါးရှိ၏။ သက်ရှိသတ္တဝါ အပေါင်းသည် သတ္တလောက မည်၏။ သတ္တဝါတို့၏ တည်နေရာ ဘုံဌာနသည် လည်းကောင်း၊ ဘုံမရှိသော နေရာဌာနသည် လည်းကောင်း သြကာသ မည်၏။ ရုပ်တရား နာမ်တရား အားလုံးသည် သင်္ခါရလောက မည်၏။
သတ္တလောက သိတော်မူပုံ - "ဤကမ္ဘာ လောကကြီး၌ အပါယ်လေးပါးတွင် ခြတောင်ပို့ တစ်ခု၌ ခြသတ္တဝါပေါင်းများစွာ၊ ပုရွက်တွင်းတစ်တွင်း၌ ပုရွက်သတ္တဝါပေါင်းများစွာ၊ ငါးဥတစ်ဥ၌ ငါးသတ္တဝါလေးတွေများစွာ၊ ပြိတ္တာသတ္တဝါတွေများစွာ၊ ငရဲသတ္တဝါတွေများစွာ၊ လူ နတ် ဗြဟ္မာ သတ္တဝါတွေ များစွာ ရှိသည်" ဟု သိမှုမှာ ဆန်းကြယ်လှသည် မဟုတ်ပါ။ ဘုရားရှင်ကား ထိုသိမှုမျိုးထက်လွန်၍ သတ္တဝါတစ်ယောက်ကို "ဤသူသည် စရိုက်အမျိုးမျိုးတွင် မည်သည့် စရိုက်က ထက်သန်နေ၏။ အနုသယအမျိုးမျိုးတွင် မည်သည့် အနုသယက ထက်သန်နေ၏။ ပင်ကို ဆန္ဒ ညံ့ဖျင်း၏၊ သို့မဟုတ် ထက်သန်၏၊ သဒ္ဓါ စသော ဣန္ဒြေ ၅ ပါးတွင် မည်သည့် ဣန္ဒြေက ထက်မြက်၍ မည်သည့် ဣန္ဒြေက ညံ့သေး၏" စသည်ဖြင့် သိတော်မူပါသည်။
ထိုသို့ သိတော်မူရာ၌ အတွေးအဆအားဖြင့် မှန်းဆ၍ သိတော်မူခြင်းမဟုတ်၊ ဆရာဝန်သည် ပြဒါးတိုင်ဖြင့် သူနာ၏ အပူဒီဂရီကို ချိန်ကြည့်သောအခါ တက်သော အပူဒီဂရီကို သိနိုင်သကဲ့သို့ ထိုသတ္တဝါ၏ အတွင်းဓာတ် အခြေအနေအားလုံးကို ကွဲကွဲပြားပြားနှင့် ထင်ရှားစွာ သိမြင်တော်မူနိုင်ပါသည်။
[စရိုက် - အနုသယ - ဣန္ဒြေ တို့၏ အကြောင်းများမှာ အဘိဓမ္မာသက်သက်နှင့် ဆိုင်သောကြောင့် မိမိတို့ လေ့လာနေကျ အဘိဓမ္မာကျမ်းစာများ၌ ရှာဖွေ ကြည့်ရှု၍လည်းကောင်း၊ မေးမြန်း၍ လည်းကောင်း သိကြပါလေ။]
သြကာသလောက သိတော်မူပုံ - သတ္တဝါတို့နေရာ ကမ္ဘာလောကကြီး တည်နေပုံကို ပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ် လောကဓတ် ဆရာတို့၏ အယူအဆနှင့် မတူဘဲ ရှိနေ၏။ ကမ္ဘာတည်နေဟန်ကို ပါဠိကျမ်းဂန်များ၌ ဆိုပုံကား . . . . . ဤကမ္ဘာမြေကြီးသည် အထု(အထူ) အားဖြင့် ယူဇနာပေါင်း ၂ သိန်း ၄ သောင်း ရှိ၏။ အထက်တစ်ဝက်သည် ပကတိမြေသားဖြစ်၍ အောက်တစ်ဝက်မှာ ကျောက်မြေသား ဖြစ်သတဲ့။ ဤမြေကြီး၏ အောက်၌ ယူဇနာ လေးသိန်း ရှစ်သောင်း ထူသော ရေပြင်ကြီး တည်ရှိ၏။ "ရေပြင်" ဟု ဆိုသော်လည်း အရည်ဟုတ်ဟန်မတူ၊ အလွန်အေး၍ ခဲနေသော ရေခဲတုံးကြီး ဖြစ်ဟန်ရှိ၏။ မြေအထုထက် နှစ်ဆလောက်ထူသော ရေခဲတုံးကြီးက မြေအပြင်ကြီးကို ပင့်မြှောက်ခံယူထားနိုင်သည်မှာ အံ့သြစရာ မရှိတော့ပြီ။ ထိုရေပြင်ကြီးကိုကား ယူဇနာ ကိုးသိန်း ခြောက်သောင်း ထူသော လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက် တိုက်ခတ်လျက်ရှိ၏။ ဤလေပြင်ကြီး အောက်၌လည်း မဆုံးနိုင်အောင် ဟင်းလင်းဟာလာ အာကာသ ကောင်းကင် ရှိလေသည်။ ဤကား ကမ္ဘာမြေကြီး၏ အောက်ပိုင်း မြေပုံတည်း။
စကြာဝဠာတစ်ခုဟု သတ်မှတ်အပ်သော ဤကမ္ဘာမြေကြီး၏ အဝန်းယူဇနာမှာ သုံးသန်း ခြောက်သိန်း တစ်သောင်း သုံးရာ့ငါးဆယ် ရှိ၏။ ကမ္ဘာမြေဝန်းကို ကျောက်တောင်ကြီးများက တံတိုင်းခတ်သလို ရံပတ်နေ၏။ ထို ကျောက်တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေသည်ကိုပင် စကြာဝဠာ မဟာရာမ်တံတိုင်းဟု ခေါ်စမှတ်ပြုကြ၏။ ဤကမ္ဘာမြေဝန်း၏ အတွင်း၌ကား သမုဒ္ဒရာရေပြင်ကြီး ရှိ၏။ ထိုရေပြင်၏ အနက်ဆုံးနေရာသည် ယူဇနာ ရှစ်သောင်း လေးထောင် နက်၏။ အလယ်ဗဟိုတည့်တည့်၌ကား ရေ၏ အထက်၌ ယူဇနာ ရှစ်သောင်းလေးထောင်၊ ရေ၏ အတွင်း၌ ယူဇနာ ရှစ်သောင်း လေးထောင် ရှိ၍ ယူဇနာပေါင်း တစ်သိန်း ခြောက်သောင်း ရှစ်ထောင် မြင့်သော မြင်းမိုရ်တောင် တည်ရှိ၏။ ထို မြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ "သီဒါ" ခေါ်သော မြစ်တစ်ခု ခြား၍ မြင်းမိုရ်တောင်၏ အောက်တစ်ဝက်လောက် နိမ့်သော ယုဂန္ဓိုရ်တောင် တည်ရှိ၏။ ဤနည်းအတိုင်း "သီဒါမြစ်" တစ်ခု ခြားကာ ခြားကာ တောင်စဉ်ခုနှစ်ထပ် မြင်းမိုရ်တောင်ကို ရံပတ်၍ တည်လေသည်။
ထိုမြင်းမိုရ်တောင်နှင့် တောင်စဉ်ခုနစ်ထပ်တို့၏ လေးမျက်နှာအရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ်ပေါ်ထွန်းလျက်ရှိ၏။ ထို ကျွန်းမြေမားသည်ပင် လူ စသော သတ္တဝါတို့၏ တည်နေရာ မြို့ ရွာ တော တောင် များ ဖြစ်ကြလေသည်။ အရှေ့ဖက်၌ ပေါ်ထွန်းသော ကျွန်းမြေကို အရှေ့ကျွန်း၊ တောင်ဖက်၊ အနောက်ဖက်၊ မြောက်ဖက်တို့၌ ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်သည်။
ထို မြင်းမိုရ်တောင်၏ ထက်ဝက်လောက်၌ ယုဂန္ဓိုရ်တောင်ထိပ်နှင့် ညီမျှသော အရပ်ဝယ် စတုမဟာရာဇ် နတ်ပြည် တည်ရှိ၏။ မြင်းမိုရ်တောင်ထိပ်လောက်၌ တာဝတိံသာ နတ်ပြည် တည်ရှိ၏။ ဤနတ်ပြည် နှစ်ထပ်သာလျှင် မြေနှင့် ဆက်စပ်လျက်ရှိသည်။ ယာမာ, တုသိတာ, နိမ္မာရတိ, ပရနိမ္မိတ၊ ဝသဝတ္တီ နတ်ပြည်နှင့် အထက် ဗြဟ္မာ့ဘုံတို့ကား မြေနှင့် မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်ရှိကြ၏။ ဤကား ကမ္ဘာ၏ အထက်ပိုင်းမြေပုံတည်း။
[လောကဓာတ် ဆရာတို့၏ ကမ္ဘာ့မြေပုံကို လောကဓာတ်ကျမ်းစာများ၌ ရှုပါ။]
ဤဘုံ အမျိုးမျိုးကို တည်နေဟန်နှင့်တကွ နတ် ဗြဟ္မာတို့ စံစားပုံကို ရိုက်နှိပ်ပြီး "သင်္ဂြံုလ်သာသာဋီကာ" နှင့် ဒုတိယအကြိမ်ရိုက် "ကိုယ်ကျင့်အဘိဓမ္မာ" တို့၌ ထည့်သွင်း ပြထားပြီ။ ဤပြခဲ့သော ကမ္ဘာကဲ့သို့ အခြားသော စကြာဝဠာ ကမ္ဘာကြီးများလည်း မရေတွက်နိုင်အောင် များမြောင်စွာ ရှိသေး၏။ ဘုရားရှင်သည် ထို ပြအပ်ခဲ့သော စကြာဝဠာ ကမ္ဘာလောကဓာတ်ကြီးများကိုလည်း အကုန်အစင် သိမြင်တော် မူနိုင်ပေသည်။
သင်္ခါရလောကကို သိမြင်တော်မူပုံ - ရုပ် နာမ် တရားတွေ ပေါင်းစပ်နေသည်ကို "ပုဂ္ဂိုလ် , သတ္တဝါ , သူ , ငါ , ယောကျ်ား , မိန်းမ , အထီး , အမ" စသည်ဖြင့် ခေါ်ဝေါ်ကြရသည်။ ထို ရုပ် နာမ်ကို ဖယ်ထားလျှင်၊ သို့မဟုတ် ရုပ် နာမ် အားလုံး အဆုံးသတ် ချုပ်သွားလျှင် ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ ဟူ၍ မရှိတော့ပြီ။ ခန္ဓာကိုယ်၌ မြေဓာတ် ရေဓာတ် လေဓာတ် မီးဓာတ် ဟု အမာခံ ဓာတ်ကြီး ၄ ပါးရှိ၏။ ထို အမာခံ ဓာတ်ကြီး ၄ ပါးကို မွမ်းမံခြယ်လှယ်သော အမွှန်းတင် ရုပ်များလည်းရှိ၏။
ထို ရုပ် အစိတ်အစိတ်ကလေးတွေ ပေါင်းစပ်နေသော အစုအခဲကို "ရုပ်ပလာပ်" ဟု ခေါ်၏။ ရုပ်ကလာပ်မှုန့် တစ်ခုတစ်ခုသည် ပကတိ မျက်စိတို့ဖြင့် မမြင်ရလောက်အောင် သိမ်မွေ့သေးငယ်၏။ "လောကဓာတ် ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေးအမွှားဆုံး ရုပ်မှုန့်ကလာပ်များကို မြင်နိုင်၏" ဟု ဆိုသော်လည်း ကလာပ်တစ်ခုတည်းကို မြင်ရသည်မဟုတ်။ ကလာပ်မှုန့်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်သည်။ ကလာပ် တစ်ခု တစ်ခု၌ "ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ" ဤ ရုပ် ၈ ခုစုပေါင်းနေကြောင်း သိဖို့ကား လောကဓာတ် ပညာ၏ အရာမဟုတ်တော့ပြီ။ ဘုရားရှင်ကား ထိုကဲ့သို့ အသေးအမွှား ရုပ်ကလေးများ အပြင် ထို ရုပ်ကလေးများ ဖြစ်ပေါ်လာဖို့ အကြောင်းနှင့်တကွ လက္ခဏာ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။
ထို့ပြင် ထို ရုပ်ကလာပ်ကလေးတွေ စုပေါင်းတွေ ခဲနေသဖြင့် သတ္တဝါဟု ခေါ်သော ဤခန္ဓာကိုယ် အတွင်း၌ စိတ်, စေတသိက် ဟူသော နာမ်တရား ရှိသေး၏။ ထို နာမ်တရား၏ အစွမ်းကြောင့် အဆင်း အသံ အနံ့ အရသာ အတွေ့နှင့် သိဖွယ် ဟူသမျှကို သိမြင်ကြရပေသည်။ ထိုနာမ်တရား၏ အကြောင်းကိုကား လောကဓာတ် ပညာရှိတို့ ထိမိအောင် သိဖို့ကို မဆိုထားဘိ၊ ဖဿ ဝေဒနာ သညာ စသော နာမည်မျှကိုပင် မသိမြင်နိုင်ကြတော့ချေ။
ရှင်တော်ဘုရားကား ထို ရုပ် နာမ် တရားတို့ ဖြစ်ခြင်း၏ အကြောင်းနှင့်တကွ လက္ခဏ ကိစ္စ တို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။ ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့ကို အကုန်အစင် သိမြင်တော်မူရကား "အလွန့်အလွန် သိနိုင်ပါပေ၏" ဟု ချီးကျူ းရသော ဗြဟ္မာမင်းတို့ကပင် ဘုရားရှင်ကို "လောကဓိဒူ = လောကအားလုံးကို သိမြင်တော်မူသော ဘုရား" ဟု ဦးထိပ်ပေါ်တွင် မြှောက်တင် ကိုးကွယ်ကြပေသည်။
တိုက်တွန်းချက် - ဘုရားရှင်၏ လောကသုံးပါး သိတော်မူရာ၌ သတ္တလောကကို သိတော်မူခြင်းမှာ သတ္တဝါကို ချေချွတ်ဖို့အရေးဝယ် အလွန်အရာရောက်သော အချက်ပေတည်း။ ဟောပြော ချေချွတ်တော်မူရာ၌ ထို သတ္တဝါတို့၏ ပင်ကိုစရိုက် အနုသယနှင့် ဣန္ဒြေ အနုအရင့်ကို နှိုင်းချင့်ပြီးမှ သင့်တော်သော တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်။ ဥပမာ - ဆေးကု ကျွမ်းကျင်သော သမားတော်သည် သူနာ၏ ရောဂါကို အခြေအမြစ်နှင့်တကွ သိပြီးမှ သင့်တော်သော ဆေးကို တိုက်ကျွေးသကဲ့သို့တည်း။ ထို့ကြောင့် ယခု သာသနာတော်တွင်း၌ တရားထူး မရကြသေးလျှင် နောင် ဘုရားရှင်တို့နှင့် တွေ့ကြံုသောအခါ လွယ်ကူစွာ ချေချွတ်ထိုက်သူဖြစ်အောင် ယခုနှယ်က ဆိုးဝါးသော အနုသယ ကိလေသာဓာတ်တွေကို ပါးလှပ်သည်ထက် ပါးလှပ်စေပြီးလျှင် သဒ္ဓါ ပညာ စသော ဣန္ဒြေများ ရင့်သန် ထက်မြက်ဖို့ရန် ကြိုးစားကြပါကုန်။
ဤနေရာဝယ် စာဖတ်ရင်း ရပ်တန့်၍ ဘုရားရှင်၏ သပ္ပာယ်သော ရုပ်ပုံတော်၏ အတွင်း၌ သန့်ရှင်းသော စိတ်တော်မှ ယှဉ်နေသော သဗ္ဗညုတဉာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ၊ မိမိကိုယ်တိုင် ဘုရားရှင်ကို ဖူးရလျှင် မိမိစိတ်ကို ကြည့်၍ မိမိနှင့် သင့်တော်သော တရားကို ဟောတော်မူမည့်ပုံ၊ ထိုတရားတော်နာရင်း တရားထူးရမည့်ပုံကိုပါ "မစားရ , ဝကမန်း" အာရုံပြုလိုက်စမ်းပါ။ လောက၌ နေမင်း သာ ပေါ်ထွက်မလာလျှင် ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍ မရနိုင်ဘဲ သွားတိုင်း သွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဖွယ် ရှိသကဲ့သို့ ထို့အတူ ဘုရားရှင် နေမင်းသာ ပေါ်ထွက်မလာလျှင် ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ မသိဘဲ အကုသိုလ်တွေကိုသာ ပြုမိကာ သတ္တဝါအများပင် အပါယ်လားဖို့ ရှိတော့သည်။
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန ဆုံးမသင့်ရန်, သတ္တဝါမှန်သော်, ချောက်တန်လျှင် ချောက်, မြှောက်တန်လျှင် မြှောက်၍, အောက်အောက်ထက်ဂုဏ်, ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေးလေအောင်, သွေးဆောင် ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသဒမ္မသာရထိ အနုတ္တရောပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်သည် "ဆုံးမိထိုက်သော သတ္တဝါများကို ယဉ်ကျေးအောင် ဆိုဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသည်" ဟူသော အနက်ကို ပြသည်။
