🌿🍂 ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ 🍂🌿
“ခါဒိတဗ္ဗောတိ ခန္ဓာ” ဇာတိ၊ ဇရာမရဏစသော သံသရာဒုက္ခအပေါင်းတို့သည် ခံစားအပ်သောကြောင့် သဘောတရားအစုကို ခန္ဓာ ဟုခေါ်၏။
တဏှာ၊ ဒိဋ္ဌိဟူသော ဥပါဒါန်တရားတို့ဖြင့် စွဲလန်းနိုင်ရာဖြစ်သောကြောင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ၅ပါးတို့သည် ဥပါဒါနက္ခန္ဓာ မည်၏။
တဏှာ၊ ဒိဋ္ဌိတို့ဖြင့် မစွဲလန်းနိုင်သော အနုပါဒါနက္ခန္ဓာတို့ကိုကား ဝိပဿနာရှုဖွယ် မလိုတော့ချေ။
ဥပါဒနဿ ပစ္စယဘူတာ ဓမ္မပုဉ္ဇာ ဓမ္မရာသယော အတ္ထော - ဥပါဒါန်တရားတို့၏ဖြစ်ကြောင်းဖြစ်သော သဘောတရားအစုကိုသာ ဥပါဒါနက္ခန္ဓာ ဟူ၍ ခေါ်ဆိုခြင်း ဖြစ်၏။
ဥပါဒါနက္ခန္ဓာ - အရမှာ ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ ဝိညာဏ်ဟူသော ခန္ဓာ ၅ပါးပင် ဖြစ်၏။
ဥပါဒါနက္ခန္ဓာ - ဟုဆိုရာ၌ ဥပါဒါန်တရားနှင့် ခန္ဓာငါးပါးကို ပေါင်းစပ်ဆိုထားခြင်း ဖြစ်၏။
ဥပါဒါန်ဟူသည်မှာ မြွှေသည် ဖားကို မြဲမြံစွာဖမ်းယူသကဲ့သို့ မိမိအလိုရှိအပ်သော အာရုံ၀တ္ထုကို ပြင်းပြစွာ စွဲယူတတ်သော ဒိဋ္ဌိနှင့်တဏှာ တရား ၂ပါး ဖြစ်၏။
ထိုဥပါဒါန် ၂ပါးကို အမျိုးအစား ၄ပါး ခွဲ၍ညွှန်ပြ၏။
၁ - ကာမုပါဒါန် - မိမိအလိုရှိသော ကာမဂုဏ်အာရုံတို့ကို ကာမတဏှာဖြင့် မြဲမြံစွာ စွဲယူတတ်မှုသဘောသည် ကာမုပါဒါန် မည်၏။
၂ - ဒိဋ္ဌုပါဒါန် - ၆၂ ပါးသော အယူမှားဒိဋ္ဌိများ၊ နိယတမိစ္ဆာဒိဋ္ဌိကြီး ၃ပါး၊ နတ္ထိဒိန္နံ - အလှူအကျိုးမရှိ၊ နတ္ထိယိဋ္ဌံ - ယဇ်ပူဇော်လှူမှုအကျိုးးမရှိ၊ နတ္ထိဟုတံ - ယဇ်ကြီး ပူဇော်လှူဒါန်းမှုအကျိုးမရှိ၊ နတ္ထိ သုကဋဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော - ကောင်းမှုမကောင်းမှုအကျိုးမရှိ၊ နတ္ထိ အယံလောကော - ဤလောကမရှိ။ နတ္ထိ ပရောလောကော - တမလွန်လောကမရှိ၊ နတ္ထိ အယံလောကော - ဤလောကမရှိ။ နတ္ထိ ပရောလောကော - တမလွန်လောကမရှိ။ နတ္ထိ မာတာ၊ အမေ၌ပြုအပ်သောအကျိုးမရှိ။ နတ္ထိ ပိတာ၊ အဖေ၌ပြုအပ်သော အကျိုးမရှိ။ နတ္ထိ သြပပါတိကာ၊ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါတို့မရှိ။ နတ္ထိ သမဏဗြဟ္မဏာ - ထူးသောအသိမြင်ရှိကုန်သော ရဟန်းပုဏ္ဏားတို့မရှိဟူသော ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ(၁၀)ပါး။
ဤဒိဋ္ဌိတရားတို့သည် အမှန်သဘောမှ ဖောက်ပြန်မှားယွင်းစွာ ယူတတ်သောကြောင့် ဒိဋ္ဌုပါဒါန် မည်၏
၃ - သီလဗ္ဗတုပါဒါန် - နွား၊ ခွေးစသောသတ္တဝါတို့၏ အလေ့အကျင့်မျိုးတို့ဖြင့် သံသရာမှစင်ကြယ်၏ဟု စွဲမြဲစွာယူခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏။
၄ - အတ္တဝါဒုပါဒါန် - အတ္တ(ငါ၊ယောကျာ်း၊မိန်းမ၊အနှစ်အသား) ဟူသော အယူဝါဒကို မြဲမြံစွာစွဲယူမှု သဘောသည် အတ္တဝါဒုပါဒါန် မည်၏။
ထိုအတ္တဝါဒအယူသည် အရေအတွက်အားဖြင့်ကား (၂၀) ရှိ၏။
၁ - ရူပံ အတ္တတော - ရုပ်ကို ငါဟု စွဲယူ၏။
၂ - ရူပဝန်တံ ဝါ အတ်တာနံ - ငါကို ရုပ်ဟု စွဲယူ၏။
၃ - အတ္တနိဝါ ရူပံ - ငါထဲ၌ ရုပ်ရှိသည်ဟု စွဲယူ၏။
၄ - ရူပသ္မိံဝါ အတ္တာနံ - ရုပ်ထဲ၌ ငါရှိသည်ဟု စွဲယူ၏။
ထိုအတူ ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ်တို့၌လည်း ၄မျိုးစီဖြစ်သဖြင့် ခန္ဓာ၅ပါး၌ အတ္တဒိဋ္ဌိ ၂၀သည် အတ္တဝါဒုပါဒါန် မည်၏။
ပရမတ်တရားအားဖြင့် ကာမုပါဒါန်သည် လောဘဖြစ်၏။ ကျန်ဥပါဒါန် ၃မျိုးသည် ဒိဋ္ဌိဖြစ်၏။
ထို့ကြောင့် တဏှာနှင့်ဒိဋ္ဌိတရား ၂ကိုသာလျှင် ဥပါဒါန်တရား ဟုဆိုရပေ၏။
ခန္ဓာဟူသည် အသိဉာဏ်ဖြင့် သိအပ်သော ဓမ္မပုဉ္စ၊ ဓမ္မရာသိ သဘောတရား၊ အစုအပေါင်းကိုသာဆိုခြင်း ဖြစ်၏။
ထိုသဘောတရားအစုသည် ၅စု ရှိသဖြင့် ပဉ္စက္ခန္ဓာ ဟု ဆို၏။
ဥပါဒါန်တရားတို့ဖြင့် စွဲလန်း၍ ဥပါဒါနက္ခန္ဓာ ၅ပါး ဖြစ်၏။
၁ - ရူပက္ခန္ဓာ - ဖောက်ပြန်မှုအစု။ (မဟာဘုတ် ၄ပါးနှင့် ဥပါဒါရုပ် ၂၄ပါး)
၂ - ဝေဒနာက္ခန္ဓာ - ခံစားမှုအစု။ (ဝေဒနာစေတသိက် ၁ပါး)
၃ - သညာက္ခန္ဓာ - မှတ်သားမှုအစု။ (သညာစေတသိက် ၁ပါး)
၄ - သင်္ခါရက္ခန္ဓာ - ပြုစီရင်မှုအစု။ (လောဘ၊ဒေါသစသည်စေတသိက် ၅၀)
၅ - ဝိညာဏက္ခန္ဓာ - သိမှုအစု။ (စားသိ၊နံသိစသည်သိစိတ် ၁ပါး)
ထိုခန္ဓာ ၅ပါးတို့သည် တဏှာ၊ ဒိဋ္ဌိဟူသော ဥပါဒါန်တရားတို့၏အာရုံဖြစ်သောကြောင့်လည်းကောင်း၊ စွဲလန်းကြောင်းဖြစ်သောကြောင့်လည်းကောင်း ဥပါဒါနက္ခန္ဓာ မည်၏။
ဥပါဒါန်၏ဖြစ်ကြောင်းမဟုတ်၊ အာရုံမဟုတ်သော ခန္ဓာငါးပါးသည် အနုပါဒါနက္ခန္ဓာ မည်၏။
ထိုနှစ်မျိုးတွင် ဤ၌ ဥပါဒါနက္ခန္ဓာကို ဟောတော်မူ၏။
ရုပ်၂၈ပါး၊ စိတ်၈၉ပါး၊ စေတသိက် ၅၂ပါး၊ နိဗ္ဗာန်တို့သည် မိမိတို့၏ သဘောလက္ခဏာမှ မဖောက်မပြန် မှန်ကန်တည့်မတ်ဂုဏ်သကတ်ကြောင့် ပရမတ် မည်၏။
ထိုပရမတ် ၄ပါးမှလွဲ၍ ပုဂ္ဂိုလ်၊သတ္တဝါ၊နာမည်၊ဒြပ်၊ပုံသဏ္ဏာန် စသည်တို့သည် လူတို့သမုတ်သဖြင့် သိစေအပ်သောကြောင့် ပညတ် မည်၏။
ထိုတွင် ရုပ်၊ ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ်၊နိဗ္ဗာန်ဟူသော အမည်နာမတို့သည်လည်း ပညတ် ပင်ဖြစ်၏။
ထိုရုပ်၊ ဝေဒနာစသည်တို့၏ ဖောက်ပြန်မှု၊ ခံစားမှု၊ မှတ်သားမှု၊ ပြုပြင်စီရင်မှု၊ သိမှုဟူသော ဉာဏ်ဖြင့် ထိုးထွင်းသိအပ်သော သဘောတရားတို့သည်သာ ပရမတ် ဖြစ်၏။
ရုပ်မှန်သမျှတို့သည် ကံ၊စိတ်၊ဥတု၊အာဟာရ ဟူသောအကြောင်း၄မျိုးတို့ကြောင့် ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ်ဒေသနာ - အရ ဝိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုး၅ပါးတို့သည် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်နှင့် ကမ္မဘဝ ဟူသော အကြောင်း၅မျိုးတို့ကြောင့် ဖြစ်၏။
ထို့ကြောင့် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူသော ခန္ဓာငါးပါးတို့သည် အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဥပါဒါန် တို့ကြောင့် ဖြစ်၏။
ခန္ဓာငါးပါး၌ အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဥပါဒါန် ဟူသော အကြောင်း ၂၀ နှင့် ခန္ဓာငါးပါးဟူသော အကျိုး ၅ပါး ဖြစ်၏။
ရုပ်သည် အာဟာရကြောင့်လည်း ဖြစ်ရသဖြင့် ရူပဿ သမုဒယော အရ အဝိဇ္ဇာသမုဒယာ ရူပသမုဒယော၊ တဏှာသမုဒယာ ရူပသမုဒယော၊ ကမ္မသမုဒယာ ရူပသမုဒယော၊ အာဟာရသမုဒယာ ရူပသမုဒယော ဟူ၍ အဝိဇ္ဇာ၊ တဏှာ၊ ကံ နှင့် အာဟာရတရားတို့ဖြစ်ခြင်းကို ‘ဒါ ရုပ်ဖြစ်ကြောင်းပဲ’ ဟု သိမှတ်ရပေ၏။
အဝိဇ္ဇာနိရောဓာ အဝိဇ္ဇာချုပ်မှုကြောင့်လည်းကောင်း၊ တဏှာနိရောဓာ တဏှာချုပ်မှုကြောင့်လည်းကောင်း၊ ကမ္မနိရောဓာ ကံချုပ်မှုကြောင့်လည်းကောင်း၊ အာဟာရနိရောဓာ အာဟာရချုပ်မှုကြောင့်လည်းကောင်း၊ ရုပ်တို့သည် ချုပ်ငြိမ်းကုန်၏။
ထို့ကြောင့် ရူပဿ အတ္ထင်္ဂမော အရ အဝိဇ္ဇာ၊ တဏှာ၊ ကံ နှင့် အာဟာရ တရားတို့ချုပ်မှုကို ‘ဒါ ရုပ်ချုပ်ကြောင်းပဲ’ ဟု သိမှတ်ရပေ၏။
မဂ္ဂင် ၈ပါး အကျင့်တရားသည် ရုပ်တို့၏ချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း မည်၏။
ထိုရုပ်၌မှီ၍ဖြစ်သော သုခ၊ သောမနဿသည် ရုပ်တို့၏သာယာဖွယ် အဿာဒ မည်၏။
ထိုရုပ်တို့၏ မမြဲမှု၊ ဆင်းရဲမှု၊ ဖောက်ပြန်ဖြစ်မှုတို့သည် ရုပ်၏ အပြစ် အာဒီန၀ မည်၏။
ထိုရုပ်တို့၌ ဆန္ဒရာဂ ကို ပယ်ခွာမှုသည်ပင်လျှင် ရုပ်တရားတို့၏လွတ်မြောက်ရာ နိဿရဏ မည်၏။
ဓမ္မာနုပဿနာယောဂီသည် မိမိ၏အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ မိမိမှအပ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလန်းနိုင်ရာ ခန္ဓာငါးပါးတို့ကို ဖောက်ပြန်မှု၊ ခံစားမှု စသည်အားဖြင့် သဘောတရားမျှ ရှိ၏ဟု သတိမပြတ်သိမှတ် ရ၏။
ထိုရုပ်နာမ်သဘောတရားတို့၏ ဥပါဒါအခိုက်၊ ဌီအခိုက်တို့၌ ဖြစ်မှုနှင့် ဖြစ်ကြောင်းတို့ကိုလည်းကောင်း၊ ဘင်အခိုက်၌ ပျက်မှုနှင့်ပျက်ကြောင်းတို့ကို လည်းကောင်း၊ သတိမပြတ် ရှုမှတ်ရ၏။
ထို့ပြင် ခန္ဓာတရားတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းနှင့် ဖြစ်ကြောင်းပျက်ကြောင်းတို့ကို မမြဲမှုအနိစ္စအားဖြင့်လည်းကောင်း၊ ဆင်းရဲမှုဒုက္ခအားဖြင့်လည်းကောင်း၊ အနှစ်အသားမရှိမှု အနတ္တအားဖြင့်လည်းကောင်း မပြတ်သိမှတ်သဖြင့် ရုပ်နှင့်နာမ်ဟူသော သဘောတရားမျှသာ ရှိ၏။ ရုပ်နာမ်သဘောတရားတို့မှတစ်ပါး တခြား ပုဂ္ဂိုလ်၊ သတ္တဝါ ဘာမျှမရှိဟု သတိရှေးရှုထင်စေလျက် သတိပဋ္ဌာန်အသိဉာဏ် အဆင့်ဆင့် တိုးပွားစေရ၏။
ထိုရုပ်နာမ်သဘောအစု၌ တဏှာဒိဋ္ဌိတို့ဖြင့် မမှီမူ၍ နေသည် မည်၏။
စွဲလန်းမှု ဥပါဒါန်၏ အာရုံလောက၌ တစ်စုံတစ်ခုကိုမျှ ငါ၊ ငါ့ဟာဟူ၍ စွဲလမ်းခြင်းလည်း မရှိနိုင်တော့ပြီ။
ထိုနည်းဖြင့် ရုပ်နာမ်ခန္ဓာငါးပါးတို့၌ သဘောတရားတို့မျှသာဟူ၍ သတိမပြတ် အဖန်ဖန်ရှုမြင်လျက် နေအပ်ပေ၏။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ
မေတ္တာဖြင့်
TNO(30.12.2019)
Thein NaingOhn
🌿🍂 နီ၀ရဏ ၅ပါးကို ရှုမြင်ပုံ 🍂🌿
(၁) ရဟန်းတို့၊ ယောဂီပုဂ္ဂိုလ်သည် အဘယ်သို့လျင် သတ္တဝါ၊ သူ၊ ငါမဟုတ်သော နာမ်ရုပ်သဘောတရားတို့၌ သဘောတရားမျှဟု ရှုမြင်ရမည်းနည်း? ။
နီ၀ရဏတရားငါးပါးတို့၌ သဘောတရားမျှဟု ရှုမြင်ကြည့်သိနေရမည်။ မိမိကိုယ်တွင်းသန္တာန်၌ ထင်ရှားဖြစ်သောကာမဆန္ဒကိုလည်း ငါ၏ကိုယ်တွင်း၌ ကာမဆန္ဒဖြစ်၏ဟု သိ၏။ မဖြစ်သေးသော ကာမဆန္ဒဖြစ်လာလျှင်လည်း သိ၏။ ဖြစ်ပြီးကာမဆန္ဒကို တဒင်္ဂ၊ ဝိက္ခမ္ဘနတို့ဖြင့် ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးသော ကာမဆန္ဒ၏ နောင်မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
(၂) မိမိ၏ကိုယ်တွင်းသန္တာန် ထင်ရှားဖြစ်သော ဗျာပါဒကိုလည်း ငါ၏ကိုယ်တွင်း၌ ဗျာပါဒဖြစ်၏ဟု သိ၏။ မဖြစ်သေးသော ဗျာပါဒဖြစ်လာလျင်လည်း သိ၏။ ဖြစ်ပြီးဗျာပါဒကို တဒင်္ဂ၊ဝိက္ခမ္ဘနတို့ဖြင့် ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးဗျာပါဒ၏ နောင်မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
(၃) မိမိ၏ကိုယ်တွင်းသန္တာန် ထင်ရှားဖြစ်သော ထိန၊ မိဒ္ဓကိုလည်း ငါ၏ကိုယ်တွင်း၌ ထိန၊မိဒ္ဓဖြစ်၏ ဟု သိ၏။ မဖြစ်သေးသောထိန၊မိဒ္ဓဖြစ်လာလျှင်လည်း သိ၏။ ဖြစ်ပြီးထိနမိဒ္ဓကို တဒင်္ဂ၊ဝိက္ခမ္ဘနတို့ဖြင့် ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီး ထိန၊မိဒ္ဓ၏ နောင်မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
(၄) မိမိ၏ကိုယ်တွင်သန္တာန် ထင်ရှားဖြစ်သော ဥဒ္ဓစ္စကုက္ကုစ္စကိုလည်း ငါ၏ ကိုယ်တွင်း၌ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်၏ ဟု သိ၏။ မဖြစ်သေးသော ဥဒ္ဓစ္စကုက္ကုစ္စဖြစ်လျှင်လည်း သိ၏။ ဖြစ်ပြီးဥဒ္ဓစ္စကုက္ကုစ္စကို တဒင်္ဂ၊ ဝိက္ခမ္ဘနတို့ဖြင့် ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီးဥဒ္ဓစ္စကုက္ကုစ္စ၏ နောင်မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
(၅) မိမိ၏ကိုယ်တွင်သန္တာန် ထင်ရှားဖြစ်သော ဝိစိကိစ္ဆာကိုလည်း ငါ၏ကိုယ်တွင်း၌ ဝိစိကိစ္ဆာဖြစ်၏ ဟု သိ၏။ မဖြစ်သေးသော ဝိစိကိစ္ဆာဖြစ်လာလျှင်လည်း သိ၏။ ဖြစ်ပြီးဝိစိကိစ္ဆာကို တဒင်္ဂ၊ဝိက္ခမ္ဘနတို့ဖြင့် ပယ်ကြောင်းကိုလည်း သိ၏။ ပယ်ပြီး ဝိစိကိစ္ဆာ၏ နောင်မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
ကုသိုလ်တရားတို့ကို ဖြစ်ခွင်မသာအောင် ပိတ်ပင်တားဆီးတတ်သော တရားတို့သည် နီဝရဏ မည်၏။
ကာမဂုဏ်အာရုံတို့ကို လိုချင်တပ်မက်မှု လောဘသည် ကာမစ္ဆန္ဒနီဝရဏ မည်၏။
သူတစ်ပါးတို့ကို ပျက်စီစေလိုမှု ဒေါသသည် ဗျာပါဒနီဝရဏ မည်၏။
စိတ်စေတသိက်တို့၏ လေးလံထိုင်းမှိုင်းမှု၊ ငိုက်မြည်းမှုတို့သည် ထိန၊ မိဒ္ဓနီဝရဏ မည်၏။
စိတ်ပျံ့လွင့်ခြင်း၊ နောင်တပူပန်ခြင်းတို့သည် ဥဒ္ဓစ္စ၊ ကုက္ကုစ္စ နီဝရဏ မည်၏။
အာရုံတစ်မျိုးမျိုးကို မဆုံးဖြတ်နိုင်ခြင်း၊ ယုံမှားသံသယ ဖြစ်နေခြင်းသည် ဝိစိကိစ္ဆာနီဝရဏ မည်၏။
သမထ၊ ဝိပဿနာအာရုံမှ လွတ်ခိုက်၌ ဒွါရ ၆ခု တို့တွင် ထင်ပေါ်လာသော ရုပ်နာမ်တရားတို့ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ အားဖြင့် နှလုံးသွင်းမိတတ်၏။ ထိုသို့ နှလုံးသွင်းမှုသည် အယောနိသောမနသိကာရ မည်၏။
တင့်တယ်ကောင်းမြတ်သော သုဘနိမိန်အာရုံစသည်တို့ကို အယောနိသော မနသိကာရဖြင့် မသင့်လျော်စွာ နှလုံးသွင်းမှုသည် နီဝရဏတရားတို့၏ မူလအကြောင်းရင်း ဖြစ်ပေ၏။
ထိုသုဘနိမိတ်အာရုံစသည်တို့၌ ယောနိသောမနသိကာရ ဖြင့် သင့်လျော်စွာ နှလုံးသွင်းမှုစသည်တို့ကြောင့် နီဝရဏတို့သည် မဖြစ်ကုန်။
သုဘနိမိတ်ဟုခေါ်သော တင့်တယ်ကောင်းမြတ်သည့်အာရုံတို့ကြောင့် မိမိသန္တာန်၌ဖြစ်ပေါ်လာသော ကာမဆန္ဒကို --
၁ - အသုဘနိမိန်အာရုံ ယူခြင်း၊
၂ - ဣန္ဒြေတို့ကို စောင့်ထိန်းခြင်း၊
၃ - အစာအာဟာရ၌အတိုင်းအရှည်သိခြင်း၊
၄ - မိတ်ကောင်းကိုမှီဝဲခြင်း၊
၅ - အသုဘဘာဝနာပွားခြင်း၊
၆ - လျောက်ပတ်သော တရားစကားတို့ကို ပြောဆိုဆွေးနွေးခြင်းတို့ဖြင့် ပယ်ဖျောက်အပ်၏။
ပဋိဃနိမိတ်ခေါ် ဒေါသဖြစ်ကြောင်းအာရုံတို့ကြောင့် ဖြစ်ပေါ်လာသော ဗျာပါဒကို --
၁-မေတ္တာစိတ်ဖြစ်ကြောင်းကိုသင်ယူလေ့လာခြင်း၊
၂-မေတ္တာဘာဝနာပွားခြင်း၊
၃-ကံနှင့်ကံ၏အကျိုးကို ဆင်ခြင်ခြင်း၊
၄-ဒေါသ၏အပြစ်၊ မေတ္တာ၏အကျိုးတို့ကို သိမြင်ခြင်း၊
၅-မိတ်ဆွေကောင်းမှီဝဲခြင်း၊
၆-သည်းခံမှုနှင့်စပ်သောတရားစကားတို့ကို ပြောဆိုခြင်းတို့ဖြင့် ပယ်ဖျောက်အပ်၏။
ကုသိုလ်ဖြစ်သော တရားအာရုံတို့၌ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း၊ တွေေ၀ထိုင်းမှိုင်းခြင်း၊ ငိုက်မြည်းခြင်းဟူသော ထိနမိဒ္ဓတို့ ဖြစ်ပေါ်လာသောအခါ --
၁-အစားအစာ၌ အတိုင်းအရှည်ကိုသိခြင်း၊
၂-ဣရိယာပုတ် ပြောင်းလွဲပြုပြင်ခြင်း၊
၃-အလင်းရောင် အာလောက ကိုနှလုံးသွင်းခြင်း၊
၄-လွင်တီးခေါင်၌နေခြင်း၊
၅-မိတ်ဆွေကောင်းကိုမှီဝဲခြင်း၊
၆- လျောက်ပတ်သောတရားစကားကို ပြောဆိုဆွေးနွေးခြင်းတို့ဖြင့် ပယ်ဖျောက်အပ်၏
