ဒေါက်တာနန္ဒမာလာဘိဝံသ - ကာမေသုမိစ္ဆာစာရ တရားတော်
(မေး ) အရှင်ဘုရား − မိန်းမဘဝ၌ ဖြစ်ရခြင်းသည် အကုသိုလ်ကြောင့်ဖြစ်ရသည်။
ကုသိုလ်မလုပ် ဆုမတောင်းလျှင် မိန်းမဘဝ ဆက်တိုင်းရနေတတ်သည်ဟု ပြောဆိုကြပါသည်။ ဟုတ်ပါသလား။
တပည့်တော်တို့ မိန်းမဘဝဆိုတာ အကုသိုလ်ကြောင့် ရတာမှန်ပါသလား။ ဖြေကြားပေးတော်မူပါဘုရား။
မမီးမီး ( ခ ) အပုလေး
ဗိုလ်တထောင်မြို့နယ် ။
( ဖြေ ) မိန်းမဘဝ၌ ဖြစ်ရခြင်းသည် အကုသိုလ်ကြောင့်ဖြစ်ရသည်ဆိုသော စကားမှာ အချို့မှန်သော်လည်း အချို့မမှန်ပါ။
ယောက်ျားတစ်ယောက်သည် ကာမေသုမိစ္ဆာစာရကံကို လွန်ကျူးမိသော် ထိုကံကြောင့် ငရဲ၌ ကြာမြင့်စွာခံရ၏။
ငရဲမှလွတ်သောအခါ နွားစသောတိရစ္ဆာန်ဘဝမျိုး၌ ဖြစ်၍ အသင်းခံရခြင်းမျိုး ဘဝများစွာ ဖြစ်ရသေးသည်။
ထို့နောက်လူဖြစ်သောအခါ နပုံးပဏ္ဍုက် ဥဘတောဗျည်း စသော ဘဝမျိုး၌ အဖန်ဖန်ဖြစ်၍ ယင်းကံကြွင်းအရ မိန်းမဘဝသို့ ရောက်ရပြန်သည်။
မိန်းမဆိုသော်လည်း အဆင့်အတန်းမီဘဝမျိုးမဟုတ်။ အစော်ကားခံအတန်းအစား ပြည့်တန်ဆာ ဘဝများနှင့် ကုသိုလ်ကံပေး၍ မိန်းမကောင်း ဖြစ်ရသော်လည်း အိမ်ထောင်ရေးအတည်မကျ လင်ပစ်မ ဘဝမျိုး၌ ဖြစ်ရလေသည်။
ဤသို့ ဘဝတစ်ရာဖြစ်ရသည်ဟု ဆို၏။
အရှင်အာနန္ဒာမထေရ်အလောင်းဝတ္ထု၊ ဣသိဒါသီထေရီအလောင်းဝတ္ထု တို့၌ ယင်းအကြောင်း ထင်ရှား၏။
ယင်းကဲ့သို့သော မိန်းမဘဝမျိုးသည်သာ အကုသိုလ်ကြောင့် ဖြစ်ရသော ဘဝမျိုးဖြစ်ပါသည်။
မယ်တော်မာယာ
မိထွေးတော်ဂေါတမီ
ယသော်ဓရာ
ဝိသာခါတို့ကဲ့သို့သော မိန်းမဘဝမျိုးကား အကုသိုလ်ကြောင့်ဖြစ်ရသည်မဟုတ်။
ယင်းဘဝမျိုးရရန် ကုသိုလ်အထူးပြုကာ ဆုတောင်း၍ ရယူရပေသေးသည်။
အရှင်တိလောကသာရ(ရဝေထွန်း)
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
http://greenkstar.blogspot.com/2013/03/blog-post_14.html
ဦးဇင်းဘုရား။ တပည့်တော်မ တစ်ခုလောက် လျှောက်ထားချင်ပါတယ်ဘုရား။
တပည့်တော်မနဲ့ တပည့်တော်မရဲ့ သူငယ်ချင်းတို့ ကာမေသုမိစ္ဆာအကြောင်းကို ဆွေးနွေးကြည့်ပါတယ်။ ဒီဘက်ခေတ်မှာက စိုးရိမ်စရာတွေ မြင်နေမိလို့ပါ ဘုရား။
သူငယ်ချင်းကပြောပါတယ် ကျူးလွန်သူအိမ်ထောင်သည်သာလျှင် ကံထိုက်ပြီးတော့ တစ်ဖက်လူသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသူဆိုပါက ကံမထိုက်ဟု ဆိုပါသည်။
သူတို့ချင်း အတည်ယူလိုက်ပြန်လျှင်တော့ နှစ်ဦးစလုံး ကံမထိုက်တော့ဟုဆိုပါသည် ဘုရား။
တပည့်တော်မကို ကာမေသုမိစ္ဆာအကြောင်းလေးအသေးစိတ်ဟောပြပေးပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။
ရိုသေစွာ
အမျိုးသမီးများနှင့် ကာမေသုမိစ္ဆာစာရကံ
ဤကာမေသုမိစ္ဆာစာရကံ၌ ကမ္မပထမြောက်သည့် (ကာမေသုမိစ္ဆာစာရကံထိုက်သည့်) အင်္ဂါလေး ပါးရှိ၏။
ဤအင်္ဂါ လေးပါးတို့မှာ-
၁။ မသွားမလာထိုက်သော မိန်းမဆိုသည့် အဂမနီယဝတ္ထုဖြစ်ခြင်း။
၂။ ထိုဝတ္ထု၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့် စိတ်ရှိခြင်း။
၃။ မှီဝဲမှုလုံ့လ ပယောဂပြုခြင်း။
၄။ မှီဝဲပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း တို့ဖြစ်၏။
