ကိုရင်ဝတ်ပြီးရင်
သာမဏေကျော်
သာမဏေကျော်
နိဒါန်း
သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်မှာ မိမိနှစ်ခြိုက်တဲ့ ပညာရေးစနစ်နဲ့ ပိဋကစာပေတွေကို ပို့ချပေးနေပါတယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း စသည်ခွဲကာ သင်ယူစေပါတယ်။ (၆)လ တစ်ကြိမ် အတန်းတင် စာမေးပွဲ ဖြေဆိုစေပါတယ်။ ဥပုသ်နေ့တိုင်း အစမ်းစာမေးပွဲတွေ ဖြေစေပါတယ်။ ၁၃၆၈ (၂၀၀၇) ခုနှစ် တပို့တွဲလမှာ အတန်းတင်စာမေးပွဲ စတင်ဖြေစေပါမယ်။ ပထမတန်းမှာ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး ရေးသားခဲ့တဲ့ နာမ်ဂိုဏ်းစာအုပ်၊ ပါဠိသိက္ခာစာအုပ် တွေအပြင် ကိုရင်လေးတို့ဖတ်ဖို့ ဆိုတဲ့ စာအုပ်ကိုလည်း သင်ယူစေပါတယ်။ ကိုရင်ဝတ်ပြီးရင် ဆိုတဲ့ စာအုပ်လေးကိုလည်း သင်ယူစေပါတယ်။ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံ၊ (၁၀)ပါးသီလ၊ လိင်(၁၀)ပါး၊ ဒဏ်(၁၀)ပါး၊ သေခိယ(၇၅)ပါး၊ ခန္ဓကဝတ်(၁၄)ပါး၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် စတာတွေ ကိုရင်ဝတ်ပြီးရင် စာအုပ်မှာ ပါဝင်နေပါတယ်။ ကိုရင်ဝတ်ပြီးသူတိုင်း သိရ လိုက်နာရမယ့် အချက်အလက်တွေကို ထည့်ထားပါတယ်။
သာမဏေကျော် မဟာဂန္ဓာရုံကျောင်းမှာ စာသင်သားတွေကို နေ့စဉ် တစ်နာရီကြာအောင် တရားရှုမှတ်စေပါတယ်။ ဥပုသ်နေ့တိုင်းမှာတော့ ၃နာရီ ကြာ တရားရှုမှတ်စေပါတယ်။ တရားရှုမှတ်ပုံကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးရဲ့ ဩဝါဒတော်နဲ့အညီ သင်ပြပေးပါတယ်။ တရားဘယ်လိုရှုမှတ်ရမလဲ လို့စာအုပ်လေး ထုတ်နုတ်ဖော်ပြထားရာ အဲဒီစာအုပ်လေးကိုလည်း ပထမတန်းမှာ ပြဌာန်းပေးထားပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်က စာသင်သား ကိုရင်တိုင်း ဖိုးသူတော်တိုင်း သတိပဋ္ဌာန်ရှုမှတ်ပုံကို သိစေချင်ပါတယ်။ အဲဒီစာအုပ် ၅ အုပ်ကို ပထမတန်းဝင် ရှင်တိုင်း ဖိုးသူတော်တိုင်း သင်ယူကြရပါတယ်။
ဒုတိယတန်းမှာတော့ ဓမ္မပဒအဋ္ဌကထာပါဠိ ယမကဝဂ်၊ သဂြိုဟ်(၄)ပိုင်း၊ ယနေ့မှာ သာမဏေငယ် နောင်အခါဝယ် ဆရာတော်ကြီး စာအုပ်နဲ့ အဲဒီစာအုပ်ပါ မြန်မာစာသားတွေရဲ့ သက်ဆိုင်ရာ ပါဠိစာအုပ်၊ သာလွန် အခြေခံအင်္ဂလိပ် စကားပြော စာအုပ်ငယ်တွေကို သင်ယူစေပါမယ်။
ကိုရင်ဝတ်ပြီးရင် စာအုပ်မှ စာသားတွေကို ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးရဲ့ စာအုပ်တွေမှ ထုတ်နုတ်စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ သာမဏေကျော် မဟာဂန္ဓာရုံကျောင်းသို့ ရောက်သစ်စ စာသင်သားတိုင်း လေ့လာသင်ယူရမှာမို့ စာအုပ်ဖြစ်အောင် ကြိုးစားလိုက်ပါတယ်။
သာမဏေကျော်
သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊
လှော်ကားဥယျာဉ်အနီး။
၁၃၆၈ ခု၊ တန်ဆောင်းမုန်းလဆုတ်၊ ၁၃ ရက်။
(၁၇- နိုဝင်ဘာ - ၂၀၀၆)
ဆယ်ပါးသီလ တောင်းခံခြင်း
ရှင်သာမဏေများအတွက် ဆယ်ပါးသီလ တောင်းခံပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ ဒသသာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ဒသသာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ဒသသာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဆယ်ပါးသီလ တောင်းခံပုံ မြန်မာပြန်
အရှင်ဘုရား၊ တပည့်တော်သည် သရဏဂုံ သုံးပါးနှင့် တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ခံယူနည်းကို ပေးတော်မူပါကုန်ဘုရား။
အရှင်ဘုရား၊ တပည့်တော်သည် သရဏဂုံ သုံးပါးနှင့် တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို နှစ်ကြိမ်မြောက် တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ခံယူနည်းကို ပေးတော်မူပါကုန်ဘုရား။
အရှင်ဘုရား၊ တပည့်တော်သည် သရဏဂုံ သုံးပါးနှင့် တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို သုံးကြိမ်မြောက် တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ခံယူနည်းကို ပေးတော်မူပါကုန်ဘုရား။
ဘုရားရှိခိုး ပါဠိ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(မြန်မာပြန်)
ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိမြင်တော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ ဘုရား။
(မြန်မာလို ၃ ခေါက် ဆိုပါစေ)
သရဏဂုံ ဆောက်တည်ပုံပါဠိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
(မြန်မာပြန်)
(က) ဘုရားရှင်ကို ကိုးကွယ်ပါ၏။
(ခ) တရားတော်မြတ်ကို ကိုးကွယ်ပါ၏။
(ဂ) အရိယာ သံဃာတော်ကို ကိုးကွယ်ပါ၏။
နှစ်ကြိမ်မြောက်လည်း
(က) ဘုရားရှင်ကို ကိုးကွယ်ပါ၏။
(ခ) တရားတော်မြတ်ကို ကိုးကွယ်ပါ၏။
(ဂ) အရိယာ သံဃာတော်ကို ကိုးကွယ်ပါ၏။
သုံးကြိမ်မြောက်လည်း
(က) ဘုရားရှင်ကို ကိုးကွယ်ပါ၏။
(ခ) တရားတော်မြတ်ကို ကိုးကွယ်ပါ၏။
(ဂ) အရိယာ သံဃာတော်ကို ကိုးကွယ်ပါ၏။
ဆယ်ပါးသီလဆောက်တည်ပုံ ပါဠိ + မြန်မာ
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
လိမ်လည် လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မူးယစ်မေ့လျော့စေတတ်သော သေရည်အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသုကဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း၊ သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက်ဖြစ်သော ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၈။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသကဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ပန်းပန်ခြင်း၊ နံ့သာပျစ်ကို နိမ့်ရာအရပ်သို့ ဖို့သိပ်ခြင်း၊ နံသာရည် နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၉။ ဥစ္စာသယနမဟာသယန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မြင့်မြတ်သော နေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိသက္ခာပဒံ သမာဒိယာမိ။
