သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ တောင့်တိုင်းတတိုင်း ရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်းဘဲ ဂုဏ်သတင်းလည်း သင်းပျံ့မယ်။
ရောက်လေရာရာ ပွဲလယ်တင့်လို့ ရဲရင့် ရွှင်ပြ ခင်ကြမယ်။
သေရသော်ပင် သတိကောင်းလို့ ဂတိပြောင်းတော့ နတ်ပြည်ကွယ်။
သီလကောင်းကျိုး ချက်ချင်းတိုး အားကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ ဒီဘဝ တည်ကြ မြဲကြကွယ်။
သီလဆိုတာ ကိုယ်, နှုတ်များကို ကောင်းစွာထားဖို့ စောင့်ရသလေ။
ကိုယ်,နှုတ်လုံလျှင် လူယဉ်ကျေးကွယ့်၊ ကောင်းကျိုးပေးမြဲ အမှန်ပေ။
စိတ်ပါလုံလျှင် ပိုလို့ကောင်းသကွယ့်၊
ကောင်းသထက်ကောင်းအောင် ကြိုးစားလေ။
စိတ်ပါလုံအောင် ဘာဝနာပွားဖို့၊ မြတ်ဘုရားက မိန့်ခဲ့ပေ။
ကိုယ်, နှုတ်, စိတ်ထား ဤသုံးပါး၊ လုံငြား ချမ်းသာပေ။
− ချမ်းမြေ့ဆရာတော်