By Ye Zaw Khant on 18th of May 2020
တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ဘာကိုမှ လုပ်ချင်စိတ်မရှိပဲ စိတ်လေနေတတ်ပါတယ်။ အဲ့လို အချိန်တွေမှာဆိုရင် ကိုယ့်မှာလုပ်စရာတွေ အများကြီးရှိနေပေမယ့် ဘယ်အရာကိုမှ ပြီးမြောက်အောင် မလုပ်ချင်ပဲ စိတ်ထဲမှာ တွေဝေထိုင်းမှိုင်း နေတတ်ကြပါတယ်။ ဒါဟာ လူတိုင်းကြုံတွေ့လေ့ရှိတဲ့ အရာဖြစ်တာကြောင့် အထူးအဆန်းတော့ မဟုတ်ပါဘူး။
ဒီနေ့ဆောင်းပါးလေးမှာတော့ Self-motivation နဲ့ ပတ်သတ်တဲ့ Tips လေးတွေကို ဝေမျှပေးသွားမှာမို့ အဆုံးထိဖတ်ကြဖို့ မမေ့နဲ့နော်။ 🙋
(1) Challenge လုပ်ပါ
သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ကိစ္စတစ်ခုခုကို ပြီးမြောက်အောင် လုပ်ပြမယ်ဆိုပြီး မိမိကိုယ်ကို စိန်ခေါ်ကြည့်ပါ။ ဒီလို စိန်ခေါ်ပြီး လုပ်နေရတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာ အရင်ကထက် ပိုပြီး Motivated ဖြစ်လာသလို ခံစားရလာပါလိမ့်မယ်။
(2) အခက်ဆုံးအရာကို အရင်စလုပ်ပါ။
တစ်နေ့တာ လုပ်ရမယ့်တာဝန်တွေထဲမှာမှ ခက်ခဲမှုအရှိဆုံး ထင်တဲ့အရာကို အရင်ပြီးမြောက်အောင်လုပ်ခြင်းက စိတ်ဓာတ်ခွန်အားလည်း တက်ကြွလာနိုင်သလို Self-confidence လည်း ပိုမိုတိုးလာစေနိုင်ပါတယ်။
(3) Remember your success.
အတိတ်မှာ ကိုယ်ရခဲ့တဲ့ အောင်မြင်မှုတွေကို ချရေးကြည့်ပါ။ မိမိရဲ့ အောင်မြင်မှုတွေကို ပြန်လည်အောက်မေ့သတိရခြင်းက နောင်လာမယ့် Challenge တွေကို ရင်ဆိုင်ရာမှာ ပိုမိုသာလွန်တဲ့ စိတ်ဓာတ်ခွန်အားတွေကို ရရှိစေမှာပါ။
ကဲ ..... အားလုံးပဲ ဒီနေ့မှာ ကျွန်တော် Sharing လုပ်ပေးသွားတယ့် Tips လေးတွေနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့မှာလည်း မတူညီတယ့် နောက်ထပ် Idea အသစ်တွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်။
By Thet Hsu Mon on 18th May 2020
စာရေးသူတို့ နေထိုင်တဲ့ ကမ္ဘာကြီးက နေ့စဥ်နဲ့အမျှ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုက မြန်မာနိုင်ငံမှာ သိပ်သိသာမှာ မဟုတ်ပေမယ့် တိုးတက်ပြီးနိုင်ငံတွေမှာ ပြောင်းလဲနေတာတွေက ကြောက်ခမန်းလိလိပါ။ ဒီလိုပြောင်းလဲမှုမျိုးတွေ ကိုယ့်တိုင်းပြည်မှာ မကြာမီ အချိန် အတွင်းမှာ ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ယခုအချိန်မှာကို စတင်ပြောင်းလဲနေတာ အားလုံးအမြင်ပါ။ Covid-19 Pandemic ကြောင့် Work from Home, Remote Working စတာတွေ တွင်ကျယ်လာတာ၊ Food Delivery တွေ အရမ်း Demand ထိုးတက်လာတာ တွေက ဥပမာ ဖြစ်ပါတယ်။ ဒီလိုမျိုး Dynamic World မှာ Survive လုပ်ဖို့ ဆိုရင် Flexible ဖြစ်ဖြစ်နဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့က အရေးကြီးတဲ့ Skill တစ်ခု ဖြစ်လာပါပြီ။
Flexibility က ဘာလဲ။
