ဝီထိပိုင်း ၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ဝီထိပိုင်းတဲ့။
စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်းတို့ကို ဖော်ပြပြီးတဲ့နောက် ယခုအခါ ဘုံ၊ ပုဂ္ဂိုလ် အမျိုးအစား ကွဲပြားမှုနှင့် ရှေ့စိတ်-နောက်စိတ်တို့ဖြင့် မှတ်သားမှု အပိုင်းအခြားတို့ကို ဖော်ပြသော, ပဋိသန္ဓေအခါ၊ ပဝတ္တိအခါတို့၌ စိတ်တို့၏ဖြစ်ပုံကို ဖော်ပြသည့် “ပဝတ္တိသင်္ဂဟ” အမည်ရသော ဝီထိပိုင်းကို ဆက်လက်ဖွင့်ဆိုပါမယ်။
ဝီထိ - ဟူသည် “အစဉ်အတန်း၊ ဖြစ်စဉ်” ဟု အဓိပ္ပွာယ်ရပါသည်။
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း - စသည်ဖြင့် စိတ္တနိယာမဖြစ်စဉ်အတိုင်း စိတ်တစ်ခုနှင့် တစ်ခုမကျော်ဘဲ စိတ်အစဉ်အတန်း, စိတ်ဖြစ်စဉ်အတိုင်း ဖြစ်တတ်သောကြောင့် “ဝီထိ” မည်ပါသည်။ ထိုဝီထိစိတ် အစဉ်အတန်, ဝီထိစိတ်ဖြစ်စဉ်ကို ဖော်ပြသောအပိုင်းအခန်းကို,ကဏ္ဍကို “ဝီထိပိုင်း” ဟု ခေါ်ပါသည်။
ဝီထိပိုင်းသွားမယ်ဆိုတော့ ပကိဏ်းပိုင်းတုန်းက ကိစ္စသင်္ဂဟကို မှတ်မိလိမ့်မယ်။ ကိစ္စ ၁၄ ပါး ရှိတယ်။ ပြန်ရေးပြပါမယ်။
၁။ ပဋိသန္ဓေကိစ္စ
၂။ ဘဝင်ကိစ္စ
၃။ အာဝဇ္ဇန်းကိစ္စ
၄။ ဒဿနကိစ္စ
၅။ သဝနကိစ္စ
၆။ ဃာယနကိစ္စ
၇။ သာယနကိစ္စ
၈။ ဖုသနကိစ္စ
၉။ သမ္ပဋိစ္ဆိုင်းကိစ္စ
၁၀။ သန္တီရဏကိစ္စ
၁၁။ ဝုဋ္ဌောကိစ္စ
၁၂။ ဇောကိစ္စ
၁၃။ တဒါရုံကိစ္စ
၁၄။ စုတိကိစ္စ ဆိုပြီး ကိစ္စ ၁၄ ပါးရှိပါတယ်။
ဝီထိစဉ်မှာလည်း ဒီ ၁၄ ပါးအတိုင်းပဲသွားမှာပဲ။ ကျနော်တို့တွေရဲ့ဘဝတစ်လျှောက်မှာ ပြန်ကြည်လိုက်ပါ။ အမှတ်စဉ် (၁) ကနေစပြီးတော့ နံပါတ် (၁) ပဋိသန္ဓေကိစ္စသည် ပဋိသန္ဓေအခိုက်မှာသာ ဖြစ်တဲ့အတွက် ပြီးခဲ့ပြီ။ ဒါကြောင့် သူ့ကိုဖယ်လိုက်မယ်။ နောက်အဆုံးပိုင်းက စုတိကိစ္စသည်လည်း မလာသေးတဲ့ကိစ္စဖြစ်တဲ့အတွက် လောလောဆယ်မသက်ဆိုင်တဲ့အတွက် သူကိုလည်း ဖယ်ထားလိုက်မယ်။ ဘာပဲကျန်လည်း ဘဝင်ကိစ္စ ကနေ …………. တဒါရုံကိစ္စ အထိ ကိစ္စ ၁၂ ပါး ကျန်တယ်ပေါ့။ အဲဒီကိစ္စ ၁၂ ပါးသည် ကျနော်တို့ ဘဝတစ်လျောက်မှာ ဖြစ်နေတဲ့ ကိစ္စတွေပဲ။ အဲဒါကိုပဲ ဝီထိလို့ ခေါ်တာပါပဲ။
ဒါကြောင့် ဝီထိသဒ္ဒါသည် အစဉ်အတန်း အနက်ကို ဆောင်ပြီး ဟောပါတယ်။ ထို့ကြောင့် သတ္တဝါတို့၏ သွားလာရာှလမ်းခရီးအစဉ်ကဲ့သို့ ထိုထို ဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း စသော စိတ်တို့၏ ရှေ့နောက်အစဉ်အားဖြင့် ဖြစ်ပေါ်နေပုံကို ပြသော အပိုင်းအခန်းကို ဝီထိပိုင်းလို့ ခေါ်တာပါ။
ဝီထိမှာ ဒွါရနဲ့စပ်သော ဝီထိ ၆ ပါး ရှိမယ်။ ဘာတွေလည်းဆိုတော့
၁။ စက္ခုဒွါရဝီထိ ၂။ သောတဒွါရဝီထိ
၃။ ဃာနဒွါရဝီထိ ၄။ ဇိဝှါဒွါရဝီထိ
၅။ ကာယဒွါရဝီထိ ၆။ မနောဒွါရဝီထိ
ဆိုပြီး ဒွါရနဲ့စပ်သော ဝီထိ ၆ ပါး ရှိမယ်။
နောက် ဝိညာဏ်နှင့်စပ်သော ဝီထိ ၆ ပါးလို့လည်း ရှိဉီးမယ်။
၁။ စက္ခုဝိညာဏဝီထိ ၂။ သောတဝိညာဏဝီထိ
၃။ ဃာနဝိညာဏဝီထိ ၄။ ဇိဝှါဝိညာဏဝီထိ
၅။ ကာယဝိညာဏဝီထိ ၆။ မနောဝိညာဏဝီထိ …. တဲ့။
ဒွါရနှင့်စပ်သောဝီထိ၊ ဝိညာဏ်နှင့်စပ်သော ဝီထိဟုဆိုရာ၌ ဝီထိအမည်ကို ပေးသောအခါ ဒွါရနှင့် စပ်၍လည်း “စက္ခုဒွါရဝီထိ” စသည်ဖြင့် အမည်ကို ပေးနိုင်သည်။ ဝိညာဏနှင့်စပ်၍လည်း “စက္ခုဝိညာဏဝီထိ” စသည်ဖြင့် အမည်ကို ပေးနိုင်သည်ဟု ဆိုလိုပါတယ်။
နောက်သိစရာ တစ်ခုကတော့ အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်းကိုလည်းကောင်း အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းကိုလည်းကောင်း ဝိသယပ္ပဝတ္တိဟုခေါ်ပါသည်။ ထိုဝိသယပ္ပဝတ္တိသည် --
ပဉ္စဒွါရ၌ --
1. အတိမဟန္တာရုံ
2. မဟန္တာရုံ
3. ပရိတ္တာရုံ
4. အတိပရိတ္တာရုံ ဟု ၄ ပါး
မနောဒွါရ၌ ---
1. ဝိဘူတာရံြု
2. အဝိဘူတာရုံ ဟု ၂ ပါး၊ ပေါင်း ၆ ပါး ပြား၏။
ဝိသယပ္ပဝတ္တိ ၆ ပါး အဓိပ္ပါယ်
၁။ အာရုံထင်လာသောခဏမှစ၍ ချုပ်သော ခဏတိုင်အောင် ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏရှိသော အာရုံကို အတိမဟန္တာရုံ ဟုခေါ်၏။
၂။ အာရုံထင်လာသောခဏမှစ၍ ချုပ်သော ခဏတိုင်အောင် ရေတွက်လျှင် များသော စိတ္တက္ခဏရှိသော အာရုံကို မဟန္တာရုံ ဟုခေါ်၏။
၃။ အာရုံထင်လာသောခဏမှစ၍ ချုပ်သော ခဏတိုင်အောင် ရေတွက်လျှင် နည်းသော စိတ္တက္ခဏရှိသော အာရုံကို ပရိတ္တာရုံဟုခေါ်၏။
၄။ အာရုံထင်လာသောခဏမှစ၍ ချုပ်သော ခဏတိုင်အောင် ရေတွက်လျှင် အလွန်နည်းသော စိတ္တက္ခဏရှိသော အာရုံကို အတိပရိတ္တာရုံဟု ခေါ်၏။
၅။ ထင်ထင်ရှားရှား ထင်လာသောအာရုံကို ဝိဘူတာရုံဟုခေါ်၏။
၆။ မထင်မရှား ထင်လာသောအာရုံကို အဝိဘူတာရုံဟုခေါ်၏။
ဝီထိစိတ်များကို ရေတွက်ရာတွင် ရုပ်+ရုပ်ချင်း ထိခိုက်၍လည်းကောင်း၊ ရုပ်+နာမ် အာရုံတို့၏ မနောဒွါရ နာမ်တရား၌ လာရောက်ထိခိုက်၍လည်းကောင်း ဝီထိစိတ်များ ဖြစ်လာခြင်း ဖြစ်၍၊ ရုပ်+နာမ်တို့၏ အသက်တမ်းများကို သိထားဖို့လိုပေသည်။
ဝီထိစဉ်မှာ “ခဏငယ်သုံးချက်” ဆိုပြီးတော့ပြောလေ့ရှိတယ်။
အဲဒါက -- ဥပါဒ်၊ ဌီ၊ ဘင်ဆိုတဲ့ …
၁။ ဥပ္ပါဒ = ဥပါဒ် (ဖြစ်ပေါ်လာမှု) (ဥပါဒ်ခဏ = ဖြစ်ပေါ်လာရာကာလ)
၂။ ဌိတိ = ဌီ = ဖြစ်ပြီးနောက် ဘင်သို့ ရှေးရှုတည်နေမှု (ဌီခဏ = တည်နေရာကာလ)
၃။ ဘင်္ဂ = ဘင် (ပျက်စီးချုပ်ပျောက်မှု) (ဘင်ခဏ = ပျက်ရာကာလ)
လိုအပ်သော အကြောင်းတရားများ ပြည့်စုံခြင်းကြောင့် ပရမတ္ထတရားတို့ စတင် ဖြစ်ပေါ်လာရာကာလသည် ဥပါဒ်ခဏမည်၏။
ဖြစ်ပေါ်ပြီးနောက်(ပျက်စီးခြင်း)သို့ ရှေးရှုတည်ရှိနေသော အခိုက်အတန့်သည် ဌီခဏမည်၏။
ဖြစ်ပေါ်ပြီးသော ပရမတ္ထတရား ပျက်စီးချုပ်ပျောက်ရာ ကာလသည် ဘင်ခဏမည်၏။
ဤသို့ စိတ်တစ်ခုတစ်ခု၌ ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်၊ တည်၊ ပျက်) ဟု အခိုက်အတန့်သုံးခု၊ ခဏငယ်သုံးခု ရှိကြ၏။
အတိုဆုံးသော အချိန်ကာလကို “ခဏငယ်” ဟုဆို၏။ ထိုခဏငယ်သုံးချက်အပေါင်းကို စိတ္တက္ခဏတစ်ချက်ဟု ခေါ်၏။ ယင်း စိတ္တက္ခဏကို “ခဏကြီး” ဟုလည်းခေါ်၏။
(မှတ်ချက်။ ။ “ခဏကြီး” ဆိုတာ သိရုံသာဖော်ပြပေးခြင်းဖြစ်ပါတယ်။ အသုံးပြုခဲပါတယ်။ စိတ္တက္ခဏတစ်ချက်လို့ပဲသုံးတာများပါတယ်။)
စိတ်(နာမ်)အသက်
စိတ်(နာမ်တရား)တစ်ခုသည် စိတ္တက္ခဏတစ်ချက်(ခဏငယ်သုံးချက်) အသက်ရှည်ကြ၏။
စိတ္တက္ခဏတစ်ခုတွင် ဥပါဒ်+ဌီ+ဘင် (ဖြစ်+တည်+ချုပ်)ဟု အခိုက်အတန့်သုံးပါး ပါဝင်သည်။ အခိုက်အတန့် တစ်ခုစီကိုကား ခဏအငယ်လေးများဟုခေါ်သည်။ ထို့ကြောင့် ခဏအငယ်လေး သုံးချက်ကို စိတ္တက္ခဏ တစ်ခုဟု ခေါ်ပါသည်။
စိတ္တက္ခဏတစ်ခု၏ အချိန်အခါကာလမှာ အလွန်နည်းလှပေသည်။ ဘုရားရှင်၏ ဉာဏ်တော်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်ခန့်အတွင်းမှာပင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းခန့် ချုပ်+ပျက်သည်ကို သိနိုင်သည်ဟုဆိုသဖြင့် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အချိန်ကလေးတစ်ခုကို ကုဋေတစ်သိန်းပုံ တစ်ပုံခန့်မျှသာ အချိန်ရှိသည်။ စိတ် + စေတသိက်(နာမ်)သက်၏ ဖြစ်ပျက်ပုံမှာ မြန်ဆန်လွန်းလှသည်။
ရုပ်၏ အသက်
ဝိညာတ်ဒွေး၊ လက္ခဏရုပ် ၄ ပါးမှ ကြွင်းသော ရုပ်တရားတို့သည် စိတ္တက္ခဏ ၁၇ ချက် အသက်ရှည်ကြ၏။ ခဏငယ်အားဖြင့် ၅၁ ချက် အသက်ရှည်ကြ၏။ ထို့ကြောင့် ရုပ်၏ အသက်သည် စိတ်၏ အသက် ၁၇ ချက်နှင့်ညီမျှ၏။
တစ်နည်းဆိုရသော် --
ရုပ်၏ သက်တန်းမှာ ယေဘုယျအားဖြင့် စိတ္တက္ခဏ ၁၇-ချက်၊ ခဏငယ် ၅၁-ချက် အသက်ရှည်၏။ ထို့ကြောင့် စိတ်+စေတသိက်(နာမ်)သက် ၁၇-ဆသည် ရုပ်သက်တစ်ခု ဖြစ်သည်။
ရုပ်၏ ဥပါဒ်၊ ဌီ၊ ဘင်
ရုပ်တရား၌လည်း ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟု ခဏသုံးမျိုးရှိ၏. ရုပ်၏ ဥပါဒ်ခဏသည် စိတ်(နာမ်)၏ ဥပါဒ်ခဏနှင့် ကာလချင်းညီမျှ၏။
ရုပ်၏ဘင်ခဏသည် စိတ်(နာမ်)၏ ဘင်ခဏနှင့် ကာလချင်း ညီမျှ၏။
ရုပ်၏ ဌီခဏသည် စိတ္တက္ခဏ ၁၆ ချက်နှင့် ခဏငယ်တစ်ချက်ခန့်ကြာ၏။ ခဏငယ်အားဖြင့် ၄၉ ချက် ခန့် ကြာ၏။
သတ္တဝါတို့ သန္တာန်၌ အသက်မသေသေးသမျှ စိတ်များဖြစ်နေကြသည်။ ထိုစိတ်များမှာ အကျဉ်းအားဖြင့် အမျိုးအစား နှစ်မျိုးသာ ရှိသည်။ လှုပ်ရှား နိုးကြားစိတ် နှင့် ငြိမ်သက်(အိပ်စက်)သော စိတ်ဟု ခွဲနိုင်သည်။ ထိုနှစ်မျိုးတို့ တစ်လှည့်စီ ဖြစ်နေကြသည်။ လှုပ်ရှားနိုးကြားစိတ်ကို ဝီထိစိတ်ဟု ခေါ်ပြီး၊ ငြိမ်သက်အိပ်စက်သောစိတ်ကို ဘဝင်စိတ် (သိုံ) ဝီထိမုတ်စိတ် (သို့) ဒွါရဝိမုတ်စိတ်ဟု ခေါ်သည်။
ဝီထိပိုင်း၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်တို့ကို ကွဲပြားစွာ သိထားရန်လိုသည်။ ဝီထိစိတ်မှာ လှုပ်ရှားနိုးကြားစိတ်များ ဖြစ်ပြီး ဝီထိမုတ်စိတ်မှာ ငြိမ်သက်အိပ်စက်သော စိတ်များ ဖြစ်သည်။ သတ္တဝါတို့သန္တာန်၌ အထပ်ပါနှစ်မျိုးတို့သာ ဖြစ်လျက်ရှိသည်။
ဝီထိမုတ်စိတ်မှာ ဒွါရဝိမုတ်စိတ် ၁၉ ပါးပင် ဖြစ်သည်။
(ဥပေက္ခာ သန္တီရဏ = ၂ပါး) + (မဟာဝိပါက်စိတ် = ၈ပါး) + (မဟဂ္ဂုတ်ဝိပါက်စိတ် = ၉ပါး) = စုစုပေါင်း ၁၉-ပါး ဖြစ်သည်။
(၁) ဝီထိမုတ်စိတ်
(၂) ဒွါရဝိမုတ်စိတ်
(၃) ပဋိသန္ဓေစိတ်
(၄) ဘဝင်စိတ်
(၅) စုတိစိတ်
ဤငါးမျိုးတို့မှာ အမည်သာ ကွဲ၍ စိတ်အရမှာ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဤအပိုင်းတွင် ဝီထိမုတ်စိတ်အမည်ကို မသုံးဘဲ၊ ဝီထိမုတ်စိတ်အမည်အစား ဘဝင်စိတ်အမည်ကိုသာ အသုံးပြုမည် ဖြစ်သည်။
ဒီနေ့အတွက် ဝီထိတရားအညွှန်းနိဒါန်းကတော့ ဒီမျှပါပဲ။
နိဒါန်းမှာကို ရေးမယ်ဆိုယင် ရေးစရာက အများကြီးရှိသေးတယ်။ ဒါပေမယ့် စာတွေသိပ်များသွားယင်လည်း ရောထွေးပြီးနားရှုပ်သွားမှာစိုးလို့ ကျနော့် တရားအညွှန်းကို ဒီမှာ နားပြီး ဆရာတော် ဟောကြားချက်ကို ဆက်လက်နာယူကြပါ။
ဆရာတော်က စက္ခဒွါရဝီထိစိတ်များ ဖြစ်ပေါ်ပုံကို ဆက်ရှင်းဉီးမှာပါ။ အဲဒီအပိုင်းကို ဝီထိပိုင်း အပိုင်း (၂)မှာ ပြန်ထည့်ပေးပါမယ်။ ကျေုဇူးတင်ပါတယ်ခင်ဗျာ။
ကိုယ်စိတ်ချမ်းမြေစွာ ဆက်လက်နာကြားသင်ယူလေ့လာနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(6.5.2020)
Thein Naing Ohn
ဝီထိပိုင်း ၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
စက္ခုဒွါရဝီထိချပုံ အဲဒါလေးကို ဒီနေ့ နည်းနည်းထပ်ရှင်းပေးပါမယ်။
စက္ခုဒွါရဝီထိက ၁၅ မျိုးရှိပါတယ်။
၁။ အတိမဟန္တာရုံ = ၁ ဝီထိ
၂။ မဟန္တာရုံ = ၂ ဝီထိ
၃။ ပရိတ္တာရုံ = ၆ ဝီထိ
၄။ အတိပရိတ္တာရုံ = ၆ ဝီထိ
ပေါင်း = ၁၅ ဝီထိ ရှိပါတယ်။
အဲဒီထဲက စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိဖြစ်ပုံလေးပဲဆိုရိုးချပြပြီး ရှင်းပြမှာပါ။ အဲဒီဆိုရိုးမှာ ကျန်တဲ့ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယတို့ကို အစားထိုးထည့်ဆိုသွားခြင်းအားဖြင့် ၁၅ x ၅ = ၇၅ ဝီထိ ရလာမှာ ဖြစ်ပါတယ်။
လူသားအချို့ဟာ သက်ရှိသက်မဲ့ လောကကို ဖန်ဆင်းရှင်က ဖန်ဆင်းထားတယ်ဟု ဖန်ဆင်းရှင်ကို ယုံကြည်ကြတယ်။ အချို့ကလည်း သက်ရှိသက်မဲ့ သဘာ၀တရားများသည် အကြောင်းမဲ့ သက်သက် ဖြစ်ပေါ်နေကြသည်ဟု ယုံကြည်ကြ၏။ ဗုဒ္ဂအဘိဓမ္မာကမူ အယူအဆ နှစ်မျိုးလုံးကို ဆန့်ကျင်တော်မူ၏။
လောက၌ ဖြစ်ပေါ်နေကြသော ဆက်သွယ်ကာ ဖြစ်ပေါ်နေကြသော တရားများသည် အကြောင်းအကျိုး ဆက်သွယ်ကာ ဖြစ်ပေါ်နေကြသော နိယာမတရားများသာ ဖြစ်ကြ၏။ မည်သည့် ဖန်ဆင်းရှင်ကမျှ ဖန်ဆင်းထားသည်မဟုတ်၊ သဘာ၀တရားများသည် လိုအပ်သော အကြောင်းတရားများ ပြည့်စုံသောအခါ စိတ္တနိယာမ၊ ဥတုနိယာမ၊ ဗီဇနိယာမ၊ ကမ္မနိယာမ၊ ဓမ္မနိယာမ ဟူသော နိယာမတရား ငါးမျိုးဖြင့် ဖြစ်ပေါ်နေကြသည်ဟု သက်ရှိသက်မဲ့ သဘာဝတရားအပေါ်၌ ဗုဒ္ဓအဘိဓမ္မာက ရှုမြင်ပါသည်။
နိယာမ တရား ၅ မျိုး
၁။ သတ္တဝါများ၏ သန္တာန်၌ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် စသည်ဖြင့် ရှေ့နောက်စဉ်ကာ စိတ်များ ဖြစ်ပျက်နေခြင်းသည် စိတ္တနိယာမ မည်၏။
၂။ အချိန်ကာလအားလျော်စွာ လောက၌ ကမ္ဘာပျက်ခြင်း၊ ကမ္ဘာတည်ခြင်း၊ နွေဥတု၊ မိုးဥတု၊ ဆောင်ဥတုအားဖြင့် ဥတုသုံးပါး ဖြစ်ပေါ်နေခြင်း၊ ယင်းဥတုအားလျော်စွာ သစ်ပင်၊ ပန်းပင်များ၊ ရွက်ဟောင်းကြွေခြင်း၊ ရွက်သစ်ပြောင်းခြင်း၊ တစ်ပြိုင်နက်သီးကြ၊ ပွင့်ကြခြင်း စသည်တို့သည် ဥတု၏ အစွမ်းဖြင့် ဖြစ်ပေါ်နေခြင်းကြောင့် ဥတုနိယာမ မည်၏။
၃။ ရှောက်စေ့က ရှောက်ပင်ပေါက်ကာ ရှောက်သီးများသီးခြင်း၊ ထိုရှောက်သီး ချဉ်သော အရသာရှိခြင်း စသည်ဖြင့် မျိုးစေ့အားလျော်စွာ အပင် အသီးများ ဖြစ်ထွန်းခြင်းသည် ဗီဇနိယာမ မည်၏။
၄။ မကောင်းသော အကုသိုလ်တရားက မကောင်းသော အကျိုးတရားကို ဖြစ်ပေါ်စေခြင်း၊ ကောင်းသော ကုသိုလ်တရားက ကောင်းသော အကျိုးတရားကို ဖြစ်ပေါ်စေခြင်းသည် ကမ္မနိယာမ မည်၏။
