သပြေကန်ဆရာတော်ဘုရားကြီး ၏ ပရိတ်ကြီးနိဿယသစ် မှ
အရှင်သီလာနန္ဒာဘိဝံသ (ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ နှင့် သာသနာဓဇ သိရီပဝရဓမ္မာစရိယ) ၏ နိဒါန်း
ပရိတ်
လူသုံးပါးတို့၏ ကိုးစားရာအစစ် ဖြစ်ကြီးဖြစ်တော်မူသော မြတ်စွာဘုရားသခင်သည် သဗ္ဗညုတဉာဏ်တော်ကို စိုးယူပိုင်သ လက်ကိုင်ရတော်မူပြီးသည့် အခါမှစ၍ ပရိနိဗ္ဗာန် စံဝင်တော် မူသည်အထိ ၄၅-ဝါ ပတ်လုံး ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့အား တရားအမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့လေသည်။ ထိုသို့ ၄၅-ဝါပတ်လုံး ဟောကြားအပ်သော တရားတော်တို့သည် ဓမ္မခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် မကအောင်ပင် မြားမြောင်လှကုန်၏။ ထိုသို့ ဓမ္မခန္ဓာအနေအားဖြင့် မြားမြောင် လှသော်လည်း ထိုတရားတော်တို့၏ ဦးတည်ချက်မှာကား ဝိမုတ္တိ (= ကိလေသာမှ လွတ်မြောက်ရေး) တခုတည်းသာ ဖြစ်လေသည်။
ယင်းသို့ ကိလေသာမှ လွတ်မြောက်ရေးကို ဦးတည်လျက် ဟောတော်မူအပ်သော တရားတော်တို့တွင် ယင်း လွတ်မြောက်ရေးကို ရရန် ကြိုးပမ်းအားထုတ်လျက် ရှိကြသော လူ, ရှင်, ရဟန်း တို့၏ ဘေးဘျမ်း ကင်းဝေး ချမ်းသာရေးအတွက် အရံအတားအဖြစ် ဟောကြားအပ်သော တရားတော်တို့လည်း အပါအဝင် ဖြစ်လေသည်။ ထိုတရားတော်တို့ကိုပင် ပါဠိလို "ပရိတ္တ" မြန်မာလို "ပရိတ်" ဟု ခေါ်ဝေါ်ရလေသည်။
မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် နှုတ်တော်တွတ်တွတ် ရွတ်၍ ဟောကြားတော်မူခဲ့သည့် ပရိတ်တို့မှာ နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ ပါဠိတော်တို့ဝယ် ကြိုးကြား ကြိုးကြား တကွဲတပြားစီ ဖြစ်လျက်ရှိကြရာ အရှည်ကို မြော်မြင်တော်မူကြသော ရှေးခတ် သာသနာတော်စောင့် ဆရာတော်ကြီးတို့သည် ထိုပရိတ်တို့ကို တပေါင်းတည်း စုပေါင်း၍ သီးခြား ကျမ်းတစောင်တဖွဲ့အဖြစ် စီစဉ်တော်မူခဲ့ ကြလေသည်။ ထိုသို့ ရှေးဆရာတော်ကြီးများ စုပေါင်းစီစဉ်ထားခဲ့သော ပရိတ်ကျမ်းသည်ပင် ယခုအခါ မြန်မာနိုင်ငံ၌ "ပရိတ်ကြီး" ဟူသော အမည်ဖြင့် ထင်ရှားလေသည်။
စီစဉ်ပုံ
အဆိုပါ ပရိတ်ကြီးကို စုပေါင်းစီစဉ်ရာ၌ ရှေးဆရာတော်ကြီးတို့သည် မိလိန္ဒပဉှာ ပါဠိတော်၌၎င်း, အရှင်မဟာဗုဒ္ဓဃောသ မထေရ်၏ အဋ္ဌကထာတို့၌၎င်း တွေ့ရှိရသော ဟောကြားမိန့်ဆိုချက်တို့ကို မှီငြမ်းပြုလျက် စီစဉ်တော် မူခဲ့ကြဟန် တူပေသည်။ ထိုစကားကို ချဲ့ဦးအံ့။ မိလိန္ဒပဉှာပါဠိတော်, မေဏ္ဍကပဉှာအခန်း မစ္စုပသမုတ္တိပဉှာ (နှာ-၁၅၂) ၌ မြတ်စွာဘုရား ညွှန်းဆို ဟောကြားခဲ့သော ပရိတ်တို့ကို ပြထားရာဝယ် ရတနသုတ်, မေတ္တသုတ်, ခန္ဓသုတ်, မောရပရိတ်, ဓဇဂ္ဂပရိတ်, အာဋာနာဋိယပရိတ်, အင်္ဂုလိမာလပရိတ် တို့ကို တွေ့ရသည်၊ ထို့အတူပင် အရှင်မဟာဗုဒ္ဓဃောသ မထေရ်သည် ဇာတိခေတ်, အာဏာခေတ်, ဝိသယခေတ် ဟူသော ခေတ်သုံးပါးတို့တွင် အာဏာခေတ်ကို ဖွင့်ပြရာ၌ စကြာဝဠာ ကုဋေတသိန်း ပမာဏရှိသော ယင်း အာဏာခေတ်၌ အရှိန်အဝါ ပျံ့နှံ့နိုင်သော ပရိတ်တို့ကို ထုတ်ပြလေ့ရှိ၏။ ထိုသို့ ထုတ်ပြရာတွင် ပါရာဇိကဏ် အဋ္ဌကထာ (ပ၊၁၂၉), ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (ဒု၊၄၄) တို့၌ ရတနသုတ်, ခန္ဓ, ဓဇဂ္ဂ, အာဋာနာဋိယ, မောရ ပရိတ်တို့ကို ထုတ်ပြ၍ ဒီဃနိကာယ် ပါထိကဝဂ္ဂ အဋ္ဌကထာ (၈၁) ဥပရိပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၄။၇၉), အင်္ဂုတ္တရ အဋ္ဌကထာ (အံ၊ဋ္ဌ၊၁။၃၅၈), သမ္မော အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂။၄၁၁) တို့၌ကား အာဋာနာဋိယ, မောရ, ဓဇဂ္ဂ, ရတန ပရိတ် တို့ကိုသာ ပြ၍ အာဒိသဒ္ဒါကိုပါ ထည့်သွင်းကာ မိန့်ဆိုထားသည်ကို တွေ့ရလေသည်။ အင်္ဂုတ္တရ အဋ္ဌကထာ (အံ၊ဋ္ဌ၊၂။၂၁၀) နှင့် မဟာနိဒ္ဒေသ အဋ္ဌကထာ (၃၃၆) တို့၌မူ အာဋာနာဋိယပရိတ်, ဣသိဂိလိ, ဓဇဂ္ဂ, ဗောဇ္ဈင်္ဂ, ခန္ဓ, မောရ, မေတ္တနှင့် ရတန ပရိတ်တို့ကို ထုတ်ပြထားလသည်။ ဆိုခဲ့ပြီးသည်တို့ကို ပေါင်းလိုက်လျှင် မိလိန္ဒပဉှာ ပါဠိတော် နှင့် များစွာသော အဋ္ဌကထာတို့တွင် ပရိတ်အဖြစ်ဖြင့် ဖော်ပြအပ်သော သုတ်တို့မှာ ရတနသုတ်, မေတ္တ, ခန္ဓ, မောရ, ဓဇဂ္ဂ, အာဋာနာဋိယ, အင်္ဂုလိမာလ, ဗောဇ္ဈင်္ဂ နှင့် ဣသိဂိလိသုတ် တို့ဖြစ်ကြောင်း တွေ့ရှိရလေသည်။ ပရိတ်ကြီးကို စီစဉ်သော ရှေးဆရာတော်ကြီးတို့သည် အထက်ပါ သုတ်တို့တွင် ဣသိဂိလိသုတ် မှ တပါး အခြားသုတ်အားလုံးကိုပင် ယူ၍ မင်္ဂလသုတ်, ဝဋ္ဋသုတ် နှင့် ပုဗ္ဗဏှသုတ် တို့ကိုပါ ထည့်သွင်းလျက် စီစဉ်ထားသည်ကို တွေ့ရှိရလေသည်။
ထိုသို့ စီစဉ်သောအခါ ရွတ်လိုသော ထိုထိုပရိတ်မှန်သမျှ၏ ပုဗ္ဗကိစ္စအဖြစ် 'သမန္တာ' မှစ၍ 'အာရက္ခံ ဂဏှန္တု' တိုင်အောင်သော စကားရပ်ကို၎င်း, ထိုထိုသုတ်တို့၏ အစတွင် ဆိုင်ရာ အမွှမ်းဂါထာများကို၎င်း ထည့်သွင်းလျက် စီစဉ်တော်မူခဲ့ကြသည်။ ထို့ပြင် အာဋာနာဋိယသုတ် မူရင်းသည် အာဏာပြင်းသောသုတ် ဖြစ်၍ ဘီလူးစသည် ဖမ်းစား ပူးကပ်သော အခါမှသာ ရွတ်သင့်သောသုတ် ဖြစ်သောကြောင့် နေ့စဉ် ရွတ်ဖတ်မှုနှင့် သင့်လျော်အောင် ယင်းသုတ်မှ ဂါထာအချို့ကိုသာ ယူလျက် ဘုရားဂုဏ်တော်များကို ထည့်သွင်း၍၎င်း, ဗောဇ္ဈင်သုတ်မူရင်းမှာ စုဏ္ဏိယ (စကားပြေ) ဖြစ်နေ၍ ရွတ်ဖတ်လွယ်ကူစေရန် ဂါထာသီကုံး၍၎င်း, ပုဗ္ဗဏှသုတ် ကိုလည်း အင်္ဂုတ္တရနိကာယ်မှ ဘုရားဟော ဂါထာများကို ပါဝင်စေ၍ သင့်လျော်သလို ဖြည့်စွက်လျက်၎င်း စီစဉ်ခဲ့ကြ လေသည်။ သို့ဖြစ်၍ ပရိတ်ကြီးပါ ယင်းသုံးသုတ်တို့၌ လာသော စကားရပ်တို့တွင် အချို့သာ ဘုရားဟောအစစ် ဖြစ်ပြီး အချို့မှာကား ဘုရားဟောနှင့် သင့်လျော်အောင် စီစဉ်သော ဆရာတော်ကြီးများ ထည့်သွင်းထားခဲ့သော စကားရပ်များ ဖြစ်လေသည်။ အဋ္ဌကထာတို့၌ ပြဆိုထားသော်လည်း ဣသိဂိလိသုတ် ကိုကား ပရိတ်ကြီး၌ ထည့်သွင်းတော် မမူခဲ့ကြပေ။ ယင်းသုတ်သည် နတ်ဗြဟ္မာတို့၏ အမည်များကို ထုတ်ဖော်ကျူးရင့်သော သုတ်ဖြစ်၍ နေ့စဉ် ရွတ်ဖတ်မှုအတွက် အရေးမကြီးလှသောကြောင့် ချန်ထားတော်မူခဲ့ကြဟန် တူပေသည်။
ပရိတ်ကြီး ပရိတ်ငယ်
"ပရိတ်ကြီး" ဆိုသဖြင့် ပရိတ်ငယ်လည်း ရှိရဦးမည်ဟု အဓိပ္ပါယ် သက်ရောက်လျက် ရှိ၏။ သို့ရှိသည့်အတိုင်းလည်း ဘိုးတော်ဘုရားလက်ထက်က ပရိတ်ကြီး, ပရိတ်ငယ် ဟု ခွဲခြားသတ်မှတ်မှု ရှိသည်ကို တွေ့ရ၏။ ထိုသတ်မှတ်ချက်တွင် အမွှမ်းဂါထာတို့၌ "ပရိတ္တံ တံ ဘဏာမ ဟေ" ပါသော ရတနပရိတ်, မေတ္တ, ခန္ဓ, မောရ ဝဋ္ဋ, ဓဇဂ္ဂ, အာဋာနာဋိယ, အင်္ဂုလိမာလ ပရိတ်တို့ကို ပရိတ်ကြီးဟု သတ်မှတ်၍ "မင်္ဂလံ တံ ဘဏာမဟေ, ဗောဇ္ဈင်္ဂံ တံ ဘဏာမ ဟေ" ဟုသာ ပါ၍ 'ပရိတ္တံ' မပါသော မင်္ဂလသုတ် နှင့် ဗောဇ္ဈင်သုတ် တို့ကို ပရိတ်ငယ်ဟု သတ်မှတ်လေသည်။
(ဟံသာဝတီတိုက် ရိုက် စလင်းဆရာတော်ရေး ပရိတ်ကြီးနိဿယ၊ နှာ ၂၅၂ - ကြည့်ပါ။)
ပရိတ်ရွတ်မှု အစဉ်အလာ
ဘုရားရှင် မျက်မှောက်ခေတ်
ပရိတ်ရွတ်ဖက် နာယူမှုနှင့် ပတ်သတ်၍ ယခုအခါ၌ အမျိုးမျိုးယူဆ ပြောဆိုလျက် ရှိကြသည်ကို တွေ့ရ၏။ အချို့ကလည်း ပရိတ်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့ကြောင်း ပါဠိတော် အထောက်အထား မရှိဟုပင် ပြောဆိုရေးသားလျက် ရှိကြသည်။ သို့သော် ပါဠိတော်တို့ကို ဉာဏ်မှီသမျှ လေ့လာ ကြည့်သောအခါ ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိတ်ကို ခွင့်ပြုခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရလေသည်။ ဒီဃနိကာယ် ပါထိကဝဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အောက်ပါ အတိုင်း အာဋာနာဋိယ အရံအတားကို သင်ယူလေ့လာ ဆောင်ထားကြရန် တိုက်တွန်းတော်မူသည်ကို တွေ့ရသည်။
