ကာယကံ ၊ ဝစီကံ ကောင်းအောင် စောင့်ထိန်းခြင်းကို သီလဟု ခေါ်သည်။ လူသားတို့ အမြဲတမ်း စောင့်ထိန်းအပ်သောသီလသည် ငါးပါးရှိသောကြောင့် ငါးပါးသီလ ဟုခေါ်သည်။ လူသားသည် မေတ္တာတရား ကိုယ်ချင်းစာတရား ရှိရ၏။
(၁) မိမိကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်လျှင် မခံနိုင်သလို သူတစ်ပါးတို့ကိုလည်း မနှိပ်စက် မညှင်းပန်း မသတ်ဖြတ်ပါနှင့်။
(၂) မိမိပစ္စည်းကို ခိုးယူလျှင် မကြိုက်သလို သူတစ်ပါးတို့ ပစ္စည်းကိုလည်း မခိုးယူပါနှင့်။
(၃) မိမိသားသမီး ဇနီးတို့ကို စော်ကားကျူးလွန်လျှင် မကျေနပ်သလို သူတစ်ပါး သားသမီး ဇနီးတို့ကိုလည်း မစော်ကား မကျူးလွန်ပါနှင့်။
(၄) မိမိကို လိမ်ညာ၍ ပြောလျှင် မနှစ်သက်သလို သူတစ်ပါးတို့ကိုလည်း လိမ်ညာ၍ မပြောပါနှင့်။
(၅) အရက်သေစာ မူးယစ်ဆေးဝါး သောက်စားလျှင် (သောက်စားပြီး စော်ကားလာလျှင်) မိမိ သည်းမခံနိုင်သလို သူတစ်ပါးတို့ကိုလည်း မူးယစ်သောက်စား၍ မစော်ကားပါနှင့်။
၁။ မျက်စိ နား နှာ အင်္ဂါ ခြေ လက် ချို့ယွင်းတတ်ခြင်း။
၂။ ဖြစ်ရာဘဝ၌ ရုပ်သွင် မွဲပြာခြောက်ညှိုး၍ စိုစိုပြည်ပြည် မရှိတတ်ခြင်း။
၃။ အားအင်ချို့ယွင်းခြင်း (အားနည်းခြင်း)။
၄။ လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း။
၅။ ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့ခြင်း။
၆။ အသတ်ကို ခံရတတ်ခြင်း (ဝါ) ကိုယ်ကိုယ်တိုင် အဆိပ်စသည်များစားလျက် သေရတတ်ခြင်း။
၇။ အနာရောဂါ များတတ်ခြင်း။
၈။ အခြွေအရံ ပျက်စီးတတ်ခြင်း။
၉။ အသက်တိုခြင်းစသည် အပြစ်များပြားလှပေ၏။
(ဆောင်ပုဒ်) ပါဏာတိပတ်၊ သူ့သက်သတ်က၊ ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချို့ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာ့သည်၊ ရှောင်က အပြန်အကျိုးတည်း။
ပါဏာတိပါတာကံ မြောက်ကြောင်း အင်္ဂါ ၅ ပါး
၁။ သက်ရှိသတ္တဝါဖြစ်ခြင်း
၂။ သက်ရှိသတ္တဝါဟုသိခြင်း
၃။ သတ်လိုစိတ်ရှိခြင်း
၄။ သတ်ခြင်း နှင့်
၅။ သေခြင်း တို့တည်း။
ထိုအကြောင်းငါးပါးစုံမှ ကံမြောက်သည်။
၁။ မွဲတတ်ခြင်း။
၂။ ဆင်းရဲတတ်ခြင်း။
၃။ ငတ်မွတ်ခြင်း။
၄။ အလိုရှိသောအရာကို မရနိုင်ခြင်း။
၅။ ကူးသန်းရောင်းဝယ်မှု မတတ်ခြင်း စသည်တို့ကြောင့် စည်းစိမ်ပျက်တတ်ခြင်း။
၆။ ရေ မီး သူခိုး အမွေခံ သားဆိုး သမီးဆိုး မင်းဆိုးဟူသော ရန်သူမျိုးငါးပါး၏ ဖျက်စီးမှုကြောင့် ဥစ္စာပျက်စီးရခြင်းစသည့် မကောင်းကျိုးများကို ရတတ်၏။
(ဆောင်ပုဒ်) အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ မီး သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း။
အဒိန္နာဒါနကံမြောက်ကြောင်း အင်္ဂါ ၅ ပါး
၁။ သူတစ်ပါးဥစ္စာဖြစ်ခြင်း
၂။ သူတစ်ပါးဥစ္စာဟုသိခြင်း
၃။ ခိုးလိုသည့်စိတ်ရှိခြင်း
၄။ ခိုးယူခြင်း
၅။ ခိုးယူမှု အထမြောက်ခြင်း
၁။ မလိုမုန်းထားသူ ပေါများခြင်း။
၂။ မုန်းရုံမက ရန်သူပေါများခြင်း။
