❆ ဝေဒနာတရားတော် ❆
လူတွေရဲ့သဏ္ဍာန်မှာ ဒေသနာဟာ အရေးပါတဲ့ကိစ္စတစ်ခုလို့ဆိုရပါမယ်။
လူတွေဟာ စိတ်ခံစားမှုကို အကြောင်းပြုလို့ ကုသိုလ်တွေ အကုသိုလ်တွေ ပြုလုပ်ကြတယ်။
ဝေဒနာဆိုတာ အသိဉာဏ်နဲ့ ပိုင်းခြားပြီး သိရမယ့်တရား ဖြစ်တယ်။ ဖယ်ရှားရမယ့် တရားမဟုတ်ဘူး။ ဝေဒနာဆိုတဲ့စေတသိက ကစိတ်ကိုမှီ ဖြစ်တယ်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဝေဒနာဖြစ်တယ်။ စိတ်ချုပ်တာနဲ့ ဝေဒနာကချုပ်တယ်။ ဝေဒနာဟာ စိတ်နဲ့ ခွဲလို့ မရလောက်အောင် ယှဉ်တွဲပြီးတော့ ဖြစ်တဲ့ စေတသိက်တစ်ခု။
စိတ်ရှိယင် ဝေဒနာရှိတယ်။ ဝေဒနာ ရှိယင် စိတ်ရှိတယ်။ ဝေဒနာသည် စိတ်နဲ့ခွဲလို့မရတဲ့ သဘောတရားတစ်ခုပဲ။
ဝေဒနာ သညာ စိတ် ခွဲလို့ မရပေမယ့် function မတူဘူး။ သဘောလက္ခဏာမတူဘူး။
စိတ်ဖြစ်တိုင်းမှာ ဖဿ ဝေဒနာ စေတနာ ဧက္ကဂတာ ဇိဝိတိန္ဒြိယ မနသိကာရ ဆိုတဲ့စေတသိက်ရမျိုး+ စိတ်=၈မျိုး ဟာ နာမ်တရားရဲ့ unit တစ်ခုပဲ။ အဲဒါကိုပဲ နာမ်တရားလို့ ခေါ်တာဖြစ်တယ်။ တခုခုလျော့ပြီး နာမ်တရားလို့ ခေါ်လို့မရဘူး။
အာရုံ၏ ခံစားမှုတွေဟာ အမျိုးမျိုး ဖြစ်ပေါ်လေ့ရှိတယ်။ ကာယိကသုခ စေတသိကသုခ ကိုပဲသုခဝေဒနာလို့ ခေါ်တာပေါ့။ ကာယိကဒုက္ခ စေတသိကဒုက္ခကို ဒုက္ခဝေဒနာလို့ခေါ်တာပေ့ါ့။ အဲဒီနှစ်ခုကထင်ရှားတယ်။
အဒုက္ခမသုခ ဆိုတာကြ တိုက်ရိုက် သိနိုင်စွမ်းမရှိဘူး။ သမင်နောက်ခြေရာခံလိုက်သူလိုပါပဲတဲ့ သမင်ဟာကျောက်ဖြာတခုကို ဖြတ်ကျော်သွားတဲ့အခါ လိုက်သူအနေနဲ့ ကျောက်ဖြာနားမှာအတက်ခြေရာ တွေ့ပြီး ကျောက်ဖြာရဲ့တစ်ဖက်မှာ အဆင်းခြေရာကို တွေ့ခြင်းအားဖြင့် ဒီသမင်ဟာ ကျောက်ဖြာပေါ်က ဖြတ်သွားတယ် ဆိုတာ သိသလိုပါပဲ .. တဲ့
ဝေဒနာဆိုတာ အာရုံရဲ့အရသာကို ခံစားတတ်လို့ ဝေဒနာလို့ခေါ်တယ်။
သုခဝေဒနာရဲ့ဆန့်ကျင်ဖက်က ဒုက္ခဝေဒနာ ဖြစ်တယ်။ ဒုက္ခဝေဒနာရဲ့ ဆန့်ကျင်ဖက်က သုခဝေဒနာဖြစ်တယ်တဲ့။
သုခဝေဒနာလေးဖြစ်နေတုန်းမှာ ချမ်းသာတယ်ပေါ့။ ဒီသုခဝေဒနာလေး ပျောက်သွားတာကိုပဲ ဒုက္ခဝေဒနာ ဖြစ်တယ်ပေါ့။ အဲဒီလိုပဲ ဒုက္ခဝေဒနာလေးပေါ်တုန်းမှာ ဆင်းရဲတယ်။ အဲဒီဝေဒနာလေးပျောက်သွားတာ သည်ပင် သုခဝေဒနာပါပဲတဲ့။
အဒုက္ခမသုခရဲ့ဆန့်ကျင်ဖက်က တော့ အဝိဇ္ဇာပါတဲ့။
ဝေဒနာနုပဿနာမှာ ရှုတော့မယ်ဆိုယင် သမထယာနိကာမှာနာမ်ကစရှုပါတဲ့။ ရုပ်မရှုရဘူးမဟုတ်ဘူး။ ရုပ်ကနေစလည်းရတယ်ပေါ့။
ဝိပဿနာယာနိကမှာတော့ ရုပ်ကစရှုပါတဲ့။ သူလည်းပဲ နာမ်မရှုရဘူးမဟုတ်ဘူး။ နာမ်ကနေစရှုလည်းရတယ်ပေါ့။
အဲဒီတော့ ရူပကမ္မဋ္ဌာန်းဆိုတာ ဓာတ်ကြီးလေးပါးအဓိကနဲ့ ဓာတ်ကြီးလေးပါးနဲ့ မှီတဲ့နာမ်ကို ရှုပါတဲ့။
အရူပကမ္မဋ္ဌာန်း အရူပပရိဂ္ဂဟမှာတော့ နာမ်တရားတွေမှာ စိတ် ဖဿ ဝေဒနာဟာ ထင်ရှားတယ်ပေါ့။
ဝိပဿနာရှုပွားလိုသူအနေနဲ့ ဝီရိယ အသိဉာဏ် သတိ လိုအပ်တယ်။
သီလမဂ္ဂင်ကိုတော့ ကြိုပြီးပွားများထားရမယ်။
အားထုတ်တဲ့အခါမှာမဂ္ဂင်ငါးပါးနဲ့ပွားများရတယ်။
ဝိပဿနာရဲ့အစဟာ သဘာဝလက္ခဏာကို သိရှိခြင်းပါပဲ။
ဝိပဿနာကမ္မဋ္ဌာန်းရဲ့ အာရုံဟာ ၂မျိုးပဲရှိတယ်။
ရုပ်ဆိုတဲ့ ရူပကမ္မဋ္ဌာန (သို့) ရူပပရိဂ္ဂဟ ။ ရုပ်ကိုရူတယ်။
နာမ်ဆိုတဲ့ နာမကမ္မဋ္ဌာန(သို့) အရူပကမ္မဋ္ဌာန (သို့) အရူပပရိဂ္ဂဟ ။
နာမ်ကိုရှုတယ်။
ဝိပဿနာရှုပွားလိုသူဟာ လွယ်ကူမှုရှိအောင် ရုပ်ကစရှုယင် လွယ်ကူတယ်လို့ ရှင်မဟာဗုဒ္ဓဃောသကဆိုတယ်။
ဝိပဿနာယာနိကဆိုတဲ့ ခဏိကသမာဓိနဲ့သွားမယ်ဆိုယင် ရုပ်ကစရှုသင့်တယ်ပေါ့။
သမာဓိကလည်း ၃မျိုးရှိတယ်။ ခဏိကသမာဓိ ဥပစာရသမာဓိ နဲ့ အပနာသမာဓိတို့ဖြစ်တယ်ပေါ့။
စိတ္တဝိသုဒ္ဓိဖြစ်ဖို့ဆိုယင် ဥပစာရသမာဓိ နဲ့ အပနာသမာဓိကိုအယင် ထူထောင်ရတယ်။
အပနာသမာဓိဆိုတာ စိတ်ကိုအာရုံထဲထည့်ထားတာ။ အပနာရဲ့အဓိပ္ပာယ်ကထည့်သွင်းခြင်းပဲ။ စိတ်နဲ့အာရုံကပ်နေပြီး သမထယာနိကာမှာဆိုယင် အပနာသမာဓိမှာ ဈာန်ရတယ်ခေါ်တယ်။ ဝိပဿနာမဂ်က တက်သွားတာကိုလည်း အပနာသမာဓိ ခေါ်တယ်။
အပနာသမာဓိနားကပ်သွားတဲ့ သမာဓိကို ဥပစာရသမာဓိ ခေါ်တယ်။
ဥပစာ အပနာ ထဲလည်းမပါတဲ့ ရုပ်နာမ်တရား သင်္ခါရတရားအပေါ် တည်ငြိမ်မှုရသွားတာ။
သမာဓိကလည်းငြိမ်နေတာမဟုတ်ဘူး။ အာရုံကလည်းပြောင်းပြောင်းနေတာ။ အဲဒီလို ရုပ်နာမ်သင်္ခါရတရားတို့ မပျက်ခင်လေးရသွားတဲ့သမာဓိကို ခဏိကသမာဓိလို့ပြောတာ။ ခဏိကသမာဓိ မထူထောင်ပဲ ဝိပဿနာသွားလို့
မရဘူး။ ဥပစာ အပနာ ကင်းပြီး ဝိပဿနာဖြစ်နိုင်ပေမယ့် ခဏိကသမာဓိနဲ့ကင်းပြီးတော့ ဝိပဿနာမဖြစ်နိုင်ဘူး။ အနည်းဆုံးခဏိကသမာဓိကို ထူထောင်ရမယ်။
အာရုံကရွေ့နေတော့ သမာဓိကလည်း အာရုံရွေ့သလို ရွေ့နေပြောင်းနေမှာပဲ။
သမထအာရုံမှာတော့ ပညတ်တွေ။ ပညတ်တရားအပေါ်မှာသမာဓိ ထူထောင်တာဖြစ်တယ်။
ဝိပဿနာကျင့်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဥပစာ အပနာ သမာဓိမထူထောင်ဘဲ။ ခဏိကသမာဓိနဲ့ သွားတယ်။
အဲဒါကြောင့် သုဒ္ဓဝိပဿနာယာနိက က ဝိပဿနာကိုယာဉ်အဖြစ် အသုံးပြုပြီး နိဗ္ဗာန်ကိုသွားတယ် ခေါ်တယ်။
သမထကနိဗ္ဗာန်ကိုမြစ်ထဲမှာလှေနဲ့ ဖြတ်ကူးတာနဲ့တူတယ်။ ဝိပဿနာကလက်ပစ်ကူးတာနဲ့တူပါတယ်တဲ့။
အဲဒီတော့ ဝေဒနာကိုဘယ်လိုရှုမလည်း?
ရုပ်ကစတဲ့သူကလည်း ရုပ်ကိုရှုပြီး နာမ်ကိုရှုသင့်တယ်။
နာမ်ကစတဲ့သူကလည်း ရုပ်ကိုရှုသင့်တယ်တဲ့။
နောက် ရှုတဲ့ဉာဏ်ကိုလည်း ထပ်ရှုသင့်တယ် .. တဲ့
ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရမယ်ပေါ့။
အာရုံကိုလည်းသိရမယ်။ အာရုံကိုသိတဲ့စိတ်လေး ပျက်သွားတာကိုလည်း မြင်ရမယ်။
ရုပ်ကစရှုလျှင် မဟာဘုတ် ၄ပါးကထင်ရှားလို့ မဟာဘုတ်၄ပါးကစရှုရမယ်ပေါ့။
မဟာဘုတ်၄ပါးမှာ မှီနေတဲ့ ရုပ်တရားကိုလည်းရှုရမယ်ပေါ့။ ရုပ်ကိုမှီတဲ့ နာမ်တရားကိုလည်းရှုရမယ်ပေါ့။
နာမ်တရားကိုရှုတဲ့အခါကြတော့ နာမ်တရားကိုသိနိုင်တဲ့ နည်းလမ်းသုံးသွယ် ရှိပါတယ်။
အဲဒါကတော့ ဖဿ ဝေဒနာ နဲ့ စိတ် ၃မျိုး ရှုနိုင်တယ်။ စိတ်ကိုရှုလျှင် ဖဿကို ရှုဖို့လိုတယ်။ ဖဿကထင်ရှားတယ်။
အာရုံနဲ့စိတ်နဲ့ ဆက်သွယ်ပေးတဲ့ ဖဿကိုတွေ့ယင် ဝေဒနာတွေ့ပါတယ်။ ဝေဒနာတွေ့ရင် နောက်က တဏှာ ဥပါဒါန် ဘဝဆိုတဲ့ ကမ္မ ဘဝကိုဖြစ်စေတဲ့ ကံတွေလာတော့တာပါ။
ဝေဒနာဟာ တဏှာကိုဖိတ်ခေါ်တတ်တာမို့ ဒုက္ခဆင်းရဲပါပဲ။ ဒါကြောင့်လည်း ဝေဒနာမှန်သမျှ ဒုက္ခ ပဲလို့ ဟောထားတာရှိတယ်။
ဝေဒနံ ယံကိန္စိ ဝေဒယိတံ တံဒုက္ခသမိ ံ
အဲဒီတော့ မြတ်စွာဘုရားသွားလျောက်တယ်။
ဝေဒနာမှာ သုခဝေဒနာ ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာသုံးမျိုးရှိတယ်လို့လည်းပြောပါတယ်။
ဝေဒနာမှန်သမျှဒုက္ခလို့လည်း ဆိုပါတယ်။ အဘယ်အကြောင်းကြောင့်ပါလည်းတဲ့။
သင်္ခါရံနံယေဝ အနိစ္စံ တံ သန္တာရ
မမြဲတဲ့သဘောတရားတွေဟာ မမြဲတဲ့အတွက် ဒုက္ခလို့ပြောတာ။ ဝေဒနာမှန်သမျှ ဒုက္ခဆိုတာ သင်္ခါရတွေရဲ့ မမြဲတဲ့ သဘောကို ဒုက္ခလို့ပြောတာပါတဲ့။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဝေဒနာတရားကိုလေ့လာသုံးသပ်ခြင်း တရားတော်များမှ နာယူထားသမျှကို စုစည်းဖော်ပြပါသည်။
❆ ဝေဒနာတရားတော်❆ (အပိုင်း ၂)
လူတိုင်းလူတိုင်းမှာ အသိစိတ်ကိုုမှီပြီးဖြစ်တဲ့ အာရုံ၏ အရသာကို ခံစားခြင်းဆိုတဲ့ ဝေဒနာသဘောတရား ရှိတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ် တို့နဲ့ အာရုံခံစားမှု အမျိုးမျိုး နေ့စဉ်မပြတ် ဖြစ်နေပေါ်နေတယ်။ အာရုံခံစားမှု အမျိုးမျိုး ဖြစ်နေသော်လည်း ခံစားမှုကိုု သတိမမူမိဘူး။
စိတ်ကအာရုံပေါ်ရောက်နေတယ်။ အာရုံရဲ့လွှမ်းမိုးမှုကိုု ခံနေကြရတယ်။ မိမိနှစ်သက်တဲ့ အာရုံတွေအပေါ်မှာ လောဘတွေထပ်တလဲလဲဖြစ်နေတယ်၊ ဒေါသတွေထပ်တလဲလဲဖြစ်နေတယ်၊ မောဟတွေထပ်တလဲလဲ ဖြစ်နေတယ်။ အာရုံတွေပေါ်မှာ ထပ်ဆင့်ပြီး လောဘ ဒေါသ မောဟ လွှမ်းမိုးခံနေရပြီး သံသရာမှာ ထွက်ပေါက်ရှာမရဘူး ဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုယင် ဝေဒနာကို သတိမမူမိလိုက်လို့ဘဲ။ မြတ်စွာဘုရားက ဝေဒနာကို သတိမူမိဖို့ ဝေဒနာကမ္မဋ္ဌာန်းနဲ့ဝေဒနာပရိဂ္ဂဟ ဝေဒနာကို သိမ်းဆည်းခြင်းဆိုတဲ့ ကမ္မဋ္ဌာန်းကို ဟောကြားတော်မူတယ်။
ဝေဒနာနဲ့ပတ်သက်ယင် သံယုတ္တနိကာယ် ဝေဒနာသံယုတ်မှာ ရှင်အာနန္ဒာက မြတ်စွာဘုရားကိုမေးထားတာ ရှိတယ်။ နောက်မြတ်စွာဘုရားကလည်း ရှင်အာနန္ဒရဲ့ဉာဏ်ရည်ဉာဏ်သွေးကို သိလို၍ မေးထားတာ ရှိတယ်။ ရဟန်းတော်များကလည်း မြတ်စွာဘုရားကို မေးမြန်းထားတာ ရှိတယ်။ ပထမအာနန္ဒသုတ်၊ ဒုတိယအာနန္ဒသုတ်၊ သံဗကုလဘိက္ခု သုုတ်တို့ပဲဖြစ်တယ်။
ဝေဒနာဟာ ဝိပဿနာကမ္မဋ္ဌာန်းရဲ့ အာရုံအဖြစ် အသုံးပြုရတဲ့ Object ပဲဖြစ်တယ်။ ဝိပဿနာကမ္မဋ္ဌာန်းမှာ နာမ်ကိုရှုရတယ်။ နာမ်ကိုုရှုတယ်ဆိုတဲ့အခါ ထင်ရှားတဲ့ဝေဒနာတရားကို ရှုခြင်းဖြင့် ပြီးနိုင်တယ်ပေါ့။ မရှုယင် အာရုံပေါ်မှာ လောဘ ဒေါသ မောဟတွေ ဖြစ်လာယင် နောက်က မာနတို့ ဒိဋ္ဌိတို့ လိုက်လာတယ်။ လောဘဆိုတာလည်း တဏှာပဲ။ ဆိုတော့ တဏှာ မာန ဒိဋ္ဌိ ဖြစ်တယ်ပေါ့။
ဝိပဿနာရှုတဲ့အခါ ဝေဒနာကို ကျော်အောင်မှတ်လို့ဆိုကြတယ်ပေါ့။ အဲဒီမှာ ဝေဒနာဆိုုတာ ဒုက္ခဝေဒနာတခုထဲကို ရည်ရွယ်ပြီး ပြောတာ။ ဝေဒနာကိုကျော်လို့မရဘူး။ ဝေဒနာကျော်တယ်ဆိုုတာ ညောင်းညာကိုက်ခဲတဲ့ ဝေဒနာကိုသာ ဝေဒနာလို့ မှတ်ကြတာ။ အဲဒီ ဒုက္ခတွေကို မပယ်ဖျောက်နိုင်သေးသမျှ ဝေဒနာမကျော်ဘူးလို့ ပြောလို့ရတယ်။ အမှန်တော့ ဒုက္ခကို မလွန်မြောက်သေးတာတာဖြစ်တယ်။ သမာဓိစွမ်းရည်တက်လာယင် အောင့်တာ ကျင်တာ နာတာ မဖြစ်တော့တာကိုုပဲ ဝေဒနာကျော်တယ်ပြောတာ။
အမှန်ဆို ဒုက္ခဝေဒနာကို လွန်သွားတယ်။ ကာယိကဒုက္ခတွေမပေါ်ဘူးပြောလို့ရတယ်။ တကယ်ဆို ခန္ဓာမှာ ဝေဒနာဆိုတာ ရှိရမှာပဲ။ ဝေဒနာဆိုတာ ကျော်လွှားလို့ရကောင်းတဲ့အရာမဟုတ်ဘူး။ ကိလေသာတွေ မဖြစ်ရအောင် ဝေဒနာရဲ့သဘာဝကို ကြည့်ရတာ။ ဝေဒနာရဲ့သဘောသဘာဝကို သိအောင် လုပ်ရတာသာ ဖြစ်တယ်။ ဝေဒနာဆိုတာ ကမ္မဋ္ဌာန်းအာရုံတစ်ခု။ သိအောင်ကြိုးစားရမယ်။ ကျော်အောင်မကြိုးစားရဘူး။ ဝေဒနာကိုကျော်သွားယင် ဝေဒနာဖြစ်မှန်းမသိတော့ဘူးပေါ့။
မြတ်စွာဘုရားက ရှင်အာနန္ဒာကိုမေးတဲ့အခါ ရှင်အာနန္ဒာက မြတ်စွာဘုရားတဲ့ အရှင်ဘုရားက တရားအားလုုံးတို့ရဲ့ပိုင်ရှင်ပါတဲ့။ အရှင်ဘုရားဟောဖော်ညွှန်ကြားပြသတာကိုပဲ တပည့်တော်တို့ နာယူမှတ်သားပါရစေလိုု့ မြတ်စွာဘုရားကိုု လျှောက်တယ်။ အဲဒီမှာ မြတ်စွာဘုရားက ရှင်အာနန္ဒကိုဟောကြားတဲ့ တရားဖြစ်ပါတယ်။
အဲဒီတော့ ရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကို မေးခွန်းခုနှစ်ချက် မေးတယ်။
(၁) ကတမာ နုခေါ ဘန္တေ ဝေဒနာ
ဝေဒနာဆိုတာ ဘယ်ဟာတွေကိုခေါ်တာလဲဘုရား။ တဲ့
မြတ်စွာဘုရားက ဝေဒနာဆိုုတာ သုုံးမျိုးရှိတယ်တဲ့။ ကိုယ်နဲ့စိတ်မှာဖြစ်တဲ့ သုခဝေဒနာ၊ ကိုယ်နဲ့စိတ်မှာဖြစ်တဲ့ ဒုုက္ခဝေဒနာ၊ အဲဒီနှစ်မျိုးလုံးမထင်ရှားတဲ့ အဒုုက္ခမသုခဝေဒနာ တို့ပဲတဲ့။
ဒီနေရာမှာဖြည့်စွက်ကြည့်ချင်ရင်ကြည့်လို့ရတယ်ပေါ့။ မနေ့ကဟောခဲ့တဲ့ ဝေဒနာ ၅မျိုး၊ ၆မျိုး၊ ၁၈မျိုး၊ ၃၆မျိုး၊ ၁၀၈မျိုးတို့ကို ဖြည့်စွက်ကြည့်လို့လည်းရတယ်ပေါ့။ ဘယ်ဝေဒနာဖြစ်ဖြစ် ဝေဒနာဆိုတာ အာရုုံရဲ့ အရသာကို ခံစားမှု၊ ကောင်းတယ် သာယာတယ် နှစ်ချိုက်တဲ့ခံစားမှု၊ မကောင်းဘူး မနှစ်ချိုက်ကြေကွဲဝမ်းနည်းတဲ့ ခံစားမှု အခံရခက်တဲ့ ခံစားမှုရယ်လို့ ရှိတာကိုုး။
နောက်တခုက
(၂) ကတမော ဝေဒနာ သမုဒယော
ဝေဒနာဘာကြောင့်ဖြစ်လာတာလည်းဘုရားတဲ့။
မြတ်စွာဘုရားက
ဖဿ သမုဒယာ ဝေဒနာ သမုဒယော
ဖဿဖြစ်လာလို့ ဝေဒနာဖြစ်တာတဲ့။ ပဋိစ္စသမုပ္ပဒ်မှာလည်းရှိတယ်လေ။ ဖဿပစ္စယာဝေဒနာ…..
ဖဿဖြစ်တယ်ဆိုတာ အာရုုံနဲ့စိတ်နဲ့ဆုံဆည်းမှု သဘာဝတရားတခုကို ဖဿဖြစ်တယ်ခေါ်တယ်။ စိတ်နဲ့အာရုုံမဆုံပဲ ကောင်းဆိုးပေါ်ပါ့မလား။ မပေါ်နိုင်ဘူး။ စိတ်နဲ့အာရုံဆုံတယ်ဆိုတာ…
တုတ်ချောင်းနှစ်ချောင်းကို ပွတ်တိုက်သလိုုပဲ။ သစ်သားအနှစ်တုုံးနှစ်တုံးကို ကြာကြာဖိပွတ်တိုက်ကြည့်ပါလား။ တခုနဲ့တခုဖိပွတ်တိုက်ရာမှမီးဖြစ်လာတာလေ။ အာရုုံနဲ့စိတ်ဆုံလိုက်မှ ကောင်းတယ်၊ ဆိုးတယ် ခံစားမှုပေါ်လာတယ်။ နှစ်ချိုက်ကျေနပ်တော့ သုုခ သောမနဿ၊ မနှစ်ချိုက် မကျေနပ်တော့ ဒေါသ ဒေါမနဿ၊ ဖြစ်တယ်ပေါ့။
မြင်သိစိတ်ကလေးပေါ်စမှာတော့ သုခ ဒုက္ခ ဝေဒနာဟာ မထင်ရှားဘူး။ မြင်သိစိတ်မှာတော့ မထင်ရှားတဲ့ ဝေဒနာ ဥပေက္ခာ ဖြစ်တယ်ပေါ့။ ဝေဒနာထင်ရှားတယ်ဆိုတာ ဇောစိတ်တွေကြမှ ကောင်းတဲ့ ထင်ရှားမှု၊ မကောင်းတဲ့ ထင်ရှားမှု ပေါ်လာတာ။ ဖဿနဲ့ဝေဒနာ အတူတူဖြစ်တာခြင်းတူသော်လည်း ဖဿပေါ်မှီတည်ပြီးတော့ ထိခိုက်မှုအားကောင်းလေ၊ ခံစားမှုအားကောင်းလေလေ - ဒီလိုဆိုတယ်။
အာရုုံနဲ့စိတ်နဲ့ဆုံတဲ့အခါ ထင်ရှားတဲ့အတွက်ကြောင့် ဝိပဿနာမှာ ဝေဒနာတွေ့ဖို့လိုတယ်။ ဝေဒနာမတွေ့ပဲ ဖြစ်ပျက်ရှုလိုု့မရဘူး။ တရားတွေ့အောင်ရှာရာမှာ သူ့ရဲ့သဘာဝလက္ခဏာကိုတွေ့အောင် ရှာရတယ်။ တရားတိုင်း တရားတိုင်းမှာ ကိုယ်ပိုုင်လက္ခဏာတွေရှိတယ်။ အရှိသဘာဝကို သတိထားမိအောင် မှတ်သားရမယ်။ ဝေဒနာရဲ့အမှတ်လက္ခဏာဆိုတာ အာရုံနဲ့ဆုံစည်းလာတဲ့အခါမှာ အာရုုံရဲ့ ကောင်း ဆိုး အရသာကို ခံစားတဲ့ သဘာဝလေးကို ဝေဒနာလို့ ပြောတာ။
မမြဲတဲ့အနိစ္စ၊ ဆင်းရဲတဲ့ဒုက္ခ၊ မပိုင်တဲ့အနတ္တ စတာတွေကို သာမညလက္ခဏာလို့ခေါ်တယ်။ အားလုုံးဆိုင်တဲ့လက္ခဏာ လို့ ဒီလိုပြောတယ်။
ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာ လက္ခဏာတွေပေါ်မှာ ဖြစ်တာ။ ဖဿသည် ဝေဒနာ၏ အနီးကပ်ဆုံးသော အကြောင်းတခုပဲ။ တခြားအကြောင်းတွေလည်းရှိတယ်ပေါ့။ အဓိကအကြောင်းကိုပြောတာ။
(၃) ကတမော ဘန္တေ ဝေဒနာ နိရောဓော။
ဝေဒနာချုပ်ငြိမ်းတာ (အပြီးသတ်ချုပ်ငြိမ်းတာ) ဘယ်မှာလဲဘုရား။ တဲ့
အဲဒီတော့ မြတ်စွာဘုရားက
ဖဿ နိရောဓာ ဝေဒနာ နိရောဓော။
ဖဿချုပ်လို့ဝေဒနာချုုပ်တာတဲ့။
ဖဿချုပ်တယ်ဆိုတာ ဘာနဲ့ချုပ်တာတုန်းဆို။ မဂ်စိတ်နဲ့ကိလေသာတွေကိုပယ်လိုက်လိုု့။
ချုပ်တယ်ဆိုတာ သူ့သဘာဝတရားက ဖြစ်လာပြီးချုပ်တာပဲ။ ဒါပေမယ့် အဲဒါမျိုးမဟုုတ်ဘူး။ အပြီးသတ်ချုပ်ငြိမ်းတာ။ ဒီမှာ အပြီးသတ်ချုပ်တယ်ဆိုတာ နိဗ္ဗာန်မှာပဲ အပြီးသတ်ချုပ်တာပေါ့။ ဒါကြောင့်နိဗ္ဗာန်ကိုဆိုလိုတာဖြစ်တယ်။ နိဗ္ဗာန်မှာဘာလို့ချုပ်သလည်းဆိုတော့ ဖဿချုပ်လို့ ဖဿဘာလို့ချုပ်လည်း သဋ္ဌာယတနချုပ်လို့ သဋ္ဌာယတနာဘာလို့ချုပ် နာမ်ရုပ်ချုပ်လို့ နာမ်ရုပ်ဘာလို့ချုပ် ဝိညာဏ်ချုပ်လို့ ဝိညာဏ်ဘာလို့ချုပ် သင်္ခါရချုပ်လို့ သင်္ခါရဘာလို့ချုပ် အဝိဇ္ဇာချုပ်လို့ချုပ်တာ။
ချုပ်စေတတ်တဲ့ အကျင့်တရားတွေကို ကျင့်လို့ချုပ်တာ။ မဂ္ဂင်ရှစ်ပါးအကျင့်တွေကျင့်လို့ချုပ်တာ။ အာသေက ဝိရောဂါ နိရောဓော (အကြွင်းအကျန်မရှိ အရဟတ္တမဂ်ဆိုတဲ့ စွမ်းအားကြောင့် ချုပ်တာ။ အပြီးသတ် ချုပ်တဲ့အချုပ်ကိုပြောတာ။ နိဗ္ဗာန်ကိုုပြောတာ။
(၄) ကတမော ဝေဒနာ နိရောဓ ဂါမိနိ ပဋိပဒါ။
ဝေဒနာကို အပြီးသတ်ချုပ်ငြိမ်းခြင်းကိုရောက်စေတဲ့ နည်းလမ်းကဘာပါလဲဘုရား။ တဲ့
မြတ်စွာဘုရားက
အရမေဝ အရိယော အဋ္ဌင်္ဂ ီဂေါ မဂ္ဂေါ။
ဝေဒနာချုပ်ရာ နိဗ္ဗာန်ရောက်စေတတ်တဲ့ အရိယာမဂ္ဂင်ရှစ်ပါးပဲတဲ့။
မဂ္ဂင်ရှစ်ပါးအကျင့်ပဲလို့ဆိုုတာ။ မဂ္ဂဆိုတာ လမ်း လမ်းကြောင်းကိုဆိုတယ်ပေါ့။
ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္စတေတိ မဂ္ဂေါ။ ကိလေသာကို ဖယ်ရှားပြီး နိဗ္ဗာန်ဝင်သွားတဲ့သဘာဝတရား။ ကိလေသာဖယ်လိုက်ယင်နိဗ္ဗာန်ကိုသိလိုက်တယ်ပေါ့။ မဂ်စိတ်ပေါ်တယ်ဆိုတာ ကိလေသာဖယ်ပြီး နိဗ္ဗာန်ရောက်သွားတယ်ပြောတာ။
ဝိပဿနာကျင့်စဉ်ကျင့်လျှင် ပုဗ္ဗဘာဂမဂ်လို့ခေါ်တာပဲ။ ဝိပဿနာကျင့်တဲ့အခါ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့မဂ္ဂင်၅ပါးတို့နဲ့ပြည့်စုံစေရတယ်ပေါ့။ အားမထုတ်ခင်ကြိုပြီးတော့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်သုံးပါးနဲ့သီလကိုပြည့်စုံစေရတယ်။
ဒီလိုမဂ္ဂင်ရှစ်ပါးနဲ့ပြည့်စုုံလာယင် ကမ္မဋ္ဌာန်းအောင်မြင်တာပေါ့။ မဂ်ဉာဏ်က ဝိပဿနာရဲ့ အာနိသန္တ အကျိုးဆက်အနေနဲ့ပေါ်လာတာပေါ့။ မဂ်စိတ်ကိုမျက်မှောက်ပြုနိုင်ခြင်းဆိုတဲ့ အကျိုးတရားကိုု ရတာပေါ့။ မဂ်စိတ်ဖိုလ်စိတ်ဆိုတာ မဂ်စိတ်ကနေ ဖိုလ်စိတ်ဖြစ်စေတယ်ပေါ့။
ဆိုင်ရာဆိုင်ရာ အကြောင်းတရားလေးတွေကိုပယ်သွားတာကိုပဲ။ ကိလေသာတွေတဒင်္ဂလေးပယ်သွားတာကိုုပဲ တဒင်္ဂပဟာန၊ တဒင်္ဂပဟန်လို့ခေါ်တာ။ တဒင်္ဂဆိုတာ
(ဒါနဲ့ဒါကို ပယ်တယ်၊ လို့ပြောတယ်ပေါ့။)
ဥပမာ - အလောဘဖြစ်ယင် လောဘကိုပယ်လိုက်တာ။ အဒေါသဖြစ်ယင် ဒေါသကိုုပယ်လိုက်တာ။ အမောဟဖြစ်ယင် မောဟကိုပယ်လိုက်တာမျိုးကို တဒင်္ဂပဟာနလို့ခေါ်တယ်ပေါ့။
အနိစ္စဖြင့် နိစ္စကိုပယ်လိုက်ယင် သံသရာလုံးမြဲတယ်လို့ထင်နေတဲ့ နိစ္စသညာကြီးပျောက်မသွားဘူးလား။ အဲဒီလိုပျောက်သွားတာကိုုပဲ တဒင်္ဂပဟာနလို့ခေါ်တယ်။
တဒင်္ဂဆိုတာအခိုက်အတန့်လေးကိုပြောတာမဟုတ်ဘူး။
နောက်မေးခွန်း ၅ ၆ နဲ့ ရ မှာ
(၅) ကောဝေဒနာယ အသန္တော
ဝေဒနာရဲ့နှစ်ချိုက်ဖွယ်သာယာဖွယ်ဆိုတာ ဘာပါလဲ။
(၆) ကောဝေဒနာယ အာဒီနော
မနှစ်ချိုက်စရာ ကောင်းတာဟာ ဘာပါလဲ။
(၇) ကိံနိဿရဏံ
ထိုဝေဒနာတို့ရဲ့ထွက်ပေါက်က ဘာပါလဲ။ တဲ့
(၅) ယံဝေဒနံ ပဋိစ္စ သုခံသောမနဿ ဥပ္ပစ္စတိ။
ဝေဒနာကို အကြောင်းပြုပြီး အသာဒ ချမ်းသာမှု ဖြစ်တယ်။ အသာဒဆိုတာ နှစ်သက်စရာကောင်းတာ၊ ကျေနပ်စရာကောင်းတာပြောတာ။ ဝေဒနာကိုအကြောင်းပြုပြီးဖြစ်တဲ့ သုခသောမနဿဆိုတာရှိတယ်။ ဝေဒနာရဲ့သာယာမှုပဲ။
(၆) မနှစ်သက်စရာကြတော့ အဲဒီဝေဒနာဟာမတည်မြဲဘူး၊ ပြောင်းလဲတတ်တယ်။ အဲဒီပြောင်းလဲမှုဟာ မနှစ်သက်စရာ၊ ကျေနပ်စရာမကောင်းဘူး။ ဝေဒနာရဲ့အပြစ်ပဲတဲ့။
(အာဒီနဝ = အပြစ်အနာ
အားသာချက် = အသာဒ)
အဲဒီလိုခွဲခြားပြီးမြင်တတ်ရမယ်။ changes ပြောင်းလဲတတ်တယ် အဲဒါအပြစ်ပဲ။
နောက် ကိံနိသရဏံ ဝေဒနာရဲ့ထွက်ပေါက်က ဘယ်မှာလဲ။ ဘယ်လိုထွက်ပေါက်ရှာရမလည်းဆိုတော့ ..
ဆန္ဒရာဂ စတာနဲ့ ဝေဒနာအပေါ်မှာ တွယ်တာနေတဲ့ တဏှာကိုဖယ်ရှားရမယ်။
ယော ဝေဒနာယ ဆန္ဒရာဂ ပဟာနံ ဣဒံ ဝေဒနာယ နိသရဏံ။ တဲ့
ဆန္ဒလိုချင်မှု၊ ရာဂတပ်မက်မှုတို့ကို ဖယ်ရှားရမယ်။ လိုချင်မှုကိုဖယ်လိုက်ယင်ထွက်ပေါက်ရသွားပြီ။ ဝေဒနာကို လိုချင်နေတဲ့ တပ်မက်နေတဲ့ တရားကိုဖယ်ရှားရမယ်။ အဲဒါထွက်ပေါက်ပဲ။ တဲ့
အဲဒီမေးခွန်း ရချက်ဟာ ရှင်အာနန္ဒာမေးလို့ မြတ်စွာဘုရားရှင်ကဖြေကြားခဲ့တာဖြစ်ပါတယ်။
သမဏဗြဟ္မဏအမည်ခံတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီအချက်ရချက်ကို သိရှိနားလည်ထားရမယ်တဲ့။ သိရှိနားလည်ခြင်းမရှိဘူးဆိုယင် သမဏဗြဟ္မဏလို့မသတ်မှတ်ဘူးတဲ့။ ဆိုလိုတာက ဒါတွေမှ မသိပဲ ကိလေသာတွေ ဖယ်ရှားနိုင်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောတာ။
ဝေဒနာကိုသတိမထားမိယင် -
သုုခဝေဒနာကိုမသိလိုက်ယင် တွယ်တာမှု ရာဂနုသယကိန်းမယ်။ (အနုသယဆိုတာအကြောင်းပေါ်လာယင်ပေါ်တယ်။ ကိန်းတယ်ဆိုတာသင့်လျော်တဲ့အကြောင်းတရားတခုပေါ်လာတာနဲ့ပေါ်လာတာ၊ တဏှာရာဂပေါ်လာမှာပဲ။) ချမ်းသာနှစ်သက်တဲ့ခံစားမှုသဘောသဘာဝလေးကို မသိလိုက်ယင် လိုချင်လာတဲ့ရာဂပေါ်လာမယ်။ သဘာဝကိုုမဆင်ချင်နိုင်သည့်အတွက် ရာဂဆိုတဲ့ အနုသယကိန်းတယ်။
ဒုက္ခ ----- ပဋိဃနုသယကိန်း
အဒုက္ခမသုခ ----- အဝိဇ္ဇာနုသယကိန်း
မသိသည့်အတွက်နှစ်သက်တယ်ဆိုတာဖြစ်လာတယ်။ ဝေဒနာပေါ်မှာသတိထားနေရမယ်။ ဝေဒနာရဲ့ သဘာဝတရားကို ဆင်ခြင်နိုုင်မှသာလျှင် ရာဂ ဒေါသ အဝိဇ္ဖာ ပယ်နိုင်မယ်။ ကိလေသာကိုဖယ်ရှားဖို့ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိဖို့လိုတာတဲ့။ အဲဒီလို ပိုင်ပိုင်နိုင်နိုင်သိရှိပြီးကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။
ဆရာတော် Dr နန္ဒမာလာဘိဝံသ ၏ ဝေဒနာတရားကိုလေ့လာသုံးသပ် ခြင်းတရားတော်မှ နာကြားမှတ်ယူ၍ ပြန်လည် မျှဝေပါသည်။
❆ ဝေဒနာတရားတော် ❆ (အပိုင်း ၃)
ဝေဒနာနဲ့ပတ်သက်ပြီးတော့ ဝေဒနာအကြောင်း သိကောင်းစရာများကို လေ့လာသုံးသပ်တယ်ဆိုတာ ဘာလည်း?
မြတ်စွာဘုရားက “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာလို့ … ဒီလိုဟောထားခဲ့တာရှိတယ်။ နိဗ္ဗာန်ကို သုခလို့ ခေါ်ရာမှာ နိဗ္ဗာန်မှာ ဝေဒနာနဲ့ပတ်သက်တဲ့ ဆက်စပ်မှုမရှိတဲ့ သုခလို့မှတ်ရမယ်။ မြတ်စွာဘုရားကအများသိတဲ့ သုုခကိုမှ သုခလို့ ပြောတာမဟုတ်ဘူး၊ နိဗ္ဗာန်ချမ်းသာကိုလည်း သုခလို့ဟောတာ မှတ်ရမယ်။
ရှင်သာရိပုတ္တရာက
သံဃာပရိတ်သတ်မှာ တရားဟောနေတဲ့အချိန် - “သုခ မိဒံ အာဝုသော နိဗ္ဗာနံ သုခ မိဒံ အာဝုသော နိဗ္ဗာနံ”
ငါ့ရှင်တို့ နိဗ္ဗာန်ဟာ သုခပဲ။ နိဗ္ဗာန်ဟာချမ်းသာတယ်လို့ ဆိုတယ်။
အဲဒီမှာ ပရိတ်သတ်ထဲမှ ဥဒါယီဆိုတဲ့ ကိုယ်တော်က ပိုမိုရှင်းလင်းပြတ်သားစေလိုတဲ့အတွက် ထောက်တယ်။ ငါ့ရှင် ရှင်သာရိပုတ္တရာ နိဗ္ဗာန်မှာ ခံစားမှုဝေဒနာတရားမရှိဘူးး မဟုတ်လားတဲ့။ အဲဒီလို ခံစားမှု ဝေဒနာမရှိပဲ နိဗ္ဗာန်ကို ဘာကြောင့် သုခလို့ခေါ်ရတာလည်းလို့ ဆိုလိုတာ။
ရှင်သာရိပုတ္တရာက - ခံစားမှုမရှိလို့ သုခလို့ပြောတာပါ..တဲ့။
ဓမ္မဒိန္နာထေရီဝတ္ထုမှာလည်း - ဓမ္မဒိန္နာထေရီမက ဝိသာခဒါယကာကြီးကို အမေးကိုဖြေတဲ့အခါမှာ -
“သုခဝေဒနာ ထိတိ သုခါ ဝိပရိနာမ ဒုက္ခာ”
ဝေဒနာထဲမှာရှိတဲ့ သုခဟာ ရှိနေတုန်းသာ ချမ်းသာတာ ပြောင်းလဲသွားယင် ဒုက္ခပဲ….တဲ့။
ခံစားမှုမရှိတဲ့ချမ်းသာ ဆိုတာ…အဲဒီချမ်းသာကို သာမာန်ပုဂ္ဂိုလ်တွေကသိဖို့ အင်မတန်ခက်တယ်။ ခံစားမှုရှိတဲ့ ချမ်းသာကိုသာသိတာကိုး။ ခံစားမှုမရှိတဲ့ ချမ်းသာကိုမှမသိတာ။
ရဟန္တာအရှင်မြတ်တို့ကျတော့ ဘယ်လိုချမ်းသာလည်းဆိုတော့ ဝိပဿနာတရားများရှုပွားနေတဲ့အခါ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ သင်္ခါရတရားတွေရဲ့ ဖြစ်တာပျက်တာတွေကိုချည်း တွေ့နေရတော့ ဒီသင်္ခါရတရားတွေအပေါ်မှာ အင်မတန်မှ ငြီးငွေ့ဖို့ကောင်းတယ်ပေါ့။ အဲဒီ သင်္ခါရတရားတွေမဖြစ်တော့တာကိုုပဲ သိပ်ချမ်းသာသွားတော့တာပေါ့။
ဒါကြောင့်မို့လို့ “ပရမသုခ” ကျန်တဲ့ချမ်းသာတွေနဲ့မနှိုင်းယှဉ်နိုင်တဲ့ သုခလို့ ဒီလိုပြောတာ။
ပုထုဇဉ်တွေ ခံစားလို့ရတဲ့သုခ အတွေ့အကြုံရှိတဲ့သုခကို ဝေဒယိတသုခ လို့ခေါ်တယ်။ စိတ်ရဲ့ခံစားမှုနဲ့ပတ်သက်တဲ့ ဝေဒနာနဲ့ပတ်သက်တဲ့သုခ ဝေဒယိတသုခ ။
နိဗ္ဗာန်ကျတော့ ဝေဒနာနဲ့ဆက်စပ်မှုမရှိဘူး. ..ဆက်စပ်မှုမရှိလို့….ခံစားကျတော့ သန္တိသုခ လို့ ဒီလိုသုံးတယ်။
သန္တိဆိုတာ ဝေဒနာပါ ငြိမ်းသွားတဲ့ သုခပေါ့….ဝေဒနာပါမရှိတော့တဲ့သုခကို ဒီလို သုံးတယ်။
ဝေဒနာရှိနေသေးတယ်ဆိုယင် ခုနကပြောတဲ့ ဝိပရိနာမဒုက္ခဆိုတာလာဦးမှာကိုး….
နိဗ္ဗာန်ဟာ…နိဗ္ဗာန်ကိုဆိုတဲ့ သုခဟာ ဝိပရိနာမဒုက္ခနဲ့ ဆက်စပ်ခြင်းမရှိဘူး။ တဲ့….
နောက်တစ်ခု ဝေဒနာအကုန်လုံးကို မမြဲတဲ့ရှုဒေါင့်ကကြည့်ပြီးတော့….
