လယ်တီဆရာတော်ဘုရားကြီး
မာတိကာ
၁။ အဘိယာစက နှင့် ဥယျောဇနကထာ
၂။ ရူပက္ခန္ဓာ - လင်္ကာ (၁) နှင့် လင်္ကာ (၂)
၃။ ဝေဒနာက္ခန္ဓာ နှင့် သညာက္ခန္ဓာ - လင်္ကာ (၃)
၄။ သင်္ခါရက္ခန္ဓာ - လင်္ကာ (၄)
၅။ ဝိညာဏက္ခန္ဓာ - လင်္ကာ (၅) နှင့် လင်္ကာ (၆)
၆။ ခန္ဓာငါးပါး - လင်္ကာ (၇)
၇။ အာယတနခဏ်း - လင်္ကာ (၈)
၈။ ဓာတ်ခဏ်း - လင်္ကာ (၉)
၉။ သစ္စာခဏ်း - လင်္ကာ (၁၀)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ အဘိယာစက နှင့် ဥယျောဇနကထာ
ပုထုဇ္ဇနောတိ ဧတ္ထ - ဒုဝေ ပုထုဇ္ဇနာ ဝုတ္တာ ဗုဒ္ဓေနာ ဒိစ္စဗန္ဓုနာ။
အန္ဓော ပုထုဇ္ဇနော ဧကော ကလျာဏေကော ပုထုဇ္ဇနော။
တတ္ထ ယဿ ခန္ဓာ, ဓာတု, အာယတနာဒီသု ဥဂ္ဂဟ, ပရိပုစ္ဆာ, သဝန, ဓာရဏ, ပစ္စဝေက္ခဏာနိ နတ္ထိ၊ အယံ အန္ဓပုထုဇ္ဇနော။
ယဿ တာနိ အတ္ထိ၊ သော ကလျာဏပုထုဇ္ဇနော။
(ဒီဃနိကာယ် သုတ်သီလက္ခန် အဋ္ဌကထာ၊ ဗြဟ္မဇာလသုတ်အဖွင့်၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ သင်္ခါရုပေက္ခာ ဉာဏနိဒ္ဒေသအဖွင့်၊ ဇိနာလင်္ကာရဋီကာ)အနက်ကား -
ပုထုဇ္ဇနောတိ ဧတ္ထ - ပုထုဇ္ဇနော ဟူသော ဤပုဒ်၌၊ အန္ဓော - အဝိဇ္ဇာ အားဖြင့် ဉာဏ်အမြင် ကန်းသော၊ ပုထုဇ္ဇနော - ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဧကော - တစ်ယောက်၊ ကလျာဏော - သုတမယဉာဏ် ရှိသဖြင့် ကောင်းသော အကျင့်ရှိသော၊ ပုထုဇ္ဇနော - ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဧကော - တစ်ယောက်၊ ဣတိ - ဤသို့၊ အာဒိစ္စဗန္ဓုနာ - နေမင်း၏ အဆွေဖြစ်တော်မူသော၊ ဗုဒ္ဓေန - မြတ်စွာဘုရားသည်၊ ပုထုဇ္ဇနော - ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို၊ ဒုဝေ - နှစ်ယောက်တို့ဟူ၍၊ ဝုတ္တာ - ဟောတော်မူအပ်ကုန်၏။
ဟိ ဝိတ္ထာရေမိ - ချဲ့၍ ဆိုဦးအံ့။
တတ္ထ - ထိုနှစ်ယောက်သော ပုထုဇဉ် ပုဂ္ဂိုလ်တို့တွင်၊ ယဿ - အကြင် ပုထုဇဉ် ပုဂ္ဂိုလ်အား၊ ခန္ဓာ ဓာတု အာယတနဒီသု - ခန္ဓာ ဓာတ် အာယတန သစ္စာ ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသည်တို့၌၊ ဥဂ္ဂဟ ပရိပုစ္ဆာ သဝန ဓာရဏ ပစ္စဝေက္ခဏာနိ - သင်ခြင်း မေးမြန်းခြင်း နာခြင်း မှတ်ဆောင်ခြင်း ဆင်ခြင်ခြင်းတို့သည်၊ နတ္ထိ နသန္တိ - မရှိကုန်၊ အယံ - ဤပုထုဇဉ် ပုဂ္ဂိုလ်သည်၊ အန္ဓပုထုဇ္ဇနော - အဝိဇ္ဇာအားဖြင့် ဉာဏ်အမြင်ကန်းသော အန္ဓပုထုဇဉ် မည်၏။
ယဿ - အကြင်ပုဂ္ဂိုလ်အား၊ တာနိ - ထိုခန္ဓာ ဓာတု အာယတန သစ္စာ စသည်တို့၌ သင်ခြင်း မေးမြန်းခြင်း နာခြင်း မှတ်ဆောင်ခြင်း ဆင်ခြင်ခြင်းတို့သည်၊ အတ္ထိ သန္တိ - ရှိကုန်၏ သော - ထိုပုထုဇဉ် ပုဂ္ဂိုလ်သည်၊ ကလျာဏပုထုဇ္ဇနော - ကောင်းသော ပဋိပတ် အကျင့်ရှိသော ကလျာဏပုထုဇဉ်ပုဂ္ဂိုလ် မည်၏။
ဤသို့ အဋ္ဌကထာ ဋီကာတို့၌ လာရှိသည်နှင့်အညီ ဒါယကာ ဒါယိကာမ အပေါင်းတို့သည် ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်နိုင်ရန် ခန္ဓာ ဓာတ် အာယတန သစ္စာများကို နှုတ်ဖျားရွရွ ကျက်မှတ်ရအောင် လင်္ကာရေးသား သနားချီးမြှင့်တော် မူပါမည့်အကြောင်း နှင့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးထံ မန္တလေးမြို့ ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီး ဥက္ကဌ ပြီစီဒင်, မြန်မာသမားတော်တို့ ဆေးတိုက်ပိုင်ရှင်, မဟာမုနိဘုရား ဘဏ္ဍာတော်ထိန်းလူကြီး, အမှုထမ်းကောင်း ရွှေတံဆိပ်ရ ပင်စင်အငြိမ်းစား ပညာအုပ် ဦးကျော်ရန်က လျှောက်ထား တောင်းပန်သည့်အတိုင်း ၁၂၇၃-ခုနှစ် တပေါင်းလအတွင်း မန္တလေးမြို့ အနောက်ပြင် ရွှေတစ်ချောင်း အနီးရှိ ဥယျာဉ်စံကျောင်းတွင် သီတင်းသုံးနေတော်မူစဉ်အခါ ရေးသား ချီးမြှင့်တော်မူအပ်သော ဤ “ခန္ဓာ အာယတန ဓာတ် သစ္စာ လင်္ကာကျမ်း” ကို ကြိုးပမ်းတကုတ် အားထုတ်သင်ကြား ကျင့်ကြံကြစေ ကုန်သတည်း။
၂။ ရူပက္ခန္ဓာ
ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ, သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ငါးရပ်ခန်တည်း။
ဖောက်ပြန်ထွေပြား၊ ဖြစ်တတ်ငြား၍၊ စကားပုံသေ၊ ရုပ်ခေါ်ပေ၏။
မြေဓာတ်, ရေဓာတ်၊ မီး,လေဓာတ်ဟု၊ လေးရပ်ဘုတ်ကြီး၊ ပွားစီးအနက်၊ စက်, သော, ဃာ, ဇီ၊ ကာ ငါးလီမူ၊ အကြည်ရူပ၊ ပသာဒတည်း။
ရူပ, သဒ္ဒ, ဂန္ဓ, ရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ငါးဖြာအာရုံ၊ နှစ်စုံဘာဝ၊ ဟဒယနှင့်၊ ဇီဝ, ဩဇာ၊ ဆယ့်ရှစ်မှာမူ၊ လေးဖြာဟေတု၊ ကြောင်းစတုကြောင့်၊ ဖြစ်မှုပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၍၊ ရုပ်ကြီးရူပ၊ နိပ္ဖန္နတည့်။
ထိုမှတပါး၊ ကလာပ်ခြားမျှ၊ အာကာသနှင့်၊ ကာယ, ဝစီ၊ နှစ်လီ ကိုယ်နှုတ်၊ လှုပ်မှု ရှားမှု၊ နှစ်ခု ဝိညတ်၊ ရူပဿ, လဟု၊ မုဒု, ကမ္မည၊ ဝိကာရခေါ်၊ ရုပ် ၃-ဖော်ကား၊ ပေါ့ပါးနူးညံ့၊ ကြမ်းခံ့မူရာ၊ တဖြာထိုမှ၊ ဥပစယ၊ အစပွားတိုး၊ အရိုးပြည့်မှီ၊ တည်စဉ် သန္တတိ၊ ရင့်ဘိ ဇရာ၊ ပျက်မှာ အနိစ္စ၊ ဤလေးဝမူ၊ လက္ခဏရုပ်၊ ခေါ်သမုတ်၏။