တရားသဘောအာရုံတို့၌လည်းကောင်း၊ အကျင့်သိက္ခာတို့၌လည်းကောင်း စိတ်မတည်ဘဲ ပျံ့လွင့်ခြင်းသဘော၊ နောင်တပူပန်မှုသဘောဟူသော ဥဒ္ဓစ္စ၊ ကုက္ကုစ္စတို့ ဖြစ်ပေါ်လာသောအခါ --
၁-ဓမ္မဗဟုသုတကို ရှာဖွေလေ့လာခြင်း၊
၂-ဆွေးနွေးမေးမြင်းခြင်း၊
၃-ဝိနည်းစည်းကမ်းကို သိနားလည်အောင်ပြုခြင်း၊
၄-ကျင့်၀တ်သိက္ခာကြီးမြတ်သူတို့အား မှီဝဲဆည်းကပ်ခြင်း၊
၅-မိတ်ဆွေကောင်းမှီဝဲခြင်း၊
၆-လျောက်ပတ်သောတရားစကား ပြောဆိုခြင်းတို့ဖြင့် ပယ်ဖျောက်အပ်၏။
ရတနာမြတ်သုံးပါးတို့၌လည်းကောင်း၊ အကျင့်သိက္ခာတို့၌လည်းကောင်း ယုံမှားသံသယဟူသော ဝိစိကိစ္ဆာဖြစ်ပေါ်လာသောအခါ --
၁-ဓမ္မဗဟုသုတတို့ကို ရှာဖွေလေ့လာခြင်း၊
၂-ဆွေးနွေးမေးမြန်းခြင်း၊
၃-ဝိနည်းစည်းကမ်းကို သိနားလည်အောင်ပြုခြင်း၊
၄-ရတနာမြတ်သုံးပါး၏ ဂုဏ်ကို အောက်မေ့အမှတ်ရခြင်း၊
၅-မိတ်ဆွေကောင်းမှီဝဲခြင်း၊
၆-လျောက်ပတ်သောတရားစကား ပြောဆိုခြင်းတို့ဖြင့် ပယ်ဖျောက်အပ်၏။
မိမိသန္တာန်၌ အယောနိသောမနသိကာရကြောင့် နီဝရဏတစ်ပါးပါး ဖြစ်ပေါ်လာခဲ့သော် ပေါ်လာသောနီဝရဏတို့ကို သဘောတရားမျှအဖြစ် အဖန်ဖန် အထပ်ထပ် ရှုမှတ်ဆင်ခြင်ရ၏။
ထိုနီဝရဏတို့၏ ဖြစ်ကြောင်း၊ ပျက်ကြောင်းတို့ကိုလည်း သိမှတ်အပ်၏။ ဖြစ်ပေါ်လာသော နီဝရဏတို့သည် သမထ၊ဝိပဿနာ ဘာဝနာတို့၏အစွမ်းဖြင့် ဆက်မဖြစ်တော့ပဲ ရပ်စဲလေ၏။
တဒင်္ဂ၊ ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ငြိမ်းပျောက်လေ၏။
မိမိသန္တာန်၌သိမှတ်သကဲ့သို့ သူတစ်ပါးတို့သန္တာန်၌လည်း ဤနီဝရဏတို့သည် သဘောတရားမျှတည်းဟု နှလုံးသွင်းသိမှတ်ရ၏။
ကာမစ္ဆန္ဒစသည်တို့ဟူသည် သဘောတရားတို့မျှသာ ရှိ၏။
ထိုသဘောတရားမှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါ စသည်မရှိဟု သတိရှေးရှုထင်စေလျက် သတိ၊ ဉာဏ်အဆင့်ဆင့် တိုးပွားစေရ၏။
ထိုသို့နေမှုသည်ပင် ထိုကာမစ္ဆန္ဒစသော နီဝရဏတရားအပေါင်း၌ တဏှာဒိဋ္ဌိတို့ဖြင့် မမှီမူ၍လည်း နေသည်မည်၏။
စွဲလန်းမှုဥပါဒါန်၏ အာရုံလောက၌ တစ်စုံတစ်ခုကိုမျှ ငါ၊ ငါ့ဟာဟူ၍ စွဲလန်းခြင်းလည်း မရှိနိုင်တော့ပေ။ ထိုသို့ သဘောတရားဟူသမျှတို့၌ သတိမပြတ် အဖန်ဖန်ရှုမြင်လျက် နေအပ်ပေ၏။
ထိုနီဝရဏတို့တွင် ကာမဆန္ဒခေါ် တဏှာလောဘ၊ ငိုက်မြည်းပျင်းရိမှု ထိနမိဒ္ဓ၊ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စတို့သည် အရဟတ္တမဂ်သို့ မျက်မှောက်ပြုမှသာ လုံး၀ချုပ်ငြိမ်းနိုင်၏။
ဗျာပါဒခေါ် စိတ်ဆိုးမှု၊ စိတ်ပျက်မှု၊ နှလုံးမသာယာမှု၊ ကုက္ကုစ္စခေါ် နောင်တပူပန်မှုတို့သည် အနာဂါမိမဂ်သို့ မျက်မှောက်ပြုမှသာ လုံးဝချုပ်ငြိမ်းလေ၏။
ဝိစိကိစ္ဆာခေါ် ယုံမှားသံသယသည်ကား ပုထုဇဉ်တို့၏ သီးခြားဥစ္စာသာ ဖြစ်၏။
သောတာပတ္တိမဂ်သို့ မျက်မှောက်ပြုမှသာ ချုပ်ငြိမ်းပေ၏။
သို့သော် နီဝရဏတရားတို့ကို သတိ၊ပညာဖြင့် ရှုမှတ်ဆင်ခြင်နေသမျှ ဝိပဿနာဉာဏ် အခိုက်တို့၌ကား ထိုအဖန်ဖန်ရှုမှတ်မှု အနုပဿနာဉာဏ်ဖြင့်ပင် တဒင်္ဂ၊ ဝိက္ခမ္ဘန အခိုက်အတန့်အားဖြင့်် ငြိမ်းပျောက်နေမှုသည် ဖြစ်၏။
နီ၀ရဏ ၅ပါး ရှုမြင်ပုံပြီး၏
မေတ္တာဖြင့်
TNO(29.12.2019)
Thein NaingOhn
🌿🌿🌿နီဝရဏတရား ၅ပါးကို စျာန်အင်္ဂါ ၅ပါးနှင့် ယှဉ်တွဲခြင်း🌿🌿🌿
🌼နီဝရဏ ၅ ပါး🌼
=========
၁။ကာမစ္ဆန္ဒနီ၀ရဏ
၂။ဗျာပါဒနီဝရဏ
၃။ထိန+မိဒ္ဓနီဝရဏ
၄။ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ
၅။ဝိစိကိစ္ဆာနီဝရဏ
🌼စျာန်အင်္ဂါ ၅ ပါး🌼
===========
၁။ ဝိတက်
၂။ ဝိစာရ
၃။ ပီတိ
၄။ သုခ
၅။ ဧကဂ္ဂတါ
နီဝရဏတရား ၅ပါးကို စျာန်အင်္ဂါ ၅ပါးနှင့် ယှဥ်တွဲသောအခါ ---
၁။ဝိတက် = ထိန+မိဒ္ဓနီဝရဏ
၂။ဝိစာရ = -> -> ဝိစိကိစ္ဆာနီဝရဏ
၃။ပီတိ = ဗျာပါဒနီဝရဏ
၄။သုခ = -> -> ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ
၅။ဧကဂ္ဂတာ=ကာမစ္ဆန္ဒနီ၀ရဏ
မှတ်ချက်။။နီဝရဏတရား ၅ ပါးကို ဈာန်အင်္ဂါ ၅ ပါး နှင့် အောက်ခြေမှ တစ်ခုကျော်စီယူ၍ ယှဉ်ပါ။
🌺🌺🌺🌼🌼🌼🍀🍀🍀🌻🌻🌻🌿🌿🌿
ဖဿရှင်းတမ်း
ခုတလောဖေ့စ်ဘုတ်မှာတွေ့နေရတာက ဖဿမှာတင်ရပ်ထားတယ်ဆိုတဲ့အပြောကိုတွေ့နေရပါတယ်။ ဖဿဆိုတာ ပြင်ပအာရုံ ၆ ပါးနဲ့ အာယတန ၆ ပါးတွေ့ထိခြင်းကိုဖဿခေါ်ပါတယ်။ ဖဿဖြစ်ပြီးတာနဲ့ခန္ဓာငါးပါးကတွဲလျက်ပါပါတယ်။ (ပို့စ်ပါပုံကိုကြည့်နိုင်ပါတယ်။)
ခန္ဓာ (၅) ပါးကို နှစ်မျိုးပြလို့ရပါတယ်။
၁။ ပဋိစ္စသမုပ္ပါဒ် (ဝါ) သုတ္တန်နည်းအရပြတဲ့ ခန္ဓာ (၅) ပါးနှင့်
၂။ အဘိဓမ္မာနည်းအရ ပြတဲ့ ခန္ဓာ (၅) ပါးရယ်လို့ (၂) မျိုး ပြထားပါတယ်။
ပဋိစ္စသမုပ္ပါဒါနည်းအရ ခန္ဓာငါးပါးက -
(၁) ဝိညာဏ်၊
(၂) နာမ်ရုပ်၊
(၃) သဠာယတန၊
(၄) ဖဿ၊
(၅) ဝေဒနာ တို့ဖြစ်ပြီး
အဘိဓမ္မာနည်းအရပြတဲ့ ခန္ဓာ (၅)ပါး ကတော့ -
(၁) ရုပ်ကို ခန္ဓာအနေဖြင့် ရူပက္ခန္ဓာ
(၂) ဝေဒနာကို ခန္ဓာအနေဖြင့် ဝေဒနာက္ခန္ဓာ
(၃) သညာကို ခန္ဓာအနေဖြင့် သညာက္ခန္ဓာ
(၄) သင်္ခါရကို ခန္ဓာအနေဖြင့် သင်္ခါရက္ခန္ဓာ
(၅) ဝိညာဏ်ကို ခန္ဓာအနေဖြင့် ဝိညာဏက္ခန္ဓာ တို့ဖြစ်ပါတယ်။
ပဋိစ္စသမုပ္ပါဒ် ခန္ဓာ (၅)ပါးနှင့် အဘိဓမ္မာခန္ဓာ(၅)ပါးတို့ ကွဲပြားနေသော်လည်း သဘောအားဖြင့် အတူတူပင်ဖြစ်ပါသည်။
ခန္ဓာငါးပါးမှာ နာမ်ခန္ဓာလေးပါး၊ ရုပ်ခန္ဓာတစ်ပါးဖြစ်ပြီး နာမ်ခန္ဓာလေးပါးသည် အာရုံနှင့်ဒွါရတိုက်၍ ပေါ်လာခြင်းဖြစ်ပြီး ရုပ်ခန္ဓာသည် ကံစိတ်ဥတုအဟာရကြောင့်ဖြစ်ပါတယ်။ အာရုံဒွါရတိုက်၍ ခန္ဓာငါးပါး ဖြစ်ပေါ်ပုံကို ပုံနှင့်ပြထားပါတယ်။
အဘိဓမ္မာခန္ဓာအနေဖြင့် (ပုံအရ)
၁။ ဒွါရနှင့်အာရုံသည် ရုပ် (ရူပက္ခန္ဓာ)
၂။ ဝေဒနာသည် ဝေဒနာ (ဝေဒနာက္ခန္ဓာ)
၃။ သညာသည် သညာ (သညာက္ခန္ဓာ)
၄။ သင်္ခါရသည် သင်္ခါရ (သင်္ခါရက္ခန္ဓာ)
၅။ ဝိညာဏ်သည် ဝိညာဏ် (ဝိညာဏက္ခန္ဓာ) ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်အနေဖြင့် (ပုံအရ)
၁။ စိတ်နှင့် စေတသိက်သည် နာမ်တရား (ဝိညာဏ်)
၂။ ဒွါရ+အာရုံ = ရုပ်၊ စိတ်နှင့်စေတသိက် = နာမ် (နာမ်ရုပ်)
၃။ ဒွါရနှင့်အာရုံသည် (သဠာယတန)
၄။ ဒွါရ၊ အာရုံနှင့် နာမ်တရားပေါင်းဆုံခြင်းသည် (ဖဿ )
၅။ ဝေဒနာသည် (ဝေဒနာ) တို့ဖြစ်သည်။
သဘောခြင်းအတူတူပင်ဖြစ်သည်။ ၎င်းခန္ဓာငါးပါးတို့သည် ကျောက်ခဲနှစ်လုံးအားနဲ့ခတ်လိုက်သလို ခန္ဓာငါးပါး တစ်ပြိုင်နက်ဖြစ်၊ တစ်ပြိုင်နက်ပျက်သည်။ ကောင်းကင်၌ လျှပ်စီး လက်သလိုဖြစ်ပြီးပျက်သွားခြင်းဖြစ်သည်။
မိလိန္ဒပဥှာခန်းမှာ မိလိန္ဒမင်းကြီးက ရဟန္တာမထေရ်အရှင်နာဂသိန်ကို မေးလျှောက်ခဲ့တဲ့မေးခွန်းလေးရှိပါတယ်။
“ဘန္တေ နာဂသေန - ဗုဒ္ဓအနေဖြင့် ခက်ခဲသောအလုပ်ရှိပါသလော”
“မဟာရာဇ - ရှိပါသည်။ ဗုဒ္ဓသည် လွန်စွာ ခက်ခဲသောအလုပ်ကို လုပ်ခဲ့ပါသည်။”
“အဘယ်အလုပ်ပါနည်း ဘန္တေ”
“မဟာရာဇ - တစ်ခုတည်းသော အာရုံမှာဖြစ်သော နာမ်တရားတို့ကို ဤကားဖဿ ၊ ဤကားဝေဒနာ၊ ဤကားသညာ၊ ဤကားစေတနာ၊ ဤကားစိတ်ဟူ၍ ပိုင်းခြားဝေဖန်၍ ဟောပြောရခြင်းမှာ လွန်စွာခက်ခဲ၏”
“ဥပမာပြပါ ဘန္တေ”
“မဟာရာဇ - တစ်စုံတစ်ယောက်သည် လှေဖြင့် ပင်လယ်ရှိရာသို့ တက်ဝင်၍ လက်ခုပ်ဖြင့်ရေကို ယူပြီးလျှင် လျှာဖြင့်လျက်၍ “ဤကားဂင်္ဂါရေ၊ ဤကားယမုံနာရေ၊ ဤကားအစီရဝတီရေ၊ ဤကားသရဖူရေ၊ ဤကားမဟီရေ ဟုသိနိုင်မည်လော”
“ဘန္တေ - သိနိုင်ရန်ခက်ခဲလှပါသည်”
“မဟာရာဇ - တစ်ခုသောအာရုံ၌ဖြစ်သော နာမ်တရားတို့ကို ပိုင်းခြားဝေဖန်လျှက် ပြရခြင်းသည် ထို့ထက်ခက်ခဲလှပေရကား၊ ဗုဒ္ဓသည် လွန်စွာခဲယဉ်းသောအမှုကိုပြပါသည်”
အာရုံသိသဘော၊ ခန္ဓာငါးပါးကို ပိုင်းခြားဝေဖန်ပြောရခြင်းမှာ ဗုဒ္ဓ၏ လွန်စွာခက်ခဲသော အလုပ်ဟုဆိုသဖြင့် ကျေးဇူးရှင်ပိုင်းလော့ဆရာတော်အရှင်ဇေယျပဏ္ဍိတက “ခန္ဓာငါးပါးကို သိခွင့်ရတာ၊ တရားနာရတာ၊ အဆင်သင့်စားရတာ၊ သစ္စာတရားနာကြားရတာ အင်မတန် ဘုန်းကံကြီးလို့ပါ” လို့ ဟောကြားထားပေသည်။
ခန္ဓာငါးပါးဖြစ်တဲ့နေရာ (၆) နေရာရှိပါတယ်။
(၁) မျက်စိ မှာ မြင်ခန္ဓာငါးပါး
(၂) နား မှာ ကြားခန္ဓာငါးပါး
(၃) နှာခေါင်း မှာ နံခန္ဓာငါးပါး
(၄) လျှာ မှာ စားသိခန္ဓာငါးပါး
(၅) ကိုယ် မှာ ထိသိခန္ဓာငါးပါး
(၆) စိတ်(ဘဝင်) မှာ ကြံသိခန္ဓာငါးပါး - စတဲ့ (၆) နေရာမှာ ပေါ်မှာ ဖြစ်ပါတယ်။
(၁) မျက်စိမှာ မြင်ခန္ဓာငါးပါးပေါ်ပြီး ကာလမခြားဘဲ စိတ်(ဘဝင်)မှာ ခန္ဓာငါးပါးထပ်ပေါ်ပါတယ်။
(၂) နားမှာ ကြားခန္ဓာငါးပါးပေါ်ပြီး ကာလမခြားဘဲ စိတ်(ဘဝင်)မှာ ခန္ဓာငါးပါးထပ်ပေါ်ပါတယ်။
(၃) နှာခေါင်းမှာ နံခန္ဓာငါးပါးပေါ်ပြီး ကာလမခြားဘဲ စိတ်(ဘဝင်)မှာ ခန္ဓာငါးပါးထပ်ပေါ်ပါတယ်။
(၄) လျှာမှာ စားသိခန္ဓာငါးပါးပေါ်ပြီး ကာလမခြားဘဲ စိတ်(ဘဝင်)မှာ ခန္ဓာငါးပါးထပ်ပေါ်ပါတယ်။
(၅) ကိုယ်မှာ ထိသိခန္ဓာငါးပါးပေါ်ပြီး ကာလမခြားဘဲ စိတ်(ဘဝင်)မှာ ခန္ဓာငါးပါးထပ်ပေါ်ပါတယ်။
ကြံသိခန္ဓာငါးပါးပါ။ အဲဒီ ကြံသိခန္ဓာငါးပါးမှာ ဝေဒနာအနေနဲ့ အပြင်အာရုံကိုကြိုက်ရင် သောမနဿ ဝေဒနာ၊ မကြိုက်ယင် ဒေါမနဿ ဝေဒနာ၊ ကြိုက် မကြိုက်ဆိုရင် ဥပေက္ခာ ဝေဒနာ ဆိုတဲ့ ဝေဒနာ ၃ မျိုးပေါ်ပြီး အဲဒီဝေဒနာကနေ အာရုံကပ်ငြိခြင်းဆိုတဲ့ တဏှာကူးသွားပါတယ်။ တဏှာဖြစ်ရင် ဥပါဒါန်၊ ကမ္မဘဝသည် လျှပ်စစ်ဓာတ်လိုက်သလို အင်မတန်လျှင်မြန်စွာကူးသွားပါတယ်။ ကမ္မဘဝကြောင့် အကျိုးဇာတိ ဖြစ်ပေါ်လာရပါတယ်။ ဇာတိရပြီးဆိုရင် ဇရာမရဏဆိုတဲ့ (အိုခြင်း၊ နာခြင်း၊ သေခြင်း) တရားတွေက မလွတ်နိုင်တော့ပါဘူး။ အဲဒီလိုနည်းနဲ့ ပဋိစ္စသမုပ္ပါဒ်လည်ပါတယ်။
ဇာတိဖြစ်တယ်ဆိုတာ အနာဂတ်မှာ ခန္ဓာငါးပါးထပ်ရခြင်းသာဖြစ်ပါတယ်။ ဒါဆိုပဋိစ္စသမုပ္ပါဒ်လည်သွားပါပြီ။ ဒီလိုနည်းနဲ့ပဲ သံသရာအစကနေပြီးယနေ့အထိ ခန္ဓာတွေထပ်ရပြီး သံသရာကမထွက်နိုင်သဖြင့် အအို၊ အနာ၊ အသေတွေထပ်ခါထပ်ခါဖြစ်ခဲ့ရတာပါ။
ပဋိစ္စသမုပ္ပါဒ်ပြတ်ပုံကိုရှင်းမယ်ဆိုရင် စက်ဝိုင်းဒေသနာထဲက အစပ်သုံးပါးကို အရင်လေ့လာရပါမယ်။
(၁) သင်္ခါရနှင့် ဝိညာဏ် တစ်စပ်
(၂) ဝေဒနာနှင့် တဏှာ တစ်စပ်
(၃) ကမ္မဘဝနှင့် ဇာတိ တစ်စပ် ရယ်လို့ဖြစ်ပြီး သင်္ခါရနှင့်ဝိညာဏ်တစ်စပ်ရယ်၊ ကမ္မဘဝနှင့်ဇာတိတစ်စပ်ဆိုတဲ့ နှစ်စပ်က သေစပ်ဖြစ်ပြီး၊ ဝေဒနာနှင့်တဏှာအစပ်က အရှင်စပ်ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့အတွက် အရှင်စပ်မှာသာဖြတ်လို့ရပါတယ်။ သေပြီးမှစပ်တဲ့အစပ်တွေမှာ ဖြတ်လို့မရပါဘူး။
အရှင်စပ်ဖြစ်သည့် ဝေဒနာနှင့်တဏှာအစပ်ဟုခေါ်ငြားသော်လည်း အဓိကဖြစ်သော နံပါတ်(၂)အကွက်တွင်ရှိ အာရုံနှင့်ဒွါရတိုက်၍ပေါ်လာသော ခန္ဓာ(၅)ပါးဖြစ်သည့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (တစ်နည်း) ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့အပေါ်၌ အဝိဇ္ဇာဟုခေါ်သည့် စိတ်မှာယှဉ်တဲ့ အမှောင်ဓာတ်ကြောင့် အမှန်အမြင်(သမ္မာဒိဋ္ဌိ) မမြင်တော့ဘဲ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိကြောင့် မာနရယ် တဏှာရယ် ပေါ်လာရခြင်း ဖြစ်ပါတယ်။
အပြင်ဒွါရ(၅)ပါးဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတဲ့နေရာတွေမှာ အာရုံငါးပါးဖြစ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာတွေနဲ့တိုက်ပြီး ခန္ဓာငါးပါးပေါ်ပြီး ကာလမခြားမနောမှာ ပုံသဏ္ဍာန်အမူအရာတွေ ပေါ်လာပါတယ်။ မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ ထိတွေ့ဘူးဆိုတဲ့ အာရုံတွေကြောင့် ပေါ်လာရခြင်းဖြစ်ပါတယ်။ အဲဒီပေါ်လာတဲ့ ပုံရိပ်ကို စိတ်မှာ ယှဉ်တဲ့ အမှောင်ဓာတ် အဝိဇ္ဖာ(မောဟ)ရှိသူတွေက အကောင်အထည်၊ အတုံး အခဲ ထင်တဲ့ ဒိဋ္ဌိကြောင့် မာန၊ တဏှာတွေကူးသွားရပါတယ်။ အဲဒီလို တဏှာ၊ မာန၊ ဒိဋ္ဌိ မကူးအောင် ခန္ဓာငါးပါးဖြစ်တိုင်းဖြစ်တိုင်း လေးသချေင်္နဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ပွင့်တော်မူခဲ့သော သဗ္ဗညုမြတ်စွာဘုရားရှင် ပေးသနားတော်မူတဲ့ ဉာဏ်တော်အလင်းဓာတ်(ဝိဇ္ဇာဉာဏ်)နဲ့ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာလို့ ရှုမှတ်လိုက်တဲ့အခါ တဏှာ၊ မာန၊ ဒိဋ္ဌိတွေမကူးတော့ပါဘူး။ တဏှာ အစပ်ပြတ် ဝိပဿနာရှုပွားနည်းဖြစ်ပါတယ်။
တရားစစ် တရားမှန် သိမြင်နိုင်ကြပါစေ။
မေတ္တာဖြင့်
tno
“တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ ဤငါးဖြာ သာသနာကွယ်ကြောင်းတည်း”
🌿🍂 သစ္စာ ၄ပါး ရှုမြင်ပုံ 🍂🌿
ဒုက္ခသစ္စာမည်ထိုက်သော တရားတို့မှာ တရားကိုယ်အားဖြင့် လောကီရုပ်နာမ်ဟူသော ခန္ဓာငါးပါးတို့ ဖြစ်၏။ ကိစ္စအားဖြင့် -
၁။ ဇာတိ - သတ္တဝါတို့၏ ထိုထိုဘ၀၌ ဖောက်ပြန်ခြင်းရှိသော ခန္ဓာငါးပါးတို့၏ ရှေးဦးစွာ ဖြစ်ခြင်းသဘောသည် ဇာတိ မည်၏။
၂။ ဇရာ - အိုခြင်း၊ သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေတွန့်ခြင်း၊ မျက်စိသီခြင်း၊ နားထိုင်းခြင်း၊ ခါးကိုင်းခြင်းစသော သဘောတို့သည် ဇရာ မည်၏။
၃။ မရဏ - ထိုထိုဘ၀မှ စုတေသေလွန်ရခြင်းသည် မရဏ မည်၏။
၄။ သောက - ဆွေမျိုးတို့၏ ပျက်စီးခြင်း၊ သတ်ခံရခြင်း၊ နှောင်ဖွဲ့ခံရခြင်းစသည်ကြုံရ၍ စိုးရိမ်ခြင်းသဘောသည် သောက မည်၏။
ပရိဒေဝ - ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီး၊ ငါ့လင် စသည်ဖြင့် ငိုကြွေးပူဆွေးခြင်းသဘောသည် ပရိဒေဝ မည်၏။
ဒုက္ခ - ကိုယ်ခန္ဓာကိုမှီ၍ ဖြစ်သော ဆင်းရဲဝေဒနာသည် ဒုက္ခ မည်၏။
ဒေါမနဿ - စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲဝေဒနာသည် ဒေါမနဿ မည်၏။
ဥပါယာသ - ဆွေမျိုးတို့၏ ပျက်စီးခြင်း၊ သတ်ခံရခြင်း၊ နှောင်ဖွဲ့ခံရခြင်းစသည် ကြုံတွေ့ရ၍ ရှိုက်ကြီးတငင် ပြင်းစွာပင်ပန်းခြင်းသည် ဥပါယာသ မည်၏။
၅။ အပ္ပိယသမ္ပယောဂ - မချစ်မနှစ်သက်သောအာရုံ၊ ပုဂ္ဂိုလ်တို့နှင့်အတူ ပေါင်းဖက်နေထိုင်ရခြင်းသဘောသည် အပ္ပိယသမ္ပယောဂ မည်၏။
၆။ ပိယ ဝိပ္ပယောဂ - ချစ်အပ်သောအာရုံ၊ ပုဂ္ဂိုလ်တို့နှင့် ကွေကွင်းခွဲကွာရခြင်းသဘောသည် ပိယဝိပ္ပယောဂ မည်၏။
၇။ ဣစ္ဆိတာလာဘ - အလိုရှိအပ်သော ၀တ္ထုအာရုံကို ဆန္ဒအလိုအတိုင်း မရနိုင်ခြင်းသဘောသည် ဣစ္ဆိအပဋိလာဘ မည်၏။
၈။ ပဉ္စုပါဒါနက္ခန္ဓာ - တဏှာ၊ ဒိဋ္ဌိဖြင့် စွဲလန်းစရာ ခန္ဓာငါးပါးကို ရရှိခြင်း။
အဘယ်ကြောင့်ဒုက္ခမည်သနည်း?
