မိတ်ဆွေဖွဲ့ခြင်း
ပြဿနာ = ယုတ်၊ လတ်၊ မြတ်။
မေးလျှောက်သူ = အနာထပိဏ်သူဌေး။
ဒဂုန် ဦးစန်းငွေ
ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ
ဒဂုန် ဦးစန်းငွေ
ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ
အကယ်၍ ဗုဒ္ဓဝင်ကို အပြည့်အစုံ ရုပ်ရှင်ရိုက်ကူး၍ ပြခဲ့သော် အနာထပိဏ်သူဌေးသည် ကဏ္ဍတစ်ခုတွင် ဗုဒ္ဓနှင့် ပူးတွဲ၍ ပါလာရမည်မှာ သေချာ၏။အဘယ်ကြောင့်ဆိုသော် ဂေါတမရှင်တော်ဘုရား လက်ထက်တော်၌ အကျော်ဇေယျ ပုဂ္ဂိုလ်ကြီးများအနက် -
(၁) ရဟန်းပိုင်းမှဆိုလျှင် - အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်သီဝလိ၊ အရှင်ဥပါလိ တို့သည် ထင်ရှားကုန်၏။
(၂) မင်းပိုင်းမှဆိုလျှင် - ပေဿနဒီကောသလမင်း၊ ဗိမ္ဗိသာရမင်း၊ သာကီဝင်မင်းတို့သည် အထူးထင်ပေါ်ကုန်၏။
(၃) သူဌေးပိုင်းမှဆိုလျှင် - အနာထပိဏ်သူဌေး၊ ဇောတိက၊ ဇဋိလ၊ ဓနဉ္စယ တို့သည် အကျော်အမော် သူဌေးကြီးများ ဖြစ်သောကြောင့်ပေတည်း။
ဗုဒ္ဓလက်ထက်တော်က ထိုသူဌေးကြီးများတွင်လည်း အနာထပိဏ်သူဌေးကား ဟိုးလေးတကျော် ဖြစ်လေသည်။ သူ၏ကျော်ကြားခြင်းကား အခြားသူဌေးများ ကျော်နည်းကားနှင့်မတူ။ ဗုဒ္ဓမြတ်ဘုရားနှင့် ဆရာရင်း၊ ဒကာရင်း လက်ပွန်းတတီး ရင်းနှီးသောကြောင့် တစ်ကြောင်း၊ ၎င်းပြင် အသပြာငွေပေါင်း ၄၅-ကုဋေ အကုန်အကျခံ၍ ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လျက် လှှုးဒါန်းလေသဖြင့် ကျောင်းဒကာကြီး တစ်ဦးအနေဖြင့် တစ်ကြောင်း အထူးကျော်ကြားခြင်း ဖြစ်လေသည်။ထို့ထက်ထင်ရှားသော အကြောင်းတစ်ခု ရှိသေး၏။ ယင်းအကြောင်းသည်ကား သူလို ဧရာမသူဌေးကြီး တစ်ဦးအဖို့ အဆမတန် ထူးခြားစေသော အပေါင်းအသင်းကောင်းခြင်း အကြောင်းတစ်ရပ် ဖြစ်သတည်း။
အနာထပိဏ် = ဤမည်သောသူ၏ အမည်နာမကပင် သူ့ဘဝကို ဖော်ပြနေပေ၏။ ဖြူ၍ မိဖြူ၊ လှ၍ မိလှ၊ ကောင်း၍ ဖိုးကောင်း၊ အမည်နာမ မှည့်ခေါ်ကြသကဲ့သို့တည်း။
သူ့အမည်နာမနှင့် သူ့ဘဝ အဘယ်သို့ စပ်ဟပ်လေသနည်း ဆိုသော် သူ၏ အနာထပိဏ် ဟူသော အမည်နာမကို သရုပ်ခွဲ ချလိုက်သောအခါ -
