By Thet Hsu Mon on May 5th of 2020
လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေသူတော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကနေ တခြားအလုပ်တစ်ခုကို ပြောင်းလဲလုပ်ကိုင်လေ့ရှိကြပါတယ်။
ဘာလို့ အလုပ်ပြောင်းလုပ်ကြတာလဲ?
နောက်အလုပ်က လစာပိုပေးလို့၊ အိမ်နဲ့နီးလို့၊ Working Environment ကပိုကောင်းလို့၊ လက်ရှိအလုပ်ထက်ပိုပြီးတက်လမ်းများလို့ စသဖြင့်အကြောင်းပြချက်မျိုးစုံ ရှိကြပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် အလုပ်ပြောင်းတော့မယ် အလုပ်သစ်တစ်ခုလည်းရှာတွေ့ပြီဆိုကြပါစို့။ ပြောင်းသင့်လား မပြောင်းသင့်ဘူးလား သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်နိုင်ဖို့အတွက် အကျိုးရှိမယ့် ယေဘုယျ မေးခွန်း (၁၁) ခုကို ဆက်ဖော်ပြသွားပါမယ်။
ဘယ်အလုပ်ကကိုယ့်အနာဂတ်အတွက်အကျိုးရှိမလဲ?
ကုမ္ပဏီတစ်ခုနဲ့တစ်ခုက ဖွဲ့စည်းပုံပေါ်လိုက်ပြီး ရာထူးပုံစံတွေ မတူညီတတ်ကြပါဘူး။ လက်ရှိ ကိုယ့်အလုပ်မှာ ကိုယ့်အတွက်ရာ ထူးတိုးနိုင်ခြေရှိသေးလား ဆိုတာကို အရင်လေ့လာပါ။ ပြီးတော့ အလုပ်အသစ်ကရော ကိုယ့်အတွက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိရဲ့လား စုံစမ်းပါ။
ဘာလို့လက်ရှိအလုပ်ကနေနောက်တစ်ခုပြောင်းချင်တာလဲ?
လက်ရှိအလုပ်မှာ အဆင်မပြေလို့ နောက်အလုပ်တစ်ခု ပြောင်းချင်ကြတာပေါ့။ ဒါပေမယ့် နောက်အလုပ်ကရော ကိုယ့်အတွက်အ ဆင်ပြေမှာလား။ တစ်ကယ်ရော ကိုယ်စိတ်၀င်စားတဲ့ အလုပ်ဟုတ်ရဲ့လား စဥ်းစားပါ။ ကျမတို့မှာ ဖြစ်တတ်လေ့ရှိတာက အလုပ်မှာ ခဏတာအဆင်မပြေတာမျိုး၊ ပြန်အဆင်ပြေသွားနိုင်တဲ့ အခက်အခဲမျိုးကို စိတ်ရှည်ရှည် မဖြေရှင်းချင်လို့ ရှောင်ပြေးချင်ကြတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်အခြေအနေကို သေချာ ဝေဖန်သုံးသပ်စေချင်ပါတယ်။
ကိုယ့်အလုပ်ကနေဘာတွေရယူချင်တာလဲ?
ကိုယ်ဘာလို့ဒီအလုပ်ကိုလုပ်နေတာလဲ? အတွေ့အကြုံ လိုချင်လို့လား၊ ဂုဏ်ရှိချင်တာလား၊ ငွေကြေးကြောင့်လား၊ စနစ်ကျတဲ့ အုပ်ချုပ်ရေးရှိတဲ့ ကုမ္ပဏီမှာ လုပ်ချင်တာလား၊ လူတိုင်းမှာ ကိုယ်လိုချင်တဲ့အရာတွေ ရှိတတ်ကြပါတယ်။ အလုပ်မပြောင်းခင်မှာ ကိုယ်လိုချင်တဲ့ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သေချာသိအောင် ကြိုးစားပြီးမှ ဆုံးဖြတ်ရင် မလိုလားအပ်တဲ့ နောင်တတွေကို ရှောင်ရှားနိုင်မှာပါ။
အလုပ်လုပ်ရမယ့် Working Environment ကဘယ်လိုလဲ?
