ဒေါက်တာသိန်း ၏ ဆောင်းပါးစာမူ
မတ်လ၊ ၂၀၁၄ ခုနှစ်
စာရေးသူ၏ အမှာ
ဓမ္မပဒသည် သမရိုးကျ ဘာသာရေးကျမ်းမျိုး မဟုတ်ပါ။ ထင်ရှားလှပြီး ခေတ်မီသော တရားညွန့်ပေါင်းကျမ်း တစ်ကျမ်း ဖြစ်ပါသည်။ ဓမ္မပဒ၏ ထူးခြားကောင်းမွန်ချက် အချို့မှာ တရားမျိုးစုံလင်ခြင်း၊ အကျင့်သီလပိုင်းကို အလေးပေးထားခြင်း၊ လိုရင်းတိုရှင်း လွယ်ကူခြင်း၊ လှပသေသပ် အလင်္ကာမြောက်စွာ ရေးဖွဲ့ထားခြင်း တို့ဖြစ်ကြပါသည်။ ထို့ကြောင့် လူပေါင်းစုံအတွက် စွဲဆောင်မှု (universal appeal) ရှိသည့် ကျမ်းမျိုးဖြစ်ပါသည်။
ကျွန်တော်သည် ဗုဒ္ဓဓမ္မစာပေ ကျမ်းဂန်များကို အတော်အသင့်သာ ဖတ်မှတ်ဖူးပါသည်။ ဓမ္မပဒကျမ်းကိုကား နှံ့နှံ့စပ်စပ် ဖတ်ခဲ့ပါသည်။ လေ့လာ၊ မှတ်သား၊ စဉ်းစား၊ သုံးသပ်ခဲ့ပါသည်။ ဓမ္မပဒ၏ ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် တင်ပြချက်တို့မှာ သိပ္ပံဆန်ပါသည်။ ထို့ကြောင့်လည်း ဤဆောင်းပါးကို စာတမ်းဆန်သော ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးထားပါသည်။ စိတ်ဝင်စားဖွယ် ဖြစ်ရန်နှင့် အသုံးချနိုင်ရန်ကား အားထုတ်ထားပါသည်။
ဤဆောင်းပါးကို အချိန်အတော်ကြာကြာယူ၍ ကြိုးစားရေးထားပါသည်။ တရားအရသာကို မျှဝေလို၍ ဖြစ်ပါသည်။ ထို့ကြောင့် အချိန်ပေး၍ ဖတ်ရှုလေ့လာကြရန် တိုက်တွန်းပါသည်။ တစ်ဆင့်တက်၍ တတ်နိုင်သလောက် လိုက်နာကျင့်သုံးရန်လည်း ဆန္ဒပြုပါသည်။ ဓမ္မပဒကျမ်းလာ ဗုဒ္ဓဘုရား၏ ဆုံးမဩဝါဒများကို ကြိုက်နှစ်သက်ကာ ယုံကြည်ကြသော “ဓမ္မပဒချစ်သူများ”၊ “ဓမ္မပဒဝါဒီများ” ဖြစ်လာကြမည်ဟု မျှော်လင့်ပါသည်။
မာတိကာ
၁။ နိဒါန်း
၂။ သမိုင်းကြောင်း
၃။ ဗုဒ္ဓဝါဒအနှစ်သာရကျမ်း
၃-၁။ ဆရာတော်ကြီးသုံးပါး၏အာဘော်၄။ ထူးခြားကောင်းမွန်ပုံ
၄-၁။ အနှစ်ချုပ်တရား၅။ နိဂုံး
၁။ နိဒါန်း
ဤဆောင်းပါးတွင် ဗုဒ္ဓကျမ်းစာများအနက် ကမ္ဘာတွင် လူသိအများဆုံးနှင့် အထင်ရှားဆုံး ကျမ်းဖြစ်သော ဓမ္မပဒအကြောင်း သိကောင်းစရာများကို ရေးသားထားပါသည်။ ဓမ္မပဒမိတ်ဆက် ဟု ဆိုနိုင်ပါသည်။ အဓိကရည်ရွယ်ချက်မှာ ကျမ်းပင်ငယ်သော်လည်း ဗုဒ္ဓဓမ္မ၏ အနှစ်သာရဟု ဆိုနိုင်သော ယင်းကျမ်းမြတ်ကို ဖတ်ရှုလေ့လာသိရှိရန်နှင့် တတ်နိုင်သမျှ လိုက်နာကျင့်သုံးရန် တိုက်တွန်းလို၍ ဖြစ်ပါသည်။ ထို့အပြင် ကျမ်းတစ်စောင်လုံးကို ဖတ်မှတ်ရန် အချိန်မပေးနိုင်သူများ အတွက် အကြောင်းအရာများ ဆက်စပ်ရေးသား ထားသော ဤဆောင်းပါးသည် အကျိုးရှိမည်ဟု မျှော်လင့်ပါသည်။ “အလှူအားလုံးတွင် တရားအလှူသည် အမြတ်ဆုံး ဖြစ်၏” (ဓမ္မပဒဂါထာ ၃၅၄) သဘောအရ ဓမ္မဒါနအဖြစ် ရေးသားဖြန့်ဝေခြင်းလည်း ဖြစ်ပါသည်။
မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် အများပင် ဓမ္မပဒကို ကြားဖူးကြသည်။ အများအားဖြင့် ဓမ္မပဒ ဝတ္ထုများအဖြစ် ဖတ်ရှုဖူး၊ ကြားနာဖူးကြသည်။ ဓမ္မပဒကျမ်းလာ “အာရောဂျံ ပရမံ လာဘံ” (ကျန်းမာခြင်းသည် အကြီးဆုံး လာဘ်ဖြစ်၏ - ဂါထာ ၂၀၄)၊ “အတ္တာဟိ အတ္တနော နာထော” (မိမိကိုယ်သည်သာ မိမိ အားကိုးရာ ဖြစ်၏ - ဂါထာ ၁၆၀) စသည့် ကောင်းမွန်လေးနက်သော အဆိုအမိန့်များကို လူအများပင် ကြားဖူးနားဝ ရှိကြသည်။ ဓမ္မပဒ ဟူသည် တရားလမ်းကြောင်း ဟု အဓိပ္ပါယ် ရသည်။
ပါဠိသံအမှန်မှာ “အာရောဂျ ပရမာ လာဘာ” ဖြစ်ပါသည်။အင်္ဂလိပ်ဘာသာပြန်များတွင် ဓမ္မပဒ၏ ဂုဏ်ပုဒ်ကို နာမဝိသေသန သုံးမျိုးနှင့် ဖော်ပြတတ်ကြသည်။ ယင်းတို့မှာ remarkable (ထူးခြားလှသော)၊ magnificent (ထူးခြားကောင်းမွန်သော)၊ most esteemed (အလေးအမြတ် အထားဆုံး) တို့ ဖြစ်ကြသည်။
ဓမ္မပဒအကြောင်း အခြေခံ သိရှိရေးအတွက် ပင်မဆောင်းပါးနှင့် လုံလောက်ပါသည်။ ပို၍သိလိုသူများနှင့် အကျယ် ဖတ်ရှုလိုသူများ အတွက် နောက်ဆက်တွဲ (က) “ဓမ္မပဒလမ်းညွှန်” နှင့် နောက်ဆက်တွဲ (ခ) “ဓမ္မပဒစာအုပ်ကောင်းအချို့” တို့ကို နောက်ပိုင်းတွင် သီးခြားဖော်ပြ ထားပါသည်။
၂။ သမိုင်းကြောင်း
ဤထူခြားကောင်းမွန်လှသော ကျမ်းဓမ္မပဒကို မည်သည့်အချိန်၌ မည်သူက စုဆောင်းပြုစုခဲ့သည် ဆိုသော အချက်ကိုကား သေချာစွာ မသိရသေးပေ။ မှန်းဆထားချက်ကား ရှိသည်။ ဗုဒ္ဓဘုရား (၅၆၃-၄၈၃ ဘီ၊စီ) ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် အနှစ် ၂၀၀ ကျော်အကြာ အာသောကမင်း (သီရိဓမ္မသောကမင်း) လက်ထက်၌ ဤကျမ်းရှိနေပြီး ဖြစ်သည်။ (မူလက စစ်ဘုရင်တစ်ပါး ဖြစ်ခဲ့ပြီး ရက်စက်သတ်ဖြတ်မှု များခဲ့သော အာသောကမင်းသည် ဓမ္မပဒဂါထာများ (အထူးသဖြင့် ဂါထာ-၂၁) ကို ကြားနာပြီး နှလုံးသွင်းရာမှ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်လာသည်ဟု အဆိုရှိသည်။ နောက်ပိုင်းတွင်မူ တရားမျှတသော တိုင်းပြည်ပြု သာသနာပြု မင်းမြတ်ကြီးတစ်ပါး ဖြစ်လာသည်။) ထိုမင်းလက်ထက် ဘီ၊စီ ၂၄၀ ပြည့်နှစ်၌ ကျင်းပခဲ့သော တတိယသင်္ဂါယနာ တွင် ဓမ္မပဒကို သုတ္တန် (ညွှန်ကြားဆုံးမချက်များ) ထဲ၌ စတင်ထည့်သွင်း ခဲ့ကြသည်။ သင်္ဂယနာများ တင်ခဲ့သော မထေရ်ကြီးများက ဓမ္မပဒကျမ်းကို စုပေါင်းစီစဉ်ခဲ့ ကြသည်ဟု ယူဆကြသည်။