Flexibility ဆိုတာ လျှပ်တပြက် ပြောင်းလဲမှုတွေကို လျှင်မြန်စွာ Adjust လုပ်နိုင်ပြီး ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်တာ ဖြစ်ပါတယ်။ ဒီ Skill ဟာ အထက်မှာ ဖော်ပြထားတဲ့ အပြောင်းအလဲ အကြီးကြီးတွေမှာသာ လိုအပ်တာမဟုတ်ပါဘူး။ နေ့စဥ် ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေ၊ လုပ်ငန်းခွင်ထဲမှာ ရုတ်တရက် ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းရာမှာလည်း အရေးပါတဲ့ Skill တစ်ခု ဖြစ်ပါတယ်။ ပြဿနာတစ်ခု ကိုပြေလည်အောင် နည်းမျိုးစုံနဲ့ ဖြေရှင်းနိုင်တာဟာ Flexibility ဖြစ်တာတစ်ခုပါ။
Flexible ဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေ။
နေထိုင်အသက်ရှင်လာရင်း ပြောင်းလဲမှုတွေ တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံခဲ့ကြပါတယ်။ ငယ်ငယ်က ကျောင်းသွားခါနီး ရုတ်တရက် မိုးရွာလာတာမျိုး။ ခရီးသွားဖို့ စီစဥ်ပြီးမှ အကြောင်းတစ်ခုပေါ်လာလို့ မသွားဖြစ်ခဲ့တာတွေ။ အဲ့လို အခြေအနေမျိုးတွေမှာ အခြေအနေပေါ် လိုက်ပြီး လုပ်ကိုင်တတ်တဲ့သူတွေ အတွက် Big Deal မဟုတ်ပေမယ့် Flexible မဖြစ်တဲ့ သူတွေအတွက် ဒီအခြေအနေကို လက်ခံပြီးဖြေရှင်းနိုင်ဖို့ ဆိုတာ အခက်အခဲကြီး တစ်ခုဖြစ်နေတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ မမျှော်လင့်တာတွေ ကြုံလာရင် အေးအေးဆေးဆေး အာရုံစုစည်းပြီး ဖြေရှင်းနိုင်တဲ့ သူတွေက ပိုပြီး အောင်မြင်ကြပါတယ်။
Flexible ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ။
ကိုယ့်ပုံမှန် နေ့စဉ်ဘဝမှာ Flexible ဖြစ်ခြင်းက အလုပ်မှာလည်း Flexible ဖြစ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကို ကြိုရှာထားလို့ မရပေမယ့် ကိုယ့် Flexibility ကိုတော့ အောက်ပါအချက်တွေကို သုံးပြီး တိုးတက်အောင် ကြိုပြင်ဆင် ထားလို့ ရပါတယ်။
ပြောင်းလဲမှုဆိုတာ ရှောင်လွှဲလို့ မရတဲ့ ကိစ္စဆိုတာ နှလုံးသွင်းထားပါ။
ကိုယ့်ရဲ့ Core Values တွေအပေါ် အာရုံစိုက်ပါ။
Open-minded ဖြစ်သောသူ တစ်ယောက် ဖြစ်ပါစေ။
ကိုယ့်ရဲ့ Skill တွေကို အမြဲတိုးတက်နေအောင်လုပ်ပါ။
အကောင်းမြင်စိတ်ထားပါ။
တည်တည်ငြိမ်ငြိမ် ဖြေရှင်းပါ။
Risk Management ကြိုလုပ်ထားပါ။
ကိုယ့်ကို အားပေးတဲ့ Team တစ်ခု ခိုင်ခိုင်မာမာ ပိုင်ဆိုင်အောင် လုပ်ပါ။
Confident ရှိအောင် လုပ်ပါ။
ကိုယ့်ကိုယ်ကိုယ် Flexible မဖြစ်လို့ စိတ်ညစ်နေတဲ့ သူတွေအနေနဲ့ အထက်ပါ အချက်တွေကို နေ့စဥ် အလေ့အကျင့် လုပ်ပေးခြင်း အားဖြင့် ယခုထက်ပိုပြီး အဆင်ပြေလာမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Limitation တွေကို အခွင့်အရေး ရတိုင်း ကျော်လွှားဖို့ မမေ့ပါနဲ့။ အလုပ်မှာရော ကိုယ်ပိုင်ဘဝ မှာပါ အခုထက်ပိုပြီး အခွင့်အလမ်းတွေ တိုးပွားလာမှာဖြစ်ပါတယ်။
By Ye Zaw Khant on 18th of May 2020
မိမိအပေါ် မိမိယုံကြည်မှု၊ မိမိမှာရှိတယ့် အရည်အချင်းတွေအပေါ်မှာ စိတ်ချမှု စတာတွေပေါ်မှာ မူတည်ပြီး Self-confidence ဆိုတာ ဖြစ်တည်လာတာပါ။ Self-confidence ဆိုတာ လုပ်ယူလို့လည်းရသလို ဖန်တီးလို့လည်း ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ မိမိကိုယ်ကိုယုံကြည်မှု ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ ပတ်သတ်တယ့် Tips လေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
(1) Get things done.
