ဩကာသ = ကန်တော့ပါရစေ၊ ခွင့်ပြုတော်မူပါ - ဟု ခွင့်တောင်းခြင်း။
ကံသုံးပါး
ကာယကံ = ကိုယ်ဖြင့် ပြစ်မှားမှု၊
ဝစီကံ = နှုတ်ဖြင့် ပြစ်မှားမှု၊
မနောကံ = စိတ်ဖြင့် ပြစ်မှားမှု၊
သဗ္ဗဒေါသ = ကာယကံ ဝစီကံ မနောကံ အပြစ်များ
ကန်တော့ = ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ဝန်ချခြင်း
ရတနာ
စိတ်နှုလုံး မွေ့လျော် ရွှင်ပျော် နှစ်သက်ခြင်းကို ဖြစ်စေတတ်သော သက်ရှိ သက်မဲ့ အရာဝတ္ထု ဟူသမျှသည် ရတနာမည်၏။
စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြား ရတနာတို့သည် လောကရှိ လူအပေါင်းတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မွေ့လျော် ပျော်ရွှင်စေတတ် သောကြောင့် လောကီရတနာ ဟု ခေါ်ဆိုရသည်။
ထို့အတူ ဘုရား, တရား, သံဃာ တို့သည် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်၊ မြတ်နိုးစေတတ် သောကြောင့် လောကုတ္တရာရတနာ ဟု ခေါ်ဆိုရပါသည်။
ရတနာ၏ လက္ခဏာ သဘောထား
အပါယ်လေးပါး
အပါယ် (အပါယ) = ချမ်းသာကင်းသောဘုံ၊ ဘဝ။
(၁)ငရဲ = ချမ်းသာကင်းပြီး ဆင်းရဲခြင်း အတိပြီးသော ဘုံ၊ ဘဝ။
(၂)တိရစ္ဆာန် = မဂ် ဖိုလ်မှ ဖီလာကန့်လန့် ဖြစ်သော သတ္တဝါများ (ကျွဲ၊ နွား၊ ငါး၊ လိပ်၊ ကြက်၊ ငှက် စသော ကုန်းနေ၊ ရေနေ သတ္တဝါများ)။
(၃)ပြိတ္တာ = ချမ်းသာအပေါင်းမှ ကင်းကွာသူများ (တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ ဖုတ်ကောင်၊ ကျတ်ကောင်များ)။
(၄)အသူရကာယ် = နတ်များကဲ့သို့ မရဲမရင့် မတောက်ပြောင်သော သူများ (တော၊ တောင်၊ သမုဒ္ဒရာ ကမ်း၌နေသော ပြိတ္တာ အသူရာများ)။
ကပ်သုံးပါး
ကပ် = ပျက်စီးခြင်းကို ကပ် ဟု ခေါ်သည်။
(၁) ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း
သတ္တဝါတို့ လောဘတရား ကြီးမားလွှမ်းမိုး လာသောအခါ ငတ်မွတ်ဘေးကပ် ဆိုက်ရောက်သည်။
(၂) သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း
သတ္တဝါတို့ ဒေါသတရား ကြီးမားလွှမ်းမိုး လာသောအခါ လက်နက်ဘေးကပ် ဆိုက်ရောက်သည်။
(၃) ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း
သတ္တဝါတို့ မောဟတရား ကြီးမားလွှမ်းမိုး လာသောအခါ ရောဂါဘေးကပ် ဆိုက်ရောက်သည်
ရပ်ပြစ်ရှစ်ပါး
ရပ်ပြစ်ရှစ်ပါး = မဂ် ဖိုလ် တရားရအောင် အားထုတ်ခွင့် မရသော အရပ်ဖြစ်၍ "ရပ်ပြစ်" ဟု ခေါ်သည်။
"ဘုရားပွင့်ခါ၊ ပါယ်သုံးရွာနှင့်၊ ဒီဃာယုနတ်၊ ဖြစ်လတ်ပစ္စန်၊ မိစ္ဆာဉာဏ်ရှိ၊ ဉာဏ်မရှိသား၊ ဉာဏ်ရှိငြားလည်း၊ ဘုရားမဖြစ်၊ ကျမ်းဂန်လှစ်သည်၊ ရပ်ပြစ်ရှစ်ပါး သရုပ်တည်း။"
(၁၊၂၊၃) ဘုရားပွင့်ခါ ပါယ်သုံးရွာ
ဘုရားပွင့်နေဆဲ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ (အသူရကယ်ကို ပြိတ္တာဘုံ၌ သွင်းယူရသည်)။
(၄) ဒီဃာယုနတ်
