ကျင့်ကြံရှုပွား မဂ္ဂင်ရှစ်ပါး
မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေတဲ့ အကျင့်ဆိုတာ သီလ သမာဓိ ပညာ အကျင့်ပါ။ သီလကို ရိုရိုသေသေကျင့်ရင် သမ္မာဝါစာ - မှန်စွာပြောခြင်း၊ သမ္မာကမ္မန္တ - မှန်စွာပြုခြင်း၊ သမ္မအာဇီဝ - မှန်စွာအသက်မွေးခြင်းဆိုတဲ့ သီလမဂ္ဂင်သုံးပါး ဖြစ်ပွားပါတယ်။
သမာဓိဘာဝနာကို အားထုတ်ရင် သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း၊ သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊ သမ္မာသမာဓိ - မှန်စွာ စူးစိုက်တည်ကြည်ခြင်း ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါး ဖြစ်ပွားပါတယ်။
ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်ရင်တော့ သမ္မာဒိဋ္ဌိ - မှန်စွာဖြစ်ခြင်း၊ သမ္မာသင်္ကပ္ပ - မှန်စွာကြံခြင်းဆိုတဲ့ ပညာမဂ္ဂင် ၂-ပါးပါ မဂ္ဂင်ရှစ်ပါးလုံး ဖြစ်သွားပါတယ်။
မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါစာ, သမ္မာကမ္မန ္တ,သမ္မာအာဇီဝ ဆိုတဲ့ သုံးပါးက သီလမဂ္ဂင်တွေပါ။
ဒီသီလမဂ္ဂင်တွေကတော့ သီလသိက္ခာပုဒ်ကို ရိုရိုသေသေ စောင့်ထိန်းနေရင် ပြီးစီးပြည့်စုံနေပါတယ်။
လိမ်လည်ခြင်း၊ ကုန်းတိုက်ခြင်း၊ ဆဲဆိုခြင်း၊ အနှစ်မဲ့ အပြိန်အဖျင်း စကားပြောဆိုခြင်းဆိုတဲ့ ဝစီဒုစရိုက် ၄-ပါးမှ ကြဉ်ရှောင်လျှင် သမ္မာဝါစာမဂ္ဂင်ဖြစ်တယ်။
သတ်ခြင်း၊ ခိုးခြင်း၊ မပိုင်မဆိုင်သော ကာမဂုဏ်တို့၌ ကျူးလွန်ခြင်းဆိုတဲ့ ကာယဒုစရိုက် ၃-ပါးမှ ကြဉ်ရှောင်လျှင် သမ္မာကမ္မန ္တမဂ္ဂင်ဖြစ်တယ်။
အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်တဲ့ အဲဒီ ဒုစရိုက် ၇-ပါးမှ ကြဉ်ရှောင်လျှင် သမ္မာအာဇီဝမဂ္ဂင် ဖြစ်တယ်။
အဲဒီသီလမဂ္ဂင်တွေက တရားအားမထုတ်မီ ရှေးအဖို့ကတည်းက ပြည့်စုံစေရတဲ့ အခြေခံ မူလမဂ္ဂင်တွေပါ။
သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ သုံးပါးက သမာဓိမဂ္ဂင်တွေပါ။
သမာဓိမဂ္ဂင်တွေကတော့ သမထ ဝိပဿနာအလုပ်ကို အားထုတ်တဲ့အခါမှာမှ ပြီးစီးပြည့်စုံပါတယ်။
ရှုမှတ်သင့်တဲ့ သမထအာရုံ, ဝိပဿနာအာရုံကို ရှုမှတ်မိအောင် ကြောင့်ကြပြုတာ, အားထုတ်တာက သမ္မာဝါယာမပါ။ အဲဒီ သမ္မာဝါယမဟာ ကိစ္စအားဖြင့် ၄-ပါး ရှိတယ်။
မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်တာက ၁-ပါး။
ဖြစ်ပြီး ကုသိုလ်ကို ဖြစ်အောင် အားထုတ်တာက ၁-ပါး။
မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် အားထုတ်တာက ၁-ပါး။
ဖြစ်ပြီး ကုသိုလ်များ ပြည့်စုံအောင် အားထုတ်တာက ၁-ပါး။
ရှုမှတ်သင့်တဲ့ အာရုံကို အမှတ်ရတာက သမ္မာသတိပါ။
သမထအာရုံကို အမှတ်ရတာက သမထသမ္မာသတိ၊ ဝိပဿနာအာရုံကို အမှတ်ရတာက ဝိပဿနာ သမ္မာသတိပေါ့။
ဒီသမ္မာသတိကို ဖွင့်ပြတဲ့ ပါဠိတော်များမှာတော့ (ကာယေကာယာနုပဿီ ဝိဟရတိ ရုပ်အပေါင်းကိုယ်၌ ရုပ်အပေါင်းမျှဟု ရှုမြင်လျက်နေ၏ ။ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ-ခံစားမှု ဝေဒနာတို့၌ ခံစားမှုမျှဟု ရှုမြင်လျက်နေ၏ ။ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ-ကြံသိမှုစိတ်၌ ကြံသိမှုမျှဟုရှုမြင်လျက် နေ၏ ။ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ-သဘောတရားတို့၌ သဘောတရားမျှဟု ရှုမြင်လျက်နေ၏ စသည်ဖြင့် သတိပဋ္ဌာန် ၄-ပါးသည်ပင် သမ္မာသတိမဂ္ဂင်ဖြစ်ကြောင်း တိတိကျကျ ဖွင့်ပြထားပါတယ်။
ဒါကြောင့် ထွက်သက် ဝင်သက်ကို အမှတ်ရတာ ဆံပင်မွေးညှင်း စသည်ကို အမှတ်ရတာဟာ သမထသမ္မာသတိပါပဲ။ ထို့အတူပင် ကသိုဏ်း အသုဘ အစရှိသော အခြားသမထအာရုံကို အမှတ်ရတာကိုလဲ သမထသမ္မာသတိလို့ ဆိုရမှာပါပဲ။
ဝိပဿနာယောဂီမှာ ဖြစ်ပေါ်လာသမျှ ကိုယ်အမူအရာခံစားမှု ဝေဒနာ, ကြံသိမှု စိတ်အမူအရာ, မြင်မှု, ကြားမှု တပ်မက်မှုစိတ်ဆိုးမှုစသော သဘောတရားတို့ကို အမှတ်ရတာဟာ ဝိပဿနာ သမ္မာသတိမဂ္ဂင်ပါ။
အဲဒီဝိပဿနာ သမ္မာသတိဖြစ်ရင် ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောများကို သိတဲ့ ဝိပဿနာဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိလဲ တစ်ပါးတည်း ပူးတွဲလျက် ဖြစ်တော့တာပါပဲ။
သမ္မာသတိဖြစ်ရင် အဲဒီ သမ္မာသတိဖြင့် အမှတ်ရတဲ့ အာရုံ၌စူးစိုက်တည်ကြည်တဲ့ သမ္မာသမာဓိကလဲ ပူးတွဲပါဝင်ပြီး ဖြစ်တော့တာပါပဲ။
အဲဒီ သမ္မာသမာဓိမဂ္ဂင်ကို မြတ်စွာဘုရားက ဈာန် ၄-ပါး သမာဓိဖြင့် ပြထားပါတယ်။ အဲဒါကတော့ ဥက္ကဋ္ဌနည်းအားဖြင့် အမြတ်ဆုံး သမာဓိကို ပြတာပါဘဲ၊ ဩမကအားဖြင့်တော့ ဈာန်၏အနီး ဥပစာရသမာဓိကိုလဲ စိတ္တဝိသုဒ္ဓိ အဖြစ်ဖြင့် ယူရပါတယ်၊ အဲဒီဥပစာရသမာဓိအစစ်နှင့် နီဝရဏ ကင်းပုံချင်းတူတဲ့ ဝိပဿနာခဏိက သမာဓိကိုလဲ ယူရပါတယ်၊ ဒီဝိပဿနာ ခဏိကသမာဓိကို (စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း စသည်ကို ပြရာမှာ) ဥပစာရသမာဓိလို့လဲ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။
ဝိပဿနာ ယောဂီမှာ ဝိပဿနာသမာဓိ ကောင်းကောင်းဖြစ်ရင် အဲဒီ သမာဓိဖြင့် စူးစိုက်တဲ့ အာရုံမှာ အမှန်အတိုင်းသိအောင် သမ္မာသင်္ကပ္ပမဂ္ဂင်က စိတ်ဦးညွတ်ပေးတယ်။
အဲဒီလို စိတ်ညွတ်ပေးတဲ့အတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်က အမှန်အတိုင်း သိမြင်တယ်၊ သိမြင်ပုံကတော့-နီဝရဏကင်းအောင် သမာဓိကောင်းကာစ စိတ္တဝိသုဒ္ဓိဖြစ်ကာစဆိုရင် မှတ်သိရတဲ့ရုပ်၌ မှတ်သိတဲ့ စိတ်နာမ်ကို ခွဲခြားပြီးသိမြင်တယ်၊ ဖောင်းတယ်လို့ ရှုမှတ်ခိုက်မှာ ဖောင်းတာကတခြား + မှတ်သိတာကတခြား ကွဲပြားပြီး သိမြင်တယ်၊ ပိန်တယ်လို့ ရှုမှတ်ခိုက်မှာ ပိန်တာကတခြား + မှတ်သိတာကတခြား ကွဲပြားပြီးသိတယ်၊ ထို့အတူပင် သွားဆဲ၌ သွားတယ် ကြွတယ် လှမ်းတယ် ချတယ်လို့ ရှုမှတ်ခိုက်မှာ မှတ်သိစရာကတခြား + မှတ်သိတာက တခြား၊ ကွဲပြားပြီး သိမြင်တယ်၊ ဒီပုံဒီနည်းဖြင့် မှတ်သိစရာရုပ်နဲ့ မှတ်သိမှု စိတ်နာမ် ပိုင်းခြားပြီး သိမြင်တယ်၊ အဲဒါဟာ တွေးဆပြီး သိတာမဟုတ်ဘူး၊ မတွေးမဆရဘဲ မှတ်ရုံ မှတ်ရုံမျှဖြင့် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိသွားတာပါ။
အဲဒီထက် သမာဓိနှင့် ဉာဏ်အားကောင်းလာတဲ့အခါ ကျတော့ ကွေးချင်လို့ ကွေးတယ်၊ ဆန့်ချင်လို့ ဆန့်တယ်၊ လှုပ်ချင်လို့ လှုပ်တယ်၊ သွားချင်လို့ သွားတယ်၊ မျက်စိနဲ့အဆင်းရှိလို့ မြင်သိတယ်၊ နားနဲ့အသံရှိလို့ ကြားသိတယ်၊ အာရုံရှိလို့ ကြံသိမှု မှတ်သိမှုဖြစ်တယ်၊ ကံကောင်းလို့ကောင်းတာကို တွေ့ရခံစားရတယ် စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလည်း ခွဲခြားပြီး သိမြင် သဘောပေါက်လာပါတယ်။
အဲဒီထက် သမာဓိနှင့် ဉာဏ်အားကောင်းလာတဲ့ အခါမှာ မှတ်သိရတဲ့ အာရုံရော မှတ်သိမှုရော အသစ်အသစ် ဖြစ်ပြီး တစ်ခဏချင်း ပျောက်ပျောက်သွားတာကို သိမြင်ရတယ်၊ လမ်းမှာစောင့်ကြည့်နေရင်လာသမျှ လူ ယာဉ်ရထား၊ စသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသလိုပါပဲ၊ အဲဒီလို ခဏမစဲ ဖြစ်ပျက်နေတာကိုချည်း တွေ့မြင်နေရတော့ အနိစ္စ-မမြဲဘူးလို့လဲ သိမြင်တော့ - ဒုက္ခ-ဆင်းရဲကြီးပဲလို့လဲ သိမြင်တော့တာပဲ၊ အနတ္တ-အစိုးမရတဲ့ အတ္တကောင်မဟုတ်၊ သဘောတရားမျှပဲလို့လဲ သိမြင်တော့တာပဲ၊ အဲဒီလို သိမြင်တာတွေဟာ အမှန်အတိုင်း သိမြင်တာတွေပါ၊ စိတ်ညွတ်တွေးဆပြီး သိတာမျိုးမဟုတ်ပါဘူး၊ သူ့ရှိရင်းအတိုင်း လိုက်ပြီး ရှုမှတ်နေလို့ သူ့သဘောအမှန်ကို သိလာတယ်၊ ရုပ်နှင့်နာမ် တခြားစီမို့ တခြားစီ ခွဲခြားပြီးသိတာပါ၊ အကြောင်းနှင့် အကျိုးဆက်စပ်ပြီး ဖြစ်နေလို့ အဲဒီ အကြောင်းနှင့် အကျိုးကို ခွဲခြားပြီး သိတာပါ၊ တကယ်ဖြစ်ပျက်နေတာကို တွေ့ရလို့ အဲဒီအဖြစ်အပျက်ကို သိတာပါ၊ ရုပ်နာမ်တရားတွေက မမြဲလို့ မမြဲဘူးလို့ သိတာပါ၊ ရုပ်နာမ်တွေက သို့မဟုတ် အတ္တမဟုတ်လို့ ဒုက္ခအနတ္တလို့ သိတာပါ၊ ဒါကြောင့် ဒီလိုမှန်စွာ သိမြင်တာကို သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ်ပါတယ်၊ အဲဒီလို အမှန်အတိုင်း သိမြင်နိုင်အောင် စိတ်ဦးညွတ်ပေးတာကို သမ္မာသင်္ကပ္ပမဂ္ဂင်လို့ ခေါ်ပါတယ်။
ဝိပဿနာယောဂီမှာ ဒွါရ ၆-ပါးက ပေါ်လာသမျှ အာရုံကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုမှတ်မိအောင် ကြောင့်ကြစိုက်မှုလဲ ရှိတယ်၊ အဲဒါက သမ္မာဝါယမ မဂ္ဂင်ပါ၊ ပေါ်လာသမျှကို အမှတ်ရတဲ့သတိလဲ ဖြစ်တယ်၊ အဲဒါက သမ္မာသတိမဂ္ဂင်ပါ၊ ရှုမှတ်သိတဲ့အာရုံ၌ စူးစိုက်တည်ကြည်မှုလဲ ဖြစ်တယ်၊ အဲဒါက သမ္မာသမာဓိ မဂ္ဂင်ပါ-အဲဒီ သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်သုံးပါးက သမာဓိမဂ္ဂင်တွေပါ။
နောက်ပြီးတော့ အမှန်အတိုင်း စိတ်ဦးညွတ်ပေးတာလဲ ပါဝင်ပါတယ်၊ အဲဒါက သမ္မာသင်္ကပ္ပ မဂ္ဂင်ပါ၊ အမှန်အတိုင်း သိမြင်တာက သမ္မာဒိဋ္ဌိမဂ္ဂင်ပါ၊ အဲဒီ ၂-ပါးက ပညာမဂ္ဂင်ပါ၊ အဲဒီ ပညာမဂ္ဂင် ၂-ပါးနဲ့ သမာဓိမဂ္ဂင် ၃-ပါးပေါင်းလိုက်ရင် မဂ္ဂင်ငါးပါးဖြစ်ပါတယ်၊ အဲဒီမဂ္ဂင်ငါးပါးကို ကာရကမဂ္ဂင်လို့ ခေါ်ပါတယ်။
ဒီငါးပါးက တစ်ပေါင်းတည်း ပူးတွဲပြီး ရှုသိမြင်ခြင်းကို ပြုလုပ်နေကြတာပဲ၊ နောက်ပြီးတော့ သမ္မာဝါစာ, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝလိုတဲ့ သီလမဂ္ဂင်သုံးပါးကတော့ တရားအားမထုတ်မီ ရှေးအဖို့ကတည်းက ပြည့်စုံလာခဲ့တယ်။ ဝိပဿနာရှုဆဲမှာလဲ ပျက်မသွားဘူး၊ သီလစင်ကြယ်မြဲ စင်ကြယ်နေတယ်၊ သာပြီးတော့တောင် စင်ကြယ်သေးတယ်လို့ ဆိုဖွယ်ရှိပါတယ်။
ဒါကြောင့် အဲဒီသီလမဂ္ဂင်သုံးပါးနဲ့တကွဆိုရင် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဝိပဿနာမဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေပါတယ်။
အဲဒီလို ဝိပဿနာ မဂ္ဂင်တွေကို ဖြစ်ပွားစေရာမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိ, သီလသမ္မာဒိဋ္ဌိဆိုတဲ့ အခြေခံမူလမဂ္ဂင်တွေနှင့် ရှေးဦးစွာ ပြည့်စုံလိုပါတယ်။
ကံ-ကံ၏ အကျိုးကို ယုံကြည်သိမြင်တဲ့ အယူမှန်ရှိတဲ့သူမှ ဝိပဿနာအလုပ်ကို အားထုတ်နိုင်တယ်၊ ဒွါရ ၆-ပါးက ထင်ရှားပေါ်လာသမျှကို ရှုမှတ်နေရင် ဝိပဿနာဉာဏ်ဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်လို့ ယုံကြည်သိမြင်ပါမှ ဝိပဿနာအလုပ်ကို အားထုတ်နိုင်ပါမယ်။
သီလကလဲ စင်ကြယ်ပါမှ, အောက်ထစ်ဆုံးအားဖြင့် ဥပစာရ သမာဓိနှင့် အလားတူတဲ့ ဝိပဿနာခဏိက သမာဓိလဲဖြစ်ပါမှ ဝိပဿနာဉာဏ်နှင့်တကွ အခြားဝိပဿနာမဂ္ဂင်တွေဖြစ်နိုင်တယ်။
ဒါကြောင့် ကမ္မဿကထာသမ္မာဒိဋ္ဌိရယ်, သီလမဂ္ဂင်သုံးပါးရယ်, သမာဓိရယ် ဒီသုံးမျိုးကို ဝိပဿနာ၏ အခြေခံမူလမဂ္ဂင်လို့ ခေါ်ပါတယ်။
ရှုမှတ်ခိုက် ရှုမှတ်ခိုက် ဖြစ်ပေါ်နေတဲ့ ဝိပဿနာမဂ္ဂင်တွေက အားပြည့်တဲ့အခါ အရိယမဂ္ဂင်ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကို မျက်မှောက်သိမြင်တယ်၊ ဒါကြောင့် အဲဒီဝိပဿနာမဂ္ဂင်တွေကိုတော့ ပုဗ္ဗဘာဂမဂ္ဂင်လို့ ခေါ်ပါတယ်၊ အရိယမဂ်၏ ရှေးအဖို့ မဂ္ဂင်, ရှေ့သွားမဂ္ဂင်လို့ ဆိုလိုပါတယ်၊ အဲဒါတွေဟာ အစဉ်အတိုင်း ပွားစေအပ်တဲ့ မဂ္ဂင်တွေပါပဲ။
ကမ္မဿကတာဉာဏ်ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိရယ်, သမ္မာဝါစာ, သမ္မာကမန္တ, သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင်သုံးပါးရယ်, ဈာန်သမာဓိ၊ သို့မဟုတ် ဥပစာရသမာဓိ၊ သို့မဟုတ် ဥပစာရသမာဓိနှင့် တူညီသော ဝိပဿနာ ခဏိကသမာဓိရယ် ဒီသုံးမျိုးက ဝိပဿနာ၏ အခြေခံဖြစ်တဲ့အတွက် အဲဒါတွေကို မူလမဂ္ဂင်လို့ ဆိုရတယ်၊ အဲဒီသုံးမျိုးထဲမှာ ဝိပဿနာ ခဏိက သမာဓိကတော့ ဝိပဿနာ ရှုနေရင်းပဲ ပြည့်စုံလာပါတယ်။
ဒါပေမယ့် အဲဒီ ဝိပဿနာသမာဓိ ကောင်းကောင်း အားမရှိသေးရင် ရုပ်နာမ်တို့၏ သဘောကိုသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် ကောင်းကောင်းမဖြစ်သေးပါဘူး။
အဲဒီ ဝိပဿနာ သမာဓိအားရှိလာပြီး နီဝရဏတွေ ကင်းတဲ့အခါကျမှ နာမရူပပရိစ္ဆေဒဉာဏ်မှစပြီး ဝိပဿနာဉာဏ်တွေ ကောင်းကောင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီခဏိကဝိပဿနာ သမာဓိကိုလဲ ဝိပဿနာက မရှုတဲ့ပုဂ္ဂိုလ်အတွက် ရှေးဦးစွာ ပြည့်စုံဖို့ အရေးကြီးပါတယ်။
ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ သီလမဂ္ဂင် ဥပစာရ သမာဓိ ဈာန်သမာဓိ ဆိုတာကတော့ ဝိပဿနာ မရှုခင်ကတည်းက ပြည့်စုံစေတဲ့ အခြေခံ မဂ္ဂင်တွေပါပဲ။
ဒါပေမယ့် ဝိပဿနာက စပြီးရှုတဲ့ ဝိပဿနာယာနိက ပုဂ္ဂိုလ်မှာတော့ ဥပစာရသမာဓိနဲ့ ဈာန်သမာဓိကို မထူထောင်တော့ဘဲ မြင်မှု ကြားမှုစသော ဥပါဒါနက္ခန္ဓာ ငါးပါးကပဲ စပြီး ရှုနိုင်ပါတယ်၊ ဒါကြောင့် မူလ ပဏ္ဏာသဓမ္မဒါယဒသုတ်အဋ္ဌကထာ မှာ သမထယာနိကရှုပုံ နှင့် ဝိပဿနာယာနိကရှုပုံကို ဒီလို ပြဆိုထားပါတယ်။
ဣဓ - ဤသာသနာတော်၌၊ ဧကစ္စော - အချို့ ယောဂီသည်၊ ဥပစာရသမာဓိ ံ ဝါ - ဥပစာရ သမာဓိသော်လည်းကကောင်း၊ အပ္ပနာ သမာဓိ ံ ဝါ- ဈာန် အပ္ပနာ သမာဓိကို သော်လည်းကောင်း၊ ပထမံ-ဝိပဿနာမရှုမီ ရှေးဦးစွာ၊ ဥပ္ပါဒေတိ-ဖြစ်စေ၏။ အယံ-ဤ ၂-ပါးသော သမာဓိသည်၊ သမထော-သမထပေတည်း၊ သော-သမာဓိကို ဖြစ်စေပြီးသော ထိုယောဂီသည်၊ တဉ္စ-ထိုသမာဓိကိုလည်းကောင်း၊ တံသမ္ပယုတ္ထေ စ ဓမ္မေ- ထို သမာဓိနှင့်ယှဉ်သော တရားတို့ကိုလည်းကောင်း၊ အနိစ္စာဒီဟိ-အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့် ဝိပဿတိ-ရှု၏၊ အယံ-ဤရှုသိခြင်းသည်၊ ဝိပဿနာ-ဝိပဿနာပေတည်း-တဲ့။
ဝိပဿနာယာနိက၏ ရှုပုံကိုတော့ -
ဣဓ-ဤသာသနာတော်၌၊ ဧကစ္စော ပန-အချို့ ယောဂီသည်ကား၊ ဝုတ္တပကာရံ-ဆိုခဲ့သော အပြားရှိသော၊ သမထံ-ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို၊ အနုပ္ပါဒေတွာစ-မဖြစ်စေမူ၍ သာလျှင်၊ ပဉ္စုပါဒါနက္ခန္နေ-ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို၊ အနိစ္စာဒီဟိ-အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်၊ ဝိပဿတိ-ရှု၏၊ အယံ-ဤရှုခြင်းသည်၊ ဝိပဿနာ-ဝိပဿနာ ပေတည်းလို့ ပြဆိုထားပါတယ်။
ဒီမှာလဲ ဥပစာရသမာဓိ ဈာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ် ဆိုပေမယ့် “ပထမ စပြီး ရှုကတည်းက အနိစ္စ စသည်ကို သိမြင်တယ်” လို့တော့ မယူရပါဘူး။
နီဝရဏကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။
နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ဝိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။
အဲဒီ ခဏိကသမာဓိနီဝရဏ ကိလေသာ စိတ်ကူးတွေ ကင်းပြီး စိတ္တဝိသုဒ္ဓိ ဖြစ်တယ်။ စိတ္တဝိသုဒ္ဓိဖြစ်တဲ့ အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းသိပြီး နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပြီးတော့ အနိစ္စ စသည်ကိုသိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်။
အဲဒီလိုဖြစ်ပုံက ဝိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့ အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ စသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ် ပြထားတယ်လို့ မှတ်ရပါမယ်။ အဲဒီလို မယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စ စသည်ကို သိမြင်တဲ့ ဉာဏ်ဖြစ်တယ်လို့ ယူရင် ဝိသုဒ္ဓိမဂ်နဲ့ ဆန့်ကျင်ပါတယ်။ ဝိသုဒ္ဓိ ၇-ပါး ဖြစ်စဉ်နဲ့လဲ ဆန့်ကျင်တယ်။ ဆန့်ကျင်ရင် အစစ်အမှန် မဟုတ်တော့ဘူး ပေါ့။
ယခုပြောခဲ့တဲ့အတိုင်း သမာဓိ သုံးပါးထဲက တစ်ပါးဟာဖြင့် စိတ္တဝိသုဒ္ဓိဖြစ်ပြီးသည့်နောက်မှာ မြင်မှု, ကြားမှုစသော ဖြစ်ပေါ်ခိုက် ဥပါဒါနက္ခန္ဓာတို့ကို ရှုမှတ်ပြီး သဘာဝလက္ခဏာကို သိသိသွားတာပဲ၊ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ပဲ၊ ရုပ်နာမ်ကို ပိုင်းခြားခွဲခြမ်းပြီး သိတာလဲ ဝိပဿနာမဂ်ပဲ အကြောင်းနှင့် အကျိုး ပိုင်းခြားပြီးသိတာလဲ ဝိပဿနာမဂ်ပဲ၊ အသစ်အသစ် ဖြစ်ဖြစ်ပြီး ပျောက်ပျောက် သွားတာကို တွေ့ရလို့ “အနိစ္စမမြဲပဲ၊ ဒုက္ခ-ဆင်းရဲမှုချည်းပဲ၊ အနတ္တ-အစိုးမရတဲ့ သဘောတရားမျှပဲလို့ သိသိသွားတာလဲ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ပဲ၊ အဲဒီလို အနိစ္စစသည်ဖြင့် သိတဲ့ပုဗ္ဗဘာဂ ဝိပဿနာမဂ်က သုံးသပ်ဆင်ခြင်တဲ့ သမ္မသနဉာဏ်မှ အနုလောမဉာဏ်အထိ ဆယ်ဆင့်ရှိပါတယ်။
အနုလောမဉာဏ်ဆိုတဲ့ ဝိပဿနာမဂ်ဖြစ်ပြီးတဲ့နောက်မှာ ရုပ်နာမ်သင်္ခါရ လုံးဝ ဆိတ်သုဉ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်အာရုံဆီကိုညွတ်တဲ့ ဂေါတြဘူဉာဏ်ဖြစ်ပြီးတော့ အဲဒီ နိဗ္ဗာန်အာရုံထဲသို့ ပြေးဝင်သွားတဲ့ အရိယာမဂ်ဉာဏ်ဖြစ်တော့တာပဲ၊ ဒါကြောင့် မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်မြတ်၊ ဖြစ်ပွားစေလျှင် ဤမဂ္ဂင် ပြေးဝင်နိဗ္ဗာန်ဓာတ်” လို့ ဆိုထားတာပဲ။
အတိုချုပ် ဆိုလိုတာကတော့ မူလ မဂ္ဂင်ကို အခြေခံပြီး ပုဗ္ဗဘာဂ ဝိပဿနာမဂ္ဂင်ဖြစ်ပွားစေလို့ ရှိရင် အရိယာမဂ္ဂင်ဖြင့် နိဗ္ဗာန်အငြိမ်းဓာတ်ထဲ ဝင်ရောက်သွားတယ်လို့ ဆိုလိုတာပါပဲ။
အဲဒီတော့ နိဗ္ဗာန်ကို အရိယာမဂ်ဖြင့် မျက်မှောက်ပြုလိုလျှင် ပုဗ္ဗဘာဂမဂ်-ရှေးအဖို့မဂ်-ရှေ့သွားမဂ်ဆိုတဲ့ ဝိပဿနာမဂ္ဂင် ရှစ်ပါးကို ပွားစေရပါမယ်။
ဒုက္ခေဉာဏ်ဆိုတဲ့ ဒေသနာတော်နှင့်အညီ ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုသိပြီး ပွားစေရမယ်၊ ဒုက္ခသစ္စာ ဆိုတာ ပိုင်းခြားသိအပ်တဲ့ ပရိညေယျ တရား။
ဒုက္ခသစ္စာကိုရှုပြီး ပိုင်းခြားသိရင် သမုဒယကို ပယ်ခြင်းကိစ္စလဲ ပြီးတယ်။ပယ်သောအားဖြင့် သိတဲ့ ပဟာနပဋိဝေဓ ကိစ္စပြီးစီးသွားတာပါ။
မဂ္ဂသစ္စာကို ပွားစေခြင်းကိစ္စလဲပြီးတယ်၊ မဂ္ဂသစ္စာဆိုတာ မိမိသန္တာန်မှာ ဖြစ်ပွားစေရပါတယ်။
ရှုသိတိုင်း ရှုသိတိုင်း ဝိပဿနာမဂ္ဂင်တွေ ဖြစ်ပွားတယ်။ အဲဒါဟာ ဖြစ်ပွားစေသောအားဖြင့် သိတဲ့ ဘာဝနာပဋိဝေဓကိစ္စ ပြီးစီးသွားတာပါ။
အနိစ္စ စသည်ဖြင့် သိတိုင်း သိတိုင်း နိစ္စစသည်ဖြင့် စွဲလမ်းပြီးဖြစ်မည့် အဝိဇ္ဇာစသည် ကင်းတယ်၊ အဝိဇ္ဇာစသည်ကင်းတော့ သင်္ခါရစသည်တွေလဲ အကုန်ကင်းကင်းသွားတယ်၊ အဲဒီလို ရှုသိတဲ့အာရုံနဲ့စပ်ပြီး ကိလေသာကံဝိပါက်ခန္ဓာတွေ တဒင်္ဂအားဖြင့် ကင်းကင်းသွားတာဟာ တဒင်္ဂနိဗ္ဗာန်ကို ဝိပဿနာဖြင့် ဆိုက်ရောက်သွားတာပါပဲ။
ဒါကြောင့် မျက်မှောက်ဆိုက်ပြီးသိတဲ့ သစ္ဆိကိရိယာပဋိဝေဓ ကိစ္စလဲပြီးသွားတယ်။