၁။ ပီဠနာဋ္ဌော - သတ္တဝါတို့ကို မပြတ်ကပ်၍ နှိပ်စက်တတ်၏။
၂။ သင်္ခတဋ္ဌော - အကြောင်းတရားတို့သည် ပေါင်း၍ ပြုပြင်တတ်၏။
၃။ သန္တာပဋ္ဌော - စိတ်နှလုံးကို ပူပန်စေတတ်၏။
၄။ ဝိပရိဏာပဋ္ဌော - ဖောက်လွဲဖောက်ပြန် ဖြစ်တတ်၏။
ထိုသစ္စာအနက်သဘော ၄ မျိုးကြောင့် ဇာတိစသော သဘောတရားတို့သည် ဒုက္ခ - ဆင်းရဲခြင်း မည်၏။
ဇာတိသည် မိခင်ဝမ်း၌ ကိန်းအောင်းရခြင်း၊ ကံအလိုကျ အတိုင်းသာ ဖြစ်ရခြင်း၊ ကိလေသာတို့၏ ပူပန်လောင်မြိုက်မှုကိုခံရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ဖြင့် မလွဲမသွေ ဖောက်ပြန်ခံရခြင်းတို့ကြောင့် ဒုက္ခ ဖြစ်၏။
ဤနည်းအတိုင်းပင် ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ စသော ဒုက္ခတရားတို့သည်လည်း ဆင်းရဲမှုအမှန်တရားဖြစ်သောကြောင့် ဒုက္ခသစ္စာ မည်၏။
🌿🍂 ဒုက္ခ ၇ မျိုး 🍂🌿
၁။ ဒုက္ခဒုက္ခ - ကာယိကဒုက္ခ၊ စေတသိကဒုက္ခတို့သည် ဝေဒနာသဘောအားဖြင့် ဆင်းရဲသောကြောင့် ဒုက္ခ မည်၏။
၂။ ဝိပရိဏာမဒုက္ခ - သုခေ၀ဒနာသည် ဖောက်ပြန်ပျက်စီးတတ်၍ ဒုက္ခဖြစ်ကြောင်းဖြစ်သောကြောင့် ဒုက္ခ မည်၏။
၃။ သင်္ခါရဒုက္ခ - ဥပေက္ခာဝေဒနာသည်လည်းကောင်း၊ ရုပ်နာမ်သင်္ခါရတရားတို့သည်လည်းကောင်း၊ ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် ဒုက္ခ မည်၏။
၄။ အပဋိစ္ဆန္နဒုက္ခ - ဓားထိုး၊ လှံထိုး၊ သေနတ်မှန်ခြင်းတို့ကြောင့်ဖြစ်သော ကိုယ်စိတ်၌ဖြစ်သော ဆင်းရဲမှုတို့သည် ထင်ရှားသော ဆင်းရဲဖြစ်ခြင်းကြောင့် ဒုက္ခ မည်၏။
၅။ ပဋိစ္ဆန္နဒုက္ခ - ၃၂ပါးသော ကံကြမ္မာတို့ကြောင့်ဖြစ်သော ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ဝမ်းနာ၊ လေနာစသည်တို့သည် မထင်ရှားသော ဆင်းရဲဖြစ်သောကြောင့် ဒုက္ခ မည်၏။
၆။ ပရိယာယဒုက္ခ - ဒုက္ခဒုက္ခမှတစ်ပါးသော ဇာတိစသော အလုံးစုံသော ဆင်းရဲတို့သည် ထိုဒုက္ခဒုက္ခ၏အကြောင်း ဖြစ်သောကြောင့် ဒုက္ခ မည်၏။
၇။ နိပ္ပရိယာယဒုက္ခ - ဒုက္ခဒုက္ခသည်ကား ဇာတိစသော ဆင်းရဲတို့၏တည်ရာ မူလဆင်းရဲဖြစ်သောကြောင့် ဒုက္ခ မည်၏။
တဏှာ၊ လောဘစေတသိက်သည် ဆင်းရဲဒုက္ခအားလုံး၏ အကြောင်းရင်း သမုဒယအရိယသစ္စာ မည်၏။
အဘယ့်ကြောင့် သမုဒယသစ္စာ မည်သနည်း?။
အားထုတ်ခြင်းသဘောကြောင့်လည်းကောင်း၊
သံသရာ၀ဋ်ဒုက္ခ၌ ဖြစ်စေတတ်သော သဘောကြောင့်လည်းကောင်း၊
၀ဋ်ဒုက္ခ၌ယှဉ်စေတတ်သော သဘောကြောင့်လည်းကောင်း၊
ကုသိုလ်စသောတရားတို့ကို နှောင့်ယှက်ပိတ်ပင်တတ်သော သဘောကြောင့် လည်းကောင်း၊
ဤသစ္စာအနက် ၄ မျိုးကြောင့် သမုဒယသစ္စာ မည်၏။
🌿🍂 တဏှာ ၃ မျိုး 🍂🌿
၁။ ကာမတဏှာ - အတ္တဒိဋ္ဌိနှင့်ယှဉ်သော လိုချင်နှစ်သက်မှု ဖြစ်၏။
၂။ ဘဝတဏှာ - သဿတဒိဋ္ဌိနှင့်ယှဉ်သော လိုချင်နှစ်သက်မှု ဖြစ်၏။
၃။ ဝိဘဝတဏှာ - ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော လိုချင်နှစ်သက်မှု ဖြစ်၏။
ကာမတဏှာသည် ကာမဂုဏ်အာရုံအမျိုးမျိုးကို လိုချင်တပ်မက်၏။
အာရုံအသစ်ကို တွေ့ကြုံရတိုင်း ဆာလောင်တောင့်တ၏။ အတ္တဒိဋ္ဌိအရင်း ခံ၏။
ဘဝတဏှာသည် ရလာသမျှသော အာရုံအသစ်တို့၌ စွဲလန်းတပ်မက်လျက် နှစ်သက်မြတ်နိုး ခင်တွယ်တတ်၏။ သဿတဒိဋ္ဌိ အရင်းခံ၏။
ဝိဘဝတဏှာသည် ရလာပြီးသောအာရုံတို့၏ ဖောက်လွဲဖောက်ပြန်မှုကြောင့် စွန့်ခွာပစ်ပယ်လိုဖြင့်၊ အာရုံတစ်ပါးကို မျှော်လင့်တောင့်တမှု ဖြစ်၏။ ဥစ္ဆေဒဒိဋ္ဌိ အရင်းခံ၏။
ထိုတဏှာ ၃ မျိုးကို မူလပြု၍ အာရုံ ၆ပါးဖြင့် မြှောက်ပွားပါက တဏှာ (၃×၆) = ၁၈ ပါး ဖြစ်၏။
တဏှာ ၁၈ ပါးကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးတန််နှင့် ထပ်ပွားပါက (၁၈×၃) = တဏှာ ၅၄ ပါး ဖြစ်၏။
မိန်းမ၊ ယောကျာ်း တစ်ဦးချင်းစီ၏ သန္တာန်၌ ဤတဏှာ ၅၄ ပါး စီသာ ဖြစ်၏။
ထို ၅၄ ပါးကို မိမိ၏ အဇ္ဈတ္တသန္တာန်၊ သူတစ်ပါးတို့၏ ဗဟိဒ္ဓသန္တာန်ဖြင့် မြှောက်ပွားပါက (၅၄×၂) = တဏှာအစစ် ၁၀၈ ဖြစ်ပေ၏။
🌿🍂 ပိယရုပ်၊ သာတရုပ် ၆၀ 🍂🌿
တဏှာအစစ် ၁၀၈ မျိုးဖြင့် သတ္တဝါတို့သည် ချစ်အပ်သော သဘော ပိယရုပ်၊ သာယာအပ်သောသဘော သာတရုပ် တရားတို့မှာ ၆၀ ဖြစ်၏။
၁ - စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဟူသော ၆ပါး
၂ - ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ ဟူသော ၆ပါး
၃ - စက္ခုဝိညာဏ်စသော သိစိတ်ဝိညာဏ် ၆ပါး
၄ - စက္ခုသမ္ဖဿစသော ထိတွေ့မှုဖဿ ၆ပါး
၅ - စက္ခုသမ္ဖဿဝေဒနာစသော ခံစားမှု ဝေဒနာ ၆ပါး
၆ - ရူပသညာစသော မှတ်သားမှုသညာ ၆ပါး
၇ - ရူပသေဉ္စတနာစသော စေ့ဆော်မှုစေတနာ ၆ပါး
၈ - ရူပတဏှာ၊ သဒ္ဒတဏှာစသော တပ်မက်မှုတဏှာ ၆ပါး
၉ - ရူပဝိတက်၊ သဒ္ဒဝိတက်စသော ကြံစည်မှု ဝိတက် ၆ပါး
၁၀ -ရူပဝိစာရ၊ သဒ္ဒဝိစာရစသော သုံးသပ်မှု ဝိစာရ ၆ပါး တို့ဖြစ်၏။
ထို ၆၀ တို့၌ တဏှာသည် သာယာတပ်မက်၏။ စွဲမက်ဖြစ်တည်၏။
ဒုက္ခချုပ်ငြိမ်းမှုသဘောတရား နိဗ္ဗာန်သည် ဒုက္ခနိရောဓအရိယသစ္စာ မည်၏။
အဘယ့်ကြောင့် နိရောဓသစ္စာမည်သနည်း။
၀ဋ်ဒုက္ခမှ ထွက်မြောက်ရာဖြစ်သောကြောင့်လည်းကောင်း၊
ကိလေသာတို့မှ ကင်းဆိတ်သောသဘောကြောင့်လည်းကောင်း၊
မပြုပြင်အပ်သောသဘောကြောင့်လည်းကောင်း၊
သေခြင်းကင်းသောသဘောကြောင့်လည်းကောင်း၊
ဤသစ္စာအနက် ၄ မျိုး ကြောင့် နိရောဓသစ္စာ မည်၏။
စင်စစ်ဒုက္ခသည် သမုဒယသစ္စာဟူသော တဏှာကြောင့်သာ ဖြစ်ရ၏။
ထို့ကြောင့် အကျိုးတရားဖြစ်သော ဒုက္ခ၏ချုပ်ငြိမ်းမှုသဘောသည် အကြောင်းတဏှာ၏ ချုပ်မှု အပေါ်၌ တည်၏။
ထို့ကြောင့် ဒုက္ခနရောဓသစ္စာကို ဟောတော်မူရာ၌ သသေဝတဏှာယ အသေသ ဝိရာဂ နိရောဓာ ဟု မူလအကြောင်းရင်းဖြစ်သော တဏှာကိုသာ ခေါင်းတပ်၍ ဟောတော်မူ၏။
တဏှာသည်သာ ဒုက္ခနိဒါန်း ဖြစ်၏။
တဏှာရှိသော်သာ ဒုက္ခရှိ၏။
တဏှာချုပ်သော်သာ ဒုက္ခချုပ်၏။
တဏှာနည်းသော် ဒုက္ခလည်း နည်းရ၏။
တဏှာပွားများလေသော် ဒုက္ခအနန္တ ဖြစ်ရပေ၏။
သစ်ပင်၌ အမြစ်အရင်းကို မခုတ်ဖြတ်သော် ထိုသစ်ပင်သည် တစ်ဖန်ပြန်၍ အညွှန့်အညှောက်တို့ စည်ပင်ပေါက်ရောက်သကဲ့သို့ ဖြစ်၏။
ထို့အတူ အမြစ်အရင်းဖြစ်သော အနုသယတဏှာလောဘကို မပယ်သတ်အပ်သည်ရှိသော် ဤဒုက္ခသည်လည်း ထပ်ဖန်တလဲလဲ ဖြစ်ရပြန်လေ၏။
တဏှာလောဘသည် ဖြစ်တည်ကိန်းသည်ရှိသော် ပိယရုပ်၊ သာတရုပ် ၆၀ တို့၌ သာယာစွဲမက်လျက်သာ ဖြစ်၏။ ထိုတဏှာချုပ်ငြိမ်းသည်ရှိသော်လည်း ထိုပိယရုပ်၊ သာတရုပ် ၆၀ တို့၌ပင် စွဲမက်သာယာမှု ကင်းပြတ်လျက် ချုပ်ပျောက်ငြိမ်း၏။ ထို့ကြောင့် တဏှာ၏ ကိန်းရာ၊ ချုပ်ရာသည် ပိယရုပ်၊ သာတရုပ်တို့ ဖြစ်၏။
အင်္ဂါ ၈ပါး ရှိသော အရိယမဂ်သည် ဆင်းရဲဖြစ်ကြောင်းတဏှာကို ပယ်သတ်ရန် အကျင့်မှန်ဖြစ်သောကြောင့် မဂ္ဂအရိယသစ္စာ မည်၏။
အဘယ့်ကြောင့် မဂ္ဂသစ္စာမည်သနည်း?။
၀ဋ်မှထွက်မြောက်ကြောင်း ဖြစ်သောကြောင့် လည်းကောင်း၊
အကြောင်းဖြစ်သောသဘောကြောင့်လည်းကောင်း၊
နိဗ္ဗာန်ကိုမြင်သောသဘောကြောင့် လည်းကောင်း၊
မဂ္ဂသစ္စာမည်၏။
ထိုမဂ္ဂသစ္စာ၌ သီလ၊ သမာဓိ၊ ပညာအားဖြင့် ကျင့်စဉ်သုံးမျိုး ဖြစ်၏။
၁ - သီလကျင့်စဉ်သည် လောဘ၊ ဒေါသ၊ မောဟတရားတို့ဖြင့် ကာယကံ ဒုစရိုက်၊ ဝစီကံဒုစရိုက် ဟူသော မကောင်းမှုတို့မှ စောင့်ရှောက်၍ ဝီတိက္ကမကိလေသာ(အကြမ်းစား) တို့ကို ပယ်သတ်၏။
၂ - သမာဓိကျင့်စဉ်သည် အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကောင်းမှုတို့၌တည်စေမှုပြုလျက် ပရိယုဋ္ဌာနကိလေသာ (အချောစား) တို့ကို ပယ်သတ်၏။
၃ - ပညာကျင့်စဉ်သည် အရိယသစ္စာ ၄ ပါးကို ထိုးထွင်း သိမြင်စေလျက် လောဘ၊ ဒေါသ၊ မောဟ ဟူသော အနုသယကိလေသာ (အနုစား) တို့ကို ပယ်သတ်၏။
ထိုတွင် သီလကျင့်စဉ်ဖြင့် မကောင်းမှုတို့မှ စောင့်ရှောက်မှုပြု၍ ကောင်းမှုသို့ရောက်ရှိစေ၏။ သမာဓိကျင့်စဉ်ဖြင့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မ ဟူသော ရုပ်နာမ် သဘောတရားတို့ကို မမြင်၊ မြင်အောင် ကြည့်စေ၏။ ပညာကျင့်စဉ်ဖြင့် ရုပ်နာမ် သဘောတရားတို့၏ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှု သဘောတို့ကို သစ္စာလေးတန် အမြင်မှန်သို့ သိမြင်ဆိုက်ရောက်နိုင်အောင်ပွားမှု ပြုလေ၏။
ဤဘက်ကမ်းမှ ဟိုဘက်ကမ်းသို့
သံသရာ၀ဋ်ဆင်းရဲအပေါင်း၏ တည်ရာဖြစ်သော လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ် ၂၈ ဟူသော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့သည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာတို့၏ ဖြစ်တည်လည်ပတ်ရာ ဖြစ်သောကြောင့် ဤဘက်ကမ်း ဖြစ်၏။
သံသရာ၀ဋ်ဆင်းရဲအပေါင်းမှလွတ်မြောက်ရာ လောကုတ္တရာမဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့သည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာတို့၏ ချုပ်ပျောက်ငြိမ်းရာဖြစ်သောကြောင့် ဟိုဘက်ကမ်း ဖြစ်၏။
ဥပ္ပါဒေါ ဒုက္ခံ - အရ ဤဘက်ကမ်းသည် ရုပ်နာမ်၊ ခန္ဓာဒုက္ခတို့၏ ဖြစ်ပျက်ရာနယ်မြေ ဖြစ်၏။ အနုပ္ပါဒေါ နိဗ္ဗာနံ - အရ ဟိုဘက်ကမ်းသည် ရုပ်နာမ်ခန္ဓာ ဒုက္ခတို့၏ အဖြစ်အပျက် ချုပ်ငြိမ်း၍ လွတ်မြောက်ရာနယ်မြေ ဖြစ်ပေ၏။
ရုပ်နာမ်၊ ခန္ဓာဒုက္ခတို့၏ ဖြစ်ပျက်ရာ ဤဘက်ကမ်းမှ ရုပ်နာမ်၊ ခန္ဓာဒုက္ခတို့မှ လွတ်မြောက်ရာ ဟိုဘက်ကမ်းသို့ ကူးခတ်နိုင်ဖို့မှာ ဖောင်သည် မလွဲမသွေ လိုအပ်၏။ ထိုဖောင်သည် မဂ္ဂင် ၈ပါး အကျင့်တရားပင် ဖြစ်၏။ နိဗ္ဗာန်ဟူသော ဟိုဘက်ကမ်းသို့ သွားရောက်လိုသူသည် ဤမဂ္ဂင်ဖောင်ကြီးကို မလွဲမသွေ တက်စီးဖို့ လိုပေ၏။
🌿🍂 သစ္စာ၄ပါးကို ရှုမြင်ပုံ 🍂🌿
ရဟန်းတို့၊ တစ်ဖန်လည်း ယောဂီပုဂ္ဂိုလ်သည် အရိယာသစ္စာလေးပါး သဘောတရားတို့၌ သဘောတရားမျှ ဟု အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ အဘယ်သို့လျှင် ယောဂီပုဂ္ဂိုလ်သည် အရိယသစ္စာလေးပါး သဘောတရားတို့၌ သဘောတရားမျှ ဟု အဖန််ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း?။
ရဟန်းတို့၊ ဤသာသနာတော်၌ ယောဂီပုဂ္ဂိုလ်သည် ဤကား ဒုက္ခတည်း ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။
ဤကား ဒုက္ခဖြစ်ကြောင်းတည်းဟု ဟုတ်မှန်သည့်အတိုင်း သိ၏။
ဤကား ဒုက္ခချုပ်ရာတည်း ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။
ဤကား ဒုက္ခချုပ်ကြောင်းအကျင့်တည်း ဟု ဟုတ်မှန်သည့်အတိုင်း သိ၏။
ဒုက္ခသစ္စနိဒ္ဒေသ
ရဟန်းတို့၊ ဒုက္ခဖြစ်သောအရိယသစ္စာဟူသည် အဘယ်နည်း?။
ပဋိသန္ဓေနေရခြင်းသည် ဒုက္ခမည်၏။
အိုရခြင်းသည် ဒုက္ခမည်၏။
သေရခြင်းသည် ဒုက္ခမည်၏။
စိုးရိမ်ရခြင်း၊ ပူဆွေးငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲရခြင်း၊ ပြင်းစွာပူပန်ရခြင်းတို့သည် ဒုက္ခမည်၏။
မချစ်မနှစ်သက်သော အာရုံတို့နှင့်ပေါင်းဆုံရခြင်းသည် ဒုက္ခမည်၏။
ချစ်နှစ်သက်အပ်သော အာရုံ၀တ္ထုတို့နှင့် ကွဲကွာရခြင်းသည် ဒုက္ခမည်၏။
အကြင်လိုအပ်သောအာရုံ၀တ္ထုအစုစုကို မရခြင်းသည် ဒုက္ခမည်၏။
အကျဉ်းအားဖြင့် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည် ဒုက္ခမည်၏။
🌿🍂 သမုဒယသစ္စနိဒေ္ဒသ 🍂🌿
ရဟန်းတို့၊ ဒုက္ခဖြစ်ကြောင်းအရိယသစ္စာဟူသည် အဘယ်နည်း?။
အကြင်တဏှာလောဘသည် တစ်ဖန်ဘ၀သစ်ကို ဖြစ်စေတတ်၏။
နှစ်သက်ခြင်း၊ တပ်မက်ခြင်းနှင့်တကွ ဖြစ်၏။
ထိုထိုအာရုံ၊ ထိုထိုကိုယ်၏အဖြစ်၌ အလွန်နှစ်သက်ခြင်းရှိ၏။ ထိုတဏှာကား အဘယ်နည်း?။