အလုပ်လုပ်ရတဲ့ အခြေအနေပေါ့။ အလုပ်က အရမ်းတင်းကြပ်လား အရမ်းစိတ်ဖိစီးမှုများလား လုပ်ငန်းခွင်ယဥ်ကျေးမှုတွေက ရှေးရိုးဆန်လား၊ မိသားစုပုံစံလား၊ လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ပုံစံလား၊ အဲ့ရုံးမှာ အင်တာဗျူးသွားဖြေရရင်ဖြစ်ဖြစ် ဒါတွေကို အရင် အကဲခတ်ကြည့်ပါ။ ကိုယ်က ပကာသနမဖက် လွတ်လွတ်လပ်လပ် လုပ်တတ်ကိုင်တတ်တဲ့သူက ကိန်းကြီးခန်းကြီး ပတ်ဝန်းကျင်နဲ့ မအပ်စပ်တာတော့အမှန်ပါ။
အလုပ်ချိန်နဲ့ကိုယ်ပိုင်အချိန်မျှတမှုရှိလား?
ကိုယ့်စိတ်ကူးထဲက ဘဝပုံစံက အလုပ်နဲ့ ကိုယ်ပိုင်အချိန် မျှမျှတတနဲ့ အလုပ်ချိန်မှာအလုပ်လုပ် အားတဲ့အချိန် မိသားစုနဲ့ ကုန်ဆုံးချင်တာ ဆိုကြပါစို့။ ရုံးအလုပ်ကို 24/7 လုပ်ရမယ့် အလုပ်မျိုးဆို ကိုယ်နဲ့အဆင်မပြေဘူးပေါ့။ အဲ့တာကြောင့် Interviewမှာ သူတို့ကို ကိုယ်သိချင်တာတွေ မေးသင့်ပါတယ်။ ဥပမာ - တစ်နေ့ အလုပ်ချိန် ဘယ်နှစ်နာရီရှိလဲ၊ ကုမ္ပဏီ ရဲ့ culture က ဘယ်လိုရှိလဲ စသဖြင့် တီးခေါက်ကြည့်ပါ။
အလုပ်မကြာခဏပြောင်းခြင်းကကိုယ့်အတွက်ကောင်းရဲ့လား?
အလုပ်ပြောင်းတာက မကောင်းဘူး မဟုတ်ဘူး ကောင်းပါတယ်။ ကိုယ့်ရဲ့ Comfort Zone ထဲကနေ ရုန်းထွက်နိုင်တယ်၊ နေရာအသစ် လူအသစ်တွေနဲ့ ဆက်ဆံရလို့ အမြင်ကျယ်လာမယ်၊ အဆက်အသွယ်တွေ ရလာမယ်။ ဒါပေမယ့် ခနခန အလုပ်ပြောင်းနေတာက ကိုယ့်အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်စေတတ်ပါတယ်။
ဥပမာပြောရရင် အလုပ်ခနခန ပြောင်းတတ်လို့ လူတွေက ကိုယ့်ကို မယုံကြည်ကြတာမျိုး ကိုယ့် Personalityကို အထင်သေးကြတာမျိုး စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ နောက်တစ်ချက် ထည့်စဥ်းစားသင့်တာက ကိုယ့်လမ်းကြောင်းက ခနခန ပြောင်းနေရတော့ ရှေ့ရောက်သင့်သလောက် မရောက်တော့တဲ့ အချက် ဖြစ်ပါတယ်။
အိမ်ကနေ အလုပ်ကို ဘယ်လောက်ကြာကြာသွားရလဲ?
