source: မဟာဗုဒ္ဓဝင် (ပထမတွဲ - ပဌမပိုင်း) [ကီ]-[ကား]
ကပ် = ကမ္ဘာ
မြန်မာဘာသာ၌ ကမ္ဘာ(ကပ္ပါ) ဟုခေါ်သောအရာကို ကပ္ပဟူသော ပါဠိကဟောဆို၏။ ထို့ကြောင့် ဗုဒ္ဓဝင်ပါဠိတော်၌ “ကပ္ပေစ သတသဟေဿ၊ စတုရောစ အသင်္ခိယေ” … စသည်ဖြင့် ဟောကြားတော်မူ၏။
ကပ္ပ ဟုခေါ်သောအချိန်ကာလတစ်ခုသည် နှစ်ပေါင်းမည်မျှရှိသည်ဟု ဂဏန်းချ၍ မရေတွက်နိုင်၊ ကြံဆ၍သာ သိရှိအပ်သော အရာဖြစ်ပေသည်။ ကြံဆ၍ သိရပုံမှာ.......
အလျား အနံ အမြင့် တစ်ယူဇနာစီရှိသော တိုက်ခန်း (ဂိုဒေါင်)ကြီးအတွင်း၌ အလွန်သေးငယ်လှသော မုန်ညင်းဖြူစေ့တို့ကို အပြည့်ထည့်ထားပြီးလျှင် အနှစ် တစ်ရာတစ်ရာ လွန်သောအခါမှ တစ်စေ့တစ်စေ့ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့အပုံကြီး ကုန်သွားသော်လည်း ကပ္ပတစ်ခုဟု ခေါ်ဆိုရသော အချိန်ကာလကား ကုန်ဆုံးသည်မဟုတ်သေး၊ ဤသို့ ကြံဆ၍သိအပ်ပေ၏။ (ဤစကားရပ်ကို ထောက်ဆသဖြင့် ပါဠိလို ကပ္ပ = မြန်မာလို ကမ္ဘာ = ဟူသည်မှာ ရှည်လျားလှစွာသော အချိန်ကာလဖြစ်သည်ဟု သိမှတ်ရာ၏။) ယခုအခါမှာမူ … “ရှည်လျားစွာသော အချိန်ကာလကို ကမ္ဘာခေါ်သည်”ဟု သတိမပြုကြဘဲ မြေကြီးအထုအထုအထည်ကိုသာ ကမ္ဘာမြေပြင် ကမ္ဘာမြေလုံးစသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းနေကြသည်။
ကမ္ဘာအပြား
ကမ္ဘာနှင့်ကပ် အတူတူပင်ဖြစ်သည်ကို သတိပြုရာ၏၊ ထိုကပ်ကမ္ဘာကား.......
(၁) မဟာကပ် (၂) အသင်္ချေယျကပ် (၃) အန္တရကပ် (၄) အာယုကပ် (၅) ဟာယနကပ် (၆) ဝဍ္ဎနကပ်
ဟူ၍ ခြောက်မျိုးလာရှိသည်။
ထိုတွင် အမှတ် (၁) ပါ မဟာကပ်ကမ္ဘာကြီးတစ်ခုတစ်ခုကို (၂) အမှတ်ပြ (က) ပျက်ဆဲ = သံဝဋ္ဋကပ်၊ (ခ) ပျက်သည့်အတိုင်းတည်နေဆဲ= သံဝဋ္ဋဋ္ဌာယီကပ်၊ (ဂ) ဖြစ်ပေါ်တိုးပွါးဆဲ = ဝိဝဋ္ဋကပ်၊ (ဃ) တိုးပွါးပြီးအတိုင်းတည်နေဆဲ= ဝိဝဋ္ဋဋ္ဌာယီကပ် ဤအသင်္ချေယျလေးမျိုးဖြင့် သတ်မှတ်၍ပြအပ်၏။ (သံဝဋ္ဋအသင်္ချေယျကပ်, သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်, ဝိဝဋ္ဋအသင်္ချေယကပ်, ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်− ဤအသင်္ချေယျကပ်လေးပါးကိုမှ မဟာကပ် တစ်ကပ်ဟုခေါ်သည် ဟူလို)