ရွှေငွေကို ကိုင်ခြင်း၊ ခံယူခြင်း၊ စီမံခြင်းမှ ရှောင်ကြဉ်ပါ၏။
ကာမေသုမိစ္ဆာစာရနှင့် အဗြဟ္မစရိယသိက္ခာပုဒ် တို့၏ ခြားနားချက်
ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို စောင့်ထိန်းလျှင် မိမိ မပိုင်ဆိုင်သော ကာမကိစ္စတို့ကို ကျူးလွန်ခြင်းမှသာ ရှောင်ကြဉ်ရ၏။
အဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိ မပိုင်ဆိုင်သော ကာမကိစ္စ နှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။ ဤသို့အားဖြင့် ခြားနားပါသည်။
ဥစ္စာသယန (မြင့်သောနေရာ) နှင့် မဟာသယန (မြတ်သောနေရာ)
တစ်တောင့်ထွာထက် မြင့်သော ခြေရှိသော ထိုင်ခုံ၊ ခုတင်စသော နေရာများကို ဥစ္စာသယန (မြင့်သောနေရာ) ဟုခေါ်သည်။
ရဟန်းသာမဏေတို့ မထိုင်ကောင်း၊ မအိပ်ကောင်းဟု ပညတ်ထားသော၊ ဆန်းကြယ်စွာ ချုပ်အပ်၊ ရက်အပ်သော သားမွေးအခင်း စသည်များကို မဟာသယန (မြတ်သောနေရာ) ဟုခေါ်သည်။
ဝိကာလဘောဇနာ သိက္ခာပုဒ်၌ ကာလ နှင့် ဝိကာလ ခွဲပုံ
နံနက်စောစော အရုဏ်တက်သည်မှစ၍ မွန်းတည့်တိုင်အောင် အချိန်သည် ရဟန်းသာမဏေနှင့် ဥပုသ်သည်တို့ ဆွမ်းစသည်တို့ကို စားသောက်ဖို့ရာ အချိန်ဖြစ်၍ ‘ကာလ’ မည်၏။
မွန်းလွဲသည်မှစ၍ နောက်တစ်နေ့ အရုဏ်တက်တိုင်အောင် အချိန်သည် ရဟန်းသာမဏေနှင့် ဥပုသ်သည်တို့ ဆွမ်းစသည်တို့ကို စားသောက်ဖို့ရာ အချိန်မဟုတ်၍ ‘ဝိကာလ’ မည်၏။
ဥပဇ္ဈာယ်ယူခြင်း၊ ပေးခြင်း
ဥပဇ္ဈာယ်ယူပုံ
ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။
(သုံးခေါက်ဆိုရန်)
အရှင်ဘုရား၊ အရှင်ဘုရားသည် ဘုရားတပည့်တော်၏ အပြစ်ကြီး၊ အပြစ်ငယ်ကို ကြည့်ရှု၍ ဆိုဆုံးမသော ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါ အရှင်ဘုရား။
ဥပဇ္ဈာယ်ပေးပုံ
ပါသာဒိကေန သမ္ပာဒေဟိ။ (သမ္ပာဒေထ)။
ကြည်ညိုဖွယ်ကို ဆောင်သော ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ပြည့်စုံစေလော့။
မှတ်ချက်။ တပည့် နှစ်ပါး၊ သုံးပါး စသည်များလျှင် “သမ္ပာဒေထ” ဟုဆို၍ “ပြည့်စုံကြစေလော့” ဟု မြန်မာပြန်ပါ။
ဥပဇ္ဈာယ်ဆရာ
အပြစ်ကြီး၊ အပြစ်ငယ်ကို အမြဲမပြတ် ကြည့်ရှုဆုံးမတတ်သော ဆရာမြတ်ကို ဥပဇ္ဈာယ်ဆရာဟု ခေါ်သည်။
ဥပဇ္ဈာယ်ယူ၊ ဥပဇ္ဈာယ်ပေး
အပြစ်ကြီး၊ အပြစ်ငယ်တို့ကို ကြည့်ရှုဆုံးမတတ်သော “ဥပဇ္ဈာယ်ဆရာ” ဟု စိတ်ထဲမှ မှတ်ယူထားခြင်းကို “ဥပဇ္ဈာယ်ယူသည်” ဟု ခေါ်သည်။
တပည့်က ဥပဇ္ဈာယ်ယူသောအခါ ဆရာက “ပါသာဒိကေန သမ္ပာဒေဟိ - (သမ္ပာဒေထ)” ဟု ဆို၍ ဥပဇ္ဈာယ်ဆရာဖြစ်ကြောင်း အသိပေးလိုက်ခြင်းကို “ဥပဇ္ဈာယ်ပေး” ဟု ခေါ်၏။
ပစ္စည်းလေးပါး၌ ဆင်ခြင်ခြင်း
သင်္ကန်း၌ ဆင်ခြင်ပုံ လင်္ကာ
ချမ်းပူကို ဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ လွဲသုဉ်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ် မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းဝတ်ရုံ ပါသတည်း။
ဆွမ်း၌ ဆင်ခြင်ပုံ လင်္ကာ
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင် တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်နိုင်ပါစေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။
ကျောင်း၌ ဆင်ခြင်ပုံ လင်္ကာ
ချမ်းပူကို ဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ ဝေးမှု၊ ဥတု ဘေးကျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။
ဆေး၌ ဆင်ခြင်ပုံ လင်္ကာ
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီး ဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာပယ်လျှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။
ပစ္စည်းလေးပါး ဆင်ခြင်ရာ ကာလ
၁။ ပဋိလာဘကာလ = ရတဲ့ အခါကာလ။
၂။ ပရိဘောဂကာလ = သုံးဆောင်တဲ့ အခါကာလ။
ဆောင်ပုဒ်
ရခါ သုံးခါ၊ ပစ္စယာ၊ နှစ်ဖြာ ဆင်ခြင်ကြ။
လိင် ၁၀ ပါး
၁။ ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း။ (ပိုးကောင်ကလေးများကိုသော်လည်း မသတ်ရ။)
၂။ အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးခြင်း။ (မြက်တစ်ပင်ကိုသော်မျှ လိမ်၍ ညာ၍ ခိုး၍ မယူရ။)
၃။ အဗြဟ္မစရိယ = မေထုန်အကျင့်ကို ကျင့်ခြင်း။ (တိရစ္ဆာန်မ၌သော်မှ မမှီဝဲရ။)
၄။ မုသာဝါဒ = လိမ်ညာပြောခြင်း။ (ပြောင်လှောင်ကျီစားလို၍သော်မှ လိမ်မပြောရ။)
၅။ သုရာမေရယ = သေရည်အရက်ကို သောက်ခြင်း။
၆။ ဗုဒ္ဓဿ အဝဏ္ဏဘာသန = ဗုဒ္ဓမြတ်စွာ၏ အပြစ်ကို ပြောခြင်း။ (“ဘုရား မဟုတ်ဘူး၊ အလုံးစုံကို မသိနိုင်ဘူး” … စသည်ဖြင့် မပြောရ။)
၇။ ဓမ္မဿ အဝဏ္ဏဘာသန = တရားတော်၏ အပြစ်ကို ပြောခြင်း။ (“ဤတရားအတိုင်း ကျင့်လို့ ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဘူး” စသည်ဖြင့် မပြောရ။)
၈။ သံဃဿ အဝဏ္ဏဘာသန = သံဃာတော်၏ အပြစ်ကို ပြောခြင်း။ (“အရိယာဖြစ်ပြီးသော သံဃာတော်ကို ကောင်းမွန်စွာ ကျင့်သူမဟုတ်ဘူး” စသည်ဖြင့် သံဃာတော်ကို ထိခိုက်၍ မပြောရ။)
၉။ မိစ္ဆာဒိဋ္ဌိ = မိစ္ဆာအယူရှိခြင်း။ (ကံနှင့် ကံ၏အကျိုးကို မယုံခြင်း၊ “မည်သူမဆို ဤဘဝမှ သေလျှင် ဘဝပြတ်တော့၏။ နောက်ထပ် မဖြစ်ရ” ဟု ဥစ္ဆေဒဒိဋ္ဌိ စသော အယူရှိခြင်း။)
၁၀။ ဘိက္ခုနိဒူသက = ဘိက္ခုနီမကို မေထုန်ကျင့်၍ ဖျက်ဆီးခြင်း။
လိင်ကျခြင်း
