By Kyi Shin Khant on 19th June 2020
LinkedIn ဆိုတာ စီးပွားရေး ၊ အလုပ်အကိုင်ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဆက်သွယ်နိုင်တဲ့ Website တစ်ခုဖြစ်ပါတယ်။ အလုပ်ရှာသူတွေ အလုပ်ကြေညာခြင်း နဲ့ အလုပ်လျှောက်သူတွေ အလုပ်လျှောက်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ Facebook ၊ Instagram စတဲ့ Social Media တွေနဲ့ မတူညီတာကတော့ LinkedIn မှာ ကိုယ့်ရဲ့ Profile ကို Professional ကျကျ တည်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ကိုယ့်ပညာအရည်အချင်း ၊ လုပ်ငန်းခွင်အတွေ့အကြုံ ၊ ကိုယ့်မှာရှိတဲ့ Skills တွေ Strength တွေ ၊ ရခဲ့တဲ့ Certificates တွေ စိတ်ဝင်စားတဲ့ နယ်ပယ်တွေ စသည်ဖြင့် Profile မှာ အပြည့်အစုံ ထည့်နိုင်တဲ့အတွက် LinkedIn Profile ဟာ ကိုယ့်ရဲ့ CV တစ်ခုလိုမျိုး ဖြစ်နေပါတယ်။ သင်သာ သင့်ရဲ့ Profile ကို သေချာပြင်ဆင်ထားမယ်ဆိုရင် သင့် Profile အပေါ်မူတည်ပြီး သင်လိုချင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ သင့်ကိုဆက်သွယ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်ရှင်တွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်နိုင်တဲ့အတွက် LinkedIn မှာ Professional Relationship တစ်ခု တည်ဆောက်နိုင်ပါတယ်။
LinkedIn က ရုံးမှာအလုပ်လုပ်ရတာမဟုတ်ဘဲ အိမ်ကနေပဲ လုပ်နိုင်တဲ့ အလုပ်အကိုင်တွေဖြစ်တဲ့ Freelance Work နဲ့ Telecommuting jobs တွေ အပါအဝင် သင်လိုချင်တဲ့ အလုပ်အကိုင် အခွင့်အရေးမျိုးစုံကို ရှာဖွေပြီး ဆက်သွယ်ပေးနိုင်ပါတယ်။ တစ်ချို့သော အလုပ်ခေါ်ယူတဲ့ ကြော်ငြာတွေဟာ LinkedIn မှာပဲ သီးသန့်ကြေညာတာမျိုး ရှိတဲ့အတွက် ကိုယ့်မှာ LinkedIn Profile ရှိခြင်းက သူများထက် တစ်ပန်းသာစေပါတယ်။
LinkedIn မှာ “Work-at-home” အလုပ်အကိုင် ရှာဖွေနေသူတွေအတွက် လစ်လပ်နေတဲ့ နေရာတွေကို ရှာဖွေနိုင်မဲ့ နည်းလမ်းတွေအများကြီးရှိတဲ့အပြင် ကိုယ့်ရဲ့ Job Hunting မှာ ကူညီပေးနိုင်မဲ့သူတွေနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။ “Work-at-home” အလုပ်ရှာဖွေနိုင်မဲ့ နည်းလမ်းလေးတွေကို အောက်မှာ မျှဝေပေးလိုက်ပါတယ်။
“Jobs” Tab ကိုအသုံးပြုပြီး ကိုယ်လိုချင်တဲ့ အလုပ်ကိုရှာပါ။
သင့်ရဲ့ Profile ကို သေချာ တည်ဆောက်ပြီး အလုပ်ရှာတော့မယ်ဆိုရင် “Jobs” Tab ကို နှိပ်ပါ။ အစမှာတော့ သင့် Profile အပေါ် မူတည်ပြီး သင်စိတ်ဝင်စားလောက်မဲ့ အလုပ်တွေကို အလိုအလျောက် ဖော်ပြပေးပါလိမ့်မယ်။ ဒါ့အပြင် သင်ရှာချင်တဲ့ အခြားသော အလုပ်ပေါင်းမျိုးစုံကို LinkedIn က ရှာပေးနိုင်ပါတယ်။ “Work-at-home” အလုပ်လုပ်မဲ့သူတွေကတော့ Search Box ထဲမှာ “ Telecommute, offsite, Remote, Virtual , Work from Home “ ဆိုပြီး ရှာဖွေလိုက်ရင် အခွင့်အလမ်းတွေများစွာ ကျလာမှာဖြစ်တဲ့အတွက် သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။