ဤအင်္ဂါလေးပါး မညီလျှင်၊ တစ်ပါးပါး ချို့ယွင်းခဲ့လျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘဲ လေးပါးညီမှသာလျှင် ကမ္မပထမြောက်၏။
အဂမနီယဝတ္ထု (၂၀)
အမှတ် (၁) အင်္ဂါအရ မသွားမလာထိုက်သော (အဂမနီယဝတ္ထု) အမျိုးသမီးပေါင်း (၂၀) ရှိ၏။
ထို အဂမနီယဝတ္ထု (၂၀) တို့မှာ
၁။ မာတုရက္ခိတာ = ဖခင် သေ၍ဖြစ်စေ၊ ကွဲ၍ဖြစ်စေ မိခင်ကစောင့်ရှောက် ထားသောအမျိုးသမီး။
၂။ ပိတုရက္ခိတာ = ဖခင်က စောင့်ရှောက်ထားသော အမျိုးသမီး။
၃။ မာတာ ပိတုရက္ခိတာ = မိဘနှစ်ပါးလုံးက စောင့်ရှောက်ထားသော အ မျိုးသမီး။
၄။ ဘာတုရက္ခိတာ = မောင်၊ အစ်ကိုအရင်းတို့မှစောင့်ရှောက်ထားသော အမျိုးသမီး။
၅။ ဘဂိနိရက္ခိတာ = အစ်မ ညီမတို့ စောင့်ရှောက်ထားသော အမျိုးသမီး။
၆။ ဉာတိရက္ခိတာ = ဝမ်းကွဲဆွေမျိုးတို့က စောင့်ရှောက်ထားသော အမျိုးသမီး။
၇။ ဂေါတ္တရက္ခိတာ = လူမျိုးတူအနွယ်တူ လူတို့က စောင့်ရှောက် ထားသော အမျိုးသမီး။ အိန္ဒိယ၌သာ အနွယ်ရှိ၏။ မြန်မာနိုင်ငံ၌ အနွယ်မရှိ၊ လူမျိုးသာရှိ၏။ ထို့ကြောင့် စောင့်ရှောက်မည့်သူမရှိ၍ ကရင်လူမျိုးက စောင့်ရှောက် ထားသော ကရင်မိန်းကလေး၊ ရှမ်းလူမျိုးက စောင့်ရှောက်ထားသော ရှမ်း မိန်း ကလေး စသည်တို့မှာ အနွယ်တူ လူတို့က စောင့်ရှောက်ထားသော မိန်းမပင်ဖြစ်သည်။
၈။ ဓမ္မရက္ခိတာ = အတူတရားကျင့်ဖော်ဖြစ်သူတို့က စောင့်ရှောက် ထားသော အမျိုးသမီး၊ ယခုကာလ မိဘစသည်တို့နှင့် ခွဲ၍ သီလရှင်၊ ရသေ့မစသည်ပြု လုပ်နေသူများသည်လည်း ဓမ္မရက္ခိတာပင်ဖြစ်၏။
(ဤရှစ်ယောက်သော မိန်းမတို့သည် ကာမပိုင်ယောကျ်ား မရှိသေးသော အပျိုမိန်းကလေးများ ဖြစ်၏။)
---------------------------------------------------------
၉။ သာရက္ခာ = အစောင့်အရှောက်ရှိသောအမျိုးသမီး။ (အရွယ်မရောက်မီကပင် မယားပြုရန် တရားဝင်တောင်းရမ်း သတ်မှတ်ထားသော မိန်းမမျိုးဖြစ်သည်။) ဤအစဉ်အလာသည် အိန္ဒိယနိုင်ငံ၌ ရှိ၏။ မြန်မာနိုင်ငံ၌ လက်ထက် ထိမ်းမြားခြင်း မပြုရသေးသော်လည်း စေ့စပ်ကြောင်းလမ်း ထားပြီးသော အမျိုးသမီးမျိုးသည် အစောင့်အရှောက်ရှိသော အမျိုးသမီးမျိုးဖြစ်၏။
၁၀။ သပရိဒဏ္ဍာ = မင်းပြစ်မင်းဒဏ်မကင်းသော အမျိုးသမီး၊ မင်းစသော အာဏာပိုင်တို့မှ အချိန်ကျလျှင် မိမိကိုယ်တိုင်သူမကိုသိမ်းပိုက်မည်ဖြစ်၍ သွားလာပေါင်းသင်းသူတို့အား ပြစ်ဒဏ်ပေးမည်ဟု အမိန့်ထုတ်ထားတတ်ကြ၏။ သည့်အတွက် ထိုအမျိုးသမီးကို မင်းပြစ်မင်းဒဏ် မကင်းစေသော အမျိုးသမီးဟုဆိုလို၏။
၁၁။ ဓနက္ကီတာ = ရွှေ၊ ငွေ အစရှိသော ပစ္စည်းဥစ္စာဖြင့် ဝယ်ယူထားသော အမျိုးသမီး။ ကြွေးပြန်မဆပ်နိုင်သဖြင့် အသိမ်းခံရသော အမျိုးသမီးလည်း ပါဝင်၏။
၁၂။ ဆန္ဒဝါသိနီ = သူ၏ မယားဖြစ်ဖို့ရန် သဘောတူသဖြင့် မိန်းကလေးကိုယ်တိုင် ဆန္ဒတူချစ်ကြိုက်သဖြင့် ယောကျ်ားအိမ်သို့ သွားရောက်နေထိုင်သောအမျိုးသမီး။ မိဘစသည်တို့က သဘောမတူ၍ နှစ်ဦးသဘောတူ ထွက်ပြေးပေါင်းသင်းနေ ထိုင်သော အမျိုးသမီး (ခိုးရာလိုက်လာသော အမျိုးသမီး) အမျိုးသမီးမျိုးဖြစ်၏။