ကာမဂုဏ်အာရုံ၌ တပ်မက်တတ်သော တဏှာ၊ သဿတဒိဋ္ဌိနှင့်ယှဉ်သော တဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော တဏှာတည်း။
ရဟန်းတို့၊ တဏှာဖြစ်သည်ရှိသော် အဘယ်၌ဖြစ်သနည်း?။
တည်သည်ရှိသော် အဘယ်၌တည်သနည်း?။
လောက၌ အကြင်ချစ်ခင်ဖွယ်၊ သာယာဖွယ် သဘောရှိသောအာရုံသည် ရှိ၏ ထိုတဏှာဖြစ်သည်ရှိသော် ဤချစ်အပ်၊သာယာအပ်သေသဘော၌ ဖြစ်၏။ တည်သည်ရှိသော် ဤသဘော၌ တည်၏။
လောက၌ ချစ်အပ်၊ သာယာအပ်သောသဘောသည် အဘယ်နည်း?။
လောက၌ မျက်စိသည် ချစ်အပ်၊သာယာအပ်သောသဘော ဖြစ်၏။ ထိုတဏှာဖြစ်သည်ရှိသော် ဤမျက်စိသဘော၌ ဖြစ်၏။ တည်သည်ရှိသော် ဤမျက်စိသဘော၌ တည်၏။ လောက၌ နားသည်၊ နှာခေါင်းသည်၊ လျှာသည်၊ ကိုယ်သည်၊ စိတ်သည်၊ အဆင်းသည်၊ အသံသည်၊ အနံ့သည်၊ အရသာသည်၊ အတွေ့သည်၊ သဘောတရားသည်၊ မြင်သိစိတ်သည်၊ ကြားသိစိတ်သည်၊ နံသိစိတ်သည်၊ အရသာသိစိတ်သည်၊ ထိသိစိတ်သည်၊ ကြံသိစိတ်သည် ချစ်အပ်၊ သာယာအပ်သောသဘောဖြစ်၏။ (ပ) ဤတရားသဘောကို ဒုက္ခဖြစ်ကြောင်းအရိယသစ္စာဟု ဆိုအပ်၏။
🌿🍂 နိရောဓသစ္စနိဒ္ဒေသ 🍂🌿
ရဟန်းတို့ ၊ ဒုက္ခချုပ်ကြောင်းအရိယသစ္စာဟူသည် အဘယ်နည်း?။
ထိုတဏှာ၏သာလျှင် အကြွင်းမရှိတပ်ခြင်းကင်းရာချုပ်ရာသည်၊ တဏှာကို စွန့်ရာသည်၊ ဝေးစွာစွန့်ရာသည်၊ တဏှာမှလွတ်မြောက်ရာသည်၊ တဏှာဖြင့်မကပ်ငြိရာသည် နိဗ္ဗာန်တည်း။
ရဟန်းတို့၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း?။
ချုပ်သည်ရှိသော် အဘယ်၌ချုပ်သနည်း?။
လောက၌ အကြင်ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောသည် ရှိ၏။ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်အပ်၊ သာယာအပ်သောသဘော၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤချစ်အပ်၊ သာယာအပ်သောသဘော၌ ချုပ်၏။
🌿🍂 မဂ္ဂသစ္စနိဒ္ဒေသော 🍂🌿
ရဟန်းတို့၊ ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အရိယသစ္စာဟူသည် အဘယ်နည်း?။
မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်ပင်တည်း။ ထိုမဂ်အကျင့်ကား အဘယ်နည်း?။
အမှန်သိမြင်ခြင်း၊ အမှန်တွေးကြံခြင်း၊ အမှန်ပြောဆိုခြင်း၊ အမှန်ပြုလုပ်ခြင်း၊ အမှန်အသက်မွေးခြင်း၊ အမှန်အားထုတ်ခြင်း၊ အမှန်အောက်မေ့ခြင်း၊ အမှန်တည်ကြည်ခြင်းတည်း။
ရဟန်းတို့၊ အမှန်သိမြင်ခြင်းဟူသည် အဘယ်နည်း?။
ဆင်းရဲ၌ သိမြင်ခြင်း၊ ဆင်းရဲဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဆင်းရဲချုပ်ရာ၌ သိမြင်ခြင်း၊ ဆင်းရဲချုပ်ရာရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။
ရဟန်းတို့၊ အမှန်တွေးကြံခြင်းဟူသည် အဘယ်နည်း?။
ကာမအာရုံလွတ်ကင်းသောကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှလွတ်ကင်းသောကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။
ရဟန်းတို့၊ အမှန်ပြောဆိုခြင်းဟူသည် အဘယ်နည်း?။ မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းစကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းစကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။
ရဟန်းတို့၊ အမှန်ပြုလုပ်ခြင်းဟူသည် အဘယ်နည်း? ။ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။
ရဟန်းတို့၊ အမှန်အသက်မွေးခြင်းဟူသည် အဘယ်နည်း?။
ရဟန်းတို့၊ ဤသာသနာတော်၌ အရိယာတပည့်သည် မှားယွင်းသောအသက်မွေးမှုကို ပယ်စွန့်၍ မှန်သောအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကို မှန်သောအသက်မွေးခြင်းဟု ဆိုအပ်၏။
ရဟန်းတို့၊ အမှန်အားထုတ်ခြင်းဟူသည် အဘယ်နည်း?။
ဤသာသနာတော်၌ ယောဂီသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်သတ်ရန်၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားစေရန် ဆန္ဒကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကို ချီးမြှောက်၏။ ဆောက်တည်၏။ ဤအားထုတ်ခြင်းကို အမှန်အားထုတ်ခြင်းဟု ဆိုအပ်၏။
ရဟန်းတို့၊ အမှန်အောက်မေ့ခြင်းဟူသည် အဘယ်နည်း?။
ဤသာသနာတော်၌ ယောဂီသည် ပြင်းစွာအားထုတ်ခြင်းရှိ၍၊ သမ္ပဇဉ်ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍ လောကကို တပ်မက်ခြင်း၊ နှလုံးမသာယာခြင်းတို့ကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ နေ၏။
ဝေဒနာအပေါင်း၌ ဝေဒနာအပေါင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ နေ၏။ စိတ်၌ စိတ်ကို အဖန်ဖန်ရှုသည် ဖြစ်၍ နေ၏။ သဘောတရားတို့၌ သဘောတရားကို အဖန်ဖန်ရှုသည်ဖြစ်၍ နေ၏။ ဤသို့ အောက်မေ့မှုကို အမှန်အောက်မေ့မှုဟု ဆိုအပ်၏။
ရဟန်းတို့၊ အမှန်တည်ကြည်ခြင်းဟူသည် အဘယ်နည်း?။
ဤသာသနာတော်၌ ယောဂီသည် ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်၍၊ အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ ကြံစည်မှုနှင့်တကွဖြစ်သော သုံးသပ်မှုနှင့်တကွဖြစ်သော(နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
ကြံစည်ခြင်း၊ သုံးသပ်ခြင်းတို့၏ ငြိမ်းအေးခြင်းကြောင့် အတွင်းသန္တာန်၌ စိတ်ကိုကြည်လင်စေသော တည်ကြည်မှုကိုပွားစေတတ်သော ဝိတက်လည်း မရှိ၊ ဝိစာရလည်းမရှိသော၊ သမာဓိကြောင့်ဖြစ်သော ပီတိသုခရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။
ပီတိ၏လည်း ကင်းခြင်းကြောင့် အညီအမျှရှုလျက်လည်း နေ၏။ သတိရှိလျက် သမ္ပဇဉ်ရှိလျက် ကိုယ်ဖြင့် သုခကိုလည်း ခံစား၏။ အကြင်ဈာန်ကြောင့် ထိုသူကို အမျှရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာနေလေ့ရှိသူ ဟု အရိယာတို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။
ချမ်းသာကိုလည်း ပယ်ခြင်းကြောင့်၊ ဆင်းရဲကိုလည်း ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ၀မ်းသာခြင်း၊ နှလုံးမသာယာခြင်းတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာကင်းသော ဥပေက္ခာကြောင့် သတိစင်ကြယ်ခြင်းရှိသော စတုတၳဈာန်ကို ရောက်၍ နေ၏။ ရဟန်းတို့၊ ဤသမာဓိကို အမှန်တည်ကြည်ခြင်းဟု ဆိုအပ်၏။ ဤတရားသဘောကို ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
သစ္စာလေးပါးရှုမြင်ပုံပြီး၏။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ..
မေတ္တာဖြင့် -
TNO(27.12.2019)
Thein NaingOhn
🌿🌼 ဝေဒနာကို အဖြေရှာခြင်း 🌼🌿
ဖဿပဉ္စကတရားနှင့် ဝေဒနာတရားတို့သည် အဝိဇ္ဇာ၊ တဏှာ၊ ကံတို့ကြောင့် ဖြစ်လာရ၏။
ထိုဖဿပဉ္စကတရားသည် ထင်ရှားဖြစ်ပေါ်သည်ရှိသော် ‘ဖဿသမုဒယာ ဝေဒနာသမုဒယော’ အရ -
ဖဿအကြောင်းကြောင့် ခံစားမှုဝေဒနာ အကျိုးတရားသဘောသည် ထင်ရှားဖြစ်ပေါ်၏။
ထိုဝေဒနာခံစားမှုသည် ထင်ရှားဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် မှတ်သားမှုသညာ၊ သိမှုစိတ်ဝိညာဏ်၊ စေ့ဆော်မှုသင်္ခါရတရား တို့သည်လည်း အတူတကွ ဖြစ်ပေါ်လာကြရပေ၏။
ထိုတွင် မှီရာဝတ္ထုနှင့် သိစရာအာရုံတို့သည် ဖောက်ပြန်တတ်သောကြောင့် ‘ရုပ်ဓာတ်သဘော’ မည်၏။
ဖဿအစ ဝေဒနာအဆုံးရှိသော ပဉ္စကတရားတို့သည်ကား အာရုံသို့ ရှေးရှုညွှတ်ကိုင်းတတ်သောကြောင့် ‘နာမ်ဓာတ်သဘော’ မည်၏။ ထိုရုပ်နှင့်နာမ်တို့တွင်လည်း -
၁ - မှီရာဝတ္ထု နှင့် သိစရာအာရုံတို့သည် ဖောက်ပြန်မှုအစု ‘ရူပက္ခန္ဓာ’ မည်၏။
၂ - ဝေဒနာသည် ခံစားမှုအစု ‘ဝေဒနာက္ခန္ဓာ’ မည်၏။
၃ - ဖဿနှင့် စေတနာတို့သည် စေ့ဆော်မှုအစု ‘သင်္ခါရက္ခန္ဓာ’ မည်၏။
၄ - သညာသည် မှတ်သားမှုအစု ‘သညာက္ခန္ဓာ’ မည်၏။
၅ - ဝိညာဏ်သည် သိမှုအစု ‘ဝိညာဏက္ခန္ဓာ’ မည်၏။
ထို့ကြောင့် ဝေဒနာနုပဿနာသတိပဋ္ဌာန်ရှုမှတ်သောယောဂီသည် ‘ဝေဒနာ ပဇာနာတိ’ အရ ခံစားမှုဟူသော ဝေဒနာသဘောအစုတို့ကို အဖြေရှာကြည့်လေသော် ရုပ်ဓာတ်နှင့် နာမ်ဓာတ်ဟူသော ပရမတ်သဘော ၂ မျိုး ကိုလည်းကောင်း၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူသော ခန္ဓာ ၅ ပါး ပရမတ်သဘောအစုတို့ကို လည်းကောင်း ယထာဘူတဉာဏ်ဖြင့် သိရပေ၏။
ထိုပရမတ်သဘောတို့မှတစ်ပါး ခံစားတတ်သော ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ၊ ယောကျ်ား၊ မိန်းမတို့ဟူ၍ကား အလျင်းမရှိ။ ရုပ်ဓာတ်နှင့် နာမ်ဓာတ်ဟူသော ပရမတ်သဘောတို့မျှသာ ရှိပေ၏ဟု သိမြင်အပ်၏။
စိတ္တလတောင်၌ သီတင်းသုံးတော်မူသော မထေရ်ကြီးတစ်ပါးသည် မကျန်းမာဖြစ်လျက် အားကြီးသောဝေဒနာကို ခံစားရသဖြင့် ထိုမှဤမှ ငြီးတွားလူးလှိမ့်နေရရှာ၏။ အလုပ်အကျွေးပြုသော ရဟန်းငယ်တစ်ပါးက ‘အရှင်ဘုရား၊ ဘယ်နေရာက နာကျင်ကိုက်ခဲပါသနည်း’ ဟု မေးသော် ‘ငါ့ရှင်၊ ဘယ်နေရာက နာကျင်သည်ဟု မရှိပါ၊ မှီရာဝတ္ထုကို အာရုံပြု၍ ဝေဒနာသည်သာ ခံစားနေရသည်’ ဟု ဖြေတော်မူ၏။
ရဟန်းငယ်က ‘အရှင်ဘုရား၊ ထိုသို့သိတော်မူလျင် ထိုဝေဒနာကို သည်းခံခြင်းငှါ သင့်လျော်သည် မဟုတ်ပါလောဘုရား’ ဟု လျှောက်၏။
မထေရ်ကြီးသည် ‘ငါ့ရှင်၊ သည်းခံပါတော့မည်’ ဟု ဆိုကာ မလူးမလှိမ့် မငြီးမငြူတော့ဘဲ ငြိမ်သက်စွာ ဝေဒနာနုပဿနာရှုတော်မူ၏။
မထေရ်ကြီးအား ပြင်းထန်သောလေရောဂါသည် နှလုံးကွဲသည့်တိုင်အောင် နှိပ်စက်လျက် ဝမ်းတွင်းမှ အူတို့ပေါက်ကွဲထွက်ကာ ညောင်စောင်းပေါ်တွင် စုပုံ၏။
မထေရ်ကြီးက ရဟန်းငယ်အား ‘ငါ့ရှင်၊ ဤမျှလောက်သည်းခံပါလျှင် သင့်လျော်ပေပြီလား’ ဟု မေးတော်မူ၏။
မထေရ်ကြီးသည် ဝေဒနာကမ္မဋ္ဌာန်းကို သတိ၊ ပညာဖြင့် မပြတ်နှလုံးသွင်းတော်မူသဖြင့် (ဇီဝိတိန္ဒြေ ချုပ်မှုနှင့် ကိလေသာချုပ်မှု တစ်ပြိုင်နက်ဖြစ်သော) သမသီသီရဟန္တာ ဖြစ်တော်မူကာ ပရိနိဗ္ဗာန်စံတော်မူ၏။
ဤ၌ ဝတ္ထုကို မှီ၍ ဝေဒနာသည်သာ အာရုံ၏အရသာကို ခံစားသည်ဆိုသည်မှာ - ‘ဝတ္ထု
နာမ ကရဇကာယော၊ သော အတ္ထတော ဘူတာနိစေဝ ဥပါဒါနိစ’ ဟူသည်နှင့်အညီ နာမ်တရားတို့၏မှီရာ ကရဇကာယရုပ်ခန္ဓာကိုယ်ကြီးသည် ဝတ္ထုမည်၏။
တရားကိုယ်အားဖြင့်ကား မဟာဘုတ် ၄ပါး နှင့် ဥပါဒါရုပ် ၂၄ ပါးတို့ဖြစ်၏။
မထေရ်ကြီးသည် ဤမှီရာဝတ္ထုကား ဖောက်ပြန်တတ်သော ရုပ်တရား အစုတည်း။
ခံစားမှုဝေဒနာအစုသည်ကား နာမ်တရားအစုတည်း။
ထိုဝေဒနာဖြစ်သည်နှင့်တစ်ပြိုင်နက်ပင် ဖဿ၊ သညာ၊ စေတနာ၊ ဝိညာဏ်တို့လည်း ယှဉ်ဖက်အားဖြင့် ပါဝင်ကြရကုန်၏။
ထို့ကြောင့် အာရုံ၏အရသာကို ခံစားမှုဝေဒနာသဘောတရားတို့၌ မှီရာဝတ္ထုဖြစ်သော ရုပ်တရားနှင့် မှီတတ်သော နာမ်တရား ဟူသော ခန္ဓာငါးပါးတို့မှတစ်ပါး အခြားမရှိဟု ကွဲပြားစွာ သိပေ၏။
ထိုရုပ်နာမ်ဟူသော ခန္ဓာငါးပါးတို့သည် အဝိဇ္ဇာ၊ တဏှာစသောအကြောင်းကင်းလျက်မဖြစ်။
အဝိဇ္ဇာ၊ တဏှာစသောအကြောင်းကြောင့်သာ နာမ်နှင့်ရုပ်တို့သည် ဖြစ်ကြရ၏။
ထိုနာမ်နှင့်ရုပ်တို့သည်လည်း ဖြစ်မှု၊ချုပ်မှုတို့ဖြင့် အမြဲမရှိ။
မမြဲခြင်းဖြင့် နှိပ်စက်အပ်သဖြင့်လည်း စင်စစ်ဆင်းရဲခြင်းသဘောသာ ရှိပေ၏။
မြဲစေလိုသော်လည်းကောင်း၊ ချမ်းသာစေလိုသော်လည်းကောင်း မိမိအလိုသို့ မလိုက်မပါ။
သူ့သဘောအတိုင်းသာလျှင် ဖောက်ပြန်ပျက်စီးနေခြင်း ‘အနတ္တသဘောမျှ’ ဖြစ်ပေ၏ဟု လက္ခဏာရေးသုံးတန်တင်လျက် ရှုမှတ်ပွားများမှုကြောင့် ရဟန္တာ ဖြစ်တော်မူသည်။
ဖဿပစ္စယာ ဝေဒနာ - အရ ဖဿအကြောင်းတရားရှိမှုကြောင့် ဝေဒနာအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်၏။
ထိုဝေဒနာဖြစ်လာရသဖြင့် ဘာအကျိုး ရှိနိုင်မည်နည်း?
