ဗုဒ္ဓဘာသာတရားတော် (အခြေခံအဆင့်) မှ ကန်တော့ချိုး
ဩကာသ ဩကာသ ဩကာသ ... ကာယကံ ဝစီကံ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
သာသနာရေးဝန်ကြီးဌာန
မဟာစည်ဆရာတော်ကြီး၏ ဩကာသ ကန်တော့ချိုး
ဩကာသ ဩကာသ ဩကာသ ... ကာယကံ ဝစီကံ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ, ဆရာသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
မိုးကုတ်ဆရာတော်၏ ဩကာသ ကန်တော့ချိုး
ဩကာသ ဩကာသ ဩကာသ ... ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ဝိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
အများသုံး ဩကာသ ကန်တော့ချိုး
ဩကာသ ဩကာသ ဩကာသ ... ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, ဘေး ၂၅-ပါး, ကံကြမ္မာ ၃၂-ပါး, ဥပဒ္ဒဝေါ ၁၆-ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ ဘဝဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။