အဲဒီလို (ပရိညာ ပဟာန ဘာဝနာ သစ္ဆိကိရိယာဆိုတဲ့) ကိစ္စလေးပါးလုံး ပြီးစီးသွားအောင် ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို ရှုမှတ်ပြီး သိရပါတယ်။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်ကို မှီငြမ်းပါသည်။
အရိယာပုဂ္ဂိုလ်တို့၏ ကျင့်စဉ်တရား
အရိယာတို့၏ မှီဝဲနေထိုင်ရာ စံနေရာဌာနကို အရိယာဝါသလို့ ခေါ်ပါတယ်၊ အရိယာ - ဆိုတာက အရိယာပုဂ္ဂိုလ်(၈)ပါး၊ အာဝါသ - ဆိုတာက စံနေရာအိမ်၊ အရိယာဝါသ - အရိယာတို့၏ စံနေရာအိမ်ပေါ့၊
မဂ်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်ဘဲလို့ အထင်အရှား ညွှန်ပြဘို့ကတော့ ခဲယဉ်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ မဂ်ပုဂ္ဂိုလ်ရဲ့ အသက်တမ်း အချိန်ကာလက စိတ်ကလေးတစ်ကြိမ်မျှ ရှိလို့ပါဘဲ၊ ဝိပဿာနာရှုနေတဲ့သူဟာ ဝိပဿာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါကျတော့ အရိယာမဂ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်သွားတယ်၊ အဲဒီတွေ့မြင်တဲ့အချိန်က ဘယ်လောက်ကြာသလဲလို့ဆိုယင် စိတ်ကလေးတကြိမ် မျှသာ ရှိတယ်၊ တမိနစ်လဲ မကြာဘူး၊ မိနစ်ဝက်လဲ မကြာဘူး၊ တစက္ကန့်တောင် ကြာဘို့ရာ မရှိပါဘူး၊ အဲဒီလို တခဏကလေးဘဲ ဘာမျှမကြာဘူး၊ အဲဒီစိတ်တချက်မျှ တခဏကလေးအတွင်း နိဗ္ဗာန်ကို မြင်ဆဲအခိုက်အတန့်ကလေးမျှဘဲ၊ အဲဒီအခိုက်အတန့်ကလေးမှာ အဲဒီပုဂ္ဂိုလ်ကို မဂ်ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
အဲဒီအရိယာမဂ်ဖြင့် နိဗ္ဗာန်ကိုမြင်ပြီးတဲ့ အခြားမဲ့မှာဘဲ မဂ်နဲ့အလားတူ အရိယာဖိုလ်စိတ်တရား ဖြစ်ပေါ် လာတယ်၊ အဲဒီ ဖိုလ်စိတ် ဖြစ်ပေါ်လာတဲ့အချိန်က စပြီးတော့ ဖိုလ်ပုဂ္ဂိုလ်လို့ ခေါ်ရတယ်၊ ဒီတော့ အကျဉ်းချုပ် ပြောရမယ်ဆိုလို့ရှိယင်၊ အရိယာပုဂ္ဂိုလ်ဟာ ဖိုလ်ပုဂ္ဂိုလ် ၄-ပါးဘဲ ထင်ရှားညွှန်ပြနိုင်တယ်၊ ထင်ရှားလဲ တွေ့နိုင်ပါတယ်။
အရိယာပုဂ္ဂိုလ်တွေဟာ ဘယ်မှာနေကြသလဲဆိုယင်၊ အရိယာတို့၏ စံနေအိမ်မှာ နေကြတယ်။ အဲဒီအရိယာတွေလဲ ဘယ်မှာ နေကြမည်လဲဆိုယင်၊ ဒီ အရိယာဝါသ တရားတွေမှာဘဲ နေကြမယ်။ ဒါကြောင့် ဒီတရားတွေကို အရိယာဝါသ အရိယာတို့၏ စံနေအိမ်လို့ ခေါ်ရပါတယ်၊ အဲဒီတရားတွေက ၁၀-ပါး ရှိပါတယ်။
နတ်ပဲဖြစ်စေ၊ လူဘဲဖြစ်စေ၊ သံသရာဘေးကို မျှော်မြင်ပြီးတော့ သံသရာက လွတ်မြောက်ရအောင်လို့ တရားကျင့်သုံးနေယင်၊ အဲဒီပုဂ္ဂိုလ်ဟာ ဘိက္ခု မည်ပါတယ်-တဲ့။ တနည်းအားဖြင့်တော့ ကိလေသာ ဘိန္ဒတီတိ ဘိက္ခု-တဲ့၊ ကိလေသာတွေကို ဖျက်ဆီးတတ်ယင် ဘိက္ခု မည်ပါတယ်-တဲ့။
သီလကို စောင့်ထိန်းကျင့်သုံးနေလျှင် သီလနဲ့ဆိုင်တဲ့ ဝီတိက္ကမကိလေသာ တွေကို ဖျက်ဆီးနေသည် မည်ပါတယ်၊ ဝိတိက္ကမကိလေသာ ဆိုတာ သတ်မှု ခိုးမှု လိမ်မှု အကျင့်ပျက်မှုတွေကို ကျူးလွန်တဲ့ လောဘ ဒေါသ စသော ကိလေသာတွေပါဘဲ၊ သီလကိုကျင့်နေယင် အဲဒီ အကြမ်းဆုံး ကိလေသာတွေကို ဖျက်ဆီးနေသည်မည်ပါတယ်။
သမာဓိဘာဝနာ အကျင့်ကို ကျင့်နေယင် သမာဓိနဲ့ဆိုင်တဲ့ ပရိယုဋ္ဌာန်ကိလေသာတွေကို ဖျက်ဆီးနေသည် မည်ပါတယ်၊ ပရိယုဋ္ဌာန်ကိလေသာ ဆိုတာ စိတ်ကူးကြံစည်ပြီး ဖြစ်နေတဲ့ လောဘ ဒေါသ စသော ကိလေသာတွေပါဘဲ။
သမာဓိကို ပွားများနေယင် အဲဒီအလတ်စား ပရိယုဋ္ဌာန်ကိလေသာတွေကို ဖျက်ဆီးနေသည်မည်ပါတယ်။ အနုသယကိလေသာ ဆိုတာ အကြောင်းညီညွတ်တိုင်း အခွင့်ရတိုင်း ဖြစ်ပေါ်လာနိုင်တဲ့ လောဘ ဒေါသ စသော ကိလေသာတွေပါဘဲ။
ဝိပဿာနရှုနေယင် စိတ်တိုင်းစိတ်တိုင်း ရှုမှတ်ချက်တိုင်းမှာ အဲဒီ အနုသယ ကိလေသာတွေကို ဖျက်ဆီးနေသည်မည်တယ်။ ဒွါ့ရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကို ရှုမှတ်နေယင် ရှုတိုင်း ရှုတိုင်း ကိလေသာတွေ ကွာကွာပြီးတော့ ကျကျသွားပါတယ်၊ ဒါကြောင့် ဝိပဿနာပညာကို ပွားနေတဲ့သူဟာ ရှုတိုင်းရှုတိုင်း ကိလေသာကို ဖျက်ဆီးနေသည်မည်တယ်လို့ ဆိုပါတယ်။
ဒီသုတ်မှာတော့ သုတ္တန်ဘိက္ခုကို ရည်ရွယ်ပါတယ်၊ ဒီသုတ္တန်ဘိက္ခုကတော့ ကမ္မဝါနဲ့ ရဟန်းပြုထားသည် ဖြစ်စေ၊ ပြုမထားသည် ဖြစ်စေ၊ တရားကျင့်နေတဲ့ ပုဂ္ဂိုလ်အားလုံးကို ဘိက္ခုလို့ဘဲ ခေါ်ရပါတယ်၊ ဒီသုတ္တန်ဘိက္ခုက လူသားတွင်မကဘူး၊ နတ်တွေ ဗြဟ္မာတွေလဲ ပါဝင်နေပါတယ်။
အင်္ဂါငါးပါးကို ပယ်တာဟာ အရိယာဝါသ တခု၊ အင်္ဂါငါးပါးကိုပယ်ရမယ်၊ ပယ်ပြီးဖြစ်အောင် ကျင့်ရမယ်၊ အဲဒါဟာ အရိယာဝါသ - အရိယာတို့၏နေအိမ်ဘဲလို့ ဆိုပါတယ်။
နောက် အင်္ဂါ ၆-ပါးနဲ့လဲ ပြည့်စုံရမယ်၊ ပြည့်စုံအောင် ကျင့်ရမယ်။ အစောင့်အရှောက် တခုလဲ ရှိရမယ်တဲ့။ စတုရာပေဿနော၊ လေးပါးသော မှီရာရှိသည်။ ဟောတိ၊ ဖြစ်၏-တဲ့။ မှီရာ ၄-ခုလဲ ရှိရမယ်တဲ့။
လောကမှာ ဗုဒ္ဓသာသနာတော် အပြင်ဘက်က ဘာသာအယူဝါဒတွေဆိုတာ အများကြီးရှိတယ်၊ ကိုယ့်အယူဝါဒနဲ့ကိုယ်၊ ကိုယ့်ဟာမှ မှန်တယ်လို့ချည်း ယူဆပြောဆိုနေကြပါတယ်၊ တကယ့် သဘာဝဓမ္မနဲ့ ချိန်ထိုး ကြည့်လိုက်လျှင်တော့ မှန်တာလဲ မဟုတ်ဘူး၊ အမှားတွေချည်းဘဲ၊ အဲဒီလို မိစ္ဆာအယူဝါဒတွေဟာ သူ့ဟာနဲ့သူ မှန်တယ်လို့ ယူဆပြောဆိုနေကြတဲ့အတွက် အဲဒါတွေကို ပစ္စေကသစ္စ-သီးသန့် သစ္စာတွေလို့ ဆိုထားပါတယ်၊ အဲဒီသီးသန့်သစ္စာဆိုတဲ့ မိစ္ဆာဝါဒတွေကိုလဲ ပယ်ပြီးဖြစ်ရမယ်တဲ့။
အရိယာပုဂ္ဂိလ်တွေဟာ သမဝယသဋ္ဌေသနော၊ ရှာမှီးမှုအလုံးစုံကို အကုန်ပယ်စွန့်ပြီးသည်။ ဟောတိ၊ ဖြစ်၏ - တဲ့။ ရှာမှီးမှုအလုံးစုံကို အကုန်ပယ်စွန့်ပြီး ဖြစ်ပါတယ်။
အနာဝိလ သင်္ကပ္ပေါ၊ မနောက်ကျုသော အကြံအစည်ရှိသည်။ ဟောတိ၊ ဖြစ်၏။ စိတ်ကူးကြံစည်မှုတွေ ဟာလဲ နောက်ကျုခြင်းမရှိဘဲ အခါခပ်သိမ်း သန့်ရှင်းကြည်လင်ပြီး စင်ကြယ်နေရမယ်တဲ့။
ပဿဒ္ဓကာယသင်္ခါရော၊ ငြိမ်းသောကာယသင်္ခါရရှိသည်။ ဟောတိ၊ ဖြစ်၏ - တဲ့။
ကာယသင်္ခါရ ဆိုတာ ဒီနေရာမှာ ထွက်သက်ဝင်သက်ကို ခေါ်တယ်။ ဒါကြောင့် ထွက်သက်ဝင်သက် ချုပ်ငြိမ်းတဲ့ စတုတ္ထဈာန်နဲ့လဲ ပြည့်စုံအောင် အားထုတ်ရမယ်လို့ ဆိုလိုပါတယ်။ ဒါကတော့ ပြည့်စုံယင် သာပြီးကောင်းလို့ ညွှန်ပြထားတာပါဘဲ၊ လိုရင်းကတော့ ကိလေသာ ကုန်ခန်းပြီး ရဟန္တာဖြစ်ဖို့က လိုရင်းပါဘဲ၊ ဘာကြောင့်လဲဆိုတော့ အချို့ ရဟန္တာပုဂ္ဂိုလ်တွေမှာ ဒီစတုတ္ထဈာန်ကို မရပေမဲ့ အရိယာကိစ္စ ပြီးနေတာတွေ အများကြီးဘဲ ရှိနေပါတယ်။
သုဝိမုတ္တစိတ္တော၊ ကောင်းစွာလွတ်သော စိတ်ရှိသည်။ သုဝိမုတ္တပညော၊ ကောင်းစွာလွတ်သော ပညာရှိသည်။ ဝါ၊ ကောင်းစွာလွတ်ပြီဟုသိသော ပညာရှိသည်။ ဟောတိ၊ ဖြစ်၏တဲ့။
စိတ်ကလဲ ကိလေသာ အရှင်သခင်တွေရဲ့ လက်ထဲမှ လွတ်မြောက်ရမယ်၊ အဲဒီလို လွတ်မြောက်တာကို သိတဲ့ဉာဏ်ပညာနဲ့လဲ ပြည့်စုံရမယ်တဲ့။ စိတ်က ကောင်းစွာလွတ်မြောက်သွားလျှင်၊ အဲဒီလွတ်သွားတာကို ဆင်ခြင်ပြီးသိတဲ့ ဉာဏ်ပညာကလဲ တပါတည်း ဖြစ်ပေါ်တော့တာပါဘဲ။
ဒါဟာ အရိယာပုဂ္ဂိုလ်တွေရဲ့တရားပါပဲ။
အရိယာတို့၏ စံနေအိမ်မှာ ပြည့်စုံရမည့် အစောင့်အရှောက်က အမှတ်ရမှု-အသိတရား ပါဘဲ။
အဲဒီ အမှတ်ရမှု-သတိအစောင့်အရှောက်နဲ့ ပြည့်စုံရမယ်လို့ ဆိုလိုပါတယ်။
ဘယ်လိုပြည့်စုံရမှာလဲလို့ဆိုတော့ စိတ်တိုင်း စိတ်တိုင်းမှာ အမှတ်ရမှု ထက်ကြပ်ပါပြီး ပြည့်စုံရမယ်လို့ ဆိုလိုပါတယ်။
ဒီလိုစိတ်တိုင်း စိတ်တိုင်းမှာ အမှတ်ရမှု-သတိအစောင့်အရှောက် အမြဲတမ်းပါပြီး ပြည့်စုံတာက ဘယ်လိုပုဂ္ဂိုလ်မှာလဲ၊ ဆိုလို့ရှိယင်၊ ရဟန္တာပုဂ္ဂိုလ်မှာမှ ကောင်းကောင်းပြည့်စုံပါတယ်၊ ရဟန္တာပုဂ္ဂိုလ်များမှာ ကာယကံ - ကိုယ်အမူအရာကို ပြုတိုင်း၊ ဝစီကံ - နှုတ်အမူအရာကို ပြောဆိုတိုင်း၊ မနောကံ - စိတ်သက်သက်ဖြင့် ကြံစည်တိုင်း အမှတ်ရတဲ့ သတိကလေးက အမြဲတမ်းပါနေတယ်။ သတိအစောင့်အရှောက်ကလေးက နောက်က ထက်ကြပ်မကွာလိုက်ပြီး အမှတ်ရနေပါတယ်တဲ့။
အရိယာနေအိမ်မှာ နေနိုင်ဖို့ ယုံကြည်မှု-သဒ္ဒါ လည်း ရှိရမယ်၊ လိုလားမှု-ဆန္ဒ လည်း ရှိရမယ်၊ အားထုတ်မှု-ဝီရိယ လည်း ရှိရမယ်။ ဒီအထဲမှာ ယုံကြည်မှု-သဒ္ဓါတရား ဆိုတာ အလွန်ဘဲ အရေးကြီးပါတယ်။ ဘယ်အလုပ်မဆို အကျိုးရှိရမယ်လို့ ယုံကြည်မှဘဲ လုပ်နိုင်ပါတယ်၊ မယုံကြည်ယင်တော့ မလုပ်နိုင်ဘူး။ “ဖြစ်တိုင်း မှတ်ရှု၊ သတိပြု” ဆိုတဲ့ ဒီအရိယာဝါသ အလုပ်ကလဲ ရှုမှတ်ယင် ဝိပဿနာကုသိုလ်ဖြစ်တယ်၊ အကျိုးရှိတယ် ဆိုတာကို ယုံကြည်မှဘဲ အားထုတ်နိုင်ပါတယ်။
ယုံကြည်ရုံနဲ့လဲ မပြီးသေးပါဘူး၊ ဝိပဿနာ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ တရားတွေကို လိုချင်တဲ့ စိတ်ဆန္ဒကလဲ ထက်ထက်သန်သန်ရှိဖို့ လိုပါသေးတယ်။ ပြီးတော့ မဆုတ်မနစ် မပျင်းမရိ အားထုတ်နို်င်တဲ့ လုံ့လ ဝီရိယကလဲ ထက်ထက်သန်သန်ရှိဘို့ လိုပါသေးတယ်။ ဒီ သဒ္ဒါ ဆန္ဒ ဝီရိယ တွေနဲ့ ပြည့်စုံဖို့လည်း လိုပါသေးတယ်။
ယုံလဲ ယုံတယ်၊ လိုလဲ လိုလားတယ်၊ ပျင်းလဲ မပျင်းဘူး ဆိုယင် အချိန်အခွင့်ရတိုင်း ရှုမှတ်နေရုံပါဘဲ၊ သွားတယ် သွားတယ် ကွေးတယ် ဆန့်တယ်၊ မြင်တယ် ကြားတယ် စသည်ဖြင့် တချက်မှတ်ယင် အရိယာဝါသနေအိမ်ကို တခါရောက်သွားတာဘဲ၊ ဆယ်ချက်မှတ်ယင် ဆယ်ခါရောက်တယ်၊ အချက်တရာ မှတ်ယင် အခါတရာ ရောက်တယ်၊ တမိနစ်ခန့်မှတ်နေယင် အရိယာဝါသ နေအိမ်မှာ တမိနစ်နေရတယ်၊ ဆယ်မိနစ်မှတ်ယင် ဆယ်မိနစ် နေရတယ်၊ သိပ်နေရာကျတယ်။
ရှုမှတ်ပြီး အရိယာဝါသ နေအိမ်မှာ နေတော့ ဘယ်လို အကျိုးကိုရပါသလဲလို့ ဆိုတော့ကာ အောက်ထစ်ဆုံးအားဖြင့် အပါယ်ငရဲက လွတ်တဲ့အကျိုးကို ရပါတယ်။ အဲဒါဟာ အကြာကြီး အားထုတ်မှ မဟုတ်ပါဘူး၊ တခဏလောက် အားထုတ်တာနဲ့ဘဲ ရနိုင်ပါတယ်။ အားမထုတ်ရသေးတဲ့ သူတွေကိုတော့ အားထုတ်ကြည့်စမ်းပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားအရသာကို တကယ်သိမြင်စေလို့ပါပဲ။
အဝတ် အစာ နေရာ ဆေး - ဆိုတဲ့ ဒီပစ္စည်းလေးပါးကို သုံးဆောင်သင့်တဲ့အချိန်မှာ ဆင်ခြင်ပြီး သင့်လျော်ရုံ သုံးဆောင်မှီဝဲဖို့လည်း လိုပါတယ်။ မှီဝဲသင့်တာကို မှီဝဲတာဟာ မှီရာတပါးလို့ ဆိုလိုပါတယ်။ မှီဝဲသင့်တဲ့ အဝတ်အစာနေရာနဲ့ ဆေးများကို မမှီဝဲမသုံးဆောင်ဘဲ ပေတေပြီးနေလျှင် မိမိကိုယ်ကို နှိပ်စက် ညှဉ်းဆဲတဲ့ အကျင့်လို့ခေါ်တယ်၊ ပါဠိလို အတ္တကိလမထာနုယောဂ-အကျင့်-တဲ့။
ဒါကြောင့် သုံးဆောင်သင့်တဲ့ ပစ္စည်းများကို သုံးဆောင်သင့်တဲ့ အချိန်မှာ ဉာဏ်နဲ့ဆင်ခြင်ပြီး သုံးဆောင်ရတယ်၊ ဒီလိုသုံးဆောင်တာဟာ မှီရာလေးပါးထဲက ပဌမမှီရာကို မှီသည်မည်ပါတယ်။
ဒုတိယမှီရာက သည်းခံသင့်တာတွေကို သည်းခံရမယ်တဲ့။ ဘာတွေကို သည်းခံရမှာလဲဆိုယင် အအေးကို သည်းခံရမယ်၊ အပူကို သည်းခံရမယ်၊ နားမချမ်းသာတဲ့ အသံတွေ စကားတွေကို သည်းခံရမယ်၊ ကိုယ်ထဲက မခံသာတဲ့ ဒုက္ခဝေဒနာကို ထင်ရှားပေါ်လာယင် အဲဒါတွေကို သည်းခံရမယ်၊ တချို့က ဒုက္ခဝေဒနာကို သည်းမခံချင်ဘူး။ ဒုက္ခဝေဒနာဖြစ်လာတာနဲ့ တခါထဲ အမှတ်လွှတ်ပြီး သက်သာရာ သက်သာကြောင်းတွေကို လျှောက်လုပ်တတ်တယ်၊ အဲဒီလို တရားလက်လွှတ်လုပ်နေယင် တရားက မတိုးတက်တော့ဘူး၊ ဒါကြောင့် ဒီဒုက္ခဝေဒနာတွေကို သည်းခံပြီး ရှုမှတ်ဖို့ရာ အလွန်အရေးကြီးပါတယ်။
တတိယမှီရာကတော့ ဘေးရန်အန္တရာယ် ဖြစ်စေတတ်တာကို ရှောင်ရမယ်တဲ့။ ဒါကတော့ လွယ်ပါတယ်၊ ခွေးကိုက်တတ်တဲ့ နေရာကိုမသွားနဲ့ ဆင်ကြမ်း မြင်းကြမ်း နွားကြမ်း တွေနား မကပ်နဲ့။ ဆူးပေါတဲ့နေရာ မသွားနဲ့.. စသည်ဖြင့်ပေါ့။
ဒါတွေဟာ ဘုရားဟောပါဠိတော်ထဲမှာကို တိုက်ရိုက်ပြဆိုထားတာတွေပါ။ ဆူးပေါတဲ့ နေရာသွားယင် ဆူးစူးပြီး နာကျင်နေတော့ တရားအားထုတ်မှု ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးတွေကိုလဲ ရှောင်ဖို့ညွှန်ကြားထားပါတယ်။
ငါဟာ တရားအားထုတ်နေတာဘဲ၊ ကိစ္စမရှိပါဘူး ဆိုပြီးတော့ လူစွမ်းကောင်းကြီး မလုပ်ပါနဲ့၊ မသွားသင့်တဲ့ နေရာတွေကို အရဲစွန့်ပြီး မသွားပါနဲ့တဲ့။ မြတ်စွာဘုရားက ဆုံးမနေတာဟာ သားငယ်သမီးငယ် ကလေး တွေကို မိခင်က ယုယုယယနဲ့ သွန်သင်ဆုံးနေသလိုပါဘဲ၊ တယ်ကြည်ညိုစရာကောင်းပါတယ်။
နောက်ပြီး မနီးစပ်သင့်တာတွေလဲရှိသေးတယ်၊ တရားအားထုတ်နေခိုက်မှာ ယောက်ျားနှင့် မိန်းမတွေ အချင်းချင်း မနီးစပ်ဖို့ပါဘဲ၊ အထူးအားဖြင့်တော့ ရဟန်းတော်များမှာ ဒကာမတွေနဲ့ မနီးစပ်ဖို့ပါဘဲ၊ အဲဒါကလဲ ရောနှောနီးစပ်နေယင်၊ မဟုတ်ပဲနဲ့လဲ အကဲ့ရဲ့ အစွပ်အစွဲခံရတတ်ပါတယ်၊ ဒါကြောင့် အဲဒီ ဝိသဘာဂအာရုံတွေနဲ့လဲ မနီးစပ်အောင် ရှောင်ရပါတယ်၊ အဲဒီလို ရှောင်တာဟာလဲ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်မှာ မှီရာတခုပါဘဲ။
စတုတ္ထ မှီရာကတော့ - ပယ်လှန်သင့်တာတွေကို ပယ်လှန်ပစ်ရမယ်လို့ ဆိုလိုပါတယ်။ ဘာတွေကို ပယ်လှန်ရမှာလဲ ဆိုယင်၊ ကာမဂုဏ်နဲ့စပ်ပြီးတော့ ကြံစည် စိတ်ကူးတဲ့-ကာမဝိတက် ကိုလဲ ပယ်ရမယ်။ သူတပါးကို သေပါစေ ပျက်စီးပါစေလို့ ကြံစည်စိတ်ကူးတဲ့-ဗျာပါဒဝိတက် ကိုလဲ ပယ်ရမယ်၊ သူတပါးကို ကိုယ်နဲ့ဖြစ်ဖြစ်၊ နှုတ်နဲ့ဖြစ်ဖြစ် ညှဉ်းဆဲ နှိပ်စက်ဖို့ ကြံစည်စိတ်ကူးတဲ့-ဝိဟိ ံသဝတက် ကိုလဲ ပယ်ရမယ်-တဲ့။
ဒါက အရေးကြီးပါတယ်။
အဲဒီ မှီရာလေးပါးကို မှီပြီးတော့ ဒွါရ ၆-ပါးက ပေါ်လာသမျှကို မပြတ်လိုက်ပြီး ရှုမှတ်နေတော့ ရှေးဦးစွာ ဘာကိုတွေ့တတ်သလဲဆိုယင်၊ နီဝရဏ ငါးပါး ဆိုတဲ့ တရားဆိုးတွေကို တွေ့ရတတ်တယ်။
အားထုတ်စ ပုဂ္ဂိုလ်မှာ သတိနဲ့ သမာဓိက အားမကောင်းသေးတဲ့အတွက် စိတ်ကိုကောင်းကောင်း မထိန်းနိုင်သေးဘူး၊ ဒါကြောင့် စိတ်က သူသွားနေကျ အာရုံတွေကိုဆီချည်း သွားနေတတ်တယ်၊ အဲဒါတွေဟာ ရှုမှတ်မှု ဘာဝနာကို တားမြစ်တတ်တဲ့အတွက် သူတို့ကို နီဝရဏ လို့ ခေါ်တယ်။
အဲဒါတွေကို ရှုမှတ်ပြီး ပယ်ရတယ်၊ မပယ်ယင် သူတို့က နိဗ္ဗာန် မဂ်ဖို်လ်ကို မသွားနိုင်အောင် တားမြစ်ထားတတ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက ပဉ္စင်္ဂဝိပ္ပဟီနော-အင်္ဂါငါးပါးကို ပယ်ပြီး ဖြစ်ရမယ်လို့ ပဌမဆုံး အရိယာဝါသကို အကျဉ်းချုပ် ဟောထားပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခုနော၊ ရဟန်းသည်။ ဝါ၊ သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်။ ဝါ၊ ကိလေသာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်သည်။ ကာမစ္ဆန္ဒော၊ ကာမအလိုဆန္ဒကို။ ပဟီနော၊ ပယ်အပ်ပြီးသည်။ ဟောတိ၊ ဖြစ်၏၊ ဗျာပါဒေါ၊ စိတ်ပျက် စိတ်ဆိုးမှု ဗျာပါဒကို။ ထိနမိဒ္ဓ့၊ ထိုင်းမှိုင်း ပျင်းရိမှု ထိနမိဒ္ဓကို။ ဥဒ္ဓစ္စကုက္ကုစ္စံ၊ ပျံ့လွင့်မှု ပူပန်မှုကို။ ဝိစိကိစ္ဆာ၊ ယုံမှားတွေးတောမှုကို။ ပဟီနာ၊ ပယ်အပ်ပြီးသည်။ ဟောတိ၊ ဖြစ်၏။
အကျဉ်းချုပ်ကတော့ နီဝရဏငါးပါးတရားဆိုးတွေကို ပယ်ရမယ်လို့ ဆိုလိုပါတယ်။
ကာမစ္ဆန္ဒ ဆိုတာ နှစ်သက်လိုချင်တဲ့ သဘောဘဲ၊ ကာမ-လိုချင်တယ်၊ ဆန္ဒ-လိုလားတယ်-နှစ်သက်တယ်၊ ကာမဂုဏ်အာရုံတွေနဲ့စပ်ပြီး နှစ်သက်လိုချင်တဲ့ သဘောကို ကာမစ္ဆန္ဒ ခေါ်တယ်။
အတိုချုပ်ပြောရယင် လိုချင်နှစ်သက်စရာတွေ ဟူသမျှကို ကာမဂုဏ်လို့ ခေါ်ပါတယ်၊ အဲဒီကာမဂုဏ်ရရေး, သုံးဆောင်ခံစားရေးနဲ့ စပ်ပြီး ကြံစည်နေတာ လိုချင်နှစ်သက်နေတာကို ကာမစ္ဆန္ဒနီဝရဏ လို့ ခေါ်ပါတယ်။
မြတ်စွာဘုရား၏ လက်ထက်တော် အခါကာလက ဘုရား၏ မျက်မှောက်မှာတောင်မှ အကြောင်းမညီညွတ် လို့ရှိယင် တရားဆိုတာက မရနို်င်ဘူး၊ အကြောင်းညီညွတ်မှ ရတယ်။
ဒီနေရာမှာ တရားမရခြင်းရဲ့ အကြောင်းက နှစ်ခုရှိတယ်၊ ဘာတွေလဲဆိုလို့ရှိယင် ကိရိယပရိဟာနိ နဲ့ ပါပမိတ္တ တဲ့။ ဒီကိရိယပရိဟာနိ နဲ့ ပါပမိတ္တ ဆိုတဲ့ အကြောင်းနှစ်ခုဟာ တရားထူးကို မရနိုင်အောင် အန္တရာယ်ပြုတတ်တယ်၊ နှောက်ရှက်တတ်တယ်တဲ့။
မဂ်ဖိုလ် မရခြင်း၏ အကြောင်းဟာ ကိရိယ-ပရိဟာနိ ရယ်၊ ပါပမိတ္တ ရယ် ဒီလိုနှစ်ခုရှိပါတယ်တဲ့။
ကိရိယာပရိဟာနိ ဆိုတာက ပြုသင့်ပြုထိုက်တာကို ပြည့်စုံ မပြုကျင့်တာပါဘဲ။ ပြုသင့်ပြုထိုက်တာကလဲ နှစ်မျိုးရှိပါတယ်၊ ဟောတဲ့ပုဂ္ဂိုလ်က ပြုသင့်ပြုထိုက်သမျှကို ပြည့်စုံအောင် မပြုတာကတမျိုး၊ နာတဲ့ပုဂ္ဂိုလ်က ပြုသင့်ပြုထိုက်သမျှကို ပြည့်စုံအောင်မပြုတာကတမျိုး ဒီလိုနှစ်မျိုးရှိပါတယ်၊ ဟောတဲ့ပုဂ္ဂိုလ်က မဂ်ဖိုလ်နိဗ္ဗာန် ရနို်င်လောက်အောင် တရားကို ပြည့်ပြည့်စုံစုံ မဟောလို့ရှိယင် ဟောတဲ့ဆရာရဲ့ တာဝန် လိုနေတာတဲ့။
ဟောတဲ့ပုဂ္ဂိလ်က မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်လောက်အောင် တရားကို ပြည့်ပြည့်စုံစုံ မဟောလို့ရှိယင် တပည့်က ဘယ့်နှယ်လုပ်ပြီး အားထုတ်တတ်မလဲ၊ တချို့က တရားအားထုတ်ချင်ကြပါတယ်၊ ဒါပေမယ့် ဟောမဲ့ ဆရာက မရှိဘူး၊ နည်းပေးလမ်းပြမဲ့သူက မရှိဘူး၊ ဒါနဲ့ တချို့လူတွေက အိုပြီးသေကုန်ရှာကြတယ်၊ တရားလဲ အားမထုတ်လိုက်ရဘူး၊ တရားရဘို့ဆိုတာတော့ ဝေးရော့၊ အဲဒါကြောင့် ဟောတဲ့ဆရာက လိုနေလို့ တရားမရတာလဲ ရှိပါတယ်တဲ့၊ ဒါကတော့ ဆရာ့တာဝန် ချို့ယွင်းချက်ပဲ။
တချို့တပည့်ဖြစ်တဲ့ တရားနာပုဂ္ဂိုလ်တွေက တရားကို ဆုံးအောင်မနာဘူး၊ နာပြန်ယင်လဲ ကျင့်ပါဆိုတော့ မကျင့်ပြန်ဘူး၊ ကျင့်ပြန်တော့လဲ နည်းနည်းလောက်ပဲကျင့်တယ်၊ ပြည့်စုံအောင် မကျင့်ဘူး၊ အားမထုတ်ဘူး၊ အဲဒီလို ပြည့်စုံအောင် မလုပ်တဲ့ မကျင့်တဲ့အတွက် အဲဒီပုဂ္ဂိုလ်မှာ ရသင့်ရထိုက်တဲ့ တရားကို မရဘဲ ဖြစ်သွားတတ်ပါတယ်။
တရားမရခြင်း၏ အခြားအကြောင်းတခုကတော့ ပါပမိတ္တ တဲ့၊ ပါပမိတ္တ ဆိုတာကို သဒ္ဒါအနက်အတိုင်း မြန်မာပြန်လို့ရှိယင်တော့ တဖက်သားပုဂ္ဂိုလ်မှာ တော်တော် မခံချင်စရာကောင်းတယ်၊ ပါပ-က သူယုတ်မာ၊ မိတ္တ-က မိတ်ဆွေ၊ ယုတ်မာတဲ့ မိတ်ဆွေနဲ့ ပေါင်းသင်းလို့တဲ့၊ ဒီလိုဆိုတော့ တဖက်သား ပုဂ္ဂိုလ်ကို သိပ်ပြီးနှိမ်ချရာ ရောက်တယ်၊ ဒါပေမဲ့ သူ့စကား သဒ္ဒါနက်က ဒီလိုဘဲရတော့ ဒိပြင်ဟာကို ပြောင်းလွှဲပြီး ဘာသာပြန်လို့ မဖြစ်ဘူး၊ လိုရင်းကတော့ မိတ်ဆွေမကောင်းလို့ပါဘဲ။
မကောင်းတဲ့ မိတ်ဆွေများရှိတဲ့သူဆိုတာ ဘယ်လိုလူလဲဆိုယင် အဋ္ဌကထာက အဇာတသတ်မင်းကို ဥပမာ ထုတ်ပြထားတယ်၊ အဇာတသတ်မင်းဟာ ပါရမီရှိတဲ့ ပုဂ္ဂိုလ်ဘဲ၊ သာမညဖလသုတ်တရားကို ကြားနာရတဲ့အခါမှာ သူဟာ သောတာပန်ဖြစ်ဖို့ရာ ပါရမီကောင်းကောင်း ပြည့်စုံနေပါတယ်တဲ့၊ ဒါပေမယ့်လို့ သူဟာ ဒေဝဒတ်ဆိုတဲ့ ပါပမိတ္တ-ယုတ်မာတဲ့ မိတ်ဆွေကို ဆရာအဖြစ်နဲ့ ကိုးကွယ်မိတဲ့အတွက် သူ့ခမြာမှာ သူ့ဆရာက ညွှန်ကြားတဲ့အတိုင်း အင်မတန်ကြီးလေးတဲ့အမှုကို လုပ်မိရှာတယ်၊ ဆရာနဲ့တပည့်ဆိုတာ ဆရာကပြောယင် တပည့်က အကောင်းချည်းထင်တာဘဲ၊ ဒါကြောင့် သူဆရာဒေဝဒတ်ကပြောတဲ့အတိုင်း အနန္တကျေးဇူးရှင်ဘခင်ဖြစ်တဲ့ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်မိသွားရှာပါတယ်၊ ဒါကြောင့် ပိတုဃာတကကံ ထိုက်ပြီးတော့ မဂ်ဖိုလ် တရားထူးကိုမရဘဲ လွဲသွားရှာသတဲ့။ ဒါဟာ ပိတုဃာတကကံ ထိုက်အောင်ညွှန်ကြားတဲ့ ဆရာဒေဝဒတ်နဲ့ ပေါင်းမိလို့ပါဘဲ။
