သူမြတ်ဂုဏ်စဉ် (၁၀) ပါး
စိတ်ကောင်းရှိဖို့က ပထမ
စည်းကမ်းရှိဖို့က ဒုတိယ
ကျန်းမာဖို့က တတိယ
သန့်ရှင်းဖို့က စတုတ္ထ
အစားအသောက်တတ်ဖို့က ပဉ္စမ
အဝတ်အစားတတ်ဖို့က ဆဋ္ဌမ
အနေအထိုင်တတ်ဖို့က သတ္တမ
အသွားအလာတတ်ဖို့က အဋ္ဌမ
စကားလိမ္မာဖို့က နဝမ
စာတတ်ဖို့က ဒသမ
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
"ပြောတိုင်း၊ ဆိုတိုင်း၊ လှုပ်ရှားတိုင်း၊ ကျိုးမဲ့ပြုလွယ် ကျိုးရှိပြုခက် ဖြစ်တတ်ကြပါတယ်။
အဲဒီအချက်ကို ပုဂ္ဂိုလ်တိုင်း သတိထားကြရမှာပါ။
ကျိုးမဲ့ပြုလွယ် ဆိုတဲ့အတိုင်း အကျိုးမဲ့အမှုကို လွယ်လွယ်ပြုတတ် ကြပါတယ်။
ပါးစပ်ကပြောရမှာလည်း မကြောက်၊ ကိုယ်အမှုအရာနဲ့ ပြုရမှာလည်း မကြောက်၊ လွယ်လွယ်ပြော၊ လွယ်လွယ် အပြစ်တင် တတ်ကြပါတယ်။
ဤအမှုမှန်သမျှ အမည်းစက်ထင်သွားပြီ။
အဲဒီအမည်းစက်ကို ဖြူစင်သန့်ရှင်းအောင် အားထုတ်ဖို့ သိပ်မလွယ်ကူလှပါဘူး။
ဒါကြောင့် ဘယ်လိုကိစ္စမျိုးမဆို -
ကျိုးမဲ့ပြုလွယ်၊ ကျိုးရှိပြုခက်၊ ဤနှစ်ချက် မပျက်သတိထား -
ကို နှလုံးသွင်းစေချင်ပါတယ်။"
ဟင်္သတာမြို့ လယ်တီကျောင်းတိုက် ဆရာတော်ဘုရားကြီး
"သင်ကြားမှတ်သားထားချက်တွေ ပြော၍မကုန်နိုင်အောင် အများကြီး တတ်သိကြ၏။
ထိုသို့ များစွာရှိသော်လည်း ကြိုက်ရာတစ်ခုခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။"
ဝေဘူဆရာတော်ကြီး
ထိမှု သိမှု၊ ထိုနှစ်ခု၊ သတိကြပ်ကြပ်ပြု။
ထိတော့သိလိမ့်မယ်၊ သိတဲ့အပေါ်မှာ သတိထား။
အလုပ်ကိစ္စအားဖြင့် ထိတော့သိ၊
သိတဲ့အပေါ်မှာ သတိထား။
စွန်းလွန်းဆရာတော်ဘုရားကြီး
လူမှာ ရုပ်နှင့်နာမ် နှစ်ပါးပဲရှိသည်။
ရုပ်ရှိနေရင်တော့ ဝေဒနာလည်း ရှိနေမှာပဲ။
ရုပ်ရှိနေလို့ ဝေဒနာခံစားရတာပဲ။
အဲဒီ ခံစားမှုဝေဒနာကို သိအောင် ရှုကြရမယ်။
ဖျာပုံဂွကြီးဆရာတော်ဘုရားကြီး
ယဉ်ကျေးသောစိတ်သည် ချမ်းသာကိုဆောင်၏-တဲ့။
စိတ်ကို ဆုံးမရင် လူချမ်းသာလည်း ရနိုင်တယ်။
နတ်ချမ်းသာလည်း ရနိုင်တယ်။
နိဗ္ဗာန်ချမ်းသာလည်း ရနိုင်တယ်။
မြဲမြဲမှတ်ကြ။
ရွှေဥဒေါင်းတောင်ဆရာတော်ကြီး
ဝိနည်းမည်သည် သာသနာတော်၏ အမြစ်ရင်းတည်း။
ဝိနည်းမတည်ခဲ့သော် သာသနာသည် မတည်နိုင်။
ထို့ကြောင့် သာသနာတော် ရှည်မြင့်စွာတည်စေရန်
ဝိနည်းကို ကဲ့ရဲ့သောရဟန်း၌ ကြီးလေးသော အာပတ်ကို ပညတ်တော်မူအပ်၏ဟု မှတ်အပ်၏။
လယ်တီအရှင်ကေလာသ ဆရာတော်ဘုရားကြီး
"အပြစ်ပြလျက်၊ ဆုံးမချက်၊ နှစ်သက်ခံယူသည်။
ရွှေအိုးပေးလာ၊ ပုံပမာ၊ များစွာနှစ်သက်သည်။
ပညာရှိသူ၊ ပေါင်းသင်းမူ၊ ဤလူမြင့်မြတ်သည်။"
သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး
"မိမိပြုဖွယ်ရာ လုပ်ငန်းကိစ္စတို့ကို အချိန်မှန်မှန် အိပ်ရာမှထ၍ ပြုလုပ်ရာ၏။
အချိန်မှန်မှန် အလုပ်ကို ရုပ်သိမ်းရာ၏။
ဘေးရန်မရှိဟု ထင်မှတ်ရသော အရပ်မှာပင် မဆင်ခြင် မစူးစမ်းဘဲ မသွားလာ၊ မပြုလုပ်ရ။
အကျိုးရှိမည်ထင်လျှင် မကန်း၊ မအသော်လည်း ကန်းသူ၊ အ-သူပမာ သည်းခံကာနေရာ၏။
အကျိုးရှိမည့် အလုပ်မှန်လျှင် မည်သူကပင် နှောင့်ယှက်ဖျက်ဆီးစေကာမူ စိတ်မပျက်၊ လက်မလျှော့ဘဲ စွဲမြဲစွာ လုပ်ကိုင်ရာ၏။"
မကွေး ဦးကုမာရ ဆရာတော်ဘုရားကြီး