အ + နာထ + ပိဏ္ဍိက - ဖြစ်သော ဟူ၏။
အ = မ ၊ မရှိ၊ မဟုတ်၊ မမှန် စသည်။
နာထ = ကိုးကွယ်ရာ၊ အားထားမှီခိုရာ။
ပိဏ္ဍိက = ထမင်းခဲ၊ ရွှေငွေ၊ အတုံးအခဲ။
နာထ = ကိုးကွယ်အားထားရာ ဟူသော အနက်ကို အ-သဒ္ဒါနှင့် ပေါင်းလိုက်သော အခါ အနာထ ဖြစ်လာသည်။ ယင်း၏ အနက်ကား အားထားရာမဲ့၊ ကိုးကွယ်ရာမဲ့၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသော သူများ ဟူသော အဓိပ္ပာယ်ကို ဆောင်၏။
ပိဏ္ဍက မှ ပိဏ် ဟူ၍ ဖြစ်လာ၏။ ယင်း၏ အနက်ကား အစိုင်အခဲ ဖြစ်သော ထမင်းခဲ၊ ရွှေခဲ စသည်တို့ကို ကောက်ယူနိုင်ပေသည်။ ယင်း အ၊ နာ၊ ထ၊ ပိဏ္ဍက ဟူသော စကားသုံးလုံးကို စုရုံးတွဲစပ်ရာမှ အနာထပိဏ် ဖြစ်လာသော စကားလုံး၏ အဓိပ္ပာယ်မှာ ကိုးကွယ်အားထားရာ မဲ့နေသော မရှိနွမ်းပါး ဆင်းရဲသားများအား ထမင်းခဲ၊ ရွှေခဲ၊ ငွေခဲ စသည်ကို ပေးကမ်း စွန့်ကြဲလေ့ရှိသော သူဌေးဟု ဆိုလိုသည်။အနာထပိဏ်သူဌေးသည် ဆိုခဲ့သောအတိုင်း သူ၏အမည်နာမနှင့် လိုက်အောင် ဆင်းရဲသားများအား သနားတတ်သူ ဖြစ်သည့်အားလျော်စွာ ရွှေတန်လျှင် ရွှေ၊ ငွေတန်လျှင် ငွေ၊ စပါး ဆန်ရေ အစားအစာ တန်လျှင် အစားအစာ၊ အဝတ်တန်လျှင် အဝတ်အထည် ပေးကမ်းလေ့ ရှိသောကြောင့် သူ့အား ဆင်းရဲသားများက ဝိုင်း၍ ချစ်ခင်ကြ၊ မြတ်နိုးကြ၊ ရိုသေလေးစား ကြသည်။
ဤသို့အားဖြင့် အနာထပိဏ်ကား ငါသူဌေး ဟူသော မာန်မာန ဝင့်ဝါခြင်း မရှိ။ အယုတ်၊ အလတ်၊ အမြတ် မရွေး ဆင်းရဲ ချမ်းသာ မရွေး ရောနှော ပေါင်းသင်း လေ့ရှိ၏။ ဆင်းရဲသားများနှင့် ချစ်ကျွမ်းတဝင် ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်မှု များသောကြောင့် ဆင်းရဲသားနှင့် သူဌေး ရွေးမရအောင်ပင် ဖြစ်သည်။အနာထပိဏ်သူဌေးသည် ဘဝကို ပုံစံမှန်မှန်၊ သဘဝကျကျ တွက်တတ်သူလည်း ဖြစ်သည်။ သူ့ဘဝတွင် လူတန်းစား ခွဲခြားမှု မရှိ။ အဆင်းအတန်း မတူဟူ၍ လူတန်းစား ခွဲခြားမှုကို မလိုလား၊ များစွာ စက်ဆုပ်ရွံမုန်းသူ ဖြစ်လေသည်။ထို့ကြောင့် အနာထပိဏ်သည် ပေါင်းသင်းဆက်ဆံရေး၌ အယုတ်၊ အလတ်၊ အမြတ် မရွေး အားလုံးနှင့် သင့်တင့်ရောနှော