Confidence ဆိုတာ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကျော်ဖြတ်ခဲ့တယ့် Goals သေးသေးလေးတွေကနေ စတင်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်ရမယ်လို့သတ်မှတ်ထားတယ့် Daily Tasks တွေကို ပြီးမြောက်အောင်လုပ်နိုင်လေလေ မိမိကိုယ်ကိုယုံကြည်မှု တိုးလာလေလေ ဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ အဖြစ်နိုင်တဲ့ မပြီးမြောက်နိုင်တဲ့ Tasks တွေတော့ မချမိပါစေနဲ့။ တစ်ခါတလေ မလုပ်နိုင်တဲ့ Task အရေအတွက်တွေ ချမိပြီး မပြီးမြောက်တဲ့အခါ စိတ်ဓာတ်ကျတတ်လို့ပါ။
(2) Exercise
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ကိုယ့်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် Stress တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ဖြစ်ပေါ်လာတဲ့ တုန်လှုပ်ကြောက်ရွံ့မှုတွေကို လျှော့ချပေးပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိသူ အများစုဟာ လေ့ကျင့်ခန်းလုပ်သူတွေ ဖြစ်ကြောင်း လေ့လာချက်တွေအရ သိရပါတယ်။
(3) Don't care what others think.
သူများရဲ့ ထင်မြင်ယူဆချက်တွေကို သာမန်ထက်ပိုပြီး ဂရုစိုက်နားထောင်လွန်းတာက Self-confidence ကို တည်ဆောက်ရာမှာ အများဆုံးကြုံတွေ့ရလေ့ရှိတဲ့ အဓိက အတားအဆီး တစ်ခုပါ။ သူများတွေက ကိုယ့်ကိုမလုပ်နိုင်ဘူးလို့ ထင်တဲ့ ကိစ္စတွေကို လုပ်ပြပြီး မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်တာက အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။
ဒီနေ့ဆောင်းပါးလေးမှာ ကျွန်တော်မျှဝေပေးသွားတယ့် Tips လေးတွေနဲ့ ပတ်သတ်လို့ အားလုံးပဲ စိတ်ကျေနပ်ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့မှာလည်း မတူညီတယ့် နောက်ထပ် Idea အသစ်တွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်။
By Ei Yupar Min on 8th of May 2020
ပြဿနာ ဖြေရှင်းဖို့ ထိရောက်တဲ့ လုပ်ငန်းခွင်ဆိုတဲ့ နေရာဟာ မမျှော်လင့်ထားတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် တွေ့ကြုံရတဲ့ နေရာပါ။ ကိုယ်ကျောင်းတုန်းက သင်ယူခဲ့တဲ့ သင်ခန်းစာတွေထဲမှာလည်း ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ မပါခဲ့ပါဘူး။ပြဿနာတွေကို တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံရတော့မှ ကိုယ့်မှာ Problem-solving Skillရှိမရှိသိလာကြပါတယ်။ Problem-solving Skill ဆိုတာ အလုပ်ရှင်ရော အလုပ်လုပ်နေတဲ့ ဘယ်သူမဆို လိုအပ်တဲ့အရာပါ။ဒီနေ့မှာတော့ ပြဿနာကြုံတွေ့တဲ့အခါမှာ လုပ်လေ့ရှိတဲ့ အမှားတွေနဲ့ ပြဿနာကို ဘယ်လို အကောင်းဆုံး ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်နော်။ ပြဿနာ ကြုံတွေ့ရတဲ့အခါ လုပ်လေ့ရှိတဲ့ အမှားတွေကတော့