၁၃။ ဘောဂဝါသိနီ = ဆင်းရဲလှသဖြင့် မောင်း၊ ကျည်ပွေ့၊ ပုဂံ ခွက်ယောက် အစရှိသော အိမ်အသုံး အဆောင်ဖြင့် ပေးသူ (သို့မဟုတ်) တင်တောင်းသူယောကျ်ားထံ မယားအဖြစ်ခံယူသော အမျိုးသမီး။
၁၄။ ပဋဝါသီနီ = ရွှေ၊ ငွေ၊ အဝတ်၊ ထဘီ စသောအဝတ်တန် ဆာပေးသော ယောက်ျားထံ မယားအဖြစ် ခံယူ နေထိုင်ပေါင်းသင်းနေသော အမျိုးသမီး။
၁၅။ သြဒပတ္တကိနီ = ရေခွက်တွင် လက်ဆုံချ ထိမ်းမြားထားသောအမျိုးသမီး။ ရေခွက်၌ နှစ်ယောက်လုံး၏ လက်ကိုချစေ၍ “ဤရေခွက်၌ ရေသည်မကွဲ မပြား တစ်သားတည်း တည်နေသကဲ့သို့ သင်တို့ ဇနီးမောင်နှံလည်း မကွဲမပြားတည်နေကြပါစေ” ဟု လူကြီးများက ပြောဆိုထိမ်းမြားပေးသော အမျိုးသမီး။
၁၆။ သြဘတ စုမ္ဗိတာ = ခေါင်းပေါ်က ခေါင်းခုကျသွားသော အမျိုးသမီး။ ဦးခေါင်းပေါ် ခေါင်းခုတင်ပြီး ထင်း စသည်ရောင်း၍ အသက်မွေးရသည့် သူဆင်းရဲမကလေးကို အချို့က မယားအဖြစ် အတည်ယူလိုက်သောအခါ ထမ်းရွက်ပြီး မရောင်းရတော့ပြီဖြစ်၍ ခေါင်းပေါ်က ခေါင်းခုကျသွားသော အမျိုးသမီးဖြစ်၏။
၁၇။ ဒါသီဘရိယာ = ကျွန်မလေးကိုပင် မယားအဖြစ် တရားဝင် ယူထားသောအမျိုးသမီး။
၁၈။ ကမ္မကာရီ ဘရိယာ = အိမ်တွင်ခိုင်းထားသည့် ကလေးမကို မယားအဖြစ် တရားဝင်ယူထားသော အမျိုးသမီးဖြစ်သည်။
၁၉။ ဓဇာဟတာ = စစ်နိုင်သဖြင့်သုံးပန့်အဖြစ် သိမ်းပိုက်ထားသော အ မျိုးသမီးအား မယားအဖြစ် တရားဝင်ယူထားထားသော အမျိုးသမီး။
၂၀။ မုဟုတ္တိကာ = အခကြေးငွေပေး၍ ခဏခေတ္တမျှ ပေါင်းဖော်ရန် ငှားရန်း ထားသော ပြည့်တန်ဆာကဲ့သို့သောအမျိုးသမီး တို့ဖြစ်ကြသည်။
-----------------------------------------------
မိန်းမများနှင့် ကာမေသုမိစ္ဆာစာရကံ
ယောကျ်ားများ မသွားမလာ ထိုက်သော မိန်းမ (အဂမနီယဝတ္ထု) နှစ်ဆယ်တွင် မိခင်စောင့်ရှောက်ထားသူအထိ မိန်းမ (၈) ယောက်တို့ကား ကာမပိုင် လင်ယောကျ်ားများ မရှိသေးသော အပျိုမိန်းကလေးများ ဖြစ်ကြ၏။
ထိုအပျိုမိန်းကလေးများကို စောင့်ရှောက်နေကြသည့် အမိ၊ အဖ၊ ညီ၊ အစ်မ၊ မောင်ကြီး၊ မောင်ငယ်တို့ စသည်တို့မှာ ယောကျ်ားတစ်ပါးတို့နှင့် မှောက်မှောက် မှားမှား မဖြစ်ပွားရန် ကာကွယ် စောင့်ရှောက်ရသည့်တာဝန်သာရှိကြ၏။
ထိုအပျို (၈) မျိုးတို့၏ ဖောဋ္ဌဗ္ဗာရုံ ကာမအတွေ့အထိကို ပိုင်ဆိုင်သူများလည်း မဟုတ်၊ ထိုကာမအတွေ့အထိကို ခံစားဖို့ စောင့်ရှောက်ကြသည်လည်း မဟုတ်၍ ထိုအပျို (၈) မျိုးတို့သည် မိမိတို့ကာမအတွေ့ကို မိမိတို့သာ ပိုင်ဆိုင်ကြရကား ကာမပိုင်ဆိုင်သူ မရှိကြသောကြောင့် “အသာမိက” များဖြစ်ကြသည်။
ထို့ကြောင့် ထိုအပျို (၈) မျိုးတို့သည် မိမိတို့ပိုင်ဆိုင်သော ကာမအတွေ့အထိကို မိမိတို့သဘော ဆန္ဒအတိုင်း ပေးခွင့်ရှိ၍ ယောကျ်ားတစ်ဦးဦးနှင့်ပေါင်း သင်း ဆက်ဆံရာ၌ ထိုအပျို (၈) မျိုးတို့အား ကာမေသုမိစ္ဆာစာရကံ မထိုက်ချေ။
သို့ရာတွင် ထိုအပျို (၈) ယောက်တို့သည် အမိ အဖစသည်တို့က စောင့်ရှောက်ထားသူကလေးများ ဖြစ်သောကြောင့် သူတို့နှင့် ပေါင်းသင်းဆက်ဆံသူ ယောကျ်ားတို့မှကား ကာမေသုမိစ္ဆာစာရကံ ထိုက်ကြသည်ဟု ဝိပတိနောဒနီဋီကာ စသည်တို့၌ ဖော်ပြထား၏။
ဤသည်မှာ အပျိုမိန်းကလေးများ ကာမေသုမိစ္ဆာစာရကံ မထိုက်ပုံဖြစ်၏။
.....
