By Thet Hsu Mon on May 5th of 2020
ကိုယ့်ပတ်၀န်းကျင်က လူတွေကို “အစ်ကိုတို့ အစ်မတို့ ဘ၀မှာ အရေးကြီးတဲ့ အရာတွေက ဘာလဲ” လို့ မေးကြည့်ကြပါ။ လူတိုင်းနီးပါးက မိသားစု၊ ကျန်းမာရေး၊ စီးပွားရေးက အရေးအကြီးဆုံး လို့ ဖြေကြမှာပါ။ အသက်မွေး၀မ်းကြောင်း အလုပ်ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀ အတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ရတာ ဖြစ်လို့ သေချာ စဉ်းစားပြီးမှ ရွေးချယ်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ ဆိုရင် မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲမှုတွေ ကြောင့်ရော၊ နိုင်ငံရေး အခြေအနေ ပြောင်း လာတာရော ကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ စာရင် လူငယ်တွေ အတွက် အခွင့်အလမ်းတွေ ပိုမို များပြား လာပါတယ်။ ရွေးချယ်စရာ များပြားလာတာ နဲ့အမျှ ဘာကို ရွေးချယ်ရမလဲ ဆိုတာလဲ ခေါင်းစား လာရ ပါတယ်။ ဒါဟာ နှစ်ရှည်စီမံကိန်း တစ်ခု ဖြစ်တာကြောင့် လူငယ်တွေ အနေနဲ့ ကြိုပြင်ဆင်ကြပါ လို့ ဒီနေရာကနေ တိုက်တွန်း ပါရစေ။
အဲ့တာကြောင့် အရင်ဆုံး ကိုယ့်ကိုယ်ကို နားလည်ဖို့ ကိုယ့်ကိုယ်ကို ပြန် မေးခွန်း ထုတ်ကြပါ၊ ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားကြပါ လို့ အကြံ ပေးချင်ပါတယ်။ Career တစ်ခု မရွေးချယ်ခင် ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ် သင့်တဲ့ မေးခွန်း (၁၀)ခု ဆိုတဲ့ အကြောင်းကို ဆက်ဆွေးနွေး သွားပါမယ်။
What are my interests?
ကိုယ် စိတ်၀င်စားတာ က ဘာလဲ၊ ကိုယ် လုပ်ချင်တဲ့ အလုပ်က ဘယ်လိုမျိုးလဲ ဆိုတဲ့ မေးခွန်းပါ။
ကိုယ့်၀ါသနာ၊ အားလပ်ချိန် တွေမှာ ဘာလုပ်လေ့ ရှိလဲ
အိမ်ထဲမှာ နေရတာ ကြိုက်တာလား၊ အပြင်ထွက်ရတာ ကြိုက်တာလား
လူတွေနဲ့ ပြောဆိုဆက်ဆံရတာ ကြိုက်လား
တိရစ္ဆာန်လေးတွေ ကို ပြုစု စောင့်ရှောက်ရတာ ကြိုက်လား
စာရင်းဇယားတွေ၊ စာအုပ်တွေနဲ့ အလုပ်ရှုပ်နေရတာကို ကြိုက်တာလား
ဘယ်အရာက ကိုယ့်ရဲ့ မရှိမဖြစ်၀ါသနာလဲ စတဲ့ အရာတွေကို သတိထားပြီး အဖြေရှာပါ။
What are my skills?
ဒါကတော့ ကိုယ့်ရဲ့ Skills တွေက ဘာတွေလဲပေါ့။ ဒီမှာ Skills ကို Hard Skills နဲ့ Soft Skills ဆက်ပြီး နှစ်မျိုး ထပ်ခွဲပါမယ်။
Hard Skills ဆိုတာ ကျောင်းက သင်တန်းကနေ သင်ယူ တတ်မြောက် လာတဲ့ ပညာရပ်တွေ ဖြစ်ပါတယ်။ ဥပမာ- ဘာသာစကား တစ်ခုခု၊ ပန်းချီ၊ ဂီတ၊ အက၊ Computer Programming
Soft Skills ဆိုတာ ကိုယ်တိုင် ကျင့်ယူနိုင်တဲ့ အလေ့အကျင့် တွေပါ၊ လူတစ်ယောက်ရဲ့ အတွေးအခေါ်၊ အပြုအမူ၊ ပေါင်းသင်း ဆက်ဆံရေး၊ Emotional Quotient (မိမိစိတ်ကို မိမိ အကောင်းဆုံး ထိန်းချူပ် နိုင်စွမ်း) စတဲ့ အရာတွေ ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။
What are my talents and strengths?
လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ထူးချွန်မှုတွေ ငယ်ငယ်လေး ကတည်းက ရှိခဲ့ပါတယ်။ ဒါပေမယ့် ခေတ်အခြေနေ အရ ဖိနှိပ် ခံရမှုတွေ ရှိခဲ့လို့ ကိုယ့် အားသာချက်ကို မသိကြတဲ့ သူတွေ များပါတယ်၊ ကိုယ် တစ်ယောက်တည်း မဟုတ်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ့် အားသာချက်ကို သိနိုင်ဖို့ ဆိုရင် များများ လုပ်ပါ။ မတူတာ တွေကို စမ်းကြည့်ပါ၊ စမ်းလုပ်ရင်းနဲ့ ကိုယ့်အားသာချက်ကို ရှာတွေ့ နိုင်ပါတယ်။ နောက် တစ်နည်း ကတော့ ပတ်၀န်းကျင်က သူတွေကို မေးပါ၊ တစ်ခါတစ်ရံ သူများတွေက ကိုယ် မမြင်နိုင် တာတွေကို မြင်တတ် ကြပါတယ်။ စာရေးသူဆို ရံဖန်ရံခါ သူငယ်ချင်း တွေကို မေးလေ့ ရှိပါတယ်၊ “ဟဲ့ စကားလုံး သုံးလုံးနဲ့ပဲ ပြောရမယ်၊ ငါ့ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်လဲ” တို့ ဘာတို့ ပေါ့။ ကိုယ် ထထ ကြောင်တိုင်း သူငယ်ချင်းတွေ ကလည်း လိုက်ကြောင် ပေးကြမှာပါ။
What is my personality?
လူတစ်ယောက်ရဲ့ တွေးခေါ်ပုံ၊ သူ့ရဲ့ စိတ်ခံစားချက်တွေ၊ သူလုပ်နေကျ အကျင့်တွေ၊ အဲ့တာတွေ ပေါင်းပြီး တော့ လူတစ်ယောက် ရဲ့ စိတ်နေ သဘောထား (Personality) ဖြစ်လာ ပါတယ်။ ကိုယ့်ရဲ့ Personality နဲ့ ကိုယ့်ရဲ့ အလုပ်က ကိုက်ညီမှု ရှိမှ အလုပ်မှာ ထင်သလောက် စိတ်မပင်ပန်း မှာပါ။ မဟုတ်ရင်တော့ စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတာကြီး ဖြစ်လာ နိုင်တာပေါ့။ အဲ့တာကြောင့် Personality ကို လိုက်ပြီး Career Life ကို ရွေးချယ် သင့်ပါတယ်။ အလုပ်ခွင်နဲ့ သက်ဆိုင်တဲ့ Personality ဥပမာ တွေကတော့
ခေါင်းဆောင်နိုင်တဲ့သူလား ခေါင်းဆောင်မှုနောက်ကနေ လိုက်နိုင်တဲ့သူလား
တစ်ယောက်တည်း လုပ်ရတာ ကြိုက်တဲ့သူလား အဖွဲ့နဲ့လုပ်ရတာ ကြိုက်တဲ့သူလား
ပူးပေါင်း လုပ်ဆောင်ရတာလား အပြိုင်အဆိုင် လုပ်ချင်တာလား
တစ်ယောက်ယောက် ခက်ခဲနေရင် ကူဖြေရှင်းပေးတဲ့သူလား ကိုယ့်အား ကိုယ်ကိုး တတ်အောင် စိတ်ဓာတ် မြှင့်တင်ပေးတဲ့သူလား
ဘောင်ထဲက ခွဲထွက်ပြီး တီထွင်နိုင်စွမ်း ရှိသူလား
ဘောင်ထဲကနေ စနစ်တကျ လုပ်ဆောင်တတ်တဲ့သူလား
အခု ယှဥ်ပြထားတာ တွေက တစ်ခုက ကောင်းပြီး တစ်ခုက မကောင်းဘူး ဆိုတဲ့ သဘော မဟုတ်ပါဘူး၊ ကိုယ့် Personality နဲ့ ကိုယ့် အလုပ်နဲ့ ကိုက်ညီမှု ရှိမှ အကောင်းဆုံး ဖြစ်လာမှာပါ။
What are my values?