၃။ လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။
၄။ ချမ်းသာမှ ကင်းဆိတ်ခြင်း။
၅။ မိန်းမဖြစ်ရခြင်း။
၆။ မိန်းမ မဟုတ် ယောက်ျားမဟုတ် (အလှဖန်တီးရှင်) ပဏ္ဍုတ်ဖြစ်ရခြင်း။
၇။ ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း။
၈။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။
၉။ အင်္ဂါလက္ခဏာ ဣန္ဒြေတို့ ချို့ယွင်းသေးသိမ်ခြင်း။
၁၀။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။
၁၁။ ချစ်သူနှင့် ကွေကွင်း ကွဲကွာရခြင်းစသည်ဖြင့် အပြစ်ကြီးကျယ် များပြားပါသည်။
(ဆောင်ပုဒ်) မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူ ပွား၍၊ ရှားပါး လာဘ်တိတ်၊ ချမ်းသာ ဆိတ်၏။ ရူပ ဣန္ဒြေ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း။
ကာမေသုမိစ္ဆာစာရကံမြောက်ကြောင်း အင်္ဂါ ၄ ပါး
၁။ မကျုးလွန်အပ်သောမိန်းမ/ယောက်ျား ဖြစ်ခြင်း
၂။ မှီဝဲလိုစိတ်ရှိခြင်း
၃။လုံလပြု ခြင်းနှင့်
၄။ သာယာခြင်း တို့တည်း။
၁။ စကားပီပီသသ မပြောတတ်ခြင်း။
၂။ သွားများ မညီမညွတ်ရှိခြင်း။
၃။ ခံတွင်း,ပါးစပ် ပုပ်ညှီခြင်း။
၄။ ကိုယ်,အရေအသား ပူရှိန်းခြောက်ကပ်ပြီး စိုစို ဖတ်ဖတ် မရှိခြင်း။
၅။ မျက်စိ,နား စသော ဣန္ဒြေများ နောက်ကျူကျူရှိခြင်း။
၆။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း။
၇။ သူတစ်ပါးအပေါ်၌ ဩဇာအာဏာ မတည်ခြင်း။
၈။ အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
၉။ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လီတတ်ခြင်းစသည် အပြစ်များလှပါသည်။
(ဆောင်ပုဒ်) မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏၊ မရောက်ဩဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း။
မုသာဝါဒကံမြောက်ခြင်း အင်္ဂါ ၄ ပါး
၁။ မမှန်ကန်သောအကြောင်းဖြစ်ခြင်း
၂။ အမှားကိုသိစေခြင်း
၃။ လိမ်လည်ခြင်း နှင့်
၄။ အလိမ်ခံရသူက အမှားကို
အမှန်ဟုထင်ခြင်းတို့တည်း။
၁။ အရေးအခွင့် သင့်−မသင့်ကို မသိတတ်ခြင်း။
၂။ ပျင်းရိတတ်ခြင်း။
၃။ မေ့လျော့ မူးရူးတတ်ခြင်း။ (နောက်ဘဝ အဆက်ဆက်လည်း အရူးအနှမ်း ဖြစ်တတ်ခြင်း)
၄။ သူများပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း။
၅။ ဟိရီ ဩတ္တပ္ပဟူအေသာ အရှက်အကြောက်မှ ကင်းခြင်း။
၆။ သေရည်အရက်ကို သောက်မိလျှင် မည်သည့်အကုသိုလ်မှ မရှောင်ကြည်ဘဲ မကောင်းမှုအားလုံးကို ပြုမိလွယ်ခြင်း။
(ဆောင်ပုဒ်) သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့် မသိ၊ ပျင်းရိ မေ့ရူး၊ ကျေးဇူး မဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ အငြိုလွယ်စွာ၊ ပြုကျင့်ရသည်၊ ရှောင်ခါအပြန် အကျိုးတည်း။
သုရာမေရယကံမြောက်ရန်အတွက် အင်္ဂါလေးချက်ရှိသည်။ယင်းတို့ကား-
- သုရာစသည် တစ်ပါးပါးဖြစ်ခြင်း
- သောက်စားလိုသောစိတ်ရှိခြင်း
- သောက်ဖြစ်အောင်လုံ့လပြုခြင်း
- သောက်စားခြင်း ( ဣတိဝုတ်။ ဌ။ နှင့် သမ္မော။ ဌ။)