ဒါကလည်း ရေရှည်မှာ သက်ရောက်မှုအများကြီး ရှိလာနိုင်တဲ့ အချက်ပါ။ အိမ်ကနေ နေ့တဓူဝ အလုပ်ကို သွားရတာဆိုတော့ လမ်းခရီး ဝေးရင်ဝေးသလောက် ပင်ပန်းမှာပါ။ ရက်ပေါင်း လပေါင်းများစွာ စုလာတဲ့အခါမှာ ကိုယ်ပင်ပန်း စိတ်ပင်ပန်းနဲ့ အလုပ်လုပ်ရတာ ပိုပြီး ခက်ခဲနိုင်တာပေါ့။ ဒါကြောင့် အိမ်နဲ့ အလုပ်ကြား ဘယ်လောက်ဝေးလဲ၊ လိုင်းကားတွေ ချောင်လားကြပ်လား ကနေ ရုံးတက်ရုံးဆင်းချိန် ကားလမ်းပိတ်တာအထိ စဥ်းစားသင့်ပါတယ်။
အလုပ်က ဘယ်လိုပတ်၀န်းကျင်မှာ တည်ရှိတာလဲ?
ဒီအချက်ကတော့ ကိုယ်နေတဲ့မြို့ကနေ နောက်တစ်မြို့ကို ပြောင်းရွှေ့ အခြေချမယ့် သူတွေ အတွက်ပါ။ ကိုယ်က နေရာအသစ် အလုပ်အသစ်မှာ အစိမ်းသက်သက် ဖြစ်မှာမလို့ ပတ်ဝန်းကျင် အနေအထားကအစ နေမယ့်အိမ်ရှာတာ၊ ပတ်ဝန်းကျင်သန့်ရဲ့လား လုံခြုံရေးစိတ်ချရရဲ့လား၊ စတာတွေကို သေချာစုံစမ်းပြီးမှ အလုပ် ပြောင်းသင့်မပြောင်းသင့် ဆက်လက်ဆုံးဖြတ်ပါ။
မျှော်မှန်းလစာနဲ့ ကိုက်ညီမှုရှိရဲ့လား?
လက်ရှိအလုပ်ထက် လစာပိုရမလား ဆိုတာ သေချာပေါက် စဥ်းစားရပါမယ်။ အဲ့ဒီ ကုမ္ပဏီမှာ ကိုယ်လျှောက်မယ့် ရာထူးက လစာ ဘယ်လောက်ရတယ် ဆိုတာ စုံစမ်းပါ။ တခြား ကုမ္ပဏီတွေရဲ့ လစာတွေကိုပါ စုံစမ်းပြီး နှိုင်းယှဥ်ကြည့်ပါ။
အလုပ်အသစ်က ကိုယ့်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ပေးနိုင်လဲ?
အလုပ်ရှာရင် အဓိက ကြည့်ကြတာ လခ ပေါ့။ အလုပ်တစ်ခု လုပ်မှတော့ လခ ကောင်းရင်ကောင်း မဟုတ်ရင် အခွင့်အရေး ကောင်းကောင်းရှိရမယ်။ နှစ်ခုလုံး ရရင်တော့ အကောင်းဆုံးပေါ့။ အလုပ်ပြောင်းမယ် ဆိုရင် ကြည့်ရမှာတွေက အလုပ်သမားအတွက် အခွင့်အရေး ဘယ်လောက်ထိ ပေးလဲပေါ့၊ မီးဖွားခွင့် ပေးတာတို့၊ အားလပ်ရက် ပေးတာတို့၊ Bonus တို့ စတာတွေပါ ထည့် စဥ်းစားသင့်ပါတယ်။
ဘယ်လို အခက်အခဲတွေ ကြုံရနိုင်သလဲ?