သူ့အသက်ကို သတ်မှုစသော ပြစ်မှုဆယ်ပါးတွင် တစ်ပါးပါးကို ပြုကျင့်သော သာမဏေအား ရှင်သာမဏေအသွင်ဖြင့် မနေကောင်း၍ လူဝတ်လဲပေးရသည်။ ထိုသို့လူဝတ်လဲ ပေးရလောက်အောင် ပြစ်မှု ကျူးလွန်ခြင်းကို ‘လိင်ကျသည်’ ဟု ခေါ်ရသည်။
ဘိက္ခုနိဒူသကနှင့် အဗြဟ္မစရိယ တို့ ဘယ်လိုထူးသလဲ
ရိုးရိုးအဗြဟ္မစရိယကို ပြုကျင့်သူသည် နောင်အခါ စောင့်စည်းလိုသောစိတ်ရှိလျှင် ရှင်သာမဏေ ထပ်၍ပြုခွင့်ရ၏။ အသက်စေ့လျှင် ရဟန်းပြုခွင့်လည်း ရ၏။ ဘိက္ခုနီမ၌ ပြုကျင့်မိသူကား ရဟန်းပြုဖို့ မဆိုထားနှင့်၊ ရှင်သာမဏေ ထပ်၍ပြုခွင့်မျှပင် မရနိုင်တော့ပေ။
လိင်(၁၀)ပါး
၁။ ကိုရင်ဆိုတာ, သတ္တဝါ, သတ်တာ မလုပ်ရ။
၂။ ကိုရင်ဆိုတာ, သူ့ဥစ္စာ, ခိုးတာ မလုပ်ရ။
၃။ ကိုရင်ဆိုတာ, မေထုန်မှာ, ကျင့်တာ မလုပ်ရ။
၄။ ကိုရင်ဆိုတာ, လိမ်ညာကာ, ပြောတာ မလုပ်ရ။
၅။ ကိုရင်ဆိုတာ, သေရည်မှာ, သောက်တာ မလုပ်ရ။
၆။ ကိုရင်ဆိုတာ, ရတနာ, သုံးဖြာ ပြစ်မပြောရ။
၇။ ကိုရင်ဆိုတာ, ယူလွဲမှာ, ယူတာ မလုပ်ရ။
၈။ ကိုရင်ဆိုတာ, ဘိက္ခုနီမှာ, မေထုန်မှီဝဲတာ မလုပ်ရ။
ဤပြစ်ဆယ်ပါး, ကျူးလွန်ငြား, ပြောင်းသွား လူ့ဘဝ။
ဒဏ် ၁၀ ပါး
ဒဏ် ၁၀ ပါး
၁။ ဝိကာလဘောဇန = နေ့လွဲညစာ စားခြင်း။
၂။ နိစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန = ကခြင်း၊ သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊ သာသနာတော်နှင့် မသင့်တော်သော ပွဲလမ်းသဘင်များကို ကြည့်ရှှုနားထောင်လေ့ရှိခြင်း။
၃။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသန = ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း၊ နံ့သာပျောင်းတို့ဖြင့် အတင့်အတယ် အပြေအပြစ် ပြုခြင်း။
၄။ ဥစ္စာသယန မဟာသယန = မြင့်မြတ်သော နေရာ၊ ကြီးကျယ်ခန်းနားသော နေရာတို့၌ ထိုင်ခြင်း၊ အိပ်ခြင်း။
၅။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏ = ရွှေငွေကို ကိုယ်တိုင်ခံယူခြင်း၊ သူတစ်ပါးကို ခံယူစေခြင်း၊ အပ်နှံချထား၍ လှှုဒါန်းသည်ကို သာယာခြင်း။
၆။ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ = ရဟန်းတော်များကို လာဘ်မရအောင် အားထုတ်ခြင်း။ (ဆွမ်း စသည်ကို မလှူချင်အောင် မဟုတ်မမှန်သော အပြစ်ကို လုပ်ကြံ၍ လူတို့အား ပြောဆိုခြင်း)
၇။ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ = ရဟန်းတော်များကို အကျိုးမဲ့ဖြစ်အောင် ဘေးအန္တရာယ်ဖြစ်အောင် အားထုတ်ခြင်း။
၈။ ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ = ရဟန်းတော်များကို နေမြဲကျောင်း၌ မနေနိုင်အောင် ဘေးအန္တရာယ်ဖြစ်အောင် အားထုတ်ခြင်း။ (တစ်စုံတစ်ခုသော ပြစ်မှုကြောင့် ထိုကျောင်းမှ ထွက်သွားရအောင် အားထုတ်ခြင်း။)
မှတ်ချက်။ (ကောင်းမွန်စွာ မနေထိုင်သူကို ထွက်သွားအောင် ပြုလုပ်ပါက ဒဏ်မထိုက်။)
၉။ ဘိက္ခူ အက္ကောသတိ ပရိဘာသတိ = ရဟန်းတို့ကို ဆဲခြင်း၊ ရိုက်မည်၊ နှက်မည် စသည်ဖြင့် ခြိမ်းခြောက်ခြင်း။
၁၀။ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ = ရဟန်းတော်ချင်း ကွဲပြားအောင် (မတည့်အောင်) ကုန်းတိုက်ခြင်း၊ ရန်တိုက်ခြင်း။
ဒဏ်ပေးခြင်းနှင့် ဒဏ်ထိုက်ခြင်း
ရေဒဏ်၊ သဲဒဏ် စသည်ကို ထမ်းရမည်ဟု နောက်မပြုဝံ့အောင် အပြစ်ပေးမှု၊ နှိပ်ကွပ်မှုကို ‘ဒဏ်ပေးခြင်း’ ဟု ခေါ်၏။
ထိုရေဒဏ်၊ သဲဒဏ် အပေးခံရလောက်အောင် ပြစ်မှု ကျူးလွန်မိခြင်းကို ‘ဒဏ်ထိုက်ခြင်း’ ဟုခေါ်၏။
ဒဏ်(၁၀)ပါး
၁။ ကိုရင်ဆိုတာ, မွန်းလွဲမှာ, စားတာ မလုပ်ရ။
၂။ ကိုရင်ဆိုတာ, တီးမှုတ်တာ, ကတာ မလုပ်ရ။
၃။ ကိုရင်ဆိုတာ, ပန်းနံ့သာ, လိမ်းတာ မလုပ်ရ။
၄။ ကိုရင်ဆိုတာ, မြင့်မြတ်ရာ, အိပ်တာ(နေတာ) မလုပ်ရ။
၅။ ကိုရင်ဆိုတာ, ရွှေငွေမှာ, ကိုင်တာ မလုပ်ရ။
၆။ ကိုရင်ဆိုတာ, ရဟန်းတွေမှာ, လာဘ်လာဘာ, မရ အောင် မလုပ်ရ။
၇။ ကိုရင်ဆိုတာ, ရဟန်းတွေမှာ, ကျိုးမဲ့တာကို မလုပ်ရ။
၈။ ကိုရင်ဆိုတာ, ရဟန်းတွေမှာ, နေရာပြောင်းအောင် မလုပ်ရ။
၉။ ကိုရင်ဆိုတာ, ရဟန်းတွေမှာ, ဆဲတာ (ခြိမ်းခြောက်တာ) မလုပ်ရ။
၁၀။ ကိုရင်ဆိုတာ, ရဟန်းချင်းမှာ, ကုန်းတိုက်တာကို မလုပ်ရ။
ဤပြစ်ဆယ်ပါး, ကျူးလွန်ငြား, သူကား ဒဏ်ထိုက်စွ။
သေခိယ ရ၅-ပုဒ်
သေခိယ ခေါ်ပုံ
ရဟန်းသာမဏေများ သင်ထိုက်၊ ကျင့်ထိုက်၊ သင်အပ်၊ ကျင့်အပ်သောကြောင့် ‘သေခိယ’ ဟု ခေါ်သည်။
၁။ပရိမဏ္ဍလဝဂ်
၂။ ဥဇ္ဈဂ္ဃိကဝဂ်
၃။ ခမ္ဘကတဝဂ်
၄။ သက္ကစ္စဝဂ်
၅။ ကဗဠဝဂ်
၆။ သုရုသုရုဝဂ်
၇။ ပါဒုကဝဂ်
သေခိယသိက္ခာပုဒ် (၇၅)ပုဒ်တို့တွင် -
ပရိမဏ္ဍလဝဂ် မှ ခမ္ဘကတဝဂ် (၆) ခုမြောက်အထိ သိက္ခာပုဒ် (၂၆)ပုဒ်သည် သွားလာနေထိုင်မှုနှင့် စပ်သော သာရုပ္ပသိက္ခာပုဒ်များ ဖြစ်သည်။
သုရုသုရုဝဂ် (၇)ခုမြောက် သိက္ခာပုဒ်မှ ပါဒုကဝဂ် အဆုံးထိ သိက္ခာပုဒ် (၁၉)ပုဒ်သည် တရားဟောမှုနှင့် စပ်သော ‘ဓမ္မဒေသနာ ပဋိသံယုတ္တ’ သိက္ခာပုဒ်များ ဖြစ်သည်။
၁။ပရိမဏ္ဍလဝဂ်
၁။ပရိမဏ္ဍလဝဂ်
၁။ သင်းပိုင်ကို ညီညီ ဝတ်ရမည်။
၂။ ဧကသီကို ညီညီ ရန်းရမည်။
၃။ မြို့တွင်းရွာတွင်း၌ လည်ပင်း၊ လက်ကောက်ဝတ် တို့ကို ဖုံး၍ သွားရမည်။
၄။ မြို့တွင်းရွာတွင်း၌ လည်ပင်း၊ လက်ကောက်ဝတ်တို့ ဖုံး၍ နေရမည်။
၅။ ဣန္ဒြေကို စောင့်ထိန်း၍ မြို့တွင်းရွာတွင်း၌ သွားရမည်။
၆။ ဣန္ဒြေကို စောင့်ထိန်း၍ မြို့တွင်းရွာတွင်း၌ နေရမည်။
၇။ လေးတောင်မျှ ကြည့်လျက် မျက်လွှာချ၍ မြို့တွင်းရွာတွင်း၌ သွားရမည်။
၈။ လေးတောင်မျှ ကြည့်လျက် မျက်လွှာချ၍ မြို့တွင်းရွာတွင်း၌ နေရမည်။
၉။ သင်္ကန်းကို ပင့်လျက် မြို့တွင်းရွာတွင်း၌ မသွားရ။
၁၀။ သင်္ကန်းကို ပင့်လျက် မြို့တွင်းရွာတွင်း၌ မနေရ။
သင်းပိုင်ဝတ်ပုံ
သင်းပိုင်ကို ဝတ်သောအခါ ချက်ကိုဖုံးမိအောင် ဝတ်ရ၏။ ခါးဘက်က အပေါ်မှာ တက်နေ၍ ချက်ဘက်က အောက်ကို လျောကျနေအောင် မဝတ်ရပါ။ အောက်ပိုင်းမှာလည်း ဒူးအောက် လက်ရှစ်သစ်လောက် ချပြီး ရှေ့ရောနောက်ပါ ဝိုင်းနေအောင် ဝတ်ရသည်။