[အနုတ္တရော = အတုမရှိမြတ်သည် + ပုရိသ = ယောကျ်ား (သတ္တဝါ) + ဒမ္မ = ဆုံးမထိုက်သူ + သာရထိ = ဆုံးမနိုင်သည်။]
အောက်အောက်ထက်ဂုဏ် - အောက်အောက် သီလဂုဏ်နှင့် အထက်အထက် ဈာန်မာဂ်ဖိုလ်များကို အဆင့်ဆင့် စုံလင်အောင် အဖုံဖုံ သင်ပေးပြီးလျှင် အစဉ်မပြတ် ဖေးဖေးမမ စောင့်ရှောက်တော်မူသည်။
တောဆင်ရိုင်း၊ မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ မြင်းဆရာတို့သည် အလွန်ရိုင်းပျသော ဆင် မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင် ဆုံးမပြီးလျှင် မင်းတို့၏ စီးဆော်ဆင်၊ စီးတော်မြင်း များအဖြစ်သို့ ရောက်စေနိုင်သကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း "လောကဝိဒူ" ဂုဏ်တော်၌ ပြတော်မူခဲ့သည့်အတိုင်း သတ္တဝါတို့၏ အတွင်းစိတ်ကို ရှေ့နောက် ကုန်စင် သိမြင်တော်မူသောကြောင့် ဆုံးမဖို့ရန် သင့်တော်သော သတ္တဝါများကို တွေ့မြင်တော်မူသောအခါ ချောက်၍ ဆုံးမမှ အကျွတ်တရားရမည့်သူ ဖြစ်လျှင် ချောက်၍ ဆုံးမတော်မူ၏။ မြှောက်ပင့်၍ ဆုံးမမှ အကျွတ်တရား ရမည့်သူဖြစ်လျှင် မြှောက်ပင့်၍ ဆုံးမတော်မူသည်။
ထိုသို့ ဆုံးမရာ၌ ပင်ကိုက သီလမရှိသူဖြစ်လျှင် သီလ၌ တည်စေတော်မူ၏။ သီလရှိပြန်လျှင်လည်း အထက်အထက် ဈာန်တရား မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ရအောင် ဆုံးမတော်မူ၏။ ထိုဘဝ၌ မည်သည့် တရားထူးကိုမျှ မရထိုက်လျှင် နောက်နောက်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏။ ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ မရှိ၊ ယဉ်ကျေးသူချည်းသာ ဖြစ်ကြလေသည်။
ဤနေရာဝယ်ရပ်တန့်၍ ဘုရားရှင်၏ စိတ်တော် ကြည်လင်ပုံ၊ ဉာဏ်တော် ထက်မြက်ပုံ၊ ထိုဉာဏ်တော်ဖြင့် ဟောပြော ဆုံးမဖို့ရန် တရားမျိုးစုံကို သိတော်မူပုံ၊ ထိုတရားမျိုးစုံမှ သင့်တော်သော တရားတို့ကို ရွေးချယ်၍ သတ္တဝါတစ်ယောက်အား ဆုံးမတော်မူရင်း တရားအထူးရပုံကို အာရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင် ကြိုးစားကြပါလေ။
တိုက်တွန်းချက် - ဤစကား အစဉ်ဖြင့် "ဘုရားရှင်သည် တွေ့သမျှ သတ္တဝါတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူသည် မဟုတ်၊ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီအခံ ရှိသူကိုသာ ဉာဏ်တော်ဖြင့် ကြည့်ရှု၍ အထူးဆုံးမတော်မူသည်" ဟု နားလည်ကြပါ။ ဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီးနှင့် မိဖုရားခေါင်ကြီး မလ္လိကာတို့သည် ဘုရား ကျောင်းဒကာ ကျောင်းအမ ဖြစ်၍ ဘုရားကို လွန်စွာ ကြည်ညိုကြ၊ တရားကိုလည်း မကြာမကြာ နာရပါလျက် မည်သည့်တရားထူးကိုမျှ ရကြသည်ဟု ကျမ်းဂန်၌ မတွေ့ရပါ။
ယခုကာလ၌ သဒ္ဓါလွန်၍ ပညာနည်းပါးသူတို့ကား "ဘုရားနှင့် တွေ့လျှင်ပင် ဧကန် တရားထူး ရနိုင်မည်" ဟု မျှော်လင့်နေရုံမက ယခုဘဝမှာပင် အတော်အတန် တတ်သိနားလည်သူကို ဆည်းကပ်ရလျှင် "ထိုသူ၏ တရားတွေ မိမိမှာ အလိုလို ကူးစက်လာလိမ့်မည်" ဟု တွေးဆကြ၏။ ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကား မသိရှာကြကုန်။ ထို့ကြောင့် နောင်ပွင့်တော်မူလာမည့် ဘုရားရှင်နှင့် တွေ့ရသော အခါ၌လည်း ဆုံးမထိုက်သော ပါရမီအခံ လုံလောက်ပြီးသူ ဖြစ်အောင် ယခုလို အတော်အတန် တတ်သိနားလည်သော ဘဝကောင်းက ဖြည့်ခွင့်ကြံုသော ပါရမီအားလုံးကို သိမ်းကျံုး၍ ဖြည့်ကျင့်ကြပါကုန်။
သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန သတ္ထဝါဟော်, ကုန်သည်ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှား ဘေးခ, ကန္တာရမှ, ခေမမြေငူ, ထုတ်ကယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ မရဏာဟု, ကန္တာရကြမ်း, ခရီးလမ်းမှ, ရွှေနန်းမြေငူ, ပြည်နိဗ္ဗူ သို့, နတ် လူ ဗြဟ္မာ, သတ္တဝါကို, ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေဝမနုဿာနံ သတ္ထာဒေဝ မနုဿာန ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
သတ္ထဒေဝမနုဿာနံ ဂုဏ်တော်သည် "နတ် လူ တို့၏ ရှေ့ဆောင် ဦးစီး ကုန်သည်ကြီးနှင့် တူတော်မူ၏" ဟူသော အနက်ကို ပြသည်။
[ဒေဝမနုဿာနံ = နတ် လူ တို့၏ + သတ္ထာ = (ဆရာဖြစ်၍) ကုန်သည်ကြီးနှင့် တူတော်မူသည်။]
သတ္ထဝါဟော်, ကုန်သည်ကျော်သည် - သတ္ထဝါဟ ဟူသော ပါဠိကို "သတ္ထဝါဟော်" ဟု စပ်ဆိုသည်။ ကုန်သည်ငယ်များ၏ အကြီးအမှုးဖြစ်၍ ကူးသန်းရောင်းဝယ်မှု၌ ကျွမ်းကျင်နားလည်သော "ကုန်သည်ကြီး" ဟူလို။
ကန္တာရမှ - ခြင်္သေ့ သစ်ကျား ခိုးသား ဓားပြ ပေါများ၍ အစာရေစာ ရှားသော ခရီးကို "ကန္တာရ" ဟု ခေါ်သည်။ အသွားအလာ ခက်ခဲသောကြောင့် "ခရီးခဲ" ဟုလည်း ခေါ်သည်။
[ခေမမြေငူ = ဘေးရန်မရှိသော ကုန်းမြင့်မြေအရပ်။]
ဇာတိဇရာ, မရဏာဟု - ဇာတိ = ပဋိသန္ဓေနေရမှု၊ ဇရာ = အိုရမှု၊ မရဏ = သေရမှု ဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။
ရွှေနန်းမြေငူ, ပြည်နိဗ္ဗူ သို့ - ရွှေထီး ရွှေနန်း စံမြန်းရ သကဲ့သို့ အေးမြချမ်းသာသော နိဗ္ဗာန်ပြည် တည်းဟူသော မြေအငူသို့။
ရှေးအခါ၌ လှည်းမြင်းများစွာ ငါးရာတစ်ထောင် စသည်စုပေါင်း၍ ကုန်များကို တင်ဆောင်လျက် ကူးသန်းရောင်းဝယ်လေ့ ရှိကြ၏။ အကြီးအမှုး ဖြစ်သော ကုန်သည်ကြီးလည်း ပါရှိရသည်။ လမ်းစခန်း၌ ခြင်္သေ့, သစ်, ကျား, ဘီလူး, ခိုးသူ, ဓားပြ စသော ဘေးတို့ဖြင့် အလွန်ဆိုးဝါး၍လည်းကောင်း၊ အစာရေစာ ရှားပါး၍ လည်းကောင်း၊ နေအလွန်ပူသော သဲပြင်ကြီးဖြစ်၍ လည်းကောင်း အကူးအသန်း အသွားအလာ ခက်၍ "ကန္တာရ" ခေါ်သော ခရီးဆိုး ခရီးကြမ်းများလည်း ရှိတတ်လေသည်။
ကုန်သည်မှုးကြီးတို့သည် ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးမရှိရာသို့ ရောက်အောင် အဖော်ငယ်သား ကုန်သည်များကို ပို့ဆောင်သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမှု နာရမှု သေရမှု စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်း ပင်ပန်း ဆင်းရဲ တကွဲတပြား ဖြစ်ရမှု စသော ဘေးဒုက္ခတို့ဖြင့် မရှောင်သာအောင် ဆိုးသွမ်းသော သံသရာတည်းဟူသော ကန္တာရကြီးမှ သတ္တဝါအများကို ကယ်တင်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်တော်မူရကား ကုန်သည်ကြီးနှင့် တူတော်မူပါပေသည်။
တိုက်တွန်းချက် - ဘုရား တစ်ဆူ တစ်ဆူ ပွင့်တော်မူလာသောအခါ များစွာသော သတ္တဝါကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါလျက် ငါတို့တစ်တွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းလှပေပြီ။ သို့ပါလျက် ယခုခေတ်၌ သူတော်ကောင်း အခေါ်ခံရသူတို့မှာ ကိုယ့်တာဝန်ဖြစ်သော တရားအားထုတ်မှု၊ ပါရမီဖြည့်မှုကို မကြိုးစားဘဲ "နိဗ္ဗာန်ကို မြန်မြန်ရလိုပါ၏" ဟု ဆုတောင်းတုန်းပင်။ ထိုသို့ ဆုတောင်းရင်း ကျန်ရစ်ကြရသည်ကိုကား သတိရကြဟန် မတူ။ သတိရ၍ ကြိုးစားလိုသူ အတွက်မှာမူ ယခုလည်း အချိန်ရှိပါသေး၏။
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ သတိရ၍ တရားတော်လာအတိုင်း ကြိုးစားသူတွေ အရှင်မဟိန္ဒမထေရ်၊ သံဃမိတ္တာထေရီ စသည်တို့ကဲ့သို့ များစွာ ကျွတ်တမ်းဝင်ခဲ့ကြပါသည်။ ထို့ကြောင့် ဘုရားကို အာရုံပြုရင်း ဖြစ်လာသော နှစ်သက်မှု (ပီတိ) စိတ်ကိုပင် အနိစ္စ ဒုက္ခ အနတ္တ ဟု ဝိပဿ နာ ကမ္မဋ္ဌာန်းရှုကာ မိမိ၏ ခန္ဓာကိုယ်နှင့်တကွ တစ်လောကလုံးကို ငြီးငွေ့စရာဟု ဆင်ခြင်စမ်းပါလော့။ ပီတိ တစ်ခုကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု မြင်လာသောအခါ တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေကိုလည်း ကူးစက်၍ အနိစ္စ ဒုက္ခ အနတ္တ ဟု မြင်လာနိုင်ပါသည်။
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန ဒုက္ခ သမုဒယ, နိရောဓနှင့်, မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင်ဝေနေ, များဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
ဗုဒ္ဓဂုဏ်တော်သည် "ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်" ဟူသော အနက်ကို ပြ၏။
(၁) ဒုက္ခသစ္စာ - ဒုက္ခ = ဆင်းရဲခြင်း + သစ္စာ = အမှန်
ရုပ်ခန္ဓာနှင့် စိတ် စေတသိက်ဟူသော နာမ်ခန္ဓာတရားတွေ ပေါင်းစပ်နေသည်ကို "ခန္ဓာကိုယ်"ဟု ခေါ်`၏။ ဤခန္ဓာကိုယ်သည် ဒုက္ခတုံးဒုက္ခခဲ ဆင်းရဲခြင်းအမှန် ဖြစ်၏။ ဤခန္ဓာကိုယ်ကြီးရှိလို့သာ စားဖို့သောက်ဖို့ ဝတ်ဖို့ နေဖို့ ရှာဖွေ သွားလာရ၏`။ အိုရ နာရ သေရ ကြေရ၏။ အရှာအဖွေ အနေ မတရားသဖြင့် အပါယ်လေးပါးသို့ကျရောက်ကာ ဒုက္ခခံရ၏။ စိုးရိမ် ပူဆွေး ငိုကြွေး မြည်တမ်း ပင်ပန်း ဆင်းရဲရ၏။ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏။ အလွန့်အလွန် စီးပွားတွေ စုဆောင်ပြီးမှ စွန့်ပစ်ထားခဲ့ရ၏။ မခွဲချင်ပဲနှင့် တကွဲတပြား ဖြစ်ရ၏။ ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း အစအဆုံး ကြည့်လိုက်လျှင် ချမ်းသာစင်စစ်ဟူ၍ မမြင်ရချေ။
"အလွန်ချမ်းသာသည်" ဟုဆိုရသော နတ်ပြည် ဗြဟ္မာ့ပြည်များသို့လည်း ရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ ရောက်ပြီးသည့်နောက်၌ ပျက်စီးရသောအခါ ဒုက္ခ [ နတ်ပြည်၌ "ပျက်စီးလိမ့်မည်"ဟု စောစောက အချို့သိနှင့်ကြသဖြင့် "ဤမျှလောက် ကြီးကျယ်သော စည်းစိမ်ကို စွန့်ရတော့မှာပါတကား"ဟု ဇောချွေးများ ပြန်ပြီးလျှင် "အလွန့်အလွန် ဆင်းရဲရလေသည်" ] ဤသို့ဆင်းရဲဧကန် စင်စစ်မှန်သောကြောင့် ငါ၏ ခန္ဓာကိုယ်နှင့် သတ္တဝါအားလုံး၏ ခန္ဓာကိုယ်သည် ဒုက္ခသစ္စာချည်းပါတကား။
(၂) သမုဒယသစ္စာ - သမုဒယ= ဒုက္ခဖြစ်ကြောင်း + သစ္စာ= အမှန်
ထိုဒုက္ခ၏ အကြောင်းအရင်းကား "တဏှာလောဘ"ခေါ်သော နှစ်သက် ခင်မင် လိုချင်တောင့်တမှုသည် အကြောင်းအမှန်ဖြစ်တော့၏။ ဒုက္ခသစ္စာ၌ ပြခဲ့သော ဒုက္ခဟူသမျှသည် ဤ လိုချင်တောင့်တမှုကို အကြောင်းပြု၍ ဖြစ်၏။ ထို တောင့်တလိုချင်မှုကြောင့် တစ်ခါတစ်ရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ် မင်းဒဏ်၊ နောင်သံသရာ၌ အပါယ်လေးပါးသို ့ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒဏ်ကို ခံရသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ရချက်သည် ထိုထိုဘဝကို တောင့်တ လိုချင်သောလောဘ တဏှာ၏ စနက်သာတည်း။
တောင့်တ လိုချင်မှုဟူသော တဏှာလောဘလည်း တရားသဖြင့် မချုပ်တည်းနိုင်သမျှ သူ ့အလိုအလျောက်သာဖြင့် မည်သည့်အခါမျှ နောက်ဆုတ်လိမ့်မည်မဟုတ်။ "သံပရာသီး ကြီးလေ ချဉ်လေ"ဖြစ်သကဲ့သို ့ လည်းကောင်း၊ "မီးသည် လောင်စာများလေ မီးတောက်ကြီးလေ"ဖြစ်သကဲ့သို ့လည်းကောင်း၊ ဤ တဏှာလောဘ၏သဘောသည်လည်း "ရလေ လိုလေ ရဖန်များလေ လောဘတိုးလာလေပင်"ဖြစ်တော့သည်။ တဏှာလောဘ ကြီးလာသလောက်လည်း ဒုက္ခကြီးကြီး ရောက်ကြမည်သာ။