လုပ်နေကျ အလုပ်မဟုတ်တဲ့ နေရာသစ် အလုပ်အသစ် ကို ပြောင်းတယ် ဆိုတာကတော့ အခက်အခဲတွေ ကြုံရမှာပေါ့၊ ဒါပေမယ့် ကိုယ့်အတွက် တန်လား ဆိုတာ ကြည့်ရမယ်၊ ဒါတွေ ရင်ဆိုင်ဖြေရှင်းလိုက်နိုင်ရင် အခုထက် ပိုပြီးကောင်းတဲ့ အနေအထားကို ရောက်မှာလား၊ ထူးမခြားနားပဲ ပင်ပန်းတာပဲ အဖတ်တင်မလား ဆိုတာ သေချာ ဂရုပြု စဥ်းစားကြည့်သင့်ပါတယ်။
အချုပ်ပြောရရင် အလုပ်ပြောင်းတယ် ဆိုတာက တာဝန်လည်း ကြီးတယ်၊ စွန့်လည်း စွန့်စားရတယ်၊ ဘဝအတွက် အပြောင်းအလဲကြီး တစ်ခု ဖြစ်တာကြောင့် ခံစားချက်ကို ဦးစားပေးပြီး အလျင်စလိုမ ဆုံးဖြတ်သင့်ပါ။ ကောင်းကွက် ဆိုးကွက် တစ်ခုချင်းစီကို ကွက်ကွက်ကွင်းကွင်းနဲ့ သေချာ နှိုင်းယှဥ်ပြီး ဆုံးဖြတ်ချက် ချရာမှာ အပေါ်မှာ ပြောပြခဲ့တဲ့ အချက်တွေက အထောက်အကူ တစ်ခုခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
By Thet Hsu Mon on 13th May 2020
အပြောင်းအလဲ ဆိုတာ လူသားတိုင်း ကြုံတွေ့ရတဲ့ အရာပါ။ မတွေ့ချင်ဘူး ဆိုပြီး ရှောင်လို့လဲ မရ၊ ထွက်ပြေး လို့လည်း မဖြစ်၊ တည့်တည့် ရင်ဆိုင်သင့်တာ ရင်ဆိုင်မှ ဘဝမှာ တိုးတက်မှာ မဟုတ်လား။ ဒီ ဆောင်းပါးမှာ အလုပ်အသစ်ပြောင်းပြီးနောက် ပတ်ဝန်းကျင်အသစ်မှာ ဘယ်လို သဟဇာတ ဖြစ်အောင် နေရမလဲဆိုတာကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
တော်တော်များများ ဖြစ်လေ့ရှိကြတဲ့ ပြဿနာက နေရာအသစ် ရောက်သွားရင် အဲ့နေရာနဲ့ အသားကျအောင် နေဖို့ ခက်ခဲတာပါ။ စစခြင်း မမြင်ဘူးတဲ့ နေရာ ပတ်ဝန်းကျင် မသိတဲ့ လူသစ်တွေနဲ့ အဆင်ပြေပြေ နေနိုင်ဖို့ရယ်၊ အစိမ်းသက်သက် ဖြစ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကိုချောချောမွေ့မွေ့ ပြီးမြောက်နိုင်ဖို့ ဆိုတာက တော်တော် Challenging ဖြစ်ပါတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အကြံပေးချက် (၅)ခု ကို ဆက်လက်ဖော်ပြ သွားပါမယ်။
Notice How Things Are Done
အလုပ်အသစ် မှာ ကိုယ်လုပ်နေကျ နဲ့ မတူတဲ့ အရာတွေ ရှိကိုရှိနေမှာပါ။ သူတို့ရဲ့ Work Ethics တွေ Working Styles တွေကလည်း မတူနိုင်ပါဘူး။ အဲ့တာကြောင့် ကိုယ့်အလုပ် အသစ်က ဘယ်လို သူတို့ရဲ့ Work Ethics တွေ Working Styles တွေ ရှိလဲဆိုတာကို မြင်အောင်ကြည့်သင့် ပါတယ်။ အဲ့တာတွေကိုသာ မြင်နိုင်ပြီဆိုရင် ကိုယ်လည်း လိုက်လျောညီထွေ နေနိုင်ပြီး အလုပ်လုပ်ရတာလည်း အဆင်ပြေချောမွေ့ နိုင်မှာပါ။