၅။ ဘုရားအလောင်းတော်များ ပဋိသန္ဓေနေသောအခါ၊ မွေးဖွားသောအခါ စသည်တို့၌ ကမ္ဘာမြေကြီး တုန်လှုပ်ရ၏။ ထိုသို့ မြေကြီးလှုပ်ခြင်းသည် ဓမ္မနိယာမ မည်၏။
ဘဝင်စိတ်များ
စိတ္တနိယာမ အတိုင်း သတ္တဝါများ သန္တာန်၌ စိတ်တရားများ အဆက်မပြတ်ဖြစ်ပေါ်နေကြ၏။ ထိုသို့ ဖြစ်ပေါ်နေရာ၌ ဘဝင်စိတ်နှင့် ဝီထိစိတ် နှစ်မျိုးသာ ဖြစ်ပေါ်နေကြ၏။ ဝီထိစိတ် မဖြစ်သောအခါ ဘဝင်စိတ်များ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်နေကြ၏။ ဝီထိစိတ်များ ဖြစ်ပေါ်လာသောအခါ ဘဝင်စိတ်များ ချုပ်ပျက်သွားကြ၏။ ယင်းသို့ ဝီထိစိတ်များ မဖြစ်ပေါ်မီ ဘဝင်စိတ်များ ဖြစ်ပေါ်နေခြင်းကြောင့် ဝီထိပုံတွင် ဝီထိစိတ်ရှေ့က ဘဝင်စိတ်ကို ပြထားရခြင်း ဖြစ်ပါသည်။ ဝီထိစိတ် ချုပ်ပျက်သွားပြီးနောက် ဘဝင်စိတ်ဖြစ်ပေါ်လာခြင်းကြောင့် ဝီထိစိတ်အဆုံး၌ ဘဝင်စိတ်များကို ဆက်ပြ ထားရခြင်း ဖြစ်လေသည်။
ဘဝင်စိတ်ဖြစ်ပေါ်နေစဉ် မည်သည့် အာရုံကိုမျှ ကွဲကွဲပြားပြား မသိနိုင်၊ ဘဝင်စိတ်သည် အာရုံကို ဆက်သွယ်ပေးသော ဆက်သွယ်ရေးစခန်း တစ်ခုသာ ဖြစ်၏။ “မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ” ဟူသော စကားအရ လွန်ခဲ့ပြီးသော အတိတ်၊ ရုပ်၊ နာမ် စသော အာရုံတရားများ ဘဝင်စိတ်မှာ ဆက်သွယ်လာကြ၏။ ထိုသို့ ဆက်သွယ်လာသောအခါ ယင်းဆက်သွယ်လာသောအာရုံနှင့် ဆက်စပ်၍ လူသား၏ သန္တာန်၌ ဝီထိစိတ်အစဉ် တစ်မျိုးဖြစ်ပေါ်လာ၏။ ဘဝင်စိတ်သည် အာရုံကို ဆက်သွယ်ပေးရုံသာ ပေးနိုင်၏။ ဆက်သွယ်လာသော အာရုံကို သိသောစိတ်, အာရုံ၏ အရသာကို ခံစားနိုင်သော စိတ် မဟုတ်၊ ဘဝင်စိတ်သည် ယခုအခါ ဆက်သွယ်ရေးအတွက် သုံးစွဲနေကြသော တယ်လီဖုန်းနှင့် တူ၏။
သက်ဆိုင်ရာ တယ်လီဖုန်းနံပါတ်ကို နှိပ်လိုက်သောအခါ ဖုန်းမှ အသံပေါ်လာခြင်းကြောင့် အနားမှာ ရှိသူက ဖုန်းကို ကောက်ကိုင်ကာ “ဘယ်သူပါလဲ၊ ဘာကိစ္စပါလဲ” စသည်ဖြင့် မေးမြန်း ပြောဆို၏။ ဖုန်းကို ကိုင်လိုက်သောအခါ ဖုန်းခေါ်သံ ပျောက်သွား၏။ ဖုန်းသည် ဆက်သွယ်လာသူကို သူကိုယ်တိုင် မမေးမြန်းနိုင်ဘဲ အနားက လူကို ခေါ်ပေးရုံသာ ခေါပေးနိုင်၏။ ထို့အတူ ဘဝင်စိတ်သည် အာရုံတရားမျး ဆက်သွယ်လာသောအခါ ထိုအာရုံကို သိနိုင်ခံစားနိုင်သော စိတ် မဟုတ်၊ ဝီထိစိတ်အစဉ် ဖြစ်ပေါ်လာအောင် ဆက်သွယ်ပေးရုံသာ ပေးနိုင်၏။ ဆက်သွယ်ပေးပြီးနောက် ဝီထိစိတ် ဖြစ်ပေါ်လာသောအခါ ဘဝင်စိတ် ချုပ်သွား၏။ ဖုန်းကို ကိုင်သောအခါ ဖုန်းသံ ပျောက်သွားသကဲ့သို့တည်း။
ဘဝင်စိတ်၏ အာရုံ
ဖုန်းသည် ရုပ်ဝတ္ထုဖြစ်၍ အာရုံကို မယူတတ်၊ ဘဝင်စိတ်သည် အာရုံကို ယူတတ်၏။ ဘဝင်စိတ်သည် အခြားမဲ့လွန်ခဲ့ပြီးသော ဘဝဟောင်း၌ သေခါနီးအချိန်မှာ မရဏသန္နဇောက ယူပေးအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ ပါးတွင် တစ်ပါးပါးကို အာရုံပြုနေ၏။ ဘဝင်စိတ်သည် စက္ခုဒွါရိကဝီထိ စသော ဝီထိစိတ်များ၌ ပါဝင်သော စိတ်မဟုတ်၊ လူသား အိပ်ပျော်နေချိန်၌ ဘဝင်စိတ်ချည်းသာ ဖြစ်နေ၏။
“တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ”
ရူပါရုံ ထင်လာခြင်းကြောင့် ဘဝင် နှစ်ကြိမ်သာ လှုပ်ရ၏။ ထို့ကြောင့် အတီတဘဝင်နောက်မှာ ဘဝင် နှစ်ကြိမ် ချရမည်၊ ယင်း ဘဝင် နှစ်ကြိမ်လုံးကို “ဘဝင်္ဂစလန”ဟု အမည်ပေးသင့်သော်လည်း ဒုတိယ ဘဝင်စိတ်ကို ဘဝင်္ဂုပစ္ဆေဒဟု အမည်ပေးကြ၏။
ဘဝင်လှုပ်
ဘဝင်စိတ်သည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ ပါးတွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်ထာသော အာရုံသစ်ကြောင့် ယူနေဆဲ အာရုံကို စွဲမြဲစွာ မယူနိုင်၊ လွတ်လည်း မလွတ်သေးဘဲ ပင်ကိုယ်သဘောမှ ဖောက်ပြား၍ နှစ်ကြိမ်တိုင်တိုင် လှုပ်ချောက်ချားမှုကို ဘဝင်လှုပ်သည်ဟု ခေါ်၏။
ပဉ္စဒွါရာဝဇ္ဇန်းစိတ် နောက်မှာ စက္ခုဝိညာဏ်စိတ်၊ သမ္ပဋိစ္ဆိုင်းစိတ်၊ သန္တီရဏစိတ်၊ ဝုဋ္ဌောစိတ်တို့ကို အစဉ်အတိုင်း ချရမည်။ ///////
ရူပါရုံကို စက္ခုဝိညာဏ်စိတ်က မြင်သည်ဟု ဆိုရာ၌ “စက္ခုနာရူပံ ဒိသွာ” ဟူသော ပါဠိတော်ကို ထောက်၍ ရူပါရုံကို စက္ခုဝိညာဏ်စိတ်က မြင်သည်မဟုတ်၊ စက္ခုပသာဒကသာ မြင်သည် မဟုတ်လောဟု မေးစရာရှိ၏။
စက္ခုပသာဒရုပ်သည် သိမြင်တတ်သော စိတ်စေတနာ မရှိသဖြင့် ကန်းနေသည့်အတွက် ရူပါရုံကို တွေ့မြင်ခြင်း၌ မစွမ်းနိုင်သောကြောင့် ရူပါရုံကို စက္ခုပသာဒက မမြင်စွမ်းနိုင်၊ စက္ခုဝိညာဏ်စိတ်ကသာ မြင်နိုင်၏ဟု မှတ်ပါ။
[ယခု စက္ခုဝိညာဏ်ဖြစ်ကြောင်း တရား ၄ ပါးကို အယင်ရှင်းပြပါမည်။
၁။ မျက်စိအကြည်ဓာတ်ဟူသော စက္ခုပသာဒ ကောင်းမွန်နေခြင်း၊
၂။ အဆင်းရူပါရုံရှိခြင်း၊
၃။ အလင်းရောင်ဟူသော အာလောက ရှိခြင်း၊
၄။ နှလုံးသွင်းမှု မနသိကာရ ရှိခြင်း .. စသည့် အကြောင်းတရား ၄ ပါးတို့သည် စက္ခုဝိညာဏ်ဖြစ်ကြောင်းတရား ၄ ပါး တို့ပင် ဖြစ်လေသည်။
ထို့အတူ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်ဖြစ်ကြောင်းတရား ၄ ပါးစီ ရှိကြလေသည်။ စာရှည်မည်စိုးသဖြင့်မဖော်ပြတော့ပါ။ ဒါလေးက ရှေ့ဆက်ရမယ်စာပုဒ်အတွက် အဖြေလေးမို့ထည့်ပေးထားတာပါ။]
ပြန်ဆက်ပါမည်။
သတ္တဝါ သန္တာန်၌ စက္ခုပသာဒရုပ်က အမြဲ ရှိနေခြင်းကြောင့် စက္ခုပသာဒ, က ရူပါရုံကို မြင်နိုင်စွမ်းလျှင် စက္ခုဝိညာဏ်စိတ်မှ တစ်ပါးသော သောတ ဝိညာဏ် စသောစိတ်များ ဖြစ်ပေါ်ခိုက်မှာလည်း ရူပါရုံကို မြင်နေသည်ဟု ယုံမှားစရာ ရှိ၏။ ထို့ကြောင့် စက္ခုပသာဒ, က ရူပါရုံကို မမြင်နိုင်ပါ။
စက္ခုပသာဒ, က ရူပါရုံကို မမြင်နိုင်ဘဲ စက္ခုဝိညာဏ် စိတ်ကသာ မြင်နိုင်သည်ဟု ဆိုလျှင် စိတ်ဝိညာဏ်ကို မည်သည့်အရာဝတ္ထုကမျှ တားဆီးနိုင်ခြင်း မရှိသောကြောင့် နံရံ စသည်ဖြင့် ခြားကွယ်နေသော ဟိုဘက်ရှိ ရူပါရုံကိုလည်း စက္ခုဝိညာဏ်စိတ်က မြင်နိုင်သလောဟု မေးစရာ ရှိလာပြန်၏။
မှန်အကာသည် အလင်းရောင်ကို တားဆီးနိုင်ခြ်ငး မရှိသောကြောင့် မှန် စသည်ဖြင့် ကာထားအပ်သော ဟိုဘက်ရှိ ရူပါရုံကို စက္ခုဝိညာဏ်စိတ်က မြင်နိုင်ပါသည်။ တိုက်နံရံ စသည်ဖြင့် ခြားကွယ်ထားသော ရူပါရုံမှာကား အလင်းရောင်ကို တားဆီးမှုရှိနေခြင်းကြောင့် အာလောက (အလင်းရောင်) ရှိရမည် ဟူသော အကြောင်းတရား ပျက်ပြားနေ၏။ ထိုသို့ အလင်းရောင် ဟူသော အကြောင်းတရား မရှိခြင်းကြောင့် စက္ခုဝိညာဏ်စိတ် မဖြစ်နိုင်ပါ။ ထို့ကြောင့် တိုက်နံရံ စသည်ဖြင့် ခြားကွယ်ထားသော ရူပါရုံကို စက္ခုဝိညာဏ်စိတ်က မမြင်နိုင်ပါ။ (ဋီ)
ဝုဋ္ဌော စိတ်နောက်မှာ ဇောစိတ်ကို ၇ ကြိမ်ချရမည်။ ယင်း ဇောစိတ်သည် ကာမဇော ၂၉ ပါးတွင် တစ်ပါးပါး ဖြစ်ရမည်။
ကာမဇော ၇ ကြိမ်စောရာ၌ မိမိဆိုင်ရာ အကြောင်းအားလျော်စွာ စောကြ၏။ အသင့်အတင့် နှလုံးသွင်းမှု ယောနိသော မနသိကာရ အကြောင်းရှိလျှင် ကုသိုလ်ဇော စော၏။ မသင့်မတင့် နှလုံးသွင်းမှု အယောနိသောမနသိကာရ အကြောင်းရှိလျှင် အကုသိုလ်ဇော စော၏။ ဤသို့ မိမိဆိုင်ရာ အကြောင်းအားလျောစွာ စောခြင်းကို လဒ္ဓပစ္စယ ဟု ခေါ်၏။
ကာမဇောသည် ပကတိ ရိုးရာအခါ၌ ၆ ကြိမ်လည်း အနည်းငယ်စောသေး၏။ တွေဝေ မိန်းမောရာအခါနှင့် စုတေခါနီးအခါများ၌ ၅ ကြိမ်သာ စော၏။ ဤသို့ အမြဲ ၇ ကြိမ် မစောသောကြောင့် ယေဘုယျေန သဒ္ဒါကို ထည့်ဆိုရသည်။
ဇောနောက်၌ တဒါရုံစိတ် (၁၁)ပါးတွင် တစ်ပါးပါးသော တဒါရုံစိတ်ကို ၂ ကြိမ်ချရမည်။ ထင်လာသော အာရုံ၏ အရသာကို ဇောက ခံစားပြီး ဖြစ်သောကြောင့် ဇောနောက်၌ ဝိပါက်စိတ်သည် ဘဝင်ကိစ္စတပ်၍ ဖြစ်သင့်သော်လည်း အောက်သို့ စီးဆင်းနေသော ရေအလျဉ်သည် လိုက်ပါသွားသကဲ့သို့ ထို့အတူ အရှိန်အဟုန်ကောင်းသော ဇောနောက်သို့ လိုက်၍ တဒါရုံကိစ္စ တပ်လျက် ၂ ကြိမ် ဖြစ်၏။
ဝိပါက်စိတ်များသည် မိမိယူနေကျဖြစ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ၃ ပါးတွင် တစ်ပါးပါးသော အာရုံကိုမယူဘဲ ယင်းသို့ ဇောနောက်သို့ လိုက်၍ ဇော၏ အာရုံကို ယူခြင်းကြောင့် တဒါရမ္မဏ (တဒါရုံစိတ်) ဟူသော အမည်ကို ရရှိကြသည်။
ဝီထိစိတ်များဖြစ်ရာ၌ တက်တက်ကြွကြွ ဗျာပါရရှိခြင်းကြောင့် မြင့်မောက်တက်ကြွသကဲ့သို့ ထင်ရ၏။ ဘဝင် အစဉ် ဖြစ်ပုံကား ငြိမ်သက်လှသဖြင့် အောက်ကျ နိမ့်ရှိုင်းသကဲ့သို့ ထင်ရ၏။ ထို့ကြောင့် ဝီထိစိတ်များ မဖြစ်ဘဲ ဘဝင်စိတ်များ ဖြစ်ပေါ်လာခြင်းကို ဘဝင်ကျသည်ဟု ခေါ်၏။
စက္ခုဒွါရိက ဝီထိစိတ်များ အဓိပ္ပါယ်
၁။ အတီတဘဝင် = ပဉ္စာရုံများ ပဉ္စပသာဒ (ပဉ္စဒွါရ)မှာ မထင်မီ ရှေ့အဖို့၌ ဘဝင်စိတ်များ ကြိုတင်ဖြစ်နေရာ ယင်း ပဉ္စာရုံများ ပဉ္စဒွါရ၌ အကြောင်းအားလျော်စွာ ထင်လာတတ်၏။ ထိုသို့ ထင်လာရာ၌ အနည်းဆုံး စိတ္တက္ခဏ တစ်ချက်ခန့်ကာလကို လွန်ပြီးမှ ထင်လာနိုင်၏။ ထို လွန်ခဲ့သော ဘဝင်စိတ်ကို “အတီတဘဝင်” ဟု ခေါ်သည်။ (အာရုံနှင့် ပသာဒတို့ ကောင်းစွာ မထိခိုက်၊ မတိုက်ဆိုင် မထင်မြင်မီ ချုပ်ပျောက်သွားသောဘဝင်)
၂။ ဘဝင်္ဂစလန = ထိုသို့ ပဉ္စာရုံများထင်လာမှုကြောင့် ဘဝင် ၂ ကြိမ် လှုပ်၏။ ထိုတွင် ဘဝင်အစဉ်ကို လှုပ်စေသကဲ့သို့ ဖြစ်သောကြောင့် ပထမ ဘဝင်ကို “ဘဝင်္ဂစလန” ဟု ခေါ်၏။
၃။ ဘဝင်္ဂုပစ္ဆေဒ = ထို ဖြစ်ပေါ်နေသော ဘဝင်စိတ်အစဉ် ပြတ်စဲခြင်းကြောင့် ဒုတိယဘဝင်စိတ်ကို “ဘဝင်္ဂုပစ္ဆေဒ” ဟုခေါ်၏။
၄။ ပဉ္စဒွါရာဝဇ္ဇန်း = ထင်လာသော အာရုံ အသစ်ကို ဆင်ခြင်သော စိတ်။
၅။ စက္ခုဝိညာဏ် = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို မြင်တတ်သော စိတ်။
၆။ သမ္ပဋိစ္ဆိုင်းစိတ် = ထင်လာသော အာရုံကို ခံယူသော စိတ်။
၇။ သန္တီရဏ = ထင်လာသော အာရုံကို စုံစမ်းသော စိတ်။
၈။ ဝုဋ္ဌော = ထင်လာသော ရူပါရုံကို ရူပါရုံပဲဟု ဆုံးဖြတ်သော စိတ်။
၉။ ဇော = ထင်လာသော အာရုံ၏ အရသာကို ခံစားသော စိတ်။
၁၀။ တဒါရုံ = ဇောနောက်သို့လိုက်၍ ဇော၏ အာရုံကိုသာ အာရုံပြုသော စိတ်။
ဒီနေ့ ဒီမှာနားပါမယ်။
ကိုယ်စိတ်ချမ်းမြေစွာ ဆက်လက်နာကြားသင်ယူလေ့လာနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(7.5.2020)
Thein Naing Ohn
ဝီထိပိုင်း ၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
စက္ခုဒွါရိက ဝီထိစိတ်များ အဓိပ္ပါယ်
၁။ အတီတဘဝင် = ပဉ္စာရုံများ ပဉ္စပသာဒ (ပဉ္စဒွါရ)မှာ မထင်မီ ရှေ့အဖို့၌ ဘဝင်စိတ်များ ကြိုတင်ဖြစ်နေရာ ယင်း ပဉ္စာရုံများ ပဉ္စဒွါရ၌ အကြောင်းအားလျော်စွာ ထင်လာတတ်၏။ ထိုသို့ ထင်လာရာ၌ အနည်းဆုံး စိတ္တက္ခဏ တစ်ချက်ခန့်ကာလကို လွန်ပြီးမှ ထင်လာနိုင်၏။ ထို လွန်ခဲ့သော ဘဝင်စိတ်ကို “အတီတဘဝင်” ဟု ခေါ်သည်။ (အာရုံနှင့် ပသာဒတို့ ကောင်းစွာ မထိခိုက်၊ မတိုက်ဆိုင် မထင်မြင်မီ ချုပ်ပျောက်သွားသောဘဝင်)
၂။ ဘဝင်္ဂစလန = ထိုသို့ ပဉ္စာရုံများထင်လာမှုကြောင့် ဘဝင် ၂ ကြိမ် လှုပ်၏။ ထိုတွင် ဘဝင်အစဉ်ကို လှုပ်စေသကဲ့သို့ ဖြစ်သောကြောင့် ပထမ ဘဝင်ကို “ဘဝင်္ဂစလန” ဟု ခေါ်၏။
၃။ ဘဝင်္ဂုပစ္ဆေဒ = ထို ဖြစ်ပေါ်နေသော ဘဝင်စိတ်အစဉ် ပြတ်စဲခြင်းကြောင့် ဒုတိယဘဝင်စိတ်ကို “ဘဝင်္ဂုပစ္ဆေဒ” ဟုခေါ်၏။
၄။ ပဉ္စဒွါရာဝဇ္ဇန်း = ထင်လာသော အာရုံ အသစ်ကို ဆင်ခြင်သော စိတ်။
၅။ စက္ခုဝိညာဏ် = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို မြင်တတ်သော စိတ်။
၆။ သမ္ပဋိစ္ဆိုင်းစိတ် = ထင်လာသော အာရုံကို ခံယူသော စိတ်။
၇။ သန္တီရဏ = ထင်လာသော အာရုံကို စုံစမ်းသော စိတ်။
၈။ ဝုဋ္ဌော = ထင်လာသော ရူပါရုံကို ရူပါရုံပဲဟု ဆုံးဖြတ်သော စိတ်။
၉။ ဇော = ထင်လာသော အာရုံ၏ အရသာကို ခံစားသော စိတ်။
၁၀။ တဒါရုံ = ဇောနောက်သို့လိုက်၍ ဇော၏ အာရုံကိုသာ အာရုံပြုသော စိတ်။
+++++++++++++++
သတ္တဝါတို့၏ သန္တာန်၌ ဘဝင်စိတ်များနှင့် ဝီထိစိတ်များ တစ်လှည်စီ ဖြစ်ပေါ်နေရာတွင် ဘဝင်စိတ်မှ ဝီထိစိတ်သို့ ပြောင်းခါနီးတွင်လည်းကောင်း၊ ဝီထိစိတ်မှ ဘဝင်စိတ်သို့ ပြောင်းခါနီးတွင်လည်းကောင်း၊ ချက်ခြင်းပြောင်းသွားသည်မဟုတ်၊ ဘဝင်စိတ်တို့၏အလျှင်သည် ချက်ခြင်းမပြတ်သေးဘဲ အနည်းဆုံး ဘဝင် ၃ ကြိမ်လောက် ဖြစ်ပြီးမှ ဝီထိစိတ်များ ဖြစ်လာသည်။
ဝီထိစိတ်တွင်လည်း အလွန်ထင်ရှားသော အတိမဟန္တာရုံဝီထိတွင် ဇောပြီးသည်နှင့် မရပ်သေးဘဲ အမြှင်မပြတ်၊ အရှိန်မသေသေးသော တဒါရုံစိတ် ၂ ကြိမ်ဖြစ်ပြီးမှ ဘဝင်စိတ်များ ဆက်ဖြစ်ရလေသည်။
မဟန္တာရုံဝီထိကား အာရုံထင်ရှားမှု အားမကောင်းသောကြောင့် အမြှင်မပြတ် အရှိန်မသေသေးသော တဒါရုံစိတ်များ ဖြစ်ခြင်းမရှိ။
ပရိတ္တာရုံ၌လည်း အာရုံမထင်ရှားတော့သဖြင့် ဇောစိတ်ပင် မဖြစ်၊ အတိပရိတ္တာရုံ၌လည်း အာရုံအလွန်မထင်ရှားသောကြောင့် ဝီထိစိတ်များပင် မဖြစ်နိုင်တော့ပေ။
စက္ခုဒွါရိက ဝီထိစိတ်များ ဖြစ်ပေါ်ပုံ