ရုပ်ပေါင်း ဆယ်တန်၊ အနိပ္ဖန်တည့်၊ နိပ္ဖန်ဆယ့်ရှစ်၊ ပေါင်းတုံလစ်က၊ ရှစ်ခုစွန်းကယ်၊ ရုပ်နှစ်ဆယ်သည်၊ အကျယ် .. ရူပက္ခန္ဓာတည်း။
----------
နိပ္ဖန္နရုပ် ၁၈-ပါး
လွန်စွာ ပွားစီးတတ်သောကြောင့် မဟာဘုတ် ခေါ်သည်။
မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ် - မဟာဘုတ် လေးပါး။
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ပသာဒရုပ် ငါးပါး။
ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ အာရုံ ဂေါစရရုပ်ငါးပါး။
(ဤငါးပါးတွင် ဖောဋ္ဌဗ္ဗာရုံဆိုသည်ကား မြေဓာတ်၊ မီးဓာတ်၊ လေဓာတ် ဤမဟာဘုတ် သုံးပါးကိုပင် ဆိုသည်။)
ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ်၊ ဘာဝရုပ် ၂-ပါး။
ဟဒယဝတ္ထုရုပ် တစ်ပါး။
ဇီဝိတရုပ် တစ်ပါး။
ဩဇာဟူသော အာဟာရရုပ် တစ်ပါး။
ပေါင်း နိပ္ဖန္နရုပ် တစ်ဆယ့်ရှစ်ပါး။
အနိပ္ဖန္နရုပ် ၁၀-ပါး
အာကာသဓာတ် တစ်ပါး။
ကာယဝိညတ်ရုပ်၊ ဝစီဝိညတ်ရုပ်၊ ဝိညတ်ရုပ် နှစ်ပါး။
ရူပဿလဟုတာရုပ်၊ ရူပဿမုဒုတာရုပ်၊ ရူပဿကမ္မညတာရုပ် ဝိကာရရုပ် သုံးပါး။
ဥပစယရုပ်၊ သန္တတိရုပ်၊ ဇရတာရုပ်၊ အနိစ္စတာရုပ်၊ လက္ခဏရုပ် လေးပါး။
ပေါင်း အနိပ္ဖန္နရုပ် ဆယ်ပါး။
(နိပ္ဖန္နရုပ် တစ်ဆယ့်ရှစ်ပါးနှင့် ပေါင်းသော် ရူပက္ခန္ဓာအကျယ် နှစ်ဆယ့်ရှစ်ပါး ဖြစ်၏။)
စက်, သော, ဃာ, ဇီ၊ ကာ အကြည်နှင့်၊ နှစ်လီ ဘာဝ၊ ဟဒယ က၊ ဇီဝ အာယု၊ ရုပ် ၉-ခုမှာ၊ ကမ္မဇာ တည့်။
နှစ်ဖြာ ဝိညတ်၊ စိတ်ဖြစ် မှတ်လော။
သဒ္ဒ တခု၊ စိတ် ဥတုဖြစ်။
တလစ် ဝိကာ၊ ရုပ်သုံးဖြာမူ၊ ဩဇာ ဥတု၊ စိတ်ဖြင့် ရှုလော့။
လေးခု ဘူတ၊ ဝဏ္ဏ, ဂန္ဓ၊ ရသ, ဩဇာ၊ အာကာသဓာတ်၊ ၉-ရပ် ရုပ်ပေါင်း၊ အကြောင်းလေးပါး၊ ဖြစ်တတ်ငြား၏။
လေးပါး လက္ခဏ၊ အလွတ်ကျရှင့်။
မဟာဘူတ၊ ဝဏ္ဏ, ဂန္ဓ၊ ရသ, ဩဇာ၊ ရုပ်ရှစ်ဖြာကား၊ မကွာမကွဲ၊ အမြဲတူကွ၊ ဖြစ်ပျက်မျှသည်၊ အဋ္ဌကလာပ်၊ ခေါ်ပညတ်၏။
ကလာပ်ရုပ်ခဲ၊ ရှစ်ခုထဲတွင်၊ ဇီဝ ယှဉ်က၊ ဇီဝိတနဝ၊ ခေါ်ဆိုရ၏။
နဝ ထိုမှာ၊ စက်, သော, ဃာနှင့်၊ ဇီ, ကာ, ပဉ္စ၊ ဘာဝ ၂-ခု၊ ဝတ္ထု ဟဒယ၊ လောင်းပြန်ကလျှင်၊ ဒသ ကလာပ်၊ ရှစ်ရပ် ပွားတိုး၊ ကလာပ် ကိုးမှာ၊ ကမ္မဇာတည်း။
ရှစ်ဖြာ မူလ၊ အဋ္ဌကတွင်၊ သဒ္ဒ တရပ်၊ ဝိညတ် နှစ်ဖြာ၊ ဝိကာရသုံး၊ ဖွဲ့စည်းရုံးက၊ စိတ္တဇ ကလာပ်၊ ရှစ်စည်းမှတ်လော။
ကလာပ် မူလ၊ အဋ္ဌကနှင့်၊ သဒ္ဒနဝ၊ ဝိကာရတေး၊ ကလာပ်လေးမူ၊ ဥတုယူလော။
မူလ အဋ္ဌ၊ ဝိကာရပွား၊ နှစ်စည်းအားမှာ၊ အာဟာရဇ၊ ကလာပတည်း၊ ပေါင်းထ နှစ်ဆယ်၊ သုံးစည်း ကယ်သည်၊ အကျယ် .. ရုပ်စုရုပ်ခဲတည်း။
----------
မဟာဘုတ်လေးပါး၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ဤရုပ် ရှစ်ခုအပေါင်းသည် မကွာမကွဲ အစဉ်မြဲသော ရုပ်ခဲရှစ်စု ဖြစ်၍ အဋ္ဌကလာပ် မည်၏။
အကြောင်းလေးပါးနှင့် ဆက်ဆံသော မူလကလာပ်ရင်းတည်း။
ကမ္မဇကလာပ် ၉ - စည်းကား ၎င်းမူလ အဋ္ဌကလာပ်တွင် ဇီဝိတရုပ်ကို ထည့်၍ ဇီဝိတနဝကလာပ်တစ်စည်း ရ၏။
၎င်း နဝကလာပ်တွင် စက္ခု၊ သောတ စသည်တို့ကို တစ်ခုစီ ထည့်၍ စက္ခုဒသကကလာပ်၊ သောတဒသကကလာပ်၊ ဃာနဒသကကလာပ်၊ ဇိဝှါဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဣတ္ထိဘာဝဒသကကလာပ်၊ ပုမ္ဘာဝဒသကကလာပ်၊ ဟဒယဝတ္ထုဒသကကလာပ် ဟူ၍ ဒသက ရှစ်စည်း ရ၏။
ပေါင်း ကမ္မဇကလာပ် ကိုးစည်း ဖြစ်၏။
စိတ္တဇကလာပ်ရှစ်စည်းကား - မူလ လေးစည်း၊ အပွား လေးစည်း။
မူလလေးစည်းကား - အဋ္ဌကလာပ် တစ်စည်း၊ ၎င်းတွင် သဒ္ဒထည့်၍ သဒ္ဒနဝကကလာပ် တစ်စည်း၊ ကာယဝိညတ်ထည့်၍ ကာယဝိညတ်နဝကကလာပ် တစ်စည်း၊ သဒ္ဒနှင့် ဝစီဝိညတ် ထည့်၍ သဒ္ဒဝစီဝိညတ်ဒသကကလာပ် တစ်စည်း။
အပွားလေးစည်းကား - မူလလေးစည်းတွင် ဝိကာရရုပ် ၃-ခုစီ လောင်း၍ ဧကာဒသကလကာပ် တစ်စည်း၊ ဒွါဒသကကလာပ် နှစ်စည်း၊ တေရသကလလာပ် တစ်စည်း။ ပေါင်း အပွားလေးစည်း။
ဥတုဇကလာပ်လေးစည်းကား - မူလ နှစ်စည်း၊ အပွား နှစ်စည်း။
မူလနှစ်စည်းကား - အဋ္ဌကလာပ် တစ်စည်း၊ သဒ္ဒနဝကကလာပ် တစ်စည်း။
အပွားနှစ်စည်းကား - မူလနှစ်စည်းတွင် ဝိကာရရုပ် ၃-ခုစီ လောင်း၍ ဧကဒသကကလာပ် တစ်စည်း၊ ဒွါဒသကကလာပ် တစ်စည်း။
အာဟာရဇကလာပ် နှစ်စည်းကား - မူလအဋ္ဌကလာပ် တစ်စည်း၊ ဧကာဒသကဝိကာရ အပွား တစ်စည်း။
ကလာပ်ပေါင်း ၂၃-စည်း။
သတ္တဝါတို့၏ ကိုယ်သန္တာန်မှာ ထိုကလာပ် ၂၃-စည်းလုံးကို ထိုက်သည့်အားလျော်စွာ ရထိုက်၏။
အသက်မရှိကြသော အဝိညာဏကဝတ္ထုတို့မှာ ဥတုဇ အဋ္ဌကလာပ် တစ်စည်း၊ ဥတုဇသဒ္ဒနဝကကလာပ် တစ်စည်း၊ ဤဥတုဇမူလ နှစ်စည်းကိုသာ ရထိုက်၏။
ရူပက္ခခန္ဓာအကျယ် ပြီး၏။
၃။ ဝေဒနာက္ခန္ဓာ နှင့် သညာက္ခန္ဓာ
ခံစား,စံစား၊ စကားနှစ်ထွေ၊ တရားနေမှာ၊ ဝေဒနာဓာတ်၊ ခန္ဓာမှတ်လော။
သုံးရပ် ဝေခွဲ၊ ဆင်းရဲဒုက္ခ၊ သုခချမ်းသာ၊ ဥပေက္ခာဟု၊ လျစ်လျူ ခံစား၊ မထင်ရှားတည်း။
ငါးပါးအလို၊ တပုံဆိုသော်၊ ကိုယ်စိတ်နှစ်ဖြာ၊ ချမ်းသာဆင်းရဲ၊ လျစ်လျူခွဲလော။