Be Friendly
ပတ်ဝန်းကျင် အသစ်ရောက်ပြီ ဆိုရင် မသိတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရမှာ ထုံးစံပါပဲ။ လူတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေဖို့ ဆိုရင် ကိုယ့်ပုံစံက Approach လုပ်ရခက်တဲ့ ပုံစံကြီး ဖြစ်မနေပဲ Friendly ဖြစ်ရပါမယ်။
Learn the Process, System, and Business
ကိုယ့်အလုပ်အသစ် မှာ မြန်မြန် Adapt ဖြစ်ဖို့ဆိုရင် ပေါင်းသင်း ဆက်ဆံရေး တစ်ခုပဲ လိုအပ်တာ မဟုတ်ပါဘူး။ အဓိက ရည်ရွယ်ချက် က အလုပ် ပြီးမြောက်ဖို့ပါ။ အလုပ်တာဝန် တွေ ကျေပွန် ဖို့ဆိုရင် ကိုယ်က အလုပ် Flow ကို နားလည်မှ လွယ်လွယ်ကူကူ ဖြစ်မှာပါ။ အဲ့တာကြောင့် ကိုယ့်အလုပ်အသစ်ရဲ့ Process တွေ System တွေကို မြန်မြန် ရင်းနှီးကျွမ်းဝင်အောင် Notes ထုတ်မှတ်တာ အရေးကြီးတဲ့ မေးခွန်းတွေ မေးတာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
Ask Smart Questions
မေးခွန်း မေးရာမှာလည်း ကိုယ့်မေးခွန်းက ထိထိရောက်ရောက် ဖြစ်ဖို့လိုပါတယ်။ ထိထိ ရောက်ရောက်နဲ့ ကိုယ်သိချင်တာကို မေးနိုင်မယ့် မေးခွန်းမျိုးကို သေချာစဥ်းစားထား သင့်ပါတယ်။ ပြန်ဖြေတဲ့ အဖြေတွေကို မရှင်းလို့ ပြန်မေးချင်တာမျိုး ဆိုရင်လည်း ချက်ချင်း ပြန်မေးသင့် ပါတယ်။ တစ်ပတ် နှစ်ပတ်ကြာ မှ သွားမေးတာမျိုး မလုပ်ပါနဲ့။ ဒါကြောင့်မလို့ မေးခွန်းမေးဖို့ မကြောက်ပါနဲ့။ မတွန့်ဆုတ် ပါနဲ့။
Identify Potential Areas of Improvement
ဒါကတော့ အခု အလုပ်အသစ်မှာ တစ်ချို့ စနစ်တွေကို ပြောင်းလဲရင် ပိုပြီး အဆင်ပြေ နိုင်တယ်၊ Process တွေပိုပြီး Smooth ဖြစ်နိုင်တယ်လို့ ကိုယ်မြင်တာတွေကို Manager တွေဆီ ရောက်အောင် ပြောပါ။ ဘယ်လိုဟာမျိုးနဲ့ အစားထိုးသင့်တယ် ဆိုတဲ့ Recommendation တစ်ခု နဲ့အတူ ဒီအပြောင်းအလဲ ကိုယ်တာဝန်ယူ လုပ်ဆောင်ပေး မယ်ဆိုတာကိုပါ Offer လုပ်ပါ။ ဒီ Contribution တစ်ခုက ကိုယ့်ရဲ့ Performance တက်အောင်လည်း လုပ်ပေးနိုင်ပါတယ်။
အပေါ်မှာ ပြောပြသွားတာတွေကတော့ လုပ်ငန်းခွင် အသစ်နဲ့ မြန်မြန် Adapt ဖြစ်စေနိုင်မယ့် အကြံပေးချက် လေးတွေပဲ ဖြစ်ပါတယ်။ အလုပ်အသစ်မှာ အခက်အခဲ ဖြစ်နေတဲ့သူတိုင်း အသုံးဝင်ကြ မယ်လို့မျှော်လင့် ပါတယ်။