မန္ဓာတ်စကြာမင်း ဝတ္တု - ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ်စကြာမင်း ဖြစ်၏။ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ် ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံး လှည့်လည်စဉ် စတုမဟာရာဇ်နတ်ပြည်၏ ကြီးကျယ်ခမ်းနားကြောင်း ကြားရ၍ အခြွေအရံ ပရိသတ်များနှင့် တကွ စတုမဟာရာဇ် နတ်ပြည်သို ့ချီတက်လေသော် စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါးက ခရီးဦးကြို လျက် နတ်ပြည်ကိုဆက်သကြ၏။ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတစ်ရာမကသာလွန် ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိ ံသာသို ့ ချီပြန်လေသော စကြာရတနာနှင့်ပရိသတ်တို့မလိုက်နိုင်ကြဘဲ လမ်းခုလပ်မှ လူ့ပြည်သို့ပြန်ကြရလေသည်။ ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ်ခံစားစေလေသည်။
ထိုအခါ လူတို့၏ အသက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသချေင်္တန်းအခါဖြစ်၍ ပကတိ သိကြားပေါင် ၃၆ယောက် ပြောင်းလဲသည့်တိုငအောင် ထို မန္ဓာတ်စကြာမင်းသည် စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ အုပ်စိုးရရုံဖြင့် တင်းတိမ်တော် မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ်လိုသော အကြံဆိုးပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှကွယ်ပျောက်၍ လူ့ပြည်သို့အရောက်တွင် စုံတေပွဲ ဝင်ရဖူးလေသည်။
[ဇာတကဋ္ဌကထာ၊ တိကနိပါတ်၊ သင်္ကပ္ပဝဂ်၊ မန္ဓာတုဇာတ်]
ဤဝတ္တု ၌ သိကြားပေါင်း ၃ကျိပ် ၆ယောက်ပြောင်းလဲအောင် နတ်စည်းစိမ်ကိုစံရပါလျက် အားမရနိုင်သော လောဘ၏ ကြီးကျယ်ပုံကို မှန်းဆသင့်ပေတော့သည်။ ထို့ကြောင့် တဏှာလောဘမည်သည် တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့်အခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်။ တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦးမည်မဟုတ်။ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တောင့်တမှု ဟူသောတဏှာလောဘ သည် အားလုံးသော ဒုက္ခအပေါင်းတို့၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။
(၃) နိရောဓသစ္စာ - နိရောဓ= ဒုက္ခ၏ ချုပ်ဆုံးရာ + သစ္စာ= အမှန်
ထိုဒုက္ခ အားလုံး၏ ချုပ်ဆုံးရာ အမှန်ကား နိဗ္ဗာန်တည်း။ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ၊ မည်ကဲ့သို ့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကိုမြင်နိုင်သောဉာဏ်ရမှသာ ကျနစွာ သိနိုင်ရာ၏။ သောတာပန်အဖြစ် ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ။ သောတာပန်များသည် နိဗ္ဗာန်၏ အရသာကို ကျနစွားသိမြင်ပြီးစြဖ်၍ ရဟန္တာအဖြစ်သို ့ရောက်အောင်သာ တိုးတက်အားထုတ်ကြတော့သည်။ ပုထုဇဉ်အဖြစ်သို ့ဆုတ်နစ်ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် ဝင်စံခါနီးမှာလည်း ဒုက္ခရုပ်နာမ်ကို စွန် ့ရတော့မည်ဖြစ်၍ ကြည်လင်ရွှင်ပျတော်မူကြသည်။
နိဗ္ဗာန်သည် ယခု ပုထုဇဉ်တို ့အတွေးမျိုးဖြင့် တွေးကာပျင်းစရာ ဖြစ်နေလျှင် နိဗ္ဗာန်ဝင်ခါနီး၌ မည်သူမျှ ပျင်းရိနိုင်မည် မဟုတ်ပါ။ မိမိတို ့သွားမည့် နိဗ္ဗာန်၏ ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို ့၏ အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေသည်။ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန် စံခါးနီး၌ နတ်ရောလူပါ လွမ်းဆွတ်တသငိုပွဲကြီး ကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိ "သားတော် သမီးတော်များ၊ ဤအခါမျိုးကား ငိုရမည်းအခါမဟုတ်၊ ဝမ်းမြောက်ရမည့်အခါ ဖြစ်သည်"ဟု တရားချလျက် တန်ခိုးပင် ပြခဲ့ပေသေးသည်။
အမျိုးဇာတ် ဂုဏ်သိရ် စည်းစိမ်အားဖြင့် အထက်တန်းကျ၍ ပါရမီကြီးမားလှသော ရှင်တော်ဘုရားနှင့် သူတော်ကောင်းကြီးများ၏ သွားရာလမ်းကောင်းကို ငါတို့တတွေ အဘယ်မှာ မလိုက်လိုဘဲ ရှိသင့်အံ့နည်း။ တပျော်တပါး မနားမနေ ပါရမီတွေကို ဖြည့်ကာ ဖြည့်ကာ ကောင်းစွာစိုက်စိုက် လိုက်ကြဖို့ရာ ယခုနှယ်က ပြင်ဆင်ထားကြပါကုန်။
(၄) မဂ္ဂသစ္စာ - မဂ္ဂ = နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း + သစ္စာ = အမှန်
နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း အမှန်ကား မဂ္ဂင် ရှစ်ပါးတည်း။
မဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ - ကောင်းသော အလိမ္မာ ဉာဏ်ပညာ။
သမ္မာသင်္ကပ္ပ - ကောင်းသော အကြံအစည်။
သမ္မာဝါစာ - ကောင်းသော စကားကို ဆိုခြင်း။
သမ္မာကမ္မန္တ - ကောင်းသော အမှုကို ပြု ခြင်း။
သမ္မာအာဇီဝ - ကောင်းသော အသက်မွေးခြင်း။
သမ္မာဝါယာမ - ကောင်းသော စကားကို ဆိုခြင်း။
သမ္မာသတိ - ကောင်းသော အားထုတ်ခြင်း။
သမ္မာသမာဓိ - ကောင်းသော တည်ကြည်ခြင်း။
[ အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကို "အကောင်း"ဟု ဆိုလိုသည်။]
[ဆောင်ပုဒ်]အလိမ္မာဉာဏ်, ကောင်းအောင်ကြံ၍, အမှန်ပြောပြ, ပြု သမျှကောင်း, သက်မွေးကောင်းပင်, ကောင်းကောင်းအားစိုက်, စိတ်၌စွဲမှတ်, ကောင်းမြတ်တည်ကြည်, ကောင်းရှစ်လီသည်, ရွှေပြည်နိဗ္ဖာန် ရောက်ကြောင်းတည်း။
ဘုရားရှင်၏ သန္တာန်တော်၌ "ပုဗ္ဗေ အနနုဿု တေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏဥဒပါဒိ, ပညာဥဒပါဒိ, ဝိဇ္ဇာဥဒပါဒိ, အာလောကော ဥဒပါဒိ" ဟူသော ဓမ္မစကြာနှင့်အညီ ဘုရားမဖြစ်မီ ရှေးအခါက ကြားမျှ မကြေားအပ်ဘူးသော ဤသစ္စာလေးပါး တရားတို့၌ သိမြင်နိုင်သော ပညာ, ဝိဇ္ဇာ အရောင်အလင်းဟူသော ဉာဏ်စက္ခု သည် ဘုရားဖြစ်တော် မူခါနီးဝယ် ထင်ရှားစွာပေါ်လာ၏ ။ သစ္စာလေးပါးကို ကိုယ်တော်တိုင်သိတော်မူပြီးနောက် ဘုံသုံးပါး၌ ရှိကြသော ဝေနေယျသတ္တဝါတို့ကိုလည်း ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူပေသည်။
[ ယခုကာလ ဉာဏ်ထက်မြက်သူတို့သည် ရှေးကမသိဘူးသော အရာကို စူးစူးစိုက်စိုက် ကြံသောအခါ ထိုအရာကို သိနိုင်သော ဉာဏ်များထင်ရှားပေါ်လာတတ်ပုံကို သတိထား၍ ဘုရားရှင်၏ သန္တာန်တော်၌လည်း ရှေးက မရှိသော ဝိဇ္ဇာဉာဏ် ပေါ်လာပုံကို ယုံကြည်ပါကုန်။ ]
တိုက်တွန်းချက် - ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို ရာ တဏှာလောဘကို တစ်စတစ်စ ပယ်ရှားလျက် မဂ္ဂရှစ်ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွားမိအောင် သတိတရား ကောင်းစွာထား၍ ကြိုးစားသင့်ကြသည်။ ထိုသို့ကြိုးစားရာ၌ တကယ်တမ်း တောထွက်၍ အားတက်သရော မလိုက်နိုင်သေးလျှင် အိမ်သုံးမဂ္ဂင်များကို ကြိုစားပါ။
အိမ်သုံးမဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ
ဘယ်ကိစ္စ၌ မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန ္တာန်၌ အဖတ်တင်ရစ်သည်၊ နောင်အခါအခွင့် သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ။ တစ်ခါတစ်ရံ၌ကား ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်၍ လူဟုခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင် ဝိပဿ နာဉာဏ် ဖြစ်ပါစေ။
သမ္မာသင်္ကပ္ပ
မိမိအတွက်ဖြစ်စေ၊ သူများအတွက်ဖြစ်စေ၊ စိတ်သဘောထားကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျို းများမည့် အကြံကိုသာ ကြံပါ။ သူတစ်ပါးကို ပျက်စီးသွားမည့်အကြံ၊ ဆင်းရဲသွားမည့်အကြံများကို မကြံမိပါစေနှင့်။ မေတ္တာ ကရုဏာထား၍ သနားပါ။ စောင့်ရှောက်ပါ။ တစ်ခါတစ်ရံ၌ကား "လူ ့လုပ်ငန်းကိစ္စ အစုစုဖြတ်၍ သင့်တော်ရာအရပ်၌ ( ဥပုသ်ရက်ရှည်စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည် " ကြံပါ။
သမ္မာဝါစာ
မိမိမှာဖြစ်စေ၊ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ။ မုသားစကား၊ ကြမ်းတမ်းသောစကား၊ အပျက်အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။ အိပ်ရာဝင် အိပ်ရာထအခါတို ့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ကောင်းပါသည်။
သမ္မာကမ္မန္တ
မိမိမှာဖြစ်စေ၊ သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ။ သတ်မှု၊ ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်။ အိပ်ရာဝင် အိပ်ရာထ ဘုရားကိစ္စ ( ရေလဲ၊ ပန်းကပ် ) စသည်တို့ကို နေ့စဉ် ပြုမိပါစေ။
သမ္မာအာဇီဝ
မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ။ သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ။ စွမ်းနိုင်လျှင် ရောင်းရေး၊ ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။
သမ္မာဝါယာမ
စီးပွားရှာရာ၌ဖြစ်စေ၊ ကုသိုယ်ကိစ္စ၌ဖြစ်စေ၊ ဝီရိယ အမြဲရှိပါစေ၊ လောကီစီးပွားရေး ဖြစ်စေ၊ သံသရာ ကြီးပွားရေး ဖြစ်စေ၊ မဂ်ဖိုလ် နိဗ္ဗာန်ရဖို ့အရေးဖြစ်စေ၊ "အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်"ဟု ကံတစ်ခုကို အားကိုးလို ့ရနိုင်ရိုးမရှိပါ။ ရေလာမြောင်းပေး ဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေကံတွေ အခွင့်သာ၍ သင့်ရာအကျို းကို ပေးပါသည်။
သမ္မာသတိ
နေ့စဉ် ပြု စုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲသတိ ရပါစေ။ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။
သမ္မာသမာဓိ
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာ ပြောပါ။ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည်နေလျှင် မြင်သူ လူအများက ခန့်ညားကြည်ညိုလျက် ( မျက်နှာအနေ မတင်းသည့်အတွက်လည်း ) တစ်မျိုးကျက်သရေ တိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။
ဤသို့လျှင် အိမ်မှာပင်နေထိုင်ရင်း ဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ စျာန် မဂ်ဖိုလ်မဂ္ဂင်များသို့ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက်သမ္မာဝါယမဖြင့်ကြိုးကြိုး စားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင်အိပ်ရာထ၌ ဘုရားအာရုံပြုရင်း၊ ဘုရားရှိခိုးရင်း၊ ရေတော်ပန်းတော် ဆီမီးတော်တပ်ရင်း ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းဖြစ်၍ ထိုကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပုံကို ပြပါဦးမည်။
ဗုဒ္ဓါနုဿတိမဂ္ဂင်ရှစ်ပါး