အစိုးရိမ်လွန်၍ ခေါင်းရှောင်ရန် ကြိုးစားခြင်း
တစ်ပါးသူကို အပြစ်တင်ခြင်း
တစ်ယောက်တည်း အဖြေရှာရန် ကြီုးစားခြင်း တို့ပဲ ဖြစ်ပါတယ်။
ပြဿနာတစ်ခု ဖြစ်လာပြီဆိုရင် တာဝန်ယူထားတဲ့ အဖွဲ့တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ် တစ်ယောက်ထဲကိုပဲ လွှဲချလို့မရသလို တစ်ယောက်တည်းကပဲ တာဝန်ယူဖြေရှင်းလို့လည်း မရပါဘူး။ အားလုံးတူတူ ဆွေးနွေးဖြေရှင်းမှ ပြဿနာကို ကျော်လွှားနိုင်ပြီး အဖွဲ့အစည်းကလည်း တိုးတက်လာမှာပါ။
ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူပြုမယ့် နည်းလမ်း၇ခုကို ပြောပြချင်ပါတယ်။
1️⃣ပြဿနာကို ဖော်ထုတ်ပါ။
ပြဿနာ တစ်ခုဖြစ်ပြီဆို ဘယ်သူကြောင့်လဲလို့ မစဥ်းစားပါနဲ့။ ဘာကြောင့် ဖြစ်လဲ ။ ကိုယ့်အဖွဲ့ရဲ့ လုပ်ဆောင်မှုက ဘာတွေလိုအပ်လို့လဲ(ဒါက အဖွဲ့ကို တိုးတက်စေဖို့ပဲဖြစ်ပြီး အပြစ်တင်ဖို့ မဟုတ်ပါဘူ။အဖြေရှာဖို့ ကြိုးစားရင်းနဲ့ နောက်ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်နိုင်လဲ စဥ်းစားပါ။
2️⃣လူတိုင်းရဲ့ ထင်မြင်ချက်ကို အလေးထားပါ။
ဒီအချက်ကတော့ အရေးကြီးဆုံး အချက်ပါ။ ကိုယ်က အထက်လူကြီးမို့လို့ လက်အောက်ငယ်သားတွေက ကိုယ့်လောက် အကြံဥာဏ်မရှိပါဘူး၊ ရှိလည်း အသုံးမဝင်ပါဘူးလို့ မတွေးပါနဲ့နော်။ လူတိုင်းမှာ အတွေးကိုယ်စီရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်မတွေးမိတဲ့ ရှုထောင့်ကနေ သူတို့က တွေးချင်တွေးနေပါလိမ့်မယ်။ အဲ့အတွေးကလည်း အဖြေရှာဖို့ နီးစပ်တယ်ဆိုရင် ကိုယ်က လျစ်လျူရှုလိုက်တဲ့အတွက် ကိုယ်ရော ကိုယ်အဖွဲ့အတွက်ပါ နစ်နာမှာပါ။ ဒါကြောင့် အားလုံးရဲ့ အတွေးတွေကို နားထောင်ပေးပါ။
3️⃣ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို List လုပ်ပါ။
ဒီအချိန်မှာ ကိုယ့်ရဲ့ Creativity တို့ Problem-solving Skill တို့ကို အသုံးချရမယ့်နေရာပါ။ ဘာမှမဖယ်ချန်ပဲ အကုန်ချရေးထားပါ။
4️⃣နည်းလမ်းတစ်ခုချင်းစီကို ချင့်ချိန်တွက်ချက်ပါ။
ဘယ်အရာကတော့ ဆုံးရှုံးမှုများမယ် ဘယ်နည်းကတော့ ဆုံးရှုံးမှုနည်းတယ် ဆိုပြီးစဥ်းသားပါ။