ထိုအသင်္ချေယျကပ်လေးပါးတို့တွင် ကမ္ဘာဖျက်မိုးရွာသည်မှစ၍ မီးဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျင် မီးလျှံစဲသည်တိုင်အောင်၊ ရေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျင် ရေရပ်စဲသည်တိုင်အောင်၊ လေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျင် လေရပ်စဲသည်တိုင်အောင်သောကာလသည် သံဝဋ္ဋကပ် = (ပျက်ဆဲကပ်)မည်၏။
မီး,ရေ,လေ တစ်ခုခုဖြင့် ပျက်စီးပြီးသည်မှစ၍ ကမ္ဘာပြု မိုးရွာသည်တိုင်အောင် အတွင်းသည် သံဝဋ္ဋဋ္ဌာယီကပ် = ပျက်စီးသည့်အတိုင်း တည်နေသောကပ်မည်၏။
ကမ္ဘာပြုမိုးရွာသည်မှစ၍ လောကကြီး၌ နေ လ နက္ခတ်တာရာတို့ ပေါ်ထွက်သည်တိုင်အောင် အတွင်းသည် ဝိဝဋ္ဋကပ်= (ဖြစ်ပေါ်တိုးပွါးဆဲကပ်)မည်၏။
နေ လ နက္ခတ်တာရာတို့ပေါ်ထွက်သည်မှစ၍ နောက်တဖန် ကမ္ဘာဖျက်မိုးရွာသည်တိုင်အောင် ကာလအတွင်းသည် ဝိဝဋ္ဋဋ္ဌာယီကပ်=(ဖြစ်ပေါ်တိုးပွါးပြီး အတိုင်း တည်နေသောကပ်)မည်၏။
ဤစကားရပ်၌ ကမ္ဘာဖျက်မိုး နှစ်မျိုး ပါဝင်နေရာ တစ်မျိုးမှာ မီးဖျက်မည့် ကမ္ဘာဖြစ်စေ ရေဖျက်မည့်ကမ္ဘာဖြစ်စေ လေဖျက်မည့်ကမ္ဘာဖြစ်စေ မည်သည့် ကမ္ဘာမှာမဆို ပျက်ခါနီးလျှင် မိုးရွာမြဲဖြစ်သည်။ ရွာပုံမှာ... ပျက်ရမည့် ကမ္ဘာလောကဓာတ် ထက်ဝန်းကျင်နှံ့စပ်အောင် မိုးကြီးသည်းထန်စွာ ရွာသွန်းလေသည်။ လူအပေါင်းတို့က မိုးကြီးသည်းထန်စွာရွာသဖြင့် ကောက်ပဲသီးနှံစိုက်ပျိုးကြ၍ နွားများစားသောက်လောက်အောင် အပင်ကလေးများဖြစ်ပြီး နောက် ထပ်၍ မိုးမရွာတော့ဘဲ တစ်ခါတည်း ရပ်စဲသွားတော့သည်။ ကမ္ဘာပျက်စီးရန် အရင်းခံရွာသောမိုလ်ဖြစ်သည်။
ကျန်တစ်မျိုးမှာ... ရေဖျက်မည့်ကမ္ဘာ၌ ကမ္ဘာကို ဖျက်ဆီးရန် ရွာသောမိုး ဖြစ်သည်။ ထိုမိုးကား မိုးရေရိုးရိုးမဟုတ်၊ ကျောက်တောင် ကျောက်ခဲပင် ဖြစ်သော်လည်း ထိလိုက်လျှင် ကြေမွွပျက်စီးသွားစေနိုင်သော ရေအထူးဖြစ်သည်။
(မီး ရေ လေတို့ဖြင့် ကမ္ဘာကြီးပျက်ပုံအကျယ်ကို ဝိသုဒ္ဓိမဂ် ဘာသာပြန် ပုဗ္ဗေနိဝါသာနုသာတိ အဘိညာဏ်ခဏ်းမှ ဖတ်ရှုမှတ်ယူကြပါကုန်။) ပြဆိုခဲ့ပြီးသည့် သံဝဋ္ဋကပ်စသော လေးမျိုးတို့သည် အချိန်ကာလ တူမျှကြကုန်၏။ ဤလေးစု အနက် တစ်စုတစ်စု၏ ကာလရှည်လျားပုံကို နှစ်အရေအတွက်အားဖြင့် ပိုင်းခြား၍ မရေတွက်နိုင်။ ထို့ ကြောင့် ဤကပ်လေးကပ်ကို အသင်္ချေယျကပ်ဟူ၍ ခေါ်၏။