"အမျိုးသား အမျိုးသမီး လူကြီး သူမ တစ်ယောက်သည် ဘုရားကို ပန်း ရေချမ်းတို့ဖြင့် ရွှင်လန်းကြည်ဖြူ ပူဇော်ကန်တော့နေသည်"ဆိုကြပါစို့။ ထိုအချိန်မှာ ထိုသူတော်ကောင်း၏ စိတ်ဝယ် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား -
သမ္မာဒိဋ္ဌိ
ဘုရားရှင်သည် ငါတို့လို သတ္တဝါတွေအပေါ်မှာ မေတ္တာ ကရုဏာ ကြီးမားတော်မူသောကြောင့် ၄၅ဝါ ကာလကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြ ဆုံးမတော်မူခဲ့ပေ၏။ ငါသည် ထိုတရားတော်များကို တစ်ဆင့်ကြားနေရသဖြင့် မကောင်းမှုများကိုရှောင်ရှား၍ ကောင်းမှုကုသိုလ်များကို ပြုတတ်ပေသည်။ ရှင်တော်မြတ်ဘုရား၏ တရားတော်များကြောင့် ငါသည် အပါယ် ၄ပါးမှ လွတ်၍ ကောင်းရာဘဝနှင့် နိဗ္ဗာန်ကို အမှန်ရတော့မည်။ ဘုရားရှင်သည် ငါ၏ ကျေးဇူးတော်ရှင် အစစ်ပေတည်း။ ငါ့ကျေးဇူးရှင်ကို ရည်မှန်း၍ ငါသည် ပန်း ရေချမ်းတို့ကို လှူ ဒါန်းပူဇော်နေပါတကား။ ဤသို့စိတ်ထဲ၌ အသိဉာဏ် ဖြစ်နေခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း။
သမ္မာသင်္ကပ္ပ
ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစား ကြံစည်နေခြင်းသည် မိမိ၏ စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏။
သမ္မာဝါစာ
ဘုရားဂုဏ်တော်များကို ရွတ်ဆို ရှိခိုးနေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏ ။
သမ္မာကမ္မန ္တ
ပန်း၊ ရေချမ်း၊ အမွှေးတိုင်၊ ဆီမီးတို ့ကို သန် ့ရှင်းအောင် သားနားအောင် လှပအောင် ပြုလုပ်နေခြင်းသည် သမ္မာကမ္မန ္တမဂ္ဂင် ဖြစ်နေ၏ ။
သမ္မာအာဇီဝ
ဘုရားကိစ္စကို ပြုလုပ်နေချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်းသောစီးပွားရှာမှုမရှိသောကြောင့် သမ္မာအာဇီဝ မဂ္ဂင်လည်း ဖြစ်နေသည်ဟု ဆိုသင့်ပေ၏ ။
သမ္မာဝါယာမ
ဘုရားကိစ္စကို ပြုလုပ်အားထုတ်နေခြင်းသည်ပင် သမ္မာဝါယာမမဂ္ဂင် ဖြစ်နေ၏ ။
သမ္မာသတိ
ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်များကို သတိရနေခြင်းသည် ( ဗုဒ္ဓါ နုဿ တိ ကမ္မဋ္ဌာန်း ပွားများနေခြင်းသည် ) သမ္မာသတိမဂ္ဂင် ဖြစ်နေ၏ ။
သမ္မာသမာဓိ
( တခြားကိစ္စကို အမှတ်မရတော့ဘဲ ) ဘုရားကိစ္စ တစ်ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာ သမာဓိမဂ္ဂင် ဖြစ်နေ၏ ။
ဤသို့လျှင် ဘုရားကို ရှိခိုးကန်တော့နေသောအခါ၊ ပန်း ဆီမီး စသည်ဖြင့် ပူဇော်နေသောအခါ ဘုရားကို အာရုံပြု ၍ ဗုဒ္ဓါနုဿ တိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများလျက် (ပုတီးစိပ်)နေသောအခါတို ့၌ ထိုသူတော်ကောင်းတို့၏ စိတ်တွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပါသည်။ ထိုမဂ္ဂင်ရှစ်ပါးကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြု နိုင်ကြောင်း လမ်းကောင်းအမှန်ပင် ဖြစ်၏ ။ မှန်သောလမ်းကို မှန်မှန်သွားနေသူသည် ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ။ ဤနေရာဝယ် ဘုရားအာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်မြင်ရသော "ဖုဿ ဒေဝ"ရဟန်းတော်၏ ဝတ္တုကို သတိပြုပါ။
ဖုဿဝေဒဝတ္တု
ရှေးတုန်းက ရဟန်းတော်တစ်ပါးသည် စေတီအပြင်ကို တံမြက်လှည်းပြီးလျှင် သန့်ရှင်းသော စေတီအပြင်ကိုကြည့်ကာ သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် နှစ်သက်သော (ပီတိ) စိတ်ဖြစ်နေ၏ ။ ထိုအခါ မာရ်နတ်သည် နှောင့်ယှက်လိုသော သဘောဖြင့် မျောက်ညိုကြီးဟန်ဆောင်၍ နွားချေးတွေကို စေတီရင်ပြင်တော်၌ကြဲဖြန့်ပြေး၏ ။ ထိုနှောင့်ယှက်မှုကြောင့် ထိုနေ့၌ တရားထူးရအောင် အာရုံမပြုနိုင်တော့ချေ။ ဒုတိယနေ့၌လည်း နွားအိုယောင်ဆောင်၍ နှောင့်ယှက်ပြန်၏။
တတိယနေ့၌ကား အလွန်အရုပ်ဆိုးသော ယောကျာ်းယောင်ဆောင်၍ နှောက်ယှက်စဉ် "ဒီလိုလူမျိုး ဒီနယ်မှာ မမြင်ဖူးချေ၊ မာရ်နတ် ဖြစ်လေသား"ဟုစဉ်းစား၍ မေးလေရာ "မာရ်နတ်ဟုတ်ကြောင်း"ဝန်ခံလေသည်။ "မာရ်နတ်ဖြင်လျှင် ဘုရားရှင်၏ ပုံတော်ကို ဖန်ဆင်းပြစမ်းပါ" ဟုတောင်းပန်သောကြောင့် "တကယ်တူအောင်တော့ မဖန်ဆင်းနိုင်ပါ၊ အတုလောက်သာပြပါမည်" ဟုပြော၍ ဘုရားပုံတော်ကို ဖန်ဆင်းပြလေသည်။
ထိုအခါ "အတုဖြစ်သော ပုံတော်သည်ပင် ဤမျှလောက် သပ္ပာယ်တော်မူသေး၏ ၊ အတွင်းစိတ်တော်၌ ရာဂ ဒေါသ မောဟ စသော အညစ်အကြေးကင်း၍ သန့်ရှင်းသော ဘုရားအစစ်မှာ ဘယ်လောက် သပ္ပာယ်တော်မူမည်နည်း" ဟုစိတ်ထဲ၌တွေးတောကာ လွန်စွာနှစ်သက်ကြည်ညိုသော (ပီတိ)စိတ်ဖြစ်လေရာ ထိုပီတိစိတ်ကိုပင် စိတ် တစ်ခုပြီးတစ်ခု ပြောင်းလွှဲ၍ ဖြစ်သောကြောင့် မမြဲသော အနိစ္စတရား၊ စိတ်တစ်ခု တစ်ခုချုပ်ဆုံးခြင်းသည် (လူတစ်ယောက် သေဆုံးခြင်းကဲ့သို ့) ဆင်းရဲသော ဒုက္ခတရား၊ တစ်ခုပြီးတစ်ခု ပျက်နေသည့်အတွက် ခိုင်မြဲစရာ အနှစ်အသား (အသက်) မပါသော အနတ္တတရားဟု ဝိပဿ နာ ကမ္မဋ္ဌာန်းရှုလေသည်။
ထိုအခါ ပီတိစိတ်တို ့အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသကဲ့သို ့ တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တဟု ထင်နေရကား ထိုအချိန်မှာ အလွန်နက်နဲသော အသိ အမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေသောကြောင့် ထိုပီတိစိတ်၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို အထပ်ထပ် အမှတ်ရနေသော သမ္မာသတိမဂ္ဂင်နှင် ့တည်ကြည်နေသော သမ္မာသမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမမဂ္ဂင်ဖြင့် အစဉ်တစိုက် ကြိုးစားလေရာ တခဏခြင်းဖြင့်ပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်သို ့လှမ်းနိုင်အောင် ကြိုးပမ်းကြပါကုန်။ [ပရိဝါအဋ္ဌကထာ၊ ဧကုတ္တရိကနယ, ပဥ္စကဝါရ။]
တိုက်တွန်းချက် - ဘုရားကိုအာရုံပြု၍ စီးဖြန်းရသော ဗုဒ္ဓါနုဿ တိ ကမ္မဋ္ဌာန်းသည် တရားမပေါက်သေးသော်လည်း မိမိ၏ စိတ်ကိုအလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့် အမြဲရွှင်လန်းသော ပီတိသောမနဿ စိတ်၊ အမြဲကြည်လင်သော သဒ္ဒါစိတ်များ ဖြစ်ပေါ်နေရကား ထိုသူ၏ မျက်နှာသည် အလွန်ကြည်လင်၏။ ဤသို ့လျှင် ဗုဒ္ဓနုဿ တိ ကမ္မဋ္ဌာန်းသည် ကိုယ်ရောစိတ်ပါ ချမ်းသာစေနိုင်၏။ ထိုသို ့ချမ်းသာလျှင် အလွန်ကောင်းသော ကျန်းမာရေးကိုလည်း ရနိုင်သောကြောင့် ဤစာအုပ်ကို ကြည့်ရှု၍ဖြစ်စေ၊ စာအုပ်ကို မကြည့်ပဲဖြစ်စေ၊ မကြာခဏ အားလပ်ချိန်ရသမျှဝယ် မိမိစိတ်ကို ဘုရားအာရုံ၌ ချထားကြပါလေ။
ဘဂဝါ ဂုဏ်တော်ဖွင့်
သော ဘဂဝါ ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန အဏုမြူ သဖွယ်, ပျောက်ကွယ် သိမ်မွေ့, မမြင်တွေ့အောင် , ရုပ်ဆောင်ဖန်ဆင်းနိုင်သော "အဏိမာ" ဘုန်းတော်၊ စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, စျာန်ပျံ ကြွသွားနိုင်သော "လဃိမာ"ဘုန်းတော်၊ ကိုယ်တော်သဏာန်, ပုံဟန်တိုင်းငြား, မနှိုင်းအားဖို့, ကြီးမားလေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော "မဟိမာ"ဘုန်းတော်၊ ဆီးတားကွယ်ကာ, မရှိပါပဲ, လိုရာတိုင်းပေါက်, တစ်ခဏလောက်ဖြင့်, ကြွရောက်နိုင်သော "ပတ္တိ"ဘုန်းတော်၊ အဆင်းအတန်တန်, ပုံသဏ္ဌာန်ကို, စီမံဖန်တီး, တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော"ပါကမ္မ"ဘုန်းတော်၊ ကိုယ်တော်မြတ်၏, စိတ်ဓါတ်တော်မှ, စ၍မကြွင်း, လူနတ်မင်းကို, ပိုင်နင်းအုပ်စိုး, လွှမ်းမိုးနိုင်သော "ဤသိတာ" ဘုန်းတော်၊ သမာပတ်စျာန်, အဘိဉာဏ်ကို, ဝင်စံလိုက, တစ်ခဏချင်းပိုင်, ဝင်စားနိုင်သော "ဝသိတာ" ဘုန်းတော်၊ ကိစ္စတစ်ခု, ပြုစုတုန်းပင်, ပြီးဆုံးချင်သော်, ဆောလျင်မသွေ, ပြီးဆုံးစေနိုင်သော "ယတ္တကာမာဝသာယိတာ" ဘုန်းတော်၊ ရှစ်ဖော်အပြား, ဤသို့အားဖြင့်, ထင်ရှားလေဘိ, "ဣဿ ရိယ" ဘုန်းတော်၊ ကိလေသာရန်, ပယ်ဖျက်လှန်ဖို့, နိဗ္ဗာန်ဖိုလ်မဂ်, ကိုးချက်အပြား, လောကုတ္တရာတရားဟူသော "ဓမ္မ" ဘုန်းတော်၊ ဟုတ်တိုင်းမှန်စွာ, ဖြစ်ပေါ်လာ၍, ကမ္ဘာတိုက်ပေါင်း, သောင်းလောကဓါတ်, ပဲ့တင်ထပ်မျှ , နှံ့စပ်သတင်း, ကျော်စောခြင်း ဟူသော "ယသ" ဘုန်းတော်၊ ရွှေမျက်နှာတော်, လက်ခြေတော်မှ, စ၍မကြွင်း, ပင်လုံးဝင်းသည်, ပန်းမင်းအနေ, ကျက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာ တင့်တယ်, သပ္ပာယ်တော်မူသော "သိရီ" ဘုန်းတော်၊ အလိုတော်အတိုင်း, တောင့်တတိုင်းပင်, မဆိုင်းမတွ, ပြီးစီးရသည့် "ကာမ" ဘုန်းတော်၊ တစ်လောကလုံး, ညွတ်ရုံးကိုးစား, အားထားဖို့ရာ, လွန်စွာ ကြိုးကုတ်, အားထုတ်တော်မူသော "ပယတ္တ" ဘုန်းတော်၊ ဤခြောက်ဖော်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂဝါ ဘဂဝါ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပေသည် တကား။
ကြည့်ရှုရန်အဓိပ္ပာယ်
ဘဂဝါဂုဏ်တော်သည် "ဘုန်းကံကြီးတော်မူ၏"ဟူသော အနက်ကို ပြသည်။
ဘဂ + ဝါ ၊ ဘဂ = ဘုန်းကံ + ဝါ = ရှိသည်၊ ကြီးသည်။
အဏိမာ ဘုန်းတော်
ဘုရားရှင်သည် ဖန်ဆင်းတော်မူလိုပါလျှင် ကိုယ်တော်ကို အဏုမြူ မှုန် ့မျှ အလွန်ငယ်အောင် ဖန်ဆင်းတော်မူပြီးလျှင် ပရိက္ခရာ ရှစ်ပါးကို လွယ်တော်မူ၍ မုန်ညင်းစေ့အတွင်း စင်္ကြ ံကြွတော်မူ၏။ ထိုအခါဝယ် သေးငယ်သော မှန်အတွင်း၌ တိုက်ရိပ်အိမ်ရိပ်ထင်နေသလို ဘုရားရှင်ကိုဖူးမြင်ကြရ၏ ။ အနီးအပါး၌ ရှိနေသူတို ့မမြင်ရအောင်လည်း ကိုယ်တော်ကိုကွယ်ဖျောက်တော်မူနိုင်၏ ။
ကွယ်ဖျောက်တော်မူသော ဝတ္တု ဘုရားရှင် လက်ထက်တော်က "ဗက"မည်သော ဗြဟ္မာမင်းကြီးသည် သူ ့ကိုယ်သူ "အမြဲတည်၍ တန်ခိုးအကြီးဆုံး" ဟု အထင်ကြီးရုံမက "ဤလောကကြီးနှင့် သတ္တဝါအပေါင်းကိုပင် သူဖန်ဆင်းထားသည်" ဟု အယူရှိနေ၏။ လက်အောက်ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ ့အပေါ်မှာ ထင်နေကြသည်။ ထိုအကြောင်းကို ရှင်တော်မြတ်ဘုရားသိတော်မူ၍ ဗြဟ္မာ့ပြည်သို ့ ကြွတော်မူပြီးလျှင် ဗြဟ္မာ ပရိသတ်အလယ်တွင် ဗက ဗြဟ္မာကြီးအား "အသင်သည် ရှေ ့နောက် အလုံးစုံကို အကုန်မသိနိုင်" စသော ခပ်နှိမ်နှိမ်စကားကို မိန် ့တော်မူသောအခါ ဗြဟ္မာကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် "အသင်ရဟန်းကြီးအား ကျွနု်ပ်တန်ခိုး သိရအောင် ကိုယ်ဖျောက်ပြမည်" ဟုပြောဆို၍ ကိုယ်ကိုဖျောက်စမ်းသော်လည်း မပျောက်နိုင်ရကား ဗိမာန်အတွင်း ဝင်လို ဝင်၊ ပဒေသာပင်အောက် ပုန်းလိုပုန်း၊ တစ်ကိုယ်လုံး ပုပြီးလျှင် ငုတ်စုစု ဆောင့်ကြောင့်ထိုင်သော်လည် ဘယ်နည်းနှင့်မျှ ပျောက်ကွယ်မသွားသဖြင့် အရှက်ကွဲရလေသည်။
ထို ့နောက် ဘုရားရှင်က တစ်ဖန် "ကိုယ်တော်ဖျောက်ပြမည်" ဟုမိန် ့တော်မူပြီးလျှင်ထိုနေရာတွင်ပင် ဖျောက်လိုက်ရာတစ်ခါတည်း ပျောက်သွားလေသည်။ "တခြားများ ကြွသွားလေရော့သလား"ဟုထင်မှတ်မည်စိုးသောကြောင့်.......
