ထိုသို့ နတ်ဗြဟ္မာအပေါင်းတို့ ဖယ်သွားကြသော အခါ အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ၏ စကားတော် နတ်ဗြဟ္မာများ၏ စကားအားဖြင့် နှစ်ပါးစုံသော စကားကို ကြားနာရသည့်အတွက် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တော်မူလှသည်ဖြစ်၍ ဤသို့ ကြံစည် စိတ်ကူးတော်မူ၏ ...
"မြတ်စွာဘုရားတို့ မည်သည် ( ဟုတ်ချင် ဟုတ်မည်၊ မဟုတ်ပဲသော်လည်း ရှိမည်ဟူ၍) နှစ်မျိုးနှစ်ခွ တွေးဆရသော စကားမျိုးကို ဟောရိုးထုံးစံမရှိကုန်၊ အချည်းနှီးသော စကားမျိုးကိုလည်း ဟောရိုးထုံးစံမရှိကုန်။ မြတ်စွာဘုရားတို့၏ စကားတော်သည် ချွတ်ယွင်းသည် ဟူ၍ မရှိစကောင်း၊ (ထို့ကြောင့်) ငါသည် မချွတ်မလွဲ ဘုရားဖြစ်တော်မူရအံ့ ....
ကောင်းကင်သို့ ပစ်မြှောက်အပ်သော ခဲသည် မချွတ်မလွဲ မြေပြင်သို့သာ ကျရောက်ရသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာ ဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော် မူရအံ့ ....
အလုံးစုံသော သတ္တဝါဟူသမျှတို့မှာ သေရခြင်း သဘောသည် မချွတ်မလွဲ မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာ ဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော် မူရအံ့ ....
ညဉ့်အချိန်ကုန်ဆုံးသောအခါ နေထွက်ခြင်းသည် မချွတ်မလွဲ မြဲသကဲ့သို့ ထိုအတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့ ....
နေရာလိုဏ်ဂူမှ ထွက်သော ခြင်္သေ့၏ ဟောက်ခြင်း သဘောသည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ် တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာ ဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့ ....
ကိုယ်ဝန်ဆောင်ရသော မိန်းမတို့၏ ထိုကိုယ်ဝန်ကို ချခြင်း(မွေးဖွားခြင်း) သည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်မည်သည် မချွတ်မလွဲ မြဲသည်သာဖြစ်ရကား ငါသည် ဧကန်စင်စစ် ဘုရားဖြစ်တော်မူရအံ့ ....
ဤသို့ ဥပမာ အမျိုးမျိုးဖြင့် ထောက်ဆ၍ . ဒီပင်္ကရာမြတ်စွာ ဘုရား၏ စကားတော်အရ မုချဧကန် ဘုရားဖြစ်ရမည်ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင်
ကိုင်း..ယခုအခါ ငါသည် အထက်အရပ် (နတ်ပြည်လောက)အောက်အရပ် (လူပြည်လောက) ဆယ်မျက်နှာ အရပ်တို့၌ အကြင်မျှလောက် (ကာမ, ရူပ, အရူပဟူ၍ ပြားသော) အရင်းခံ သဘောတရားသည် ရှိ၏၊ ထိုအရင်းခံ တရားသဘော အလုံးစုံ နှံစပ်အောင်ပင် ဘုရားအဖြစ်ကို ပြုတတ်သောတရားတို့ကို ဤမှထိုမှ စူးစမ်းရှာဖွေတော့အံ့- ဟူ၍ ဗုဒ္ဓကရ = ဘုရားဖြစ်အောင် ပြုပေးနိုင်သည့် အကြောင်း တရားတို့ကို စူးစမ်း ဆင်ခြင်တော်မူလေသည်။