ဒိပြင်နည်းနဲ့လဲ လူပေါင်းမှားတာတွေ ရှိပါသေးတယ်၊ ဘုရားလက်ထက်တုန်းက ဘုရားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိဆရာကြီးတွေရှိတယ်၊ အဲဒီ ဒိဋ္ဌိဆရာကြီးတွေရဲ့ ဩဝါဒတွေကို နာခံပြီးနေတဲ့ ပုဂ္ဂိုလ်တွေဟာလဲ မဂ်ဖိုလ်မရကြပါဘူး၊ အဲဒီပုဂ္ဂိုလ်တွေထဲမှာလဲ မဂ်ဖိုလ်ကို ရသင့်ရထိုက်တဲ့သူတွေ တချို့ရှိနိုင်ပါတယ်၊ ယခုကာလမှာလဲ လူပေါင်းမှား ဆရာပေါင်းမှားနေလို့ တရားမှန်ကို မကြားမနာရတဲ့ သူတွေ တရားမှန်ကို အားထုတ်ခွင့်မရတဲ့သူတွေ ရှိကြမှာဘဲ၊ အဲဒါလဲ တရားထူးကို မရခြင်း၏ အကြောင်း တစ်ခုပါပဲ။
ခုနကပြောခဲ့တဲ့ ကိရိယပရိဟာနိ ကအကြောင်းတခု၊ ယခုပြောနေတဲ့ ပါပမိတ္တ ကအကြောင်းတခု၊ မဂ်ဖိုလ်တရားထူးကိုမရခြင်း၏ အကြောင်းနှစ်ခုဆိုတာ ဒီဟာနှစ်ခုပါဘဲ။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ ဘိက္ခု၊ သံသရာဘေးကို ရှုမြင်သောပုဂ္ဂိုလ်သည်။ ဘိက္ခု၊ ကိလေသာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်သည်။ စက္ခုနာ၊ မျက်စိဖြင့်။ ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍။ နေဝ သုမနော ဟောတိ၊ ဝမ်းမြောက် ဝမ်းသာလဲ မဖြစ်ပါဘူး-တဲ့။
ဒိသွာ-မြင်ပြီး၍-တဲ့၊ မြင်ပြီးတဲ့အခါ ကိလေသာ မဖြစ်ဖို့လိုပါတယ်၊ ဒါမှချီးကျူးစရာကောင်းတယ်၊ မမြင်ရမသိရတဲ့ အာရုံနဲ့စပ်ပြီး ကိလေသာ မဖြစ်တာကတော့ ချီးကျူးစရာ မရှိပါဘူး၊ မြင်မှ မမြင်ဘဲသိမှ မသိရဘဲနဲ့ ဘယ့်နှယ် ကိလေသာ ဖြစ်မလဲ၊ ကိုယ်မတွေ့ဘူးတဲ့ လူတယောက်ဆိုပါတော့ မိန်းမဘဲ ဖြစ်ဖြစ်၊ ယောက်ျားဘဲ ဖြစ်ဖြစ်၊ အဲဒီလို လူကို ချစ်လဲ မချစ်ဘူး၊ မုန်းလဲ မမုန်းဘူးဆိုယင် အဲဒါဘာ အံ့ဩစရာရှိလဲ၊ ဘာမှ အံ့ဩစရာမရှိဘူး၊ ကိုယ်ကတွေ့ဘူးလျက်သားနဲ့ အဲဒီပုဂ္ဂိုလ်ကို ချစ်စရာကောင်းလျက်သားနဲ့ မချစ်ဘူး၊ မုန်းစရာကောင်းလျက်သားနဲ့ မမုန်းဘူးဆိုယင်၊ ဒါကိုသာ ချီးကျူးစရာရှိပါတယ်။
ယခု ယောဂီပုဂ္ဂိုလ် (သို့မဟုတ်) အရိယာပုဂ္ဂိုလ်ကတော့ အဲဒီအဆင်း အဲဒီလူကို မြင်ပါတယ်၊ မြင်သော်လဲဘဲ သူ့မှာ-နေဝ သုမနော ဟောတိ၊ ဝမ်းမြောက် ဝမ်းသာလဲ မဖြစ်ပါဘူး-တဲ့၊ န ဒုမ္မနော ဟောတိ၊ စိတ်ပျက် စိတ်ဆိုးခြင်း နှလုံးမသာခြင်းလဲ မဖြစ်ပါဘူးတဲ့။
ဒါဖြင့် ဘယ်လို ဖြစ်နေသလဲ ဆိုတော့-ဥပေက္ခကော ဝိဟရတိ၊ မချစ်မမုန်း ညီတူညီမျှ သိရုံသိရုံကလေးဘဲ ဖြစ်နေပါတယ်တဲ့။
ဘာကြောင့် ဒီလို ဖြစ်နေသလဲ ဆိုတော့ သတော၊ အမှတ်ရသည် ဖြစ်၍။ သမ္ပဇာနော၊ မှန်စွာသိသည်ဖြစ်၍။ ဝိဟရတိ၊ နေလို့ပါဘဲ-တဲ့။
အမှတ်ရပြီးတော့ အမှန်အတိုင်း သိနေလို့ပါဘဲ-တဲ့၊ ဖြစ်တိုင်း ဖြစ်တိုင်းကို အမှတ်ရပြီးတော့ ရုပ်သဘော အနိစ္စ ဒုက္ခ အနတ္တ သဘောကလေးတွေကို အမှန်အတိုင်း သိနေလို့ပါဘဲတဲ့၊ အဲဒါ အင်မတန် အရေးကြီး ပါတယ်။
မှန်စွာ သိနေယင် ဝမ်းသာမှုလဲ မဖြစ်ပါဘူး-တဲ့၊ စိတ်ပျက်မှုလဲ မဖြစ်ပါဘူး-တဲ့၊ လျစ်လျူရှုပြီး နေနိုင်ပါတယ်၊ အဲဒီ အကျိုးကို ရပါတယ်-တဲ့၊ ဘယ်လို ဝမ်းသာစရာကောင်းတဲ့ အဆင်းကို မြင်ရပေမယ်လို့ ဝမ်းမသာဘူး၊ ဘယ်လို စိတ်ပျက်စရာ ကောင်းတာကို မြင်ရပေမယ့်လို့ စိတ်မပျက်ဘူး၊ ဘယ်လိုဖြစ်နေတုံးဆိုယင် လျစ်လျူရှုပြီးတော့ နေပါတယ်-တဲ့၊ ဒီလို နေနိုင်တာက ဘယ်လိုပုဂ္ဂိုလ်လဲလို့ဆိုယင် ရဟန္တာပုဂ္ဂိုလ်တဲ့။
ရဟန္တာပုဂ္ဂိုလ်မှ မြင်တိုင်း မြင်တိုင်း ဘယ်အခါမဆို ဒီအတိုင်း လျစ်လျူရှုပြီး နေနိုင်တာဘဲ၊ ဘယ်လောက် ချစ်စရာကောင်းတဲ့ နှစ်သက်စရာကောင်းတဲ့ အာရုံကို တွေ့ရသော်လဲ ရဟန္တာပုဂ္ဂိုလ်မှာ ချစ်ခြင်း မရှိဘူး၊ ဝမ်းသာခြင်းမရှိဘူး၊ ဘယ်လောက်စိတ်ပျက်စရာ ရွံ့စရာမုန်းစရာကောင်းတဲ့ အာရုံကိုတွေ့ရသော်လဲ စိတ်ပျက်ခြင်း မုန်းခြင်း ရွံခြင်းမရှိဘူး၊ အဲဒီအဆင်းကလေး အဲဒီမြင်မှုကလေးရဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်း သိပြီးတော့ လျစ်လျူရှုနေနိုင်ပါတယ်တဲ့၊ သိရုံမျှ သိရုံမျှကလေးနဲ့ ရှုပြီးတော့ သွားနေပါတယ် တဲ့၊ ဒါဟာ ရဟန္တာပုဂ္ဂိုလ်ရဲ့ ဂုဏ်ပါဘဲ။
ဒါဖြင့် ယောဂီပုဂ္ဂိုလ်က အဲဒီ ရဟန္တာလို ဖြစ်အောင် အားထုတ်လို့ ဖြစ်ပါ့မလားလို့ ဆိုတော့ ဖြစ်ပါတယ်။
အဋ္ဌကထာမှာ “ဝိပဿကော၊ ဝိပဿနာရှုသူသည်။ တံ၊ ထိုဆဠင်္ဂုပေက္ခာကို။ ကာတုံ၊ ပြုခြင်းငှါ။ သက္ကောတိ၊ စွမ်းနိုင်တယ်” လို့ ဆိုထားပါတယ်။
ဖြစ်ပုံကတော့ ခုနကပြောခဲ့တဲ့အတိုင်း နာမရူပပရိစ္ဆေဒဉာဏ်ကစပြီး အစဉ်အတိုင်းတက်လာလို့ သင်္ခါရုပေက္ခာဉာဏ် ရောက်တဲ့အခါကျတော့ ဖြစ်ပါတယ်၊ ယခုလိုဟောရုံမျှ နာရုံမျှနဲ့တော့ ဖြစ်ပါလိမ့်မယ်လို့ ဝန်မခံနိုင်ပါဘူး၊ တကယ်တမ်း တင်းတင်းရင်းရင်း ပြည့်ပြည့်စုံစုံ အားထုတ်ယင် ဖြစ်မယ်လို့သာ ပြောနိုင်ပါတယ်။
သစ္စာသီးသန့်တွေ ပယ်ပုံကတော့ အတိုချုပ်ဆိုယင် သဿတဒိဋ္ဌိ နဲ့ ဥစ္ဆေဒဒိဋ္ဌိ ဒီနှစ်ခုပါဘဲ။
လောကမှာ သဿတဒိဋ္ဌိ အယူရှိနေတဲ့သူက ပုဂ္ဂိုလ်သတ္တဝါဟာ သေပြီးတော့လဲ တည်မြဲတည်နေတယ်၊ တနေရာရာမှာ အသက်ကောင်အလိုက်ပြောင်းရွှေ့ပြီး ရှိမြဲရှိနေတယ်လို့ ထင်တယ်၊ အဲဒီလိုထင်နေတဲ့ မိမိအယူသာမှန်တယ်၊ ဒိပြင် အယူဝါဒတွေ အကုန်မှားတယ်လို့ သူကပယ်တယ်၊ ဒါဟာ မိစ္ဆာအယူရှိတဲ့ သူတွေရဲ့လမ်းစဉ်ဘဲ၊ ကိုယ့်အယူကို မှန်တယ်၊ သူများအယူကို မှားတယ်လို့ ဒီလိုယူရမှာဘဲ၊ သူများအယူကို မှန်တယ်ဆိုယင် ကိုယ့်အယူကို မှားတယ်ဆိုရာ ကျနေမှာပေါ့။
ပြီးတော့ ဥစ္ဆေဒဒိဋ္ဌိ အယူရှိတဲ့ သူကလဲ ပုဂ္ဂိုလ်သတ္တဝါ သေသွားယင်ဘာမှမရှိတော့ဘူး၊ အကုန်လုံးပျောက်သွားတယ်လို့ ဒီလိုယုံကြည်ယူဆထားတယ်၊ ဒါကြောင့် သူကလဲ သေပြီးတဲ့နောက် ဟိုဘဝ ဒီဘဝတွေ ရှိသေးတယ်ဆိုတာ အလကား အမှားတွေ မဟုတ်တဲ့ဟာတွေဘဲ ဆိုပြီး ပယ်ချတယ်၊ ယခုခေတ် ရုပ်ဝါဒအယူမျိုးပါဘဲ။
အဲဒါတွေဟာ ကိုယ့်အယူနဲ့ ကိုယ်သာ မှန်နေတယ်၊ သဘာဝဓမ္မ အစစ်အမှန်နဲ့ ချိန်ထိုးကြည့်လိုက်ယင် တော့ အမှားတွေချည်းဘဲ၊ ဒါကြောင့် အဲဒီမိစ္ဆာအယူတွေက သီးသန့်သစ္စာတွေတဲ့၊ အဲဒီသီးသန့်သစ္စာ တွေကိုလဲ ပယ်ရမယ်တဲ့။
ဒါကတော့ အထူးပယ်နေရတာ မဟုတ်ပါဘူး၊ ရှေ့ပိုင်းက ပြောခဲ့တဲ့အတိုင်း အစောင့်သတိကလေးနဲ့ အမြဲမပြတ် ရှုမှတ်သွားယင် သင်္ခါရုပေက္ခာဉာဏ် ရောက်တော့ ဆဠဂုင်္ပေက္ခာနဲ့ ပြည့်စုံတယ်၊ အဲဒီကနေပြီး အစဉ်အတိုင်း တက်သွားယင် သောတာပတ္တိမဂ်ဉာဏ် ရောက်တော့ ဒီသီးသန့်သစ္စာတွေ အကုန်လုံး ကင်းပျောက်သွားပါတယ်၊ ဒီမိစ္ဆာဒိဋ္ဌိဘေးကြီးတွေ အကုန်လုံး ကင်းပျောက် သွားပါတယ်။
ရှာမှီးမှုကင်းရမယ် ဆိုတာ “ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊ ဘဝေသနာ-ဘဝကို ရှာမှီးခြင်း၊ ဗြဟ္မစရိယေသနာ-မြတ်သောအကျင့်ကို ရှာမှီးခြင်း” လို့ သုံးမျိုး သုံးဆင့်ရှိပါတယ်။
ကာမဂုဏ်ကိုရှာမှီးခြင်း ဆိုတာက ကာမဂုဏ်အာရုံတွေကို နှစ်သက်သာယာပြီး လိုက်လံရှာမှီးနေတာကို ဆိုတာပါဘဲ။
အဲဒါဟာ ဘယ်ကျမှငြိမ်းသလဲဆိုတော့ ယခုပြောခဲ့တဲ့အတိုင်း သတိနဲ့မပြတ်ရှုပြီး အားထုတ်သွားလို့ရှိယင် သောတာပန်ဖြစ်တယ်၊ အဲဒီတော့လဲ သူက မငြိမ်းသေးပါဘူး၊ သကဒါဂါမ်ဖြစ်လို့လဲ မငြိမ်းသေးပါဘူး၊ အနာဂါမ်ဖြစ်တဲ့အခါကျတော့မှ သူက ငြိမ်းသွားတယ်၊ အဲဒီအခါကျတော့ ကာမဂုဏ်ရှာမှီးမှုဟာ လုံးလုံး မရှိတော့ဘူး၊ အကုန်လုံး ကင်းသွားတယ်၊ အဲဒီအနာဂါမ်အဖြစ်ကို ရောက်အောင် အားထုတ်ရမယ်လို့ ဆိုလိုပါတယ်။
ဘဝရှာမှီးခြင်း ဆိုတာကတော့ အနာဂါမ်မှာလဲ မငြိမ်းသေးဘူး၊ ရူပဘဝ အရူပဘဝတွေကို အလိုရှိနေသေးတာဘဲ၊ ကိုယ့်ဘဝကလေးနဲ့ကိုယ် သာယာနေသေးတာဘဲ၊ ရဟန္တာဖြစ်သွားတော့မှ သူက ငြိမ်းတယ်၊ ဒါကြောင့် ရဟန္တာဖြစ်အောင် အားထုတ်ရမယ်လို့ ဆိုလိုပါတယ်။
ဒါတွေကလဲ အထူးအားထုတ်ရတာတွေ မဟုတ်ပါဘူး၊ ရှေ့ပိုင်းက ပြောခဲ့တဲ့ သတိကလေးနဲ့ ရှုမှတ်ပြီး အစဉ်အတိုင်း လိုက်သွားလို့ရှိယင် ရဟန္တာဖြစ်တဲ့ အခါကျတော့ အကုန်လုံး ငြိမ်းသွားတာပါဘဲ။
မြတ်သောအကျင့်ကို ရှာမှီးခြင်း ဆိုတာက မြတ်သော အကျင့်မှန်ကို မသိသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်မှာ ဟိုအကျင့်က ဟုတ်နိုးနိုး၊ ဒီအကျင့်က ဟုတ်နိုးနိုးနဲ့ လိုက်လံရှာဖွေပြီး ယူဆနေတဲ့ မိစ္ဆာအယူ မိစ္ဆာအကျင့်တွေကို ဆိုလိုပါတယ်၊ အဲဒီမိစ္ဆာအယူဆိုတဲ့ မြတ်သောအကျင့် ရှာမှီးခြင်းကတော့ သောတာပတ္တိမဂ် ရောက်တဲ့အခါမှာ မြတ်သော အကျင့်မှန်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးတရားအကျင့်ကို သိသွားတဲ့အတွက် အဲဒီ မိစ္ဆာအယူတွေဟာ အကုန်လုံးငြိမ်းသွားပါတယ်၊ အဲဒီ ရောက်သွားအောင် အားထုတ်သွားဘို့ပါဘဲ။
ကြံစည်မှုတွေလဲ ကြည်လင်ရပါမယ်၊ ဒါကလဲ ဖြစ်တိုင်း ဖြစ်တိုင်းကို သတိကလေးနဲ့ မှတ်နေယင် ပြည့်စုံသွားပါတယ်။
ကာမဝိတက် နဲ့ လိုချင်နှစ်သက်ပြီး ကြံစည်မိယင် အဲဒါကို မှတ်လို့၊ ပျောက်သွားတယ်၊ ဗျာပါဒဝိတက် နဲ့ သူတပါး သေပျက်ရေးအတွက် ကြံစည်မိယင် မှတ်လိုက်၊ သူလဲ ပျောက်သွားတာဘဲ။ ဝိဟိ ံသဝိတက် နဲ့ ညှဉ်းဆဲဘို့ကြံမိယင် အဲဒါကို မှတ်လိုက်၊ သူလဲပျောက်သွားတာဘဲ။ ဒါကြောင့် ကြံစည်မှုတွေဟာ ကြည်လင်ပြီးတော့ သွားပါတယ်၊ အဲဒီလိုရှုမှတ်လို့ ရဟန္တာဖြစ်သွားတဲ့အခါမှာ စိတ်အကြံအစည်ဟာ အမြဲမပြတ် ကြည်လင်သွားပါတယ်၊ အဲဒီရောက်အောင် အားထုတ်ဘို့ပါဘဲ။
နောက် ထွက်သက် ဝင်သက်ငြိမ်းတဲ့ စတုတ္ထဈာန်နဲ့လဲ ပြည့်စုံရမယ်တဲ့။
အဲဒီ ဈာန်ကတော့ တသီးတခြား အားထုတ်ယူမှ ရတယ်၊ ဒါကတော့ ရဟန္တာဖြစ်ရုံနဲ့လဲ ပုဂ္ဂိုလ်တိုင်းမှာ မပြည့်စုံနိုင်ဘူး၊ အဘိညာဉ် ၆-ပါးနဲ့ ပြည့်စုံတဲ့ ဆဠဘိညရဟန္တာ ပုဂ္ဂိုလ်တွေ၊ ဝိဇ္ဇာသုံးပါးနဲ့ပြည့်စုံတဲ့ တေဝိဇ္ဇာရဟန္တာ ပုဂ္ဂိုလ်တွေ၊ ဒီလို ထူးခြားတဲ့ ရဟန္တာတွေသာ ဒီစတုတ္ထဈာန်နဲ့ ပြည့်စုံပါတယ်။
သုက္ခဝိပဿက လို့ခေါ်တဲ့ ရဟန္တာတွေမှာတော့ ဒီဈာန်ကို မရဘူး၊ မရပေမဲ့ အဲဒီရဟန္တာတွေလဲ နိဗ္ဗာန်ကိုတော့ အခြားရဟန္တာတွေလို အတူတူ ရောက်တာပါဘဲ၊ ဒီဈာန်နဲ့ ပြည့်စုံယင်တော့ ပိုကောင်းတာပေါ့လေ၊ ဒါကအဆင့်အတန်းမြင့်တာပေါ့၊ ပဌမတန်း နဲ့ ဒုတိယတန်း လို့ ခွဲကြပါစို့၊ ဈာန်မရဘဲနဲ့ မဂ် ဖိုလ် နိဗ္ဗာန်ရတယ်ဆိုယင် ဒုတိယတန်းပေါ့၊ သူက အညံ့စားပေါ့၊ ဈာန်လဲရတယ်, မဂ် ဖိုလ်ရပြီး ရဟန္တာလဲ ဖြစ်သွားတယ်ဆိုယင် သူက ပဌမတန်းပေါ့၊ သာပြီး ကောင်းပါတယ်။
ဒီလို ပဌမတန်းက ပိုပြီးကောင်းပေမဲ့ အားထုတ်တဲ့ ယောဂီက ပြည့်စုံအောင် အားထုတ်နိုင်မှ ဖြစ်မှာပါ၊ ပြည့်စုံအောင် အားမထုတ်နိုင်လို့ရှိယင်တော့ ဒုတိယတန်းနဲ့ နိဗ္ဗာန်ရောက်ယင်လဲ ကိစ္စပြီးတာပါဘဲ။
နိဗ္ဗာန်ရောက်တဲ့ အခါကျတော့ ဘုရားရယ်၊ ဆဠဘိညရဟန္တာရယ်၊ တေဝိဇ္ဇရဟန္တာရယ်၊ သုက္ခဝိပဿကရဟန္တာရယ်လို့ ဘာမှမထူးပါဘူး၊ ဆင်းရဲငြိမ်းတာ အတူတူချည်းပါဘဲ။
ဒါကြောင့် ထွက်သက် ဝင်သက် ငြိမ်းတဲ့ စတုတ္ထဈာန်ဆိုတာကတော့ ရယင် သာပြီး ကောင်းပါတယ်၊ မရယင်လဲ ရဟန္တာ ဖြစ်တယ်ဆိုယင် ပြည့်စုံနေတာပါဘဲ။ အဲဒါကို အထူး သတိပြုဘို့ပါဘဲ။
လွတ်ယင် လွတ်ကြောင်းသိ .. တဲ့။
အစဉ်အတိုင်း အားထုတ်သွားလို့ရှိယင် စိတ်ကလေးဟာ ကောင်းစွာ လွတ်သွားပါတယ်တဲ့၊ ရာဂကိလေသာလက်မှလဲ လွတ်သွားတယ်၊ ဒေါသကိလေသာ၊ မောဟကိလေသာ လက်မှလဲ လွတ်သွားတယ်၊ ဒါကတော့ အရဟတ္တမဂ်ဉာဏ်ရောက်တဲ့အခါ လုံးလုံးလွတ်သွားပါတယ်။
အဲဒီလိုလွတ်သွားယင် လွတ်သွားပြီဆိုတာကိုလဲ ကိုယ့်ဟာကိုယ်ဘဲ သိတယ်၊ အဲဒီလို လွတ်သွားမှန်း ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး သိသွားတာဟာ သုဝိမုတ္တပညာ တဲ့၊ ရာဂ ဒေါသ မောဟ တွေ မဖြစ်နိုင်အောင် လွတ်သွားပြီလို့ ဆင်ခြင်ပြီးသိတဲ့ ပညာပါဘဲ။
ရဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ တွေ့တွေ့ လွတ်လပ်နေတယ်၊ အချုပ်အချယ် အတွယ်အတာ မရှိဘူး၊ ရာဂနဲ့တွယ်တာမှု မရှိဘူး၊ ဒေါသနဲ့ တွယ်တာမှု မရှိဘူး၊ မောဟနဲ့ မာနနဲ့ တွယ်တာမှု မရှိဘူး၊ ဘာ ကိလေသာနဲ့မှ တွယ်တာမှု မရှိဘူး၊ လုံးလုံးလွတ်လပ်နေတယ်၊ အဲဒါကို သုဝိမုတ္တစိတ္တော လို့ ဟောထားပါတယ်။
အဲဒါကိုတော့ မဟာစည်ဆရာတော်ကြီး၏ ဆောင်ပုဒ်မှာတော့ စိတ်ကောင်းစွာလွတ် လို့ ဆိုထားပါတယ်။
ပြီးတော့ အဲဒီလို လွတ်လပ်သွားကြောင်းကို ပြန်ဆင်ခြင်ပြီးတော့ သိသွားတယ်၊ အဲဒါက သုဝိမုတ္တပညော ဆိုတဲ့ ဒေသနာတော်အရကောင်းစွာ လွတ်မြောက်သွားပြီလို့ ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာပညာ ပါဘဲ၊ အဲဒါကို “ငါ့စိတ်တွေဟာ လွတ်လပ်နေတာဘဲ၊ ဘယ်မှာမှ အထိအငြိမရှိဘူး၊ အကုန်လုံး လွတ်မြောက်နေတာဘဲ” ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ သိရတယ်၊ အဲဒါဟာ ပစ္စဝေက္ခဏဉာဏ် ပါဘဲ။
အဲဒီလိုဆင်ခြင်တာကလဲ ရဟန္တာဖြစ်မှသာ ဆင်ခြင်တာ မဟုတ်ပါဘူး၊ သောတာပန်ဖြစ်ယင်လဲ ကိုယ့်မှာ ကိလေသာတွေ ကင်းသွားသလောက် လွတ်မြောက်နေတာကို သိပါတယ်၊ သူ့စိတ်ဟာ ရှေးကနဲ့ မတူဘူး၊ ရုပ်နာမ်တရားတွေကို ရုပ်နာမ်တရားမျှဘဲလို့ အမှန်အတိုင်း သိပြီးနေတယ်၊ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ အကောင်ကလေး ပျောက်နေတယ်။
အဲဒါကြောင့် “စိတ်ကောင်းစွာလွတ်” လို့ ဆိုတဲ့အတိုင်း စိတ်ကလဲ ကိလေသာနယ်ပယ်က လွတ်မြောက်နေရမယ်၊ သောတာပန်လဲ သောတာပန်အလိုက် ကိလေသာက လွတ်မြောက်ရမယ်၊ သကဒါဂါမ်လဲ သကဒါဂါမ်အလိုက် လွတ်မြောက်ရမယ်၊ အနာဂါမ်လဲ အနာဂါမ်အလိုက် လွတ်မြောက်ရမယ်၊ ရဟန္တာဆိုယင်တော့ အကုန်လုံး လွတ်မြောက်ရမယ်၊ အဲဒီလို လွတ်မြောက်နေတာကိုလဲ ပြန်ဆင်ခြင်တိုင်း ဆင်ခြင်တိုင်း လွတ်မြောက်နေကြောင်း ထင်ရှားနေရမယ်၊ ကိုယ်တွေ့ လက်တွေ့အားဖြင့် ထင်ရှားနေရမယ်၊ စာတွေ့မဟုတ်ဘူး၊ ဖြစ်တတ်တဲ့ ကိလေသာတွေဟာ ရှေးတုန်းက တရားအားမထုတ်ခင်က ဖြစ်ခဲ့တယ်၊ ယခု တရားထူးကို ရပြီးတဲ့အခါမှာ အဲဒီ ဖြစ်နေကျ ကိလေသာတွေ မဖြစ်လာတော့ဘူး ဆိုတာကို သက်သေခံအဖြစ်နဲ့ ကိုယ့်ဟာကိုယ် ထင်ရှားနေရမယ်၊ ဒါကို ဆိုလိုပါတယ်။
အရိယာတရားကိုဆင်ခြင်ပွားများ၍ အရိယာပုဂ္ဂိုလ်များဖြစ်ကြပါစေ။
မှတ်ချက် ။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ အရိယာဝါသတရားတော်ကို မှီငြမ်းပါသည်။
လူတို့၏ အဖိုးတန် ရတနာ
လူတို့ အဖိုးတန် ရတနာဆိုတာ ဘယ်ဟာပါလဲ မြတ်စွာဘုရား … တဲ့။
အဖိုးတန်ဆုံး ရတနာက ပညာပါပဲတဲ့။
အသိအလိမ္မာဉာဏ်ပညာဆိုတဲ့နေရာမှာလဲ မြတ်စွာဘုရား သိစေချင်တဲ့ ရည်ရွယ်ချက်ကတော့ တရားနဲ့ စပ်တဲ့ပညာ …. တဲ့။
မြတ်စွာဘုရား ဟောထားတဲ့ တရားတွေကို နာကြားပြီး သိကြား လိမ္မာတဲ့ ပညာ … တဲ့။ တရားတွေ နာကြားပြီးသိတာက သုတမယ ပညာ။ အဲဒီ သုတမယ ပညာဖြစ်ဖို့ ရုပ်တရား နာမ်တရားတွေ၊ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားတွေ၊ ကုသိုလ်ကံ, အကုသိုလ်ကံ၊ အဲဒီကံတွေရဲ့ ကောင်းကျိုး, ဆိုးကျိုး တရားတွေပေါ့လေ။ နာကြားလို့ သိသင့်တဲ့ တရားတွေကို သိတာက သုတမယပညာ … တဲ့။
သုတမယပညာဉာဏ်နဲ့ သဘောပေါက်ပြီး ကြံစည်သိတာက စိန္တာမယပညာ။ ကြားပြီးမှပဲ စဉ်းစားကြံစည်လို့ ရပါတယ်။ နက်နဲတဲ့တရားတွေကို မကြားမနာရပဲနဲ့ စဉ်းစားကြံစည်တဲ့ စိန္တာမယပညာ မဖြစ်ပါဘူး။ မကြားပဲနဲ့ စိန္တာမယပညာ အစစ်ဖြစ်တာက ဘုရားနဲ့ အရိယာပုဂ္ဂိုလ်များမှာသာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ဘာဝနာမယပညာဆိုတာက ဝိပဿနာပညာပါ။ ဝိပဿနာပညာက အရေးကြီးပါတယ်။ ဝိပဿနာပညာ ပွားများချင်လို့ရှိယင် အခြေခံပညာကို သိရမယ် … တဲ့။ အခြေခံမဂ္ဂင်ကို မူလမဂ္ဂင် ခေါ်ပါတယ်။ ဝိပဿနာ ပညာက ပုဗ္ဗဘာဂမဂ္ဂင် … တဲ့။ ဝိပဿနာပုဗ္ဗဘာဂမဂ္ဂင် ပြည့်စုံတဲ့အခါကျတော့ အရိယမဂ်ပညာ ဖြစ်လာတယ်။ ဒါက အဆုံးသတ်မဂ်ပညာပဲ။ အားလုံး သုံးဆင့်ရှိပါတယ်။
မူလမဂ္ဂင်က တမျိုး၊ ပုဗ္ဗဘာဂမဂ္ဂင်က တမျိုး၊ အရိယမဂ္ဂင်က တမျိုး၊ အဲဒီလို အဆင့် သုံးဆင့်, သုံးမျိုး ရှိတယ်။ ပုဗ္ဗဘာဂမဂ္ဂင် ပြည့်စုံယင် အရိယမဂ္ဂင်ဖြစ်တယ်။
အခြေခံ မူလမဂ္ဂင်ဆိုတာ “သမ္မာဒိဋ္ဌိ” လို့ အဋ္ဌကထာက ဖွင့်ပြထားတယ်။ ခြောက်မျိုး ဖွင့်ပြထားတယ်။ ကမ္မဿကတ သမ္မာဒိဋ္ဌိ။ ဒါလဲ ပညာပဲ။ ကံ, ကို ယုံကြည်ပြီး ကံ၏အကျိုးရှိတယ်လို့ သိတာက ကမ္မဿကတသမ္မာဒိဋ္ဌိ ဖြစ်တယ်။ အဲဒီ ကမ္မဿကတသမ္မာဒိဋ္ဌိကတော့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တိုင်း ပြည့်စုံပြီးသားပဲ။ အခြေခံ ပြည့်စုံနေကြပါပြီ။
မပြည့်စုံသေးတဲ့ပုဂ္ဂိုလ်က ပြည့်စုံဖို့လိုတယ်။ ဒါကြောင့် ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်မှုဖြစ်အောင် ဟောပြောမှုတွေကို နာကြားရတယ်။ ကံ ကံရဲ့အကျိုးတွင် မကသေးဘူး။ နောက်ဆက်တွဲတွေလဲ ရှိသေးတယ်။
အဲဒါက သမာဓိဖြစ်အောင် ဒီလိုရှုရတယ်။ ဒီလိုရှုလို့ရှိယင် သမာဓိဖြစ်တယ်ဆိုတာ ယုံကြည်မှ၊ ပြီးတော့ ဝိပဿနာဖြစ်အောင် မြင်တိုင်း၊ ကြားတိုင်း စသည် ဒွါရခြောက်ပါးက ဖြစ်ပေါ်တိုင်း ရှုမှတ်ရတယ်။ ရှုမှတ်လို့ရှိယင် ရုပ်, နာမ် နှစ်ပါးကို ပိုင်းခြားသိတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသိတယ်။ ရုပ်, နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာကိုလဲ သိတယ်ဆိုတာလဲ ယုံကြည်မှုရှိမှာ။ အဲဒါ ကမ္မဿကတ သမ္မာဒိဋ္ဌိရဲ့ နောက်ဆက်တွဲတွေပဲ။
နောက်ပြီးတော့ သီလလဲ စင်ကြယ်ရမယ်။ အဲဒါလဲ အခြေခံမဂ္ဂင်ပဲ။ သီလဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာပါတဲ့ “သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ မဂ္ဂင်သုံးပါးပဲ ဖြစ်တယ်။ အဲဒီ မဂ္ဂင်တွေလဲ ဗုဒ္ဓသာသနာဝင်ပုဂ္ဂိုလ်တွေမှာ ငါးပါးသီလ ဆောက်တည်ကျင့်သုံးနေယင် ပြည့်စုံနေပါတယ်။
နောက်တခုက ဈာနသမ္မာဒိဋ္ဌိ … တဲ့။ ဈာန်နဲ့ ယှဉ်တွဲဖြစ်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ အဲဒါလဲ နှစ်မျိုးရှိတယ်။ ရိုးရိုး ဈာနသမ္မာဒိဋ္ဌိ၊ ထူးခြားတဲ့ ဈာနသမ္မာဒိဋ္ဌိ၊ အဲဒီ နှစ်မျိုးပါ။ ရိုးရိုးဆိုတာက သာမညရတဲ့ဈာန်၊ ထူးခြားတာက အဘိညာဉ်အထိ ရတဲ့ဈာန်။ ဒီဈာန်တွေက သမာဓိကိုအခြေခံ ဖြစ်တာပါ။ သမာဓိအခြေခံရှိမှ စိတ္တဝိသုဒ္ဓိ ဖြစ်ပါတယ်။
ဝိပဿနာ ရှုမှတ်တယ်ဆိုတာက ဒွါရ ခြောက်ပါးက ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်တွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ရတယ်။ ရှုရမှာက ဘယ်တရားလဲဆိုတော့ ဥပါဒါနက္ခန္ဓာငါးပါးကို နည်းမှန်, လမ်းမှန်အားဖြင့် နှလုံးသွင်း ရှုမှတ်ရမယ် တဲ့။ ဥပါဒါနက္ခန္ဓာ ဆိုတာ စွဲလမ်းနိုင်တဲ့ ခန္ဓာတွေပါ။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုရတယ်။ စွဲလမ်းနိုင်တဲ့ ခန္ဓာတွေက မိမိသန္တာန်မှာ ရှိတာ ဖြစ်တယ်။
