ဒါနရဲ့အကျိုးကို အသိဆုံးပုဂ္ဂိုလ်ကတော့ ဘုရားရှင်ပါပဲ။
ဘုရားရှင်က ဒီလို မိန့်တော်မူခဲ့ပါတယ်။
"ရဟန်းတို့ လှူဒါန်းဝေဖန်ပေးကမ်းမှုရဲ့ အကျိုးကို ငါဘုရားသိသလိုသာ သတ္တဝါတွေ သိကြမယ်ဆိုရင် သတ္တဝါတွေဟာ ကိုယ်စားရမယ့် အစားအစာထဲက သူတစ်ပါးတွေအား မပေးဘဲ မစားကုန်ရာ၊ (ပေးပြီးမှသာ စားကုန်ရာ၏) အဲဒီသတ္တဝါတွေရဲ့ စိတ်ကို နှမြောမှု အညစ်အကြေးက အနိုင်ယူပြီး မတည်ရှိရာ။ ကိုယ့်အတွက် လောက်ငရုံ ထမင်းထဲက တစ်လုတ်စာကိုသာ ကိုယ့်အတွက် ချန်ထားပြီး ကျန်ထမင်းလုတ်အားလုံးကို လာလာသမျှ အလိုရှိသူတွေအား ပေးလှူတယ်။ အလှူခံတွေရှိခဲ့ရင် ကိုယ့်အတွက် နောက်ဆုံးဖြစ်ခဲ့တဲ့ အဲဒီ ထမင်းလုတ်တစ်လုတ်ထဲကတောင် တစ်စိတ်တစ်ဒေသကို လှူပြီးမှသာ စားကုန်ရာ၏။ မပေးလှူဘဲ မစားကုန်ရာ"
"ရဟန်းတို့၊ လှူဒါန်းဝေဖန်ပေးကမ်းမှုရဲ့ အကျိုးကို ငါဘုရား သိသလို သတ္တဝါတွေ မသိကြတဲ့အတွက် သတ္တဝါတွေဟာ မပေးလှူဘဲ စားနေကြတယ်။ အဲဒီသတ္တဝါတွေရဲ့စိတ်ကို နှမြောမှု အညစ်အကြေးက အနိုင်ယူပြီး တည်ရှိနေတယ်"
− ဣတိဝုတ်၊ ၂၀၇
ဒါနပြုလုပ်ရာ၌ ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ သီလကို မပျက်အောင် ထိန်းသိမ်းရသလို ဒါနကိုလည်း မည်ကဲ့သို့ ထိန်းသိမ်းရမည်၊ ပျက်လျှင် မည်သို့အပြစ်ရှိသည်ဆိုသည်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။
(ဖြေ) ဒါနသည် ဝတ္ထုဒါန၊ စေတနာဒါန ဟူ၍ ရှိရာတွင် ဝတ္ထုဒါနမှာ ပျက်စီးမှုမရှိသော်လည်း “စေတနာဒါန”မှာ ပျက်စီးတတ်ပါသည်။ စေတနာသည် “ပုဗ္ဗစတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ”ဟူ၍ သုံးမျိုးရှိရာတွင် တစ်ခုခုပျက်စီးလျှင် အပြစ်ရှိပုံကို ဖော်ပြလတံ့။ မဃဒေဝလင်္ကာပုဒ်ဖြင့် သိသာပါ၍ အကျယ်မရေးတော့ဘဲထိုလင်္ကာပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ အဓိပ္ပာယ် ရှင်းပြစရာမလိုအောင် ထင်ရှားလှပါသည်။
●ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရုပလက္ခဏာ၊ ပျက်တတ်စွာ၏။
(ပုဗ္ဗစေတနာ ပျက်မှု)
●နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိန်နိမ့်ကျ၊ ဖြစ်တတ်ကြ၏၊ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနိုင်းဆ၊ ထောက်အပ်စွရှင့်။
(အပရစေတနာ ပျက်မှု)
●မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရည် မည်ကိုကား။
( မုဉ္စစေတနာ ပျက်မှု)
-ဆရာတော်ရဝေထွန်း
မိမိဥစ္စာ၊ နှစ်သက်စွာကို၊ သဒ္ဓါကြည်ဖြူ၊ ပေးအံ့လှူ၍၊ လှူမည် ဝမ်းထဲ၊ ကြံမရဲရှင့်၊ ကြံခဲစွာဘိ၊ ကြံသည်ရှိလည်း၊ မငြိမနား၊ မန္တန်အားဖြင့်၊ အသွားမတုံး၊ ထိလျှင်ဆုံးမျှ၊ သုံးဆယ့်သုံးတန်၊ လက်သစ်ပြန်သည်၊ သန်လျက်ဓားကို၊ ထင်ရှားပြက်ပြက်၊ မျိုသောထက်လျှင်၊ နှုတ်ထွက် ငါသည်၊ ပေးမည်မြွက်ခဲ၊ မြွက်တပဲလျက်၊ ရဲရဲရက်ရက်၊ အပေးခက်ရှင့်၊ ဆက်ဆက်မုချ၊ ပေးပြီးမှလည်း၊ နောင်တမပူ၊ ခဲစွာဟူ၏။
− မဃဒေဝလင်္ကာသစ်