" ဘဝေ ဝါဟံ ဘယံ ဒိသွာ, ဘဝဥ္ဇ ဝိဘဝေသိနံ၊ ဘဝံ နာဘိဝဒိံ ကိဉ္စိ, နန္ဒိံစ န ဥပါဒိယိံ "
ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏ အဆုံး၌ ဗြဟ္မာတစ်သောင်းမျှ မဂ်ဖိုလ်ရကြလေ၏။ ဤသို ့အနည်းငယ်မျှ သေးငယ်အောင်လည်းကောင်း၊ လုံးလုံးပျောက်ကွယ် သွားအောင်လည်းကောင်း၊ ဖန်ဆင်းနိုင်သော ဘုန်းတော်ကို "အဏိမာ" ဘုန်းတော်ဟု ခေါ်သည်။
ဂါထာအနက် အဟံ- သင်လို ထပ်တူ, နတ် လူ ဗြဟ္မာ, သတ္တဝါတို ့၏ဆရာစင်စစ်, ဖြစ်တော်မူသော ငါဘုရားသည်၊ ဘဝေ- ဖြစ်လျှင် ပျက်မြဲ, မလွဲတံထွာ, သံသရာနှောင်အတွင်း, ထောင်အကျဉ်း၌၊ ဘယံ- အိုနာသေရေး , ဒုက္ခဘေးမှ, စ၍ရန်စွယ်, အန္တရာယ်ဟု, ဘေးအစုကို၊ ဒိသွာဧဝ- ကောင်းစွာပိုင်နင်း, သိမြင်တော်မူုခြင်း ကြောင့်သာလျှင် ဘဝဥ္ဇ- ကာမရူပ, အရူပဟု, လောကသုံးပုံ, အလုံးစုံကိုလည်းကောင်း၊ ဝိဘဝေသိနံ- ဘဝကင်းရာ, ရှာကြံပါလည်း, သုံးဖြာဘဝ, ကျင်လည်ရသည် ့, များလှသောင်းသောင်း, သတ္တဝါအပေါင်းကိုလည်းကောင်း၊ ဒိသွာ- ဆုံးစ ကုန်စင်, သိမြင်တော်မူသည်ဖြစ်၍၊ ကိဥ္စိဘဝံ- လူ ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဟု, သုံးဘုံဌာန, တစ်စုံတစ်ခုသောဘဝကို၊ နာဘိဝဒိ ံ- စုံစုံမက်မက်, နှစ်သက်ခင်မင်, လိုချင်တောင့်တတော်မမူ၊ နန္ဒိ ံစ- လူ ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဝယ်, စုံစုံမက်မက်, နှစ်သက်တွယ်တာ, ဘဝတဏှာကိုလည်း၊ န ဥပါဒိယိ ံ- စွဲလမ်းလွတ်ကင်း, အမြစ်ရင်းက, အလျင်းပြတ်စေ, ဖြတ်တောက်မူခဲ့ ပေသတည်း။
[မူလပဏ္ဏာသ, စူဠယမကဝဂ်, ဗြဟ္မ]နိမန္တနိကသုတ်။
လဃိမာဘုန်းတော်
စိတ်၏ လျင်မြန်ခြင်းကဲ့သို ့ ခန္ဓာကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။ [စျာန်ပျံ၍ ကြွတော်မူခြင်းမျို းတည်း။]
မဟိမာဘုန်းတော်
ကိုယ်တော်ကို ပကတိ အနေထက်ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။
ကြီးမားအောင်ဖန်ဆင်းတော်မူပုံ "ရာဟု" ခေါ်သော အသူရိန်နတ်ကြီးသည် အလွန်ကြီးမား၏။ အမြင့်အားဖြင့် ယူဇနာလေးသောင်း ရှစ်ထောင်ရှိသတဲ့။ ထိုမျှ ကြီးမားသော အသူရိန်ကြီးသည် ဘုရားရှင်၏ ဂုဏ်သတင်းတော်ကို ကြားရသဖြင့် သွား၍ ဖူးမြော်လိုသော်လည်း "လူသားဖြစ်သော ဘုရားကို ငါသွား၍ ဖူးမြော်ရလျှင် ငုံ ့၍ပင် ကြည့်ရှုရလိမ့်မည်" ဟု အထင်ရ၍ မဖူးမြင်ဘဲ နေခဲ့ရာ ဂုဏ်တော်ကြီးမားလှသဖြင့် သင့်သလိုပင် ဖူးမြော်အံ့ဟု ကြံပြီးလျှင် ဘုရားရှင်၏ အထံတော်သို ့ရောက်လာလေသည်။ မြတ်စွာဘုရားက "မဟိမာ" ဘုန်းတော်ဖြင့် သူ ့ထက် ကြီးမားအောင် ဖန်ဆင်းတော်မူလျက် လျောင်း၍ အဖူးမြော်ခံတော်မူရာ လွန်စွာမြင့်မားသော အသူရိန်ကြီးသည် တအားကုန်မေဖူးမြင်သော်လည်း ဘုရားရှင်၏ အထက်ပိုင်းကို မမြင်နိုင်ရှာချေ။ ဤသို ့ပင်ကိုအနေထက်ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ကို "မဟိမာ" ဘုန်းတော်ဟု ခေါ်၏။
[ဤ ရာဟု အသူရိန်ကို ပြရာ၌ "မဟိမာ" ဘုန်းတော်မဟုတ်၊ ပါရမီတော် အစွမ်းသာဟု ဋီကာမှာပင် အဆိုကွဲ၏။]
ဣစ္ဆန္တော သာသပဂဗ္ဘေ, စင်္ကမတိ ဣတောစိတော၊
ဣစ္ဆန္တော လောကဓာတုမှိ, အတ္တဘာဝေန ဆာဒယေ။
ဘဂဝါ ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣစ္ဆနေ ္တာ - သေးငယ်လေဟန်, ပုံသဏ္ဌာန်သွင်း, ဖန်ဆင်းတော်မူလိုသည်ရှိသော်၊ သာသပဂဗေ ္ဘ သေးငယ်သိမ်မွေ့, မုန်ညင်းစေ့အတွင်း၌၊ ဣတော စိတော တုံ့ပြန် ထိုဤ, လှည့်လည်တော်မူလျက်လည်း၊ စင်္ကမတိ ပရိက္ခရာ ရှစ်တန်, ကိုယ်လုံးရံ၍, စင်္ကြံတွားတွား, ကြွသွားတော်မူနိုင်၏။ ဣစ္ဆန္တော ကြီးမားလေဟန်, ပုံသဏ္ဌာန်သွင်း, ဖန်ဆင်းတော်မူလိုသည်ရှိသော်၊ လောကဓာတုမှိ စကြဝဠာ, ကမ္ဘာအဆုံး, တစ်ခုလုံး၌၊ အတ္တဘာဝေန ကြီးမားမြင့်မော်, ရွှေကိုယ်တော်ဖြင့်၊ ဆာဒယေ အကုန်သိမ်းကျံုး, ဖုံးလွှမ်းတော်မူနိုင်သတည်း။
ပကတိကိုယ်တော်မှာ အဋ္ဌာရသ ဟတ္ထုဗ္ဗေဓ တစ်ဆယ့်ရှစ်မိုက် အမြင့်တော်ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့် ရှိ၏။ "တစ်ဆယ့်ရှစ်တောင် မြင့်တော်မူသည်" ဟု ဆိုသော စကားကို လူသား ပကတိဖြစ်၍ အခြားလူများထက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မကွာခြားသင့်သောကြောင့် စဉ်းစားပေရာ၏ ဟု ပထမ ရိုက်နှိပ်အပ်သော စာအုပ်၌ ကျမ်းဂန်ကို ဖော်ထုတ်၍ အကျယ်မရေးသားလိုသောကြောင့် အထက်ပါအတိုင်း အကျဉ်းမျှသာ ရေးသားလိုက်သည့်အတွက် "အချို့ မြို့ရွာတို့၌ ၁၈ တောင် ယူသူတို့က တစ်ဖက်၊ ၁၈ မိုက် ယူသူတို့က တစ်ဖက်ဖြင့် ငြင်းခုန်ချက် ရန်ပွား၍ စကားများကြသည်" ဟု ကြားရသောကြောင့် "အကျိုးလိုလို့ ညောင်ရေလောင်း၊ ပတ်ထမ်း တွေ့" ဆိုသော စကားကဲ့သို့ "အများအကျိုးရှိအောင် ရေးသားရာတွင် ထိုသူများအတွက် အကျိုးမဲ့ ဖြစ်ရလေခြင်း" ဟု သံဝေဂ ဖြစ်မိပါသည်။ ယခုအခါ မိမိအယူကို အကျယ်ရေးမှပင် သင့်မည် ထင်သောကြောင့် ပါဠိ အဋ္ဌကထာ ဆိုစဉ်နှင့် တကွ ဉာဏ်မြင်သမျှ ထုတ်ဖော် ရေးပြပါအံ့။
အရပ်တော်အဆုံးအဖြတ် အခန်းတွင် အကျယ်ဖတ်ရှုလေ့လာပါရန်။
ပတ္တိဘုန်းတော်
ကြွတော်မူလိုရာ အရပ်သို့ ဆီးတားကွယ်ကာခြင်းမရှိ၊ တစ်ခဏချင်း ကြွရောက်နိုင်သော ဘုန်းတော်ဖြစ်သည်။ ဘုရားရှင်သည် ချေချွတ်ထိုက်သော သတ္တဝါကို မြင်တော်မူလျှင် နတ်ပြည် ဗြဟ္မာ့ပြည်၌ပင် ဖြစ်စေကာမူ ထိုသူ၏ထံသို့ တစ်ခဏချင်း အရောက် ကြွတော်မူနိုင်သည်။
ပါကမ္မဘုန်းတော်
အဆင်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းတော် မူလိုပါလျှင် တစ်ခဏတည်းဖြင့် ပြီးစေနိုင်သော ဘုန်းတော်ဖြစ်၏။ ဘုရားရှင်သည် တစ်ခါတစ်ရံ မြောက်ကျွန်းသို့ ကြွတော်မူပြီးလျှင် ထိုကျွန်းသားတို့၏ ဘုရင်သဏ္ဌာန် ဖန်ဆင်းလျက် တရားဟောတော်မူသည်။
ဤသိတာဘုန်းတော်
မိမိ၏ စိတ်တော်ကိုလည်းကောင်း၊ များစွာသော သတ္တဝါတွေကိုလည်းကောင်း အုပ်စိုးနိုင်သော ဘုန်းတော်ပေတည်း။ ဤ ဘုန်းတော်ကြောင့်ပင် ဘုရားရှင်ကို များစွာသော သတ္တဝါတို့က ရိုသေခန့်ညား ကြရပေသည်။
ဝသိတာဘုန်းတော်
ဈာန်သမာပတ် အဘိညာဉ်ကို ဝင်စားတော်မူလိုလျှင် အဆိုင်းအငံ့မရှိဘဲ တစ်ခဏချင်းပင် ဝင်စားနိုင်သော ဘုန်းတော်ပေတည်း။
ယတ္ထကာမာဝသာယိတာ ဘုန်းတော်
ဈာန်ဝင်စားခြင်း၊ ကောင်းကင်ပျံကြွခြင်း စသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေတော်မူလိုသောအခါ ဆိုင်းငံ့တော်မမူဘဲ ပြီးဆုံးစေလိုသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကို ပြီးဆုံးစေနိုင်သော ဘုန်းတော်ပေတည်း။
[ယတ္ထကာမ - အလိုရှိရာ ခဏ၌ + အဝသာယိတာ - ပြီးစေနိုင်ခြင်း။]
(၁) ဣ(သ)ရိယဘုန်းတော် ဤပြခဲ့သော ဘုန်းတော် ရှစ်ပါးသည် အများပြောဆိုအပ်သော ဘုန်းတော်ခြောက်ပါးတွင် "ဣ(သ)ရိယ" ဘုန်းတော်ချည်းသာတည်း။
(၂) ဓမ္မဘုန်းတော် တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ် ၄ ပါး ဖိုလ် ၄ ပါး နိဗ္ဗာန်အားဖြင့် ၉ ပါးသော လောကုတ္တရာ တရားတို့ကို "ဓမ္မ" ဘုန်းတော်ဟု ခေါ်သည်။
(၃) ယသဘုန်းတော် ပြန်နှံ့ကျော်စောသော ဂုဏ်သတင်းတော်ကို "ယသ" ဘုန်းတော်ဟု ခေါ်သည်။ ဘုရားရှင်၏ ဂုဏ်သတင်းတော်သည် သူတကာကဲ့သို့ အသိုင်းအဝိုင်းတို့ဖြင့် မဟုတ်မမှန် လုပ်ကြံ၍ ဖြစ်ရခြင်းမျိုးမဟုတ်၊ ဟုတ်မှန်သော ဂုဏ်တော်ကြောင့် အလိုလို ထင်ပေါ်လျက် လူ့ပြည်လောကထက် နတ်ပြည်လောက၌ သာ၍ နှံ့စပ်ကျော်စောပေသည်။
[အခြားစကြဝဠာက နတ်ဗြဟ္မာများလည်း ဤ စကြဝဠာသို့ လာနိုင်သဖြင့် နတ် ဗြဟ္မာ အချင်းချင်း ဂုဏ်သတင်း ဖြန့်သောကြောင့် "စကြာဝဠာ တစ်သောင်း တိုင်အောင် ပြန့်နှံ့၏။ လူ့လောက၌ကား ထိုမျှလောက် ဂုဏ်သတင်း မပျံ့နှံ့" ဟု ဆိုလိုပါသည်။]
(၄) သိရီဘုန်းတော် အလွန်ကြီးမားသော ပါရမီရှင် ဖြစ်ရပေကား ဖူးမြော်၍ မဝနိုင်အောင် လွန်စွာ သပ္ပာယ်သော ကျက်သရေကို "သိရီ" ဘုန်းတော်ဟု ခေါ်သည်။
[ဗုဒ္ဓနု(သ)တိ ကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ဤ "သိရီ" ဘုန်းတော်ဖြစ်သော ရုပ်ပုံတော်ကိုလည်း အာရုံပြုနိုင်ပါသည်။]
ရှင်တော်ဘုရား၏ မျက်နှာဝယ် ညိုမှောင်သော မျက်ခုံးတော် နှစ်သွယ်၏အကြား၌ "ဥဏ္ဏလုံ" ဟု ခေါ်အပ်သော ဆွတ်ဆွတ်ဖြူ သော အမွေးတော်သည် ဆန့်ထားလျှင် လက်မောင်းတစ်ဝက်ခန့် ရှည်၍ ပင်ကိုအတိုင်း ထားလျှင် ငွေနန်းမျှင်ကို ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် ကျက်သရေ အလွန်ရှိပါပေ၏။ ဝါဝင်းသော အရေပေါ်ဝယ် မျက်ခုံး အမွှေးတော် နှစ်ဖက်၏ မည်းနက်သော အရောင်တော်ကြောင့် ဆွတ်ဆွတ်ဖြူ သော ဤဥဏ္ဏလုံ မွေးရှင်တော်သည် သာ၍ ထင်ပေါ်၍ နေလေတော့၏။ ဥဏ္ဏလုံ မွေးတော်ရှင်၏ အောက်နားဝယ် ဝဲယာ နှစ်ဖက်က မျက်တောင်တော်များလည်း အထက်သို့ အဖျားကော့ကာ မွေးရှင်တော်ကို မော်၍ ဖူးမြော်သလို ထင်ရပေသည်။
ပတ္တမြားလုံး တပ်ထားသကဲ့သို့ ခပ်မို့မို့ ထင်လင်းသည့် မျက်လုံးတော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူ တော်၏ အလယ်ချက်က မျက်နက်ဝန်းတော်မှာမူ ကုမုဒြာ ကြာဖြူ ပန်း အတွင်းမှ ပိတုန်းကလေးများ ထွက်ပြူ နေသလို တင့်တယ်ပါပေသည်။ မျက်လုံးတော် နှစ်သွယ်၏ အလယ်မှ အောက်သို့ သက်သော နှာတံတော်သည်ကား မပိမပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သလို ရှိပါပေသည်။ နှုတ်ခမ်းတော်အစုံမှာ ဟင်္သာပြဒါးရည် ပက်ဖျန်းသကဲ့သို့ နီမြန်းတော်မူပြီးလျှင် စိန်အစဉ် စီထားသလို ထင်ရသော သွားတော်အစဉ်၏ ဆွတ်ဆွတ်ဖြူ ပုံကိုပင် ပြံုးတော်မူသောအခါ ကျက်သရေချင်း ပြိုင်ယှဉ်မည်ကဲ့သို့ ထင်ရပေသည်။ ဤသို့ အမြွက်မျှ ပြအပ်သော မျက်နှာတော်နှင့် ကိုယ်တော်၏ ကျက်သရေတော်သည် နတ် လူ ဗြဟ္မာတို့၏ မျက်လုံးကို ဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍ မဝနိုင်အောင် ရှိပါပေသတည်း။