ကိုယ် တန်ဖိုးထားတဲ့ အရာ တွေပေါ့ ဒါကတော့။ မိသားစု ဘ၀၊ ငွေကြေး ပြည့်စုံမှု၊ အလုပ်အကိုင် စတဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ တန်ဖိုးထားတဲ့ အရာတွေ ရှိပါတယ်။ ကိုယ် တန်ဖိုး ထားတာ တွေက ဘာတွေလဲ ဆိုတာ နားလည်ရင် Career Path ရွေးချယ်ရင် ဒါတွေကိုပါ ထည့် စဥ်းစားပြီးမှ ကိုက်ညီမှု ရှိတဲ့ အလုပ်ကို ရွေးချယ်သင့် ပါတယ်။ အဲ့တာမှ မလိုလားတဲ့ နောက်ဆက်တွဲ အရာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
What education or training do I need?
ဒါကတော့ စစ်တိုက်ဖို့ အတွက် လက်နက်ပေါ့။ ကိုယ် ရွေးလိုက်တဲ့ လမ်းကြောင်းကို လျှောက်ဖို့ အတွက် လိုအပ်တဲ့ လက်နက်ကိရိယာ တွေပါ၊ ပန်းချီဆရာ တစ်ယောက် ဖြစ်ဖို့ ပန်းချီ ဆွဲတတ်မှ ရမှာပေါ့၊ ဆရာ၀န် ဖြစ်ချင်ရင် ဆေးတက္ကသိုလ် တက်ရမှာပေါ့။ ဒီနေရာမှာ သတိပြုရမယ့် အချက်တွေက အချိန်နဲ့ ငွေကြေး ဖြစ်ပါတယ်။ ကိုယ့်အတွက် အရမ်းများတဲ့ အချိန်၊ အရမ်း ၀န်ပိ နိုင်မယ့် ငွေကြေး ကို လိုအပ်တဲ့ လမ်းကြောင်း ဆိုရင် သေချာ စဥ်းစားပြီးမှ ရွေးချယ်သင့် ပါတယ်။
Are there jobs available in this career?
ကိုယ် စိတ်၀င်စားတဲ့ အလုပ်မျိုးက ဒီနိုင်ငံမှာ ပေါသလား?
ဥပမာ ပေးရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဒီနိုင်ငံမှာ Telecom Industry ဆိုတာ စပေါ်ကာစ၊ အဲ့တာနဲ့ ပတ်သတ်တဲ့ အလုပ်တွေက ရှားပါးခဲ့တာ ပေါ့၊ ကိုယ်နေမယ့် တိုင်းပြည်မှာ ဘာအခွင့်အလမ်းတွေ ရှိတယ် ဆိုတာ မျက်ခြေမပျက် လေ့လာသင့် ပါတယ်။
How much money do I want to make?
ဒီနေရာမှာ လစာကို အဓိက မထားသင့်ဘူး ဆိုပေမယ့် ငွေကြေး ဆိုတာလည်း စား၀တ်နေရေး အတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်တာကြောင့် သေချာ စဥ်းစားသင့် ပါတယ်။
Where do I want to live?
အလုပ်ရှာပြီဆို ကိုယ်က မြို့ပေါ်မှာပဲ နေချင်တာလား နယ်စွန်နယ်ဖျား သွားလို့ရော အဆင်ပြေလား ဆိုတာကလည်း အရေးကြီးပါတယ်။
Why do I want to pursue this career?