ဤအသင်္ချေယျကပ် လေးကပ်ကို ပေါင်းမှ မဟာကပ် တစ်ကပ် (သို့မဟုတ် တစ်ကမ္ဘာ) ဖြစ်လာ၏။ မြန်မာတို့က “မဟာကပ္ပ” ဟူသော ပါဠိ၏အဓိပ္ပါယ်ကို “ကမ္ဘာ” ဟူသောမြန်မာစကားဖြင့် သတ်မှတ်ခေါ်ဝေါ်သုံးစွဲကြ၏။“အသင်္ချေယျ ကပ္ပ”ဟူသော စကားအရ၌ကား … ဝေါဟာရသီးခြားမထားတော့ပဲ “အသင်္ချေယျကပ်” ဟူ၍သာ သဒ္ဒါနုသာရီ(ပါဠိပျက်စကား)ဖြင့် ခေါ်ဝေါ်သုံးစွဲကြ၏။
(၃) အန္တရကပ်စသည်
ထိုအသင်္ချေယျ လေးကပ်တိုတွင် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျ ကပ်ဦးအစအခါ (တစ်နည်း ကမ္ဘာဦးအခါ) လူတို့သည် အသက်အသင်္ချေတည်နေကြရကုန်၏။ ကာလရှည်လျားလတ်သော် လောဘ ဒေါသစသော အကုသိုလ်တရားများ ဝင်ရောက်ဖျက်ဆီးသဖြင့် တဖြည်းဖြည်း နိမ့်ကျကာ အသက်ဆယ်နှစ်တမ်း တိုင်အောင် ဆုတ်ယုတ်လာ၏။ ဤသို့ ဆုတ်ယုတ်လာသော အချိန်ကာလကို ပါဠိလို ဟာယနကပ္ပ=မြန်မာလို ဆုတ်ကပ်ဟု ခေါ်၏။
တဖန် ဆယ်နှစ်တမ်းမှ မေတ္တာဗြဟ္မစိုရ် ကုသိုလ်တရားများ ဝင်ရောက်ချီး မြှောက်သဖြင့် သားစဉ်မြေးဆက် တစ်ဆတက် တစ်ဆတက် တိုးတက်ကာ အသက် အသင်္ချေယျတိုင်အောင် ရှည်သွားကြပြန်၏။ ဤသို့ ဆယ်နှစ်တမ်းမှ အသင်္ချေ ယျတမ်းတိုင်အောင် ရှည်မြင့်လာသော အချိန်ကာလကို ပါဠိလို ဝဍ္ဎနကပ္ပ == မြန်မာလို တက်ကပ်ဟု ခေါ်၏။ (ဤဆုတ်ကပ် တက်ကပ် နှစ်ရပ်အကြောင်းကို အကျယ်သိလိုမူကား ပိဋကမြန်မာပြန် ဒီဃနိကာယ် ၃-ပါထိကဝဂ် ၃-စက္ကဝတ္တိ သုတ်၌ ကြည့်ရှုမှတ်ယူကြရာ၏။)
ဤသို့လျှင် လူတို့၏ အသက်တမ်းသည် ဆယ်နှစ်တမ်းနှင့် အသင်္ချေယျတမ်း ကုသိုလ်တရား ပွားသောအခါ တက်၍ အကုသိုလ်တရား ဖိစီးသောအခါ ဆုတ်ယုတ်လျက် တက်ချီဆုတ်ချီ ဖြစ်၍နေ၏။ ဤသို့ အသက်တမ်း တက်ကပ်နှင့် ဆုတ်ကပ် တစ်စုံကို အန္တရကပ် တစ်ကပ်ဟု ခေါ်၏။
အန္တရကပ်သုံးမျိုး
ကမ္ဘာဦးအခါမှာကား အသင်္ချေယျကပ်ကစ၍ ဆယ်နှစ်တမ်းရောက်လျှင်ပင် ကပ်အပြောင်းအလဲဖြစ်ရ၏။ ဆုတ်ယုတ်၍လာရာ၌ လောဘအလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “ငတ်မွတ်ခြင်း ဘေးကြီး”ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထို ကပ်ကို ဒုဗ္ဘိက္ခန္တရကပ်ဟူ၍ ခေါ်၏။
ဆုတ်ယုတ်၍လာရာ၌ မောဟအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ် လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “ရောဂါဆိုး ဘေးကြီး” ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏။ ထိုကပ်ကို ရောဂန္တရကပ် ဟူ၍ ခေါ်၏။