ရူပါရုံသည် စက္ခုပသာဒ (စက္ခုဒွါရ) မှာ ထင်လာသောအခါ စိတ္တက္ခဏ တစ်ချက်ခန့်ကာလကို လွန်ပြီးမှ ထင်လာနိုင်၏။ ထိုလွန်ခဲ့သော စိတ်ကို အတီတဘဝင်ဟု ခေါ်၏။
အတီတဘဝင် တစ်ကြိမ်ဖြစ်ပြီးလျှင် ဘဝင်နှစ်ကြိမ် ဖြစ်ပြန်၏။ ဘဝင်အစဉ်ကို ဖြတ်ပြီးနောက် စက္ခုဒွါရ၌ ထင်လာသော ရူပါရုိံကု ဆင်ခြင်သော ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်၍ ချုပ်ပြန်၏။
ထို့နောက် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ် စိတ်၊ ရူပါရုံကို ခံယူသော သမ္ပဋိစ္ဆိုင်းစိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ရူပါရုံပါပဲဟု အာရုံကို ဆုံးဖြတ်သော ဝုဋ္ဌောစိတ်များ အစဉ်အတိုင်း ဖြစ်၍ ချုပ်သွားကြပြန်၏။
ထို့နောက် ကာမဇော တစ်ခုယုတ် သုံးဆယ်တွင် တစ်မျိုးမျိုးသော ဇောသည် အများအားဖြင့် ၇ကြိမ် စော၏။
ထို့နောက် တဒါရုံ ၂ကြိမ်ဖြစ်ပြီး ချုပ်၏။ ဒုတိယ တဒါရုံ ချုပ်ပြီးနောက် ဝီထိ စိတ်အစဉ် ကုန်ခြင်းကြောင့် ဘဝင်စိတ်အစဉ် ဖြစ်ပြန်၏။
ခြောက်ဒွါရ၌ဖြစ်သော စိတ်အစဉ်သည် ဝီထိမည်၏။
ထိုဝီထိသည်လည်း၊ ပဉ္စဒွါရဝီထိ၊ မနောဒွါရဝီထိဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် ပဉ္စဒွါရဝီထိသည်လည်း စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇီဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိဟူ၍ ငါးပါးအပြားရှိ၏။
ထိုငါးပါးတို့တွင် စက္ခုဒွါရဝီထိသည်လည်း အတိမဟန္တာရုံဝီထိ၊ မဟန္တာရုံဝီထိ၊ ပရိတ္တာရုံဝီထိ၊ အတိပရိတ္တာရုံဝီထိဟူ၍ လေးမျိုးအပြားရှိ၏။
ထိုလေးပါးတို့တွင် တဒါရုံတွင် ဝီထိစိတ် အဆုံးသတ်သော တဒါရမ္မဏဝါရ၊ စက္ခုဒွါရ၊ အတမဟန္တာရုံဝီထိဖြစ်ဟန်ကား -
င်၊ င်၊ င် / တီ၊ န၊ ဒ(ပ၊ စ၊ သမ်၊ သန်၊ ဝု၊ ဇော ၇ ကြိမ်၊ ရုံ ၂) င်၊ င်၊ င်
ပဉ္စဒွါရ၌ ဝီထိစိတ်တို့ကို --
• သာမညအကျဉ်းအားဖြင့် နာမည်မျှသာ ရေတွက်သော်
ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ရုံ ဟူ၍ (၇)ပါး။
• ဝိသေသအားဖြင့် (စိတ္တုပ္ပါဒ်အားဖြင့်) မကျဉ်းမကျယ် ရေတွက်သော် --
ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ ဟူ၍ (၁၄)ပါး။
• ဝိတ္ထာရအကျယ်အားဖြင့် ရေတွက်သော် --
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ ၃ ခု၊ ဝုဋ္ဌော၊ ကာမဇော ၂၉၊ တဒါရုံ - မဟာဝိပါက်စိတ် ၈ ပါး၊ = ပေါင်း ၄၆ ပါး နှင့် သော+ဃာ+ဇီကာ - ဝီထိတို့အတွက်၊ သောတဝိညာဏ်ဒွေ၊ ဃာဒွေ-ဇီဒွေ ကာဒွေ(၈)ပါးပေါင်းသော် ၅၄ ပါး ဖြစ်၏။ (ကာမစိတ် ၅၄ ပါးပင်ဖြစ်၏။)
ပဉ္စဒွါရအတွက် ပေါင်း၍ရေတွက်သော် (၇/၁၄/၅၄)ဟု အကျယ်အားဖြင့် ရေတွက်ရာ၌ ဒွေးပဉ္စဝိညာဏ်တစ်ဆယ်ကို ထည့်၍ ၅၄ ပါး ဖြစ်သည်။
နားပါဉီးမည်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
TNO(9.5.2020)
Thein Naing Ohn
ဝီထိပိုင်း ၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အပ္ပနာဇောဝီထိ
အပ္ပနာဇောဝါရ၌ ဝီထိတို့သည် အကျဉ်းအားဖြင့် ဈာနဝီထိ၊ မဂ္ဂဝီထိ၊ ဖလသမာပတ္တိဝီထိ၊ အဘိညာဏဝီထိ၊ နိရောဓသမာပတ္တိဝီထိဟု ဝီထိ(၅)မျိုးတို ချအပ်ပါသည်။
အပ္ပနာ = အာရုံ၌ စိတ်ကိုစူးစိုက် သွတ်သွင်းထားခြင်း၊
= ဝင်စားခြင်း၊ ဈာန်သို့ သက်ဝင်၍ တည်ခြင်း၊
= ကမ္မဋ္ဌာန်းကို ရခြင်း၊
အပ္ပနာဇောဝီထိ - ဟူသည် မဟဂ္ဂုတ် + လောကုတ္တရာဇော များပင် ဖြစ်သည်။
အကျဉ်းအားဖြင့် ၂၆ ပါး = မဟဂ္ဂုတ် - ကုသိုလ် ၉ + မဟဂ္ဂုတ်ကြိယာ ၉ + လောကုတ် ၈
အကျယ်အားဖြင့် ၅၈ ပါး = မဟဂ္ဂုတ် ကုသိုလ် ၉ + မဟဂ္ဂုတ်ကြိယာ ၉ + လောကုတ် ၄၀
ထို မဟဂ္ဂုတ်လောကုတ္တရာ အပ္ပနာဇောများ ဖြစ်ဘို့ရန် ကသိုဏ်း စသော ကမ္မဋ္ဌာန်းများကို အားထုတ်ရမည်။ (ကမ္မဋ္ဌာန်းပိုင်း၌ အကျယ် သိလိမ့်မည်) ဉာဏ်ရှိသောပုဂ္ဂိုလ်လည်း ဖြစ်ရမည်။ ကာမသောဘနဉာဏ သမ္ပယုတ်ဇောစိတ်များမှ တစ်ဆင့်သာ အပ္ပနာဇောသို့ တက်ရသည်။
ထို့ကြောင့် ကာမသောဘန ဉာဏသမ္ပယုတ်ဇောများ ဖြစ်သည့် မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော ၄ ပါး + မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၄ ပါး ပေါင်း = ၈ ပါးကို အခြေခံရသည်။ ထို ၈ ပါးကို အပ္ပနာဇော တို့၏ ရှေ့ပိုင်း အနီးစပ်ဆုံးသော ဇောများဖြစ်သောကြောင့် (ဥပစာရသမာဓိဇော = အပ္ပနာ၏ အနီး၌ တည်ကြည်သောဇော)ဟု ခေါ်သည်။
ထို ၈ ပါးတွင် တစ်ပါးပါးသည် အပ္ပနာဈာန်ရအောင် အားထုတ်သော ပုဂ္ဂိုလ်အား ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ - ဟု မန္ဒပုဂ္ဂိုလ်(ဉာဏ်နုံသူ)အတွက် အမည် ၄ မျိုးဖြင့် ဖြစ်ပြီး၊ တိက္ခပုဂ္ဂိုလ်(ဉာဏ်ထက်သူ)အတွက် ပရိကံမပါ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ - ဟု အမည်သုံးမျိုးဖြင့် ဖြစ်လေသည်။
(ပ) ပရိကံဟူသည် ပရိကမ္မပုဒ်ရင်းမှ ဖြစ်လာသော ပါဠိပျက်စကား ဖြစ်သည်။ အပ္ပနာဇောစိတ္တုပ္ပါဒ်များ ဖြစ်ပေါ်လာအောင် ရှေ့အဖို့မှ ပြုလုပ် စီမံတတ်သောကြောင့် ပရိကံ မည်၏။
(ဥ) ဥပစာဟူသည် ဥပစာရပုဒ်ရင်းမှ ဖြစ်လာသော ပါဠိပျက်စကား အပ္ပနာဇောများ၏ အနီးသို့ ကပ်၍ ဖြစ်တတ်သောကြောင့် ဥပစာ မည်၏။
(နု) အနုလုံဟူသည် ရှေးရှေးပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်တတ် နောက်နောက် အပ္ပနာကိုလည်း ပေါ်လာစေတတ်၍ ရှေးရှေးပရိကံနှင့် နောက်နောက် အပ္ပနာ အားလျောသောကြောင့် အနုလောမ(အနုလုံ) မည်၏။
(ဂေါ) ဂေါတြဘူဟူသည် ကာမနွယ် + လောကီအနွယ်ကို လွှမ်းမိုးနှိပ်စက် ဖျက်စီး၍ မဟဂ္ဂုတ်အနွယ် + လောကုတ္တရာအနွယ်ကို ဖြစ်စေတတ်သောကြောင့် ဂေါတြဘူ မည်၏။
၎င်းနာမည်လေးမျိုးဖြင့် ဖြစ်သော ကာမဇောများကို ဥပစာရ ဘာဝနာ၏ နယ်ပယ်မှာ အတည်ကြည်ဆုံးူ ထိပ်တန်းအကျဆုံး ဖြစ်၍ ဥပစာရသမာဓိဇောဟု ခေါ်ဝေါ်ခြင်း ဖြင်သည်။
၎င်းပရိကံ စသော နာမည်လေးမျိုးလုံးကို ပရိကံဟူသော နာမည် တစ်မျိုးတည်းဖြင့်လည်းကောင်း၊ ဥပစာဟူသော အမည်တစ်မျိုးတည်းဖြင့်လည်းကောင်း၊ အနုလုံဟူသော အမည်တစ်မျိုးတည်းဖြင့် လည်းကောင်း ခေါ်ဝေါ်လိုက ခေါ်ဝေါ်နိုင်သည်။
ဂေါတြဘူ အမည်ဖြင့်ကား ၄ မျိုးလုံးကို မခေါ်ဆိုနိုင်ပေ၊ ဂေါတြဘူ-ဟူ၍ကား နောက်ဆုံးတစ်ခုကိုသာ ခေါ်ဆိုနိုင်သည်။
နာမည်ချင်း မရောယှက်စေခြင်းငှာ - ပထမဇောကို ပရိကံ + ဒုတိယဇောကို ဥပစာ + တတိယဇောကို အနုလုံ + စတုတ္ထဇောကို ဂေါတြဘူ - ဟုခေါ်ဝေါ်ပညတ်ထားခြင်း ဖြစ်သည်။
မနောဒွါရ အပ္ပနာဇောဝါရ
ဝိဘူတ, အဝိဘူတ မကွဲပြား၊ တဒါရုံလည်း မဖြစ်
မနောဒွါရ အပ္ပနာဇောဝါရ၌ ဝိဘူတ၊ အဝိဘူတ ကွဲပြားမှု မရှိပေ။ ထို့အတူ တဒါရုံလည်း ဖြစ်ခြင်း မရှိပေ။
ဈာန်ဇော, မဂ်ဇော, ဖိုလ်ဇော - ဟူသော အပ္ပနာဇောတို့သည် ကသိုဏ်းစသော အာရုံထင်ရှားရာ အခါ၌သာ ဖြစ်သင့်သောကြောင့် ဝိဘူတ - တစ်မျိုးသာ ရှိပါသည်။
ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ - ဟူသော တဒါရုံအင်္ဂါ ၃ ရပါ မပြည့်စုံသောကြောင့် တဒါရုံ မဖြစ်ခြင်း ဖြစ်ပါသည်။
အပ္ပနာဝီထိ ကျပုံ
အပ္ပနာဇောဝါရ၌ အပ္ပနာဇောစောပုံမှာ -
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်းတို့၏ အခြားမဲ့၌ မဟာကုသိုလ်, မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈ ပါးတို့တွင် တစ်ပါးပါးသော ဥပစာရဇောသည် မန္ဒပညပုဂ္ဂိုလ်အား “ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ” ဟူသော အမည်ဖြင့် ၄ ကြိမ် စော၏။
ထို့နောက် (၅)ကြိမ်မြောက်တွင် မဟဂ္ဂုတ်, လောကုတ္တရာ အပ္ပနာဇော ၂၆ ပါးတို့တွင် ဈာန်, မဂ်, ဖိုလ် တစ်ပါးပါးသည် သမထ-ဝိပဿနာ ဘာဝနာသို့ ရှေးရှုသည်၏ အစွမ်းဖြင့် အပ္ပနာသို့ သက်ဝင်၏။ (ဝါ) အပ္ပနာဇော စော၏။ ထိုအပ္ပနာဇော၏အဆုံး၌ ဘဝင်ကျပါသည်။
တိက္ခပညပုဂ္ဂိုလ်အား “ဥပစာ၊ အနုလုံ၊ ဂေါတြဘူ” ဟူသော အမည်ဖြင့် ဥပစာရဇော ၃ ကြိမ် စော၍ (၄)ကြိမ်မြောက်တွင် အပ္ပနာဇော စော၏။ ထိုအပ္ပနာဇော၏ အဆုံး၌ ဘဝင်ကျပါသည်။
မဂ္ဂဝီထိ
မဂ် ၄ မျိုး ရှိ၍၊ မဂ္ဂဝီထိလေးမျိုး ဖြစ်သည်။ မဂ်ရလိုသော ပုဂ္ဂိုလ်သည် သမထကမ္မဋ္ဌာန်းအားထုတ်ရုံ နှင့် မရတော့ပေ။ သင်္ခါရတရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တဟု ဝိပဿနာ ရှုပွားရမည်။ ထိုသို ရှုပွား၍ ပထမဆုံးသော - သောတာပတ္တိမဂ်ရမည့် ပုဂ္ဂိုလ်သန္တာန်၌ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒတို့ ဖြစ်ချုပ်ကြ၏။
ထို့နောက် သင်္ခါရတရားတို့ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်ဖြစ်ပြီးလဈင် မန္ဒပုဂ္ဂိုလ်အား မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ ပါးတွင် တစ်ပါးပါးသည် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟု ၄ ကြိမ် တိက္ခပုဂ္ဂိလ်အား ဥပစာ - အနုလုံ၊ ဂေါတြဘူဟု ၃ ကြိမ် ဥပစာရသမာဓိဇောတို့ ဖြစ်ကြ၏။
ထို့နောင် သောတာပတ္တိမဂ်သည် သစ္စာလေးပါးကို သိလျှက် မဂ်ကိစ္စ တစ်ကြိမ်ဖြစ်၏။
ထို့နောက် မန္ဒပုဂ္ဂိုလ်အး သောတာပတ္တိဖိုလ် ၂ ကြိမ်၊ တိက္ခပုဂ္ဂိုလ်အား သောတာပတ္တိဖိုလ် ၃ ကြိမ် ဖြစ်၏။
ထို့နောင် ဘဝင် ဖြစ်ထိုက်သ၍ ဖြစ်၏။
မန္ဒ = န၊ ဒ ---- မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ မဂ်၊ ဖိုလ်၊ ဖိုလ် ---- ဘွင်
တိက္ခ = န၊ ဒ ---- မ - ဥ၊ နု၊ ဂေါ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဖိုလ် ---- ဘွင်
ဈာနဝီထိ၌ပါသော ဂေါတြဘူနှင့် မဂ္ဂဝီထိ၌ပါသော ဂေါတြဘူ - အထူး
ဈာနဝီထိ၌ပါသော ဂေါတြဘူကား ကာမအနွယ်ကို နှိပ်စက်၍၊ မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ် ဖြစ်စေတတ်ပါသည်။
မဂ္ဂဝီထိ၌ပါသော ဂေါတြဘူကား - လောကီအနွယ်ကို နှိပ်စက်၍၊ လောကုတ္တရာအနွယ်ကို ပွားစေတတ် ဖြစ်စေတတ်ပါသည်။
တနည်း ။ ။ ပုထုဇဉ်အနွယ်ကို ဖြစ်၍ အရိယာအနွယ်သို့ ရောက်စေတတ်ပါသည်။
အထက်မဂ် ၃ ပါး ဝီထိ
အထက်မဂ် ၃ ပါး ဝီထိလည်း သောတာပတ္တိမဂ်ဝီထိနှင့် တူ၏။ ဂေါတြဘူနေရာတွင် ဝေါဒါန်ဟု ပြောင်းရန်သာ ထူးသည်။ ဂေါတြဘူဟူသည် ပုထုဇဉ်အနွယ်ကို ဖြတ်ခြင်းဖြစ်၍ သောတာပတ္တိမဂ် ရစဉ်ကပင် ပုထုဇဉ်အနွယ်ကို ဖြတ်၍ လောကုတ္တရာအနွယ်သို့ ရောက်ခဲ့ပြီ၊ ထို့ကြောင့် ဂေါတြဘူမလိုတော့ပေ။ (ဝေါဒါန် = ဖွေးဖြူကြည်လင် သန့်ရှင်းသောစိတ်)သာ ဖြစ်ပြီး၊ မဂ်-ဖိုလ် ဆက်ဖြစ်သည်။
ဂေါတြဘူနှင့် ဝေါဒါန်အထူး
သောတာပတ္တိမဂ်၏ အနန္တရပစ္စည်းဖြစ်သော (ရှေ့၌ဖြစ်သော) ဉာဏ်သည် (မဟာကုသိုလ် ကြိယာဉာဏသမ္ပယုတ်ဇော ၈ ခု၌ရှိသော ဉာဏ်တစ်မျိုးမျိုးကို ဆိုသည်ဟု မှတ်ပါ) ဂေါတြဘူ မည်ပါသည်။
အထက်မဂ် ၃ ပါး၏ အနန္တရပစ္စည်းဖြစ်သော (ရှေ့၌ဖြစ်သော) ဉာဏ်သည် ဝေါဒါန် မည်ပါသည်။) ဤသို့ ထူးပါသည်။
ရေးမယ်ဆိုယင် ရေးစရာတွေ ကျန်ပါသေးတယ်။ သို့သော် ဒီနေ့တရားအညွှန်းကို ဒီမှာ နားပါဉီးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(9.5.2020)
Thein Naing Ohn
ဝီထိပိုင်း ၊ အပိုင်း (၅)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပုဂ္ဂိုလ်စိတ်ရ, ဘုံစိတ်ရ
ပုဂ္ဂိုလ် ၁၂ ယောက် = ပုထုဇဉ် ၄ ယောက် + အရိယာ ၈ ယောက်(မဂ္ဂဋ္ဌာန် ၄ + ဖလဋ္ဌာန ၄)
ပုထုဇဉ်လေးယောက်တွင် တိဟိတ်ပုဂ္ဂိုလ်(ဉာဏသမ္ပယုတ်)သာ ကျင့်ကြံအားထုတ်လျှင် အပ္ပနာဇောဖြစ်၍ ဈာန်, မဂ်, ဖိုလ်တို့ ရနိုင်၏။
ကျန်သုံးယောက်(ဒုဂ္ဂတိအဟိတ်, သုဂတိအဟိတ်, ဒွိဟိတ်) တို့မှာ အပ္ပနာဇော မဖြစ်နိုင်သောကြောင့် ဈာန်, မဂ်, ဖိုလ် မရအပ်ပါ။
မဂ္ဂဋ္ဌာန်(ဆိုင်ရာမဂ်ခဏ၌ တည်ဆဲပုဂ္ဂိုလ်) လေးယောက်, ဖလဋ္ဌာန်(ဆိုင်ရာဖိုလ်ရပြီးသောပုဂ္ဂိလ်) လေးယောက်အားဖြင့် အရိယာ ၈ ယောက် ဖြစ်ပါသည်။
ရဟန္တာ(အရဟတ္တဖလဋ္ဌာန်)အား အသေက္ခ(ကျင့်ပြီး)ပုဂ္ဂိုလ်ဟု ခေါ်ပြီး၊
ကျန်အရိယာ ၇ ယောက်အား သေက္ခ(ကျင့်ဆဲ)ပုဂ္ဂိုလ်ဟု ခေါ်ပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုဂ္ဂတိအဟိတ်, သုဂတိအဟိတ်, ဒွိဟိတ်, တိဟိတ်အားဖြင့် ၄ ယောက် ရှိ၏။
အရိယာပုဂ္ဂိုလ်သည် သောတာပတ္တိမဂ္ဂဋ္ဌာန် နှင့် ဖလဋ္ဌာန်, သကဒါဂါမိမဂ္ဂဋ္ဌာန် နှင့် ဖလဋ္ဌာန်, အနာဂါမိမဂ္ဂဋ္ဌာန် နှင့် ဖလဋ္ဌာန်, အရဟတ္တမဂ္ဂဋ္ဌာန် နှင့် ဖလဋ္ဌာန် အားဖြင့် ၈ ယောက် ရှိပါသည်။
ပုဂ္ဂိုလ်စိတ်ရ
ပုဂ္ဂိုလ်အပြားအားဖြင့် ခွဲခြား၍ရထိုက်သော ဝီထိစိတ်များ ပြရာအခန်းကို ‘ပုဂ္ဂလဘေဒ’ ဟု ခေါ်၏။ ‘ပုဂ္ဂိုလ်စိတ်ရ’ဟုလည်း ခေါ်ပါသည်။
ပုထုဇဉ် ၄ ဉီးတို့အား အကုသိုလ်စိတ် ၁၂ ပါး, ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ ပါး, မဟာကုသိုလ်စိတ် ၈ ပါး, မဟာဝိပါက်စိတ် ၈ပါး, မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ ပါး အားဖြင့် စိတ်ပေါင်း ၅၄ ပါး ရနိုင်ပါသည်။
