By Thet Hsu Mon on 8th of May 2020
လက်ရှိ အသားကျနေတဲ့ အလုပ်ကနေ နောက်နယ်ပယ်ထဲကို လုံးလုံးလျားလျား ပြောင်းပစ်ကြတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဘာလို့ ဒီလို စွန့်စားပြီး နောက်ထပ် နယ်ပယ် အသစ်ထဲကို ခြေစုံပစ် ဝင်ဖို့ စဥ်းစားကြတာလဲ။ အလုပ် စစလုပ်ကာစ အချိန်တွေမှာတော့ ရင်ခုန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ လန်းဆန်း တက်ကြွခဲ့တာပေါ့။
ဒါပေမယ့် အချိန် ကြာလာတာနဲ့အမျှ ဒီနယ်ပယ်မှာ မပျော်တော့ဘူး၊ တိုးတက်မှုမရှိဘူး၊ ကိုယ်နဲ့ ကိုက်တဲ့ အလုပ် မဟုတ်ဘူး လို့ စဥ်းစားမိ လာတတ်ကြပါတယ်။ ဒီအချိန်မှာ တော်တော်များများက အလုပ် ပြောင်း လုပ်မယ်လို့ စဥ်းစား လာကြပါတယ်။ Field အတူတူ ကုမ္ပဏီပဲ ပြောင်းတာမျိုး ကို ဆိုလိုတာ မဟုတ်ပါ။ ဥပမာ ဆရာဝန် လုပ်နေရင်းနဲ့ Software Developer ဘက်ကို ပြောင်းလုပ်တာမျိုး ကိုဆိုလိုတာပါ။
ဒီဆောင်းပါး ကတော့ လက်ရှိ ကိုယ့်ရဲ့ Professional Field ကနေ နောက် နယ်ပယ်အသစ်ကို ပြောင်းမယ်လို့ စဥ်းစားနေတဲ့ သူတွေအတွက် အထောက်အကူ ပြုဖို့ ရည်ရွယ်ပါတယ်။
ကိုယ့်လိုင်း မဟုတ်တဲ့ အလုပ်အသစ်ကို ပြောင်းလုပ်တယ် ဆိုတာက “စလုံးရေစ” ရတာ၊ ကိုယ် ကုန်ခဲ့တဲ့ အချိန်၊ ရခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံကို ပစ်ပြီး အတွေ့အကြုံ မရှိတဲ့ ရာထူးတစ်ခု ကနေ ပြန်စလုပ်ရတာ။ ဒါပေမယ့် စိတ်ဓာတ် မကျပါနဲ့။ “It’s never too late to start over” အသစ်ပြန်စဖို့ နောက်ကျတယ် ဆိုတာ မရှိပါ။
ကဲ စကြစို့။ အလုပ် ပြောင်းကြရအောင်။ ခုချိန်မှာ မန်နေဂျာ ပဲဖြစ်ဖြစ် ပရော်ဖက်ဆာ ပဲဖြစ်ဖြစ် မေ့ထားရအောင်။ ဘဝသစ် ပြန်စကြမယ်။ ဘာ စလုပ်ကြမလဲ။
အရင်ဆုံး ခေါင်းထဲမှာ ထည့်ထားရမှာက ကိုယ်နဲ့ ပြိုင်ဖက်တွေ အများကြီး ရှိတယ် ဆိုတာပါပဲ။ ကျောင်းဆင်းကာစ စိတ်အား ထက်သန်ပြီး တက်ကြွနေတဲ့ လူငယ်တွေ အပြင်၊ Experience ရှိပြီးသား သူတွေနဲ့ ကိုယ့်လို career change လုပ်တဲ့ လူတွေပါ ရှိပါတယ်။ အဲ့တာကြောင့် နယ်ပယ်တစ်ခုရဲ့ အခွင့်အလမ်းနဲ့ သူ့အနာဂတ် အခြေအနေ တွေကို သေချာမလေ့လာပဲ ခုန်မဆင်းပါနဲ့။ ကိုယ့်အတွက် တန်မယ့် စွန့်လွှတ်ရကျိုး နပ်မယ့် အလုပ် ဟုတ်မဟုတ် အရင် လေ့လာ လိုက်ပါဦး။
ဘယ်လို လေ့လာကြမလဲ။ အောက်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက် လေးခု ကို ဆက်လက် ရှင်းပြထားပါတယ်။
Do Research
စျေးကွက် အနေအထားကို လေ့လာပါ။ နောက်နှစ်တွေ ကြာတဲ့အချိန်ထိ ခိုင်မာနေမယ့် ပရော်ဖက်ရှင်နယ် လမ်းကြောင်းလား၊ အခုရော တိုးတက်နေလား ဆုတ်ယုတ်နေလား စတာတွေကို အင်တာနက် ကနေ လေ့လာလို့ ရသလို၊ အစိုးရ သတင်းစာတွေ၊ မီဒီယာတွေ ကနေ စောင့်ကြည့်နေပါ။