မိမိသန္တာန်မှာ ထင်ရှားပေါ်နေတဲ့ စွဲလမ်းစရာ အာရုံတွေဆိုတာရှိတယ်။ ဘယ်လိုထင်ရှား ပေါ်နေသလဲ ဆိုယင် မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားသိတိုင်း၊ ထိသိတိုင်း၊ စိတ်ကူး စဉ်းစားကြံစည်တိုင်း ဒွါရခြောက်ပါးက ထင်ရှားပေါ်နေတယ်။ အဲဒါတွေအားလုံး ဥပါဒါနက္ခန္ဓာတွေချည်းပဲ။
ပရမတ္တဆိုတာ ဖြစ်ဆဲမှ ရှိတာပါ။
ပရမတ္တ ရုပ်, နာမ်တရားဆိုတာ ဖြစ်ဆဲမှာမှရှိတာ ဖြစ်ပြီးလို့ ချုပ်သွားယင် မရှိတော့ဘူး။ မဖြစ်သေးခင်လဲ မရှိဘူး။ အဲဒီလို သိအောင် ဖြစ်ခိုက် ဖြစ်ဆဲ တရားတွေကို ရှုမှတ်ရတယ်။
အရိယမဂ်ရဖို့ ပုဗ္ဗဘာဂမဂ်၊ ဝိပဿနာမဂ်ကို ပွားရမယ်။ ပွားတဲ့အခါ ဘယ်လို ပွားရမလဲဆိုယင် ဖြစ်ခိုက် ဖြစ်ဆဲမှာ ရှုရမယ် … တဲ့။ အဲဒီလို ဖြစ်ခိုက် ဖြစ်ဆဲမှာ ရှုပါမှ သဘာဝမှန်ကို မုချသိနိုင်တယ် … တဲ့။
ရုပ် နာမ်တွေကို ဒီလို ဖြစ်ခိုက် ဖြစ်ခိုက်မှာ ရှုယင်း မှတ်ယင်းနဲ့ အနိစ္စ = မမြဲဘူးဆိုတာ ကိုယ်တိုင် သိလာနိုင်ပါတယ် … တဲ့။
မှတ်ချက် ။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် မှ .. ကောက်နှုတ်ဖော်ပြပါသည်။
မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၁)
ဝိပဿနာလုပ်ငန်းနှင့် စပ်ပြီး ဟောပြောရေးသားချက် တွေထဲမှာ တချို့ ဟောပြောရေးသားချက် တွေဟာ အမှန်အဖြစ်လက်ခံရဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို လက်ခံနေ ကျေနပ်နေကြသူတွေကိုလည်း တွေ့မြင်ကြားသိနေရပါတယ်။ ပိဋကတ်စာပေ အထောက်အထားနဲ့အညီ အမှန်ကို ညွှန်ပြထားတဲ့ ညွှန်ပြချက်တွေကို သိလိုပါတယ်။ မဟာစည်ဆရာတော်ကြီးကို ပရိယတ်၊ ပဋိပတ် စွယ်စုံပညာရှင်ကြီးအဖြစ် ထိပ်တန်းပိဋကတ် ပညာရှင်တွေက လက်ခံထားကြပါတယ်။
ဒါကြောင့် မဟာစည်ဆရာတော်ကြီးရဲ့ ဟောပြောရေးသားချက်တွေကို ဖတ်ရှုလေ့လာကြည့်ပါတယ်။ အဲဒီအခါ ယခုခေတ်မှာ ကြားသိနေရတဲ့ ဝိပဿနာနဲ့ စပ်တဲ့ အဖုအထစ်တွေကို မဟာစည်ဆရာတော်ကြီး ရှင်းပြထားတာကို တွေ့ရပါတယ်။ အဲဒီထဲမှ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘောအကျယ်တွေကို မသိဘဲ တရားအားထုတ်လို့ ရနိုင်ပါသလား။
ဖြေ။ ။ စူဠတဏှာသင်္ခယသုတ်ကို ထောက်ဆသောအားဖြင့် အဘိဓမ္မာကျမ်းဂန်သဘောတွေကို အကျယ်အားဖြင့် မသင်ကြားဖူးသော်လည်း ရုပ်နာမ်မျှ၊ အနိစ္စ ဒုက္ခ အနတ္တသဘောတရားမျှပဲလို့ ဒါလောက် ကြားဖူးနာဖူးရင်လည်း တရားအားထုတ်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။
နောက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်ဆိုရာမှာလည်း အကြောင်းနဲ့အကျိုးမျှ ရှိတယ်။ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ စင်စစ်အားဖြင့် မရှိဘူးလို့ ဒီလောက်သိထားဖို့ လိုပါတယ်။
ဒေသနာတော်အရ အင်္ဂါ၁၂ပါး၊ အခြင်းအရာ ၂ဝ တို့ဆိုတဲ့ အကျယ်ဝိတ္တာရတွေကို အပြည့်အစုံ သိထားဖို့ ကတော့ ပုဂ္ဂိုလ်တိုင်းမှာ မလိုပါဘူး။
အကယ်၍ ပုဂ္ဂိုလ်တိုင်းမှာ အဲဒီလို အကျယ်အားဖြင့် သိပြီးမှ တရားအားထုတ်ရမယ်ဆိုရင် အရှင်စူဠပန်လို ပုဂ္ဂိုလ်မှာ အားထုတ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ အရှင်စူဠပန်ဟာ အက္ခရာ ၄၄ လုံးသာရှိတဲ့ ၁၁ လုံးဘွဲ့ဂါထာကို ၄ လတ်ပတ်လုံးကျက်တာတောင် မရဘူးတဲ့။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်အကျယ်၊ အဘိဓမ္မသဘောအကျယ် တွေကို လေ့လာကျက်မှတ်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါပေမဲ့ မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း အဝတ်ပိုင်းကလေးကို ဆုပ်နယ်ရင်း "ရဇော ဟရဏံရဇောဟရဏံ" လို့ ဆိုပြီး နှလုံးသွင်းတာနဲ့ တစ်နံနက်ခင်းအတွင်းမှာပဲ ရဟန္တာ ဖြစ်တော်မူတယ်။
နောက်ပြီးတော့ မာတိက မာတာဆိုတဲ့ ဒါယိကာမကြီးဟာလည်း ရဟန်းတရားကို အားထုတ်တယ်ဆိုတာ ဘယ်လိုဟာလဲလို့တောင် မသိခဲ့ဘူး။ ဒါပေမဲ့ ရဟန်းတော်များထံမှ နည်းယူပြီး အိမ်မှာနေရင်း အားထုတ်လိုက်တာ အဲဒီကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတွေထက်တောင် အလျင်ကျပြီး အနာဂါမ် ဖြစ်သွားပါသေးတယ်။ အဲဒီမာတိကမာတာ ဒါယိကာမကြီးလည်း အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာသင်ကြားနိုင်ခွင့်မရှိကြောင်း ထင်ရှားပါတယ်။
ဒိပြင်လည်း အလားတူ သာဓကတွေ များစွာရှိပါတယ်။ ဒါကြောင့် တတ်သိလိမ္မာတဲ့ ဆရာသမားထံမှ နည်းယူပြီး အားထုတ်ရင် အဘိဓမ္မသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာ ကျက်မှတ်မထားပေမယ့် ဖြစ်ခိုက်ရုပ်နာမ် ကို ရှုမှတ်နေရင်း ကိုယ်တိုင် တွေ့မြင်သိမြင်ခြင်းဖြင့်ပင် ကိစ္စပြီးတယ်လို့ မြဲမြံစွာ မှတ်ထားကြရပါမယ်။ (ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး)
မေး။ ။ အကြောင်းကို မသိမ်းဆည်းဘဲ မရှုဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ခုန်ကျော်ရှုတဲ့ အရှင်ဆန္နရဲ့ ဝိပဿနာဟာ ဘယ်လိုဝိပဿနာလဲ။
ဖြေ။ ။ ပဋိစ္စသမုပ္ပါဒ်ကို လက်ကိုင်ပြုပြီးတော့ သူတို့ဟောထားတဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ရင် ဝိပဿနာတရားကို အားမထုတ်ကောင်း သယောင်ယောင်နဲ့ တရားအားထုတ်တဲ့ သူများအား စိတ်ဓာတ်ပျက်ပြားအောင် ဟောနေကြတဲ့ ပဋိပတ္တိသာသနာဖျက် ပုဂ္ဂိုလ်တစ်ချို့ကသူတို့ လက်ကိုင်ပြုပြီး ဟောနေတဲ့ တရားကတော့ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်က ဆန္နသုတ်ပါပဲ။
အဲဒီသုတ်မှာ ပြထားပုံ အကျဉ်းချုပ်ကတော့အ ရှင်ဆန္နဟာ ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးတဲ့နောက် ဗြဟ္မဒဏ်အပေးခံရ၍ သံဝေဂ ဖြစ်ပြီးတော့ အခြားရဟန်းတော်များထံမှာ ညွှန်ကြားချက်ကို ခံယူပြီးတော့ ရုပ်မမြဲ၊ ဝေဒနာ၊သညာ၊ သင်္ခါရ၊ ဝိဉာဏ်မမြဲ၊ အနတ္တ အတ္တမဟုတ်၊ သင်္ခါရတရား အားလုံးတို့ မမြဲကြ၊ သဘောတရားအားလုံးတို့ အတ္တမဟုတ်ကြလို့ နှလုံးသွင်းဆင်ခြင်ကြည့်ပါသတဲ့။
အဲဒီလို နှလုံးသွင်းဆင်ခြင်ကြည့်တဲ့အခါ သူ့မှာ မူလကပင် အတ္တစွဲက အားကြီးနေတဲ့ အတွက် ရုပ်ဝေဒနာ သညာ၊ သင်္ခါရ၊ ဝိဉာဏ်ဆိုတဲ့ သဘောတရားအားလုံးပင် အတ္တမဟုတ်ဆိုတာကို မသက်ဝင်နိုင်ဘဲ ရှိနေပါသတဲ့။ အတ္တပျောက်သွားမှာကို စိုးရိမ်တဲ့ ဘယပရိတဿနာနဲ့ အတ္တမရှိရင် အနတ္တ၊ ရုပ်နာမ်တွေက ပြုလုပ်တဲ့ ကံဟာ ဘယ်အတ္တမှာ ကောင်းကျိုးဆိုးကျိုးပေးနိုင်မှာလဲ လို့ ယူဆစွဲလမ်းတဲ့ ဒိဋ္ဌိဥပါဒန်လည်း သူ့မှာ ဖြစ်နေပါသတဲ့။ ဒီလိုဆိုရင် ငါ၏ အတ္တက ဘယ်မှာလဲလို့ သူ့စိတ်က အတ္တစွဲဆီ ပြန်ဆုတ်လာပါသတဲ့။
ဒီလိုဖြစ်ရခြင်း၏ အကြောင်းကို အဋ္ဌကထာမှာ ဒီလိုပြထားပါတယ်။ အယံထေရော၊ ဤဆန္နမထေရ်သည်၊ ပစ္စယေ အပရိဂ္ဂဟေတွာ၊ အကြောင်းတရားတို့ကို မသိမ်းဆည်း၊ မရှုမူ၍။ ဝိပဿနံ ပဋ္ဌသေ တိရ၊ ဝိပဿနာရှုခြင်းကို ဖြစ်စေသတဲ့။
(ဒီစကားဖြင့် တကယ်ဖြစ်ပေါ်တဲ့ ရုပ်နာမ် မရှုဘဲ ဆင်ခြင်ရုံမျှဖြင့် ရှုကြောင်း သိရ၏။ အဘယ်ကြောင့်လဲ ဆိုရင် မြင်ဆဲကြားဆဲ စသည်၌ တကယ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်ကို ရှုပါမူ သမာဓိအားရှိသောအခါ ရှေးဦးစွာ ရုပ်နှင့်နာမ်ကို ခွဲခြား၍ သိရသည်။ ထို့နောက် အကြောင်းနှင့် အကျိုးကို သိမ်းဆည်းရသည်။ ထို့နောင်မှ အသစ်အသစ်ဖြစ်ဖြစ်ပြီး ပျောက်ပျောက်သွားတာကို တွေ့ရသဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဟုရှုသိသော ဝိပဿနာဉာဏ်အစစ်ဖြစ်မြဲပင် ဖြစ်သည်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယ ပရိဂ္ဂဟ ဉာဏ်အ စစ်ဖြစ်မြဲပင် ဖြစ်သည်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်မဖြစ်ဘဲ အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်ကို မသိနိုင်သည်သာ။ သို့ဖြစ်ပါလျက် အကြောင်းကို မသိမ်းဆည်းဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုသော ဝိပဿနာကို ဖြစ်စေသည်ဟု ဆိုသည်မှာ ဆင်ခြင်ရုံမျှဖြင့် သိသော ဝိပဿနာအတုမျှသာ ဖြစ်ကြောင်းထင်ရှား၏။)
အဿ၊ ထိုအရှင် ဆန္န၏။ သာ ဒုဗ္ဗလဝိပဿနာ၊ ထိုအားနည်းသော ဝိပဿနာသည်။ အတ္တဂါဟံ ပရိဟာဒါပေတုံ အသတ္တုဏန္တီ၊ အတ္တစွဲကို ကုန်စေရန် မစွမ်းနိုင်သည် ဖြစ်၍ သင်္ခါရေသု သုညတော ဥပဋ္ဌဟန္တေသု၊ သင်္ခါရတို့သည် အတ္တမှ ဆိတ်သောအားဖြင့် ထင်ကုန်လတ်သော်။ ဥစ္ဆိဇ္ဇိဿာမိ ဝိနိဿိဿာမီတိ၊ ပြတ်သွားတော့မည်၊ ပျက်သွားတော့မည်ဟု။ ဥစ္ဆေဒဒိဋ္ဌိယာစေဝ၊ ဥစ္ဆေဒဒိဋ္ဌိ၏ လည်းကောင်း၊ ပရိတဿနာယ စ၊ အတ္တပျက်သွားမည်ကို စိုးရိမ်ပူပန်ခြင်း၏ လည်းကောင်း၊ ပစ္စယော ဟောတိ၊ အကြောင်း ဖြစ်လေသည်တဲ့။
အဲဒီအဋ္ဌကထာ စကားထဲမှာ ဒုဗ္ဗလ ဝိပဿနာ ဆိုတဲ့ စကားဖြင့်လည်း တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ကို ရှုပြီး အမှန်သိတဲ့ ဝိပဿနာ အစစ်မဟုတ်၊ ဝိပဿနာအတုမျှသာ ဖြစ်ကြောင်း သိရပါတယ်။
နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်စသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော ဝိပဿနာအစစ်ကိုတော့ အားမကောင်းသေးရင် တရုဏ၊ နုသော ဝိပဿနာလို့သာ ဆိုပါတယ်။
ဒါကြောင့် ပစ္စယပရိဂ္ဂဟ ဉာဏ်မပါဘဲ ခုန်ကျော်ရှုတဲ့ အရှင်ဆန္န၏ ဝိပဿနာအတုကို အကြောင်းပြုပြီးတော့ မြင်ဆဲ ကြားဆဲ စသည်မှာ တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်တွေကို သဘာဝ လက္ခဏာမှစ၍ အစဉ်အတိုင်း မှန်ကန်စွာရှုမိနေကြတဲ့ယောဂီတွေရဲ့ ဝိပဿနာအစစ်ကိုတော့ ပဋိစ္စသမုပ္ပါဒ် မသိနားမလည်ဘဲနဲ့ မရှုကောင်းဘူး စသည်ဖြင့် မပိတ်ပင် မတားမြစ်ကောင်းဘူး။ ပိတ်ပင်တားမြစ်ရင် ပဋိပတ္တိသာသနာတော်ကို ပိတ်ပင်ဖျက်ဆိးရာရောက်တယ် ဆိုတာကို နားလည်ထားကြရမယ်။
ဘာကြောင့်လဲ ဆိုရင် ဖြစ်ခိုက်ရုပ်နာမ်ကို ရှုနေတဲ့ ယောဂီများမှာ သမာဓိဉာဏ်အား ရှိလာတဲ့ အခါ ရုပ်နဲ့ နာမ်ကို ရှေးဦးစွာ ခွဲခြားပြီး သိတယ်။ အဲဒီကနောက် မျက်စိနဲ့ အဆင်းရှိလို့ မြင်တယ်။ နားနဲ့ အသံရှိလို့ ကြားတယ်။ သွားချင်တဲ့ စိတ်ရှိလို့ သွားတယ်။ မရှုမိတဲ့ အာရုံမှာ အမှန်အတိုင်းမသိလို့ သာယာတပ်မက်တယ်။ တပ်မက်လို့ စွဲလန်းတယ်။ စွဲလန်းလို့ မိမိအလိုအတိုင်းပြည့်စုံအောင် ပြုလုပ်အားထုတ်တယ်။ ကံကောင်းလို့ ကောင်းတာကိုခံစားရတယ်။ စသည်ဖြင့် အကြောင်းကို သိမ်းဆည်းတဲ့ အသိဉာဏ်ဟာ သူ့အလိုလို ဖြစ်တော့တာပဲ။ အဲဒီလိုအကြောင်းကို သိပြီးတော့မှ အဖြစ်အပျက်များ ထင်ရှားပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသိဉာဏ်တွေ ဖြစ်ပါတယ်။ အကြောင်း မသိဘဲနဲ့ ခုန်ကျော်ပြီး အနိစ္စအသိဉာဏ်စသည် ဖြစ်ရိုးမရှိပါဘူး။
ဒါကြောင့် စောစောပိုင်းက ပဋိစ္စသမုပ္ပါဒ်ကို အကျယ်လေ့လာ မထားပေမယ့် အရှင်ဆန္နလို အရှုပ်အထွေးဖြစ်စရာကတော့ မရှိပါဘူး။ နောက်ပြီးတော့ အရှင်ဆန္နဟာလည်း အရှင်အာနန္ဒာ ဟောကြားတဲ့ ပဋိစ္စသမုပ္ပါဒ်တရားကို နာရတော့ ချက်ချင်းပင် အရှုပ်အထွေးကင်းပျောက်ပြီး ဝိပဿနာ လမ်းမှန်ဖြင့် အရဟတ္တဖိုလ်ပေါက်ဆိုက်ရောက်သွားပါတယ်။
ဒါကြောင့် ဆရာသမားထံမှာ အားထုတ်နေတဲ့ ယောဂီဟာ စောစောပိုင်းက သုတလိုနေရင်တောင်မှ တရားအားထုတ်ခါနီးမှာ ကမ္မဋ္ဌာန်းဆရာ ဟောကြားတာကို နာရပြီးတော့ သုတပြည့်စုံသွားနိုင်ပါတယ်။ တရားအားထုတ်နေဆဲမှာ အရှုပ်အထွေးပေါ်လာရင်လည်း ကမ္မဋ္ဌာန်းဆရာက ဟောပြောပြုပြင် ပေးတဲ့ အတွက် အစစအရာရာ အဆင်ပြေသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာသမားထံ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ သုတနှင့်စပ်ပြီး စဉ်းစားစိစစ်စရာတောင် မလိုပါဘူး။ အကယ်၍စိစစ်ချင်သေးရင်လည်း ယခု ပြောခဲ့တဲ့အတိုင်း စိစစ်ရုံပါပဲ။
အဲဒီလိုစိစစ်တော့ အကျဉ်းချုပ်အားဖြင့် ဆိုရင် ရုပ်နာမ်တရားအလုံးစုံသည် အနိစ္စ၊ဒုက္ခ၊ အနတ္တ သဘောချည်းပဲ လို့ ဒါလောက် ကြားဖူးရင် သုတပြည့်စုံနေကြောင်း သိရတယ်။
နောက်ပြီးတော့အဋ္ဌကထာမှာ ပြဆိုချက်အရဖြင့် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ ဒီသစ္စာလေးပါးကို ကြားနာဖူးရင် သုတ ပြည့်စုံကြောင်း သိရတယ်။
နောက်ပြီးတော့ ဝိသုဒ္ဓိမဂ် မဟာဋီကာအရ ဆိုရင် အကြောင်းတရားနှင့် အကျိုးတရားမျှ ရှိတယ်ဆိုတာ ကြားနာဖူးရင် အကျဉ်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်သုတနှင့် ပြည့်စုံကြောင်း သိရတယ်။
အဲဒီလို စောစောက မကြားဖူးသေးတောင်မှ တရားအားထုတ်ခါနီးမှာ ရုပ်နှင့်နာမ် ၂ ပါးမျှသာ ရှိကြောင်း၊ အကြောင်းနှင့် အကျိုး တရားမျှသာ ရှိကြောင်း၊ အဲဒီရုပ်နာမ်တွေဟာ ခဏမစဲ ဖြစ်ပျက်နေလို အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်း ဖြစ်ကြောင်း၊ အဲဒီရုပ်နာမ် အကြောင်းအကျိုး အဖြစ်အပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ကိုယ်ပိုင် ဉာဏ်ဖြင့် သိရအောင် ဝိပဿနာ တရားကို အားထုတ်ရကြောင်း စသည်များကို ကမ္မဋ္ဌာန်းဆရာထံမှ ကြားရသဖြင့် သုတပြည့်စုံနိုင်ပါတယ်။ (သီလဝန္တသုတ်တရားတော်)
(အရှင်)သာမဏေကျော်
မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၂)
မေး။ ။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့် ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်တာဟာ သညာသိပါလား၊ ပညာဉာဏ်အသိပါလား။
ဖြေ။ ။ အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်၊ ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။ ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဉာဏ်ဖြစ်တာ။
ဥပမာ ခြံဝင်းတံခါးပေါက်က ဖြစ်စေ၊ ရွာတံခါးပေါက်ဝက ဖြစ်စေ စောင့်ပြီးကြည့်နေရင် ဝင်တိုင်းထွက်တိုင်း၊ လူတွေကို တွေ့ပြီးသေသေချာချာ သိရတယ်။ စာပေကျမ်းဂန်အရဖြစ်စေ၊ တစ်ဆင့်ကြားစကားအရ ဖြစ်စေ စဉ်းစားဆင်ခြင်နေဖို့ မလိုပါဘူး။ တစ်နည်း ဥပမာအားဖြင့် လမ်းဘေးမှာ ကြည်လင်နေတဲ့ မှန်ကို ထောင်ထားပါ။ လူဖြစ်စေ၊ ကားဖြစ်စေ လာလာသမျှတွေဟာ အဲဒီမှန်ထဲမှာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ် ထင်ပေါ်သွားကြမယ်။ အဲဒီလိုပါပဲ။ ဒွါရ ၆ ပါးက ပေါ်လာသမျှတွေကို သတိဉာဏ်နဲ့ စောင့်ပြီးရှုမှတ်နေရင် ရုပ်နာမ် သဘောတရားတွေဟာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ်ထင်ပေါ် သွားကြပါတယ်။ (ဘာရသုတ္တန်တရားတော်)
မေး။ ။ ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်ဆိုတာ ဟုတ်နိုင်ပါသလား။
ဖြေ။ ။ သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ ယခုခေတ်မှာ ရုပ်နာမ်သဘောတရားတွေကို ကြားနာကျက်မှတ်ပြီးသိရုံနဲ ကိစ္စပြီးတယ်။ ဘာဝနာအလုပ်တွေကို အားထုတ်ဖို့ မလိုဘူး။ သီလကိုတောင်ဆောက်တည်ဖို့ ကျင့်ဖို့ မလိုဘူး လို့ ဟောပြောနေကြတာတွေ ရှိတယ်။ အဲဒီဝါဒအတိုင်း ယုံကြည်စွဲလန်းနေရင် သီလဗ္ဗတပရာမာသ အယူမှ လွတ်မလွတ် စဉ်းစားကြည့်ကြရမယ်။ ဘုန်းကြီးအမြင်အားဖြင့်တော့ အဲဒီဟောပြောချက်ထဲမှာ သီလ၊ သမာဓိ၊ ဝိပဿနာပညာဆိုတာ မပါတဲ့အတွက် သီလဗ္ဗတပရာမာသ အယူထဲမှာ ပါဝင်နေတယ်လို့ပဲ ထင်မြင်ပါတယ်။ (ဓမ္မစကြာတရားတော်ကြီး)
မေး။ ။ ခဏိက သမာဓိဖြင့် ဝိပဿနာ ဖြစ်နိုင်ပါသလား။
ဖြေ။ ။ ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရမယ်။ အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ဝိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလည်း အထူးသတိပြုကြရမယ်။ အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် သဒိသူပစာ အားဖြင့် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပ၊ ၄၃၆) မှာ ပြဆိုထားတယ်။
အဲဒါကို ဝိပဿနာ အနေနဲ့ဆိုရင် ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဘုန်းကြီးက ဝိပဿနာ ခဏိကသမာဓိလို့လည်း ဖော်ပြနေပါတယ်။ အဲဒါကိုတချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ဝိပဿနာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာလည်း ဝိပဿနာဉာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေတယ်။
စာသင်သားတွေ၏ သမာဓိဟာ နီဝရဏ ကင်းလောက်အောင်အားရှိရင် မဟာသတိပဋ္ဌာနသုတ်နှင့်အညီ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေတာလည်း ဟုတ်ရင် ဝိပဿနာဉာဏ် ဖြစ်နိုင်ပါတယ်လို့ ဘုန်းကြီးတို့က လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျက်မှတ်လေ့လာထားတဲ့ သရုပ်သဘောတွေကို ရွတ်ဆို ဆင်ခြင်နေတဲ ့သမာဓိမျှဖြင့် နီဝရဏလည်း မကင်းကြောင်း၊ ဖြစ်ဆဲရုပ်နာမ်ကို ရှုနေတာလည်း မဟုတ်ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် အဲဒီလို အပြစ်ပြပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ဝိပဿနာ လုပ်ငန်းအစစ်ကို နားမလည်လို့ ပြောနေတာပဲ။
ဝိသုဒ္ဓိမဂ် (ပ၊၂၈၁) မှာ ဝိပဿနာ ခဏိကသမာဓိကို ခဏမတ္တဌိတိကော သမာဓိစသည်ဖြင့် ပြထားပါတယ်။ အဲဒီအဋ္ဌကထာ၊ ဋီကာများကိုလည်း အမှီပြုပြီးတော့ ဘုန်းကြီးက သဒိသူပစာ ဥပစာရသမာဓိကို ဝိပဿနာခဏိက သမာဓိလို့ မုချအမည်အားဖြင့် ပြဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သဘောပေါက်ရင်တော့ ရှင်းနေမှာပါပဲ။ (ဓမ္မစကြာတရားတော်ကြီး)
ဝိပဿနာရှုခိုက်မှာ ဖြစ်တဲ့ သမာဓိကတော့ ခဏိက သမာဓိလို့ ခေါ်ရပါတယ်။ ရှုခိုက်ရှုခိုက် ခဏခဏမျှသာ တည်တံ့တဲ့ သမာဓိလို့ ခေါ်ဆိုရပါတယ်။ ဝိပသဿနာရှုခိုက်မှာ ဒီခဏိကသမာဓိ မပါရင် ဝိပဿနာဉာဏ်ဟာ မဖြစ်နိုင်ဘူး။ အားကောင်းတဲ့ ဒီခဏိကသမာဓိပါမှ ဖြစ်နိုင်ပါတယ်။ ဈာန်အခြေခံမရှိဘဲ ဝိပဿနာသက်သက်ရှုတဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မှာဆိုရင် ဒီဝိပဿနာ ခဏိက သမာဓိဖြင့်ပင် ဝိပဿနာဉာဏ်တွေကို ဖြစ်စေပြီးတော့ အရိယမဂ်ဖိုလ်ကို ရောက်ရတယ်။ ဒီဝိပဿနာသမာဓိဟာ အာရုံတစ်ခုတည်းရှုရတာမဟုတ်ဘူး။ (အလုံးစုံကို ရှေးရှုပြီး သိရမယ် စသည်ဖြင့် ပြထားတဲ့အတိုင်း) ထင်ရှားပေါ်လာသမျှ အာရုံတွေကို အကုန်လုံးပဲ ရှုရပါတယ် ဒါပေမဲ့ ရှုခိုက်ရှုခိုက်မှာ ရှုရတဲ့အာရုံနဲ့ ကပ်ခနဲ ကပ်ခနဲ တည်တည်သွားတဲ့အတွက် ပျံ့လွင့်ခြင်း မရှိဘူး။ အဲဒါဟာ ထိထိရောက်ရောက် ဝိပဿနာအလုပ်ကို အားထုတ်ဖူးတဲ့သူတွေမှာ အလွန်ထင်ရှားနေပါတယ်။ (သလ္လေခသုတ်တရားတော်ကြီး)
မေး။ ။ သရုပ်သချာင်္ဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒဉာဏ်အစစ် ဖြစ်ပါသလား။