တနဲ ထို့ပြင်၊ အမြင်,အကြား၊ အနံအားနှင့်၊ စားလျက်,တွေ့ထိ၊ ကြံသိ ၆-ဖြာ၊ ချမ်းသာဆင်းရဲ၊ လျစ်လျူခွဲခြား၊ ဆယ့်ရှစ်ပါးတည်း။
သုံးပါးကာလ၊ ပွားထတုံသေး၊ ငါးဆယ့်လေးတည်း။
တရေးသန္တာန်၊ နှစ်ပွားပြန်က၊ တစ်ရာ့ရှစ်ပင်၊ အကျယ်မြင်လော။
ထို့ပြင် သညာ၊ ခန္ဓာမှာကား၊ လိမ္မာတတ်သိ၊ ခေါ်ကြဘိရှင့်။
လူ၏ဘောင်မှာ၊ လူတကာနဲ၊ လိမ္မာမြဲမူ၊ မှတ်စွဲဖြာဖြာ၊ ဤသညာပင်၊ နတ်မှာနတ်လျောက်၊ လိမ္မာမြောက်၏။
အောက်အပါယ်ကား၊ ကျွဲ,နွား,မြင်း,ဆင်၊ မြင်မြင်သမျှ၊ အနန္တလည်း၊ ဘာဝဘာဝ၊ သိတတ်ကြ၏။
လောကအလုံး၊ မြှော်မဆုံးလျှင်၊ အသုံးတွင်စွာ၊ အလိမ္မာဟု၊ အချာအချုပ်၊ ခေါ်သမုတ်၏။
မုဆိုးတံငါ၊ သူ့အရာ၌၊ လိမ္မာကျွမ်းကျင်၊ သညာပင်တည်း၊ သို့စဉ်နည်းပြ၊ သိကုန်ကြလော။
ရူပသညာ၊ စသည်ဖြာသား၊ သညာအပြား၊ အကျဉ်းအားဖြင့်၊ ခြောက်ပါးလာရှိ၊ ပွားပြန်ဘိမူ၊ မြေသိ,ရေသိ၊ နေ,လသိက၊ စသည်သွယ်သွယ်၊ မဆုံးဖွယ်သည်၊ အကျယ် .. သညာက္ခန္ဓာတည်း။
----------
ခံစားမှု၊ စံစားမှုသည် ဝေဒနက္ခန္ဓာ မည်၏။
ထိုဝေဒနက္ခန္ဓာသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဟူ၍ ၃-ပါး ရှိ၏။
ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ လျစ်လျူရှုခြင်း ဟူ၍ ဣန္ဒြိယဘေဒအားဖြင့် ငါးပါး ရှိ၏။
မျက်စိအတွေ့၌ ခံစားခြင်း၊ နားအတွေ့၌ ခံစားခြင်း၊ နှာခေါင်းအတွေ့၌ ခံစားခြင်း၊ လျှာအတွေ့၌ ခံစားခြင်း၊ ကိုယ်အတွေ့၌ ခံစားခြင်း၊ စိတ်မနောအတွေ့၌ ခံစားခြင်း ဟူ၍ ဒွါရဖဿအပြားအားဖြင့် ၆-ပါး ရှိ၏။
ထို ၆-ပါးတို့တွင် စက္ခုအတွေ့၌ ခံစားခြင်းမှာ အမြင်ချမ်းသာခြင်း၊ အမြင် မချမ်းသာခြင်း၊ လျစ်လျူရှုခြင်း ဟူ၍ ၃-ပါး ပြားပြန်၏။
ထိုနည်းအတူ နားအတွေ့၌ခံစားခြင်း စသည်တို့မှာလည်း ၃-ပါး ၃-ပါးစီ ပြားပြန်ရကား ဝေဒနက္ခန္ဓာအပြား တစ်ဆယ့်ရှစ်ပါး ဖြစ်၏။
ရှေး၌လည်း ခံစားခဲ့လှပြီ၊ နောက်၌လည်း ခံစားလတ္တံ့၊ ယခုလည်း ခံစားတုန်း ခံစားဆဲ ဟူသော ကာလ ၃-ပါးနှင့် မြှောက်ပွားသော် ဝေဒနက္ခန္ဓာ အပြား ၅၄ ဖြစ်၏။
သူခံစားမှု ၅၄-ပါး၊ ငါခံစားမှု ၅၄-ပါး ဟူ၍ ပုဂ္ဂိုလ်သန္တာန် ၂-ပါးနှင့် မြှောက်ပွားသော် ဝေဒနက္ခန္ဓာအပြား ၁၀၈-ပါး ဖြစ်၏။
ဝေဒနက္ခန္ဓာ အကျယ် ပြီး၏။
သညာ ဆိုသည်ကား လောက၌ တတ်သိလိမ္မာခြင်း၊ သိကြားလိမ္မာခြင်း၊ ကျွမ်းကျင်လိမ္မာခြင်းကို ဆိုသတည်း။
ထိုကျွမ်းကျင်လိမ္မာခြင်းဟူသော အလိမ္မာမျိုးသည် ကုသိုလ်အရာ အကုသိုလ်အရာ နှစ်ပါး၌ပင် ဆို၏။
မုဆိုးအလုပ်မျိုးမှာ မုဆိုးသည် ကျွမ်းကျင် လိမ္မာ၏။
တံငါအလုပ်မျိုးမှာ တံငါသည် ကျွမ်းကျင် လိမ္မာ၏။
လူသတ်မှုမှာ သူသတ်ယောက်ျားသည် ကျွမ်းကျင် လိမ္မာ၏။
ကြောင်အမှုမှာ ကြောင်၊ ကျားအမှုမှာ ကျား၊ ကျီးအမှုမှာ ကျီးသည် ကျွမ်းကျင် လိမ္မာ၏ စသည်ဖြင့် သညာက္ခန္ဓာနယ် ကြီးကျယ်ပုံကိုလည်းကောင်း၊ သတ္တဝါ၏ အရေးအရာတွင် သညာက္ခန္ဓာ အလိမ္မာသည် အချာအချုပ်ကြီး ဖြစ်နေပုံကို လည်းကောင်း အကုန် မြှော်မြင်ကြလေ။
ရူပသညာ၊ သဒ္ဒသညာ၊ ဂန္ဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာ ဟူ၍ အာရုံအားဖြင့် ၆-ပါး ပြား၏။
သညာက္ခန္ဓာ အကျယ် ပြီး၏။
၄။ သင်္ခါရက္ခန္ဓာ
ကာယ,ဝစီ၊ မနောပြီသည်၊ သုံးလီကမ္မ၊ သင်္ခါရမူ၊ ဓမ္မထင်ရှား၊ ငါးဆယ်ပြား၏။
တွေ့ငြား ဖဿ၊ ဆော်ထ စေတနာ၊ ဧကဂ္ဂါမူ၊ တည်ကြည်ဟူ၏။
သက်မူ ဇီဝိ၊ မနသိကား၊ နှလုံးထားတည့်၊ ငါးပါးဓမ္မ၊ စိတ်တိုင်း ရ၏။
တက္က ကြံခြင်း၊ ဖွဲ့ရစ်ခြင်းမှာ၊ ဝိစာရ မှတ်၊ ဆုံးဖြတ် ဓိမောက္ခ၊ ဝီရိယနှင့်၊ ဆန္ဒ,ပီတိ၊ ထင်ရှားဘိ၏။
မသိမလင်း၊ မထိုးထွင်းချက်၊ မောဟနက်တည့်၊ ရှက်,ကြောက်မရှိ၊ အဟိရိက၊ နောတ္တပ္ပမည်၊
မတည်ကြည်က၊ ဥဒ္ဓစ္စမှု၊ ဤလေးခုကား၊ အကုသိုလ်တွင်၊ စိတ်တိုင်းယှဉ်၏။
လိုချင်လောဘ၊ မာနထောင်လွှား၊ မြင်မှား ဒိဋ္ဌိ၊ ကြမ်းဘိ ဒေါသ၊ မစ္ဆေရ ဝန်တို၊ မနာလို ဣဿာ၊ တဖြာ ကုက္ကုစ္စ၊ နောင်တ ပူပင်၊ မရွှင်မကြည်၊ ထိုင်းမှိုင်းသည်မှာ၊ နှစ်မည် ထိ,မိဒ်၊ စိတ်ထဲဒွိဟ၊ နှစ်ခွ နေဘိ၊ ဝိစိကိစ္ဆာ။
သဒ္ဓါကြည်လေ့၊ မမေ့သတိ၊ ရှက်,ကြောက်ဘိမှာ၊ ဟိရီဩတ္တပ်၊ မကပ်မငြိ၊ မကြမ်းဘိနှင့်၊ အသိတရား၊ ဟိတ်သုံးပါးဟူ၊ လျစ်လျူနေလတ်၊ တတြမဇ္စျတ္တတာ၊ နှစ်ဖြာ ပဿဒ္ဓိ၊ ငြိမ်းဘိ ကိုယ်,စိတ်၊ ပေါ့ရိပ် လဟု၊ မုဒု နူးညံ့၊ ကြမ်းခံ့ ကမ္မဉ်၊ ကျွမ်းကျင် ပါဂုဉ်၊ ဖြောင့်တုံ ဥဇု။
နှုတ်ဒု, ကာဒု၊ ကြဉ်မှုသုံးဖြာ၊ ဝါစာ,ကမ္မန္တ၊ အာဇီဝနှင့်။
သတ္တအများ၊ သနားသမှု၊ ဝမ်းမြောက်မှုဟု၊ ကရု,မုဒိ၊ ငါးဆယ် ရှိ၏။သုစရိတ၊ ဒုစ္စရိတ၊ ဒါန, သီလ, ဘာဝနာ၊ စသည်ဖြာသား၊ ဝေါဟာသွယ်သွယ်၊ မဆုံးဘွယ်သည်၊ အကျယ် .. သင်္ခါရက္ခန္ဓာတည်း။
----------
သင်္ခါရက္ခန္ဓာသည် အကျဉ်းအားဖြင့် ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့ကို ပြုပြင်ခြင်းပေတည်း။
တရားကိုယ်သရုပ်အကျယ်အားဖြင့် ၅၀-ရှိ၏။
ဖဿ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ ဟူ၍ သဗ္ဗစိတ္တသာဓာရဏ ငါးပါး။
ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ ဟူ၍ ပကိဏ်း ၆-ပါး။
မောဟ၊ အဟိရက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ လောဘ၊ ဒိဋ္ဌိ၊ မာန၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ ဟူ၍ အကုသိုလ်စေတသိက် ၁၄-ပါး။
သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ တတြမဇ္စျတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ ဟူ၍ သောဘဏစေတသိက် ၂၀။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မအာဇီဝ ဟူ၍ ဝိရတိစေတသိက် သုံးပါး။
ကရုဏာ၊ မုဒိတာ ဟူ၍ အပ္ပမညာ စေတသိက် နှစ်ပါး။
ဤကား တရားကိုယ်အပြား ၅၀-တည်း။
သုစရိုက် ဆယ်ပါး၊ ဒုစရိုက် ဆယ်ပါး၊ ဒါန သီလ ဘာဝနာ စသော ပုညကိရိယာဝတ္ထု ဆယ်ပါး၊ ပါရမီ ဆယ်ပါး စသည်တို့သည်လည်း သင်္ခါရက္ခန္ဓာတို့ပေတည်း။
သင်္ခါရက္ခန္ဓာ အကျယ် ပြီး၏။
၅။ ဝိညာဏက္ခန္ဓာ
အာရုံယူဘိ၊ အသိသဘော၊ စိတ်မနောကို၊ ဝိညာဏ်ဆို၏။
ထိုဝိညာဏ်ကား၊ မြင်,ကြား,နံ,လျက်၊ ထိ,သိ ချက်ဟု၊ ၆-ခုအကျဉ်း၊
အကျယ်ခင်းက၊ ကာမ,ရူပ၊ အရူပနှင့်၊ လောကဥတ္တရာ၊ စိတ်လေးဖြာတည်း။
ကာမခေါ်ရေး၊ ငါးဆယ့်လေးခု၊ သော,ဥယှဉ် ဒွိက်၊ ဒိဋ္ဌိယှဉ် မယှဉ်၊ သင်ရှိ မရှိ၊ ဒွိစတုရှစ်၊ လောမူဖြစ်၏။
နှစ် ဒေါ မူလ၊ ပဋိဃယှဉ်၊ သင်ရှိ မရှိ၊ မောမူဒွိမှာ၊ ဝိစိ,ဥဒ္ဓစ်၊ ဥယှဉ်လစ်သည်၊ ဆယ့်နှစ် အကုသိုလ်။
ထိုပြင် အဟိတ်၊ စိတ် ဆယ့်ရှစ်ခု၊ စက္ခု သောတ၊ ဃာန ဇိဝှါ၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆီ၊ နှစ်ခုစီတည့်၊ သန္တီရဏ၊ သုံးခုရ၏၊ ပေါင်းတစ်ဆယ့်ငါး၊ ဝိပါက်ငြားရှင့်၊ ငါးပါးဒွါရာ၊ မနောဒွါဟု၊ အာဝဇ္ဇန်းဒွိ၊ ဟသိတုပ္ပါဒ်၊ သုံးရပ်ကိရိယာ၊ ဆယ့်ရှစ်ဖြာတည့်။
ကာမာဝစရ၊ ကုသလစု၊ သော,ဥနှစ်တန်၊ ဉာဏ်ယှဉ် မယှဉ်၊ သင်ရှိ မရှိ၊ ရှစ်ပါး သိလော၊ ဝိပါက်မဟာ၊ ကိရိယာလည်း၊ ထိုနည်းရှစ်စီ၊ သုံးလီပေါင်းထွေး၊ ၂၄-တည်း။
ရှေးတစ်ဆယ့်နှစ်၊ တစ်ဆယ့်ရှစ်နှင့်၊ ပေါင်းလစ်တုံက၊ အကျယ်ရသည်၊ ကာမ ငါးဆယ့်လေးလျှင်တည်း။
----------
ဈာန်စိတ် ရူပ၊ ဆယ့်ငါးမျှတည့်၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ ငါးတန်အပြား၊ ဈာန်ငါးပါးနှင့်၊ ယှဉ်ငြား အလို၊ ကုသိုလ်စိတ်ငါး၊ ဝိပါက်ငါးနှင့်၊ ငါးပါးကိရိယာ၊ ဆယ့်ငါးဖြာကား၊ ဗြဟ္မာရူပ၊ ဈာန်စိတ်ရတည်း။
အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာယတနဈာန်၊ လေးတန်အပြား၊ ဈာန်လေးပါးနှင့်၊ ယှဉ်ငြားအလို၊ ကုသိုလ်စိတ်လေး၊ ဝိပါက်လေးနှင့်၊ လေးပါးကိရိယာ၊ ဆယ့်နှစ်ဖြာကား၊ ဗြဟ္မာအရူပ၊ ဈာန်စိတ်ရတည်း။
သောတာပတ္တိမဂ္ဂ၊ သကဒါဂါမိမဂ္ဂ၊ အနာဂါမိမဂ္ဂ၊ အရဟတ္တမဂ္ဂ၊ အဋ္ဌင်္ဂိက၊ မဂ္ဂအပြား၊ မဂ်လေးပါးနှင့်၊ ယှဉ်ငြားအလို၊ ကုသိုလ်စိတ်လေး၊ ဖိုလ်စိတ်လေးဟု၊ ရှစ်ခုလောကုတ်၊ အကျဉ်းချုပ်၏။
လောကုတ်အကျယ်၊ လေးဆယ်အရ၊ သရုပ်ပြမှု၊ ပထမဈာန် သောတာပတ္တိမဂ်စိတ် တစ်ပါး၊ ဒုတိယဈာန် သောတာပတ္တိမဂ်စိတ် တစ်ပါး၊ တတိယဈာန် သောတာပတ္တိမဂ်စိတ် တစ်ပါး၊ စတုတ္ထဈာန် သောတာပတ္တိမဂ်စိတ် တစ်ပါး၊ ပဉ္စမဈာန် သောတာပတ္တိမဂ်စိတ် တစ်ပါး ဟူ၍ သောတာပတ္တိ မဂ်စိတ်အပြား ငါးပါး၊ ဤနည်းအားဖြင့်၊ ရှစ်ပါးအကုန်၊ ဈာန်ပွားတုံက၊ လေးဆယ်ရ၏၊ တစ်ရာ့နှစ်ဆယ်၊ တစ်ပါးကယ်သည်၊ အကျယ် .. ဝိညာဏက္ခန္ဓာတည်း။
----------
ဤလင်္ကာ ၂-ပိုဒ်တွင် ပထမလင်္ကာ၌ ‘မြင်’ ဆိုသည်ကား စက္ခုဝိညာဏ်စိတ်တည်း။
‘ကြား’ -သောတဝိညာဏ်စိတ်၊ ‘နံ’ -ဃာနဝိညာဏ်စိတ်၊ ‘လျက်’ -ဇိဝှါဝိညာဏ်စိတ်၊ ‘ထိ’ -ကာယဝိညာဏ်စိတ်၊ ‘သိ’ -ဆိုသည်ကား မနောဝိညာဏ်စိတ်။
အကျယ်နည်း၌ ‘သော, ဥယှဉ် ဒွိက်’ ဆိုသည်ကား - သောမနဿဝေဒနာနှင့်ယှဉ်သော စိတ်တစ်ပါး၊ ဥပေက္ခာဝေဒနာနှင့်ယှဉ်သော စိတ်တစ်ပါး ဟူ၍ ဘောဘမူစိတ် ၂-ပါး ဖြစ်၏။
‘ဒိဋ္ဌိယှဉ် မယှဉ်’ ဆိုသည်ကား - ထိုနှစ်ပါးတို့တွင် တစ်ပါးပါးသည် ဒိဋ္ဌိနှင့်ယှဉ်သည် တစ်ပါး၊ ဒိဋ္ဌိနှင့် မယှဉ်သည် တစ်ပါး ဟူ၍ လောဘမူစိတ် လေးပါး ဖြစ်၏။
‘သင်ရှိ မရှိ’ ဆိုသည်ကား - ထိုလေးပါးတို့တွင် တစ်ပါးပါးသည် သင်္ခါရရှိသည် တစ်ပါး၊ သင်္ခါရမရှိသည် တစ်ပါး ဟူ၍ လောဘမူစိတ် ရှစ်ပါး ဖြစ်၏။
သင်္ခါရဆိုသည်ကား တိုက်တွန်းမှုကို ဆိုသတည်း။
ဒေါသမူစိတ် ၂-ပါးကား - ဒေါမနဿဝေဒနာ၊ ဒေါသ ပဋိဃတို့နှင့် အမြဲယှဉ်၍ သင်္ခါရရှိသည် တစ်ပါး၊ သင်္ခါရမရှိသည် တစ်ပါး။
မောဟမူစိတ် ၂-ပါးကား - ဥပေက္ခာဝေဒနာ အမြဲရှိ၍ ဝိစိကိစ္ဆာနှင့်ယှဉ်သည် တစ်ပါး၊ ဥဒ္ဓစ္စနှင့်ယှဉ်သည် တစ်ပါး။
ပေါင်း အကုသိုလ်စိတ် ၁၂-ပါး ဖြစ်၏။
အဟိတ်စိတ် ၁၈-ပါး၌ ‘စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဝိညာဏ်’ ဆိုသည်ကား - စက္ခုဝိညာဏ်တစ်ပါး၊ သောတဝိညာဏ်တစ်ပါး၊ ဃာနဝိညာဏ်တစ်ပါး၊ ဇိဝှါဝိညာဏ်တစ်ပါး၊ ကာယဝိညာဏ်တစ်ပါး။