ဆုတ်ယုတ်၍လာရာ၌ ဒေါသအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အဆုံးသတ် ခုနစ်ရက်အတွင်းမှာ “အချင်းချင်း လက်နက်တို့ဖြင့် သတ်ဖြတ်၍” မကောင်းသူတွေမှန်သမျှ သေကြေေပျက်စီးကြရ၏။ ထိုကပ်ကို သတ္ထန္တရကပ် ဟူ၍ ခေါ်၏။
(ဝိသုဒ္ဓိမဂ်မဟာဋီက အလိုအားဖြင့်...လောဘအထူးလွှမ်းမိုးလျှင် ရောဂန္တရကပ်၊ ဒေါသအထူးလွှမ်းမိုးလျှင် သတ္တန္တရကပ်၊ မောဟအထူး လွှမ်းမိုးလျှင် ဒုဗ္ဘိက္ခန္တရကပ်တိုက်၍ မကောင်းသူများ သေကြေပျက်စီးကြ၏။)
ဤသို့ တက်ကပ် ဆုတ်ကပ် တစ်စုံတစ်စုံကို အန္တရကပ် တစ်ကပ်တစ်ကပ်ဟု ခေါ်ရ ခြင်းမှာ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်ကြီး အဆုံးသတ်တွင် မီး ရေ လေတို့ဖြင့် အလုံးစုံ မပျက်မီအတွင်း အသက်ဆယ်နှစ်တမ်းသို့ ရောက်တိုင်းရောက်တိုင်း ငတ်မွတ်ခြင်းဘေး ရောဂါဘေး လက်နက်ဘေးတို့ဖြင့် မကောင်းသူတွေမှန်သမျှ သေကြေေပျက်စီးကြသည်ကိုစွဲ၍ အကြီးအကျယ်မပျက်စီးမီ အခြားအကြား၌ ဖြစ်သော ပျက်စီးပြောင်းလဲခြင်း အချိန်ကာလဟု ဆိုလိုသည်။
ဤအန္တရကပ်များ၏ အဆုံးသတ် ခုနှစ်ရက်အတွင်း ကျရောက်သည့်ဘေးကို အစွဲပြုကာ.... ရောဂန္တရကပ် သတ္ထန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်ဟူသောအမည်များကို ဆယ်နှစ်တမ်း မတိုင်မီကာလအတွင်း (တစ်ကမ္ဘာလုံးအနှံ့ မဟုတ်ပဲ) အချို့သော မြို့ရွာဒေသတို့၌ ကူးစက်တတ်သော ရောဂါဖြစ်ပွါးနေခဲ့လျှင် ထိုမြို့ရွာဒေသမှာ ရောဂန္တရကပ်တိုက်နေသည်ဟူ၍၎င်း... စစ်မက် တိုက်ခိုက်ခြင်း ဖြစ်ပွါးနေခဲ့လျှင် ထိုမြို့ရွာဒေသမှာ သတ္တန္တရကပ်တိုက်နေသည်ဟူ၍၎င်း... ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်နေခဲ့လျှင် ထိုမြို့ရွာဒေသမှာ ဒုဗ္ဘိက္ခန္တရကပ် တိုက်နေသည်ဟူ၍၎င်း... ပြောဆိုလေ့ရှိကြ၏။ ထိုသို့ ပြောဆိုခြင်းမှာ အန္တရကပ်အစစ်၏ ဖြစ်ပျက်ပုံ အခြေအနေနှင့်တူသည်ကို အစွဲပြုကာ တင်စား၍ပြောဆိုသော စကားမျှသာဖြစ်၏။ ဘုရားရှိခိုးဆုတောင်းများ၌ “အပါယ်လေးပါး ကပ်သုံးပါး”ဟု သုံးနှုန်းထားသော စကားမှာလည်း ဤတင်စားပြောဆိုရသော ကပ်ကိုသာ ဆိုလို၏။