ဖြေ။ ။ သရုပ်သချာင်္ဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒ ဉာဏ်အစစ်မဖြစ်။ တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ရှုမှတ်နေစဉ် သိစရာရုပ်နှင့် အသိစိတ်နာမ် တခြားစီ ခွဲခြား၍ သိမှသာ နာမရူပပရိစ္ဆေဒဉာဏ် အစစ် ဖြစ်ကြောင်း မှတ်သားကြရမယ်။ (ဓမ္မစကြာတရားတော်ကြီး)
ကိုယ်ပိုင်အသိဉာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်တယ်။ ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ဘူး။ လောကီစိတ်က ၈၁ ခုနဲ့ စေတိသိက် ၅၂ ခုက နာမ်၊ ရုပ် ၂၈ ခုက ရုပ်၊ ဒီနာမ်ရုပ် ၂ ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပဲ။ ကိုယ်ပိုင်ဉာဏ်ပညာသိမဟုတ်ဘူး။
စဉ်းစားကြည့်ပါ။ လောကီစိတ် ၈၁ ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ ဈာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနိုုင်ပါ့မလား။ ရုပ် ၂၈ ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။
အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ ဟုတ်ပါ့မလား။ အမည်ပညတ်လောက် သိနေတာ မဖြစ်ပေဘူးလား။ "ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဉာဏ်အစစ် မဖြစ်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။
ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ဝိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် မရှိနိုင်ဘူး။ ဝိပဿနာပညာ ကင်းမဲ့နေကြတယ်။ (သလ္လေခသုတ်တရားတော်ကြီး)
မေး။ ။ ပထမစပြီး ဝိပဿနာရှုကတည်းက အနိစ္စ စသည်ကို သိမြင်ပါသလား။
ဖြေ။ ။ ဝိပဿနာ ယာနိက၏ ရှုပုံကိုတော့ ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ဝုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ဝိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ဝိပဿနာ၊ ဝိပဿနာပေတည်းလို ပြဆိုထားတယ်။
ဒီမှာလည်း ဥပစာရသမာဓိ၊ ဈာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမစပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်လို့တော့ မယူရဘူး။ နီဝရဏ ကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။ နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ဝိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီခဏိက သမာဓိ ဖြစ်တဲ့အခါကျမှ နီဝရဏ ကိလေသာစိတ်ကူးတွေ ကင်းပြီး စိတ္တဝိသုဒ္ဓိဖြစ်တယ်။
စိတ္တဝိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းကြီးသိပြီး နာမရူပပရိစ္ဆေဒ ဉာဏ်ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြစ်ပြီးတော့ အနိစ္စစသည်ကို သိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်။ အဲဒီလို ဖြစ်ပုံက ဝိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ်ပြထားတယ်လို့ မှတ်ရမယ်။
အဲဒီလိုမယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ဉာဏ်ဖြစ်တယ်လို့ ယူရင် ဝိသုဒ္ဓိမဂ်နဲ့ ဆန့်ကျင်တယ်။ ဝိသုဒ္ဓိ ရ ပါး ဖြစ်စဉ်နဲ့လည်း ဆန့်ကျင်တယ်။
ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး။ အတုအယောင် အမှားပေါ့။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)
တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်ပါသလား။
ရုပ်နာမ် အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီအဖြစ်အပျက်ကို မသိမြင်နိုင်ဘူး။ ဥပမာ လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီလျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား။ မသိနိုင်ပါဘူး။ အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြရမယ်။ ဒါကြောင့် တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ် မဖြစ်ဘူး။ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ်ဖြစ်တယ်ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ်။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်)
မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၃)
မေး။ ။ သတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိခန္ဓာထဲက တရားပဲ။ သမာဝါယာမ၊ သမ္မာသတိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပါလား။ ဝိပဿနာအလုပ် မဟုတ်တော့ ပါလား။
ဖြေ။ ။ တချို့ကသတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိက္ခန္ဓာထဲက တရားပဲ။ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပဲ။ ဝိပဿနာအလုပ်မဟုတ်ဘူး လို့ ဒီလို ပြောနေကြတယ်။ အဲဒါက သုတ်ဒေသနာ ဟောထားပုံကို မကြည့်ဘဲနဲ့ သတိပဋ္ဌာန်ဆိုတဲ့ အမည်ကလေးလောက်ကိုသာ ကြည့်ပြီး အတ္တနောမတိနဲ့ တွေးခေါ်မှုပါပဲ။
အမှန်ကတော့ သုတ်၏ ဥဒ္ဒေသဝါရလောက် ကြည့်ရင်ကို 'သမ္ပဇာနော၊ မှန်စွာ အပြားအားဖြင့် သိသည်' ဆိုတဲ့ စကားကို တွေ့ရပါတယ်။ အဲဒါဟာ ဝိပဿနာပညာပါပဲ။ နောက်ပြီးတော့ နိဒ္ဒေသဝါရ တွေကို လိုက်ကြည့်ရင် 'သမုဒယ ဓမ္မာနုပဿီဝါ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို ရှုမြင်သည်ဖြစ်၍ နေတယ် ' ဆိုတာကိုလည်းတွေ့ရမယ်။
သမထဘာဝနာ အရာမှာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်း ကို ရှုမြင်ရိုးမရှိဘူး။ တစ်ကြံတည်း တည်နေတဲ့ အာရုံနိမိတ်ကိုသာ ရှုမြင်ရိုးရှိတယ်။
နောက်ပြီးတော့ 'အနိဿိတော စ ဝိဟရတိ-တဏှာဒိဋ္ဌိ အမှီကင်းလျက် နေတယ်' ဆိုတာကိုလည်း တွေ့ရမယ်။ 'နိစကိဉ္စိ လောကေ ဥပါဒိယတိ၊ လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလန်းတော့ဘူး' ဆိုတာကိုလည်း တွေ့ရမယ်။
သမထ ဘာဝနာအရာမှာ တဏှာ ဒိဋ္ဌိအမှီကင်းတာ အစွဲအလန်းကင်းတာရယ်လို့ မရှိဘူး။ အမှန်စင်စစ်အားဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်းကို ရှုမြင်တာဟာ ဝိပဿနာ အရာမှာမှ ရှိတယ်။
တဏှာဒိဋ္ဌိ အမှီကင်းတာ၊ အစွဲအလန်းကင်းတာ ဟာလည်း ဝိပဿနာ အရာမှာမှ ရှိတယ်။ ဒါကြောင့် သမထပိုင်းဖြစ်တဲ့ အာနာပါနပိုင်း၊ ပဋိကူလမနသိကာရပိုင်းများမှာတောင်မှ သမထသက်သက်အတွက် မဟုတ်ဘူး။ သမထ အခြေခံပြီး ဝိပဿနာ ရှုတတ်ဖို့ ရည်ရွယ်ပြီး ဟောထားကြောင်း ထင်ရှားပါတယ်။
ဝိပဿနာပိုင်းများဖြစ်တဲ့ ဣရိယာပထပိုင်း၊ သမ္ပဇညပိုင်း စသည်မှာတော့ အထူးပြောစရာ မလိုပါဘူး။ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ပိုင်းတွေမှာတော့ သမထဈာန်နှင့် ဘာမျှ မသက်ဆိုင်တဲ့အတွက် ဝိပဿနာ သက်သက်ဖြစ်ကြောင်း သာပြီးတော့တောင် ထင်ရှားပါတယ်။ (သလ္လေခသုတ်တရားတော်)
မေး။ ။ သွားရင် နာမ်ရုပ်လို့ ရှုဖို့ ဘုရားဟောခဲ့ပါသလား။
ဖြေ။ ။ 'ဂစ္ဆန္တော ဝါ၊ သွားသည်ရှိသော်လည်း။ ဂစ္ဆာမီတိ၊ သွားသည်ဟူ၍၊ ပဇာနာတိ၊ သိ၏။' သွားရင် သွားတယ်လို့ သိရမယ်တဲ့။ ဒါပါပဲ၊ သွားရင် သွားတယ်လို့ သိရမယ် ဆိုတာ ဘာခက်လဲ။ ဘာမျှမခက်ဘူး။ မခက်တော့ ဒါကို တချို့က တရားမဟုတ်ဘူး ထင်နေကြတယ်။ ဘုရားဟောသွားလို့သာပေါ့။ ဘုရားဟော မဟုတ်လို့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပစ်လိုက်ဦးမယ်။ ဘုရားဟောတာတောင်မှ 'ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက မဟုတ်သေးဘူး' ဆိုပြီး အညွန့်တက်လိုက်ချင်ကြသေးတယ်။
ဘာနဲ့တူသလဲ ဆိုတော့ နငယ်ကို အမြီးဆွဲတဲ့ အယ်ဒီတာနဲ့ တူနေပါတယ်။ ပြင်စရာက မရှိတော့ နငယ်ကို အမြီးတိုသေးတယ် ဆိုပြီး ပြင်လိုက်သတဲ့။ အဲဒါလိုပဲ 'ဂစ္ဆန္တော ဝါ- သွားသည် ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို့ ရှုရင် ခြေထောက်ကားရား၊ ကိုယ်ကားရားနဲ့ ဖြစ်နေမှာပေါ့။ ဒါပညတ်တွေပဲ၊ ပရမတ် မဟုတ်သေးဘူး' ဆိုပြီးတော့ ပြင်ကြသေးတယ်။ အဲဒါ နငယ်ကို အမြီးဆွဲတာပါပဲ။
ဘုရားဟောထားတာပဲ။ ပြင်စရာ မလိုပါဘူး။ ပရမတ် နာမ်ရုပ်တွေကို တွေးဆပြီး ရှုသင့်ရင် မြတ်စွာဘုရားက တစ်မျိုးပြင်ပြီးဟောမှာပေါ့။ ဘယ့်နှယ်တုံးဆိုရင် 'ဂစ္ဆန္တော ဝါ နာမရူပန္တိ ပဇာနာတိ။ ဂစ္ဆန္တော ဝါ၊ သွားသည်ရှိသော်လည်း၊ နာမရူပန္တိ၊ နာမ်ရုပ်ဟူ၍။ ပဇာနာတိ၊ သိ၏' လို့ ဒီလိုပြင်ပြီး ဟောခဲ့မှာပေါ့။ (အရိယာဝါသတရားတော်)
မေး။ ။ အာနာပါန (ဝင်လေထွက်လေ) ကို ရှုမှတ်ရာမှာ ဘယ်လိုရှုရင် သမထနဲ့ ဝိပဿနာ ဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ ဈာန်ရသူ ဖြစ်စေ၊ မရသူဖြစ်စေ၊ ထွက်သက်ဝင်သက်၌ ပုံသဏ္ဍာန် နိမိတ်ကို မှန်းဆ၍ ရှုလျှင် သမထသာ ဖြစ်၏။ ဝိပဿနာ မဖြစ်။
တွေ့ထိ လှုပ်ရှားမှုကိုသာ ပဓာနပြု၍ ရှုလျှင် ဝိပဿနာ ဖြစ်၏။ ဈာန်လမ်း သမထ မဖြစ်။ (ဝိပဿနာရှုနည်းကျမ်း ပထမတွဲ)
ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူ နာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ်ဆိုတာ မှန်ပါသလား။
လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ကတော့ ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်လိုက်ရမယ်။ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ် လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။
သမထ၊ ဝိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဉာဏ် ဖြစ်နိုင်တယ်။ သည်းမခံဘဲ ခဏခဏ ပြုပြင်ပြောင်းလဲနေရင် သမာဓိဉာဏ် မဖြစ်နိုင်ပါဘူး ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေပါတယ်။
ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထ တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီလို သည်းခံပြီးရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲ ပင်ပန်းရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိသမာဓိ၊ ပညာတွေ ဖြစ်ပွားနေလို့ပါပဲ။
မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ် ဆိုရင် ထိုင်ခြင်း ဣရိယာ ပုတ်ကို မပြင်ဘဲ တစ်ထိုင်အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မဆုတ်မနစ် အားထုတ်ရတာကို ပိုပြီး နှစ်သက်တော် မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ 'ငါ၏ စိတ်သည် မစွဲလန်းမူ၍ အာသဝေါတရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး 'လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက် အားထုတ်နေရင် အဲဒီလို အားထုတ်သော ရဟန်းသည် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတော့ ကျောင်းတိုက်ဟာ တင့်တယ်နိုင်တယ်လို့ မိန့်တော်မူပါတယ်။
အဲဒီလိုရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံပြီး ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ်နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်း ရောက်တယ်။ ဘုရားစကားတော်ကို ပယ်ဖျက်ရာလည်း ရောက်တယ်။
မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ ပညာကောင်းကောင်း ဖြစ်မည့် ယောဂီတို့အား သမာဓိပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။ (ဓမ္မစကြာတရားတော်)
တချို့ကတော့ ဒုက္ခဝေဒနာဖြစ်လာရင် ဣရိယာ ပုတ်ကို ချက်ချင်း ပြင်လိုက်ရမယ်လို့ ညွှန်ကြားနေကြတယ်။ အဲဒီညွှန်ကြားတဲ့ ဆရာတွေဟာ ရှုမှတ်နေရင်း ဒုက္ခဝေဒနာပျောက်ပြီး သမာဓိဉာဏ်များ ထူးခြားစွာဖြစ်ပုံကို မတွေ့ဖူးလို့၊ ကျကျနနလည်း မရှုမှတ်ဘူးလို့ ဖြစ်ဖွယ်ရှိပါတယ်။ အမှန်ကတော့ ဒုက္ခဝေဒနာပေါ်လာတိုင်း ဣရိယာ ပုတ်ကို ပြုပြင်ပြုပြင်ပေးနေရင် သမာဓိဖြစ်ဖို့ ဝေးပါတယ်။ သမာဓိမဖြစ်ရင် ဝိပဿနာဉာဏ်အစစ် ဖြစ်ဖို့လည်း ဝေးတာပါပဲ။
နောက်ပြီးတော့ (အတွေ့ဆိုးများ၊ နှိပ်စက်ငြား၊ ညည်းတွားမြည်တမ်းမပြုရာ) ဆိုတဲ့ 'ဖေဿန ယဒါ ဖုဋ္ဌ'ဿ၊ ပရိဒေဝံ ဘိက္ခု နကရေယျ ကုဟိဉ္စိ။' ဒေသနာတော်ကိုလည်း မလိုက်နာရာ ရောက်ပါတယ်။ အတွေ့ဆိုးများနှင့် တွေ့ရတဲ့အခါ ဒီဒေသနာအရ မညည်းညူဘဲ သည်းခံပြီး ရှုမှတ်နေရင် တွေ့ကြုံခံစားနေရတဲ့ ဒုက္ခဝေဒနာ ပျောက်ရုံမက သမာဓိဉာဏ်တွေ ထူးထူးခြားခြား ဖြစ်လာတာကို တွေ့ရမှာ သေချာပါတယ်။
ဒါကြောင့် 'ဘိက္ခု၊ သံသရာဘေးကို ရှုမြင်၍ ရှုမှတ်အားထုတ်နေသော ယောဂီရဟန်းသည်။ ယဒါ၊ အကြင်အခါ၌။ ဖေဿန၊ အတွေ့ဆိုးဖြင့်။ ဖုဋ္ဌော၊ တွေ့ရသည်။ အဿ၊ ဖြစ်ရာ၏။ တဒါ၊ ထိုသို့တွေ့ရသော အခါ၌။ ကုဟိဉ္စိ၊ တစ်စုံတစ်ရာ၌မျှ။ ဝါ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ။ (ရောဂါဖြစ်လိမ့်မယ် စသည်ဖြင့် တွေးတောတဲ့ အကြောင်း စသည်ကြောင့်လို့ ဆိုလိုပါတယ်။ ) ပရိဒေဝံ၊ ငိုကြွေ်းမြည်တမ်းခြင်း ညည်းညူခြင်းကို ၊ နကရေယျ၊ မပြုရာ' လို့ ဘုရားရှင် ဟောတော် မူတာပါပဲ။ (တုဝဋကသုတ်တရားတော်)
မေး။ ။ သုခကို ရှုရင် ကာမသုခ ဖြစ်တယ်၊ ဒုက္ခကိုရှုရင် အတ္တကိလမထအကျင့် ဖြစ်တယ်။ ဒါကြောင့် သုခနှင့် ဒုက္ခကို မရှုရဘူး။ ဥပေက္ခာကိုသာ ရှုရမယ် ဆိုတာ မှန်ပါသလား။
ဖြေ။ ။ တချို့က ဝိပဿနာရှုရာမှာတောင်မှ သုခကို ရှုရင် ကာမသုခအကျင့် ဖြစ်တယ်။ ဒုက္ခကိုရှုရင် အတ္တကိလမထအကျင့် ဖြစ်တယ်။ ဒါကြောင့် သုခနှင့် ဒုက္ခကို မရှုရဘူး။ ဥပေက္ခာကိုသာ ရှုရမယ် လို့ ကြံကြံဖန်ဖန် ပြောကြသေးတယ်။ အဲဒါကတော့ ဒုဂ္ဂဟိတဂ္ဂါဟ ဆိုတဲ့ မကောင်းသော ယူဆခြင်း၊ အလွဲအမှားကို ယူဆပြောဆိုချက်ပါပဲ။ ဘာမျှ လုံလောက်တဲ့ ကျမ်းဂန်စကား မရှိပါဘူး။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ပါဠိတော် ဝေဒနာနုပဿနာပိုင်းမှာ 'သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒနယာမီတိ ပဇာနာတိ၊ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ဒုက္ခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ' စသည်ဖြင့် သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာသုံးပါးလုံးကို ရှုဖို့ အထင်အရှား ဟောထားပါတယ်။ နောက်ပြီးတော့ 'ယမ္ပိဒံ စက္ခုသမ္ဖဿ ပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခ မသုခံ ဝါ၊ တမ္ပိ အနိစ္စန္တိ ယထာဘူတံ ပဇာနာတိ 'စသည်ဖြင့် သုတ်ပေါင်းများစွာမှာ ဝေဒနာသုံးပါးလုံး ရှုအပ်သိအပ်ကြောင်း အထင်အရှား ဟောထားပါတယ်။ ဒါကြောင့် ဥပါဒါနက္ခန္ဓာငါးပါး၌ အတွင်းဝင်တဲ့ တရားဟူသမျှ ရှုအပ်တာ။ ရှုကောင်းတာချည်းပဲလို့ ကိန်းသေမှတ်ထားကြရမယ်။ (ဓမ္မစကြာတရားတော်)
မေး။ ။ တချို့က တုံးလုံးပက်လက် လဲနေတာ ကိုးရိုးကားရား လူးလိမ့်နေတာကို တရားထူးလို့ ထင်မှတ်ကြတယ်။ အဲဒါမှန်ပါသလား။
ဖြေ။ ။ ဈာန်ဖြစ်နေတဲ့ အချိန်မှာ ဣရိယာပုတ်ကလည်း မလှုပ်မယှက် ကြံကြံတည်ပြီးတော့ ခိုင်ခံ့နေပါတယ်။ ဈာန်ဝင်စားနေတဲ့ အခါမှာဆိုရင် တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ စသည်ဖြင့် အကြာကြီးလည်း တည်နေတာပါပဲ။ တစ်နေ့လုံး တစ်ညလုံးလည်း တည်နေတာပါပဲ။ ထိုင်လျက်ပဲ တစ်နာရီ နှစ်နာရီ စသည် တစ်နေ့လုံး တစ်ညလုံး စသည်ဖြင့် တည်မြဲတည်နေတယ်။ လဲကျသွားခြင်း၊ ယိမ်းယိုင်သွားခြင်း ဆိုတာမျိုးတွေဟာ မရှိပါဘူး။ အဲဒါကို သေသေချာချာ မှတ်ထားကြ။
တချို့က တုံးလုံးပက်လက်လဲနေတာ ကိုးရိုးကားရား လူးလိမ့်နေတာကို တရားထူးလို့ ထင်မှတ်နေကြတယ်။ အဲဒါကတော့ မဟုတ်ပါဘူး။ ဈာန်မဂ်ဖိုလ်ဆိုတာ အပ္ပနာဇောတွေပဲ။ အပ္ပနာဆိုတာ ထိုင်ခြင်း၊ ရပ်ခြင်း အစရှိတဲ့ ဣရိယာပုတ်တွေကို မူလက တည်မြဲအတိုင်းပင် ခိုင်းစေတတ်တယ်။ ဒါကြောင့် 'အပ္ပနာဇဝနံ ဣရိယာပုထမ္ပိ သန္နာမေတိ' လို့ အဋ္ဌကထာတွေမှာ အထင်အရှား ပြဆိုထားပါတယ်။ 'အပ္ပနာဇဝနံ၊ ဈာန်မဂ်ဖိုလ်ဟူသော အပ္ပနာဇောသည်။ ဣရိယာပထမ္ပိ၊ ထိုင်ခြင်း ရပ်ခြင်းစသော ဣရိယာပုတ် ရုပ်ကိုလည်း။ သန္နာမေတိ၊ တည်မြဲတည်စေလျက် ခိုင်မာစေတတ်ပါတယ်' တဲ့။
ဒါကြောင့် တရားအားထုတ်နေရင်း လဲကျသွားတာတွေ လူးလိမ့်နေတာတွေကတော့ ဘုရားအလိုတော်ကျ ပိဋကတ်ကျမ်းဂန်နဲ့ ညီတဲ့ တရားထူးဖြစ်ပုံ တွေ မဟုတ်ဘူးဆိုတာ တစ်ထစ်ချ မှတ်သားကြရမယ်။ (သလ္လေခသုတ်တရားတော်)
မေး။ ။ သညာက မှတ်သားတာနဲ့ သတိပဋ္ဌာန်နည်းအရ ဖြစ်ခိုက်ရုပ်နာမ်ကို မှတ်တယ်ဆိုတာ ဘယ်လို ထူးခြားပါသလဲ။
ဖြေ။ ။ သညာက မှတ်သားတယ်ဆိုတာက မြင်တိုင်း ကြားတိုင်း စသည် ပေါ်လာသမျှ အာရုံကို မမေ့အောင် မှတ်စွဲထားတဲ့ သဘောပဲ။ သတိပဋ္ဌာန်နည်းအရ မှတ်တာကတော့ ဖြစ်ခိုက်ရုပ်နာမ်တွေကို သူ့သဘော လက္ခဏာနဲ့ အဖြစ်အပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာအားဖြင့် သိအောင် သတိဉာဏ်ဖြင့် စူးစိုက်ပြီး ရှုသိရုံမျှပါပဲ။ ပုံသဏ္ဍာန် အခြေအနေတွေကို မှတ်စွဲထားတဲ့ သဘောမဟုတ်ပါဘူး။ ဒါပေမဲ့ သတိဆိုတဲ့ ပါဠိကလည်း မမေ့ဘူး။ အမှတ်ရတယ်လို့ အနက်ရှိတယ်။ သလ္လလက္ခဏာ ဆိုတဲ့ ပုဒ်ကလည်း ကောင်းစွာ မှတ်ခြင်းလို့ အနက်ရှိတယ်။ အဲဒီပါဠိဝေါဟာရတို့နှင့် လျော်ညီစွာ ဖြစ်ခိုက်ရုပ်နာမ်ကို မှတ်တယ်လို့ ပြောရတာပဲ။
တည့်တည့်ပြောရရင် "ဖြစ်ခိုက်ရုပ်နာမ်ကို အမှန်အတိုင်း သိအောင် ရှုတာကိုပင် မှတ်တယ် ရှုမှတ်တယ်"လို့ ပြောဆိုရတာပဲ။ ဒါကြောင့် သညာက မှတ်စွဲတာနဲ့ သတိပညာဖြင့် ရှုမှတ်တယ် ဆိုတာဟာ အမည်အားဖြင့် ခပ်ဆင်ဆင်တူသော်လည်း အနက်အားဖြင့်တော့ အများကြီး ကွာခြားနေပါတယ်။ ပြောင်းပြန်ဆန့်ကျင်ဘက် ကွာခြားနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ (အနတ္တလက္ခဏသုတ် တရားတော်)
(အရှင်) သာမဏေကျော်
မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၄)
မေး။ ။ ဝမ်းဗိုက်ရဲ့ ဖောင်းမှု ပိန်မှုကို ရှုခြင်းဟာ ဘုရားအလိုတော်ကျ ဖြစ်ပါသလား။
ဖြေ။ ။ ဝမ်းဗိုက်၏ ဖောင်းခြင်း ပိန်ခြင်းသည် ဝါယောဓာတ်လွန်ကဲသော ရုပ်အပေါင်း ဖြစ်သောကြောင့် ခန္ဓာအားဖြင့် ရူပက္ခန္ဓာ၌ အတွင်းဝင်၏။ အာယတနအားဖြင့်ဖောဋ္ဌဗ္ဗဓာတ်၌ အတွင်းဝင်၏။ ဓာတ်ကြီး ၄ ပါးတို့တွင် ဝါယောဓာတ် ဖြစ်၏။ သစ္စာအားဖြင့် ဒုက္ခသစ္စာ၌ အတွင်းဝင်၏။ ဤရူပက္ခန္ဓာ၊ ဖောဋ္ဌဗ္ဗာယတန၊ ဖောဋ္ဌဗ္ဗဓာတ်၊ ဝါယောဓာတ်၊ ဒုက္ခသစ္စာတို့သည် မုချ ဝိပဿနာရှုအပ်သောတရား ရှုကောင်းသော တရားသာလျှင် ဖြစ်သည်။ မရှုကောင်းသော တရား မဟုတ်ပေ။ ထို့ကြောင့် ဖောင်းမှု ပိန်မှုကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထင်မြင်အောင် ရှုခြင်းသည် ခန္ဓဒေသနာ၊ အာယတန ဒေသနာ စသော ထိုထို ဘုရားဟော ပါဠိတော်တို့ နှင့် ညီညွတ်၍ ဘုရားအလိုတော်ကျ ဖြစ်သည်သာလျှင်တည်း။ (သတိပဋ္ဌာနသုတ် နိသျှ)