‘သမ္ပဋိစ္ဆီ’ ဆိုသည်ကား - သမ္ပဋိစ္ဆိုင်းကို ဆိုသည်။
‘နှစ်ခုစီ’ ဆိုသည်ကား - အကုသလဝိပါက် စက္ခုဝိညာဏ်တစ်ပါး၊ ကုသလဝိပါက် စက္ခုဝိညာဏ်တစ်ပါး စသည်ဖြင့် ၂-ခုစီ ယူလေ။
‘သန္တီရဏ သုံးခု’ ဆိုသည်ကား - အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် တစ်ပါး၊ ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် တစ်ပါး၊ ကုသလဝိပါက် သောမနဿ သန္တီရဏစိတ် တစ်ပါး၊ အဟိတ်ဝိပါက်စိတ် ၁၅-ပါး။
‘၅-ပါးဒွါရာ၊ မနောဒွါဟု၊ အာဝဇ္ဇန်း ဒွိ’ ဆိုသည်ကား - ပဉ္စဒွါရာဝဇ္ဇန်းစိတ် တစ်ပါး၊ မနောဒွါရာဝဇ္ဇန်းစိတ် တစ်ပါး ဆိုလိုသည်။
‘ဟသိတုပ္ပါဒ်စိတ်’ သည် ဘုရား ရဟန္တာများ ပြုံးစိတ်တည်း။
အဟိတ်ကြိယာစိတ် ၃-ပါး။ [ပေါင်း အဟိတ်စိတ် ၁၈-ပါး။]
ကာမာဝစရကုသိုလ်စိတ် ရှစ်ပါးကား - သောမနဿနှင့်ယှဉ်သော ကုသိုလ်စိတ် တစ်ပါး၊ ဥပေက္ခာနှင့်ယှဉ်သော ကုသိုလ်စိတ် တစ်ပါး၊ ထို ၂-ပါးသည် ဉာဏ်နှင့်ယှဉ် မယှဉ်အားဖြင့် ၂-ပါး ၂-ပါးစီ ပြားပြန်၏။
ထို ၄-ပါးသည် သင်္ခါရ ရှိ, မရှိအားဖြင့် ၂-ပါး ၂-ပါးစီ ပြားပြန်၏။
ကာမကုသိုလ်စိတ် ရှစ်ပါး ဖြစ်၏။
မဟာကုသိုလ်စိတ် ရှစ်ပါးလည်း ခေါ်၏။ [မဟာဝိပါက်စိတ် ရှစ်ပါး၊ မဟာကြိယာစိတ် ရှစ်ပါး၊ ထိုနည်းတူ]
ကာမသောဘဏစိတ် ၂၄-ပါး ဖြစ်၏။
အကုသိုလ်စိတ် ၁၂-ပါး၊ အဟိတ်စိတ် ၁၈-ပါး၊ ကာမသောဘဏစိတ် ၂၄-ပါး၊ ပေါင်း ကာမစိတ် ၅၄-ပါး ဖြစ်၏။
ရူပဝစရဈာန်စိတ် ၁၅-ပါး၊ အရူပါဝစရဈာန်စိတ် ၁၂-ပါး၊ လောကုတ္တရာအကျဉ်း မဂ်စိတ် ၄-ပါး၊ ဖိုလ်စိတ် ၄-ပါး၊ လောကုတ္တရာအကျယ်မဂ်စိတ် ၂၀၊ ဖိုလ်စိတ် ၂၀၊ စိတ်ဝိညာဏ်အပြား ၁၂၁-ပါး။
ဝိညာဏက္ခန္ဓာ အကျယ် ပြီး၏။
၆။ ခန္ဓာငါးပါး
သဗ္ဗစိတ္တသာဓာရဏ၊ သဗ္ဗာကုသလစိတ္တသာဓာရဏ၊ သဗ္ဗသောဘဏစိတ္တသာဓာရဏ၊ ဆက်ဆံ ယှဉ်ဘက်၊ အနက် သာဓာရဏ၊ ထိုသုံးဝတွင် -
မောဟစသည်၊ စေ လေးမည်မှာ၊ သဗ္ဗာ ကုသလ၊ အမည်ရ၏။
အမောဟကြဉ်၊ ဆယ့်ကိုးလျှင်မူ၊ မှတ်ယူသဗ္ဗ၊ သောဘဏတည်း။
သဗ္ဗစိတ္တ၊ ပကိဏ်းဆကို၊ အညသမာန်း၊ ခေါ်ရိုးတမ်းတည်း။
သမာန်းအည၊ တေရသနှင့်၊ အကုသလ၊ ဓမ္မဆယ့်လေး၊ ပေါင်းထွေးတုံပြန်၊ နှစ်ဆယ့်ခွန်ကား၊ ဝိညာဏ် ဆယ့်နှစ်၊ အကုညစ်၌၊ ဖြစ်ပျက်တူကွ၊ ယှဉ်ကြကုန်၏။
ဆန္ဒကြဉ်လစ်၊ အဉ် ဆယ့်နှစ်မူ၊ ဆယ့်ရှစ်အဟိတ်၊ ဝိညာဏ်စိတ်မှာ၊ ဖြစ်သည်သာတည်း။
တဖြာအည၊ တေရသနှင့်၊ သောဘဏအပြား၊ နှစ်ဆယ့်ငါးကား၊ ကြွင်းငြား ကာမ၊ သောဘဏနှင့်၊ ရူပရူပါ၊ လောကုတ်မှာလျှင်၊ အကုန်ယှဉ်၏။
ထိုတွင်ထွေလာ၊ ယထာရဟ၊ သင်္ဂဟမှာ၊ ကျမ်း၌လာပြီး၊ ပါယ်ရွာလေးရပ်၊ လူနတ်ခုနစ်၊ ဆယ်တစ်ဌာန၊ ဘုံကာမနှင့်၊ ရူပဗြဟ္မာ၊ ဆယ့်ငါးရွာ၌၊ ခန္ဓာငါးဝ၊ အစုံရ၏။
အရူပဗြဟ္မာ၊ လေးဘုံမှာမူ၊ ခန္ဓာလေးအင်၊ အသညသတ်၊ ဘုံတစ်ရပ်မှာ၊ ရုပ်ခန္ဓာပေ။
မြေ,ရေ,တော,တောင်၊ ဘုံဆောင်ပြာသာဒ်၊ စရပ် ကျောင်းအိမ်၊ ကြိုးကြိမ်သစ်ဝါး၊ ဝတ်စားတန်ဆာ၊ ရတနာရွှေငွေ၊ သေပြီးအလောင်း၊ သက်မဲ့ပေါင်းမှာ၊ ရုပ်ခန္ဓာတည်း။
ပမာ ရေမြှုပ်၊ ရုပ်နှင့်ယှဉ်ဖက်၊ ရေပွက် ဝေဒနာ၊ သညာ တံလျှပ်၊ တရပ် သင်္ခါရ၊ ငှက်ပျောကျ၏၊ ဓမ္မဝိညာဉ်၊ မျက်လှည့်ယှဉ်သည်၊ ငါးအင် .. နှစ်မဲ့ခန္ဓာတည်း။
----------
သာဓာရဧသဒ္ဒါသည် အတူတကွ ဖြစ်ဖက် ပျက်ဖက် ယှဉ်ဖက် တွဲဖက် ဆက်ဆံကြခြင်း အနက်ကို ဟောသည်။
[သဗ္ဗစိတ္တ သာဓာရဏတစ်ပါး၊ သဗ္ဗာကုသလစိတ္တ သာဓာရဏတစ်ပါး၊ သဗ္ဗသောဘဏစိတ္တ သာဓာရဏတစ်ပါး ဟူ၍ သာဓာရဏအပြား သုံးပါး ရှိ၏။]
ဖဿ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ ဟူသော သင်္ခါရက္ခန္ဓာတရား ငါးပါး၊
ဝေဒနာ တစ်ပါး၊ သညာ တစ်ပါး၊ ဤစေတသိက်တရား ၇-ပါးသည် စိတ်အလုံးစုံတို့နှင့် ဆက်ဆံသောကြောင့် သဗ္ဗစိတ္တသာဓာရဏ မည်၏။
[စိတ်အကျဉ်း ၈၉-ခု၊ အကျယ် ၁၂၁-ခုတို့တွင် ဘယ်စိတ်မှာမဆို ထို ၇-ပါး အမြဲ ပါရှိ၏။]
ထိခိုက်ရှနာရှိ၍ ခြေဖဝါးအပြင်၌ ကျင်နာခြင်းဖြစ်ရာ ဌာနမှာ ကာယဝိညာဏ်စိတ် ဖြစ်ပေါ်သောအခါ ထိုစေတသိက် ၇-ပါး ပါရှိ၏။
ခန္ဓာလေးပါး ရ၏။ ကျင်နာရာဌာနရှိ ရူပက္ခန္ဓာနှင့် ပေါင်းသည်ရှိသော် ကျင်နာဆဲအခါ၌ ခြေဖဝါးအပြင်မှာ ခန္ဓာငါးပါး ရှိနေ၏။
ကျင်နာခြင်း ပျောက်ကင်းသောအခါ၌ နာမ်ခန္ဓာ ၄-ပါး ချုပ်ဆုံး၏။ ရူပက္ခန္ဓာသာ ကျန်၏။
မျက်လုံးအိမ်တွင်းမှာ မြင်မှု ဖြစ်ပေါ်ဆဲအခါ၌လည်း မျက်လုံးမှာ ခန္ဓာငါးပါး ရှိနေ၏။
နားတွင်း နှာခေါင်းတွင်း လျှာအပြင်တို့၌လည်း ထို့အတူတည်း။
မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ဤလေးပါးသည် အကုသိုလ်စိတ် ၁၂-ခုလုံးမှာ အမြဲပါသောကြောင့် သဗ္ဗာကုသလ စိတ္တသာဓာရဏ မည်၏။
အမောဟကို ကြဉ်၍ သဒ္ဓါအစ စိတ္တုဇုကတာ အဆုံးရှိသော စေတသိက် ၁၉-ပါးတို့သည် ကာမသောဘဏစိတ် ၂၄-ပါး၊ ရူပစိတ် ၁၅-ပါး၊ အရူပစိတ် ၁၂-ပါး၊ လောကုတ္တရာစိတ် အကျဉ်းရှစ်ပါး၊ အကျယ် လေးဆယ်တို့နှင့် အကုန်ယှဉ်သောကြောင့် သဗ္ဗသောဘဏစိတ္တ သာဓာရဏ မည်ကုန်၏။