ဘာလို့ ဒီအလုပ်ကို လုပ်ချင်တာလဲ? သေချာ သိထားရမယ့် အချက်ပါ။
ကိုယ့်ရဲ့ ဦးတည်ချက်က တစ်ခါတစ်ရံမှာ ပတ်၀န်းကျင်ရဲ့ လွှမ်းမိုးမှု အောက်မှာ ယောင်၀ါး၀ါး ဖြစ်သွားတတ် ပါတယ်။ ရင်ဆိုင် ဖြေရှင်း ရမယ့်သူက ကိုယ်ကိုယ်တိုင် ဖြစ်တာကြောင့် ကိုယ့် ရည်ရွယ်ချက် ကို သေချာ နားလည်ပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်ဖို့ ဘာလို့ ရွေးတာလဲ ဆိုတာကို အစတည်းက ပြတ်ပြတ်သားသား သိထားသင့်ပါတယ်။
ဆန္ဒနဲ့ဘ၀ ထပ်တူကျဖို့ဆိုရင် ကိုယ့်ရဲ့ Career Path ကို ရွေးချယ်တဲ့ နေရာမှာ ကိုယ့်ကိုယ်ကို နားလည် ရမယ်၊ ကိုယ့်ရဲ့ Passionက ဘာလဲ၊ ကိုယ်က ဘာတွေကို စိတ်၀င်စားတာလဲ ဆိုတာ သိ နေရမယ်၊ အဲ့တာမှ ကိုယ်က ဒီလမ်းကြောင်းကို လျှောက်ဖို့ ဘာတွေ လိုအပ်တယ်၊ ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို စီစဉ်နိုင်မှာပါ။ ကိုယ့်ကိုယ်ကို နားလည်ဖို့ ဆိုတာ အလုပ်ရှာနေသူတွေ တင်မကပဲ လက်ရှိ လုပ်ငန်းခွင်ထဲ ၀င်နေတဲ့ သူတွေ အတွက်ရော၊ တက္ကသိုလ် တက်လက်စ ကျောင်းသားတွေ ပါမက ဆယ်တန်းအောင်ပြီး ကျောင်းဆက်လျှောက်မယ့် ကလေးတွေ အတွက် ပါ အရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ။
By Thet Hsu Mon on 23rd May 2020
လူတစ်ယောက်ရဲ့ ဘဝအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ အသက်မွေး၀မ်းကြောင်း အလုပ်ဆိုတာ အလွန်အရေးကြီးတာ ဖြစ်လို့ သေချာ စဉ်းစားပြီးမှ ရွေးချယ်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲမှုတွေ ကြောင့်ရော၊ နိုင်ငံရေး အခြေအနေ ပြောင်း လာတာရော ကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ စာရင် လူငယ်တွေ အတွက် အခွင့်အလမ်းတွေ ပိုမို များပြား လာပါတယ်။ ရွေးချယ်စရာ များပြားလာတာ နဲ့အမျှ ဘာကို ရွေးချယ်ရမလဲ ဆိုတာလဲ ခေါင်းစား လာရ ပါတယ်။ ဒါဟာ နှစ်ရှည်စီမံကိန်း တစ်ခု ဖြစ်တာကြောင့် လူငယ်တွေ အနေနဲ့ ကြိုပြင်ဆင်ကြပါ လို့ ဒီနေရာကနေ တိုက်တွန်း ပါရစေ။
ဒါပေမယ့် ဘဝဆိုတာ မျှော်လင့်ထားသလိုတွေ ဖြစ်မလာတတ်ပါဘူး။ အကောင်းဆုံးအတွက် မျှော်လင့်သလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်လာသမျှ ကိစ္စတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ကိုယ်က ကိုယ့်ရဲ့ Career လမ်းကြောင်းကို မှားယွင်းရွေးချယ် မိခဲ့တယ်လို့ ထင်နေတယ်၊ ခံစားမိနေတယ် ဆိုရင် အခုဆက်လက် ဖော်ပြမယ့် အချက်တွေက အသုံးဝင်မှာပါ။
People Don’t Quit Jobs. They Quit Bosses.