အမှတ် (၉) မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမမှစ၍ အမှတ် (၂၀) ခဏခေတ္တ ပေါင်းသင်းရသော ပြည့်တန်ဆာကဲ့သို့သော မယား (၁၂) ယောက်တို့ကား မိမိတို့ ကာမအတွေ့အထိကို ပိုင်ဆိုင်ထားသည့် လင်ယောကျ်ားများ အသီးသီး ရှိကြပြီး ဖြစ်ပါသည်။ မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမနှင့် အစောင့်အရှောက်ရှိသော မိန်းမနှစ်မျိုးတို့မှာ ကာမပိုင်လင်ယောကျ်ား အထင်အရှား မရှိသေးသော်လည်း မယားအဖြစ် သိမ်းပိုက်ရန် ရည်ရွယ်ထားပြီးဖြစ်၍ မယားမျိုးတွင် ပါဝင်ခြင်းဖြစ်၏။
ထို့ကြောင့် ထိုမယား (၁၂) မျိုးတို့တွင် မိမိပိုင် ယောကျ်ားတို့နှင့်သာ ဆက်ဆံပေါင်းသင်း ပျော်ပါးခြင်း အခွင့်ရှိကြသည်။ အခြားယောကျ်ားများနှင့်လွန် ကျူးပျော်ပါးလျှင် မိမိယောကျ်ားပိုင်သော ကာမအတွေ့အထိကို ခိုးပေးရာရောက်သောကြောင့် ပျော်ပါးကြသူ မိန်းမယောကျ်ား နှစ်ဦးသားလုံး ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်။
အကြောင်းအရာနှင့် ပတ်သက်၍ မန်လည်ဆရာတော်ဘုရားကြီးက ပဟေဠိ ဆန်ဆန် မေးမြန်းလျှောက်ထားသည်ကို မင်းကွန်းအလယ်တောရဆရာတော်ဘုရားကြီး အဖြေကို ဖော်ပြလိုက်ပါသည်။
မန်လည်ဆရာတော်ဘုရားကြီးအမေး
(၁) ကိုယ့်ဟာကို ကိုယ်ပေးလျက်၊ လေးပါယ်ဝကျသူ၊ ဘယ်လူတို့လေသိ။
(၂) ကိုယ်ဟာကို ကိုယ်ခိုးလို့ အကျိုးမဲ့ အပါယ်ဝင်၊ အကယ်ပင်မလွဲ။ သည်အရာ၊ ဘယ်ပုဂ္ဂိုလ် ဘယ်စေတနာနှင့် ဘယ်ဟာကို ဘယ့်နှယ် ခိုးသာမို့၊ ဆိုးရသလဲ။
မင်းကွန်းဆရာတော်ဘုရားကြီးအဖြေ
(၁) ကိုယ့်ဟာကို ကိုယ်ပေးလျက်၊ လေးပါယ်ဝကျသူ၊ ဤသူတို့ပင်ပဲ။ ဆန်းတစ်ဖြာ၊ တစ်ခန်းငယ် တစ်ပုံသာပ၊ ကျမ်းဂန်လာ အိမ်ရှင်မတို့မှာ ထူးနိုင်မျှနဲ့။
(၂) ကိုယ့်ဟာကို ကိုယ်ခိုးလို့ အကျိုးမဲ့ အပါယ်ဝင်၊ အကယ်ပင်မလွဲ၊ သည်နည်းတွင် သည်အိမ်ရှင်၊ ဟိုစေတနာနှင့်၊ ဟိုဟာကို တိတ်တိတ်ခိုးသာမို့ ဆိုးရသပဲ။
လင်ရှိသော အိမ်ရှင်မတို့သည် ကိုယ့်ကာမ ကိုယ့်ဖဿကို မိမိလင်ယောကျ်ားမှတစ်ပါး အခြားသောသူအား ပေးလျှင် အပါယ်သို့ကျသည်ဖြစ်ကြောင်း နိစ္ဆဝိတ္တိဝတ္ထုကိုစသည်ကိုထောက်၍ သိအပ်၏။ ပါရာဇိကဏ်အဋ္ဌကထာ၊ နိဒါနဝဂ္ဂ၊ လက္ခဏသံယုတ် အဋ္ဌကထာတို့၌ “နိစဝ္ဆိတ္တိဝတ္ထု၌ အိမ်ရှင်မတို့မည်သည် မိမိ၏ကာမအတွေ့ကို အစိုးမရ မပိုင်ဆိုင်ကြသောကြောင့် ထိုအိမ်ရှင်မသည် ခင်းပွန်းသည်ပိုင်ဆိုင်သော ကာမအတွေ့ကို ခိုး၍ အခြားယောကျ်ားတို့နှင့် ပျော်ပါးခဲ့လျှင် ကျူးလွန်ခဲ့သော ကံနှင့် သဘောတူစွာ ဒုက္ခအတွေ့ အထိကို ခံစားရန်အတွက် အရေမရှိသော မိန်းမဖြစ်ရသည်” ဟု မိန့်ဆိုထားကြသည် စသည်ဖြင့် ပြန်လည်ဖြေကြားလိုက်ပါသည်။
ယောကျ်ားသားများအနေဖြင့် ဤဖော်ပြခဲ့သော မသွားမလာထိုက်သည့် အမျိုး သမီး (အဂမနီယဝတ္ထု) နှစ်ဆယ်လုံးသည် ယောကျ်ားများနှင့်သက်ဆိုင် သည်။ ယောကျ်ားများသည် အမျိုးသမီး နှစ်ဆယ်အနက် မည့်သည့်အမျိုးသမီးကိုမျှ အမျိုးသမီးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပေါင်းဖက် စက်ယှက်မှု မပြုရချေ။