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါးနှင့် ပကိဏ်းစေတသိက် ၆-ပါး၊ ဤ ၁၃-ပါးကို အညသမာန်းစေတသိက် ခေါ်၏။
ထို အညသမာန်းစေတသိက် ၁၃-ပါး၊ အကုသိုလ် စေတသိက် ၁၄-ပါး၊ ဤ ၂၇-ပါးတို့သည် အကုသိုလ်စိတ် ၁၂-ပါးတို့၌ ထိုက်သည်အားလျော်စွာ ယှဉ်ကြကုန်၏။
ဆန္ဒကြဉ်သော အညသမာန်း ၁၂-ပါးတို့သည် အဟိတ်စိတ် ၁၈-ပါးတို့၌ ထိုက်သည် အားလျော်စွာ ယှဉ်ကြကုန်၏။
အညသမာန်း ၁၃-ပါး၊ သောဘဏစေတသိက် ၂၅-ပါး၊ ဤ ၃၈-ပါးတို့သည် အလုံးစုံသော သောဘဏစိတ် အကျဉ်း ၅၉-ပါး၊ အကျယ် ၉၁-ပါးတို့၌ ထိုက်သည်အားလျော်စွာ ယှဉ်ကြကုန်၏။
‘ထိုတွင် ထွေလာ၊ ယထာရဟ၊ သင်္ဂဟ’ ဆိုသည်ကား - အကုသိုလ်စိတ် ၁၂-ပါးတို့၌ စေတသိက် ၂၇-ပါးရသည်ဆိုသော်လည်း ထို ၂၇-ပါးတို့တွင် အချို့သော စေတသိက်သည် အချို့သော အကုသိုလ်စိတ်၌ ယှဉ်ကြကုန်၏။
ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် တစ်ခု၌သာ ယှဉ်၏။
ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဤလေးခုတို့သည် ဒေါသမူစိတ် ၂-ခုတို့၌သာ ယှဉ်ကုန်၏။
ဒိဋ္ဌိစေတသိက်သည် လောဘမူ ဒိဋ္ဌိသမ္ပယုတ်စိတ် ၄-ခု၌သာ ယှဉ်၏။
မာနစေတသိက်သည် လောဘမူ ဒိဋ္ဌိဝိပ္ပယုတ်စိတ် ၄-ခု၌သာ ယှဉ်၏။
ထိန မိဒ္ဓ စေတသိက် ၂-ပါးသည် သသင်္ခါရိကစိတ် ငါးခု၌သာ ယှဉ်၏။
လောဘစေတသိက်သည် လောဘမူစိတ် ၈-ခု၌သာ ယှဉ်၏။
ဆန္ဒကြဉ်သော အညသမာန်း ၁၂-ခုသည် အဟိတ်စိတ် ၁၈-ခုတို့၌ ယှဉ်သည် ဆိုသော်လည်း ထို ၁၂-ခုတို့တွင် ပီတိစေတသိက်သည် သောမနဿသန္တီရဏစိတ်၊ ဟသိတုပ္ပါဒ်စိတ်တို့၌သာ ယှဉ်၏။
ဝိတက်၊ ဝိစာရ၊ အဓိမောက္ခတို့သည် ဒွေပဉ္စဝိညာဏ် ၁၀-တို့၌ မယှဉ်ကုန်။ ကြွင်းသော အဟိတ်စိတ် ၈-ခုတို့၌သာ ယှဉ်ကုန်၏။
အညသမာန်း ၁၃-ခု၊ သောဘဏစေတသိက် ၂၅-ခု၊ ဤ ၃၈-ခုတို့သည် သောဘဏစိတ် အကျဉ်း ၅၉-ခု၊ အကျယ် ၉၁-ခုတို့၌ ယှဉ်သည်ဆိုငြားသော်လည်း ထို ၃၈-ခုတို့တွင် ဝိတက်သည် ကာမသောဘဏစိတ်နှင့် ပထမဈာန်စိတ်တို့၌သာ ရ၏။
ဝိစာရသည် ကာမသောဘဏစိတ်နှင့် ပထမဈာန်စိတ်၊ ဒုတိယဈာန်စိတ်တို့၌သာ ရ၏။
ပီတိသည် ကာမသောမနဿစိတ်နှင့် ပထမဈာန်စိတ်၊ ဒုတိယဈာန်စိတ်၊ တတိယဈာန်စိတ်တို့၌သာ ရ၏။
အမောဟစေတသိက်သည် ကာမသောဘဏဉာဏသမ္ပယုတ်စိတ် ၁၂-ခုနှင့် ရူပ, အရူပ, လောကုတ္တရာစိတ်တို့၌သာ ရ၏။
ဝိရတီသုံးခုသည် မဟာကုသိုလ်စိတ် ၈-ခုနှင့် လောကုတ္တရာစိတ်တို့၌သာ ရ၏။
အပ္ပမညာ ၂-ခုသည် မဟာကုသိုလ် မဟာကြိယာတို့နှင့် ရူပါဝစရ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်စိတ် တို့၌သာ ရ၏။
ဤသို့ အစရှိသည်ဖြင့် ထွေထွေလာလာ ယထာရဟ ဝေဖန်ရန် သမ္ပယောဂနည်း၊ သင်္ဂဟနည်း အများရှိသည်ကို အဘိဓမ္မာကျမ်းဂန်များမှာ လာရှိတိုင်း မှတ်ယူကြလေ ဆိုလိုသည်။
၃၁-ဘုံတွင် အသညသတ်ဘုံမှာ ရူပက္ခန္ဓာ တစ်ပါးသာ ရ၏။
အရူပလေးဘုံတို့မှာ ရူပက္ခန္ဓာကို မရ၊ နာမက္ခန္ဓာ ၄-ပါးကိုသာ ရ၏။
ကြွင်းသော ၂၆-ဘုံတို့မှာ ခန္ဓာငါးပါးလုံးကို ရ၏။
သက်မဲ့ဝတ္ထုမျိုးတို့မှာ ဥတုဇရုပ် ခန္ဓာတစ်ပါးသာ ရ၏။
ခန္ဓာငါးပါးတို့တွင် -
ရူပက္ခန္ဓာသည် ရေမြှုပ်နှင့် တူ၏။
ဝေဒနက္ခန္ဓာသည် ရေပွက်နှင့် တူ၏။
သညာက္ခန္ဓာသည် တံလျှပ်နှင့် တူ၏။ [လင်းလျှပ်လည်း ခေါ်၏။]
သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူ၏။
ဝိညာဏက္ခန္ဓာသည် မျက်လှည့်နှင့် တူ၏။
ခန္ဓာငါးပါး အခဏ်း ပြီး၏။
၇။ အာယတနခဏ်း
ထွေထွေလာလာ၊ များတကာတို့၊ တည်ရာစုရာ၊ သက်ရောက်ရာကို၊ အာယတန၊ ခေါ်ဆိုကြ၏။
ဌာန, ကရဏ၊ စသည်အနက်၊ အများထွက်၏။
စက္ခု, သောတ, ဃာန, ဇိဝှါ၊ ကာယ, မနော၊ သဘောတရား၊ ဤ ၆-ပါးမူ၊ ကိုယ်တွင်းဟူဘိ၊ အဇ္စျတ္တိက၊ အမည် ရ၏။
ရူပ, သဒ္ဒါ၊ ဂန္ဓာ, ရသ၊ ဖောဋ္ဌဗ္ဗနှင့်၊ ဓမ္မဟူသည်၊ ဤ ၆-မည်ကား၊ ဗာဟီရာယတန၊ အမည် ရ၏။
မနမှာမူ၊ ၆-ဖြာဝိညာဉ်၊ ဓမ္မတွင်မူ၊ အစဉ်ပါလစ်၊ ရှေ့ဆယ့်တစ်မှ၊ ကျန်သမျှတည်း။
အာဒိတ္တသုတ်၊ ဖော်ပြထုတ်မူ -
“စက္ခု ဘိက္ခဝေ အာဒိတ္တံ၊ ကေန အာဒိတ္တံ၊ ရာဂဂ္ဂိနာ အာဒိတ္တံ၊ ဒေါသဂ္ဂိနာ အာဒိတ္တံ၊ မောဟဂ္ဂိနာ အာဒိတ္တံ၊ ဇာတိယာ ဇရာယ မရဏေန သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု-ပါယာသေဟိ အာဒိတ္တန္တိ ဝဒါမိ၊
သောတံ အာဒိတ္တံ၊ ဃာနံ အာဒိတ္တံ၊ ဇိဝှါ အာဒိတ္တာ၊ ကာယော အာဒိတ္တော၊ မနော အာဒိတ္တော၊ ရူပါ အာဒိတ္တာ၊ သဒ္ဒါ အာဒိတ္တာ၊ ဂန္ဓာ အာဒိတ္တာ၊ ရသာ အာဒိတ္တာ၊ ဖောဋ္ဌဗ္ဗာ အာဒိတ္တာ၊ ဓမ္မာ အာဒိတ္တာ၊ ကေန အာဒိတ္တာ၊ ရာဂဂ္ဂိနာ အာဒိတ္တာ၊ ဒေါသဂ္ဂိနာ အာဒိတ္တာ၊ မောဟဂ္ဂိနာ အာဒိတ္တာ၊ ဇာတိယာ ဇရာယ မရဏေန သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသေဟိ အာဒိတ္တာတိ ဝဒါမိ”
ပါဠိတော်လှစ်၊ မီးဆယ့်တစ်ကို၊ ဆယ့်နှစ် အာယတန၊ မြှောက်ပွားကမူ၊ တစ်ရာ့သုံးဆယ်၊ နှစ်ပါးကယ်သား၊ အကျယ် မီးပေါင်း၊ ပွားတုံရှောင်းသည်၊ ထောင်းထောင်း .. တောက်လောင်မစဲတည်း။
----------
