၁။ ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
(ပထမအကြိမ်ဦးချ)
၂။ ဓမ္မံ ပူဇေမိ
ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
(ဒုတိယအကြိမ်ဦးချ)
၃။ သံဃံ ပူဇေမိ
သံဃံ - သံဃာတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
(တတိယအကြိမ်ဦးချ)
ခြေ,လက်,နဖူး၊ တံတောင်,ဒူး၊ ငါးဦး မြေထိပါ။
လက်ချ,ဒူးချ၊ တံတောင်ချ၊ နဖူးချကာ ဦးချပါ။
သန္ဓေယူသောနေ့
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင် စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့၊ ကိန်းပါကို။ (မ)
ဖွားမြင်တော်မူသောနေ့
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့၊ လမ်းပါကို။ (သိ)
တောထွက်သောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်၊ ခန်းမှာကို။ (ကြ)
ဘုရားဖြစ်သောနေ့
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့၊ ငြမ်းပါကို။ (လျှင်)
ဓမ္မစကြာဟောသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်၊ ရွမ်းတယ်ကို။ (တွေး)
ပရိနိဗ္ဗာန်စံသောနေ့
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့ နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး၊ ကျော်တယ်ကို။ (ဆ)
တေဇောဓာတ်လောင်သောနေ့
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်၊ ကြွင်းတယ်ကို။ (ဦး)
ထို ခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း − ကြွယ်စေသော်ဝ်။ ။
သန္ဓေ − တောထွက် − ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို။
ဆု − ဖွား − ပွင့် − စံ၊ ဤလေးတန်၊ မှတ်ရန် ကဆုန်လ။
၁။ (က) လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၂။ (က) ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၃။ (က) မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၄။ (က) ဝေးနေ, နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၅။ (က) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၆။ (က) ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၇။ (က) ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၈။ (က) ဆူ, ကျုံ, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ။
အိပ် နိုး ချမ်းသာ၊ ကောင်းစွာ အိပ်မက်၊ ချစ်လျက် လူ နတ်၊ စောင့်လတ် နတ်များ၊ မီး ဆိပ် ဓား တို့၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည် မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာ ပွားမှု အကျိုးတည်း။
(အင်္ဂုတ္ထိုရ်ပါဠိတော် ၁၁၊ ၂ အနုဿတိဝဂ်၊ မေတ္တာသုတ်)
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ခါထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့ တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
အကုသလကမ္မပထတရား(၁၀)ပါး (အကုသိုလ်ကံဆယ်ပါး)
၁။ ပါဏာတိပါတ = သတ္တဝါတို့ကို သေစေလိုသောစေတနာဖြင့် သတ်ဖြတ်မှု။
၂။ အဒိန္နာဒါန = သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူမှု။
၃။ ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာ ကျင့်မှု။
၄။ မုသာဝါဒ = မဟုတ်မမှန် လိမ်လည်၍ ပြောဆိုမှု။
၅။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်သောစကားကို ပြောဆိုမှု။
၆။ ဖရုသဝါစာ = ကြမ်းတမ်းယုတ်မာသောစကားကို ပြောဆိုမှု။
၇။ သမ္ဖပ္ပလာပ = သိမ်ဖျင်းသောစကား အတင်းအဖျင်းစကားကို ပြောဆိုမှု။
၈။ အဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရား ရယူရန် ကြံစည်မှု။
၉။ ဗျာပါဒ = သူတစ်ပါး၏ အသက်နှင့်စည်းစိမ် ပျက်စီးရန် ကြံစည်မှု။
၁၀။ မိစ္ဆာဒိဋ္ဌိ = ကံ နှင့် ကံ၏အကျိုးကို ပယ်၍ လွဲမှားစွာ ယုံကြည်မှု။
ကုသလကမ္မပထတရား(၁၀)ပါး (ကုသိုလ်ကံဆယ်ပါး)
၁။ ပါဏာတိပါတဝိရတိ = သတ္တဝါတို့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မှု။
၂။ အဒိန္နာဒါနဝိရတိ = သူတစ်ပါးပစ္စည်းဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှု။
၃။ ကာမေသုမိစ္ဆာစာရဝိရတိ = ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်မှု။
၄။ မုသာဝါဒဝိရတိ = မမှန်သောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