5️⃣အကောင်းဆုံး အဖြေကို ရွေးချယ်ပါ။
အကောင်းဆုံးအဖြေဆိုတာဟာ ဆုံးရှုံးမှုလည်း နည်းပြီး ပါးပါနပ်နပ်ဖြေရှင်းနိုင်မယ့်နည်းလမ်း ဖြစ်တဲ့အတွက် သေချာ အချိန်ပေးပြီး ရွေးချယ်ပါ။အဲ့အဖြေကလည်း လူတိုင်းသဘောတူလက်ခံတဲ့ အဖြေဖြစ်ရမယ်ဆိုတာ မမေ့ပါနဲ့။
6️⃣လွဲချော်မှုတွေဖြစ်လာတဲ့အခါ အမြန်ဆုံး ဖြေရှင်းနိုင်ဖ်ို့ အရေးပေါ် Planဆွဲထားဖို့ မမေ့ပါနဲ့။
ကိုယ်ရွေးထားတဲ့ အဖြေမှာထပ်ဖြစ်လာနိုင်တယ့် ပြဿနာ အသေးမွှားလေးတွေအတွက်တော့ ကြိုတင်စီစဥ်ပြီး ဖြစ်ပါစေ။
ဒီအချက်လေးတွေအတိုင်း သေချာစဥ်းစား ဆုံးဖြတ်ပေးရင်တော့ ဖြစ်လာသမျှ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မှာ မလွဲမသွေပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ လုပ်ငန်းခွင်မှာ တွေ့ကြုံလာမယ့် အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
By Ei Yupar MIn on 4th June of 2020
လူတိုင်းက ခက်ခဲတဲ့ အချိန်တွေနဲ့ကြုံတွေ့ဖူးပြီးတော့ တစ်ချို့ဆို ဒီဆောင်းပါးဖတ်နေချိန်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိချင် ရှိနေမှာပါ။ သေချာတာကတော့ လူဘဝဆိုတာ လွယ်ကူတယ်လို့တော့ မရှိပါဘူး။ အရေးကြီးဆုံးကတော့ ကိုယ့်အတွက် ခက်ခဲနေတဲ့ အချိန်မှာတောင် ကိုယ်ရဲ့ Mental Health ကို မပြိုလဲစေဖို့ ဂရုစိုက်ရမှာပါပဲ။ ဒီ Article ထဲမှာတော့ ABC ဆိုတဲ့ Formula လေးကို မျှဝေချင်ပါတယ်။
1.Accept Reality
အမှန်တရားကို လက်ခံပါ။ ကိုယ်ဆီမှာ မကောင်းတဲ့ အရာတစ်ခုဖြစ်ခဲ့ရင် ဖြစ်လာတဲ့အတိုင်းကို ကိုယ့်စိတ်ရင်းနဲ့ လက်ခံရပါမယ်။ လက်ခံလိုက်တယ်ဆိုတာ ကိုယ်က လက်မြှောက် အရှုံးပေးပေးလိုက်တာ မဟုတ်ပါဘူး။ ဒီလို ဖြစ်နေတာပါလားဆိုပြီး အသိအမှတ်ပြုလိုက်တာပါ။ ဖြစ်သွားတဲ့ အခြေအနေကို သင်က Control လုပ်လို့မရပေမယ့် သင့်ရဲ့ခံစားချက်ကတော့ သင့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
2.Behave Properly
မှန်ကန်စွာ ပြုမူပါ။ ဒီလိုလုပ်ဖို့ဆိုရင်တော့ သင်က အမှန်တရားကို လက်ခံထားမှ ရပါမယ်။ သင် ပြသနာ တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သင်ဘယ်လို ဆုံးဖြတ်လဲဆိုတာက သင် အဖြေရှာတဲ့အပေါ် သက်ရောက်မှုရှိပါတယ်။ သင်စိတ်ညစ်နေတဲ့အချိန်မှာ အဖြေရှာဖို့ မကြိုးစားပဲ ပြသနာကိုပဲ အပြစ်တင်နေရင်တော့ သင့်ရဲ့ Mental Health ကို ထိခိုက်စေနိုင်ပါတယ်။
3.Control Upsetting Thoughts.
