ဓမ္မာစရိယဦးမောင်မောင်လေး (ပထမကျော်၊ ဓမ္မာစရိယ သိရောမဏိ B.A; R.L.)
ပိဋကအနှစ်ချုပ် သံယုတ္တနိကာယ်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဆက်စပ်မှုရှိသော ဟောကြားချက်များ
ဗုဒ္ဓမြတ်စွာ မိန့်မြွက်ဟောကြားတော် မူခဲ့သော တရားတော်များကို ပိဋကတ်အားဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးရပ် သတ်မှတ်ပိုင်းခြား ၍ထားရာတွင် သံယုတ္တနိကာယ်သည် သုတ္တန္တပိဋကတွင် ပါဝင်သော တတိယမြောက်နိကာယ် ဖြစ်ပေသည်။
ပထမသင်္ဂါယနာ၌ ဝိနယ (ဝိနည်းငါးကျမ်း) ကို ရှေးဦးစွာ သင်္ဂါယနာ တင်ပြီးနောက် ဒီဃနိကာယ်ကို လည်းကောင်း၊ ဒီဃနိကာယ်၏ အခြားမဲ့၌ မဇ္ဈိမနိကာယ်ကို လည်းကောင်း၊ မဇ္ဈိမနိကာယ်၏ အခြားမဲ့၌ သံယုတ္တနိကာယ်ကိုလည်းကောင်း အသီးသီး သင်္ဂါယနာ တင်ခဲ့ကြသည်။ ထို့ပြင် သင်္ဂါယနာ တင်ပြီးနောက်ပိုင်းတွင် ထိုနိကာယ်ကျမ်းကြီးများအား အရှည်သဖြင့် မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက် သွားရန်အတွက် ဒီဃနိကာယ်ကို အရှင်အာနန္ဒာနှင့် တပည့်များအားလည်းကောင်း၊ သံယုတ္တနိကာယ်ကို အရှင်မဟာကဿပနှင့် တပည့်များအားလည်းကောင်း အသီးသီး တာဝန်ပေးအပ်ခဲ့ကြောင်း အဋ္ဌကထာ ဖွင့်ဆိုချက်များအရ သိရပေသည်။
"သံယုတ္တ" ဟူသော ပါဠိဝေါဟာရမှာ ပင်ရင်းသဒ္ဒါနက်အားဖြင့် "ကောင်းစွာ (သို့မဟုတ်) အတူတကွ ယှဉ်တွဲပေါင်းစပ်ထားသော အရာ" ဟူ၍ အနက်ထွက်ပါသည်။ "သံယုတ္တနိကာယ်" မှ "သံယုတ္တ" ၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို လူအများ နားလည်သဘောပေါက်စေရန် ခပ်လွယ်လွယ် ပြန်ဆိုရသော် "အချင်းချင်းစပ်ဆက်မှု ရှိသော ဟောကြားချက်" များဟု ပြန်ဆိုလျှင် သင့်မည်ထင်ပါသည်။ ဤပြန်ဆိုချက်ကို ပေါ်လွင်စေရန် သံယုတ္တနိကာယ်၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်း အားဖြင့် ရှင်းလင်း ဖော်ပြရန် လိုအပ်ပါသည်။
နိဒါန်း
သံယုတ်ငါးကျမ်း နှင့် ဖွဲ့စည်းပုံ
သံယုတ္တနိကာယ် (Kindred Sayings of Buddha) ကို
၁။ သဂါထာဝဂ်
၂။ နိဒါနဝဂ်
၃။ ခန္ဓဝဂ်
၄။ သဠာယတနဝဂ်
၅။ မဟာဝဂ် ဟူ၍ ကျမ်းအားဖြင့် ငါးကျမ်းခွဲခြားထား၏။
ထိုငါးကျမ်းတို့တွင် ပထမဦးဆုံးဖြစ်သော သဂါထာဝဂ္ဂကျမ်း၌ ဂါထာ (လင်္ကာ) နှင့် တကွ ဖြစ်သော သုတ်ပေါင်း ၂၇၁ သုတ် ပါရှိ၏။ ထိုသုတ်များကိုလည်း
၁။ အမည်မထင်ရှားသော နတ်တို့နှင့် စပ်သော ဟောကြားချက်များကို ဒေဝတာသံယုတ်၊
၂။ အမည်ထင်ရှားသော နတ်သားတို့နှင့်စပ်သော ဟောကြားချက်များကို ဒေဝပုတ္တသံယုတ်၊
၃။ ကောသလမင်းနှင့် စပ်သော ဟောကြားချက်များကို ကောသလသံယုတ် ...