ယံ ကိ ံစိ ဝေဒယိတံ သဗ္ဗံတံ ဒုက္ခသမိ ံ လို့ အယင်ရက်တွေမှာ ရှင်းထားတာရှိတယ်။
ခံစားမှုရှိတဲ့ အရာအားလုံးဟာ ဒုက္ခပဲ…ဒီလိုဆိုလိုတာ…။
စိတ်ရဲ့ခံစားမှုရှိတဲ့ … စိတ်ရဲ့ခံစားမှုအားလုံးဟာ ဒုက္ခပဲ။ ဘာဖြစ်လို့မို့ ဒုက္ခလို့ပြောတာတုန်းဆိုယင် “သင်္ခါရာနံ အနိစ္စတံယေဝ သန္တာရ” သင်္ခါရတရားတွေရဲ့ ဖြစ်ပြီးပျက်သွားတဲ့သဘော မမြဲတဲ့သဘော တည်ငြိမ်မှုမရှိတဲ့သဘောကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဝေဒနာမှန်သမျှ ဒုက္ခလို့ ဒီလိုုပြောတာပါတဲ့။
ဒါကြောင့်မို့ ဝေဒနာမှန်သမျှ ဒုက္ခလို့ဟောတာပါတဲ့..။
ဒါကြောင့်မို့လို့ ဝေဒနာနဲ့ပတ်သက်ပြီးဟောတဲ့အခါမှာ နိဗ္ဗာနံ ပရမံ သုခံ ဟာ ဒီသုုခထဲမပါဘူးလို့သိရမယ်ပေါ့။ သတိထားရမယ်ပေါ့။
ဒါဖြင့် ဒီဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ တို့သန္တာန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြည့်ပြီးတော့ ဘာဖြစ်လို့ ဝေဒနာကိုရှုသင့်တာလည်းလို့ ကြည့်ရမယ်။
ဒီခန္ဓာကိုုယ်ကြီးကိုအကြောင်းပြုပြီး သုုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာတွေပေါ်တယ်။ အဲဒီလိုပေါ်လာယင် သူ့ဖာသာပေါ်လာတာလားဆိုယင်… မဟုတ်ဘူး..တဲ့။ ပုထုဇဉ်တို့သန္တာန်မှာ -
သုခါယ ဝေဒနာယ ရာဂ အနုဿယော အနုသေတိ။
သုုခဝေဒနာပေါ်တာနက်တပြိုင်နက် ရာဂနုဿယဖြစ်ဖြစ်သွားတယ်။ ကိန်း ကိန်းသွားတယ်ပေါ့။
ကိန်းသွားတယ်ဆိုတာ ရာဂဖြစ်ဖို့ အခြေအနေတခုရသွားတယ်။
“အနုရူပံ ကာရနံ လဗ္ဗိတွာ ဥပ္ပဇ္ဇတိ” သင့်လျော်တဲ့အကြောင်းတခုကိုရလာလို့ ရာဂဖြစ်စရာအကြောင်းတခုကို ရလာလို့ ရာဂလေးဟာ သန္ဓေတည်သွားတယ်လို့ဆိုလိုတယ်။
အနုသယဆိုတာ အနု + စဉ်ဆက်မပြတ် ၊ သယ + အခြေအနေတခုအရ တည်ရှိသွားတဲ့သဘော။ အဲဒီတော့ အနုသယဆိုတော့ တချို့က နိစ္စဖြစ်မနေဘူးလားလို့ ဒီလိုစောဒကတက်ကြတယ်။ အနုသယကိန်းနေတယ်ဆိုတာ ဘာကိန်းနေတာလဲ။ ခန္ဓာကိုယ်ထဲမှာအမြဲရှိနေတာလား။ ကိန်းနေတယ်ဆိုတာ ဘာနဲ့ဥပမာတူတုန်းဆိုယင် …
ကိန်းနေတယ်ဆိုတာ မီးခြစ်ဗူးထဲမှာ မီးခြစ်နိုုင်တဲ့ အနေအထားလေးတခုရှိနေသလိုပဲ။ ရိုးရိုးသစ်သားချောင်းလေးနှစ်ခုကို ပွတ်တိုက်ကြည့်လို့ မီးထွက်လာပါ့မလား၊ ထွက်မလာနိုင်ဘူးလေ။ မီးခြစ်လို့ မီးထွက်လာနိုုင်တဲ့ အနေအထားလေးနှစ်ခုဆုံလိုက်တဲ့အခါမှ မီးထွက်လာနိုုင်တယ်ပေါ့။ ဒါကိုပဲ အနုဿယဆိုတာ possibility, potentiality လို့ခေါ်တယ်။ ဖြစ်နိုင်တဲ့ အနေအထားတခုရှိသွားတာကို၊ ကိန်းတယ်လို့ပြောတာဖြစ်တယ်။ ဒီအကြောင်းတခုုဝင်လိုက်တာနဲ့တပြိုင်နက် ဒါဖြစ်ကိုဖြစ်တာ၊
ဒါကိုနားလည်အောင်ပြောရယင် ယခုခေတ်ရောဂါတွေဖြစ်ကြတဲ့အခါ positive အနေအထားတခုရှိနေတယ်လို့ပြောကြတယ်လေ။ လောကလူတွေထဲမှာလည်း ပြောကြတယ်လေ။ HIV Positive, တို့ B ပိုး positive တို့ C ပိုး positive တို့။ positive ဆိုတာ ရှိနိုင်တဲ့ အခြေအနေတခု ရှိနေပြီလို့ပြောတာပေါ့။ ဒါကသိသာရုံပြောတာပဲ..နော်။
ဒီလိုနှစ်သက်စရာဝမ်းသာစရာအာရုံလေးတခုကိုတွေ့တာနဲ့ သုခ သောမနဿဖြစ်လာတာနဲ့တစ်ပြိုင်နက် ရာဂဟာပေါ်ပေါ်လာတယ်။ အဲဒီလိုပေါ်ပေါ်လာတဲ့အနေအထားလေးတစ်ခုရသွားတာကိုပဲ။ ရာဂနုသယကိန်းတယ်လို့ဆိုလိုတာဖြစ်တယ်
သုခဝေဒနာပေါ်တိုင်းပေါ်တိုင်း သုုခဝေဒနာတိုင်းဟာ ရာဂနုဿယကိန်းလားဆိုတော့ မဟုတ်ပေဘူး။
မဂ်စိတ်ဖိုလ်စိတ်မှာလည်း သုခဖြစ်တာရှိတယ်။ အဲဒီသုခဝေဒနာကြတော့ ရာဂနုဿယကိန်းသွားတယ်လို့ ပြောလို့မရဘူး။ မဂ်စိတ်ကို အာရုံပြုပြီးဖြစ်တဲ့တရားဖြစ်တဲ့အတွက် ၊ ကာမဂုဏ်တရားကို အာရုံပြုပြီးဖြစ်တဲ့ ချမ်းသာမဟုတ်ဘူး။ အဲဒီလိုသုခမျိုး၊ ဈာန်ချမ်းသာပေါ်တဲ့အချိန်မျိုးမှာ ရာဂနုဿယ မကိန်းဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီမဂ်စိတ်ဆိုုတာ နိဗ္ဗာန်ကိုအာရုံပြုထားတဲ့ ချမ်းသာသုခကိုုး… သူကကာမဂုဏ်အာရုံပြုထားတာမဟုတ်ဘူး…သုခဆိုတာခြင်းတူပေမယ့် သူက ရာဂကိုဖယ်ပြီးတော့ ပေါ်လာတဲ့တရားလေ…။
ဥပမာမယ် ပထမဈာန်ဆိုလိုရှိယင် ပထမဈာန်ရတယ်ဆိုကတည်းကိုက ဒီကာမလို့ဆိုတဲ့ရာဂကိုမဖယ်ပဲနဲ့ရမှမရတာကိုး..။ ဒါကြောင့် နောက်မှပေါ်လာတာကိုပြောတာမဟုတ်ဘူး… ဒီဈာန်ချမ်းသာရနေတဲ့အချိန်မှာရာဂါနုဿယမကိန်းဘူးလို့ ဒီလိုပြောတာနော်…။ သူ့ကိုမဖယ်ပဲ ဈာန်ချမ်းသာရကိုမရနိုုင်ဘူးလေ။ အေး..ဒါကြောင့်မို့လိုု့ သုခဝေဒနာဆိုတိုင်း ရာဂနုဿယကိန်းတယ်လိုု့ မထင်မှတ်လေနဲ့နော်။
အဲဒီတော့ ဝေဒနာကို ရှုတယ်ဆိုတာဘာလုပ်ဖို့ ရှုတာလည်းဆိုယင် အဲဒီကိန်းလာတဲ့ ရာဂနုဿယပျောက်အောင်လို့ ရှုရတာ။
သုုခဝေဒနာရှုတယ်ဆိုတာ သုခဝေဒနာပေါ်မှာ စဉ်ဆက်မပြတ် သံသရာကနေ ဖြစ်နိုင်ချေရှိနေတဲ့ အနေအထားတခုပြောင်းလဲသွားအောင်အတွက် ရှုရတာ။ အနုဿယကိုဖယ်ရှားဖို့အတွက် ရှုရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ -
“သုခါယ ဝေဒနာယ ရာဂါနုဿယော ပဟာတဗ္ဗော”
သုခဝေဒနာပေါ်မှာ ကိန်းနေတဲ့ ရာဂါနုဿယကိုဖယ်ရှားဖို့ ကြိုးစားရမယ်..တဲ့။
အဲဒါ ကမ္မဋ္ဌာန်းအားထုတ်ခြင်းရဲ့ရည်ရွယ်ချက်ပဲ။
သုခတင်ဖြစ်တာမဟုတ်ဘူး။
ဒုက္ခဝေဒနာလည်းပေါ်လာတတ်သေးတယ်။ ဒုက္ခဝေဒနာဖြစ်ပြီဆိုယင်ဘာဖြစ်လာလည်းဆိုတော့ -
“ဒုက္ခာယ ဝေဒနာယ ပဋိဂါအနုဿယော အနုသေတိ”
ဒုက္ခဖြစ်တယ်ဆိုယင် စိတ်တိုတယ်လေ။
ပဋိဂ ဆိုတာဖြစ်လာယင် ခံစားချက်က ဒေါမနဿပဲရှိ်တယ်လေ။ ဒေါမနဿနဲ့ပဋိဂဟာခွဲလို့မရအောင် အမြဲတွဲနေတယ်။ ဒေါမနဿ သဟဂတံ ပဋိဂ သမ္ပယုတ္တံ - ဆိုတဲ့နေရာမှာ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုယင် ဒေါမနဿနဲ့ပဋိဂဟာ အမြဲတွဲနေလို့ပဲ။ ဒေါသဖြစ်ယင် ဒေါမနဿဖြစ်တယ်။ ဒေါမနဿဖြစ်ယင် ဒေါသဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ခုက သဘောခြင်းတူလားဆိုတော့ မတူဘူး။ ဒေါသက စေတသိက်တခု၊ ဒေါမနဿကဝေဒနာစေတသိက်။
ပဋိဂ ဆိုတာ ဒေါသ စေတသိက်၊
ဒေါမနဿ ဆိုတာ ဝေဒနာ စေတသိက်…တဲ့။
ဒီနှစ်ခုဟာ အမြဲတမ်းတွဲဖက်၍လာတယ်ဆိုတာပြလို၍ -
“ပဋိဂ အနုဿယော အနုသေတိ” လို့ ပြောလိုက်တာနဲ့..တစ်ပြိုင်နက် စိတ်ထဲက ခံပြင်းတာတွေ အကုန်လုံး ဒီထဲမှာပါတယ်လို့ ဒီလိုမှတ်ရမယ်။ အဲဒီ ဒုက္ခမှာ ပဋိဂ အနုဿယကိန်းလိုက်တာနဲ့ တစ်ပြိုင်နက် သူ့တင်ရပ်တယ် မအောင်းမေ့လေနဲ့..။ ကျန်တဲ့ အကုသိုလ်တွေလည်း ဆက်ပြီးတော့ လိုက်လာတယ်..တဲ့။ အကုသိုလ်တွေက ဆင့်ကဲဆင့်ကဲဖြစ်လာတယ်..ဒီလိုဆိုလိုတာ..နော်။ အဲဒါကြောင့်မို့လို့ ဒုက္ခဝေဒနာကို ကမ္မဋ္ဌာန်းရှုရတယ်ဆိုတာ..၊ ဘာအတွက်လည်းဆိုယင် ပဋိဂအနုဿယ မကိန်းအောင်လို့ ရှုရတာ။ ဒါ ကမ္မဋ္ဌာန်းရှုခြင်းရဲ့ ရည်ရွယ်ချက်ပဲ။
အဲဒီလို ကမ္မဋ္ဌာန်းရှုလိုက်တဲ့အခါ ဘာကိုဖယ်ရှားနိုင်လည်းဆိုယင် -
“ဒုက္ခာယ ဝေဒနာယ ပဋိဂါအနုဿယော ပဟာတဗ္ဗော”
ဒုက္ခဝေဒနာပေါ်မှာ ပဋိဂနုဿယကိုဖယ်ပစ်ရမယ်လို့…ဒီလိုပြောတာ။ တရားကျင့်တယ်ဆိုတာ မလိုအပ်တာ ဖယ်ဖို့အတွက် တရားကျင့်ရတာလေ။ အမှန်အကန်သိပြီးမှ ဖယ်လို့ရတယ်။
ကောင်းပြီ..နောက်တစ်ခုကြည့်ရအောင်..
သာမာန်အနေအထားတစ်ခု - အဒုက္ခမသုခ
အဲဒီမှာကြတော့ ရာဂလည်းမလာ၊ ပဋိဂလည်းမလာဘူး။ ဘာလာနေတုန်းဆိုတော့ - မသိဘူးဆိုတဲ့ - အဝိဇ္ဇာအနုဿယလာနေပြန်ရော။ ဒါကြောင့်မို့လို့ -
“အဒုက္ခာယ မသုခါယ ဝေဒနာယ (အဒုက္ခမသုခါယ ဝေဒနာယ) အဝိဇ္ဇာအနုဿယော အနုသေတိ”
အဝိဇ္ဇာအနုဿယပေါ်နေတယ်ဆိုတာ ဘာမှမသိလိုက်တာကိုပြောတာ။ မသိလိုက်ဘူးဆိုတာ ဘာမှ အပြစ်မရှိဘူးလို့ မထင်လေနဲ့။ အဲဒီ အဝိဇ္ဇာဆိုတာ အမှန်တရားကို ဖုန်းပေးထားတာ။ အဲဒီလို ဖုံးထားသည့်အတွက် ထွက်ပေါက်ဘယ်တော့မှ ရှာမရတော့ဘူး။
ဒါ အဝိဇ္ဇာအနုဿယကြောင့်ပဲ။ ဒါကြောင့်မို့လို့ အဒုက္ခမသုခဝေဒနာကို သိအောင်ကြိုးစားတယ်။ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ဘာအတွက်လည်းဆိုတော့
“အဒုက္ခာယ မသုခါယ (အဒုက္ခမသုခါယ) ဝေဒနာယ အဝိဇ္ဇာအနုဿယော ပဟာတဗ္ဗော”
အဝိဇ္ဇာအနုဿယကို ဖယ်ရှားဖို့ ကြိုးစားရတာ..တဲ့။
ဝေဒနာသုံးမျိုးနဲ့ပတ်သက်ပြီး ရာဂကိုုလည်း ဖယ်လိုက်နိုင်ပြီ၊ ပဋိဂလို့ဆိုတဲ့ ဒေါသကိုလည်း ဖယ်လိုက်နိုင်ပြီ၊ အဝိဇ္ဇာဆိုတဲ့ မောဟကိုလည်း ဖယ်လိုက်နိုင်ပြီ ဆိုလို့ရှိယင် ကိလေသာတွေပြတ်သွားပြီ မရှိတော့ဘူး။ သံယောဇဉ်တွေကင်းသွားပြီ။ မာန်မာနတွေ အကုန်လုံးကျှော်လွှားနိုင်လို့ဘဝရဲ့ဒုက္ခတစ်ခုဟာ အဆုံးသတ်သွားပြီ..တဲ့။ ဒါဝေဒနာကို ကမ္မဋ္ဌာန်းရှုရခြင်းရဲ့အကျိုးကျေးဇူးကို မြတ်စွာဘုရားက ဒီလို ဟောတာ..။
ဒါဖြင့်..ကောင်းပြီ။
သုခဝေဒနာမှာ ရာဂကဖြစ်လာတတ်တယ်။ ရာဂနုဿယက ကိန်း ကိန်းပြီးတော့ လာတတ်တယ်။ အဲတော့..အဲဒီလိုကိန်းလာသည့်အတွက်ကြောင့် အဲလို မကိန်းအောင် ရာဂနုဿယမကိန်းအောင် သုခအပေါ်မှာ ဘယ်လို ရှုမြင်ရမလည်း..? ။ သုခအပေါ်မှာ ဘယ်လိုရှုမြင်ရမလဲ၊ ချမ်းသာတယ်ဆိုတဲ့ ခံစားချက်အပေါ်မှာ ဘယ်လိုရှုမြင်ရမလဲဆိုတော့ မြတ်စွာဘုရားက ဒတ္ထဗသုတ်မှာ နည်းလမ်းပေးထားတာ ရှိတယ်။
“သုခါ ဝေဒနာ ဒုက္ခတော ဒတ္ထဗာ”
သုခဝေဒနာကို မင်းတို့ ဒုက္ခလို့မြင်အောင်ရှု..တဲ့။ လူကဒုက္ခကြတော့ မလိုချင်ဘူးလေ။ သုခကျတော့ လိုချင်တယ်လေ။ လူတွေက သုခကို သဘောကျတာ။ အဲဒါကြောင့်မို့လို့ မင်းတို့ သုခကို သဘောကျမနေနဲ့.. သုခကိုဒုက္ခလို့ မြင်အောင် ရှုရမယ်…တဲ့။
ဒါဖြင့် သုခဝေဒနာကို ဒုက္ခလို့ ဘယ်လိုလုပ်ရှုရမှာလည်းလို့ ဆိုလို့ရှိယင် သုခဝေဒနာသည် - ဝိပရိနာမ ဒုက္ခာ - သူဟာ ဒီအတိုင်း တည်မြဲနေမှာ မဟုတ်ဘူး၊ ပြောင်းလဲသွားမှာ၊ ပြောင်းလဲသွားတာနဲ့တစ်ပြိုင်နက် ဒုက္ခပဲ..တဲ့။ ဒီလို ဆိုလိုတာ။ အဲဒါကြောင့်မို့လို့ မမြဲတဲ့ သဘောလေးကို ကြည့်လိုက်မယ်ဆိုလို့ရှိယင် ဒုက္ခဆိုတာ မြင်သွားမယ်ပေါ့။
သုခဆိုတဲ့အသွင်နဲ့မြင်နေသမျှ ရာဂကိုဖယ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အမြင်ပြောင်းပြီးတော့ ကြည့်ရမယ်။
ဥပမာမယ်…လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ရှိနေတာနဲ့အမျှ သူ့ရဲ့ကောင်းကွက်ကိုပဲ မြင်နေမယ်ဆိုယင်၊ သူ့ကိုသံယောဇဉ်ဖြတ်နိုင်ပါ့မလား၊ သူ့ရဲ့ဆိုးတဲ့အကွက်ကိုမြင်မှ သံယောဇဉ်ဖြတ်နိုင်မယ်ပေါ့။
အဲဒီလိုပဲ သုခရဲ့အပေါ်မှာ ကောင်းကွက်လေးတွေကိုပဲကြည့်နေမယ်ဆိုလို့ရှိယင် ရာဂါနုဿယ ကိန်းလာမှာပဲ၊ ဆိုးတဲ့အကွက်တစ်ခုကို ကြည့်လိုက်ယင် ၊ အဆိုးမြင်တာနဲ့တစ်ပြိုင်နက် သူက တဏှာရာဂက ပယ်ပြီးသား ဖြစ်သွားတယ်လေ။ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက -
“သုခါ ဝေဒနာ ဒုက္ခတော ဒတ္ထဗ” …တဲ့။
သုခဝေဒနာကို ဒုက္ခလို့ရှုပါတဲ့။ ဒီလိုဆိုလိုတယ်။ ဒုက္ခလို့ရှုပါ။ ဒါ ဝိပဿနာရှုတဲ့အခါမှာ သုခပေါ်လာတိုင်း ပေါ်လာတိုင်း ဒုက္ခလို့မြင်အောင်ဆင်ခြင်ရှုမှတ်ဖို့ ၊ ဒီလိုဆိုလိုတာ..နော်။
ဒါဖြင့် ဒုက္ခဝေဒနာကျ ဘယ်လိုရှုရမလဲ..တဲ့။ သုခပေါ်ယင် ရာဂမဖြစ်အောင် ဒုက္ခလို့ရှု။ ဒါဖြင့် ဒုက္ခပေါ်လာပြီ ဆိုလို့ရှိယင် ပဋိဂနုဿယ မဖြစ်အောင် ဘယ်လိုရှုရမလဲဆိုယင် -
“ဒုက္ခာ ဝေဒနာ သလ္လတော ဒတ္ထဗာ” … တဲ့။
ဒုက္ခဝေဒနာကိုရှုလို့ရှိယင် ကိုယ့်ရဲ့ခန္ဓာထဲမှာငြောင့်ကြီးစူးနေသလို၊ မျှားတံကြီးစူးနေသလို၊ မျှားတံကြီးလို့ သဘောထားပြီး ရှုမြင်သုံးသပ်ရမယ်… တဲ့။
အဲဒါက ဒုက္ခာ ဝေဒနာ သလ္လတော ဒတ္ထဗာ လို့ ဆိုတဲ့ အဓိပ္ပာယ်က - ဒုက္ခဝေဒနာကိုပိုပြီးတော့ ပြင်းထန်တဲ့ ဒုက္ခအဖြစ်ရှုခိုင်းတာပဲ မဟုတ်လား။
ဝိပဿနာရှုနည်းနဲ့ပတ်သက်လို့ တော ၄ဝ ဆိုတာ ရှိတယ်။ အနိစ္စတောတို့၊ ဒုက္ခတောတို့၊ အနတ္တတောတို့၊ အဲဒီတော ၄ဝ ဆိုတဲ့ အထဲမှာ ဒုက္ခနဲ့သက်ဆိုင်တာတွေဟာ အဲဒါတွေပဲ။ ရောဂါဝေဒနာ ဂန္တတော - အိုင်းအမာ၊ သလ္လတော - မျှားငြောင့်ကြီးလို၊ အဲဒီလိုရှုရမယ်။ အဲဒီတော့ ဒုက္ခဝေဒနာအပေါ်မှာ စိတ်ပျက်ငြီးငွေ့နေမယ့်အစား၊ ဘာလုပ်ရမလဲဆိုယင် - အေး .. ငါ့ခန္ဓာကိုယ်ကြီးထဲမှာ မျှားငြောင့်ကြီးစူးနေတာ၊ ဒီမျှားငြောင့်ကြီးလွှတ်ပစ်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် ရှုပေးပါတဲ့။ အဲဒီလိုရှုမယ်ဆိုလို့ရှိယင် သူ့အပေါ်မှာ ဒေါသထွက်မနေတော့ဘူး။ ဒီလိုဆိုလိုတာ … နော်။
ပဋိဂနုဿယဆိုတဲ့ ဒေါသကိုဖယ်ရှားဖို့အတွက် မျှားငြောင့်လို့ရှုမြင်နိုင်အောင် ကြိုးစားရမယ်တဲ့။ အဲဒီလို ရှုမယ်ဆိုလို့ရှိယင်တော့ အဲဒီ ပဋိဂနုဿယ မကိန်းတော့ဘူးတဲ့။
ဒါဖြင့်ယင် အဒုက္ခမသုခကျတော့ ဘယ်လိုရှုရမတုန်းဆိုလို့ရှိယင် -
“အဒုက္ခမသုခါ ဝေဒနာ အနိစ္စတော ဒတ္ထဗာ” … တဲ့။
ဘယ်အရာမှမြဲတာမဟုတ်သည့်အတွက်ကြောင့်မို့လို့ သူဟာ ဖြစ်ပြီးယင်ပျက်လာမယ့် အရာတစ်ခုအနေနဲ့ ရှုမြင်သုံးသပ်ပါလို့ဆိုတယ်။ ဒါက ဒတ္ထဗသုတ်မှာ မြတ်စွာဘုရားက ဒီအတိုင်း ဟောတယ်။ ဝေဒနာနဲ့ပတ်သက်ပြီးတော့၊ အဲဒီလို ရှုမြင်နိုုင်ပြီဆိုလို့ရှိယင် မှန်ကန်တဲ့ အမြင်တစ်ခုကိုမြင်တယ်လို့ ဒီလိုပြောတာနော်။ အဲဒီတော့ မှန်မှန်ကန်ကန်မြင်လိုက်ပြီဆိုတာနဲ့ ဘာဖြစ်တုန်းဆိုယင် မှန်တဲ့အမြင်တစ်ခုဟာ ဘာကို ပယ်ဖျက်နိုင်တုန်းဆိုယင်၊ တွယ်တာမှုကို ပယ်ဖျက်နိုင်တယ်၊ တွယ်တာမှုကို ပယ်ဖျက်နိုင်ယင် သံယောဇဉ်တွေကိုဖြုတ်နိုင်သွားတယ်။ သံယောဇဉ်တွေဖြုတ်နိုင်သွားလို့ရှိယင် မာနဆိုတာလည်း ပယ်ချနိုင်တယ်ပေါ့။ နောက်ဆုံးမှာ ဒုက္ခအကြောင်းတရားတွေ အကုန်လုံးဖယ်ရှားပစ်နိုင်လို့ ဒုက္ခဖြစ်စရာဆိုတာ တစ်ခုမှမလာတော့ဘူးလို့..ဒီလို ဆိုလိုတယ်။
ဝေဒနာသံယုတ် သလ္လသုတ်မှာ ဟောထားတာလေးတခု ..
သလ္လသုတ်ဆိုတာ - သလ္လဆိုတာ မျှားငြောင့်၊ အဲဒီလိုစူးဝင်နေတဲ့မျှားငြောင့်ကို သလ္လလို့ ခေါ်တယ်။ အဲဒီတော့ စူးဝင်နေတယ်ဆိုတာ ဖယ်ထုတ်ပစ်ရမယ်လို့နားလည်ရမယ်ပေါ့..
အဲဒီသုတ္တန်မှာ ဘာကိုစချီထားတုန်းဆိုယင် - မြတ်စွာဘုရားက -
ဘုရားရဲ့တရားဓမ္မတွေကို သင်ယူခြင်း၊ နာကြားခြင်းမရှိတဲ့ ပုထုဇဉ်နဲ့ မြတ်စွာဘုရားရဲ့တရားဓမ္မတွေကို သင်ယူနာကြားပြီးတော့ … ထူးခြားတဲ့တရားဓမ္မကိုမျက်မှောက်ပြုထားတဲ့ အရိယာပုဂ္ဂိုလ်တွေနဲ့ ခံစားမှုကြုံတွေ့တဲ့အခါမှာ ဘယ်လိုထူးခြားသလဲဆိုတဲ့ မေးခွန်းကို မြတ်စွာဘုရားက ရဟန်းတွေကို မေးတယ်။
ဆိုပါစို့ … ပုထုဇဉ်ပုဂ္ဂိုလ်တွေလည်း သုခကိုလည်းခံစားတယ်၊ ဒုုက္ခကိုလည်းခံစားတယ်၊ အဒုက္ခမသုခဝေဒနာကိုလည်းခံစားတယ်။
အရိယာပုဂ္ဂိုလ်၊ ရဟန္တာအရှင်မြတ်တို့နဲ့ မြတ်စွာဘုရားရှင်လည်း သုခကိုလည်းခံစားမှုရှိတယ်၊ ဒုက္ခကိုလည်း ခံစားမှုရှိတယ်၊ အဒုက္ခမသုခဝေဒနာကိုလည်း ခံစားမှုရှိတယ်။ ဖြစ်တာခြင်းတူပြီးတော့ မတူတာဘာလဲ..တဲ့။
ဒီနေရာမှာ ပုထုဇဉ် “အသုတဝါ ပုထုဇနော” ကြားဖူးနားဝမရှိတဲ့ ပုထုဇဉ်ဆိုတာ … တဲ့။
အသုတဝါ - တရားဓမ္မနဲ့ပတ်သက်ပြီး ကြားဖူးနားဝမရှိတဲ့ ပုဂ္ဂိုလ်၊ (အာဂမာ ဓိကမာ ဘာဝါ ဉေယျ အသုတဝါ ဣတိ) ဆိုတဲ့ စကားလေးရှိတယ်။
အာဂမနဲ့အဓိကမ မရှိတဲ့ပုဂ္ဂိုလ်ကို အသုတဝါလို့ခေါ်တယ်တဲ့။ ဗဟုသုတကင်းမဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ အာဂမဆိုတာ မြတ်စွာဘုရားဟောထားတဲ့တရားတပုဒ်တလေမှ မနာဖူးဘူး၊ သင်ထားတာမရှိဘူး..နော်။
မြတ်စွာဘုရားဟောထားတဲ့ တရားတခုမှာ အခုကြည့်လေခုဏက
“သုခါယ ဝေဒနာယ ပဟာတဗ္ဗော” ဆိုတာ သုခဝေဒနာမှာ ရာဂကိုပယ်ရမယ်။
“ဒုက္ခာယ ဝေဒနာယ ပဋိဂါနုဿယော ပဟာတဗ္ဗော” ဒုက္ခဝေဒနာမှာ ပဋိဂနုဿယကိုပယ်ရမယ်။
“အဒုုက္ခမသုုခါယ ဝေဒနာယ အဝိဇ္ဇာနုဿယော ပဟာတဗ္ဗော” အဝိဇ္ဇာနုဿယကိုပယ်ရမယ်ဆိုတဲ့ .. ဒီလို ဝေဒနာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာ မကြားဖူးတဲ့ပုုဂ္ဂိုလ်၊ အာဂမဆိုတဲ့ ဘုရားဟောတဲ့တရားကို မိမိရရသင်မထားတဲ့၊ မကြားဘူးတဲ့ပုဂ္ဂိုလ်လို့ ဒီလိုဆိုလိုတယ်..နော်။
နောက် … အဓိဂမ မရှိဘူးဆိုတာက ကမ္မဋ္ဌာန်းရှုမှတ်ပြီးတော့ - တရားထူးတရားမြတ်ရထားတာ မရှိဘူး။ သောတပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတဲ့ မဂ်ဖိုလ်တွေနဲ့ပတ်သက်ပြီးတော့ ရရှိထားတာ မရှိဘူး။ နောက်ဆုံးမှာ ဝိပဿနာဉာဏ်ကလေးတောင် မဖြစ်ဖူးတဲ့ပုဂ္ဂိုလ်မျိုးကို အသုတဝါ ပုထုဇနော လို့ခေါ်တယ်တဲ့။
ကြားဖူးနားဝမဖြစ်ဖူးဆိုတာ မဖြစ်စေရအောင် ဘုန်းကြီးတို့တတွေ ဝေဒနာဆိုတာ ဘာလည်းဆိုတာ ဟောကြားထားပြီးပြီ။
ဝေဒနာဆိုတာ ဘာကို အကြောင်းပြုပြီးတော့ ပေါ်လာတယ်။ ထိုပေါ်လာတဲ့ ဝေဒနာတွေအပေါ်မှာ ဘယ်လို အကုသိုလ်တွေဖြစ်တယ်ဆိုတာ ရှင်းလင်း ဟောကြားထားပြီးပြီ။
အဲဒီတော့ အာဂမတော့ အထိုက်အလျောက်ရှိပြီ။ အဓိဂမဆိုတာ ကိုယ်တိုင်ကျင့်ကြံကျိုးကုတ် အားထုတ်မှရမယ်။ ဝိပဿနာကျင့်စဉ်တခုကိုကျင့်မှ အဓိဂမဆိုတာရမယ်။ အဲဒီလို ကျင့်လို့ရသွားတဲ့ ပုဂ္ဂိုလ်ကျတော့ အရိယာပုဂ္ဂိုလ်လို့ခေါ်တယ်။
အဲဒီတော့ ပုထုဇဉ်လည်း ဝေဒနာသုံးမျိုးခံစားရတာပဲ။ အရိယာပုဂ္ဂိုလ်များလည်း ဝေဒနာသုံးမျိုး ခံစားရတာပဲ။ ဘာထူးလဲလို့မေးတဲ့အခါမှာတဲ့ -
လူတွေမှာ ဒုက္ခဝေဒနာဖြစ်တာနဲ့တစ်ပြိုင်နက် ဖြစ်ရလေခြင်းဆိုတဲ့ သောကဝင်လာတယ်။ ကာယိကဒုက္ခပဲဖြစ်ဖြစ်၊ စေတသိကဒုက္ခပဲဖြစ်ဖြစ်၊ ဖြစ်လာပြီဆိုယင် လူတွေဟာ ဘာဖြစ်လည်း မျက်ရည်ကျတယ်၊ ငိုတယ်လေ။ စိုုးရိမ်တယ်၊ စိုးရိမ်ရုံတင်မကဘူး။ တွေဝေတယ်၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်လာတယ်။ အဲဒီတော့ ဒုုက္ခဝေဒနာလာတိုင်းလာတိုင်း လူဟာ စိတ်ညစ်တယ်ဆိုတာ ပေါ်မလာဘူးလား။
စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ်၊ တချို့ကြတော့ငိုတယ်။ တွေဝေမှုမောဟတွေဖြစ်လာတယ်။ အဲဒီလို ဖြစ်လာတယ်ဆိုတာကိုက ဒုက္ခဝေဒနာပေါ်မှာ ပဋိဂနုဿယ ကိန်းလာတယ်။ ပဋိဂနုဿယကိန်းလာတယ် ဆိုတာ ဒေါသဖြစ်မယ့် အနေအထားတိုးလာပြီ၊ ဒီမှာရပ်သွားလားဆိုမရပ်ဘူး။ တဖက်က ဘာကို တောင့်တလည်းဆိုယင် ကာမသုခ တခုကို တောင့်တတယ်။
ကာမသုခကိုမျှော်လင့်လာတယ်ဆိုကတည်းက - ဒုက္ခဖြစ်တဲ့ လူတစ်ယောက်ဟာ ဒေါသထွက်ယင် ပဋိဂနုဿယကိန်းလာတယ်။ ဒီဒုက္ခကိုကျော်ပြီး ပျော်ပျော်နေဖို့ စဉ်းစားလာတာနဲ့ ကာမရာဂနုဿယကိန်းသွားပြန်ရော။ ဟောနှစ်ခုဝင်သွားပြန်ပြီ။ တခုတင်မကဘူးးနော်။ အဲဒီမှာ အခုဏတုန်းက ကာယိကဒုုက္ခဆိုတဲ့ ကိုယ်ဆင်းရဲမှု ဖြစ်လာတဲ့အခါမှာ နောက်ကဘာပိုးလာလည်းဆိုယင် စိတ်ဆင်းရဲမှုဆိုတဲ့ ပဋိဂနုဿယ ပိုးတယ်။ ကိုယ်ဆင်းရဲတာဟာ မျှားဒဏ်တချက် စူးတာနဲ့အတူတူပဲ။ ကိုယ်ဆင်းရဲမှုကို အကြောင်းပြုပြီးတော့နောက်က စိတ်ဆင်းရဲမှုဆိုတာ ပိုးလာတဲ့အခါကျတော့ နောက်ထပ် မျှားတစ်ချက် ထပ်စူးပြန်ရော။
နောက်တစ်ခါ ကာမရာဂ၊ ကာမသုခကို မျှော်လင့်တယ်ဆိုတဲ့တခါလာပြန်တဲ့အခါကျတော့ ကာမရာဂနုဿယ ဆိုတဲ့ မျှားဒဏ်တစ်ချက် ထပ်စူးပြန်ရော။ နှုတ်လို့မရတာသုံးခုဖြစ်သွားတယ်။
ပထမ မျှားဒဏ်တခုမပျောက်ခင် နောက်ထပ် မျှားဒဏ်တစ်ခု ထပ်စူးတယ်ဆိုတော့ ဘယ်လိုနေမတုန်း…။ အလွန်နာတာပေါ့နော်..။
ပုထုဇဉ်တွေရဲ့အခြေအနေဟာ ဝေဒနာနဲ့ပတ်သက်ပြီး အခုလို ဒုက္ခတွေရောက်နေကြတယ်ဆိုတာကို မြတ်စွာဘုရားက ရှင်းပြီးတော့ ဟောထားတာနော်…။
အဲဒီလို ဒုက္ခဝေဒနာမှာ ပဋိဂနုဿယကိန်းသွားတယ်၊ ကိန်းသွားတဲ့အခါကျတော့ ကာမသုခကို လိုချင်လာတယ်၊ ကာမသုခကို လိုချင်တာက ဘာဖြစ်လို့ ကာမသုခလိုချင်တာတုန်းဆိုယင် ကာမသုခကလွဲပြီး ဒုက္ခရဲ့ထွက်ပေါက်ကိုသူမသိဘူးတဲ့။
မသိတဲ့အခါကျတော့ ဒီဝေဒနာဘာကြောင့်ဖြစ်တာဆိုတာလဲ မသိဘူး။ သမုဒယကို မသိဘူး။ ဒီ ဝေဒနာ ဘာကြောင့် ချုပ်တယ်ဆိုတဲ့ ချုပ်ကြောင်း အဋ္ဌင်္ဂမကိုလည်း မသိဘူး။
ဝေဒနာရဲ့သာယာစရာ အသာဒဆိုတာ ဘာလည်းဆိုတာလည်း မသိဘူး၊ ဝေဒနာရဲ့စိတ်ပျက်ငြီးငွေ့စရာ အာဒီနဝဆိုတာလည်း သူမသိဘူး၊ ဝေဒနာရဲ့ထွက်ပေါက်ဆိုတာလည်း သူမသိဘူးတဲ့။ ဟော..ဒီ ၅မျိုးကို သူမသိဘူး။
အဲဒီလိုမသိသည့်အတွက်ကြောင့် အဒုက္ခမသုခဝေဒနာလို့ ခေါ်တဲ့၊ ဒီဝေဒနာပျောက်သွားပြန်တော့လည်း မသိသည့်အတွက်ကြောင့် အဝိဇ္ဇာအနုဿယဆိုတဲ့ တစ်ခါထပ်ပိုးလာပြန်တယ်။
ဆိုတော့ အနုဿယ ၃မျိုးက ပြန်ပြီးတော့ လွှမ်းမိုးမသွားဘူးလား။ အေး .. ပုထုဇဉ်သတ္တဝါတွေမှာ အခြေအနေက အဲဒီအတိုင်းပဲဖြစ်နေတယ်လို့ ဒီလိုပြောတာ…နော်။
ရာဂ ဒေါသ မောဟကိုခွဲမထုတ်နိုင်တဲ့ ပုုဂ္ဂိုလ်တစ်ယောက်ဟာ ဇာတိဆိုတာကိုလည်း ခွဲမထုတ်နိုင်တော့ဘူး၊ ဇရာ, ဗျာဓိ,မရဏ, သောက ပရိဒေဝ ဒေါမနဿ ဆိုတာလည်း ခွဲမထုတ်နိုင်ဘူးး။ မရဏကိုလည်းခွဲမထုတ်နိုင်ဘူး။ နောက်ဆုံး သံသရာဝဋ်ဆင်းရဲတွေနဲ့အမြဲတမ်း တွဲနေတော့မှာပဲလို့ … ဒီလိုဆိုလိုတယ်။ လွတ်လမ်း မရှိတော့ဘူးပေါ့။
အရိယာပုဂ္ဂိုလ်တွေကျ ဒုက္ခဝေဒနာကို သလ္လ - မျှားငြောင့်ကြီးသဖွယ် ရှုပြီးတော့၊ ဒုက္ခဝေဒနာဆိုတာ “ထိတိ ဒုက္ခာ ဝိပရိဏာမ သုခါ” ရှိနေတုန်း အခိုက်လေးမှာတာ သူကဆင်းရဲတာ။ ပြောင်းလဲသွားလို့ရှိယင် ချမ်းသာတယ်။ ဒုက္ခဝေဒနာအပေါ်မှာ ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူးလို့ ခွဲလိုက်တာနဲ့တစ်ပြိုင်နက် ဒုက္ခဝေဒနာတော့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဒုုက္ခဝေဒနာဖြစ်လာတဲ့အခါ ကာယိကဒုက္ခတစ်ခုတည်းနဲ့ပြီးသွားတယ်။ စေတသိကဒုက္ခ (ဖြစ်ရလေခြင်းဆိုတဲ့ ငိုတယ်၊ ပူဆွေးသောကရောက်ခြင်းဆိုတာမရှိဘူး)
ပုထုဇဉ်တွေကျ ဒုုက္ခကိုု မကျော်ဖြတ်နိုင်ဘူး။ အရိယာသူတော်စင်အရှင်သူမြတ်တွေကျ အဲဒီလိုမဟုတ်ဘူးတဲ့။
ဒုက္ခဝေဒနာကိုထိမ်းချုပ်ထားလိုက်နိုင်တဲ့အတွက် ကာမသုခကိုလည်း မမျှော်တော့ဘူး။ ဒုက္ခချုပ်တာနဲ့ပဋိဂမလာတော့ဘူး။ ကာမသုခမမျှော်၍ ကာမရာဂသုခအနုဿယလည်းမလာတော့ဘူး။ အဝိဇ္ဇာလည်းမလာတော့ဘူး။
ခံစားမှုဝေဒနာမှာ လောဘ ဒေါသ မောဟ မပါဘူး။ နောက်ဆုံးမှာ -
သံသရာဝဋ်ဆင်းရဲနဲ့ပါ ကင်းလွတ်သွားနိုင်တယ်လို့..ဒီလိုဆိုလိုတာ..
ဆရာတော် Dr နန္ဒမာလာဘိဝံသ ၏ ဝေဒနာတရားကိုလေ့လာသုံးသပ် ခြင်းတရားတော်မှ နာကြားမှတ်ယူ၍ ပြန်လည် မျှဝေပါသည်။
❆ ဝေဒနာတရားတော် ❆ (အပိုင်း ၄)
ဝေဒနာနဲ့ပတ်သက်ပြီးတော့ ဝေဒနာအကြောင်း သိကောင်းစရာများကို လေ့လာသုံးသပ်တယ်ဆိုတာ ဘာလည်း?
မြတ်စွာဘုရားက “နိဗ္ဗာနံ ပရမံ သုခံ” နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာလို့ … ဒီလိုဟောထားခဲ့တာရှိတယ်။ နိဗ္ဗာန်ကို သုခလို့ ခေါ်ရာမှာ နိဗ္ဗာန်မှာ ဝေဒနာနဲ့ပတ်သက်တဲ့ ဆက်စပ်မှုမရှိတဲ့ သုခလို့မှတ်ရမယ်။ မြတ်စွာဘုရားကအများသိတဲ့ သုုခကိုမှ သုခလို့ ပြောတာမဟုတ်ဘူး၊ နိဗ္ဗာန်ချမ်းသာကိုလည်း သုခလို့ဟောတာ မှတ်ရမယ်။
ရှင်သာရိပုတ္တရာက
သံဃာပရိတ်သတ်မှာ တရားဟောနေတဲ့အချိန် - “သုခ မိဒံ အာဝုသော နိဗ္ဗာနံ သုခ မိဒံ အာဝုသော နိဗ္ဗာနံ”
ငါ့ရှင်တို့ နိဗ္ဗာန်ဟာ သုခပဲ။ နိဗ္ဗာန်ဟာချမ်းသာတယ်လို့ ဆိုတယ်။
အဲဒီမှာ ပရိတ်သတ်ထဲမှ ဥဒါယီဆိုတဲ့ ကိုယ်တော်က ပိုမိုရှင်းလင်းပြတ်သားစေလိုတဲ့အတွက် ထောက်တယ်။ ငါ့ရှင် ရှင်သာရိပုတ္တရာ နိဗ္ဗာန်မှာ ခံစားမှုဝေဒနာတရားမရှိဘူးး မဟုတ်လားတဲ့။ အဲဒီလို ခံစားမှု ဝေဒနာမရှိပဲ နိဗ္ဗာန်ကို ဘာကြောင့် သုခလို့ခေါ်ရတာလည်းလို့ ဆိုလိုတာ။
ရှင်သာရိပုတ္တရာက - ခံစားမှုမရှိလို့ သုခလို့ပြောတာပါ..တဲ့။
ဓမ္မဒိန္နာထေရီဝတ္ထုမှာလည်း - ဓမ္မဒိန္နာထေရီမက ဝိသာခဒါယကာကြီးကို အမေးကိုဖြေတဲ့အခါမှာ -
“သုခဝေဒနာ ထိတိ သုခါ ဝိပရိနာမ ဒုက္ခာ”
ဝေဒနာထဲမှာရှိတဲ့ သုခဟာ ရှိနေတုန်းသာ ချမ်းသာတာ ပြောင်းလဲသွားယင် ဒုက္ခပဲ….တဲ့။
ခံစားမှုမရှိတဲ့ချမ်းသာ ဆိုတာ…အဲဒီချမ်းသာကို သာမာန်ပုဂ္ဂိုလ်တွေကသိဖို့ အင်မတန်ခက်တယ်။ ခံစားမှုရှိတဲ့ ချမ်းသာကိုသာသိတာကိုး။ ခံစားမှုမရှိတဲ့ ချမ်းသာကိုမှမသိတာ။
ရဟန္တာအရှင်မြတ်တို့ကျတော့ ဘယ်လိုချမ်းသာလည်းဆိုတော့ ဝိပဿနာတရားများရှုပွားနေတဲ့အခါ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ သင်္ခါရတရားတွေရဲ့ ဖြစ်တာပျက်တာတွေကိုချည်း တွေ့နေရတော့ ဒီသင်္ခါရတရားတွေအပေါ်မှာ အင်မတန်မှ ငြီးငွေ့ဖို့ကောင်းတယ်ပေါ့။ အဲဒီ သင်္ခါရတရားတွေမဖြစ်တော့တာကိုုပဲ သိပ်ချမ်းသာသွားတော့တာပေါ့။
ဒါကြောင့်မို့လို့ “ပရမသုခ” ကျန်တဲ့ချမ်းသာတွေနဲ့မနှိုင်းယှဉ်နိုင်တဲ့ သုခလို့ ဒီလိုပြောတာ။
ပုထုဇဉ်တွေ ခံစားလို့ရတဲ့သုခ အတွေ့အကြုံရှိတဲ့သုခကို ဝေဒယိတသုခ လို့ခေါ်တယ်။ စိတ်ရဲ့ခံစားမှုနဲ့ပတ်သက်တဲ့ ဝေဒနာနဲ့ပတ်သက်တဲ့သုခ ဝေဒယိတသုခ ။
နိဗ္ဗာန်ကျတော့ ဝေဒနာနဲ့ဆက်စပ်မှုမရှိဘူး. ..ဆက်စပ်မှုမရှိလို့….ခံစားကျတော့ သန္တိသုခ လို့ ဒီလိုသုံးတယ်။
သန္တိဆိုတာ ဝေဒနာပါ ငြိမ်းသွားတဲ့ သုခပေါ့….ဝေဒနာပါမရှိတော့တဲ့သုခကို ဒီလို သုံးတယ်။
ဝေဒနာရှိနေသေးတယ်ဆိုယင် ခုနကပြောတဲ့ ဝိပရိနာမဒုက္ခဆိုတာလာဦးမှာကိုး….
နိဗ္ဗာန်ဟာ…နိဗ္ဗာန်ကိုဆိုတဲ့ သုခဟာ ဝိပရိနာမဒုက္ခနဲ့ ဆက်စပ်ခြင်းမရှိဘူး။ တဲ့….
နောက်တစ်ခု ဝေဒနာအကုန်လုံးကို မမြဲတဲ့ရှုဒေါင့်ကကြည့်ပြီးတော့….