" ရဟန်းတို့ အာဋာနာဋိယ မည်သော အရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယ မည်သော အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယ မည်သော အရံအတားကို ဆောင်ကြကုန်လော့။ ရဟန်းတို့ အာဋာနာဋိယ မည်သော အရံအတားသည် အကျိုးစီးပွားနှင့် စပ်၏၊ အာဋာနာဋိယ မည်သော အရံအတားသည် ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမ တို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှာ ချမ်းသာစွာ နေရခြင်းငှာ ဖြစ်၏။"
ပါထိကဝဂ် ပါဠိတော် မြန်မာပြန် - နှာ ၁၉၄
ထို့ပြင် ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း တိရစ္ဆာနကထာ သိက္ခာပုဒ် ၂-ခု၏ အနာပတ္တိဝါရ (၄၀၂-၃) တို့၌လည်း
"အနာပတ္တိ ဂုတ္တတ္ထာယ ပရိတ္တံ ပရိယာပုဏာတိ။ အနာပတ္တိ ဂုတ္တတ္ထာယ ပရိတ္တံ ဝါစေတိ"
ဟု ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်းမအား အာပတ်မှ ကင်းလွတ်ခွင့် ပေးတော်မူသော ပညတ်ချက်ကို တွေ့ရ၏။ ဤသိက္ခာပုဒ်၌ ခွင့်ပြုအပ်သော ပရိတ်ဟူသည် "ပရိတ္တန္တိ ယက္ခပရိတ္တနာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္ပိ ဝဋ္ဋတိ" ဟူသော အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၃။၂၁၅) နှင့် အညီ တစ္ဆေသူရဲနိုင် မန္တန်, မြွေနိုင်မန္တန် စသည်တို့ ဖြစ်၏။ ဘုရားဟော မဟုတ်သော ဤမန္တန်မျိုးကိုပင် သင်ယူခွင့် ပို့ချခွင့် ပြုတော်မူသည်ဆိုလျှင် ဘုရားဟော ဖြစ်သည့် ပရိတ်တို့ကိုမူကား အထူးဆိုဖွယ်မရှိ ခွင့်ပြုပြီးပင် ဖြစ်တော့သည်။ ထို့ပြင် ရဟန်းမိန်းမတို့အား ခွင့်ပြသည် ဆိုသဖြင့် ရဟန်းယောက်ျားနှင့်တကွ လူဒကာ, လူဒကာမ တို့အားလည်း ခွင့်ပြုပြီးပင် ဖြစ်တော့သည်။
ခန္ဓသုတ်၏ ဝတ္ထုကြောင်းပါသော ဝိနည်းစူဠဝါ ပါဠိတော် (၂၄၅) နှင့် အင်္ဂုတ္တိုရ်ပါဠိတော် (ပ၊၃၈၄) တို့၌လည်း မြတ်စွာဘုရားသည် ရဟန်းတို့အား မြွေမင်း ၄-မျိုးတို့ကို မေတ္တာပို့ခြင်းငှာ ခွင့်ပြုတော်မူ၍ ခန္ဓသုတ်ကိုပင် မေတ္တာပို့နည်းအဖြစ် ဟောတော်မူခဲ့သည်ကို တွေ့ရသည်။
" ရဟန်းတို့ မိမိကိုယ်ကို လုံခြုံစေခြင်းငှာ၎င်း, မိမိကိုယ်ကို စောင့်ရှောက်စေခြင်းငှာ၎င်း, မိမိ၏ အရံအတား (ပရိတ်)ကို ပြုခြင်းငှာ၎င်း ဤမြွေမင်း ၄-မျိုးတို့ကို မေတ္တာစိတ်ဖြင့် ဖြန့်ခြင်းငှာ ခွင့်ပြုတော်မူ၏"
(စူဠဝါပါဠိတော် မြန်မာပြန်၊ နှာ-၂၄၃။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပ၊၃၉၈။)
အဋ္ဌကထာ တို့၌လည်း ယင်း အထောက်အထားများကို တွေ့ရသည်ပင် ဖြစ်၏။ မွေးဖွားပြီး ၇-ရက်မျှသာ အသက်ရှင်ရမည့် အာယုဝဎုန သတို့သားသည် မြတ်စွာဘုရား၏ ညွှန်ကြားတော်မူချက်အရ ၇-ရက် ၇-ညဉ့်တို့ ပတ်လုံး ရဟန်းတို့ မပြတ် ပရိတ်ရွတ်ပေးသဖြင့်၎င်း, မြတ်စွာဘုရားကိုယ်တော်တိုင် တညဉ့်ပတ်လုံး ပရိတ် အရံအတားကို ပြုပေးသဖြင့်၎င်း သေဘေးမှ လွတ်မြောက်ပြီး အသက် ၁၂၀-တိုင် နေသွားရပုံကို ဓမ္မပဒ အဋ္ဌကထာ (ပ၊၄၂၃၊၄) ၌ တွေ့ရှိရသည်။ ဤမှတပါး အခြားသော အထောက်အထားတို့ကိုကား အဋ္ဌကထာဖွင့်များနှင့် အညီ ရေးသားထားသော ဤနိဿယသစ် ထိုထိုသုတ်တို့၏ အဋ္ဌုပ္ပတ် နိဒါန်းတို့၌ ကြည့်ရှုကြရာ၏။ ဤသို့လျှင် ပရိတ်ကို မြတ်စွာဘုရား ကိုယ်တော်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို၎င်း, ဘုရားရှင်လက်ထက် ကပင် ပရိတ်ရွတ်မှု အလေ့အထ ထင်ရှားရှိခဲ့ပုံကို၎င်း ဆိုခဲ့ပြီး ပါဠိတော် အဋ္ဌကထာများအရ ယုံကြည်စွာ မှတ်သားအပ်ပေသည်။
နှောင်းခေတ် (ဣန္ဒိယ,သီဟိုဠ်)