ဧကသီရန်းပုံ
ဧကသီကို ရန်းသောအခါ အထက်ပိုင်း၌ ဘယ်လက် တံတောင်ဆစ်ကို ဖုံးမိစေ၍ အောက်ပိုင်း၌ သင်းပိုင်အထက် လက်လေးသစ်လောက် မြှင့်တင်လျှက် ပတ်ဝန်းကျင် ညီ၍ နေအောင် ဝတ်ရ(ရန်းရ)သည်။
သင်္ကန်းကို ညီစွာ ဝတ်ရမည့် ဌာန
သင်းပိုင်၊ ဧကသီတို့ကို (တစ်ပါးတည်းနေသောအခါ၊ အိပ်နေသောအခါ စသည်တို့၌ ညီစွာ မဝတ်နိုင်၊ မရန်းနိုင်သော်လည်း) သံဌာ့အစည်းအဝေး၊ ဘုရားဝတ်တက်၊ ဆရာသမားနှင့် မထေရ်ကြီးများထံ သွားသောအခါတို့၌ ဝန်းဝိုင်းညီညွတ်စွာ ဝတ်ရ၊ ရန်းရသည်။
သင်္ကန်းရုံပုံ
သင်္ကန်းရုံသောအခါ ဧကသီကို သိပ်လည်း မကျပ်စေရ၊ ကုတ်ပိုး ဟုခေါ်သော လည်ပင်းဖုံးမိစေရုံသာ ပြုလုပ်၍ အောက်ပိုင်း၌ အရှည်ကြီးတွဲ၍ ကျမနေစေရ။ အောက်ပိုင်း၌ ဧကသီကို သင်းပိုင်အထက် လက်လေးသစ်လောက် ထပ်ရုံရမည်။
၂။ ဥဇ္ဈဂ္ဃိကဝဂ်
၂။ ဥဇ္ဈဂ္ဃိကဝဂ်
၁။ မြို့တွင်းရွာတွင်း၌ အကျယ်ကြီး ရယ်၍ မသွားရ။
၂။ မြို့တွင်းရွာတွင်း၌ အကျယ်ကြီး ရယ်၍ မနေရ။
၃။ တိုးတိုးသာယာစွာ စကားပြောဆို၍ မြို့တွင်းရွာတွင်း၌ သွားရမည်။
၄။ တိုးတိုးသာယာစွာ စကားပြောဆို၍ မြို့တွင်းရွာတွင်း၌ နေရမည်။
၅။ ကိုယ်ကိုလှုပ်၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၆။ ကိုယ်ကိုလှုပ်၍ မြို့တွင်းရွာတွင်း၌ မနေရ။
၇။ လက်မောင်းကို လှုပ်၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၈။ လက်မောင်းကို လှုပ်၍ မြို့တွင်းရွာတွင်း၌ မနေရ။
၉။ ဦးခေါင်းကို လှုပ်၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၁၀။ ဦးခေါင်းကို လှုပ်၍ မြို့တွင်းရွာတွင်း၌ မနေရ။
မှတ်ချက်။ ။ “တိုးတိုးသာယာစွာ စကားပြောဆိုရမည်” ဆိုရာ၌ ခြောက်တောင်ထွာမှ သဲကွဲစွာ ကြားရရုံ ပြောဆိုရသည်။
နံပါတ်(၅) သိက္ခာပုဒ်၌ ‘ကိုယ်’ ဆိုသည်မှာ သွားတဲ့အခါ တစ်ကိုယ်လုံးကို မဆိုလို၊ အထက်ပိုင်း ကိုယ်ကိုသာ ဆိုလိုသည်။ အောက်ပိုင်းကိုယ်ကိုကား လှုပ်လှုပ်ရှားရှား သွားနိုင်ပါသည်။
၃။ခမ္ဘကတဝဂ်
၃။ခမ္ဘကတဝဂ်
၁။ ခါးကိုထောက်လျက် မြို့တွင်းရွာတွင်း၌ မသွားရ။
၂။ ခါးကိုထောက်လျက် မြို့တွင်းရွာတွင်း၌ မနေရ။
၃။ ခေါင်းမြီးခြုံ၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၄။ ခေါင်းမြီးခြံု၍ မြို့တွင်းရွာတွင်း၌ မနေရ။
၅။ ခြေဖဝါး အစွန်အဖျားဖြင့် နင်း၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၆။ ဒူးနှစ်ဖက်ကို လက်ဖြင့် ပွေ့ပိုက်၍ဖြစ်စေ၊ အဝတ်ဖြင့်ဖွဲ့၍ ဖြစ်စေ မထိုင်ရ။
၇။ ဆွမ်းကို ရိုသေစွာ (လေးလေးစားစား သတိပြု၍) ခံယူရမည်။
၈။ ဟိုဟိုဒီဒီ မကြည့်ဘဲ သပိတ်ကို သပိတ်ကို သတိပြုလျက် ဆွမ်းကို ခံယူရမည်။
၉။ ဆွမ်းနှင့်ဟင်း မျှတရုံ ခံယူရမည်။
မှတ်ချက်။ ။ ဆွမ်းလေးပုံ၊ ဟင်းတစ်ပုံ ခံယူလျှင် မျှတ၏။
၁၀။ ဆွမ်းကို သပိတ်အတွင်း၌ နှုတ်ခမ်းနှင့် ညီရုံခံယူရမည်။
အဓိပ္ပာယ်ရှင်းလင်းချက်
ဖဝါးစွန်းနင်း၍ သွားခြင်းဆိုသည်မှာ - ခြေဖျားဖြင့်သာ မြေ၌နင်း၍ ခြေဖနောင့်က မြေ၌မထိဘဲ (ခြေဖျားထောက်၍) သွားခြင်း၊ ခြေဖနောင့်ဖြင့်သာ မြေ၌နင်း၍ ခြေဖျားကမြေ၌ မထိဘဲ ဖနောင့်ထောက်၍ သွားခြင်းကို ‘ဖဝါးအစွန်းဖြင့် နင်း၍သွားခြင်း’ ဟုခေါ်သည်။
‘ဆွမ်းကို ရိုသေစွာ ခံယူရမည်’ - ဟု ဆိုရာ၌ ဆွမ်းခံသောအခါ ဆွမ်းကိုဖြစ်စေ၊ ဟင်းကိုဖြစ်စေ မလိုချင်သလို လိုချင်သလို၊ သွန်ပစ်ချင်သလို မခံယူဘဲ လေးလေးစားစား ခံယူရမည်ဟု ဆိုလိုသည်။
၄။သက္ကစ္စဝဂ်
၄။သက္ကစ္စဝဂ်
၁။ ဆွမ်းကို ရိုသေစွာ (လေးလေးစားစား သတိထား၍) စားရမည်။
၂။ သပိတ်ကို သတိထားလျက် ဆွမ်းကို စားရမည်။
၃။ ဆွမ်းကို မိမိထိုင်ရာဘက်မှစ၍ အစဉ်အတိုင်း စားရမည်။
၄။ ဆွမ်းကို ဟင်းနှင့်မျှတရုံ စားရမည်။
၅။ ဆွမ်းကို အလယ်မှ ထိပ်မှ နှိမ်၍ မစားရ။
၆။ ဟင်းကို များများရရန် ဆွမ်းဖြင့် မဖုံးရ။
၇။ ကျန်းမာလျက် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း တောင်းမစားရ။
၈။ ကဲ့ရဲ့လို၍ သူတပါး၏ သပိတ်ကို မကြည့်ရ။
၉။ ဆွမ်းလုတ်ကို မကြီးလွန်း၊ မသေးလွန်း မိမိပါးစပ်နှင့် သင့်ရုံပြုလုပ် စားရမည်။
၁၀။ ဆွမ်းလုတ်ကို ညီညီညွတ်ညွတ် ပြု၍ စားရမည်။
မှတ်ချက်။ ။ “ဆွမ်းကိုအစဉ်အတိုင်း စားရမည်” ဆိုသည်မှာ ဆွမ်းကို ဟိုနားက ယူလိုက်၊ ဒီနားက ယူလိုက် မစားဘဲ မိမိဘက်မှစ၍ အစဉ်အတိုင်း ယူစားခြင်းကို ဆိုလိုပါသည်။
သူတစ်ပါးအား ပေးလိုလျှင်ကား ယူချင်သောအပိုင်းက ယူ၍ပေးနိုင်ပါသည်။
၅။ကဗဠဝဂ်
၅။ကဗဠဝဂ်
၁။ ဆွမ်းလုတ် မရောက်မီ ပါးစပ်ကို ကြိုတင်၍ မဟရ။
၂။ ဆွမ်းစားစဉ် လက်များကို ပါးစပ်ထဲ မထည့်ရ။
၃။ ပါးစပ်ထဲ ဆွမ်းရှိစဉ် စကားမပြောရ။
၄။ ဆွမ်းလုတ်ကို မြှောက်၍ မစားရ။
၅။ ဆွမ်းလုတ်ကို (တစ်ပိုင်းတစ်စ) ကိုက်ဖြတ်၍ မစားရ။
၆။ ဆွမ်းကို မျောက်ကဲ့သို့ ပါးစောင်း၌ ထား၍ မစားရ။
၇။ လက်ကိုခါ၍ မစားရ။
၈။ ဆွမ်းလုတ်များ ကြဲ၍ မစားရ။
၉။ လျှာထုတ်၍ မစားရ။
၁၀။ ပျတ်ပျတ် အသံမြည်အောင် မစားရ။
မှတ်ချက်။ ။နံပါတ်(၁) သိက္ခာပုဒ်၌ ဆွမ်းစားသောအခါ ပါးစပ်ပေါက်နားသို့ ဆွမ်းလုတ်မရောက်ခင် ပါးစပ်ဖွင့်ထားခြင်းသည် မယဉ်ကျေးသော အမူအရာ ဖြစ်သောကြောင့် ပါးစပ်ပေါက်သို့ ဆွမ်းလုတ်မရောက်မီ ပါးစပ်ကို ဖွင့်ဟ၍ မထားရပါ။
နံပါတ်(၂) သိက္ခာပုဒ်၌ ‘ခံတွင်း’ ဆိုသည်မှာ နှုတ်ခမ်း၊ သွားတို့၏ အတွင်းဘက်ကို ဆိုလိုပါသည်။
၆။သုရုသုရုဝဂ်
၆။သုရုသုရုဝဂ်
၁။ ရှုတ်ရှုတ် အသံပြု၍ မစားရ။
၂။ လက်ကိုလျက်၍ မစားရ။
၃။ သပိတ်ကို ခြစ်၍ မစားရ။
၄။ နှုတ်ခမ်းကို လျက်၍ မစားရ။
၅။ ဆွမ်းတွေ ဟင်းတွေ ပေနေသည့် လက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ။