ဤပြဆိုခဲ့သော တက်ကပ် ဆုတ်ကပ် အစုံဖြစ်သည့် အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိလျှင် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခု ကုန်ဆုံးတော့၏။ သံဝဋ္ဋအသင်္ချေယျကပ် သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဝိဝဋ္ဋအသင်္ချေယျကပ်တို့ ၌ကား.... သတ္တဝါများ(လူ့ပြည် နတ်ပြည်၌) မရှိခြင်းကြောင့် တက်ကပ် ဆုတ်ကပ်အစုံတည်းဟူသော အန္တရကပ်တို့ဖြင့် မသတ်မှတ် မပိုင်းခြားရသော်လည်း ထိုအသင်္ချေယျကပ်ကြီး တစ်ခုတစ်ခုလျှင် အန္တရကပ် ခြောက်ဆယ့်လေးကပ်စီခန့်ပင် ကာလရှည်လျားသဖြင့် ဝိဝဋဌာယီအသင်္ချေယျကပ်နှင့် အချိန်ကာလ တူညီမျှကြသည်ဟု မှတ်ယူအပ်၏။
အာယုကပ်
အာယုကပ်ဟူသည် တည်နေသောအသက်ကိုလိုက်၍ သတ်မှတ်အပ်သော ကပ်ဖြစ်သည်။ (အာယု- အသက်) အသက်တစ်ရာတမ်းဖြစ်လျှင် အနှစ်တစ်ရာသည် အာယုကပ် တစ်ကပ်၊ တစ်ထောင်တမ်း ဖြစ်လျှင် အနှစ်တစ်ထောင်သည် အာယုကပ်တစ်ကပ်ဖြစ်၏ဟု ဆိုလိုသည်။
မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား “အာနန္ဒာ... ငါဘုရားသည် ဣဒ္ဓိ ပါဒ်လေးပါးတို့ကို ပွားများအပ်ပြီ၊ ငါဘုရားအလိုရှိလျှင် တစ်ကပ်လုံးသော်၎င်း၊ အနည်းငယ်ပို့၍သော်၎င်း တည်နေနိုင်သည်”ဟု မိန့်ကြားတော်မူရာ... ကပ္ပအရ မှာ အာယုကပ်ကိုယူရမည်၊ အာယုကပ်ဟူသည် ထိုထိုကာလ၌ လူတို့၏ အသက်တမ်းပမာဏပင်ဖြစ်သည်။ သို့ဖြစ်၍ ငါဘုရားအလိုရှိလျှင် အနှစ်တစ်ရာသော်၎င်း၊ အနည်းငယ်ပို၍သော်၎င်း တည်နေနိုင်သည်ဟု ဟောတော်မူခြင်း ဖြစ်ကြောင်း အဋ္ဌကနိပါတ် အင်္ဂုတ္တရအဋ္ဌကထာ၌ ဖွင့်ပြတော်မူသည်။
မဟာသီဝထေရ်ကမူကား... ဘဒ္ဒကပ်ခေါ်သော မဟာကပ်ကို ယူရမည်ဟု ဆို၏။ (ထိုသို့ ဆိုတော်မူခြင်းမှာ ဘုရားအလောင်းတော်များ၏ နောက်ဆုံး ဘုရားဖြစ်သည့်ဘဝ ပဋိသန္ဓေကျိုးကို ဖြစ်စေသောကံသည် နှစ်ပေါင်းအသင်္ချေ ကြာအောင် အသက်ရှည်စေနိုင်သော အစွမ်းသတ္တိရှိ၏ဟု နှလုံးသွင်းတော်မူပြီးလျှင် မြတ်စွာဘုရားတို့၏ အာယုသင်္ခါရခေါ်သော ဇီဝိတသန္တာန် အဆက် ပြတ်မသွားအောင် ပြုပြင်စောင့်ထိန်းပေးနိုင်သည့် အာယုပါလက ဖလသမာပတ်တော်သည် ဧဝိတ၏ဘေးရန်တို့ကို ပယ်ရှားဟန့်တား ထားနိုင်ခြင်း ပါဠိတော်၌ လာသောကြောင့် မိန့်ကြားခြင်းဖြစ်သည်။) ထိုမထေရ်၏ဝါဒကို အဋ္ဌကထာဆရာတော်ကို လက်မခံကြပေ။