မေး။ ။ ရှူရှိူက်လေ (အာနာပါန)ကို ရှုမှတ်ဖို့ ဘာကြောင့် မညွှန်ကြားပါသလဲ။
ဖြေ။ ။ မိမိ၏ သဘောအရဆိုရင်တော့ ရှူရှိုက်လေရုပ်ကို ရှုခြင်းဖြင့်လည်း ဝါယောရုပ်နဲ့ ရှုသိနာမ်ကို သိပြီး ဝိပဿနာဉာဏ်ဖြစ်သင့်တယ်လို့ပဲ သဘောကျပါတယ်။ ဒါပေမဲ့ ဝိသုဒ္ဓိမဂ်၌ ကာယာနုပဿနာ (၁၄) ပိုင်းကို သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းတို့ဖြင့် ခွဲခြားပြရာတွင် အာနာပါနကို သမထ ကမ္မဋ္ဌာန်းလို့သာ ပြထားတယ်။ ပြပုံကတော့
ဣရိယာ ပထပဗ္ဗံ စတုသမ္ပဇညပဗ္ဗံ ဓာတုမနသိကာရ ပဗ္ဗန္တိ ဣမာနိ တီဏိ ဝိပဿနာဝသေန ဝုတ္တာနိ။ ပ။ အာနာပါနပဗ္ဗံ ပန ပဋိကူလမနသိကာရပဗ္ဗဉ္စ ဣမာနေ ဝေတ္ထ ဒွေ သမာဓိဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိမဂ် ပထမတွဲ နှာ ၂၃၂)
ဣရိယာ ပထပဗ္ဗံ စတုသမ္ပဇညပဗ္ဗံ ဓာတုမနသိကာရ ပဗ္ဗန္တိ ၊ ဣရိယာပုတ် ၄ ပါးရှုပုံအတိုင်း သမ္ပဇဉ် ၄ ပါးဖြင့် ရှုပုံအပိုင်း၊ ဓာတ် ၄ ပါးနှလုံးသွင်းပုံ အပိုင်းဟူသော။ ဣမာနိ တီဏိ၊ ဤသုံးပိုင်းတို့ကို။ ဝိပဿနာဝသေန၊ ဝိပဿနာဘာဝနာ အလိုအားဖြင့်။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။
ပ။ ပန၊ ထိုမှတစ်ပါး၊ အာနာပါနပဗ္ဗံပဋကူလမနသိကာရ ပဗ္ဗဉ္စ၊ ရှူရှိုက်လေ ရှုပုံကိုပြသော အာနာပါနပိုင်းနှင့် ဆံပင် မွေးညင်းစသည်တို့ကို စက်ဆုပ်ဖွယ်ရှုပုံကို ပြသောအပိုင်းဟူသော ဣမာနေဝ ဒွေ၊ ဤနှစ်ပိုင်းတို့ကို သာလျှင်။ ဧတ္ထ၊ ဤကာယနုပဿနာ ၁၄ ပိုင်းတို့တွင်။ သမာဓိဝသေန၊ သမာဓိဘာဝနာအလိုအားဖြင့်။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။
အထက်ပါ ဝိသုဒ္ဓိမဂ်၌ အာနာပါနပိုင်းကို သမာဓိဘာဝနာ သမာဓိကမ္မဋ္ဌာန်းလို့ အတိအလင်း ပြဆိုထားတယ်။ အဲဒီတော့ ဘုန်းကြီးတို့က အာနာပါနကို ရှုဖို့ ညွှန်ကြားရင် မလိုလားတဲ့သူတွေက အထက်ပါ ဝိသုဒ္ဓိမဂ်ကိုကိုင်ပြီး ဘုန်းကြီးတို့ ညွှန်ပြနေတာကို သမထကမ္မဋ္ဌာန်းပဲ၊ ဝိပဿနာ မဟုတ်ဘူးလို့ စွပ်စွဲပယ်ဖျက်ကြမှာ သေချာပါတယ်။
အထက်ပါ ဝိသုဒ္ဓိမဂ်ကို ပယ်ဖျက်ပြီး ဝိပဿနာပါလို့ ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အာနာပါနကို ဝိပဿနာအနေဖြင့် မညွှန်ကြားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာနာပါနကိုသာ ရှုချင်ပါတယ် ဆိုတဲ့ သူတွေကိုတော့ သူတို့သဘောအတိုင်း ရှုဖို့ ခွင့်ြု့ပပါတယ်။ မတားမြစ်ပါဘူး။
နောက်တစ်ခုကတော့ အာနာပါနကို ရှုရင် နှာသီးဖျား တစ်နေရာတည်း၌သာ စူးစိုက်ပြီး ရှုရမယ်။ အတွင်းသို့ ဝင်လာသော လေကိုလည်း လိုက်မရှုရဘူးလို့ ပဋိသမ္ဘိဒါမဂ်နှင့် ဝိသုဒ္ဓိမဂ်မှာ အတိအလင်း ပြဆိုထားတယ်။
အဲဒါဟာ အဲဒီကျမ်းဆရာတို့၏ ရည်ရွယ်ချက်အားဖြင့် ဥပစာရသမာဓိ၊ အပ္ပနာဈာန်သမာဓိရအောင် ရှုဖို့ ရည်ရွယ်ပြီး ပြဆိုတာပါပဲ။
ဝိပဿနာဉာဏ်ဖြစ်အောင် ရှုရာမှာတော့ တစ်နေရာတည်းက ရုပ်ကိုသာ ရှုရမယ်လို့ အကန့်အသတ် မရှိပါဘူး။ ဒါပေမဲ့ အာနာပါနကို ရှုနေရင်း ကိုယ်ထဲမှာ ထင်ရှားပေါ်လာတဲ့ အတွေ့အထိ ရုပ်တွေကို လိုက်ရှုဖို့ ဘုန်းကြီးတို့က ညွှန်ကြားရင် စိတ်ကူး အကြားအမြင်တွေကို လည်း လိုက်ရှုဖို့ ညွှန်ကြားရင် အဲဒီ ပဋိသမ္ဘိဒါမဂ်၊ ဝိသုဒ္ဓိမဂ်တို့နှင့် ဆန့်ကျင်တယ်၊ မှားတယ်လို့ အပြောအဆို အစွပ်အစွဲခံရဖို့ သေချာနေပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့က အာနာပါနကို ဝိပဿနာအနေဖြင့် ရှုဖို့ မညွှန်ကြားတာပါပဲ။ ဒါလောက်ဆိုရင် အာနာပါနကို ရှုဖို့ ဘာကြောင့် မညွှန်ကြားသလဲဆိုတဲ့ မေးခွန်း ပြေလည်လောက်ပါပြီ။ (မာလုကျပုတ္တသုတ်တရားတော်)
မေး။ ။ အတိတ်တရား အနာဂတ်တရားတွေကို ရှုမှတ်လို့ အမှန်အတိုင်းသိနိုင်ပါသလား။
ဖြေ။ ။ ဝိပဿနာရှုမှတ်ရာမှာ သာဝကများအတွက်ဆိုရင် မိမိသန္တာန်က တရားသာလိုရင်း ဖြစ်ကြောင်း အခြားတရားတွေကတော့ အနုမာနအားဖြင့် နှိုင်းဆပြီး ဆင်ခြင်ဆုံးဖြတ်ရုံမျှသာ လိုကြောင်းများကို ဥပရိပဏ္ဏာသ ပါဠိ အနုပဒ သုတ်၏ အဖွင့် အဋ္ဌကထာ ဋီကာများမှာ အတိအကျ ပြဆိုထားပါတယ်။ ဒါကြောင့် မိမိသန္တာန်က ရုပ်နာမ်တရားတွေကိုသာ ကိုယ်ပိုင်ဉာဏ်ဖြင့် အမှန်အတိုင်း သိအောင် ရှုဖို့ လိုပါတယ်။
မိမိသန္တာန်က တရားတွေထဲမှာလည်း အနာဂတ်တရားတွေဆိုတာ ယခုမဖြစ်သေး မရှိသေးတဲ့ အတွက် သူတို့ကို မှန်းဆပြီး ရှုလို့ အမှန်အတိုင်း မသိနိုင်ဘူး။ အတိတ်တရားတွေထဲမှာလည်း ရှေးဘဝများက တရားတွေကိုတော့ မှန်းဆပြီး ရှုလို့ အမှန်အတိုင်း မသိနိုင်ကြောင်း ထင်ရှားပါတယ်။ ယခုဘဝအတွင်းမှာတောင်မှ လွန်ခဲ့ပြီးနှစ်ပိုင်း လပိုင်းရက်ပိုင်းများက တရားတွေကိ အမှန်အတိုင်း သိဖို့ မလွယ်ပါဘူး။ နာရီပိုင်းအတွင်းလောက်က တရားတွေကိုတောင်မှ ပရမတ် သဘောတရားအနေဖြင့် အမှန်အတိုင်း သိအောင်ရှုဖို့ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပကတိလူတွေမှာ မြင်ပြီး၊ ကြားပြီး၊ တွေ့သိပြီး တာနဲ့ တစ်ပြိုင်နက် ငါပဲ သူပဲ မိန်းမပဲ ယောကျာ်းပဲ အစရှိတဲ့ ပညတ်အနေအားဖြင့် စွဲလန်းပြီး ဖြစ်နေသောကြောင့်ပါပဲ။
ဒါကြောင့် ဘဒ္ဒေကရတ္တသုတ်မှာ (ပစ္စုပ္ပန္နဉ္စ ယံဓမ္မံ တတ္ထ တတ္ထ ဝိပဿတိ) ဖြစ်ဆဲ ပစ္စုပ္ပန်တရားကို ထိုသို့ ဖြစ်ခိုက်၌ ဝိပဿနာရှုသည်လို့ ပြဆိုထားတဲ့အတိုင်း မြင်ဆဲ ကြားဆဲ စသော ပစ္စုပ္ပန်တရားကို စပြီး ရှုရပါတယ်။ နောက်ပြီးတော့ သတိပဋ္ဌာန် ပါဠိတော်မှာလည်း (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ) စသည်ဖြင့် သွားဆဲ ရပ်ဆဲ ထိုင်ဆဲ လျောင်းဆဲ စသော ပစ္စုပ္ပန်တရားကို ရှုသိရန် ပြဆိုထားတဲ့ အတိုင်း ဖြစ်ဆဲ ပစ္စုပ္ပန်တရားကို စပြီး ရှုရပါတယ်။
ယခုလို နက်နက်နဲနဲထုတ်ဖော်ပြရတာကတော့ ဒီအနတ္တလက္ခဏသုတ်ပါဠိမှာ အတိတ်ကစပြီး ဟောထားတဲ့ အတွက် အတိတ်တရားတွေက စပြီးတော့ တွေးတောဆင်ခြင်ပြီး ရှုရမှာလေလားလို့ သံသယ မဖြစ်ရအောင်လို့ပါပဲ။ (အနတ္တလက္ခဏသုတ်တရားတော်)
မေး။ ။ ရုပ် အနိစ္စ၊ ရုပ် အနိစ္စ လို့ဆိုပြီး ရှုမှတ်နေရင် ဘာနဲ့ တူနေပါသလဲ။
ဖြေ။ ။ ရုပ် အနိစ္စ ရုပ်အနိစ္စလို့ဆိုပြီး ရှုနေတယ် ဆိုပါတော့။ သူ့ဟာ ဝေါဟာရကတော့ အမှန်သားပဲ။ ရုပ်ဆိုတာလည်း ရူပံ ဆိုတဲ့ ပါဠိနဲ့ ညီတယ်။ အနိစ္စဆိုတာကလည်း အနိစ္စံဆိုတဲ့ ပါဠိနဲ့ ညီတယ်။ ဒါကြောင့် သူဟာ ဝေါဟာရကတော့ အမှန်သားပဲ။ ဒါပေမဲ့လို့ အဲဒီပုဂ္ဂိုလ်ကို သေသေချာချာ မေးကြည့်ပါ။ ရုပ်အနိစ္စလို့ ဆိုတာက ဘယ်ဟာကို အာရုံပြုပြီးတော့ နှလုံးသွင်းနေတာလဲ။ ဘယ်ရုပ်မမြဲတာကို သိနေတာလဲ လို့ မေးကြည့်ပါ။
ဘယ်ရုပ်မျှ မဟုတ်ပါဘူး။ ရုပ်အနိစ္စ ဆိုတဲ့ နာမည်လောက်ပဲ သိတယ်။ အဲဒီရုပ်ဟာ လွန်ခဲ့ပြီးသော ကာလက တွေ့ခဲ့ရတဲ့ အတိတ်ရုပ်လား၊ နောက်မှ ဖြစ်မယ့် အနာဂတ်ရုပ်လား လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပစ္စုပ္ပန်ရုပ်လားလို့ မေးကြည့်ပါ။ ဘာမှမဟုတ်ဘူး။ ကိုယ့်သန္တန်က ရုပ်လား၊ သူများသန္တန်က ရုပ်လားလို့ မေးကြည့်ပါ။ ဘယ်က ရုပ်မှ မဟုတ်ဘူး။ ကိုယ့်သန္တန်က ရုပ်ပါ လို့ ဆိုရင် ခေါင်းထဲကရုပ်လား၊ ကိုယ်ထဲက ရုပ်လား၊ လက်ထဲက ရုပ်လား၊ အရေခွံရဲ့ အပေါ်ယုံက ရုပ်လား၊ ဒါမှမဟုတ်ရင် အတွင်းက အသားထဲ၊ အူထဲ၊ အသည်းထဲက ရုပ်လား၊ ဘယ်က ရုပ်လဲ မေးကြည့်ပါ။ ဘယ်က ရုပ်မှမဟုတ်ဘူး။
ရုပ်ဆိုတဲ့ အမည်နဲ့ အနိစ္စဆိုတဲ့ အမည်ကို သူစဉ်းစားနေတာပဲ။ ဒါတွေကို စိတ်ထဲကနေပြီး ခေါက်တုံ့ခေါက်ပြန် နှလုံးသွင်းနေတာပါပဲ။ စာပြန်နေတာနဲ့ တူပါတယ်။ ဒါလောက်ပါပဲ။ (ဝမ္မိကသုတ်တရားတော်)
မေး။ ။ သတိပဋ္ဌာန် ပါဠိတော်မှာ ဝင်လေ ထွက်လေရဲ့ အစအလယ် အဆုံး သုံးပါးလုံးကို ထင်ရှားအောင် မှတ်ရမယ်လို့ ဟောထားပါတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိ ဥပက္ကိလေသဉာနနိဒ္ဒေသမှာ ဝင်လေထွက်လေရဲ့ အစအလယ်အဆုံးတို့ကို သတိနဲ့လိုက်ပြီး ရှုမှတ်နေသူမှာ သမာဓိပျက်ကြောင်း ဖြစ်တယ်လို့ ဟောထားပြန်ပါတယ်။ အဲဒီပါဠိတော်နှစ်ခုရဲ့ အဓိပ္ပါယ်ဟာ သမထ ဝိပဿနာတို့နဲ့ ခြားနားပါသလား။
ဖြေ။ ။ "သဗ္ဗကာယပဋိသံဝေဒီ စသော ပါဠိတော်နှင့် သကလဿ အဿသကာယဿ ပဿသကာယဿ အာဒိမဇ္ဈပရိယောသာနံ ဝိဒိတံ ကရောန္တော" စသော အဋ္ဌကထာအရအားဖြင့် အစအလယ်အဆုံး သိအောင် ရှုပုံမှာ ဝိသုဒ္ဓိမဂ် ပထမ နှာ (၂၇၂) ၌ "အပိစ ခေါ ဖုသနာဝသေနစ ဌပနာဝသေနာ စ မနသိ ကာတဗ္ဗံ" ဟု ပြထားသည့်အတိုင်း နှာသီးဝ တိုက်ရိုက်ထိရာ၌သာ ဝင်လေထွက်လေ၏ အစ အဆုံးကို သိအောင် ရှုခြင်းမျှသာ ဖြစ်ပါသည်။ ထိုသို့ တစ်နေရာတည်း၌ ရှုနေမှသာ သမထ သမာဓိက ဖြစ်နိုင်ပါသည်။
ထို့ကြောင့် သမထသမာဓိ ဖြစ်အောင် ရှုသူမှာ နှာသီးဝဌာနမှ အတွင်းဘက်သို့ လိုက်၍မရှုသင့်ကြောင်း၊ ထိုသို့ ရှုပါက အတွင်း၌ ပြန့်လွင့်ခြင်း၊ အပြင်၌ ပြန့်လွင့်ခြင်းများ ဖြစ်ကြောင်းကို ပဋိသမ္ဘိဒါမဂ်ပါဠိ၌ "အဿာသာဒိမဇ္ဈပရိယောသာနံ သတိယာ အနုဂစ္ဆတော" စသည်ဖြင့် ပြထားပါသည်။ ထိုစကားရပ်ဖြင့် သမထ သမာဓိ ဖြစ်အောင် ရှုပုံကိုသာ ပြခြင်း ဖြစ်ပါသည်။ ဝိပဿနာဉာဏ်ဖြစ်အောင် ရှုရာ၌မူကား သဗ္ဗံအဘိညေယျံ စသည်ဖြင့် မည်သည့်ဌာနက ရုပ်မဆို ထင်ရှားပေါ်လာသမျှကို ရှုသိအပ်ကြောင်း ဟောပြထားပါသည်။ (ဆိပ်ခွန်ရွာ ဥုးသုန္ဒရ မေး၍ မဟာစည်ဆရာတော်၏ ဖြေကြားချက်)
မေး။ ။ ဖောင်းတယ် ပိန်တယ်၊ ကွေးတယ်၊ ဆန့်တယ် စသည်ဖြင့် မှတ်နေတာဟာ ပရမတ်သဘော မဟုတ်ဘဲ ပညတ်ပဲ ထင်တယ် မဟုတ်ပါလား။
ဖြေ။ ။ ဝိပဿနာကို ကောင်းကေင်း အားမထုတ်ဖူးတဲ့ အချို့ပုဂ္ဂိုလ်တွေက ကွေးတယ် ဆန့်တယ်လို့ မှတ်ရင် လက်ခြေပုံသဏ္ဍာန် ပညတ်တွေ ထင်နေမှာပေါ့။ ညာလှမ်းတယ်၊ ဘယ်လှမ်းတယ်လို့ မှတ်ရင် ခြေကားရား သဏ္ဍာန်ပညတ် ထင်နေမှာပေါ့။ ဖောင်းတယ် ပိန်တယ်လို့ မှတ်ရင် ဗိုက်ပုံသဏ္ဍာန် ပညတ်ကြီး ထင်နေမှာပေါ့ လို့ သူတို့ရဲ့ ထင်မြင်ချက်ကို ပြောကြတယ်။ အဲဒီလို ပြောတာဟာ ရှုခါစ ပုဂ္ဂိုလ်အတွက်တော့ မှန်သင့်သလောက် မှန်မှာပါပဲ။
ဒါပေမဲ့ သူတို့ ထင်တဲ့အတိုင်း ပညတ်ချည်း ထင်နေမယ်ဆိုတာကတော့ မမှန်ပါဘူး။ ရှုခါစမှာ ပညတ်လည်း ထင်ပါတယ်။ ပရမတ် လှုပ်ရှားမှုလည်း ထင်ပါတယ်။ တချို့ကလည်း ပရမတ်လှုပ်ရှားမှု သဘောကိုသာ ရှုရမယ်လို့ ညွှန်ပြကြတယ်။ အဲဒါကလည်း အားထုတ်ခါစ ပုဂ္ဂိုလ်အတွက် မဖြစ်နိုင်တဲ့ အလုပ်ပါပဲ။ အားထုတ်ခါစမှာ ပညတ်ကို လုံးလုံး မေ့ပျောက်ထားဖို့ ဆိုတာဟာ လက်တွေ့မှာတော့ မဖြစ်နိုင်တဲ့ အလုပ်ပါပဲ။
ဖြစ်နိုင်တာကတော့ လောကဝေါဟာရအတိုင်း ပညတ်နဲ့ တွဲပြီး ရှုမှပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားကိုက ဂစ္ဆာမီတိ ပဇာနာတိ၊ သွားသည်ဟု သိ၏။ သမိဉ္စိတေ၊ ကွေးသည်ရှိသော်။ ပသာရိတေ၊ ဆန့်သည်ရှိသော ဤသို့စသည်ဖြင့် ပညတ်ဝေါဟာရနဲ့ပဲ ဟောထားပါတယ်။
ဝိတ္ထဘတီတိ ပဇာနာတိ၊ တောင့်တင်းသည်ဟု သိ၏။ သမုဒီရတီတိ ပဇာနာတိ၊ ရွေ့လျားသည်ဟု သိ၏ ဤသို့ စသည့် ပရမတ် ဝေါဟာရသက်သက်နဲ့ မဟောခဲ့ပါဘူး။ အမှန်မှာတော့ မြတ်စွာဘုရား ဟောတဲ့အတိုင်း သွားတယ်၊ ကွေးတယ်၊ ဆန့်တယ် စသည်ဖြင့် ပညတ်ဝေါဟာရနဲ့ ရှုနေပေမဲ့လို့ သတိသမာဓိက ရင့်ကျက်လာတဲ့အခါမှာ ပုံသဏ္ဍာန် ပညတ်တွေ အကုန်ပျောက်ပြီးတော့ တောင့်တင်းလှုပ်ရှားတဲ့ သဘာဝသက်သက်သာ ထင်ပါတယ်။ (ဝိပဿနာအခြေခံတရားတော်)
(အရှင်) သာမဏေကျော်
တရားအားထုတ်တယ်ဆိုတာ (၁)
တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်တရားတွေကို သတိထားပြီး ဉာဏ်ပညာနဲ့ ကြည့်နေတာပါ။
ဝိပဿနာတရားအလုပ် အားထုတ်ကြရာမှာ မသိမဖြစ် သိထားရမှာက ရုပ်တရားနဲ့ နာမ်တရားပါ။ ဝိပဿနာရဲ့ အာရုံဟာ ရုပ်နဲ့နာမ်ဆိုတော့ ဝိပဿနာတရား ရှုပွားနေမယ်ဆိုရင် ဘယ်လိုသဘောတရားက ရုပ်၊ ဘယ်လိုသဘောတရားက နာမ်လို့ သိထားရပါမယ်။
တရားအလုပ် ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ်ရဲ့သဘောလက္ခဏာတွေကို အသေအချာသိအောင် ဉာဏ်ပညာနဲ့ ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ရတာမို့ပါ။
ရုပ်ဆိုတာ ရူပ ဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာခဲ့တာပါ။ ဖောက်ပြန်ပြောင်းလဲတဲ့ သဘောမှန်သမျှဟာ ရုပ်တရားရဲ့ သဘော သဘာဝပါ။ ပူလာရင်တစ်မျိုး အေးပြန်တော့တစ်မျိုး ဖြစ်တတ်ပါတယ်။ ပူနေခိုက်မှာ ဖြစ်ပေါ်တဲ့ သဘောတွေဟာ အေးလာပြန်တော့ ပျောက်သွားပါတယ်။ သဘောတရားအသစ်တစ်မျိုး ပြောင်းသွားတာပါ။
ဆာလောင်မွတ်သိပ်နေချိန်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေဟာ စားသောက်လိုက်တဲ့အချိန်မှာ တစ်မျိုး ဖြစ်သွားပါတယ်။ ကိုယ်ပေါ်မှာ အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်ပျောက်ပျက်ပြီး ပြောင်းလဲသွားတာမှန်သမျှကို ရုပ်လို့ သိထားပါ။
နာမ်တရားဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်ထဲမှာ ထင်ရှားနေတဲ့ သဘောပါ။ စိတ်နဲ့ဆက်သွယ် ဆက်စပ်ပြီး ဖြစ်လာတဲ့ တွေးတောစိတ်၊ ကြံစည်စိတ်၊ သိစိတ် အားလုံးဟာ နာမ်တရားပါ။ အမှတ်ရ အောက်မေ့တာ၊ ဝမ်းသာဝမ်းနည်းတာ၊ ပျင်းရိတာ၊ ပျှော်ရွှင်တာတွေဟာ စိတ်မှာ ဖြစ်ကြတာမို့ နာမ်တရားလို့ မှတ်ရပါမယ်။
စိတ်ဆိုတာ အာရုံနဲ့ ကင်းကွာပြီး နေလို့ မရပါဘူး။ တစ်ခုခုကိုတော့ တွေးနေကြံနေသိနေပါတယ်။ တရားအားထုတ်ရင်း ကိုယ့်အကြောင်းကိုယ် တွေးနေတာကိုလည်း နာမ်လို့ ရှုမှတ်ရပါမယ်။ သူများအကြောင်း၊ အလုပ်အကိုင်အကြောင်း၊ သားရေးသမီးရေးအကြောင်း ဘယ်လိုအကြောင်းကို တွေးတွေး အတွေးစိတ်ကို နာမ်လို့ ရှုမှတ်ရပါတယ်။
ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်ပြီး ပူနေတယ်လို့ သိရင်လည်း နာမ်လို့ရှု၊ နာကျင်တယ် ကိုက်ခဲတယ် သက်သာတယ် ပင်ပန်းတယ် လှုပ်တယ် ရွေ့တယ် စသည်ဖြင့် ပေါ်လာသမျှအသိတရားတွေကို နာမ်လို့ ရှုမှတ်ရပါတယ်။ စိတ်မှာ ဖြစ်ပေါ်နေတာက နာမ်တရားပါ။ ရုပ်နာမ်တရားတွေကို သတိထားပြီးတော့ ရှုမှတ်နေထိုင်တာကို တရားနဲ့နေတယ်လို့ပြောရပါမယ်။
တရားအလုပ်က တမင်တကာ လေ့ကျင့်ယူမှလုပ်ယူမှ ဖြစ်တာပါ။ သူ့အလိုလိုတော့ ဖြစ်မလာပါဘူး။ အထူးသဖြင့် စိတ်နဲ့လုပ်ရတဲ့ အလုပ်တွေမှာ စိတ်ကို နိုင်နင်းဖို့ ကိုယ်လိုရာမှာ စိတ်ကို ထားနိုင်ဖို့ လိုအပ်ပါတယ်။
တရားနဲ့နေတယ်ဆိုရာမှာ အရှုခံရုပ်နာမ်ကို ဉာဏ်ပညာနဲ့ ကြည့်ရှုနေတာ၊ သတိထားပြီး မှတ်သားနေတာကို သဘောပေါက်ရပါမယ်။
ရုပ်နဲ့နာမ်ကို အရှုခံထားရမယ့်တရားက နှစ်မျိုးဖြစ်နေတော့ ဘယ်တရားကို ရှုရမှာလဲ၊ ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှာလား နှစ်မျိုးလုံးကို ရှုရမှာလား လို့ မေးစရာရှိပါတယ်။
ထင်ရှားတာကို စရှုပါလို့ အကြံပေးချင်ပါတယ်။ ရုပ်နဲ့နာမ်တို့ရဲ့ဖြစ်ပုံပျက်ပုံတွေကို ကြည့်ရင် နာမ်တရားထက် ရုပ်တရားက ပိုပြီး သိသာပါတယ်။ နာမ်တရားဟာ အကောင်အထည်မရှိ၊ ထိတွေ့နိုင်မှု မရှိတော့ ရုပ်ထက်ပိုပြီး သိမ်မွေ့နူူးညံ့လို့ အရှုရခက်ပါတယ်။ ကိုယ်ပေါ်မှာ ဖြစ်တာထက်စာရင် စိတ်ထဲမှာ ဖြစ်တဲ့ သိမှု၊ တွေးကြံမှု၊ ခံစားမှုတွေက အဖမ်းရခက် အသိရခက်ပါတယ်။ ဖြစ်မြန် ပျက်မြန် လျှင်မြန်တာကြောင့် ချက်ချင်းသတိထား ရှုနိုင်ဖို့ ခဲယဉ်းပါတယ်။
စတင်လေ့ကျင့်စဉ်ကာလမှာ ရုပ်ကို ဦးစားပေးရှုရင် ထင်ရှားတာ၊ ရှုလွယ်မှတ်လွယ်တာကို တွေ့ရပါမယ်။ အလေ့အကျင့် ရလာတဲ့အခါ စိတ်ကို နိုင်နင်းလာတဲ့အခါကျရင် နာမ်ကိုလည်း အလွယ်လေးနဲ့ ရှုသွားနိုင်ပါမယ်။
တရား ရှုမှတ်တယ်ဆိုတာ အကောင်အထည် ပုံပန်းသဏ္ဍာန်တွေ၊ ပုဂ္ဂိုလ်သတ္တဝါတွေ မပါစေရပါဘူး။ သဘောတရားလေးကိုသာ ရှုရတာပါ။ အမည်နာမတွေ ရွတ်ဆိုရ မှတ်ရတာ မဟုတ်ပါဘူး။ သဘောတရားကို မှတ်ရတာပါ။
ရုပ်နာမ်တရားတွေကို ရှုမှတ်တဲ့အခါမှာ ရုပ် ရုပ်၊ နာမ် နာမ် လို့ ပါးစပ်က မဆိုပါနဲ့၊ စိတ်ကလည်း မဆိုပါနဲ့၊ ရုပ်မှန်း နာမ်မှန်း သိရုံသာသိအောင် ကြည့်ရတာမျိုးပါ။
တရားအားထုတ်တာ တရားရှုမှတ်တာဟာ ပုံမှန်အရှိသဘာဝကို ရှုမှတ်ရတာပါ။ အရှိတရားကို အသိတရားနဲ့ ကြည့်ပြီးနေတာဟာ တရားနဲ့နေတာပါ။ မမြင်ဖူးမတွေ့ဖူးတဲ့ အထူးအဆန်းတွေ ဖြစ်လာမလား၊ တွေ့လာမလားလို့ လိုက်မရှာပါနဲ့။ မရှိတာကိုလည်း မရှာပါနဲ့။ ရှိနေတာကို ဖြစ်နေတာကိုလည်း မပြင်ပါနဲ့၊ မဖျက်ဆီးလိုက်ပါနဲ့။ အရှိကို အရှိအတိုင်း ရှုမှတ်အားထုတ်ပါ။
တရားအလုပ်က စိတ်အလုပ်ပါ။ စိတ်နဲ့ အားထုတ်၊ စိတ်နဲ့ ရှုမှတ်ရတာမျိုးပါ။ စိတ်ရဲ့သဘာဝက နေနေကျ အာရုံမှာသာ ပျော်တတ်ပါတယ်။ တရားနဲ့နေမယ်လို့ တရားအာရုံပေါ်စိတ်ကိုထားလိုက်တဲ့အခါ ပျင်းရိငြီးငွေ့ တာ ဖြစ်လာတတ်ပါတယ်။
တရားနဲ့နေသူတစ်ယောက်ဟာ တရားနဲ့နေနိုင်ဖို့အတွက် သတိ ဝီရိယ ပညာ သုံးမျိုးကို အားကိုးရပါမယ်။ တရားအားထုတ်တယ်ဆိုတာ တကယ်တော့ သတိ ဝီရိယ ပညာတို့ မှန်မှန်လည်ပတ် လုပ်ကိုင်နေတာပါ။
ကျွမ်းကျင်တဲ့ ပန်းပုဆရာတစ်ယောက်က သစ်သားတုံးကြီးကို လှပတဲ့ အရုပ်ကလေးဖြစ်လာဖို့ ထုဆစ်တဲ့နေရာမှာ စူးဆောက်တန်ဆာပလာတွေ လက်နက်ကိရိယာတွေကို သူ့နေရာနဲ့သူ စနစ်တကျ အသုံးပြုပါတယ်။ လွှနဲ့ ဖြတ်တန်ဖြတ်၊ ဆောက်နဲ့ဖဲ့တန်ဖဲ့၊ စူးနဲ့ ထိုးတန်ထိုးပြီး စနစ်တကျ ထုဆစ်လိုက်တဲ့အခါ သစ်သားတုံးကြီးဟာ လှပတဲ့ အရုပ်ကလေး ဖြစ်လာပါတယ်။
ဒီလိုပါပဲ။ တရားအလုပ် အားထုတ်တဲ့သူဟာ သတိ ဝီရိယ ပညာ လက်နက်ကိရိယာတွေကို သူ့နေရာနဲ့သူ အကွက်ကျအောင် စနစ်ကျအောင် အသုံးချရမှာပါ။ အားထုတ်ရင်းနဲ့ သတိ လိုနေသလား၊ ဝီရိယနည်းနေသလား၊ ပညာဉာဏ် ပါရဲ့လား လို့ မကြာခဏ အကဲခတ်ရပါတယ်၊ စိစစ်ရပါတယ်။
တရားနယ်မှာ ဝေဒနာသဘောကို နားလည်မှုလွဲနေကြတာ ရှိပါတယ်။ နာတာ ကျင်တာ ကိုက်ခဲတာကို ဝေဒနာလို့ ပြောတတ်ကြပါတယ်။ နာကျင်ကိုက်ခဲမှုတွေကုန်အောင် အားထုတ်ရမယ်။ ဝေဒနာကျော်အောင် ရှုရမယ် လို့ ပြောသံတွေလည်း ကြားရပါတယ်။
အမှန်က နာတာ ကျင်တာ ကိုက်ခဲတာ ဝေဒနာ မဟုတ်ပါဘူး၊ ရုပ်တရားတွေ ဖောက်ပြန်တာပါ။
ရုပ်ဖောက်ပြန်တာကို ဝေဒနာလို့ ရှုရင် မှားပါတယ်။ နာကျင်ကိုက်ခဲတာကို ကုန်အောင် မရှုပါနဲ့။ ကုန်အောင်ရှုလို့မရပါဘူး။ ကုန်လည်း မကုန်နိုင်ပါဘူး။ ရုပ်တရားက ကိုယ်မှာဖြစ်တာပါ။ ဝေဒနာက စိတ်မှာ ဖြစ်တာပါ။
နာကျင်ကိုက်ခဲတာဟာ ကိုယ်မှာ ဖြစ်တာမို့ ရုပ်တရားပါ။
ဝေဒနာက စိတ်မှာ ဖြစ်တာမို့ နာမ်တရားပါ။