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်၌လည်း ပရိတ်သည် အရေးကြီးသော ဘာသာရေး လုပ်ငန်းတရပ် ဖြစ်ခဲ့ပေသည်။ သာသနာနှစ် ၅၁၁-ခန့်၌ ပေါ်ထွန်းခဲ့သော မိလိန္ဒမင်းကြီးသည် ပရိတ်နှင့် ပတ်သတ်သော ပြဿနာကို အရှင်နာဂသိန်အား လျှောက်ထား၍ အရှင်နာဂသိန်ကလည်း မိလိန္ဒမင်းကြီး သဘောကျ ကျေနပ်လောက်အောင် ဥပမာအမျိုးမျိုးဖြင့် ဖြေဆိုထားသည်ကို မိလိန္ဒပဉှာပါဠိတော် (နှာ၊၁၅၂-၁၅၅) ၌ ပြဆိုထားလေရာ ထိုခေတ်၌လည်း ပရိတ်ရွတ်မှု အလေ့အထ ရှိခဲ့သည်ကို သိနိုင်ကြပေသည်။
နိဒါန်းအစ၌ ပြခဲ့သော အဋ္ဌကထာများ အဆိုအရ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ် ပေါ်ထွန်းချိန် ဖြစ်သည့် သာသနာနှစ် ၉၀၀ ကျော် ၁၀၀၀ ခန့်၌လည်း ပရိတ်ရွတ်ဖတ်မှုကို ဘာသာဝင်တို့ လိုက်နာကျင့်သုံးခဲ့ကြကြောင်းကို သိရပေသည်။ ပါရာဇိကာဏ် အဋ္ဌကထာ (ဒု၊၆၇)၌လည်း လူတို့အတွက် ပရိတ်ရွတ်ပေးမှုနှင့် ပတ်သတ်၍ ရဟန်းတော်တို့ လိုက်နာစရာများကို ပြဆိုထားရာ ယင်းသည်လည်း ထိုအခါတွင် လူတို့သည် မိမိတို့ အရေးကိစ္စ ပေါ်သောအခါ ရဟန်းတော်တို့ကို ပင့်၍ ပရိတ်တရား နာယူလေ့ ရှိပုံ၏ အထောက်အထား တရပ်ပင် ဖြစ်ပေသည်။ ထိုကျမ်း၌ပင် ပရိတ်ရေ, ပရိတ်ချည် အကြောင်းများကိုပါ တပါတည်း ပြဆိုထားပြန်ရာ ပရိတ်ရေ, ပရိတ်ချည် တို့ကို ဘေးရန်တားဆီးရန် အတွက် ယုံကြည်စွာ အသုံးပြုခြင်းသည်လည်း ထိုအခါက အသားကျလျက် ရှိသော ဘာသာရေး လုပ်ငန်းတခု ဖြစ်ကြောင်း သိနိုင်ပြန်သည်။ ထို့ပြင် မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ (နှာ၃၀၅) ၌လည်း ရဟန်းတို့နှင့် လူဝတ်ကြောင်တို့၏ ဘာသာရေး ကျင့်သုံးမှု ထူးခြားပုံကို ပြဆိုရာတွင် "ဂဟဋ္ဌော ရတနသုတ္တ မင်္ဂလသုတ္တမတ္တမ္ပိ ပေါတ္ထကေ လိခိတွာ ဌပေတိ၊ ပဗ္ဗဇိတာ နိစ္စံ သဇ္ဈာယန္တိ = လူဒါယကာသည် ရတနသုတ်, မင်္ဂလသုတ် မျှကိုသော်လည်း (အလွတ်ရ မကျက်ပဲ) ပေ၌သာ ရေး၍ထားသည်။ ရဟန်းတို့သည်ကား ယင်းတို့ကို အမြဲရွတ်အံ သရဇ္ဈာယ်ကြသည်" ဟု ပြဆိုထားသည်ကို တွေ့ရှိနိုင်သည်။
သာသနာနှစ် ၉၁၂-ခုတွင် သီဟိုဠ်ကျွန်း၌ နန်းတက်သော ဒုတိယ ဥပတိဿမင်းလက်ထက်၌ ဘုရားရှင်လက်ထက်က ဝေသာလီပြည်၌ ဖြစ်သကဲ့သို့ ဒုဗ္ဘိက္ခဘေး, ရောဂါဘေးတို့ ဖြစ်ပေါ်လေရာ ရဟန်းတော်တို့ ညဉ့်သုံးယမ်ပတ်လုံး ရတနသုတ် ပရိတ်တော်ကို ရွတ်သဖြင့် ထိုဘေးတို့ ပပျောက်ခဲ့ဘူးလေသည်။ (စူဠဝံသ၊ ၃၇ ပရိစ္ဆေဒ၊ ၁၁၉-၁၉၈ ဂါထာများ။)
မြန်မာနိုင်ငံ၌လည်း ပုဂံခေတ်ဦးကပင် ပရိတ်ရွတ်ဖတ်မှု ရှိခဲ့ကြောင်း ကျောက်စာ အထောက်အထားများ အရ သိရှိရသည်။ ကျန်စစ်သားမင်းကြီးသည် နန်းတော်ဆောက်လုပ်သောအခါ အရှင်အရဟံ အမှူးရှိသော ရဟန်းတော် ၄၀၀၈ ပါးတို့ကို ပရိတ်မင်္ဂလာရွတ်စေခဲ့သည်။ (ကျန်စစ်သား မင်းတရားကြီး၏ နန်းတော် မွန်ကျောက်စာ မြန်မာပြန် နှာ ၄၇-၄၈)
သက္ကရာဇ် ၅၅၂-ခုနှစ် တွင်လည်း သိင်္ဃသူရ် မည်သော အမတ်ကြီးသည် ဂူဘုရား ဌာပနာသောအခါ သံဃာတော်များကို ပင့်၍ ပရိတ်ရွတ်စေခဲ့ကြောင်းကို တောင်ဂူနီဘုရား ကျောက်စာတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။
"ဩီတြိဘဝနာဒိတျ ပဝရဓမ္မရာဇာ မင်းကြီ အမတ်တျာကြီ သိင်္ဃသူရ် မည်သော ဒါယကာသည် သ(င်္ဿါ)ရာ ဆိုဝ်ငြယ်ခပ်(က)ယ် သောဟ်ကုန်ရာ ဖ္လစ်သော သဗ္ဗညု မည်သော။ ပုစ္ဟာအဖ္လစ် ကိုစ်လိုစ်သောဟ်ကြောင် င်္အဧအ် သကရေစ် ၅၅၂-ခု တန်ဆောင်မှုန်လဆန် (၂၍က်) သုက္ကြနိယ္အ် ၃-ပဟိုရ် ၁-၃ဍံသောအာ။ ကူထာပနာသော ဟြစ်။ ပရိုတ်ရွတ်သောကာ သ္ခိင်မဟာထေရ်ပဇ္ဇရ်ဗောဒ္ဓိ သ္ခိင်ဂုဏာရိသေလ်။ သ္ခိင်အင်္ဂူရ်။ သ္ခိင်မဟာပဏ္ဍိတ်။ သ္ခိင်အက်။ သ္ခိင်ဓမ္မဂမ္ဘီရ်၊ သ္ခိင်ဓမ္မဂုရု၊ သ္ခိင်ဓမ္မန(န္ဒီ)။ သ္ခိင်နဂါ။ ဤယ်သ္ခိင် ၈-ယောက် ဟုတ္တာ။"
(ပုဂံကျောက်စာ ညွန့်ပေါင်း နှာ-၁၉။ ပုဂံကျောက်စာ လက်ရွေးစင်၊ နှာ ၁၃-၁၄။)