၅။ ပိသုဏဝါစာဝိရတိ = ကုန်းချောရန်တိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
၆။ ဖရုသဝါစာဝိရတိ = ကြမ်းတမ်းရိုင်းပြသောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
၇။ သမ္ဖပ္ပလာပ = အကျိုးမရှိ သိမ်ဖျင်းသောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
၈။ အနဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားရယူရန် မကြံစည်မှု။
၉။ အဗျာပါဒ = သူတစ်ပါး၏ အသက်နှင့်စည်းစိမ် ပျက်စီးရန် မကြံစည်မှု။
၁၀။ သမ္မာဒိဋ္ဌိ = မှန်ကန်သောအယူကို ယုံကြည်မှု။
ဂေါတမဘုရား အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။
သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနား ကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော များစွာသောဘဝတို့၌ -
(၁) ရွှေ, ငွေ, ဆင်, မြင်း အစရှိသည်ကို လှူခြင်း - ဒါနပါရမီ
(၂) ခြေ , လက် , နား , နှာခေါင်း အစရှိသည်ကို လှူခြင်း - ဒါနဥပါရမီ
(၃) ကိုယ့်အသက်ကို လှူခြင်း -ဒါနပရမတ္တပါရမီ
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
ထို့ပြင် အလွန်စွန့်နိုင်ခဲစွာသော -
(၁) ပဒေသရာဇ်, ဧကရာဇ်, စကြာမင်းတို့၏ စည်းစိမ်ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ
(၂) သားသမီးကို စွန့်ခြင်း - ပုတ္တပရိစ္စာဂ။
(၃) မယားကိုစွန့်ခြင်း - ဘရိယပရိစ္စာဂ
(၄) ခြေ,လက်, နား, နှာခေါင်းအစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း -အင်္ဂပရိစ္စာဂ
(၅) ကိုယ့်အသက်ကို စွန့်ခြင်း - ဇီဝိတပရိစ္စာဂ
ဟုဆိုအပ်သော စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
ဤသို့ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သောနတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်နေစဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် "ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ "ဟု ဘုရားအလောင်းကို တောင်းပန် ကြလေသည်။
သို့ဖြစ်ပါ၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည် -
(၁) ကာလ - ဘုရားဖြစ်ရာ အချိန်ကာလ၊
(၂) ဒီပ - ဘုရားဖြစ်ရာ ကျွန်းအရပ်၊
(၃) ဒေသ - ဘုရားဖြစ်ရာ အရပ်ဒေသ၊
(၄) ကုလ - ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(၅) မာတုအာယု ပရိစ္ဆေဒ -ဘုရားအလောင်း မယ်တော်၏ သက်တမ်း အပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေတည်နေလေသည်။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့၌ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။
ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၂၉ နှစ်အရွယ်ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာ အကျင့်ကို ရဟန်းအဖြစ်နှင့် ၆ နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာ မည်သော သူဋ္ဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံ ဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
သောတ္တိယငစင် မြက်ထမ်းသမား (မြက်ရိတ်လုလင်) သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။ ဘုရားအလောင်းတော်သည် သောတ္တိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယာမ်၌ ရှေးဘဝတို့၌ နေခဲ့(ဖြစ်ခဲ့) ဖူးသော ခန္ဓာအစဉ် (ဘဝအစဉ်)ကို အောက်မေ့တတ် သိတတ်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော (နတ်တို့၏ မျက်စိထက်ထူးသော) ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တဝါစသည်တို့ကို (ဤဘဝမှ သေသောသတ္တဝါသည် ထိုဘဝသို့ရောက်၏ စသည်ဖြင့် သတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း, စုတေခြင်း စသည်တို့ကို) မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။ မိုးသောက်ယာမ်၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသဝက္ခယဉာဏ်ကို ရတော်မူ၍၊ သက်တော် (၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု ၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသော တရားဓမ္မတို့ကို ဟောပြတော်မူကာ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတဘုရားရှင်သည် သက်တော် ၈၀ အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။