၆။ ဆွမ်းလုံးပါးသည့် သပိတ်ဆေးရေကို ရွာတွင်းမှာ မသွန်ရ။
၇။ ကျန်းမာပါလျက် ထီးကိုင်နေသူအား တရားမဟောရ။
၈။ ကျန်းမာပါလျက် တုတ်၊တောင်ဝှေး ကိုင်ထားသူအား တရားမဟောရ။
၉။ ကျန်းမာပါလျက် ဓားကိုင်ထားသူအား တရားမဟောရ။
၁၀။ ကျန်းမာပါလျက် လက်နက်ကိုင်ထားသူအား တရားမဟောရ။
မှတ်ချက်။ ။ နံပါတ်(၃) သိက္ခာပုဒ်၌ ဟင်းရည်ကိုဖြစ်စေ၊ နွားနို့၊ လက်ဖက်ရည်ကို ဖြစ်စေ သောက်သောအခါ (ရှူးရှူး…ရှူးရှူး) လို့ အသံမြည်အောင် မသောက်ရ။
နံပါတ်(၈) သိက္ခာပုဒ်၌ တုတ်၊တောင်ဝှေး ဆိုသည်မှာ လေးတောင်ရှိသော တုတ်၊တောင်ဝှေးကို ဆိုလိုပါသည်။
၇။ ပါဒုကဝဂ်
၇။ ပါဒုကဝဂ်
၁။ ကျန်းမာပါလျက် (သဲကြိုးမပါဘဲ ဘုတပ်ထားသည့်) ခြေနင်းစီးထားသူအား တရားမဟောရ။
၂။ ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ။
၃။ ကျန်းမာပါလျက် ယဉ်စီးထားသူအား တရားမဟောရ။
၄။ ကျန်းမာပါလျက် အိပ်ရာပေါ်နေသူအား တရားမဟောရ။
၅။ ကျန်းမာပါလျက် ဒူးကို လက်၊ပုဆိုးတို့ဖြင့် ဖွဲ့ထိုင်နေသူအား တရားမဟောရ။
၆။ ကျန်းမာပါလျက် ဆံစမပေါ်အောင် ခေါင်းပေါင်းထားသူအား တရားမဟောရ။
၇။ ကျန်းမာပါလျက် ခေါင်းကို ခြုံထားသူအား တရားမဟောရ။
၈။ ကျန်းမာပါလျက် နေရာ၌ ထိုင်နေသူအား မြေမှာနေ၍ တရားမဟောရ။
၉။ ကျန်းမာပါလျက် မြင့်ရာ၌ နေသူအား နိမ့်ရာမှ နေ၍ တရားမဟောရ။
၁၀။ ကျန်းမာပါလျက် ထိုင်နေသူအား ရပ်၍ တရားမဟောရ။
၁၁။ ကျန်းမာပါလျက် ရှေ့က သွားသူအား နောက်မှနေ၍ တရားမဟောရ။
၁၂။ ကျန်းမာပါလျက် လမ်းပေါ်မှ သွားနေသူအား လမ်းဘေးမှနေ၍ တရားမဟောရ။
၁၃။ ကျမ်းမာပါလျက် မတ်တတ်ရပ်ပြီး ကျင်ကြီး၊ ကျင်ငယ်မစွန့်ရ။
၁၄။ ကျန်းမာပါလျက် စိမ်းသော မြက်ခင်း သစ်ပင်ရှိရာ၌ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး မစွန့်ရ။
၁၅။ သုံးစွဲနိုင်သည့် ရေ၌ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး မစွန့်ရ။
မှတ်ချက်။ ။ ပါဒုကနှင့် ဥပါဟန အထူးကား - ဟိန္ဒူလူမျိုးများ စီးလေ့ရှိသော သဲကြိုးမပါဘဲ အဖျား၌ ဘုကလေးတပ်ပြီးလျှင် ထိုဘုကို ခြေဖျားဖြင့်ညှပ်၍ စီးရသော သစ်သားဖိနပ် (ခုံဖိနပ်) ကို “ပါဒုက = ခြေနင်း” ဟုခေါ်၏။ ထိုဖိနပ်မှ ကြွင်းသော သဲကြိုးတပ် နောက်ပိတ်ဖိနပ် စသော ဖိနပ်များကို “ဥပါဟနဖိနပ်” ဟုခေါ်၏။
နံပါတ်(၁၅) သိက္ခာပုဒ်၌ သောက်၍ သုံး၍ ဖြစ်လောက်သော ရေတွင်း၊ ရေကန်စသော ရေထဲ၌ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေးတို့ မစွန့်ကောင်း။ မြစ်ကြီး၊ ချောင်းကြီးတို့၌ကား စွန့်သည့်အတွက် ရေမပျက်သောကြောင့် လည်းကောင်း၊ လှေ သင်္ဘောသွားစဉ် ရေလွတ်သော ကုန်းနေရာကို မရသောကြောင့် လည်းကောင်း စွန့်ကောင်းပါ၏။
အထက်ပါ တရားမဟောကောင်းသော သိက္ခာပုဒ် (၁၆)ပုဒ်တို့၌ ‘တရား’ ဆိုသည်မှာ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက်လာသော ပါဠိစကားဖြင့် ဟောခြင်းကိုသာ တားမြစ်သည်။ အခြားဘာသာစကားဖြင့် ဟောခြင်းကိုကား မတားမြစ်ပါ။
ခန္ဓကဝတ် ၁၄ ပါး
ခန္ဓကဝတ် ၁၄ ပါး
၁။ အာဂန္တုကဝတ္ထဉ္စ
အာရာမ်အတွင်းသို့ မဝင်မီ ဖိနပ်ချွတ်ခြင်း၊ ထီး ရုပ်ခြင်း၊ ဦးခေါင်းခြုံကို ဖွင့်ခြင်း၊ ဦးခေါင်း၌တင်အပ်သော သင်္ကန်းကို ပခုံးသို့ ချခြင်း၊ အာဝါသိက ရဟန်းကြီးကို ရှိခိုးခြင်းစသော အာဂန္တုက ရဟန်းသာမဏေတို့ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။သူတစ်ပါးတို့၏ ကျောင်းတိုက်သို့ ခေတ္တခဏသွားသော ရဟန်းသာမဏေကို “အာဂန္တုဧည့်သည်” ဟု ခေါ်သည်။
၂။ အာဝါသိကဝတ္ထဉ္စ
အာဂန္တုကရဟန်းကြီးကို မြင်လျှင် ခရီးဦးကြိုဆိုခြင်း၊ သပိတ်သင်္ကန်းကို လှမ်းယူခြင်း၊ အာဂန္တုကရဟန်းကြီးကို ရှိခိုးခြင်း၊ ခြေဆေးရေ၊ ခြေဆေးအင်ပျဉ် စသည်ကို အနီး၌ ထားခြင်းစသော အာဝါသိက ရဟန်းသာမဏေတို့ ပြုရသောဝတ် လည်းကောင်း။
မှတ်ချက်။ ။မိမိနေတဲ့ကျောင်း၌ အတော်ကြာကြာ နေသော ရဟန်းသာမဏေကို “အာဝါသိက (ကျောင်းနေပုဂ္ဂိုလ်)” ဟုဆိုသည်။
၃။ ဂမိကဝတ္ထဉ္စ
သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း၊ တံခါးမ၊ လေသာတံခါး တို့ကို ပိတ်ခြင်း၊ ပန်ပြော၍ သွားခြင်းစသော ခရီးသွားအံ့သော ရဟန်းသာမဏေတို့ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ ခရီးသွားမည့် ရဟန်းသာမဏေကို “ဂမိက” ဟု ခေါ်သည်။
၄။ အနုမောဒနဝတ္ထဉ္စ
မထေရ်ကြီး တရားဟောခြင်း၊ မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း၊ ပန်လျှောက်၍ ဟောခြင်း စသော တရားဟောရာ၌ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ကျောင်းတိုက်တွင်းမှာ ဖြစ်စေ၊ မြို့တွင်းမှာ ဖြစ်စေ ဒကာ ဒကာမများ ဝမ်းမြောက် ဝမ်းသာ ရှိအောင် တရားဟောခြင်းကို “အနုမောဒနာ ပြုခြင်း” ဟုဆိုသည်။
၅။ ဘတ္တဂ္ဂဝတ္ထဉ္စ
တရားဟောခြင်း၊ ရဟန်းကြီးကို တိုးဝှေ့၍ မနေထိုင်ခြင်း၊ ရဟန်းငယ်တို့ကို နေရာဖြင့် မတားမြစ်ခြင်း စသော ဆွမ်းစာဇရပ်၌ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ ဆွမ်းစားရာ ဌာနဖြစ်သော ကျောင်းကိုဖြစ်စေ၊ ဇရပ်ဖြစ်စေ၊ အိမ်ကိုဖြစ်စေ “ဘတ္တဂ္ဂ” ဟုဆိုသည်။
၆။ပိဏ္ဍာစာရိကဝတ္တဉ္စ
သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း၊ သပိတ်ကို ရေကျင်းခြင်း၊ ခါးပန်းကိုဖွဲ့ခြင်း၊ သင်းပိုင် ကိုယ်ဝတ်သင်္ကန်း တို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း၊ သေခိယနှင့် အညီသွားခြင်း၊ မနှေးမလျင် ရွာတွင်းသို့ဝင်ခြင်း၊ မရှည်မကြာရပ်ခြင်း စသော ဆွမ်းခံ ရဟန်းသာမဏေတို့ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ဆွမ်းခံသွားသော ရဟန်းသာမဏေများကို “ပိဏ္ဍာစာရိက” ဟုခေါ်သည်။