ယံ ကိ ံစိ ဝေဒယိတံ သဗ္ဗံတံ ဒုက္ခသမိ ံ လို့ အယင်ရက်တွေမှာ ရှင်းထားတာရှိတယ်။
ခံစားမှုရှိတဲ့ အရာအားလုံးဟာ ဒုက္ခပဲ…ဒီလိုဆိုလိုတာ…။
စိတ်ရဲ့ခံစားမှုရှိတဲ့ … စိတ်ရဲ့ခံစားမှုအားလုံးဟာ ဒုက္ခပဲ။ ဘာဖြစ်လို့မို့ ဒုက္ခလို့ပြောတာတုန်းဆိုယင် “သင်္ခါရာနံ အနိစ္စတံယေဝ သန္တာရ” သင်္ခါရတရားတွေရဲ့ ဖြစ်ပြီးပျက်သွားတဲ့သဘော မမြဲတဲ့သဘော တည်ငြိမ်မှုမရှိတဲ့သဘောကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဝေဒနာမှန်သမျှ ဒုက္ခလို့ ဒီလိုုပြောတာပါတဲ့။
ဒါကြောင့်မို့ ဝေဒနာမှန်သမျှ ဒုက္ခလို့ဟောတာပါတဲ့..။
ဒါကြောင့်မို့လို့ ဝေဒနာနဲ့ပတ်သက်ပြီးဟောတဲ့အခါမှာ နိဗ္ဗာနံ ပရမံ သုခံ ဟာ ဒီသုုခထဲမပါဘူးလို့သိရမယ်ပေါ့။ သတိထားရမယ်ပေါ့။
ဒါဖြင့် ဒီဝေဒနာတွေနဲ့ပတ်သက်ပြီးတော့ တို့သန္တာန်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြည့်ပြီးတော့ ဘာဖြစ်လို့ ဝေဒနာကိုရှုသင့်တာလည်းလို့ ကြည့်ရမယ်။
ဒီခန္ဓာကိုုယ်ကြီးကိုအကြောင်းပြုပြီး သုုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာတွေပေါ်တယ်။ အဲဒီလိုပေါ်လာယင် သူ့ဖာသာပေါ်လာတာလားဆိုယင်… မဟုတ်ဘူး..တဲ့။ ပုထုဇဉ်တို့သန္တာန်မှာ -
သုခါယ ဝေဒနာယ ရာဂ အနုဿယော အနုသေတိ။
သုုခဝေဒနာပေါ်တာနက်တပြိုင်နက် ရာဂနုဿယဖြစ်ဖြစ်သွားတယ်။ ကိန်း ကိန်းသွားတယ်ပေါ့။
ကိန်းသွားတယ်ဆိုတာ ရာဂဖြစ်ဖို့ အခြေအနေတခုရသွားတယ်။
“အနုရူပံ ကာရနံ လဗ္ဗိတွာ ဥပ္ပဇ္ဇတိ” သင့်လျော်တဲ့အကြောင်းတခုကိုရလာလို့ ရာဂဖြစ်စရာအကြောင်းတခုကို ရလာလို့ ရာဂလေးဟာ သန္ဓေတည်သွားတယ်လို့ဆိုလိုတယ်။
အနုသယဆိုတာ အနု + စဉ်ဆက်မပြတ် ၊ သယ + အခြေအနေတခုအရ တည်ရှိသွားတဲ့သဘော။ အဲဒီတော့ အနုသယဆိုတော့ တချို့က နိစ္စဖြစ်မနေဘူးလားလို့ ဒီလိုစောဒကတက်ကြတယ်။ အနုသယကိန်းနေတယ်ဆိုတာ ဘာကိန်းနေတာလဲ။ ခန္ဓာကိုယ်ထဲမှာအမြဲရှိနေတာလား။ ကိန်းနေတယ်ဆိုတာ ဘာနဲ့ဥပမာတူတုန်းဆိုယင် …
ကိန်းနေတယ်ဆိုတာ မီးခြစ်ဗူးထဲမှာ မီးခြစ်နိုုင်တဲ့ အနေအထားလေးတခုရှိနေသလိုပဲ။ ရိုးရိုးသစ်သားချောင်းလေးနှစ်ခုကို ပွတ်တိုက်ကြည့်လို့ မီးထွက်လာပါ့မလား၊ ထွက်မလာနိုင်ဘူးလေ။ မီးခြစ်လို့ မီးထွက်လာနိုုင်တဲ့ အနေအထားလေးနှစ်ခုဆုံလိုက်တဲ့အခါမှ မီးထွက်လာနိုုင်တယ်ပေါ့။ ဒါကိုပဲ အနုဿယဆိုတာ possibility, potentiality လို့ခေါ်တယ်။ ဖြစ်နိုင်တဲ့ အနေအထားတခုရှိသွားတာကို၊ ကိန်းတယ်လို့ပြောတာဖြစ်တယ်။ ဒီအကြောင်းတခုုဝင်လိုက်တာနဲ့တပြိုင်နက် ဒါဖြစ်ကိုဖြစ်တာ၊
ဒါကိုနားလည်အောင်ပြောရယင် ယခုခေတ်ရောဂါတွေဖြစ်ကြတဲ့အခါ positive အနေအထားတခုရှိနေတယ်လို့ပြောကြတယ်လေ။ လောကလူတွေထဲမှာလည်း ပြောကြတယ်လေ။ HIV Positive, တို့ B ပိုး positive တို့ C ပိုး positive တို့။ positive ဆိုတာ ရှိနိုင်တဲ့ အခြေအနေတခု ရှိနေပြီလို့ပြောတာပေါ့။ ဒါကသိသာရုံပြောတာပဲ..နော်။
ဒီလိုနှစ်သက်စရာဝမ်းသာစရာအာရုံလေးတခုကိုတွေ့တာနဲ့ သုခ သောမနဿဖြစ်လာတာနဲ့တစ်ပြိုင်နက် ရာဂဟာပေါ်ပေါ်လာတယ်။ အဲဒီလိုပေါ်ပေါ်လာတဲ့အနေအထားလေးတစ်ခုရသွားတာကိုပဲ။ ရာဂနုသယကိန်းတယ်လို့ဆိုလိုတာဖြစ်တယ်
သုခဝေဒနာပေါ်တိုင်းပေါ်တိုင်း သုုခဝေဒနာတိုင်းဟာ ရာဂနုဿယကိန်းလားဆိုတော့ မဟုတ်ပေဘူး။
မဂ်စိတ်ဖိုလ်စိတ်မှာလည်း သုခဖြစ်တာရှိတယ်။ အဲဒီသုခဝေဒနာကြတော့ ရာဂနုဿယကိန်းသွားတယ်လို့ ပြောလို့မရဘူး။ မဂ်စိတ်ကို အာရုံပြုပြီးဖြစ်တဲ့တရားဖြစ်တဲ့အတွက် ၊ ကာမဂုဏ်တရားကို အာရုံပြုပြီးဖြစ်တဲ့ ချမ်းသာမဟုတ်ဘူး။ အဲဒီလိုသုခမျိုး၊ ဈာန်ချမ်းသာပေါ်တဲ့အချိန်မျိုးမှာ ရာဂနုဿယ မကိန်းဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီမဂ်စိတ်ဆိုုတာ နိဗ္ဗာန်ကိုအာရုံပြုထားတဲ့ ချမ်းသာသုခကိုုး… သူကကာမဂုဏ်အာရုံပြုထားတာမဟုတ်ဘူး…သုခဆိုတာခြင်းတူပေမယ့် သူက ရာဂကိုဖယ်ပြီးတော့ ပေါ်လာတဲ့တရားလေ…။
ဥပမာမယ် ပထမဈာန်ဆိုလိုရှိယင် ပထမဈာန်ရတယ်ဆိုကတည်းကိုက ဒီကာမလို့ဆိုတဲ့ရာဂကိုမဖယ်ပဲနဲ့ရမှမရတာကိုး..။ ဒါကြောင့် နောက်မှပေါ်လာတာကိုပြောတာမဟုတ်ဘူး… ဒီဈာန်ချမ်းသာရနေတဲ့အချိန်မှာရာဂါနုဿယမကိန်းဘူးလို့ ဒီလိုပြောတာနော်…။ သူ့ကိုမဖယ်ပဲ ဈာန်ချမ်းသာရကိုမရနိုုင်ဘူးလေ။ အေး..ဒါကြောင့်မို့လိုု့ သုခဝေဒနာဆိုတိုင်း ရာဂနုဿယကိန်းတယ်လိုု့ မထင်မှတ်လေနဲ့နော်။
အဲဒီတော့ ဝေဒနာကို ရှုတယ်ဆိုတာဘာလုပ်ဖို့ ရှုတာလည်းဆိုယင် အဲဒီကိန်းလာတဲ့ ရာဂနုဿယပျောက်အောင်လို့ ရှုရတာ။
သုုခဝေဒနာရှုတယ်ဆိုတာ သုခဝေဒနာပေါ်မှာ စဉ်ဆက်မပြတ် သံသရာကနေ ဖြစ်နိုင်ချေရှိနေတဲ့ အနေအထားတခုပြောင်းလဲသွားအောင်အတွက် ရှုရတာ။ အနုဿယကိုဖယ်ရှားဖို့အတွက် ရှုရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ -
“သုခါယ ဝေဒနာယ ရာဂါနုဿယော ပဟာတဗ္ဗော”
သုခဝေဒနာပေါ်မှာ ကိန်းနေတဲ့ ရာဂါနုဿယကိုဖယ်ရှားဖို့ ကြိုးစားရမယ်..တဲ့။
အဲဒါ ကမ္မဋ္ဌာန်းအားထုတ်ခြင်းရဲ့ရည်ရွယ်ချက်ပဲ။
သုခတင်ဖြစ်တာမဟုတ်ဘူး။
ဒုက္ခဝေဒနာလည်းပေါ်လာတတ်သေးတယ်။ ဒုက္ခဝေဒနာဖြစ်ပြီဆိုယင်ဘာဖြစ်လာလည်းဆိုတော့ -
“ဒုက္ခာယ ဝေဒနာယ ပဋိဂါအနုဿယော အနုသေတိ”
ဒုက္ခဖြစ်တယ်ဆိုယင် စိတ်တိုတယ်လေ။
ပဋိဂ ဆိုတာဖြစ်လာယင် ခံစားချက်က ဒေါမနဿပဲရှိ်တယ်လေ။ ဒေါမနဿနဲ့ပဋိဂဟာခွဲလို့မရအောင် အမြဲတွဲနေတယ်။ ဒေါမနဿ သဟဂတံ ပဋိဂ သမ္ပယုတ္တံ - ဆိုတဲ့နေရာမှာ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုယင် ဒေါမနဿနဲ့ပဋိဂဟာ အမြဲတွဲနေလို့ပဲ။ ဒေါသဖြစ်ယင် ဒေါမနဿဖြစ်တယ်။ ဒေါမနဿဖြစ်ယင် ဒေါသဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ခုက သဘောခြင်းတူလားဆိုတော့ မတူဘူး။ ဒေါသက စေတသိက်တခု၊ ဒေါမနဿကဝေဒနာစေတသိက်။
ပဋိဂ ဆိုတာ ဒေါသ စေတသိက်၊
ဒေါမနဿ ဆိုတာ ဝေဒနာ စေတသိက်…တဲ့။
ဒီနှစ်ခုဟာ အမြဲတမ်းတွဲဖက်၍လာတယ်ဆိုတာပြလို၍ -
“ပဋိဂ အနုဿယော အနုသေတိ” လို့ ပြောလိုက်တာနဲ့..တစ်ပြိုင်နက် စိတ်ထဲက ခံပြင်းတာတွေ အကုန်လုံး ဒီထဲမှာပါတယ်လို့ ဒီလိုမှတ်ရမယ်။ အဲဒီ ဒုက္ခမှာ ပဋိဂ အနုဿယကိန်းလိုက်တာနဲ့ တစ်ပြိုင်နက် သူ့တင်ရပ်တယ် မအောင်းမေ့လေနဲ့..။ ကျန်တဲ့ အကုသိုလ်တွေလည်း ဆက်ပြီးတော့ လိုက်လာတယ်..တဲ့။ အကုသိုလ်တွေက ဆင့်ကဲဆင့်ကဲဖြစ်လာတယ်..ဒီလိုဆိုလိုတာ..နော်။ အဲဒါကြောင့်မို့လို့ ဒုက္ခဝေဒနာကို ကမ္မဋ္ဌာန်းရှုရတယ်ဆိုတာ..၊ ဘာအတွက်လည်းဆိုယင် ပဋိဂအနုဿယ မကိန်းအောင်လို့ ရှုရတာ။ ဒါ ကမ္မဋ္ဌာန်းရှုခြင်းရဲ့ ရည်ရွယ်ချက်ပဲ။
အဲဒီလို ကမ္မဋ္ဌာန်းရှုလိုက်တဲ့အခါ ဘာကိုဖယ်ရှားနိုင်လည်းဆိုယင် -
“ဒုက္ခာယ ဝေဒနာယ ပဋိဂါအနုဿယော ပဟာတဗ္ဗော”
ဒုက္ခဝေဒနာပေါ်မှာ ပဋိဂနုဿယကိုဖယ်ပစ်ရမယ်လို့…ဒီလိုပြောတာ။ တရားကျင့်တယ်ဆိုတာ မလိုအပ်တာ ဖယ်ဖို့အတွက် တရားကျင့်ရတာလေ။ အမှန်အကန်သိပြီးမှ ဖယ်လို့ရတယ်။
ကောင်းပြီ..နောက်တစ်ခုကြည့်ရအောင်..
သာမာန်အနေအထားတစ်ခု - အဒုက္ခမသုခ
အဲဒီမှာကြတော့ ရာဂလည်းမလာ၊ ပဋိဂလည်းမလာဘူး။ ဘာလာနေတုန်းဆိုတော့ - မသိဘူးဆိုတဲ့ - အဝိဇ္ဇာအနုဿယလာနေပြန်ရော။ ဒါကြောင့်မို့လို့ -
“အဒုက္ခာယ မသုခါယ ဝေဒနာယ (အဒုက္ခမသုခါယ ဝေဒနာယ) အဝိဇ္ဇာအနုဿယော အနုသေတိ”
အဝိဇ္ဇာအနုဿယပေါ်နေတယ်ဆိုတာ ဘာမှမသိလိုက်တာကိုပြောတာ။ မသိလိုက်ဘူးဆိုတာ ဘာမှ အပြစ်မရှိဘူးလို့ မထင်လေနဲ့။ အဲဒီ အဝိဇ္ဇာဆိုတာ အမှန်တရားကို ဖုန်းပေးထားတာ။ အဲဒီလို ဖုံးထားသည့်အတွက် ထွက်ပေါက်ဘယ်တော့မှ ရှာမရတော့ဘူး။
ဒါ အဝိဇ္ဇာအနုဿယကြောင့်ပဲ။ ဒါကြောင့်မို့လို့ အဒုက္ခမသုခဝေဒနာကို သိအောင်ကြိုးစားတယ်။ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ဘာအတွက်လည်းဆိုတော့
“အဒုက္ခာယ မသုခါယ (အဒုက္ခမသုခါယ) ဝေဒနာယ အဝိဇ္ဇာအနုဿယော ပဟာတဗ္ဗော”
အဝိဇ္ဇာအနုဿယကို ဖယ်ရှားဖို့ ကြိုးစားရတာ..တဲ့။
ဝေဒနာသုံးမျိုးနဲ့ပတ်သက်ပြီး ရာဂကိုုလည်း ဖယ်လိုက်နိုင်ပြီ၊ ပဋိဂလို့ဆိုတဲ့ ဒေါသကိုလည်း ဖယ်လိုက်နိုင်ပြီ၊ အဝိဇ္ဇာဆိုတဲ့ မောဟကိုလည်း ဖယ်လိုက်နိုင်ပြီ ဆိုလို့ရှိယင် ကိလေသာတွေပြတ်သွားပြီ မရှိတော့ဘူး။ သံယောဇဉ်တွေကင်းသွားပြီ။ မာန်မာနတွေ အကုန်လုံးကျှော်လွှားနိုင်လို့ဘဝရဲ့ဒုက္ခတစ်ခုဟာ အဆုံးသတ်သွားပြီ..တဲ့။ ဒါဝေဒနာကို ကမ္မဋ္ဌာန်းရှုရခြင်းရဲ့အကျိုးကျေးဇူးကို မြတ်စွာဘုရားက ဒီလို ဟောတာ..။
ဒါဖြင့်..ကောင်းပြီ။
သုခဝေဒနာမှာ ရာဂကဖြစ်လာတတ်တယ်။ ရာဂနုဿယက ကိန်း ကိန်းပြီးတော့ လာတတ်တယ်။ အဲတော့..အဲဒီလိုကိန်းလာသည့်အတွက်ကြောင့် အဲလို မကိန်းအောင် ရာဂနုဿယမကိန်းအောင် သုခအပေါ်မှာ ဘယ်လို ရှုမြင်ရမလည်း..? ။ သုခအပေါ်မှာ ဘယ်လိုရှုမြင်ရမလဲ၊ ချမ်းသာတယ်ဆိုတဲ့ ခံစားချက်အပေါ်မှာ ဘယ်လိုရှုမြင်ရမလဲဆိုတော့ မြတ်စွာဘုရားက ဒတ္ထဗသုတ်မှာ နည်းလမ်းပေးထားတာ ရှိတယ်။
“သုခါ ဝေဒနာ ဒုက္ခတော ဒတ္ထဗာ”
သုခဝေဒနာကို မင်းတို့ ဒုက္ခလို့မြင်အောင်ရှု..တဲ့။ လူကဒုက္ခကြတော့ မလိုချင်ဘူးလေ။ သုခကျတော့ လိုချင်တယ်လေ။ လူတွေက သုခကို သဘောကျတာ။ အဲဒါကြောင့်မို့လို့ မင်းတို့ သုခကို သဘောကျမနေနဲ့.. သုခကိုဒုက္ခလို့ မြင်အောင် ရှုရမယ်…တဲ့။
ဒါဖြင့် သုခဝေဒနာကို ဒုက္ခလို့ ဘယ်လိုလုပ်ရှုရမှာလည်းလို့ ဆိုလို့ရှိယင် သုခဝေဒနာသည် - ဝိပရိနာမ ဒုက္ခာ - သူဟာ ဒီအတိုင်း တည်မြဲနေမှာ မဟုတ်ဘူး၊ ပြောင်းလဲသွားမှာ၊ ပြောင်းလဲသွားတာနဲ့တစ်ပြိုင်နက် ဒုက္ခပဲ..တဲ့။ ဒီလို ဆိုလိုတာ။ အဲဒါကြောင့်မို့လို့ မမြဲတဲ့ သဘောလေးကို ကြည့်လိုက်မယ်ဆိုလို့ရှိယင် ဒုက္ခဆိုတာ မြင်သွားမယ်ပေါ့။
သုခဆိုတဲ့အသွင်နဲ့မြင်နေသမျှ ရာဂကိုဖယ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အမြင်ပြောင်းပြီးတော့ ကြည့်ရမယ်။
ဥပမာမယ်…လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ရှိနေတာနဲ့အမျှ သူ့ရဲ့ကောင်းကွက်ကိုပဲ မြင်နေမယ်ဆိုယင်၊ သူ့ကိုသံယောဇဉ်ဖြတ်နိုင်ပါ့မလား၊ သူ့ရဲ့ဆိုးတဲ့အကွက်ကိုမြင်မှ သံယောဇဉ်ဖြတ်နိုင်မယ်ပေါ့။
အဲဒီလိုပဲ သုခရဲ့အပေါ်မှာ ကောင်းကွက်လေးတွေကိုပဲကြည့်နေမယ်ဆိုလို့ရှိယင် ရာဂါနုဿယ ကိန်းလာမှာပဲ၊ ဆိုးတဲ့အကွက်တစ်ခုကို ကြည့်လိုက်ယင် ၊ အဆိုးမြင်တာနဲ့တစ်ပြိုင်နက် သူက တဏှာရာဂက ပယ်ပြီးသား ဖြစ်သွားတယ်လေ။ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက -
“သုခါ ဝေဒနာ ဒုက္ခတော ဒတ္ထဗ” …တဲ့။
သုခဝေဒနာကို ဒုက္ခလို့ရှုပါတဲ့။ ဒီလိုဆိုလိုတယ်။ ဒုက္ခလို့ရှုပါ။ ဒါ ဝိပဿနာရှုတဲ့အခါမှာ သုခပေါ်လာတိုင်း ပေါ်လာတိုင်း ဒုက္ခလို့မြင်အောင်ဆင်ခြင်ရှုမှတ်ဖို့ ၊ ဒီလိုဆိုလိုတာ..နော်။
ဒါဖြင့် ဒုက္ခဝေဒနာကျ ဘယ်လိုရှုရမလဲ..တဲ့။ သုခပေါ်ယင် ရာဂမဖြစ်အောင် ဒုက္ခလို့ရှု။ ဒါဖြင့် ဒုက္ခပေါ်လာပြီ ဆိုလို့ရှိယင် ပဋိဂနုဿယ မဖြစ်အောင် ဘယ်လိုရှုရမလဲဆိုယင် -
“ဒုက္ခာ ဝေဒနာ သလ္လတော ဒတ္ထဗာ” … တဲ့။
ဒုက္ခဝေဒနာကိုရှုလို့ရှိယင် ကိုယ့်ရဲ့ခန္ဓာထဲမှာငြောင့်ကြီးစူးနေသလို၊ မျှားတံကြီးစူးနေသလို၊ မျှားတံကြီးလို့ သဘောထားပြီး ရှုမြင်သုံးသပ်ရမယ်… တဲ့။
အဲဒါက ဒုက္ခာ ဝေဒနာ သလ္လတော ဒတ္ထဗာ လို့ ဆိုတဲ့ အဓိပ္ပာယ်က - ဒုက္ခဝေဒနာကိုပိုပြီးတော့ ပြင်းထန်တဲ့ ဒုက္ခအဖြစ်ရှုခိုင်းတာပဲ မဟုတ်လား။
ဝိပဿနာရှုနည်းနဲ့ပတ်သက်လို့ တော ၄ဝ ဆိုတာ ရှိတယ်။ အနိစ္စတောတို့၊ ဒုက္ခတောတို့၊ အနတ္တတောတို့၊ အဲဒီတော ၄ဝ ဆိုတဲ့ အထဲမှာ ဒုက္ခနဲ့သက်ဆိုင်တာတွေဟာ အဲဒါတွေပဲ။ ရောဂါဝေဒနာ ဂန္တတော - အိုင်းအမာ၊ သလ္လတော - မျှားငြောင့်ကြီးလို၊ အဲဒီလိုရှုရမယ်။ အဲဒီတော့ ဒုက္ခဝေဒနာအပေါ်မှာ စိတ်ပျက်ငြီးငွေ့နေမယ့်အစား၊ ဘာလုပ်ရမလဲဆိုယင် - အေး .. ငါ့ခန္ဓာကိုယ်ကြီးထဲမှာ မျှားငြောင့်ကြီးစူးနေတာ၊ ဒီမျှားငြောင့်ကြီးလွှတ်ပစ်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် ရှုပေးပါတဲ့။ အဲဒီလိုရှုမယ်ဆိုလို့ရှိယင် သူ့အပေါ်မှာ ဒေါသထွက်မနေတော့ဘူး။ ဒီလိုဆိုလိုတာ … နော်။
ပဋိဂနုဿယဆိုတဲ့ ဒေါသကိုဖယ်ရှားဖို့အတွက် မျှားငြောင့်လို့ရှုမြင်နိုင်အောင် ကြိုးစားရမယ်တဲ့။ အဲဒီလို ရှုမယ်ဆိုလို့ရှိယင်တော့ အဲဒီ ပဋိဂနုဿယ မကိန်းတော့ဘူးတဲ့။
ဒါဖြင့်ယင် အဒုက္ခမသုခကျတော့ ဘယ်လိုရှုရမတုန်းဆိုလို့ရှိယင် -
“အဒုက္ခမသုခါ ဝေဒနာ အနိစ္စတော ဒတ္ထဗာ” … တဲ့။
ဘယ်အရာမှမြဲတာမဟုတ်သည့်အတွက်ကြောင့်မို့လို့ သူဟာ ဖြစ်ပြီးယင်ပျက်လာမယ့် အရာတစ်ခုအနေနဲ့ ရှုမြင်သုံးသပ်ပါလို့ဆိုတယ်။ ဒါက ဒတ္ထဗသုတ်မှာ မြတ်စွာဘုရားက ဒီအတိုင်း ဟောတယ်။ ဝေဒနာနဲ့ပတ်သက်ပြီးတော့၊ အဲဒီလို ရှုမြင်နိုုင်ပြီဆိုလို့ရှိယင် မှန်ကန်တဲ့ အမြင်တစ်ခုကိုမြင်တယ်လို့ ဒီလိုပြောတာနော်။ အဲဒီတော့ မှန်မှန်ကန်ကန်မြင်လိုက်ပြီဆိုတာနဲ့ ဘာဖြစ်တုန်းဆိုယင် မှန်တဲ့အမြင်တစ်ခုဟာ ဘာကို ပယ်ဖျက်နိုင်တုန်းဆိုယင်၊ တွယ်တာမှုကို ပယ်ဖျက်နိုင်တယ်၊ တွယ်တာမှုကို ပယ်ဖျက်နိုင်ယင် သံယောဇဉ်တွေကိုဖြုတ်နိုင်သွားတယ်။ သံယောဇဉ်တွေဖြုတ်နိုင်သွားလို့ရှိယင် မာနဆိုတာလည်း ပယ်ချနိုင်တယ်ပေါ့။ နောက်ဆုံးမှာ ဒုက္ခအကြောင်းတရားတွေ အကုန်လုံးဖယ်ရှားပစ်နိုင်လို့ ဒုက္ခဖြစ်စရာဆိုတာ တစ်ခုမှမလာတော့ဘူးလို့..ဒီလို ဆိုလိုတယ်။
ဝေဒနာသံယုတ် သလ္လသုတ်မှာ ဟောထားတာလေးတခု ..
သလ္လသုတ်ဆိုတာ - သလ္လဆိုတာ မျှားငြောင့်၊ အဲဒီလိုစူးဝင်နေတဲ့မျှားငြောင့်ကို သလ္လလို့ ခေါ်တယ်။ အဲဒီတော့ စူးဝင်နေတယ်ဆိုတာ ဖယ်ထုတ်ပစ်ရမယ်လို့နားလည်ရမယ်ပေါ့..
အဲဒီသုတ္တန်မှာ ဘာကိုစချီထားတုန်းဆိုယင် - မြတ်စွာဘုရားက -
ဘုရားရဲ့တရားဓမ္မတွေကို သင်ယူခြင်း၊ နာကြားခြင်းမရှိတဲ့ ပုထုဇဉ်နဲ့ မြတ်စွာဘုရားရဲ့တရားဓမ္မတွေကို သင်ယူနာကြားပြီးတော့ … ထူးခြားတဲ့တရားဓမ္မကိုမျက်မှောက်ပြုထားတဲ့ အရိယာပုဂ္ဂိုလ်တွေနဲ့ ခံစားမှုကြုံတွေ့တဲ့အခါမှာ ဘယ်လိုထူးခြားသလဲဆိုတဲ့ မေးခွန်းကို မြတ်စွာဘုရားက ရဟန်းတွေကို မေးတယ်။
ဆိုပါစို့ … ပုထုဇဉ်ပုဂ္ဂိုလ်တွေလည်း သုခကိုလည်းခံစားတယ်၊ ဒုုက္ခကိုလည်းခံစားတယ်၊ အဒုက္ခမသုခဝေဒနာကိုလည်းခံစားတယ်။
အရိယာပုဂ္ဂိုလ်၊ ရဟန္တာအရှင်မြတ်တို့နဲ့ မြတ်စွာဘုရားရှင်လည်း သုခကိုလည်းခံစားမှုရှိတယ်၊ ဒုက္ခကိုလည်း ခံစားမှုရှိတယ်၊ အဒုက္ခမသုခဝေဒနာကိုလည်း ခံစားမှုရှိတယ်။ ဖြစ်တာခြင်းတူပြီးတော့ မတူတာဘာလဲ..တဲ့။
ဒီနေရာမှာ ပုထုဇဉ် “အသုတဝါ ပုထုဇနော” ကြားဖူးနားဝမရှိတဲ့ ပုထုဇဉ်ဆိုတာ … တဲ့။
အသုတဝါ - တရားဓမ္မနဲ့ပတ်သက်ပြီး ကြားဖူးနားဝမရှိတဲ့ ပုဂ္ဂိုလ်၊ (အာဂမာ ဓိကမာ ဘာဝါ ဉေယျ အသုတဝါ ဣတိ) ဆိုတဲ့ စကားလေးရှိတယ်။
အာဂမနဲ့အဓိကမ မရှိတဲ့ပုဂ္ဂိုလ်ကို အသုတဝါလို့ခေါ်တယ်တဲ့။ ဗဟုသုတကင်းမဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ အာဂမဆိုတာ မြတ်စွာဘုရားဟောထားတဲ့တရားတပုဒ်တလေမှ မနာဖူးဘူး၊ သင်ထားတာမရှိဘူး..နော်။
မြတ်စွာဘုရားဟောထားတဲ့ တရားတခုမှာ အခုကြည့်လေခုဏက
“သုခါယ ဝေဒနာယ ပဟာတဗ္ဗော” ဆိုတာ သုခဝေဒနာမှာ ရာဂကိုပယ်ရမယ်။
“ဒုက္ခာယ ဝေဒနာယ ပဋိဂါနုဿယော ပဟာတဗ္ဗော” ဒုက္ခဝေဒနာမှာ ပဋိဂနုဿယကိုပယ်ရမယ်။
“အဒုုက္ခမသုုခါယ ဝေဒနာယ အဝိဇ္ဇာနုဿယော ပဟာတဗ္ဗော” အဝိဇ္ဇာနုဿယကိုပယ်ရမယ်ဆိုတဲ့ .. ဒီလို ဝေဒနာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာ မကြားဖူးတဲ့ပုုဂ္ဂိုလ်၊ အာဂမဆိုတဲ့ ဘုရားဟောတဲ့တရားကို မိမိရရသင်မထားတဲ့၊ မကြားဘူးတဲ့ပုဂ္ဂိုလ်လို့ ဒီလိုဆိုလိုတယ်..နော်။
နောက် … အဓိဂမ မရှိဘူးဆိုတာက ကမ္မဋ္ဌာန်းရှုမှတ်ပြီးတော့ - တရားထူးတရားမြတ်ရထားတာ မရှိဘူး။ သောတပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတဲ့ မဂ်ဖိုလ်တွေနဲ့ပတ်သက်ပြီးတော့ ရရှိထားတာ မရှိဘူး။ နောက်ဆုံးမှာ ဝိပဿနာဉာဏ်ကလေးတောင် မဖြစ်ဖူးတဲ့ပုဂ္ဂိုလ်မျိုးကို အသုတဝါ ပုထုဇနော လို့ခေါ်တယ်တဲ့။
ကြားဖူးနားဝမဖြစ်ဖူးဆိုတာ မဖြစ်စေရအောင် ဘုန်းကြီးတို့တတွေ ဝေဒနာဆိုတာ ဘာလည်းဆိုတာ ဟောကြားထားပြီးပြီ။
ဝေဒနာဆိုတာ ဘာကို အကြောင်းပြုပြီးတော့ ပေါ်လာတယ်။ ထိုပေါ်လာတဲ့ ဝေဒနာတွေအပေါ်မှာ ဘယ်လို အကုသိုလ်တွေဖြစ်တယ်ဆိုတာ ရှင်းလင်း ဟောကြားထားပြီးပြီ။
အဲဒီတော့ အာဂမတော့ အထိုက်အလျောက်ရှိပြီ။ အဓိဂမဆိုတာ ကိုယ်တိုင်ကျင့်ကြံကျိုးကုတ် အားထုတ်မှရမယ်။ ဝိပဿနာကျင့်စဉ်တခုကိုကျင့်မှ အဓိဂမဆိုတာရမယ်။ အဲဒီလို ကျင့်လို့ရသွားတဲ့ ပုဂ္ဂိုလ်ကျတော့ အရိယာပုဂ္ဂိုလ်လို့ခေါ်တယ်။
အဲဒီတော့ ပုထုဇဉ်လည်း ဝေဒနာသုံးမျိုးခံစားရတာပဲ။ အရိယာပုဂ္ဂိုလ်များလည်း ဝေဒနာသုံးမျိုး ခံစားရတာပဲ။ ဘာထူးလဲလို့မေးတဲ့အခါမှာတဲ့ -
လူတွေမှာ ဒုက္ခဝေဒနာဖြစ်တာနဲ့တစ်ပြိုင်နက် ဖြစ်ရလေခြင်းဆိုတဲ့ သောကဝင်လာတယ်။ ကာယိကဒုက္ခပဲဖြစ်ဖြစ်၊ စေတသိကဒုက္ခပဲဖြစ်ဖြစ်၊ ဖြစ်လာပြီဆိုယင် လူတွေဟာ ဘာဖြစ်လည်း မျက်ရည်ကျတယ်၊ ငိုတယ်လေ။ စိုုးရိမ်တယ်၊ စိုးရိမ်ရုံတင်မကဘူး။ တွေဝေတယ်၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်လာတယ်။ အဲဒီတော့ ဒုုက္ခဝေဒနာလာတိုင်းလာတိုင်း လူဟာ စိတ်ညစ်တယ်ဆိုတာ ပေါ်မလာဘူးလား။
စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ်၊ တချို့ကြတော့ငိုတယ်။ တွေဝေမှုမောဟတွေဖြစ်လာတယ်။ အဲဒီလို ဖြစ်လာတယ်ဆိုတာကိုက ဒုက္ခဝေဒနာပေါ်မှာ ပဋိဂနုဿယ ကိန်းလာတယ်။ ပဋိဂနုဿယကိန်းလာတယ် ဆိုတာ ဒေါသဖြစ်မယ့် အနေအထားတိုးလာပြီ၊ ဒီမှာရပ်သွားလားဆိုမရပ်ဘူး။ တဖက်က ဘာကို တောင့်တလည်းဆိုယင် ကာမသုခ တခုကို တောင့်တတယ်။
ကာမသုခကိုမျှော်လင့်လာတယ်ဆိုကတည်းက - ဒုက္ခဖြစ်တဲ့ လူတစ်ယောက်ဟာ ဒေါသထွက်ယင် ပဋိဂနုဿယကိန်းလာတယ်။ ဒီဒုက္ခကိုကျော်ပြီး ပျော်ပျော်နေဖို့ စဉ်းစားလာတာနဲ့ ကာမရာဂနုဿယကိန်းသွားပြန်ရော။ ဟောနှစ်ခုဝင်သွားပြန်ပြီ။ တခုတင်မကဘူးးနော်။ အဲဒီမှာ အခုဏတုန်းက ကာယိကဒုုက္ခဆိုတဲ့ ကိုယ်ဆင်းရဲမှု ဖြစ်လာတဲ့အခါမှာ နောက်ကဘာပိုးလာလည်းဆိုယင် စိတ်ဆင်းရဲမှုဆိုတဲ့ ပဋိဂနုဿယ ပိုးတယ်။ ကိုယ်ဆင်းရဲတာဟာ မျှားဒဏ်တချက် စူးတာနဲ့အတူတူပဲ။ ကိုယ်ဆင်းရဲမှုကို အကြောင်းပြုပြီးတော့နောက်က စိတ်ဆင်းရဲမှုဆိုတာ ပိုးလာတဲ့အခါကျတော့ နောက်ထပ် မျှားတစ်ချက် ထပ်စူးပြန်ရော။
နောက်တစ်ခါ ကာမရာဂ၊ ကာမသုခကို မျှော်လင့်တယ်ဆိုတဲ့တခါလာပြန်တဲ့အခါကျတော့ ကာမရာဂနုဿယ ဆိုတဲ့ မျှားဒဏ်တစ်ချက် ထပ်စူးပြန်ရော။ နှုတ်လို့မရတာသုံးခုဖြစ်သွားတယ်။
ပထမ မျှားဒဏ်တခုမပျောက်ခင် နောက်ထပ် မျှားဒဏ်တစ်ခု ထပ်စူးတယ်ဆိုတော့ ဘယ်လိုနေမတုန်း…။ အလွန်နာတာပေါ့နော်..။
ပုထုဇဉ်တွေရဲ့အခြေအနေဟာ ဝေဒနာနဲ့ပတ်သက်ပြီး အခုလို ဒုက္ခတွေရောက်နေကြတယ်ဆိုတာကို မြတ်စွာဘုရားက ရှင်းပြီးတော့ ဟောထားတာနော်…။
အဲဒီလို ဒုက္ခဝေဒနာမှာ ပဋိဂနုဿယကိန်းသွားတယ်၊ ကိန်းသွားတဲ့အခါကျတော့ ကာမသုခကို လိုချင်လာတယ်၊ ကာမသုခကို လိုချင်တာက ဘာဖြစ်လို့ ကာမသုခလိုချင်တာတုန်းဆိုယင် ကာမသုခကလွဲပြီး ဒုက္ခရဲ့ထွက်ပေါက်ကိုသူမသိဘူးတဲ့။
မသိတဲ့အခါကျတော့ ဒီဝေဒနာဘာကြောင့်ဖြစ်တာဆိုတာလဲ မသိဘူး။ သမုဒယကို မသိဘူး။ ဒီ ဝေဒနာ ဘာကြောင့် ချုပ်တယ်ဆိုတဲ့ ချုပ်ကြောင်း အဋ္ဌင်္ဂမကိုလည်း မသိဘူး။
ဝေဒနာရဲ့သာယာစရာ အသာဒဆိုတာ ဘာလည်းဆိုတာလည်း မသိဘူး၊ ဝေဒနာရဲ့စိတ်ပျက်ငြီးငွေ့စရာ အာဒီနဝဆိုတာလည်း သူမသိဘူး၊ ဝေဒနာရဲ့ထွက်ပေါက်ဆိုတာလည်း သူမသိဘူးတဲ့။ ဟော..ဒီ ၅မျိုးကို သူမသိဘူး။
အဲဒီလိုမသိသည့်အတွက်ကြောင့် အဒုက္ခမသုခဝေဒနာလို့ ခေါ်တဲ့၊ ဒီဝေဒနာပျောက်သွားပြန်တော့လည်း မသိသည့်အတွက်ကြောင့် အဝိဇ္ဇာအနုဿယဆိုတဲ့ တစ်ခါထပ်ပိုးလာပြန်တယ်။
ဆိုတော့ အနုဿယ ၃မျိုးက ပြန်ပြီးတော့ လွှမ်းမိုးမသွားဘူးလား။ အေး .. ပုထုဇဉ်သတ္တဝါတွေမှာ အခြေအနေက အဲဒီအတိုင်းပဲဖြစ်နေတယ်လို့ ဒီလိုပြောတာ…နော်။
ရာဂ ဒေါသ မောဟကိုခွဲမထုတ်နိုင်တဲ့ ပုုဂ္ဂိုလ်တစ်ယောက်ဟာ ဇာတိဆိုတာကိုလည်း ခွဲမထုတ်နိုင်တော့ဘူး၊ ဇရာ, ဗျာဓိ,မရဏ, သောက ပရိဒေဝ ဒေါမနဿ ဆိုတာလည်း ခွဲမထုတ်နိုင်ဘူးး။ မရဏကိုလည်းခွဲမထုတ်နိုင်ဘူး။ နောက်ဆုံး သံသရာဝဋ်ဆင်းရဲတွေနဲ့အမြဲတမ်း တွဲနေတော့မှာပဲလို့ … ဒီလိုဆိုလိုတယ်။ လွတ်လမ်း မရှိတော့ဘူးပေါ့။
အရိယာပုဂ္ဂိုလ်တွေကျ ဒုက္ခဝေဒနာကို သလ္လ - မျှားငြောင့်ကြီးသဖွယ် ရှုပြီးတော့၊ ဒုက္ခဝေဒနာဆိုတာ “ထိတိ ဒုက္ခာ ဝိပရိဏာမ သုခါ” ရှိနေတုန်း အခိုက်လေးမှာတာ သူကဆင်းရဲတာ။ ပြောင်းလဲသွားလို့ရှိယင် ချမ်းသာတယ်။ ဒုက္ခဝေဒနာအပေါ်မှာ ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူးလို့ ခွဲလိုက်တာနဲ့တစ်ပြိုင်နက် ဒုက္ခဝေဒနာတော့ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဒုုက္ခဝေဒနာဖြစ်လာတဲ့အခါ ကာယိကဒုက္ခတစ်ခုတည်းနဲ့ပြီးသွားတယ်။ စေတသိကဒုက္ခ (ဖြစ်ရလေခြင်းဆိုတဲ့ ငိုတယ်၊ ပူဆွေးသောကရောက်ခြင်းဆိုတာမရှိဘူး)
ပုထုဇဉ်တွေကျ ဒုုက္ခကိုု မကျော်ဖြတ်နိုင်ဘူး။ အရိယာသူတော်စင်အရှင်သူမြတ်တွေကျ အဲဒီလိုမဟုတ်ဘူးတဲ့။
ဒုက္ခဝေဒနာကိုထိမ်းချုပ်ထားလိုက်နိုင်တဲ့အတွက် ကာမသုခကိုလည်း မမျှော်တော့ဘူး။ ဒုက္ခချုပ်တာနဲ့ပဋိဂမလာတော့ဘူး။ ကာမသုခမမျှော်၍ ကာမရာဂသုခအနုဿယလည်းမလာတော့ဘူး။ အဝိဇ္ဇာလည်းမလာတော့ဘူး။
ခံစားမှုဝေဒနာမှာ လောဘ ဒေါသ မောဟ မပါဘူး။ နောက်ဆုံးမှာ -
သံသရာဝဋ်ဆင်းရဲနဲ့ပါ ကင်းလွတ်သွားနိုင်တယ်လို့..ဒီလိုဆိုလိုတာ..
