🕯ဗုဒ္ဓ ကြောင်းရာ၊ ကောင်းစွာ သိမှ၊ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
🕯ကြည်ညိုသူက ဟောညွှန်ပြမှ၊ စိတ်က နှစ်ခြိုက် လိုက်ကြသည်။
🕯ဂုဏ်တော်တန်တန် မှန်မှန်ရလို့၊ ခဏခဏ ရွတ်သင့်သည်။
🕯အကျိုးနှင့်ကံ ဝေဘန်တတ်မှ၊ ကံကောင်း ကံမြတ် ပြုလိမ့်မည်။
🕯တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။
🕯တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။
🕯ယခုတစ်ဖန် အမှန်လမ်းသို့ အမြန်လှမ်းဖို့ ချိန်တော်ပြီ။
🕯သို့မှတိုင်းပြည် ဘာသာရေးကြောင့် သာယာအေးဆေး ရှိလိမ့်မည်။
💐ရှင်တော်ဘုရား သားတော်များဟု မှတ်သားခေါ်ရ သံဃာမည်။
💐သံဃာဆိုက နှစ်မျိုးရမည် ပရမတ္ထ သမ္မုတီ။
💐တရားသိကာ ရိယာမြတ်မှ ပရမတ္ထ ခေါ်ရသည်။
💐သမ္မုတိဆို ထိုသံဃာ၌ ဆိုး,ကောင်းနှစ်ဝ ရှိကြသည်။
💐ပစ္စည်းလေးဖြာ လှူရှာကြသည့် ဗုဒ္ဒဝါဒ တို့တိုင်းပြည်။
💐အကောင်းကိုသာ ကိုးကွယ်ကြဖို့ စိတ်ကနိစ္စ ထားရမည်။
💐အကောင်းတွေက အသက်ပေးလို့ သာသနာရေး ဆောင်သင့်ပြီ။
💐မဆောင်နိုင်သော် ဘာသာပျက်၍ သာသနာသက် ဆုံးလိမ့်မည်။
လောကေ = လူ့ရွာ၌၊ ဗုဒ္ဓေါ ဗုဒ္ဓေါတိ ဃောသော = ဘုရား ဘုရားဟူသော အသံကိုပင်၊ အတိဒုလ္လဘတရော = အလွန်ကြားရခဲတုံသေး၏။ ဗုဒ္ဓဘာဝေါ = ဘုရား အဖြစ်ကိုကား၊ ကာကထာ = အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
တသ္မာ = ထို့ကြောင့်၊ ဝိဘာဝီ = ပညာရှိကုန်သော၊ ဝိဝိဓ ဟိတသုခံ = အထူးထူး အပြားပြားသော စီးပွားချမ်းသာကို၊ ပတ္ထယန္တာ = တောင့်တကုန်သော၊ သာဓဝေါ = သူတော်ကောင်းတို့သည်။
ဣဋ္ဌံ = အလိုရှိအပ်သော၊ အတ္ထံ = အကျိုးစီပွားကို၊ ဝဟန္တံ = ရွက်ဆောင်တော် မူတတ်ထသော၊ သုရနရ မဟိတံ = နတ်,လူ တို့သည် ပူဇော်အပ်တော်မူထသော၊ နိဗ္ဘယံ = ဘေးမရှိထသော၊ ဒက္ခိဏေယျံ = မြတ်သောအလှူကို ခံတော်မူထိုက်ထသော၊ လောကနံ = လူသုံးပါးတို့၏၊ နန္ဒိဝဍ္ဎံ = နှစ်လိုခြင်းကို ပွားစေတတ်ထသော၊ ဒသဗလံ = ဆယ်ပါးသော အားတော်နှင့် ပြည့်စုံတော်မူထသော၊ အသမံ = တုဘက်ကင်းတော်မူထသော၊ တံ ဗုဒ္ဓံ = ထိုမြတ်စွာဘုရားကို၊ နိစ္စံ = အမြဲ၊ နမဿန္တု = ရှိခိုးစေကုန်သတည်း။
− မဟာနမက္ကာရ
ပညာကြီးလတ် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။
အပူကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပာယ် မြတ်နိုးဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းတာ။
နှလုံးသားဝယ် ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။
− ယောဆရာတော်ကြီး
ညီမလေးငယ် − ညီလေးငယ်၊ ဘုရားရှိခိုး အိပ်ပါကွယ်။
ဘုရားမှာ ဘာတွေရှိ၊ ဂုဏ်တော် ၉ ပါး ရှိ။ (ရှိ)
ဂုဏ်တွေရှိဖို့ တို့ဘုန်းကြွယ်၊ ဘာတွေ ဖြည့်ကျင့်တယ်။
စွန့်ခြင်း ၅ သွယ်၊ အကျင့် ၃ ပါး၊ ပါရမီတွေ ဖြည့်ကျင့်ပွား။
လောကသားတို့ အကျိုးငှာ၊ ဗုဒ္ဓလမ်းစဉ် အတုခိုးပါ။ (ခိုး)
ဂုဏ်ရှိတာကို အတုခိုးတော့၊ ရှိခိုးတယ်လို့ ခေါ်တာပေါ့။
(ရှိ) + (ခိုး) = (ရှိခိုး)
ငါးပါးသီလ စသည်တို့ကို မဆောက်တည်မီ “နမော တဿ” ဖြင့် ရှိခိုးကန်တော့ခြင်း ဖြစ်သည်။ နမောတဿ ဘုရားရှိခိုးသည် တိုတိုနှင့် အဓိပ္ပာယ်ပြည့်ဝ၍ အကောင်းဆုံး သတ်မှတ်ကာ ဗုဒ္ဓဘာသာ အစဉ်အလာ၌ အများဆုံး ရွတ်ဆိုပူဇော်ကြသည်။
(သတိရတိုင်းရွတ်လျှင် အန္တရာယ်ကင်း၍ ချမ်းသာခြင်းနှင့် ပြည့်စုံ၏။ )