ထိုအမျိုးသမီးတစ်ဦးဦးကိုပေါင်းဖက်စက်ယှက်မှုပြုလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်တော့သည်။ အကြောင်းမှာ “သူတစ်ပါးတို့ လုံခြုံစွာ စောင့်ရှောက် တားမြစ်ထား၍ မိမိပိုင်ဥစ္စာမဟုတ်သောကြောင့်ဖြစ်သည်” ဟု ဝိမတိဝိနော ဒနီဋီကာ၌ ဖွင့်ဆိုထား၏။ ထို့ကြောင့် “မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း မအိပ်လေရာ” ဟု ရှေးဆရာတို့ ဆုံးမခဲ့ခြင်းဖြစ်သည်။
ဖော်ပြခဲ့သည့် မိန်းမနှစ်ကျိပ်အနက် နောက်ဆုံး နှစ်ဆယ်မြောက်ဖြစ်သည့် မုဟုတ္တိကာ မယားဆိုသည်မှာ အတည်အမြဲမဟုတ်ဘဲ ရက်အနည်းငယ်မျှ တစ်ညမျှ တစ်ခဏမျှ ဥစ္စာ အခကြေးငွေပေးပြီး ပေါင်းသင်းဆက်ဆံသည့် ပြည့်တန်ဆာကဲ့သို့သော ခေတ္တမယားမျိုးဖြစ်၏။ ထိုခေတ္တမယားမျိုးကို ရက်ပိုင်း ညပိုင်းနှင့်အခကြေးငွေပေးကာ မယားပြုနေသူ ရှိနေစဉ်အတွင်း ကြားပေါက် ဝင်ရောက် ကျူးလွန်းခဲ့လျှင် ဤကံထိုက်သည်။
မယားပြုသူမရှိဘဲ အားနေသည့် ပြည့်တန်ဆာမမျိုးကို မိန်းမထိန်းထံ အခကြေးငွေပေးပြီး ပျော်ပါးသူများမှာ ကံမထိုက်ဟု ဆရာတော်ကြီးများ ဆုံးဖြတ်ထား၏။
ရူးနေသည့် အမျိုးသမီးများနှင့် ပတ်သတ်၍ မိဘစသည်တို့ အုပ်ထိန်း မှု ရှိနေသေးသည့် အရူးအမျိုးသမီးကို ပေါင်းသင်းဆက်ဆံလျှင် အမျိုးသားမှာ ကံထိုက်သည်။ အုပ်ထိန်းသူမရှိလျှင် ကံမထိုက်ဟု အဆုံးအဖြတ်ရှိပေသည်။
အလိုတူဆန္ဒတူမျှ၍ ပေါင်းသင်းနေထိုင်သောမယား (ဆန္ဒဝါသိနီ) နှင့်ပတ်သတ်၍ နှစ်ဦးသဘောတူ ချစ်ကြိုက်နေသော အမျိုးသမီးကို ရည်စားဘဝ၌ ပေါင်းသင်း ဆက်ဆံလျှင် မိန်းကလေးက သဘောတူသော်လည်း မိဘစသည်စောင့်ထိန်းသူများ ရှိနေသောကြောင့် ယောကျ်ားလေးမှာ ကံထိုက်၏။
မိန်းကလေးက ဆန္ဒတူသဖြင့် ထွက်ပြေးပြီး ပေါင်းသင်းနေထိုင်ကြရာ၌ မိဘတို့ သဘောမတူစေကာမူ ဆန္ဒဝါသိနီ မယားအရာ မြောက်သောကြောင့် ကံမထိုက် ဟု ဖြေကြားလိုက်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://sdtimedaily.com/2018/01/24/me02-22/
မေးမြန်းလျှောက်ထား ဓမ္မစကား
(အိမ်ရှင်မိန်းမများ နှင့် ကာမေသုမိစ္ဆာစာရကံ)
ယနေ့ခေတ်တွင် ယောင်္ကျားမိန်းမဟူသမျှ တဏှာ၏နောက်သို့ တကောက်ကောက်လိုက်နေကြပုံမှာ ပိုမိုထင်ရှားလာသည်။ ရူပတဏှာဟုဆိုသော ရူပါရုံနောက်သို့ လိုက်နေကြသည်။ ရုပ်မြင်သံကြားခေတ်စားလာသည်နှင့်အမျှ “မယ်ရွေးပွဲ” များနေ့စဉ်မြင်တွေ့ရသည်။ မော်ဒယ်ရွေးပွဲ၊ သရုပ်ဆောင်ရွေးပွဲ စသည်ဖြင့် ရုပ်အလှပြပွဲများကလည်း များပြားလှသည်။