ထို့အတူပင် သကရာဇ် ၆၂၃-ခုနှစ်၌လည်း အစစ်လတ် မင်းသမီးသည် ဂူဘုရား ဌာပနာသောအခါ သံဃာတော်တို့ကို ပင့်၍ ပရိတ်ရွတ်စေခဲ့ကြောင်း ကျောက်စာ (စာရင်း ၃၀၃၊ ပုံ ၂၀၀၊ ပုဂံကျောက်စာညွန့်ပေါင်း၊ နှာ-၉၀) အထောက်အထား တွေ့ရှိရပေသည်။
အင်းဝ, ကုန်းဘောင်ခေတ်
ပုဂံခေတ်တွင် ကျန်စစ်သားမင်းကြီးသည် နန်းတော် တည်ဆောက်ရာ၌ သံဃာတော်တို့ကို ပရိတ်ရွတ်စေခဲ့ သကဲ့သို့ အင်းဝခေတ်, ကုန်းဘောင်ခေတ် ဘုရင်များလည်း အခါအားလျော်စွာ ပရိတ်ရွတ်စေမှု, နာယူမှုတို့ကို ပြုလုပ်ခဲ့ကြ၍ မင်းခမ်းမင်းနား တို့၌ပင် ပရိတ်ရွတ်မှု နာမှု တို့ကို ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။
သာလွန်မင်းတရားကြီးသည် သားတော် ရှင်တရုပ်ကို အလိုတော် ပြည့်ပြီးနောက် လေးထပ်ကျောင်းဆရာတော်, စံကျောင်းဆရာတော် တို့နှင့် ဆရာတော် အပေါင်းကို နန်းတော်သို့ပင့်၍ ဆွမ်းလုပ်ကျွေးတော် မူပြီးလျှင် ပရိတ်တရားတော်ကိုလည်း နာယူတော် မူခဲ့သည်။ နောင်တော် ဘုရားသားတော် သခင်ပုကို ညီတော် မင်းရဲကျော်စွာ သမီးတော် ခင်မလှစံဖြိုး နှင့် စံဘက်တော် မူသည်တွင်လည်း လေးထပ်ကျောင်း ဆရာတော်ကို သံဃာတော်တို့နှင့် တကွ ပင့်၍ ပရိတ်နာတော် မူခဲ့သည်။ (သာသနာလင်္ကာရစာတမ်း၊ နှာ ၁၇၀-၁။)
အိမ်ရှေ့မင်းတို့ အိမ်တော်တက် အခမ်းအနားကို ကျင်းပသောအခါ အိမ်ရှေ့မင်းသည် ပရိတ်တော် နာဆောင်သို့ ရောက်တော်မူလျှင် ပရိတ်တော်ကို နာတော်မူ၍ ပရိတ်တော်အိုး ပရိတ်တော်ပန်း တို့ကို ပြင်ရုံးသို့ ထုတ်၍ မင်းသား မင်းမြေး မှူးတော် မတ်တော် တို့ကို ဝေပြီးမှ အိမ်သို့ ပြန်ကြရသည်။ (လောကဗျူဟာ အင်ရုံစာတမ်း၊ နှာ-၁၇။)
ဘုရင်မင်းမြတ်များ၏ ထီးနန်းဥကင်တော်ဖွင့် အစီအစဉ်၌လည်း မြို့ပြင်တွင် တဲနန်းဆောက်ရရာ ထိုတဲနန်းတွင် ပရိတ်တော်နာ တန်ဆောင်းကိုလည်း ဆောက်လုပ်ရကြောင်း, သင်္ကြန်တော်ရေခပ် အစီအစဉ်တွင် ပရိတ်တော်ပန်းဆက် ပုဏ္ဏားများ ရက်လည်အောင် ဥပုသ်စောင့်ကြရကြောင်း, သင်္ကြန်တော်ခေါ်ပြီးသော အခါ၌လည်း ဝတ်လဲဆောင်တွင် အဝတ်လဲတော်မူ၍ ပရိတ်တော်နာဆောင်တွင် ပရိတ်တော်နာတော်မူကြောင်း, မြို့သိမ်းထွက် အစီအစဉ်၌လည်း 'ထွက်တော်မူသနေ့ နံနက် ၄ချက်တီးကျော် ၃-မောင်း ၄-မောင်း ကိုလည်း မြေနန်းတော် လွှတ်တော်ဝင်းရုံး, ၄-မျက်နှာ အရှေ့ရုံး, အနောက်ရုံး မြို့ထိပ် ၈-ရပ်များတွင် တရပ်ကို သံဃာတော် ၈-ပါးစီ ဆွမ်းလုပ်ကျွေး၍ ပရိတ်ရေခံပြီးလျှင် ပရိတ်တော်ရေကို ဝန်းတော်ပတ်လည် မြို့တော် အတွင်းအပြင်ကို ပုဏ္ဏားတို့ကို သန္ဓေးဖျန်းပက်စေကြောင်း တို့ကို ယင်း လောကဗျူဟာ အင်ရုံစာတမ်း မှာပင် ပြဆိုထားသည်ကို တွေ့ရသည်။ (၎င်းကျမ်း နှာ ၆၈၊ ၆၉၊ ၈၃၊ ၁၅၀ - တို့ကြည့်။)
မန္တလေး ရတနာပုံ ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး မုဒ္ဓါဘိသိက် ခံသည့် နည်းအတိုင်း ရေးသားအပ်သော မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၅၇-၌လည်း "နန်းကြီးထက်ပေါ်၊ တက်ပြီးသော်လျှင်၊ သူတော်မြတ်စစ်၊ တရာ့ရှစ်လည်း၊ အောင်မေတ္တာစိတ်၊ မွမ်းမွမ်းထိတ်မျှ၊ ပရိတ်ဂါထာ၊ ဟောရွတ်ကာနှင့်" ဟု ပြဆိုထားလေရာ ပရိတ်ရွတ်ဖတ် နာယူမှုသည် ဘုရင်မင်းမြတ်တို့ အဘိသိက်ခံရာ၌ပင် နေရာပေးထားရသော ဘာသာရေး ကိစ္စတရပ် ဖြစ်သည်ကို တွေ့ရှိနိုင်ပေသည်။
ထို့ပြင် မြို့သစ် နန်းသစ် တည်ဆောက်သော အခါ၌လည်း တရားနာခြင်း, ပရိတ်နာခြင်း စသော ဘာသာရေးကိစ္စ တို့ကို ဆောင်ရွက်ရန် ဇေတဝန်ဆောင်, ပရိတ်တော်နာဆောင် (ပရိတ်တော်ဆက်ဆောင်, ပရိတ်နာဆက်ဆောင်) ဟု သီးခြားအဆောင်များ ဆောက်လုပ်ရိုး ပြုကြသည်ဖြစ်ရာ ပရိတ်နာယူမှုကို ရှေးရှေးသာသနာပြု မင်းကောင်း, မင်းမြတ်များ မည်မျှ အရေးထား၍ လေးစားခဲ့ကြသည်ကို သိရှိရန်ပင် ဖြစ်တော့သည်။ (ရွှေဘုံနိဒါန်း၊ နှာ ၂၈-၉။ ပိုဒ် ၄၃။ ရွှေကိုင်းသား၏ "မန္တလေး" စာအုပ်၊ နှာ ၈၀၊ ၈၅ တို့ကြည့်ပါ။)