ဝိနယ စူဠဝဂ္ဂပါဠိတော် သံဃဘေဒကက္ခန္ဓက၌ “သံဃာကို သင်းခွဲ သူသည် ငရဲ၌ဖြစ်၍ တစ်ကပ်ပတ်လုံး ကျက်ရ၏”ဟု ဟောတော်မူသည်။ ထိုကပ် သည် အဝီစိငရဲဘုံသားတို့၏ အာယုကပ်ပင်ဖြစ်ကြောင်း ၎င်းအဋ္ဌကထာ၌ ဖွင့်ဆိုသည်။ ထိုအဝီစိငရဲဘုံသားတို့၏ အာယုကပ်သည် မဟာကပ်ကြီးကို အပုံ ရှစ်ဆယ်ပိုလျှင် တစ်ပုံစာကာလနှင့် ညီမျှသည်ဟူ၍ တေရသကဏ်ခေါ်သော ဝိနည်းဋီကာကြီး၌ ဖွင့်ပြသည်။ ထို့ဋီကာကြီး၌ပင် အပုံရှစ်ဆယ်၏တစ်ပုံစာကာလ ကို အန္တရကပ်ဟူ၍ အမှတ်အသားပြုအပ်ကြောင်း အထူးဖွင့်ပြလျက်ရှိသည်။ ဤဋီကာကြီး၌ အပုံရှစ်ဆယ်၏ တစ်ပုံစာကာလကို အန္တရကပ် (အဝီစိငရဲ ဘုံသားတို့၏ အန္တရကပ်)ဟု ဖွင့်ပြသဖြင့် မဟာကပ်ကြီးတစ်ကပ်လျှင် အဝီစိငရဲဘုံသားတွိ၏ အရေအတွက်အားဖြင့် အန္တရကပ် ရှစ်ဆယ်ရှိ၏ဟု အဓိပ္ပါယ် ကျရောက်သည်။
ဤစကားအရ ရှင်းလင်းဖော်ပြရန် ရှိသည်မှာ… ဆိုအပ်ပြီးသော အတိုင်း မဟာကပ်တကပ်မှာ အသင်္ချေယျလေးကပ်၊ အသင်္ချေယျတစ်ကပ်မှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်စီ ရှိသည်ဖြစ်၍ မဟာကပ်တစ်ကပ်လျှင် လူတို့အရေအတွက်အားဖြင့် အန္တရကပ်ပေါင်း (၂၅၆) နှစ်ရာငါးဆယ့်ခြောက်ကပ်ရှိသည်ဟု သိမှတ်ရာ၏။
ထိုနှစ်ရာငါးဆယ့်ခြောက်ကပ်ကို ရှစ်ဆယ်ဖြင့်စားလျှင် သုံးကပ်နှင့် ငါးပုံ့တစ်ပုံ (၃ ၁/၅) စီရ၏။ သို့ဖြစ်၍ လူတို့၏ အန္တရကပ်ပေါင်း သုံးကပ်နှင့် ငါးပုံ့တစ်ပုံသည် အဝီစိငရဲဘုံသားတို့၏ အန္တရကပ်တစ်ကပ်ဖြစ်၏။ (အဝီစိငရဲမှာ လူ့ပြည်၌ကဲ့သို့ တက်ကပ်ဆုတ်ကပ်ဟူ၍မရှိ၊ အချိန်ရှိသမျှ ဒုက္ခဖိစီး ပျက်စီးဆင်းရဲ၍သာ နေရသဖြင့် လူ့ပြည်၌ကဲ့သို့ ဆုတ်ကပ်၏အဆုံးအဆုံး ဖြစ်ပွားသောကပ်ကြီးသုံးပါးဖြင့် လည်း ပိုင်းခြားရန်မလို။ ထိုအဝီစိငရဲဘုံသားတို့၏ အာယုကပ်ဖြစ်သည့် မဟာကပ်ကြီး၏ အပုံရှစ်ဆယ်မှ တစ်ပုံစာကာလသည်ပင် အန္တရကပ်တစ်ကပ်မည်တော့သည်။ သို့ဖြစ်၍ အဝီစိအန္တရကပ်တစ်ကပ်လျှင် လူတို့၏အန္တရကပ် သုံးကပ်နှင့် ငါးပုံ့တစ်ပုံ ရှိ၏ဟု ဆိုလိုသည်။)
ဤနည်းအရ အသင်္ချေယျတစ်ကပ်၌ လူတို၏အရေအတွက်အားဖြင့် အန္တရကပ် ခြောက်ဆယ့်လေးကပ်၊ အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် အန္တရကပ် နှစ်ဆယ်ရှိ၏ဟု ဆိုနိုင်လေသည်။ သို့ဖြစ်သောကြောင့် အချိုပါဠိ ကျမ်းဂန်တွိမှာ အသင်္ချေယျတစ်ကပ်လျှင် အန္တရကပ် ခြောက်ဆယ့်လေးကပ် ရှိ၏။ အန္တရကပ်နှစ်ဆယ်ရှိ၏ဟူ၍လည်း ဆိုကြကြောင်း (ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ ဋီကာကျော် စသည်တို့၌) ဖွင့်ပြသောအရာမှာ… စင်စစ် ဝါဒကွဲသည်မဟုတ်၊ လူတို့၏ အရေအထွက်နှင့် အဝီစိငရဲဘုံသားတို့၏ အရေအတွက်အားဖြင့် ရေတွက်ပုံနည်းချင်း ကွာခြားသောကြောင့်သာ (ခြောက်ဆယ့်လေးနှင့် နှစ်ဆယ်) ကွာခြားနေသည်။ အချိန်ကာလချင်းမှာ အတူအမျှသာ ဖြစ်၏ဟု မှတ်ယူသင့်ပေ၏။
မှတ်ဖွယ်အထူးတစ်ရပ်မှာ.... သမ္မာဟဝိနောဒနီမည်သော အဘိဓမ္မာဝိဘင်း (အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌ … “သံဃဘေဒက = (သံဃာကိုသင်းခွဲသော)ကံ သာလျှင် ကပ်ပတ်လုံး တည်စေနိုင်၏။ ကပ်တည်စ၌ဖြစ်စေ ကပ်အလယ်၌ဖြစ်စေ သံဃဘေဒကကံကိုပြု၍ အဝီစိငရဲသို့ ကျသွားလျှင် ကပ်ပျက်မှသာ လွတ်၏။ နက်ဖန် ကပ်ပျက်တော့မည်ဆိုလျင် ယနေ့သံဃာကို သင်းခွဲ၍ ငရဲသို့ကျအံ့။ တစ်ရက်သာခံရပြီး နက်ဖန်ပင် လွတ်မည်ဖြစ်၏၊ (သို့သော်) ဤသို့ ပြုခြင်းကား မရှိနိုင်”ဟူ၍ ဖွင့်ပြ၏။
ဤစကားရပ်ကို အကြောင်းပြုကာ “သံသဘေဒကကံသည် တစ်ကမ္ဘာလုံး ငရဲ ကျစေနိုင်၏၊ ကမ္ဘာပျက်မှသာလွတ်၏”ဟူ၍ ပြောဆိုမှတ်သားကြသူများလည်း ရှိသည်။ အမှန်မှာ… ထိုဝိဘင်း အဋ္ဌကထာကြီး၌ ကပ္ပဋ္ဌိတိယော = (ကပ်ပတ်လုံး တည်စေနိုင်၏)ဟု သာမညသာ ဖွင့်ဆိုသည်။ မဟာကပ္ပဋ္ဌိတိယော=(မဟာကပ် ပတ်လုံးတည်စေနိုင်၏)ဟု ဝိသေသမဖွင့်ပြ။ ကပ္ပဋ္ဌိတိယော = (ကပ်ပတ်လုံးတည် စေနိုင်၏)ဟု ဖွင့်ခြင်းမှာလည်း “အာပါယိကော နေရယိကာ၊ ကပ္ပေဋ္ဌာ သံဃဘေကော၊ပ၊ သံဃံ သမဂ္ဂံ ဘိန္ဒိတွာ၊ ကပ္ပံ နိရယမှိ ပစ္စတိ”ဟူသော ဝိနယစူဠဝဂ္ဂ ပါဠိတော်ကို အခြေခံထား၍ ဖွင့်ပြခြင်းဖြစ်သည်။ ထိုဝဂ္ဂအဋ္ဌကထာ၌ ကပ္ပ အရ အာယုကပ်ကိုသာ ယူရမည့်အကြောင်း အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌ ထထခဆရာကိုယ်တိုင်ကပင် “ကပ္ပန္တိ အာယုကပ္ပံ” ဟု ဖွင့်ပြထားသောကြောင့် သံဃဘေဒကကံကြောင့် အဝီစိငရဲ၌ခံရသော ကပ်၏အရ အာယုကပ်ကိုသာ ယူရာ၏၊ မဟာကပ်ခေါ်သော ကမ္ဘာကြီးကို မယူရာ။ အဘိမ္မာ ကထာဝတ္ထု အဋ္ဌကထာ (၁၃)ဝဂ် ကပ္ပဋ္ဌကထာအဖွင့်၌ “အပါယိကာ နေရယိကော” စသောပါဠိကို မဟာကပ်၏ အပုံရှစ်ဆယ်ပုံလျှင် တစ်ပုံစာအချိန်ကာလ(အဝီစိငရဲ ဘုံသားတို၏)အာယုကပ်ကို ရည်ညွှန်း၍ ဟောကြားကြေခင်း ဖွင့်ပြထားသည်။
