"ဧတဒဂ်သည် ရှင်တစ်ဆူ လူတစ်ယောက်၏ အခွင့်အရေး နှစ်ရပ်ကို ပေါင်းစပ်လိုက်သော ရလဒ် ဖြစ်၏။ ဧတဒဂ္ဂကို မြန်မာတို့က ဧတဒဂ်ဟု ခေါ်ကြ၏။ ဧတ နှင့် အဂ္ဂ နှစ်ပုဒ် တွဲစပ်နေ၏။ ဧတံ အဂ္ဂံ ဟု ပုဒ်ဖြတ်ပြီး ထိုပုဂ္ဂိုလ်သည် မြတ်၏ဟု အနက် မြန်မာ ပြန်ဆိုကြ၏။ သူသည် ဤနေရာ ဌာနတွင် အထွတ်အမြတ်ဟု ဆိုလိုခြင်း ဖြစ်၏။ အင်္ဂုတ္တရ ပါဠိတော်တွင် ဧတဒဂ္ဂ အရာဌာနပေါင်း ၅၈ ခု ရှိ၏။ ယင်းအရာအထူးကို ရရှိသူပေါင်းမှာ ၇၅ ဦးရှိ၏။ အကြောင်းကား ဧတဒဂ်ရ ပုဂ္ဂိုလ်မှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပသကာ၊ ဥပါသိကာ ဟူ၍ လေးမျိုးရှိ၏။ အချို့မှာ ပုဂ္ဂိုလ်တစ်မျိုးတည်းသာ ရ၍ အချို့မှာ နှစ်မျိုး၊ သုံးမျိုး ပူးတွဲ ရကြ၏။ ဘိက္ခုတစ်ပါးရသော ဧတဒဂ်ကို အခြား ဘိက္ခုတစ်ပါး မရနိုင်သော်လည်း ထိုဧတဒဂ်ကို ဘိက္ခုနီ၊ ဥပါသကာ သို့မဟုတ် ဥပါသိကာ တို့တွင် တစ်စုံတစ်ယောက်သည် ရနိုင်၏။ ထို့ကြောင့် ၅၈ ခုသာ ရှိသော ဧတဒဂ်ဝတ္ထုကို ပုဂ္ဂိုလ်ပေါင်း ၇၅ ဦးတို့ ရကြခြင်း ဖြစ်၏။ ဘိက္ခုပေါင်း ၄၁ ဦး၊ ဘိက္ခုနီပေါင်း ၁၃ ဦး၊ ဥပါသကာပေါင်း ၁၁ နှင့် ဥပါသိကာပေါင်း ၁၀ ဖြစ်၏။
ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ လေးမျိုးလုံး ရသော ဧတဒဂ် မရှိချေ။ ပုဂ္ဂိုလ် သုံးဦးနှင့် ဆက်စပ်သော ဧတဒဂ်တို့မှာ တရားဟောခြင်း၊ ဈာန်၌ မွေ့လျော်ခြင်း၊ လုံ့လဝီရိယ ကြီးခြင်း၊ ရှေးဦးစွာ ကိုးကွယ်ဆည်းကပ်ခြင်း ဟူ၍ ၄ မျိုးတို့ ဖြစ်ကုန်၏။ ပုဂ္ဂိုလ်နှစ်ဦးနှင့် ဆက်စပ်သော ဧတဒဂ်တို့မှာ လျင်မြန်စွာ မဂ်ဖိုလ်ကို သိခြင်း၊ အကြားအမြင် များခြင်း၊ ပုဗ္ဗေနိဝါသ အဘိညာဉ်ရခြင်း၊ ဝိနည်းဆောင်ခြင်း၊ ခေါင်းပါးသော သင်္ကန်းကို ဆောင်ခြင်း၊ ညဉ့်အပိုင်းအခြားကို သိခြင်း၊ ပညာကြီးခြင်း၊ တန်ခိုးကြီးခြင်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း၊ သဒ္ဓါတရားကြီးခြင်း၊ လှူဒါန်းခြင်း၌ မွေ့လျော်ခြင်း၊ မွန်မြတ်သော ဝတ္ထုကို ပေးလှူခြင်း၊ မတုန်မလှုပ် ကြည်ညိုခြင်း၊ အကျွမ်းဝင်သော စကားကို ဆိုခြင်း - ဟူ၍ ၁၄ မျိုးတို့ ဖြစ်ကုန်၏။ အခြား ဧတဒဂ်ဝတ္ထု ၄၀ တို့သည်ကား ပုဂ္ဂိုလ် တစ်ဦးတည်းနှင့်သာ ဆက်စပ်ကုန်၏။
ဧတဒဂ်ရ ပုဂ္ဂိုလ် ၇၅ ဦးတို့တွင် အရှင်အာနန္ဒသည် ဧတဒဂ် ငါးခုကို ရ၏။ အရှင်စူဠပန္ထက နှင့် အရှင်သုဘူတိ သည် ဧတဒဂ် နှစ်ခုစီ အသီးသီး ရကြ၍ အခြားသော ၇၂ ဦးသော သူတို့ကား ဧတဒဂ် တစ်ခုစီသာ ရကြကုန်၏။"