ဆရာတော် Dr နန္ဒမာလာဘိဝံသ ၏ ဝေဒနာတရားကိုလေ့လာသုံးသပ် ခြင်းတရားတော်မှ နာကြားမှတ်ယူ၍ ပြန်လည် မျှဝေပါသည်။
(ဝေဒနာတရားတော် ပြီးပါပြီ။ tno)
ဝေဒနာရှုပွားနည်း (၁)
ဝေဒနာရှုပွားမယ့် ယောဂီပုဂ္ဂိုလ်ဟာ ပထမ နံပါတ်တစ် ဝေဒနာ ဆိုတာ ဘာကိုခေါ်တာလဲလို့ သိထားရန် အင်မတန် အရေးကြီးပါတယ်။ ဝေဒနာဆိုတာ ခံစားတတ်သော သဘောကို ဝေဒနာ ခေါ်ပါတယ်။ ဒါဖြင့် ခံစားတယ် ဆိုတော့ ဘယ်သူခံစားတာလဲလို့ မေးစရာရှိလာတယ်။ ဘယ်သူခံစားတာလဲလို့မေးရင် ဝေဒနာသည်ပင် ခံစားတယ် လို့ဖြေရပါမယ်။ ပုဂ္ဂိုလ် သတ္တဝါက ခံစားတာမဟုတ်ပါဘူး။ ရုပ် နဲ့ နာမ် ခွဲမယ်ဆိုယင် ဝေဒနာက နာမ်တရားပါ။ နာမ်တရားက ၅၃ ပါး ရှိပါတယ်။ အဲဒီ ၅၃ ပါးထဲမှာ ခံစားတတ်တဲ့ နာမ်ဟာ ဝေဒနာနာမ်တစ်ပါးပဲ ရှိပါတယ်။ သာမန်ဖြေရင် နာမ်တရားက ခံစားတယ်လို့ ဖြေနိုင်ပါတယ်။ ရုပ်တရားက မခံစားနိုင်ပါ။ ဘယ်နာမ်ခံစားတာလဲလို့မေးရင် ဝေဒနာနာမ် ခံစားတယ်လို့ပဲဖြေရပါမယ်။
ဒါဖြင့် ခံစားတဲ့သဘောကို ဝေဒနာလို့ သိပြီ၊ နာမ်ခံစားတယ်လို့ သိပြီ၊ အဲဒီဝေဒနာဟာ ဘယ်သူရဲ့ဝေဒနာလဲမေးရင် ဘယ်လိုဖြေမလဲ၊ ပုဂ္ဂိုလ် သတ္တဝါတွေ ခံစားတာလား၊ မဟုတ်ပါဘူး။ ဝေဒနာဟာ ဝေဒနာပဲ၊ ခံစားတဲ့ သဘောပဲ၊ ဘယ်သူ့ရဲ့ ဝေဒနာမှ မဟုတ်ပါဘူး။ ဝေဒနာဆိုတာ ဓာတ်အနေနဲ့ပြောရင် ဓမ္မဓာတ်ပါ။ ခန္ဓာအနေနဲ့ပြောရင် ဝေဒနာက္ခန္ဓာပါ။ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ် သတ္တဝါ ပြစရာမရှိပါဘူး။ ဝတ္ထု နဲ့ အာရုံနဲ့ ပေါင်းဆုံတာနဲ့ တစ်ပြိုင်တည်း ဝေဒနာဆိုတာ ပေါ်လာပါတယ်။ ပေါ်လာတော့ အဲဒီဝေဒနာသည် ဝတ္ထုထဲမှာ ရှိလား၊ အာရုံထဲမှာရှိလားမေးရင် ဘယ်အထဲမှာမှ မရှိပါဘူး။
ဝတ္ထုနှင့် အာရုံနှစ်ခုတို့ ပေါင်းဆုံမှ သိစိတ်နဲ့ ဖြစ်တူ သဘောတရားအရ ပေါ်လာတဲ့ ခံစားမှုသဘောတရား ဝေဒနာပါ၊ ဒါကြောင့် ဝတ္ထုနှင့် အာရုံ ပေါင်းဆုံရင် ခံစားမှုဝေဒနာ ပေါ်လာတယ်။ ဒါဖြင့် ဝေဒနာရဲ့ အကြောင်းဟာ ဘယ်ဟာလဲမေးရင် ဝတ္ထုနဲ့ အာရုံလို့ပဲဖြေရပါမယ်။
ဝေဒနာက ခံစားတယ်ဆိုတော့ အဲဒီဝေဒနာသည် ဘာကို ခံစားတာလဲလို့မေးရင် အာရုံရဲ့ အရသာကို ခံစားတယ်လို့ ဆိုရမှာပါ။ အာရုံရဲ့အရသာကို ခံစားတတ်လို့ ဝေဒနာခေါ်တာပါ။ နာလို့ ဝေဒနာခေါ်တာမဟုတ်ပါဘူး။
အာရုံရဲ့အရသာကို ခံစားတတ်သောကြောင့် ဝေဒနာခေါ်တယ်ဆိုတော့ အဲဒီအာရုံဟာ ဘယ်နှစ်မျိုးရှိသလဲဆိုတော့ (၁) ကောင်းတဲ့အာရုံ၊ (၂) မကောင်းတဲ့အာရုံ၊ (၃) ကောင်းဆိုး နှစ်ခုတို့ရဲ့ အလယ်အလတ်အာရုံရယ်လို့ အာရုံ ၃ မျိုး ရှိပါတယ်။
ကောင်းတဲ့အရသာကို ခံစားတဲ့အတွက် ဝေဒနာ၊ မကောင်းတဲ့ အရသာကို ခံစားတတ်တဲ့အတွက် ဝေဒနာ၊ ကောင်း မကောင်း နှစ်ခုတို့ရဲ့ အလယ်အလတ် အရသာကို ခံစားတဲ့အတွက် ဝေဒနာလို့ခေါ်ပါတယ်။ နာကျင်ကိုက်ခဲလို့ ဝေဒနာခေါ်တာမဟုတ်ပါဘူး။
ဒါဖြင့် ဒီခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ နာကျင်၊ ကိုက်ခဲ၊ မူးဝေ၊ အော်ဂလီဆန်၊ နှလုံးတုန်၊ ရင်ခုန်၊ ယားယံ စသည်တို့ဟာ ဘာတွေလဲဆိုရင် ရုပ်ဖောက်ပြန်နေတာပါ။ တစ်နည်းပြောရရင် သူတို့ဟာ ရုပ်အာရုံတွေပါ၊ အဲဒီ ဖောက်ပြန်နေတဲ့ အာရုံတိုင်း အာရုံတိုင်းရဲ့ အရသာကို ဝေဒနာက လိုက်လိုက်ပြီး ခံစားပါတယ်။
ဒါကြောင့် ဝေဒနာရှုပွားသူ ယောဂီတို့ သဘောပေါက်အောင် ရှုပွားရမှာက အာရုံက သက်သက်၊ ခံစားတတ်တဲ့ သဘောတရား ဝေဒနာက သတ်သတ်လို့ ကွဲအောင် ရှုပွားနိုင်ဖို့ပါပဲ။
ဖောက်ပြန်မှု ရုပ်အာရုံက ထင်ရှားပါတယ်၊ ခံစားမှုဝေဒနာက မထင်ရှားပါ၊ သိမ်မွေ့ပါတယ်၊ ဝေဒနာ ရှုပွားသူဟာ အဲဒီ ခံစားတဲ့သဘောတရားကို ရှုရမှာပါ။
ပုဂ္ဂိုလ် သတ္တဝါတွေ သန္တာန်မှာ အမြဲလိုလို ဖြစ်နေတာ ဥပေက္ခာဝေဒနာပါပဲ၊ ဥပေက္ခာဝေဒနာဟာ အဖြစ်များပါတယ်။
တရားအားထုတ်တဲ့အခါမှာ သုခဝေဒနာဖြစ်တတ်ပါတယ်။ အဲဒီ သုခဝေဒနာ ဖြစ်လာတဲ့အခါ အင်မတန် ထင်ရှားပါတယ်။ ဆင်းရဲတဲ့ ဒုက္ခဝေဒနာ ဖြစ်ရင်လဲ အင်မတန် ထင်ရှားပါတယ်။ မသိမသာ မဟုတ်ပါဘူး၊ သိသိသာသာ ဖြစ်လာပါတယ်၊ ဥပေက္ခာဝေဒနာ ဖြစ်ရင်တော့ မသိသာပါဘူး၊ မထင်ရှားပါဘူး။
ဒါဖြင့် အဲဒီမသိမသာတဲ့ မထင်ရှားတဲ့ ဥပေက္ခာဝေဒနာကို ဘယ်လိုလုပ်ပြီး သိအောင် လုပ်မလဲ၊ ထင်ရှားအောင် လုပ်မလဲဆိုရင် သုခဝေဒနာ၊ ဒုက္ခဝေဒနာ နှစ်ခုနဲ့ မှတ်ယူရပါတယ်။
သုခဝေဒနာဖြစ်ရင်လဲအလွန်ချမ်းသာတယ်၊ ဒုက္ခဝေဒနာဖြစ်ရင်လဲအလွန်ဆင်းရဲတယ်၊ အဲဒီ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာ နှစ်ခုတို့ရဲ့ အကြား အလယ်အလတ်ဖြစ်တဲ့ ဥပေက္ခာဝေဒနာကျတော့ ပြောဖို့ရာ ခက်နေပါတယ်။
ဘယ်လို ပြောနိုင်သလဲဆိုရင် ဒီနေရာမှာ ကျောက်ဖျာကြီး တစ်ခု ရှိတယ်ဆိုပါတော့၊ အဲဒီ ကျောက်ဖျာကြီးရဲ့ ပတ်လည်ကတော့ မြေပျော့ပဲရှိတယ်။
သမင်တစ်ကောင်ဟာ ကျောက်ဖျာ အရှေ့ဘက်ကနေပြီး အနောက်ဘက်ကို ကျောက်ဖျာပေါ်မှ ဖြတ်ပြီး သွားတယ်၊ အဲဒီလို ဖြတ်သွားတော့ ကျောက်ဖျာပေါ်မှာ သမင်ခြေရာ ထင်ကျန်ရစ်လားဆိုတော့ မကျန်ရစ်ပါ။
ဒါပေမယ့် အရှေ့ဘက်ကနေ ကျောက်ဖျာဆီ ဦးတည်လာနေတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှာ မြင်ရတယ်၊ ကျောက်ဖျာမှ ဆင်းပြီး အနောက်ဘက်သွားတဲ့ သမင်ခြေရာကို မြေပျော့ပေါ်မှာ အတိအကျ အထင်အရှား မြင်ရတယ်။
အဲဒီ ကျောက်ဖျာပေါ်အတက်၊ ကျောက်ဖျာမှ အဆင်း ခြေရာ ၂ ခုကို ကြည့်ပြီး ဒီသမင်ဟာ ကျောက်ဖျာ အရှေ့ဘက်ကနေ တက်ပြီး အနောက်ဘက်ကို ဆင်းသွားပါလား၊ ဒီကျောက်ဖျာပေါ် ဖြတ်သွားပါလားလို့ သိနိုင်ပါတယ်။ အဲဒီလို သိနိုင်တာဟာ ကျောက်ဖျာပေါ်မှာ ခြေရာ အထင်အရှား တွေ့လို့ သိတာလားဆိုတော့ မဟုတ်ပါ၊ ထင်ရှားတဲ့ အတက်အဆင်း ခြေရာကိုကြည့်ပြီး သိတာပါ။ ထင်ရှားတာကို ထောက်ဆပြီး မထင်ရှားတာကို သိတာပါ။
အဲဒီလိုပါပဲ၊ ရှုတဲ့အခါမှာ ဘယ်ဝေဒနာ ရှုရမလဲဆိုတော့ ထင်ရှားတဲ့ သုခဝေဒနာ၊ ဒုက္ခဝေဒနာကို ရှေးဦးစွာ ရှုရပါတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ ရှုပွားတတ်လို့ သဘောပေါက်တဲ့အခါ ဥပေက္ခာဝေဒနာကို သဘောပေါက်လာပါလိမ့်မယ်။
ဝေဒနာ ရှုပွားချင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဝေဒနာအမျိုးအစား သဘောသဘာဝကို နားလည်မှ ရှုနိုင်ပါမယ်၊ ရှုတတ်ပါမယ်၊ ရှုပွားနည်း မှန်ပါမယ်၊ သို့မဟုတ်က မရှုတတ်၊ မရှုနိုင်၊ မမှန်နိုင်ပါ။
ယခုတော့ ဝေဒနာ ဘယ်နှစ်မျိုး သိသွားလဲဆိုရင် သုံးမျိုး သိသွားပါပြီ၊ အဲဒီလို ဝေဒနာသုံးမျိုးလောက်တော့ သိပါမှ ဝေဒနာရှုပွားလို့ လွယ်ပါမယ်၊ မသိရင် မလွယ်ပါ၊ မမှန်နိုင်ပါ။
ယခု သိရသလောက်တော့ တရားနယ်ပယ်ထဲမှာ နာကျင်ကိုက်ခဲတဲ့ ရုပ်ဖောက်ပြန်မှု ရုပ်ဒုက္ခတစ်ခုတည်းကိုပဲ ဝေဒနာလုပ်ပြီး ရှုပွားနေတာ တွေ့ရပါတယ်။
သုခ၊ ဥပေက္ခာကို ရှုပွားတာ မတွေ့ရသလောက်ပါဘဲ၊ အဲဒီ ရုပ်ဒုက္ခရှုပြန်တော့လဲ အရှုအပွား မမှန်တာတွေဘဲ အများဆုံး တွေ့ရပါတယ်။
တကယ်ရှုရမှာက ဒုက္ခဝေဒနာရှုရင် အဲဒီ ဒုက္ခဝေဒနာရဲ့ အဖြစ်အပျက်၊ ဒုက္ခဝေဒနာရဲ့ သဘောသဘာဝ အကြောင်းအကျိုး စသည်ကို သိအောင် မြင်အောင် ထင်အောင် ရှုရမှာပါ။
ပြီးတော့ အဲဒီ နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခကို ရှုပြန်တော့ သူ့သဘော ဘယ်လိုအဖြစ်၊ ဘယ်လိုအပျက်၊ ဘယ်လို ဘာ့ကြောင့် ဖြစ်၊ ဘာ့ကြောင့်ပျက်ရယ်လို့ သိအောင် မြင်အောင် ထင်အောင် ရှုပွားအားထုတ်မှု မပြုဘဲ အဲဒီ နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကြီးကို ကုန်သွားအောင်၊ ပျောက်သွားအောင် ဆိုပြီး ရှုပါတယ်၊ အမှန်ရှုရမှာက ကုန်အောင် ရှုရမှာ မဟုတ်ပါ၊ သူ့သဘော သဘာဝကို သိအောင် မြင်အောင် ရှုပွားရမှာပါ။
နာကျင် ကိုက်ခဲမှု ရုပ်ဒုက္ခကို ရှုချင်ရင် ဒီဒုက္ခဟာ ဘယ်လိုသဘောရှိသလဲ၊ သူ ဘယ်လိုဖြစ်လာသလဲ၊ ဘယ်လို ပျက်သလဲ၊ ဘာ့ကြောင့်ဖြစ်လဲ၊ ဘာ့ကြောင့်ပျက်လဲ စသည်ဖြင့် အဲဒီရုပ်ဒုက္ခရဲ့ သဘော သဘာဝကို ဖြစ်ကြောင်း၊ ပျက်ကြောင်းနှင့်တကွ သိအောင် မြင်အောင် ရှုပွားရမှာပါ။
ရှုပွားတဲ့အခါ ဘယ်လို စိတ်အနေအထားနဲ့ ရှုပွားရမှာလဲဆိုတော့ ကိုယ်နဲ့ အမျိုးမတော်စပ်တဲ့ သူစိမ်း လူမမာ တစ်ယောက်ကို သွားပြီး ကြည့်ရှုရသလို ကြည့်ရှုပွားများရပါမယ်။
ဒုက္ခဝေဒနာရှုချင်ရင် အဲဒီ ဒုက္ခဝေဒနာကို ငါနှင့်မဆိုင်၊ ငါမပိုင်တဲ့ သူစိမ်း ပြင်ပလို့ သဘောထားရပါမယ်။
ဒီဆင်းရဲမှု ဒုက္ခဝေဒနာဟာ ငါမဟုတ်ဘူး၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ ငါ့ကိုယ်မဟုတ်၊ ငါ့ဆွေမျိုးမဟုတ်ဘူး၊ ငါနဲ့မဆိုင်၊ ငါနဲ့ အလွတ်ကြီးပဲလို့ စိတ်ထဲမှာ သဘောထားကာ သူစိမ်း လူမမာတစ်ယောက်ကို ထိုင်ကြည့်နေသလို သက်သက်သာသာ မျှမျှတတထိုင်ပြီး ရှုကြည့်ရမှာပါ။ အနာအကျင် အကိုက်အခဲဆုံး နေရာကို တစ်နာပြီး တစ်နာ၊ တစ်ကျင်ပြီး တစ်ကျင်၊ တစ်ကိုက်ပြီး တစ်ကိုက် ဖြစ်ပျက်နေတာကို မြင်အောင် သိအောင် ရှုကြည့်နေရမှာပါ။
နာကျင်ကိုက်ခဲမှု ဒုက္ခဝေဒနာတွေ ကုန်သွားအောင် ပျောက်သွားအောင် ပျက်သွားအောင် မရှုရပါ၊ ကိုယ်ကိုလဲချုပ်မထားရပါ၊ တောင့်တင်းမထားရပါ၊ အလိုက်သင့် မျှမျှတတလေး နေပါ။
အဲဒီဒုက္ခတွေ မကုန်အောင် ထင်ရှားအောင် ဆိုပြီးလဲ အောင့်မထားရပါ၊ ချုပ်မထားရပါ။ အလိုက်သင့် နေသာသလို နေပြီး အသိမပြတ် သတိကပ်ပြီး ရှုကြည့်နေရမှာပါ။ အဲဒီလို မရှုရင် ရှုပွားနည်း မမှန်ပါ။
ဝေဒနာဟာ ကိုယ်မှာ မပြတ်ပါ။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ဟာ တစ်မျိုးမဖြစ် တစ်မျိုးဖြစ် လှည့်ပြီး ဖြစ်နေပါတယ်။ ဒါကြောင့် ရှုပွားတဲ့အခါ သုခဝေဒနာ ထင်ရှားရင် သုခဝေဒနာကို ရှုရပါမယ်၊ ဒုက္ခဝေဒနာ ထင်ရှားရင် ဒုက္ခဝေဒနာကို ရှုရပါမယ်။
ဥပေက္ခာ ဝေဒနာကတော့ မထင်ရှားပါ၊ မထင်ရှားတော့ ထင်ရှားတဲ့ ဝေဒနာကိုပဲ ရှုပါ။ သုခဝေဒနာကို ရှုတတ်ရင် သဘောပေါက်ရင်၊ ဒုက္ခဝေဒနာကိုလည်း ရှုတတ်ရင် သဘောပေါက်ရင်၊ ဥပေက္ခာ ဝေဒနာကို သဘောပေါက်လာပါလိမ့်မယ်။
ဝေဒနာ ရှုပွားချင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဝေဒနာမရှုမီ မိမိမှာ ပြည့်စုံရမယ့်တရား၊ ထားရတဲ့တရားဆိုတာ ရှိပါတယ်။ အဲဒီတရားက ဘာလဲဆိုတော့ --
ရဟန်းတို့၊ ဤသာသနာတော်၌ ရဟန်းတို့သည် ဝေဒနာကို အာရုံပြု၍ဖြစ်သော ကိလေသာကို လွန်စွာ ပူပန်စေတတ်သော သမ္မပ္ပဓာန်လုံ့လရှိသည်ဖြစ်၍၊ ဝေဒနာကို ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍၊ ဝေဒနာကို အောက်မေ့တတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍ လို့ ဘုရားရှင် အဲဒီလို ဟောထားပါတယ်။ ဒါကြောင့် ဝေဒနာရှုပွားမယ့် ယောဂီပုဂ္ဂိုလ်မှာ ထားရမယ့် တရား၊ ပြည့်စုံ ရမယ့်တရားဟာ -
၁။ ဝီရိယ၊ ၂။ ပညာ၊ ၃။ သတိ တို့ဖြစ်ပါတယ်။
အဲဒီ ၃ ပါးမှာ ဝီရိယဆိုတာ ဘယ်လို ဝီရိယလဲဆိုတော့ ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို လွန်စွာ ပူပန်စေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယမျိုးကို ဆိုပါတယ်။
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် တစ်ဇွတ်ထိုး ဝီရိယမျိုးကို မဆိုပါဘူး။ ပညာ၊ သတိ မပါတဲ့ ဝီရိယမျိုးကို မဆိုပါဘူး။
သမ္မပ္ပဓာန် ဝီရိယဆိုတာ အယူအဆမလွဲပါနဲ့၊ ထိုင်ရာမထ ဝီရိယလို့ မယူဆလိုက်ပါနဲ့၊ အချို့ အဲဒီလို အယူအဆ လွဲပြီး ထိုင်ရာမထ ကိုယ်ဒုက္ခကျွတ်အောင် အားထုတ်တတ်ပါတယ်။ အမှန်က ကိလေသာကျွတ်ဖို့ အားထုတ်ရမှာပါ၊ သမ္မပ္ပဓာန် ဝီရိယကို သတိပြုပါ။
၁။ မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် လုံ့လပြုခြင်း။
၂။ ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်နိုင်အောင် နောက်ထပ် မဖြစ်အောင် လုံ့လပြုခြင်း။
၃။ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် လုံ့လပြုခြင်း
၄။ ဖြစ်ပြီးသား ကုသိုလ်တွေကို လွန်စွာ တိုးပွားစေခြင်း ငှာ နောက်ထပ် ဖြစ်စေခြင်းငှာ လုံ့လပြုခြင်း တဲ့။
အချုပ်ပြောရရင် အကုသိုလ်ကို ပယ်နိုင်အောင် လုံ့လ ကြိုးကုတ် အားထုတ်နေမှ သမ္မပ္ပဓာန် ဝီရိယပါ၊ ယခု တရား အားထုတ်တဲ့နေရာမှာ အဲဒီ ဝီရိယကို သတိပြုပါ။
ဝီရိယ - ဝီရိယနဲ့ အရမ်း ဝီရိယ၊ အကြမ်းဝီရိယ မဟုတ်ပါဘူး၊ ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယကို ဆိုလိုပါတယ်၊ ဝေဒနာကို ပယ်ဖြုတ်နိုင်တဲ့ ဝီရိယ မဟုတ်ပါ။
ဒါကြောင့် ဝေဒနာ ရှုချင်တဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယ ရှိရမယ်။ ဝေဒနာကို ပယ်တဲ့ ဝီရိယ မဟုတ်ပါ၊ ဝေဒနာကုန်အောင် အားထုတ်တဲ့ ဝီရိယ မဟုတ်ပါ။ ဝေဒနာကို အာရုံပြု၍ ဖြစ်တဲ့ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယပါ။
ဒီစကားကို နားမလည်ရင် ဝေဒနာအရှု လွဲပါမယ်။ ဝေဒနာကို အာရုံမပြုဘူး၊ ဝေဒနာကို အာရုံပြု၍ ဖြစ်တဲ့ ကိလေသာကိုလဲ မသိဘူး၊ အဲဒီ ကိလေသာကိုလဲ ပယ်နို်င်တဲ့ လုံ့လ ဝီရိယ မရှိဘူးဆိုရင် ဝေဒနာ ရှုပွားလို့ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ပါဘူး။
ဝီရိယဆိုတော့ ထိုင်ရာမထကို ခေါ်တာလားလို့ မေးရင် မဟုတ်ပါ၊ ပြီးတော့ နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခတွေ မကျွတ်မချင်း မထဆိုတဲ့ ဝီရိယကို ခေါ်တာလားလို့ မေးရင်လဲ မဟုတ်ပါ။
နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခတွေ ကိုယ်သန္တာန်က ကျွတ်သွားသည်ဖြစ်စေ၊ မကျွတ်သေးသည် ဖြစ်စေ အဲဒီ ရုပ်ဒုက္ခကို အာရုံပြုပြီးဖြစ်တဲ့ ခံစားမှု ဝေဒနာပေါ်မှာဖြစ်တဲ့ ကိလေသာကို ပယ်နို်င်တဲ့ ဝီရိယရှိရပါမယ်။
တစ်နည်းပြောရင် အဲဒီ နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခကို အာရုံပြုပြီးဖြစ်တဲ့ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယ ရှိရမယ် ဖြစ်ပါတယ်။
ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို ပယ်နို်င်တဲ့ လုံ့လဝီရိယ ရှိသည်ဖြစ်၍လို့ ဟောထားတော့ ဝေဒနာကို ပယ်ရမှာလား၊ ကိလေသာကို ပယ်ရမှာလား ?
နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခကို ရှုချင်ရင် အဲဒီ နာကျင်ကိုက်ခဲမှုကို ကုန်အောင်မရှုဘဲ နာကျင်ကိုက်ခဲမှုကို အာရုံပြု၍ ဖြစ်တဲ့ ကိလေသာ ကုန်အောင် ရှုရမှာပါ။
ဝေဒနာက ပိုင်းခြားသိရမယ့် ဒုက္ခသစ္စာထိုက်တဲ့ တရားပါ။ ပယ်ရမယ့်တရား မဟုတ်ပါ၊ အဲဒီဝေဒနာကို အာရုံပြု၍ ဖြစ်တဲ့ ကိလေသာက ပယ်ရမယ့် သမုဒယသစ္စာထိုက်တဲ့ တရားပါ။
ဝိပဿနာ ဘာဝနာတရား ရှုပွားအားထုတ်နေတာဟာ ပယ်ရမယ့် တရားကို ပယ်နိုင်အောင်၊ ပိုင်းခြားသိရမယ့် တရားကို ပိုင်းခြားသိနိုင်အောင် အားထုတ်နေတာပါ။
ပိုင်းခြား သိရမယ့် တရားကို ပယ်ရင် ပယ်မှား မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပါမယ်။
တကယ်ပယ်ရမှာက ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို ပယ်ရမှာပါ။ အဲဒီ ကိလေသာကိုတော့ မပယ်ဘဲနဲ့ ဝေဒနာကုန်အောင်ဆိုပြီး ဝေဒနာကို ပယ်နိုင်အောင် ရှုပွားအားထုတ်ရင် အမှားကြီး မှားပါတယ်။
အပါယ်ချတာ ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာထိုက်တဲ့ တရားက အပါယ်ချတာ မဟုတ်ပါ။ ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာက အပါယ်ချတာပါ။ အဲဒီ အပါယ်ချတဲ့ ကိလေသာကို ပယ်နိုင်အောင် ရှုပွားပါ။ အပါယ်မချတတ်တဲ့ ဒုက္ခသစ္စာ ထိုက်တဲ့ ဝေဒနာကိုတော့ ပိုင်းခြားသိအောင် ရှုပွားအားထုတ်ပါ။ အဲဒါ ကွဲပြားဖို့ရာ အင်မတန် အရေးကြီးပါတယ်။
ယောဂီမှာရှိရမယ့် တရား သုံးလုံးထဲက ဝီရိယတရား တစ်လုံးကို ရှင်းပြပြီးပါပြီ။ ယခု ဆက်လက်ပြီးတော့ ယောဂီမှာ ရှိရမယ့် သတိတရားကို ဆက်ရှင်းပါမယ်။
သတိကလဲ ဝေဒနာကို အောက်မေ့ အမှတ်ရတဲ့ သတိနှင့် ပြည့်စုံရမယ်တဲ့။
သတိကလဲ ဝေဒနာကို အမြဲမပြတ် တရစပ် အမှတ်ရ၊ အောက်မေ့တဲ့ သတိပါ၊ တခြား သတိ မဟုတ်ပါ၊ ဝေဒနာရှုတဲ့ ယောဂီမှာ ဝေဒနာကို အမြဲမပြတ် သတိရနေဖို့ သိမှတ်နေဖို့ အရေးကြီးပါတယ်။
ဒါဖြင့် သတိကို ဘယ်မှာ ထားရမလဲ ဆိုရင် ဝေဒနာပေါ် တင်ထားပါ၊ ဝေဒနာသည် သတိတရားရဲ့ တည်ရာပါ၊ ဝေဒနာကို သတိရဲ့တည်ရာ အဖြစ်ထားပြီး ရှုပွားရင် ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါတယ်။
ဝေဒနာကို သတိရဲ့ တည်ရာအဖြစ် ထားပြီး ရှုပွားတဲ့ အတွက် ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်သွားတယ်။ ဝေဒနာကိုပဲ ထပ်ကာထပ်ကာ သတိထားပြီး ရှုပွားနေတဲ့ သတိပဋ္ဌာန် တရားပေါ့။
ဒါဖြင့် ဝေဒနာကို ရှုပွားလို့ရှိရင် သတိတရားရဲ့ တည်ရာဟာ ဘယ်ဟာလဲဆိုတော့ ဝေဒနာပါ၊ ဒါဖြင့် သတိတရားကို ဘယ်မှာ ကပ်ထားရမှာလဲ၊ ဘယ်မှာ အစောင့်ထားရမှာလဲ၊ သတိတရားကို ဝေဒနာပေါ်ကပ်ထားပါ၊ ဝေဒနာကို သိအောင် အစောင့်ထားပါ။
ဒါဖြင့် ဝေဒနာပေါ်မှာ သတိကို တင်မထားဘဲ ဝေဒနာကို ပျောက်သွားအောင် ကျွတ်သွားအောင် ဝီရိယ စိုက်လိုက်ရင် သတိမှာ တည်ရာမရှိတော့ပါ။ သတိဟာ ဝေဒနာ ပေါ်မှာ မတည်တော့ရင် ဝေဒနာရဲ့ သဘော သဘာဝကို အဖြစ် အပျက် အကြောင်းအကျိုး မသိနိုင်တော့ပါဘူး။
မသိတော့ .. ယောဂီက နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကို ကုန်အောင် ကျွတ်အောင် ဝီရိယစိုက်လိုက်တော့ နာကျင် ကိုက်ခဲမှုတွေက အကြောင်းချုပ်လို့ အကျိုးချုပ်တဲ့သဘောနဲ့ ခဏချုပ် ချုပ်သွားတာကို ငါမှတ်လိုက်လို့ ဝေဒနာ ကုန်သွားပြီလို့ ယူဆလိုက်တတ်ပါတယ်။ အမှန်က အကြောင်းချုပ်လို့ အကျိုးချုပ်သွားတာပါ။
ဝေဒနာဟာ ဘာ့ကြောင့်ဖြစ်လဲ၊ အနီးကပ်ဆုံး ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းနဲ့ ပြောရရင် ဝေဒနာဟာ ဖဿကြောင့် ဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တော့ ဖဿချုပ်လို့ ဝေဒနာချုပ်တယ်ပေါ့။
ဒါပေမယ့် ဝေဒနာရှုတဲ့ ယောဂီက ဝေဒနာချုပ်သွားရင် ငါ ရှုမှတ်လို့ ဝေဒနာချုပ်သွားပြီ၊ ဝေဒနာကုန်သွားပြီလို့ ယူလိုက်ပါတယ်။
အမှန်က ဖဿချုပ်လို့ ဝေဒနာ ချုပ်သွားတာပါ၊ ငါရှုလို့ ချုပ်သွားတာ မဟုတ်ပါ၊ ငါရှုမှတ်လို့ ဝေဒနာချုပ်သွားတာ ဆိုရင်တော့ အကြီးအကျယ် မှားသွားပါပြီ။
ဘာဖြစ်လို့ မှားလဲ၊ ငါရှုမှတ်လို့ ချုပ်တယ်ဆိုရင် ဘုရားရှင် ဟောထားခဲ့တဲ့ - အနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကို သတိပြု နှိုင်းယှဉ်ကြည့်ပါ။ အဲဒီမှာ ဘုရားရှင်က ဝေဒနာဟာ အနတ္တ တရားပါ လို့ ဟောထားပါတယ်။
ယခု ငါရှုမှတ်လို့ ဝေဒနာ ချုပ်သွားတယ်ဆိုရင် ဝေဒနာ အနတ္တ မဟုတ်တော့ပါ။ ဝေဒနာ အတ္တ ဖြစ်သွားပါပြီ။
ဝေဒနာကို ပိုင်တယ်၊ နိုင်တယ်ဆိုရင် အတ္တသဘော သက်ရောက်သွားပြီ၊ ဝေဒနာဟာ အတ္တမဟုတ်ပါ၊ အနတ္တပါ၊ ကိုယ်မပိုင်ပါ၊ ကိုယ်မဆိုင်ပါ၊ ကိုယ့်အကြိုက်လဲ မလိုက်ပါ၊ ကိုယ်အလိုလဲ မလိုက်ပါ။
အမှန်က ယောဂီပုဂ္ဂိုလ်ဟာ ဝေဒနာကို အမြဲမပြတ် တရစပ် အောက်မေ့ အမှတ်ရတဲ့ သတိရှိရမယ်၊ ဝေဒနာဟာ ယောဂီ ပုဂ္ဂိုလ်ရဲ့ သတိအောက်မှာ အမြဲရှိနေရမယ်၊ ဝေဒနာသည် ဘယ်တရားရဲ့ တည်ရာလဲဆိုတော့ သတိတရားရဲ့ တည်ရာပါ။
ကောင်းပြီ၊ ဝေဒနာရှုပွားတဲ့ ယောဂီ ပုဂ္ဂိုလ်မှာ ယခု အင်္ဂါ ဘယ်နှစ်ချက် ရသွားပြီလဲဆိုတော့ ဝီရိယ၊ သတိရယ်လို့ အင်္ဂါ နှစ်ချက် ရသွားပါပြီ။
အင်္ဂါနှစ်ပါး ရသွားတော့ နောက်ထပ် အင်္ဂါ တစ်ပါးက ဝေဒနာကို ကောင်းစွာ အပြားအားဖြင့် သိတတ်သော ပညာ အဆင်အခြင်နှင့် ပြည့်စုံရပါမယ်။
ဒီနေရာမှာ ပညာက အခုခေတ် ဘီအေပညာ၊ ဘီအီးဒီပညာ၊ ဓမ္မာစရိယပညာ၊ သကျသီဟပညာမျိုးကို ခေါ်တာ မဟုတ်ပါ။ ဝေဒနာရဲ့ သဘော သဘာဝ အကြောင်း အကျိုး အဖြစ်အပျက်ကို သိတဲ့ ပညာကို ခေါ်ပါတယ်။
ဘာ့ကြောင့် ဝေဒနာလို့ခေါ်လဲ၊ ဘာ့ကြောင့် ဝေဒနာဖြစ်သလဲ၊ ဘာကြောင့် ဝေဒနာ ပျက်သလဲ စသည်ဖြင့် ဝေဒနာနဲ့ပတ်သက်၍ သိသင့် သိထိုက်တဲ့ အချက်တွေကို မှန်ကန်စွာ သိတဲ့ အသိပညာမျိုးကို ဒီနေရာမှာ ပညာလို့ ဆိုလိုပါတယ်။ ဒါဖြင့် ဝေဒနာ ရှုပွားချင်တဲ့ ယောဂီမှာ --
၁။ ဝေဒနာကို အာရုံပြု၍ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယရှိရမယ်။
၂။ ဝေဒနာကို အမြဲမပြတ် တရစပ်အမှတ်ရနေတဲ့ သတိ ရှိရမယ်။
၃။ ဝေဒနာကို ကောင်းစွာ အပြားအားဖြင့် သိနိုင်တဲ့ ဉာဏ်ပညာ အဆင်အခြင် ရှိရမယ်။
အဲဒီ အင်္ဂါ ၃ ချက်ဟာ ဝေဒနာရှုပွားမယ့် ယောဂီပုဂ္ဂိုလ်မှာ ပြည့်စုံရပါမယ်။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။
ဝေဒနာရှုပွားနည်း (၂)
ဝေဒနာ ရှုပွားချင်တဲ့ ယောဂီမှာ --
၁။ ဝေဒနာကို အာရုံပြု၍ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယရှိရမယ်။
၂။ ဝေဒနာကို အမြဲမပြတ် တရစပ်အမှတ်ရနေတဲ့ သတိ ရှိရမယ်။
၃။ ဝေဒနာကို ကောင်းစွာ အပြားအားဖြင့် သိနိုင်တဲ့ ဉာဏ်ပညာ အဆင်အခြင် ရှိရမယ်။
အဲဒီ အင်္ဂါ ၃ ချက်ဟာ ဝေဒနာရှုပွားမယ့် ယောဂီပုဂ္ဂိုလ်မှာ ပြည့်စုံရပါမယ်လို့ အပိုင်း (၁) မှာ ပြောခဲ့ပါတယ်။
အဲဒီ အင်္ဂါ ၃ ချက်နဲ့ ပြည့်စုံတဲ့ ယောဂီဟာ ဝေဒနာရှုပွားမှု ကိစ္စ ပြီးပြီလားဆိုတော့ မပြီးသေးပါ၊ ဝေဒနာလောကမှာ ရှုပြီး ပယ်ရမယ့် ကိလေသာကို ဖော်ပြ ပြန်ပါတယ်။
ဝေဒနုပါဒါနက္ခန္ဓာ ဟူသော လောက၌ ဝေဒနာကို တပ်မက်သောအားဖြင့် ရှေးရှု ကြံဆခြင်းဟူသော လောဘ၊ ရှေးရှု ကြံတိုင်း မရခြင်းကြောင့် နှလုံးမသာယာခြင်း ဆိုတဲ့ ဒေါမနဿကို တဒင်္ဂဝိက္ခမ္ဘန အားဖြင့် ပယ်ဖျောက်ရမယ်လို့ ဘုရားရှင် ဟောပြန်ပါတယ်။ အဲဒီမှာ သတိပြုပါ။ လောက ဆိုတော့ ဘာလောကကို ယူရမှာလဲ၊ ရုပ်လောကလား၊ သညာလောကလား၊ ဝိညာဏ်လောကလား၊ မဟုတ်ပါ၊ ဝေဒနာကို ရှုပွားတာကြောင့် ဝေဒနာလောကပါ။
လူ့လောက၊ နတ်လောကတွေ မယူပါနဲ့၊ ပျက်စီးတတ် ပရမ်းပတာ ပျက်စီးတတ်သည့် အနက်ကြောင့် ခံစားမှု ဝေဒနာဟူသော ဝေဒနုပါဒါနက္ခန္ဓာကို ဒီနေရာမှာ လောကလို့ ဆိုတာပါ။
ရှင်းရှင်းပြောရရင် ဝေဒနာကို လောကလို့ ဆိုတာပါ၊ အဲဒီဝေဒနာကို လောက၌ သုခဝေဒနာကို အာရုံပြုပြီး တပ်မက်သောအားဖြင့် ရှေးရှုကြံခြင်း ဟူသော လောဘ ကိလေသာ၊ ဒုက္ခဝေဒနာကို အာရုံပြုပြီး ရှေးရှုကြံတိုင်း မရခြင်းကြောင်း မကျေနပ်ခြင်း၊ နှလုံး မသာယာခြင်း ဟူသော ဒေါမနဿ ဒေါသကို တဒင်္ဂဝိက္ခမ္ဘန အားဖြင့် ပယ်ထားပြီး ရှုရပါမယ်။
ဝေဒနာရှုပွားနေတဲ့ ယောဂီတွေမှာ အများအားဖြင့် သုခဝေဒနာ ဖြစ်နေရင် လောဘဖြစ်နေတတ်ပါတယ်၊ ဒုက္ခဝေဒနာ ဖြစ်နေရင် ဒေါသ ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်ရင် ရှုပွားတဲ့ ဝိဇ္ဇာဉာဏ် အမောဟ ချုပ်သွားပြီး ရှုဉာဏ် လွတ်သွားပြီ။
ယောဂီပုဂ္ဂိုလ်တို့မှာ အစပိုင်း တစ်ရက် နှစ်ရက်ကတော့ ဒုက္ခဝေဒနာနဲ့ ရင်ဆိုင် နေရတော့ ပင်ပန်းပြီး မဲ့နေကြတယ်၊ ရက်ကလေးနည်းနည်းရလာတော့ သုခဝေဒနာနဲ့ ရင်ဆိုင်ပြီး ပြုံးနေကြတယ်၊ ဘာနဲ့ ပြုံးနေတာလဲဆိုတော့ လောဘနဲ့ပြုံးနေကြတာ။
သဘောကျ လောဘ၊ သောမနဿ ဝေဒနာ၊ ကာမသုခလိ္လကာနုယောဂ ..တဲ့။
သုခဝေဒနာကို အာရုံပြုပြီး သဘောကျ ပြုံးတဲ့အထဲ ဘာပါနေသလဲဆိုတော့ လောဘ၊ ဝမ်းသာတာက သောမနဿ ဝေဒနာ။
အဲဒီ စိတ်ချမ်းသာမှု ဝမ်းသာမှု သောမနဿ ဝေဒနာဟာ ဘာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာလဲ ဆိုရင် ကိုယ်ချမ်းသာမှု သုခဝေဒနာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။
ကိုယ်ချမ်းသာတာက ကာယိကသုခပါ၊ စိတ်ချမ်းသာမှုက စေတသိကသုခပါ။
အခု ယောဂီပုဂ္ဂိုလ်တွေ ထိုင်အားထုတ်တဲ့အခါ တစ်နာရီ ဟာ တယ်မကြာတော့ပါ၊ တယ်မြန်တာပဲလို့ ဖြစ်လာပါတယ်။ အဲဒါ ဘာဖြစ်လို့ မြန်တယ်လို့ ဖြစ်လာတာလဲဆိုရင် သုခ ဝေဒနာ ဖြစ်ပေါ်လာလို့ပါ၊ သုခဝေဒနာ ဖြစ်ပေါ်လာလို့ ကိုယ်ချမ်းသာလာတော့ စိတ်ထဲက ဝမ်းသာတဲ့ သောမနဿ ဝေဒနာ လာပါတယ်။
သောမနဿဆိုတော့ စိတ်ချမ်းသာတာ၊ သုခ ဆိုတော့ ကိုယ်ချမ်းသာတာ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာရယ်လို့ ချမ်းသာချင်းတူလို့ သုခဝေဒနာ လို့ ပေါင်းပြော ထားပါတယ်။
အဲဒီ ဝေဒနာနှစ်ခုဟာ အပြန်အလှန် အကြောင်းအကျိုး ဖြစ်ပါတယ်၊ စိတ်ချမ်းသာမှုကို အကြောင်းပြုပြီး ကိုယ်ချမ်းသာမှု ဖြစ်တတ်ပါတယ်။ ကိုယ်ချမ်းသာမှုကို အကြောင်းပြုပြီးတော့လဲ စိတ်ချမ်းသာမှု ဖြစ်တတ်ပါတယ်။
အဲဒီလို ချမ်းသာတော့ ဝမ်းသာပါတယ်၊ ပြုံးပါတယ်။ အဲဒီ ပြုံးတဲ့အထဲမှာ ဘာပါသလဲဆိုတော့ လောဘ ပါပါတယ်။ အဲဒီလောဘက ဒုက္ခပေးပေး နေတော့တာပါ။
လောဘက ချမ်းသာမှုလေးကို တွယ်ကပ်နေတော့ ယောဂီပုဂ္ဂိုလ်ဟာ ရှေ့ကို တရားမတက်တော့ပါ။ အဲဒီ သုခဝေဒနာကိုလဲ ယောဂီပုဂ္ဂိုလ်က ရှုပွားရကောင်းမှန်း မသိတော့ပါ။
အဲဒီ ယောဂီပုဂ္ဂိုလ်ဟာ ဘယ်လို နှလုံးသွင်းနဲ့ ထိုင်နေလဲဆိုရင် အားထုတ်ခါစတုန်းက နာကျင်ကိုက်ခဲမှုဒုက္ခတွေကို ယခု သုခနဲ့ အမြတ်ထုတ်ရမှာပဲ ဆိုပြီး ချမ်းသာမှု သုခကို ခံစားနေပြီ၊ တဏှာနဲ့တွဲပြီး ခံစားနေတာပါ၊ အဲဒီလို ခံစားနေတော့ မရှုပွားတော့ပါ။
အဲဒီလို ခံစားနေတော့ ဝေဒနာရဲ့ သဘော သဘာဝ အပြစ် ထွက်မြောက်ရာတို့ကို ယောဂီပုဂ္ဂိုလ် မသိတော့ပါ။ ချမ်းသာတာတော့ သိတယ်၊ အဲဒီချမ်းသာမှာပဲ ရပ်နေပြီ၊ လမ်းပျောက်သွားပြီ၊ လမ်းဆုံးကို မရောက်နိုင်တော့ဘူး။
ဝေဒနာရဲ့ အဖြစ်အပျက် အကြောင်းအကျိုးကို မသိတော့ပါ။ မသိတော့ ဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ တဏှာလောဘကို မပယ်နိုင်တော့ပါ။
ဘာဖြစ်လို့ မပယ်နိုင်လဲဆိုရင် ဝေဒနာရဲ့ သဘောသဘာဝကို မသိလို့ပါ၊ ဘာဖြစ်လို့ မသိလဲဆိုရင် မရှုပွားလို့ပါ။
ဒါကြောင့် သုခဝေဒနာကို ရှုပွားအားထုတ်တဲ့အခါမှာ သုခဝေဒနာကို စွဲပြီး၊ အာရုံပြုပြီးဖြစ်တဲ့ ဘာကို ပယ်နိုင်ရမလဲဆိုရင် လောဘ ဆိုတဲ့ ကိလေသာကို ပယ်နိုင်ရပါမယ်၊ ဝေဒနာကို ပယ်ရမှာ မဟုတ်ပါ။ အဲဒီ သုခဝေဒနာကိုလဲ တွယ်ထားရမှာ မဟုတ်ပါ။
နောက် အားထုတ်ခါစ ယောဂီ တို့ဟာ ဒုက္ခဝေဒနာကို မခံနိုင်ကြပါ၊ မခံနိုင်တော့ အဲဒီဒုက္ခဝေဒနာကို အာရုံပြုပြီးတော့ ဘာဖြစ်လဲဆိုရင် ဒေါမနဿ ဒေါသ ဖြစ်ပါတယ်၊ ဒုက္ခဝေဒနာရှုပွားတဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဒုက္ခဝေဒနာရဲ့ သဘောသဘာဝကို မြင်အောင် သိအောင် ရှုပွားပြီး ဒုက္ခဝေဒနာကို အာရုံပြုပြီး ဖြစ်တဲ့ ဒေါမနဿ ဒေါသကို ပယ်နိုင်ရပါမယ်။
စာလိုတော့ ဒုက္ခဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ ကိလေသာ အနုသယကို ပဋိဃာနုသယ လို့ ခေါ်ပါတယ်၊ တရားကိုယ်ကတော့ ဒေါသပါပဲ။
အဲဒီဒုက္ခဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ ဒေါသကိလေသာကို ဘာဖြစ်လို့ ပယ်နိုင်လဲ၊ ဒုက္ခဝေဒနာရဲ့ သဘောသဘာဝကို သိလို့ ပယ်နိုင်တာပါ၊ ဘာဖြစ်လို့သိလဲ၊ ရှုပွားနေလို့ သိတာပါ။
အဲဒီ ဒေါသကိလေသာကို ပယ်နိုင်တော့ ပယ်လိုက်တော့ ဘာကျန်ရစ်ခဲသလဲဆိုရင် ဒုက္ခဝေဒနာ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်တော့ ဘယ်လိုကျန်ရစ်လဲ၊ သူ့သဘာဝ ဖြစ်ချုပ်၊ ဖြစ်ချုပ်သဘာဝဖြစ်တော့ ဖြစ်ချုပ်၊ ဖြစ်ချုပ်အနေပဲ ကျန်ရစ်ခဲ့ပါတယ်။
ဒုက္ခဝေဒနာ ကုန်သွားတာ မဟုတ်ပါ၊ ဒုက္ခဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ ဒေါမနဿ ဒေါသကိလေသာကုန်သွားတော့ ဒုက္ခဝေဒနာဟာ ဖြစ်ချုပ်၊ ဖြစ်ချုပ်အနေနဲ့ပဲ ကျန်ရစ်တာကို အထူးသတိရှိပါ။
ဒီအချက်ကို သတိထားပြီး အသိတရားနဲ့ နာကြဖို့လိုပါတယ်။ ဒီခန္ဓာကိုယ်ကြီးက ဘာခန္ဓာကိုယ်ကြီးလဲ၊ ဝေဒနာ ခန္ဓာကိုယ်ကြီးပါ၊ ဝေဒနာခန္ဓာကိုယ်ကြီးကလဲ ဖြစ်နေတယ်၊ ဝေဒနာဖြစ်ကြောင်း ဖဿကလဲ ဖြစ်လာတယ် ဆိုတော့ ဖဿ ဖြစ်ရင် ဝေဒနာဖြစ်၊ ဖဿချုပ်ရင် ဝေဒနာချုပ်တဲ့ သဘာဝအရ ဒုက္ခဝေဒနာဟာ ဖြစ်ချုပ် ဖြစ်ချုပ်နဲ့ ဆက်ကာဆက်ကာ ဖြစ်ချုပ်နေတာပေါ့။
ဒီခန္ဓာကိုယ်ကြီးက ဒုက္ခ ခန္ဓာကိုယ်ကြီးလား၊ သုခ ခန္ဓာကိုယ်ကြီးလားဆိုရင် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ကြည့်ပါ။ ဒုက္ခအစုအပုံ သက်သက်ကြီးတဲ့။
ဒါကြောင့် ဒုက္ခဝေဒနာဟာ ဆက်ပြီး ဖြစ်ချုပ် ဖြစ်ချုပ် ဖြစ်နေတော့ ယောဂီဟာ မကျေနပ်လဲ ဖြစ်ချုပ်ပဲ၊ ကျေနပ်လဲ ဖြစ်ချုပ်ပဲ၊ အဲဒီဝေဒနာ ဖြစ်ချုပ်မြင်လို့ ဒီဒုက္ခဝေဒနာပေါ်မှာ ဖြစ်တဲ့ ဒေါသတရားဟာ အကျိုးမဲ့တရားပဲ၊ မကောင်းတဲ့ တရားပဲဆိုပြီး ဒေါသကို ပယ်လိုက်ရင် ဒုက္ခဝေဒနာကတော့ အကြောင်းအကျိုး ညီညွတ်ရင် ဖြစ်ချုပ် ဖြစ်ချုပ် မနေရစ်ဘူးလား၊ နေရစ်ပါမယ်။ ဒေါသတရားကတော့ ချုပ်သွားပြီ၊ အဲဒီမှာလဲ အပြီးချုပ် ခဏချုပ်ကို သိဖို့လိုပါသေးတယ်။
ဝေဒနာဖြစ်ချုပ်က ခဏဖြစ်ချုပ်၊ ဒေါသဖြစ်ချုပ်ကတော့ ခဏချုပ်နှင့် အပြီးချုပ် နှစ်မျိုးရှိတယ်၊ အပြီးချုပ်မှ ကောင်းပါတယ်၊ ဒုက္ခဝေဒနာ ခဏဖြစ်ချုပ်ကို မြင်ပြီး ဒေါသ အပြီးချုပ်အောင် ကြိုးစားအားထုတ်ရပါမယ်။
ဒီနေရာမှာ အထူးသတိထားရမှာက ဝေဒနာ ကုန်အောင် မရှုရပါ။ ဖြစ်ချုပ် မြင်အောင် ရှုပါ၊ ဝေဒနာ ဖြစ်ချုပ်မြင်ရင် ကိလေသာ စင်မယ်၊ ကုန်မယ်၊ အားထုတ်တာ ကိလေသာ ကုန်ဖို့ပါ၊ ဝေဒနာ ကုန်ဖို့ မဟုတ်ပါဘူး..တဲ့။
အဲတော့ ဝေဒနာကို စပြီးတော့ ရှုပွား အားထုတ်ခါစကတည်းက ဘယ်လို ရှုပွားရသလဲ?