ဆက်ဆံမှုဖြင့် ဘဝသာယာမှုကို ရှာကြံ၍နေသူ ဖြစ်သည်။ဤသို့ ဆင်းရဲချမ်းသာ မရွေး၊ အပေါင်းအသင်း ဝင်ဆံ့သည်ကို အခြားသူဌေးများနှင့် သူ၏ဆွေမျိုး လူကုံထံ အထက်လွှာ အသိုင်းအဝိုင်းက ဆင်းရဲသားများနှင့် ဖက်လဲတကင်း ရောရောနှောနှော ဆက်ဆံမှုပြုခြင်းသည် မိမိတို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါသည် ဟူ၍ အနာထပိဏ်အား ထိုသို့ ဆက်ဆံခြင်း မပြုရန် ဟန့်တား ပိတ်ပင်ကြလေသည်။
သို့သော် အနာထပိဏ်သူဌေးက တွက်ဆသည်ကား ဆင်းရဲသား အလုပ်သမားများ ရှိသောကြောင့်သာ အလုပ်တွင်ကျယ်သည်။ အလုပ်တွင်ကျယ်သည်ကို အကြောင်းပြု၍ တို့မှာ စီးပွားဥစ္စာ တိုးတက်သည်။ တစ်ဖန် တို့က အလုပ်ပေးနိုင်သောကြောင့် ဆင်းရဲသားများ အလုပ်အကိုင်ရှိပြီး ထိုက်သင့်သောလုပ်ခကို ရကြသည်။ ရသောကြောင့်လည်း သူတို့ဘဝ စားဝတ်နေမှု ဖူလုံကြသည်။ အလုပ်ရှင်နှင့် အလုပ်သမားသည် စင်စစ် ကျေးဇူးခံ ကျေးဇူးစား၊ တစ်အိတ်တည်းရွှေ၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား၊ ခွဲခြားခြင်း မပြုထိုက်ဟု ယူဆကာ တားမြစ်ကန့်ကွက်သူတို့၏ စကားကို ပယ်လျက် ဆင်းရဲသားများနှင့် ပေါင်းမြဲပင် ပေါင်းသင်းနေလေ၏။သို့သော် အနာထပိဏ်သူဌေးသည် ထိုပြဿနာအတွက် မတင်မကျ ဘဝင်မရှင်းဘဲ ဖြစ်နေ၏။ သူဌေးဖြစ်သောကြောင့် ဆင်းရဲသား လူတန်းစားနှင့် အပေါင်းအသင်း မပြုရတော့ပြီလော။ ဤအတွေးက သူ့ဦးနှောက်ကို အချိန်ရသရွေ့ ဖောက်ဖောက်နေသောကြောင့် တစ်နေ့သောအခါတွင် သူသည် ဇေတဝန်ကျောင်းတော်သို့ သွားလေသည်။ ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားအား ဤသို့ လျှောက်ထား မေးမြန်းခြင်း ပြုလေတော့သည်။
မေး။ ဘုန်းတော်ကြီးလှသော မြတ်စွာဘုရား၊ တပည့်တော်သည် ဆင်းရဲ ချမ်းသာမရွေး အညီအမျှ ပေါင်းသင်းဆက်ဆံခြင်း ပြုသည်ကို အချို့တို့က မလိုလားကြပါ၊ မနှစ်သက်ကြပါ။ အဆင့်အတန်းချင်း မတူသူနှင့် ပေါင်းသင်းရမည်လား ဟူ၍ အပြစ်တင်လာကြရုံမက ထိုသို့ သူဌေးနှင့် ဆင်းရဲသား တန်းတူထား၍ ပေါင်းသင်းခြင်း မပြုရန်ကိုပင် ပိတ်ပင်တားမြစ် ကြပါကုန်သည်။ သူဌေးဖြစ်သဖြင့် လူကို အဆင့်အတန်း ခွဲခြား၍ ပေါင်းသင်းအပ်ပါသလား၊ သို့မဟုတ် အဆင့်အတန်း မခွဲခြားဘဲ ပေါင်းအပ်ပါသလား ဘုရား။