အိမ်ထောင်မရှိသူ မိန်းကလေးများအပြင် အိမ်ထောင်ရှင်အလှမယ်ရွေးချယ်ပွဲများအထိ ပါဝင်လာတော့၏။ အဝတ်အစားဆို၍ ပါသည်ဆိုရုံမျှသာဖြစ်၏။ ရူပါရုံနောက်လိုက်ချင်စရာတွေ၊ သဒ္ဒတဏှာဟုဆိုအပ်သော အသံအာရုံနောက်လိုက်စားစရာ အခွင့်အလမ်းတွေ တိုးပွားနေတော့၏။ အထူးအားဖြင့် ဖောဋ္ဌဗ္ဗတဏှာဟုဆိုအပ်သော အထိအတွေ့အရသာနောက်သို့ လိုက်စားလွန်ကျူးမှုမှာလည်း ကျားရော၊ မရော ….၊ အလွန်အကျွံဖြစ်လာသည်။
ပုထုဇဉ်မှန်သမျှ ကာမဂုဏ် ခံစားကြသည်မှာ အဆန်းမဟုတ်သော်လည်း အလွန်အကျွံဖြစ်လာသောအခါ ဣတ္ထိဝုတ္တ(မိန်းမကြူးသူ) အဖြစ်သို့ကား မရောက်သင့်ပေ။
အဓမ္မရာဂ၊ မိစ္ဆာဓမ္မဖြစ်အောင် လိုက်စားကြမည်ဆိုပါက လင်ငယ်၊ မယားငယ်ကိစ္စတွေနှင့် ဗရုတ်သုတ်ခလုပ်နေကြမည်ဆိုပါက သံသရာမှထွက်ဖို့ဝေးစွ၊ သံသရာအောက်ဖျားမှာ ရှည်လျားစွာ ဒုက္ခပင်လယ်ဝေရပေလိမ့်မည်ဟု တွေးရှုဆင်ခြင်လျက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အကျော်ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယ)(ဂန္ထဝါစကပဏ္ဍိတ)ထံ သွားရောက်ဖူးမြော်လျက် ကာမဖောက်ပြန်လေ့ရှိသော အိမ်ထောင်ရှင်မိန်းမများအကြောင်း အထူးတလည်မေးမြန်း လျှောက်ထားခဲ့ပါသည်။
မေး – ဒု-သ-န-သောဆိုတာ ယောင်္ကျားလေးတွေနဲ့ပဲ သက်ဆိုင်တာလား။ အမျိုးသမီး(မိန်းမသား) တွေနဲ့ မဆိုင်ဘူးလားဘုရား။
ဖြေ – တကယ်တော့ ဒု-သ-န-သော ဆိုတာငရဲသို့ကျရောက်နေတဲ့ သူဌေးသားလေးဦးရဲ့အသံပါ။ မြန်မာလိုက “ကြောက်လှပါပြီ၊ နောင်တွင် ဒုစရိုက်မှုကို မပြုတော့ပါဘူး”စသဖြင့် ကြောက်လန့်သံ၊ နောင်တသံတွေပါ။ သူတို့ကတော့ ပရဒါရ၊ ကာမေသု မိစ္ဆာစာရကံတွေကျူးလွန်၍ လောဟကုမ္ဘီငရဲသို့ ကျရောက်နေသူတွေ ဖြစ်ကြပါတယ်။ ယောင်္ကျားမိန်းမ မည်သူမဆို ကျူးလွန် ပါက အပါယ်ငရဲသို့ ကျရောက်ပါလိမ့်မယ် ဒကာထိပ်တင်။
မေး – အခုခေတ်မှာ အမျိုးသမီးတွေ၊ လင်ရှိမိန်းမတွေ.ကာမေသုမိစ္ဆာစာရကံ ကျူးလွန်နေကြတာ မြင်တွေ့နေရပါတယ်ဘုရား။ တည်းခိုခန်းတွေမှာ ကာမအရာဖောက်ပြန်နေကြတာ မြင်တွေ့နေရတော့ … အမျိုးသမီးတွေ အပါယ်ကျရောက်ပုံတွေကို မြတ်ဗုဒ္ဓဟောကြားချက်ကို သိလိုပါတယ်ဘုရား။
ဖြေ – ကာမကျူးလွန်မှုဟာ ငါးပါးသီလမှာပါဝင်တဲ့လူသားတိုင်း လိုက်နာကျင့်သုံးရမယ့် သိက္ခာပုဒ်တစ်ခုပါ။ ကျား၊ မ၊ ကလေး၊ လူကြီးအားလုံး ခါးဝတ်ပမာစောင့်ထိန်းရမယ့် ကျင့်ဝတ်ပါ။ ကာမလွန်ကျူးမှုဟာ ဒုစရိုက် ၁၀ ပါး မှာ ကာယဒုစရိုက် အကြမ်းတမ်းဆုံးမှာပါဝင်တဲ့အတွက် “ဥတ္တမဘဏ္ဍာထေနက” လို့ ပညာရှိများက ဆိုကြတယ်။ ဒီတော့ ကာမေသုမိစ္ဆာစာရ အင်္ဂါတွေကိုလည်း သိထားဖို့လို ပါတယ်။ အင်္ဂါ လေးပါးရှိတယ်။
(၁) မသွားလာအပ်သောဝတ္ထု၊ (၂) လွန်ကျူးလိုသောစိတ်၊ (၃) လုံ့လအားထုတ်မှုနဲ့ (၄) ကျူးလွန်မှုကို သာယာလက်ခံခြင်းတို့ဖြစ်တယ်။
သဒ္ဓါတရားကမွဲ၊ ကိုယ့်ကျင့်သီလက နည်းပြီး ဉာဏ်မွဲကာ တလွဲယူသူတချို့က ဆိုကြပါသေးတယ်။ အကြင်ဇနီး၊ ခင်ပွန်းတို့သည် ယတြာသဘောနဲ့ ခေတ္တကွာရှင်းထားလျှင်၊ အရပ်တစ်ပါးသို့ တစ်ဦးက ရောက်နေလျှင်၊ နှစ်ဦးသဘောတူလျှင် အပြစ်မရှိဟု ဓမ္မဉာဏ်တစ်ထွာတစ်ညှိုးလောက်နှင့် ဖောက်ပြန်၍ပြောတတ်ကြပါတယ်။