မဟာကပ်အပြား
ကမ္ဘာဟုခေါ်သော မဟာကပ်သည် (၁)သုညကပ်သုညကမ္ဘာ၊ (၂) အ သုညကပ် = အသုညကမ္ဘာဟူ၍ နှစ်ပါး အပြားရှိပြန်၏။
ထိုတွင် မြတ်စွာဘုရားများ ပွင့်တော်မှုရာမဟုတ်သော ကပ်ကမ္ဘာသည် သုည ကပ် = သုညကမ္ဘာမည်၏။ ဘုရားမှကင်းဆိတ်သော ကပ်ကမ္ဘာဟု ဆိုလိုသည်။
မြတ်စွာဘုရားများ ပွင့်တော်မူရာဖြစ်သော ကပ်ကမ္ဘာသည် အသုညကပ် = အသုညကမ္ဘာမည်၏။ ဘုရားမှ မဆိတ်သော ကပ်ကမ္ဘာဟု ဆိုလိုသည်။
သုညကမ္ဘာ၌ မြတ်စွာဘုရားများသာ မပွင့်သည်။ ပစ္စေကဗုဒ္ဓါနှင့် စကြာ မင်းတို့ ဖြစ်ထွန်းပွင့်ပေါ်နိုင်ကြောင်းကို အပဒါန်ပါဠိတော် ပဌမဝဂ် ဥပါလိထေရသုတ် စသည်ကို ထောက်ဆ၍ သိရာ၏…။
မှန်၏.. ဥပါလိထေရသုတ်နှင့် အဋ္ဌကထာတို့၌ “ဤကမ္ဘာမှ ပြန်၍ရေတွက် လျှင် နှစ်ခုမြောက်သော ကမ္ဘာ၌ အဉ္စသမင်း၏သားတော် ခတ္တိယမည်သော မင်းသားသည် ဥယျာဉ်မှအထွက်တွင်ဒေဝီလပစ္စေကဗုဒ္ဓါအား ပြစ်မှားကြောင်း” လာရှိသည်။ ထိုကမ္ဘာ၌ မြတ်စွာဘုရားပွင့်သည်ဟု ကျမ်းဂန်အဆိုမရှိ။ အပဒါန် အဋ္ဌကထာ ဘဒ္ဒဇိထေရသုတ်အဖွင့်၌လည်း “မြတ်စွာဘုရားမှ ကင်းဆိတ်သော သုညကမ္ဘာကြီး၌ ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို လုပ်ကျွေးခဲ့ဖူးသည်”ဟူ၍ သုည ကမ္ဘာတွင် ပစ္စေကဗုဒ္ဓါများ ပွင့်ကြောင်း လာရှိသည်။ အပဒါန်ပါဠိတော် ကုသုမာသနိယ ထေရသုတ်၌ “တိဏသန္တရမထေရ်၏အလောင်းသည် ဤကမ္ဘာမှ ပြန်၍ရေသော် နှစ်ခုမြောက်ကမ္ဘာ၌ မိဂသမ္မတစကြာမင်း ဖြစ်ခဲ့ဖူးသည်” ဟူ၍၎င်း ဤသို့ စသည်ဖြင့် သုညကမ္ဘာတွင် စကြာမင်းများ ဖြစ်နိုင်ကြောင်း လာရှိသည်။
မြတ်စွာဘုရားများပွင့်တော်မူရာ အသုညကပ်=အသုညကမ္ဘဝသည်လည်း (က) သာရကမ္ဘာ၊ (ခ)မဏ္ဍကမ္ဘာ၊ (ဂ) ဝရကမ္ဘာ၊ (ထ) သာရမဏ္ဍကမ္ဘာ၊ (၄) ဘဒ္ဒကမ္ဘာဟူ၍ ငါးပါးအပြားရှိပြန်သည်။ ထိုတွင် −−−
(က) ဘုရားတစ်ဆူသာပွင့်လျှင် သာရကမ္ဘာမည်၏။
(ခ) နှစ်ဆူပွင့်လျှင် မဏ္ဍကမ္ဘာမည်၏။
(ဂ) သုံးဆူပွင့်လျှင် ဝရကာမည်၏။
(ဃ) လေးဆူပွင့်လျှင် သာရမဏ္ဍကမ္ဘာမည်၏။
(င) ငါးဆူပွင့်လျှင် ဘဒ္ဒကမ္ဘာမည်၏။
တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ဝရ သုံးဆူသာ၊
သာရမဏ္ဍ −−− လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ၊
တစ်ဆူသော်မှ၊ မပွင့်က၊ သုညကပ် ကမ္ဘာ။
(နှုတ်ရဆောင်)