ဝေဒနုပါဒါနက္ခန္ဓာ တည်းဟူသော လောက၌ ဝေဒနာ ကို တပ်သောအားဖြင့် ရှေးရှုကြံခြင်းဟူသော လောဘ၊ ရှေးရှု ကြံတိုင်းမရခြင်းကြောင့် နှလုံးမသာခြင်း ဟူသော ဒေါမနဿကို တဒင်္ဂဝိက္ခမ္ဘနအားဖြင့် ပယ်ဖျက်၍ ရှုပွားရမယ်လို့ ပြောခဲ့ပါတယ်၊ ဝေဒနာကို စပြီး ရှုပွားစမှာ ကတည်းက ဒီလောဘ ဒီဒေါသ မပါစေနဲ့၊ အဲဒါက ခဏပယ်ပေါ့၊ သုခဝေဒနာပေါ်မှာ လောဘ မပါစေနဲ့၊ တဏှာ မပါစေနဲ့၊ ဒုက္ခဝေဒနာပေါ်မှာ ဒေါသ မပါစေနဲ့၊ ဒေါမနဿ မပါစေနဲ့။
နောက် သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့ရဲ့ ဖြစ်ချုပ် မြင်ခါ စမှာလဲ လောဘ၊ ဒေါသတို့ကို တဒင်္ဂပယ်၊ ဝိက္ခမ္ဘန ပယ်ပါပဲ၊ နောက် အဲဒီ ဖြစ်ချုပ် ဉာဏ်အမြင်သန်လာပြီ၊ အချုပ်ပဲမြင်၊ ဘေးပဲမြင်၊ အပြစ်ပဲမြင် စသည် ဖြစ်လာတော့ မဂ်ပေါ်ကာ လောဘ၊ ဒေါသကို အပြီးပယ်နိုင် အမြစ်ပြတ်နိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။
ဝေဒနာရှုပွားနည်း (၃)
ဓမ္မာနုပဿနာ သတိပဋ္ဌာန်နည်းနဲ့ ရှုရင် ဝေဒနာကို နာမ် လို့ရှုရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဓမ္မ ဆိုတာ ရုပ်နာမ် ကိုခေါ်တာမို့ .. ၊ ရူပက္ခန္ဓာ ဖွဲ့ရတဲ့ ရုပ်တရားအားလုံးကို ရုပ် လို့ ရှု၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ နာမက္ခန္ဓာ ၄ ပါးကို နာမ် လို့ ရှုရပါမယ်။
ဝေဒနာ ရှုပွားသူ ယောဂီ တော်တော်များဟာ နာကျင်ကိုက်ခဲတဲ့ ရုပ်ဖောက်ပြန်မှုကို ရှုပွားကြတယ်၊ ရုပ်အနေနဲ့ရှုပွားရင် မှန်ပါတယ်။ ခုတော့ ရုပ်အနေနဲ့ မရှုဘဲ ဝေဒနာ နာမ်လို့ ရှုနေကြတယ်။ ပြီးတော့ အဖြစ်အပျက်သိအောင် မရှုဘဲနဲ့ ကုန်အောင် ရှုနေကြတာ အလွန်ပဲမှားနေပါတယ်။
ဝေဒနာနုပဿနာ သတိပဋ္ဌာန်နည်းနဲ့ ရှုပွားချင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဒုက္ခဝေဒနာ တစ်ခုတည်း ရှုဖို့ မဟုတ်ပါဘူး၊ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာ အားလုံးကို နားလည်ထားရပါမယ်၊ သိထားရပါမယ်၊ ရှုပွားရပါမယ်။
မိမိခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာသော ချမ်းသာကို ခံစားမှု သုခဝေဒနာ ကို ရှုပွားလို့ရှိရင် ဘာထင်မှ အမြင်မှန်လဲဆိုရင် ဒုက္ခထင်ရင် အမြင်မှန်သွားပါတယ်။
ဒါကြောင့် သုခဝေဒနာကို ရှုပွားလိုတဲ့ ယောဂီဟာ ဣရိယာပုတ်နှင့် အသက်သာဆုံး၊ အမျှတဆုံး၊ အနေအထားမျိုးဖြင့် နေပြီးလျှင် ခန္ဓာကိုယ်ပေါ်၌ အသက်သာဆုံး၊ အချမ်းသာဆုံး နေရာသို့ သတိကပ်ကာ အထပ်ထပ် ရှုပွားရပါမယ်၊ ချမ်းသာမှုနှင့် ခံစားမှု ကွဲအောင် ရှုပွားရပါမယ်။
ချမ်းသာမှုက သုခ၊ ခံစားမှုက ဝေဒနာ၊ နှစ်ခုပေါင်းတော့ ချမ်းသာမှုကို ခံစားတဲ့ သုခဝေဒနာ လို့ ဖြစ်သွားပါတယ်၊ သုခကို ခံစားလို့ သုခဝေဒနာခေါ်ပါတယ်။
ချမ်းသာမှုမှာ ရုပ်ချမ်းသာမှု ဖြစ်၍ ရုပ်ချမ်းသာမှု ထင်ရှားက အဲဒီခံစားမှုကို ရုပ်၊ ရုပ် ဟု ရှုပါ။ ခံစားမှု ထင်ရှားလျှင် အဲဒီခံစား ဝေဒနာကို အသိကပ်ကာ နာမ်၊ နာမ် ဟု ရှုပွားပါ။
အဲဒီလို ရုပ်၊ ရုပ် လို့ တစ်ချက် နှစ်ချက် ရှုလိုက်၊ နာမ်၊ နာမ် လို့ တစ်ချက် နှစ်ချက် ရှုလိုက် မလုပ်ရပါ၊ အထူးသတိထားပါ၊ ရှုပွားတဲ့အခါ အကောင်းဆုံး ထမင်း ဟင်းတွေ ဆက်တိုက် စားရတော့ ညည်းငွေ့ စိတ်ပျက် ပင်ပန်းလာသလို ကိုယ်ခန္ဓာတွင်းမှ နာကျင်ကိုက်ခဲမှုစသော ရုပ်ဒုက္ခတွေ ပေါ်လာပါလိမ့်မယ်။
အချမ်းသာဆုံးလို့ ထင်ထားတဲ့ သုခဝေဒနာ အာရုံကိုပင် အသိမလစ်စေဘဲ သတိကပ်ပြီး ရှုပွားရင် သုခတွေ ကွယ်ပျောက်၊ ခံစားမှုတွေ ကွယ်ပျောက်ပြီး ဒုက္ခတွေပေါ်ကာ ခံစားမှုတွေ ပေါ်လာပါမည်။
ဒါကြောင့် သုခဝေဒနာ ရှုလျှင် ဒုက္ခထင်အောင် ရှုလို့ ဆိုတာပါ။
ဒါကြောင့် ပါဠိတော်က -- သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ -- ချမ်းသာတဲ့ သုခဝေဒနာကို ဒုက္ခအားဖြင့် ရှုရမယ်၊ ဒုက္ခလို့ ရှုရမယ်၊ ဒုက္ခထင်အောင် ရှုရမယ်လို့ ဘုရားရှင် ဟောထားပါတယ်၊ ဒါဖြင့် သုခဝေဒနာကို သုခအနေနဲ့ပဲ မြင်နေသေးရင် ယောဂီ တရားမတက်သေး၊ တရားမတိုးသေးပါ။
သုခဝေဒနာရဲ့ အပျက် အပျက် မြင်တော့ ဒုက္ခထင်ပြီ၊ သုခကို ဒုက္ခထင်ပြီဆိုတော့ သုခဝေဒနာပေါ်မှာဖြစ်တဲ့ ရာဂါနုသယ ဆိုတဲ့ လောဘ မရှိတော့ပါ။ ချုပ်သွားပြီ၊ ဝေဒနာကတော့ ဖြစ်ချုပ် ဖြစ်ချုပ်နဲ့ ကျန်ရစ်ပါတယ်။
ဒီနေရာမှာလည်း သေသေချာချာ သတိထားဖို့လိုပါတယ်၊ သုခဝေဒနာ ကုန်သွားတာ မဟုတ်ပါ၊ သုခဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ လောဘကိလေသာ ကုန်သွား ချုပ်သွားတာပါ။
ဒါကြောင့် သုခဝေဒနာကို တွယ်လဲ မတွယ်ရပါ၊ မပျက် မပျောက်စေချင်တဲ့ သဘောနဲ့လဲ မရှုရပါ၊ ဒုက္ခထင်အောင် ရှုရပါမယ်။
သုခဝေဒနာကို ဖြစ်ခြင်း ပျက်ခြင်း ဘေးတွေက နှိပ်စက်နေတယ်၊ သုခဝေဒနာက အနှိပ်စက်ခံနေရတယ်။ အနှိပ်စက် ခံနေရတော့ သုခဝေဒနာဟာ ဒုက္ခပေါ့၊ လူဒုက္ခမဟုတ်ပါ၊ ယောဂီဒုက္ခမဟုတ်ပါ၊ ဒါဟာ ဝိပဿနာဉာဏ် ရင့်သန်လာတဲ့ အခါမှာ ဒုက္ခလက္ခဏာ ပေါ်လာပုံ ထင်ရှားလာပုံပါပဲ။
အဲဒီလို သုခဝေဒနာရဲ့ အနှိပ်စက်ခံရတဲ့ ဒုက္ခသဘောကို ယောဂီပုဂ္ဂိုလ်က မြင်တော့ - ဪ - ငါသည် မနှစ်သက် မစွဲလမ်းသင့်တဲ့၊ မတွယ်တာသင့်တဲ့ သုခဝေဒနာပေါ်မှာ နှစ်သက် စွဲလမ်း တွယ်တာနေပါလား၊ မှားနေပါလား.. လို့ အမြင်မှန် ဖြစ်ပြီး သုခဝေဒနာပေါ်မှာ ကိန်းတဲ့ ရာဂါနုသယ ဆိုတဲ့ လောဘ ချုပ်သွားပါတယ်။
ဘာဖြစ်လို့ ရာဂါနုသယဆိုတဲ့ လောဘ ချုပ်သွားသလဲဆိုရင် သုခ ဝေဒနာရဲ့ အဖြစ်အပျက်ကို မြင်လို့၊ သုခ ဝေဒနာရဲ့ ဖြစ်ကြောင်းပျက်ကြောင်းကို မြင်လို့ပါ။
အဲဒီမှာ အထူးသတိရှိပါ။ ရာဂကုန်ရင် နိဗ္ဗာန်တဲ့၊ သုခဝေဒနာရဲ့ ဖြစ်ပျက်မြင်လို့ ရာဂါနုသယ လောဘချုပ်လို့ ကုန်လို့ နိဗ္ဗာန်ရောက်တယ်၊ ဝေဒနာကုန်လို့ နိဗ္ဗာန်ရောက်တာ မဟုတ်ဘူးဆိုတာလည်း မှတ်ဖို့လိုပါတယ်။
ဒါကြောင့် ယောဂီပုဂ္ဂိုလ်ရဲ့ ပြည့်စုံရမယ့် အင်္ဂါသုံးပါးမှာ ဝေဒနာကို ကောင်းစွာ အပြားအားဖြင့် သိ ဆိုတဲ့ နေရာမှာ သုခဝေဒနာကိုလဲ ဖြစ်ပျက်ဒုက္ခသစ္စာအနေအားဖြင့် သိရမယ်၊ ဒုက္ခဝေဒနာကိုလဲ ဖြစ်ပျက် ဒုက္ခသစ္စာ အနေအားဖြင့် သိရမယ်၊ ဥပေက္ခာဝေဒနာကိုလဲ ဖြစ်ပျက် ဒုက္ခသစ္စာ အနေအားဖြင့် သိရမယ်၊ အဲဒီလို သိမှ ဝေဒနာသိ အမှန် ဖြစ်ပါတယ်။ ဒါဟာ ဝေဒနာကို ပိုင်းခြား သိခြင်းပေါ့။ ဝေဒနာဟာ ပိုင်းခြားသိရမယ့် တရားပါ၊ ပယ်ရမယ့်တရား မဟုတ်ပါ။ ကုန်အောင်လုပ်ရမယ့် တရားမဟုတ်ပါ။
ပြီးတော့ သုခဝေဒနာရဲ့ ဖြစ်ကြောင်းကိုလဲ သမုဒယသစ္စာ အနေအားဖြင့် သိရမယ်၊ ဒုက္ခဝေဒနာရဲ့ ဖြစ်ကြောင်းကိုလဲ သမုဒယသစ္စာ အနေအားဖြင့် သိရမယ်၊ ဥပေက္ခာဝေဒနာရဲ့ ဖြစ်ကြောင်းကိုလဲ သမုဒယသစ္စာ အနေအားဖြင့် သိရမယ်။
နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခတွေကို ဝေဒနာလုပ်ပြီး ကုန်အောင် ချုပ်အောင် ဆုံးအောင် ရှုပွားနေတုန်း သူ့အကြောင်း ချုပ်လို့ အကျိုးချုပ်သွားခိုက်နှင့် မိမိက ကုန်ချုပ်ဆုံးအောင် ရှုပွားခိုက်နှင့် ဆုံသွားတော့ ငါ ရှုတာ ဝေဒနာ ကုန်သွားပြီလို့ ဒီလောက် အမှားသိနဲ့ တရားမရပါ။ ဝေဒနာသိ မဟုတ်ပါ၊ အမှားသိတာ ဖြစ်ပါသေးတယ်။
ဝေဒနာကို ဖြစ်ပျက် ဒုက္ခသစ္စာ အနေဖြင့် သိရမယ်။ ဝေဒနာဖြစ်ကြောင်းကို သမုဒယသစ္စာအနေနဲ့ သိရမယ်၊ အဲဒီလို သိမှ အမြင်မှန် ဖြစ်ပါတယ်။
တစ်ဆင့်တက်လိုက်တော့ သုခဝေဒနာကို ရှုပွားတဲ့ ဉာဏ်ကိုလဲ မဂ္ဂသစ္စာအနေဖြင့် သိပါ၊ ဒုက္ခဝေဒနာကို ရှုပွားတဲ့ဉာဏ်ကိုလဲ မဂ္ဂသစ္စာအနေဖြင့် သိပါ၊ ဥပေက္ခာဝေဒနာကို ရှုပွားတဲ့ ဉာဏ်ကိုလဲ မဂ္ဂသစ္စာအနေဖြင့် သိပါ။
ခံစားမှုဝေဒနာဟာ နာမ်တရားဖြစ်တော့ အဲဒီ ခံစားမှု ဝေဒနာကို ခံစားခိုက်မှာ နာမ်၊ နာမ် လို့ ရှုပွားနေတာဟာ မဂ္ဂသစ္စာပါ။ နာမ်၊ နာမ် လို့ ရှုနေတာဟာ မဂ္ဂသစ္စာကို ပွားများနေတာပါပဲ။ မဂ္ဂသစ္စာကို ပွားများသည့်အနေနဲ့သိပါ။ နာမ် လို့ တစ်ချက်ရှုရင် တစ်ချက် မဂ္ဂသစ္စာကို ပွားတယ်၊ တစ်ချက် မဂ္ဂသစ္စာသိပါပဲ။
အဲဒီလို မဂ္ဂသစ္စာကို ပွားများတော့ ဝေဒနာရဲ့ ဒုက္ခသစ္စာ အချက်ကို ပိုင်းခြား သိလာပါတယ်။ အဲဒီလို သိတဲ့အတွက် ဝေဒနာရဲ့ သမုဒယသစ္စာ အချက်ကို ပယ်ဖျက်နိုင်ပါတယ်။
အဲဒီလို ဒုက္ခသစ္စာ ပိုင်းခြားသိ၊ သမုဒယသစ္စာ ပယ်ခွာ သိတော့ တဒင်္ဂခဏ ကိလေသာ ငြိမ်းအေးမှုကို သိပါတယ်။ ဒါဟာ ခဏ နိရောဓ အနေနဲ့ နိရောဓသစ္စာသိ ဖြစ်ပါတယ်။
ဝေဒနာကို ရှုပွားနေတဲ့အခိုက် ယောဂီပုဂ္ဂိုလ်မှာ ငြိမ်းချမ်းမှု၊ ငြိမ်းအေးမှု ဖြစ်နေပါတယ်။ ကိုယ်ချမ်းသာ ဆင်းရဲနှင့် မဆိုင်ပါ၊ တဒင်္ဂတစ်ခဏ ကိလေသာ ငြိမ်းအေးမှုကို ဆိုလိုပါတယ်။ အဲဒါကို နိရောဓသစ္စာအနေနဲ့ သိပါ။ အဲဒါ လောကီ သစ္စာတွေပါ။ လောကုတ္တရာသစ္စာ မဟုတ်သေးပါ။
ဝေဒနာရှုပွားတဲ့ ယောဂီမှာ ရှုပွားမှု မှန်ကန်ရင် ဘယ်နှစ်ချက်သိလဲဆိုရင် လေးချက် သိရပါမယ်၊ လေးချက်က ဘာတွေလဲဆိုတော့ ခုနပြောခဲ့တဲ့ သစ္စာ ၄ ချက်ပါ။
ဝေဒနာ ရှုပွားလိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာ ခံစားမှု ဝေဒနာ နာမ်ကို အာရုံပြုပြီး နာမ်၊ နာမ်လို့ ရှုပွားနေတာက မဂ္ဂသစ္စာပါ၊ အရှုခံ ခံစားမှု ဝေဒနာ နာမ်က ဖြစ်ပျက် ဒုက္ခသစ္စာပါ၊ ဝေဒနာကို ဖြစ်စေတတ်တဲ့ အကြောင်းတရားဟာ သမုဒယသစ္စာပါ၊ ဒုက္ခကို သိ၊ သမုဒယကို ပယ်နိုင်လို့ အေးငြိမ်းသွားတာက နိရောဓသစ္စာပါ။
အဲဒီ သစ္စာ ၄ ချက် ဖြစ်ပါတယ်။ အဲဒါကို သဘောပေါက်ပါ၊ ဒုက္ခသစ္စာမြင်မှ တရားတက်မှာပါ၊ ဒုက္ခသစ္စာမမြင်ရင် တရားမတက်ပါ။
ဒါကြောင့် သုခဝေဒနာကို ဖြစ်ပျက် ဒုက္ခသစ္စာထင်မြင်အောင် ရှုပါ၊ အဲဒီလို ရှုပွားတော့ သုခဝေဒနာသည် တည်နေသဖြင့် ချမ်းသာတယ်၊ ဖောက်ပြန်ပျက်စီးသဖြင့် ဆင်းရဲတယ်လို့ တွေ့မြင်သိရှိလာပါလိမ့်မယ်။
အဲဒီလို တွေ့ရှိသိမြင်လာရင် ဒီသုခဝေဒနာဟာ ဘာမှ သာယာစရာ မက်မောစရာမရှိဘူး၊ တော်တော်ကြာ ဆင်းရဲမယ့် တရား၊ ဖောက်ပြန် ပျက်စီးသွားမယ့် တရား၊ ဘယ်တော့များ ဖောက်ပြန် ပျက်စီးမလဲ၊ ဘယ်တော့များ ပျက်စီးမလဲဆိုပြီး ဝေဒနာရဲ့ အပျက်ကို ယောဂီက မြင်အောင် စောင့်ကြည့်ပြီး နေရတာပါ။ စောင့်ရှု ချောင်းရှု နေရတာပါ။
ယောဂီက ကုန်သွားအောင် ပျက်သွားအောင်ဆိုပြီး မရှုရ မကြည့်ရပါ။ ကုန်အောင် ပျက်အောင် ရှုကြည့်ရင် မှားပါတယ်၊ တရားရှုပွားတဲ့အခါ ယောဂီအလို မပါပါစေနဲ့၊ သူ့ အလိုအတိုင်း ဖြစ်ပျက်နေတဲ့ သဘာဝဖြစ်ပျက်ကို မြင်အောင် ရှုပွားပါ။
ခံစားမှုဝေဒနာကို တွေ့တယ် ဆိုကတည်းက ဝေဒနာရဲ့ ဖြစ်စ တွေ့နေပါပြီ။ ဖြစ်လာသမျှ သင်္ခါရတရားသည် ပျက်ခြင်း အဆုံးရှိတယ်ဆိုတော့ -- ဪ = သူ တော်တော်ကြာ ပျက်မှာပဲ၊ ဘယ်တော့ ပျက်မလဲ .. ဆိုပြီး အပျက်မြင်အောင် ဆက်ကြည့်ပါ။ ဆက်ရှုပါ။ ဝေဒနာအစစ်အမှန်သာ တွေ့ပါက အပျက်တွေ့ပါလိမ့်မယ်၊ မြင်ပါလိမ့်မယ်။
အချို့ ဒုက္ခဝေဒနာ ရှုပွားတဲ့ သူတွေက သူတို့ ရှုပါတယ်၊ မပျောက်လဲ မပျောက်ပါလား .. တဲ့၊ မပျောက်မပျက်ဘဲနဲ့ တည်နေတဲ့ ပရမတ်တရားရယ်လို့ မရှိပါဘူး။
အဲဒီလို အပျက်မြင်တာလဲ သန္တတိပညတ်စင်မှ မြင်မှာပါ။ မပျောက်ဘူးဆိုတာ ပရမတ် ရုပ်နာမ် မမြင်လို့ပါ၊ သန္တိပညတ်တွေပဲ တွေ့နေလို့ပါ။ အစမှအဆုံးထိ မရှုပွားလို့ပါ၊ သတိလွတ်လို့ပါ။
ရုပ်ဒုက္ခကိုရှုတဲ့ ယောဂီက အဲဒီရုပ်ဒုက္ခကြီး ပျက်သွားချင် ပျောက်သွားချင်တဲ့ သဘောနဲ့ ရှုတတ်ပါတယ်။ မိမိကိုယ်က အဲဒီနာမှုကြီး ပျောက်ပါလားဆိုတဲ့ တရားရပြီလို့ထင်ပြီး ပျောက်အောင်ရှုလို့ မပျောက်ပါလား ဆိုတဲ့ အသံထွက်လာတာပါ။ အမှန်က အဲဒီရုပ်ဒုက္ခရဲ့ အဖြစ်အပျက်ကို မြင်အောင်ရှုရမှာပါ။ ပျောက်ပျောက် မပျောက်ပျောက် အဖြစ်အပျက် မြင်ဖို့ရာသာ ပဓာနပါ။
ဝေဒနာတရားဟာ အင်မတန် နူးညံ့ပါတယ်၊ ဒုက္ခဝေဒနာထက် သုခဝေဒနာက ပိုပြီး နူးညံ့သိမ်မွေ့ပါတယ်၊ ဒါကြောင့် သုခဝေဒနာကို တိုက်ရိုက်ရှုဖို့ရာ မလွယ်လှပါ၊ ဝေဒနာဟာ ရုပ်လို့မထင်ရှားပါ။
ယခု တွေ့ရသလောက် ယောဂီအများစုတွေဟာ ရုပ်သုခ-ရုပ်ဒုက္ခကိုပဲ နာမ်ဝေဒနာလုပ်ပြီး ရှုနေတာ အများဆုံး တွေ့ရပါတယ်၊ နာမ်ဝေဒနာရှုသူ အစစ်အမှန်ရယ်လို့ မတွေ့ရသလောက်ပါပဲ၊ နာမ်ဝေဒနာဟာ တစ်ဆင့်ခံ ဖြစ်နေတော့ အမှန်တော့ အရှုခက်ပါတယ်၊ အရှုရမလွယ်ပါ။
ဥပမာ - ယခု နေပူတော့ ကိုယ်ပူမနေဘူးလား၊ အဲဒီလို ပူနေတော့ အခုနေ လေအေးလေး တိုက်လိုက်ယင် ချမ်းသာသွားတာကို သတိထားရှုကြည့်ပါ။ ဘာကြောင့် ချမ်းသာလဲ၊ ဘယ်သူရဲ့ချမ်းသာလဲ၊ ချမ်းသာတယ်လို့ သိတာ ဘယ်သူက သိတာလဲ၊ အဲဒီချမ်းသာကို ဘယ်သူက ခံစားတာလဲ ရှုကြည့်ပါ၊ ကွဲပြားအောင် ရှုကြည့်ပါ။
ဘာကြောင့် ချမ်းသာတာလဲ ဆိုတော့ လေအေးလေး တိုက်ခတ်မှုကြောင့် ချမ်းသာတယ်၊ ချမ်းသာတာက ရုပ်၊ ချမ်းသာတယ်လို့ သိတာက ဝိညာဏ်၊ ချမ်းသာတာကို ခံစားတာက ဝေဒနာ၊ အဲဒီလို ကွဲပြားအောင် ရှုကြည့် သိရမှာပါ။
အဲဒီခန္ဓာကိုယ်မှာ ချမ်းသာတဲ့သုခဟာ ဘာကြောင့်ဖြစ်လဲဆိုရင် လေအေးလေး တိုက်ခတ်မှုကြောင့် ဖြစ်ပါတယ်။ လေအေးလေးက အကြောင်းအာရုံပေါ့၊ ချမ်းသာမှုက အကျိုးသုခ။ အဲဒီအကျိုးသုခကို ခံစားချင်ရင် အကြောင်းလေအေးလေးကို မျှော်ရတယ်။
လေအေးက အကြောင်း အာရုံ၊ ကိုယ်ချမ်းသာတာက အကျိုးဝတ္ထု။ ခံစားမှုက ဝေဒနာပေါ။ အကြောင်းအာရုံကလဲ ရုပ်၊ အကျိုးဝတ္ထုကလဲ ရုပ်၊ အဲဒီအကြောင်း အာရုံနဲ့ အကျိုးဝတ္ထုဆုံမှ ခံစားမှု ဝေဒနာက ဖြစ်လာပြီး ခံစားနိုင်တာပါ။
ဒါကြောင့် သုခဝေဒနာ ရှုချင်တဲ့ ယောဂီ ပုဂ္ဂိုလ်ဟာ အလိုရှိအပ် ကောင်းမြတ်တဲ့ လေအေးဆိုတဲ့ ဣဋ္ဌာရုံကို အာရုံပြု၍ သုခဝေဒနာ ဖြစ်ပျက်ပုံကို မြင်အောင် ရှုပါ၊ အဲဒီလို ရှုရင် ဝေဒနာရဲ့ အကြောင်းပါ တစ်ခါတည်း သိမ်းဆည်းပြီးသား ဖြစ်သွားပါတယ်။
အဲဒီလို အကျိုးအကြောင်း မြင်မှ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်မှာပါ၊ ဒီဉာဏ်ပိုင်မှ ဝိစိကိစ္ဆာကင်းမှာပါ။ ခံစားမှုဝေဒနာလောက်ပဲ မြင်ရင် နာမ်ပဲ သိသေးတာပေါ့။
ဒီဝေဒနာဟာ ဘယ်မှီဖြစ်လဲဆိုရင် ရုပ်မှီဖြစ်တယ်၊ ဒီတော့ ဝေဒနာကနေ ရုပ်ကို သိတယ်၊ ဒီတော့ နာမ်ကိုသိတယ်၊ ရုပ်ကို သိတယ်၊ ဒီလောက်ပဲရှိမယ်၊ နာမရူပ ပရိစ္ဆေဒဉာဏ်ပေါ့။
အဲဒီခံစားမှု ဝေဒနာကို ရှုရင်း ရှုရင်း ဒီဝေဒနာရဲ့ ဖြစ်ကြောင်းဟာ ဘာလဲ၊ ပျက်ကြောင်းဟာ ဘာလဲလို့သိအောင် ဆက်ရှုတော့ ဖြစ်ကြောင်းကို သိတယ်၊ ပျက်ကြောင်းကို သိတယ်။
အဲဒီလို ဖြစ်ကြောင်း ပျက်ကြောင်းကို သိမှ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်ပါတယ်၊ အဖြစ်အပျက်မျှသိရင် ဥဒယဗ္ဗယဉာဏ်ပါပဲ။ အဲဒီ ကြောင်းကျိုးနှင့်တကွ ဖြစ်ပျက်သိမှ သိတဲ့ဉာဏ်ဟာ တန်ဖိုးရှိပါတယ်။
ဝေဒနာကတော့ နောက်လဲပဲ အကြောင်းညီညွှတ်ရင် ဒီအတိုင်းပဲ ဖြစ်ချုပ် ဖြစ်ချုပ် အနေပဲ ဖြစ်ချုပ်နေမှာပါပဲ၊ အဲဒီဖြစ်ချုပ်သဘောတွေ သိတဲ့အတွက် ဘာချုပ်သွားလဲဆိုတော့ သုခဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ တဏှာလောဘ ချုပ်ပါတယ်။
အဲဒီ သမုဒယသစ္စာထိုက်တဲ့ တဏှာလောဘကို ပယ်နိုင်အောင် အပြီးချုပ်အောင် ကုန်အောင် ဝေဒနာကို ရှုပွားရပါမယ်၊ ဝေဒနာကုန်သွားအောင် အပြီးချုပ်သွားအောင် ရှုရမှာ မဟုတ်ပါဘူး။
ဒီလောက်ဆိုရင် သုခဝေဒနာနဲ့ ပတ်သက်လို့ အတော်လေး တီးမိခေါက်မိရှိလောက်ပါပြီ၊ နောက်ရက်မှာ ဒုက္ခဝေဒနာ ရှုပွားနည်းကို ဆက်လက်ဖော်ပြပေးပါမယ်။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။
ဝေဒနာရှုပွားနည်း (၄)
ဝေဒနာရှုပွားနည်း (၃) မှာ သုခဝေဒနာရှုပုံပြောခဲ့ပါပြီ၊ ဒီကနေ့ ဒုက္ခဝေဒနာရှုပွားအားထုတ်နည်းကို ပြောရအောင်ပါ။ ဒီဒုက္ခဝေဒနာကို ကုန်အောင် ရှုတဲ့ ယောဂီဦးရေဟာ ရာနှုန်း ပြည့်လောက်ပါပဲ။
အများအားဖြင့် တရားရှုပွား အားထုတ်လို့ အထိုင်ကြာတဲ့အခါ နာကျင်ကိုက်ခဲမှု စတဲ့ ရုပ်ဒုက္ခတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီဒုက္ခကို ရှုတော့ ဒုက္ခလို့ ထင်တယ်နော်။
အမှန်က ဒီခန္ဓာကိုယ်ကြီးက မနာလဲဒုက္ခ၊ နာလဲဒုက္ခပါ။ နာကျင်ကိုက်ခဲတဲ့ ဒုက္ခတွေကို အရှုခံထားပြီး ဣရိယာပုတ်ကို မပြင် မပြောင်းဘဲ ရှုတော့ အဲဒီ ဒုက္ခတွေ ပျက်သွားတယ် ပြယ်သွားတယ် မရှိဘဲ၊ လျော့သွားတယ် မရှိဘဲနဲ့ တိုးလာတယ်၊ ပွားပွားလာတယ်၊ အဲဒီလို မြင်တွေ့ရရင် အမြင်မှားနေပါပြီ။
အထိုင်ကြာလို့ နာကျင်ကိုက်ခဲမှုတွေ ဖြစ်လာရင် သူ့ကို သတိမထားဘဲ သည်းခံနိုင်သလောက် သည်းခံပြီး မိမိရှုနေကျ မူလကမ္မဋ္ဌာန်းဖြစ်တဲ့ နှာခေါင်းမှာ လေဝင်တိုင်း ထွက်တိုင်း တိုးတဲ့ ထိတဲ့ သဘောကို တိုးထိတိုင်း ရုပ် ရုပ် လို့ ရှုရပါတယ်။
သည်းမခံနိုင်တဲ့ အဆုံးမှာ ဣရိယာပုတ်ကို ပြောင်းပေး ပြင်ပေးပြီး၊ ပြောင်းဆဲပြင်ဆဲမှာတော့ နှာခေါင်းမှာ တိုးထိတဲ့ သဘောကို ရုပ် ရုပ် ဟု မရှုဘဲ နာကျင်ကိုက်ခဲဆုံးနေရာကို အသိ သတိကပ်ကာ မပြင်ခင် မပြောင်းခင်က ဘယ်လိုနာကျင်ကိုက်ခဲတယ်၊ ပြင်ဆဲ ပြောင်းဆဲမှာ ဘယ်လိုနာကျင်ကိုက်ခဲတယ်ဆိုတာ သိအောင် တစ်နာ တစ်သိ၊ တစ်ကျင် တစ်သိ၊ တစ်ကို တစ်သိ ၊ အံကိုက်ဖြစ်အောင် ရုပ် ရုပ် ဟု ရှုရင်း ပြင်ပါ၊ ပြောင်းပါ။
ရှုပွားအားထုတ်ခါစမှာ ဒီနာကျင် ကိုက်ခဲမှု ရုပ်ဒုက္ခနဲ့ ခံစားမှုဝေဒနာကို မကွဲသေးတော့ ကြားဖူးနားဝနဲ့ အဲဒီ နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခကို ဝေဒနာလုပ် ရှုတတ်ပါတယ်။
ရှုပြန်တော့ သူ့သဘောသိအောင် မရှုဘဲ အဲဒီ နာကျင် ကိုက်ခဲမှု ရုပ်ဒုက္ခကို ကုန်အောင် ရှုရမယ်လို့ ကြားဖူးထားတော့ ခြေထောက်တွေ၊ ဒူးတွေ၊ ပေါင်တွေ၊ ခါးတွေ၊ ကိုယ်တွေ၊ လက်တွေကို တင်းတောင့်ချုပ်ပြီး ရှုတတ်ပါတယ်။ အဲဒီလို ရှုတော့ ချုပ်ထားတော့ ပိုပြီးနာကျင်ကို်က်ခဲမှုတွေ တိုးလာပါတယ်။ တိုးလာလေ တိုးပြီးတော့ ချုပ်ပြီး နာကျင်ကိုက်ခဲမှုတွေ ကုန်အောင် ရှုလေ၊ တိုးလေဆိုတော့ ချာချာလည်နေတော့တာပေါ့။ အင်မတန် ဆင်းရဲ ပင်ပန်းပါတယ်။ တရား အားထုတ်တဲ့အခါ မပင်ပန်းရပါ။
ရှုပွားအားထုတ်တဲ့အခါမှာ ဝေဒနာ ကုန်အောင် ရှုပွားအားထုတ်တဲ့အတွက် အရှုပွား မှားပါတယ်၊ တစ်ခါ ခံစားမှုဝေဒနာကို တိုက်ရိုက်မရှုဘဲ ရုပ်ဒုက္ခကြီးကို ဝေဒနာလုပ်ပြီး ရှုပြန်တော့ တစ်ခါ မှားပြန်ပါတယ်။
သူ့သဘောကို ဘယ်လိုလဲလို့သိအောင် ရှုပွားရမှာကို မရှုပွားဘဲ ကုန်အောင် ရှုပွားပြန်တော့ တစ်ခါမှားပြန်ပါတယ်။
အမှန်က နာကျင်ကိုက်ခဲမှုက ရုပ်ဒုက္ခ၊ ခံစားတာက ဝေဒနာ၊ ရုပ်ဒုက္ခကို ခံစားတဲ့အတွက် ဒုက္ခဝေဒနာ ခေါ်တာပါ။
အဲဒီ ဒုက္ခဝေဒနာကို သိအောင် ရှုရမှာပါ၊ မြင်အောင် ရှုရမှာပါ၊ ဘယ်လိုမြင်အောင် ရှုရမှာလဲဆိုယင် ဖြစ်ပျက် မြင်အောင် ရှုရမှာပါ။
မိမိတို့ ရှုတဲ့ ရုပ်ဒုက္ခဟာ တစ်ဖြစ်တည်း ဆက်ဖြစ်နေတာ မဟုတ်ပါဘူး၊ တစ်ဖြစ်ပြီးမှ တစ်ဖြစ် ဖြစ်နေတာပါ။ ပထမတစ်ဖြစ်က ပျက်သွားတယ်၊ အဲဒီ ပျက်သွားတဲ့ နေရာမှာ နောက်တစ်ဖြစ်က အစားထိုး ဖြစ်လာတယ်။
အဲဒီရုပ်ဒုက္ခက အဲဒီလို တစ်ဖြစ် တစ်ပျက် တစ်ဖြစ် တစ်ပျက် ဖြစ်ပျက်နေတာပါ။ ရုပ်ဒုက္ခရှုတဲ့နေရာမှာ မိမိနှင့် အမျိုးမတော်စပ်တဲ့ သူစိမ်း လူမမာတစ်ယောက်ကို ကြည့်တဲ့ အနေမျိုး ရှုကြည့်နိုင်မှ အမြင်မှန်ပါတယ်။
ကိုယ်ရဲ့ဆွေမျိုးမတော်တဲ့ သူစိမ်း လူမမာတစ်ယောက်ကို ဆရာဝန်က စစ်ဆေး မေးမြန်းနေသလိုလေး ရှုပွားရမှာ၊ နေသာသလိုနေပြီး ရှုပွားရမှာပါ။
ဒီဒုက္ခဝေဒနာဟာ မိမိအလိုမရှိအပ် မနှစ်သက်အပ်တဲ့ အနိဋ္ဌာရုံကို အာရုံပြု ဖြစ်လာတာပါ။
ဒီတော့ အနိဋ္ဌာရုံကြောင့် ဒုက္ခဝေဒနာဖြစ်၊ အနိဋ္ဌာရုံ ပျက်ရင် ဒုက္ခဝေဒနာလဲပျက်ပေါ့၊ အဲဒါကို မြင်အောင် ထပ်ကာ ထပ်ကာ ကြိမ်ဖန်များစွာ ရှုကြည်နေရမှာပါ။ ဖြစ်အောင်လဲ မလုပ်ရပါ၊ ပျက်အောင်လဲ မလုပ်ရပါ၊ ဘယ်ဖြစ်လဲ၊ ဘယ်လိုပျက်လဲ၊ ဘာကြောင့်ဖြစ်လဲ၊ ဘာ့ကြောင့်ပျက်လဲ စသည်ဖြင့် ကြောင်းကျိုးနှင့်တကွ မြင်အောင် ရှုကြည့်ရမှာပါ။
အဲဒီဝေဒနာကို အာရုံကပဲ သတိကပ်ပြီး ထပ်ကာထပ်ကာ ရှုကြည့်တာကို ရှုတယ်၊ ပွားတယ်၊ အားထုတ်တယ်ခေါ်တာပါ။
ဒါဖြင့် ဒုက္ခဝေဒနာကို ဘယ်လိုရှုမလဲ?