အလုပ်မှာအဆင်မပြေဘူး။ မပျော်ဘူး။ ဒီအလုပ်က ကိုယ့်အတွက်မဟုတ်ဘူး လို့ခံစားနေရ တယ်ဆိုရင် ကိုယ့်စိတ်ကိုယ် သေချာပြန်ဆန်းစစ်ကြည့်ပါ။ အလုပ်က တစ်ကယ်ပဲ ကိုယ့်အတွက် အဆင်မပြေတာလား ဒါမှမဟုတ် ကိုယ့်အထက်လူကြီးက အဆင်မပြေလို့ လား။ ဘာလို့လဲဆိုရင် စစ်တမ်းတွေအရ အလုပ်ကနေထွက်ကြတဲ့ ဝန်ထမ်းအများစုက အလုပ်လုပ်ရတာ အဆင်မပြေတာထက် အထက်လူကြီးကို သည်းမခံနိုင်ကြတော့လို့ အလုပ်က ထွက်ကြတာဖြစ်ပါတယ်။ အဲ့တော့ ကိုယ်က အလုပ်ကိုမုန်းတာလား လုပ်ငန်းခွင် မှာ မပျော်တာလားဆိုတာကို သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းတစ်ခုကို ဥပမာပေးရရင် ကိုယ်က ဒီလုပ်ငန်းဆောင်တာတွေကို ဒီနေရာမှာမဟုတ်ပဲ တခြားနေရာမှာလုပ်ရရင်ရော ဒီလိုပဲ မုန်းမှာလား ဆိုတာဖြစ်ပါတယ်။
ကိုယ့်အိပ်မက်တွေကို ပြန်ရှာဖွေပါ။
အရင်က ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာတွေကဘာတွေလဲ။ အခုလုပ်နေရတဲ့ အလုပ်က ကိုယ်ဖြစ်ချင်ခဲ့တာနဲ့ တိုက်ဆိုင်ရဲ့လား ဆိုတာကို ပြန်ရှာဖွေပါ။ ကိုယ့်အိပ်မက်နဲ့ တစ်ထပ်တည်းကျဖို့တော့ မမျှော်လင့်ပါနဲ့။ ကိုယ်အိပ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းကို အခု ကိုယ်လုပ်နေတဲ့ အလုပ်မှာ ပြန်တွေ့ပါသလား။
အလုပ်လုပ်ရတာ ပျော်ရွှင်နေတဲ့သူတွေနဲ့ စကားပြောကြည့်ပါ။
ကိုယ့်အလုပ်မှာပျော်ရွှင်နေတဲ့ သူတွေနဲ့ စကားပြောကြည့်ရင်း သူတို့ရဲ့ အလုပ်အပေါ် ထားတဲ့စိတ်ထား၊ သူတို့ရဲ့ အတွေ့အကြုံတွေကို နားထောင်ရင်း ကိုယ့်အတွက် အဖြေတစ်ခု ရှာတွေ့သွားတတ်ပါတယ်။
Career ပြောင်းမယ် စဥ်းစားပြီဆိုရင် Information တွေ စစုပါ။
ကိုယ့်စိတ်ထဲ စိတ်ဝင်စားနေတဲ့ အလုပ်မျိုးရှိတယ်ဆိုရင် အဲ့နယ်ပယ်မှာ လက်တွေ့ အလုပ်လုပ်နေသူတွေရဲ့ စကားသံကိုနားထောင်သင့်ပါတယ်။ အဲ့ဒီနယ်ပယ်ကလူတွေနဲ့ Network တစ်ခုတည်ဆောက် ထားဖို့ကိုလည်း အကြံပေးချင်ပါတယ်။
နောက်အလုပ်ပြောင်းဖို့ ဆုံးဖြတ်ထားရင် အခုကိုယ့်မှာရှိပြီးသား Transfer လုပ်နိုင်မယ့် Skill တွေကို ရှာဖွေပါ။
အပြောင်းအလဲလုပ်တယ်ဆိုတာနဲ့ အစကနေပြန်စဖို့ မလိုအပ်ပါဘူး။ ကိုယ့်မှာရှိပြီးသား အရည်အချင်းတွေကို သေချာ ပြန်ဆန်းစစ်ပါ။ ကိုယ့်ရှိပြီးသား Skill တွေ ပြန်အသုံးချနိုင်မယ့် အနီးစပ်ဆုံး လမ်းကြောင်းတစ်ခု ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း နောက်ပိုင်းအလုပ်လျှောက်တဲ့အခါ Interview တွေမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး ကိုယ်လိုချင်တဲ့ Position ကို ရရှိနိုင်မှာဖြစ်ပါတယ်။