အလွန်တွင်ကျယ်ခဲ့၍ အစဉ်ထိန်းရမည့် အမွေအနှစ်
ဘုရင်မင်းမြတ်များကိုယ်တိုင် အလေးပြုခဲ့သော ဘာသာရေးကိစ္စဖြစ်၍ တိုင်းသူပြည်သားတို့လည်း ပရိတ်ရွတ်ဖတ် နာယူခြင်းကိစ္စကို အားတက်သရော ဆောင်ရွက်ခဲ့ကြလေသည်။ နိုင်ငံတော်တဝန်းလုံးရှိ မြို့အသီးသီးဝယ် ရပ်ကွက် အလိုက် ပရိတ်သင်းများဖွဲ့ကာ ပရိတ်တော် သံ မစဲအောင် ရွတ်ဖတ်ခဲ့ကြသည်မှာလည်း ထင်ရှားသော အထောက်အထားပင် ဖြစ်တော့သည်။ သာမှု, နာမှု စသော ကိစ္စကြီးငယ်ရှိသော အခါ၌လည်း သံဃာတော်တို့ကို ပင့်၍ ပရိတ်နာယူရမှ နှစ်သိမ့်အားရခြင်း ရှိကြသည်ဖြစ်ရာ ပရိတ်ရွတ်ဖတ် နာယူမှုသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အဖို့ ပစ်ပယ်၍ မရစကောင်းသော အာဝေနိက ဘာသာရေး လုပ်ငန်းကြီးအဖြစ်သို့ ရောက်ရှိနေသည်မှာ အလွန်ပင် ထင်ရှားလျက် ရှိလေသည်။ ထို့ကြောင့်လည်း ပရိတ် (ဝါ-ပရိတ်ကြီး) သည် မြန်မာနိုင်ငံတွင် လူသိအများဆုံး ဖြစ်လျက် ဗုဒ္ဓဘာသာဝင်တို့အား ပါဠိဘာသာနှင့် နီးစပ်မှုရှိအောင် ပေါင်းကူး ပေးသော ကျမ်းစာတစောင် အဖြစ် ရပ်တည်လျက် ရှိခြင်း ဖြစ်လေသည်။
ဤသို့လျှင် ပရိတ်သည် ဘာသာဝင်အပေါင်းတို့၏ ဘေးရန်ကင်းကွာ ချမ်းသာမှုကိုလည်း ရွက်ဆောင်ခဲ့၏။ ဘာသာဝင်တို့အား စိတ်နှလုံး ချမ်းမြေ့မှုကိုလည်း ပေးစွမ်းခဲ့၏။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ရစေလျက် အရာရာမှာပင် ရဲရင့်ခြင်းကို ဖြစ်စေခဲ့၏။ ဤမျှ ကျေးဇူးပြုလျက် ရှိသည့် အဖိုးမဖြတ်နိုင်သော ဘာသာရေး အမွေ, ယဉ်ကျေးမှု အမွေကြီး တခုကို အဘယ်မည်သော အမျိုးသားကောင်း, အမျိုးကောင်းသမီးသည် စွန့်ပယ်သင့်ပါ တော့မည်နည်း။
ပရိတ်အကျိုးရအောင် ဆောင်ရွက်နည်း
ပရိတ်သည် အတန်တန်သော ဘေးရန်အန္တရာယ်တို့ကို ကာကွယ်တားဆီး နိုင်သည် ဆိုသော်လည်း ပရိတ်ရွတ်ဖတ် နာယူနည်းမကျပါက အကျိုးရမည် မဟုတ်ချေ။ ဆေးဝါးဟူသည် ရောဂါကို ပယ်ဖျောက်ရန် စီမံထားသော ပစ္စည်းဖြစ်၍ ဆိုင်ရာရောဂါကို ပျောက်စေနိုင်သည် မှန်သော်လည်း အညွှန်းအတိုင်း မလိုက်နာပဲ သုံးစွဲလျင်ကား ဆေးအကျိုးကို ခံစားရမည် မဟုတ်ပေ။ ထို့အတူပင် ပရိတ်တော်တို့မှာ ရွတ်ဖတ်နာယူသူတို့၏ ဘေးရန် ကင်းကွာရေးအတွက် ဟောထားသော တရားများ ဖြစ်သော်လည်း ရွတ်ဖတ်နာယူရာ၌ ဆိုင်ရာညွှန်ကြားချက် တို့ကို မလိုက်နာလျှင်ကား လိုအပ်သော အကျိုးကို ရနိုင်မည် မဟုတ်ပေ။
ယင်း ညွှန်ကြားချက်တို့ကား ပရိတ်ရွတ်သူတို့ ပြည့်စုံရမည့် အင်္ဂါ ၃ ပါးနှင့် ပရိတ်နာသူတို့ ပြည့်စုံရမည့် အင်္ဂါ ၃ ပါးတို့ပင် ဖြစ်လေသည်။ ထို အင်္ဂါတို့ကို ဤနိဿယသစ် ရတနပရိတ်အဖွင့် (နှာ ၂၀၇-၂၀၈) ၌ ကျမ်းဆရာ ကိုယ်တိုင် ပြဆိုထားသည် ဖြစ်၍ ဤနိဒါန်း၌ ရေးသား ဖော်ပြရန် မလိုတော့ပေ။
ဤသို့လျှင် ရွတ်သူ, နာသူတို့၌ လိုအပ်သည့် အင်္ဂါတို့နှင့် ပြည့်စုံမှသာ ပရိတ်အကျိုးကို ခံစားကြရမည် ဖြစ်ရကား ပရိတ်ရွတ်သူ, နာသူတို့သည် ရှေးဦးစွာ ထိုအင်္ဂါတို့နှင့် ပြည့်စုံအောင် ပြုလုပ်ခြင်းဖြင့် ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာလျက် ပရိတ်အကျိုးကို ပြည့်ပြည့်ဝဝ ခံစားကြရန် အားထုတ်သင့်ကြ ပေသည်။
ပရိတ်ကြီးဋီကာ
ပရိတ်ကြီး၌ ပါဝင်သော သုတ်တို့သည် များသောအားဖြင့် ထိုထိုပါဠိတော်၌ ပါရှိပြီး သုတ်တို့ ဖြစ်ကြ၏။သို့ဖြစ်၍ ယင်းသုတ်တို့၏ အဖွင့်ကို ကြည့်လိုလျှင် ဆိုင်ရာ အဋ္ဌကထာများမှာ ကြည့်ရှူရန်ပင် ဖြစ်တော့သည်။ ထို့ကြောင့်လည်း ပုဂံခေတ် စသော ရှေးအခါက ပရိတ်ဋီကာ မပေါ်ထွက်ခဲ့ခြင်း ဖြစ်ပေသည်။