ကိုယ်ခန္ဓာ ရှိနေသမျှ နာကျင်ကိုက်ခဲမှုရောဂါ၊ ရုပ်ဖောက်ပြန်တာတွေ ရှိနေပါမယ်။ စိတ်ရှိနေသမျှ ခံစားမှုဝေဒနာတွေ ရှိနေပါတယ်။ မကုန်ပါဘူး။ နာကျင်ကိုက်ခဲတာ၊ တင်းတောင့်တာ၊ စူးတာ အောင့်တာတွေက ရုပ်ဖောက်ပြန်တာပါ။ အအေးကြောင့် အပူကြောင့်၊ မှက် ခြင် ယင် လေ စသည်တို့ကြောင့်၊ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်လာတဲ့ ကိုယ်မှာဖြစ်တာ မှန်သမျှဟာ ဝေဒနာ မဟုတ်ပါဘူး။ ရုပ် ဖောက်ပြန်တာပါ။ ဝေဒနာ မဟုတ်တာကို ဝေဒနာလို့ ရှုရင် အရှုမှားပါတယ်။ တရားသဘောကို မသိနိုင်ပါဘူး။
ကိုယ်မှာ ဖြစ်လာတဲ့ နာကျင်ကိုက်ခဲမှု တင်းတောင့်မှု ထုံကျဉ်မှုတွေကို သိရှိခံစားတဲ့ သဘောကမှ ဝေဒနာပါ။ ဝေဒနာဟာ အသိစိတ်နဲ့ တွဲကပ်ဖြစ်ပါတယ်။ နာမ်တရားပါ။
ဝေဒနာဟာ စိတ် မဖြစ်တော့မှ သေဆုံးသွားတော့မှ ကုန်ပါတယ်။ ရုပ်ဖောက်ပြန်မှုတွေဟာလည်း မသေမချင်း ရှိနေဖြစ်နေပါတယ်လို့ သဘောပေါက်နားလည်ရပါမယ်။
ဖြစ်ပေါ်လာတဲ့ရောဂါတွေ၊ ဝေဒနာတွေ ကုန်သွားအောင် ကျော်သွားအောင် မကြိုးစားရပါဘူး။ ဒုက္ခသဘောတွေ သိအောင် နားလည်အောင် ရှုမှတ်ရမှာပါ။
တချို့က တရားထိုင်ရင် ကြာကြာထိုင်ရမယ်၊ ကြာကြာထိုင်မှ ဝေဒနာထင်ရှားမယ်၊ တရားရမယ် လို့ ပြောကြပါတယ်။
သဘောကတော့ ကြာကြာထိုင်လို့ ကိုယ်မှာဖြစ်ပေါ်လာတဲ့ နာကျင် ကိုက်ခဲမှုတွေကို ဝေဒနာလို့ ရည်ရွယ် ပြောကြတာပါ။
အမှန်ကတော့ နာတာဟာ ဝေဒနာမဟုတ်ပါဘူး။ ဝေဒနာဆိုတာ ခံစားတတ်တဲ့ သဘောသက်သက်ပါ။
နာတာက ရုပ်၊ နာသဘောကို ခံစားတာကမှ ဝေဒနာပါ။
ကိုယ်ဖြစ်တဲ့ နာသဘောကို စိတ်နဲ့ဖြစ်ဖော်ဖြစ်ဖက် ဝေဒနာက ခံစားတာပါ။ အာရုံကို ဖမ်းယူတတ်တဲ့ စိတ်က နာတဲ့ဆီကို အာရုံပြုတော့ ဝေဒနာက သိရှိခံစားလိုက်တာပါ။
ဝေဒနာဟာ စိတ်နဲ့တွဲနေပါတယ်။ စိတ်ဖြစ်ရင် ဝေဒနာဖြစ်၊ စိတ်ချုပ်ပျက်ရင် ဝေဒနာလည်း ချုပ်ပျက်သွားတာမို့ ဝေဒနာကို ကုန်အောင်လုပ်လို့မရသလို၊ ဖြစ်အောင်လုပ်လို့လည်း မရပါဘူး။ သူ့သဘောနဲ့သူ အကြောင်းတရားတွေ တိုက်ဆိုင်မှဖြစ်လာတာပါ။
ဝေဒနာဖြစ်လာအောင် တမင်တကာ ကြာကြာထိုင်ပြီးတော့လည်း လုပ်မယူပါနဲ့။ ဖြစ်လာပြီးတာကိုလည်း ကုန်သွားအောင် ပျောက်သွားအောင် လုပ်မယူပါနဲ့။ သူ့သဘောအတိုင်းသာ နေပါစေ။ သူ့သဘောအတိုင်း ဖြစ်ပျက်နေတာကို တရားရှုသူက အလိုက်သင့် ရှုမှတ်ဖို့သာ အရေးကြီးပါတယ်။
ကြာကြာထိုင်တာ မထိုင်တာထက် မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့၊ နှလုံးသွင်းတတ်ဖို့က ပိုအရေးကြီး ပါတယ်။
အထိုင်ကြာရင် ပင်ပန်းလာပါတယ်။ အထိုင်ကြာလာလို့ ရုပ်ခန္ဓာ ဖောက်ပြန်မှုဒဏ်က သည်းမခံနိုင်အောင် ဖြစ်လာရင် ပြောင်းရွှေ့ချင်စိတ် ပေါ်ပေါက်လာပါတယ်။ သိပ်ကို ညောင်းညာကိုက်ခဲတောင့်တင်းလာရင် စိတ်ထဲမှာ ပြောင်းချင်ပြင်ချင် ရွှေ့ချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ အဲဒီစိတ်ကို ရှုစိတ်နဲ့ သတိထားပြီး နာမ်လို့ ရှုပေးပါ။ ခံနိုင်သေးတယ်ဆိုရင် နိုင်သလောက် သည်းခံပြီး ရှုမှတ်နေပါ။ ရှုမှတ်လိုက်ရင် တစ်ခါတလေကျတော့ ရွှေ့ချင်ပြောင်းချင်စိတ်တွေ ပျောက်သွားပါတယ်။
ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး၊ ပြောင်းမှဖြစ်တော့မယ်၊ ရွှေ့မှ ဖြစ်တော့မယ်ဆိုရင် ရှုမှတ်ရင်း ပြောင်းရွှေ့ပါ။ နာလို့ ပြောင်းမယ်ဆိုတဲ့ နာတဲ့သဘောကို ရုပ်လို့ရှုပါ။ ထုံကျဉ်ကိုက်ခဲလို့ ပြောင်းမယ်ဆိုရင် ထုံကျဉ်ကိုက်ခဲတဲ့ သဘောကို အာရုံစိုက်ပြီး ရုပ်လို့ ရှုမှတ်ရင်း ပြောင်းပါ။ ညောင်းညာလို့၊ တင်းတောင့်လို့ ပြောင်းမယ်ဆိုရင်တော့ ညောင်းညာ တောင့်တင်းနေတဲ့သဘောကို ထင်မြင်အောင်အာရုံစိုက် ရှုမှတ်ပြီး ပြောင်းပါ။
ပြောင်းရွှေ့ပြင်ဆင်ချိန်မှာ ခြေလက်အင်္ဂါအစိတ်အပိုင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ရဲ့ ရွေ့လျားတဲ့ သဘော၊ တွန်းကန်တဲ့သဘော၊ လှုပ်ရှားတဲ့သဘော၊ လေးသွားပေါ့သွားတဲ့ သဘောတရားတို့ကို အသေအချာ ရှုမှတ်သွားရင် ကိုယ်ခန္ဓာအနေအထားပျက်ပေမယ့် တရားမပျက်ပါဘူး။
ပြောင်းရွှေ့ပြင်ဆင်လိုက်လို့ နေရခက်တာ၊ ပင်ပန်းဆင်းရဲတာတွေ ပျောက်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားပြီဆိုရင် မူလ ရှုနေတဲ့ကမ္မဋ္ဌာန်း ……… နှာသီးဖျားမှာ သတိထားလို့ဖြစ်စေ၊ ရင်မှာ တိုးတုန်တာကိုဖြစ်စေ၊ ကိုယ်ခန္ဓာမှာ ထင်ရှားတဲ့နေရာကိုဖြစ်စေ ပြန်ရှုမှတ်ပါ။
မြတ်စွာဘုရားက တရားဓမ္မ ကျင့်ကြံအားထုတ်တဲ့နေရာမှာ အစွန်းမရောက်ဖို့၊ မဇ္ဈိမပဋိပဒါ အလယ်အလတ်မျှတတဲ့ လမ်းစဉ်ကို လိုက်ဖို့ ဟောကြားတော်မူပါတယ်။ မိမိကိုယ်မိမိ ညှဉ်းဆဲရာရောက်တဲ့ အစွန်းတစ်ဖက်၊ သက်သာခိုရေသာခိုတဲ့ အစွန်းတစ်ဖက်၊ ဒီအစွန်းနှစ်ဖက် လွတ်အောင် ကျင့်ရမှာပါ။
တရားအားထုတ်စဉ်မှာ မပြောင်းမရွှေ့ဘဲ ပင်ပန်းဆင်းရဲတာကို ပေတေကြိတ်မှိတ် မရှုမှတ်နိုင်ဘဲနေရင် လည်း အစွန်းမလွတ်ပါဘူး။ ပြောင်းလို့ ရွှေ့လို့ရတယ်ဆိုပြီး နည်းနည်းလေးတောင် သည်းမခံဘဲ ပြောင်းရွှေ့လွန်း၊ သက်သာခိုလွန်းရင်လည်း အစွန်းမလွတ်ပါဘူး။ မိမိရဲ့ ရှုမှတ်နိုင်မှု အခြေအနေကိုကြည့်ပြီး မျှတအောင်နေ၊ မျှတအောင် ကျင့်ရမှာပါ။
ဣရိယာပုတ် ပြောင်းပြင်သင့်တဲ့အချိန်မှာ မပြောင်းပြင်ရင်
၁။ ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်လာပါတယ်။
၂။ တည်ကြည်မှုမရှိဘဲ သမာဓိ ပျက်တတ်ပါတယ်။
၃။ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်း ပျောက်ပျက်သွားပါတယ်။
၄။ တရားထူး မရနိုင်ပါဘူးလို့ ဖြစ်ပေါ်လာမယ့် အပြစ်လေးချက် သင့်တယ်လို့ အဋ္ဌကထာမှာ ဖော်ပြထားပါတယ်။
ဆက်လက်ဖော်ပြပါမည်။
တရားအားထုတ်တယ်ဆိုတာ (၂)
တရားနဲ့နေတယ်ဆိုတာ နေတတ်ရင် အနေအထား မရွေး၊ ဣရိယာပုတ်မရွေး တရားနဲ့နေလို့ရပါတယ်။ လျောင်း ထိုင် ရပ် သွား အနေအထား လေးမျိုးမှာ တစ်သက်လုံး ဘယ်သူမျှ အနေအထား တစ်မျိုးတည်းနဲ့ မနေကြပါဘူး။ မနေနိုင်ပါဘူး။ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေလို့သာ အသက်ရှင်နေကြတာပါ။
မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း တရားကျင့်သူတို့အတွက် လျောင်း ထိုင် ရပ် သွား အနေအထားတွေနဲ့ စနစ်တကျအားထုတ်ဖို့ မြတ်စွာဘုရားညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့် ရပ်နေစဉ်မှာ တရားနဲ့နေနည်းလေး ပြောချင်ပါတယ်။
ထိုင်ရာက ထပြီး တစ်နေရာရာကို သွားမယ်ဆိုရင် ခြေမကြွခင် မလှမ်းခင်မှာ ခြေစုံမတ်မတ်ရပ်ရပါတယ်။ ဒါမှမဟုတ် ရပ်ပြီး အားထုတ်ချင်တယ်ဆိုရင်လည်း ခြေအစုံပေါ်မတ်မတ်ရပ်ရပါတယ်။
မတ်တပ်ရပ်နေစဉ်မှာ လက်အနေအထားကို အဆင်ပြေသလို ထားလို့ရပေမယ့် ဦးခေါင်းကိုတော့ ငုံမထားပါနဲ့။ ရှေ့တည့်တည့်ကို ကြည့်ပြီး မျက်လုံးမှိတ်နေပြီး၊ မိမိရဲ့စိတ်ကိုလည်း ခြေဖဝါးနဲ့ ကြမ်းပြင်ထိတဲ့ နေရာအာရုံစိုက် ထားရပါတယ်။
ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့အလေးချိန်က ခြေဖဝါးပေါ်မှာ အားပြုဖိထားတာမို့ လေးနေတဲ့သဘောကို တွေ့ရပါမယ်။ လေးသဘောကို ရုပ်လို့ ရှုပါ။ လေးနေတယ်လို့ သိတဲ့အသိကို နာမ်လို့ ရှုပါ။
ခြေဖဝါးမှာ ပူနေအေးနေတဲ့သဘော၊ ကြမ်းတမ်းခက်မာတဲ့သဘော၊ နူးညံ့ချောမွေ့တဲ့သဘောတွေကိုလည်း သတိပြုကြည့်ရင် တွေ့ရပါမယ်။
ပူသဘော၊ အေးသဘော၊ ကြမ်းသဘော၊ နုသဘောတွေကို ရုပ်လို့ ရှုနိုင်ပါတယ်။ ပူသဘော၊ အေးသဘော စတာတွေကို သိနေတဲ့အသိကို နာမ် လို့ ရှုနိုင်ပါတယ်။
နောက်တစ်ခါ ခန္ဓာကိုယ်ကြီး ယိမ်းယိုင်မသွားအောင် လဲပြိုကျ မသွားအောင် ခြေသလုံးတို့၊ ဒူးခေါင်းတို့ ထိန်းထားပေးရပါတယ်၊ တောင့်ထားပေးရပါတယ်။ ခြေသလုံးကြွက်သားနေရာ ဒူးခေါင်းနေရာတို့မှာ အသေအချာ သတိထားရင် တောင့်တင်းသဘော ထိန်းထားတဲ့ သဘောတွေကို တွေ့ပါမယ်။ ခြေသလုံး ဒူးခေါင်းစတဲ့ ပုံသဏ္ဍာန်တွေ၊ အသားစု အသားစိုင်တွေ မပါစေဘဲနဲ့ သဘောသက်သက်ကို ကြည့်ပြီး ရုပ်လို့ ရှုပါ၊ သိတဲ့အသိကို နာမ်လို့ ရှုပါ။
ရပ်နေခိုက်မှာ ထိုင်စဉ်တုန်းကလို နှာသီးဖျားတို့ ရင်ခေါင်းတို့မှာ မရှုရပါဘူး။ အရှုမြဲရင် ကိုယ်ခန္ဓာပေါ် အာရုံစို်က်မှု အားနည်းသွားလို့၊ အသိစိတ်လွတ်သွားလို့ ယိုင်သွားတတ်ပါတယ်။ လဲကျတတ်ပါတယ်။
ရှုနေရင်းမှာလည်း ခန္ဓာကိုယ်အနေအထားကို မကြာခဏပြန် သတိပြုရပါမယ်။ ဘာလို့လဲဆိုတော့ ရှုနေတယ်ထင်ပြီး အမှတ်လွတ်သွားချိန်မှာ၊ အိပ်ချင်ငိုက်မြည်းမှုတွေ ဝင်လာချိန်မှာ ကိုယ်အနေအထား ဟန်ချက် ပျက်ပြီး ရှေ့ကို ငိုက်ဆင်းသွားတာ၊ နောက်ကို လန်ကျသွားတာတို့ ဖြစ်တတ်လို့ပါ။
ထိုင်စဉ် ရပ်စဉ်မှာ တရားနဲ့နေလို့ ရသလို တစ်နေရာကနေ တစ်နေရာကို လျှောက်သွားတဲ့အခါ၊ လှမ်းသွားတဲ့အခါ၊ စင်္ကြ ံသွားတဲ့အခါမျိုးတွေမှာလည်း အမှတ်တမဲ မဟုတ်ဘဲ သတိနဲ့ ရုပ်နာမ်အစဉ်ကို ရှုမှတ်နေတယ်ဆိုရင် တရားဖြစ်ပါတယ်။
တစ်နေရာက တစ်နေရာကို သွားမယ်ဆိုရင် သွားချင်တဲ့စိတ်က နာမ်တရား၊ သွားနေတာက ရုပ်တရားလို့ ရှုပွားရပါတယ်။ တကယ်တမ်းသွားနေတာက ငါလည်း မဟုတ်ဘူး။ သူလည်းမဟုတ်ပါဘူး။ ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ပါဘူး။ ယောက်ျားသွားတာ .. မိန်းမ သွားတာလည်း မဟုတ်ပါဘူး။ နာမ်တရားနဲ့ ရုပ်တရားက သွားလာ လှုပ်ရှားနေတာပါ။ နာမ်နဲ့ရုပ်တို့ ဆင့်ကာ ဆင့်ကာ ဖြစ်နေပျက်နေတာပါ။
လိုရာခရီးတစ်ခုရောက်ဖို့အတွက် သွားချင်တဲ့စိတ် နာမ်တရားတွေ သွားတဲ့ ရုပ်တရားတွေ အမြောက်အမြား ဖြစ်ပျက်သွားကြတာ၊ ဖြစ်ပျက် နေကြတာကို ကြည့်ရှုပြီးသွားရင် သွားလာနေစဉ်မှာ တရားနဲ့နေတယ်လို့ ခေါ်ပါတယ်။
ရပ်နေရာကနေ တစ်နေရာကို သွားမယ်ဆိုရင် ပထမဦးဆုံး ခြေထောက်ကို ကြွချင်လှမ်းချင်တဲ့ စိတ်ပေါ်ပါတယ်။ ကြွချင်လှမ်းချင် စိတ်ကို နာမ်လို့ ရှုပါ။ ခြေထောက်ကို ကြွလိုက်တဲ့အခါ ဒူးခေါင်းကို သတိထားကြည့်ရင် သိသာပါတယ်။ အပေါ်ဘက်ကတင်းသွားပြီး အောက်ဘက်လျော့သွားပါတယ်။ ဒူးကွေးသွားတော့ အပေါ်က တင်းတဲ့သဘော၊ အတွင်းကလျော့တဲ့သဘော တွေ့ရမှာပါ။ ခြေထောက်ကို ကြွ တင် မ တင်လိုက်တော့ လေးတဲ့သဘော၊ ပင့်မရတဲ့သဘောတွေ တွေ့ရမှာပါ။ တင်းသဘော၊ လျော့သဘော၊ လေးသဘောတွေကို ရုပ်လို့ မှတ်ရပါတယ်။
အထူးသတိထားဖို့ ခြေထောက်ဆိုတဲ့ ပုံသဏ္ဍာန်ကို မရှုဖို့ပါ။ ခြေထောက်ဆိုတာက ပညတ်ပါ။ တင်းသဘော၊ လျော့သဘော၊ လေးပေါ့သဘောဆိုတဲ့ ပရမတ်ကို ကြည့်ရမှာ ပရမတ်ကို ရှုရမှာပါ။ ပရမတ်ရှုမှ ဖောက်ပြန်မှု တွေ့ပါတယ်။ ရုပ်သဘော တွေ့ပါတယ်။
ခြေထောက်ကို ကြွပြီးရင် ရှေ့ကို လှမ်းပါတယ်။ လှမ်းနေတဲ့ တစ်ခဏလေးမှာ ကွေးထာတာတွေ စန့်သွားပါတယ်။ တင်းနေတာတွေ လျော့သွားပါတယ်။ ကြွစဉ်က ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေ ချုပ်ပျောက်ပြီး သဘောအသစ်တွေ ဖြစ်လာပါပြီ။ လျော့သွားတဲ့ သဘော၊ လှုပ်ယမ်းသွားတဲ့ သဘော၊ ရွေ့သွားတဲ့ သဘောတွေကို အာရုံပြုပြီး ရုပ်လို့ ရှုပါ။
ရှုနေရင် ခြေထောက်ကို အောက်ပြန်ချလိုက်ချိန်မှာ ထိန်းချုပ်ထား ပင့်မထားတာတွေကို လွှတ်ချလိုက်၊ တွန်းချလိုက်တဲ့သဘောကို တွေ့ပါမယ်။ ခြေထောက်နဲ့ မြေကြီး၊ ခြေဖဝါးနဲ့ ကြမ်းပြင်ကို ထိတွေ့သွားစဉ် မှာလည်း ကြမ်းသဘော၊ နုသဘော၊ ပူသဘော၊ အေးသဘော၊ နာသဘော၊ လေးသဘောတွေ တွေ့ပါလိမ့်မယ်။ အဲဒီသဘောတွေကို ရုပ်လို့ ရှုမှတ်ရပါတယ်။
ကြွခိုက်၊ လှမ်းခိုက်၊ ချခိုက်မှာ ရုပ်သဘောတရားတွေဟာ အဆင့်ဆင့် ပြောင်းလဲသွားကြပါတယ်။ ဉာဏ်နဲ့သာ မြင်အောင် ကြည့်ရင် ကြွစဉ်မှာတစ်မျိုး၊ လှမ်းစဉ်မှာတစ်မျိုး၊ ချစဉ်မှာတစ်မျိုး အမျိုးမျိုး ဖောက်ပြန်ပြောင်းလဲတာ တွေ့ရပါမယ်။
ကြွ လှမ်း ချ လို့ သုံးချက် ရှုကွက်ရှိရာမှာ အနည်းဆုံး တစ်ချက်မှာတော့ ရအောင် မိအောင် ရှုမှတ်ပါ။ မြန်မြန်သွားတတ်သူနဲ့ နှေးနှေးသွားတတ်သူလို အလေ့အကျင့်က ကွားခြားကြတော့ တစ်ယောက်နဲ့တစ်ယောက် ခြေတစ်လှမ်းမှာ ရှုကွက်ပေါ်ကြတာချင်းကျတော့ တူညီမှာ မဟုတ်ပါဘူး။
တစ်နေကုန် အလုပ်လုပ်နေရတဲ့သူဟာ အလုပ်ပြီးချိန်မှာ ခြေကုန်လက်ပန်းကျပြီး လျောင်းအိပ်ပြီးသာ နေလိုပါတယ်။ တရားအလုပ် အားထုတ်နေတဲ့သူတွေမှာလည်း တစ်နေ့လုံး သွား ရပ် ထိုင်ပြီး အားထုတ်ခဲ့လို့ ညပိုင်းရောက်ရင် ပင်ပန်းနွမ်းနယ်လာပြီး အိပ်ချင်စိတ်ပေါ်ပါတယ်။ လဲလျောင်းအနားယူချင်စိတ်တွေ ဖြစ်လာပါတယ်။
အမှန်ပြောရရင် ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ အနားပေးပြီး အပန်းဖြေတာမျိုးပါ။ စိတ်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တဲ့အကုသိုလ်တွေ ကိုယ်မှာဖြစ်နေတဲ့ တင်းကျပ်ပင်ပန်းမှုတွေ ပြေလျော့သွားအောင် သက်သက်သာသာနဲ့အားထုတ်ရမှာပါ။
တီဗီကြည့်ကြသလို၊ ဗီဒီယိုကြည့်ကြသလို ရုပ်နာမ်တရားတွေ ဖြစ်ပျက်လှုပ်ရှားနေတာကို ပွဲကြည့်ပရိသတ်လို ကြည့်နေတာမျိုးပါ။
အိပ်ရာပေါ်ကို လှဲချတော့မယ်ဆိုရင် လှဲချချင်တဲ့စိတ်က အရင်ဖြစ်ပါတယ်။ နာမ်တရားလို့ ရှုမှတ်ပါ။ လှဲချလိုက်တဲ့အချိန်မှာ အပေါ်ပိုင်း ခန္ဓာက တဖြည်းဖြည်း လေးလာတဲ့သဘော၊ အောက်ကိုကျအောင် ဖိချ တွန်းချတဲ့သဘော၊ တရွေ့ရွေ့ယိုင်လဲသွားတဲ့သဘောတွေ ကိုယ်ထဲမှာဖြစ်လာပါတယ်။ လေးသဘော၊ ဖိသဘော၊ တွန်းသဘော၊ ရွေ့သဘော၊ ယိုင်သွားတဲ့သဘောတွေဟာ ရုပ်တရားပါ။ ရုပ်လို့ ရှုမှတ်ရပါတယ်။
အိပ်ရာပေါ်ရောက်သွားပြီး ကိုယ်ခန္ဓာကြီးအိပ်ရာပေါ်မှာ တည်ရှိသွားပြီဆိုရင် ခုနက သဘောတွေ မရှိတော့တာ ချုပ်ပျောက်သွားတာ တွေ့ရပါမယ်။ သဘောတရားအသစ်တွေ ပေါ်လာတာကို တွေ့ရပါမယ်။
မိမိရဲ့ဦးခေါင်းနဲ့ ခေါင်းအုံး ထိနေချိန်မှာ တဒိတ်ဒိတ်နဲ့ တုန်နေခုန်နေ လှုပ်နေတာတွေ တွေ့ရပါသေးတယ်။ ထိနေတဲ့ နေရာများမှာ ပူတဲ့ အေးတဲ့ သဘောလေးတွေ တွေ့နိုင်ပါတယ်။ ကျောပြင်နဲ့အိပ်ရာ ထိကပ်နေတဲ့ နေရာ၊ နံပါးနဲ့အိပ်ရာ ထိကပ်နေတဲ့ နေရာတွေမှာလည်း ပူအေးသဘော၊ ကြမ်းနုသဘော၊ လေးနေ ပိနေတဲ့ သဘောတွေ ရှုစရာအဖြစ် အရှုခံအဖြစ် ဖော်ပြနေပါတယ်။ ရုပ်သဘောတွေပါ။ ရုပ် ရုပ်လို့ သတိကပ်ရှုမှတ်ပါ။ စိတ်တိုင်းကျရာ ထင်ရှားရာ သဘောတစ်ခုခုကို အရအမိ ရှုမှတ်ပါ။
ဒါမှမဟုတ် ထိုင်တရားနဲ့နေစဉ်ကလိုပဲ နှာသီးဖျားမှာ သတိထားပြီး ဝင်လေ ထွက်လေကြောင့် တွန်းတိုး လှုပ်ရှား ပူးအေးနေတဲ့ ရုပ်တရားကို ရှုလိုက ရှုပါ။ ရင်ခေါင်းမှာ အသက်ရှူတိုင်း တဒိတ်ဒိတ်နဲ့ တိုးတွန်း လှုပ်ရှားနေတာ ခုန်နေတာကို ရှုချင်က ရှုပါ။ ကြိုက်ရာရှုပြီး အရှုအမှတ် တရားနဲ့ နေပါ။
အထိုင်ကြာလို့ ပင်ပန်းမှု၊ အလျှောက်များလို့ ညောင်းညာမှုတွေဟာ အိပ်ရာပေါ်လှဲပြီး အနားယူလိုက်တော့ သက်သာသွားပါတယ်။ ဒါပေမယ့် ဒီအတိုင်း မလှုပ်မယှက်လည်း မနေနိုင်ပြန်ပါဘူး။ ဘယ်ညာစောင်းငဲ့ပြီး လှည့်ချင်လာပါသေးတယ်။
လှည့်ချင် ပြောင်းချင်တဲ့ စိတ်ကို နာမ်လို့ ရှုမှတ်ပါ။ ပြောင်းလှည့်ချိန် စောင့်ငဲ့ချိန်မှာ ဖြစ်ပေါ်လာတဲ့ တွန်းကန်မှု၊ လှုပ်ရှားမှု၊ ပိမှု၊ မမှု၊ ပေါ့မှု၊ လေးမှု၊ တင်းမှု၊ လျော့မှုသဘောတွေကို ရုပ် လို့ ရှုမှတ်ပေးပါ။
ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်တို့ရဲ့အနေအထား ပြောင်းသွားတဲ့အတွက် အားစိုက်လှုပ်ရှားရတဲ့အတွက် ဖြစ်ပျက်သွားတဲ့ ရုပ်နာမ်သဘောတွေကို အလွတ်မပေးဘဲ ရှုဖို့ အမှတ်တမဲ့ မဖြစ်ဖို့ ဂရုစိုက် ရှုမှတ်သွားဖို့ပါပဲ။
လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးမှာ ရှုမှတ်စိတ်တွေ မလွတ်အောင် မပျောက်အောင် တရားနဲ့နေတဲ့ သူဟာ ရောက်တတ်ရာရာ အာရုံမျိုးစုံကို စိတ်ကအသွားနဲ့ သွားတာမို့ တဖြည်းဖြည်းနဲ့စိတ်တွေ တည်ငြိမ်လာပါတယ်။
စိတ်အစဉ်မှာ ကိလေသာအညစ်အကြေးတွေ ကင်းဝေးလို့ ဖြူစင်လာပါတယ်။ အပူသောက မီးတောက်တွေ၊ ဒေါသမီးလျှံတွေ လောင်ကျွမ်းခွင့်မရလို့ အေးချမ်းကြည်လင်လာပါတယ်။
ကိလေသာတွေပါးလာတယ်ဆိုယင် တရားတိုးတက်တာပါပဲ။ ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေဖို့ပါပဲ။ ဓမ္မဗျာပါရ ဖြစ်လာရင် ဉာဏ်ဖြစ်တော့တာပါပဲ။
မှတ်ချက်။ ။ ဆရာတော် ဓမ္မဒူတ အရှင်ပညိဿရ၏ တရားနဲ့နေပါ မှ မှတ်စုထုတ်ပါသည်။
တရားအားထုတ်တယ်ဆိုတာ (၃)
မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် ပဏိဟိတအစ္ဆရဝဂ်၊ ဆဋ္ဌမသုတ် ဒေသနာတော်မှာ စိတ်ကြည်လင်တဲ့ ပုဂ္ဂိုလ်ဟာ ကြည်လင်တဲ့ ရေကန်နှင့်တူကြောင်း မိန့်ကြားထားပါတယ်။
မြတ်စွာဘုရား မိန့်ကြားတော်မူလိုတာက စိတ်ထဲမှာ ကိလေသာ အညစ်အကြေးမတင် စိတ်ဖြူစင်ပြီး စိတ်ကြည်လင်နေသူဟာ အသိဉာဏ်လဲ ထက်မြက်ကြည်လင်တဲ့အတွက် အကောင်းအဆိုး အကြောင်းအကျိုးကိုလဲ ဝေဖန် ခွဲ့ခြမ်းပြီး သိတယ်၊ အမှားအမှန်ကိုလဲ ဝေဖန်ခွဲခြားပြီး သိတယ်၊ လုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့် အစရှိသည်လဲပဲ ခွဲခြမ်းပြီးသိတယ်၊ ဒါတင်မကသေးဘူး ဝိပဿနာ အသိ မဂ်အသိ ဖိုလ်အသိ အထိ ရရှိနိုင်တယ်လို့ မိန့်ကြားတော်မူလိုတာပါပဲ။ အဲဒါကို ကြည်လင်တဲ့ ရေကန်နှင့် ဥပမာပြုထားတာပါပဲ။
ရေမှော်ရေညှိ သစ်ပင် မြက်ပင် အမှိုက်သရိုက် ရွှံ့ညွှန်မရှိ ပကတိကြည်လင်နေတဲ့ ရေကန်ထဲကို ကြည့်လိုက်လျှင် ရေအောက်မှာရှိတဲ့ ငါး လိပ် ဖား ယောက်သွား ခရု အစရှိတဲ့ ရေထဲမှာရှိတဲ့ အရာမှန်သမျှကို ထင်ထင်လင်းလင်း တွေ့မြင်ရသလို ကိလေသာ အညစ်အကြေးကင်းလို့ ဖြူစင် ကြည်လင်နေတဲ့စိတ်ရှိတဲ့ သူဟာလဲ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ခွဲခြမ်းဝေဖန်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်တယ်လို့ ဥပမာ ပြုတာပါပဲ။
ဒါကြောင့် တရားအားထတ်နေတဲ့ တချိန်လုံး ယောဂီရဲ့ စိတ်ကို ဖြူစင် ကြည်လင်နေအောင် ထားရမယ် ဆိုတာ အင်မတန် သဘာဝကျပါတယ်။
ပြီးတော့ အထူးဂရုပြုဖို့ မြတ်စွာဘုရား မိန့်ကြားတဲ့အချက်ထဲမှာ စိတ်ကို ငြောင့်မစူးစေနဲ့တဲ့။
ခရီးသွားတဲ့ပုဂ္ဂိုလ်များ ဆူးစူးတယ်၊ ငြောင့်စူးတယ်ဆိုရင် ခြေထောက်စူးရင် မသွားနိုင်တော့ဘူး၊ သွားနိုင် တောင်မှပဲ ထော့နဲ့ထော့နဲ့နဲ့ ကောင်းကောင်း မသွားနိုင်တော့ဘူး၊ ဒါကြောင့် ခရီးမတွင်ဘူးတဲ့။
အဲဒီအတိုင်းပဲ စိတ်လဲပဲ ရှုမှတ်ပွားများ အားထုတ်နေတဲ့ ပုဂ္ဂိုလ်စိတ်မှာ ငြောင့်စူးရင် ရှုမှတ်ပွားများ အားထုတ်မှုကို သူ အားတက်သရော မပြုတော့ဘူး၊ အားတက်သရော မရှုမှတ်ဘူး၊ အားတက်သရော မပွားများဘူး၊ စိတ်ဝင်တစားလဲ မရှိဘူး။ အဲဒီတော့ သူရဲ့ဝိပဿနာ ခရီး နှောင့်နှေးတယ်၊ ဒါမှမဟုတ် ပျက်စီးတယ်ပေါ့။ ဒါကြောင့် ငြောင့်မစူးစေနဲ့တဲ့။
စိတ်ကို စူးတဲ့ငြောင့် ငါးချောင်းရှိတယ်၊ စေတောခိလ လို့ ခေါ်တယ်၊ စိတ်ကို စူးတဲ့ငြောင့် ငါးချောင်းက ဘာလဲလို့ဆိုတော့ ဗုဒ္ဓေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သဗြဟ္မစရိယာနံ ကုပိတော ဟောတိ .. တဲ့။