သေက္ခပုဂ္ဂိုလ်တို့အား ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး, ဝိစိကိစ္ဆာသမ္ပယုတ်စိတ်, ဟသိတုပ္ပါဒ် အားဖြင့် ၆ ပါးကြဉ်သော အသောဘနစိတ် ၂၄ ပါး, မဟာကုသိုလ်စိတ် ၈ ပါး, မဟာဝိပါက်စိတ် ၈ ပါး, မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ ပါး, အရဟတ္တဖိုလ်ကြဉ်သော လောကုတ္တရာစိတ် ၇ ပါး အားဖြင့် စိတ်ပေါင်း ၅၆ ပါး ရနိုင်ပါသည်။
အသေက္ခ(ရဟန္တာ)ပုဂ္ဂိုလ်တို့အား အဟိတ်စိတ် ၁၈ ပါး, မဟာဝိပါက်စိတ် ၈ ပါး, မဟာကြိယာစိတ် ၈ ပါး, မဟဂ္ဂုတ်ကြိယာစိတ် ၉ ပါး, အရဟတ္တဖိုလ်စိတ် ၁ ပါး အားဖြင့် စိတ်ပေါင်း ၄၄ ပါး ရနိုင်ပါသည်။
(အသေးစိတ် မရေးတော့ပါ။ ဒီလောက်ဖတ်ထားလျှင် ဆရာတော်ဟောကြားချက်ကို နာယူသောအခါ ရှင်းလင်းပါလိမ့်မည်။)
ဘုံစိတ်ရ
ဘုံအပြားအားဖြင့် ရသင့်သော ဝီထိစိတ်တို့ကို ခွဲခြားဝေဖန်ပြရာ အပိုင်းအခန်းကို ‘ဘူမိဝိဘာဂ’ဟု ခေါ်၏။ ‘ဘုံ၌ စိတ်ရ’ ဟုလည်း ခေါ်ပါသည်။
ကာမဘုံ၌ မဟဂ္ဂုတ်ဝိပါက်(၉)ကြဉ်သော စိတ် ၈၀ ပါး ထိုက်သင့်သလို ရ၏။
အသညသတ်ကြဉ် ရူပ ၁၅ ဘုံ၌ ဒေါသမူဒွေကြဉ်သော အကုသိုလ်စိတ် ၁၀ ပါး, ဃာနဝိညာဏ်ဒွေ, ဇိဝှါဝိညာဏ်ဒွေ, ကာယဝိညာဏ်ဒွေကြဉ်သော အဟိတ်စိတ် ၁၂ ပါး, မဟာကုသိုလ်ကြိယာစိတ် ၁၆ ပါး, အရူပဝိပါက်ကြဉ်မဟဂ္ဂုတ်စိတ် ၂၃ ပါး, လောကုတ္တရာစိတ် ၈ ပါး အားဖြင့် စိတ် ၆၉ ပါး ရ၏။
(ဒေါသမူဒွေ, ဃာနဝိညာဏ်ဒွေ, ဇိဝှါဝိညာဏ်ဒွေ, ကာယဝိညာဏ်ဒွေ, မဟာဝိပါက် ၈ ပါး (တဒါရုံ), အရူပဝိပါက် ၄ ပါး အားဖြင့် စိတ်ပေါင်း ၂၀ ပါး မရ။)
(အသညတ်သတ်ကြဉ် ရူပ ၁၅ ဘုံ၌ ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထုတို့ ပသာဒချို့သည့်အလိုက် ဃာနဝိညာဏ်ဒွေ, ဇိဝှါဝိညာဏ်ဒွေ, ကာယဝိညာဏ်ဒွေတို့ မရပါ။)
အရပလေးဘုံ၌ ဒေါသမူဒွေကြဉ်သော အကုသိုလ်စိတ် ၁၀ ပါး, မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်-ကြိယာစိတ် ၁၆ ပါး, အရူပစိတ် ၁၂ ပါး, သောတာပတ္တိမဂ်ကြဉ်သော လောကုတ္တရာစိတ် ၇ ပါး အားဖြင့် စိတ် ၄၆ ပါး ရ၏။
(ဝတ္ထုရုပ်ကို မှီ, မမှီမူ၍ ဖြစ်သောစိတ် ၄၂ ပါး နှင့် အရူပဝိပါက်စိတ် ၄ ပါး အားဖြင့် ၄၆ ပါးတို့ ရအပ်၏။)
(အရူပလေးဘုံ၌ ဒေါသမူဒွေ, မနောဒွါရာဝဇ္ဇန်းကြဉ် အဟိတ် ၁၇ ပါး, မဟာဝိပါက် ၈ ပါး (တဒါရုံ), ရူပစိတ် ၁၅ ပါး, သောတာပတ္တိမဂ် ၁ ပါး အားဖြင့် စိတ်ပေါင်း ၄၃ ပါး မရ။)
အသညသတ်ဘုံ၌ စိတ်, စေတသိက် လုံးဝ မရပါ။ ရုပ်မျှသာ ရှိ၏။
ကာမဘုံအတွက် ပုဂ္ဂိုလ်များစိတ်ရကိုသိလျှင် ရူပ,အရူပဘုံအတွက် သိပြီးသား ဖြစ်တော့၏။ (ရူပ,အရူပဘုံတို့သည် ဈာန်ဘုံများဖြစ်၍ ကာမထဲမှ ဈာန်ရပုဂ္ဂိုလ်တို့သာ ရူပ,အရူပဘုံတို့၌ ဖြစ်နိုင်သည်။) ကာမဘုံဈာန်ရပုဂ္ဂိုလ်တို့၏ စိတ်ထဲမှ ရူပ,အရူပတို့၌ မရနိုင်သော စိတ်များကို နှုတ်လျှင် ရူပ,အရူပတို့၏ စိတ်များ ရတော့၏။
ဘုံအလိုက် ရထိုက်သမျှ ဝီထိစိတ်များ
ကာမ ၁၁ ဘုံ၌ ဝီထိစိတ် ၈၀ ပါး ရ၏။
(ဟသိတုပ္ပါဒ်ကြဉ် အဟိတ် ၁၇ + ဇော ၅၅ + မဟာဝိပါက် ၈ ပါး(တဒါရုံ))
အသညသတ်ကြဉ် ရူပ ၁၅ ဘုံ၌ ဒေါသမူဒွေကြဉ်သော အကုသိုလ်စိတ် ၁၀ ပါး, ဃာနဝိညာဏ်ဒွေ, ဇိဝှါဝိညာဏ်ဒွေ, ကာယဝိညာဏ်ဒွေကြဉ်သော အဟိတ်စိတ် ၁၂ ပါး, မဟာကုသိုလ်-ကြိယာစိတ် ၁၆ ပါး, မဟဂ္ဂုတ်ကုသိုလ်-ကြိယာစိတ် ၁၈ ပါး, လောကုတ္တရာစိတ် ၈ ပါး အားဖြင့် ၆၄ ပါး ရ၏။
(ဝီထိစိတ် = ဘုံစိတ်ရ ၆၉ - ရူပဝိပါက် ၅)
(အဟိတ်စိတ် ၁၂ + ဒေါသမူဒွေ နှင့် ဟသိတုပ္ပါဒ်ကြဉ် ဇော ၅၂ ပါး)
အရူပလေးဘုံ၌ ဒေါသမူဒွေကြဉ်သော အကုသိုလ်စိတ် ၁၀ ပါး, မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်-ကြိယာစိတ် ၁၆ ပါး, အရူပကုသိုလ်-ကြိယာစိတ် ၈ ပါး, သောတာပတ္တိမဂ်ကြဉ်သော လောကုတ္တရာစိတ် ၇ ပါး အားဖြင့် စိတ် ၄၂ ပါး ရ၏။ (ဝီထိစိတ် = ဘုံစိတ်ရ ၄၆ - အရူဝိ ၄)
အပါယ် ၄ ဘုံ၌ ဟသိတုပ္ပါဒ်ကြဉ်သော အသောဘနစိတ် ၂၉ ပါး, မဟာကုသိုလ်စိတ် ၈ ပါး အားဖြင့် စိတ် ၃၇ ပါး ရ၏။ (ရှင်မောဂ္ဂလာန်စသည်တို့ အပါယ်ဘုံသို့ကြွရောက် တရားဟောသည်နှင့်ကြုံ၍ တရားနာခွင့်ရလျှင် မဟာကုသိုလ်စိတ် ဖြစ်နိုင်ပါသည်။)
ရထိုက်သမျှစိတ်ဆိုလျှင် -- ရူပဘုံ၌ ရူပဝိပါက်စိတ် ၅ ပါး၊ အရူပဘုံ၌ အရူပဝိပါက်စိတ် ၄ ပါး တို့ကို ထပ်ထည့်ရမည်။
နိဂုံး။ ။ ဝီထိစိတ်များသည် တစ်ဝီထိနှင့်တစ်ဝီထိအကြား၌ ဘဝင်ခြားလျက် ဆက်ကာဆက်ကာ အသက်ရှည်သမျှ ဖြစ်ကြသည်။ ထို့အတူ စိတ္တနိယာမအတိုင်းဖြစ်သော စိတ်တို၏ဖြစ်စဉ်သည်လည်း ဖြစ်သင့်သောစိတ်အစဉ်တို့ကို မကျော်လွန်ဘဲ စိတ်တစ်ခုပြီးတစ်ခု (ဖြစ်,တည်,ပျက် = ဥပါဒ်,ဌီ,ဘင် အားဖြင့်) အစဉ်အတိုင်း ဖြစ်တော့သည်။
ဝီထိပိုင်းပြီးပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(10.5.2020)
Thein Naing Ohn
ဝီထိမုတ်ပိုင်း ၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အနုသန္ဓေ နှင့် ပဋိညာဉ်
ဝီထိပိုင်းဖြင့် ပဝတ္တိအခါ၌ ဝီထိစိတ်တို့၏ဖြစ်ပုံကို ဖွင့်ဆိုခဲ့ပြီးပြီ၊ (အနုသန္ဓေစကားရပ်) ယခုအခါ၌ ပဋိသန္ဓေအခါ, စုတိအခါတို့၌ဖြစ်သော ဝီထိမုတ်စိတ်တို့၏ ဖြစ်ပုံကို ပြဆိုသော ပဝတ္တိသင်္ဂဟ အမည်ရသော “ဝီထိမုတ်ပိုင်း” ကို ဖွင့်ဆိုပြပါမည်။ (ပဋိညာဉ်စကားရပ်)
ဝီထိမုတ်စိတ်
ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်သော ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ ရူပဝိပါက်စိတ် ၅ ပါး၊ အရူပဝိပါက်စိတ် ၄ ပါး = ပေါင်း ဤ ၁၉ ပါးသော စိတ်တို့သည် ဝီထိစိတ်တို့မှ အလွတ်ဖြစ်သောကြောင့် “ဝီထိမုတ်စိတ်” မည်ပါသည်။
ဝီထိမုတ်ပိုင်း
ထိုဝီထိမုတ်စိတ်တို့၏ ဖြစ်ပုံကို ပြဆိုရာအပိုင်းအခန်းဖြစ်သောကြောင့် “ဝီထိမုတ်ပိုင်း” ဟုခေါ်ပါသည်။
ဘုံပိုင်း
ဝီထိမုတ်ပိုင်း၌ ဘုံနှင့်သက်ဆိုင်သောအခန်း(ဘူမိစတုက္က)ကို ရှေးဉီးစွာပြဆိုထားသောကြောင့် ပဓာနနည်းအရ ဤအပိုင်းကို “ဘုံပိုင်း” ဟုလည်း ခေါ်သည်။
အချို့သော ရှေးဆရာမြတ်တို့က ထိုဝီထိမုတ်ပိုင်း၌ ဘုံနှင့်စပ်သောအခန်းလည်း ကျယ်ဝန်းစွာ ပါသောကြောင့် ‘ဘုံပိုင်း’ ဟုလည်း ခေါ်ဆိုခြင်းဖြစ်ကောင်း မိန့်တော်မူကြ၏.
သတ္တဝါတို့သန္တာန်၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်(ဘဝင်စိတ်)တို့သာ အလှည့်အပြောင်း ဖြစ်ပျက်၍နေ၏။ ထိုနှစ်မျိုးတို့တွင် ပဝတ္တိအခိုက် ဝီထိစိတ်တို့ ဖြစ်ပုံကို ဝီထိအခန်တွင် ပြခဲ့ပြီ၊ ယခုအခါ ဆိုင်ရာဘုံ + ပုဂ္ဂိုလ်တို့အလိုက် ပဋိသန္ဓေအခိုက် + ဘဝင်အခိုက် + စုတိအခိုက်တို့၌ ဝီထိမုတ်စိတ်(ဘဝင်စိတ်)တို့၏ ဖြစ်ပုံကို ပြခြင်းငှာ ဝီထိမုတ်ပိုင်း(ဘုံပိုင်း)ကို ဆက်၍ပြမည် ဖြစ်ပေသည်။
(ရှေ့ဝီထိပိုင်းတွင် ဝီထိမုတ်စိတ်ကို ဘဝင်စိတ်အမည်ဖြင့် အသုံးပြုခဲ့သည်။ ဤအပိုင်း၌ ဝီထိမုတ်စိတ်များကို ပဋိသန္ဓေစိတ် + ဘဝင်စိ် + စုတိစိတ် အမည်များဖြင့် အသုံးပြုမည်။
ဤအပိုင်း၌ ဇယားပါအတိုင်း မည်သည့်ဘုံ + မည်သည့်ပုဂ္ဂိုလ်၌ + မည်သည့်ပဋိသန္ဓေစိတ်များ ဖြစ်သည်ကို ကျေညက်အောင် သိထားရမည်။)
ဝီထိမုတ်ပိုင်း၌ ပြဆိုအပ်သော အခန်းတို့ကို အကျဉ်းအားဖြင့် ဖော်ပြရသော် --
ဘုံလေးပါး(ဘူမိစတုက္က)၊ ပဋိသန္ဓေ ၄ပါး(စတုဓာပဋိသန္ဓိ)၊ ကံလေးပါး(စတ္တာရိကမ္မာနိ)၊ မရဏုပ္ပတ္တိလေးပါး(စတုဓာမရဏုပ္ပတ္တိ)ဟူသော စတုက္ကလေးပါးကို ဝီထိမုတ်ပိုင်း၌ ပြဆိုသည်။
၃၁ဘုံကို ဘုံလေးပါးတို့ဖြင့် ဖော်ပြရသော် --
အပါယ် ၄ ဘုံ၊ ကာမသုဂတိ ၇ ဘုံ၊ ရူပါဝစရ ၁၆ ဘုံ၊ အရူပါဝစရ ၄ ဘုံ = ၃၁ ဘုံ ဖြစ်သည်။
အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံဟူ၍ (၄)ပါး ပြားသည်။
ကာမသုဂတိဘုံ(၇)ဘုံဟူသည် -- လူ့ဘုံ၊ စတုမဟာရာဇ်ဘုံ၊ တာဝတိံသာဘုံ၊ ယာမာဘုံ၊ တုသိတာဘုံ၊ နိမ္မာနရတိဘုံ၊ ပရနိမ၎င်းိတဝသဝတ္တိဘုံ တို့ဖြစ်သည်။
ကာမဘုံသည် အပါယ် (၄) ဘုံ + ကာမသုဂတိ (၇) ဘုံအားဖြင့် ကာမ(၁၁)ဘုံ ရှိသည်။
ရူပါဝစရ(၁၆)ဘုံဟူသည် --
ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ဟူသော ပဌမဈာန်(၃)ဘုံ။
ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ ဟူသော ဒုတိယဈာန်(၃)ဘုံ။
ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဟူသော တတိယဈာန်(၃)ဘုံ။
ဝေဟပ္ဖိုလ်၊ အသညသတ်၊ သုဒ္ဓါဝါသ(၅)ဘုံ ဟူသော စတုတ္ထဈာန်(၇)ဘုံအားဖြင့် ရူပါဝစရ(၁၆)ဘုံ ဖြစ်သည်။
သုဒ္ဓါဝါသ(၅)ဘုံဟူသည် --
အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌဘုံ ဟူ၍ သုဒ္ဓါဝါသ(၅)ဘုံ ရှိသည်။
အရူပ(၄)ဘုံ ဟူသည် --
အာကာသာနဉ္စာယတနဘုံ၊ ဝိညာနဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊ နေဝသညာ နာသညာယတနဘုံ ဟူ၍ အရူပဘုံ(၄)ဘုံ ရှိသည်။
၃၁ ဘုံကို အကျဉ်းနည်းအားဖြင့် ရေတွက်သော် --
ကာမ ၁၁ ဘုံ၊ ရူပ ၁၆ ဘုံ၊ အရူပ ၄ ဘုံ = ပေါင်း (၃၁)ဘုံ ဖြစ်သည်။
ဘုံနှင့်ပုဂ္ဂိုလ်
သုဒ္ဓါဝါသ(၅)ဘုံ၌ ရနိုင်သော ပုဂ္ဂိုလ်နှင့် မရနိုင်သောပုဂ္ဂိုလ်။
သုဒ္ဓါဝါသဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်၊ သောတာပန်ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့ကို မရနိုင်။
အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်တို့ကိုသာ ရနိုင်သည်။
(၃၁)ဘုံတို့၌ ရနိုင်သော ပုဂ္ဂိုလ်အသီးသီးတို့မှာ --
အပါယ်(၄)ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တစ်ယောက်ကိုသာ ရသည်။
လူ့ဘုံနှင့်စတုမဟာရာဇ်ဘုံတို့၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ကြဉ်သော ပုထုဇဉ်ပုဂ္ဂိုလ်(၃)ယောက်၊ အရိယာပုဂ္ဂိုလ်(၈)ယောက် ပေါင်း ပုဂ္ဂိုလ်(၁၁)ယောက်တို့ကို ရသည်။
တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တိ ဟူသော နတ်ပြည်(၅)ဘုံ၌ ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်ပုဂ္ဂိုလ်ကြဉ်သော ပုထုဇဉ်ပုဂ္ဂိုလ်(၂)ယောက်၊ အရိယာပုဂ္ဂိုလ်(၈)ယောက်အားဖြင့်(၁၀)ယောက်သော ပုဂ္ဂိုလ်တို့ကို ရသည်။
ပထမဈာန်ဘုံမှစ၍ ဝေဟပ္ဖိုလ်ဘုံတိုင်အောင်သော ရူပ(၁၀)ဘုံတို့၌ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် နှင့် အရိယာပုဂ္ဂိုလ်(၈)ယောက် ပေါင်း (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို ရသည်။
အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်တစ်ယောက်ကိုသာ ရသည်။
သုဒ္ဓါဝါသ(၅)ဘုံ၌ အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တ မဂ္ဂဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်ဟူသော အရိယာပုဂ္ဂိုလ်(၃)ယောက်ကိုသာ ရသည်။
အရူပ(၄)ဘံဒတို့၌ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် သောတာပတ္တိမဂ္ဂဋ္ဌာန်ကြဉ်သော အရိယာပုဂ္ဂိုလ်(၇)ယောက် ပေါင်း ပုဂ္ဂိုလ်(၈)ယောက်တို့ကို ရသည်။
(က) အရိယာပုဂ္ဂိုလ်ကိုသာ ရသောဘုံ = သုဒ္ဓဝါသ(၅)ဘုံ
(ခ) ပုထုဇဉ်ပုဂ္ဂိုလ်ကိုသာ ရသောဘုံ = အပါယ်(၄)ဘုံနှင့်အသညသတ်ဘုံ။
(ဂ) ပုထုဇဉ်, အရိယာ ၂ ပါးစုံ ရသောဘုံ = ကာမသုဂတိ(၇)ဘုံ၊ ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ(၁၀)ဘုံ၊ အရူပ(၄)ဘုံတို့ ဖြစ်သည်။
ဒီလောက်ဆိုယင် ဘူမိစတုက္ကအပိုင်းနဲ့ပတ်သက်လို့ အတော်ပြည့်စုံသလောက်ရှိပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(11.5.2020)
Thein Naing Ohn
ဝီထိမုတ်ပိုင်း ၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပဋိသန္ဓိစတုက္က
ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်သောအားဖြင့် ဘဝဟောင်း အပြတ်တွင် ဘဝသစ်၌ စိတ်၊ စေတသိက်၊ ကမ္မဇရုပ်များ၏ ရှေးဦးစွာ စတင် ဖြစ်ပေါ်ခြင်းကို ပဋိသန္ဓေနေသည်ဟု ခေါ်၏။
ထိုပဋိသန္ဓေသည် ၄ မျိုး ပြား၏။ ပဋိသန္ဓေ ၄ မျိုး အပေါင်းကို ပဋိသန္ဓိစတုက္ကဟု ခေါ်၏။
ပဋိသန္ဓေ (၄) မျိုး
၁။ အပါယ်ပဋိသန္ဓေ = အပါယ်(၄)ဘုံသားတို့၏ပဋိသန္ဓေ ၁ ပါး
၂။ ကာမသုဂတိ ပဋိသန္ဓေ = ကာမသုဂတိ(၇)ဘုံရှိ လူ,နတ်တို့၏ ပဋိသန္ဓေ ၉ ပါး
၃။ ရူပါဝစရ ပဋိသန္ဓေ = ရူပ(၁၆)ဘုံရှိ ရူပဗြဟ္မာတို့၏ပဋိသန္ဓေ ၆ ပါး
၄။ အရူပါဝစရ ပဋိသန္ဓေ = အရူပ(၄)ဘုံရှိ အရူပဗြဟ္မာတို့၏ ပဋိသန္ဓေ ၄ ပါး
အပါယ်ပဋိသန္ဓေစိတ် (၁) ပါး
အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် အပါယ်ဘုံ၌ ပဋိသန္ဓေစိတ် ဖြစ်၏။
မှတ်ချက်။ ။ ထိုအကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်သည် အပါယ်ဘုံ၌ ပဝတ္တိအခါ ဘဝင်အမည်ဖြင့် ဖြစ်၏။ ဘဝအဆုံးမှာ စုတိ အမည်ဖြစ့် ဖြစ်၏။
အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်တစ်ယောက်ကိုသာ ရနိုင်သည်။
ကာမသုဂတိ ပဋိသန္ဓေ (၉)ပါးဟူသော်ကား -
(အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၁ ပါး) + (မဟာဝိပါက်စိတ် ၈ ပါး) = ပေါင်း ၉ ပါး ဖြစ်ပါသည်။
အဟိတ်ကုသလဝိပါက်ပဋိသန္ဓေ။ ။ အဟိတ်ကုသလဝိပါက်ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ကာမသုဂတိဘုံ၌ ဇစ္စန္ဓ စသော လူသားများနှင့် ဘုမ္မစိုးနတ်ကြီးတို့ကို မှီခိုနေကြသော ဝိနိပါတိက အသုရာတို့၏ ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတပ်လျက် ဖြစ်၏။
မဟာဝိပါက်ပဋိသန္ဓေ။ ။ မဟာဝိပါက်စိတ်(၈)ပါးတို့သည် ကာမသုဂတိ(၇)ဘုံလုံး၌ ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ တပ်၍ ဖြစ်၏။
မှတ်ချက်။ ။ လူ့ဘုံနှင့် စတုမဟာရာဇ်ဘုံတို့၌ သုဂတိအဟိတ်ပုဂ္ဂိုလ်ကို ရနိုင်၏။
ဇစ္စန္ဓ ။ ။ စက္ခုပသာဒကို ဖြစ်စေနိုင်သော ကံ မရှိခြင်းကြောင်း ဖြစ်ပေါ်သင့်သော အချိန်၌ စက္ခုပသာဒ ဖြစ်ပေါ်မှု မရှိသူကို ဇစ္စန္ဓဟု ခေါ်၏။ စက္ခုပသာဒ ဖြစ်ပေါ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် ပျက်စီးသူကို ဇစ္စန္ဓဟု မခေါ်နိုင်ပါ။
ဇစ္စန္ဓာဒီနံ၌ အာဒိသဒ္ဒါဖြင့် ယူသင့်သော ပုဂ္ဂိုလ်များ
၁။ ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ၊
၂။ ဇစ္စမူဂ = ပဋိသန္ဓေအားဖြင့် စားမပီဘဲ ထစ်အသူ၊
၃။ ဇစ္စဇဠ = ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းဖျင်းအသူ၊
၄။ ဇစ္စုမ္မတ္တက = ပဋိသန္ဓေအားဖြင့် ရူသွပ်သူ၊
၅။ ပဏ္ဍက = ကိလေသာ ထူထဲသူ - ကာမ ပူပန်မှု မငြိမ်းအေးနိုင်သူ၊
၆။ ဥဘတောဗျဉ္ဇနက = ဥဘတောဗျည်း မိန်းမတစ်လှည့်၊ ယောက်ျားတစ်လှည့်ဖြစ်သူ၊
၇။ နပုံသက = မိန်းမအင်္ဂါလည်း မထင်ရှား၊ ယောကျာ်းအင်္ဂါလည်း မထင်ရှားသူ၊
၈။ မမ္မ = မန်းစွဲသူ - စကားပြောသောအခါ အမျှင်မပြတ်ဘဲ ပြောသူ၊ ဤသို့ဖြင့် လူစင်မမီ လူရာမဝင်သူများကို ယူရမည်။
ဘုမ္မစိုးနတ်။ ။ မြေကြီးနှင့် စပ်သော သစ်ပင်၊ တောတောင်ကို စောင့်သော နတ်များ၊ ကိုယ်စောင့်နတ်များ၊ အိမ်စောင့်နတ်များ၊ မြေစောင့်နတ်များ စသည်တို့ကို ဘုမ္မစိုးနတ်ဟု ခေါ်၏။ အတော်အတန် တန်ခိုးကြီးမားကြ၏။
ဝိနိပါတိကအသုရာ။ ။ စည်းစိမ်ဥစ္စာ အိပ်ရာ နေရာကောင်းစွာ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးနေသော နတ်သေး နတ်မွှား နတ်အငယ်စားတို့ကို ဝိနိပါတိက အသုရာဟု ခေါ်၏။ ဝိနိပါတိက အသုရာတို့သည် ဘုမ္မစိုးနတ်ကြီးများကို မှီခိုနေကြရ၏။
ကာမပဋိသန္ဓေ (၁၀)ပါး
၁။ (အကုသလဝိပါက်ဥပေက္ခာသဟဂုတ်သန္တီရဏ ၁ ပါး) + (ကာမသုဂတိပဋိသန္ဓေ ၉ ပါး) = ပေါင်း ၁၀ ပါး
ကာမပဋိသန္ဓေစိတ် (၁၀)ပါးကို ဘုံနှင့်တွဲပြပုံ
၁။ (ပဋိသန္ဓေစိတ် = အကုသလဝိပါက်ဥပေက္ခာသဟဂုတ်သန္တီရဏ) = (ဘုံ = အပါယ်လေးဘုံ)
၂။ (ပဋိသန္ဓေစိတ် =အဟိတ်ကုသလဝိပါက်ဥပေက္ခာသဟဂုတ်သန္တီရဏ) = (ဘုံ = လူ့ဘုံ၊ စတုမဟာရာဇ်ဘုံ)
၃။ (ပဋိသန္ဓေစိတ် = မဟာဝိပါက်စိတ်(၈)ပါး) = (ဘုံ = ကာမသုဂတိ (၇) ဘုံ)
အသက်တမ်းမမြဲသောပုဂ္ဂိုလ်များ
၁။ အပါယ်လေးဘုံသား သတ္တဝါများ
၂။ လူသားများ
၃။ ဝိနိပါတိကအသုရာများ။
နတ်သက်ရှာဖွေနည်း
၁။ နတ်သက်ကို မိမိအောင် နတ်ဘုံသက်ဖြင့် ရှာဖွေနည်း။
၂။ နတ်သက်ကို မိမိနတ်ဘုံသက်ဖြင့် ရှာဖွေနည်း။
၃။ နတ်သက်ကို လူ့အရေအတွက်ဖြင့် ရှာဖွေနည်းဟု နတ်သက်ရှာဖွေနည်း သုံးမျိုး ရှိ၏။ ထိုတွင် -
၁။ မိမိအောက် နတ်ဘုံသက်ဖြင့် ရှာဖွေရာ၌ မိမိအောက် နတ်ဘုံသက်ကိုတည်၊ ၄ - ဖြင့် မြှောက်ပါ။
၂။ မိမိနတ်ဘုံသက်ဖြင့် ရှာဖွေရာ၌ မိမိအောက် နတ်ဘုံသက်ကိုတည်၊ ၂ - ဖြင့် မြှောက်ပါ။
၃။ လူ့အရေအတွက်ဖြင့် ရှာဖွေရာ၌ မိမိအောက် နတ်ဘုံ၌ လူ့အရေအတွက်ဖြင့် ရရှိသော အသက်တမ်းကို တည်၊ ၄ - ဖြင့် မြှောက်ပါ။
ရှင်းလင်းချက်။ ။ တာဝတိံသာနတ်သက်သည် စတုမဟာရာဇ်နတ်သက်ထက် ၄ - ဆတက်မျှ ရှည်သောကြောင့် တာဝတိံသာနတ်သက်ကို စတုမဟာရာဇ် တွက်ကိန်းဖြင့် တွက်လိုပါက စတုမဟာရာဇ် နတ်သက် ၅၀၀ - ကိုတည်၊ ၄ - ဖြင့် မြှောက်ပါ။ ၅၀၀ x ၄ = ၂၀၀၀ ဖြစ်၏။ ယင်း (၂၀၀၀)သည် စတုမဟာရာဇ် နတ်အရေအတွက်ဖြင့် ရေတွက်ထားသော တာဝတိံသာ နတ်သက်ဖြစ်၏။
တာဝတိံသာ နတ်သက်၏ နေ့တာ ညဉ်တာသည် စတုမဟာရာဇ်နတ်တို့၏ နေ့တာ ညဉ့်တာထက် နှစ်ဆပိုရှည်၏။ ထို့ကြောင့် စတုမဟာရာဇ် နတ်သက် ၅၀၀ - ကိုတည်၊ ၂ - ဖြင့် မြှောက်ပါ။ ၅၀၀ x ၂ = ၁၀၀၀ ဖြစ်၏။ ယင်း ၁၀၀၀ - သည် တာဝတိံသာ နတ်အရေအတွက်ဖြင့် ရေတွက်ထားသော တာဝတိံသာ နတ်သက် ဖြစ်ပါသည်။ လူ့အရေအတွက်ကား လွယ်၏။ (၄)ဖြင့် မြှောက်ရုံသာ ဖြစ်၏။
ယာမာနတ်သက်သည် တာဝတိံသာ နတ်သက်ထက် (၄)ဆတက်မျှ ရှည်၏။ ထို့ကြောင့် ယာမာ နတ်သက်ကို တာဝတိံသာ နတ်တွက်ကိန်းဖြင့် တွက်လိုပါက တာဝတိံသာ နတ်သက် ၁၀၀၀ - ကိုတည်၊ ၄ - ဖြင့် မြှောက်ပါ။ ၁၀၀၀ x ၄ = ၄၀၀၀ ဖြစ်၏။ ယင်း ၄၀၀၀ သည် တာဝတိံသာ နတ်အရေအတွက်ဖြင့် ရေတွက်ထားသော ယာမာနတ်သက် ဖြစ်ပါသည်။
ယာမာနတ်တို့၏ နေ့တာ ညဉ်တာသည် တာဝတိံသာ နတ်တို့၏ နေ့တာ ညဉ်တာထက် နှစ်ဆလောက်သာ ရှည်သောကြောင့် တာဝတိံသာ နတ်သက် ၁၀၀၀ ကိုတည်၊ ၂ - ဖြင့် မြှောက်ပါ။ ၁၀၀၀ x ၂ = ၂၀၀၀ ဖြစ်၏။ ယင်း ၂၀၀၀ သည် ယာမာနတ်အရေအတွက်ဖြင့် ရေတွက်ထားသော ယာမာနတ်သက် ဖြစ်ပါသည်။
အမှာ။ ။ ဤနည်းကိုမှီ၍ အထက်နတ်ဘုံ အသက်တမ်းတို့ကို ရှာဖွေနိုင်ကြောင်းသိပါလေ။
ဤမျှဆိုလျှင် ပဋိသန္ဓိစတုက္ကအပိုင်း သိသင့်သိထိုက်သော အရာတို့ကို သိပါပြီ။ ထိုအချက်တို့ကို အခြေခံမှတ်၍ ဆရာတော်ဟောကားမှုကို ဆက်လက်နာယူပါလေ။
မှတ်ချက်။ ။ ဘုံပိုင်းဇယားပုံလေးကို Comment တွင်ထည့်ပေးထားပါမယ်ခင်ဗျာ။ အဲဒီဇယားလေးကိုကြည့်ပြီး နတ်သက်တွက်ယူပုံကိုလည်း လေ့လာနိုင်ပါတယ်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(12.5.2020)
Thein Naing Ohn
ဝီထိမုတ်ပိုင်း ၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ဘုံ၌ ပုဂ္ဂိုလ်ရ
သုဒ္ဓါဝါသဘုံမှာ အရိယာသာ ရှိပါတယ်။
သုဒ္ဓါဝါသ ၅ ဘုံတို့၌ ပုထုဇဉ်ပုဂ္ဂိုလ် ၄ ယောက်၊ သောတာပန်ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ် တို့ကို မရပါ။ အောက်မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၃ ယောက်တို့ကိုလည်း မရပါ။
သုဒ္ဓါဝါသ ၅ ဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ကိုသာ ရ၏။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကိုလည်း ရ၏။
ထို့ကြောင့် သုဒ္ဓါဝါသဘုံသည် အရိယာပုဂ္ဂိုလ်တို့သာ သီးသန့်ရှိသောဘုံ ဖြစ်ပါတယ်။
++++++++++++++++++++++++++
အသညသတ် နှင့် အပါယ်ဘုံမှာ ပုထုဇဉ်သာ ရှိပါတယ်။
အသညသတ်ဘုံ၌ - သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် ၁ ယောက်သာ ရ၏။
ကြွင်းသောပုဂ္ဂိုလ် ၁၁ ယောက်တို့ကို မရပါ။
အပါယ်ဘုံတို့၌ - ဒုဂ္ဂတိအဟိတ် ပုထုဇဉ် ၁ ယောက်သာ ရ၏။
ကြွင်းသောပုဂ္ဂိုလ် ၁၁ ယောက်တို့ကို မရပါ။
ထို့ကြောင့် အသညသတ်ဘုံ နှင့် အပါယ်ဘုံတို့သည် အရိယာပုဂ္ဂိုလ်များ မရှိဘဲ ပုထုဇဉ်ပုဂ္ဂိုလ်တို့သာ သီးသန့်ရှိသောဘုံများ ဖြစ်၏။
++++++++++++++++++++++++++++++++++
ကြွင်း ၂၁ ဘုံမှာ ပုထုဇဉ်/အရိယာ နှစ်မျိုးရှိပါတယ်။
ကာမသုဂတိ ၇ ဘုံ၊ ပဈာန် ၃ ဘုံ၊ တဈာန် ၃ ဘုံ၊ ဝေဟပ္ဇိုလ်ဘုံ၊ အရူပ ၄ ဘုံ၊ ပေါင်း ၂၁ ဘုံတို့၌ ဒုဂ္ဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် ၁ ယောက်ကို လုံးဝ မရပါ။ ကြွင်းသော ပုထုဇဉ်ပုဂ္ဂိလ် ၃ ယောက် နှင့် အရိယာပုဂ္ဂိုလ် ၈ ယောက်တို့ကို ရပါသည်။
ထို့ကြောင့် ဤ ၂၁ ဘုံသည် ပုထုဇဉ်,အရိယာ ပုဂ္ဂိုလ်နှစ်မျိုးရှိသောဘုံများ ဖြစ်၏။
++++++++++++++++++++++++++++++++++++
ဘုံ-ပုဂ္ဂိုလ်ရ ရှင်းလင်းချက်ဇယားပုံလေးကို Comment မှာထည့်ပေးလိုက်ပါမယ်။ ယခုရေးမယ့် အပိုင်းကို အဲဒီဇယားလေးကို ကြည့်ပါ၊ ဆရာတော်ဟောကြားချက်ကိုလည်း နာယူလေ့လာပါခင်ဗျာ။
(၃၁)ဘုံတို့၌ ရနိုင်သော ပုဂ္ဂိုလ်တို့ကို အသီးသီးဖြေဆိုရသော် --
အပါယ်(၄)ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တစ်ယောက်ကိုသာ ရသည်။
လူ့ဘုံနှင့်စတုမဟာရာဇ်ဘုံတို့၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိလ်ကြဉ်သော ပုထုဇဉ်ပုဂ္ဂိုလ်(၃)ယောက်၊ အရိယာပုဂ္ဂိုလ်(၈)ယောက် ပေါင်း ပုဂ္ဂိုလ်(၁၁)ယောက်တို့ကို ရသည်။
တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တိ ဟူသော နတ်ပြည်(၅)ဘုံ၌ ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်ပုဂ္ဂိလ်ကြဉ်သော ပုထုဇဉ်ပုဂ္ဂိုလ်(၂)ယောက်၊ အရိယာပုဂ္ဂိုလ်(၈)ယောက် အားဖြင့် (၁၀)ယောက်သော ပုဂ္ဂိုလ်တို့ကို ရသည်။
ပထမဈာန်ဘုံမှ စ၍ ဝေဟပ္ဖိုလ်ဘုံတိုင်အောင်သော ရူပ(၁၀)ဘုံတို့၌ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် နှင့် အရိယာပုဂ္ဂိုလ် (၈) ယောက် = ပေါင်း (၉) ယောက်သော ပုဂ္ဂိုလ်တို့ကို ရသည်။
အသညသတ်ဘုံ၌ သုဂတိ အဟိတ်ပုဂ္ဂိုလ်တစ်ယောက်ကိုသာ ရသည်။
သုဒ္ဓဝါသ(၅)ဘုံ၌ အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တ မဂ္ဂဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန် ဟူသော အရိယာပုဂ္ဂိုလ်(၃)ယောက်ကိုသာ ရသည်။
အရူပ(၄)ဘုံတို့၌ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် နှင့် သောတာပတ္တိမဂ္ဂဋ္ဌာန်ကြဉ်သော အရိယာပုဂ္ဂိုလ်(၇)ယောက် = ပေါင်း ပုဂ္ဂိုလ်(၈)ယောက်တို့ကို ရသည်။
ဒီဝီထိမုတ်ပိုင်း၊ အပိုင်း(၃) မှာ ဒီလောက်သာ တရားအညွှန်းအနေနဲ့ထည့်ပေးပါမယ်ခင်ဗျာ။ ကမ္မစတုက္ကအပိုင်းကို ဆရာတော် ဆက်လက်ရှင်းလင်းပါလိမ့်ဦးမယ်။ ကျနော်ကတော့ နောက်နေ့မှ ထည့်ရှင်းပေးပါမယ်ခင်ဗျာ။
ကိုယ်စိတ်ချမ်းမြေ့စွာနာယူလေ့လာနိုင်ကြပါစေ။
TNO(13.5.2020)
Thein Naing Ohn
ဝီထိမုတ်ပိုင်း ၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ကမ္မစတုက္က
ကမ္မဟူသော ပါဠိစကားကို အလုပ်ဟု မြန်မာပြန်ရ၏။ အလုပ်ကို ကမ္မ=ကံဟု ခေါ်၏။ လူသားသည် နေ့စဉ် လက်ခြေစသော ကိုယ်ဖြင့် သွားလာ လုပ်ကိုင်နေ၏။ နှုတ်ဖြင့် ပြောဆိုလုပ်ကိုင်နေ၏။ စိတ်ဖြင့် ကြံစည် တွေးခေါ်နေ၏။ ကိုယ်ဖြင့် လုပ်ရသော အလုပ်ကို ကာယကမ္မ=ကာယကံဟု ခေါ်၏။ နှုတ်ဖြင့် ပြောဆိုလုပ်ကိုင်ရသော အလုပ်ကို ဝစီကမ္မ=ဝစီကံဟု ခေါ်၏။ ထိုကံသည် ကိစ္စနှင့်စပ်၍ လည်းကောင်း၊ အကျိုးပေးလှည့် အစဉ်အားဖြင့် လည်းကောင်း စသည်ဖြင့် (၄) မျိုးစီ ပြား၏။ ထို ကံ (၄)မျိုး အပေါင်းကို ကမ္မစတုက္ကဟု ခေါ်၏။
ကိစ္စနှင့် စပ်သော ကံ(၄)မျိုး
၁။ ဇနကကံ
၂။ ဥပတ္ထမ္ဘကကံ
၃။ ဥပပီဠကကံ
၄။ ဥပဃာတကကံဟု ကိစ္စနှင့်စပ်၍ ကံ (၄) မျိုး ပြား၏။
ဇနကကံ။ ။ ဝိပါက်စိတ်၊ စေတသိက်၊ ကမ္မဇရုပ်၊ ကမ္မပစ္စယဥတုဇရုပ်တို့ကို အကျိုးတရားဟု ခေါ်၏။ ထို အကျိုးတရားတို့ကို ပဋိသန္ဓေအခါ၌ ဖြစ်စေ၊ ပဝတ္တိအခါ၌ဖြစ်စေ၊ အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံကို ဇနကကံဟု ခေါ်၏။
ဥပတ္ထမ္ဘကကံ။ ။ မိမိကိုယ်တိုင် အကျိုးမပေးနိုင်ဘဲ၊ တစ်ပါးသော ကံအကျိုးပေးခွင့်ရအောင်၊ အကျိုးပေးခွင့် ရနေပြန်လျှင်လည်း အကျိုးပေးသန်မာကြီးထွားလာအောင်၊ အကျိုးပေးပြီးသောအခါ၌ လည်း အကျိုးတရားများ ကြာရှည်အောင် သင့်လျော်လျောက်ပတ်စွာ ကူညီထောက်ပံ့တတ်သော ကံကို ဥပတ္ထမ္ဘကကံဟု ခေါ်သည်။
ဥပပီဠကကံ။ ။ တစ်ပါးသောကံကို အကျိုးပေးခွင့်မရအောင်၊ အကျိုးပေးခွင့်ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင်၊ သိမ်ဖျင်းအောင် ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုးမတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံကို ဥပပီဠကကံဟု ခေါ်၏။
ဥပဃာတကကံ။ ။ ကပ်၍ နှိပ်စက်ရုံသာမက တစ်ပါးသော ကံကို လုံးဝ အကျိုးမပေးနိုင်အောင် ပေးပြီးသော အကျိုးများကိုလည်း ပြတ်စဲသွားအောင် သတ်ဖြတ်တတ်သော ကံကို ဥပဃာတကကံဟု ခေါ်၏။
ဤသို့ ဖြစ်စေခြင်းကိစ္စ၊ ထောက်ပံ့ခြင်းကိစ္စ၊ နှိပ်စက်ခြင်း ကိစ္စ၊ သတ်ဖြတ်ခြင်း ကိစ္စ တို့နှင့် စပ်၍ ကံ(၄)မျိုး ပြား၏။
အကျိုးပေးလှည့် အစဉ်အားဖြင့် ကံ(၄)မျိုး
၁။ ဂရုကကံ
၂။ အာသန္နကံ
၃။ အာစိဏ္ဏကံ
၄။ ကဋတ္တာကံ
ဤသို့ အကျိုးပေးလှည့်အစဉ်အားဖြင့် (၄)မျိုး ပြား၏။
ဂရုကကံ။ ။ အခြားကံများက မတားမြစ်နိုင်အောင် ကြီးလေးသော ကံကို ဂရုကကံဟု ခေါ်၏။
ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံနှင့် အကုသိုလ်အရာ၌ ပဉ္စာနန္တရိယကံကို ဂရုကံ အရ ယူရမည်။
အာသန္နကံ။ ။ သေခါနီးအချိန်၌ အောက်မေ့အပ်၊ ပြုလုပ်အပ်သော ကံကို အာသန္နကံဟု ခေါ်၏။
အာစိဏ္ဏကံ။ ။ အမြဲမပြတ် ဝတ်ထား၍ လေ့ကျင့်အပ် တိုးပွားစေအပ်သော ကံကို အာစိဏ္ဏကံဟု ခေါ်၏။