သင့်ရဲ့ စိတ်ညစ်စရာ အတွေးတွေကို Control လုပ်ပါ။ သင့်ရဲ့စိတ်က သင့်အတွက် အထောက်အကူဖြစ်စေသလို သင့်ရဲ့ အကြီးမားဆုံး ရန်သူလည်း ဟုတ်ပါတယ်။ သင့်ကိုယ်သင် မယုံကြည်တဲ့စိတ်၊ အပြစ်တင်နေတဲ့ စိတ်တွေဟာ သင်ရဲ့ အရည်အချင်းတွေကို ပိတ်ပင်ပါလိမ့်မယ်။ အမှန်တော့ သင့်ကိုယ်သင် မြင်နေတဲ့ မကောင်းမြင်တဲ့ စိတ်ကလည်း အမှန်မဟုတ်ပါဘူး။ ဒါကြောင့် သင်ဝမ်းနည်း စိတ်ညစ်နေတဲ့ အချိန်တွေမှာ သင့်ရဲ့ စိတ်ထဲက လာတဲ့ Motivation ကို ရှာဖွေပြီး ပြန်ထလိုက်ပါ။
Mental Strength ဆိုတာ သင်ပြသနာ ကြုံမှ တည်ဆောက်ရတာ မဟုတ်ပါဘူးနော်။ သင့်ရဲ့ Mental Health ကို အလေ့အကျင့်အနေနဲ့ ပျိုးထောင်ရမှာပါ။
ဒီ ABC Formula လေးက စာဖတ်သူတို့ရဲ့ Mental Healthကို တည်ဆောက်ဖို့ အထောက်အကူဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှ ကျေးဇူးတင်ပါတယ်။
By Yee Mon Min on 11th June of 2020
လူငယ်တွေနဲ့စိတ်ဓါတ်ကျဆင်းမှုက ရင်းနီးပြီးသားဖြစ်မှာပါ။ အထူး သဖြင့် ကြီးကောင်ဝင်ခါစအရွယ် ၁၅/၁၆ နှစ် အရွယ်မှာ အဖြစ်များလေ့ ရှိပါတယ်။ ဘာလို့ စိတ်ဓါတ်ကျလေ့ရှိလဲ ဘယ်လိုဆို စိတ်ပြေနိုင်လဲဆိုတာကတော့ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်ကြရအောင်။
ဒီဆောင်းပါးကို ရေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ အသက်၁၅နှစ်မှ၂၀အတွင်း လူငယ်တွေအတွက် အဓိကရည်ရွယ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဓါတ်ကျမှုဆိုတာကို ရင်ဆိုင်ခဲ့ဖူးပါတယ်။
"ဘာလို့ စိတ်ကျတာလဲ"
(၁) ဟော်မုန်း အပြောင်းအလဲ
ကြီးကောင်ဝင်ခါစအချိန်မှာ အဓိကကတော့ ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ ပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ ဝက်ခြံ ပေါက်ခြင်း၊ ပိန် လာခြင်း၊ ဝလာခြင်းစသည်တို့ကလဲ စိတ်ဓါတ်ကျမှုကို ဦးဆောင်နေပါတယ်။
(၂) ပြင်ပမှ တွန်းအား
ပြင်ပမှတွန်းအားဆိုတာ တခြားတော့မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေပါ။ လူငယ် အရွယ် မှာ စိတ်ဖိစီးမှုကို အဦးဆုံးခံစားရတတ်အတွက် ပိုပြီးခံစားရပါတယ်။ ဥပမာ ကိုယ့်ကို လိုက်ပြိုင်နေကြတာတွေ သူငယ်ချင်းတွေကကိုယ့်ကို ဖယ်ထားတာတွေ၊ စသည်ဖြင့်။
(၃) အတွင်းက တွန်းအား
မိသားစုကစီးပွားရေးအရသော်လည်းကောင်း၊ ဆက်ဆံရေးအရသော်လည်းကောင်း အဆင်မပြေရင်ထိုမိသားစုမှလူငယ်တွေက စိတ်ဓါတ်ကျလေ့ရှိပါတယ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ် ဥပမာ လူငယ်တွေနဲ့အ နီးစပ်ဆုံး ငါဒီ Volunteer/ Internship ကိုမရရင်ဘယ်လိုလုပ်မလဲ။ ငါရမှာလဲ မဟုတ်ပါဘူး။ အဲ့သလိုတွေးတတ်ရင်း စိတ်ဖိစီးကြရပါတယ်။
ထို့အပြင် မိမိ့မှာ အားနည်းချက် ရှိ နေတာမျိုးဆို ပိုလို့ဆိုးပါတယ်။ ဥပမာ ကိုယ်ကမှတ်ဥာဏ်အားနည်းတာတို့၊ လိင်စိတ်တိမ်းညွှန့်မှု မတူညီတာမျိုးဆို ပိုပြီး စိတ်ဖိစီးလေ့ရှိပါတယ်။
"စိတ်ဓါတ်ကျရင် ဘာတွေလုပ်မိကြလဲ?"
