စေတီ အတူ၊ စိတ်မူ တည်ကြည်၊ ရောက်မည် နတ်ရွာ၊ တွေ့ခါ သိလွယ်၊ မြတ်နွယ် အမျိုး၊ ရို့ကျိုး ခံရ၊ ပြည့်ဝ အင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယ,ခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူ ပညာ၊ နက်စွာ,ထက်,ရွှင်၊ လျင်မြန်, ဆန်းကြယ်၊ ကောင်းကြွယ် စကား၊ ဆိုနိုင်ငြားသည်၊ ဘုရားဂုဏ်တော်ပွားကျိုးတည်း။
၁။ စေတီအိမ်နှင့် တူသည်ဖြစ်၍၊ သူတပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း။
၂။ စိတ်တည်ကြည် ရဲရင့်ခြင်း။
၃။ သေခါနီး၌ မတွေမဝေ သေရ၍၊ သေသည်၏ အခြားမဲ့၌ သုဂတိဘဝကိုရခြင်း။
၄။ နောင်ဘုရားရှင်ကို ဖူးမြော်ရသည့်အခါ ဘုရားဟောတရား(သစ္စာလေးပါး) ကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။ အဆင်းကောင်းခြင်း။
၉။ ကိုယ်အနံ့ ကြိုင်သင်းခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးပျံ့ခြင်း။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။
စင်စစ်အားဖြင့် ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်၊ မရေမတွက် နိုင်အောင် များလှ၍၊ ဂုဏ်တော်ကို အောက်မေ့ဆင်ခြင် ပွားများ မှုကြောင့်၊ ရနိုင်သော အကျိုးတရားတို့မှာလည်း၊ မရေမ တွက်နိုင်အောင်များခွင့်ရှိပါသည်။ လက်တွေ့ပွားများ၍၊ လက်တွေ့အကျိုးတရားကို ရယူခံစားသင့်ကြပါသည်။
( ဗုဒ္ဓဘာသာလက်စွဲကျမ်း။ သာသနာရေးဝန်ကြီးဌာန )