၇။ အာရညိကဝတ္တဉ္စ
သောက်ရေ သုံးရေ တည်ထားခြင်း၊ မီးပွတ်ခုံ ပွတ်ကျည် တောင်ဝှေးထားခြင်း၊ အရပ်လေးမျက်နှာ တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်းသာမဏေတို့ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။တောင်ကျောင်း၌ နေသော ပုဂ္ဂိုလ်ကို “အာရညိက (တောနေ) ပုဂ္ဂိုလ်” ဟုခေါ်သည်။
၈။ သေနာသနဝတ္တဉ္စ
ညောင်စောင်း အင်ပျဉ် အိပ်ရာ နေရာတို့ကို တံမြက်လှဲခြင်း စသော ကျောင်း၌ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ ကျောင်းကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း “သေနာသန” ဟု ဆိုသည်။
၉။ ဇယန္တာဃရဝတ္တဉ္စ
ပြာကိုစွန့်ခြင်း၊ တံမြက်လှည်းခြင်း စသော ချွေးဇရုံးအိမ်၌ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ ဆီးနှင့်းအားကြီး၍ အအေးများသော အရပ်ဒေသတို့၌ အအေးမိမှုစသည် မဖြစ်ရအောင် ခန္ဓာကိုယ်ကို နူးနပ်စေခြင်း အကျိုးငှာ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ်ကြရသည်။ ထိုရေချိုးအိမ် ကျောင်းငယ်ကလေးကို “ဇန္တာယရ = ဇရုံးအိမ်” ဟုလည်းကောင်း၊ “မီးတင်းကုတ်” ဟုလည်းကောင်း ဆိုသည်။
၁၀။ ဝစ္စကုဋိကဝတ္တဉ္စ
ချောင်းဟန့်ခြင်း၊ သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေးမလျင် ဝင်ခြင်း၊ သင်းပိုင်ကို ပင့်၍ မဝင်ခြင်း၊ နင်းခုံ၌ နင်းပြီးမှ သင်းပိုင်ကို ပင့်ခြင်း၊ ကြမ်းသော ကနုတံ စသည်ဖြင့် မသုတ်ခြင်း၊ သန့်သက်ရေဆေးခြင်း၊ နင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌ ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။မအပ်သော ကနုတံ (၆)မျိုး
၁။ ကွဲနေသော ကနုတံ ၂။ ကြမ်းတမ်းသော ကနုတံ ၃။ အဆစ်အဖုရှိသော ကနုတံ ၄။ ဆူးရှိသော ကနုတံ ၅။ အခေါင်းရှိသော ကနုတံ ၆။ ပုပ်ဆွေးသော ကနုတံ
ဆောင်ပုဒ်
ကွဲ-ကြမ်း-ဆစ်-ဖု၊ ဆူး-ခေါင်း-ပု၊ ကနု မအပ်ခြောက်။
၁၁။ ဥပဇ္ဈာယဝတ္တဉ္စ
နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကန်တော့တင်၍ မျက်နှာသစ်ရေ ဒန်ပူကပ်ခြင်း၊ ယာဂုဆွမ်းကပ်ခြင်း၊ သပိတ်ခွက်ဆေးခြင်း၊ ကျောင်း အိပ်ရာ နေရာကို သုတ်သင်ခြင်း၊ နေလှန်းခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ဥပဇ္ဈာယ်ဆရာ၌ တပည့်အများ ရှိရာတွင် တစ်ပါးက “ဥပဇ္ဈာယ်ဆရာ၏ ဝတ်ကြီးဝတ်ငယ်များကို တပည့်တော်ပြုပါမည်” ဟု တာဝန်ယူထားသော်လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာကိုယ်တိုင်က “ငါ့မှာ ဝတ်ပြုမည့်သူ ရှိပြီ၊ သင်တို့ ချမ်းသာစွာ နေ၍ ပရိယတ်၊ ပဋိပတ်ကို အားထုတ်ကြ” ဟု ခွင့်ပြုထားသော်လည်းကောင်း ဝတ်ကြီးဝတ်ငယ် မပြုဘဲ နေခွင့်ရသည်။ ဥပဇ္ဈာယ်ဆရာမှာ ဝတ်ပြုမည့်သူလည်း မရှိ၊ ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ခွင့်ပြုချက်လည်းမရှိပါဘဲ ဥပဇ္ဈာယ်ဆရာ၏ ဝတ်ကို မပြုသော ရဟန်းသာမဏေတို့မှာ အာပတ်သင့်ခြင်း၊ ဒဏ်ထိုက်ခြင်း ဟူသော အပြစ်ရှိသည်။
၁၂။ သဒ္ဓိဝိဟာရိကဝတ္တဉ္စ
သင်္ဂြိုဟ်ထောက်ပင့် ချီးမြှင့်ခြင်း စသည်ဖြင့် သဒ္ဓိဝိဟာရိက တပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရသော ဝတ်လည်းကောင်း။
မှတ်ချက်။ ။ ဥပဇ္ဈာယ်ယူထားသော တပည့်ကို “သဒ္ဓိဝိဟာရိက = အတူနေတပည့်” ဟု ခေါ်သည်။
၁၃။ အာစရိကဝတ္တဉ္စ
နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကန်တော့တင်၍ မျက်နှာသစ်ရေ ဒန်ပူကပ်ခြင်း၊ ယာဂုဆွမ်းကပ်ခြင်း၊ သပိတ်ခွက်ဆေးခြင်း၊ ကျောင်းအိပ်ရာ နေရာတို့ကို သုတ်သင်ခြင်း၊ နေလှန်းခြင်း၊ နေရာခင်းခြင်း စသည်ဖြင့် ဆရာလေးပါးတို့၌ တပည့်လေပါးတို့က ပြုရသော ဝတ်လည်းကောင်း။
ဆရာလေးမျိုး
၁။ ပဗ္ဗဇ္ဇာစရိယ = သရဏဂုံပေး၍ ရှင်ပြုပေးသော ဆရာ။
၂။ ဥပသမ္ပဒါစရိယ = ကမ္မဝါစာ ရွတ်ဖတ်၍ ရဟန်းရှင်ပြုပေးသော ဆရာ။
၃။ ဓမ္မာစရိယ = စာချပေးသော ဆရာ။
၄။ နိဿယာစရိယ = နိဿယည်းပေးသော ဆရာ။
၁၄။ အန္တေဝါသိကဝတ္တဉ္စ
သင်္ဂြိုဟ်ထောက်ပင့် ချီးမြှင့်ခြင်း စသည့်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရသော ဝတ်လည်းကောင်း။
တပည့်လေးပါး
၁။ ပဗ္ဗဇ္ဇန္တေဝါသိက = ရှင်ပြုပေးအပ်သော တပည့်။
၂။ ဥပသမ္ပဒန္တေဝါသိက = ပဉ္စင်းပြုပေးအပ်သော တပည့်။
၃။ ဓမ္မန္တေဝါသိက = စာချပေးအပ်သော တပည့်။
၄။ နိဿယယန္တေဝါသိက = နိဿယည်းယူနေသော တပည့်။
ဩကာသ ကန်တော့ခန်း
၁။ဩကာသ ကန်တော့ခန်း
ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာ မြတ်သုံးပါး (ဆရာသမား) တို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ (အရှင်ဘုရား)။
(ဆုပေးမည့် ပုဂ္ဂိုလ်ရှိလျှင် ဤမှာ ရပ်ပါ။ ဆုပေးမည့် ပုဂ္ဂိုလ် မရှိလျှင် အောက်ပါဆုတောင်းကို ဆက်တောင်းပါ။)
ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပတ္တိတရား(၄)ပါး၊ ဗျသနတရား(၅)ပါး၊ အနာမျိုး(၉၆)၊ မိစ္ဆာဒိဋ္ဌိ(၆၂)ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
မှတ်ချက်။ ။ဤကန်တော့ခန်း၌ (ဆရာသမား) ဟူသော ဤအမှာစကားမှာ ဆရာသမားတို့ကို ကန်တော့သောအခါ၌ ထည့်ဆိုရန် ဖြစ်သည်။ မိခင်၊ဖခင် စသည်တို့ကို ကန်တော့သောအခါများ၌မူကား မိခင်၊ ဖခင်၊ အဘိုး၊ အဘွား၊ ဦးကြီး၊ အရီး၊ အဒေါ် စသည့်ဖြင့်ဆိုင်ရာ ဆိုင်ရာတို့ကို လဲလှယ်ထည့်သွင်း၍ ဆိုရမည်။ (အရှင်ဘုရား) ဟူသော စကားမှာလည်း ရတနာသုံးပါး၊ ရဟန်း၊ သံဃာတို့ကို ကန်တော့သောအခါ၌သာ ဆိုရန်ဖြစ်သည်။
၂။ ဩကာသ ကန်တော့ခန်း၏ အဓိပ္ပာယ်အဖွင့်
“ဩကာသ” ဟူသော စကားသည် “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသော စကားဖြစ်သည်။ ပိုမို၍ လေးနက်စေရန် သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်သည်။