သုတ္တန်ပိဋကတ်၌ ခွဲခြားထားသော နိကာယ်ငါးရပ်အနက် ဓမ္မပဒသည် ခုဒ္ဒကနိကာယ် (သုတ်တိုများ အပေါင်းအစု) တွင်ပါဝင်သည်။ဓမ္မပဒတွင် ပါဠိစကားပြေဖြင့် မဟုတ်ဘဲ၊ ပါဠိလင်္ဂသွားဖြင့် ဖွဲ့ဆိုထားသော စာပုဒ်(ဂါထာ) ၄၂၃ပုဒ် ပါဝင်သည်။ တူရာစုစည်းထားသော တရားအစု(ဝဂ်) ၂၆စု ဖြင့် ဖွဲ့စည်းထားသည် (နောက်ဆက်တွဲ (က)ရှု)။ မူလက ဤသို့တစ်စု တစ်ပေါင်းတည်း ကျမ်းတစ်ဆူအဖြစ် ရှိခဲ့သည်ကား မဟုတ်ချေ။ နောင်အခါမှ ဤသို့စုပေါင်း ပေးထားခြင်း ဖြစ်သည်။ ဤသို့ပင် ဖြစ်သော်လည်း ယင်းဂါထာများသည် အစဉ်အဆက် သံဃာတော်များက နှုတ်တိုက် အာဂုံဆောင် ခဲ့သော ဂါထာများမှ ရွေးချယ်ကောက်နှုတ်ကာ တူရာကို စုစည်းပေးခဲ့ခြင်း ဖြစ်သဖြင့်၊ ယင်းတို့သည် ဗုဒ္ဓဘုရား၏ ဩဝါဒများ၊ အဆိုအမိန့်များ အမှန်ပင် ဖြစ်သည်ဟု ယုံကြည်လက်ခံ ထားကြသည်။ မြတ်ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်က အချိန်အခါ အသီးသီး၌ အမျိုးအမျိုးသော တပည့်သာဝကတို့အား ညွှန်ကြား ဆုံးမတော် မူခဲ့သော ဩဝါဒကထာများ ဖြစ်သည်ဟု လက်ခံထားကြသည်။ ယင်းဂါထာများတွင် ဗုဒ္ဓဝါဒ၏ အနှစ်သာရ ပေါ်လွင်မှု၊ အကျင့်သီလပိုင်း အလေးပေးမှု၊ ရှင်းလင်းလွယ်ကူမှု စသည့် ဂုဏ်ပုဒ်တို့ကလည်း ဤအယူအဆကို အထောက်အထား ပြုနေသည်။
တတိယသင်္ဂါယနာ တင်ပြီးနောက် အနှစ်-၇၀၀ ခန့်အကြာ ခရစ်နှစ် ၅-ရာစု အတွင်း၌ သီဟိုဠ် (ယခုသီရိလင်္ကာ) မှ အရှင်ဗုဒ္ဓဃောသ က ဓမ္မပဒအဋ္ဌကထာ အဖွင့်ကျမ်းကြီးကို ပြုစုခဲ့သည်။ ယင်းကျမ်းတွင် မည်သည့်အချိန်၌ မည်သည့်နေရာတွင် မည်သူ/မည်သည်ကို အကြောင်းပြု၍ ထိုထိုသော ဂါထာတို့ကို ဟောကြားခဲ့ကြောင်းဖြင့် အဖြစ်အပျက် ဝတ္ထုများနှင့် တကွ ရှင်းလင်းဖော်ပြထားပါသည်။ (ယင်းကျမ်းကို မြန်မာနိုင်ငံတွင် ဓမ္မပဒဝတ္ထုများ၊ ဓမ္မပဒဝတ္ထုတော်ကြီး အဖြစ် လူသိများသည်။) ထို့အပြင် ဥပမာဆောင်ချက် အချို့နှင့် တင်စားချက်များ (ဥပမာ ဂါထာ ၂၉၄၊ ၂၉၅) ကိုလည်း ရှင်းပြထားသည်။ တရားဆိုင်ရာ အသေးစိတ် ဖွင့်ဆိုချက်များကိုလည်း ပေးထားသည်။ အရှင်ဗုဒ္ဓဃောသသည် အလွန်ထင်ရှားကာ အဆင့်မြင့်လှသော ဝိသုဒ္ဓိမဂ် (စင်ကြယ်ခြင်းလမ်းကြောင်း) ကျမ်းကြီးကိုပါ ရေးသား ပြုစုခဲ့သူ မဟာထေရ်မြတ်ကြီး ဖြစ်သဖြင့် ကြီးမြတ်မှုကို ပေါ်လွင်စေရန် ရှင်မဟာဗုဒ္ဓဃောသ ဟု အလေးအမြတ်ပြု ခံရသူဖြစ်သည်။ အချို့က ဒုတိယဗုဒ္ဓ ဟူ၍ပင် ခေါ်ဆိုကြသည်။