တချို့ယုတ်မာတဲ့ မိစ္ဆာများကလည်း ခေတ်ပေါ်အကာအကွယ်များကို အသုံးပြုလျှင်သော်လည်းကောင်း၊ တိရစ္ဆာန်အထီးအမများနှင့်သော်လည်းကောင်း၊ ကျားမချင်းသော်လည်းကောင်း သွားလာပါက အပြစ်မရှိလို့ ယူဆပြောဆိုကြပြန်သည်။ သိက္ခာပုဒ်အင်္ဂါ လေးပါးကိုကြည့်ရုံမျှနှင့် အပြစ်ရှိ၊ မရှိ သိနိုင်ပါတယ်။
တိရစ္ဆာန်ဆိုလို့ ပြောရဦးမယ် … ဒကာထိပ်တင်။ (အမိန့်ရှိပါဘုရား)။
မြတ်ဗုဒ္ဓလက်ထက်တော်က ကောသလဘုရင်ကြီးရဲ့မိဖုရားကို ဗုဒ္ဓဘာသာဝင်တိုင်းကြားဖူးနားဝ ရှိကြပါတယ်။ ရတနာသုံးပါးကို လွန်စွာကြည်ညိုကိုင်းရှိုင်းပြီး အလှူရေစက်လက်နဲ့မကွာတဲ့ တကယ့်သူတော်စင်မလေးပါ။ တစ်နေ့မှာ သူ့ရဲ့အချစ်တော်သုနခကြီးက (ခွေးကြီးက) ရေချိုးဖို့ပြင်နေတဲ့ မလ္လိကာမလေးကို မလျော်အမှုကို ပြုပါတယ်။ မလ္လိကာကလည်း သာယာမိပါသတဲ့။
ကောသလဘုရင် မြင်တဲ့အခါ မကျူးလွန်ပါကြောင်း လိမ်ညာခြင်း၊ ခွေးကြီးနဲ့ မလျော်ပြုခြင်းတို့ကြောင့် သူသေလွန်တဲ့အခါ “အဝီစိငရဲ”သို့ခုနစ်ရက်တိတိ ကျရောက် ခံစားရပါတယ်။ သတိတစ်ချက် မေ့လျော့၍ ခံစားရတဲ့ အကုသိုလ်ကံပေါ့။
ဒါဓမ္မပဒအဋ္ဌကထာမှာ ဖော်ပြထားတယ်။ ဒါကိုကြည့်ပြီး မိနစ်ပိုင်းခန့် မေ့လျော့မှုကြောင့် ပေးဆပ်ကြရတဲ့ အကြွေးက ဝန်လေးစရာကြီးပါ။ “ဥတ္တမဘဏ္ဍာ”ကို အလွဲသုံးမှုပါပဲ။
မေး – အလားတူ ရှိပါသေးသလားဘုရား။
ဖြေ – အလားတူပါပဲ၊ အမျိုးကောင်းသမီးတစ်ဦးဟာ ခိုးထုပ်ခိုးထည်နဲ့မိပါလျက် သူ့ခင်ပွန်းအား “ဤကာမဖောက်ပြားမှုကိုမပြုပါ။ ပြုရိုးမှန်က ခွေးစားခံရပြီး သေရပါလို၏”လို့ လိမ်ညာပြီးကျိန်စာဆိုပါသတဲ့။ သူသေတဲ့အခါ ဟိမဝန္တာတောမှာ ခွေးနက်ကြီးတွေကဝိုင်းဝန်း ကိုက်ခဲစားသောက်ခြင်းကို ခံနေရပါသတဲ့။ (ဒီ၊ ဋ္ဌ၊ ၃၊ ၁၇၈)
မေး – အလားတူဖြစ်ရပ်မျိုး ထပ်မံသိချင်ပါသေးတယ်ဘုရား။
ဖြေ – အလားတူသံကိစ္စဇာတကမှာ “သီလမရှိကုန်သော၊ လင်အပေါ်မှာ သစ္စာမဲ့သော၊ ကာမေသုမိစ္ဆာစာရ ကျူးလွန်ကုန်သောမိန်းမတို့သည် ရှည်စွာသော နေ့ညဉ့်တို့ပတ်လုံး၊ ယူဇနာ ၆၀ အထုရှိသော၊ ကျိုက်ကျိုက်ဆူ၍ ကြေးနီရည်ပြည့်သော လောဟကုမ္ဘီငရဲသို့ကျ၍ တစ်ကမ္ဘာလုံးတိုင် ငရဲထိန်းတို့က ပစ်၍ချကုန်၏ လို့သံကိစ္စဇာတကမှာ ဖော်ပြထားတယ်။ နေမိဇာတကမှာလည်း “မိမိလင်မှလွဲ၍ တခြားသောယောင်္ကျားတို့နှင့် ကာမအရာမှောက်မှားကျူးလွန်သည့် သစ္စာမဲ့သော မိန်းမတို့ကို ရဲရဲပြောင်ပြောင် တောက်လောင်၍ နေသည့် သံမြေတွင် ရဲရဲနီသော မီးလျှံရှိသည့်သံတောင်တို့ကကြိတ်ချေကြလေ၏”လို့ ပြဆိုထားတယ်ဒကာတော်။
မေး – လင်ငယ်နေတဲ့ အမျိုးသမီးတွေအတွက် တမလွန်ဘဝခံရမယ့်အပြစ်တွေကိုတော့ သိရပါပြီဘုရား။ မျက်မှောက်ဘဝမှာရော ခံရမယ့် အပြစ်တွေကို ရှင်းပြပါဦးဘုရား။