အရာဝတ္ထုတစ်ခုကို အေးဆေးငြိမ်သက်စွာ ရှုကြည့်နေသလို ရှုကြည့်သင့်တယ်ပေါ့။
အဲဒီလိုရှုနေ ကြည့်နေလို့ပြောရင် မရှုတတ် မကြည့်တတ်မှာစိုးလို့ လူပြိန်း နားလည်အောင် မှတ်လို့ ဆိုပြီး မှတ်ခိုင်းတာပါ၊ မှတ်ဆိုတော့လဲ ဒါဟာ ဝေဒနာပဲလို့ အသိအမှတ်ပြုပြီး ရှုကြည့်နေတာပါပဲ။ အဲဒါကို ယောဂီပုဂ္ဂိုလ်က မသိတော့ ပါးစပ်နဲ့ဆိုပြီး နာတယ်၊ နာတယ်၊ ကျင်တယ်၊ ကျင်တယ် စသည်ဖြင့် မှတ်တတ်ပါတယ်။
အမှန်ကတော့ ဒုက္ခဝေဒနာကို ငြောင့်တံသင်းနှင့်တူသောအားဖြင့် ရှုပါတဲ့၊ ငြောင့်ဆိုတာ ဘယ်လိုသဘောရှိလဲ စူးရှတဲ့သဘော၊ စူးဝင်တဲ့သဘောရှိပါတယ်၊ နာကျင်ကိုက်ခဲစေတတ်ပါတယ်။
အဲဒီအတူပဲ ဒုက္ခဝေဒနာ ဖြစ်ပေါ်လာရင် စူးရှတယ်၊ စူးဝင်တယ်၊ နာကျင်ကိုက်ခဲမှုကို ဖြစ်စေတတ်တယ်၊ အဲဒါ ဒုက္ခဝေဒနာရဲ့ သဘောပါပဲ၊ အဲဒီသဘောကို မြင်အောင် ကြည့်ရှု ရမှာပါ။
အဲဒီလို ရှုကြည့်တော့ ဒီဒုက္ခဝေဒနာဟာ တည်နေသဖြင့် ဖြစ်နေသဖြင့် ဆင်းရဲပုံ၊ မတည်မြဲသဖြင့် ဖောက်ပြန်ပျက်စီးသဖြင့် ချမ်းသာပုံကို သိမြင်လာပါလိမ့်မယ်၊ အဲဒီလို မြင်ရင် အမြင်မှန်ပါ။
ကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ ကာယိက ဒုက္ခဝေဒနာကို ရှုပွားလိုတဲ့ ယောဂီဟာ ဣရိယာပုတ် ၄ ပါးတွင် မိမိနေလိုတဲ့ ဣရိယာပုတ်နှင့်နေပြီး ခန္ဓာကိုယ်တွင်း အဆင်းရဲဆုံးနေရာကို အသိကပ်ပြီး သတိမပြတ် အထပ်ထပ် ရှုကြည့်ရမှာပါ။
ယင်းသို့ ရှုပွားတဲ့အခါ ဆူနေသော ရေနွေးအိုးထဲမှ ရေနွေးပွက်ငယ်တွေ ပေါ်ပေါက် ထွက်လာသလို ဝေဒနာတွေက တစ်ပုံ၊ ဝေဒနာ ပေါ်ထွက်ရာဌာနက တစ်ပုံလို့ တွေ့သိလာပါလိမ့်မယ်။
ထိုအခါ ဝေဒနာက နာမ်၊ ဝေဒနာထွက်ပေါ်ရာ ဌာနက ရုပ်ဖြစ်သဖြင့် နာမ်ကို အခြေခံပြီး ရုပ်ကို သိမြင်ရခြင်း စသည် ဖြစ်ပေါ်လာပါလိမ့်မယ်၊ နာမ် ရုပ် ပိုင်းခြား သိတဲ့ဉာဏ် ဝင်လာပါတယ်။
ဒုက္ခဝေဒနာကို ရှုပွားရာမှာ အဲဒီ ဒုက္ခဝေဒနာကို သည်းမခံနိုင်လို့ ခွာရှုသောနည်း၊ သည်းခံနိုင်လို့ အဲဒီဒုက္ခဝေဒနာကိုပင် တိုက်ရိုက်ရှုသော နည်းရယ်လို့ ရှုနည်း ၂ မျိုး ရှိပါတယ်။
ဒီမှာတော့ ဒုက္ခဝေဒနာကို ခွာရှုနည်းပဲပြပါမယ်။
နှာခေါင်းမှာ တိုးသဘောကို ရှုပွားနေစဉ် အထိုင်ကြာခြင်းကြောင့် အောက်ပိုင်းခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ကာယိက ဒုက္ခဝေဒနာကို သတိမထားဘဲ သည်းခံကာ တိုးသဘောပဲ ရှုကြည့်ပါ။
ဘယ်လိုမှ သည်းမခံနိုင်၊ သတိမထားနိုင်ဘဲ မနေနိုင်လျှင် တိုးသဘောကို မရှုနိုင်တော့ဘဲ အနာကျင် အကိုက်ခဲဆုံး နေရာကို သတိကပ်ကာ နာကျင်မှု ရုပ်ဒုက္ခကို အာရုံပြုကာ ရုပ်၊ ရုပ် ဟု ရှုရင်း ပြင်ပါ၊ သို့မဟုတ် ခံစားမှု ဝေဒနာကို အာရုံပြုကာ နာမ်၊ နာမ် ဟု ရှုရင်းပြင်ပါ၊ ပြင်ပြောင်းပြီးက မူလရှုနေကျ တိုးသဘောပဲ ပြန်ရှုပါ။
ဘယ်လိုပင် ပြင်ပြောင်းသော်လဲ နာကျင် ကိုက်ခဲမှုတွေ မပျောက်မပျက်ပါက အနာအကျင် အကိုက်အခဲဆုံး နေရာကို အာရုံပြုကာ ရုပ်ဒုက္ခကို ရုပ်၊ ရုပ် ဟု ရှုနေပါ၊ သို့မဟုတ် ခံစားမှု ဝေဒနာကို နာမ်၊ နာမ် ဟု ရှုပါ။
အဲဒီဒုက္ခဝေဒနာကို ရှုပွားတော့ ဒုက္ခဝေဒနာဟာ တည်နေစဉ် ဆင်းရဲမယ်၊ ဖောက်ပြန် ပျက်စီးသွားရင် ချမ်းသာမယ် ဆိုတော့ ဆင်းရဲချမ်းသာ မြင်တွေ့နေရမှာပါ။ ဒုက္ခဝေဒနာရဲ့ အဖြစ်အပျက် မြင်တွေ့နေရမှာပေါ့။ အဲဒီလို မြင်တွေ့တော့ ဒုက္ခဝေဒနာပေါ်မှာကိန်းတဲ့ ပဋိဃာနုသယ ဆိုတဲ့ ဒေါသ ချုပ်သွားပါမယ်။
ဒုက္ခဝေဒနာရဲ့ ဖြစ်ပျက်ကိုမြင်လို့ ဒေါသချုပ်သွားတော့ ဒုက္ခဝေဒနာကတော့ ဖြစ်ပျက်အနေပဲ ဆက်လက်ပြီး ဖြစ်ပျက်နေမှာပဲ၊ နောက်တစ်ခါ ဒုက္ခဖြစ်လာစရာအကြောင်း ကြုံလာရင် ဒုက္ခဖြစ်ဦးမှာပဲ၊ ခံစားမှုဝေဒနာကလဲ ခံစားမှာပဲ။
ဒါပေမယ့် ဒေါမနဿ၊ ဒေါသက အပြီးချုပ်သွားပြီဆိုရင် အဲဒီဒုက္ခဝေဒနာကြောင့် အပယ်ကျဦးမလားဆိုတော့ မကျတော့ပါ။ ဒါကြောင့် ဒုက္ခဝေဒနာရှုလို့ရှိရင် အဲဒီ ဒုက္ခဝေဒနာရဲ့ အဖြစ်အပျက်ကို မြင်အောင်ရှုပါ၊ ပျက်တယ် ပြယ်တယ်လို့ တွေ့မြင်ရင် အမြင်မှန်ပါပြီ။
ဥပေက္ခာဝေဒနာကိုတော့ အကျဉ်းချုံးပြီးဖော်ပြပါမယ်။
ကိုယ်၌ ဖြစ်ပေါ်လာသော ဆင်းရဲနှင့်ချမ်းသာ ၂ မျိုးမှ လွတ်သော ကြားခံစားခြင်း ခံစားမှုသည် ကာယိက ဥပေက္ခာဝေဒနာ မည်ပါတယ်။
စိတ်၌ ဖြစ်ပေါ်လာသော ဆင်းရဲနှင့်ချမ်းသာ ၂ မျိုးလုံးမှ လွတ်သော ကြားခံစားခြင်း၊ ခံစားမှုသည် စေတသိက ဥပေက္ခာ ဝေဒနာ မည်ပါတယ်။
အဲဒီ ဥပေက္ခာဝေဒနာကတော့ အသိခက်သလို အရှုလဲ ခက်ပါတယ်။ သုခဝေဒနာနှင့် ဒုက္ခဝေဒနာတို့ မဖြစ်လျှင် ဒီဥပေက္ခာဝေဒနာပဲဖြစ်ပါတယ်၊ ဒါကြောင့် အဖြစ်အများဆုံး ဝေဒနာဟာ ဒီဥပေက္ခာဝေဒနာ ဖြစ်ပါတယ်။
အာရုံ တစ်ခုကို တစ်ယောက်က အကောင်း၊ တစ်ယောက်က မကောင်း၊ တစ်ယောက်က အလယ်အလတ်လို့ အမျိုးမျိုး သတ်မှတ်ပါတယ်၊ ဒါကြောင့် အာရုံမမှန်ပါ။ နာကျင်ကိုက်ခဲမှု၊ ချမ်းသာမှု၊ သာယာစရာ အာရုံများကို စွဲလမ်းဖွယ်ရာအဖြစ် မထားဘဲ ရှုပွားနိုင်လျှင် ဥပေက္ခာဝေဒနာအဖြစ် ရှုပွားနိုင်ပါတယ်။ ဒါ့ကြောင့် အာရုံကို အမှန်ထား၍ ဥပေက္ခာဝေဒနာကို မသတ်မှတ်နိုင်ပါ၊ ပုဂ္ဂိုလ်အကြိုက်အလိုက် အာရုံ ကွဲပါတယ်။
သုခဝေဒနာကို ရှုပွားအားထုတ်တဲ့အခါ ဖြစ်ပြီး ပျက်သွားတဲ့ ဖြစ်ပျက် အနိစ္စထင်ရင် အမြင်မှန်ပါပြီ၊ အဲဒီလိုပဲ ဒုက္ခ ဝေဒနာရှုပွားတဲ့အခါမှာလဲ ဖြစ်ပျက် အနိစ္စထင်ရင် အမြင်မှန်ပါပြီ၊ ဥပေက္ခာဝေဒနာ ရှုပွားတဲ့အခါမှာလဲ ဖြစ်ပျက် အနိစ္စထင်ရင် အမြင်မှန်ပါပြီ။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။
ဝေဒနာရှုပွားနည်း (၅)
ဓမ္မဒူတ အရှင်ပညာဇောတရဲ့ ဝေဒနာရှုပွားနည်းတရားတော်ကို တင်ပေးလာတာ အခုဆိုယင် အပိုင်း (၅) ရောက်ပါပြီ။ ဆရာတော်ရဲ့ပထမပိုင်း တရားတော် ပြီးသွားပါပြီ။ အခု ဒုတိယပိုင်းပါ။ ဒီနေ့ဝေဒနာရှုပွားနည်း ကိုတော့ အယင်နေ့က တင်ပေးထားခဲ့တဲ့နည်းကို ပိုမို ရှင်းလင်းစေဖို့ ထပ်မံရှင်းလင်းပေးမှာဖြစ်ပါတယ်။
ဝေဒနာ၊ ဝေဒနာဆိုတော့ ဝေဒနာက ဘာတရားလဲဆိုတော့ နာမ်တရားပါ၊ ဒုက္ခ ဆိုတာ ဒဏ် တရားပါ၊ ဝေဒနာနာမ်တရားက စိတ်နှင့် ဖြစ်တူ ပျက်တူ အာရုံတူ မှီရာတူပါ။ ဒုက္ခဒဏ်တရားက ဘယ်မှာဖြစ်လဲဆိုယင် ကိုယ်မှာ ဖြစ်ပါတယ်။
ဒုက္ခဆိုတဲ့ ဒဏ်တရားက ကိုယ်နှင့်စပ်ပြီး ကိုယ်ပေါ်မှာ ပေါ်တာပါ။
အဲဒီ ဒဏ်ဆိုတာ တကယ်တော့ ရုပ်ပါ၊ ဖောက်ပြန်ရုပ် ဖြစ်နေတာပါ၊ အဲဒီ ဖောက်ပြန်တဲ့ ဒဏ်ရုပ်ကို ဝေဒနာလုပ် ရှုရမှာလား၊ ခံစားမှု ဝေဒနာနာမ်ကို ဝေဒနာလုပ် ရှုရမှာလားဆိုတော့ ဝေဒနာရှုချင်ရင် ခံစားမှုနာမ်ကို ဝေဒနာလုပ် ရှုရမှာပါ။
တင်ပါးနဲ့ ကြမ်းနဲ့ ထိထားတာ အထိနာလို့ သို့မဟုတ် ခြေထောက်တွေ ကွေးထားတာ အကွေးကြာလို့ နာတဲ့ ကျင်တဲ့ ကိုက်ခဲတဲ့ ဒဏ်ကို ဝေဒနာလုပ်မရှုပါနဲ့၊ ဒီဒဏ်ဟာ ရုပ်တရား ဖြစ်ပါတယ်၊ ရုပ်တရားဖြစ်လို့ ရုပ်လို့ ရှုပါ။
ဝေဒနာက နာမ်တရားဆိုတော့ အောက်ပိုင်း ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုဒဏ် တရားကို စိတ်က သိမှ စိတ်နှင့် ဖြစ်တူ ပျက်တူ အာရုံတူ ခံစားတာဟာ ဝေဒနာဖြစ်ပါတယ်၊ အဲဒီ ဝေဒနာဟာ နာမ်တရားဖြစ်လို့ နာမ်လို့ ရှုရပါတယ်။
ဝေဒနာရယ်၊ သညာရယ်၊ သင်္ခါရရယ်၊ စိတ်ရယ် ၄ ပါးကို နာမက္ခန္ဓာလေးပါး၊ နာမ်ခန္ဓာလေးပါးလို့ ခေါ်ပါတယ်၊ အဲဒီ နာမ်ခန္ဓာ ၄ ပါးဟာ အဖြစ်လဲတူပါတယ်၊ အတူတူဖြစ်ပါတယ်၊ အပျက်လဲ တူပါတယ်၊ အတူတူ ပျက်ပါတယ်၊ အာရုံလဲ တူပါတယ်၊ အာရုံ အတူတူ ပြုပါတယ်၊ မှီရာဝတ္ထုလဲ တူပါတယ်၊ မှီရာဝတ္ထု အတူတူပါပဲ။
ခံစားမှုဝေဒနာ နာမ်တရားဟာ စိတ်နဲ့ ဖြစ်တူ ပျက်တူ၊ အာရုံတူ၊ မှီရာဝတ္ထုတူဆိုတော့ စိတ်ဖြစ်ရင် ဖြစ်မယ်၊ စိတ်ပျက်ရင် ပျက်မယ်၊ ဒါဖြင့် ဘယ်အခါ ဝေဒနာချုပ်မလဲဆိုရင် စိတ်ချုပ်တဲ့အခါ ဝေဒနာ ချုပ်ပါမယ်။
စိတ်ကလဲ ခဏဖြစ် ခဏချုပ်အနေနဲ့ အမြဲတမ်းပဲ ချုပ်နေပါတယ်၊ ဝေဒနာကလဲ ခဏဖြစ် ခဏချုပ်အနေနဲ့ အမြဲတမ်းပဲ ဖြစ်ချုပ်အနေနဲ့ရှိနေတယ်လို့ဆိုရမှာပါ။
ဒါဖြင့် ဘယ်တော့ ဝေဒနာကုန်မလဲမေးရင် .. သေသာသွားမယ် တစ်ဘဝ တစ်စခန်း သိမ်းတဲ့အနေနဲ့ စိတ်ဝိညာဏ်ချုပ်လို့ ဝေဒနာချုပ်ပေမယ့် နိဗ္ဗာန် မရသေးရင် နောက်တစ်ဘဝ တစ်စခန်းအနေနဲ့ စိတ်ဝိညာဏ်ဖြစ်၊ ဝေဒနာဖြစ်၊ စိတ်ဝိညာဏ်ချုပ်၊ ဝေဒနာချုပ်ဆိုပြီး ဖြစ်ချုပ်ဖြစ်ချုပ် ဖြစ်ချုပ်နေရဦးမှာပါ၊ မကုန်သေးပါ၊ ဒါကြောင့် မကုန်သင့်တာကို ကုန်အောင် မကြိုးစားရပါဘူး။
ပဋ္ဌာန်းမှာ အနန္တရပစ္စည်း သမနန္တရပစ္စည်းဆိုတာ ရှိပါတယ်။
အဲဒီပစ္စည်း နှစ်ပစ္စည်းက ကျေးဇူးပြုတာဟာ အကြားမရှိ၊ ကောင်းစွာ အကြားမရှိ၊ ကျေးဇူးပြုပါတယ်တဲ့၊ စိတ် စေတသိက်တရားတွေ၊ အဲဒီ ၂ ခု ပေါင်းလိုက်တော့ နာမ် နာမ်တရားတွေ ကျေးဇူးပြုထားတာ အကြားအလပ် မရှိပါ။
စိတ်က တစ်စိတ်ချုပ်ပြီး တစ်စိတ်ဖြစ်၊ အကြားအလပ်မရှိ ဖြစ်ချုပ်နေသလို ဝေဒနာကလဲ စိတ်နဲ့ ဖြစ်တူပျက်တူဆိုတော့ ဝေဒနာ တစ်ခုချုပ် တစ်ခုဖြစ်၊ တစ်ခုချုပ် တစ်ခုဖြစ်လို့ အကြားအလပ်မရှိ ဖြစ်ချုပ်နေပါတယ်။
ကိုယ်က ဝေဒနာထင်ရှားအောင်ဆိုပြီး ဣရိယာပုတ်ကို မလှုပ်မကုတ်၊ မစောင်းမငဲ့၊ အောင့်ချုပ်ထားရမလား၊ အဲဒီလို မထားရပါဘူး၊ ဒါဖြင့် ကုန်အောင် လုပ်ရဦးမလားဆိုလဲ မလုပ်ရပါဘူး၊ စိတ်ဖြစ် ဝေဒနာဖြစ်၊ စိတ်ချုပ် ဝေဒနာချုပ်ပါ၊ ကိုယ်က ဖြစ်အောင် ပျက်အောင် လုပ်စရာ မလိုပါ၊ ဖြစ်ပျက်ကို မြင်အောင် ကြည့်ရမှာပါ၊ ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ရပါမယ်။
ဝေဒနာက နာမ်တရား၊ ဝေဒနာရယ်၊ သညာရယ်၊ သင်္ခါရရယ်၊ စိတ်ရယ် ..၊ ဒီနာမ်ခန္ဓာ ၄ ပါးဟာ ဖြစ်တူပျက်တူ အနေနဲ့ တစ်ဖြစ်တည်းဖြစ် တစ်ပျက်တည်းပျက်နေတာပါ၊ အဲဒီသဘောကို မသိတော့ ဘာကို ဝေဒနာလုပ် ရှုမိသလဲဆိုတော့ အထိုင်ကြာလို့ ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှု ဒဏ်တွေကို ဝေဒနာလုပ် ရှုကြပါတယ်။
ဒဏ် ဆိုတာက ရုပ်ခံရတာ၊ ရုပ်ဒဏ်ပါ၊ နာမ်ခံရတဲ့ ဝေဒနာ မဟုတ်ပါဘူး၊ အဲဒီ ရုပ်ခံရတဲ့ဒဏ်ကို နာမ်ဝေဒနာလုပ်ပြီး ရှုမယ်၊ အားထုတ်မယ်ဆိုရင် တကယ့်အစစ်အမှန် အာရုံထဲက ရုပ်ဒဏ်၊ မိမိတို့က ဝေဒနာအာရုံအဖြစ် ယူထားတယ်။
ရုပ်ဖောက်ပြန်တဲ့ ရုပ်ဒဏ်ကို ဝေဒနာအာရုံအဖြစ် ထားပြီး ယူဆရှုပွားနေတော့ အရှုအာရုံ မှားနေပါပြီ၊ အရှုခံအာရုံ မမှန်တော့ပါ။
အာရုံမှားတော့ ဘာထပ်မှားလဲဆိုတော့ ရုပ်အာရုံကို မိမိက ရုပ်အာရုံလို့ မသိဘဲနဲ့ ဝေဒနာအာရုံလို့ ယူဆရှုမှတ်တော့ အသိလဲ မှားပြန်ပါတယ်။
အဲဒါ ဘာမှားလို့ အသိမှားတာလဲဆိုတော့ အာရုံမှားလို့ အသိမှားတာပါ၊ တစ်ခါရှုပြန်တော့ အဖြစ်အပျက် မြင်အောင်ရှုမယ်ဆိုရင် မှန်သေးတယ်၊ ယခု ရှုပြန်တော့ ကုန်အောင် ရှုတယ်ဆိုပြန်တော့ ရှုနည်းမှားပြန်ပါတယ်။
ဝေဒနာရှုပွားသူအနေနဲ့ အာရုံမှန်ရမယ်၊ ရုပ်အာရုံ နာမ်အာရုံ အသိမှန်ရမယ်၊ အဲဒီအာရုံမှန်မှာ အသိမှန်နဲ့ရှုတော့ ဖြစ်ပျက် အနိစ္စ၊ ဖြစ်ပျက် ဒုက္ခ၊ ဖြစ်ပျက် အနတ္တကို မြင်အောင် ထင်အောင် ရှုပွားသွားမယ်ဆိုရင် ရှုနည်းမှန်ပါတယ်။
ဝေဒနာ ရှုချင်ရင် ခံစားမှု ဝေဒနာနာမ်ရဲ့ ခံစားမှုသဘောကို သိအောင်မြင်အောင် ရှုရမှာပါ၊ အဲဒီ ခံစားမှုသဘောက စိတ်နဲ့ ဖြစ်တူ ပျက်တူဆိုတော့ သိတယ်၊ ခံစားတယ်၊ အဲဒီလိုနေတာပါ၊ နာတယ်၊ သိတယ်၊ ခံစားတယ်၊ သိပ်မြန်ပါတယ်။
ရှုပွားအားထုတ်တယ်ဆိုတာ အရှုခံထားပြီး ရှုတဲ့အာရုံကို ရုပ်ပဲ နာမ်ပဲလို့သိပြီး ရုပ်ဆိုရင် ရုပ်ရဲ့သဘော လက္ခဏာ၊ နာမ်ဆိုရင် နာမ်ရဲ့သဘောလက္ခဏာကိုသိပြီး သတိထားပြီး ကြည့်နေရမှာပါ၊ ဝေဒနာနာမ်ကို ရှုချင်ရင်တော့ ခံစားမှုသဘောလက္ခဏာကို သတိကပ်ပြီး ရှုကြည့်နေဖို့ပါပဲ။
ဒါကြောင့် ဝေဒနာရှုသူအနေနဲ့ ပြောရရင် ခံစားမှု သဘောတရားကို ရှုရပါမယ်၊ နာကျင်ကိုက်ခဲတဲ့ ဒဏ်ရာ ဒဏ်ချက်ကို မရှုရပါ၊ ရှုချင်ရင်လဲ ရုပ် လို့ ရှုပါ။
ဒါပေမယ့် ကြောင်းကျိုးမကင်းဘူးလိ်ု့တော့ ပြောလို့ရပါတယ်၊ အဲဒီ ခံစားမှုတွေဟာ အဲဒီဒဏ်နဲ့ ကင်းရဲ့လား၊ မကင်းပါ၊ ဝေဒနာ ခံစားတာက ရုပ်ဖောက်ပြန်မှုဒဏ်ရဲ့ အရသာကို ခံစားတာ၊ ဒါကြောင့် ဒီဒဏ်နဲ့ ခံစားမှုဟာ အကြောင်းအကျိုးအနေနဲ့ မကင်းပါ။
နာကျင်ကိုက်ခဲမှုဒဏ် တစ်ချက်၊ ခံစားမှုဝေဒနာနာမ် တစ်ချက်၊ အဲဒီလို ဒဏ်တစ်ချက် ခံစားမှုတစ်ချက်ဆိုတော့ ခံစားမှုဝေဒနာ ရှုချင်ပါတယ်ဆိုရင် ခံစားမှု ရှုရပါမယ်၊ နာကျင်ကိုက်ခဲမှုဒဏ်ကို ရှုချင်ရင်တော့ ရုပ် လို့ ရှုရပါမယ်၊ အဲဒီလို ဒဏ်ရုပ်နဲ့ နာမ်ခံစားမှုနဲ့ ကွဲပြားစွာ သိနိုင်ဖို့၊ ကွဲပြားစွာ ရှုတတ်ဖို့ အရေးကြီးပါတယ်။
အာရုံကွဲရမယ်ဆိုတာ အဲဒါမျိုးကို ပြောတာပါ၊ ခံစားမှုဝေဒနာနာမ် အာရုံက တစ်မျိုး၊ နာကျင်ကိုက်ခဲမှုဒဏ်လို့ခေါ်တဲ့ ရုပ်အာရုံက တစ်မျိုး၊ အာရုံချင်း မတူပါဘူး။
နာကျင်ကိုက်ခဲမှုဒဏ်ဆိုတဲ့ ရုပ်အာရုံက ထင်ရှားပါတယ်၊ ခံစားမှု ဝေဒနာနာမ်အာရုံက မထင်ရှားပါ၊ သိမ်မွေ့နူးညံ့ပါတယ်၊ ဒါ့ကြောင့် ဝေဒနာမှု ဘာကိုရှုရမလဲဆိုယင် အရသာခံစားမှုနာမ်ကို ရှုရပါမယ်။
ရှုပွားတဲ့အခါမှာ စိတ်နာမ်က သိတယ်၊ ဝေဒနာနာမ်က ခံစားတယ်၊ စိတ်နဲ့ ဝေဒနာနဲ့က တစ်တွဲတည်းပါ၊ ဖြစ်တူပျက်တူဆိုတော့ သိမှုနဲ့တွဲပြီးရှုရင် ဝေဒနာကို အမြန်ဆုံး တွေ့နိုင်ပါတယ်။
ဥပမာဆိုပါတော့ .. အထိုင်ကြာတော့ တင်ပါးက နာကျင်ကိုက်ခဲတယ်၊ အဲဒီ နာကျင်ကိုက်ခဲတာကို ဘယ်သူက သိသလဲ၊ စိတ်က သိတယ်၊ သိတာနဲ့ တစ်ပြိုင်နက်တည်း ခံစားမှုက ခံစားတယ်၊ တစ်သိ တစ်ခံစား၊ တစ်သိ တစ်ခံစားပေါ့။
နာကျင်ကိုက်ခဲမှုနဲ့တွဲလိုက်တော့ တစ်နာ၊ တစ်သိ၊ တစ်ခံစား ဖြစ်ပျက်နေပါတယ်၊ အဲဒီမှာကြည့်ရင် နာကျင်ကိုက်ခဲမှု ဖြစ်လာသလို သိမှုတွေလဲ ဖြစ်လာ၊ ခံစားမှုတွေလဲ ဖြစ်လာတယ်။
နာကျင်ကိုက်ခဲမှုတွေ ချုပ်သွားသလို သိမှုတွေလဲ ချုပ်သွားတယ်၊ ခံစားမှုတွေလဲ ချုပ်သွားတယ်၊ အဲဒီ နာကျင်ကိုက်ခဲမှုရယ်၊ သိမှုရယ်၊ ခံစားမှုရယ် ဘယ်ဟာက ပိုထင်ရှားလဲဆိုယင် နာကျင်ကိုက်ခဲမှုက ပိုထင်ရှားပါတယ်။
ဒါကြောင့် ရုပ် ရုပ် လို့ ရှုပေးရတာပါ၊ တရားရှုပွားအားထုတ်တဲ့အခါ အရှုခံအာရုံ ရွေးမနေဘဲ ထင်ရှားတာကို ရှုပွားမှ မြန်မြန်ရပါတယ်၊ သိနေတဲ့ အာရုံကို ရှုမှ မြန်မြန်ရမယ်ပေါ့။ မထင်ရှားတဲ့ ဝေဒနာမှ ရှုချင်ပါတယ်ဆိုပြီး ထင်ရှားတဲ့ ရုပ်ကို မရှုဘဲ ဝေဒနာရှာပြီး ရှုမလား၊ ထင်ရှားတဲ့ ရုပ်ရှုမလား၊ ထင်ရှားရုပ်ကို ရှုဖို့ အရေးကြီးပါတယ်၊ ထင်ရှားတဲ့ ရုပ်ကို ရုပ် လို့ပဲ ရှုပါ။
မိမိတို့ ကိုယ်တွင်းမှာ ရုပ်တရားကလဲ ဖောက်ပြန်နေတယ်၊ အဲဒီ ဖောက်ပြန်မှုကို စိတ်နာမ်ကလဲ သိနေတယ်၊ ဝေဒနာနာမ်ကလဲ ခံစားနေတယ်၊ အဲဒီ ဓမ္မနိယာမသဘောတရားအရ သူ့ အလုပ် သူလုပ်နေကြတာပါ။
တရားရှုပွားအားထုတ်တယ်ဆိုတာ ဉာဏ်နဲ့ စောင့်ကြည့်တာပါပဲ။ ဉာဏ်နဲ့ စောင့်ကြည့်တော့ ဖောက်ပြန်တဲ့ ရုပ်ကလဲ ဖောက်ပြန်တဲ့ အလုပ်ကို အမြဲလုပ်နေတာပဲ၊ သိတဲ့ ဝိညာဏ်ကလဲ သိတဲ့ အလုပ်ကို အမြဲလုပ်နေတာပဲ၊ ခံစားတဲ့ ဝေဒနာကလဲ ခံစားတဲ့အလုပ်ကို အမြဲလုပ်နေတာပဲလို့ မြင်လာပါမယ်။
ဖောက်ပြန်တဲ့ ရုပ်တရားကလဲ ဖောက်ပြန်ရင်း ဖောက်ပြန်ရင်း ချုပ် ပျက်၊ သိတဲ့စိတ် ဝိညာဏ်ကလဲ သိရင်း သိရင်း ချုပ်ပျက်၊ ခံစားတဲ့ ဝေဒနာကလဲ ခံစားရင်း ခံစားရင်း ချုပ်ပျက်ပါလားလို့ သိလာတော့ ဘယ်မှာလဲ ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမလို့ ပြစရာမရှိတော့ပါဘူး။
တကယ့် အနတ္တတရားပါလားလို့ သဘောပေါက်သွားပါမယ်။
ရှုပွားခိုင်းတယ်ဆိုတာ အဲဒီ ရှုမှတ်ချက်ကြောင့် ဘယ်လို သိပါတယ်ဆိုတဲ့ အသိကို လိုချင်လို့ ရှုပွားခိုင်းတာပါပဲ။ အဲဒီ အသိဉာဏ်လေး ဖြစ်သွားပါမှ အကျိုးရှိတာပါ၊ အဲဒီ အသိဉာဏ်ကို ပေါ်ဉာဏ်လို့ ခေါ်ပါတယ်၊ ပေါ်ဉာဏ်ကို စနစ်တကျ ရှုပွားမှု မလုပ်ဘဲနဲ့ သက်သက်ဖော်ယူလို့ မရပါဘူး။
တရားရှုပွား အားထုတ်ရတာက အသိဉာဏ် လိုချင်လို့ပါ၊ အဲဒီ အသိဉာဏ်ကမှ တန်ဖိုးရှိပါတယ်၊ အဲဒီ အသိဉာဏ်ကမှ ကိလေသာကို ပယ်နိုင်ပါတယ်။
အားထုတ်လို့ ကောင်းတာ၊ မကောင်းတာ လောက်က ကိလေသာကို မပယ်နိုင်ပါ။
ထိုင်ပြီးတော့ ရှုပွားအားထုတ်လို့ အထိုင် ကြာတဲ့အခါ နာကျင်ကိုက်ခဲမှု စသည့်ဒဏ် ဖြစ်ပေါ်လာတတ်ပါတယ်၊ အဲဒီ ဒဏ်ဆိုတာ ဘာတရားလဲဆိုတော့ ရုပ်တရားပါ၊ အဲဒီ ဒဏ်တရားထင်ရှားနေရင် သည်းခံနိုင်ရင် သည်းခံပါ၊ သည်းမခံနိုင်ရင် ဣရိယာပုတ်ပြင်ပါ၊ ပြောင်းပါ၊ ပြောင်းပြင်သော်လဲ မပျောက်ရင် အဲဒီ နာကျင်ကိုက်ခဲမှုဒဏ်ကို ရုပ် ရုပ် လို့ ရှုပေးပါ၊ သို့မဟုတ် နာကျင်ကိုက်ခဲမှုကို သိတဲ့ နာမ်ကို နာမ် နာမ် ဟု ရှုပါ။
တရားရှုပွား အားထုတ်ရတာ ကိလေသာကုန်ခန်းဖို့ .. ရုပ် နာမ် သိဖို့ မဟုတ်လား၊ ဒါ့ကြောင့် ထင်ရှားတာ ရှုပွားပါ၊ ဘယ်ဟာမှ ရှုပါမယ်လို့ မသတ်မှတ်ပါနဲ့ ၊ မရွေးချယ်ပါနဲ့။
ဆိုလိုရင်းက .. နှာခေါင်းမှာ တိုးသဘောရုပ်ကို တိုးတိုင်း တိုးတိုင်း ရုပ်၊ ရုပ် နဲ့ ရှုပွားနေရင် အောက်ပိုင်း ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုဒဏ် ပေါ်လာရှု ရှုပွားအားထုတ်ခါစမို့ မကျွမ်းကျင်သေးပါက အဲဒီ ဒဏ်ကို ရှုတဲ့အခါ ရုပ် လို့ ရှုခိုင်းပေမယ့် ရုပ် ထင်မှာလား၊ ငါ ထင်မှာလား စီစစ်ကြည့်ပါ၊ ငါ ထင်မှာပါ၊ ငါ့ပေါင်၊ ငါ့ဒူး လို့ ငါထင်မြင်နေရင် အနာအကျင် အကိုက်အခဲကို ခံနိုင်ပါ့မလား ၊ မခံနိုင်ပါဘူး။ အဲဒီ နာကျင်ကိုက်ခဲမှုဒဏ်ကို ဝေဒနာလုပ်ကာ အောင့်အည်းပြီး ပျောက်ချင်တဲ့စိတ်နဲ့ ပျောက်အောင် ရှုပွား အားထုတ်မယ်ဆိုရင် သိပ်ပင်ပန်းပါတယ်၊ မှားလဲ မှားပါတယ်။
အဲဒါကြောင့် အားထုတ်ခါစ မရှုတတ်သေးခင် ပင်ပန်းမှာစိုးလို့ မရှုခိုင်းဘဲ သည်းခံနိုင်သမျှ သည်းခံ၊ အဲဒီ နာကျင် ကိုက်ခဲမှုဒဏ်ကို သတိမထားဘဲ တိုးသဘောကို ရှုလို့ ရှုခိုင်းတာပါ၊ အဲဒါ နာကျင်ကိုက်ခဲမှုဒုက္ခကို ခွာရှုတဲ့နည်းနဲ့ပြောတာပါ။
ဝေဒနာ ခွာရှုတယ်ဆိုတာ အဲဒီ နာကျင်ကိုက်ခဲမှုဒဏ်ဆိုတဲ့ ဒုက္ခဝေဒနာကို နှလုံးမသွင်းဘဲ ရှုပွားနေကျ မူလကမ္မဋ္ဌာန်း တိုးသဘော ရုပ်ကိုပဲ ရှုပွားနေတာကို ဝေဒနာခွာရှုတယ်လို့ ခေါ်ပါတယ်။
ဒုက္ခဝေဒနာကို ခွာတယ်ဆိုတော့ ခန္ဓာကိုယ်က ပျောက်သွားအောင် ပျက်သွားအောင် နှင်လိုက်တဲ့ သဘော မဟုတ်ပါ၊ အဲဒီ နာကျင်ကိုက်ခဲမှုဒဏ်ကို နှလုံးမသွင်းဘဲနဲ့ထားတာကို ခွာတယ်လို့ ခေါ်ပါတယ်။
စိတ်က တစ်ပြိုင်နက် နှစ်စိတ်မဖြစ်ပါ၊ တစ်စိတ်တည်း ဖြစ်တဲ့ စိတ်ပါ၊ အဲဒီလို တစ်စိတ်တည်းဖြစ်တော့ ယောဂီက ဒုက္ခဝေဒနာကို နှလုံးမသွင်းတော့ မသိတော့ပါ၊ မသိတဲ့အတွက် မနာတော့ပါ၊ နာကျင်ကိုက်ခဲမှုက ရှိချင်မှလဲ ရှိမယ်၊ မရှိချင်လဲ မရှိတော့ပါ။
ရှုပွားနေကျ တိုးသဘောပေါ်မှာပဲ သတိကပ်ပြီး ရုပ်၊ ရုပ် လို့ တစ်တိုး၊ တစ်သိ သိအောင် ရှုပွားနေရင် နာကျင် ကိုက်ခဲမှုကို မသိနိုင်တော့ဘူးလို့ ဆိုလိုပါတယ်။
အဲဒီ နာကျင်ကိုက်ခဲ ချုပ်သည်ဖြစ်စေ၊ မချုပ်သည်ဖြစ်စေ တိုးသဘောပဲ ရှုနေပါက တစ်ချိန်ပြည့်ရင် ပြောင်းလိုက်၊ ပြင်လိုက်တယ်၊ အဲဒီ နာကျင်ကိုက်ခဲမှု ဒုက္ခဝေဒနာက ပျောက်သွားပြီ၊ ပျက်သွားပြီ၊ သူ့အတွက် ဘာဒုက္ခရောက်သေးလဲ၊ ဘာဒုက္ခမှ မရောက်တော့ပါ။
ဒုက္ခသဘောကို အဲဒီလို ခွာရှုတာဟာ မပင်ပန်းမဆင်းရဲဘဲ တရားရပါတယ်၊ တရားအလုပ်ဟာ ဉာဏ်အလုပ်ပါ၊ ကိုယ့် ဉာဏ်နဲ့ သင့်သလို အားထုတ်နိုင်ပါတယ်။ ခွာရှုတာကြိုက်ရင် ခွာရှုပါ။
သို့မဟုတ် တိုးသဘောကို မရှုတော့ဘဲ အောက်ပိုင်း ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုဒဏ်က သိပ်ထင်ရှားနေလို့ အဲဒီဒဏ်ကို ရှုချင်ပါတယ်ဆိုရင် ရုပ်၊ ရုပ် လို့ ရှုပေးပါ။
သတိထားရမှာက .. ရှုပွားတဲ့အခါ နာသဘော၊ ကျင်သဘော၊ ကိုက်ခဲမှု သဘောတရား ရုပ်ကို သိအောင် မြင်အောင် မရှုဘဲနဲ့ ပေါင်နဲ့တွဲပြီး ပေါင်ကနာတယ်၊ ဒူးကနာတယ်ဆိုပြီး အဲဒီ နာကျင် ကိုက်ခဲမှုဒဏ်ကို ပျောက်အောင် ရှုမယ်ဆိုယင်တော့ အတ္တဒိဋ္ဌိ ဝင်သွားပါပြီ၊ အရှုလွဲသွားပါပြီ။
ဝိပဿနာ ရှုပွားအားထုတ်တဲ့ ဥစ္စာက အတ္တဒိဋ္ဌိ ချုပ်သွားအောင် ရှုပွားတာပါ၊ အတ္တဒိဋ္ဌိ ကင်းသွားအောင် ရှုပွားတာပါ၊ ပေါင်နာတယ်၊ ဒူးနာတယ်ဆိုယင် ရှုပွားရင်း အတ္တဒိဋ္ဌိဝင်သွားပါပြီ။
အဲဒီ နာကျင်ကိုက်ခဲမှုကို ပျောက်အောင် ရှုတယ်ဆိုတော့ သူက ရုပ်၊ ရုပ်ဆိုတော့ .. အနတ္တလက္ခဏသုတ်မှာ - ဘုရားရှင်က .. ရဟန်းတို့ .. ရုပ်တရားဟာ အနတ္တ လို့ ဟောတော်မူခဲ့ပါတယ်၊ အနတ္တဆိုကတည်းက ကိုယ်ဖြစ်ချင်သလိုဖြစ်တဲ့ သဘောမဟုတ်ပါ၊ ကိုယ်ရှုလို့ ပျောက်တဲ့သဘော မဖြစ်နိုင်ပါ။
ငါ ရှုလို့ ပျောက်သွားပြီဆိုရင် အတ္တဒိဋ္ဌိဝင်သွားပြီ၊ အမှန်က သူ့အကြောင်းချုပ်လို့ အကျိုးချုပ်သွားတာပါ၊ ကိုယ်ရှုလို့ ချုပ်သွားတာ မဟုတ်ပါ၊ ယောဂီက သူ ဘယ်လိုဖြစ်လဲ၊ ဘယ်လိုပျက်လဲ လို့ မြင်အောင် ရှုရမှာပါ။
အဲဒီ နာကျင်ကိုက်ခဲမှုကို ရုပ်၊ ရုပ် လို့ ရှုပွားရင် ဘာပဲပြောပြော အရှုမှန်ပါသေးတယ်၊ ပျောက်အောင် ပျက်အောင် ရှုပွားရင်သာ မမှန်တာပါ၊ မှားတာပါ။
အဲဒီ နာကျင်ကိုက်ခဲမှုကို အရှုခံ ရုပ်အာရုံအနေနဲ့ ထားပြီး ရှုရမယ်၊ ပြီးတော့ သူ့ရဲ့အဖြစ်အပျက်ကို မြင်အောင် ရှုရမယ်၊ အဲဒီလို ရှုပွားရင် ရှုပွားမှုမှန်ပါတယ်။
ခံစားမှုဝေဒနာမဟုတ်တဲ့ အဲဒီ နာကျင် ကိုက်ခဲမှုဒဏ်ကို နာမ်ဝေဒနာလုပ်ပြီး ရှုရင်တော့ ဒဏ်ရုပ်ကို နာမ်ဝေဒနာယူတဲအတွက် အယူလွဲသွားပါပြီ၊ အမြင်လွဲသွားပါပြီ၊ အယူလွဲ အမြင်လွဲယင် မိစ္ဆာဒိဋ္ဌိပေါ့၊ တရားလွဲလို့ အမှားစွဲတဲ့ မိစ္ဆာဒိဋ္ဌိပေါ့၊ အထူးသတိပြုရမယ့်အချက်ပါ။
ဝေဒနာဟာ နာမ်တရား၊ နာတယ်၊ နာတယ် ဆိုပြီး ရုပ်နာကျင်မှုကို ဝေဒနာလုပ်ပြီး အရှုမမှားဖို့ အရေးကြီးပါတယ်၊ ဒါကြောင့် ဝေဒနာဆိုတဲ့ နာမ်တရားကို ရှုနိုင်ဖို့ ဘာလိုအပ်သလဲဆိုတော့ အမြင်မှန်တဲ့ဉာဏ် လိုအပ်ပါတယ်။
အမြင်မှန်ဉာဏ်မရှိဘဲနဲ့ ဝေဒနာရှုပွားရင် အမှန် မမြင်ဘဲ အမှားဖြစ်တတ်ပါတယ်။ ဒါကြောင့် ရုပ်နဲ့ ဝေဒနာနဲ့ စိတ်နဲ့ ကွဲအောင် အယင်နာယူမှတ်သားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဖြစ်အောင်ပြုက - လောဘတဏှာ၊
ပျက်အောင်ပြုက - ဒေါသအာဃာ၊
ဖြစ်ပျက်တရား - ရှုပွားဝိဇ္ဇာ၊
မရှုက - မောဟအဝိဇ္ဇာ။ ။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။
ဝေဒနာရှုပွားနည်း (၆)
ဝေဒနာဆိုတဲ့ နာမ်တရားကို ရှုနိုင်ဖို့ရန် အမြင်မှန်တဲ့ ဉာဏ်လိုအပ်ပါတယ်။
အမြင်မှန်တဲ့ဉာဏ်မရှိဘဲနဲ့ ဝေဒနာရှုပွားရင် အမှန် မမြင်ဘဲ အမှားဖြစ်တတ်ပါတယ်၊ ဒါကြောင့် စရှုပွားစ ပုဂ္ဂိုလ်တွေကို ကိမတ္ထိယ ဗြဟ္မစရိယသုတ္တန် တရားတော်ကိုဟောကြားပြီး ရုပ်နဲ့ ဝေဒနာနဲ့ စိတ်နဲ့ ကွဲအောင် ပြုရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမြင်မှန်စေဖို့ပါ။
ရုပ်နဲ့ ဝေဒနာနဲ့ စိတ်နဲ့ ပတ်သက်လို့ သေသေချာချာ နားလည်သဘောမပေါက်ယင် နှာခေါင်းက တိုးသဘော ရုပ်ကို ရှုခိုင်းထားပြီး အောက်ပိုင်း ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှု ရုပ်ဒုက္ခကို ရှုခိုင်းရင် ဘယ်လိုမှ မရှုတတ်မှာ သေချာပါတယ်၊ ဝေဒနာဆီ အာရုံရောက်မှာလဲ မဟုတ်ပါ။
ဝေဒနာရှုဖို့ရာ အပြော လွယ်သလောက် အသိ အင်မတန် ခက်ပါတယ်၊ ခက်ခက်နဲ့ ရှုရင်လဲ ပင်ပန်းပါတယ်။
သဘောအားဖြင့် ကြည့်မယ်ဆိုယင် လက်ဖဝါးနှစ်ခုကို ပူးကြည့်လိုက်ပါ၊ ပူးကြည့်လိုက်တော့ လက်ဖဝါး နှစ်ခုလုံးမှာ ပူလာတယ်၊ အဲဒီ ပူလာတာဟာ ဘာလဲဆိုရင် ရုပ် ပါ။
ညာဘက် လက်ဖဝါးမှာလဲ ပူတယ်၊ ဘယ်ဘက် လက်ဖဝါးမှာလဲ ပူတယ်၊ အဲဒီ အပူရုပ်ကို ဘယ်သူက သိလဲ၊ စိတ် ဝိညာဏ်က သိတယ်၊ အဲဒီ အပူကို စိတ်ဝိညာဏ်က သိနေတော့ အဲဒီ အပူကို အရသာ တစ်ခုအနေနဲ့ ခံစားမှု ပေါ်လာပါတယ်။
အဲဒီလို ခံစားတဲ့အခါ အဲဒီ ပူတဲ့ အရသာကို အကောင်းအနေနဲ့ ခံစားမလား၊ မကောင်း အနေနဲ့ ခံစားမလား၊ ကောင်း မကောင်း နှစ်ခုတို့ရဲ့ အလယ် အလတ် အနေနဲ့ ခံစားမလား။
တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်းမတူတော့ တချို့က အဲဒီအပူကို မကြိုက်ဘူးဆိုရင် သူ့အတွက် ဒုက္ခပေါ့၊ တချို့က အဲဒီ အပူကို ကြိုက်တယ်ဆိုရင် သူ့အတွက် သုခပေါ့၊ တချို့က အဲဒီ အပူကို ကြိုက်တယ်လဲ မဟုတ်၊ မကြိုက်ဘူးလဲ မဟုတ်ဆိုရင် အဒုက္ခ မသုခ .. ဥပေက္ခာပေါ့။
ဒါဖြင့် အဲဒီမှာ ကြည့်ပါ၊ အပူသဘောက ရုပ် ပါ၊ အဲဒီ အပူ လာထိလို့ လက်ဖဝါး အကြည်ရုပ်ဟာ ဒုက္ခရောက်သွားတယ်ဆိုတော့ ရုပ်ပဲ ဒုက္ခရောက်တယ်၊ အဲဒီ ရုပ်ဒုက္ခကို စိတ်က သိတယ်၊ ဝေဒနာက ခံစားတယ်။
အဲတော့ သတိကပ်ပြီး ရှုပွားနေတာ ပူမှု တစ်ချက်၊ ဒုက္ခ တစ်ချက်၊ သိမှု တစ်ချက်၊ ခံစားမှု တစ်ချက်လို့ မြင်ရပါမယ်။
အဲဒီသဘောကို ရှုကြည့်နေတော့ ပူမှုရယ်၊ ဒုက္ခရယ်၊ သိမှုရယ်၊ ခံစားမှုရယ် ဘယ်ဟာက ပိုထင်ရှားလဲလို့ ကြည့်ပါ၊ ခံစားမှု ဝေဒနာကို သိဖို့ရာက အာရုံနဲ့ ကပ်ပြီး ရှုကြည့်ရင် လွယ်မယ်၊ သို့မဟုတ် စိတ်နဲ့ ကပ်ပြီး ရှုကြည့်ရင် လွယ်မယ်။
အဲဒီလို အာရုံနဲ့ကပ် စိတ်နဲ့ရှုကြည့်ရင် အာရုံတစ်ချက်၊ ခံစားမှု တစ်ချက် လို့ သိသိလာပါလိမ့်မယ်၊ ကွဲကွဲ လာပါလိမ့်မယ်။
အပူရုပ်၊ အေးရုပ်ကတော့ ကိုင်ပြလို့ ရသလို ထင်ရှား သိရပါတယ်၊ ပြီးတော့ ပူမှုရုပ်ကြောင့် ဆင်းရဲတဲ့ ရုပ်ဒုက္ခကလဲ ထင်ရှားပါတယ်၊ အဲဒီ ပူသိ၊ ဆင်းရဲသိ အသိဉာဏ်ကလဲ ထင်ရှားပါတယ်၊ ဒါပေမယ့် ပူခံစား၊ ဆင်းရဲခံစား ဆိုတဲ့ ဝေဒနာကျတော့ အင်မတန် နုပါတယ်။
သတိပဋ္ဌာန်းတရားဟာ ..
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ ၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် .. ရယ်လို့ သတိပဋ္ဌာန် ၄ ပါး ရှိပါတယ်။ အဲဒီ ၄ ပါး မှာ ..
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဆိုတာ ရုပ်ကို အရှုခံ ထားပြီးတော့ ရှုပွားတာပါ။
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဆိုတာ ဝေဒနာ နာမ်ကို အရှုခံထားပြီး ရှုပွားတာပါ။
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဆိုတာ စိတ်နာမ်ကို အရှုခံထားပြီး ရှုပွားတာပါ။
၄။ ဓမ္မနုပဿနာ သတိပဋ္ဌာန်ဆိုတာ ရုပ်အားလုံးနှင့် နာမ်အားလုံးဆိုတဲ့ ရုပ်နာမ်ကို အရှုခံ ထားပြီး ရှုပွားတာပါ။
၁ဝ ရက် စခန်းတွေမှာ ရံခါ ဝေဒနာ ဟောမပေးတော့ဘဲ ထင်ရှားတဲ့ ရုပ်ကိုပဲ အဓိက ထားပြီး ရှုခိုင်ပါတယ်၊ ရံခါမှ နာမ်ကို ရှုခိုင်းပါတယ်။
ရှုပွားတာက ထင်ရှားတဲ့ တရား ရှုပွားမှ တရားရမှာပါ၊ ကိုယ်ကြိုက်တဲ့ တရားမှ တရားလုပ်လို့ မဖြစ်ပါဘူး။
ဘုရားရှင်ဟောထားတဲ့နည်းတွေ အများကြီးရှိပါတယ်၊ ဘာဖြစ်လို့ တနည်းတည်းမဟောဘဲ နည်းတွေ အများကြီး ဟောလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အလိုဆန္ဒ အဇ္ဈာသယချင်း မတူကြလို့ပါ။
ဝေဒနာကို စနစ်တကျ ရှုပွား အားထုတ်ဖို့ရာ အမြင်မှန် လိုအပ်ပါတယ်၊ ဒုက္ခဒဏ်မှာ ရှုတာက တစ်မျိုး၊ ဝေဒနာနာမ်မှာ ရှုပွားတာက တစ်မျိုးရယ်လို့ နှစ်မျိုးမတူပါ။
ဒဏ်လို့ခေါ်တဲ့ နာကျင်ကိုက်ခဲမှု ရုပ်ပေါ်မှာ ရုပ် လို့ ရှုရမယ်၊ ခံစားမှုဝေဒနာ နာမ်ပေါ်ကျတော့ နာမ် လို့ ရှုရမယ်၊ ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါ၊ ရှုပွားတဲ့အခါ အစွဲထားလို့ မဖြစ်ပါ၊ တရားအားထုတ်ရတာ အစွဲပြုတ်အောင် အားထုတ်ရတာပါ၊ အစွဲဝင်လာအောင် အားထုတ်ရတာ မဟုတ်ပါ၊ အစွဲပြုတ်မှု အရေးကြီးပါတယ်၊ ဘယ်နည်းမှ ညာနည်းမှရယ်လို့ လုပ်မနေပါနဲ့၊ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဘုရားဟောတာချည်းပါပဲ၊ ဘုရားနည်း ချည်းပါပဲ၊ တစ်ခုတော့ ရှိတယ်၊ သတိပဋ္ဌာန်စည်းကမ်း နည်းလမ်းတော့ ကျရမယ်ပေါ့။
ဘုရားရှင်ဟောထားတဲ့နည်းတွေ အများကြီးရှိပါတယ်၊ ဘာဖြစ်လို့ တစ်နည်းတည်းမဟောဘဲ နည်းတွေ အများကြီး ဟောလဲဆိုတော့ ယောဂီတစ်ယောက်နဲ့ တစ်ယောက် အလိုဆန္ဒ အဇ္ဈာသယချင်း မတူကြလို့ပါ။
ဝိပဿနာရဲ့ အာရုံက ဘာလဲ၊ ရုပ်နာမ်ပါ၊ ရုပ်ကို အရှုခံ အာရုံအဖြစ်ထား ရှုရမယ်၊ နာမ်ကို အရှုခံ အာရုံအဖြစ်ထားရှုရမယ်၊ ရုပ်ကို နာမ်လုပ် မရှုရပါ၊ နာမ်ကို ရုပ်လုပ် မရှုရပါ၊ အဲဒီလို မဟုတ်ဘဲ အရှုလွဲနေမယ်ဆိုရင် အရှုခံအာရုံ အပေါ်မှာ ဉာဏ်မထင်တော့ဘဲ ဉာဏ်မတက်တော့ဘဲ အောက်ပိုင်း ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုတွေပဲ သိတော့မှာပေါ့။
ဒါကြောင့် ရှုပွားအားထုတ်တာက ဘာအကျိုးငှာလဲဆိုတော့ အသိမှာအမြင်မှား ကင်းပျောက်ပြီး အသိမှန် အမြင်မှန် ဖြစ်ပြီးတော့ ဉာဏ်ထင်လာအောင် ဉာဏ်တက်လာအောင် ရှုပွားတာပါ။
အထူးသဖြင့် အရှုလွဲပုံက နာကျင်ကိုက်ခဲမှုနဲ့ တွေ့ကြုံတဲ့အခါ သူ့ရဲ့ သဘောသဘာဝကို သိအောင် မရှုဘဲ ကုန်အောင် ရှုမယ်၊ ရုပ်ဒုက္ခကို ခံစားမှု ဝေဒနာလုပ် ရှုမယ်ဆိုရင် အရှုလွဲနေပါတယ်။
အရှုလွဲရင် ဘာဖြစ်သလဲလို့ ဒီလင်္ကာနဲ့တိုက်ကြည့်ပါ။
ဖြစ်အောင်ပြုက - လောဘတဏှာ၊
ပျက်အောင်ပြုက - ဒေါသအာဃာ၊
ဖြစ်ပျက်တရား - ရှုပွားဝိဇ္ဇာ၊
မရှုက - မောဟအဝိဇ္ဇာ။ ။ တဲ့
နာကျင်ကိုက်ခဲမှုတွေကို ပျက်အောင် ရှုတယ်၊ ကုန်အောင်ရှုတယ်ဆိုတော့ ဒေါသအာဃာတ ဖြစ်မသွားဘူးလား၊ ဖြစ်သွားတယ်၊ ဒေါသအာဃာတဖြစ်နေပါတယ်ဆိုကတည်းက ဝိပဿနာတရား ရှုပွားအားထုတ်မှု ဟုတ်သေးသလား၊ မဟုတ်တော့ပါ၊ အဲဒီ နာကျင် ကိုက်ခဲမှုကို ပျောက်အောင် ပျက်အောင် ရှုကတည်းက မဟုတ်တော့ပါ၊ မမှန်တော့ပါ၊ လွဲမှားသွားပါပြီ။
နာကျင်ကိုက်ခဲမှု ပျောက်ချင်ရင် အလွယ်ကလေးပါ၊ ဣရိယာပုတ်ပြင်လိုက်ရင် ပျောက်သွားပါတယ်၊ အပင်ပန်းခံပြီး ပျောက်အောင် အားထုတ်စရာ မလိုပါ ..။
အယင်နေ့တွေကတည်းက ယောဂီရဲ့သန္တာန်မှာ ဘာရှိရမလဲ .. ပြောခဲ့ပါတယ်။ သတိ၊ ဝီရိယ၊ ပညာရှိရမယ်၊ အဲဒီမှာ ဝီရိယက ဘယ်လို ဝီရိယလဲ၊ နာကျင်ကိုက်ခဲမှုကို ပယ်နိုင်တဲ့ ဝီရိယလား မဟုတ်ပါ၊ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယပါ။
နာကျင် ကိုက်ခဲမှုဖြစ်နေရင် အဲဒီပေါ်မှာ ဒေါသဖြစ်နေတတ်ပါတယ်၊ ဝီရိယဆိုတာ အဲဒီဒေါသကို ပယ်နိုင်တဲ့ ဝီရိယ ရှိရမှာပါ၊ ယခုတော့ အဲဒီ ဒေါသနဲ့ ရှုနေမယ်ဆိုယင် မှားပါတယ်။
အမှန်က ဒေါသဆိုတာ အကုသိုလ်တရားပါ၊ အဲဒီ ဒေါသဆိုတဲ့ အကုသိုလ်တရားကို ပယ်ရမှာကို မပယ်ဘဲနဲ့ ဒေါသကို တိုးပွားအောင် လုပ်ရာရောက်သွားပါတယ်။
ဘာဖြစ်လို့ ဒီနာကျင် ကိုက်ခဲမှုကို ပျောက်အောင် ပယ်လဲဆိုတော့ နာကျင်ကိုက်ခဲမှု ပျောက်သွားရင် မနာကျင်မှု ဖြစ်လာမယ်ဆိုပြီး မနာမကျင်အဖြစ်ကို မျှော်ပြီး ချမ်းသာသုခအဖြစ်ကိုမျှော်ပြီး နာကျင်ကိုက်ခဲမှုကို ပျက်အောင် လုပ်နေတာပါ။
ဒီနာကျင် ကိုက်ခဲမှု ကုန်သွားရင် တရားရတော့မယ်လို့ မျှော်ပြီး အားထုတ်တဲ့အတွက် မှားပါတယ်၊ ဒီဒုက္ခချုပ်ရင် သုခပေါ်မယ်လို့ မျှော်တာမျိုး မဟုတ်ပါလား။
ဒီနာကျင် ကိုက်ခဲမှုဒုက္ခ ကုန်သွားရင် ချမ်းသာတဲ့ တရားရမယ်လို့ မျှော်ကတည်းက ချမ်းသာရဲ့ အဖြစ်ကို ပြုလုပ်တဲ့ သဘောဖြစ်နေပြီ၊ ဒါကြောင့် ဒုက္ခပျက်အောင် လုပ်ခြင်းသည်ပင်လျှင် သုခဖြစ်အောင် လုပ်ခြင်းနှင့် အတူတူပါပဲ။
ဖြစ်အောင်လုပ်က လောဘ တဏှာ ဆိုတဲ့အတိုင်း ဖြစ်အောင်ပြုလုပ်တဲ့ အထဲမှာ တဏှာလောဘ ပါနေပြီ၊ ပျက်အောင် လုပ်တော့ ဒေါသ၊ အဲဒီလို ပျက်အောင် မလုပ်ရမဘူးလို့ မသိတာက မောဟဆိုတော့ ယောဂီ တရားအားထုတ်တာ မဟုတ်တော့ပါ၊ ကိလေသာတွေ အကုသိုလ်တွေ များအောင် ပွားနေရာ ရောက်သွားပါတယ်။
ဒါကြောင့် နာကျင် ကိုက်ခဲမှုတွေကို ကုန်အောင် အားထုတ်တဲ့ ယောဂီမှာ လောဘ၊ ဒေါသ၊ မောဟ သုံးခု ဖြစ်ပါတယ်၊ အဲဒီ လောဘ၊ ဒေါသ၊ မောဟတရားတွေက ပယ်ရမယ့် တရားတွေပါ၊ ပွားရမယ့် တရားတွေ မဟုတ်ပါ။
ပယ်ရမှာက နာကျင် ကိုက်ခဲမှုတွေ မဟုတ်ပါ၊ လောဘ၊ ဒေါသ၊ မောဟတွေပါ၊ ပယ်မှန်ဖြစ်ပါစေ၊ ပယ်မှား မဖြစ်ပါစေနဲ့၊ မပယ်ရမှာ ပယ်ရင် ပယ်မှားပါ၊ ပယ်မှားဆိုရင် မိစ္ဆာဒိဋ္ဌိပါ၊ ပယ်ရမှာကို ပယ်မှ ပယ်မှန်ပါ၊ ပယ်မှန်ဆိုရင် သမ္မာဒိဋ္ဌိပါ။
ဖြစ်ပျက်တရား ရှုပွားဝိဇ္ဇာ ဆိုတော့ အဲဒီ နာကျင်ကိုက်ခဲမှုက ရုပ်ဒုက္ခပဲ၊ ဖြစ်ပျက်တရားပဲ၊ အဲဒီ ဖြစ်ပျက် ရုပ်တရားတွေရဲ့ အဖြစ်ကို မြင်အောင်၊ အပျက်ကိုမြင်အောင် ရှုကြည့်ရပါမယ်။
အဲဒီလို ရှုကြည့်လို့ရှိရင် ဝိဇ္ဇာဉာဏ် ဖြစ်သွားပါတယ်၊ ယခုတော့ အဖြစ်အပျက်ကို မြင်အောင်မကြည့်ဘဲနှင့် နာကျင်ကိုက်ခဲမှုကို ကုန်အောင်လုပ်တဲ့အတွက် ဝိဇ္ဇာဉာဏ်မဖြစ်ဘဲ အဝိဇ္ဇာမောဟ ဖြစ်သွားပါတယ်။
အဝိဇ္ဇာဖြစ်ပြီး ဝိဇ္ဇာဉာဏ်ချုပ်တယ်ဆိုတော့ အားမထုတ်ဘဲ နေတာကမှ ကောင်းပါသေးတယ်၊ သက်သာတယ်၊ ယခု အားထုတ်ရတာ ပင်ပန်းတာပဲရှိတယ်၊ အဝိဇ္ဇာက မချုပ်မပျောက်ဘဲ ဖြစ်ပွားနေတယ်ဆိုတော့ အားမထုတ်ဘဲနေတာက ကောင်းပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရှုပွားအားထုတ်နည်း လွဲနေလို့ပါ၊ လွဲနေတဲ့အတွက် ပင်ပန်းဆင်းရဲရုံပဲ ရှိမယ်၊ ယောဂီမှာ ရှုးနှမ်းရုံပဲရှိမယ်၊ တရားမတက်ပါ၊ တရားမရ၊ အမှားပဲရပါမယ်။
ဒါကြောင့် ယောဂီပုဂ္ဂိုလ်တွေကို ဘုန်းကြီး ခဏခဏ သတိပေးပါတယ်၊ ယောဂီတို့ တရားရဖို့ထက် အားထုတ်တတ်ဖို့ ကြိုးစားပါ၊ ဘုန်းကြီး သင်ပေးနေတာ အားထုတ်တတ်အောင် သင်ပေးနေတာပါ၊ အားထုတ်တတ်မှ အားထုတ်ရင် ရမှာပါ၊ ရအောင် အားထုတ်ပေမယ့် အားမထုတ်တတ်ရင် မရပါ။
အားထုတ်တတ်လို့ အားထုတ်ရင် ယခု ရချင်လဲ ရမယ်၊ ယခု မရရင် နောင်အခါ ရနိုင်ပါတယ်၊ အားမထုတ်တတ်ဘဲနဲ့ အားထုတ်နေရင် အခုလဲ မရပါ၊ နောင်လဲ မရနိုင်ပါလို့ ဆရာတော်က ဟောကြားသွားခဲ့ပါတယ်။
ဗောဓိရာဇကုမာရသုတ္တန်မှာ ဟောထားတာလေး ဖော်ပြပေးပါမယ်။
ဗောဓိမင်းက အခါတစ်ပါးမှာ ဘုရားရှင်ကို ဘယ်လို လျှောက်သလဲဆိုတော့ ..
