ပါဠိဘာသာ သရဏဂမနကို မြန်မာစကားဖြင့် သရဏဂုံဟု ခေါ်ပါသည်။
သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။
ဂမန = ယုံကြည်ဆည်းကပ်ခြင်း။
မြတ်စွာဘုရားသည် အားကိုးရာ သရဏ။ မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။ သံဃာတော်အပေါင်းသည် အားကိုးရာ သရဏ။ လူတို့က အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ခြင်းသည် ဂမန = ဂုံ
ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ခြင်းကို သရဏဂမန = သရဏဂုံသုံးပါးဟု ခေါ်သည်။
၁။ မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် ဗုဒ္ဓသရဏဂုံ တည်သည်။
၂။ မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။
၃။ သံဃာတော်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။
သရဏဂုံတည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။
သရဏဂုံဆောင်ပုဒ်
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံသုံးပါး၊ တည်သူများ၊ ရငြား ချမ်းသာစုံ။
သရဏဂုံ ညစ်နွမ်းခြင်း (၄) မျိုး
၁။ ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင်ဖြစ်စေ
၂။ အသိမှားလျှင်ဖြစ်စေ
၃။ ယုံမှားသံသယရှိလျှင်ဖြစ်စေ
၄။ ရတနာသုံးပါးကို မရိုသေလျှင်ဖြစ်စေ
သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံညစ်နွမ်းလျှင် ကြီးကျယ်ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။
ဆောင်ပုဒ်
ရတနာ့ဂုဏ်ရည်၊ မသိပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ သိမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ ယုံမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ မရိုသေ၊ ညစ်ပေ သရဏဂုံ။
သရဏဂုံပျက်ပုံ (၂) မျိုး
တစ်စုံတစ်ယောက်၏ သန္တာန်၌ တည်နေသော သရဏဂုံသည်
၁။ တခြားဘာသာ အယူဝါဒကို ယုံကြည်ကိုးကွယ်လျှင်ဖြစ်စေ
၂။ သေဆုံးသောကြောင့်ဖြစ်စေ
သရဏဂုံ ပျက်စီး၏။
အယူဝါဒတစ်ပါး ပြောင်းသွားကိုးကွယ်၍ သရဏဂုံပျက်စီးလျှင် ဒိဋ္ဌိ တဏှာ စသော ကိလေသာပွား၍ အပြစ်များ၏။ သေဆုံးသောကြောင့် သရဏဂုံပျက်စီးလျှင်မူ သဘာဝတရားဖြစ်၍ မည်သည့်အပြစ်မျှ မရှိပေ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ သုဿာန်၌ သရဏဂုံခံယူခြင်းကြောင့် အသက်ရှင်သူများအတွက် ကုသိုလ်တိုးပါသည်။
ဆောင်ပုဒ်
ဘာသာတစ်ပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။
သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။