ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။
လောကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ ယုံကြည်ရာ သဘာဝတရားအားလျော်စွာ ကိုးကွယ်နေကြတာ အများအပြားရှိတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့ မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း
အလေးအနက် သိရှိဖို့ လိုအပ်တယ်။
လောကမှာ ကိုးကွယ်ဆည်းကပ်မှုတွေ အလွန်များတယ်။မိမိတို့ ယုံကြည်ရာ ဘာသာတရားအားလျော်စွာ ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ
သုံးမျိုးသုံးစား ကိုးကွယ်ကြတဲ့နေရာမှာဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တာ သုံးမျိုးရှိတယ်။
သုံးမျိုးက ဘာလဲလို့ဆိုရင် “ဗြဟ္မာရယ်၊ ဗိဿနိုးရယ်၊ သိဝရယ်” နတ်ဘုရားမျိုးဖြစ်တယ်။
သူတို့ကိုးကွယ်တာလည်း အဓိကအားဖြင့် ဒီသုံးမျိုးပဲ ကိုးကွယ်တာ။ ဒါကြောင့်မို့လို့ ဟိန္ဒူဘာသာကို ယုံကြည် ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေဟာ သူတို့ရဲ့သင်္ကေတ အမှတ်အသားက “ဥုံ” ဆိုတဲ့ စာလုံးလေး ဖြစ်တယ်။
အိန္ဒိယစာလုံးနဲ့ ရေးထားတဲ့ “ဥုံ”ဆိုတဲ့ စာလုံးလေးကို အဆောင်အဖြစ် အသုံးပြုပြီး ရေးထားကြတယ်။
အဲဒီ “ဥုံ” ဆိုတာ နတ်ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ အက္ခရာ သုံးလုံးပဲ။
ဒါကို မသိတော့ လူတွေက လိုက်ပြီးတော့ “ဥုံ” ကို ရွတ်နေကြတာ။ ဒါလည်း သတိထားစရာပဲ။ ဥုံ ဆိုတာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့ ဒီလို မှတ်ထားရမယ်။
ဥုံပဲဖြစ်ဖြစ်၊သြောင်းပဲဖြစ်ဖြစ် အသံထွက် အမျိုးမျိုးထွက်တယ်။
ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် ဥုံ ဆိုတဲ့ စကားလုံးဟာ
အ- အက္ခရာရယ်၊
ဥ- အက္ခရာရယ်၊
မ- အက္ခရာရယ်
အဲဒီသုံးလုံးကို ပေါင်းရွတ်တာ။
အိမ်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် ပေါင်းရွတ်ကြည့်။ ဒီသုံးလုံးဟာ ဘယ်အသံထွက်လာလဲဆိုတာ။ “အ၊ ဥ၊ မ” အဲဒီသုံးလုံးကို ပေါင်းထွက်တယ်ဆိုလို့
ရှိရင်အုမ်(ဥုံ)ဆိုတဲ့ အသံ ထွက်တယ်။
အဲဒါ အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းပြီး ရွတ်တာ၊ ဥ-ဆိုတာ သူတို့အခေါ် ဗိသျှနူ၊ ဗမာတွေခေါ်တာက ဗိဿနိုး၊ ဗသျှနူ ဆိုတာ နောက်က ဥ-ဆုံးတယ်။ ဗိဿနိုးနတ်ကို ရည်ညွှန်းပြီးတော့ ရွတ်တာ။ မ-ဆိုတာက ဗမာတွေ အသိအခေါ်က သိဝ။ သူတို့အခေါ်က သျှီဗမ်ဆိုတဲ့နတ်။ နောက်က မ-အက္ခရာအဆုံးရှိတယ်။ အဲဒီနတ်ဘုရားတွေကို ကိုယ်စားပြုပြီးတော့ ရွတ်တာ။
ဒါကြောင့်မို့ “ဥုံ” ဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာတွေနဲ့ မဆိုင်တဲ့ စကားလုံးဖြစ်သည့်အတွက်ကြောင့် မရွတ်သင့်ဘူးလို့ ဒီလိုမှတ်ရမယ်။
ခရစ်ယာန်တွေကလည်းပဲ သူတို့ ကိုးကွယ်တာ trinity လို့ခေါ်တယ်။ သူတို့လည်း သုံးခုပဲ။ God ဆိုတဲ့ father ရယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရယ်၊ သားတော်ရယ် ဆိုပြီးတော့ ဒီသုံးခု trinity ဆိုပြီးတော့ ကိုးကွယ်တာပဲ။
ကမ္ဘာမှာ ဘာသာရေးတွေ တစ်ခါတစ်ရံမှာ ခပ်ဆင်ဆင်ပဲ။အယူအဆလေးတွေ နီးစပ်ကြတယ်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကတော့ အဲဒီ ကောင်းကင်ဘုံက ဘုရားတွေနဲ့လည်း မသက်ဆိုင်ဘူး။
ဘာကို ကိုးကွယ်တာတုံးဆိုတော့ ဗုဒ္ဓ ဓမ္မ သံဃ လို့ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်တယ်။
ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်သိရှိ နားလည်ပြီးတာ့မှ ကိုးကွယ်တာ ကောင်းတယ်။ ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်ကြတဲ့ အနေအထားက များတယ်။ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီးတော့မှ အလေးအနက်ထားပြီးလုပ်တာ နည်းတယ်။ ဒါကြောင့်မို့ မိမိတို့ဘဝမှာ သာမန်အနေအထားနဲ့ ကိုးကွယ်ဆည်းကပ်မှု မပြုကြဘဲနဲ့ အလေးအနက် ဆင်ခြင်သုံးသပ်ပြီး စိတ်ထဲမှာ ကျေနပ်မှ ကိုးကွယ်တာကောင်းတယ်။
အဲဒီလို မဟုတ်လို့ရှိရင် ကိုယ့်ကိုးကွယ်မှုက လေးနက်မှု မရှိဘူး။လေးနက်မှု မရှိသည့်အတွက်ကြောင့် တချို့ မြန်မာလူမျိုးတွေရဲ့အိမ်မှာ ဘုရား၊ တရား၊ သံဃာဆိုတာတင်မကဘူး။ တခြားနတ်တွေပါ ရောက်လာကြတယ်။ အဲဒါဟာ အလေးအနက်မရှိလို့ ဒီလို ဖြစ်လာတာလို့။
“ကိုးကွယ်ဆည်းကပ်မှု” ဆိုတဲ့ ကိစ္စမှာ “ကိုးကွယ်တယ်” ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။
ဘုရားကိုးကွယ်တာ ဘာအတွက် ကိုးကွယ်သလဲ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ်
“သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ”- လောကမှာ ဗုဒ္ဓ လို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ် ပေါ်ထွန်းတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲ။
ဘယ်လိုချမ်းသာဖို့အတွက် ဖြစ်လာသလဲလို့ဆို အဲဒီဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်က သတ္တဝါတွေ ဆင်းရဲဒုက္ခက လွတ်ကင်းပြီး ချမ်းသာသုခရအောင် တန်ခိုးတော်နဲ့ မ, စကယ်တင်သလားဆိုတော့ မဟုတ်ဘူး။ လောကကြီးမှာ မ, စကယ်တင်ဖို့ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ စဉ်းစားကြည့်။
တခြားဟာတွေမကြည့်နဲ့ ကိုယ့်သားသမီးတောင် ကိုယ် မ, လို့ရတာမှ မဟုတ်တာ။ ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရဘူး၊ မ, စလို့ မရဘူး။
ကိုယ့်သားသမီးကို ပညာတတ်ကြီးဖြစ်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ။ ကိုယ် လုပ်ပေးနိုင်တာက “အကြောင်းတစ်ခု” ကို ဖန်တီးပေးရုံမျှသာ ဖြစ်တယ်။ သားသမီး ပညာတတ်ကြီးဖြစ်အောင် မိဘတွေက ဘာလုပ်ပေးရလဲ။ ကျောင်းကောင်းကောင်း ထားပေးတယ်။
ဆရာ ဆရာမကောင်းကောင်းထံ အပ်နှံ ပေးတယ်။ဒါပဲ။သားသမီးလုပ်တဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင်ကြိုးစားမှ ပညာတတ်ဆိုတာ ဖြစ်တာ။
ဒါဟာ လောကမှာ လက်တွေ့ကျတဲ့ အရာဖြစ်တယ်။
အဲဒီလို လက်တွေ့ကျတဲ့ အရာတစ်ခုကို မျက်နှာလွဲပြီးတော့ အရာခပ်သိမ်း တန်ခိုးရှင်က မ, လိမ့်မယ်လို့ ယုံကြည်တာကတော့ အသိဉာဏ်နည်းပါးတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတာပဲ။
မဖြစ်နိုင်တာ တစ်ခုကို ယုံကြည်နေတာဟာ မှန်ကန်မှုမရှိဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က
“ဟိတေ ပဝတ္တနေန အဟိတာစ နိဝတ္တနေန
သတ္တနံ ဘယံ ဟိံသတိ ဗုဒ္ဓေါ”-
လို့ စာပေကျမ်းဂန်မှာ ဆိုတဲ့အတိုင်း မြတ်စွာဘုရားကို ဘုန်းကြီးတို့တတွေ ဘာကြောင့် ကိုးကွယ်ရသလဲ ဆိုတာကို စဉ်းစားကြည့်မယ်။
ဘုရား ကိုးကွယ်တာ ဘာဖြစ်လို့ ကိုးကွယ်လဲ။
နတ်ကိုးကွယ်တာ ဘာဖြစ်လို့ ကိုးကွယ်လဲဆို ကြည့်လေ။
နတ်ကိုးကွယ်တဲ့လူက အရှင်ကြီး မ, တော်မူပါလို့ လာတာလေ။ မ, စတာ ခံချင်တာ။ စီးပွားဥစ္စာ တိုးတက်အောင် မ, စပါ။ ဘေးရန်အန္တရာယ်ကင်းအောင် မ,စပါ၊ ဒီလို ချမ်းသာသုခ မျှော်ကိုးပြီးတော့ လက်ရှိဘဝမှာ ဖြစ်ပေါ်နေတဲ့ အနေအထားထက် ပိုပြီးတော့ တိုးတက်လာအောင် အားကိုး ယုံကြည်ပြီးတော့ ကိုးကွယ်တာ။
မြတ်စွာဘုရားကို ကိုးကွယ်တာ အဲဒီ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။
-စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association