ကဋတ္တာကံ။ .။ ဂရုက၊ အာသန္န၊ အာစိဏ္ဏကံအဖြစ်သို့ မရောက်ဘဲ ယခုဘ၀မှာ အမှတ်တမဲ့ သာမန် ပြုလုပ်အပ်သော ကံများနှင့် ရှေးရှေးဘ၀က ပြုလုပ်ခဲ့သော ကံများကို ကဋတ္တာကံဟု ခေါ်၏။
ပါကဒါနပရိယာယ။ ။ သတ္တဝါတစ်ဦးမှာ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ (၄)မျိုးလုံး ရှိနေပါလျှင် သေလွန်သောအခါ ဂရုကကံက အကျိုးပေးလိမ့်မည်။ ဂရုကကံ မရှိလျှင် အာသန္နကံ အကျိုးပေးလိမ့်မည်။ အာသန္နကံ မရှိပါလျှင် အာစိဏ္ဏကံအကျိုးပေးလိမ့်မည်။ အာစိဏ္ဏကံလည်း မပါရှိလျှင် ကဋတ္တာကံက အကျိုးပေးလိမ့်မည်။
ဤသို့ အကျိုးပေးလှည့် အစဉ်အားဖြင့် ကံ(၄)မျိုး ပြား၏။
အကျိုးပေးရာ ကာလနှင့် စပ်သော ကံ(၄)မျိုး
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ
၂။ ဥပပဇ္ဇဝေဒနီယကံ
၃။ အပရာပရိယဝေဒနီယကံ
၄။ အဟောသိကံ
ဤသို့ အကျိုးပေးရာကာလနှင့် စပ်၍ ကံ(၄)မျိုး ပြား၏။
ဒိဋ္ဌဓမ္မဝေဒနီယကံ။ ။ မျက်မှောက်ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသော ကံကို ဒိဋ္ဌဓမ္မဝေဒနီယဟု ခေါ်၏။
ဥပပဇ္ဇဝေဒနီယကံ။ ။ နောက် ဒုတိယဘဝ၌ အကျိုးပေးသော ကံကို ဥပပဇ္ဇဝေဒနီယကံဟု ခေါ်၏။
အပရာပရိယဝေဒနီယကံ။ ။ တတိယဘဝမှစ၍ နိဗ္ဗာန်မရမီ အတွင်း၌ အကျိုးပေးသော ကံကို အပရာပရိယ ဝေဒနီယကံဟု ခေါ်၏။
အဟောသိကံ။ ။ လုံးဝ အကျိုးမပေးသော ကံကို အဟောသိကံဟု ခေါ်၏။
အကျိုးပေးရာဌာနနှင့် စပ်သော ကံ(၄)မျိုး
၁။ အကုသိုလ်ကံ = ကာမဘုံ၌ အကျိုးပေးသော အကုသိုလ်ကံ
၂။ ကာမာဝစရကုသိုလ်ကံ = ကာမဘုံ၌ အကျိုးပေးသော ကုသိုလ်ကံ
၃။ ရူပါဝစရကုသိုလ်ကံ = ရူပဘုံ၌ အကျိုးပေးသောကံ
၄။ အရူပါဝစရကုသိုလ်ကံ = အရူပဘုံ၌ အကျိုးပေးသာ သမာဓိကံဟု အကျိုးပေးရာဌာနနှင့် စပ်၍ ကံ(၄)မျိုး ပြား၏။
အရှင်အနုရုဒ္ဓါ ဆရာသည် ကမ္မစတုက္ကကို ဤသို့ (၄)မျိုး ခွဲ၍ ပြဆိုထား၏။ သို့သော် ကိစ္စစတုက္က၊ ပါကဒါနပရိယာယစတုက္က ၊ ပါကကာလစတုက္ကတို့သည် သုတ္တန်နည်းများ ဖြစ်၏။ နောက်ဆုံး ပါကဌာန စတုက္က တစ်မျိုးသာ အဘိဓမ္မာနည်း ဖြစ်၏။ ထို့ကြောင့် ရှေ့ စတုက္က (၃)ပါးကို သရုပ်မျှသာ ပြ၍ နောက် ပါကဌာန စတုက္ကကို အကျယ်ပြ၏။
ကမ္မစတုက္ကအပိုင်းကို ဤမျှသာ သိသာရုံဖော်ပြလိုက်ပါသည်။ အသေးစိတ်ကို ဆက်လက်လေ့ကြပါကုန်။
ကိုယ်စိတ်ချမ်းမြေ့စွာနာယူလေ့လာနိုင်ကြပါစေ။
TNO(14.5.2020)
Thein Naing Ohn
ဝီထိမုတ်ပိုင်း ၊ အပိုင်း (၅)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
မရဏုပ္ပတ္တိ စတုက္က
မရဏုပ္ပတ္တိစတုက္က = စုတေခြင်း = မရဏ ၄ - မျိုး ဖြစ်ပုံကို ပြဆိုသောစကားဖြစ်သောကြောင့် မရဏုပ္ပတ္တိစတုက္က - မည်ပါသည်။
= စုတ, ပဋိသန္ဓေတို့၏ အစဉ်ကို ပြဆိုသောစကားရပ်ဖြစ်သောကြောင့် စုတိပဋိသန္ဓိက္ကမ - ဟုလည်း ခေါ်ပါသည်။
မရဏုပ္ပတ္တိစတုက္က (စုတေ = သေခြင်း ၄ - မျိုး)
၁။ အာယုက္ခယ = ပိုင်းခြားအပ်သော သက်တန်းကုန်၍ သေရခြင်း (မီးစာကုန်ခြင်းနှင့်တူ)
၂။ ကမ္မက္ခယ = ပဋိသန္ဓေကံ အစွမ်းကုန်၍ သေရခြင်း (ဆီကုန်ခြင်းနှင့်တူ)
၃။ ဥဘယက္ခယ = သက်တန်၊ ကံစွမ်း ၂ - ပါးလုံးကုန်၍ သေရခြင်း (မီးစာဆီ ၂ ပါး ကုန်ခြင်း)
၄။ ဥပစ္ဆေဒကံ = ကံဆိုးဖြတ်ချွေ၍ လတ်တလော သေရခြင်း (လေတိုက်၍ မီးငြိမ်ခြင်းနှင့်တူ)
၁။ ကံ - အာရုံ = ကုသိုလ်၊ အကုသိုလ်ကံ (ဇနကကံများ)
ကံ - ဟူသည် သေခါနီးကာလဝယ် အခြားမဲ့နောက်ဘဝ၌ ပဋိသန္ဓေအကျိုးပေးခွင့်ရရန် အသင့်ရှေးရှုတည်ရှိနေသော ဇနကကံအမည်ရသည့် ကုသိုလ်, အကုသိုလ်စေတနာသည် “ကံ” မည်ပါသည်။
၂။ ကမ္မနိမိတ်အာရုံ = ကုသိုလ်၊ အကုသိုလ်ကံပြုခဲ့စဉ်က တွေ့ကြုံခဲ့ရသော အာရုံများ၊ ကုသိုလ်များ၊ ကုသိုလ် အရာ၌ ကျောင်းဆောက်ခြင်း လှူဒါန်းခြင်းများ၊ အကုသိုလ်အရာ၌ သတ်ခြင်း၊ ခိုးခြင်းများ ပြန်၍ မြင်ခြင်း စသည့်အာရုံများ။
ကမ္မနိမိတ် - ဟူသည် ထိုကံကို ပြုစဉ်အခါက ကြုံတွေ့ခဲ့ရသမျှ ရူပါရုံစသောအာရုံတို့သည် “ကမ္မနိမိတ်” မည်ပါသည်။ ထိုကမ္မနိမိတ်သည် ၂ - မျိုး ရှိ၏။
(၁) ဥပလဒ္ဓကမ္မနိမိတ် = ကံပြုစဉ်က တိုက်ရိုက်၇အပ်သော ပဓာန အာရုံ၊
(၂) ဥပကရဏကမ္မနိမိတ် = အခြံအရံအာရုံများ (ကံပြီးမြောက်ရန် အထောက်အပံ့, အခြံအရံဖြစ်သော အပဓာန - အာရုံ၊
(ဥပမာ)
ကျောင်းဆောက်လှူဒါန်းရာ၌ ကျောင်းသည် ပဓာနအာရုံ ဥပလဒ္ဓကမ္မနိမိတ် မည်၏။
အလှူခံသံဃာတော်များ, ဆွမ်း, သင်္ကန်း စသည်များ၊ ပန်း၊ ထီး၊ တံခွန်များ လာရောက်ကြသော ဧည့်ပရိတ်သတ်များ စသော အခြံအရံအာရုံများသည် အပဓာနအာရုံများ ဖြစ်သဖြင့် ဥပကရဏ ကမ္မနိမိတ် မည်၏။
၃။ ဂတိနိမိတ် = သေပြီးလားရမည့်ဂတိ(ဘဝ)နှင့် တွေ့ကြုံခံစားရမည့် အမိဝမ်းရေ၊ နတ်သမီး - ဘုံဗိမာန်၊ ပဒေသာပင် တို့သည်လည်းကောင်း၊ ငရဲအိုး၊ ငရဲမီးလျှံ၊ ခွေးနက်ကြီး စသည်တို့သည် လည်းကောင်း၊ ဂတိနိမိတ်အာရုံများ ဖြစ်သည်။
ဂတိနိမိတ် - ဟူသည် စုတေပြီးနောက် လားရောက်ရမည့်ဘဝ၌ တွေ့ကြုံရမည့် အာရုံများသည် “ဂတိနိမိတ်” မည်ပါသည်။ ထိုဂတိနိမိတ်သည်လည်း ၂ - မျိုး ရှိ၏။
(၁) ဥပလဘိတဗ္ဗ = တိုက်ရိုက်ရထိုက်သော အရပ်၊ တိုက်ရိုက်ရောက်အပ်သောဘုံဘဝ၊
(၂) ဥပဘောဂ ဂတိနိမိတ် = ထိုဘုံဘဝ၌ တွေ့ကြုံခံစားရမည့် အတွင်းအပ အသုံးအဆောင်များ။
(ဥပမာ)
- မနုဿဂတိသို့ လားရောက်ရမည်ဆိုလျှင် ကမ္ဗလာနီအဆင်းရှိသော အမိ၏ဝမ်းရေသည် ဥပလဘိတဗ္ဗ၊အခြားလူ့ဘဝနှင့် သက်ဆိုင်ရာအာရုံများသည် ဥပဘောဂ - မည်၏။
- နိရယဂတိသို့လားရောက်ရမည်ဆိုလျှင် ငရဲဘုံသည် ဥပလဘိတဗ္ဗ၊ ခွေး, လင်းတ, ငရဲမီး, ငရဲအိုး, ငရဲထိန်း စသည်တို့သည် ဥပဘောဂ - မည်၏။
- တိရစ္ဆာနဂတိသို့ လားရောက်ရမည်ဆိုလျှင် တော,တောင်စသော အရပ်ဒေသများသည် ဥပလဘိတဗ္ဗ၊ ချုံနွယ်ပိတ်ပေါင်းစသည်တို့သည် ဥပဘောဂ - မည်၏။
- ဒေဝဂတိသို့ လားရောက်ရမည်ဆိုလျှင် နတ်ဘုံ,နတ်ဗိမာန်တို့သည် ဥပလဘိတဗ္ဗ၊ နတ်သမီး,နတ်သား,ဥယျာဉ်,ပဒေသာပင် စသည်တို့သည် ဥပဘောဂ - မည်၏။
သေခါနီးစိတ်အစဉ် ဖြစ်ပုံ
သေခါနီး (မရဏာသန္န) အခါ၌ ကုသိုလ်ကံအကျိုးပေးမည့်သူအား ကောင်းသော အာရုံဝတ္ထုများ၊ အကုသိုလ်ကံ အကျိုးပေးမည့်သူအား မကောင်းသောအာရုံဝတ္ထုနိမိတ်များသည် ယခုလတ်တလော ပြုနေရသကဲ့သို့ အာရုံ၌ ထင်လာ၏။
ထိုနိမိတ်တို့သည် နောက်ဘဝကို ဖြစ်စေသည့်ကံ၏ စွမ်းအားကြောင့် စုတေသူ၏ မျက်စိ၊ နား၊ နှာ စသော ဒွါရခြောက်ပါးတို့တွင် တစ်ပါးပါးသော ဒွါရ၌ ရှေးရှုထင်လာ၏။
ထိုကဲ့သို့ နိမိတ်ထင်လာသောအခါ ထိုထင်လာသော နိမိတ်ကို အာရုံပြု၍ နောက်ဘဝ၌ အကျိုးပေးတော့မည့် ကံအားလျော်စွာ (ကုသိုလ် အကျိုးပေးမည်ဆိုလျှင်) သန့်ရှင်းသော, (အကုသိုလ်အကျိုးပေးမည်ဆိုလျှင်) ညစ်နွမ်းသော စိတ်အစဉ်သည် ကူးပြောင်း ဖြစ်ရမည့် ဘဝအားလျော်စွာ ထိုဘဝသို့ ညွတ်လျက် (စိတ်ညွှတ်လျက်) မပြတ်ဖြစ်လေ၏။
နောက်ဘဝ၌ ပဋိသန္ဓေကို ဖြစ်စေမည့် ထိုကံသည်ပင် အသစ်ဖြစ်လာဘိသကဲ့သို့ ထင်လာပြီး မနောဒွါရ၏ အာရုံအဖြစ်သို့ ရောက်ပေ၏။
သေဆုံးပုံ
စုတေဖို့ရန် အလွန်နီးကပ်လာသော သတ္တဝါ၏ စိတ်အစဉ်၌ (မရဏာသန္နဝီထိ၌) ဝီထိစိတ်၏ အဆုံး၌ဖြစ်စေ၊ ဘဝင်စိတ်အကုန်၌ဖြစ်စေ၊ လက်ရှိ ပစ္စုပ္ပန်ဘဝ၏ အဆုံးသတ်ဖြစ်သော စုတိစိတ်ကလေး ဖြစ်ပေါ်လာပြီး ချုပ်ပျက်သွား၏။ (သေ၏ - ဟူလို) ဤဘဝမှ ရွေ့လျောသည့်သဘော ဖြစ်၍ ယင်းစိတ်ကို စုတိစိတ်ဟု ခေါ်၏။
ဘဝကူးပုံ
ထိုစုတိစိတ်ကလေး အဆုံးသတ် ချုပ်သွားသည်ရှိသော် ထိုစုတိစိတ် ချုပ်ပြီးသည်၏အခြားမဲ့၌သာလျှင် (ကြားမရှိဘဲ) သေခါနီးမရဏာသန္နဇောက အာရုံပြုခဲ့သော နိမိတ်အာရုံကို အာရုံပြုလျက် ပဋိသန္ဓေစိတ်ကလေးသည် ဘဝသစ်၌ ဖြစ်ပေါ်လာ၏။ ဘဝတစ်ပါး၌ သန္ဓေတည်၏။ ဤစိတ်ကလေးသည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးလိုက်သည့်သဘော ဖြစ်၍ ပဋိသန္ဓေ(ပဋိသန္ဓေ)ဟု ခေါ်ရပေသည်။
ပဋိသန္ဓေစိတ်သည် စ၍ ဥပါဒ်လျှင် ဥပါဒ်ခြင်းသာလျှင် (ဖြစ်ဆဲဖြစ်၍သာလျှင်) ဘဝသစ်၌တည်၏။ (ဤစကားရပ်ဖြင့် ‘လောက်လန်းသဖွယ် ဝိညာဏ်တွယ်’ ဟူသော စကား မမှန်ကြောင်း ပြပါသည်။
ထိုပဋိသန္ဓေစိတ်ကလေးကို ထိုသူပြုခဲ့သော ကုသိုလ်ကံ(သို့မဟုတ်) အကုသိုလ်ကံက ဖြစ်ပေါ်လာစေခြင်း ဖြစ်၏။ ထိုပဋိသန္ဓေစိတ်ကလေးကို ဖြစ်ပေါ်စေသောကံသည် အဝိဇ္ဇာတည်းဟူသော အနုသယဖြင့် ခြံရ့၏။ တဏှာတည်းဟူသော အနုသယ - က အရင်းခံ၏။
ထိုပဋိသန္ဓေစိတ်ကလေးမှာ ယှဉ်ဖက်(စေတသိက်)များ ခြံရံပါရှိ၏။ မိမိနှင့်အတူဖြစ်သော တရားတို့၏ တည်ရာဖြစ်၏။ ရှေ့သွားခေါင်းဆောင်လည်း ဖြစ်၏။
(ဘဝဟောင်း၌ စုတိစိတ်ကျပြီး ကံကြောင့် ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်လာ၏။ ထိုစိတ်ကလေးသည် ဘဝသစ်၌ အစဦးစွာ ဖြစ်သောကြောင့် ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ပေးလိုက်သည့်သဘော ဖြစ်၍ ပဋိသန္ဓေစိတ်ဟု ခေါ်ပေသည်။)
ပဋိသန္ဓေစိတ် = ဘဝဟောင်းက စုတေ(သေ)ပြီး၊ အခြားမဲ့၌ ကာမခြားဘဲ ဘဝသစ် ပဋိသန္ဓေစိတ် ဖြစ်၏။
ပဋိသန္ဓေစိတ်သည်၊ ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသောစိတ် ဖြစ်သည်။
(မှတ်ချက်။ ။ စုတိနှင့် ပဋိသန္ဓေ တွဲစပ်ပုံ ဆရာတော်ဟောတာကိုပဲ သေချာနာယူပါ။)
ဘဝင်စိတ်နှင့် စုတိစိတ် ဖြစ်ပုံ
သတ္တဝါတို့၏ ဘဝသစ်ဝိညာဏ်စိတ်သည် ပဋိသန္ဓေကိစ္စတပ်လျက် “ပဋိသန္ဓေစိတ်” ဟူ၍ ဖြစ်ပေါ်လာပြီး ချုပ်ပျောက်သွား၏။ ထိုအချိန်မှ စ၍ ဝီထိစိတ်တို့ မဖြစ်ခဲ့သော် ထိုဝိညာဏ်စိတ်သည်ပင် ဘဝင်ကိစ္စတပ်လျက် “ဘဝင်စိတ်” ဟူ၍ ဖြစ်ပေါ်လာ၏။
ထိုသို့ဖြစ်ရာ၌လည်း ပဋိသန္ဓေစိတ်က အာရုံပြုခဲ့သော မူလအာရုံနိမိတ်ကိုပင် ဆက်လက် အာရုံပြု၍ မူလပဋိသန္ဓေစိတ်နှင့်တူသော စိတ်သည် (မြစ်ရေအလျဉ်ကဲ့သို့) မပြတ်ဖြစ်လေ၏။ ထိုစိတ်ကို ဘဝ၏အကြောင်းဖြစ်သောကြောင့် ဘဝင်စိတ်ဟု ခေါ်၏။
ဘဝအဆုံး၌လည်း ထိုစိတ်သည်ပငိ လက်ရှိပစ္စုပ္ပန်ဘဝမှ ရွေ့လျောသည်၏ အစွမ်းဖြင့် စုတိစိတ်ဖြစ်၍ ချုပ်လေ၏။
သံသရာစက်လည်ပုံ ပြတ်ပုံ
တစ်ဘဝတွင် နောက်ဆုံးစုတိစိတ်ချုပ်ပြီးနောက် ဘဝသစ်တစ်ခု၌ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ ဝီထိစိတ်၊ စုတိစိတ်တို့ဖြစ်၍ ထိုဘဝတစ်ခုပြီးဆုံးသွား၏။ တစ်ဖန် အခြားဘဝတစ်ခု၌လည်း ထို့အတူ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ ဝီထိစိတ်၊ စုတိစိတ်တို့ဖြစ်၍ ထိုဘဝလည်း ပြီးဆုံးသွားပြန်၏။
ဤနည်းဖြင့် ပဋိသန္ဓေ, ဘဝင်, ဝီထိ, စုတိ - ဟူသော နာမ်သန္တတိ စိတ်အစဉ်သည် (ရထားလှည်းဘီးလည်သကဲ့သို့) ရဟန္တာမဖြစ်မချင်း အဆက်မပြတ် အစဉ်အတိုင်း ဆက်ကာဆက်ကာ ခြာခြာရစ်ပတ် မပြတ်ဖြစ်လေ၏။
တိဟိတ်ပုဂ္ဂိုလ်တို့သည် ကြာမြင့်စွာပင် သီလကို ဖြူစင်စေခြင်း၊ ဓုတင်ဆောင်ခြင်း၊ သမာဓိ ဘာဝနာ ပွားများခြင်းဖြင့် ကောင်းစွာကျင့်ကြံလျက် စိတ်, စေတသိက်တို့၏ အမြဲမရှိ အနိစ္စပါတကားဟု ဝိပဿနာဉာဏ်ပညာဖြင့် ထင်လင်းစွာ သိမြင်ကြသည်ရှိသော် စုတေရွေ့လျော သေရခြင်းသဘော မရှိသော နိဗ္ဗာန်ကို မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် အမှန်သိပေ၏။
ယင်းသို့သိခြင်းကြောင့် တဏှာတည်းဟူသော အစေးအဖွဲ့ကို ဖြတ်တောက်နိုင်ကြ၍ သင်္ခါရတရားတို့၏ အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်ထုတ်ခြောက် ရောက်ကြရပေကုန်လတ္တံ့။
ဝီထိမုတ်ပိုင်းပြီးပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(15.5.2020)
Thein Naing Ohn
ရုပ်ပိုင်း ၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ရုပ်ပိုင်း
အနုသန္ဓေ နှင့် ပဋိညာဉ်
စိတ်, စေတသိက် နာမ်တရားတို့ကို ဥဒ္ဒေသ၊ နိဒ္ဒေသ၊ ပဋိနိဒ္ဒေသ၊ ပဝတ္တိ၊ ပဋိသန္ဓေ - ဟူသော ပရိစ္ဆေဒ ၅ ပါးတို့ဖြင့် အကျယ်ပြဆိုခဲ့ပြီးဖြစ်၍ ယခုအခါ ရုပ်တရားကို ဖွင့်ဆိုပြမည်ဖြစ်ပါသည်။
ပရိစ္ဆေဒ ၅ ပါး
(၁) ဥဒ္ဒေသ = စိတ်,စေတသိက် ဟုအမည်မျှ အကျဉ်းချုပ်ပြခြင်း၊
(၂) နိဒ္ဒေသ = စိတ်ပိုင်းဖြင့် စိတ် ၈၉ ပါး၊ စေတသိက်ပိုင်းဖြင့် စေတသိက် ၅၂ ပါး နှင့် စိတ်,စေတသိက် ယှဉ်ပုံတို့ကို အကျယ်ဝေဖန်ပြခြင်း၊
(၃) ပဋိနိဒ္ဒေသ = ပကိဏ်းပိုင်းဖြင့် စိတ်,စေတသိက်နှစ်မျိုးလုံးူကို သင်္ဂဟ ၆ ပါးဖြင့် တစ်ဖန်ထပ်၍ အကျယ်ဝေဖန်ပြခြင်း၊
(၄) ပဝတ္တိ = ဝီထိပိုင်းဖြင့် ပဝတ္တိအခါ၌ ဝီထိစိတ်တို့၏ ဖြစ်ပုံကို ပြဆိုခြင်း၊
(၅) ပဋိသန္ဓေ = ဝီထိမုတ်ပိုင်းဖြင့် ပဋိသန္ဓေအခါ၌ ဝီထိမုတ်စိတ်တို့၏ ဖြစ်ပုံကို ပြဆိုခြင်း၊
မာတိကာ ၅ ပါး
၁။ ရူပသမုဒ္ဒေသ = ရုပ်တို့ကို အကျဉ်းချုပ်ပြခြင်း၊
၂။ ရူပဝိဘာဂ = ရုပ်တို့ကို အကျယ်ဝေဖန်ခြင်း၊
၃။ ရူပသမုဋ္ဌာန = ရုပ်တို့၏ဖြစ်ကြောင်း၊
၄။ ရူပကလာပ = ရုပ်တို့ကို ကလာပ်ဖွဲ့စည်းခြင်း၊
၅။ ရူပပဝတ္တိက္ကမ = ရုပ်တို့၏ဖြစ်စဉ်