စသည်ဖြင့် သံယုတ် ခေါ် အခန်းပေါင်း ၁၁ ခု ခွဲခြားထား၏။
ယေဘုယျအားဖြင့် ခြုံ၍ ပြောမည် ဆိုလျှင်
ပထမဦးဆုံး ဖြစ်သော သဂါထာဝဂ္ဂကျမ်း၌ နတ်၊ မာရ်နတ်၊ ဗြဟ္မာ၊ သိကြားမင်း၊ နတ်ဘီလူး၊ ကောသလမင်း၊ ရှင်ဝင်္ဂီသမထေရ်၊ ပုဏ္ဏား၊ ဘိက္ခုနီ၊ တောနေ ရဟန်းတို့နှင့် သက်ဆိုင်သော ဟောကြားချက်များကို အခန်းပေါင်း ၁၁ ခန်းဖြင့် စီစဉ် ဖွဲ့စည်းထားပေသည်။
ဒုတိယမြောက် ဖြစ်သော နိဒါနဝဂ္ဂကျမ်း၌ သုတ်ပေါင်း ၄၁၉ သုတ်ပါရှိပြီး ယင်းတို့အနက် အကြောင်းကိုစွဲ၍ အကျိုးဖြစ်ပေါ်ခြင်း (ပဋိစ္စသမုပ္ပါဒ်တရား) နှင့် စပ်သော ဟောကြားချက်များကို နိဒါနသံယုတ်၊ သစ္စာလေးပါး ကို သိမြင်ခြင်းနှင့် စပ်သော ဟောကြားချက်များကို အဘိသမယသံယုတ်၊ ဓာတ်သဘောနှင့် စပ်သော ဟောကြားချက်များကို ဓာတုသံယုတ် စသည်ဖြင့် သံယုတ်ခေါ် အခန်းပေါင်း ၁၀ခန်း ခွဲခြားထား၏။ ယေဘုယျအားဖြင့် ခြုံ၍ ပြောမည်ဆိုလျှင် ဒုတိယမြောက်ဖြစ်သော နိဒါနဝဂ္ဂကျမ်း၌ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါး ကိုသိမြင်ခြင်း၊ ဓာတ်သဘော၊ အစမရှိသော သံသရာ၊ လာဘသက္ကာရ တို့နှင့် သက်ဆိုင်သော ဟောကြားချက်များ၊ အရှင်မဟာကဿပ၊ အရှင်ရာဟုလာ၊ အရှင်လက္ခဏတို့နှင့် သက်ဆိုင်သော ဟောကြားချက်များ အဝိဇ္ဇာ စသော တရားသဘောများကို ဥပမာဆောင်၍ ဟောကြားချက်များ ပါဝင်ပေသည်။
တတိယမြောက်ဖြစ်သော ခန္ဓဝဂ္ဂကျမ်း၌ သုတ်ပေါင်း ၇၁၆ သုတ်ပါရှိပြီး ယင်းတို့အနက် ခန္ဓာငါးပါးနှင့် စပ်သော ဟောကြားချက်များကို ခန္ဓသံယုတ်၊ အရှင်ရာဓနှင့် စပ်သော ဟောကြားချက်များကို ရာဓသံယုတ်၊ အယူမှားခြင်းနှင့် စပ်သော ဟောကြားချက်များကို ဒိဋ္ဌိသံယုတ် စသည်ဖြင့် သံယုတ်ခေါ် အခန်းပေါင်း ၁၃ ခုခွဲခြားထား၏။ ထိုအခန်း ၁၃ ခုတို့၌ ပါဝင်သော ဟောကြားချက်များမှာ ခန္ဓာငါးပါး အယူမှား ဖြစ်ပေါ်ခြင်း၊ မြဲသော သဘောသို့ သက်ရောက်ခြင်း၊ ဒုက္ခဖြစ်ပေါ်ခြင်း၊ ကိလေသာဆယ်ပါး၊ ဈာန်ဝင်စားခြင်း တို့နှင့် စပ်သော ဟောကြားချက်များ၊ အရှင်ရာဓ၊ အရှင်သာရိပုတ္တရာ၊ ဝစ္ဆဂေါတ္တ ပရိဗိုဇ် တို့နှင့် စပ်သော ဟောကြားချက်များ၊ နဂါး၊ ဂဠုန်၊ ဂန္ဓဗ္ဗနတ်၊ ဝလာဟကနတ် တို့နှင့် စပ်သော ဟောကြားချက်များ ဖြစ်ပေသည်။