မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး၌ ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်ကြီးအတွင်းဝယ် ကိုးကွယ်ရာ ဘာသာအယူဝါဒ အမှားအမှန် ဝေဖန်ရွေးချယ်နိုင်ရန် သုဘဒ္ဒပရိဗိုဇ်အား အောက်ပါသဘောတရားကို ဟောကြားတော်မူခဲ့၏။
၁။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာအယူဝါဒသည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေသာငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲကို ငြိမ်းစေမှသာ မှန်ကန်သော ဘာသာအယူဝါဒ၊ မှန်ကန်သော ကိုးကွယ်ရာဖြစ်၏။
၂။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာအယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြောင့် ဆင်းရဲကို မငြိမ်းစေနိုင်သဖြင့် မှန်ကန်သော ဘာသာအယူဝါဒမဟုတ်၊ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။
ထို့ကြောင့် မဂ္ဂင်ရှစ်ပါးသည် အားထားကိုးကွယ်ရာ သရဏ ဓမ္မ မည်သည်။ ယနေ့ခေတ်၏ ဘာသာအယူဝါဒ မှန် မမှန် ဝေဖန်ရန် ဘာသာရေးစံ၊ သာသနာရေး မှတ်ကျောက်အဖြစ်လည်း မှတ်ယူနိုင်ပေသည်။
လင်္ကာ − ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌ဝင်၊ ကျင့်စဉ် မှန်လှသည်။ ကျင့်စဉ်မှန်မှ၊ ယူဝါဒ၊ ဒုက္ခ ငြိမ်းစေသည်။ ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချ စစ်မှန်သည်။