ရူပသမုဒ္ဒေသ (ရုပ်ကို အကျဉ်းထုတ်ပြခြင်း)
“စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ” ဟူသော စကားရပ်ကိုထောက်၍ အခြေခံအားဖြင့် ရုပ်သည် မဟာဘုတ်၊ ဥပါဒါရုပ်ဟု နှစ်မျိုးပြားပါသည်။
ရုပ် ၂၈ ပါး
( မဟာဘုတ် ၄ ပါး ) + ( ဥပါဒါရုပ် ၂၄ ပါး ) = ပေါင်း ၂၈ ပါး
မဟာဘူတ။ ။ ကြီးကျယ်ထင်ရှားသော ရုပ်ကို မဟာဘုတ်ဟုခေါ်၏။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ရုပ်များသည် အခြား ရုပ်များထက် အထည်ကိုယ်ဒြပ်အားဖြင့်လည်း ကြီးကျယ်၏။ သဘာဝလက္ခဏာအားဖြင့်လည်း ထင်ရှား၏။ ထို့ကြောင့် မဟာဘုတ်ဟူသော အမည်ကို ရရှိ၏။
ဥပါဒါ။ ။ “စတုန္နံ မဟာဘူတာနံ ဥပါဒါယရူပံ” ဟူသော စကားကို ထောက်၍ မဟာဘုတ် ၄ ပါးကို မှီ၍ဖြစ်သော ရုပ်ကို ဥပါဒါရုပ်ဟု ခေါ်၏။ ဥပါဒါရုပ်သည် မဟာဘုတ်ကို ခြယ်လှယ် အမွှမ်းတင်သော ရုပ်များဖြစ်၏။
ရုပ်တရားများ စတင်ဖွဲ့စည်း ဖြစ်ပေါ်ရာ၌ ရုပ်ဒြပ်ဝတ္ထု တစ်ခု ဖြစ်အောင် မဟာဘုတ်များက စတင်ဖွဲ့စည်းဖြစ်ပေါ်ပြီးမှ ထိုမဟာဘုတ်တို့ကိုမှီ၍ ဥပါဒါရုပ်များ ဖြစ်ပေါ်ကြ၏။
မှတ်ချက်။ ။ မဟာဘုတ်ကိုမှီ၍ မဟာဘုတ်ကို ချယ်လှယ်သော ဥပါဒါရုပ်နှင့် စိတ်မှာမှီလျက် စိတ်ကို ချယ်လှယ်သော စေတသိက် တရားတို့ကို သတိပြုပါ။
မဟာဘုတ်လေးပါး
===============
၁။ ပထဝီဓာတ် = ခက်မာခြင်း, နူးညံ့ခြင်းသဘော။
၂။ အာပေါဓာတ် = ဖွဲ့စည်းခြင်း, ယိုစီးခြင်းသဘော။
၃။ တေဇောဓာတ် = ပူခြင်း,အေးခြင်းသဘော။
၄။ ဝါယောဓာတ် = ထောက်ကန်ခြင်း, တွန်းတင်လှုပ်ရှားခြင်းသဘော။
ပသာဒရုပ် ၅ ပါး
=============
စက္ခုပသာဒ = မျက်စိအကြည်ရုပ်
သောတပသာဒ = နားအကြည်ရုပ်
ဃာနပသာဒ = နှာခေါင်းအကြည်ရုပ်
ဇိဝှါပသာဒ = လျှာအကြည်ရုပ်
ကာယပသာဒ = ကိုယ်အကြည်ရုပ်
ဂေါစရရုပ် (၇) ပါး
==============
ရူပါရုံ = အဆင်းအရောင်အမျိုးမျိုး
သဒ္ဒါရုံ = အသံအမျိုးမျိုး
ဂန္ဓာရုံ = အနံ့အမျိုးမျိုး
ပထဝီ, တေဇော, ဝါယော ဟူသော ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိ အမျိုးမျိုး။
ဘာဝရုပ် (၂) ပါး
=============
ဣတ္ထိဘာဝရုပ် = အမ သဘာဝကိုဖြစ်စေသောရုပ်
ပုရိသဘာဝရုပ် = အဖို သဘာဝကို ဖြစ်စေသောရုပ်
++++++++++++
ဟဒယဝတ္ထု = စိတ်၏ မှီရာ နှလုံးအကြည်ရုပ်
ဇီဝိတိန္ဒြေရုပ် = ကံကြောင့် ဖြစ်သောရုပ်တို့ကို စောင့်ရှောက် အစိုးရသောရုပ်
အာဟာရရုပ် = စားသောက်ဖွယ်တို့၌ပါသော အဆီအစေးဩဇာရုပ်
+++++++++++++
ပရိစ္ဆေဒရုပ်။ ။ ရုပ်ကလာပ်တို့ကို ပိုင်းခြားပေးတတ်သော အာကာသဓာတ်ကို ပရိစ္ဆေဒရုပ်ဟု ခေါ်သည်။
++++++++++++
ဝိညတ်ရုပ် ၂ ပါး
ကာယဝိညတ် = မိမိဆန္ဒကို သူတစ်ပါးအား သိစေတတ်သော ကိုယ်အမူအရာ
ဝစီဝိညတ် = မိမိဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမူအရာ
+++++++++++
ဝိကာရရုပ် (၅) ပါး
လဟုတာ = ရုပ်တို့၏ ပေါ့ပါးခြင်းသဘော။
မုဒုတာ = ရုပ်တို့၏ နူးညံ့ခြင်းသဘော။
ကမ္မညတာ = ရုပ်တို့ခန့်ကျန်းခြင်းသဘော။
ကာယဝိညတ်, ဝစီဝိညတ် တို့ဖြစ်သည်။
+++++++++++++
လက္ခဏရုပ် (၄) ပါး
ဥပစယ = ရုပ်တို့၏ အစဖြစ်ခြင်းသဘော။
သန္တတိ = ရုပ်တို့၏ အစဉ်မပြတ်ဖြစ်ခြင်းသဘော။
ဇရတာ = ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။
အနိစ္စတာ = ရုပ်တို့၏ ပျက်စီးခြင်းသဘော။
ဤလေးပါးကို လက္ခဏရုပ်ဟု ခေါ်သည်။
++++++++++++++++++
နိပ္ဖန္နရုပ် ၁၈ ပါး
===========
မဟာဘုတ် (၄) ပါး၊ ပသာဒရုပ် (၅) ပါး၊ ဂေါစရရုပ် (၇) ပါး၊ ဘာဝရုပ် (၂) ပါး၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ဂေါစရရုပ်၌ ပါဝင်ပြီး ဓာတ်သုံးပါးတို့ကို သဘောတူရာ ပေါင်းလျှင် ၁၈ - ပါး ဖြစ်သည်။
++++++++++++++
အနိပ္ဖန္နရုပ် ၁၀ ပါး
ပရိစ္ဆေဒရုပ် ၁ ပါး၊ ဝိညတ်ရုပ် ၂ ပါး၊ လဟုတာရုပ် ၁ ပါး၊ မုဒုတာရုပ် ၁ ပါး၊ ကမ္မညတာရုပ် ၁ ပါး၊ လက္ခဏရုပ် ၄ ပါး၊ ပေါင်း အနိပ္ဖန္နရုပ် (၁၀) ပါး ဖြစ်သည်။
++++++++++++++
ရုပ်ပိုင်း၊ အပိုင်း(၁) ကို ဒီလောက်ပဲကျက်မှတ်ပူဇော်ထားကြပါ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(16.5.2020)
Thein Naing Ohn
ရုပ်ပိုင်း ၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
++++++++++++++
ရူပဝိဘာဂ (ရုပ်တို့ကို ဝေဖန်ဆန်းစစ်ခြင်း)
၁။ ရုပ်သည် အလောဘ စသော ဟိတ်မရှိသောကြောင့် အဟေတုက မည်၏။
၂။ ကံ, စိတ်, ဥတု, အာဟာရ တည်းဟူသော အကြောင်းတရား ၄ ပါးတို့နှင့်တကွ ဖြစ်သောကြောင့် သပစ္စယ လည်းမည်၏။
၃။ အာသဝေါတရား ၄ ပါးတို့၏ အာရုံဖြစ်သောကြောင့် သာသဝ လည်းမည်၏။
၄။ ကံ, စိတ်, ဥတု, အာဟာရ အကြောင်းတရား ၄ ပါးတို့သည် ပြုပြင်စီရင်အပ်သောကြောင့် သင်္ခတ လည်းမည်၏။
၅။ ဥပါဒါန်၏ အာရုံဖြစ်သော သင်္ခါရလောက၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့် လောကိယ လည်းမည်၏။
၆။ ကာမတဏှာ၏ ကျက်စားရာဖြစ်သောကြောင့် ကာမာဝစရ လည်မည်၏။
၇။ နာမ်တရားတို့ကဲ့သို့ တစ်စုံတစ်ခုသော အာရုံကို မယူတတ်သောကြောင့် အနာရမ္မဏလည်း မည်၏။
၈။ တဒင်္ဂ ပဟာန်, ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်တို့၏ အစွမ်းဖြင့် မပယ်အပ်သည်၏ အဖြစ်ကြောင့် အပ္ပဟာတဗ္ဗလည်း မည်၏။
ပယ်ခြင်း သုံးမျိုး
တဒင်္ဂပဟာန် = အကုသိုလ် အနုသယတရားတို့ကို ကာမာဝစရကုသိုလ်ဖြင့် ခေတ္တခဏမျှသာ ပယ်သတ်ခြင်း။
ဝိက္ခမ္ဘနပဟာန် = အကုသိုလ် အနုသယတရားတို့ကို ဈာန်ကုသိုလ်ဖြင့် ခပ်ကြာကြာ ဈာန်မလျောသမျှ ပယ်သတ်ထားနိုင်ခြင်း။
သမုစ္ဆေဒပဟာန် = အကုသိုလ် အနုသယတရားတို့ကို မဂ်ကုသိုလ်ဖြင့် အပြီးအပြတ် ပယ်သတ်လိုက်ခြင်း။
++++++++++++++++++++++++
ရုပ်ကို ၂ ပါးစုအားဖြင့် ဝေဖန်ခြင်း
အဇ္ဈတ္တိက ဗာဟိရရုပ်
ပသာဒရဒပ် ၅ ပါးသည် အဇ္ဈတ္တိကရုပ် မည်၏။
ကြွင်းသော ၂၃ ပါးသော ရုပ်သည် ဗာဟိရရုပ် မည်၏။
အဇ္ဈတ္တိက ဗာဟိရ။ ။ ခန္ဓာကိုယ်အား ကျေးဇူးအများဆုံး ဖြစ်သောကြောင့် ပသာဒရုပ် ၅ ပါးကို အဇ္ဈတ္တိက (အတွင်း) ရုပ်ဟုခေါ်၏။ အဇ္ဈတ္တိကရုပ်လောက် ကျေးဇူးမများသောကြောင့် ကြွင်းသော ရုပ် ၂၃ ပါးကို ဗာဟိရ (အပြင်) ရုပ်ဟု ခေါ်၏။
အတွင်း၊ အပြင်ဆိုရာ၌ ခန္ဓာကိုယ်၏ အတွင်းအပြင် မဟုတ်၊ ခန္ဓာကိုယ်၌ အတူဖြစ်ကြသော်လည်း ခန္ဓာကိုယ်အား ကျေးဇူးအများဆုံး ရုပ်ကို ရည်ရွယ်၍ အတွင်းရုပ်ဟု ခေါ်ခြင်းသာ ဖြစ်၏။ ပသာဒရုပ် ၅ ပါးလောက် ကျေးဇူးမများသည်ကို ရည်ရွယ်၍ အပြင်ရုပ်ဟု ခေါ်ခြင်းသာ ဖြစ်၏။
+++++++++++++++
ဝတ္ထုရုပ်၊ အဝတ္ထုရုပ်
ပသာဒရုပ် ၅ ပါး၊ ဟဒယရုပ် ၁ ပါး၊ ပေါင်း ၆ ပါးသော ရုပ်သည် ဝတ္ထုရုပ် မည်၏။
ကြွင်းသော ၂၂ ပါးသော ရုပ်သည် အဝတ္ထုရုပ် မည်၏။
ဝတ္ထု အဝတ္ထု။ ။ စိတ်၊ စေတသိက်တို့၏ မှီရာဖြစ်သောကြောင့် စက္ခုစသည်တို့ကို ဝတ္ထုရုပ်ဟု ခေါ်၏။ စိတ်၊ စေတသိက်တို့၏ မှီရာ မဟုတ်သောကြောင့် ကြွင်းသောရုပ် ၂၂ ပါးကို အဝတ္ထုရုပ်ဟု ခေါ်၏။
+++++++++++++++
ဒွါရရုပ်၊ အဒွါရရုပ်
ပသာဒရုပ် ၅ ပါး၊ ဝိညတ်ရုပ် ၂ ပါး၊ ပေါင်း ၇ ပါးသော ရုပ်သည် ဒွါရရုပ် မည်၏။
ကြွင်းသော ၂၁ ပါးသည် အဒွါရရုပ် မည်၏။
ဒွါရ။ ။ ဝီထိစိတ်၏ဖြစ်ကြောင်း ကာယကံ၊ ဝစီကံ၏ အထမြောက်ကြောင်း ဖြစ်သော စက္ခု စသော ရုပ် ၇ ပါးကို ဒွါရရုပ်ဟု ခေါ်၏။ ထိုတွင် -
၁။ ပသာဒရုပ် ၅ ပါးသည် ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သည်။ ထို့ကြောင့် ဥပ္ပတ္တိဒွါရဟု ခေါ်၏။
၂။ ဝိညတ်ဒွေသည် ကာယကံ၊ ဝစီကံတို့၏ ထမြောက်အောင်မြင်ကြောင်း ဖြစ်သည်။ ထို့ကြောင့် ကမ္မဒွါရဟု ခေါ်၏။
အဒွါရ။ ။ ဝီထိစိတ်တို့၏ ဖြစ်ကြောင်း၊ ကာယကံ၊ ဝစီကံတို့၏ ထမြောက်ကြောင်း မဟုတ်သောကြောင့် ကြွင်းသော ရုပ် ၂၁ ပါးကို အဒွါရရုပ်ဟု ခေါ်၏။
+++++++++++++++++
ဣန္ဒြိယရုပ် ၈ ပါး
( ပသာဒရုပ် ၅ ပါး ) + ( ဘာဝရုပ် ၂ ပါး ) + ( ဇီဝိတရုပ် ၁ ပါး ) = ပေါင်း ဣန္ဒြိယရုပ် = ၈ ပါး
ဣန္ဒြိယရုပ် ၈ ပါးမှ ကြွင်းသော၊ ၂၀ သော ရုပ်တို့သည် အနိန္ဒြိယရုပ် မည်၏။
ဣန္ဒြိယ - အနိန္ဒြိယ ။ ။ မြင်ခြင်း အစရှိသော မိမိတို့၏ ဆိုင်ရာကိစ္စ၌ အစိုးရသောကြောင့် စက္ခု စသော ရုပ် ၈ ပါးကို ဣန္ဒြိယရုပ်ဟု ခေါ်၏။ ထိုသို့ အစိုးရခြင်း မရှိသောကြောင့် ကြွင်းသောရုပ် ၂၀ ပါးကို အနိန္ဒြိယရုပ်ဟု ခေါ်၏။
++++++++++++++++++++++++++
ဩဠာရိကရုပ်၊ သုခုမရုပ်
ပသာဒရုပ် ၅ ပါး၊ ဝိသယရုပ် ၇ ပါး၊ ပေါင်း ၁၂ ပါးသော ရုပ်သည် ဩဠာရိကရုပ် မည်၏။ သန္တိကေရုပ်လည်း မည်၏။ သပ္ပဋိဃရုပ်လည်း မည်၏။
ကြွင်းသောရုပ် ၁၆ ပါးသည် သုခုမရုပ်လည်း မည်၏။ ဒူရေရုပ်လည်း မည်၏။ အပ္ပဋိဃရုပ်လည်း မည်၏။
ဩဠာရိက ။ ။ ဉာဏ်စက္ခုဖြင့် ကြည့်ရှုသောအခါ ပေါ်လွင်ထင်ရှားသော ရုပ် ၁၂ ပါးကို ဩဠာရိကရုပ်ဟု ခေါ်၏။
သုခုမ ။ ။ ဉာဏ်စက္ခုဖြင့် ကြည့်ရှုသောအခါ ပေါ်လွင်ထင်ရှားစွာ မသိရသော ရုပ် ၁၆ ပါးကို သုခုမရုပ်ဟု ခေါ်၏။
သန္တိကေ ။ ။ သိလွယ်သောကြောင့် ဩဠာရိကရုပ် ၁၂ ပါးကို သန္တိကေရုပ်ဟု ခေါ်၏။
ဒူရေ ။ ။ သိဖို့ရန် မလွယ်ကူသောကြောင့် သုခုမရုပ်ကို ဒူရေရုပ်ဟု ခေါ်၏။
သပ္ပဋိဃ ။ ။ ဓာတ်သဘာဝအလိုက် ထိခိုက်တတ်သောကြောင့် ဩဠာရိကရုပ် ၁၂ ပါးကို သပ္ပဋိဃရုပ်ဟု ခေါ်၏။
အပ္ပဋိဃ ။ ။ ဓာတ်သဘာဝအလိုက် မထိခိုက်တတ်သောကြောင့် သုခုမရုပ် ၁၆ ပါးကို အပ္ပဋိဃရုပ်ဟု ခေါ်၏။
မှတ်ချက်။ ။ ညဝါဆိုရာ၌ ဩဠာရိကရုပ်၊ သုခုမရုပ်သည် အရေးပါလှ၏။ ထို့ကြောင့် ထိုရုပ်နှစ်မျိုးကို သွက်သွက်လက်လက် ရရှိထားဖို့ လိုအပ်ပါသည်။ သုခုမရုပ်ကို အောက်ပါအတိုင်း ကျက်မှတ်ထားပါ။
သုခုမရုပ် ၁၆ ပါး
အာပေါ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ။
++++++++++++++++++++++
ဥပါဒိန္နရုပ်၊ အနုပါဒိန္နရုပ်
ကမ္မဇရုပ်သည် ဥပါဒိန္နမည်၏။ ကြွင်းသော တိဇရုပ်သည် အနုပါဒိန္န မည်၏။
ဥပါဒိန္န ။ ။ ကံအကျိုးဖြစ်သော ရုပ်ကို ဥပါဒိန္နရုပ်ဟု ခေါ်၏။
အနုပါဒိန္န ။ ။ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်း သုံးပါးကြောင့် ဖြစ်သော (တိဇ)ရုပ်ကို အနုပါဒိန္နရုပ်ဟုခေါ်၏။
++++++++++++++++++++++
သနိဒဿနရုပ်၊ အနိဒဿနရုပ်
ရူပါရုံသည် သနိဒဿနရုပ် မည်၏။ ကြွင်းသောရုပ် ၂၇ ပါးသည် အနိဒဿနရုပ် မည်၏။
သနိဒဿန ။ ။ စက္ခုဝိညာဏ်ဖြင့် မြင်ကောင်းသောရုပ်ကို သနိဒဿနရုပ်ဟု ခေါ်၏။
အနိဒဿန ။ ။ စက္ခုဝိညာဏ်ဖြင့် မမြင်ကောင်းသောရုပ်ကို၊ အနိဒဿန ရုပ်ဟု ခေါ်၏။
++++++++++++++++++++++
ဂေါစရဂ္ဂါဟကရုပ်၊ အဂေါစရဂ္ဂါဟကရုပ်
(သမ္ပတ္တဂ္ဂါဟက မည်သော စက္ခုသောတ ၂ ပါး) + (အသမ္ပတ္တဂ္ဂါဟက မည်သော ဃာန၊ ဇိဝှါ၊ ကာယ ၃ ပါး) = ပေါင်း ၅ ပါး
ဤပသာဒရုပ် ၅ ပါးသည် ဂေါစရဂ္ဂါဟကရုပ် မည်၏။ ကြွင်းသော ရုပ် ၂၃ ပါးသည် အဂေါစရဂ္ဂါဟကရုပ် မည်၏။
ဂေါစရဂ္ဂါဟက ။ ။ အာရုံကို ယူတတ်သောကြောင့် ပသာဒရုပ် ၅ ပါးကို ဂေါစရဂ္ဂါဟကရုပ်ဟု ခေါ်၏။
မှတ်ချက်။ ။ ဤပသာဒရုပ် ၅ ပါးသည် ပတ်ဝန်းကျင် အာရုံများကို ထောက်လှမ်းဖမ်းယူနိုင်သော ရုပ်တည်း။ လေယာဉ်ပျံ၊ ဂြိုလ်တု စသည်တို့ကို ထောက်လှမ်းဖမ်းယူသော ယခုခေတ် ရေဒါနှင့် တူ၏။
အသမ္ပတ္တဂ္ဂါဟက ။ ။ စက္ခု သောတ ပသာဒ နှစ်ပါးသည် မိမိထံမှောက် မရောက် မထိ၊ မကပ်ငြိသော ရူပါရုံ။ သဒ္ဒါရုံတို့ကို ယူ၏။ ထို့ကြောင့် စက္ခု၊ သောတ နှစ်ပါးကို အသမ္ပတ္တဂ္ဂါဟကရုပ် ဟုခေါ်၏။
အဂေါစရဂ္ဂါဟက ။ ။ အာရုံကို မယူတတ်သောကြောင့် ပသာဒရုပ် ၅ ပါးမှ ကြွင်းသော ရုပ် ၂၃ ပါး အဂေါစရဂ္ဂါကရုပ်ဟု ခေါ်ပါသည်။
++++++++++++++++++++++++
အဝိနိဗ္ဘောဂရုပ်၊ ဝိနိဗ္ဘောဂရုပ်
(ရူပါရုံ ၁ ပါး) + (ဂန္ဓာရုံ ၁ ပါး) + (ရသာရုံ ၁ ပါး) + (ဩဇာ ၁ ပါး) + (မဟာဘုတ် ၄ ပါး) = ပေါင်း ၈ ပါး။
ဤရုပ် ၈ ပါးသည် အဝိနိဗ္ဘောဂရုပ် မည်၏။ ကြွင်းသောရုပ် ၂၀ ပါးသည် ဝိနိဗ္ဘောဂရုပ် မည်၏။
အဝိနိဗ္ဘောဂ ။ ။ တစ်ခုစီခွဲယူ၍ မရဘဲ တစ်ပေါင်းတည်းသာ ဖြစ်သောကြောင့် ဝဏ္ဏစသော ရုပ် ၈ ပါးကို အဝိနိဗ္ဘောဂရုပ်ဟု ခေါ်၏။
မှတ်ချက်။ ။ ဤရုပ် ၈ ပါးသည် မည်သည့်အရာ၌ မဆို မမြဲရှိရ၏။ တစ်ခုစီ ခွဲထုတ်ယူ၍ မရစကောင်း၊ သက်ရှိသဘာဝ တရား၌ဖြစ်စေ၊ သက်မဲ့ သဘာဝ တရား၌ ဖြစ်စေ ဤရုပ် ၈ ပါးထက် အရေအတွက် မယုတ်လျော့တော့ပါ။
ဒီနေ့အဖို့ တရားအညွှန်းက ဒီမျှပါပဲ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(17.5.2020)
Thein Naing Ohn
ရုပ်ပိုင်း ၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ရူပသမုဋ္ဌာန
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟု ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရား လေးပါး ရှိ၏။