အသက်ရှည်သော နတ် ဗြဟ္မာများ (ဘုရားပွင့်ဆဲအခါ လွန်စွာ အသက်ရှည်ကြ၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မနှင့် အရူပဗြဟ္မာ တို့ ဖြစ်ကြသည်။) အသညသတ်ဗြဟ္မာ - ရုပ်ခန္ဓာသာရှိ၍ နာမ်ခန္ဓာမရှိ။ အရူပဗြဟ္မာ - နာမ်ခန္ဓာသာရှိ၍ ရုပ်ခန္ဓာမရှိ၊ ထို့ကြောင့် ဘုရားပွင့်သော်လည်း တရား မနာနိုင်ကြပေ။
(၅) ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းသံဃာတော်များ မရောက်နိုင်သော အစွန်အဖျား တောကြိုတောင်ကြား အရပ် (ပစ္စန္တရစ်သား)။
(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲ သာသနာတော်တည်ဆဲ အခါ မိစ္ဆာဒိဋ္ဌိ အယူရှိသူများ
(၇) ဉာဏ်မရှိသား
တရားတော်ကို နားလည်လောက်သော ဉာဏ်မရှိသူများ
(၈) ဉာဏ်ရှိငြားလည်း - ဘုရားမဖြစ်
တရားတော်ကို တတ်သိ နားလည်သော ဉာဏ်ရှိသော်လည်း ဘုရားသာသနာ မရှိသောအခါ လူဖြစ်ရသူများ။
ရန်သူမျိုးငါးပါး
(၁) ရေ
(၂) မီး
(၃) မင်းဆိုး
(၄) ခိုးသူ
(၅) အမွေခံသားသမီးဆိုး
"ရေ, မီး, သူခိုး၊ အမွေဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါး၊ မှတ်သားကြပါလေ။"
ဝိပတ္တိတရားလေးပါး
ဝိပတ္တိတရားလေးပါး = ဖောက်ပြန်ချွတ်ယွင်းခြင်းကို ဝိပတ္တိ ဟု ခေါ်သည်။
(၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသည့် ကာလ၌ ဖြစ်ရခြင်း
(၂) ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်ရခြင်း
(၃) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ (ဥပဓိရုပ်) ချို့တဲ့ရခြင်း
(၄) ပယောဂဝိပတ္တိ = မှန်ကန်သော ကြိုးစားအားထုတ်မှု မရှိခြင်း
"ဖောက်ပြန်ချွတ်ယွင်း၊ ပျက်စီးခြင်း၊ ခေါ်လျဉ်း ဝိပတ္တိ။
မင်းဆိုး အုပ်ခါ၊ ပါယ်လေးရွာနှင့်၊ အင်္ဂါချွတ်ယွင်း၊ အားထုတ်ကင်း၊ လေးသင်းမှတ်လေဘိ။"
ဗျသနတရားငါးပါး
ဗျသနတရားငါးပါး = ပျက်စီးဆုံးပါးခြင်းကို ဗျသန ဟု ခေါ်သည်။
(၁) ဉာတိဗျဿန = ဆွေမျိုးများပျက်စီးခြင်း
(၂) ဘောဂဗျဿန = စီးပွားဥစ္စာ ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်၍ ပျက်စီးခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားသောအယူ ယူမိသဖြင့် အယူမှန် ပျက်စီးခြင်း
(၅) သီလဗျဿန = ကိုယ်ကျင့်သီလ ပျက်စီးခြင်း
"ဆုံးရှုံးပျက်ပြား၊ ပြစ်မှုများ၊ ခေါ်ငြား ဗျသန။
ဉာတိ, ဘောဂ, ရောဂ၊ ဒိဋ္ဌိ၊ သီလထည့်၊ ငါးရှိသရုပ်ပြ။
ဆွေမျိုး, စီးပွား၊ အနာများ၊ ယူမှား ပျက်သီလ။"
မဂ်တရား
သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် အားဖြင့် မဂ်တရား လေးပါးရှိသည်၊ ထိုမဂ်လေးပါး၌ ရှိသောဉာဏ်။
ဖိုလ်တရား
သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် အားဖြင့် ဖိုလ်တရား လေးပါးရှိသည်၊ ထိုဖိုလ်လေးပါး၌ ရှိသောဉာဏ်။
နိဗ္ဗာန်တရား
တဏှာ စသော ကိလေသာအားလုံး၊ ဒုက္ခအားလုံးတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်။
ဗုဒ္ဓဘာသာတရားတော် (အခြေခံအဆင့်)
သာသနာရေးဝန်ကြီးဌာန