သင်အခုလို အလုပ်ရွေးချယ်တာ မှားယွင်းနေပြီလား အလုပ်ပြောင်းရင်ကောင်းမလား စသဖြင့် စဥ်းစားနေတဲ့ နေရာမှာ မသေချာတာတွေ သံသယတွေ ကြောက်ရွံ့တာတွေ ရောထွေးနေပါတယ်။ ဒီလို ခံစားချက်တွေရဲ့ တိုက်တွန်းမှုကြောင်း အလုပ်ပြောင်းလဲဖို့ ဆုံးဖြတ်တာမျိုး မလုပ်သင့်ပဲ ကိုယ်ရဲ့ စိတ်အားတက်ကြွမှု ပျော်ရွှင်မှုတို့ကြောင့် ရွေးချယ်တဲ့ လမ်းကိုပဲ လျှောက်လှမ်းဖို့ အကြံပေးလိုက်ပါတယ်။
By Hsu Thiri Soe on 12th June of 2020
ဘာလို့ လူအချို့ဟာ အလုပ်အကိုင်တွေ ပြောင်းကျတာလဲ။ လူတွေက အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ အလုပ်အကိုင်ဟာ ဘဝတစ်သက်တာလုံး မပြောင်းမလဲ ဆက်လုပ်နိုင်မဲ့ အရာမျိုးလို့ ယုံကြည်ကြတယ်။ ထို့ကြောင့် အလုပ်အကိုင်ရွေးချယ်တဲ့အခါမှာ ကိုယ်နှစ်သက်တဲ့အရာတွေ ကိုယ်သဘောကျမယ် ထင်တဲ့အချက်တွေကို ဦးစားပေးပြီး ကြည့်ပါတယ်။ ဒီလို ရွေးချယ်ထားလည်း အလုပ်အကိုင် ပြောင်းတာမျိုးတွေ ရှိသေးတယ်မလား။
အကြောင်းအရင်းကတော့ ကျွန်ုပ် အဲ့အချိန်ကအကြိုက်ဆုံး ဖြစ်မယ်ထင်တဲ့အရာကို ရွေးတတ်ကြလို့ ဖြစ်ပါတယ်။ တကယ်လက်တွေ့မှာတော့ ဒီအလုပ်အကိုင်မှာ လုပ်ရင်းလုပ်ရင်းနဲ့ ငြီးငွေ့သွားတာမျိုးတွေ အလုပ်အကိုင်က ဘဝတက်လမ်း မရှိဘူးလို့ ယူဆပြီး ပြောင်းလဲလိုက်တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အလုပ်အပေါ် အသိပညာနည်းသေးလို့ ဖြစ်သွားတာများပါတယ်။
ဒီနေ့ကတော့ ကိုယ့်စိတ်ကြိုက်ကိုပဲ ကြည့်ပြီး အလုပ်ကို ရွေးချယ်တာ အကောင်းဆုံး အကြံဥာဏ် မဟုတ်ကြောင်းကို အကြောင်းအရင်း (၃)ခုနဲ့ သက်သေပြချင်ပါတယ်။
၁။ စိတ်ဝင်စားမူတွေဟာ အမြဲပြောင်းလဲ နေတတ်တယ်။
ကလေးဘဝတုန်းက ဖြစ်ချင်ခဲ့တဲ့ အိပ်မက်နဲ့ အခုကိုယ်ဖြစ်ချင်တာနဲ့ တူပါသလား။ အများစုကတော့ မတူတော့ဘူးလို့ ဖြေကျလိမ့်မယ်။ လူတွေဟာ အသက်အလိုက် စိတ်ဝင်စားမူတွေ ပြောင်းသွားတတ်ကြပါတယ်။ တွေ့ကြုံခဲ့တဲ့ ဘဝအတွေ့အကြုံတွေရော အရပါပဲ။
ဥပမာအနေနဲ့ ပြောရရင် အသက်(၁၀)နှစ်လောက်က အဆိုတော်ကြီး ဖြစ်ချင်တယ်ဆိုပါစို့။ နောက်ပိုင်းမှာတော့ ကျောင်းမှာ ကွန်ပျူတာနဲ့ပုံဆွဲတာ လေ့လာမိပြီး graphic ဒီဇိုင်နာ လုပ်ဖို့ စိတ်ဝင်စားသွားတယ်။ အလုပ်ကလည်း ဆန်းသစ်တီထွင်မူများတယ်။ အသုံးလည်း ဝင်တယ်ဆိုပြီး စဥ်းစားမိတယ်ပေါ့။ အဲ့တာကြောင့် စိတ်ဝင်စားမူတစ်ခု ဆိုတာထက် ပိုပြီး အလုပ်အကိုင် အခွင့်အလမ်းရှိတာ၊ ပြောင်းလဲတိုးတက်တဲ့ ရေစီးကြောင်းမှာ တည်မြဲနေတဲ့ အလုပ်ဆိုပြီး ပိုပြီးစဥ်းစားချင့်ချိန်သင့်ပါတယ်။
