ဤ အာဇီဝမဋ္ဌမက သီလသည် တစ်ကြိမ်လောက်ဆောင်တည်ပြီးလျှင် အသက်မွေးစင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်ဆောက်တည်ဖွယ် မလို၊အခြားသော ငါးပါး ရှစ်ပါးသီလများလည်း မကျိုးပျက် သေးသမျှ နောက်ထပ်ဆောက်တည်ဖွယ်မလို ၊ သို့သော် ထပ်၍ဆောက်တည်ခြင်း၌ကား အပြစ်မရှိ။
အာဇီဝမဋ္ဌမက- အသက်မွေးဝမ်းကြောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအဝယ်ဟူသမျှကို ပါဠိလို အာဇီဝဟုခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို မိစ္ဆာဇီ၀ ဟုခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို သမ္မာအာဇီဝဟု ခေါ်၏၊ ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို အဋ္ဌမက ဟုခေါ်၏။
ပါဏာတိပါတမှ ရေတွက်လျင် မိစ္ဆာဇီဝါ ဝေရမဏိသည် ရှစ်ပါးမြောက်တည်း၊ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝမဋ္ဌမက သီလဟုခေါ်၏။
ဤအာဇီဝမဋ္ဌမက သီလဆောက်တည်ပုံကို ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်မပြကြ၊ ငါးပါးဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ကြဟန်တူ၏၊ ထိုရှစ်ပါးတို့တွင် နံပတ် တစ်မှ နံပတ် ခုနစ်ထိ သိက္ခာပုဒ်တို့မှာ သုစရိုက်ဆယ်ပါးတွင် ကာယကံ သုံးပါးနှင့် ဝစီကံလေးပါးတည်း၊ ထို ၇ ပါးလုံခြုံသော သူတော်ကောင်း၌ အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော အရောင်းအဝယ် အလုပ်အကိုင်များ စင်ကြယ်ပါမူ အာဇီဝမဋ္ဌမက သီလ ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ အမြဲလုံခြုံနေပါသည်။
ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ အာဇီဝမဋ္ဌမက သီလကိုလည်း ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိ၏၊ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် သီလဖြစ်သကဲ့သို့ ဤအာဇီဝမဋ္ဌမက သီလသည်လည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမည့် သီလဖြစ်သည်၊ဤ အာဇီဝမဋ္ဌမက သီလကို ကျမ်းဂန်များ၌ အာဒိဗြဟ္မစရိယသီလ ဟုလည်းခေါ်သေး၏၊ဤ အာဇီဝမဋ္ဌမက သီလလုံခြုံမှ မဂ်ဖိုလ်ကို ရနိုင်၏၊ ဤအာဇီဝမဋ္ဌမက သီလ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင် ။ ထို့ကြောင့် ဤအာဇီဝမဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အခြေခံသီလ ဖြစ်သည်။