ချဲ့ဦးအံ့ "ကျက်သရေ" ဆိုသည်မှာ အလှကို ဆိုလိုသည်မဟုတ်၊ မလှသော်လည်း တချို့မှာ ရုပ်အနေအထား အချိုးကျ၍ ဖြစ်စေ၊ အနေအထိုင် အပြောအဆို အချိုးကျ၍ ဖြစ်စေ "ကျက်သရေရှိပါပေသည်" ဟု ချီးမွမ်းခံကြရပေသည်။ ဘုရားရှင်ကား ပင်ကို အဆင်းလည်း တင့်တယ်၏။ လှမ်းကြွတော်မူပုံ၊ နေထိုင်တော်မူပုံ၊ ဟောပြောတော်မူပုံ စသည်တို့မှာလည်း ရှု၍မငြီး၊ နာ၍မငြီးအောင် ကျက်သရေကို ဆောင်တော်မူ၏။ ထို့ကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပရိသတ်အလယ်၌ ထိုင်တော်မူကာ တရား ဓမ္မ ဟောပြတော်မူသော ဘုရားရှင်သည် ဝင်းစက်ညက်ညောသော အသားအရည်ပေါ်တွင် ကြည်လင်ပြတ်သားသော အသံတော်ကို တန်ဆာဆင်သလို ဖြစ်ရကား များစွာသော မင်းပရိသတ်ထက် ကျက်သရေသာလွန် ထူးချွန် တင့်တယ်တော် မူပေသည်။
သေလသုတ်မှ ကောက်နှုတ်ချက် လုလင်ငယ် သုံးရာလောက်ကို စာပြနေသော ဗြဟ္မဏဇာတ်ရှိသူ "သေလ" မည်သော ကျောင်းအုပ်ဆရာကြီး တစ်ယောက်သည် အခါတပါးဝယ် ဘုရားရှင် အကြောင်းကို ကြားရ၍ တပည့်သုံးရာနှင့်အတူ ဘုရားရှင်ထံသို့ ရောက်လာလေရာ ရှင်တော်ဘုရား၏ ကျက်သရေရှိလှသော ရုပ်အဆင်းတော်ကို မြင်ရရုံဖြင့် "ဤမျှလောက် ကျက်သရေရှိသော အရှင့်မှာ ရဟန်းပြုနေလို့ ဘာအကျိုးရှိမှာလဲ၊ လေးကျွန်းလုံးကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော စကြာမင်းဖြစ်ဖို့ရာ ရုပ်လက္ခဏာတွေ ပြည့်စုံနေပါတယ်၊ ထို့ကြောင့် ရဟန်းအဖြစ်၌ မနေဘဲ လူ့ဘောင်မှာနေ၍ မင်းတကာတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သော စကြာမင်း လုပ်တော်မူပါ" ဟု လျှောက်ထားလေသည်။
[သုတ္တနိပါတ်, မဟာဝဂ္ဂ, သေလသုတ်ပါဠိတော်။]
ဤမျက်စိဖြင့် အလှအပတွေကို ကြည့်ရာ၌ မကောင်းစိတ်တွေ တိုးပွား၍ အကျိုးမများသော်လည်း ဘုရားရှင်၏ သပ္ပာယ်သော အာရုံကို ကြည့်ရှု ဖူးမြော်ရာ၌ကား အကောင်းစိတ်တွေ တိုးပွားသဖြင့် အကျိုးများလှပေသည်။ ဤမျှလောက် ကြီးကျယ်သော ကျက်သရေတော်အရှင်ကို ငါတို့ မဖူးမြင်လိုက်ရသည်မှာ များစွာ ဝမ်းနည်းဖွယ် ကောင်းလှပေသည်တကား။
(၅) ကာမဘုန်းတော် ရှင်တော်မြတ်၏ အလိုတော်ရှိသမျှ လုံးဝဥ(သုံ) အကုန်ပြီးစီးနိုင်ခြင်းကို "ကာမ" ဘုန်းတော်ဟု ခေါ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်၍ သတ္တဝါတို့ကို ချေချွတ်နိုင်ဖို့ရန် တောင့်တတော်မူခဲ့ရာ ထို တောင့်တတော်မူသည့်အတိုင်း ပြည့်စုံပေသည်။
(၆) ပယတ္တဘုန်းတော် ကြီးမားလှစွာသော လုံ့လ ဝီရိယတော်ကို "ပယတ္တ" ဘုန်းတော်ဟု ခေါ်သည်။ နေ့ရောညဉ့်ပါ အားလပ်ခွင့် ရတော်မမူဘဲ ဝေနေယျတို့၏ အကျိုးငှာ လွန်စွာ အားထုတ်တော်မူပေသည်။
အရပ်တော် အဆုံးအဖြတ်
ဘုရားရှင်၏ အရပ်တော်ကို ဗုဒ္ဓဝင်ပါဠိတော်ကြီး၌ "သောဠသယတ္ထုဗ္ဗေဓ = ၁၈ တောင်" ဟုဆို၏။ များစွာသော အဋ္ဌကထာတို့၌ "အဋ္ဌာရသ ဟတ္ထုဗ္ဗေဓံ = ၁၈ တောင်" ဟုဆို၏။ သုတ်မဟာဝါဋီကာ၌ "ဒွါဒသ ဟတ္ထော = ၁၂ တောင် မြင့်၏" ဟု အပရေဝါဒ ရှိ၏။ ၁၈ တောင်ယူသူတို့က ဘယ်ဝါဒကို အတည်ပြုကြသနည်း။ ၁၈ တောင် ဟူသည် တော်တော်မြင့်သော အိမ်၏ ခေါင်မိုးလောက်ရှိ၏။ ထိုအတိုင်းမှန်လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသောအခါ လှေကားထောင်လျက် အတော် မြင့်အောင်တက်၍ လောင်းကြရပေလိမ့်မည်။ ဘုရားအရပ်တော်ကို စဉ်းစားကြပါလေ။
သီဟိုဠ်ကျွန်းရှိ အချို့ မထေရ်တို့သည် "ဟတ္ထသဒ္ဒါ" အတွက် "မိုက်" ဟူသော အနက်ကို ယူ၍ "၁၈ မိုက် (ခြောက်တောင်) ရှိ၏" ဟု ယူကြ၏။
[ပထမရို်က်စာအုပ်၌ ထို သီဟိုဠ်ဝါဒအတိုင်း ရေးခြင်းဖြစ်၏၊ ဤကျမ်းက ဟတ္ထသဒ္ဒါအတွက် "မိုက်" ဟူသော အနက်ကို ဝန်မခံ။]
အော်လက်ကောက် အမည်ရှိသော အမေရိကန်သား ဗုဒ္ဓဘာသာဝင် တစ်ယောက် ရေးသားသော စာအုပ်၌ကား "ဂေါတမမြတ်ဘုရားသည် ပကတိ လူအများထက် ထူးခြားစွာ မမြင့်" ဟု ယုတ္တိပြလျက် ရေးသားလေသည်။
ယိုးဒယားပြည် သာသနာပိုင် ဆရာတော်လည်း "မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာမမြင့်" ဟု အကျယ်တဝင့် ဆုံးဖြတ်ထား၏။
ဤ "ရတနာ့ ဂုဏ်ရည်" ကျမ်းကလည်း သူများယောင်လို့ ယောင်သည်မဟုတ်၊ ညွှန်ပြအပ်လတ္တံသော ကျမ်းဂန်ယုတ္တိများအရ "မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာ မြင့်တော်မမူ" ဟုပင် ယူလိုပါသည်။
[ကျေးဇူးရှင် ဆရာတော်များလည်း ဤအတိုင်း ယူကြပါသည်။]
ထောက်ထားချက်
(၁) ဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှာ နှစ်ပေါင်း ၂၄၆၇ နှစ် ကျော်ခဲ့ပြီး ဖြစ်၍ ထိုခေတ်က လူများသည် ယခုခေတ် လူများထက် အနည်းငယ် ကြီးမားချင် ကြီးမားပေလိမ့်မည်။ သို့သော် ယခုကာလ ထောင်ထောင် မောင်းမောင်း လူများထက် နှစ်တောင် သုံးတောင် ပိုလွန်အောင်ကား မကွာခြားနိုင်ပါ။
ကျောက်စာဖက်ဌာနနှင့် စပ်၍ ရှေးဟောင်း အသုံးအဆောင် အရိုးများကို တွေ့ရသူတို့ကား ဘုရားရှင် သီတင်းသုံးတော်မူဖူးသော ကျောင်းတော် တံခါးပေါက်များမှာ ယခု တံခါးပေါက်များထက် ပို၍ မကျယ်ဝန်းခြင်း၊ ဘုရား လက်ထက်တော်က သပိတ်များကိုလည်း ငယ်ငယ်ပင် တွေ့ရခြင်း၊ ထို ရှေးက လူရိုးများမှာ ယခုလူရိုးများထက် မကြီးမားခြင်း၊ ပဌမသံဂါယနာတင်ရာ စရည်းပင် လှိုဏ်ဂူအပေါက်၏ (အထက်အောက် အားလုံး) ၆ ပေလောက်သာရှိခြင်း တို့ကို ထောက်၍ "ဘုရားလက်ထက်က လူများသည် ယခု လူတို့ထက် မမြင့်" ဟု အယူရှိကြသည်။
ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် မားမားမတ်မတ် ပုဂ္ဂိုလ်တစ်ပါးပင်တည်း။ အကယ်၍ မြတ်စွာဘုရားသည် ထိုခေတ်က လူများထက် ထူးခြားစွာ မြင့်တော်မူအံ့ "မည်းဖြူ ဆူကြုံ, နိမ့်မြင့်တုံ, မှတ်ကုန် အပြစ် ၆ ပါး" ဟူသော အပြစ်တို့တွင် မြင့်လွန်းသော အပြစ် ရှိရာ၏။ စင်စစ်ကား ဘုရားရှင်၏ အရပ်တော်သည် မနိမ့်မမြင့် အဆင်သင့်ရုံသာ။
(၂) ဘုရားရှင်သည် နတ်အဖြစ် ဗြဟ္မာအဖြစ်ဖြင့် တန်ခိုးပြ၍ တရားဟောမည်ဆိုလျှင် ဖြစ်နိုင်ဖွယ် ရှိပါ၏။ သို့သော် အများက တအံ့တသြ လိုက်နာကြမည် မဟုတ်ပါ။ "နတ်ဘဲ ဟောနိုင်မှာပေါ့၊ ဗြဟ္မာဘဲ တန်ခိုးကြီးမှာပေါ့" ဆိုကြပေလိမ့်မည်။ လူစင်စစ်မှန်း သိဖို့ရာ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်များနှင့်တကွ သားတော် တစ်ပါး ရသည့်တိုင်အောင် ထီးနန်းစံပြီးမှ ဘုရားဖြစ်ဖို့ရာ တောထွက်တော်မူပါသည်။ အကယ်၍ ၁၈ တောင်မျှ အရပ်တော်မြင့်နေလျှင် " တန်ခိုးကြီးမှာပေါ့ကွာ၊ အရပ်တော်ကြီးကိုက နည်းတာမှ မဟုတ်ဘဲ၊ လူသားစင်စစ် ဟုတ်ချင်မှလည်း ဟုတ်မှာ" ဟု ပြောစရာ ဖြစ်ပေလိမ့်မည်။ [မဟာပဒါနသုတ် ဋီကာ]
(၃) ဘုရားရှင်သည် မင်းသားဖြစ်စဉ်က ကြင်ယာတော် မိဖုရားလောင်း ရွေးချယ်ဖို့ရာ အခွင့်ကြုံလာ၏။ ထိုအခါ ခမ်းနားကြီးကျယ်သော မဏ္ဍပ်ကို ဆောက်လုပ်စေပြီးလျှင် သာကီဝင် မင်းသမီးများအား မင်းသားကိုယ်တိုင် ဆုလာဘ်ပေးဖို့ရန် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက စီမံလေသည်။ ထိုမဏ္ဍပ်အတွင်း၌ မင်းသားမှတစ်ပါး အခြား ယောကျ်ား တစ်ယောက်မျှ မရှိစေရ။ သို့သော် မင်းချင်းယောကျ်ားတို့အား ပြောသမျှ စကားကို ချောင်း၍ နားထောင်ကြဖို့ရာ စေခိုင်းထားလေသည်။
ထိုအခါ သာကီဝင်မင်းသမီး အများပင် တစ်ချိန်တည်း ဆုလာဘ်တော်များ လာယူကြသော်လည်း "ယသော်ဓရာ" မင်းသမီးကား သူများနှင့် အတူမလာဘဲ တစ်ယောက်တည်း နောက်ချန်၍ အများပြန်မှ မိမိအခြွေအရံနှင့် ရောက်လာရာ ဆုလာဘ်တွေ ကုန်သွားပြီး ဖြစ်နေသောကြောင့် မင်းသမီးက ပြံုးကြည်သော မျက်နှာထားဖြင့် "ဘယ်နှယ့်လဲ၊ မောင်တော်က နှမတော်ကို မုန်းလို့ ဆုလာဘ်သနားဖို့ စာရင်းထဲ မသွင်းဘဲ ထားတော်မူပါသလား" အလောင်းတော်မင်းသား - "မုန်းလို့ မဟုတ်ပါ၊ နောက်ကျနေသောကြောင့် မရခြင်း ဖြစ်ပါတယ်" ဟု ပြောပြီးလျှင် သိန်းပေါင်းများစွာ ထိုက်တန်သော လက်စွပ်ကို ချွပ်၍ သနားတော်မူသည်။
ယသော်မေ - "ဒီလက်စွပ်ကို တစ်ကယ်ပဲ ယူသွားရမှာပါလား"
အလောင်းတော်မင်းသား - "မောင်တော့် တစ်ကိုယ်လုံးမှာ ဝတ်ဆင်ထားတဲ့ တန်ဆာအားလုံးကိုပင် ယူနိုင်ပါတယ်"
ယသော်မေ - "နှမတော်က မောင်တော့်ကို တန်ဆာမဲ့ ဖြစ်အောင် မလုပ်ရက်ပါ။ တစ်ကယ်ဆိုလျှင် နှမတော်က တိုး၍ ဆင်ပေးဖို့ တာဝန်ရှိပါတယ်" ဟု ပြောကာ ပြံုးရွှင်သော မျက်နှာ၊ ကျေနပ်သော လက္ခဏာဖြင့် ပြန်သွားလေ၏။ ["လလိတဝိတ္တာရ" ခေါ် မြောက်ပိုင်း ဗုဒ္ဓဘာသာသုတ္တန်။]
အကယ်၍ အလောင်းတော်မင်းသားသည် သူများထက် ထူးခြား၍ ၁၈ တောင်တိုင်အောင် မြင့်ငြားအံ့၊ ယသော်ဓရာ မင်းသမီးသည် ထိုကဲ့သို့သော စကားမျိုးကို မပြောဝံ့တန်ရာ။ သူ့လို ကိုယ်လို သက်တူရွယ်မျှ ဖြစ်သောကြောင့်သာ ပြောဆိုဝံ့ခြင်း ဖြစ်ရာ၏။
ထို့ပြင် အရပ်တော် ၁၈ တောင် ရှိနေလျှင် ကိုယ်လုံးတော် ပမာဏ၏ ရှေ့ပိုင်း ထက်ဝက်မှာပင် ၄ တောင်ခန့် ရှိရာ၏။ ထိုမျှ ကြီးကျယ်ခဲ့သော် ယခုကာလ မိန်းမများထက် အလွန်မကြီးမားသော မိဖုရားများနှင့်အတူ ထီးနန်းစံတော်မူလို့မှ သင့်လျော်ပါမည်လော။ (ဤအရာ၌ တန်ခိုးတော်ဟု ဆိုကြဦးမည်လား။)
(၄) "ဘုရားဖြစ်မှ အရပ်တော် မြင့်သွားသည်၊ လူတုန်းကတော့ သူ့လို ကိုယ့်လို ပါပဲ" ဟု ဆိုပြန်အံ့၊ ဘုရားဖြစ်ပြီးမှလည်း ထူးခြား၍မမြင့်ပါ။ ဘုရားဖြစ်ပြီးမှ မကြာမီပင် ဥပကတက္ကဒွန်းကြီးနှင့် လမ်းခရီးမှာ တွေ့ဖူး၏။ ဥပက -က သပ္ပာယ်သော ရဟန်းတစ်ပါးဟုသာ မှတ်ထင်လေသည်။ [မဇ္ဈိမပဏ္ဏာသ ပါဠိတော်, ရာဇဝဂ်, ဗောဓိရာဇကုမာရသုတ်။]