ကံသုံးပါး
ကိုယ်ဖြင့်ပြုအပ်သော အမှုကို ကာယကံဟု ခေါ်သည်။ နှုတ်ဖြင့် ပြုအပ်သော အမှုကို ဝစီကံ ဟုခေါ်သည်။ စိတ်ဖြင့် ပြုအပ်သော အမှုကို မနောကံဟု ခေါ်သည်။ ယင်း ကံသုံးပါးတို့တွင် ကာယကံသည် ကောင်းသည့်အမှုကိစ္စကို ပြုလုပ်သော ကာယကံ၊ မကောင်းသည့် အမှုကိစ္စကို ပြုလုပ်သော ကာယကံအားဖြင့် ၂ပါး အပြားရှိ၏။
ဝစီကံသည်လည်း ကောင်းသည့် အမှုကိစ္စကို ပြောဆိုသော ဝစီကံ၊ မကောင်းသည့် အမှုကိစ္စကို ပြောဆိုသော ဝစီကံအားဖြင့် ၂ပါးအပြား ရှိ၏။
မနောကံသည်လည်း ကောင်းသည့် အမှုကိစ္စကို ကြံစည်သော မနောကံ၊ မကောင်းသည့် အမှုကိစ္စကို ကြံစည်သော မနောကံအားဖြင့် ၂ပါးပင် အပြားရှိ၏။
ယင်းသို့လျှင် ကံသုံးပါးမှာ ကောင်းသော ကံ၊ မကောင်းသော ကံအားဖြင့် ၂ပါးစီ ပြားသောကြောင့် ခြောက်ပါးရသော်လည်း မကောင်းသော ပြုမှု၊ ပြောမှု၊ ကြံမှု တို့ကိုသာ ဤ၌ အပြစ်ဟု ဆိုလိုသည်။
ပထမပိုင်း ရည်ရွယ်ချက်
ထိုတွင် ကောင်းသော ကံကြောင့် ကောင်းကျိုးကို ခံစားရသကဲ့သို့ မကောင်းသော ကံကြောင့် ဆိုးပြစ်ကို ခံရမည်ဖြစ်ရာ အကယ်၍ မကောင်းသော အပြု၊ အပြောနှင့် အကြံအစည်များကို ပြုလုပ်၊ ပြောဆို၊ ကြံစည်သောအားဖြင့် ပြစ်မှားခဲ့မိဖူးပါလျှင် ရှိခိုးခြင်းတည်းဟူသော ဤကောင်းမှုကံကြောင့် ဆိုးပြစ်ခပ်သိမ်း ပပျောက်ငြိမ်းရပါလို၏ဟု ရှိခိုးသော ပုဂ္ဂိုလ်၏ ပထမရည်ရွယ်ချက်ကို ပြဆိုထားသည်။
ဒုတိယပိုင်း ရည်ရွယ်ချက်
ထို့ပြင် ဤဘဝတွင် အသက်ရှည်ခြင်း၊ အနာကင်းခြင်း အစရှိသော အကျိုးထူးတို့ကို ရရှိခံစားရ၍ နောင်တမလွန် ဘဝတွင်လည်း အပါယ်လေးပါး အစရှိသည်တို့မှ ကင်းလွတ်ရပါလို၏ဟု ရှိခိုးသော ပုဂ္ဂိုလ်၏ ဒုတိယရည်ရွယ်ချက်ကို ပြဆိုထားသည်။ ဤသို့လျှင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ကန်တော့သောပုဂ္ဂိုလ်၏ ရည်ရွယ်ချက်ကို ဤဩကာသ ကန်တော့ခန်း၌ အပြည့်အစုံ ဖော်ပြထားပေသည်။
အပါယ် ၄ ပါး
အပါယ်ဟူသော စကားသည် “အပါယ” ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာစကား ဖြစ်သည်။ ကြီးပွားချမ်းသာမှု ကင်းရာဖြစ်သော အရပ်ကို အပါယ်ဟု ခေါ်သည်။ ယင်းအပါယ်သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ် အားဖြင့် ၄ ပါးရှိသည်။
ထိုတွင် ငရဲသည် ဤကမ္ဘာမြေကြီးထဲ၌ ငရဲသတ္တဝါများအတွက် ဥမင်လိုဏ်ကြီးသဖွယ် ဖြစ်လျက် တည်ရှိနေသည်။
လူမှတပါးသော မျက်မြင်ကုန်းသတ္တဝါ၊ ရေသတ္တဝါ အပေါင်းကို တိရစ္ဆာန်ဟု ခေါ်သည်။
လူ့ပြည်လောကဟု ဆိုရသော ဤကမ္ဘာမြေပြင်မှာပင် တော၊ ချုံ၊ ချောင်း၊ မြောင်း၊ တောင်စောင်း၊ လိုဏ်ဂူ စသည်တို့ကို မှီခို၍ စားဝတ်နေရေး မပြည့်စုံဘဲ အငတ်ငတ် အပြတ်ပြတ် နေရသော သတ္တဝါတစ်မျိုးကို ပြိတ္တာဟု ခေါ်သည်။ ၎င်းတို့ကို လူတို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်။
ဘုံဗိမာန်သီးခြားမရှိဘဲ အစာရေစာ ငတ်ပြတ်၍ နေရသော အောက်တန်းစား နတ်တစ်မျိုးကို ဝိနိပါတိက အသုရာဟု ခေါ်သည်။ တစ်ခါတစ်ရံ ၎င်းတို့က လူတို့ကိုလည်း ခြောက်လှန့်တတ်သေး၏။ ထိုအသုရာတို့တွင် အောက်တန်းအကျဆုံးသော ကာလကဉ္စိက အသုရာတို့သည် ကိုယ်ကောင်းကြီး ၃ဝါဂုတ် အထိရှိနေသော်လည်း ပါးစပ်မှာ အပ်နဖား ပေါက်လောက်မျှသာ ရှိသဖြင့် တစ်သက်ပတ်လုံး အစာရေစာ အငတ်ငတ် အပြတ်ပြတ်နှင့် နေရသည်။ ပြိတ္တာတို့သည် အသုရာတို့နှင့် သမီးပေးခြင်း၊ သမီးယူခြင်း ရှိသဖြင့် ရပ်ပြစ်ရှစ်ပါးကို ရေတွက်ရာ၌ အသုရကာယ်ကို ပြိတ္တာထဲ၌ သွင်းယူရသည်။
ကပ် ၃ ပါး
“ကပ်” ဟူသော စကားသည် “ကပ္ပ” ဟူသော ပါဠိစကားမှ ဆင်းသက်လာသော ပါဠိသက် မြန်မာစကား ဖြစ်သည်။ ကမ္ဘာမပျက်မီ အကြား၌ အသေဆိုးနှင့် သေကြေပျက်စီးရသော ခေတ်ကာလကို ဤ၌ “ကပ်” ဟုခေါ်သည်။
ယင်းကပ်သည် -
(၁) သတ္ထန္တရကပ် - တုတ်၊ ဓား၊ သေနတ် စသော လက်နက်ကြောင့် ပျက်စီးရသော ခေတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ဝမ်းရောဂါ စသော ရောဂါဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
(၃) ဒုမ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေ ပျက်စီးရသော ခေတ်ကာလဟု သုံးမျိုး ရှိသည်။
ရပ်ပြစ် ၈ ပါး
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ရရန် အားထုတ်ခွင့် မရှိသော အရပ်ကို “ရပ်ပြစ်” ဟုခေါ်သည်။
ဆောင်ပုဒ်
ဘုရားပွင့်ခါ၊ ပါယ်သုံးရွာနှင့် ဒီဃာယနတ်၊ ဖြစ်လတ်ပစ္စန်၊ မိစ္ဆာဉာဏ်ရှိ၊ ဉာဏ်မရှိသား၊ ဉာဏ်ရှိငြားလည်း၊ ဘုရားမဖြစ်၊ ကျမ်းငန်လှစ်သည်၊ ရပ်ပြစ်ရှစ်ပါး သရုပ်တည်း။
ရန်သူမျိုး ၅ ပါး
(၁) ရေ၊ (၂) မီး၊ (၃) သူခိုး၊ (၄) အမွေခံ သားသမီးဆိုး၊ (၅) မင်းဆိုး တို့တည်း။
ဆောင်ပုဒ်
ရေ၊ မီး၊ သူခိုး၊ မွေခံဆိုး နှင့်၊ မင်းဆိုးအပြား၊ ဤငါးပါး၊ မှတ်သား ရန်သူတည်း။
(သံ ၁/၉၁)
ဝိပတ္တိတရား ၄ ပါး
ဖောက်ပြန်ချို့ယွင်း ပျက်စီးခြင်းကို “ဝိပတ္တိ” ဟုခေါ်သည်။ ယင်းသည်ကား -
၁။ ကာလဝိပတ္တိ - မင်းဆိုးမင်းယုတ် အုပ်ချုပ်သော ကာလ။
၂။ ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
၃။ ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါဟူသော ဥပဓိချို့တဲ့ခြင်း။
၄။ ပယောဂဝိပတ္တိ - (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟု ခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း (ကုသလ ကမ္မပထတရားများ ချို့တဲ့ခြင်း) ဤလေးပါးပင် ဖြစ်သည်။
(အဘိ - ဋ္ဌ - ၂-၄၂၂)
ဆောင်ပုဒ်
ကာလ ဂတိ၊ ဥပဓိမဲ့ထ၊ ပယောဂ၊ လေးဝ ဝိပတ္တိ။
ဗျသနတရား ၅ ပါး
ပျက်စီးဆုံးရှုံးခြင်းကို “ဗျသန” ဟု ခေါ်သည်။
ယင်းသည်လည်း . . . . .