ဝေဒနာပစ္စယာ တဏှာ - အရ အာရုံအရသာကို ခံစားရမှုကြောင့် ထိုအာရုံအပေါ်၌ တပ်မက်တွယ်တာ သာယာနှစ်သက်မှုဟူသော တဏှာအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်၏။
ထိုသို့ ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သိမြင်သူအား ‘ဝေဒနာ၏အကြောင်းတရားကား ဖဿ၊ ဝေဒနာ၏အကျိုးတရားကား တဏှာ’ ဖြစ်၏ဟု ခွဲခြားသိပေ၏။ သို့ရာတွင် -
တဏှာသည် ဝေဒနာကြောင့် မည်သို့အကျိုးသဘောဖြစ်သနည်း? ။
ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ အစုန်နည်းဖြင့် သံသရာလည်ရာ၌ ဝေဒနာနုပဿနာကို မရှုမှတ်သောယောဂီသည် သုခဝေဒနာကို ခံစားရသောအခါ တဏှာဖြင့် သာယာစုံမက်နှစ်သက်မှုသည် ထင်ရှားဖြစ်၏။
ဒုက္ခဝေဒနာကို ခံစားရသောအခါ ထိုဒုက္ခမှ လွတ်မြောက်ရာကို ရှာကြံသဖြင့်လည်း တဏှာဖြင့်ပင် သာယာစုံမက် ခံစားမှုသည်သာ ထင်ရှားဖြစ်ရ၏။
ထို့အတူ ဥပေက္ခာဝေဒနာကို ခံစားရခိုက်၌လည်း ငြိမ်သက်မှုသဘော၌ နှစ်သက်ကပ်ငြိသဖြင့် သာယာခံစားမှုသည်သာ ထင်ရှားဖြစ်ပေ၏။
ဤသို့ ဝေဒနာကြောင့် လောဘ၊ ဒေါသ၊ မောဟတို့သာဖြစ်ခြင်းသည် ‘ဝေဒနာ ပစ္စယာ တဏှာ’ အရ ဝေဒနာဟူသောအကြောင်းသဘောကြောင့် တဏှာ အကျိုးသဘော ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ အစုန်နည်းဖြင့် သံသရာစက်လည်ပတ်ခြင်း၌ ‘ဝေဒနာမှ တဏှာသို့’ လမ်းခွဲ ၁ ခုပင် ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ်၊ ပဋိလောမ၊ အဆန်နည်းဖြင့် သံသရာပြတ်ရာ၌ ဝေဒနာနုပဿနာကို ရှုမှတ်သောယောဂီသည် သုခဝေဒနာကို ခံစားရသောအခါ တဏှာဖြင့် သာယာစုံမက်နှစ်သက်မှုမဖြစ်။
ဒုက္ခဝေဒနာကို ခံစားရသောအခါ ထိုဒုက္ခမှလွတ်မြောက်ရာကို ရှာကြံသဖြင့်လည်း တဏှာဖြင့် သာယာစုံမက်စွာ ခံစားမှုမပြု။
ထို့အတူ ဥပေက္ခာဝေဒနာကို ခံစားရခိုက်တွင်လည်း ထိုဥပေက္ခာသဘော၌ နှစ်သက်ကပ်ငြိသဖြင့် မခံစားပေ။
ဝေဒနာနုပဿီ ဝိဟရတိ - အရ ခံစားမှုမျှသာဟု ရှုမှတ်လျက်လည်းကောင်း၊ ဝေဒနာကို ခွာ၍ ဖြစ်မှု၊ ပျက်မှုသဘောအစုတို့ကို ရှုမှတ်လျက်သော်လည်းကောင်း ခံစားမှုသည်သာ ဖြစ်ပေ၏။
ဤသို့ ဝေဒနာကြောင့် လောဘ၊ ဒေါသ၊ မောဟတို့ မဖြစ်သဖြင့် ဝေဒနာ ပစ္စယာ တဏှာနိရောဓော - အရ ပဋိစ္စသမုပ္ပါဒ်၊ ပဋိလောမ၊ အဆန်နည်းဖြင့် သံသရာစက် လည်ပတ်မှု ပြတ်ဆဲမှုသည် ‘ဝေဒနာမှ ပညာသို့’ လမ်းခွဲ ၁ခု ဖြစ်၏။
ဝေဒနာ၏ဖြစ်ကြောင်းကို သိလျှင် ဝေဒနာ၏ချုပ်ကြောင်းကိုလည်း သိ၏။
ဖဿပစ္စယာ ဝေဒနာ - အရ ဖဿကြောင့် ဝေဒနာဖြစ်၏။ ဖဿနိရောဓာ ဝေဒနာနိရောဓော - အရ ထိုဖဿချုပ်ခြင်းသည်ပင် ဝေဒနာချုပ်ကြောင်း မည်၏။
နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ - အရ ဝေဒနာဟူသော ခံစားမှုနာမ်တရားနှင့် ထိုဝေဒနာနာမ်တရား၏မှီရာ ရုပ်တရားတို့ကို သိမြင်သိမ်းဆည်းနိုင်သဖြင့် အသိမှားအမြင်မှား မိစ္ဆာဒိဋ္ဌိတရားတို့မှ စင်ကြယ်မှု ဖြစ်၏။
ပစ္စယပရိဂ္ဂဟော ကင်္ခါဝိတရဏဝိသုဒ္ဓိနာမ - အရ ဝေဒနာဖြစ်ကြောင်း၊ ချုပ်ကြောင်း ပဋိစ္စသမုပ္ပါဒ်တရားတို့ကို သိမြင်သိမ်းဆည်းနိုင်သဖြင့်လည်း ယုံမှားခြင်း သံသယ၊ ဝိစိကိစ္ဆာတို့မှာ စင်ကြယ်မှု ဖြစ်၏။
ထို့အတူ ဝေဒနာနှင့် ဝေဒနာဖြစ်ကြောင်း ဖဿပဉ္စကတရားတို့အပေါ်၌ မမြဲခြင်း ‘အနိစ္စလက္ခဏာ’ ထင်သဖြင့် မြဲ၏ဟူသော ‘နိစ္စသညာ’ စင်၏။
ချုပ်ပျောက်ငြိမ်း၏။
အတ္တမရှိမှု ‘အနတ္တလက္ခဏာ’ ထင်သဖြင့် ငါ၊ သူတစ်ပါး၊ ယောကျာ်း မိန်းမ စသော ‘အတ္တသညာ’ စင်၏။
ချုပ်ပျောက်ငြိမ်း၏။
ဆင်းရဲခြင်း ‘ဒုက္ခလက္ခဏာ’ ထင်သဖြင့် ချမ်းသာ၏ဟူသော ‘သုခသညာ’ စင်၏။
ချုပ်ပျောက်ငြိမ်း၏။
မသာယာဖွယ်ဟူသော ‘အသုဘလက္ခဏာ’ ထင်သဖြင့် သာယာဖွယ် ‘သုဘသညာ’ စင်၏။
ချုပ်ပျောက်ငြိမ်းလေ၏။
အဘယ်သို့ ချုပ်ပျောက်ငြိမ်းပေသနည်း?
ဝေဒနာဖြစ်ကြောင်းတရားတို့ကို သိမှု ‘ဝိဇ္ဇာ’ ဉာဏ်ဖြစ်၍ အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ ထင်မြင်သူအား ထိုဝေဒနာဖြစ်ကြောင်းတရားတို့အပေါ်၌ မသိမှုဟူသော ‘အဝိဇ္ဇာ’ ပြတ်လေ၏။
အဝိဇ္ဇာ၊ တဏှာ၊ ကံတို့ချုပ်သဖြင့် ဖဿပဉ္စကတရားတို့မပေါ်။ ချုပ်၏။
ဖဿပဉ္စကတရားတို့ချုပ်သဖြင့် ဝေဒနာသည်လည်း ချုပ်ပျက်ငြိမ်းရလျက် ဝိပဿနာအခိုက်အတန့်၌ လောကီမဂ်အသိဖြင့် တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်အားဖြင့် ဝေဒနာချုပ်ငြိမ်းမှုသဘောကို သိမှုသည်ပင် ‘ဝေဒနာနိရောဓ’ ကို သိခြင်း မည်ပေ၏။
ယောဂီ၏သန္တာန်၌ သုခဝေဒနာသော်လည်းကောင်း၊ ဒုက္ခဝေဒနာသော်လည်းကောင်း၊ အဒုက္ခမသုခ(ဥပေက္ခာ)ဝေဒနာသည်လည်းကောင်း၊ ဝေဒနာတစ်မျိုးမျိုးသည် ထင်ရှားဖြစ်ပေါ်ခံစားလျက်သာ ရှိပေ၏။
၁ - ထိုဝေဒနာသည် ကောင်းကောင်း၊ ဆိုးဆိုး မည်သည့်ဝေဒနာပင်ဖြစ်စေ၊ ခံစားမှုသဘောမျှသာဖြစ်ပေ၏ဟု သတိ၊ ဉာဏ်ဖြင့် ကြည့်၍ သိနေရ၏။
၂ - ထိုဝေဒနာသည် ဖဿစသောအကြောင်းကိုစွဲ၍ ဖြစ်ပေါ်လာရ၏။ အကြောင်းမရှိသော် မဖြစ်ပေါ်လာနိုင်ဟုလည်း ကြည့်၍ သိနေရ၏။
၃ - ထိုဝေဒနာဖြစ်ကြောင်း ဖဿကိုယ်တိုင်သည်ပင် မမြဲသော၊ ပြုပြင်စီရင် အပ်သောသဘော ရှိပေ၏။
ထိုမမြဲသော၊ ပြုပြင်စီရင်အပ်သောတရားကို စွဲ၍ ဖြစ်ပေါ်လာရသော ဝေဒနာသည်လည်း အဘယ်မှာ မြဲနိုင်ပေအံ့နည်း။
‘အကြောင်းတရားကိုက မမြဲခြင်းရှိသဖြင့် အကျိုးသည်လည်း မမြဲသည်သာတည်း’ ဟု အကြောင်းနှင့်အကျိုးကို နှိုင်းဆကြည့်လျက်လည်း သိနေရပေ၏။
ထိုသို့ ဝေဒနာသဘောကိုလည်းကောင်း၊ ထိုဝေဒနာ၏ဖြစ်ကြောင်းနှင့်ပျက်ကြောင်းတို့ကိုလည်းကောင်း၊
ထိုဝေဒနာ၏ ဖြစ်ပျက်နေမှုတို့ကိုလည်းကောင်း မိမိသန္တာန်၌ဖြစ်ပျက်မှုကိုလည်းကောင်း၊
သူတစ်ပါးသန္တာန်၌ ဖြစ်ပျက်မှုကိုလည်းကောင်း
မပြတ်ကြည့်လျက် သိနေသောယောဂီအား ထိုဝေဒနာ၏ ပေါ်ပျောက်ပျက်စီးသဖြင့် ‘မမြဲခြင်း၊ ဆင်းရဲခြင်း၊ အတ္တကောင်မဟုတ်ခြင်း’ သဘောတို့ကို သိလာ၏။
ထိုဝေဒနာ၌ တပ်မက်မှုကင်းလာခြင်း သဘောကိုလည်း သိလာရပေ၏။
တပ်မက်မှုချုပ်ငြိမ်းခြင်းသဘောကိုလည်း သိလာရ၏။
တပ်မက်မှုကို စွန့်လွှတ်မှုသဘောကိုလည်း သိလာရ၏။
ထိုသို့ မပြတ်ကြည့်၍ သိမှတ်နေသော ယောဂီအား ခံစားမှုဟူသော ဝေဒနာတရားတို့၌ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတို့သာ ထင်မြင်ရလျက် ဖြစ်မှုပျက်မှု နှစ်ရပ်လုံး၌ တဏှာနှင့်မစပ်သဖြင့် တပ်မက်မှု လုံး၀ချုပ်ပျောက်ငြိမ်းလာပေသည်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့် -
TNO(26.12.2019)
Thein NaingOhn
🍂🌿🌼 ဝေဒနာနုပဿနာ 🌼🌿🍂
ဝေဒနာနုပဿနာမှာ ဝေဒနာ ဆိုတာ စိတ်ထဲမှာ စိတ်ကိုမှီပြီးတော့ ဖြစ်တတ်တဲ့ သဘာဝတရား၊ သို့သော် ဝေဒနာကို ရောဂါဝေဒနာဆိုတဲ့ ရောဂါမဟုတ်ဘူး ဆိုတာလေး သတိထားဖို့လိုမယ်။ စိတ်ရှိလိုရှိရင် ဝေဒနာရှိတယ်၊ စိတ်ကလေးက အာရုံနဲ့တွေ့ရင် အတွေ့အကြုံကလေးတစ်ခု ရသွားတယ် - အာရုံရဲ့အရသာကို ခံစားတယ်လို့၊ ဝေဒနာဆိုသည်မှာ အာရုံ၏ အရသာကိုခံစားခြင်း - ဒီလို အဓိပ္ပါယ်ရှိတယ်။
အာရုံရဲ့ အရသာကို ခံစားတယ်လို့ ဆိုတဲ့နေရာမှာ အကောင်းရော၊ အဆိုးရော အကောင်းအဆိုး မဟုတ်တာရော စိတ်ရဲ့ ခံစားချက်ကလေးတွေက ခံစားတယ်။ မှတ်ထားဖို့က စိတ်ရှိရင် ဝေဒနာရှိတယ် ဆိုတာပဲ။
ကမ္မဋ္ဌာန်းရိပ်သာတွေမှာ တစ်ခါတစ်ခါသုံးတဲ့ စကားလေးတစ်ခုရှိတယ်၊ ဝေဒနာကုန်အောင်မှတ် ဝေဒနာကျော်နိုင်ရမယ်။ အဲဒါ ဒုက္ခဝေဒနာတစ်ခုတည်းကို ရည်စူးပြီး ပြောတာနော်။
ဝေဒနာဆိုတာ ကျော်အောင် မှတ်လို့ ရပါ့မလား၊ စိတ်တွေကုန်သွားမှ ဝေဒနာ ကုန်မှာပဲ၊ စိတ်ရှိနေသမျှ ဝေဒနာရှိနေမယ်၊ ဘာဖြစ်လို့တုန်းဆို ဝေဒနာဆိုတာ စိတ်ရဲ့ခံစားချက်လေးကို ပြောတာ - စိတ်ရှိသမျှ ဝေဒနာရှိတာချည်းပဲ၊ နောက်ဆုံး ဘယ်လောက်သိမ်မွေ့တဲ့စိတ်ပဲဖြစ်ဖြစ် တစ်ခဏလေးတင်ဖြစ်တဲ့ မဂ်စိတ်လေးမှာလည်း ဝေဒနာရှိတာပဲ၊ ဖိုလ်စိတ်မှာလည်း ဝေဒနာရှိတာပဲ၊ နိဗ္ဗာန်ကို အာရုံပြုတဲ့ စိတ်တွေမှာ ဝေဒနာရှိတာပဲ၊ နိဗ္ဗာန်ကို တွေ့ကြုံတာ နိဗ္ဗာန်ကို ချမ်းသာသုခ ကျေနပ်စရာအနေနဲ့တွေ့ကြုံတယ် - သုခဝေဒနာဖြစ်တာပေါ့။
စာပေတွေမှာ ဘယ်လိုသုံးတုန်းဆိုလို့ရှိရင် ဝေဒနာဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်က ဝေဒယိတလက္ခဏာ - အာရုံကို ခံစားတယ်ဆိုတဲ့ အမှတ်အသား ရှိတယ်။
အဲဒီတော့ ဝေဒနာနုပဿနာ ဝေဒနာကို အဖန်ဖန် အထပ်ထပ် ရှုမှတ်တယ်ဆိုတာ စိတ်ရဲ့ ခံစားမှုလေးကို ရှုမှတ်တာကို ပြောတာပဲ။
မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက ဝေဒနာနုပဿနာလို့ဆိုပြီး သတိကပ်ပြီး ဝေဒနာရဲ့သဘာ၀ကို သိမှတ်ဖို့ အသိဉာဏ်ဖြစ်ဖို့ဆိုပြီးတော့ သတိပဋ္ဌာန် ၄ ရပ်ထဲမှာ ဝေဒနာကို အာရုံတစ်ခုအနေနဲ့ ဟောထားတယ်၊ ဝေဒနာနုပဿနာတဲ့ - စိတ်ရဲ့ခံစားချက်လေးကို အဖန်ဖန်အထပ်ထပ် ရှုမှတ်နေလို့ရအောင် သတိလေးက ယူပေးတယ်၊ ကြည့်တာက ဘယ်သူကကြည့် ဉာဏ်ကကြည့်တာ၊ ဒါကို အနုပဿနာလို့ဆိုတာ။
အနု - အဖန်ဖန်အထပ်ထပ်၊ တစ်နည်းအားဖြင့် အနု - သင့်လျော်တဲ့ ရှုထောင့်က ကြည့်တာ၊ မသင့်လျော်တဲ့ရှုထောင့်ရှိသေးလား? ရှိတယ်၊ ဝေဒနာကို ငါလို့ တွေးမယ်ဆိုရင် မသင့်လျော်တဲ့ရှုထောင့်ပဲ၊ ငါ့ဝေဒနာ ငါ့ဟာလို့ တွေးရင် မသင့်လျော်တဲ့ရှုထောင့်ပဲ၊ အဲဒီတော့ ဝေဒနာကိုဝေဒနာလို့ကြည့်တယ်၊ ဝေဒနာက မမြဲဘူး၊ဝေဒနာဟာ ဆင်းရဲတယ်၊ဝေဒနာဟာ ကိုယ်ပိုင်တဲ့အရာ မဟုတ်ဘူးလို့ဆိုတဲ့ ရှုထောင့်က ကြည့်တာကျတော့ အမှန်ကြည့်တယ်လို့ ခေါ်တာပေါ့။
(ဆရာတော်အရှင်နန္ဒမာလာဘိဝံသရဲ့ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်မှ ကောက်နှုတ်ချက်။)
🌿🍂 ဝေဒနာ၌ သိမှတ်ရန် ၇ ဌာန 🍂🌿
၁။ဝေဒနာ ပဇာနာတိ - ခံစားမှုသဘောကို သိမှု။
၂။ဝေဒနာသမုဒယံ ပဇာနာတိ - ခံစားမှုသဘော၏ဖြစ်ကြောင်းကိုသိမှု။
၃။ဝေဒနာနိရောဓံ ပဇာနာတိ - ခံစားမှုသဘော၏ချုပ်ခြင်းကို သိမှု။
၄။ဝေဒနာနိရောဓဂါမိနိ ံ ပဋိပဒံ ပဇာနာတိ - ခံစားမှုသဘောချုပ်ကြောင်း မဂ္ဂင်အကျင့်ကို သိမှု။
၅။ဝေဒနာယ အဿာဒံ ပဇာနာတိ - ခံစားမှု၏ သာယာဖွယ်ကို သိမှု။
၆။ဝေဒနာယ အာဒီနဝံ ပဇာနာတိ - ခံစားမှုသဘော၏ အပြစ်ကို သိမှု။
၇။ဝေဒနာယ နိဿရဏံ ပဇာနာတိ - ခံစားမှုသဘော၏ လွတ်မြောက်ခြင်းကို သိမှုဖြစ်၏။
(သံ၊သတ်တဌာနသုတျ)
🌿🍂 ဝေဒနာ ၃ မျိုးနှင့် ၉ မျိုး ဖြစ်ပုံ 🍂🌿
အဘိဓမ္မာ၌လာဝေဒနာ ၃ မျိုးမှာ -
၁။ သုခေ၀ဒနာ - သာယာ, နှစ်သက်, ကောင်းမွွွန်, ချမ်းသာသောခံစားမှု၊
၂။ ဒုက္ခဝေဒနာ - နာကျင်, ကိုက်ခဲ, ဆင်းရဲသောခံစားမှု၊
၃။ အဒုက္ခမသုခဝေဒနာ - ချမ်းသာမဟုတ်၊ ဆင်းရဲမဟုတ်သောခံစားမှု။
ထို ဝေဒနာ ၃ မျိုးကိုပင် ကာမဂုဏ်အာရုံတို့နှင့်စပ်သောခံစားမှု ‘သာမိသဝေဒနာ’ နှင့် ကာမဂုဏ်အာရုံတို့နှင့် မစပ်သောခံစားမှု ‘နိရာမိသဝေဒနာ’ ၂ မျိုးဖြင့် မြှောက်ပွားသော်၊ဝေဒနာ ၆ ပါး ဖြစ်၏။
မူလဝေဒနာ ၃ ပါးနှင့် ပေါင်း၍ဝေဒနာပေါင်း ၉ မျိုးကို ဝိပဿနာရှုမှတ်ပွားများရန် မြတ်စွာဘုရား ညွှန်ပြတော်မူ၏။
🌿🍂 ဝေဒနာ ၃ မျိုး နှင့် ၅ မျိုး ဖြစ်ပုံ 🍂🌿
ခံစားမှုသဘောဝေဒနာတို့သည် ဝတ္ထုရုပ် ၆ ပါးတို့၌ မှီ၍ ဖြစ်ရ၏။ စိတ်၌ အမြဲယှဉ်၍ ဖြစ်၏။ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ မဇ္ဈတ္တာရုံဟု ဆိုအပ်သော အာရုံ ၆ ပါး တို့ကို အာရုံပြု၏။ ထိမှုဖဿ၊ သိမှုဝိညာဏ်၊ မှတ်သားမှုသညာ၊ စေ့ဆော်မှုသင်္ခါရတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်၏။
ထို ဝေဒနာသည် အာရုံ၏အရသာခံစားမှု လက္ခဏာအားဖြင့် ၁ပါးသာဖြစ်သော်လည်း အာရုံကောင်းဣဋ္ဌာရုံ၊ အာရုံဆိုးအနိဋ္ဌာရုံ၊ မဆိုးမကောင်းအာရုံမဇ္ဈတ္တာရုံဟူသော အာရုံ ၃ မျိုးအားလျော်စွာ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဟု ၃မျိုး ဖြစ်ရ၏။
၁ - သုခဝေဒနာ၌ ကိုယ်၌ဖြစ်တည်သောချမ်းသာခံစားမှု ကာယိကသုခဝေဒနာ၊ စိတ်၌ဖြစ်တည်သော ချမ်းသာခံစားမှု စေတသိကသုခဝေဒနာ၊
၂ - ဒုက္ခဝေဒနာ၌ ကိုယ်၌ဖြစ်တည်သောဆင်းရဲခံစားမှု ကာယိကဒုက္ခဝေဒနာ၊ စိတ်၌ဖြစ်တည်သော ဆင်းရဲခံစားမှု စေတသိကဒုက္ခဝေဒနာဟု ၂ မျိုးစီ ဖြစ်၏။
၃ - ဥပကျခောဝဒနော၌ သုခ/ဒုကျခဟူ၍ မကှဲပှားပေ။
ထို့ကြောင့် သုခခံစားမှု၌ - သုခိန္ဒြေ၊ သောမနဿိန္ဒြေဟူသော အစိုးရမှုဣန္ဒြေအားလျော်စွာ ‘သုခဝေဒနာနှင့် သောမနဿဝေဒနာ’ ဟု ၂ ပါး ဖြစ်လာ၏။
ဥပေက္ခာခံစားမှု၌ ဥပေက္ခိန္ဒြေဟူသော အစိုးရမှုဣန္ဒြေအားလျော်စွာ ‘အဒုက္ခမသုခဝေဒနာ’ ဟု ဖြစ်သဖြင့် အစိုးရမှုအားဖြင့်ဝေဒနာ ၅ မျိုး ဖြစ်၏။
🌿🍂 ဝေဒနာအစစ် ၁၀၈ ရေတွက်ပုံ 🍂🌿
၁ - သာမိသ - သုခဝဒနော၌ - စကျခုသမျဖဿဇာ ဝဒနောစသညြ ၆ မွိုး။
၂ - နိရာမိသ - သုခဝဒေနာ၌ - စက်ခုသမ်ဖဿဇာ ဝဒေနာစသညျ ၆ မြိုး။
၃ - သာမိသ - ဒုက်ခဝဒေနာ၌ - စက်ခုသမ်ဖဿဇာ ဝဒေနာစသညျ ၆ မြိုး။
၄ - နိရာမိသ - ဒုက်ခဝဒေနာ၌ - စက်ခုသမ်ဖဿဇာ ဝဒေနာစသညျ ၆ မြိုး။
၅ - သာမိသ - ဥပကျခောဝဒနော၌ - စကျခုသမျဖဿဇာ ဝဒနောစသညြ ၆ မွိုး။
၆ - နိရာမိသ - ဥပကျခောဝဒနော၌ - စကျခုသမျဖဿဇာ ဝဒနောစသညြ ၆ မွိုး။
ဤသို့အားဖြင့်ဝေဒနာပေါင်း (၆×၆) = ၃၆ မျိုး ဖြစ်၏။ အတိတ်ဝေဒနာ ၃၆၊ အနာဂတ်ဝေဒနာ ၃၆၊ ပစ္စုပ္ပန်ဝေဒနာ ၃၆ ဟု ကာလသုံးပါးဖြင့် (၃၆×၃=၁၀၈) ဖြစ်၍ဝေဒနာအစစ် ၁၀၈ ဖြစ်၏။
မှတ်ချက်။ ။ ကာမဂုဏ်နှင့်စပ်၍ ခံစားမှုကို ‘သာမိသ’ ဟု လည်းကောင်း၊ ကာမဂုဏ်နှင့်မစပ်သော ခံစားမှုကို ‘နိရာမိသ’ ဟုလည်းကောင်း သိပါလေ။
