မျက်စိမှိတ်ကာ နဖူးပြင်ထက်မှာ၊
လက်အုပ် ကြာငုံတင်ထားကွယ်။
စိတ်က ဂုဏ်တော်ပေါ်ထင်ရှားအောင်၊
ထပ်ပြန်မနားတွေးလို့ရယ်။
ဒူး,တံတောင်မှာ နှစ်ဖြာဖွဲ့လို့၊
နဖူးပါထည့် ငါးမျိုးခြယ်၊
ကြမ်းမှာ ဖျာမှာ သေချာထိအောင်၊
သမာဓိနဲ့ ရှိခိုးကွယ်။
မကောင်းပျောက်ကွယ် နိဗ္ဗာန်ရအောင်၊
ကောင်းတာမှန်သမျှ ပြည့်စုံမယ်။
အဲဒါကြောင့် သူတော်အားလုံး နည်းမှန်သုံး၊
ရွှင်ပြုံးကြစေဘွယ်။
--လှိုင်မဟာစည်
ဘုရားရှင်တော် မပွင့်ပေါ်လျှင်၊
လူတော်အများ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ မသိရ များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်၊
ဤကား ကုသိုလ် အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ သိကြရ၊
များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို၊
ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့၊
အမြတ်ရတနာ သာသနာ၏၊
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း၊
ကြိုးပမ်းကြပါလေ။
တောင်မြို့ဆရာတော် − အရှင်ဇနကာဘိဝံသ
သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။
−အရှင်ဇနကာဘိဝံသ
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ− သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ စွဲ၍တည်မည်
ကိုယ်စီခတ်နှိပ်စေသတည်း...။
−အရှင်ဇနကာဘိဝံသ
သားသားမီးမီး အိပ်ရာဝင်၊
သွားကိုတိုက်နေ့စဉ်။
စင်ကြယ်သန့်ရှင်း ရောဂါကင်း၊
ကျန်းမာရေး တောင့်တင်း။
ရင်တွင်းမြတ်နိုး ကြည်နူးစွာ၊
ဘုရားရှိခိုးပါ။
မာတာပိတ မိနှင့်ဖ၊
ရိုသေကန်တော့ကြ။
သိပ္ပ ဝိဇ္ဇာ သင်ဆရာ၊
မှန်းဆကန်တော့ပါ။
ငါးဖြာအနန္တ ဦးတင်သ၊
အိပ်ရာဝင်တိုင်းပ။
ဘဝတစ်ခွင် အလှဆင်၊
ကျင့်ဝတ်မပျက်စေချင်။
ပညာကျန်းမာ နေ့စဉ်တိုး၊
သားသားမီမီး ဘဝတန်ဖိုး။
(မြေလတ်−မင်းလွင်)
ဘုရားရှိခိုး အိပ်ရာဝင်၊
ညစဉ် ညတိုင်းပင်။
မထွေးခင် လိမ္မာလှ၊
ရွတ်ဆို ဩကာသ။
ကုသိုလ်အမျှ မေတ္တာဝေ၊
အများ သတ္တာတွေ။
ဘေးဘယာတွေ ကင်းစေကြောင်း၊
မာစေ,သာစေကြောင်း။
ကောင်းသောအကျင့် စွဲမြဲစွာ၊
မပျက်ကွက်ခဲ့ပါ။
ကြေးစည်သံသာ ကြားသူများ၊
သာဓု ခေါ်စေသား။ ။
လူမွန် (ပခုက္ကူ)
ညီထွေးလေး ချစ်စရာ၊
ယဉ်ကျေးပါလို့ လွန်လိမ္မာ။
ရိုသေစွာသာ ခေါင်းကိုငုံ့၊
လူကြီးရှေ့ဆို ခပ်ကျုံ့ကျုံ့။
မိဘဆရာ ဆွေသဟာ၊
ဆုံးမပါက နာယူကာ၊
ခွန်းတုံ့ပြန်သာ သူမငြင်း၊
မှတ်သားနာယူ နှလုံးသွင်း။
လူကြီးသူမ တွေ့တဲ့ခါ၊
ဆီးကြိုသမှု သူပြုကာ၊
မင်္ဂလာပါ နှုတ်ခွန်းဆက်၊
ယဉ်ကျေးမှု မပျက်။
ညီထွေးလေးကို တုယူပါ
ရွှေသွေးတို့လည်း လိမ္မာရာ
ကိုယ်နှုတ်မူရာ ယဉ်ကျေးကြောင်း
ကြိုးစားကြဖို့ကောင်း။ ။
ကဗျာဆရာ ဉာဏ်ရွှင်စိုး
မိမိကိုယ်ကိုယ် ကောင်းအောင်ပြင်၊
စာရိတ္တရဲ့ အစပင်။
ရှောင်ကြဉ်ပါကွယ် မကောင်းမှု၊
အရှက်,အကြောက် လုံအောင်ပြု။
ယဉ်ကျေးမှုကို မြတ်နိုးပါ၊
မြန်မာ့ရိုးရာ စဉ်အလာ။
ဘာသာတရား မမေ့ငြား၊
ဗုဒ္ဓဂုဏ်တော် ရွတ်ဆိုပွား။
ဘေးအန္တရယ် ကင်းစေသား။
မင်းနီခိုင်(မောင်းတော)
ကျောင်းပိတ်ရက်ဝယ် အိမ်မှာနားတော့၊
ဆော့ကစားလို့ မနေသင့်တယ်။
နိုင်တဲ့ဝန်ကို ပါဝင်ထမ်းလို့၊
တတ်စွမ်းသမျှ ကူကြကွယ်။
ကိုယ့်အိမ်ကိုယ့်ယာ သန့်သန့်ရှင်းနဲ့၊
အမှိုက်လှည်းကျင်း နေရမယ်။
အားလပ်ချိန်မှာ စာကိုဖက်တော့၊
မှတ်စုမှတ်ရာ သုတကြွယ်။
စည်းကမ်းရိုသေ ယဉ်ယဉ်ကျေးနဲ့၊
လိမ္မာရေးခြား တို့လူငယ်။
နောင်တစ်ခေတ်မှာ ခေါင်းဆောင်ဖြစ်တော့၊
စည်းစနစ်က အခြေခံတယ်၊
ကြိုးစားကွယ် တိုးပွားမယ်။