လူငယ်အရွယ်ဆိုလူကြီးတွေနဲ့ စကားမပြောတော့ပဲ တစ်ယောက်ထဲနေလာတတ်ကြပါတယ်။ လူမှုဆက်ဆံရေးညံ့လာကြပါတယ်။ ရန်လိုလာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်တတ်ကြ ပါတယ်။ အဆိုးဆုံး အခြေအနေဆို သတ်သေဖို့ တွေးမိတဲ့အထိဖြစ်တတ်ပါတယ်။
"စိတ်ပျော်အောင်ဘယ်လိုလုပ်ရမလဲ?"
စာရေးသူကိုယ်တိုင်လဲ စိတ်ဓါတ်ကျမှုဓါတ်ကိုခံခဲ့ဖူးပါတယ်။ ပထမဆုံးသေသေချာချာ အိပ်စက်အနားယူပါ။ အာဟာရမျှတစွာ အစားစားပါ။ လေ့ကျင့်ခန်းလဲလုပ်ပါ။ Negative ဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို တတ်သလောက်ရှောင်ပါ။ စိတ်ကိုအကောင်းဆုံး ထားပါ။ ပြီးတော့ အကောင်းဆုံး ကြိုးစားပါ။ ကျရှုံးလို့ စိတ်ဓါတ်ကျနေမယ့်အစား ကြိုးစားပါ။ ပတ်ဝန်းကျင်နဲ့ သင့်တင့်အောင်နေသင့်ပါတယ်။ စာရေးသူကိုယ်တိုင်လဲ ထိုနည်းတွေကြောင့်စိတ်ဖိစီးမှုကို လျော့ချနိုင်ခဲ့ပါတယ်။
လူငယ်တွေကအနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ။ စိတ်ဓါတ်ကျမှုက လူငယ်တိုင်းလိုလိုခံစားရတဲ့အရာပါ။ တစ်ခဏတာကြိုးစားပြီးကိုယ့်ကိုကိုယ်နေတတ်အောင်ထားရင် ရှေ့လျောက်ဘဝလည်း အဆင်ပြေချောမွေ့လာမှာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့စိတ်ဓါတ်မကျပဲ အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
By Yee Mon Min on 18th of June 2020
အစည်းအဝေးနဲ့ သဘောထား ကွဲလွဲမှု ဆိုတာကတော့ အမြဲ ဒွန်တွဲလေ့ ရှိပါတယ်။ အလုပ်ခွင်က လူတိုင်းနီးပါး ကြုံတတ်တဲ့ အခြေအနေဖြစ်လို့ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ဆက်လက် ဖတ်ရှုကြည့် ရအောင်။
သဘောထား ကွဲလွဲတဲ့ အခါမှာ ၂မျိုးရှိပါတယ်။ ပထမ တစ်မျိုးကတော့ ပညာရှင်ဆန်ဆန် ကွဲလွဲ (အလုပ်ကိစ္စကိုမူတည်ပြီး) တာပါ။ ဒုတိယ တစ်ခုကတော့ ကလေးဆန်ဆန် ကွဲလွဲ (ပုဂ္ဂိုလ်ရေးအရ) တာပါ။ ထို ၂မျိုးလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေကတော့
"အတတ်နိုင်ဆုံး အကောင်းမြင်ပါ"
မိမိနဲ့ သဘောထားကွဲလွဲကြောင်း ပြောတယ်ဆိုတာ မိမိပြောတဲ့ ကိစ္စကို ဂရုစိုက် နားထောင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ သဘောထားကွဲနေရင် ညှိယူလို့ ရပါတယ်။ အတတ်နိုင်ဆုံး အဆိုးသဘောမသက်ရောက်စေ ပါနဲ့။ မိမိဘက်က အလွန်မဖြစ်အောင် ကာကွယ်သင့်ပါတယ်။
"သေသေချာချာနားထောင်ပါ"