‘အာယတန’ ဆိုသည်ကား လူအများတို့ သက်ရောက်ရာ လှေဆိပ်ကြီး၊ သင်္ဘောဆိပ်ကြီး၊ ဈေးရုံကြီး၊ ဇာတ်ရုံကြီးများကဲ့သို့ တစ်ယောက်သောသူ၏ ကိုယ်ခန္ဓာမှာ ဆိုင်ရာ ဆိုင်ရာ အာရုံတရား၊ အာရုံဟူသောတရားတို့၏ တည်ရာ စုဝေးရာ သက်ရောက်ရာဖြစ်သော အနက်ကို ဆိုသည်။
ထိုအာယတနသဒ္ဒါသည် တည်ရာဌာနအနက်၊ အကြောင်း ကာရဏအနက် စသည်ဖြင့် များသောအနက် ရှိ၏။
စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတန ဟူ၍ အဇ္စျတ္တိကာယတန ၆-ပါး၊ သတ္တဝါတို့၏ သန္တာန်၌သာ ရကောင်းသောကြောင့် အဇ္စျတ္တိက ခေါ်သည်။
ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မယတန ဟူ၍ ဗာဟိရာယတန ၆-ပါး၊ အဇ္စျတ္တိကာယတနတို့မှ အပဖြစ်သောကြောင့် ဗာဟိရ ခေါ်သည်။
စက္ခုပသာဒရုပ် စသည်သည် စက္ခာယတန စသည် မည်၏။ ရူပက္ခန္ဓာအကျယ်မှာ လာရှိခဲ့ပြီ။
ဝိညာဏက္ခန္ဓာကြီးကို မနာယတန ဆိုသည်။
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာစုနှင့် အာပေါဓာတ်တစ်ခု၊ ဘာဝရုပ် ၂-ခု၊ ဟဒယဝတ္ထုရုပ် တစ်ခု၊ ဇီဝိတရုပ် တစ်ခု၊ အာဟာရရုပ် တစ်ခု၊ အာကာသဓာတ် တစ်ခု၊ ဝိညတ်ရုပ် ၂-ခု၊ ဝိကာရရုပ် ၃-ခု၊ လက္ခဏရုပ် ၄-ခု ဟူသော သုခုမရုပ် ၁၆-ခု၊ အသင်္ခတ မဟာနိဗ္ဗာန်ကြီး၊ ဤတရားစုကို ဓမ္မာယတန ဆိုသည်။
ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး၊ ဤကား မီး ၁၁-ပါးတည်း။
လောကီအာယတန ၁၂-ပါးတို့တွင် တစ်ပါး တစ်ပါးမှာ မီး ၁၁-ပါး ၁၁-ပါးစီ တောက်လောင်လျက် ရှိ၏။
တစ်ပါး တစ်ပါးမှ မီး ၁၁-ပါးစီ ထွက်နိုင်၏။
အာဒိတ္တသုတ် ပါဠိတော်ကြီးအတိုင်း မှတ်လေ။
အာယတနခဏ်း ပြီး၏။
၈။ ဓာတ်ခဏ်း
သတ္တဝါအလို၊ ပုဂ္ဂိုလ်အကြိုက်၊ မလိုက်မစား၊ မငဲ့ငြားဘဲ၊ ကြောင်းအားလျော်စွာ၊ သူ့ခြင်းရာနှင့်၊ သူ့သဘာဝ၊ သူ့ကိစ္စကို၊ ဆောင်ကြသမှု၊ အကြောင်းပြု၍၊ ဓာတ်ဟုသညာ၊ အစဉ်လာ၏။
မနာယတန၊ တစ်ခုမျှကို၊ သတ္တဝိညာဏဓာတ်၊ ဝေဖန်လတ်က၊ ဓာတ်၏အချက်၊ ဆယ့်ရှစ်ထွက်၏။
စက္ခုဝိညာဏ်ဓာတ်၊ သောတဝိညာဏ်ဓာတ်၊ ဃာနဝိညာဏ်ဓာတ်၊ ဇိဝှါဝိညာဏ်ဓာတ်၊ ကာယဝိညာဏ်ဓာတ်၊ မနောဓာတ်၊ မနောဝိညာဏ်ဓာတ်၊ ခုနစ်ရပ်တွင်၊ ပဉ္စဝဇ္ဇန်း၊ သမ္ပဋိစ်ဒွေး၊ ပေါင်းရေးသုံးရပ်၊ မနောဓာတ်တည့်၊ ကြွင်းလတ်သဘော၊ မနောဝိညာဏ်၊ ခုနစ်ဆယ်ခြောက်၊ ရတုံမြောက်၏။
အလျောက်ဘာဝ၊ ပြင်ဓာတ်ကျ၍၊ သတ္တဇီဝ၊ အတ္တမဟုတ်၊ ရုပ်ဓာတ်နာမ်ဓာတ်၊ ပေါင်းစပ်ပူးတွဲ၊ အခဲအစု၊ ဝတ္ထုကြီးငယ်၊ အထယ်အလိပ်၊ နိမိတ်သန္တာန်၊ ဟန်ပန်လုံးစုံ၊ ကင်းဆိတ်တုံ၍ -
“စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊
တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ဇိဝှဉ္စ ပဋိစ္စ ရသေစ ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေစ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေ တဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။”
ပါဠိအထွက်၊ ဓာတ်ဆောင်ချက်ကို၊ နက်နက်နယ်နယ်၊ သိရန်ခြယ်သည်၊ အကျယ် .. ဓာတုကထာတည်း။
----------
အာယတန ၁၂-ပါးတို့တွင် မနာယတနတစ်ပါးကို ဓာတ်အားဖြင့် ဝေဖန်သော် ဝိညာဏဓာတ် ၇-ပါး ပွားသည်ဖြစ်၍ ဓာတ် ၁၈-ပါး ဖြစ်၏။
စက္ခုဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဇိဝှါဓာတ်၊ ကာယဓာတ်၊ ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်တည်း။
ထို ၁၈-ပါးတို့တွင် -
မနောဓာတ်ဆိုသည်ကား - ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် သမ္ပဋိစ္ဆိုင်းဒွေး၊ ဤ ၃-ပါးကို ခေါ်သတည်း။ ကြွင်းသော မနောဝိညာဏ်စိတ် ၇၆-ပါးကို မနောဝိညာဏဓာတ် ဆိုသည်။
ပုဂ္ဂိုလ်မဟုတ် သတ္တဝါမဟုတ် အတ္တမဟုတ် ဇီဝမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့လည်း မလိုက်၊ အသီးသီး သူ့အခြင်းအရာနှင့် သူ့သဘာဝ သူ့ကိစ္စကိုသာ ရွက်ဆောင်ကြသောကြောင့် ဓာတ်မည်၏။
မြေဓာတ်သည် ခက်မာသော အခြင်းအရာနှင့် တပါးသော ရုပ်ဓာတ်တို့၏ တည်ရာ မှီရာကိစ္စကိုသာ ရွက်ဆောင်သောကြောင့် ဓာတ်မည်၏။
ရေဓာတ်သည် ဖွဲ့စည်းသော အခြင်းအရာနှင့် တပါးသော ရုပ်ဓာတ်တို့၏ ပေါင်းစုထွေးခဲခြင်း ကိစ္စကိုသာ ရွက်ဆောင်သောကြောင့် ဓာတ်မည်၏။
ဤသို့ စသည်ဖြင့် ပြဆိုဖွယ် ကျယ်ဝန်း၏။
“စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” အစရှိသည်ဖြင့် ဟောတော်မူသော ပါဠိတော်၏အထွက် အနက်သဘောလည်း ဓာတ်တို့၏ ဆောင်မှုပင်တည်း။
ဓာတ်ခဏ်း ပြီး၏။
၉။ သစ္စာခဏ်း
အဓွန့်ရှည်စွာ၊ ဘယ်မျှကြာလည်း၊ တခါတဖန်၊ မဖောက်ပြန်ဘဲ၊ အစဉ်အမြဲကို၊ သစ္စာဆို၏။
ထိုသစ္စာကား၊ လေးထွေပြား၏၊ လေးပါးသရုပ်၊ အမှန်ထုတ်သော် - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။
ခန္ဓာငါးလီ၊ ဘုံလောကီကို၊ ဒုက္ခဆိုလော။
ထိုဒုက္ခပေါင်း၊ ပွားကြောင်းအမှု၊ လောဘစုမှာ၊ သမုဒယ အမည်ရ၏။
လောဘခပင်း၊ အကြွင်းမရှိ၊ ချုပ်ငြိမ်းဘိသည့်၊ သန္တိသဘော၊ အစဉ်ချောကို၊ နိရောဓဟူ။
ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို၊ မဂ္ဂဆို၏။
ထိုမဂ္ဂင်မှာ-
၁။ သမ္မာဒိဋ္ဌိ - ကောင်းမြတ်သော အမြင်ကိုသာ မြင်ခြင်း တစ်ပါး၊
၂။ သမ္မာသင်္ကပ္ပေါ - ကောင်းမြတ်သော အကြံကိုသာ ကြံခြင်း တစ်ပါး၊
၃။ သမ္မဝါစာ - ကောင်းမြတ်သော စကားကိုသာ ပြောဆိုခြင်း တစ်ပါး၊
၄။ သမ္မာကမ္မန္တ - ကောင်းမြတ်သော အမှုကိုသာ ပြုလုပ်ခြင်း တစ်ပါး၊
၅။ သမ္မာအာဇီဝေါ - ကောင်းမြတ်သော အသက်မွေးမှုဖြင့်သာ အသက်မွေးခြင်း တစ်ပါး၊
၆။ သမ္မာဝါယာမော - ကောင်းမြတ်သော အလုပ်ကိုသာ အားထုတ်ခြင်း တစ်ပါး၊
၇။ သမ္မာသတိ - ကောင်းမြတ်သော တရားတို့၌ မမေ့မလျော့ခြင်း တစ်ပါး၊
၈။ သမ္မာသမာဓိ - ကောင်းမြတ်သော အာရုံတို့၌ စိတ်၏ တည်ကြည်ခြင်း တစ်ပါး၊
ဤရှစ်ပါးတွင်၊ ဖောက်ပြားမရှိ၊ ဖြောင့်မှန်ဘိမှ၊ အရိယသစ္စာ၊ ခေါ်ထိုက်စွာ၏။
သစ္စာအနက်၊ ၄-ချက်စီတည့်၊ ဆယ့်ခြောက်ရှိ၏။
၁။ ပီဠနဋ္ဌော - အကျဉ်းအကြပ် နှိပ်စက်တတ်သော ဒုက္ခသဘော၊
၂။ သင်္ခတဋ္ဌော - အမြဲမပြတ် ပြုပြင်အပ်သော ဒုက္ခသဘော၊
၃။ သန္တာပဋ္ဌော - ကြောင့်ကြစိုက်ရေး၊ လွန်ရှုပ်ထွေး၍၊ အေးခွင့်မရ၊ ပူပန်ရသော ဒုက္ခသဘော၊
၄။ ဝိပရိဏာမဋ္ဌော - နိစ္စမြင့်ရှည်၊ အတည်မမြဲ၊ ဖောက်လဲဖောက်ပြန် ဖြစ်တတ်သော ဒုက္ခသဘော၊
၁။ အာယူဟနဋ္ဌော - ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကိုသာ အမြဲစုဆောင်းတတ်သော သမုဒယသဘော၊
၂။ နိဒါနဋ္ဌော - ဒုက္ခလက်စ မပြတ်ရအောင် အမြဲဆောင်နှင်းတတ်သော သမုဒယသဘော၊
၃။ သံယောဂဋ္ဌော - ဒုက္ခစက်မှ မထွက်ရအောင် အမြဲဖွဲ့နှောင်တတ်သော သမုဒယသဘော၊
၄။ ပလိဗောဓဋ္ဌော - ဒုက္ခစက်မှ မထွက်ရအောင် နှောင့်ယှက်တတ်သော သမုဒယသဘော၊
၁။ နိဿရဏဋ္ဌော - ဒုက္ခစက်မှ ထွက်မြောက် ကျွတ်လွတ်ခြင်းဟူသော နိရောဓသဘော၊
၂။ ပဝိဝေကဋ္ဌော - တေဘုမ္မက ဒုက္ခအသင်း နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းခြင်းဟူသော နိရောဓသဘော၊
၃။ အသင်္ခတဋ္ဌော - သင်္ခါရဒုက္ခခပင်းမှ ကင်းလွတ်ခြင်းဟူသော နိရောဓသဘော၊
၄။ အမတဋ္ဌော - အဖန်ဖန် သေကြေပျက်ဆုံးခြင်းမှ ကင်းလွတ်ခြင်းဟူသော နိရောဓသဘော၊
၁။ နိယျာနဋ္ဌော - ဒုက္ခဘက်မှ ဆန်တက်ထွက်မြောက်ကြောင်းဟူသော မဂ္ဂသဘော၊
၂။ ဟေတုဋ္ဌော - လောကုတ္တရာ ဂုဏ်ကျက်သရေအပေါင်းတို့ ကောင်းစွာ တည်ရာ၏ အဖြစ်ဟူသော မဂ္ဂသဘော၊
၃။ ဒဿနဋ္ဌော - သစ္စာလေးအင် နိဗ္ဗာန်ခွင်ကို အမြင်ပေါက်ရောက်ခြင်းဟူသော မဂ္ဂသဘော၊
၄။ အာဓိပတေယျဋ္ဌော - တဏှာ၏ ကျွန်အဖြစ်မှ စင်စစ်လွတ်ပြီး ကြီးမြတ်ခြင်းဟူသော မဂ္ဂသဘော၊
သစ္စာလေးချက်၊ အနက်သဘော၊ ဟောရန်သွယ်သွယ်၊ မဆုံးဖွယ်သည်၊ အကျယ် .. သစ္စကထာတည်း။
----------
‘သစ္စာ’ ဆိုသည်ကား - ဘဝကမ္ဘာ အသင်္ချေကြာသော်လည်း တခါတရံမျှ မဖောက်မပြန် မှန်ကန်သော သဘောကို ဆိုသည်။
ခန္ဓာငါးပါးသည် ပီဠနဋ္ဌ, သင်္ခတဋ္ဌ, သန္တာပဋ္ဌ, ဝိပရိဏာမဋ္ဌ ဟူသော မငြိမ်းချမ်းမှုအချက် အနက်လေးပါးတို့နှင့် အမြဲယှဉ်သည်ဖြစ်၍ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှာမှ ဒုက္ခဟူသော ပညတ်အချက် ပျက်ကွက်ခြင်းမရှိဘဲ အစဉ်မြဲလေသောကြောင့် ဒုက္ခသစ္စာ မည်၏။
တဏှာသည် အာယူဟနဋ္ဌ, နိဒါနဋ္ဌ, သံယောဂဋ္ဌ, ပလိဗောဓဋ္ဌ ဟူသော ဒုက္ခပွားများကြောင်းအချက် အနက်လေးပါးတို့နှင့် အမြဲပြည့်စုံသည်ဖြစ်၍ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှာမှ ဒုက္ခသမုဒယဟူသော ပညတ်အချက် ပျက်ကွက်ခြင်းမရှိဘဲ အစဉ်မြဲလေသောကြောင့် သမုဒယသစ္စာ မည်၏။
နိဗ္ဗာန်သည် နိဿရဏဋ္ဌ, ပဝိဝေကဋ္ဌ, အသင်္ခတဋ္ဌ, အမတဋ္ဌ ဟူသော ဒုက္ခခပ်သိမ်း ငြိမ်းရန်အချက် အနက်လေးပါးတို့နှင့် အမြဲပြည့်စုံသည်ဖြစ်၍ အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှာမှ ဒုက္ခနိရောဓဟူသော ပညတ်အချက် ပျက်ကွက်ခြင်းမရှိဘဲ အစဉ်မြဲလေသောကြောင့် နိရောဓသစ္စာ မည်၏။
မဂ္ဂင်ရှစ်ပါးသည် နိယျာနဋ္ဌ, ဟေတွဋ္ဌ, ဒဿနဋ္ဌ, အာဓိပတေယျဋ္ဌ ဟူသော နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန် အချက် အနက်လေးပါးတို့နှင့် ပြည့်စုံ လေခြင်းကြောင့် အနမတဂ္ဂ သံသရာတွင် ဘယ်အခါမှာမှ မဂ္ဂဟူသော ပညတ်အချက် ပျက်ကွက်ခြင်းမရှိဘဲ အစဉ်မြဲလေသောကြောင့် မဂ္ဂသစ္စာ မည်၏။
လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများသည် အစဉ်မြဲသည် မဟုတ်။ပျက်စီးခြင်းအဆုံးရှိနေသောကြောင့် ဖောက်လဲဖောက်ပြန်ဖြစ်တတ်သော ချမ်းသာမျိုး ဖြစ်ချေ၍ သုခသစ္စာ မဟုတ်၊ ဒုက္ခသစ္စာသာ ဖြစ်၏။ထိုချမ်းသာများကို ပေးတတ်သော ကုသိုလ်ကံစုသည်လည်း ဒုက္ခသစ္စာကို ဖြစ်စေတတ်သော ကံမျိုးဖြစ်ချေ၍ ဒုက္ခသစ္စာမျိုးသာ ဖြစ်၏။
ပီဠန အစရှိသော သစ္စာအနက် ၁၆-ချက်တို့၏ အကျယ်ကို သိလိုမူကား ငါတို့စီရင်သော “သစ္စတ္ထဒီပနီ”မှာ ယူကြလေ။
သစ္စာအကျယ် ပြီး၏။