နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သာသနာရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မိမိမာဂဓီ က ဦးဆောင်၍ အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ၁၃၄၅ ခုနှစ်မှ စတင်ပြီး ရည်ရွယ်ချက် သုံးရပ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ရည်ရွယ်ချက် သုံးရပ်မှာ -
၁။ လူငယ် လူရွယ်များ လိမ္မာယဉ်ကျေးစေရန်၊
၂။ ဘာသာရေး အသိဉာဏ် ဗဟုသုတ တိုးပွားစေရန်၊
၃။ ဘာသာ သာသနာ နှင့် ထိတွေ့နီးစပ်စေရန် တို့ ဖြစ်ပါသည်။
ဤသင်တန်းမှ ဘုရားရှိခိုး၊ ဗုဒ္ဓဝင်၊ ငါးပါးသီလ၊ မင်္ဂလာ၊ လူကျင့်ဝတ်၊ ဆယ်စောင်တွဲ နှင့် ပရိတ်တော်များကို သင်ကြားပေးသည့် အပြင် ဓမ္မစကြာနှင့် အဘိဓမ္မာ ကိုလည်း အခါအားလျော်စွာ သင်ကြားပေးပါသည်။
သင်တန်းသူ သင်တန်းသားများ ဘာသာယဉ်ကျေးမှုကို အမြဲတစေ ထိတွေ့နီးစပ်စေရန် ဗုဒ္ဓသာသနာတော်ကို လေးစားမြတ်နိုး တတ်စေရန် ကြည်ညိုသဒ္ဓါ ပွားများတတ်စေရန် ဤသင်တန်းမှ တစ်လတစ်ကြိမ် အခါတော်နေ့ကြီးများကို အစဉ်အလာ မပျက် ကျင်းပပေးပါသည်။ သတင်းစာ၊ ရေဒီယို နှင့် ရုပ်မြင်သံကြား တို့မှ မကြာခဏ ဖော်ပြပေး၍ ရဟန်းရှင်လူ ပြည်သူအများ စိတ်ဝင်စားကြောင်း သိရှိရပါသည်။
ဤသင်တန်းသို့ တတ်ရောက်ခွင့် မကြုံသူများနှင့် စိတ်ပါဝင်စားကြသော ဘာသာရေး အသင်းအဖွဲ့များက အခါတော်နေ့ ဆောင်ရွက်ပုံ အစီအစဉ်များနှင့် ရွတ်ဖတ်ရန် စာရွက်စာတမ်းများကို ရလိုကြောင်း၊ သိလိုကြောင်း၊ နည်းယူလိုကြောင်း အကူအညီ တောင်းခံလာကြပါသည်။ ထိုပုဂ္ဂိုလ်များ၏ ကုသိုလ်ဆန္ဒကို ပြည့်ဝစေလိုသော စေတနာဖြင့် ဗုဒ္ဓသာသနာတော်၏ အကျိုးကို မျှော်ကိုး၍ ဤအခါတော်နေ့များ စာမူကို မှတ်တမ်းတင် ပြုစုထားပါသည်။
ဦးပညာသာမိ ( မာဂဓီ - သာစည် )
သင်တန်းနည်းပြဆရာတော်