၁။ ဉာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း၊
၂။ ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊
၃။ ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း၊
၄။ သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း၊
၅။ ဒိဋ္ဌိဗျသန - အယူ ပျက်စီးခြင်း (အယူမှားခြင်း) တို့အားဖြင့် ငါးပါး ရှိသည်။
(ဒီ ၃-၁၉၆)
ဆောင်ပုဒ်
ဆွေပျက်မျိုးပျက်၊ ဥစ္စာပျက်နှင့်၊ ဖြစ်လျက်ရောဂါ၊ မိစ္ဆာယူငြား၊ ကျင့်ပျက်ငြား၊ ငါးပါးဗျသန။
မဂ်တရား၊ ဖိုလ်တရား
မဂ်တရားသည် ၁။သောတာပတ္တိမဂ်
၂။သကဒါဂါမိမဂ်
၃။အနာဂါမိမဂ်
၄။အရယတ္တမဂ်
အားဖြင့် လေးပါးအပြား ရှိ၏။
ဖိုလ်တရားသည်လည်း ၁။သောတာပတ္တိဖိုလ်
၂။သကဒါဂါမိဖိုလ်
၃။အနာဂါမိဖိုလ်
၄။အရဟတ္တဖိုလ်
အားဖြင့် လေးပါးအပြားရှိ၏။
နိဗ္ဗာန်တရား
နိဗ္ဗာန်ဟူသည် နိဗ္ဗာန ဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် မြန်မာစကား ဖြစ်သည်။
ငြိမ်းချမ်းခြင်းကို နိဗ္ဗာန် ဟုခေါ်သည်။
ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်းကင်းငြိမ်းခြင်းကို “နိဗ္ဗာန်” ဟုခေါ်သည်။
ဂုဏ်တော် (၉)ပါး ဘုရားရှိခိုး
ဂုဏ်တော် (၉)ပါး ဘုရားရှိခိုး
ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသ ဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ။
၁။(က) အရဟံ - လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိ ဉာဏဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပေသော မြတ်စွာဘုရား။
၁။(ခ) အရဟံ - ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေစင်ကြယ်တော် မူပေသော မြတ်စွာဘုရား။
၁။(ဂ) အရ-ဟံ - လောဘ၊ ဒေါသ၊ မောဟ အစရှိသော ကိလေသာရန်သူတို့ကို ပယ်တော်မူပြီးသော မြတ်စွာဘုရား။
၁။(ဃ) အရ-ဟံ - သံသရာစက်၏ ထောက်အကန့်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။
၁။(င) အ-ရဟံ - မျက်မှောက်မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော်မူသော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါး ခပ်သိမ်းသော တရားတို့ကို သူတစ်ပါးအထံ နည်းမခံဘဲ ကိုယ်ပိုင်ဉာဏ်အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူပေသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာမည်သော ဉာဏ်ထူးသုံးပါး၊ ဉာဏ်ထူးရှစ်ပါး၊ စရဏမည်သော အခြေခံ အကျင့်တရား ၁၅ပါးတို့နှင့် ပြည့်စုံတော် မူပေသော မြတ်စွာဘုရား။
၄။(က) သုဂတော - သတ္တဝါတို့အား အကျိုးများကြောင်း ဟုတ်မှန်သော စကားကောင်းကိုသာ မြွက်ဆိုတော် မူတတ်ပေသော မြတ်စွာဘုရား။
၄။(ခ) သုဂတော - မဂ္ဂင်ရှစ်ဖြာ တင့်တယ်သော အမူအရာဖြင့် ကောင်းစွာ သွားခြင်း၊ ကောင်းစွာ ဖြစ်ခြင်း ရှိတော်မူပေသော မြတ်စွာဘုရား။
၅။ လောကဝိဒူ - လောက၏ အကြောင်းအရာ အလုံးစုံကို အကုန်အစင် သိမြင်တော် မူပေသော မြတ်စွာဘုရား။
၆။(က) အနုတ္တရော - အမြင့်မြတ်ဆုံးသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဉာဏဒဿနဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် လောကဓာတ်အလုံး၌ အမြင့်မြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၆။(ခ) ပုရိသဒမ္မသာရထိ - ယဉ်ကျေးလိမ္မာ ပညာအသိ မရှိကြသေး၊ မပြည့်ဝသေး၍ ဆုံးမပေးထိုက်သော ပုဂ္ဂိုလ်တို့အား ယဉ်ကျေးလိမ်မ္မာ ပညာပြည့်ဝ အချိုးကျအောင် ဆုံးမသွန်သင်တော်မူပေသော မြတ်စွာဘုရား။
၆။(ဂ) အနုတ္တရော ပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၇။ သတ္ထာ ဒေဝမနုဿာနံ - ချမ်းသာရကြောင်း လမ်းကောင်းညွှန်ပြ ဆုံးမတော်မူတတ်၍ လူ နတ် တို့၏ ဆရာမြတ်အစစ် ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ - တရားအလုံးစုံကို အကုန် သိမြင်တော်မူပေသော မြတ်စွာဘုရား။
၉။ ဘဂဝါ - ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်၊ ဆယ်ပါးသော ဂုဏ်တော်၊ အနန္တဂုဏ်တော်၊ ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ မြတ်စွာဘုရား။
(မဟာစည် ဝတ်ရွတ်စဉ် - ၂၉)
ဂုဏ်တော် (၆)ပါး တရားရှိခိုး
ဂုဏ်တော် (၆)ပါး တရားရှိခိုး
သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
ဘဂဝတာ - မြတ်စွာဘုရားသခင်သည်၊ သွာက္ခာတော - ဟောကြားအပ်သော၊ ဓမ္မော - တရားတော်သည် . . .
၁။ သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောကြားတော်မူအပ်သော တရားတော်မြတ် ပေတကား။
၂။ သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေတကား။
၃။ အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ချင်း အကျိုးပေးတတ်သော တရားတော်မြတ်ပါပေတကား။
၄။ ဧဟိပဿိကော - “လာပါ၊ ကြည့်လှည့်ပါ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်မြတ်ပါပေတကား။
၅။ ဩပနေယျိကော - မိမိသန္တန်၌ တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတကား။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - တရားမြင်သိ ပညာရှိရှစ်ပါး အရိယာများသာလျှင် ကိုယ့်တရားနှင့် ကိုယ်အသီးသီး သိမြင်ခံစားရသော တရားတော်မြတ်ပါပေတကား။
သွာက္ခာတ အစရှိသော ဂုဏ်တော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မဂ်၄ပါး၊ ဖိုလ်၄ပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ၁၀ပါးသော တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
(မဟာစည် ဝတ်ရွတ်စဉ် - ၃၂)
ဂုဏ်တော် (၉)ပါး သံဃာတော်ရှိခိုး
ဂုဏ်တော် (၉)ပါး သံဃာတော်ရှိခိုး
သုပ္ပဋိန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသ ပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
ဘဂဝတော - မြတ်စွာဘုရား၏၊ သာဝကသံဃော တပည့်သားအပါင်း သံဃာတော်သည် . . .
၁။ သုပ္ပဋိပန္နော - လောဘ၊ ဒေါသ၊ မောဟ ကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို ကောင်းစွာ ကျင့်တော်မူသော သံဃာတော်မြတ် ပါပေတကား။
၂။ ဥဇုပ္ပဋိပန္နော - ကိုယ်၊ နှုတ်၊ စိတ်ထား အကောက်သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
၃။ ဉာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာ ကျင့်တော်မူသော သံဃာတော်မြတ်ပါပေတကား။
၄။ သာမိစိပ္ပဋိပန္နော - သူများက ပြုသည့် ရိုသေမှုနှင့် သင့်တင့် ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်မြတ်ပါပေတကား။
၅။ အာဟုနေယျော - အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူပူဇော်ထိုက်၊ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
၆။ ပါဟုနေယျော - ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုသော်လည်း ပေးလှူပူဇော်ထိုက်၊ ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
၇။ ဒက္ခိဏေယျော - နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါပေတကား။
၈။ အဉ္ဇလိကရဏီယော - ကောင်းကျိုးချမ်းသာ မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုးလျက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်မြတ်ပါပေတကား။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ - ကောင်းမှုမျိုးကို စိုက်ပျိုးရန် အလို့ငှာ သတ္တဝါအပေါင်းတို့၏ အကောင်းဆုံး လယ်ယာမြေ ဖြစ်တော်မူသော သံဃာတော်မြတ်ပါပေတကား။
သုပ္ပဋိပန္န အစရှိသော ဤကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးပါး၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးပါးအားဖြင့် ရှစ်ပါးသော အရိယာပုဂ္ဂိုလ်အပေါင်း သံဃာတော်မြတ်နှင့်တကွ သမ္မုတိ သံဃာတော်မြတ်အပေါင်းကို ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
(မဟာစည်ဝတ်ရွတ်စဉ် - ၃၃)
ဩဝါဒများ
ဤကျောင်းတိုက်၌
၁။ စိတ်ကောင်းရှိဖို့က ပထမ။
၂။ ဝိနည်းလေးစားဖို့က ဒုတိယ။
၃။ ကျန်းမာဖို့က တတိယ။
၄။ သန့်ရှင်းဖို့က စတုတ္ထ။
၅။ အဝတ်အစားတတ်ဖို့က ပဉ္စမ။
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ။
၇။ အပြောအဆိုတတ်ဖို့က သတ္တမ။
၈။ အသွားအလာတတ်ဖို့က အဋ္ဌမ။
၉။ စည်းကမ်းလိုက်နာဖို့က နဝမ။
၁၀။ စာတတ်ဖို့က ဒသမ။
မဟာဂန္ဓာရုံဆရာတော်ကြီး
ပျံတော်မူခါနီး ရေးသားအပ်သော
မဟာဂန္ဓာရုံဆရာတော်၏ သံဝေဂလင်္ကာ (၁၀)ပုဒ်
၁။ ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးတယ်။
၂။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်။
၃။ ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်။
၄။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
၆။ ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင်၊ ကိုယ်ထည်းလောင်၊ သေအောင်မြိှုက်တော့သည်။
၈။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်သည်။
၉။ ဒါန၊ သီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။
သတိထား
ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ လူနုံ လူမွဲ လူဆင်းရဲ ရှိတယ်။ သေရဦးမယ်၊ သတိထား။
မေတ္တာပို့ အမျှဝေ
မေတ္တာဘာဝနာ
အရပ် (၁၀)မျက်နှာ မေတ္တာပို့
၁။ အရှေ့အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၂။ အရှေ့တောင်ထောင့်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၃။ တောင်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၄။ အနောက်တောင်ထောင့်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၅။ အနောက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၆။ အနောက်မြောက်ထောင့်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၇။မြောက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၈။ အရှေ့မြောက်ထောင့်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၉။ အထက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
၁၀။ အောက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ကြပါစေ။
အမျှဝေ
ဤကုသိုလ်အဖို့ကို မိဘဆရာ၊ သံဃာတော်အပေါင်း၊ ဒါယကာ၊ ဒါယိကာမ အပေါင်း၊ နတ်အပေါင်းနှင့် တကွ သတ္တဝါဟူသမျှတို့အား အမျှပေးဝေပါ၏။ အမျှ ရကြပါစေသတည်း။
သာဓု ….. သာဓု ….. သာဓု။