မြတ်စွာဘုရား၊ တပည့်တော် ဒီလို ပြောလေ့ ယူလေ့ ရှိပါတယ်၊ အလွန်တရာ ချမ်းသာလှတဲ့ နိဗ္ဗာန်ချမ်းသာကို ရရေးအတွက် အားထုတ်တဲ့အခါ ချမ်းချမ်းသာသာ အားထုတ်လို့တော့ မရနိုင်ပါ၊ ချမ်းသာတဲ့ နိဗ္ဗာန်ရရေးအတွက် အဆင်းရဲ အပင်ပန်းခံပြီး ပြင်းထန်စွာ အားထုတ်နိုင်မှ နိဗ္ဗာန်ချမ်းသာ ရနိုင်မယ်လို့ ပြောလေ့ ယူလေ့ ရှိပါတယ် ဘုရား ..
လို့ ဗောဓိမင်းသားက လျှောက်ထားပါတယ်။
အဲဒီလို လျှောက်ထားတဲ့အခါ ဗောဓိမင်းကို ဘုရားရှင်က ဘယ်လို ပြန်မိန့်သလဲဆိုတော့ ..
မင်းသား ငါလဲပဲ သင့်လိုပဲ ဟိုရှေး အလောင်းတော်ဘဝ၊ သစ္စာ ၄ ပါး တရားတော်ကို ထိုးထွင်းမသိသေးခင် အချိန်တုန်းက ချမ်းသာတဲ့ နိဗ္ဗာန်ရရေးအတွက် ချမ်းချမ်းသာသာ အားထုတ်လို့တော့ မရနိုင်ပါ၊ ချမ်းသာတဲ့ နိဗ္ဗာန်ရရေးအတွက် အဆင်းရဲခံ အပင်ပန်းခံကာ ပြင်းထန်စွာ အားထုတ်မှ ရမယ်လို့ အယူရှိပြီး အဆင်းရဲ အပင်ပန်းခံကာ ပြင်းထန်စွာ အားထုတ်ခဲ့တယ် ..လို့ မိန့်မှာပါတယ်။
ဟုတ်တယ်လေ၊ ဘုရားရှင် ၆ နှစ် တိုင်တိုင် ဒုက္ကရစရိယာကျင့်တာ အဲဒီရည်ရွယ်ချက်နဲ့ ကျင့်တာ ပါ၊ ၆ နှစ် တိုင်တိုင် အားထုတ်ပေမယ့် ဘာဖြစ်လဲ၊ ပင်ပန်း ဆင်းရဲရုံပဲ၊ ဘာအကျိုးမှ မဖြစ်ပါ။
အဲဒီလု ၆ နှစ် တိုင်တိုင် ပြင်းထန်စွာ အားထုတ်ပေမယ့် ဘာအကျိုးထူးမှ မဖြစ်တော့ ဘာသွား စဉ်းစားမိသလဲဆိုရင် ဟိုးငယ်စဉ်ကာလ ကလေးဘဝက ခမည်းတော လယ်ထွန်မင်္ဂလာ ပြုလုပ်စဉ် ဇမ္ဗုသပြေပင် အောက်မှာ ပထမဈာန် ချမ်းသာ ဝင်စားတာ သွားပြီး စဉ်းစားမိပါတယ်။
ငါသည် ဒီလို အဆင်းရဲ အပင်ပန်းခံကာ ပြင်းထန်စွာ အားထုတ်သော်လဲ အရဟတ္တမဂ် ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်ကို ရမှာမဟုတ်ပါ၊ ဟိုး လယ်ထွန်မင်္ဂလာ ပြုလုပ်စဉ်အခါက ဇမ္ဗုသပြေမင်အောက်မှာ ငါ ဝင်စားခဲ့တဲ့ ပထမဈာန် ချမ်းသာသည် ကာမတို့မှလဲ ကင်းတယ်၊ အကုသိုလ်တို့မှလဲ ကင်းတယ်၊ အဲဒီ ချမ်းသာကို အမှီပြုပြီးတော့ ဒီတရားကို ရအောင် အားထုတ်ရင် ကောင်းမှာပဲ .. လို့ စဉ်းစားမိတယ်၊ စဉ်းစားပြီး ..
ငါသည် ချမ်းသာသုခကို ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ ဒီပထမဈာန် ချမ်းသာသည် ကာမတို့မှလဲ ဝေးစွာကင်းတယ်၊ အကုသိုလ်တို့မှလဲ ကင်းတယ်၊ ဒီချမ်းသာကို ငါ ကြောက်လို့ မဖြစ်ဘူး၊ ဒီချမ်းသာကို ငါ ကြောက်နေရင် ငါ ဘုရားဖြစ်မှာ မဟုတ်ဘူး..လို့ စဉ်းစားမိတယ်။
အဲဒီလို စဉ်းစားပြီး ဒီပထမဈာန် ချမ်းသာကို အမှီပြုပြီး တရားအားထုတ်မှ ဘုရားဖြစ်တော့မယ်ဆိုတော့ ဒီပထမဈာန် ချမ်းသာကလဲ ငါ မစားမသောက်ဘဲနဲ့ ကြမ်းကြမ်းတမ်းတမ်း အားထုတ်လို့တော့ ဘယ်နည်းနဲ့မှ မရနိုင်ပါ၊ မျှမျှတတ စားသောက်ပြီး မျှမျှတတ အားထုတ်မှ ရမယ်လို့ စိတ်ထဲမှာ အကြံဖြစ်ပါတယ်၊ အဲဒီလို အကြံဖြစ်ပြီး မျှမျှတတလဲ စားတယ်၊ မျှမျှတတလဲ အားထုတ်တယ်၊ ဘုရားရှင်က ကမ္မဋ္ဌာန်းလမ်းကြောင်း ပြောင်းလိုက်တာပါ။
တကယ်လို့သာ အကျင့်လမ်းစဉ် မပြောင်းလဲဘဲ အဲဒီအတိုင်းပဲ ကြမ်းကြမ်းတမ်းတမ်း အားထုတ်နေရင် အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော် ဘယ်မှာရနိုင်မလဲ၊ မရနိုင်ပါ။
ဒါကြောင့် အရေးကြီးတာက အရှုအပွား မှန်ဖို့ အရေးကြီးပါတယ်။ ရှုပွားမှုမှန်ကန်မယ်၊ စနစ်တကျဆိုရင် ရုပ်နာမ် ဖြစ်ပျက်မြင်ပြီး ဝိဇ္ဇာဉာဏ် ဖြစ်ပါမယ်။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့် tno (မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။)
ဝေဒနာရှုပွားနည်း (၇)
မူလ ကမ္မဋ္ဌာန်းအနေနဲ့ ပေးထားတာက နှာခေါင်းမှာ တိုးသဘော ရုပ်ကို တိုးတိုင်းတိုးတိုင်း ရုပ်၊ ရုပ် လို့ ရှုကြပါတယ်။ အဲဒီ တိုးသဘောကို အဓိကထားပြီး ရှုတော့ အထိုင်ကြာလို့ အောက်ပိုင်းခန္ဓာကိုယ်က ဒဏ်ရာသိပ်ပြင်းထန်ပြီး ရုပ်တွေ တိုးပြီး ဖောက်ပြန်လာတတ်ပါတယ်၊ အဲဒီလို တိုး ဖောက်ပြန်လာရင် အဲဒီဒဏ်ရာကို မရှုသေးဘဲနဲ့ သည်းခံနိုင်သမျှ သည်းခံပြီး မိမိရှုနေကျ တိုးသဘောရုပ်ကိုပဲ ရုပ်၊ ရုပ် ဟု ရှုရပါတယ်။
အဲဒီလို ရှုနေသော်လဲ ဒဏ်ရာက သိပ်ပြင်းထန်လာတယ်၊ သည်းမခံနိုင်တော့ပါ၊ တိုးသဘောရုပ်ကို မရှုနိုင်တော့ပါဆိုလျှင် ဒဏ်ရာ အပြင်းထန်ဆုံး နေရာကို အသိကပ်ပြီး ရုပ်၊ ရုပ် ဟု ရှုရင်းပွားရင်းနဲ့ ဣရိယာပုတ်ပြင်ပါ ပြောင်းပါ။
အဲဒီလို ပြင်ဆဲ ပြောင်းဆဲမှာ ဘယ်လို ပြင်းထန်တယ်၊ ပြင်ပြီး သွားတော့ ဘယ်လိုဆိုတာ သိအောင် မြင်အောင် သေသေချာချာ ရှုပွားပြီး ပြင်ရပါတယ်၊ ပြင်ပြီးတော့ မူလကမ္မဋ္ဌာန်း ဖြစ်တဲ့ ရှုနေကျ တိုးသဘောရုပ်ကိုပဲ ပြန်ရှုပါ။
ပြင်ပြောင်းသော်လဲ ဒဏ်ရာက ပျောက်ပျက် မသွားဘဲ ပြင်းထန်မြဲ ပြင်းထန်နေပါက အဲဒီဒဏ်ရာကိုပဲ ဘယ်ကနာလဲ၊ ဘာကြောင့်နာလဲ၊ ဘယ်လိုနာလဲ စသည်ဖြင့် သိအောင် ငါနှင့်မဆိုင်၊ ငါပိုင်မဟုတ်တဲ့ အနေနဲ့ ရှုကြည့်ပေးရပါတယ်။
ဒီနေရာမှာ ဝါဒ နှစ်ဝါဒ ရှိနေတာကို ပြောချင်ပါသေးတယ်၊ တရားအားထုတ်တဲ့အခါ ဣရိယာပုတ် ပြင်ရမယ်ဆိုတဲ့ ဝါဒနှင့် မပြင်ရဘူးဆိုတဲ့ ဝါဒရယ်လို့ နှစ်ဝါဒရှိနေပါတယ်။
အဲဒီနှစ်ဝါဒမှာ ကမ္မဋ္ဌာန်း ဆရာကိုယ်တိုင် အားထုတ်မှု အပါးမဝခြင်း၊ မကျွမ်းကျင်ခြင်းနှင့် စာပေပရိယတ် မပြည့်စုံခြင်း၊ အလုပ်နှင့်စာပေ မညှိခြင်းကြောင့် အားထုတ်ခါစ ယောဂီတွေကို ဣရိယာပုတ် မပြင်ရဘူးလို့ တားမြစ်ပါတယ်၊ ကမ္မဋ္ဌာန်းဆရာ မကျွမ်းကျင်ရင် ယောဂီတွေ ဒုက္ခများစွာ ရောက်တတ်ပါတယ်၊ မိစ္ဆာအမှား ဖြစ်တတ်ပါတယ်။
ဣရိယာပုတ် မပြင်ရဘူးဆိုတဲ့ ဝါဒက ဘယ်မှာ ပြထားတဲ့ ဝါဒလဲဆိုရင် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ အာနာပါနကမ္မဋ္ဌာန်းအဖွင့်မှာ ပြထားပါတယ်။
ဘာကြောင့် မပြင်ရဘူးလို့ ပြထားလဲဆိုတော့ အကြောင်းရှိပါတယ်၊ တချို့ရှုမှတ်ပွားများတဲ့အခါ တိုးသဘော ရုပ်ကို တိုးတိုင်း တိုးတိုင်း ရုပ်၊ ရုပ် နဲ့ ရှုရင်း ပွားရင်း အဲဒီ တိုးသဘောလေးဟာ မတိုးတော့ပဲ၊ ရပ်နေပါတယ်၊ ပျောက်နေပါတယ်၊ ရှုပွားတာ အားကောင်းလာရင် အဲဒီ တိုးသဘောဟာ ရပ်ကို ရပ်ရပါတယ်၊ သူ့သဘောက ကြာလေ သိမ်မွေ့လေ နူးညံ့လေဖြစ်ပြီး နောက်ဆုံးကျတော့ ပျောက်သွား ရပ်သွားပါတယ်၊ အဲဒီအချိန်မှာ ယောဂီပုဂ္ဂိုလ်တွေက လန့်ပြီး ကြောက်ပြီး ဣရိယာပုတ်ဖျက်ကာ ထသွားတတ်ပါတယ်၊ အဲဒီအချိန်မှာ ဒုက္ခဆင်းရဲ မတွေ့ရပြီမို့ ဣရိယာပုတ် မပြင်ပါနှင့်လို့ ဆိုထားပါတယ်၊ ကောင်းနေလို့ မပြင်ရဘူးလို့ ပြောတာပါ။
ပြီးတော့ အဲဒီလို အသက်ရှုရပ် တိုးသဘောရုပ် မရှိတဲ့ အချိန်မှာ ခန္ဓာကိုယ်လဲ ပျောက်နေတတ်ပါတယ်၊ ချမ်းသာနေပါတယ်၊ အဲဒီအချိန်မှာ ခန္ဓာကိုယ်ကို စမ်းမကြည့်ရ၊ ဣရိယာပုတ်ဖျက်ပြီး ထမသွားရလို့ ဆိုထားပါတယ်။
အဲဒီလို အခြေအနေကိုရောက်အောင် အတော်အားထုတ်ရတာပါ၊ အဲဒီအခြေအနေမျိုးမှာ ယောဂီက ဆက်ပြီးတော့ အချိန်များစွာ အားထုတ်နိုင်ပါတယ်၊ ဣရိယာပုတ် ဖျက်ပြီး ထသွားရင် ကမ္မဋ္ဌာန်း အသစ်အသစ် ဖြစ်သွားပါတယ်။
အဲဒီလို အခြေအနေသို့ ပြန်ပြီးတော့ တော်တော်နဲ့ မရောက်တော့ပါ၊ အဲဒီလို မပြင်ရဘူးဆိုတာက ဘာဖြစ်လို့ မပြင်ရတာလဲ၊ အားထုတ်ကောင်းနေလို့ ရှုပွားကောင်းနေလို့ မပြင်ရတာပါ။
အဲဒီလို ယောဂီမျိုးက ဆက်ပြီးတော့ ရှုပွားအားထုတ်မယ်ဆိုရင် ရတယ်၊ တစ်နာရီ နှစ်နာရီ ဆက်ပြီးတော့ ရှုနိုင်တယ်၊ အသက်ရှုလဲ ရပ်နေတယ်၊ ကိုယ်လဲ ပျောက်နေတယ်၊ ချမ်းသာနေတယ်။
အဲဒီလို အချိန်အခါမျိုးမှာ ရှုပွားမှုသတိလွတ်ပြီး အတ္တဒိဋ္ဌိဝင်ကာ ..
ငါ ကိုယ်ပျောက်သွားပြီ ဘယ်ရောက်သွားလဲ မသိလို့ ကြောက်လန့်ပြီး ကိုယ်စမ်းကြည့်၊ အသက်ကို တအားရှုပြီး ထသွားတတ်ပါတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုး ဣရိယာပုတ်မပြင်ပါနဲ့၊ မပြောင်းပါနဲ့၊ အဲဒီလို ပုဂ္ဂိုလ်မျိုး ဣရိယာပုတ်ပြင်ရင် ကမ္မဋ္ဌာန်းအသစ်အသစ် ဖြစ်သွားပါတယ်။
မကျွမ်းကျင်တဲ့ ကမ္မဋ္ဌာန်းဆရာဟာ မပြင်နဲ့၊ ကမ္မဋ္ဌာန် အသစ်အသစ် ဖြစ်သွားရောဆိုတဲ့ အဲဒီစကားကိုသာစွဲပြီး အားထုတ်ခါစ ယောဂီတွေကို မပြင်နဲ့လို့ တားမြစ်တော့ ဒုက္ခအကြီးအကျယ် ရောက်ကြပါတယ်။
ယခုမှ အားထုတ်ခါစ ယောဂီတွေမှာ ကမ္မဋ္ဌာန်းအာရုံမှာ စိတ်က မတည်သေးပါ၊ ပြီးတော့ ရုပ်ရယ် ဝေဒနာရယ် စိတ်ရယ် မကွဲသေးပါ၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ၊ ပုဂ္ဂိုလ်သတ္တဝါ၊ ခေါင်းကိုယ် ခြေလက်ဆိုတဲ့ ပညတ်သိက မကွာသေးပါ၊ အဲဒီယောဂီတွေကို မပြင်နဲ့ဆိုတော့ သိပ်ပြီးတော့ ဒုက္ခရောက်ပါတယ်။
ဟို .. သီလက္ခန်အဋ္ဌကထာမှာ ဘယ်လိုဆိုထားလဲဆိုတော့ လက်တွေ ခြေတွေကို အကြာကြီးကွေးထားမယ်၊ အထိုင်ကြာရင် အကြာကြီးကွေးထားတာပေါ့၊ နောက် အကြာကြီး ဆန့်ထားမယ်၊ စင်္ကြံအကြာကြီးလျှောက်မယ်၊ အကြာကြီလျောင်းမယ်၊ အကြာကြီး မတ်တပ်ရပ်မယ်ဆိုရင် အကြာကြီးဆန့်ထားတာ ခေါ်တာပေါ့။
အဲဒီလို အကြာကြီးကွေးထားမယ်၊ အကြာကြီး ဆန့်ထားမယ်ဆိုရင် ခဏတိုင်း ခဏတိုင်း ဒုက္ခဝေဒနာတွေ ဖြစ်လိမ့်မယ်၊ အဲဒါ သေချာပေါက်ပါ။
အဲဒီလို ပြင်းထန်တဲ့ ဒဏ်၊ ဒုက္ခဝေဒနာ ဖြစ်နေပြီဆိုရင် မိမိရှုနေတဲ့ တိုးသဘောရုပ်ကို ရှုလိုက် သိလိုက်၊ နာကျင်ကိုက်ခဲတဲ့ ဒဏ်တွေ၊ ဒုက္ခတွေ သိလိုက်နဲ့ စိတ်အာရုံနှစ်မျိုး ဖြစ်နေတတ်ပါတယ်။
အဲဒီလို စိတ်အာရုံ ၂ မျိုး ဖြစ်နေတယ်ဆိုကတည်းက မိမိရှုနေကျ မူလကမ္မဋ္ဌာန်း တိုးသဘောရုပ် ရှုမှုက ပျက်နေပါပြီ၊ အဲဒီလို ဒုက္ခပြင်းထန်စွာ ဖြစ်နေရင် တည်ကြည်မှု သမာဓိ မရတော့ပါ။
တည်ကြည်မှု သမာဓိမရတော့ တိုးတိုင်းတိုးတိုင်း ရုပ်၊ ရုပ် လို့ ရှုပွားနေတဲ့ ကမ္မဋ္ဌာန်းတရားလဲ မတိုးပွားလာတော့ပါ၊ တရားအထူးလဲ မရတော့ပါ၊ ဣရိယာပုတ်ကို ဒုက္ခဝေဒနာ ပြင်းထန်စွာ ဖြစ်နေတဲ့အချိန်မှာ ပြင်ချိန်တန်ပါလျက်သားနဲ့ မပြင်ပါက ..
၁။ ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်ခြင်း၊
၂။ တည်ကြည်မှု သမာဓိ မရခြင်း၊
၃။ ရှုနေတဲ့ မူလကမ္မဋ္ဌာန်း ပျက်ခြင်း၊
၄။ တရားအထူး မရခြင်း .. ဆိုတဲ့ အပြစ် ၄ ချက် ဖြစ်ပါတယ်လို့ သီလက္ခန်အဋ္ဌကထာမှာ သေချာစွာ ဆိုထားပါတယ်။ အဲဒီ အချက်ကို ကမ္မဋ္ဌာန်းဆရာ အတော်များများ သတိမထားကြပါ။
အားထုတ်ခါစ ယောဂီပုဂ္ဂိုလ်တွေမှာ ဣရိယာပုတ် ပြင်ချင်တဲ့အခါ ပြင်ချိန်တန်ပါလျက်ကနဲ့ ပြင်မပေးရင် အပြစ် ၄ ချက် ဖြစ်ပါတယ်။
ပြောင်းသင့် ပြင်သင့်တဲ့ အချိန်မှာ ပြင်ပေးမယ် ဆိုရင်၊ အကွေးကြာတဲ့ ယောဂီက ဆန့်ပေးမယ်ဆိုရင်၊ အဆန့်ကြာတဲ့ ယောဂီက ကွေးပေးမယ်ဆိုရင် ဣရိယာပုတ် ပြောင်းတယ် ပြင်တယ် ခေါ်ပါတယ်။
အဲဒီလို ဣရိယာပုတ် ပြောင်းပေးလိုက်မယ် ပြင်ပေးလိုက်မယ် ဆိုရင် ဒုက္ခဝေဒနာ ပြင်းထန်စွာ မဖြစ်တော့ပါ။
ယောဂီ တော်တော်များများက ပြောပါတယ်၊ တပည့်တော်တို့ ဣရိယာပုတ် ပြင်ပြောင်းပြီး ရှုပွား အားထုတ်လို့ရှိရင် အားထုတ်မှု မပျက်ဘဲ တစ်ချိန်လုံး အားထုတ်လို့ ရှုပွားလို့ ကောင်းပါတယ်ဘုရား။
ဣရိယာပုတ် မပြင်ဘဲနဲ့ ပေတေပြီး ရှုပွားအားထုတ်နေရင် နောက်ပိုင်းမှာ ရှုပွားအားထုတ်လို့ မရတော့ပါဘုရား၊ အဲဒီ ဒုက္ခဆီပဲ စိတ်က ရောက်နေပါတယ်ဘုရားတဲ့။
ဟုတ်ပါတယ်၊ သီလက္ခန် အဋ္ဌကထာကလဲ ဣရိယာပုတ် ပြင်သင့်တဲ့အချိန်မှာ ပြင်လိုက်လို့ရှိရင် ဒုက္ခဝေဒနာ ပြင်းထန်စွာ မဖြစ်တော့ပါ။
ဒုက္ခဝေဒနာ ပြင်းထန်စွာ မဖြစ်တဲ့အတွက် အရှုခံအာရုံမှာ တည်ကြည်မှု သမာဓိ ရပါတယ်၊ တည်ကြည်မှု သမာဓိ ရတဲ့ အတွက် မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းတရား ပျက်မသွားပါ၊ ကမ္မဋ္ဌာန်းတရား ပျက်မသွားတဲ့အတွက် တရားအထူး ရပါတယ်လို့ ပြထားပါတယ်။
အချုပ်ကို ပြန်ပြောရရင် ရှုပွား အားထုတ်ခါစ ယောဂီဟာ ဣရိယာပုတ် ပြင်ချင်လျှင် သတိထား ရှုပွားပြီး ပြင်ပါ၊ ပြင်ချင်လျက်နဲ့ မပြင်ရင် တရားမရနိုင်ပါ၊ ပြင်ပြီးလျှင် ရှုနေကျ မူလကမ္မဋ္ဌာန်းဖြစ်တဲ့ တိုးသဘောကို ပြန်ရှုပါ။
အားထုတ်ခါစ ယောဂီ အနေနဲ့ ပြင်ချင်ပါလျက်ကနဲ့ မပြင်ဘဲ အားထုတ်လို့ရှိရင် ဒဏ်ရာက သိပ်ပြင်းထန်လာရင် ဒဏ်ရာပြင်းထန် တိုးဖောက်ပြန် ရှုရန်မနိုင်ပါ ဆိုသလို ဒဏ်ရာ ပြင်းထန်ပြီး တိုးဖောက်ပြန်လာရင် မနိုင်ဘဲနဲ့ ပက်လက်လန်လဲ မှောက်လျက်လဲပြီး မေ့မြောမောပြီး သတိလစ်တတ်ပါတယ်။
ဘုန်းကြီးက တရားအားထုတ်တဲ့အခါမှာ သည်းမခံနိုင်က ဣရိယာပုတ်ပြင်ကောင်းပါတယ်ဆိုတော့ ဒကာမကြီးတစ်ဦးက ..
အရှင်ဘုရား ဟောတာ သိပ်မှန်တာပဲဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ အားထုတ်တဲ့အခါ နာကျင်ကိုက်ခဲမှုကို သည်းမခံနိုင်လို့ ပြင်ဆင်က နောက်ပိုင်းမှာ တရားတက်သွားပါတယ်၊ တပည့်တော် အားထုတ်စဉ် အခါက ဣရိယာပုတ် မပြင်ရ၊ မပြောင်းရဆိုတဲ့ ဌာနမှာ အားထုတ်ပါတယ်၊ ဘုန်းကြီးကလဲကြည့်ကြည့်နေတော့ တပည့်တော် တိတ်တိတ် ပြင်ရပါတယ်၊ ပြင်တော့လဲ ဟုတ်သွားတာပဲဘုရား၊ တည့်သွားတာပဲဘုရား ..တဲ့။
ဘုန်းကြီးက အဲဒီလို တိတ်တိတ်ပြင်တော့ ယောဂီ အလစ်သမားဖြစ်မှာစိုးလို့ စောစောက ပြင်ခိုင်းထားတယ်၊ ကြိုက်သလိုပြင်လို့ ခွင့်ပေးထားတယ်။
အဲဒီလို ပြင်ခွင်မပေးထားရင် နာမည်နဲ့ အလုပ်နဲ့ ကိုက်ညီမှာ မဟုတ်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ယောဂီနွယ်ဝင် အို သူတော်စင် အပေါင်းတို့ လို့ ခဏခဏခေါ်၊ ခဏခဏ နှိုးတော်နေတယ်၊ ဒီမှာက အလစ်သမား ဖြစ်နေတယ်လေ၊ ဟုတ်တယ်လေ၊ တိတ်တိတ်ပြင်တယ်ဆိုတော့ အလစ်သမား ဖြစ်မနေလား၊ ဖြစ်နေပါတယ်။
ဒါကြောင့် ရိုးရိုးသားသားလုပ်ပါ၊ ယောဂီဆိုတာ ရိုးသားမှ တရားရမှာ၊ မရိုးသားရင် တရားမရပါ။
အဲတော့ နာကျင်ကိုက်ခဲမှု မနိုင်ဒဏ်ရာရှုလျှင် ဘာဝင်လာမလဲ၊ ဒေါမနဿ ဒေါသလာမယ်၊ ဖောက်ပြန်မှု ပြင်းထန်ပါတယ်၊ ဖောက်ပြန်မှု ပြင်းထန်တော့ စိတ်မချမ်းသာမှု ဒေါမနဿ ဝင်လာပါတယ်။
ဒဏ်ဆိုတာက ကာယိက ဒုက္ခပါ၊ အဲဒီ ကာယိကဒုက္ခဆိုတဲ့ မိမိရဲ့ ဒဏ်နာပေါ်မှာရှုတော့ မနိုင်ရင် ဘာဝင်လာမလဲဆိုတော့ ဒေါမနဿ ဒေါသ ဝင်လာပါတယ်၊ ဒုက္ခဝေဒနာက ပိုင်းခြားသိရမယ့် ဒုက္ခသစ္စာ ထိုက်တဲ့ တရားပါ၊ အဲဒီ ဒုက္ခဝေဒနာကို အာရုံပြုပြီးဖြစ်တဲ့ ဒေါမနဿ ဒေါသကိလေသာကို ပယ်နိုင်တဲ့ ဝီရိယ ရှိရမှာပါ။
အပယ် ချတာက ဒေါမနဿ၊ ဒေါသ ကိလေသာက အပယ်ချတာပါ၊ ဒုက္ခဝေဒနာက အပယ်ချတာ မဟုတ်ပါဘူး၊ ဒါကြောင့် ဒေါသ ဒေါမနဿကိုသာ ပယ်ရမှာပါ။ တကယ်နာရင် ဒေါမနဿ ဒေါသဝင်တတ်ပါတယ်၊ ဒေါမနဿ ဒေါသ ဝင်သွားတဲ့အတွက် ဘယ်လိုဖြစ်သွားသလဲဆိုရင် ဝေဒနာ ပစ္စယာ တဏှာ ဆိုပြီး ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်သွားပါတယ်။
အမှန်တကယ် ကုန်ရမယ့် ဝေဒနာက ဒီ ဒေါမနဿဝေဒနာ ဖြစ်ပါတယ်၊ ဒုက္ခဝေဒနာ မဟုတ်ပါ၊ ယခု အများစုက ကုန်အောင်လုပ်နေတာက ကာယိက ဒုက္ခဝေဒနာပါ၊ အဲဒီ ဝေဒနာက ကိုယ်ရှိနေသမျှ မကုန်နိုင်ပါ၊ မကုန်ကောင်းပါ၊ အဲဒီ ကိုယ်ခန္ဓာကို အကြောင်းပြုပြီး စိတ်ဒုက္ခဖြစ်တဲ့ ဒေါမနဿဝေဒနာ ကုန်ရမှာပါ၊ အဲဒီ ဒေါမနဿဝေဒနာကလဲ တကယ်တမ်းကျတော့ ဘယ်အဆင့်ရောက်မှ ကုန်အောင် ပယ်နိုင်မှာလဲဆိုတော့ အနာဂါမ်အဆင့်ရောက်မှ အပြီး ပယ်နိုင်ပါတယ်။
ဒီဝေဒနာတရားတော် အစမှာ ပြောခဲ့ဖူးပါတယ်၊ သုခဝေဒနာပေါ်မှာ လောဘကို ပယ်နိုင်တဲ့ ဝီရိယ၊ ဒုက္ခဝေဒနာပေါ်မှာ ဒေါသကို ပယ်နိုင်တဲ့ ဝီရိယ၊ ဥပေက္ခာဝေဒနာပေါ်မှာ မောဟကို ပယ်နို်င်တဲ့ ဝီရိယ ရှိရမယ်လို့ ..