(၅) ပုဏ္ဏားတစ်ယောက်သည် ယဇ်ပူဇော်ပြီးနောက် ပုဏ္ဏားတို့အား ကြွင်းကျန်သော ယဇ်စာကို ကျွေးဖို့ရာ လိုက်အရှာတွင် ခေါင်းမြီးခြံု၍ သစ်ပင်အောက်မှာ နေသော ဘုရားရှင်ကို ပုဏ္ဏားထင်၍ အနီးသို့ ချဉ်းကပ်လေရာ ခေါင်းမြီးခြံုကို ဖွင့်လိုက်မှ ရဟန်းမှန်း သိသဖြင့် ပြန်သွားမည် ပြုလေ၏။ အကယ်၍ ၁၈ တောင်မြင့်အံ့၊ ထိုင်တော်မူနေသော ဘုရားရှင်သည် မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ပွားတော်လောက် မြင့်မားဖွယ်ရှိသောကြောင့် "ပုဏ္ဏားလေလား" ဟု အထင် မမှားထိုက်။ [သံယုတ်ပါဠိတော်။]
(၆) ဘုရားရှင်သည် ကောသမ္ဗီပြည်မှ "ပါလိလေယျက" တောသို့ အကြွတွင် တောကျောင်း၌ သီတင်းသုံး နေထိုင်ကြသော အရှင်နန္ဒိယ၊ အရှင်ကိမိလ၊ အရှင်အနုရုဒ္ဒါ မထေရ်သုံးပါးတို့အထံ ဝင်တော်မူရာ တောစောင့်ယောက်ျားက "ရဟန်းကြီး မဝင်ပါနှင့်၊ အမျိုးကောင်းသားတွေ တရားအားထုတ်နေပါသည်" ဟု တားမြစ်လေသည်။ အကယ်၍ ၁၈ တောင်မြင့်ငြားအံ့၊ ထို တောစောင့် ယောက်ျားသည် ဘုရားရှင်ကို မတားဝ့ံရာ။ [ဥပရိပဏ္ဏာသ, ဥပက္ကိလေသသုတ် ပါဠိတော်။]
(၇) ပက္ကုသာတိမည်သော ဘုရင်သည် ဘုရားရှင်ကို မမြင်ဖူးဘဲ သတင်းကြားဖြင့် ကြည်ညို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင်အထံ လာခဲ့လေရာ ညဉ့်အခါ အိုးထိန်းသည် စရပ်မှာ ဘုရားနှင့် တွေ့သော်လည်း ဘုရားမှန်း မသိသေး၊ ရဟန်းတပါးဟုသာ အထင်ရှိနေသေး၏။ ထို့နောက် တရားဟောမှ သဘောကျ၍ ဘုရားမှန်း သိလေသည်။ [ဥပရိပဏ္ဏာသ, ဓာတုဝိဘင်္ဂသုတ် ပါဠိတော်။]
(၈) မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သမီးချောအတွက် သမက်လိုက်ရှာလေရာ ဘုရားရှင်ကို တွေ့လေသည်။ အကယ်၍ သမီးနှင့် အရွယ် အရပ်ချင်း အလွန်အမင်း ကွာခြား၍နေလျှင် သမက်ဖမ်းဖို့ရာ မမှန်းတန်ရာ။ [ဓမ္မပဒအဋ္ဌကထာ, သာမာဝတီဝတ္ထု။]
(၉) ဘုရားရှင်သည် အရှင်မဟာက(သ)ပနှင့် သင်္ကန်းချင်းလဲ၍ ဝတ်တော်မူဖူးပါသည်။ အကယ်၍ ဘုရားရှင်သည် တစ်ဆယ့်ရှစ်တောင် မြင့်တော်မူငြားအံ့၊ အရှင် မဟာက(သ)ပသည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဝတ်၍မဖြစ်ရာ၊ ဘုရားရှင်လည်း အရှင်မဟာက(သ)ပ၏ သင်္ကန်းကို မဝတ်ရုံလောက်ရာ။[နိဒါနဝဂ္ဂ, က(သ)ပသံယုတ်, စီဝရသုတ် ပါဠိတော်။]
(၁၀) ပုဏ္ဏားတစ်ယောက်သည် မိမိဝတ်နေကျဖြစ်သော အဝတ်ကို ဘုရားရှင်အား လှူ ဖူး၏။ ဘုရားဝတ်ရုံ လောက်သည်သာ။ [သုတ်မဟာဝဂ္ဂ, မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်။]
(၁၁) ဘုရားရှင်၏ ညီတော် အရင်းဖြစ်သော အရှင်နန္ဒ (နန္ဒမင်းသား) သည် အခါတပါး၌ ဘုရားရှင်၏ သင်္ကန်းတော်နှင့် ညီမျှသော သင်္ကန်းကို ဝတ်ရုံလာ၏။ ထိုအခါ ရဟန်းတို့က အဝေးမှလာသည်ကို မြင်ရလျှင် ဘုရားဟု ထင်မှတ်၍ နေရာမှ ထကြ၏။ အနားကျမှ အရှင်နန္ဒ ဖြစ်ကြောင်းကို သိကြလေ၏။ ဤစကားကို ထောက်လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒထက် များစွာ မမြင့်သာဟု သိသာပြီ။ ထို့ကြောင့် ပါဠိတော်၌ "စတုရဂုင်္လောမကော = အရှင်နန္ဒက ဘုရားအောက် လက် ၄ သစ်သာ ငယ်သည်" ဟု မိန့်တော်မူသည်။ [ဝိနည်း, ပါစိတ်ပါဠိတော်, ရတနဝဂ်။]
(၁၂) လူ့ပြည်လောက၌ ရှိကြသော ခြေရာတို့တွင် ဆင်သတ္တဝါ၏ ခြေရာကို အကြီးဆုံးဟု ဘုရားရှင် ဟောတော်မူ၏။ အကယ်၍ ၁၈ တောင်မြင့်အံ့၊ ဘုရားရှင်၏ ခြေရာတော်သည် ၂ တောင် ကျော်ကျော် ရှိမည်ဖြစ်၍ ဆင်၏ ခြေရာထက် ကြီးသောကြောင့် "ငါဘုရား၏ ခြေရာသည်သာ အကြီးဆုံး" ဟု ဟောတော်မူသင့်၏။ [မူလပဏ္ဏာသ, မဟာဟတ္ထပဒေါပမသုတ် ပါဠိတော်။]
(၁၃) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့ ကြွ၍ အင်ကြင်းဥယျဉ် အတွင်းဝယ် မလ္လာမင်းတို့၏ အသုံးပြုနေကျ ညောင်စောင်း (ခုတင်ငယ်) ပေါ်မှာပင် လျောင်းတော်မူလေသည်။ အကယ်၍ ၁၈ တောင်မြင့်အံ့၊ ရိုးရိုးလူတို့ အသုံးပြုအပ်သော နေရာမှာ မနေလောက်ရာ၊ တန်ခိုးတော်အရာလည်း မဟုတ်။ [ပရိနိဗ္ဗာနသုတ် ပါဠိတော်။]
(၁၄) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ နတ် ဗြဟ္မာ အများတို့ အဖူးမြော် လာကြရာ ရှင်ဥပဝါဏမထေရ်က ရှေ့တည့်တည့်မှ ကွယ်နေသောကြောင့် ဘုရားမျက်နှာတော်ကို မဖူးကြရသဖြင့် နတ်များက မထေရ်ကို ကဲ့ရဲ့ကြ၏။ ၁၈ တောင်မြင့်တော်မူလျှင် ထိုမထေရ်က မျက်နှာတော်ကို မကွယ်နိုင်ရာ။ [ပရိနိဗ္ဗာနသုတ် ပါဠိတော်။]
(၁၅) ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် သူဆင်မြန်းနေကျဖြစ်သော "မဟာလတာ" တန်ဆာဖြင့် အလောင်းတော်ကို ပူဇော်လေရာ ဦးခေါင်းတော်မှ ခြေဖျားတိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ ဆိုသည်။ ၁၈ တောင် မြင့်ရိုးမှန်လျှင် ထိုတန်ဆာသည် အလောင်းတော်၏ တစ်ကိုယ်လုံးကို မဖုံးနိုင်ရာ။
ဤသို့ စသည်ဖြင့် ပိဋကတ်တော်မှ ကောက်နုတ်ဖွယ်ရာ များစွာ ရှိပါသေးသည်။ ကျယ်ဝန်းမည်စိုး၍ လျစ်လျူ ရှုရပါတော့သည်။ ဤကောက်နှုတ်ချက်များအရ "ဘုရားရှင်သည် ထိုခေတ် လူများထက် တအံ့တသြ ထူးခြားစွာ မြင့်တော်မမူ" ဟု အတိအလင်း ယူလိုပါသည်။ ထိုခေတ်က လူအများမှာလည်း ယခုခေတ် ထောင်ထောင်မောင်းမောင်း ရှိသူများထက် များစွာ မကွာခြားသင့်သောကြောင့် "ဘုရားရှင်၏ အရပ်တော်သည် ၁၈ တောင်မြင့်၏" စသော အယူဝါဒ ယုတ္တိယုတ္တာကို ရှာကြပါလေ။
ဘုရားရှင်သည် ဝါဝင်းသော အဆင်းတော်ရှိ၏။ ကိုယ်တော်မြတ်၏ ဝါဝင်းသော အရောင်တော်သည် ထက်ဝန်းကျင်နှင့် တကွ အထက်သို့ တက်နေရာ မှောင်သောအရပ်၌ ၁၈ တောင်၊ ၁၆ တောင်ခန့် ရှိသည်ဟု ထင်ရပေသည်။ ထို့ကြောင့် ပါဠိတော်နှင့် အဋ္ဌကထာတို့၌ အထက်သို့ အမြဲတက်နေသော ကိုယ်အရောင်တော်နှင့် တကွ မှန်းဆရေတွက်၍ ၁၈ တောင်၊ ၁၆ တောင် မြင့်ကြောင်းကို မိန့်ဆိုကြဟန် တူသည်ဟု မိမိသဘောမှာ ထင်မိပါသတည်း။
အရပ်တော် အဆုံးအဖြတ် ပြီး၏။
ဘုရားရှိခိုး ဂါထာ
ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊ အတုလံ ဓမ္မရာဇာနံ, ဝန္ဒာမိ တီဟိ သာဒရံ။
ဧဝံ နဝဟိ ဂုဏေဟိ ဤ အရဟတာ, အစလာသည့်, ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်၊ လောကမှိ ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌၊ ကိတ္တိဗျာပိတံ သိမ့်သိမ့်တုန်ခပ်, ပဲ့တင့်ထပ်မျှ, နှံ့စပ်ကျော်စောတော်မူထသော၊ အတုလံ သီလခေါင်ထိ, သမာဓိနှင့်, ကြီးဘိပညာ, လွန်ကဲသာ၍, ပြိုင်လာနှိုင်းသူ, အတူလည်း ရှိတော် မမူထသော၊ ဓမ္မရာဇာနံ သုံးဘုံမကိုဋ်, သုံးထိုက် သရဖူ, သုံးလူ သင်းကျစ်, ဓမ္မရာဇ်ထွတ်ထား, ရှင်တော်မြတ်ဘုရားကို၊ တီဟိ လက်အုပ်အဥ္ဇလီ, နှုတ်သံချီ၍, ရွှင်ကြည်မနော, သုံးပါးသော ဒွာရတို့ဖြင့်၊ သာဒရံ လေးမြတ်ကြည်ညို, ရိုသေခြင်း ရှိသည်ဖြစ်၍၊ ဝန္ဒာမိ ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်စုံမိုး၍, ရှိခိုး ကန်တော့ပါ၏ ဘုရား။
ဂါထာတော် အဖွင့်
အရဟံဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ "အရဟတာ" ဟု ဆိုသည်။
"ထောမနာ" ကား ချီးမွမ်းခြင်းကို ဟောသော ပါဠိစကား။
ကိုင်းညွတ်ခြင်း = ရှိခိုးခြင်းကို ဟောသော "ပဏာမ" ပါဠိကိုပင် "ပဏာ" ဟု ဆိုထားသည်။
ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌ ဘုံဘဝတို့၏ အထက်ဆုံး ဖြစ်သော "နေဝသညာ နာသညာယတန" ဘုံကို "ဘဝဂ်" ဟု ခေါ်သည်။ ကာမ, ရူပ, အရူပ ဘုံသုံးဆောင်၏ အဆုံးဘဝဂ်တိုင်အောင် ဘုရားရှင်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်များသည် သူတစ်ပါးတို့ထက် ထိပ်ခေါင်ထိမျှ လွန်ကဲတော်မူပေသည်။ ထို့ကြောင့် တိတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာနှိုင်းလာ ကြပါကုန်သော်လည်း သီလ၊ သမာဓိ၊ ပညာဂုဏ် အားဖြင့် တစ်စုံတစ်ယောက်မျှ တူတန်သူ မရှိခဲ့ကြပေ။
သုံးဘုံမကိုဋ် မင်း၊ မိဖုရားတို့၏ ဦးခေါင်း၌ ဆောင်းအပ်သော အရာကို "မကိုဋ် = သရဖူ" ဟု ခေါ်၏။ နဖူး၌ ရစ်ပတ်အပ်သော ရွှေပြားကို "သင်းကျစ်" ဟု ခေါ်၏။ ဘုရားရှင်သည် ဦးထိပ်တင်ကာ ရိုသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ် သရဖူ သင်းကျစ်နှင့် တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။
လက်အုပ်အဥ္ဇလီ လက်အုပ်ကို ပါဠိလို "အဥ္ဇလီ" ဟု ခေါ်၏။ ကိုယ်ဖြင့် ရှိခိုးကြောင်းဖြစ်သော ကာယဝိညတ်ကို "ကာယဒွါရ" ဟုခေါ်၏။ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးကြောင်း ဝစီဝိညတ်ကို "ဝစီဒွါရ" ဟုခေါ်၏။ ကိုယ်နှုတ်မပါဘဲ ဘာဝနာပွားသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုနေသော ကုသိုလ်ဇော စိတ်ကို "မနောဒွါရ" ဟုခေါ်၏။ ဂုဏ်တော် အပေါင်းဖြင့် ထုံမွှမ်းအပ်သော သက်တော်ထင်ရှား မြတ်ဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့်မှန်း၍ နှုတ်ဖြင့် ချီးမွမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွတ်ကာ ထိုသုံးဖြာသော ဒွါရတို့ဖြင့် ရှိခိုးပါ၏ ဟူလို။
ဂုဏ်တော်ကိုးပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း
ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနု(သ)တိ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရာ၌ ရှေးဦး ပဌမ သမာဓိ မရသေးခင် ဂုဏ်တော် တစ်ပါးတည်းကိုသာ စွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ် ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထို ဂုဏ်တော် တစ်ပါးတည်း၌ စိတ်အစဉ် မပျော်မွေ့ဘဲ ပျံ့လွင့်နေတတ်ပါသည်။ ဂုဏ်တော် ၉ ပါးကို တစ်ပါးနှင့် တစ်ပါး ဆက်သွယ်လျက် လှည့်ကာပတ်ကာ အာရုံပြုနေရသောအခါ သာယာကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျဉ်ကြီးတွင် ပျော်ပြီးရင်း ပျော်ရင်း ဖြစ်လာသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုသူ၏ စိတ်ဓာတ်လည်း မပြတ်ကြည်နူး ရွှင်မြူ းချမ်းမြေ့ ရုံသာမက အတော်ကြာလျှင် ဂုဏ်တော် တစ်ပါးပါး၌ သမာဓိ စူးစိုက်လာပါလိမ့်မည်။