စက္ခုနှင့်ရူပါစသည်တို့ ပေါင်းဆုံထိမှုကြောင့်ဖြစ်သောခံစားမှုကို ‘စက္ခုသမ္ဖဿဇာ-ေ၀ဒနာ’ စသဖြင့် သိပါလေ။
ဤသို့ဝေဒနာတို့၏ ခံစားမှုသဘောအမှန်ကို အသိဉာဏ်ဖြင့် ပိုင်းခြား၍ သိမှုမျိုးသည် ‘ဝေဒနာ ပဇာနာတိ’ အရဝေဒနာကို သိမှု ဖြစ်၏။ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြစ်၏။
ခံစားမှုသဘောတရားသည်ဝေဒနာ၏ ဝေဒယိတလက္ခဏာဟူသော သဘာဝကိစ္စသာ ဖြစ်၏။
ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူသူ၊ ငါငါတို့က ခံစားနေရသည်မဟုတ်ဟု သဘောအမှန်ကို သိမြင်မှုသည် သမ္မာဒိဋ္ဌိ ဖြစ်၏။
ဝေဒနာသည် ခံစားမှုနာမ်သဘောမျှ ဖြစ်၏။ ထိုခံစားမှုနာမ်သဘောသည်လည်း သူ့ချည်းဖြစ်ရတာမဟုတ်။ ဖောက်ပြန်မှုဟူသော ရုပ်သဘောတရားတို့၌ နိဿယ၊ ပုရေဇာတ၊ အာရမ္မဏသတ္တိတို့ဖြင့် မှီ၍သာ ဖြစ်ရ၏။
ထိုသို့ ဝေဒနာ၏ ခံစားမှုနာမ်သဘော၊ မှီရာရုပ်သဘောတို့ကို ပိုင်းခြားသိမှုသည် နာမရူပပရိစ္ဆေဒဉာဏ် မည်၏။ ဉာတပရိညာဖြင့် ပိုင်းခြားသိမှုသည် ဖြစ်၏။ သစ္စဉာဏ်ဖြစ်၏။
ဝေဒနာဟူသမျှသည် စိတ်နှင့် ဖြစ်တူ၊ ချုပ်တူ၊ အာရုံတူ၊ မှီရာတူလျက်သာ မကွဲမကွာ သမ္ပယုတ္တလက္ခဏာတို့ဖြင့် ဖြစ်ရ၏။ စိတ်က သိသမျှသောအာရုံ၏အရသာကိုသာ ဝေဒနာက ခံစားရ၏။
ဝေဒနာက ခံစားရသမျှကိုလည်း စိတ်ကလိုက်၍ သိနေနိုင်မှုသည် ဖြစ်၏။
အကယ်၍ သိစိတ်မရှိလျှင် ဝေဒနာသည် မရှိ။ ထိုစိတ်သည်လည်း မှီရာ ဝတ္ထုရုပ် (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယ) တို့၌ တည်မှီလျက်သာ ဖြစ်ရ၏။
အကယ်၍ တည်မှီရာ ဝတ္ထုရုပ်တို့မရှိလျှင်လည်း စိတ်မရှိနိုင်သဖြင့် ဝေဒနာသည် မရှိနိုင်ပြီ။
ထို ဝေဒနာသည် ဖြစ်ပေါ်လာသည်ရှိသော်လည်း အာရုံအမျိုးအစားအား လျော်စွာသာလျှင် ဖြစ်ရလေ၏။ ဖြစ်ချင်တိုင်း ဖြစ်နေနိုင်ခြင်းမျိုးကား မဟုတ်။
အာရုံ ၆ ပါးတို့တွင် သဘောကျစရာ ဣဋ္ဌာရုံနှင့် ထိကြုံရပါက သာယာစွာ ခံစားမှုဟူသော သုခဝေဒနာ ဖြစ်၏။
သဘောမကျစရာအနိဋ္ဌာရုံနှင့် ထိကြုံလာပါက မခံသာစွာခံစားမှုဟူသော ဒုက္ခဝေဒနာ ဖြစ်၏။ အလယ်အလတ်မဇ္ဈတ္တာရုံနှင့်ထိကြုံလာပါက မသာ၊မနာသောခံစားမှု ဥပေက္ခာဝေဒနာ ဖြစ်၏။
၁ - သုခဝေဒနာဖြစ်ခိုက် ချမ်းသာသဘောထင်သဖြင့် သောမနဿ ဝင်၏။ တဏှာဖြစ်တတ်သဖြင့် ‘ဒုက္ခ’ အဖြစ် ထင်မြင်အောင် ရှုမှတ်ရ၏။
၂ - ဒုက္ခဝေဒနာဖြစ်ခိုက် ဆင်းရဲထင်သဖြင့် ဒေါမနဿဝင်၏။ ဒေါသဖြစ်တတ်သဖြင့် ဆူးငြောင့်အဖြစ် ထင်မြင်အောင် ရှုမှတ်ရ၏။
၃ - ဥပေက္ခာဝေဒနာဖြစ်ခိုက် သိမ်မွေ့သဘောထင်သဖြင့် သောမနဿဝင်၍၊ တဏှာဖြစ်တတ်သဖြင့် မမြဲဟု ‘အနိစ္စ’ အဖြစ် ထင်မြင်အောင် ရှုမှတ်ရ၏။
ဝေဒနာဟူသော ဝေါဟာရမှာ ပညတ်၊ မရှိတရား ဖြစ်၏။ ထိုဝေဒနာ၏ ခံစားမှုဟူသော ‘ဝေဒယိတလက္ခဏာ’ သဘောတရားမျှသည်သာ တကယ့်အရှိ ပရမတ်တရား ဖြစ်၏။
ထိုဝေဒနာပရမတ်တရားကို ပရမတ်သဘောအတိုင်း မသိခဲ့သော် မရှိပညတ်တို့ကိုသာ အရှိအဖြစ်ဖြင့် ထင်မြင်သိနေမှုမျိုးသည် မိစ္ဆာဒိဋ္ဌိ အမှားသိ ဖြစ်၏။ အဝိဇ္ဇာသိဟု ဆိုရလေ၏။ ဝိပလ္လာသအသိ မည်ပေ၏။
ထိုဝေဒနာကို မည်သူသည် ခံစားပါသနည်း? –
‘နကောစိ ပုဂ္ဂလောဝါ သတ္တောဝါ ဝေဒယတိ’ ၊ ‘ခံစားတတ်သူ တစ်စုံတစ်ယောက်မျှ မရှိ’ ဟု သိမှတ်အပ်၏။
သို့ဆိုလျှင် ထိုဝေဒနာသည် မည်သူ့၏ခံစားချက်ဖြစ်လေသနည်း? –
‘နကဿစိ ပုဂ္ဂလဿဝါ သတ္တဿဝါ ဝေဒနာ’ ၊ ‘တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သတ္တဝါ၏ခံစားချက်လည်း မဟုတ်’ ဟု သိမှတ်အပ်၏။
သို့ဆိုလျှင် ‘ထိုဝေဒနာမှာ ဘယ်ကရောက်လာသနည်း ? –
ယခင်ဘဝက ပါလာလေသလော၊ မိုးပေါ်ကကျလာလေသလော’ ဟု မေးဖွယ်ရှိပေ၏။ ထိုအဖြေကို ‘ဝတ္ထု,အာရမ္မဏာဝိပနဿ ဝေဒနာ’ ဟု ဖြေဆိုရပေ၏။
အကယ်စင်စစ်မှာ ထိုဝေဒနာကို တစ်စုံတစ်ယောက်က ခံစားသည်လည်း မဟုတ်ပါ။
တစ်စုံတစ်ယောက်၏ ခံစားမှုမျိုးလည်း မဟုတ်ပါ။
ခံစားသူ၊ ပိုင်ဆိုင်သူ မရှိပါဘဲလျက် အကြောင်းမဲ့ ဖြစ်ပေါ်ရောက်ရှိလာရသည်လည်း မဟုတ်ပေ။
အဟုတ်အမှန်မှာကား -
(၁) ဝတ္ထုရုပ် ၆ပါး တည်းဟူသော တည်ရာအကြောင်း
(၂) အာရုံ ၆ပါးတည်းဟူသော စွဲမှီရာအကြောင်း
ထိုအကြောင်းနှစ်မျိုးတို့ ပေါင်းဆုံမှုကြောင့် ထိတွေ့မှုဟူသော ဖဿတရားသည် အာရမ္မဏ၊ နိဿယ၊ ပုရေဇာတစသော သတ္တိတို့ဖြင့် ကျေးဇူးပြုသဖြင့် အကျိုးဓမ္မအနေဖြင့် ကိုယ်နှင့်စိတ်တို့၌ ဖြစ်ပေါ်လာသော ခံစားမှုသဘောတရားမျှ ဖြစ်၏။
ဝေဒနာပရမတ်တရား၏ ဖြစ်ကြောင်းအစစ်ကို ရှာဖွေကြည့်ပါက ‘ဖဿပစ္စယာ ဝေဒနာ’ ဟု တွေ့ရ၏။
ထိုဖဿ-ဘာကြောင့် ဖြစ်သနည်းဟု ဆိုပြန်လျှင် ဝတ္ထုရုပ် ၆ မျိုးနှင့် အာရုံ ၆မျိုးတို့ကြောင့်ဟုလည်းကောင်း၊
ထိုဖဿဖြစ်သဖြင့် ဘာအကျိုးရှိသနည်းဟု ဆိုပြန်လျှင် အာရုံအရာသာကို ခံစားခြင်း ဝေဒနာအကျိုးရှိ၏ဟု အောက်ပါအတိုင်း ကြောင်းကျိုးဆက်စပ်ပုံကို သိအပ်ပေ၏။
(၁) ‘စက်ခုံစ+ပဋိစ်စ+ရူပဉ်စ ဥပ်ပဇ်ဇတိ=စက်ခုဝိညာဏံ’
(၂) ‘တိဏ္ဏံ သင်္ဂတိ ဖေဿာ’
ထိုမျက်လုံး+အဆင်း+ဝိညာဏ်-သုံးပါးတို့ပေါင်းဆုံမှုကြောင့် ‘ဖဿ’ ဖြစ်၏။
(၃) ‘ဖဿပစ္စယာ ဝေဒနာ’ (ပဋိစ္စသမုပ္ပါဒ်-ကြောင်းကျိုးဆက်မှု)
ထိုထိတွေ့မှု ဖဿကြောင့်သာလျှင် ဝေဒနာသဘောမျိုးသည် အကျိုးတရားအနေဖြင့် ဖြစ်လာရ၏။
ထို့ကြောင့် ‘ဖဿ’ သည် ဝေဒနာ၏အကြောင်းသဘောဖြစ်သဖြင့် ‘ဝေဒနာသမုဒယ’ တရား မည်၏။
ခံစားမှုဝေဒနာသည် အာရုံ ၆ မျိုး အတိုက်ဓာတ်တို့နှင့် ဝတ္ထု(ဒွါရ) – (၆)မျိုး အခံဓာတ်တို့ တိုက်ကြုံမှုကြောင့်သာ ဝိညာဏ် ၆ မျိုး အပွင့်ဓာတ်တို့ဖြစ်မှုဖြင့် ထိတွေ့မှုဖဿ ၆ မျိုး ဖြစ်သောကြောင့် ဝေဒနာသည်လည်း ၆မျိုးပင် ဖြစ်ရ၏။
ထို့ကြောင့် ‘ဝေဒနာသမုဒယံ ပဇာနာတိ’ အရ ဝေဒနာဖြစ်ကြောင်း ၆မျိုးမှာ ဖဿ၆မျိုး ဖြစ်၏ဟု ‘ဖဿပစ္စယာ ဝေဒနာ’ နှင့်အညီ သိအပ်၏။
မှီရာဝတ္ထု+သိစရာအာရုံတို့၏ ပေါင်းဆုံထိမှုသဘောသည် ‘ဖဿ’ ဖြစ်၏။
ထိုဖဿဖြစ်သောအခါ ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ ထိုဝေဒနာကို မှတ်သားမှုသည် ‘သညာ’ မည်၏။
ထိုသညာကြောင့် စေ့ဆော်တိုက်တွန်းမှုသဘောသည် ‘စေတနာ’ မည်၏။
အာရုံကို သိတတ်မှုသဘောသည် ‘ဝိညာဏ်’ မည်၏။
ထိုဖဿအစ ဝိညာဏ်အဆုံးရှိသော တရားငါးပါးအပေါင်းကို ‘ဖဿပဉ္စက’ တရားဟု ခေါ်၏။
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ။
မေတ္တာဖြင့်
TNO(25.12.219)
Thein NaingOhn
🌿သတိတစ်လုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရောက်🌿
တရားအလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုမြတ်စွာဘုရားသည် ဤမဟာသတိပဋ္ဌာနသုတ်တော်ကို ကုရုတိုင်း၊ ကမ္မာသဓမ္မနိဂုံး၊ ယခုအိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်းရှိ ဒေလီမြို့နယ်ဒေသ၌ ဟောကြားတော်မူခြင်း ဖြစ်၏။
ထိုကုရုတိုင်းသားတို့သည် မဟာသတိပဋ္ဌာန်တရားတော်ကို မြတ်စွာဘုရား မဟောကြားမီကပင် သတိတစ်လုံး၊ စွဲမြဲသုံးလေ့ရှိကြပုံကို အဋ္ဌကထာဆရာမြတ် ဖော်ပြထားသည်မှာ အတုယူအားကျဖွယ်ရာ ကောင်းလှ၏။
ထိုကုရုတိုင်းဒေသတို့၌ မင်း၊ ပုဏ္ဏား၊ သူဋ္ဌေး ဆင်းရဲသား အမျိုးလေးပါးတို့ သာမက အောက်ထစ်ဆုံး အလုပ်သမား၊ အစေခံပုဂ္ဂိုလ်များကပင် သတိပဋ္ဌာန်မှလွတ်သော သတိမဲ့စကားမျိုးကို မပြောဆိုကြကုန်ဟု ဆို၏။
ထို့ကြောင့်ပင် ထိုကုရုတိုင်း၊ ကမ္မာသဓမ္မနိဂုံးနေသူလူတို့၏ ကောင်းသော စရိုက်၊ ဝါသနာ၊ ပါရမီဉာဏ်ကြီးမားပုံတို့ကို သိတော်မူ၊ မြင်တော်မူသော မြတ်စွာဘုရားသည် ဤမဟာသတိပဋ္ဌာန်တရားတော်ကို ထိုကုရုတိုင်းအရပ်ဒေသ၌ ဟောတော်မူခြင်း ဖြစ်ပေသည်။ (မဟာသတိပဋ္ဌာနသုတ်၊ အဋ္ဌကထာ)
ဗုဒ္ဓရှင်တော်မြတ်က ‘သတိံ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ’ ၊ ‘ချစ်သားရဟန်းတို့၊ သတိတရားသည် အကျိုးစီးပွားအလုံးစုံကို ပြီးစီးစေနိုင်သော တစ်ခုသောတရားဟူ၍ ငါဘုရားဟောကြားတော်မူ၏’ ဟု မိန့်ကြားတော်မူ၏။
သတိရှိသူသည် ကုသိုလ်သုစရိုက်မှုတို့ကို မမေ့၊မပျောက်အောင် စောင့်ရှောက်ထားနိုင်စွမ်း ရှိ၏။ ဒါနကိုလည်း ပြုနိုင်လေ၏။ သီလကိုလည်း စောင့်ထိန်းနိုင်၏။ သမာဓိကိုလည်း ပွားနိုင်၏။ ပညာကိုလည်း ဖြစ်ပေါ်စေနိုင်ပေသည်။
သတိတရားသည် ဓမ္မရေး၌သာမက လောကရေးကိစ္စတို့၌ပါ အင်မတန် အရေးပါလှသဖြင့် ‘သတိမမူ ဂူမမြင်၊ သတိမူတော့ မြူပါမြင်၊ သတိမထားက မှားတတ်သည်၊ သတိထားက မမှားနိုင်’ စသည်ဖြင့် မိန့်ဆိုကြလေ၏။
ဓမ္မပဒ၊ အပ္ပမာဒဝဂ်၌ မမေ့မလျော့မှု၊ အမှတ်ရနေမှုဟူသော ထိုသတိတရားကိုပင် ‘အပ္ပမာဒေါ အမတံ ပဒံ’ မမေ့လျော့မှုအပ္ပမာဒတရားသည် မသေရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်၏။ ‘ပမာဒေါ ပစ္စုနော ပဒံ’ မေ့လျော့မှု၊ သတိမရှိမှုသည် အိုနာသေရခြင်း၏အကြောင်း ဖြစ်၏’ ဟု ဟောကြားတော်မူသည်။
သို့ဖြစ်၍ နိဗ္ဗာန်၊ မဂ်၊ ဖိုလ်တို့ကို မျက်မှောက်ပြုလိုသော ထေရဝါဒ၊ ဗုဒ္ဓသာသနာဝင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော သူတော်ကောင်းတရားတို့ကို ပွားများအားထုတ်သည့်အခါတိုင်း၌ ‘သတိတစ်လုံး' ကို အဆုံးနိဗ္ဗာန်ထိတိုင် စွဲစွဲမြဲမြဲ အသုံးချသွားနိုင်ရန် လိုအပ်ပါပေ၏။
ဓမ္မအမြင်ဖြင့်ကြည့်လေသော် သတိမရှိ၍၊ သတိမထား၊ သတိမပွားသူသည် အမှားလမ်းစဉ်ခေါ် ‘မိစ္ဆာမဂ္ဂင် ၈ ပါး’ ကိုသာ ကျင့်သုံးအားထုတ်ရာရောက်သဖြင့် အပါယ်လေးပါးတို့၌ ကျင်လည်ရလေ့ရှိ၏။ သတိရှိ၍ သတိထား၊ သတိပွားနေသူကား အမှန်တရားလမ်းစဉ် ‘သမ္မာမဂ္ဂင် ၈ ပါး မဇ္ဈိမပဋိပဒါအကျင့်’ ဖြင့် သတိပဋ္ဌာန်တရားကို ကျင့်သုံးပွားများနိုင်လျက် နိဗ္ဗာန်ထိတိုင် မျက်မှောက်ပြုနိုင်၏။
ထို့ကြောင့် ‘သတိမဲ့သူသည် သေသူနှင့် တူ၏။ သတိရှိသူကား ရှင်သူနှင့်တူ၏’ ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။ သတိမဲ့သူသည် သတိမေ့လျော့နေသဖြင့် ကိုယ်ခန္ဓာအင်္ဂါကြီးငယ်ရှိပါလျက်နှင့် ကုသိုလ်သုစရိုက်မှုတို့၌ အသုံးမချနိုင်။ ခြေအစုံရှိပါလျက်နှင့် သုဂတိ၊ နိဗ္ဗာန်ခရီးသို့ မလျောက်လှမ်းနိုင်။ လက်အစုံရှိပါလျက်လည်း သဒ္ဓါ၊ သီလစသည် ကုသိုလ်ရိက္ခာအစုကို မသယ်ယူနိုင်ပေ။ မျက်စိအစုံရှိပါလျက်လည်း အသိမပါနိုင်မှုကြောင့် ပရမတ္တသစ္စာ၊ အရိယသစ္စာတို့ကို မမြင်မစမ်း၊ အကန်းအတိသာ ဖြစ်ရရှာပေ၏။ ဤသည်တို့မှာ သတိမထား၍ မှားတတ်မှုတို့ပင် မဟုတ်ပါလော။
သတိမပွားသူသည် အသိဉာဏ်၊ ဝိဇ္ဇာအလင်း ကင်းမဲ့သဖြင့် အမှားလမ်းစဉ်သို့သာ လျှောက်လှမ်းမိလေ၏။ ကိုယ်ခန္ဓာရှိပါလျက် ငါ၊ ငါ့ကိုယ်ဟု ယူမှားသဖြင့် အတ္တအတွက်သာ အသုံးချမိလေ၏။
ခြေအစုံရှိပါလျက် တဏှာ၊ မာန၊ ဒိဋ္ဌိတို့၏ ခိုင်းစေညွှန်ကြားရာ ဒုစရိုက်ခရီးလမ်းသို့သာ လျောက်လှမ်းရ၏။ လက်အစုံရှိပါလျက် အတ္တနိယအတွက်သာ ရယူသိမ်းပိုက်လေ၏။ ထို့ကြောင့် သတိမရှိသူကို ပရိယာယ်အားဖြင့် ‘သေသူနှင့်တူ၏’ ဟု ဆိုရလေ၏။ မုချအားဖြင့် သတိမရှိသူ၌ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာစသော သူတော်ကောင်းတရားများနှင့် သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာ ၃ပါး အကျင့်တရားတို့သည် သေဆုံးနေသည်သာတည်း။
သို့ဖြစ်၍ ဘုရားစသောအရိယာသူတော်ကောင်းတို့၏ သစ္စာဉာဏ်အမြင်၌ သတိမရှိသူကို အသက်ရှင်နေပါသော်လည်း ‘ဇီဝန္တောပိ မတံ’ ရှင်လျက်သေနေသူပါတည်း။ မျက်စိအစုံမြင်နေပါသော်လည်း ‘အန္ဓစက္ခုက’ မြင်လျက်ကန်းနေသူပါတည်း။ ခြေအစုံ၊ လက်အစုံရှိနေပါလျက်လည်း ‘အပဒိက’ ခြေပြတ်၊ လက်ပြတ်နေသူပါတည်း’ ဟု မိန့်ဆိုတော်မူကြပေ၏။ (ဓမ္မပဒအဋ္ဌကထာ၊ အပ္ပမာဒဝဂ်)
လောကုတ္တရာဖြစ်သောအရိယမဂ်သို့ ဆိုက်ရောက်လျက် နိဗ္ဗာန်သို့ မျက်မှောက်ပြုလိုသူ သူတော်ကောင်းအပေါင်းတို့သည် ဤသတိပဋ္ဌာန်တရားကို မလွဲမသွေ ကျင့်သုံးပွားများရမည် ဖြစ်၏။ အကြောင်းမှာ ‘အယံ မဂ္ဂေါ နဒွိဓာပဋ္ဌ ဘူတော’ ဟူသော အဋ္ဌကထာအဖွင့်အရ ဤသတိပဋ္ဌာန်ခရီးလမ်းမှတစ်ပါး အခြားလမ်းခွဲ၊ လမ်းလွှဲမရှိသဖြင့် ဤလောကိယ၊ ပုဗ္ဗဘာဂမဂ်မည်သော သတိပဋ္ဌာန် အကျင့်မြတ်ကို ‘ဧကာယနမဂ်’ တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်၏ဟု မြတ်စွာဘုရား အတိအလင်း ဟောကြားတော်မူထားခြင်းကြောင့်တည်း။
ဒီဃနိကာယ်၊ သမ္ပသာဒနီယသုတ်၌လည်း ကာလသုံးပါးလုံး၌ ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့ဘုရားအပေါင်းတို့သည် ‘စတူသု သတိပဋ္ဌာနေသု သုမ္ပတိဋ္ဌိတစိတ္တာ’ သတိပဋ္ဌာန်းတရားလေးပါးတို့၌ ကောင်းစွာတည်သော စိတ်ရှိတော်မူကုန်လျက်သာ သမ္မာသမေ္ဗာဓိဉာဏ်သို့ ရောက်တော်မူကုန်၏ဟု အတိအကျ မိန့်ဆိုတော်မူ၏။
ထို့အတူ သတိပဋ္ဌာနသံယုတ်ပါဠိတော်၌လည်း ‘ဧတေန မဂ္ဂေန တရိံ သု ပုဗ္ဗေ’ ၊ ရှေးဘုရားအပေါင်းသူတော်ကောင်းတို့သည်လည်းကောင်း၊ ‘တရိဿန္တိ ယေစ တရန္တိ သြဃံ’ နောင်ပွင့်တော်မူလတ္တံအရိယာသူတော်ကောင်းတို့သည်လည်းကောင်း၊'ဧကာယနမဂ်’ ခရီးလမ်းဖြင့်သာ သြဃလေးဖြာ သံသရာကို လွန်မြောက်တော်မူကုန်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။
ထို့ကြောင့် ရှေးဘုရားစသော အရိယာသူတော်ကောင်းအပေါင်းတို့၏ လမ်းဟောင်းလည်းဖြစ်သော၊ တစ်ကြောင်းတည်းသောခရီးဖြစ်၍ ဧကာယမဂ်လည်းမည်သော၊ ဤထေရဝါဒ၊ ဗုဒ္ဓသာသနာအဆုံးအမအတွင်း၌သာ ကျင့်သုံးပွားများအားထုတ်ခွင့်ရရှိနိုင်သော လောကုတ္တရာအရိယမဂ်၏ အရုဏ်ဦးသဖွယ်ဖြစ်သော သတိပဋ္ဌာန်အကျင့်မြတ်ကို မဇ္ဈိမပဋိပဒါလမ်းစဉ်နှင့်အညီ ကျင့်သုံးပွားများအားထုတ်အပ်လှပေ၏။