ဖြေ – မျက်မှောက်ဘဝ လက်တွေ့ခံရမယ့်အပြစ်တွေကတော့ “မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ ရူပဣန္ဒြေ၊ ယွင်းလေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း”လို့ မဟာဝိသုဒ္ဓါဆရာတော်ကြီးက ခုဒ္ဒက အဋ္ဌကတာမှ ထုတ်နုတ်ပြီး လင်္ကာသွားဖြင့် ကာမမိစ္ဆာလွန်ကျူးသူ ကျား၊ မ မဟူခံစားရမည့်အပြစ်တွေကို ရေးသားဆုံးမခဲ့ပါတယ်။
မေး – မန်လည်ဆရာတော်က မေးပြီး၊ မင်းကွန်းတောရဆရာတော်ဖြေဆိုတဲ့ “သတပဒိက၊ ပုစ္ဆာနှင့် ဝိသဇ္ဇနာကျမ်း”မှာ အမေးသုံးခု၊ အဖြေသုံးခုကို တပည့်တော်သိလိုပါတယ်ဘုရား။
ဖြေ – ပထမအမေးက “ကိုယ့်ဥစ္စာမှန်သားနှင့် သူများသာ စိုးဆိုင်၊ ကိုယ်မပိုင်ပါရ။ ဖြစ်ရတဲ့ အင်၊ ဘယ်မျိုးဘယ်နွယ်ဝင်နှင့် ဘယ်တိုင်းခွင် ပြည်သူလေ့ပေသိ၊ ဘုန်းတွေ့ပါစ”လို့မန်လည် ဆရာတော်ကမေးတော့ မင်းကွန်းတောရဆရာတော်က “ကိုယ့်ဥစ္စာမှန်သားနှင့် သူများသာစိုးဆိုင်၊ ကိုယ်မပိုင်ပါခဲ့။ အိမ်ကြီးရှင်၊ လူမျိုးလူနွယ်ဝင်ပ၊ ဇမ္ဗူခွင်ပြည်သူလေ့ကို၊ ဘုန်းတွေ့ပါရဲ့”လို့ လင်္ကာသီကုံးဖြေကြားတော်မူတယ်။
ဒုတိယအမေးက “ကိုယ့်ဟာကို ကိုယ်ပေးလျက်၊ လေးပါယ်ဝကျသူ၊ ဘယ်သူတို့လေသိ။ ဆန်းတစ်ဖြာ၊ တစ်ခန်းငယ် တစ်ပုံသာပ၊ ကျမ်းအလာသည်တစ်ဦး၊ ထူးလှပါဘိ”လို့ မန်လည်ဆရာတော်က လင်္ကာသီကုံးမေးတော့ မင်းကွန်းတောရဆရာ တော်က “ကိုယ့်ဟာကို ကိုယ်ပေးလျက်၊ လေးပါယ်ဝကျသူ၊ ဤသူတို့ပင်ပဲ။ ဆန်းတစ်ဖြာ၊ တစ်ခန်းငယ် တစ်ပုံသာပ၊ ကျမ်းဂန်လာ အိမ်ရှင်မတို့မှာ၊ ထူးနိုင်မျှနဲ”လို့ ဖြေကြားတော်မူတယ်။
တတိယအမေးက “ကိုယ့်ဟာကို ကိုယ်ခိုးလို့၊ အကျိုးမဲ့ပါယ်ဝင်၊ အကယ်ပင်မလွဲ။ သည်အရာ၊ ဘယ်ပုဂ္ဂိုလ်ဘယ်စေတနာနှင့် “ကိုယ့်ဟာကို တိတ်တိတ်ခိုးသာမို့၊ စိုးရသလဲ”ဆိုတော့ အဖြေလင်္ကာက “ကိုယ့်ဟာကိုကိုယ်ခိုးလို့၊ အကျိုးမဲ့ပါယ်ဝင်၊ အကယ်ပင်မလွဲ။ သည်နည်းတွင် သည်အိမ်ရှင်ဟို စေတနာနှင့် ကိုယ့်ဟာကို တိတ်တိတ်ခိုးတာမို့ ဆိုးရစမြဲ”တဲ့ ဒကာထိပ်တင်ရဲ့။
(မှန်ပါဘုရား)
မေး – လင်္ကာကို ပိုရှင်းသွားအောင် လိုရင်းလေးသိပါရစေဘုရား။
ဖြေ – ပထမအဖြေရဲ့ဆိုလိုရင်းက ဇမ္ဗူဒီပါတောင်ကျွန်းသူ အိမ်ရှင်မိန်းမတို့သည် ကိုယ့်ဖဿ ကိုယ်မပိုင်ကြဘူးလို့ဆိုလိုတယ်။
ဒုတိယအဖြေမှာ ဇမ္ဗူဒီပါတောင်ကျွန်းသူတို့က “ကိုယ့်ဖဿ”ကို ကိုယ့်လင်မှတစ်ပါး အခြားသူကို ပေးရင်အပါယ်ကျတယ်လို့ ဆိုလိုတယ်။
တတိယအဖြေမှာ ကိုယ်မပိုင်တာကို အခြားသူအားပေးလျှင် ခိုးတာပဲ။ အဲဒါကြောင့် မိန်းမကောင်း၊ မိန်းမမြတ်တို့သည် ကိုယ့်အကျိုး၊ ကိုယ့်အမျိုး၊ ကိုယ့်တိုင်းပြည် ဂုဏ်ဆောင်ပြီး ဟီရိဩတ္တပ္ပလောကပါလတရားစောင့်ကာ ဒု-သ-န-သော အမျိုးသမီးဘဝမှ ကင်းဝေးပြီး အနာဂတ်သာသနာပြု ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်နိုင်ကြပါစေလို့။
သတ္တဝါမှန် သမျှ၊ တရားရ၊ အေးမြချမ်းသာကြပါစေ။
သာဓု သာဓု သာဓု။