လူတွေနဲ့စကားပြောပါ
အလုပ်တစ်ခု အကြောင်း သိချင်ရင် အဲ့အလုပ်ကို လုပ်နေတဲ့ သူတွေကို မေးပါ။ စိတ်မှန်းနဲ့ “Electronic Engineerဆိုတော့ ဖုန်းပြင်ရတာ ထင်တယ်” လို့ ရမ်းတွေးရင် တလွဲ ဖြစ်မှာပါ။ အဲ့တာကြောင့် အဲ့ဒီ နယ်ပယ်မှာ ကျင်လည်နေသူ တွေရဲ့ အကြောင်းတွေ အတွေ့အကြုံတွေ ကို မေးမြန်း စုံစမ်း သင့်ပါတယ်။
Experience မရှိခြင်းကြောင့် Career Change လုပ်လို့မရဘူးဆိုတာမဟုတ်ပါ
ဟုတ်တာပေါ့ Experienceရှိတဲ့သူက မရှိတဲ့သူထက် သာတာပေါ့။ နယ်ပယ် အသစ်မှာ ဝင်တိုးရင် Experienceမရှိ တာက ကိုယ့်ရဲ့ အားနည်းချက်ပါ။ ဒါပေမယ့် ဒါကို ကုစားဖို့ ကိုယ်ဝင်မယ့် Field ထဲမှာ မျက်မှန်းတန်းမိအောင် နေပါ။ လူတွေက ကိုယ်နဲ့ လုံးဝ အဆက်အစပ် မရှိတဲ့သူ ထက် မျက်မှန်းတန်းမိ နေတဲ့သူ မျိုးဆိုရင် ပိုပြီးတော့ ယုံကြည်ပါတယ်။
အဲ့တာကြောင့် ကိုယ်ဝင်မယ့် Fieldထဲမှာ Network တစ်ခု ရှိနေခြင်း ကလည်း အားသာချက် တစ်ခု ဖြစ်ပါတယ်။ အသိများများ ရှိအောင် လုပ်ထားပါ၊ Volunteer လုပ်ခြင်း ကလည်း Network ကျယ်ပြန့်စေပါတယ်။ နောက်တစ်ခုက လက်ရှိ ကိုယ်လုပ်နေတဲ့ Career က ပြောင်းလုပ်မယ့် Career သစ်နဲ့ ဆက်စပ်မှု မရှိဘူး ဆိုပေမယ့် ဆက်စပ်မှု တစ်ခုခုကို ရှာပါ။ ဥပမာ ကိုယ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ အသစ်လျှောက်မယ့် ကုမ္ပဏီနဲ့ အလုပ် တွဲလုပ်ဖူးတယ် ထား အဲ့တာလည်း ဆက်စပ်မှု တစ်ခု ဖြစ်သွားနိုက် ပါတယ်။ ဆိုလိုချင်တာက သူနဲ့ ကိုယ်နဲ့ကြား ရင်းနှီးတယ် ဆိုတဲ့ ခံစားမှုတစ်ခု ဖြစ်သွားနိုင်တဲ့ ကိစ္စတွေ ရှိနေစေဖို့ ကြိုးစား စေချင်တာပါ။ ကိုယ့်ကို မျက်မှန်း တန်းမိအောင် လုပ်ပါ လို့ဆိုလိုတာပါ။
ဆက်စပ်မှုရှိပါစေ။
နယ်ပယ် အသစ် ပြောင်းတာပါဆို ဘယ်လို ဆက်စပ်မှု ရှိမှာလဲ လို့ မေးကြ တော့မှာပါ။ ဆက်စပ်မှု ဆိုတာ ဖန်တီးယူလို့ ရပါတယ်။ ဘယ်လို ဖန်တီး ယူကြမလဲ။ Career ပြောင်းတဲ့ နေရာမှာ အမျိုးမျိုး ရှိပါတယ်။ ကိုယ့်ဆီမှာ ရှိပြီးသား Experience တွေ တစ်ခုမှ သုံးလို့မရတဲ့ နယ်ပယ်ကို ပြောင်းတာ ရှိသလို ရှိပြီးသား Experience ကို တစ်နည်းတစ်ဖုံ ပြန်သုံးနိုင်တဲ့ နယ်ပယ်ကို ပြောင်းတာလဲ ရှိပါတယ်။ ကိုယ်က လက်ရှိ Programmer လုပ်နေတာကနေ Program မရေးချင်တော့ဘူး ပြောင်းတော့မယ် ဆိုရင် Software ရောင်းတဲ့ Sales Engineer တို့ Customer Sevice တို့ အပိုင်းကို ပြောင်းလို့ ရပါတယ်။ ဒါက ကိုယ့်မှာ ရှိပြီးသား Experience ကို Career နှစ်ခုကြား ဆက်စပ် ပေးတဲ့ ပေါင်းကူးတံတား အဖြစ် အသုံးချ လိုက်တာပါ။