သက္ကရာဇ် ၉၆၇ ခုနှစ်တွင် နန်းတက်သော အနောက်ဖက်လွန် မင်းတရား လက်ထက်၌ကား စစ်ကိုင်းတောင် တိလောကဂုရု ဆရာတော် နှင့် ဂုဏာဓိစက္က ဆရာတော် တို့၏ တပည့် တပယင်းမြို့ တောင်လက် ကန်ဖျားရွာလျှင် ဖွားရာဇာတိ ရှိသော အရှင်တေဇောဒီပသည် ရဟန်း ၅ ဝါအရ သက္ကရာဇ် ၉၇၁ ခုနှစ်တွင် ပရိတ်ကြီး ဋီကာကို စီရင်တော် မူခဲ့သည်။ ကျမ်းကိုလည်း "ပရိတ္တဝဏ္ဏနာ" ဟု မှည့်ခေါ်လေသည်။
ဤအရှင် တေဇောဒီပကား ရခိုင်မှ အမေးရောက်သည်ကို ၉၆၅ ခုနှစ် သာမဏေဘဝကပင် ဖြေရ၍ အဝ (အင်းဝ) သာမဏေကျော်ဟု တွင်လေသည်။ နောင်တွင် တိလောကာလင်္ကာရ ဘွဲ့တံဆိပ် နာမံတော် ကိုလည်း အလှူခံရသည်။ ၉၄၆ ခုနှစ်ဖွား ဖြစ်သော ယင်းဆရာတော်သည် ၁၀၀၆ ခုနှစ် သက်တော် ၆၀ ပြည့်တွင် ပျံလွန်တော်မူသည်။ ဆရာတော်၏ အလောင်းကို ကောင်းမှုတော် ဒါယကာ မင်းကြီးထွက်၍ သင်္ဂြိုဟ်တော် မူသည်။
ပရိတ်ကြီးဋီကာ ဆို၍ ဤတစောင်သာ ယခုအခါတွင် တွေ့ရသည်။ သို့သော် မုံရွေးဆရာတော် စီရင်အပ်သည့် သမန္တစက္ခု ဒီပနီကျမ်း (ပ၊သုဓမ္မဝတီရိုက်၊ နှာ ၂၈၅-၆) ၌ ဤဋီကာမှ စကားကို ထုတ်နုတ်၍ ပရိတ်ကြီး ဋီကာသစ်ဟု အကိုးပြသည်ကို တွေ့ရသည်။ (ယင်းကျမ်း အခြားနေရာ (နှာ ၁၅ စသည်) တို့၌ကား ဤဋီကာလာ စကားကိုပင် ပရိတ်ကြီးဋီကာဟု သာမန်ကိုးသည်ကို တွေ့ရသည်။) ယင်းသို့ ပရိတ်ကြီး ဋီကာသစ်ဟု ကိုးကားမိန့်ဆိုသော စကားကို ထောက်လျှင် ဤ ဋီကာ မပေါ်မီ အခြား ပရိတ်ကြီး ဋီကာတစောင်လည်း ရှိခဲ့သေး၏ဟု ယူဆစရာ ရှိပေသည်။ သာသနာလင်္ကာရ နှင့် ပိဋကတ်တော် သမိုင်းတို့၌ကား အရှင်တေဇောဒီပ၏ ဋီကာကိုသာ ပြဆိုလျက် ရှိကြသည်။ ဤဋီကာ၏ ဂန္ထာရမ္ဘစကားရပ်၌လည်း အခြားဋီကာ ရှိသေးသည် ဟူသော မိန့်ဆိုချက်ကို မတွေ့ရပေ။
ပရိတ်ကြီးဋီကာ နိဿယ
ပရိတ်ကြီးဋီကာမှာ နိဿယမရှိဟု ပိဋကတ်တော်သမိုင်း ၌ ပြဆိုထား၏။ သို့သော် ပရိတ်ကြီးဋီကာ နှင့်တွဲ၍ ၁၂၆၃ ခုနှစ်က ရန်ကုန်မြို့ ကဝိန္ဒာသီရိ စာပုံနှိပ်တိုက်က ရိုက်နှိပ်အပ်သော ပရိတ်ကြီးဋီကာ နိဿယကို တွေ့မြင်အပ်ရကား ပရိတ်ကြီးဋီကာ ရှိသည်ဟုပင် မှတ်အပ်ပေသည်။
ယင်းနိဿယ ပုံနှိပ်စာအုပ်၌ နိဿယဆရာ၏ ပဏာမ, နိဂုံးတို့ မပါသော်လည်း ရန်ကုန်မြို့ အမျိုးသားစာကြည့်တိုက်ရှိ ပေမူ (အမှတ် ၁၈၉၆) ၌မူ နိဂုံးသဖွယ် ဂါထာများ ပါရှိသည်ကို တွေ့ရသည်။ ယင်းဂါထာများ အရ ကျမ်းပြီးနှစ်ကို အတိအကျ မသိရသော်လည်း သက္ကရာဇ် ၁၀၀၀ နှင့် ၁၀၆၆ အတွင်းမှာ ရေးသားခဲ့သည်ဟု ခန့်မှန်းနိုင်ပေသည်။ ကျမ်းပြု အမည်ကိုလည်း "ဂန္ထကာရော မဟာထေရော၊ ပိဋကနာထနာမကော" ဟု ပြသည်။
ပရိတ်ကြီး နိဿယများ
ပိဋကတ်တော်သမိုင်း၌ ပရိတ်ကြီးနိဿယ ကို ပြဆိုထားခြင်း မရှိပေ။ ထိုသို့ မပြဆိုခြင်းမှာ ထိုသမိုင်းပြုစုစဉ်က ပရိတ်ကြီးနိဿယ မရှိသောကြောင့်ကား ဟုတ်မည် မထင်ပေ။ ထိုစဉ်က အလွယ်တကူ မတွေ့ရသောကြောင့် ဖြစ်စေ, ထည့်သွင်းရန် မေ့လျော့သောကြောင့် ဖြစ်စေ, တမင်္ဂလာပင် ချန်ထားခဲ့သောကြောင့် ဖြစ်စေ ထိုသမိုင်း၌ မပါခဲ့ခြင်း ဖြစ်ဟန် ရှိပေသည်။
ယခုအခါမူကား ပရိတ်ကြီး နိဿယတို့ကို အတော်များများ တွေ့ရပေသည်။ ၎င်းတို့ကား အောက်ပါအတိုင်း ဖြစ်ကြသည်။
၁။ ကျမ်းပြုအမည် မသိမူ
ဤနိဿယမှာ ကျောင်းသားငယ် ရှင်ငယ်တို့ အလွယ်တကူ သင်ယူကျက်မှတ်နိုင်ရန် ချနက်မျှကိုသာ ရေးသားထားသော နိဿယ ဖြစ်၏။ ပဏာမ, နိဂုံးတို့ မပါ၍ မည်သည့်ခုနှစ်၌ မည်သည့်ပုဂ္ဂိုလ် ပြစုကြောင်း မသိရသော်လည်း ဆယ်ဆောင်တွဲ စသည်တို့၌ ပါရှိနေသည်ကို ထောက်သော် အတော် ရှေးကျသည်ဟု ယူဆရန် ရှိပေသည်။
၂။ စလင်းဆရာတော်မူ
