source: https://dhammagirimm.blogspot.com/2009/09/blog-post_9543.html
လေးသင်္ချေ ကို ဘယ်လိုတွက်မလဲ
၁ ။ ဒီပင်္ကရာဘုရားရှင် နှင့် ကောဏ္ဍည ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ။
၂ ။ ကောဏ္ဍည ဘုရားရှင် နှင့် မင်္ဂလ ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ။
၃ ။ သောဘိတ ဘုရားရှင် နှင့် အနောမဒဿီ ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ တစ်သင်္ချေ။
၄ ။ နာရဒ ဘုရားရှင် နှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ။
၅ ။ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူပြီးနောက် ကမ္ဘာပေါင်း တစ်သိန်း။
( က ) ဘုန်းဘုန်းတို့ ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ပါရမီ ဖြည့်တော်မူစဉ် ဘဝတစ်လျောက် ပညာကိုသာ အဓိကထား ရှေးရှုဖြည့်တော်မူခဲ့လို့ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်းပဲ ကြာမြင့် ခဲ့တာပါ။
( ခ ) ဝီရိယ ကို အဓိကထား ပါရမီ ဖြည့်တော်မူမည် ဆိုရင်တော့ ရှစ်သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မဆုတ်မနစ်သော ဝီရိယဖြင့် အနှောက်အယှက်အခက်အခဲ တွေကို ဖြတ်ကျော်ပြီး ဖြည့်ကျင့်မှ ဘုရားဖြစ်နိုင်တာပါ။
( ဂ ) သဒ္ဓါ တရားကို အဓိကထား ပါရမီ ဖြည့်တော်မူမည် ဆိုရင်တော့ ဆတိုးတက် တစ်ဆယ့်ခြောက် သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး သဒ္ဓါတရားကို လက်ကိုင်ထားပြီး စိတ်ပျက်အားငယ်မှု့ဆိုတာ မရှိဘဲ ဖြည့်ကျင့်မှ ဘုရားဖြစ်နိုင်တာပါ။
တစ်ဆူ သာရ၊ နှစ် မဏ္ဍ ၊ ဝရ သုံးဆူ သာ၊
သာရမဏ္ဍ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ၊
တစ်ဆူသော်မှ မပွင့်က၊ သုည ကပ်ကမ္ဘာ။
ဆိုပြီးတော့ ရှေးရှေး ဆရာတို့က လင်္ကာ စပ်ဆိုထားခဲ့ကြပါတယ်။ အဓိပ္ပာယ်က -- သာရ ကမ္ဘာ မှာ ဘုရားတစ်ဆူသာ ပွင့်တော်မူပြီး ကမ္ဘာပျက်သွားမှာ ဖြစ်ပါတယ်။
နောက် အဲဒီအတိုင်း မဏ္ဍ ကမ္ဘာမှာ နှစ်ဆူ၊ ဝရ ကမ္ဘာမှာ သုံးဆူ၊ သာရမဏ္ဍ ကမ္ဘာမှာ လေးဆူ၊ ပွင့်တော်မူပြီး ယခုရောက်ဆဲ ဘဒ္ဒကမ္ဘာမှာတော့ ငါးဆူ ပွင့်တော်မူတာပါ။
ဒီကမ္ဘာပျက်သွားရင်တော့ ဘုရားတစ်ဆူမှ မပွင့်တဲ့ သုညကမ္ဘာ ဖြစ်ဦးမှာပါ၊ သုညကမ္ဘာ ပျက်ပြီးရင် သာရကမ္ဘာ ကနေ ပြန်လည်စတင်လိမ့်မယ်လို့ မှတ်သားထားရပါမယ်၊
အဲဒီ သုညကမ္ဘာထဲမှာများ ဖြစ်ရရင်တော့ မတွေးဝံ့စရာ ပါပဲ။ ဒါကြောင့်ယခု လူ့ဘဝကိုရောက်တုန်း အခိုက်အတန့်လေးမှာ သတိတရားလက်ကိုင်ထားပြီး ကောင်းကောင်းနေနိုင်မှ တော်ကာ ကျပါမယ်။
ဘုန်းဘုန်းအပါအဝင် ဒကာကျော် တို့အတွက် ယခု ဘဝဟာ ကံအကောင်းဆုံး လူသားတွေလို့ တောင် ပြောလို့ ရနိုင်ပါတယ်။ ဒကာကျော်လဲ သံသရာ ရဲ့ ရှည်ကြာမှုကို သတိသံဝေဂ ယူပြီး ဘဝရဲ့ ငြိမ်းအေးမှုဆီကို အရောက်လှမ်းနိုင်ပါစေ။
( စရိယာပိဋက အဌကထာ )