Join Discussion Groups
LinkedIn မှာ သင် စိတ်ဝင်စားတဲ့နယ်ပယ် သို့မဟုတ် သင်လိုချင်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ Group တွေ ဒါမှမဟုတ် သင့်လိုမျိုး အလုပ်ရှာနေတဲ့သူတွေ ဖွဲ့စည်းထားတဲ့ Group တွေကို Join ထားပါ။ ဒီလို Group တွေက သင့်လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်လို့ဖြစ်ပါတယ်။ မကြာခင် လစ်လပ်တော့မဲ့ အလုပ်နေရာတွေကိုလည်း သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့သက်ဆိုင်ပြီး အသုံးဝင်မဲ့ Group တွေကို ရှာဖွေပြီး Join ထားသင့်ပါတယ်။ တစ်ချို့ Group တွေမှာတော့ သက်ဆိုင်သူတွေက လက်ခံပေးမှ Join လို့ရပါတယ်။
ကိုယ့်ရဲ့ Connection တွေထံမှ အကူအညီတောင်းခံပါ။
ပထမဉီးစွာ သင့်ရဲ့ LinkedIn အကောင့်မှာ သင်အလုပ်ရှာဖွေတဲ့နေရာမှာ ကူညီပေးနိုင်လာက်မဲ့သူတွေ ဆရာတွေ အလုပ်ရှင်တွေနဲ့ Connection ရှိအောင်လုပ်ပါ။ Connection တွေ ရှိသင့်သလောက်ရှိလာပြီ ဆိုရင်တော့ သင်ဟာ “Work-at-home” အလုပ်မျိုးကို ရှာနေတယ်ဆိုတာ သူတို့သိပါစေ။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ ဒီလိုမျိုးအလုပ်မျိုးကို လတ်တလော ရှာနေတဲ့သူတွေ ဒါမှမဟုတ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့သူတွေနဲ့ အဆက်အသွယ်ရှိနိုင်တဲ့အတွက် သင့်ကို မိတ်ဆက်ပေးနိုင်ပါတယ်။ ဒီလိုမျိုး မိတ်ဆက်ပေးခြင်းဟာ သင်လိုချင်တဲ့ အလုပ်ကို ပိုမြန်မြန်တွေ့နိုင်စေပါတယ်။ နောက်ပြီး သင်အကြောင်း သိတဲ့လူတွေဆီက Recommendation တောင်းဖို့ကို မကြောက်ပါနဲ့။ Strong Recommendation ရှိတဲ့သူတွေက အလုပ်ခန့်အပ်ဖို့ စဉ်းစားတဲ့နေရာမှာ သူများတွေထက်သာပြီး အလေးပေးခံရပါတယ်။
နောက်ဆုံးအချက်အနေနဲ့ ပြောပြပေးချင်တာက အလုပ်ခေါ်ယူခြင်းဟာ အတုအယောင် ဟုတ်မဟုတ် သေချာစစ်ဆေးပါ။ အလုပ်မလျှောက်ခင် ထိုအလုပ်အကြောင်းကို တင်တဲ့သူရယ် ၊ Company ရဲ့ Profile ကို ဝင်ပြီး စစ်ဆေးကြည့်ပါ။
ဒါဆိုရင်တော့ LinkedIn ကို အသုံးပြုပြီး “Work-at-home” အလုပ်တွေကို ဘယ်လို ရှာရမလဲဆိုတာ သိသွားပြီ ထင်ပါတယ်။ LinkedIn နဲ့ပတ်သတ်ပြီး တခြားသော သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ပြောပြပေးထားတဲ့ ဆောင်းပါးလေးတွေလည်း ဆက်ရှိသေးတဲ့အတွက် ဆက်လက်ပြီး ဖတ်ရှုကြည့်ကြပါဉီးနော်။