ဖြေ။ အို-အနာထပိဏ်၊ အပေါင်းအသင်း အဆွေခင်ပွန်း မည်သည် ငယ်၏ မဟူ၊ နိမ့်ကျ၏ မဟူ ဖွဲ့အပ်၏။ ပေါင်းသင်းထိုက်၏။ အဆွေခင်ပွန်း ဖွဲ့ကြရာ၌ မိတ်ဝတ်ဆွေဝတ် မပျက်ရအောင် စောင့်ရှောက်ခြင်းငှာ စွမ်းနိုင်သော အဖြစ်သည်သာလျှင် ပဓာနဖြစ်၏။ အဆွေခင်ပွန်း မည်သည်ကို ကိုယ်နှင့်တန်းတူ ဖြစ်စေ၊ ကိုယ့်အောက် ယုတ်နိမ့်သည် ဖြစ်စေ၊ ကိုယ့်ထက် မြတ်သည်ဖြစ်စေ ဖွဲ့အပ်၏။
အယုတ်၊ အလတ်၊ အမြတ် ဖြစ်ကုန်သော ထိုအဆွေခင်ပွန်း တို့သည်လည်း မိတ်ကောင်းတို့ ပြုကျင့်ရာသော ကျင့်ဝတ်ကို မချွတ်မယွင်းအောင် စောင့်ရှောက် ပေးကြကုန်သည်သာတည်းဟု မိန့်တော်မူပြီးလျှင် ယုတ်၊ လတ်၊ မြတ် မရွေး မိတ်ဖွဲ့အပ်ပုံကို ထင်ရှားစေခြင်းငှာ ကုသနာဠိဇာတ်ကို ဆက်၍ ဟောတော်မူသည်။ ထိုဇာတ်၌ မိတ်ဖွဲ့သင့်ပုံကို ရုက္ခစိုးနတ်က ဤသို့ ဆိုပေသည်။
“အို - နတ်မင်းအပေါင်းတို့၊ ကိုယ်နှင့်တန်းတူ ဖြစ်သောသူသည်လည်း အဆွေခင်ပွန်းတို့၏ ကျင့်ဝတ်တရားကို ပြုရာ၏။ ကိုယ့်ထက်မြတ်သော သူသည် လည်းကောင်း၊ ကိုယ်အောက် ယုတ်သော သူသည်လည်းကောင်း အဆွေခင်ပွန်းတို့၏ ကျင့်ဝတ်တရားကို ပြုရာ၏။ အယုတ်၊ အလတ်၊ အမြတ် မရွေး ထိုအဆွေခင်ပွန်းတို့သည် မိမိအဆွေခင်ပွန်းအား ဘေးတွေ့လတ်သော် မြတ်သော အကျိုးကို ပြုကုန်ရာ၏။ ထို့ကြောင့် ရုစာမည်သော မင်္ဂလာသစ်ပင်၌ ဖြစ်သော၊ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ငါ ရုက္ခစိုးနတ်သည်လည်းကောင်း၊ ဘုန်းတန်ခိုး သေးသိမ်သော သမန်းဖုတ်ကျရုံ၌ ဖြစ်သော နတ်သည်လည်းကောင်း၊ ထိုအကျွန်ုပ်တို့ နှစ်ဦးသည် အဆင်းအတန်း မခွဲခြား ပေါင်းသင်းမိတ်ဖွဲ့ခြင်း ပြုသကဲ့သို့ ထို့အတူ ဆင်းရဲဘေးမှ လွတ်မြောက်လိုသူတို့သည်လည်း ကိုယ်နှင့်တန်းတူကို ဖြစ်စေ၊ ကိုယ့်အောက်ကျသူကို ဖြစ်စေ၊ ကိုယ့်ထက်မြတ်သူကို ဖြစ်စေ မိတ်ဖွဲ့ခြင်းကို ပြုအပ်၏။