၁။ ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
(ပထမအကြိမ်ဦးချ)
၂။ ဓမ္မံ ပူဇေမိ
ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
(ဒုတိယအကြိမ်ဦးချ)
၃။ သံဃံ ပူဇေမိ
သံဃံ - သံဃာတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
(တတိယအကြိမ်ဦးချ)
ခြေ,လက်,နဖူး၊ တံတောင်,ဒူး၊ ငါးဦး မြေထိပါ။
လက်ချ,ဒူးချ၊ တံတောင်ချ၊ နဖူးချကာ ဦးချပါ။
နိဒါန်း
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို နတ်လူအများ ကြံစည်ပေ။
ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု သေချာဇာစ်မြစ်မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့ မင်္ဂလာအခင်းမပြီးပေ။
မင်္ဂလာတရား ဝါဒများ ကွဲပြားနတ်လူတွေ။
အဲဒါကြောင့် ကြံကြစည်ကြ ကမ္ဘာ့မင်္ဂလာတွေ။
သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းဝယ် ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ။
သန်းခေါင်ယံခါ မထင်ရှားသည့် နတ်သားတစ်ယောက် ချဉ်းကပ်ပေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောကို ထင်ရှားဟောဖို့ လျှောက်ပန်ခြွေ။
အသေဝနာ'တရား အစထား ဟောကြားမိန့်ခဲ့ပေ။
အဲဒါကြောင့် နာရကြားရ ကမ္ဘာ့မင်္ဂလာတွေ။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကိုယ် ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကိုကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး၊ သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေဝေ။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရောကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလပန်းခိုင်တွေ။
− ဒဂုံ ဦးထွန်းမြင့်
၃၈ − ဖြာ မင်္ဂလာ ကမ္ဘာလွှမ်းအောင် တည်စေသော်*
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတို့၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနှင့်လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
သုံးဆယ့်ရှစ်ပါး၊ မင်္ဂလာတရား၊ ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ၊ ကမ္ဘာက သိပါစေ။
− ဆရာကြီး ဦးမြသောင်း (သာကီနွယ်)
၁။ အနန္တငါးပါး ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာမိဘ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။
၃။ မိဦး ဖဦး ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၄။ ကိုယ့်ထက်ကြီးသူ ပြောဆိုမူ၊ နင်ငါဟူ၍မပြောနဲ့။
၅။ သူများကိုသာ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ ယဉ်ကျေးအောင်သွား ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့။
၇။ ပရမ်းပတာ သူ့ထက်ငါ လုယက်ကာကွဲ့ မစားနဲ့။ *(မပြောနဲ့)
၈။ ထမင်းစားရာ အစားစာ၊ များစွာစကား မပြောနဲ့။
၉။ ငြိမ်သက်သားနား သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၁၀။ စားပြီးသောခါ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။
၁၁။ လက်ကိုလျက်ကာ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၂။ နှုတ်ခမ်းပါးနား လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၃။ လျှာကိုထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၄။ ဟင်းရည်သောက်ပြန် ရှူးရှူးသံ၊ ဧကန် မပြုနဲ့။
၁၅။ ထမင်း ဟင်းပေလျက် သောက်ရေခွက်၊ လက်နဲ့ မကိုင်နဲ့။
၁၆။ အိမ်ပေါ်ကျောင်းပေါ် ဇရပ်ပေါ် ၊ သွားသော်ခြေနင်းမပြင်းနဲ့။
၁၇။ ရဟန်းသံဃာ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
၁၈။ လူကြီးသူမ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
၁၉။ ဒူးထောင်ပေါင်ကား ဆရာ့နား (မိဘနား) အလျားမှောက်၍ မနေနဲ့။
၂၀။ အိပ်ယာနေရာ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။
၂၁။ သောက်ရေ သုံးရေ မရှိချေ ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။
၂၂။ ကျောင်းတွင်းအိမ်တွင်း ရှုပ်နေလျင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့။
၂၃။ မိန်းကလေးမှာ အရာရာ၊ ပျာယီးပျာယာ မလျှပ်နဲ့။
၂၄။ မိန်းမ, မင်း, ဆင် ရဟန်းပင်၊ ဣန္ဒြေရှင်တဲ့ လေးဦးတဲ့။
၂၅။ မိန်းမဣန္ဒြေ၊ သိရ်သရေ စိန်ကုဋေတန်သကွဲ့ မှတ်လေတဲ့။
၂၆။ ကျောင်းပစ္စည်းကို မယူလို၊ မြွေဆိပ်လိုကွဲ့ ကြောက်ပါတဲ့။
၂၇။ အများပိုင်ကို ကိုယ့်ဟာလို ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။
၂၈။ ဝေယျာဝေစ္စာ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့ မခိုနဲ့။
၂၉။ ဧည့်သည်အာဂန္တူ ရောက်လာမူု၊ ဆူ၍ညံကာ မနေနဲ့။
၃၀။ လူရှုပ်လူပွေ လူယုတ်တွေ၊ ရှောင်ရှားလေကွဲ့ ၊ ဝေးဝေးတဲ့။
၃၁။ ဘိန်းအရက်ကို မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။
၃၂။ ကုန်းချောကြမ်းကြုတ် အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
၃၃။ ဘုရားပုထိုး ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
၃၄။ မိခင် ဖခင် ဆရာရှင်၊ နေစဉ်မမေ့နဲ့ ရှိခိုးကွဲ့။
၃၅။ ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ပြန်ဆပ်ကွဲ့။
- သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။
- မိဘကျင့်ဝတ် ငါးပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
- တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကြွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။
- ဆရာကျင့်ဝတ် ငါးပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။
- လင်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။
- မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။
- ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။
- အလုပ်ရှင်ကျင့်ဝတ် ငါးပါး
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ်ငါးခုသာ။
- အလုပ်သမားကျင့်ဝတ် ငါးပါး
အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်လုပ်သားဝတ်။
- ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေဒါယကာ။
- ရဟန်းကျင့်ဝတ် (၆) ပါး
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။
- နာယကကျင့်ဝတ် (၆) ပါး
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ကျင့်ရာ တရားတည်း။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝ မြတ်ဆရာ။ ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေ ရှည်မြင့်ကြာ။ ဤသည်ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နတ်ရွာ။