၂။ ရွေးချယ်တဲ့အခါမှာ ကိုယ့်ကိုယ်ဘဲ မကြည့်ပါနဲ့။
ငါ ကြိုက်တာတွေပဲ ရွေးချယ်လုပ်မယ်ဆိုတာ ကိုယ့်ကိုယ်ဘဲ ကြည့်တာမျိုးလို့ ထင်ရစေပါတယ်။ လူ တော်တော်များများဟာ ပေါ့ပေါ့ပါးပါး ဖြစ်ပြီး သက်သောင့်သက်သာ ဖြစ်တာမျိုးကို ကြိုက်ကြပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုရင်တော့ ပြဿနာ မရှိနိုင်ပေမဲ့ အပြိုင်အဆိုင်များတဲ့ လုပ်ငန်းခွင်မှာ ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ လုပ်ငန်းခွင်တွေက လုပ်နိုင်စွမ်းနဲ့ ရလဒ်ကို ကြည့်ကြတာများပါတယ်။ ဒါကြောင့် ကိုယ်ဘယ်လောက် ပေးဆပ်နိုင်သလဲ ဆိုတာ စဥ်းစားကြည့်ပါ။ အလုပ်ပေါ် ကိုယ်ကျိုးတစ်ခုသာကြည့်ပြီး အဖွဲ့အစည်းအတွက် ဖြည့်စွမ်းပေးမယ်မရှိဘူးဆိုရင်တော့ အလုပ်ခန့်အပ်လိုက်ဖို့ သင့်တော်မယ့်အနေအထားမျိုး ရှိမှာမဟုတ်ပါဘူး။ ဥပမာ ကိုယ်က HR အပိုင်းကို စိတ်ဝင်စားပေမဲ့ ကိုယ့်ရဲ့ တကယ့် အရည်အချင်းက အင်ဂျင်နီယာအလုပ်မှာ ပိုဖြစ်ထွန်းနေတာမျိုးပါ။ အဲ့တော့ ကုမ္ပဏီအနေနဲ့ လျှောက်တဲ့သူက စိတ်အားထက်သန် နေပေမဲ့ အဲ့အလုပ်က သူနဲ့မကိုက်တဲ့အတွက် အလုပ်မခန့်တာမျိုးတွေပါ။
၃။ ကိုယ်စိတ်အားထက်သန်တဲ့ အလုပ်ဟာ ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လား ဆိုတာ ကြည့်ပါ။
အောင်မြင်တဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ကသူတို့ပတ်ဝန်းကျင်အတွက် တန်ဖိုးတစ်ခု ပေးစွမ်းနိုင်လို့ပါ။ ကိုယ်ရဲ့အလုပ်ဟာလည်း ကိုယ်စိတ်အားထက်သန်တာအပြင် ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့အရာ ဘာပေးနိင်သလဲဆိုတာ ကြည့်ပါ။ လိုအပ်နေတဲ့အရာ၊ အရေးကြီးတဲ့အရာပေးနိုင်မှ လခကောင်းကောင်း ရနိုင်သလို အောင်မြင်ဖို့အခွင့်အလမ်း များပါတယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်က စျေးကွက်မှာ လိုအပ်နေတဲ့ အလုပ်မျိုးလားဆိုတာ စဥ်းစားကြည့်ပါ။ ဥပမာ ကိုယ်က ပန်းချီဆွဲရတဲ့အလုပ်ကို စိတ်အားထက်သန်တယ် ထားပါတော့။ ကားချပ်သုံးပြီး ဆွဲတာထက် ဒီဂျီတယ် နည်းပညာသုံးပြီး ဆွဲတာက လုပ်ငန်းတော်တော်များများမှာ ပိုမို လိုအပ်နေတဲ့အတွက် ကိုယ်လုပ်ကွက်ရနိုင်ချေ နည်းသွားပါပြီ။
ကျွန်ုပ်တို့ဟာ အလုပ်တစ်ခုကို လုပ်ရတာ ကြိုက်တယ်ဆိုတာထက် ဒီအလုပ်က ကိုယ့်ပတ်ဝန်းကျင်အတွက် ဘာကောင်းကျိုးပေးနိုင်လဲ၊ ပြောင်းလဲနေတဲ့ ခေတ်မှာ တည်မြဲနိုင်ပါ့မလား၊ ငါကျွမ်းကျင်မူရှိတဲ့ အလုပ်လား၊ တက်လမ်း ရှိပြီး တိုးတက်ဖို့အခွင့်အလမ်းများတဲ့ အလုပ်လား စသည်ဖြင့် တွေးတောပြီးသေသေချာချာ ရွေးချယ်သင့်ပါတယ်။