ဂေါတမဘုရား အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနား ကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော များစွာသောဘဝတို့၌ -
(၁) ရွှေ, ငွေ, ဆင်, မြင်း အစရှိသည်ကို လှူခြင်း - ဒါနပါရမီ
(၂) ခြေ , လက် , နား , နှာခေါင်း အစရှိသည်ကို လှူခြင်း - ဒါနဥပါရမီ
(၃) ကိုယ့်အသက်ကို လှူခြင်း -ဒါနပရမတ္တပါရမီ
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
ထို့ပြင် အလွန်စွန့်နိုင်ခဲစွာသော -
(၁) ပဒေသရာဇ်, ဧကရာဇ်, စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ
(၂) သားသမီးကို စွန့်ခြင်း - ပုတ္တပရိစ္စာဂ။
(၃) မယားကိုစွန့်ခြင်း - ဘရိယပရိစ္စာဂ
(၄) ခြေ,လက်, နား, နှာခေါင်းအစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း -အင်္ဂပရိစ္စာဂ
(၅) ကိုယ့်အသက်ကို စွန့်ခြင်း - ဇီဝိတပရိစ္စာဂ
ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
ဤသို့ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သောနတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်နေစဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် "ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ "ဟု ဘုရားအလောင်းကို တောင်းပန် ကြလေသည်။
သို့ဖြစ်ပါ၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
(၁) ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊
(၂) ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊
(၃) ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊
(၄) ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(၅) မာတုအာယု ပရိစ္ဆေဒ -ဘုရားအလောင်း မယ်တော်၏ သက်တမ်း အပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေတည်နေလေသည်။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့၌ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။
ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၂၉ နှစ်အရွယ်ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာ အကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာ မည်သော သူဋ္ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
သောတ္တိယငစင် မြက်ထမ်းသမား (မြက်ရိတ်လုလင်) သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။ ဘုရားအလောင်းတော်သည် သောတ္တိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယာမ်၌ ရှေးဘဝတို့၌ နေခဲ့(ဖြစ်ခဲ့) ဖူးသော ခန္ဓာအစဉ် (ဘဝအစဉ်)ကို အောက်မေ့တတ် သိတတ်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော (နတ်တို့၏ မျက်စိထက်ထူးသော) ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တဝါစသည်တို့ကို (ဤဘဝမှ သေသောသတ္တဝါသည် ထိုဘဝသို့ရောက်၏ စသည်ဖြင့် သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း, စုတေခြင်း စသည်တို့ကို) မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။ မိုးသောက်ယာမ်၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသဝက္ခယဉာဏ်ကို ရတော်မူ၍၊ သက်တော် (၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု ၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသော တရားဓမ္မတို့ကို ဟောပြတော်မူကာ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။