ကောင်းမွန်တဲ့ ဆက်သွယ်ရေး ဆိုတာ နားထောင်ကောင်းရပါတယ်။ လူတွေက ကိုယ်ပြောဖို့ပဲ စိတ်ရောက်နေတတ် ပါတယ်။ တဖက်လူ ပြောတာကို သေချာနားထောင်ပါ။ မိမိဘက်က မတူတဲ့ သဘောထားကိုပြောချင်ရင်ပဲ ဖြစ်ဖြစ် မိမိ့ကို သဘောထားကွဲ ကြောင်းပြောနေလျှင်ပဲ ဖြစ်ဖြစ် သေချာနားထောင်မှ ထိထိမိမိ ထောက်ပြနိုင်မှာ ဖြစ်ပါတယ်။
"ယဥ်ကျေးပါ"
မိမိက စိတ်အနှောက်ယှက် ဖြစ်နေသော်လည်း ယဥ်ကျေးကျေး ဖြေရှင်းသင့်ပါတယ်။ တစ်ယောက်ယောက်က မိမိရဲ့ အတွေးကို လက်မခံတာနဲ့ပဲ စိတ်လိုက်မာန်ပါ မပြောသင့်ပါ။ ပညာပါပါ တုံ့ပြန်သင့်ပါတယ်။
"ပုဂ္ဂိုလ်ရေးအရမတိုက်ခိုက်သင့်ပါ"
အလုပ်နဲ့ ပုဂ္ဂိုလ်ရေးနဲ့ကို ကွဲပြားစွာ ထားသင့်ပါတယ်။ တချို့သောသူတွေက မိမိ့နဲ့ လုပ်ငန်းခွင်ပြင်ပမှာ အဆင်မပြေတဲ့ သူတွေကို လုပ်ငန်းခွင်ထဲမှာပါ တိုက်ခိုက်တတ်ကြပါတယ်။ ဥပမာ ထိုသူရဲ့ တင်ပြထင်မြင်ချက်တွေဆို ဘုကလန့် ပြောတာမျိုး။ စကားစစ်ထိုးတဲ့အခါမှာလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ကို မပြောမိစေဖို့ ရှောင်ကြဥ်သင့်ပါတယ်။
"အနှောက်ယှက်တွေကို လွှမ်းမိုးနိုင်ပါစေ"
မိမိ့ကို သက်သက်မဲ့ နှောက်ယှက်နေရင်တော့ မိမိက သြဇာရှိတဲ့အသံနဲ့ ပြောသင့်ပါတယ်။ အားလုံးရဲ့ အာရုံစိုက်မှုကို ရလာတဲ့အခါမှ အသံကို လျော့ချပြီး ပြောပါ။ မိမိ့ရဲ့ တင်ပြချင်တဲ့ ကိစ္စကို ပေါ်လွင်အောင် ပြောပါ။
"တစ်ဖက်လူရဲ့အတွေးကိုလေးစားပါ"
မိမိကလည်း မိမိရဲ့ အတွေးကိုချပြချင်သလို တခြားလူတွေလည်း ထိုကဲ့သို့ပါပဲ။ မိမိက တစ်ဖက်လူရဲ့ အတွေးကို သဘောမကျသော်လည်း စကားဖြတ်ပြောတာတို့ နှောက်ယှက်တာတို့ကို ရှောင်ကြဥ်မှ ပညာရှင်တစ်ဦး ဖြစ်နိုင်မှာပါ။
"ပူးပေါင်းပါ"
သဘောထားမတူညီမှုဆိုတဲ့အရာအတွက် ပူးပေါင်းဆောင်ရွက်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်း တစ်မျိုးပါ။ မိမိ့ရဲ့ အတွေး အခြားလူတွေရဲ့ အတွေးတွေကို သေချာသုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းက မိမိတို့လုပ်နေတဲ့ အလုပ်အတွက် အများကြီး အထောက်အကူ ပြုပါတယ်။
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို သဘောထား မတူညီမှုက နေရာတိုင်းမှာ ရှိနိုင် ပါတယ်။ မိမိ့ဘက်က စည်းကမ်းတကျနဲ့ ဖြေရှင်းနိုင်ဖို့ပဲ လိုပါတယ်။
သည်ဆောင်းပါးလေးမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက အလုပ်ခွင်တင်မကဘူး လူမှုဆက်ဆံရေးမှာပါ အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်ကောင်းတွေ ရကြပါစေ။