အဲဒီလို ကိလေသာကို ပယ်နိုင်တဲ့ လုံ့လဝီရိယမျိုးကို ဒီနေရာမှာ လိုပါတယ်၊ ဒုက္ခဝေဒနာ ဖြစ်ပေါ်နေတဲ့အခါ ဒီဒုက္ခဝေဒနာ မချုပ်ရင် ထိုင်ရာက မထဘူး၊ ရှုရင်း ပွားရင်း ဒုက္ခဝေဒနာချုပ်မှ ထိုင်ရာက ထမယ်ဆိုပြီး အံကြိတ်ကာ ပဋိဃလို့ခေါ်တဲ့ ဒေါသကြီးတန်းလန်းနဲ့ ရှုပွားနေတာမျိုးကို မလိုပါ။
တရားအားထုတ်တဲ့ ကိစ္စမှာ အားထုတ်ပုံ အားထုတ်နည်းဟာ အင်မတန် အရေးကြီးပါတယ်၊ အင်မတန်လဲ သိဖို့ရာ လိုအပ်ပါတယ်၊ ဝေဒနာရှုပွားမှုနဲ့ ပတ်သက်လို့ ဒဏ်နာကို ဝေဒနာလုပ် ရှုမှာလား၊ ခံစားမှုကို ဝေဒနာလုပ်ရှုမှာလားဆိုတာ ကွဲဖို့ အရေးကြီးပါတယ်။
ဝေဒနာဆိုတာ ခံစားမှုဖြစ်တော့ ခံစားမှုကိုရှုမှ ဝေဒနာ ရှုမှုဖြစ်ပါတယ်၊ ဒဏ်နာကို ရှုနေရင် ဝေဒနာရှုမှု မဟုတ်ပါ၊ ဒဏ်နာကို ရှုလျှင် မနိုင်က ဒေါမနဿဝေဒနာ ဝင်လာတတ်ပါတယ်၊ အဲဒီလို ဒေါမနဿဝေဒနာ ဝင်လာရင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ပြတ်မသွားဘဲ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်သွားပါတယ်။
ဘယ်လိုလည်သွားလဲ၊ ဝေဒနာပစ္စယာ၊ ပဋိဃာ၊ ပဋိစ္စာလည်မှုသာ .. တဲ့။
ဝေဒနာပစ္စယာ၊ ပဋိဃာ ဆိုတော့ .. ဘယ်နှယ့် ဝေဒနာပစ္စယာ တဏှာ ဆိုမှ ပဋိစ္စသမုပ္ပါဒ်လည်မှာမဟုတ်ဖူးလား၊ ယခုု ဝေဒနာပစ္စယာ ပဋိဃာဆိုတော့ ဘယ်လို ပဋိစ္စသမုပ္ပါဒ် လည်သလဲလို့ မေးစရာရှိပါတယ်။
ဝေဒနာပစ္စယာ၊ ပဋိဃာ ဆိုတာ ဒုက္ခဝေဒနာကြောင့် ဒေါမနဿ ဝေဒနာ ဖြစ်သွားတာပေါ့၊ အဲဒီ ဒေါမနဿ ဝေဒနာ ဖြစ်သွားတော့လဲ တဏှာဘက် ကူးတာပဲ၊ ဘာဖြစ်လို့ ကူးလဲ၊ သူ ဖြစ်စေချင်တာက သုခပါ၊ ဖြစ်နေတာက ဒုက္ခ၊ အလိုမပြည့်ပါ၊ ဒီတော့ ဘာတောင့်တလဲဆိုတော့ သုခကို တောင့်တတယ်၊ အဲဒီလို ဒုက္ခဖြစ်၊ ဒေါမနဿဖြစ်၊ ပဋိဃာဖြစ်ပြီး သုခကို တောင့်တတဲ့အတွက် ဝေဒနာ ပစ္စယာ တဏှာ ကူးသွားတာပါ။
တဏှာကူးသွားတာ ကူးသွားမှန်း မသိဘဲ ဆက်ပြီးတော့ ဥပါဒါန်တွေ ကံတွေ ကူးသွားပြန်တော့ ပဋိစ္စသမုပ္ပါဒ်စက်လည်သွားတော့တာပေါ့။
တရားရှုပွားအားထုတ်တာက ရုပ်ပဲ ရှုရှု၊ ဝေဒနာပဲ ရှုရှု၊ စိတ်ပဲ ရှုရှု၊ ပဋိစ္စသမုပ္ပါဒ်လည်အောင် ရှုတာလား၊ ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ထဲက ထွက်သွားအောင် ရှုတာလား၊ စက်ထဲက ထွက်သွားအောင်၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ပြတ်သွားအောင် ရပ်သွားအောင် အားထုတ်တာပါ။
အရှုခံအာရုံအဖြစ် နှာခေါင်းမှာ တိုးနေတဲ့ တိုးသဘော ရုပ်ကို တိုးတိုင်း တိုးတိုင်း ရုပ်၊ ရုပ် လို့ ရှုပွားနေလို့ရှိရင်လဲ ရုပ်ရဲ့ သဘောကို သိရင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး ရပ်သွားမယ်၊ သို့မဟုတ် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ထဲက လွတ်ထွက်သွားမယ်။
ဘယ်နေရာက ထွက်မှာလဲဆိုတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ ထိုက်တဲ့ တရား ၅ လုံး ရှိပါတယ်။
အဲဒီ တရား ၅ လုံးထဲက ကြိုက်ရာအလုံးကို ရှုပွား အားထုတ်ပါ၊ အဲဒီ ၅ လုံးထဲမှ တစ်လုံးရဲ့သဘောကို ပေါက်ရင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ရပ်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ထဲမှ ထွက်ပါတယ်။
အဲဒီတော့ ၅ လုံးကနေ ဟိုဘက်က တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ သမုဒယသစ္စာဘက်သို့ မကူးရင် ဒီကနေ့ စက်ရဟတ်ကြီး ရပ်တယ်၊ ပြတ်တယ်၊ ထွက်တယ်ပေါ့။
ဒါဖြင့် ဒီဘက် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အကျိုးဒုက္ခသစ္စာကနေပြီး တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာဆီသို့ မကူးရင် တော်ပြီ၊ မကူးအောင် ကြိုးစားပါ၊ မကူးအောင် ကြိုးစားရပါမယ်။
အားထုတ်နေသူတိုင်း အားထုတ်နေသူတိုင်း အမှန်လမ်းရောက်နေပြီလို့ မထင်လိုက်ပါနဲ့၊ အားထုတ်နေတိုင်း မမှန်ပါ။ ဥပမာ ဘာနဲ့ တူသလဲဆိုတော့ လူတစ်ယောက်ဟာ ရေနောက်နေတဲ့ ရေကန်ကြီး တစ်ကန်ဆီ သွားပြီး သေသေချာချာကြည့်တယ်၊ ဒီရေကန်ကြီးထဲမှာ ငါးဘယ်နှစ်ကောင်၊ လိပ်ဘယ်နှစ်ကောင်၊ ပုစွန်ဘယ်နှစ်ကောင်၊ အိုးခြမ်းကွဲက ဘယ်လောက်ရှိလဲ စသည်ဖြင့် သိအောင် မြင်အောင် ကြည့်ရှုတယ်၊ သေသေချာချာ ကြည့်တယ်၊ မျက်စိပွတ်ကြည့်တယ်၊ မျက်မှန်တပ်ကြည့်တယ်၊ မြင်လားဆိုတော့ မမြင်ဘူး၊ ဘာဖြစ်လို့ မမြင်တာလဲ၊ ကြည့်ပုံကြည့်နည်း မမှန်လို့လားဆိုတော့ .. မဟုတ်ပါဘူး၊ ဘာဖြစ်နေလို့လဲဆိုတော့ ရေနောက်နေလို့ မမြင်တာ။
အဲဒီ နောက်နေတဲ့ရေကန်ဟာ အတော်လေးကြာတော့ ကြည်သွားပြီတဲ့၊ အဲဒီကြည်နေတဲ့ ရေကန်ရဲ့ ကမ်းနားသွားပြီး သေသေချာချာ ထိုင်ကြည့်၊ ရပ်ကြည့်၊ လျောင်းကြည့်၊ စင်္ကြံလျှောက်ကြည့်၊ ငါး လိပ် ဘယ်နှစ်ကောင်၊ ပုစွန်ဘယ်နှစ်ကောင်၊ အိုးခြမ်းကွဲ ဘယ်နှစ်ခု စသည်ဖြင့် အကုန်မမြင်ဘူးလား၊ ဘာဖြစ်လို့ မြင်တာလဲဆိုတော့ ရေကြည်သွားလို့ မြင်တာပါ၊ ကြည့်ပုံ ကြည့်နည်းကတော့ ရေနောက်နေစဉ်ကလဲ ဒီလိုပုံ ကြည့်တာပါ ရေနောက်စဉ်က မမြင်ပါဘူး၊ ရေကြည်မှ မြင်ပါတယ်။
တရားအားထုတ်တဲ့ နယ်မှာလဲ အဲဒီ ဥပမာ အတူပါပဲ၊ ယောဂီပုဂ္ဂိုလ်တွေ ရှုချင်သလောက် ရှုပါ၊ စိတ်မကြည်ဘူး၊ စိတ်နောက်နေမယ်၊ စိတ်မအေးဘူးဆိုပါက ဘယ်လိုမှ ရုပ်သဘော နာမ်သဘော မြင်မှာ မဟုတ်ပါ။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ထိုင်ချင်သလောက် ထိုင်ပြီး ရှုပါ၊ ဒီအဝိဇ္ဇာက ဖုံးထားမယ်၊ စိတ်တွေ ပျံ့လွင့်နေမယ်၊ နောက်နေမယ်၊ ညစ်နေမယ်ဆိုရင် မှောင်နေပြီပေါ့၊ နောက်နေပြီပေါ့။
အဝိဇ္ဇာမှောင်၊ ပိတ်ကာလှောင် ဆိုတော့ မှောင်တကာ့ မှောင်ထဲမှာ ဒီအဝိဇ္ဇအမှောင်ဟာ အမှောင်ဆုံးပါ၊ ဘာမှမသိ မမြင်တော့ပါ။
အဝိဇ္ဇာရှိနေသေးရင် မှောင်နေတာပေါ့၊ အဲဒီလို မှောင်ပိတ်နေတော့ မြင်စရာတွေ မြင်ဦးမလား၊ အဖြစ်မှန် သနစ်မှန်တွေကို မမြင်မသိနိုင်တော့ပါဘူး။
တရားအားထုတ်တဲ့အခါမှာ စိတ်တွေကြည်သွားပြီ၊ ရှင်းသွားပြီဆိုမှ မြင်သင့်မြင်ထိုက်တာတွေ မြင်တာပါ၊ ဒါ့ကြောင့် ရှုပွားတဲ့အခါ စိတ်အေးလက်အေးနဲ့ရှုပါ၊ အပူ အပင် အကြောင့်အကြတွေ ဘာမှ မပါပါစေနဲ့..။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းမှ ကောက်နှုတ် မှတ်စုထုတ်ပါသည်။
ဝေဒနာရှုပွားနည်း (၈)
ဝေဒနာရှုပွားရန် ဘာပိုင်မှဖြစ်သလဲဆိုတော့ ရုပ်ဓာတ်ကြီးလေးပါး ပိုင်မှ ဖြစ်ပါတယ်၊ အများအားဖြင့် ဝေဒနာ ရှုပွားတဲ့ ယောဂီတွေဟာ ရုပ်ဓာတ်ကြီးလေးပါး မပိုင်ကြပါ၊ မပိုင်တော့ အဲဒီရုပ်ဓာတ်တွေကို ဝေဒနာပြုလုပ်ပြီး ရှုတတ်ပါတယ်၊ ရှုနေတဲ့ ယောဂီတွေလဲ ရာနှုန်းပြည့်လောက် တွေ့ရပါတယ်။
ဝေဒနာဆိုတဲ့ နာမ်တရားကို ရှုပွားဖို့ရာ ဘာပိုင်မှ ဖြစ်မလဲ၊ မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ရုပ်ဓာတ်တွေပိုင်မှ ရှုလို့ လွယ်ပါတယ်၊ အဲဒီ ရုပ်ဓာတ်ကြီးလေးပါး မပိုင်ဘဲနဲ့ ဒီဝေဒနာကို ရှုပွားဖို့ရာ လွယ်မယ်မဟုတ်ပါ၊ မလွယ်ပါ။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရုပ်ဓာတ်ကြီးလေးပါးကို မသိရင် အဲဒီ ရုပ်ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုကိုပဲ နာမ်ဝေဒနာ လုပ်ပြီး ရှုနေတတ်ပါတယ်၊ ဓာတ်ကြီးလေးပါဆိုတာက ရုပ်၊ ဝေဒနာဆိုတာက နာမ်၊ တခြားစီပါ၊ ဘာမှ မဆိုင်ပါဘူး၊ ဖောက်ပြန်မှုက ရုပ်၊ ခံစားမှုက ဝေဒနာ၊ ခွဲခြားသိဖို့ အရေးကြီးပါတယ်။
မာသဘော၊ တင်းသဘော တွေ့ယင် .. ပထဝီ ..ရုပ်ပါလား လို့ သိရမယ်၊ အဲဒီလိုမသိရင် အဲဒီ မာသဘော၊ တင်းသဘောကို ဝေဒနာလုပ်ရှုမှာ သေချာတယ်၊ ပြီးတော့ ပူတာ တွေ့မယ်၊ အေးတာ တွေ့မယ်ဆိုရင် .. ဒါ တေဇောပါလား လို့ သိပါတယ်၊ ပူတဲ့ဝေဒနာလေး၊ အေးတဲ့ ဝေဒနာလေးလို့ ရုပ်ကို ဝေဒနာလုပ်ဦးမလား၊ မလုပ်ရပါဘူး၊ မာတာ တင်းတာ ပထဝီဓာတ်ပါ၊ ပူတာ အေးတာက တေဇောဓာတ်ပါ၊ တိုးတာ တွန်းတာ ကန်တာ ခုန်တာ လှုပ်တာက ဝါယောဓာတ်ပါ၊ ဖွဲ့စည်းတာ ယိုစီးတာက အာပေါဓာတ်ပါ၊ အဲဒီ ထင်ရှားတဲ့ ရုပ်ဓာတ်ကြီးလေးပါးရဲ့သဘောကို သိရမယ်။
အဲဒီလို မသိထားရင်၊ ပူတာ အေးတာကို ပူတဲ့ ဝေဒနာလေး၊ အေးတဲ့ ဝေဒနာလေးလို့ အပူအအေးကို ဝေဒနာလုပ်ပြီး အမှားရှုတတ်ပါတယ်။
မြေ၊ ရေ၊ လေ၊ မီးလို့ ခေါ်တဲ့ ဓာတ်ကြီးလေးပါး၊ မဟာဘုတ်ရုပ် ၄ ပါးကို မပိုင်ဘူးဆိုရင် အဲဒီ ရုပ် ၄ ပါး ဖောက်ပြန်မှုကို ဝေဒနာလုပ်ရှုမှာ သေချာနေပြီ။
ဒါကြောင့် ဝေဒနာ ရှုပွားတတ်ဖို့ရာ ဘာပိုင်ရမှာလဲဆိုရင် ဓာတ်ကြီးလေးပါး ပိုင်ရမှာပါ။
တိုးသဘောရုပ်ကို ရုပ် ရုပ်နဲ့ ရှုရင်းနဲ့ ဟိုတွေး ဒီတွေး ဟိုကြံ ဒီကြံတွေက လာတယ်၊ ဘာဖြစ်ဦးမလဲ၊ ဘာမြင်ဦးမလဲ၊ ဘာတွေ့ဦးမလဲ၊ တရားဆိုတာ ဘယ်လိုလဲ ကြံနေ တွေးနေကြတယ်၊ မကြံမတွေးနဲ့ ပြောလဲ မရဘူး။
ပရမတ် ရုပ်နာမ်ရဲ့ သဘောကို သိချင်ရင် မတွေးရ မကြံရပါ၊ အရှုခံအာရုံနဲ့ ရှုဉာဏ်နဲ့ မလွတ်အောင် ရှုပွားရမှာပါ၊ ယောဂီတို့ ရှုနေတဲ့ တိုးသဘောထဲမှာ ကြည့်စရာတွေ သိစရာတွေ အများကြီးရှိပါသေးတယ်၊ ဘုန်းကြီးတို့က ဖော်မပြောဘဲနဲ့ ရှုနိုင်မှ မြင်နိုင်မှ ကောင်းပါတယ်။
ရုပ်တရားက ဖြစ်လို့ရှိရင် တစ်ခုတည်း ဘယ်တော့မှ မဖြစ်ပါ၊ အနည်းဆုံး ရှစ်ခုဖြစ်ပါတယ်။ တိုးသဘောရုပ်ထဲမှာ တိုးသဘော ဝါယောရုပ် တစ်ခုတည်း မဟုတ်ပါ၊ ရုပ်ရှစ်ခု ပါပါတယ်၊ အဲဒီ ရုပ်ရှစ်ခုက ဘာတွေလဲဆိုတော့ တိုးသဘောက ဝါယောရုပ်။
အဲဒီ တိုးသဘောကို သေသေချာချာ သတိပြုပါ၊ အဲဒီ တိုးသဘောထဲမှာ ပူသဘော၊ အေးသဘော ပါပါတယ်၊ အဲဒီ ပူးအေးသဘောက တေဇောရုပ်ပါ၊ အဲဒီ တိုးသဘောထဲမှာ အကြမ်း၊ အနုသဘောက ပထဝီရုပ်ပါ။
အဲဒီ ဝါယော၊ တေဇော၊ ပထဝီရုပ် ၃ခု ကို တွေ့ရင် အာပေါရုပ်ကို တွေ့နိုင်ပြီ၊ ဘယ်လိုတွေ့နိုင်လဲ၊ ကြမ်းသဘော၊ နုသဘော၊ ပူသဘော၊ တိုးသဘော ထင်ရှားအောင် ဖွဲ့စည်း ပေါင်းစပ်ကပ်ပေးတဲ့သဘောက အာပေါရုပ်ပါ၊ ဒါကြောင့် တိုးတဲ့အထဲမှာ ရုပ်ဓာတ်ကြီး ၄ ပါး ပါပါတယ်။
အဲဒီ ဓာတ်ကြီးလေးပါ၊ ရုပ် ၄ခုကို မဟာဘုတ် ရုပ်ဓာတ်လို့ခေါ်ပါတယ်၊ အဲဒီ မဟာဘုတ်ရုပ်ဓာတ်ကြီး ၄ ခုကို မှီနေတဲ့ အမှီရုပ် (ဥပါဒါရုပ်) ၄ ခုဆိုတာ ရှိပါသေးတယ်။
အဲဒီ ရုပ်ဓာတ်ကြီး ၄ ပါးထဲမှာ ဝဏ္ဏလို့ခေါ်တဲ့ အဆင်းရှိပါတယ်၊ ဓာတ်ကြီး ၄ ပါးကို မှီနေပါတယ်၊ ဒါကြောင့် တချို့ ယောဂီပုဂ္ဂိုလ်တွေက တပည့်တော် နှာခေါင်းထဲက ဖြူဖြူတန်းကြီး မီးခိုးတန်းလို ထွက်တာ ဝင်တာ မြင်ပါတယ် လို့ ပြောကြတယ်၊ အဲဒါ တိုးသဘောထဲမှာ ပါတဲ့ ဝဏ္ဏရုပ်ကို မြင်တာပါ။
တိုးသဘောဆိုကတည်းက အရာဝတ္ထု တစ်ခုခုပေါ့၊ သူ့မှာ အဆင်းရှိတယ်ပေါ့၊ အဲဒီ အဆင်းရှိတဲ့ အရာဝတ္ထုမှာ အနံ့ဆိုတဲ့ ဂန္ဓရုပ် ရှိပါတယ်၊ အနံ့ဆိုတာ ဂန္ဓာရုံ၊ ဂန္ဓရုပ်ပါ။
နောက် အဲဒီ အရာဝတ္ထုသဘော၊ အဆင်း အနံ့ရှိတဲ့ သဘောမှာ အရသာဆိုတာ ရသာရုံ၊ ရသာရုပ်ပါ။
အဲဒီ အရာဝတ္ထု၊ အဆင်း အနံ့ အရသာထဲမှာ အဆီဩဇာဆိုတာ ရှိပါတယ်၊ အဲဒီ အဆီက ဩဇာရုပ်ပါ၊ ဒီတော့ ဒီတိုးသဘောထဲမှာ ရုပ် ဘယ်နှစ်ခု ပါပါသလဲဆိုရင် ရုပ် ၈ ခု ပါပါတယ်။
အမှီခံ မဟာဘုတ်ရုပ်၊ ဘူတရုပ်က ၄ ခုပါ၊ အမှီရုပ်၊ ဥပါဒါရုပ်က ၄ ခုပါ၊ ရုပ်တရားဖြစ်ရင် အနည်းဆုံး အဲဒီရှစ်ခု ဖြစ်ပါတယ်၊ အဲဒီ ရှစ်ခုအောက် လျော့ပြီးတော့ မဖြစ်ပါ၊ ဖြစ်လို့မရပါ။
ယောဂီတွေ တင်ပျဉ်ခွေထိုင် ကျုံ့ကျုံ့ထိုင်ရယ်လို့ အသီးသီး ထိုင်တော့ ကွေးထားတော့ ရုပ်ဓာတ်တွေ တစ်ခုနဲ့ တစ်ခု ပိညပ် ဖိညှပ်ထားတော့ အပိအညှပ် အဖိအညှပ်ခံရတဲ့ ရုပ်ဓာတ်တွေမှာ နာကျင်ကိုက်ခဲ ပူအေးတောင့်တင်း သဘောတွေ ဖြစ်လာပါတယ်။
အဲဒီ နာကျင်ကိုက်ခဲ ပူအေးတောင့်တင်း သဘောတွေ ဘာဖြစ်လို့ ဖြစ်လာတာလဲဆိုတော့ ဒီက ရုပ်ဓာတ်တွေ နဂိုအနေက ဖောက်ပြန်သွားလို့ ဖြစ်လာပါတယ်၊ အဲဒီ နာကျင် ကိုက်ခဲ ပူအေးတောင့်တင်း သဘောတွေဟာ နာမ်ဝေဒနာလား၊ ရုပ်လားဆိုတော့ .. ရုပ်ပါ။
နောက်က ပြောခဲ့ပါတယ်၊ ရုပ် ဖောက်ပြန်မှု၊ ဓာတ်လွန်စု၊ စွဲပြုဝေဒနာ တဲ့။
ရုပ်ဖောက်ပြန်တော့ ခုနက ဓာတ်ကြီး ၄ ပါးထဲမှ လွန်တဲ့ ဓာတ်တွေက လွန်ကုန်ပြီ၊ လွန်ကုန်တော့ နာကျင်ကိုက်ခဲ ပူအေးတောင့်တင်းတွေ ပေါ်လာတယ်၊ အဲဒီ သဘောတွေဟာ ရုပ်ဒုက္ခတွေပါ။
အဲဒီလို ရုပ်ဒုက္ခတွေ ဖြစ်လာတော့ ဘယ်သူက သိလဲဆိုရင် စိတ်က သိပါတယ်၊ နာမ်က သိပါတယ်၊ စိတ်နာမ်ပေါ့၊ ဘယ်သူက ခံစားလဲ၊ ဝေဒနာက ခံစားပါတယ်၊ ဝေဒနာနာမ်ပေါ့။
အဲဒီလို ရုပ်ဓာတ်ဖောက်ပြန်မှုနဲ့ သိမှ ဝိညာဏ် စိတ်၊ ခံစားမှု ဝေဒနာရယ်လို့ ပရမတ် တစ်ခုစီရဲ့ သဘောကို သိမှ မိမိရှုချင်တဲ့ သဘောတရားကို အရှုခံထားပြီး ရှုပွားနိုင်မှာပေါ့၊ ဒါ့ကြောင့် ဒီနေရာမှာ လင်္ကာတစ်ပုဒ် ဆိုကြည့်ပါ။
ဓာတ်ပိုင် စိတ်ပိုင်၊ ရှုပွားနိုင်၊ စွဲကိုင်ဝေဒနာ..တဲ့။
ဝေဒနာရှုပွားချင်တဲ့ ယောဂီဟာ ဘာတွေ ပိုင်နိုင်စွာ သိရမလဲဆိုရင် ဓာတ်လဲ ပိုင်ရမယ်၊ ရုပ်ဓာတ်ပေါ့၊ မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ရုပ်ဓာတ်ကြီး ၄ ခုရဲ့ သဘော ပိုင်နိုင်စွာ သိရပါမယ်။
အဲဒီလို သိတော့မှ အာရုံကွဲမယ်၊ သို့မဟုတ်က အာရုံတွဲနေမယ်၊ ရောနေမယ်၊ အာရုံကွဲမှ ဒီဥစ္စာက ရုပ်ဓာတ်ပဲ၊ ဒီဥစ္စာက စိတ်ဓာတ်ပဲ၊ ဒီဥစ္စာက ခံစားမှုဝေဒနာပဲလို့ သိပါမယ်။
အဲဒီလိုမကွဲရင် ရုပ်ဖောက်ပြန်မှုတွေကို ဝေဒနာလုပ်ပြီး ရှုတော့ ခံစားမှု ဝေဒနာနာမ်နဲ့ သိမှုဝိညာဏ်နာမ်လဲ မကွဲဘဲ တွဲနေတတ်ပါတယ်၊ တွဲနေရင် မမှန်တော့ပါ၊ တွဲနေရင် ပညတ်နယ်ထဲ ရောက်နေပြီ၊ ပညတ်နယ်ထဲ ရောက်နေရင် ဝိပဿနာလို့ ပြောပေမယ့် သမထပဲ ဖြစ်တယ်၊ ဝိပဿနာ မဖြစ်ပါ။
အရေးကြီးတာက ဝေဒနာကလဲ ယောဂီတိုင်းလိုလို ရှုနေကြတော့ ဝေဒနာနဲ့ပတ်သက်ပြီး နားလည်ဖို့ရာ အရေးကြီးပါတယ်၊ ဝေဒနာ နားလည်ဖို့ရာ ဓာတ်ပိုင်ရမှာ ဖြစ်နေတော့ ရုပ်ဓာတ် ၄ ပါး သဘောကို အချုပ် ပြောပြပါမယ်။
ပူသဘော၊ အေးသဘော၊ နာသဘော၊ ကျင်သဘော၊ ကိုက်သဘော၊ အောင့်သဘော၊ တွန်းသဘော၊ တိုးသဘော၊ ကန်သဘော၊ ထောက်သဘော၊ မသဘော၊ ပင့်သဘော၊ ဖိသဘော၊ ညှပ်သဘော၊ လှုပ်သဘော၊ မာသဘော၊ လေးသဘော၊ ကြမ်းသဘော၊ ထိုင်းမှိုင်းသဘော စသည်များဟာ တေဇော ဝါယောနှင့် ပထဝီ သဘောတွေပါ၊ အဲဒီသဘောကို တွေ့လျှင် ရုပ် ဟု ရှုပါ။
ရှုတဲ့အခါ ပူသဘော၊ အေးသဘော စသည်နှင့် ကိုယ်နှင့် ကွဲပါစေ၊ ပူသိ၊ အေးသိကို နာမ် ဟု ရှုပါ။
ဖွဲ့စည်းသဘော၊ ယိုစီးသဘော၊ ကပ်သဘော စသည်တို့ကို တွေ့လျှင် အာပေါ ရုပ်သဘောဖြစ်၍ ရုပ် ဟု ရှုပါ၊ ဝေဒနာ ရှုပွားချင်တဲ့ ယောဂီဟာ အဲဒီ ဓာတ်သဘောတွေ ပိုင်ရပါမယ်။
ဝေဒနာရှုပွားတဲ့ ယောဂီဟာ ဘာကို ပိုင်နိုင်မှ ရှုပွားနိုင်မှ ပိုင်နိုင်စွာ ရှုနိုင်သလဲဆိုတော့ ရုပ်ဓာတ်နဲ့ စိတ်ကို ပိုင်နိုင်စွာ ကွဲပြားစွာ သိပြီးမှ ဒီဝေဒနာကို ရှုပွားပါ၊ ရုပ်ဓာတ်နဲ့ စိတ်ကို ပိုင်မှ ဒီဝေဒနာကို ပိုင်ပိုင်နိုင်နိုင် ရှုပွားနိုင်ပါတယ်။
ပူတယ်၊ အေးတယ်၊ နာတယ်၊ ကျင်တယ် စသည် ဖြစ်နေတာက ရုပ်ဖောက်ပြန်နေတာပါ၊ အဲဒီလို ရုပ်ဖောက်ပြန်နေတာကို ရုပ်လို့ ရှုဖို့ပါပဲ၊ ရှုတဲ့အခါ ရုပ်တစ်ခု အသိတစ်ခု လို့ဆိုတော့ အဲဒီ အသိကလေး ရှုရင်လဲ အသိဆိုတော့ နာမ်ဆိုတော နာမ် လို့ ရှုပါ။
ဒါမှ မဟုတ်ရင် ဖောက်ပြန်တဲ့ အရသာကို ခံစားတဲ့ သဘောကို ရှုပွားရင် ဖောက်ပြန်မှုတစ်ခု၊ ခံစားမှုတစ်ခုပါ၊ ဖောက်ပြန်တာက ရုပ်၊ ခံစားတာက ဝေဒနာ။
ဝိပဿနာတရား ရှုပွားအားထုတ်တယ်ဆိုတာ အရှုခံအာရုံ ထင်ရှားတာ ရှုမှ အမြန်ရမှာပါ၊ မထင်ရှားတာ ရှုရင် အရနှေးပါတယ်၊ ဒီခန္ဓာကိုယ် တစ်ခုလုံးမှာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရယ်လို့ ၅ ပါး ရှိပါတယ်၊ အဲဒီ ၅ ပါးထဲမှာ ဖောက်ပြန်တဲ့သဘော ရုပ်ရယ်၊ ခံစားမှုသဘော ဝေဒနာရယ်၊ သိမှုသဘော ဝိညာဏ်ရယ်လို့ အဲဒီတရား ၃ လုံးဟာ ထင်ရှားပါတယ်၊ အဲဒီ ထင်ရှားတဲ့ တရားတစ်ခုခုကို ရှုပွားဖို့ပါပဲ။
နောက်တစ်ခုက .. ဝေဒနာနာမ်၊ ရုပ်ရောကြံ၊ နိဗ္ဗာန်ဝေးမည်သာ..တဲ့။
ဝေဒနာနဲ့ ရုပ် ရောပြီး မကြံနဲ့၊ ဝေဒနာကို ဝေဒနာအတိုင်း နေပါစေ၊ ရုပ်ကိုလဲ ရုပ်အတိုင်း နေပါစေ၊ ဝေဒနာကို ဝေဒနာအနေနဲ့ပဲ မြင်အောင် ရှုကြည့်ပါ၊ ရုပ်ကိုလဲ ရုပ်အနေနဲ့ပဲ မြင်အောင် ရှုကြည့်ပါ၊ ရုပ်ကို ဝေဒနာလုပ်ပြီး အရောရော အထွေးထွေး မရှုကြည့်ပါနဲ့၊ ရုပ်ကို ဝေဒနာလုပ်ပြီး ရောထွေး ရှုကြည့်ရင် နိဗ္ဗာန်နဲ့ ဝေးပါလိမ့်မယ်။
တရားအားထုတ်တာက နိဗ္ဗာန်နဲ့နီးအောင် နိဗ္ဗာန်ရအောင် အားထုတ်တာပါ၊ ရုပ်ကို ဝေဒနာလုပ်ပြီး ရောထွေးရှုရင် နိဗ္ဗာန်နဲ့ ဝေးမည်ဆိုတော့ တရားအားထုတ်ရကျိုး မနပ်တော့ဘူးပေါ့။
ရုပ်ကို ရုပ်အနေနဲ့ ရှုလို့ရှိရင် ရုပ်ရဲ့ဖြစ်ပျက်၊ ရုပ်ရဲ့သဘောတွေကို မြင်ပြီးတော့ နိဗ္ဗာန်ရောက်မှာပါ၊ ဝေဒနာကို ဝေဒနာအနေနဲ့ပဲ ရှုကြည့်လို့ရှိရင် ဝေဒနာရဲ့ ဖြစ်ပျက် ဝေဒနာရဲ့ သဘောတွေ မြင်ပြီးတာ့ နိဗ္ဗာန်ရောက်မှာပါ။
ဘုရားရှင် သတိပဋ္ဌာန် ဒေသနာတော် ဟောထားတာ တစ်မျိုးတည်း ဟောထားတာ မဟုတ်ပါ၊ လေးမျိုး ဟောထားပါတယ်၊ အဲဒါကို သဘောမပေါက်ရင် တစ်မျိုးတည်းပေးတော့ ယောဂီတွေ ဒုက္ခရောက်ပါတယ်၊ တရားလဲ မရတတ်ပါ၊ ဘုရားရှင်က သတိပဋ္ဌာန် သုတ္တန်မှာ..
၁။ ရုပ်နဲ့ လျော်တဲ့ ယောဂီတွေအတွက် ရုပ်ကမ္မဋ္ဌာန်း ဟောပေးခဲ့ပါတယ်။
၂။ ဝေဒနာ နာမ်နဲ့ လျော်တဲ့ ယောဂီတွေအတွက် ဝေဒနာကမ္မဋ္ဌာန်းကို ဟောပေးခဲ့ပါတယ်။
၃။ စိတ် နာမ်နဲ့ လျော်တဲ့ ယောဂီတွေအတွက် စိတ် ကမ္မဋ္ဌာန်း ဟောခဲ့ပါတယ်။
၄။ ရုပ်နာမ်နှစ်ပါးနဲ့ လျော်တဲ့ ယောဂီတွေအတွက် ရုပ်နာမ် မိဿက ကမ္မဋ္ဌာန်းကို ဟောခဲ့ပါတယ်။
အဲဒီလို ဘုရားရှင်ကိုယ်တိုင် သူ့စရိုက်နဲ့သူ့အကြိုက် ခွဲဝေဟောခဲ့တာကို ကမ္မဋ္ဌာန်းဆရာက ရုပ်မှ ရုပ်၊ ဝေဒနာမှ ဝေဒနာ၊ စိတ်မှ စိတ်၊ ရုပ်နာမ်မှ ရုပ်နာမ်လို့ အစွဲနဲ့ ကမ္မဋ္ဌာန်းပေးရင် ယောဂီတွေ ဒုက္ခများစွာ ရောက်ပါတယ်၊ လေမျိုးလုံး ရောပြွမ်း ရှုပွားနေရင်လဲ ဘယ်ဟာမှ ပိုင်ပိုင်နိုင်နိုင် မဖြစ်ဘဲ ဒုက္ခများနေမယ်။
ဒါကြောင့် တရားအားထုတ်တဲ့ အခါမှာ မိမိစရိုက်နဲ့ မိမိအကြိုက်နဲ့ မိမိသဘောကျ ဆွေးနွေးမေးမြန်းပြီးမှ အားထုတ်တာ ပိုကောင်းပါတယ်။
ကမ္မဋ္ဌာန်းတရား ရှုပွားအားထုတ်တဲ့အခါ မိမိတို့ ရှုရမှာက မိမိတို့ဉာဏ်အာရုံမှာ ထင်ရှားတဲ့ ရှင်းလင်းတဲ့ အရှုခံအာရုံကို အရှုခံထားပြီး ရှုပွားရင် အမြင်ဉာဏ်တက်ပါတယ်၊ မိမိဉာဏ်အာရုံမှာ မရှင်းလင်းတဲ့ အာရုံကို အရှုခံထားပြီး ရှုပွားရင် အားထုတ်ခိုင်းလို့သာ အားထုတ်ရတယ်၊ ယုံကြည်ချက်နှင့်သာ အားထုတ်ရတယ် မရှင်းလင်းပါ၊ မကြည်လင်ပါ၊ ဉာဏ်မတက်ပါ၊ ရက်၊ လ၊ နှစ်တွသာ ကုန်တယ်၊ တရား မရပါ။
အဲဒါကြောင့် ဘုန်းကြီး ခဏခဏ ပြောပါတယ်၊ တရား ရရေးထက် တရား အားထုတ်တတ်ရေးက ပိုအရေးကြီးပါတယ်၊ အားထုတ်တာက တရားရချင်လို့ အားထုတ်တာပါ၊ ဒါပေမယ့် အားမထုတ်တတ်ဘဲနဲ့ အားထုတ်နေရင်၊ အကြိုက်အလျောက် ကမ္မဋ္ဌာန်း မဟုတ်ဘဲနဲ့ အားထုတ်နေမယ်ဆိုရင် တရားမရနိုင်ပါ။
ဒါကြောင့် တရား ရချင်တဲ့ ယောဂီတွေဟာ တရား အားထုတ်ပုံ အားထုတ်နည်းကို ဦးစွာ တတ်အောင် သင်ပါ၊ မေးမြန်းပါ၊ ဆွေးနွေးပါ၊ ရှင်းအောင် လုပ်ပါ၊ ရှင်းလင်း ကျေနပ်မှ အားထုတ်ပါ။
အခု ဝေဒနာဆိုတာ ဘုရားရှင်က သတိပဋ္ဌာနသုတ်မှာ တစ်ခန်းတစ်ဖွဲ့အနေနဲ့ ဟောထားခဲ့တဲ့ ကမ္မဋ္ဌာန်း တစ်ခု ဖြစ်ပါတယ်၊ အဲဒီ ဝေဒနာကမ္မဋ္ဌာန်း ရှုချင်ရင် ဝေဒနာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ သိရမယ်၊ နားလည်ရမယ်။
ဝေဒနာရှုချင်ရင် ဝေဒနာရဲ့ သဘောတရား အမျိုးအစားတို့ကို နားလည်ပြီး မိမိရှုမယ့် ဝေဒနာရဲ့ ခံစားမှု သဘောတရားကို အဖြစ်အပျက် မြင်အောင် ရှုပေါ့၊ အဲဒါ ဝေဒနာကို တိုက်ရိုက် ရှုနည်းပါပဲ၊ ရှုပါ၊ ရှုနိုင်ပါတယ်။
သို့မဟုတ်က ရုပ်ဖောက်ပြန်မှု ရှင်းလင်းရင် အဲဒီ ရုပ်ဖောက်ပြန်မှုကို အရှုခံ အာရုံအဖြစ်ထားပြီး ရုပ်၊ ရုပ် လို့ ရှုပေါ့၊ အဲဒီရုပ်ရဲ့ ဖြစ်ပျက်ကို မြင်အောင် ရှုရမှာပေါ့၊ အဲဒါဟာ ရုပ်ကို တိုက်ရိုက်ရှုတာပေါ့။
ယောဂီတို့က ဝေဒနာကို တိုက်ရိုက် မရှုချင်ပါ၊ ဝေဒနာကို ခွာရှုချင်ပါတယ်၊ ဘယ်လိုခွာရပါမလဲလို့ မေးစရာရှိလာပါတယ်၊ မေးစရာရှိလာတော့ ဆိုကြည့်ပါ။
ဝေဒနာခွာ၊ ဝိက္ခမ္ဘနာ၊ ရှုပါ ဉာဏ်ဝင်လာ ..တဲ့။
ဝေဒနာ ခွာတယ်ဆိုတာ ဟဲ့ ဝေဒနာ၊ နင့် ငါ မရှုနိုင်ဘူး၊ နင် ငါ့ကိုယ်က ခွာတော့ လို့ ဒီလိုခွာလို့ မရပါ။ ပြီးတော့ သူ့ကို ကိုယ်သန္တာန်က ပျောက်သွားအောင် ခွာပစ်လို့လဲ မဖြစ်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာက နာမ်တရားဆိုတော့ စိတ်နဲ့ ဖြစ်တူပျက်တူပဲ၊ စိတ်ရှိရင် ဝေဒနာရှိမှာပေါ့။
ဝေဒနာခွာတယ်ဆိုတာ ဥပမာ ဒုက္ခဒဏ်ကြီး၊ ဒုက္ခဝေဒနာကြီး သိပ်ဖြစ်နေတယ် ဆိုပါတော့၊ ရုပ်ဒုက္ခကြီးက သိပ်ပြင်းထန်နေတယ်ဆိုရင် သူ့ကို ကိုယ်က ရှုဖို့ရာ မနိုင်ရင် ခွာရှုရမယ်၊ ခွာတော့ ဘယ်လိုခွာမလဲ၊ ခွာပြီး ဘာရှုမလဲ၊ ဝေဒနာပဲ ပြန်ရှုမလား၊ မဟုတ်ပါ။
ရှင်သီဝလိရဲ့မယ်တော် သုပ္ပဝါသာဟာ သောတာပန် အမျိုးသမီးပါ၊ သူ့မှာ ကိုယ်ဝန်သားကို မဖွားနိုင်တဲ့အတွက် ပြင်းထန်တဲ့ ဒုက္ခဝေဒနာကြီး ဖြစ်နေပါတယ်။
အဲဒီဒုက္ခဝေဒနာကြီးကို သူဘယ်လိုလုပ်သလဲ၊ သူရှုလားဆိုတော့ မရှုပါ၊ အဲဒီ ဒုက္ခဝေဒနာကြီးကို သူ ခွားထားပါတယ်၊ ဘာနဲ့ ခွာသလဲဆိုတော့ -
ငါ ယခုခံစားနေရတဲ့ အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာကြီးမျိုးကို ပယ်ခြင်းအကျိုးငှာ တရားဟောတော်မူတဲ့ ဘုရားရှင်သည် မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် တရားဥဿုံ အလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် သိမြင်တော်မူတဲ့ မြတ်စွာဘုရားပါတကား။
ငါ အခု ခံစားနေရတဲ့ အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာကြီးမျိုးကို ပယ်ခြင်း အကျိုးငှာ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူတဲ့ သံဃာတော် အရှင်မြတ်တွေသည် ကောင်းကောင်းမွန်မွန် ကျင့်ကြံ ကြိုးကုတ် အားထုတ်တော်မူတဲ့ ဘုရားရှင်ရဲ့ တပည့်သား သာဝက သံဃာတော်တွေ ဖြစ်ပေစွတကား။
နိဗ္ဗာန်မှာ ငါ ယခု ခံစားနေရတဲ့ အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာကြီးမျိုး မရှိပါ၊ ဒုက္ခဝေဒနာကြီးမျိုး မရှိတဲ့ နိဗ္ဗာန်သည် အလွန်ချမ်းသာပါပေစွတကား .. လို့ ပွားများပြီး ဗုဒ္ဓါနုဿတိဘာဝနာ၊ သံဃာနုဿတိ ဘာဝနာ၊ ဓမ္မာနုဿတိဘာဝနာ၊ သို့မဟုတ် ဥပသမာနုဿတိ ဘာဝနာကို ပွားပြီးတော့ ဒုက္ခဝေဒနာကို ခွာပါတယ်။
မဂ် ၄ ပါး၊ ဖိုလ် ၄ ပါး၊ နိဗ္ဗာန် ပရိယတ်အားဖြင့် တရားတော် ၁ဝ ပါးရှိပါတယ်၊ ရံခါ နိဗ္ဗာန်ရဲ့ ချမ်းသာပုံကို အာရုံပြုပြီး နိဗ္ဗာန်ရဲ့ အေးငြိမ်းပုံကို အာရုံပြုတဲ့အတွက် ဓမ္မာနုဿတိဘာဝနာ၊ သို့မဟုတ် ဥပသမာနုဿတိဘာဝနာလို့ ခေါ်နိုင်ပါတယ်၊ အဲဒီ ဘာဝနာ ၃ ပါးကို အခါအားလျော်စွာ ပွားပြီးတော့ ဒုက္ခဝေဒနာကြီး ခွာထားပါတယ်။
ခွာတယ်ဆိုတာ စင်စစ်တော့ အာရုံပြောင်း နှလုံးသွင်းပြောင်းလိုက်တာပါ၊ အဋ္ဌကထာဆရာကလဲ နှလုံးမသွင်းသောအားဖြင့် ခွာတယ်လို့ ပြောပါတယ်။
အဲဒီလို နှလုံးသွင်းပြောင်းလိုက်တော့ အင်မတန် နာကျင်ကိုက်ခဲမှု ဒုက္ခဝေဒနာကြီးကို မသိတော့ပါ၊ မသိတော့ မနာတော့ပါ၊ မနာတော့ မခံစားတော့ပါ။
အမှန်စင်စစ်တော့ အဲဒီ နာကျင်ကိုက်ခဲမှု ဒုက္ခဝေဒနာကြီးပျောက်တာ့ မသွားပါ၊ ထင်ရှားရှိနေပါတယ်၊ သူ့ကို နှလုံးမသွင်းဘဲ ဗုဒ္ဓါနုဿတိ ဘာဝနာ နှလုံးသွင်းလိုက်၊ သံဃာနုဿတိဘာဝနာ နှလုံးသွင်းလိုက်၊ ဓမ္မာနုဿတိဘာဝနာ နှလုံးသွင်းလိုက်နဲ့ အဲဒီလို နှလုံးသွင်းပြောင်းပြီး ခွာထားလို့ မသိတဲ့အတွက် မခံစားတော့ပါ။
နာကျင်ကိုက်ခဲတဲ့ ရုပ်ဒုက္ခကြီး ရှိနေပါတယ်၊ မသိတဲ့အတွက် ခံစားမှုဝေဒနာ မလာပါ၊ ဝေဒနာဆိုတာ သိမှုနဲ့တွဲပြီးဖြစ်တော့ သိမှ ခံစားပါတယ်၊ မသိရင် မခံစားပါ။
ဘာဖြစ်လို့ ဒီလောက်နာတာကို မသိလဲ၊ နာတာကို နှလုံးမသွင်း၊ အာရုံမပြုဘဲ ရံခါ ဘုရားအာရုံပြုတဲ့စိတ်၊ ရံခါ တရားတော် အာရုံပြုတဲ့စိတ်၊ ရံခါ သံဃာ အာရုံပြုတဲ့စိတ် ဖြစ်နေတော့ နာတာကို မသိတော့ပါ၊ အဲဒါ နှလုံးမသွင်းသောအားဖြင့် ခွာနေတာပါ။
အဲဒီ နာကျင် ကိုက်ခဲမှု ဒုက္ခဝေဒနာကို ရှုတဲ့နေရာမှာ ဘုန်းကြီးတို့ ကြားဖူးပါတယ်၊ မဟာတိဿရဟန်းကြီး ပေါင်တောင်ချိုး ရှုသေးတာပဲ။ သူ ပေါင်ချိုးတာဟာ ဝေဒနာရှုဖို့ မဟုတ်ပါ၊ အာမခံပေးဖို့ ချိုးတာပါ။
ဉာဏ်ဆိုတာ ကုသိုလ်စိတ်မှာ ယှဉ်တာပါ၊ ယခု ဝိပဿနာတရား ရှုပွားအားထုတ်နေတာ ဘာစိတ်နဲ့လဲဆိုရင် မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နဲ့ ရှုပွားအားထုတ်နေတာပါ။
ဉာဏဝိပ္ပယုတ်စိတ် ဖြစ်သွားမယ်၊ ဒေါသစိတ်၊ လောဘစိတ် ဖြစ်သွားမယ်ဆိုရင် သိစရာ မြင်စရာတွေကို သိမှာ မြင်မှာ မဟုတ်တော့ပါဘူး။
သိမြင်ဖို့ ဉာဏ်ယှဉ်ဖို့ရာကလဲ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှ ဖြစ်ပါမယ်၊ ဘုရားရှင်က သစ္စသံယုတ် သတ္တိသတ သုတ္တန်မှာ ..
ရဟန်းတော်များ အို ချစ်သားတို့၊ ကိုယ်ဆင်းရဲမှုဒုက္ခ၊ စိတ်ဆင်းရဲမှုဒေါမနဿနှင့်တကွသာ အားထုတ်လို့တော့ သစ္စာလေးပါ၊ တရားကို သိနိုင်မယ်လို့ ငါ ဘုရားရှင် မဟောဘူး၊ မသိနိုင်ဘူးလို့ ငါဘုရားရှင်ဟောတယ်။
ရဟန်းတော်များ အို ချစ်သားတို့၊ စင်စစ်သော်ကား ကိုယ်ချမ်းသာမှုသုခ၊ စိတ်ချမ်းသာမှု၊ ဝမ်းသာမှု သောမနဿနှင့်တကွ အားထုတ်မှသာလျှင် သစ္စာ ၄ ပါးတရားကို သိမယ်လို့ ငါဘုရားရှင် ဟောတယ် … လို့ အတိအကျ ဟောထားတာ ရှိပါတယ်။
လက်တွေ့အားထုတ်ကြည့်တော့လဲ အဲဒီအတိုင်းပါပဲ၊ ဆင်းရဲဒုက္ခနှင့် ဘာမှ မသိမမြင်ပါ၊ ချမ်းသာသုခမှ မြင်တာ သိတာပါ။
တရားအားထုတ်စဉ်နဲ့ကြည့်ရင် ချမ်းသာသုခ ဖြစ်ခြင်းဟာ အစပဲ ရှိပါသေးတယ်၊ အချို့က အဲဒီသဘော မသိတော့ ချမ်းသာသုခဖြစ်တဲ့ သဘောကို မဂ်ဖိုလ်ထင်ပြီး ရှုပွားတဲ့ လုပ်ငန်းကို ရပ်ထားကြပါတယ်။
အမှန်က မဂ်ဖိုလ်နဲ့ အဝေးကြီး ရှိပါသေးတယ်၊ တရား အစသို့ သက်ဝင်ရုံပဲ ရှိပါသေးတယ်၊ ချမ်းသာမှ တည်ကြည်မှု သမာဓိက ဖြစ်မှာပါ၊ သမာဓိဟာ အလယ်ပေါ့၊ အဲဒီ တည်ကြည်မှုရှိတော့မှ ရုပ်နာမ်ဓမ္မသင်္ခါရတို့ရဲ့ သဘောကို အမှန်အတိုင်း သိမှာပေါ့၊ အဲဒီ သိမှုက ပညာပေါ့။
ဒါ့ကြောင့် တရားအားထုတ်စဉ်နှင့်ကြည့်ရင် ဘယ်လိုနေလဲ၊ ချမ်းသာ - တည်ကြည် - သိ ၊ .. လို့ အဲဒီလို နေပါတယ်။
အဲဒီအစဉ်ကို အထူးသတိရှိပါ၊ အဲဒီအစဉ်ကို မသိရင် ချမ်းသာတာမျှ တရားထူး ထင်တတ်ပါတယ်၊ တည်ကြည်တာမျှကိုလဲ တရားထူး ထင်တတ်ပါတယ်၊ အချို့များ တည်တာမှ ၂၄ နာရီအထိ တည်ပါတယ်၊ ဒါပေမယ့် သိမှု မလာပါဘူး၊ နောက်တော့ အဲဒီတည်မှုတို့ ပျက်သွားပါတယ်၊ ပြန်ပြီးတော့ တည်အောင် လုပ်လို့ မရတော့ပါ။
ဝိပဿနာတရား ရှုပွားအားထုတ်တဲ့ကိစ္စဟာ အဓိကအားဖြင့် ကိလေသာပယ်သတ်နိုင်ရေးပါ၊ ချမ်းသာရုံမျှနဲ့ ကိလေသာ မပယ်သတ်နိုင်ပါ၊ တည်ကြည်ရုံမျှနဲ့လဲ ကိလေသာ မပယ်သတ်နိုင်ပါ၊ သိမှ ကိလေသာကို ပယ်သတ်နိုင်ပါတယ်။
အဲဒီအသိဟာလဲ အဆင့်ဆင့်ရှိသလို ကိလေသာပယ်သတ်မှုဟာလဲ အဆင့်ဆင့်ရှိပါတယ်၊ ဝိပဿနာဉာဏ် သိအခိုက် ပယ်သတ်မှုဟာ အပြီးသတ် အမြစ်ပြတ် ပယ်သတ်မှု မဟုတ်သေးပါ။ တဒင်္ဂတစ်ခဏအားဖြင့် ပယ်သတ်မှုသာ ဖြစ်ပါသေးတယ်။
ဝိပဿနာဉာဏ် အားကောင်းနေခိုက် အဲဒီ ကိလေသာတွေ မထကြွ မသောင်းကျန်းကြပါ၊ အဲဒီ ဝိပဿနာဉာဏ်အားလဲ လျော့သွားရော ကိလေသာတွေဟာ နဂိုအတိုင်းပဲ နေရာပြန်ယူပါတယ်၊ အဲဒါကို ယောဂီတွေ သိသူ နည်းပါတယ်၊ သတိထားသူလဲ နည်းပါတယ်။ အခု နောက်ပိုင်းတော့ အဲဒီသဘောကို သိမြင်သူတွေ များလာပါပြီ။
ဒါကြောင့် ဝေဒနာနဲ့ ပတ်သက်ပြီး ရှုပုံရှုနည်း အမျိုးမျိုးဟောပြောခဲ့တာပါ၊ အားထုတ်ခါစ ယောဂီတွေအတွက် ဝေဒနာကို ခွာရှုခိုင်းခြင်း၊ ဣရိယာပုတ်ကို ပြောင်းပြင်စေပြီးတော့ ရှုခိုင်းခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်၊ အမှန်တကယ် အားထုတ်တတ်ပြီဆိုတော့ ယောဂီ ကြိုက်သလို အားထုတ်ခွင့် ပြုလိုက်ပေါ့။ ဒီတော့မှ ကိုယ်ချမ်းသာ စိတ်ချမ်းသာဖြစ်ပြီး ဉာဏ်ဝင်ပါမယ်၊ ဉာဏ်ဝင်မှ နိဗ္ဗာန်ရပါမယ်၊ ကဲ ဆိုကြည့်ကြပါ။
ဉာဏ်ဝင်နိုင်မှ၊ ငြိမ်းချမ်းမြ၊ ရောက်ရနိဗ္ဗာန်သာ။
အေး .. ဝေဒနာရှုပွားတဲ့ ယောဂီဟာ ဝေဒနာ အပေါ်မှာ ဉာဏ်ဝင်သွားမယ်ဆိုယင် သုခဝေဒနာပဲဖြစ်ဖြစ်၊ ဒုက္ခဝေဒနာပဲဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် အဲဒီ ဝေဒနာ သုံးပါးလုံးကို ဆင်းရဲအမှန် ဒုက္ခသစ္စာလို့ သိပါလိမ့်မယ်။
အဲဒီလိုသိရင် ဒုက္ခသစ္စာကို ပိုင်းခြား သိတာပေါ့၊ အဲဒီ ဝေဒနာတို့ရဲ့ အကြောင်းကို သမုဒယသစ္စာလို့ ဆင်းရဲဖြစ်ကြောင်း အမှန်လို့ သိပါလိမ့်မယ်။
အဲဒီဝေဒနာရဲ့ သဘောသဘာဝ အဖြစ်အပျက် အပြစ်စသည်တို့ကို သိအောင် မြင်အောင် ရှုပွားအားထုတ်နေတာက မဂ္ဂသစ္စာလမ်းစဉ်မှန်လို့ သိပါလိမ့်မယ်။
ဒုက္ခသစ္စာကို ပိုင်းခြားသိပြီး သမုဒယသစ္စာ တဏှာလောဘကို ခဏပယ်ထားနိုင်တဲ့အတွက် ငြိမ်းအေးနေတာက တဒင်္ဂနိရောဓသစ္စာ တစ်ခဏမျှ ငြိမ်းအေးနေမှုပါပဲ။
အဲဒါတွေဟာ ဝိပဿနာဉာဏ် အခိုက်အတန့်မှာပါပဲ၊ အဲဒါ အရှုခံအာရုံနှင့် ရှုဉာဏ်နှင့်တွဲပြီး နေတဲ့ အခိုက်အတန့် ကိလေသာငြိမ်းလို့ ငြိမ်းအေးတဲ့ တဒင်္ဂနိရောဓပါပဲ၊ တစ်ခဏမျှ ငြိမ်းအေးနေမှုပါပဲ။
အဲဒီလို အေးငြိမ်းချမ်းသာတဲ့အခါ ယောဂီက အဲဒီ ချမ်းသာကို မက်မောတတ်ပါတယ်။ နောက်တစ်ခါ အဲဒီချမ်းသာကို ရအောင် မျှော်ပြီး အားထုတ်တတ်ပါတယ်၊ အဲဒီလို အားထုတ်ရင် မရတော့ပါ၊ လမ်းလွဲသွားလို့ မရတာပါ။
ရှုပွားအားထုတ်တဲ့အခါ အတိတ်ကိုလဲ မပြန်ပါနဲ့၊ အနာဂတ်ကိုလဲ မမျှော်ပါနဲ့၊ ပစ္စုပ္ပန်ဖြစ်ဆဲ ရုပ်နာမ်ပေါ်မှာလဲ မစွဲလမ်းဘဲ ရုပ်နာမ်သဘောကို မြင်အောင် ရှုပါ။
အရေးကြီးတာက မိမိတို့ရှုနေတဲ့ အရှုခံအာရုံရဲ့ ဒုက္ခသစ္စာအချက်၊ သမုဒယသစ္စာအချက်၊ နိရောဓသစ္စာအချက်၊ မဂ္ဂသစ္စာအချက်လို့ အဲဒီသစ္စာ ၄ ချက်ကို သိဖို့အရေးကြီးပါတယ်။
ဓမ္မဒူတ အရှင်ပညာဇောတ၏ ဝေဒနာရှုပွားနည်းတရားတော် ဤတွင်ပြီးဆုံးပါပြီ။
ကိုယ်စိတ်ချမ်းမြေ့ တရားတွေ့ကြပါစေ..။
မေတ္တာဖြင့်
tno
(ဝေဒနာရှုပွားနည်းတရားတော် ပြီးပါပြီ။)