ထို့ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော်များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသမီး တို့သည် ရှေးဦးစွာ မိမိ၏ သီလကို ၅ ပါးဖြစ်စေ၊ ၈ ပါးဖြစ်စေ၊ ၁၀ ပါးဖြစ်စေ အထူး လုံခြံုစွာ ရှိစေရမည်။ ထို့နောက် ဆိမ်ငြိမ်သော အရပ်ကို ရစေရမည်။ မိမိ အိမ်မှာ ဖြစ်လျှင်လည်း အားလုံးတိတ်ဆိတ်သော အခါ ဖြစ်စေရမည်။ ရုပ်ပွားတော် စေတီတော် အနီးအပါး ဖြစ်လျှင်လည်း ပွဲလမ်းအခါ မဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်။ သို့သော် အမျိုးသမီးဖြစ်လျှင် မည့်သည့်နည်းနှင့်မျှ ယုံကြည်စိတ်ချလောက်သော အဖော်မပါဘဲ စေတီ ရုပ်ပွားအနီး၊ သို့မဟုတ် တောတောင် ပိတ်ပေါင်း ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံမပြုသင့်ပါ။ အရပ်ရပ် အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ်ပြီးနောက် တကယ့် ယောဂီစိတ်ကို ရောက်စေလျက် မိမိရှေ့မှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ အောက်ပါအတိုင်း အာရုံပြုပါ။
ဗုဒ္ဓဂုဏ်တော်
ဘုရားရှင်သည် အလောင်းတော် သုမေဓာဘဝက ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒတော် ပြင်းပြလှသဖြင့် "ဗုဒ္ဓေါ - ကိုယ်တိုင် သိရသောအခါဝယ်၊ ဗောဓေယျံ - သတ္တဝါတို့ကိုလည်း သိစေတော်မူမည်" ဟု အဓိဋ္ဌာန်တော်မူ၏။
သုဂတဂုဏ်တော်
ထိုသို့ အဓိဋ္ဌာန်တော်မူခဲ့သည့် အားလျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်းများစွာ တို့ကို စွန့်တော်မူလျက် သတိတရားကြီးစွာ ထားပြီးလျှင် အမှားမရှိအောင် ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကို ဖြည့်ကာ ဖြည့်ကာ ကောင်းစွာ ကြွတော်မူခဲ့သည်။
ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်
ထိုကဲ့သို့ ပါရမီဖြည့်၍ ဘုရားဖြစ်တော်မူမည့် ဘဝ၌ သီလစောင့်ခြင်း၊ ဣန္ဒြေ စောင့်စည်းခြင်း စသော ကိုယ်ကျင့်တရား စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူရကား ဘုရား မဖြစ်မီ ကဆုန်လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနု(သ)တိ ဉာဏ်တော်၊ သန်းခေါင်ယံဝယ် နတ် ဗြဟ္မာ လောကရှိ သတ္တဝါများနှင့် ငရဲ ပြိတ္တာ သတ္တဝါဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်၊ မိုးသောက်ယံဝယ် ကိုယ်တော်၏ သန္တန်၌ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝ ခြောက်ခန်းစေနိုင်သော "အာသဝက္ခယ" ခေါ် အရဟတ္တမဂ် ဉာဏ်တော်ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါသည်။
အရဟံဂုဏ်တော်
ထိုဉာဏ်တော်များကြောင့် ဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာ အနောက်အကျူ မှ ကင်းစင်သဖြင့် အမြဲ ကြည်လင်တော်မူပါသည်။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
ထိုကဲ့သို့ ကြည်လင်သော စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါသည်။
လောကဝိဒူ ဂုဏ်တော်
ထိုကဲ့သို့ ကြီးကျယ်သော ဉာဏ်တော်ကြီးက စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကိုလည်းကောင်း၊ သတ္တဝါ အနန ္တကိုလည်းကောင်း၊ ရုပ်နာမ် ဓမ္မ သင်္ခါရလောကကိုလည်းကောင်း သိမြင်တော်မူပါသည်။
အနုတ္တရောပုရိသ ဒမ္မသာရထိ ဂုဏ်တော်
သတ္တလောက (သတ္တဝါဟူသမျှ၏) လိုအင်ဆန္ဒနှင့် သဒ္ဒါ ပညာ စသော ဣန္ဒြေတို့၏ အနုအရင့်ကို နှိုင်းချင့် ခွဲခြမ်း သိစွမ်းတော်မူရကား ထို သတ္တဝါအများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြော ပြသ ဆုံးမတော် မူနိုင်ပါသည်။
သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်
ထိုကဲ့သို့ မိမိတို့ အလိုလိုက်၍ အကြိုက်ကျအောင် ဟောပြောဆုံးမတော်မူသော ဘုရားရှင်ကို ဆရာမတင်လျှင် ဘယ်လို ပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့မည်နည်း။ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်မူပေသည်။
ဘဂဝါ ဂုဏ်တော်
ထိုကဲ့သို့ လူရော နတ်ပါ ဗြဟ္မာမလပ် အရပ်ရပ် ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်းသာဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော်၊ ဉာဏ်တော်၊ ကျက်သရေတော်၊ တန်ခိုးကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ ပြီတကား။
အားတက်ဖွယ် ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံ ကောင်းလှပေပြီ။ ထို ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုနေရ၊ အောက်မေ့နေရသည်မှာ စိတ်စက် ချမ်းသာလှပေ၏။ ဘုရားရှင်ကို ရည်မှန်းလျှက် လှူ ဒါန်း ပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏။ ထိုဘုရားရှင် ဂုဏ်တော်များကို အာရုံပြုလိုက်ရလျှင် မိမိသန္တာန်မှာ ကိလေသာ အနောက်အကျူ ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှသောကြောင့် အထပ်ထပ် အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါးသည်ထက် နည်းပါပေလိမ့်မည်။ လုံးဝ လွတ်လပ်ခွင့် မရသေးသော အိမ်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ပြီးှလျှင် ဘုရားရှေ့တော်မှာ ဖြစ်စေ၊ သို့မဟုတ် ဆိတ်ငြိမ်သော အိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာနေလျက် ဘုရားဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ။ အာရုံမပြုတတ်သေးပါလျှင် အားလပ်ခွင့် ရချိန်မှာ ဤဂုဏ်တော် ၉ ပါးလုံး ဆက်သွယ်၍ အာရုံပြုနည်းကို ကြည့်ရှုရွတ်ဖတ် နေကြပါကုန်။ လူမှုရေးရာ ကိစ္စ များပြားလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော် တစ်ပါးပါးကို စိတ်ထဲမှာစွဲ၍ အလုပ်လုပ်ရင်း အာရုံပြုနေပါလျှင် လောက သံသရာ နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။
အထူးသတိပေးချက် ဤပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် ဘုရားရှင်နှင့် စပ်၍ တတ်သိနားလည်ထိုက်သော အချက်များကို အထိုက်အလျောက် နားလည်လောက်ပေပြီ။ ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင် စသည်တို့ကို ပူဇော်လေ့ရှိကြ၏။ ထိုသို့ ပူဇော်ရာ၌ ဝတ်ကျေ တန်းကျေ အိမ်နီးချင်း ရိုသေရုံ သဘောမထားဘဲ ရုပ်ပုံတော်၊ စေတီတော်ကို ပူဇော်သောအခါ ဘုရားကျောင်းတော်ကို သွား၍ သက်တော်ထင်ရှား ရှင်တော်ဘုရားအား လှူ ဒါန်းပူဇော်ရသကဲ့သို့ စိတ်ထဲ၌ ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ပူဇော်ရာ၏။ ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေလွဲ သောအခါ ပူဇော်လျင် အပြစ်တင်လေ့ ရှိသကဲ့သို့ ထို့အတူ မှောင်သောအခါ မှောင်သော နေရာ မဟုတ်ဘဲ "နေ့လည် ကြောင်တောင်အခါ ဆီမီး ပူဇော်မှုကို ပြုသင့်သည်" ဟု မထင်ပေ။
ထို့ပြင် ရုပ်ပွားတော်တည်ရာ ဂူလိုဏ်၊ အာရုံခံရာ တန်ဆောင်း၊ စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ ဗရပွကျအောင် ပူဇော်မှု၊ ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မှု၊ ရေများကို ပုပ်နံအောင် ရက်ရှည်လများ ထားမှုကို ယခုအခါ တန်ခိုးကြီးသော ဘုရားတိုင်းမှာ လိုပင် တွေ့မြင်ရ၏။ ထိုအမှုများကို မိမိတို့ အိမ်မှာ ပြုလျှင် ကျေနပ်နိုင်ကြမည် မဟုတ်ပါပဲလျက် ဘယ်အတွက် ဘုရားရှင်နှင့် စပ်သော အဆောက်အအုံမှာ ပြုဝ့ံကြ၊ ပြုရက်ကြပါလိမ့်မည်နည်း။ ထို့ကြောင့် ပန်း, ဆီမီး စသည်ကို ပူဇော်ရာ၌ မိမိတို့၏ ပစ္စည်းဝတ္ထုအတွက် ဘုရားနှင့်စပ်သော အဆောက်အအုံ၌ မညစ်ပေစေဘဲ ဖူးမြင်သူ လူများကို သဒ္ဓါ တိုးပွားအောင် သားနား သပ်ရပ်စွာ ပူဇော်ကြမှသာ နောင်သံသရာ၌ အကျိုးပေး စင်ကြယ်နိုင်ပါသည်။
ထို့ပြင် ဘုရားနှင့်စပ်သော အဆောက်အအုံ များ၌လည်း ခမ်းနားသပ်ရပ်သော ဝတ္ထုမှတစ်ပါး တိုလီမှိုက်စ မလှပသော ပစ္စည်း ဝတ္ထု မရှိမှသာ ပို၍ ကျက်သရေ ရှိရာသောကြောင့် တစ်ယောက်တည်း မတတ်နိုင်လျှင် လူအများ စုပေါင်း၍ ကြီးကျယ်ခမ်းနားသော ဘုရား၊ ကျောင်း၊ စေတီတော် စသည်များကိုသာ တည်ထား ကိုးကွယ်ခြင်း၊ ကြည်ညိုဖွယ် မဖြစ်လောက်အောင် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်း စသည်များကို စုပေါင်း ပြုပြင်ခြင်း၊ ရှိပြီး နေရာများ၌ နောက်ထပ် တည်ထားမည့်အစား မရှိသေးသော နေရာဝယ် တည်ထားကိုးကွယ်ခြင်း စသည်တို့ဖြင့် အရှည်ကို မြင်မြော်၍ ပူဇော်ကိုးကွယ် သင့်ကြသည်။
ယခုအခါ တစ်ချို့ ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမှု တစ်ခုကိုသာ ရည်ရွယ်ဟန် တူ၏။ ဘာသာ, သာသနာ အသရေရှိမှုကို ရည်ရွယ်ဟန် မတူ။ ထို့ကြောင့် ထိုသူ၏ အလှူ ဝတ္ထု ပူဇော် ကိုးကွယ်မှု အတွက် အမျိုး, ဘာသာ, သာသနာမှာ ဂုဏ်မတက်ဘဲ ဂုဏ်ပျက် ရလေသည်။ ယခုခေတ်သည် သူတစ်ပါး အလုပ်ကို ဝေဖန်ကြသော ခေတ်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် တို့သည် မိမိတို့၏ ရှင်ပြု ရဟန်းခံ ဘုန်းကြီးပျံ စသော အလုပ်တို့၌ သူတစ်ပါး၏ ဝေဖန်ခံနိုင်အောင် ပြု ပြင်ကြဖို့ရန် တိုက်တွန်းပါသည်။
ဘုရားဂုဏ်တော်ဖွင့် ပြီးပြီ။
မဟာဂန္ဓာရုံဆရာတော် ၏
ရတနာ့ဂုဏ်ရည်မှ