သတ္တဝါတို့၏စိတ်သန္တာန်၌ တဏှာဖြင့် အမြဲဆာလောင်တောင့်တနေမှုသည် ဖြစ်၏။ တဏှာဖြင့် ဆာလောင်တောင့်တနေမှုကြောင့် လောဘ၊ ဒေါသ၊ မောဟဟူသော ကိလေသာအညစ်အကြေးတို့သည် စွဲထင်ပေကျံကုန်၏။ ကိလေသာ အညစ်အကြေးတို့ကြောင့် စိတ်သည် ညစ်နွမ်းရ၏။ ပူပန်လောင်မြိုက်ရ၏။ ပင်ပန်းရ၏။ စိတ်ညစ်နွမ်းမှုကြောင့်သာ သတ္တဝါတို့သည် ညစ်နွမ်းရကုန်၏။
မြတ်စွာဘုရားက ‘စိတ္တသံကိလေသာ သတ္တာ သံကိလိဿန္တိ’ ၊ စိတ်ညစ်နွမ်းမှုကြောင့်သာ သတ္တဝါတို့ ညစ်နွမ်းကုန်၏။ ‘စိတ္တေ ဝေါဒါနာ ဝိသုဇ္စျန္တိ ၊ စိတ်စင်ကြယ်မှုကြောင့်သာ သတ္တဝါတို့ စင်ကြယ်ကုန်၏ဟု ဟောတော်မူ၏။ ရုပ်သည်ကား ‘အဝိညာဏက’ အသိမရှိသောကြောင့် စင်ကြယ်ခြင်း၊ ညစ်နွမ်းခြင်းကို မြတ််စွာဘုရားရှင် ပညတ်တော်မမူပေ။
ဤသတိပဋ္ဌာန်ပုဗ္ဗဘာဂမဂ်သည် သတ္တဝါတို့၏စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေး၊ အပူအလောင်တို့ကို စင်ကြယ်ငြိမ်းအေးစေကြောင်းဖြစ်သဖြင့် မြတ်စွာဘုရားရှင်သည် ‘သတ္တာနံ ဝိသုဒ္ဓိယာ’ ဟူ၍ ဟောတော်မူခြင်း ဖြစ်၏။
ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟဟူသော စိတ်အညစ်အကြေး ကိလေသာအပူအလောင်တို့မှ ကင်းစင်အေးငြိမ်းလိုသော သူတော်ကောင်းသည် သတိပဋ္ဌာန် ပုဗ္ဗဘာဂမဂ်ကို ဒိဋ္ဌလက်ငင်း မုချဧကန်အားဖြင့် ပွားများအပ်ပေ၏။ ခဏပွားများးလျှင် ခဏကင်းစင် ငြိမ်းအေးနိုင်၏။ ကြာကြာပွားများလျှင် ကြာကြာကင်းစင်ငြိမ်းအေးနိုင်၏။ ထာဝစဉ်ပွားများခဲ့လျှင် အမြစ်ပြတ် ကင်းစင်ငြိမ်းအေးနိုင်မည် ဖြစ်ပေ၏။
သတိပဋ္ဌာန်ပွားများမှုအလုပ်၌ သတိဦးစီးမှုဖြင့် ကိုယ်၏တွန်းကန်အား ကာယိကဝီရိယ၊ စိတ်၏တွန်းကန်အား စေတသိကဝီရိယတို့လည်း ပါ၏။ အာရုံ၌ စူးစိုက်ရှုမှတ်တည်ကြည်မှု သမာဓိလည်း ပါ၏။ အာရုံတစ်ခုကို ယထာဘူတနေရာကျရှုမြင်နိုင်မှုပညာလည်း ပါ၏။ ကာမအာရုံတို့ကို စွန့်ခွာလျက် ဓမ္မာရုံတို့ကို တွေးကြံမှု ဝိတက်လည်း ပါဝင်၏။
ထို့ကြောင့် သတိပဋ္ဌာန်ယောဂီ၏စိတ်သည် သတိဦးစီးလျက် ပါဝင်သဖြင့် သတိနှင့်လည်း ယှဉ်၏။ ဝီရိယပါဝင်လာလျှင် ဝီရိယနှင့်လည်း ယှဉ်၏။ သမာဓိပါဝင်လာလျှင် သမာဓိနှင့် ယှဉ်၏။ ပညာ၊ ဝိတက်တို့ကြောင့် ဖြစ်ပေါ်လာသော သိမှုဉာဏ်သည်ပင် သတိပဋ္ဌာန်တရားအားထုတ်သူယောဂီ၏အရှုဉာဏ် ဖြစ်ပေ၏။
သတိပဋ္ဌာန်ပွားများအားထုတ်ခြင်းမရှိသူ အန္ဓပုထုဇဉ်၏ ယခင်စိတ်သည် ကာမတဏှာဦးစီးမှုဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိတို့နှင့်ယှဉ်သော ကာမစိတ်တို့သာ ဖြစ်၏။
ထိုကာမစိတ်တို့သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ကာမဂုဏ်အာရုံ ၆ ပါး၊ ကာလဝိမုတ်ဖြစ်သော ကာမပညတ်တရားတို့ကို အာရုံပြုလေ၏။
ကာမတဏှာဟူသော ကိလေသာနှင့်ယှဉ်လေသော ကာမစိတ်ဖြင့် မြင်၊သိနေသမျှမှာ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမဟူ၍ အမြင်၊ အသိမှားတို့သာ ဖြစ်ပေ၏။ ဖောက်ပြန်သောသညာဖြင့် အမှားကိုသာ မှတ်မိ၏။ ဖောက်ပြန်သောစိတ်ဖြင့် အမှားကိုသာ သိမိ၏။ ဖောက်ပြန််သောဒိဋ္ဌိဖြင့် အမှားကိုသာ မြင်မှုသည် ဖြစ်၏။
ထိုအမှတ်မှား၊ အမှားသိ၊ အမှားမြင်မှုတို့ကြောင့်
ဒိဋ္ဌိ၊ မာန၊ တဏှာ၊ ပပဉ္စတရားတို့သာ တိုးပွားလေ၏။
သတိပဋ္ဌာန်တရားပွားများအားထုတ်သူ ကလျာဏပုထုဇဉ်၏ သတိပဋ္ဌာန် စိတ်သည်ကား ကာယဟူူသောရုပ်အာရုံ၊ ဝေဒနာနှင့်စိတ်ဟူသော နာမ်အာရုံ၊ ဓမ္မဟူသော ရုပ်နာမ်သဘောအာရုံအားဖြင့် ထင်ရှားသော သတိပဋ္ဌာန်အာရုံ မှန်သမျှကို မပြတ်မှတ်သိနေမှုကြောင့် သတိ၊ ဝီရိယ၊ သမာဓိတို့နှင့်ယှဉ်လျက် သမာဓိပဂ္ဂင်ထိုက်သော ဘာဝနာစိတ် ဖြစ်၏။
ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါတို့နှင့် ယှဉ်သဖြင့်လည်း စူးစူးစိုက်စိုက် ရှုမြင်နိုင်သော ဈာန်စိတ်တို့သည် ဖြစ်၏။ ရူပ၊ အရူပဟူသော ရုပ်နာမ်ပညတ်ဓမ္မာရုံတို့ကို အာရုံပြုနေပေ၏။
သမထဘာ၀နာ၏ အာနိသင်ကြောင့်ဖြစ်သော ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့အစွမ်းဖြင့် ကိလေသာနီ၀ရဏတရားတို့ကို ဝိက္ခမ္ဘနပဟာန်သတ္တိဖြင့် ကြာကြာပယ်ခွာနိုင်မှုသည် ဖြစ်၏။
ကာမဂုဏ်အာရုံတို့မှ ကင်းဆိတ်မှု ‘ကာမဝိဝေက’ ၊ အကုသိုလ်တရားတို့ ကင်းဆိတ်မှု ‘အကုသလဝိဝေက’ တို့ကြောင့်လည်း ‘ဒိဋ္ဌဓမ္မသုခ ဝိဟာရီ’ ခေါ် မျက်မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာနေနိုင်ခြင်းကို ရရှိခံစားနိုင်လေ၏။
ထိုသတိပဋ္ဌာန်ယောဂီ၏ စိတ်သန္တာန်၌ ရေပေါ်မှာ ရေမှော်ကို ဖယ်ခွာအပ်သဖြင့် ရေကြည်ကိုတွေ့ရဘိသကဲ့သို့၊ ကိလေသာနီ၀ရဏတို့ကို ဝိက္ခမ္ဘနပဟာန််သတ္တိဖြင့် ပယ်ခွာနိုင်မှုကြောင့် သောကသည်လည်းကောင်း၊ ပရိဒေ၀သည်လည်းကောင်း၊ ဒုက္ခသည်လည်းကောင်း၊ ဒေါမနဿသည်လည်းကောင်း၊ ဥပါယာသသည်လည်းကောင်း
ကြာကြာငြိမ်းအေးလွင့်ပျောက်နေပေတော့၏။
သတိပဋ္ဌာန်ယောဂီသည် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသည့် ရုပ်နာမ်ပညတ်ကို အာရုံပြုသော သမထဘာ၀နာမှ တစ်ဆင့်တက်၍ ရုပ်နာမ်ပရမတ်အာရုံပြုသော ၀ိပဿနာဘာ၀နာသို့ ကူးးပြောင်းအားထုတ်သည်ရှိသော် သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ၊ ဝိတက်ဟူသော မဂ္ဂင်တရား ၅ ပါးတို့နှင့် ယှဉ်သဖြင့် ဝိပဿနာခဏိကသမာဓိနှင့် ပြည့်စုံသော ဝိပဿနာဘာဝနာမယပညာသည် ထင်ရှားစွာ ဖြစ်ပေါ်၏။
ထိုသမာဓိ၊ ပညာတို့၏အစွမ်းကြောင့်ဖြစ်သော (အင်္ဂါ ၅ ပါးနှင့်ပြည့်စုံသော) လောကိယ၊ ပုဗ္ဗဘာဂမဂ်ခေါ် ဝိပဿနာဉာဏ်သည် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ်ပရမတ်တရားတို့ကို အာရုံပြုလျက် ရုပ်နာမ်ပရမတ်တို့၏သဘောလက္ခဏာကိုလည်းကောင်း၊ ရုပ်နာမ်ပရမတ်တို့၏အကြောင်းအကျိုးသဘောကို လည်းကောင်း၊ ရုပ်နာမ်ပရမတ်တို့၏ဖြစ်မှု၊ ပျက်မှုသဘောတို့ကိုလည်းကောင်း၊ အဆင့်ဆင့်ပွားများ အားထုတ်သဖြင့် ထင်လင်းစွာ သိမြင်နိုင်ခြင်းသဘောသည် ဖြစ်၏။
ထိုရုပ်နာမ်ပရမတ်တရားတို့၏ ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘောတို့ကြောင့် မမြဲခြင်းဟူသော အနိစ္စလက္ခဏာ၊ ဖြစ်မှု၊ ပျက်မှုတို့သည် နှိပ်စက်အပ်သဖြင့် ဆင်းရဲခြင်းဟူသော ဒုက္ခလက္ခဏာ၊ မမြဲမှု၊ နှိပ်စက်မှုတို့၌ အတ္တအနှစ်အသားမပါရှိသဖြင့် အစိုးမရခြင်းဟူသော အနတ္တလက္ခဏာတို့ကိုလည်း ရှင်းလင်းစွာသိမြင်၏။
သတိပဋ္ဌာန်ယောဂီ၏ ဝိပဿနာဉာဏ်သည် ပေါ်ပေါ်သမျှသောအာရုံတို့ကို မပြတ်မှတ်သိနေမှု သမာဓိ၊ ပညာအစွမ်းဖြင့် ထင်လာသမျှသောအာရုံတို့၏ ရုပ်နာမ်သဘောလက္ခဏာ၊ ဖြစ်မှု၊ ပျက်မှုသင်္ခတလက္ခဏာ၊ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှု သာမညလက္ခဏာအားဖြင့် လက္ခဏာရေးသုံးပါးတို့ကို ကောင်းစွာနိုင်နင်းလျက် အဆင့်ဆင့် ကွဲပြားစွာ သိမြင်ပေ၏။ ထင်ရှားစွာ ဖြစ်ပေါ်လာသမျှသော ထိုရုပ်နာမ်သဘောဓမ္မာရုံတို့ကို ဝိပဿနာဉာဏ်အဆင့်ဆင့်တို့က မလွတ်တမ်း ထွင်းဖောက်လျက် သိမြင်နိုင်မှုပင်တည်း။
ဤနည်းဖြင့်ပင် ဘာဝနာမယပညာဖြင့် ထုံမွှမ်းအပ်သော သတိပဋ္ဌာန်ယောဂီ၏စိတ်မြတ်သည် ဝိပဿနာဉာဏ်အဆင့်ဆင့်တို့၏ အာသေဝနသတ္တိ၊ ဥပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုမှုကြောင့် အာရုံအဆင့်ဆင့်တို့ ပြောင်းလဲဖြစ်ပေါ်သဖြင့်လည်း ဝိပဿနာဉာဏ်အဆင့်ဆင့်တို့သည် ရင်ကျက်ပြောင်းလဲလျက် ဖြစ်ပေါ်လာမြဲပင် ဖြစ်ပေ၏။
ထိုဝိပဿနာဘာ၀နာမယဉာဏ်သည် အားအဆင့်ဆင့် ရင့်ကျက်ကြီးပွား၍ အစဉ်သဖြင့် ပွားများအားထုတ်အပ်သည်ရှိသော် ‘သမ္မသနဉာဏ်အစ၊ အနုလောမ ဉာဏ်အဆုံးတိုင်အောင်’ ထင်လင်းစွာသိမြင် ရောက်ရှိသဖြင့် (အင်္ဂါ ၈ ပါးနှင့်ပြည့်စုံသော) လောကုတ္တရာ၊ အရိယမဂ်သို့ ဆိုက်ရောက်ရလေ၏။ ရုပ်နာမ်ခန္ဓာတို့၏ မဖြစ်၊ မပျက်၊ ငြိမ်းချုပ်မှုဟူသော နိရောဓဓာတ်သဘောသို့ ဧကန်မုချ မျက်မှောက်ပြုရလျက်၊ ဒုက္ခသစ္စာကို ပိုင်းခြားသိမှု၊ သမုဒယသစ္စာကို ပယ်သတ်မှုတို့နှင့်အတူ သစ္စာ ၄ ပါးတို့ကို တစ်ပြိုင်နက်ခဏ၌ ထိုးထွင်းသိမြင်မှုသည် ဖြစ်၏။
ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ စသော ကိလေသာအနုသယတို့ကိုလည်း သမုစ္ဆေဒပဟာန်သတ္တိဖြင့် အမြစ်ပြတ်ပယ်သတ်နိုင်လျက် သန္တိသုခနိဗ္ဗာန်အာရုံကို ကိုယ်တိုင်ကိုယ်ကျ သန္ဒိဋ္ဌိက၊ မျက်မှောက်ပြုနိုင်မှုသည် ဖြစ်ပေတော့သတည်း။
မေတ္တာဖြင့်
TNO(23.12.2019)
Thein NaingOhn
🍂 သတိပဋ္ဌာန်ဂုဏ်ရည် ၅ မျိုး 🍂
၁။ သတိပဋ္ဌာန်တရား ပွားများသူသည် ‘ကိလေသာအညစ်အကြေးတို့မှစင်ကြယ်ခြင်း’ အကျိုးရှိ၏။
သတ္တဝါတို့၏သန္တာန်၌ ရုပ်နှင့်နာမ်ဟူသော ပရမတ်တရားနှစ်ပါးတွင် ရုပ်၌ ကပ်ငြိပေကျံသော အညစ်အကြေးများကို ပကတိရေဖြင့် သုတ်သင်ဆေးကြော၍ ရ၏။
နာမ်တရားဖြစ်သောစိတ်တို့၌ ကပ်ငြိပေကျံသော အညစ်အကြေးတို့ကို ပကတိရေဖြင့် သုတ်သင်ဆေးကြော၍ မရ။
သတိပဋ္ဌာန်တည်းဟူသော ဓမ္မရေစင်ဖြင့်သာ သုတ်သင်ဆေးကြောပစ်နိုင်၏။
သတိပဋ္ဌာန်ဓမ္မရေစင်ဖြင့် လျော်ဖွတ်သည်ရှိသော် စိတ်တည်းဟူသောအဝတ်၌ စွန်းထင်ပေကျံနေသော လောဘ၊ ဒေါသစသော ကိလေသာအညစ်အကြေး ၁၀ မျိုးတို့သည် ထာဝရကင်းစင်နိုင်၏။
၂။ သတိပဋ္ဌာန်တရားပွားများသူသည် ‘စိုးရိမ်ပူဆွေး၊ ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်း’ အကျိုးရှိ၏။ ဇာတိနှင့်ဇရာမရဏဟူသော ‘မွေး၊ ရှင်သေ’ မကင်းသူသတ္တဝါတို့အား ‘စိုးရိမ်ပူဆွေးမှု-သောက၊ ငိုကြွေးမှု-ပရိဒေ၀၊ ကိုယ်စိတ်ဆင်းရဲမှု-ဒုက္ခ-ဒေါမနဿ၊ ပြင်းထန်စွာလောင်မြိုက်မှု-ဥပါယာသတို့’ ဖြင့် ပူပန်လောင်မြိုက် ခံစားကြရ၏။
မိခင်၏နို့ရည်သည် သည်းစွာငိုကြွေးနေသော သားငယ်လေးအား အငိုတိတ်စေသကဲ့သို့ ထို့အတူ သတိပဋ္ဌာန်တရားတော်သည်လည်း အစမထင်သော သံသရာတစ်ခွင်မှ ယနေ့ထိတိုင် ပြင်းထန််စွာ စိုးရိမ်ပူဆွေး၊ ငိုကြွေးလျက် ဆင်းရဲခြင်းကြီးစွာဖြင့် ခံစားနေရသောသတ္တဝါတို့အား အငိုတိတ်စေနိုင်စွမ်းရှိပေ၏။
(သောက+ပရိဒေဝတို့ကို+သမတိက္ကမ-လွန်မြောက်ခြင်း)
၃။ သတိပဋ္ဌာန်တရားပွားများသူသည် ‘ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းခြင်း’ အကျိုးရှိ၏။
ရုပ်နာမ်ခန္ဓာငါးပါးကို ရရှိထားသူသတ္တဝါတို့အား ရုပ်၌ မှီ၍ခံစားရသော ကာယိကဒုက္ခသည် ကိုယ်ဆင်းရဲ ‘ဒုက္ခ’ မည်၏။ နာမ်၌မှီ၍ ခံစားရသော စေတသိကဒုက္ခသည် ‘ဒေါမနဿ’ မည်၏။
သတိပဋ္ဌာန်တရားတော်သည် ထိုကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ နှစ်မျိုးလုံးကို ချုပ်ငြိမ်းစေနိုင်စွမ်းရှိပေ၏။
(ဒုက္ခ+ဒေါမနဿတို့၏+အတၳင်္ဂမ-ချုပ်ငြိမ်းခြင်း)
၄။ သတိပဋ္ဌာန်တရားပွားများသူသည် ‘အရိယာမဂ်ကို ရရှိနိုင်ခြင်း’ အကျိုးရှိ၏။
အရိယာပုဂ္ဂိုလ်တို့ မျက်မှောက်ပြုအပ်သော သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ၄ ပါးတို့သည် ‘အရိယာမဂ်’ မည်၏။
ထိုအရိယာမဂ်တို့ကို ရသည်ရှိသော် နိဗ္ဗာန်ကိုမျက်မှောက် ပြုနိုင်ပေတော့၏။
သတိပဋ္ဌာန်တရားတော်သည် ထိုလောကုတ္တရာမဂ်ကို ရရှိနိုင်စွမ်းရှိသော လောကိယ၊ ပုဗ္ဗဘာဂမဂ် (လောကီရှေ့ပြေးလမ်းကြောင်း)ပင် ဖြစ်ပေ၏။ (ဉာယ-အရိယမဂ်)
၅။ သတိပဋ္ဌာန်တရားပွားများသူသည် ‘နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း’ အကျိုးရှိ၏။ အရိယာမဂ်လေးပါးကိုရရှိလေသော် ဖိုလ်လေးပါးကိုလည်း ရရှိပေ၏။ ထိုဖိုလ်လေးပါးကို ရရှိခြင်းသည်ပင် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း မည်၏။
🍂 သတိပဋ္ဌာန်လေးပါးအကျဉ်းချုပ် ၊ 🍂
သတိပဋ္ဌာန်တရားလေးပါးတို့ဟူသည် အဘယ်နည်း? ရဟန်းတို့၊ ဤသာသနာတော်၌ ယောဂီပုဂ္ဂိုလ်သည် -
၁။ ရုပ်အပေါင်း၌ ဖောက်ပြန်တတ်သောရုပ်အပေါင်းဟုအဖန်ဖန်ရှုလျက်၊ သမ္မပ္ပဓာန်လုံ့လဝီရိယရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊ မှန်စွာအပြားအားဖြင့် သိသည်ဖြစ်၍၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌ လိုချင်တပ်မက်မှုလောဘနှင့် စိတ်နှလုံးမသာယာမှုဒေါသတို့ကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန် တို့ဖြင့် ပယ်ဖျောက်လျက်နေ၏။
၂။ ဝေဒနာတို့၌ ခံစားမှုမျှဖြစ်သော ဝေဒနာအပေါင်းဟုအဖန်ဖန်ရှုလျက်၊ သမ္မပ္ပဓာန်လုံ့လဝီရိယရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊ မှန်စွာအပြားအားဖြင့်သိသည်ဖြစ်၍၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌ လိုချင်တပ်မက်မှု လောဘနှင့် စိတ်နှလုံးမသာယာမှုဒေါသကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်ဖျောက်လျက်နေ၏။
၃။ စိတ်အပေါင်းတို့၌ ကြံသိမှုမျှဖြစ်သော စိတ်အပေါင်းဟုအဖန်ဖန်ရှုလျက်၊ သမ္မပ္ပဓာန်လုံ့လဝီရိယရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ မှန်စွာအပြားအားဖြင့် သိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ လိုချင်တပ်မက်မှုလောဘနှင့် စိတ်နှလုံးမသာယာမှုဒေါသတို့ကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်ဖျောက်လျက်နေ၏။
၄။ သဘောတရားအပေါင်းတို့၌ သဘောတရားမျှဟု အဖန်ဖန်ရှုလျက်၊ သမ္မပ္ပန်လုံ့လ ဝီရိယရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊ မှန်စွာအပြားအားဖြင့် သိသည်ဖြစ်၍၊ ဥပါဒါနက္ခန္ဓာဟူသောလောက၌ လိုချင်တပ်မက်မှုလောဘနှင့် စိတ်နှလုံးမသာယာမှုဒေါသတို့ကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်ဖျောက်လျက်နေ၏။