မှတ်ချက်။ ။ ကံနှင့်စိတ်သည် ရုပ်ကိုဖြစ်စေနိုင်သော နာမ်တရား ဖြစ်၏။ ဥတုနှင့် အာဟာရသည် ရုပ်ကိုဖြစ်စေနိုင်သော ရုပ်တရား ဖြစ်၏။
++++++++++++++++
ရုပ်ကိုဖြစ်စေနိုင်သော ကံတရား
(အကုသိုလ်စေတနာ ၁၂ ပါး) + (မဟာကုသိုလ်စေတနာ ၈ ပါး) + (ရူပါဝစရကုသိုလ်စေတနာ ၅ ပါး) = ပေါင်း - ရုပ်ကိုဖြစ်စေတတ်သော စေတနာကံ ၂၅ ပါး ရှိပါသည်။
ထိုစေတနာ ၂၅ ပါးသည် မိမိသန္တာန်၌ ပြုစီမံအပ်ပြီးသော အတိတ် စေတနာများ ဖြစ်၏။
++++++++++++++++
ကံက ရုပ်ကို ဖြစ်စေပုံ
၂၅ ပါးသော ကုသိုလ်၊ အကုသိုလ် စေတနာတို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ စိတ်၏ ခဏတိုင်း ခဏတိုင်းမှာ ရုပ်ကို ဖြစ်စေ၏။ (ကံကြောင့် ဖြစ်သောရုပ်ကို ကမ္မဇရုပ်ဟု ခေါ်၏။)
ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ် ခဏမှစ၍ (စိတ်၏ ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟု ဆိုအပ်သော) ခဏတိုင်း ခဏတိုင်း၌ ဖြစ်ကြ၏ဟု မှတ်သားထားပါ။
မှတ်ချက်။ ။ အရူပကုသိုလ်စေတနာ ၄ ပါးသည် ရုပ်ကို မဖြစ်စေနိုင်သော ကံတရားဟု မှတ်ပါ။
+++++++++++++++++++++
ရုပ်ကို ဖြစ်စေနိုင်သော စိတ်
အရူပဝိပါက် ၄ ပါး၊ ဒွေပဉ္စဝိညာဏ် ၁၀ (ရဟန္တာတို့၏ စုတိစိတ်) ကြဉ်သော ၇၅ ပါးသော စိတ်တို့သည် ရုပ်ကို ဖြစ်စေပါသည်။
++++++++++++++++++++
စိတ်က ရုပ်ကို ဖြစ်စေပုံ
စိတ်သည် ပဋိသန္ဓေ နောင် ပထမဘဝင်၏ ဥပါဒ်ခဏမှစ၍ စိတ်၏ ဥပါဒ်ခဏတိုင်းမှာ ရုပ်ကို ဖြစ်စေပါသည် (စိတ်ကြောင်ဖြစ်သော ရုပ်ကို စိတ္တဇရုပ်ဟု ခေါ်၏)
စိတ်သည် အသက်တိုလွန်းသဖြင့် ဥပါဒ်ခဏ၌သာ အားရှိ၏။ ထို့ကြောင့် ရုပ်ကိုဖြစ်စေရာ၌ ဥပါဒ်ခဏ၌သာ ဖြစ်စေနိုင်၏။ စိတ်၏ ဌီခဏ၊ ဘင်ခဏတို့၌ ရုပ်ကိုမဖြစ်နိုင်ဟု ဌီခဏ၊ ဘင်ခဏတို့ကို တားမြစ်၏။
စိတ္တဇရုပ်တို့သည် ပဋိသန္ဓေ နောင် ပထမဘဝင်၏ ဥပါဒ်ခဏမှ စ၍ ရုပ်ကို ဖြစ်စေနိုင်သော စိတ်တို့၏ ဥပါဒ်ခဏတိုင်းမှာ ဖြစ်ကြ၏ဟု မှတ်ပါ။
++++++++++++++++++++++++
ဣရိယာပုတ်ကို ထောက်ပံ့နိုင်သောစိတ်
အပ္ပနာဇော ၂၆ ပါးသည် ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်၏။ ရုပ်သာမညကိုလည်း ဖြစ်စေနိုင်၏။ ဣရိယာပထမ္ပိ၌ ပိသဒ္ဒါဖြင့် ရုပ်သာမညကို ပေါင်းယူ၏။ (ရုပ်သာမည၊ ဣရိယာပုတ် ၂ ပါးစုံကို ဖြစ်စေ၏ဟုမှတ်ပါ။)
မှတ်ချက်။ ။ သွားမှု၊ ရပ်မှု၊ ထိုင်မှု၊ လျောင်းမှုကို ဣရိယာပုတ်ဟု ခေါ်၏။ ဣရိယာပုတ်နှင့် ဝိညတ်မပါသော ရုပ်များကို ရုပ်သာမညဟု ခေါ်၏။
+++++++++++++++++++++++++++++
ဝိညတ်ကိုဖြစ်စေနိုင်သောစိတ်
(ဝုဋ္ဌောစိတ် ၁ ပါး) + (ကာမဇော ၂၉ ပါး) + (အဘိညာဉ်စိတ် ၂ ပါး) = ပေါင်း ၃၂ ပါး။
ဤ ၃၂ ပါးသောစိတ်သည် ကာယဝိညတ်၊ ဝစီဝိညတ်ကိုလည်း ဖြစ်စေနိုင်၏။ ရုပ်သာမညကိုလည်း ဖြစ်စေနိုင်၏။ ဣရိယာပုတ်ကိုလည်း ထောက်ပံ့နိုင်၏။ (ရုပ်သာမည၊ ဣရိယာပုတ်၊ ဝိညတ် ၃ပါးလုံး ကို ဖြစ်စေ၏ဟု မှတ်ပါ၊ ဝိညတ်ကိုသာ ဖြစ်စေနိုင်သော စိတ်မရှိ။)
++++++++++++++++++++++++++
ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်သော စိတ်
(လောဘမူသောမနဿသဟဂုတ်စိတ် ၄ ပါး) + (ဟသိတုပ္ပါဒ်စိတ် ၁ ပါး) + (မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ပါး) = (မဟာကြိယာသောမနဿသဟဂုတ်စိတ် ၄ ပါး) = ပေါင်း ၁၃ ပါး။
ဤ ၁၃ ပါးသော ကာမာဝစရ သောမနဿ သဟဂုတ်ဇောတို့သည် ပြုံးရယ်ခြင်းကိုလည်း ဖြစ်စေနိုင်၏။ ဝိညတ်ကိုလည်း ဖြစ်စေနိုင်၏။ (ရုပ်သာမညနှင့် ဣရိယာပုတ်ကို ဝိညတ္တိမ္ပိ ၌ ပိသဒ္ဒါဖြင့် ပေါင်းယူခဲ့ပြီးသော ရုပ်သာမည၊ ဣရိယာပုတ်၊ ဝိညတ်၊ ပြုံးခြင်း ရယ်ခြင်း၊ ၄ မျိုး လုံးကို ဖြစ်စေ၏ ဟူလို။)
+++++++++++++++++++++
ပုထုဇဉ်ပုဂ္ဂိုလ်များ ပြုံးရယ်စိတ်
(လောဘမူသောမနဿသဟဂုတ်စိတ် ၄ ပါး) + (မဟာကုသိုလ်သောမနဿသဟဂုတ်စိတ် ၄ ပါး) = ပေါင်း - ပုထုဇဉ်တို့ ပြုံးရယ်စိတ် ၈ ပါး။
+++++++++++++++++++++
သေက္ခပုဂ္ဂိုလ်တို့ ပြုံးရယ်စိတ်
(သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၂ ပါး) + (မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄ ပါး) = ပေါင်း - သေက္ခပုဂ္ဂိုလ်တို့ ပြုံးရယ်စိတ် ၆ ပါး။
+++++++++++++++++++
ရဟန္တာ ပြုံးရယ်စိတ်
(ဟသိတုပ္ပါဒ်စိတ် ၁ ပါး) + (မဟာကြိယာ သောမနဿသဟဂုတ်စိတ် ၄ ပါး) = ပေါင်း - ရဟန္တာပြုံးရယ်စိတ် ၅ ပါး။
+++++++++++++++++++++
ကမ္မဇရုပ် ၁၈ ပါး
(ဟဒယရုပ် ၁) + (ဣန္ဒြိယရုပ် ၈ ပါး ဟူသော ကမ္မဇဧကန် = ၉ ပါး)
(အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ အာကာသဓာတ် ၁ ပါး ဟူသော ကမ္မဇအနေကန် = ၉ ပါး) = ပေါင်း - ကမ္မဇရုပ် ၁၈ ပါး။
ဤ ကမ္မဇရုပ် ၁၈ ပါးသည် ဂါထာ၌ အဋ္ဌာရသ အရဖြစ်၏။
+++++++++++++++++++++++++
စိတ္တဇရုပ် ၁၅ ပါး
(ဝိညတ်ရုပ် စိတ္တဇဧကန် ၂ ပါး + (သဒ္ဒရုပ်၊ ရူပဿလဟုတာ၊ မုဒုတာ ကမ္မညတာ၊ အဝိနိဗ္ဘောဂရုပ် ၈၊ အာကာသဓာတ် - ၁ ဟူသော စိတ္တဇရုပ် အနေကန် = ၁၃ ပါး) = ပေါင်း စိတ္တဇရုပ် ၁၅ ပါး။ (ဂါထာ၌ ပန္နရသ အရဖြစ်၏။)
++++++++++++++
ဥတုဇရုပ် ၁၃ ပါး
(သဒ္ဒရုပ် ၁ ပါး) + (ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး) + (အဝိနိဗ္ဘောဂရုပ် ၈ ပါး) + (အာကာသဓာတ် ၁ ပါး) = ပေါင်း ဥတုဇရုပ် ၁၃ ပါး။ (ဂါထာ၌ တေရသ အရဖြစ်၏။)
++++++++++++++
အာဟာရဇရုပ် ၁၂ ပါး
(ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး) + (အဝိနိဗ္ဘောဂရုပ် ၈ ပါး) + (အာကာသဓာတ် ၁ ပါး) = ပေါင်း - အာဟာရဇရုပ် ၁၂ ပါး။ (ဂါထာ၌ ဒွါဒသ အရဖြစ်ၑ။
ဒီနေ့အဖို့ တရားအညွှန်းက ဒီမျှပါပဲ။ ရူပကလာပအပိုင်းကို ဆရာတော်က ဆက်ဟောပါလိမ့်မယ်။ ကျနော်ကတော့ နောက်နေ့မှ ပေါင်းထည့်ပေးပါမယ်ခင်ဗျာ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(18.5.2020)
Thein Naing Ohn
ရုပ်ပိုင်း ၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ရူပကလာပ
ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်း ၄ ပါးကြောင့် ရုပ်တရားများ ဖြစ်ပေါ်လာကြရာ၌ ရုပ်တစ်ခုစီ တစ်ခုစီ သီးခြားဖြစ်ပေါ်ကြသည်မဟုတ်၊ စက္ခုဒသကကလာပ်၊ သောတဒသကကလာပ် စသည်ဖြင့် အစုအစု ပေါင်းစပ်ဖွဲ့စည်းလျက် ဖြစ်ပေါ်လာကြ၏။ ထိုသို့ အတူတကွ ဖြစ်ပေါ်လေ့ရှိကြသော ရုပ်တို့ကို ပေါင်းစပ်ဖွဲ့စည်းလျက် ပြဆိုသော အခန်းကို “ရူပကလာပ” ဟုခေါ်၏။
ရုပ်ကလာပ် အင်္ဂါ ၃ ပါး (သို့မဟုတ်) ၄ ပါး
၁။ ဧကုပ္ပါဒ = အတူတကွ ဖြစ်ခြင်း၊
၂။ ဧကနိရောဓ = အတူတကွ ချုပ်ခြင်း၊
၃။ ဧကနိဿယ = တူသောတည်ရာ မဟာဘုတ်ရှိခြင်း၊
ဤလက္ခဏာ ၃ ပါးနှင့် ပြည့်စုံ၍ အတူတကွ ဖြစ်သော ရုပ်အပေါင်းကို ကလာပ်ဟုခေါ်၏။
မှတ်ချက်။ ။ အချို့က သဟဝုတ္တိကို ကလာပ်အင်္ဂါ ၁ ပါးဟု ဆိုကာ ကလာပ်လက္ခဏာ ၄ ပါး ပြုကြပါသည်။
၄။ သဟဝုတ္တိ = တူသောြဖစ်, ချုပ်, မှီရာရှိခြင်းသည် သဟဝုတ္တိ မည်၏။
++++++++++++++++++++
ရုပ်ကလာပ် ၂၁ စည်း
(ကမ္မဇကလာပ် ၉ စည်း) + (စိတ္တဇကလာပ် ၆ စည်း) + (ဥတုဇကလာပ် ၄ စည်း) + (အာဟာရဇကလာပ် ၂ စည်း) = ပေါင်း ၂၁ စည်း။
+++++++++++++++++++
ကမ္မဇကလာပ် ၉ စည်း
၁။ စက္ခုဒသက
၂။ သောတဒသက
၃။ ဃာနဒသက
၄။ ဇိဝှါဒသက
၅။ ကာယဒသက
၆။ ဣတ္ထိဘာဝဒသက
၇။ ပုမ္ဘာဝဒသက
၈။ ဝတ္ထုဒသက
၉။ ဇီဝိတနဝက
+++++++++++++++++++
ကမ္မဇကလာပ် ၉ စည်း ဖွဲ့ပုံ
၁။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ စက္ခုပသာဒ ၁ --------------------------------- စက္ခုဒသက
၂။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ သောတပသာဒ ၁ --------------------------------- သောတဒသက
၃။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ဃာနပသာဒ ၁ --------------------------------- ဃာနဒသက
၄။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ဇိဝှါပသာဒ ၁ --------------------------------- ဇိဝှါဒသက
၅။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ကာယပသာဒ ၁ --------------------------------- ကာယဒသက
၆။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ဣတ္ထိဘာဝ ၁ --------------------------------------- ဣတ္ထိဘာဝဒသက
၇။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ပုမ္ဘာဝ ၁ --------------------------------------------- ပုမ္ဘာဝဒသက
၈။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ဟဒယဝတ္ထု ၁ ------------------------------------- ဝတ္ထုဒသက
၉။ ဇီဝိတ ၁၊ အဝိနိဗ္ဘောဂ ၈၊ ----------------------------------------------------------- ဇီဝိတနဝက
ကျက်ရန်။ ။ ဇီဝိတရုပ် ၁ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ စက္ခုပသာဒရုပ် ၁ ပါး၊ ပေါင်း ၁၀ ပါးသည် စက္ခုဒသကကလာပ်မည်၏။
ကြွင်းသော ကလာပ်တို့ကိုလည်း ဤနည်းကိုမှီ၍ ကလာပ်ဖွဲ့ပါ။
+++++++++++++++++++++++
စိတ္တဇကလာပ် ၆ စည်း
၁။ သုဒ္ဓဋ္ဌက ကလာပ်
၂။ ကာယဝိညတ္တိနဝက ကလာပ်
၃။ဝစီဝိညတ္တိ ဒသက ကလာပ်
၄။ လဟုတာဒိ ဧကာဒသက ကလာပ်
၅။ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်
၆။ ဝစီဝိညတ္တိ သဒ္ဒလဟုတာဒိ တေရသက ကလာပ်
+++++++++++++++++++++
စိတ္တဇကလာပ် ၆ စည်းဖွဲ့ပုံ
၁။ အဝိနိဗ္ဘောဂရုပ် ၈ ပါးသည် သုဒ္ဓဋ္ဌက ကလာပ်မည်၏။
၂။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ကာယဝိညတ် ၁ ပါး၊ ပေါင်း ၉ ပါးသည် ကာယဝိညတ္တိနဝက ကလာပ််မည်၏။
၃။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ဝစီဝိညတ် ၁ ပါး၊ သဒ္ဒရုပ် ၁ ပါး၊ ပေါင်း ၁၀ ပါးသည် ဝစီဝိညတ္တိဒသက ကလာပ်မည်၏။
၄။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး၊ ပေါင်း ၁၁ ပါးသည် လဟုတာဒိ ဧကာဒသက ကလာပ်မည်၏။
၅။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ကာယဝိညတ် ၁ ပါး၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး၊ ပေါင်း ၁၂ ပါးသည် ကာယဝိညတ္တိ လဟုတာဒိဒွါဒသက ကလာပ်မည်၏။
၆။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ဝစီဝိညတ် ၁ ပါး၊ သဒ္ဒရုပ် ၁ ပါး၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး၊ ပေါင်း ၁၃ ပါးသည် ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ်မည်၏။
+++++++++++++++++++++++++
ဥတုဇကလာပ် ၄ စည်း
၁။ သုဒ္ဓဋ္ဌက ကလာပ်၊
၂။ သဒ္ဒနဝက ကလာပ်၊
၃၊ လဟုတာဒိ ဧကာဒသက ကလာပ်၊
၄၊ သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ်၊
++++++++++++++++++++++++
ဥတုဇကလာပ် ၄ စည်းဖွဲ့ပုံ
၁။ အဝိနိဗ္ဘောဂရုပ် ၈ ပါးသည် သုဒ္ဓဋ္ဌက မည်၏။
၂။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ သဒ္ဒရုပ် ၁ ပါး၊ ပေါင်း ၉ ပါးသည် သဒ္ဒနဝက မည်၏။
၃။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး၊ ပေါင်း ၁၁ ပါးသည် လဟုတာဒိ ဧကာဒသက မည်၏။
၄။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ သဒ္ဒရုပ် ၁ ပါး၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး၊ ပေါင်း ၁၂ ပါးသည် သဒ္ဒလဟုတာဒိဒွါဒသက မည်၏။
+++++++++++++++++++++
အာဟာရဇကလာပ် ၂ စည်း
၁။ သုဒ္ဓဋ္ဌက ကလာပ်။
၂။ လဟုတာဒိဧကာဒသက ကလာပ်။
++++++++++++++++++++++
အာဟာရဇကလာပ် ၂ စည်းဖွဲ့ပုံ
၁။ အဝိနိဗ္ဘောဂရုပ် ၈ ပါးသည် သုဒ္ဓဋ္ဌက မည်၏။
၂။ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊ ရူပဿလဟုတာ၊ မုဒုတာ၊ ကမ္မညတာ ၃ ပါး၊ ပေါင်း ၁၁ ပါးသည် လဟုတာဒိ ဧကာဒသက မည်၏။
+++++++++++++++++++++++++
ရူပပဝတ္တိက္ကမ (ရုပ်တို့၏ ဖြစ်စဉ်ကို ပြခြင်း)
သတ္တဝါ ၃ မျိုး
၁။ သံသေဒဇသတ္တဝါ
၂။ ဩပပါတိကသတ္တဝါ
၃။ ဂဗ္ဘသေယျကသတ္တဝါ
ဤကား သင်္ဂြိုဟ်ကျမ်းလာ သတ္တဝါ ၃ မျိုးတည်း။
ထိုဂဗ္ဘသေယျက၌ အဏ္ဍဇ နှင့် ဇလာဗုဇ - ဟူ၍ နှစ်မျိးကွဲပြား၏။
++++++++++++++++
သတ္တဝါ ၄ မျိုး
၁။ သံသေဒဇ = ပဒုံမာကြာ, ဝါးပင်, မန်ကျီးပင်, ရွံ့ညွန်, အညှိ, အညစ်အကြေး စသည်တို့၌ စွဲ၍ ဖြစ်သော သတ္တဝါ။
၂။ ဥပပါတ် = ကမ္ဘာဦးလူ,နတ်,ဗြဟ္မာတို့ကဲ့သို့ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါ။
၃။ ဇလာဗုဇ = သားအိမ်၌ ပဋိသန္ဓေတည်သော သတ္တဝါ
၄။ အဏ္ဍဇ = အဥ၌ ပဋိသန္ဓေတည်သော သတ္တဝါ
ရူပပဝတ္တိက္ကမ , ပိုင်းကို ဤမျှသာ အကျဉ်းချုံးဖော်ပြအပ်ပါတယ်။ ဆရာတော်ဟောကြားချက်ကိုသာ နာယူပါခင်ဗျာ။
ဒီနေ့တရားအညွှန်းကတော့ ဒီမျှပါပဲ။
ရုပ်ပိုင်း ပြီးပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(18.5.2020)
Thein Naing Ohn