ဤမူမှာ နိဿယ သက်သက်မျှ မဟုတ်ပဲ ဝိဂြိုဟ်ဝစနက်နှင့် အဓိပ္ပါယ် ရှင်းလင်းချက် တို့ပါ ပါရှိသော မူဖြစ်၏။ ကျမ်းပြု ပုဂ္ဂိုလ်မှာ စလင်းဆရာတော် ဟု၎င်း, ပန်းလွှား ဆရာတော် ဟု၎င်း ထင်ရှားသော ဆရာတော် ဦးဂုဏဝန္တ အရှင်မြတ် ဖြစ်လေသည်။ ယင်းဆရာတော်သည် ဤနိဿကို ကုန်းဘောင် ပဉ္စမဆက် ဖြစ်သော ဘိုးတော်မင်းတရား လက်ထက် သက္ကရာဇ် ၁၁၇၄ ခုနှစ်တွင် အပြီးစီရင်ခဲ့သည်။ ယင်းနိဿယကို ၁၉၆၀ ခုနှစ်တွင် ရန်ကုန်မြို့ ဟံသာဝတီ ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေသည်။
၃။ တွံတေးဆရာတော်မူ
ဤနိဿကို လင်္ကာသွား အနက်တို့ဖြင့် ရေးသားထားသည်။ ပရိတ်ရွတ်ဖတ်နည်း ဂါထာဆန်းစစ်နည်း တို့ကိုပါ ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။ ဤနိဿယကို တွံတေးဆရာတော် ဦးနာဂ အရှင်သူမြတ်သည် ၁၂၇၃ ခုနှစ်တွင် အပြီးစီရင်ခဲ့သည်။ ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေသည်။ ၁၃၂၃ ခုနှစ်အထိ ၁၂ ကြိမ်တိုင်တိုင် ထုတ်ဝေပြီး ဖြစ်သည်။
၄။ ဝိသုဒ္ဓာရုံမူ
ဤမူလည်း အနက်ရိုးရိုးဖြင့် ချနက်သဘော ရေးသားအပ်သော မူဖြစ်၏။ ရှစ်လုံးဖွဲ့ မဟုတ်သော ဂါထာတို့၏ ဂါထာအမည်များကိုလည်း ပြဆိုထားသည်ကို တွေ့ရ၏။ ဤမူကို မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး မန္တလေး အရှေ့ပြင် မဟာဝိသုဒ္ဓါရုံတိုက်၌ သီတင်းသုံးတော်မူစဉ်က ရေးသားခဲ့သည်ဟု ဆိုသည်။ နိဿယ အဆုံးဝယ် ပြဆိုအပ်သော ဂါထာ၌ကား သက္ကရာဇ် ၁၂၇၁ (ပထက္ခယေ) ခုနှစ်၌ သုတ်သင်အပ်ကြောင်း ပြဆိုထားသည်။ ဤနိဿယကို ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပိဋကပုံနှိပ်တိုက်က ရိုက်နှိပ်ခဲ့ဘူးသည်။ ၁၃၂၂ ခုနှစ်၌ မန္တလေးမြို့ ပဟိုရ်စည် သတင်းစာတိုက်တွင် နဝဗုဒ္ဓပူဇနကျမ်း, ဥပ္ပါတသန္တိကျမ်း တို့နှင့် တွဲဖက်၍ ဒုတိယအကြိမ် ရိုက်နှိပ်အပ်သည်။
၅။ မြင်းခြံ ၉ ဆောင်မူ
၆။ အရှင်အာဒိစ္စဝံသမူ
အထက်ပါတို့မှာ ယနေ့တွေ့မြင်ရသော နိဿယတို့ ဖြစ်ကြသည်။ စလင်းဆရာတော်၏ နိဿယနိဂုံး၌ပင် "ရှေးမူဟောင်း ပရိတ်ကြီး နိဿယအကျယ် ၌ အပျက်အမှား များလှသောကြောင့်" စသည်ဖြင့် မိန့်ဆိုထားသည်ကို ထောက်၍ စလင်းနိဿယ မပေါ်မီကလည်း နိဿယများ ရှိခဲ့သည်ကို မှန်းဆနိုင်လေသည်။
ထို့ပြင် ဝက်ခုတ်ဆရာတော် ဆရာတော်ဦးဗုဓ်, ဆရာတော် ဦးပခန်း စသော ဆရာတော်တို့ ရေးသော နိဿယတို့လည်း ရှိကြကြောင်း သိရှိရ၏။ ဤနိဒါန်းရေးသူ မတွေ့ဘူး မကြားဘူးသော ပရိတ်ကြီးနိဿယ တို့လည်း ရှိတန်ရာပေသည်။
ပရိတ်ကြီးဂဏ္ဌိ
၎င်း ဂဏ္ဌိကို အဘိဓမ္မတ္ထဒီပက ကျမ်းပြု ဗိုလ်ကုန်းဆရာတော်ဘုရား စီရင်ရေးသား တော်မူခဲ့သည်။ ဂဏ္ဌိဆိုသည်နှင့် အညီ ပရိတ်ကြီး၌ပါသော ပုဒ်တို့၏ ဝိဂြိုဟ်ဝစနတ် ဓါတ်ပစ္စည်း ခွဲဝေပုံများကို၎င်း, ပုဒ်ပါဌ်အဆုံးအဖြတ် အနက် အဆုံးအဖြတ် တို့ကို၎င်း ထိုထိုသုတ်တို့နှင့် စပ်လျဉ်း၍ သိမှတ်ဖွယ် ဝတ္ထုကြောင်း စသည်တို့ကို၎င်း ပြည့်စုံစွာ ပြဆိုထားသည်ကို တွေ့ရသည်။ ဤကျမ်းကို ဗိုလ်ကုန်းဆရာတော်သည် ၁၂၆၅ ခုနှစ်၌ ရေးသားစီရင်ခဲ့၍ ရန်ကုန်မြို့ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်က ၁၂၆၇ ခုနှစ်တွင် ရိုက်နှိပ်ခဲ့သည်။
ပရိတ်ကြီး မြန်မာပြန်များ
၁။ ဦးစိုးဝင်းမူ
၂။ ဦးတင်မြင့်မူ
၃။ ဤနိဿယသစ်
ကျမ်းပြုဆရာတော်
ပုံနှိပ်ခြင်း
ကျမ်းဂုဏ်ရည်
အာသီသ
ပရိတ်ရွတ်ခြင်း အလေ့သည် မြန်မာနိုင်ငံ၌သာ ရှိသည်မဟုတ်၊ သီဟိုဠ်, ယိုးဒယား စသော အခြားဗုဒ္ဓဘာသာဝင် နိုင်ငံတို့၌လည်း ရှိသည်ပင်။ သီဟိုဠ်ကျွန်း၌ ယနေ့တိုင်အောင် ညဉ့်လုံးပေါက် ရွတ်သော ပရိတ်ပွဲများကို ကျင်းပလေ့ ရှိကြ၏။
အရှင်သီလာနန္ဒဘိဝံသ
ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ နှင့်
သာသနဓဇ သိရီပဝရဓမ္မာစရိယ
ဇမ္ဗူဒီပကျောင်းဆောင်
သီရိမင်္ဂလာကုန်းမြေ ကမ္ဘာအေး။
၁၃၂၇-ခု၊ တပို့တွဲလဆန်း (၆) ရက်။
၂၇-၁-၆၆