{ အဲဒီသတိပဋ္ဌာန် ၄ မျိုးဟာ ဘာလဲဆိုတော့ မြတ်စွာဘုရားက အကျဉ်းကလေး ဟောလိုက်တယ်၊ “ဣဓ ဘိက္ခေ၀ ဘိက္ခု ကာယေ ကာယာနုပဿီ ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ” တဲ့ … ။ ဒါလေးတစ်ခုသဘောပေါက်သွားရင် ဟောပုံဟောနည်းတွေက အတူတူပဲ။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ }
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
TNO(28.12.2019)
Thein NaingOhn
🌿 သတိပဋ္ဌာန်နိဒါန်း 🌿
ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ ကုရူသု ဝိဟရတိ၊ ကမ္မာသဓမ္မံနာမ ဂုရူနံ နိဂမော။ တတြခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခေဝါတိ၊ ဘဒ္ဒန္တေတိ တေဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ၊ ဘဂဝါ ဧတဒေဝါစ။
တပည့်တော်အာနန္ဒာသည် ဤသို့ ကြားနာမှတ်သားရပါ၏။ အခါတစ်ပါးမှာ မြတ်စွာဘုရားသည် ကမ္မာသဓမ္မမည်သော ကုရုတိုင်း၏နိဂုံးရွာကြီး၌ သီတင်းသုံးတော်မူ၏။ ထိုရွာ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို ‘ဘိက္ခုတို့’ ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က မြတ်စွာဘုရားအား ‘အရှင်မြတ်ဘုရား’ ဟူ၍ ပြန်လျောက်ကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်မြွက်ဟောကြားတော်မူပါသည်။
အာရုံ၌ အောက်မေ့မှု၊ အမှတ်ရမှုသဘောသည် ‘သတိ’ ဖြစ်၏။ တည်နေမှု၊ သက်ဝင်နေမှုသည်
'ပဋ္ဌာန’ မည်၏။ အာရုံတို့၌ အောက်မေ့၊ အမှတ်ရနေမှုဖြင့် ‘သတိမပြတ်၊ ကပ်လျက်’ သက်ဝင်တည်မြဲနေမှုကိုပင် ‘သတိပဋ္ဌာန်’ ဟု ခေါ်၏။
(သတိ-အောက်မေ့လျက်+ပဋ္ဌာန-သက်ဝင်တည်နေမှု=သတိပဋ္ဌာန်)
သတိပဋ္ဌာန်အရ-သတိစွဲမြဲစွာ သက်ဝင်ဖြစ်တည်နေသော ‘ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ’ ဟူသည့် ဝိပဿနာ၏အာရုံ ၄ မျိုးကို ကောက်ယူရ၏။
ထို့ကြောင့် သတိဖြင့် ‘ကာယ၊ ဝေဒနာ၊စိတ်၊ဓမ္မ’ (၄) မျိုးတွင် တစ်မျိုးမျိုးကို အောက်မေ့၊ အမှတ်ရနေမှုသဘောကို ‘သတိပဋ္ဌာန်’ အလုပ်ဟု ဆိုလိုခြင်း ဖြစ်၏။
{ အာရုံတစ်ခုကို စူးစိုက်ထားတာလည်း သတိပဲ၊ မှတ်မိနေတာလည်း သတိပဲလို့ ဒီနှစ်ခု မှတ်ထားရမယ်၊ သို့သော် မှတ်မိတိုင်း အကုန်ကောင်းသလားဆိုတော့ မကောင်းတာတွေလည်း အများကြီးပဲ၊ အာရုံစူးစိုက်မှု ဆိုတာကတော့ ကောင်းတဲ့ဘက်မှာ အာရုံစူးစိုက်တာ၊ တစ်ခု သတိပြုစရာက ဗုဒ္ဓစာပေမှာ သတိဆိုတာ ကောင်းတဲ့ဘက်ကိုပဲ သုံးနှုန်းတယ်၊ အကုသိုလ်နဲ့ပတ်သက်ပြီး အမှတ်ရတယ်ဆိုပေမယ့် ဒီ သတိ မဟုတ်ဘူးတဲ့၊ အကုသိုလ်စိတ် ဖြစ်နေတာ။
ဒါကြောင့်မို့ သတိဆိုတဲ့ သဘောတရားသည် ကောင်းတဲ့ စိတ်နဲ့ပဲယှဉ်တယ်၊ သောဘနစိတ်လို့ခေါ်တယ်၊ မကောင်းတဲ့စိတ်နဲ့ ယှဉ်တွဲပြီးမဖြစ်ဘူး၊ ဒါက define လုပ်ထားတာ၊ ကိုယ်ပြောတဲ့ စကားလုံး
တစ်ခုဟာ ဘယ်အတွက်သာ သုံးရမယ်ဆိုတာ ကန့်သတ်ချက်ကလေးတွေ ပေးထားတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓရဲ့တရားတော်တွေမှာ သတိလို့ပြောလိုက်ရင် အကောင်းဘက်မှာ ရှိတယ်၊ ဒါဖြင့် မိစ္ဆာ
သတိကျ ဘယ်လိုပြောမလဲ၊ မေးကောင်းမေးကြလိမ့်မယ်။
မိစ္ဆာသတိဆိုတဲ့ စကားလုံးဟာ သတိဆိုတဲ့နာမည်ကို ယူထားပေမယ့် ဒီသတိကိုပြောတာ မဟုတ်ဘူးတဲ့၊ အမှတ်ရတဲ့အနေနဲ့ဖြစ်တဲ့ အကုသိုလ်စိတ်တွေရဲ့ ဖြစ်မှုပါတဲ့။
အဲဒီသတိလေးဟာ “သတိံ စ ခွါဟံ သဗ္ဗတ္ထိကံ ဝဒါမိ” မြတ်စွာဘုရားက ဗောဇ္ဈင်တရားထဲမှာ ဟောထားတယ်၊ ဗောဇ္ဈင် ၇ ပါးထဲမှာ သတိသမ္ဗောဇ္စျင်္ဂေါ
ဆိုတာ ပါတယ်။ သတိဆိုတာ ပိုတယ်လို့မရှိဘူး၊ အမြဲတမ်းလိုတယ်၊ ဟင်းလျာအားလုံးမှာ ဆားပါရတယ်၊ ဆားပါမှ အရသာလေးသလို အရာခပ်သိမ်းမှာလည်း သတိဟာ လိုအပ်နေတယ်။
အဲဒီသတိလေးကို ဥပဋ္ဌာန ဆိုတဲ့ စကားလုံးနဲ့တွဲပြီးတော့ သုံးလိုက်တဲ့အခါ ဥပ - ဆိုတာ အာရုံနဲ့ကပ်ပြီးတော့ ဌာန - တည်ရှိနေတာ၊ အာရုံပေါ်မှာ ကပ်ပြီးတော့ တည်ရှိနေတဲ့သတိကို သတိပဋ္ဌာနလို့ ခေါ်တယ်ပေါ့။
အဲဒီသတိဟာ ဘယ်သတိလဲဆိုရင် အာရုံ ၄ မျိုးကို အမြဲတမ်းစူးစိုက်ပြီးနေတဲ့ သတိတရားလို့ ဒီလိုဆိုတယ်၊ အဲဒီသတိကိုပဲ မဂ္ဂင် ၈ပါးထဲမှာ သမ္မာသတိလို့ဆိုတယ်၊ မဂ္ဂင် ၈ ပါး ကိုရှင်းတဲ့အခါ သမ္မာသတိဆိုတာ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ အာရုံ ၄ ရပ်ပေါ်မှာ စူးစိုက်ပြီးတော့ အမြဲတမ်း ယှဉ်ကပ်နေတဲ့ သတိလို့ ဆိုလိုတယ်။
အာရုံက ၄ မျိုးပြားလို့ သတိကိုလည်း ၄ မျိုးလို့ ခေါ်လိုက်တာ၊ တကယ်ကတော့ သတိဟာတစ်ခုတည်းပဲ၊ ဒါကြောင့် သတိပဋ္ဌာန ဆိုတာ အာရုံ ၄ ရပ်ပေါ်မှာ အမြဲတမ်း စူးစိုက်ပြီးနေတဲ့ အမှတ်ရမှု စူးစိုက်မှု သတိတရားလို့ ဒီလိုဆိုတယ်။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် }
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောက ပရိဒေဝါနံ၊ သမတိက္ကမာယ၊
ဒုက္ခဒေါမနဿာနံ အတ္ထမင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။
ရဟန်းတို့၊ အင်္ဂါလေးပါးရှိကုန်သော ဤသတိပဋ္ဌာန်ခရီးလမ်းသည် ရှိပေ၏။ ထိုခရီးလမ်းသည် သတ္တဝါအပေါင်းတို့၏ -
(၁) ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်ခြင်းငှါ၊
(၂) စိုးရိမ်ပူဆွေး၊ ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှါ၊
(၃) ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းခြင်းငှါ၊
(၄) အရိယာမဂ်ကို ရခြင်းငှါ၊
(၅) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ၊
တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသော ခရီးဖြစ်ပေ၏။
ကိလေသာခပ်သိမ်းငြိမ်းအေးရာ နိဗ္ဗာန်သို့ သွားရောက်နိုင်သောလမ်းသည် ဤသတိပဋ္ဌာန်လမ်းမှလွဲ၍ အခြားလမ်းခွဲ မရှိ။
ထို့ကြောင့် သတိပဋ္ဌာန်လမ်းသည် လောကုတ္တရာအရိယာမဂ်ဖြင့် နိဗ္ဗာန်သို့သွားရန် တစ်ခုတည်းလမ်း၊ တစ်ကြောင်းတည်းခရီးဖြစ်၍ ‘ဧကာယနမဂ်’ မည်၏။ (ဧက+အယန+မဂ္ဂ=ဧကာယနမဂ်)
နိဗ္ဗာန်သို့ အရိယာမဂ်ဖြင့် မျက်မှောက်ပြုတော်မူပြီးကုန်သော ဘုရား၊ ရဟန္တာစသော အရိယာသူတော်ကောင်း အပေါင်းတို့သည် ဤသတိပဋ္ဌာန်လေးပါးတွင် တစ်ပါးပါးကို အာရုံယူ၍၊ ဆင်ခြင်ပွားများလျက်သာ နိဗ္ဗာန်သို့ မျက်မှောက်ပြုကုန်၏။
‘ကာယ၊ ဝေဒနာ၊စိတ်၊ဓမ္မဟူသော သတိပဋ္ဌာန်တရားလေးပါးကို မရှုမှတ်မူ၍ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ကို ဖြစ်စေနိုင်သော တခြားပညာဘာဝနာမျိုးသည် မရှိ’ ဟု အဋ္ဌကထာတို့၌ ဆို၏။
သတိပဋ္ဌာန်တရားတော်သည် ထိုမဂ်လေးပါး၊ ဖိုလ်လေးပါးကို ရရှိစေလျက် ကိလေသာခပ်သိမ်း ချုပ်ပြတ်ငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စွမ်း ရှိ၏။
လောကုတ္တရာ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို မျက်မှောက်ပြုနိုင်ခြင်းဆိုသည်မှာ အနည်းဆုံး ဉာဏ်အလတ်စား နေယျပုဂ္ဂိုလ်မျိုးဖြစ်ဖို့ လို၏။
ဉာဏ်အထက်စား တိက္ခပညာပုဂ္ဂိုလ်တို့မှာ ထို့ထက်စောလျင်စွာလည်း မျက်မှောက်ပြုနိုင်၏။
ဉာဏ်အနုံစားမန္ဒပညာပုဂ္ဂိုလ်တို့မှာ ထို့အောက်ကြာစွာလည်း မျက်မှောက်ပြုနိုင်မည် ဖြစ်၏။
ထို့ပြင် သတိပဋ္ဌာန်တရားပွားများအားထုတ်သူသည် ယခုဘဝ၌ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို အမြစ်ပြတ်ပယ်သတ်၍ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သည့်တိုင် ဒုတိယဘဝစသည်တွင် နတ်ပြည်စသည်သို့ ရောက်ရလျက်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို လျှင်မြန်စွာ ရနိုင်ကြောင်းဖြစ်သော
ဥပနိဿယသတ္တိ အကြောင်းအထောက်အပံ့ကို ရ၏။
ယခုဘဝတွင်လည်း လောဘ၊ဒိဋ္ဌိ၊မာန စသောကိလေသာတို့ကို တဒင်္ဂ၊ ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်သတ်နိုင်သဖြင့် မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ခံစားနေကြရသော သောက၊ပရိဒေဝ၊ဒုက္ခ၊ဒေါမနဿ၊ဥပါယာသ ဒုက္ခဘေးတို့မှ ကြာရှည်ဝေးကွာလျက် ကာယဝိဝေက၊ စိတ္တဝိဝေကတို့ဖြင့် ငြိမ်းအေးချမ်းသာမှုဟူသော သန္တိသုခဓာတ်ကို ကျိန်းသေမုချရရှိနိုင်ကြပေ၏။
ကာယေ ကာယာနုပဿီ ဝိဟရတိ - ကာယကို ရှုမှတ်တဲ့အခါ သတိနဲ့ ဉာဏ်နဲ့ ရှုမှတ်ရတယ်၊ သမာဓိ စွမ်းအားတွေပါရမယ်၊ အဲဒီလို ရှုမှတ်မှုအတွက် လိုအပ်တဲ့ အင်္ဂါရပ်တွေကို မြတ်စွာဘုရားက တစ်ခါတည်း ထည့်ဟောတယ်။
အာတာပီ = အပြင်းအထန် ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယ ရှိရမယ်၊ သမ္ပဇာနော = ရှုမှတ်နေတဲ့အခါ စိတ်အခြေအနေကို သဘောပေါက် နားလည်မှုဆိုတဲ့ ဆင်ခြင်ဉာဏ်ရှိရမယ်။
သတိမာ = သတိရှိရမယ်၊ ကမ္မဋ္ဌာန်းအားထုတ်ပြီဆိုရင် ဝီရိယ ပညာသတိဆိုတာ မပါမဖြစ်လိုအပ်တဲ့ စွမ်းအားတွေပဲ၊ အဲဒါတွေကို မြတ်စွာဘုရားက ထည့်ပြီးဟောထားတယ်။
သတိပဋ္ဌာန်အလုပ်ဆိုတာ သတိလေးတစ်ခုတည်း လုပ်ရမှာ မဟုတ်ဘူး၊ ဒါတွေ အကုန်လုံးလိုတယ်၊ သတိကို ထူထောင်တဲ့အခါမှာ လုံ့လဝီရိယလည်း ပါရတယ်။ သမ္ပဇာန ပညာဉာဏ်အဆင်ခြင်လည်း ပါရတယ်။ အဲဒီလို သဘာဝတရားတွေဟာ စုပေါင်းပြီး အလုပ်လုပ်ကြတယ်။ အထူးအားဖြင့်ပြောရရင် မဂ္ဂင် ၈ ပါးထဲက သမ္မဝါယာမပါတယ်၊ သမ္မာသတိပါတယ်၊ သမ္မာဒိဋ္ဌိပါတယ်၊ သမ္မာသင်္ကပ္ပပါတယ်၊ အားလုံး ဒီ ကာရက မဂ္ဂင် ၅ မျိုး စုပြီး အလုပ်လုပ်တယ်။
ဒီသတိလေးနဲ့ ကိုယ်သန္တာန်မှာရှိတဲ့ ကာယကို ရှုမှတ်နေပြီဆိုရင် ဘာတွေကို ဖယ်ရှားပြီး ရှုမှတ်နေတုန်းဆိုယင် သတိတရားလေးနဲ့ အာရုံကို ရှုမှတ်ပွားများလိုက်တဲ့အခါ ဘာတွေကို ဖယ်ရှားနိုင်လဲဆိုရင် နီဝရဏတရားတွေကို ဖယ်ရှားနိုင်ပါတယ်တဲ့။
ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ - နီဝရဏတရား ၅ ပါး ရှိတဲ့အထဲက မြတ်စွာဘုရားက နာမည်ထုတ်ပြီး ၂ ခုပဲ ဟောလိုက်တယ်။
အဘိဇ္ဈာ ဒေါမနဿ၊ ဒီနေရာမှာ အဘိဇ္ဈာဆိုတာ
အဘိ-အာရုံကိုရှေ့ရှုပြီးတော့၊ ဈာ-လာဘနဲ့ကြံတွေးခြင်း၊
အာရုံကိုရှေ့ရှုပြီး လိုချင်စိတ်နဲ့ကြံတွေးနေတဲ့ လောဘကို ပြောတာ၊
ဒီအဘိဇ္ဈာက မနောကံထဲပါတဲ့ အဘိဇ္ဈာနဲ့မတူဘူးလို့ မှတ်ရမယ်၊ သတိမထားရင် အဘိဇ္ဈာဆို အတူတူပဲလို့ အောက်မေ့နေမယ်။
ဒီအဘိဇ္ဈာနဲ့ မနောကံထဲပါတဲ့အဘိဇ္ဈာ ဘယ်လိုကွာလဲဆိုရင် မနောကံထဲပါတဲ့ အဘိဇ္ဈာက ‘ယံ ပရဿ တံ မမဿ’ သူပိုင်တဲ့ပစ္စည်း ငါပိုင်ဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့လောဘပဲ။
ဒီမဟာသတိပဋ္ဌာန်သုတ်ထဲပါတဲ့ အဘိဇ္ဈာဆိုတာ အာရုံကိုရှေ့ရှုပြီး၊ စိတ်ကူးတာ၊ လောဘနဲ့နှစ်သက်စရာ အာရုံကို စိတ်ကူးတယ်၊ အဲဒီနှစ်သက်စရာ အာရုံကို တွေးတဲ့ အတွေးလည်း ဒီ သတိပဋ္ဌာန်ကျင့်စဉ်၊ ကျင့်တဲ့အချိန်မှာ မပေါ်တော့ဘူး။
တစ်ခါတစ်ရံ နှစ်သက်စရာအာရုံချည်း တွေးတာမဟုတ်ဘဲ မနှစ်သက်စရာ အာရုံကို တွေးရင် စိတ်က ဆန့်ကျင့်မှုဆိုတာ ပေါ်လာတယ်။ အဲဒါကို ဗျာပါဒ လို့ ခေါ်တယ်။ ဒီနေရာမှာတော့ ဒေါမနဿတဲ့။
စိတ်ထဲမှာ မခံချိ မခံသာ ဖြစ်တာ၊ အာရုံက နှစ်သက်စရာဆိုရင် အဘိဇ္ဈာ၊ အာရုံက နှစ်သက်စရာ မဟုတ်ဘူးဆိုရင် ဒေါမနဿ။
အဲဒါတွေ မဖြစ်အောင် တစ်ဖက်က ဖယ်ရှားတယ်။ ပါရမှာက အာတာပီ-ဝီရိယ။ သမ္ပဇာန-ဆင်ခြင်ဉာဏ်။ သတိမာ-ထက်သန်တဲ့သတိတရား။
အဲဒါတွေနဲ့ ရှုမှတ်နေမယ်ဆိုရင် အာရုံပေါ်မှာ လောဘနဲ့ တွေးတဲ့အတွေး၊ လက်လွတ်ဆုံးရှုံးသွားလို့ ဝမ်းနည်းကြေကွဲတဲ့ အတွေးတွေ ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်လို့ ဒီလိုပြောတာ။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏မဟာသတိပဋ္ဌာနအနှစ်ချုပ် }
{ ဝေဒနာကိုလည်း ဒီတိုင်းပဲ “ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”
“စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”
ကျန်တဲ့သဘာ၀တရားတွေနဲ့ ပတ်သက်တဲ့အခါ “ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ” တဲ့ … ။
ဓမ္မနဲ့ပတ်သက်ပြီး ရှုမှတ်လိုက်မယ်ဆိုယင်လည်း အတွေးအခေါ်အကြံအစည်တွေ ခုနက ပြောတဲ့ နီဝရဏတရားတွေ ကိုယ့်သန္တာန်မှာဖြစ်သမျှ အကုသိုလ်ပဲဖြစ်ဖြစ်၊ ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်သမျှ သဘာဝတရားတွေပေါ် ရှုမှတ်ပြီး နေတယ်။
ဘာတွေနဲ့ ရှုမှတ်လဲဆိုရင် အာတာပီ, သမ္ပဇာနော, သတိမာ ဆိုတာတွေနဲ့ ရှုတယ်။
အဲဒီလို ရှုလိုက်တဲ့အခါ ဖယ်ရှားပစ်တာက အဲဒီ ဓမ္မနဲ့ပတ်သက်လာရင် ကျေနပ်စရာကောင်းတဲ့အခါ အဘိဇ္ဈာမဖြစ်အောင်၊ မကျေနပ်စရာဆိုရင် ဒေါမနဿမဖြစ်အောင် ဖယ်ရှားတယ်။
အဲဒီ အဘိဇ္ဈာ ဒေါမနဿကို ဖယ်ရှားပြီး မိမိသန္တာန်မှာကောင်းတဲ့ သဘာဝတရားတွေပဲဖြစ်အောင် သတိထားပြီး ကြိုးစားအားထုတ်တယ်။
အဲဒီသတိပဋ္ဌာန် ၄ ပါးကျင့်စဉ်ဟာ နိဗ္ဗာန်သွားဖို့ရာ အတွက်၊ သတ္တဝါတွေ စိတ်ဓာတ်ဖြူစင်ဖို့အတွက်၊ သောက ပရိဒေဝတွေ ကျော်လွှားနိုင်ဖို့အတွက်၊ ဒုက္ခ ဒေါမနဿတွေ ချုပ်ငြိမ်းသွားဖို့အတွက်၊ နိဗ္ဗာန်လမ်းကြောင်းကြီးပေါ် ရောက်ရှိသွားဖို့အတွက်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းပါပဲ၊ ဒီလမ်းကပဲ အားလုံးလျှောက်ကြရမှာပါလို့ မြတ်စွာဘုရားက ဥဒ္ဒေသအကျဉ်းချုပ်အနေနဲ့ ဒီသုတ္တန်မှာ ဟောထားပါတယ်။
ဒါမဟာသတိပဋ္ဌာနသုတ်ရဲ့ နိဒါန်းသဖွယ် ဥဒ္ဒေသ
စကားပဲဖြစ်ပါတယ်။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏မဟာသတိပဋ္ဌာနအနှစ်ချုပ်)
မေတ္တာဖြင့်
TNO(24.12.2019)
Thein NaingOhn