မြတ်စွာဘုရားအပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ တရားတော်အပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ သံဃာတော်အပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ သိက္ခာသုံးပါးအပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ အားထုတ်ဖော် အားထုတ်ဖက်အပေါ် စိတ်ခုခြင်း ဒေါသ၊ အဲဒီငြောင့် ငါးမျိုး မစူးစေနဲ့တဲ့။
အဲဒါကို ကျမ်းဂန်မှာ စေတောခိလတရား ငါးပါးလို့ ခေါ်ပါတယ်။ စေတောခိလဆိုတာ စိတ်စူးတဲ့ငြောင့်၊ စေတောခိလတရားငါးပါးပေါ့။
ချမ်းမြေ့ဆရာတော်
ဝိပဿနာကမ္မဋ္ဌာန်းပိုင်း
ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။
သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။
စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။
ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။
ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။
ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။
ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။
ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။
ဝိပဿနာဉာဏ် ၁၀-ပါး
၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။
၄။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။
၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။
၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။
+++++
သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။
ဝိပဿနုပတ္တိလေသ ၁၀-ပါး
၁။ ဩဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။
၂။ ပီတိ = ဩဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။
၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။
၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။
၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။
၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။
၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။
၁၀။ နိကန္တိ = ဩဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။
ထို ဆိုခဲ့ပြီးသော ဩဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။
+++++
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။
ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။
(၇) ဉာဏဒဿနဝိသုဒ္ဓိ
ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှ လည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။
သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသော အခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ် သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။
+++++
မဂ္ဂဝီထိ ပုံစံ
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်
မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့် အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်’ ဟု ခေါ်၏။
မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇော တစ်ကြိမ်စီ ဖြစ်၏။
ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။
ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။
အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။
ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။
မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။
မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။
မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ - ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်
မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။
မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။
ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။
ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။
ဒေါက်တာအရှင်သီလာနန္ဒဘိဝံသ
ဝိပဿနာရှုခြင်း၏အကျိုးနှင့် အကျင့်လမ်းကိုဆင်ခြင်ခြင်း
ဝိပဿနာတရားကို ရှုမှတ်ပွားများလိုသူပုဂ္ဂိုလ်အတွက် အားထုတ်ဖို့ လုပ်ငန်းကတော့ မြင်တိုင်း မြင်တိုင်း မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားကလေးတွေကို ရှုရုံမှတ်ရုံပါပဲ။
မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ် ရမယ်၊ (ရှုတယ် မှတ်တယ်ဆိုတာ သေသေချာချာ သိအောင်လို့ အသိ်နဲ့ စူးစိုက်ပြီး နှလုံးသွင်းလိုက်တာကို ခေါ်တာပါပဲ)
ဒါကြောင့် မြင်ရင် မြင်တယ်လို့ ရှုမှတ်လိုက်ရင် တစ်ခါတစ်ရံမှာ မြင်ရတဲ့ အဆင်းကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်တဲ့စိတ်ကလေးကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်ရာဌာန မျက်စိရုပ်ကလေးကို ရှုမှတ်ပြီးတော့ ဒီကနေပြီး မြင်သွားတာပါကလားလို့ သိသွားတယ်၊ ဘယ်ဟာပဲ မှတ်မိသည်ဖြစ်စေ တစ်ခုခုမှတ်မိလို့ တစ်ခုခုသိလာရင် ပြီးတာပဲ။
တစ်ခုခုမသိဘူး ဆိုရင်တော့ အဲဒီမြင်မှုကို အကြောင်း ပုဂ္ဂိုလ် သတ္တဝါ ငါကောင်လို့ ထင်မှတ်စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိဖြစ်လာမှာ၊ နိစ္စ သုခ အတ္တ ကိလေသာ အစွဲတွေ ဖြစ်လာမှာ၊ ဒီလို ကိလေသာ အစွဲက ကံတွေဖြစ်၊ ကံကအကျိုးပေးတော့ ဘဝသစ်တွေဖြစ်ခဲ့၊ ဒီနည်းဖြင့် ပဋိစ္စသမုပ္ပာဒ် စက်လည်ပြီးတော့ သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေတာ။
ဒါကြောင့် ဒီလို သံသရာဝဋ်ဆင်းရဲတွေ တစ်ဝဲလည်လည်ဖြစ်ပြီး မနေရအောင်ဟာ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုရ မှတ်ရမယ်။
ကြားခိုက်စသည်မှာလည်း အတူတူပဲ၊ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ကြားတယ်ဆိုတာ နားရုပ်ကိုမှီပြီးတော့ ကြားသိမှုကလေး ဖြစ်သွားတာပဲ၊ နားကလည်းရုပ်၊ ကြားတာက လည်း ရုပ်၊ ကြားသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ အဲဒါကို လည်း သိအောင် ကြားတိုင်း ကြားတယ် ကြားတယ်လို့ မှတ်ရမယ်။ နှာခေါင်းအနံ့ကို နံတိုင်းလည်း နံတယ် နံတယ် လို့ မှတ်ရမယ်။ လျှာက အရသာကို စားသိတိုင်း သိတယ် သိတယ်လို့ မှတ်ရမယ်။
ကိုယ်ကတွေ့ထိတိုင်းလည်း အဲဒီ တွေ့ထိတာကလေးတွေကို လိုက်ပြီးမှတ်ရမယ်၊ တစ်ကိုယ်လုံးမှာ အသွေးအသား စိုနေတဲ့ နေရာတိုင်း နေရာတိုင်းက အတွေ့အထိကို လက်ခံဖမ်းဆီးနိုင်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အဲဒါကို ကာယပသာဒ- ကိုယ် အကြည်ရုပ်လို့ ခေါ်တယ်၊ အကောင်းအဆိုး၊ အတွေ့အထိဟူသမျှဟာ အဲဒီ ကိုယ်အကြည် ရုပ်ပေါ်မှာချည်း တိုက်ခိုက်လာတယ်၊ ဒီလို တိုက်ခိုက်လာတဲ့ အကောင်းအဆိုး အတွေ့အထိတွေကို ကာယဝိညာဉ်ခေါ်တဲ့ စိတ်က တွေ့ထိပြီး သိသိသွားတယ်၊ ဒါကြောင့် တွေ့ထိခိုက်မှာ ကိုယ်အကြည်ကလည်းရုပ်၊ တွေ့ထိရတာတွေကလည်းရုပ်၊ ထိသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ်နှစ်ပါး ပဲရှိတယ်၊ အဲဒါတွေကိုလည်းသိအောင် ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့မှတ်ရမယ်၊ ဒါက သာမန် အတွေ့အထိကို မှတ်ပုံပဲ။
ထူးတဲ့ အတွေ့အထိတွေကလည်း ရှိသေးတယ်၊ ဒုက္ခဝေဒနာတွေနဲ့ တွဲပြီးတော့ ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် ကိုက်ခဲတယ် စသည်ဖြင့် အများကြီးပဲ။
အဲဒီ အတွေ့အထိတွေမှာတော့ ဝေဒနာတွေ ထင်ရှားနေလို့ ဝေဒနာကိုပဲ ခေါင်းတပ်ပြီးတော့ ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်လို့ မှတ်ရမယ်၊ ပူရင်လည်း ပူတယ် ပူတယ်၊ နာရင်လည်း နာတယ်, နာတယ် စသည်ဖြင့် သူဖြစ်တဲ့အတိုင်းပဲမှတ်ရမယ်။
လက်ကလေး၊ ခြေကလေးတွေ ကွေးလိုက် ဆန့်လိုက်çလှုပ်ရှား ပြင်လိုက်လို့်လည်း လက်ထဲခြေထဲက အတွေ့ အထိတွေ ထင်ရှားဖြစ်သွားတာပဲ၊ ကွေးချင်, ဆန့်ချင်တဲ့စိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ် လှုပ်ရှားရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာ ဒါကလေးတွေကို ယခုတော့ မသိနိုင်သေးဘူး၊ တော်တော်ကြာမှ သိမှာ၊ ယခုပြောနေတာကတော့ သုတမယဖြစ်အောင်လို့ စောစောက ကြိုတင်ပြီးပြောနေတာ၊ အားလုံးလှုပ်ရှား ဉပပြင်မှုတွေဟာ ဒီစိတ်ကလေးတွေနဲ့ချည်းလုပ်နေတာပဲ၊ ကွေးမယ် ဆန့်မယ် လှုပ်မယ်ကြံတဲ့ စိတ်ကလေးတွေကြောင့် ဒီရုပ်ကလေးတွေက တစ်ဆင့် ချင်းတစ်ဆင့်ချင်း၊ တစ်ရွေ့ချင်း တစ်ရွေ့ချင်း ဖြစ်နေတယ်၊ ဖြစ်ပြီးတော့လည်း သူဖြစ်ရာမှာပဲ ပျောက်ပျက်ပြီးသွားတယ်၊ အဲဒါကလေးတွေကို တော်တော်ကြာတော့ ကိုယ်တိုင်ပဲ တွေ့သွား ပါလိမ့်မယ်။
ကွေးတဲ့ဆန့်တဲ့အခါ ကွေးမယ် ဆန့်မယ်ကြံတဲ့ စိတ်ကလေးတွေက စပြီး ဖြစ်လာတယ်၊ အဲဒီ စိတ်ကလေး တွေကြောင့် လက်ထဲခြေထဲမှာ ကွေးရုပ် ဆန့်ရုပ်ကလေးတွေ တောင့်တင်းရုပ် လှုပ်ရှားရုပ်ကလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြစ်လာတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းလဲ သူတို့က လက်ထဲခြေထဲမှာရှိတဲ့ ကာယပသာဒခေါ် ကိုယ်အကြည်ရုပ်နဲ့ တိုက်ခိုက်တွေ့ထိပြီးတော့ ဖြစ်လာတယ်၊ ဒီတော့ ကာယဝိညာဉ်ခေါ်တဲ့ စိတ်အသိကလေးက တိုက်ရာထိရာမှာ ထိထိသွားတယ်၊ ဒါကြောင့် လက်တွေ ခြေတွေ တောင့်တင်းတာ လှုပ်ရှားတာတွေ ထင်ရှားနေတယ်။
အဲဒီထင်ရှားတာတွေကို မရှုမိ မမှတ်မိလို့ရှိရင် ဘာဖြစ်သွားတုန်းဆိုတော့ကော ငါပဲ ငါကွေးတာနဲ့ ငါဆန့်တာပဲ ငါ့လက်ပဲ ငါ့ခြေပဲ စသည်ဖြင့် ပညတ်စွဲ ပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ အဲဒီလို ပညတ်အစွဲတွေ မရောက်အောင်လို့ ကွေးတိုင်းဆန့်တိုင်း လှုပ်ရှားတိုင်း ကွေးတယ် ဆန့်တယ် လှုပ်ရှားတယ် စသည်ဖြင့်ရှုမှတ် နေရတာပဲ။ ပြီးတော့ စိတ်ကူးကြံစည်တဲ့အခါမှာလည်း နှလုံးရုပ်ကို မှီပြီးတော့ စိတ်ကူးစဉ်းစားမှု ကြံသိမှုကလေးတွေ ဖြစ်လာတယ်၊ အကြမ်းအားဖြင့် ပြောရရင် ဒီရုပ်ကိုယ်ကြီးကို မှီပြီးတော့ဖြစ်နေတာပါပဲ၊ ဒါကြောင့် နှလုံးရုပ် ကိုယ်ရုပ်က ရုပ်တရား၊ စိတ်ကူးစဉ်းစားကြံသိနေတာက နာမ်တရား ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ ဒီရုပ်နာမ်ကလေးတွေကိုလည်း သိအောင်လို့ စိတ်ကူးတိုင်း၊ စဉ်းစားတိုင်း ကြံစည်တိုင်း စိတ်ကူးတယ်၊ စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် မှတ်ရမယ်။
ယခုပြောခဲ့တဲ့အတိုင်း ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မပြတ်ရှုမှတ်နေရင် တော်တော်ကြာတော့ သမာဓိတွေ ထူးထူးခြားခြား ကောင်းလာတာကို တွေ့ရလိမ့်မယ်။
စိတ်ကလေးဟာ ဘယ်မှမသွားတော့ပဲနဲ့ မှတ်ရာ မှတ်ရာ အာရုံကိုသာ စိုက်ကနဲ စိုက်ကနဲ ကပ်ကပ်ပြီး တည်နေတာကို တွေ့ရ လိမ့်မယ်၊ အဲဒီအခါမှာ အသိကလည်း ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နဲ့နာမ်ကလေး နှစ်ခုရှိနေတာကို ကိုယ်တိုင်တွေ့ရမယ်၊ မှတ်သိတာ ကလေးရယ်၊ မှတ်သိရတဲ့ အာရုံကလေးရယ်၊ ဒါကလေး နှစ်ခုတည်း တွဲလျက်ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရမယ်။
ဒီလို တွေ့ပြီးတဲ့နောက် ဆက်မှတ်နေရင် တော် တော်ကြာတော့ မြဲတည်နေတာရယ်လို့ကို မရှိတော့ဘူး၊ မှတ်တိုင်း မှတ်တိုင်း မမြဲတာချည်းပဲတွေ့ရတယ်။ အသစ်အသစ် ပေါ်လာလိုက် ဖြစ်ပေါ်လာတာကို ရှုမှတ်လိုက် အဲဒါက ပျောက်သွားလိုက် ပြီးတော့ နောက်တစ်ခုက ပေါ်လာလိုက်ç အဲဒါကိုရှုမှတ်လိုက် သူကလည်း ပျောက်သွားလိုက်နဲ့ ဒီလို ပေါ်ချည် ပျောက်ချည် တရား ချည်းပဲတွေ့ရတယ်၊ မြဲတည်နေတာရယ်လို့ မရှိတော့ဘူး၊ ဒီတော့ မှတ်တိုင်း မှတ်တိုင်းပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းပဲလို့ ဒီလို သဘောကျလာမယ်၊ အဲဒါဟာ အနိစ္စာနုပဿနတဲ့။
ပြီးတော့ ဖြစ်ချည် ပျက်ချည် ဆင်းရဲလို့ ဒီလိုလည်း သဘောကျလာမယ်၊ ဒါကတော့ ဒုက္ခာနုပဿနာပဲ၊ ပြီးတော့ ကိုယ်ထဲမှာ ညောင်းလိုက် ပူလိုက် နာကျင် ကိုက်ခဲ လိုက်နဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကိုလည်း အများကြီးပဲ တွေ့ရတယ်၊ အဲဒါတွေကို ရှုရတော့ တစ်ကိုယ်လုံးဟာ ဆင်းရဲ အစုအဝေးကြီးလိုဖြစ်ပြီးတော့ ထင်လာမယ်၊ ဒါလဲ ဒုက္ခာနုပဿနာပဲ။
ပြီးတော့ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တရားတွေကို ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူဖြစ်ချင်သလို ဖြစ်နေတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် အစိုးမရတဲ့တရား ငါကောင် သတ္တဝါကောင် မဟုတ်တဲ့ သဘောတရားတွေပဲ လို့လဲ သဘောကျလာမယ်၊ ဒါကတော့ အနတ္တာနုပဿနာတဲ့။
ဒီအနိစ္စ ဒုက္ခ အနတ္တ အသိအမြင်တွေ ပြည့်စုံတဲ့ခါကျတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊ ဒီလိုနိဗ္ဗာန်ကို တွေ့ပြီးတော့ တစ်မဂ်တစ်ဖိုလ် ရသွား တယ်ဆိုရင် အပါယ်လေးပါးက လုံးဝလွတ်မြောက်သွားတော့တာပဲ၊ အောက်ထစ်ဆုံးအားဖြင့် အဲဒီ တစ်မဂ်တစ်ဖိုလ်လောက်တော့ ပြည့်စုံသွားအောင် ယခုအားထုတ် ကြရမယ်။
မဟာစည်ဆရာတော်ဘုရားကြီး
ပညတ်၊ ပရမတ် နှင့် ဝိပဿနာ
ဝိပဿနာရှုတယ်ဆိုတာ ပညတ် နှင့် ပရမတ် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိအောင်၊ ကြားနာ မှတ်သား ပြီးမှ၊ ပရမတ် ၏ သဘာဝကို လက်တွေ့မြင်အောင်၊ ရှုခြင်း ဖြစ်ပါတယ်။
ပညတ် ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်ရှိတယ်လို့ ယူဆလျှင်၊ ဝိပ္ပလ္လာသ တရားတွေ ဖြစ်တတ်ပါတယ်။
(၁) သညာဝိပ္ပလ္လာသ = အမှတ် အထင် ဖောက်ပြန်ခြင်း။
(၂) စိတ္တဝိပ္ပလ္လာသ = အသိ အကြံ ဖောက်ပြန်ခြင်း။
(၃) ဒိဋ္ဌိဝိပ္ပလ္လာသ = အစွဲအလမ်း အယူအဆ ဖောက်ပြန်ခြင်း လို့သုံးမျိုးရှိပါတယ်။
ထိုသုံးမျိုးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ၄ မျိုးနဲ့မြှောက်လိုက်တော့ ဝိပ္ပလ္လာသ ၁၂ မျိုး ဖြစ်လာပြန်ပါတယ်။
ပုထုဇဉ်ရဟန်းတပါးက “အဘယ်မျှလောက်သိလျှင် ရဟန္တာဖြစ်ပါသလဲ” လို့ ရဟန္တာကြီးလေးပါးအား တပါးစီမေးမြန်းလျှောက်ထားရာမှာ ထိုရဟန္တာကြီး အသီးသီးက ---
(၁) အတွင်း အာယတန ၆ ပါးတို့၏ ဖြစ် ပျက်မှုကို ရှုလျှင်၊ ရဟန္တာဖြစ်တယ်။
(၂) ခန္ဓာ ၅ ပါးတို့၏ အဖြစ် အပျက်ကို ဉာဏ်မြင်အောင်ရှုလျှင် ရဟန္တာဖြစ်တယ်။
(၃) မဟာဘုတ် ၄ ပါးတို့၏ အဖြစ် အပျက်ကို ဉာဏ်မြင်ပေါက်အောင်ရှုလျှင် ရဟန္တာဖြစ်တယ်။
(၄) ဖြစ်ခြင်းသဘောရှိတဲ့ တရားဟူသမျှသည် ချုပ်ပျောက် ကုန်ဆုံးခြင်း သဘောရှိသည်ဟု၊ ဉာဏ်အမြင်ပေါက်အောင်ရှုလျှင် ရဟန္တာဖြစ်တယ် လို့ အသီးသီးဖြေဆိုတော်မူကြပါတယ်။
ရဟန္တာကြီး ၄ ပါးတို့၏ ဖြေပုံများမှာ တမျိုးစီလို့ ထင်ရသော်လည်း၊ သဘောအချုပ်ကတော့ ပညတ် ပရမတ် ကွဲအောင် လုပ်ပြီးနောက်၊ အတွင်းအာယတန ၆ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ ခန္ဓာ ၅ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ မဟာဘုတ် ၄ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ ရုပ် နာမ်တို့၏ ဖြစ်မှု ပျက်မှု သဘောကို ဉာဏ်မြင်ပေါက်ဖို့ အရေးကြီးကြောင်း ထင်ရှားလှပါတယ်။
ပညတ် နှင့် ပရမတ် မကွဲလျှင် ဝိပဿနာရှုလို့မဖြစ်နိုင်ပါ။ ဝိပဿနာဉာဏ်မြင်ပေါက်အောင်၊ မရှုနိုင်သမျှ ကာလပတ်လုံးလဲဘဲ၊ သံသရာဝဋ်မှ မလွတ်မြောက်နိုင်ပေ။
ကိလေသာကို အကြွင်းမဲ့ သမုစ္ဆေဒပဟာန်ဖြင့် မပယ်သတ်နိုင်ဘဲနှင့်၊ သံသရာမှကျွတ်လွတ်မှု မဖြစ်နိုင်။
သောတာပန်တို့အတွက် ဒိဋ္ဌိ ဝိစိကိစ္ဆာကို အကြွင်းမဲ့မပယ်သတ်ဘဲနှင့်၊ အောက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မှ ကျွတ်လွတ်ရိုး ထုံးစံမရှိပါ။
သကဒါဂါမ်တို့အတွက် သောတာပန်နှင့် မထူးခြားပါ။
အနာဂါမ်တို့အတွက် ကာမတဏှာကို အကြွင်းမဲ့မပယ်သတ်ဘဲနှင့်၊ အလယ်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်ရိုး လွတ်ရိုး ထုံးစံမရှိပေ။
ရဟန္တာတို့အတွက် ရူပတဏှာ အရူပတဏှာတို့ကို အကြွင်းမဲ့ မပယ်သတ်နိုင်ဘဲနှင့်၊ အထက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်လွတ်ရိုး ထုံးစံမရှိလို့ ဆိုပါတယ်။
ဝိပဿနာ ဉာဏ်ချင်းတူသော်လည်း ဝိပဿနာ အာရုံချင်း မတူတတ်ပါ။ ဝိပဿနာ ဉာဏ်ဆိုတာ ပရမတ်ရုပ်နာမ်ကို အနိစ္စအစရှိသော လက္ခဏာရေးသုံးပါးထင်အောင် ရှု၍သွားရင်း ထင်မြင်လာသော သဘောတရားအမျိုးမျိုးကို ခေါ်ပါတယ်။ ရှုမြင်ရတော့လည်း နာမရှုပ ပရိစ္ဆေဒ ဉာဏ်မှစ၍ အနုလောမဉာဏ် အဆုံးအထိ တစ်ဆင့်ပြီး တစ်ဆင့် အဆင့်ဆင့် သိမြင်သွားအောင် ရှုရတာချည်းပင် ဖြစ်ပါတယ်။ ဝိပဿဉာဏ်ဆိုတာ လိုချင်သလို လုပ်၍ယူလျှင် ရတာမျိုးမဟုတ်ပါ။ လုံ့လပါရမီနှင့် သမာဓိအားလျော်စွာ ဖြစ်၍ သွားတာမျိုးဖြစ်ပါတယ်။
သို့ရာတွင် ခိပ္ပါဘိညပုဂ္ဂိုလ်များမှာ လျင်မြန်စွာ မဂ်ဖိုလ်ကို ရ၍ သွားတတ်သည်ဖြစ်၍ ဝိပဿနာဉာဏ်များကို ကွဲကွဲပြားပြား ထင်ရှားစွာ မပြောပြတတ်ကြပေ။ ဒန္ဓာဘိည ပုဂ္ဂိုလ်များမှာ တစ်မျိုးစီ တစ်မျိုးစီတို့၌ ကြာကြာကြီးရှုမြင်၍ နေရတတ်သောကြောင့် ဝိပဿနာဉာဏ်အကြောင်းကို တစ်မျိုးစီ ခွဲခြား၍ ပြောတတ်ကြပါတယ်။
ထို့ပြင် ပထမမဂ်မှ အထက်မဂ်များသို့ရအောင် ကြိုးစားအားထုတ်သော ယောဂီများမှာပို၍ပင် ကြာတတ်သဖြင့် ဝိပဿနာဉာဏ်အရာမှာ ပို၍ပင် ကြာတတ်သဖြင့် ဝိပဿနာဉာဏ်အရာမှာ ပို၍ပင် သေချာစွာ ပြော၍ပြတတ်ပါတယ်။
ထို့ကြောင့် မဂ်ဖိုလ်ကို ရတာချင်းတူပေမယ့် စေ့စပ်သေချာစွာ ပြောတတ်ပုံ မပြောတတ်ပုံတို့မှာ တစ်ဦးနှင့် တစ်ဦး ညီတူညီမျှ မဖြစ်နို်င်ကြပေ။
တစ်ခါ ဝိပဿနာချင်းတူသော်လည်း ဝိပဿနာအာရုံချင်း ကျတော တစ်ဦးနှင့်တစ်ဦး တူချင်မှတူပါတယ်။ ပရမတ်ရုပ်ဆိုတာ ဖောက်ပြန်တတ်သည်။ နာမ်ဆိုတာ အာရုံသို့ ညွှတ်တတ်သည်ဟူသော သဘောချင်းက တူသော်လည်း ထိုရုပ်နာမ်ဆိုတဲ့ ဝိပဿနာအာရုံကျတော့ အမျိုးမျိုး ရှိပြန်ပါတယ်။
ဝိပဿနာအာရုံများတွင် ခန္ဓာအားဖြင့် ငါးပါး၊ အာယတနအားဖြင့် ၁၂ ပါး၊ ဓာတ်အားဖြင့် ၁၈ ပါး ဟူ၍ ရှိပါတယ်။ ထိုခန္ဓာ အာယတန ဓာတ်တို့ကို အကုန်လုံး တစ်ပြိုင်နက် ရှုရမည်ဟု မဆိုလိုပါ။ မိမိအလိုရှိသော အာရုံ တစ်မျိုးမျိုးကိုဖြစ်စေ၊ ပို၍ဖြစ်စေ မိမိဉာဏ် ကျက်စားနိုင်သလောက်ကိုသာ ရွေး၍ ရှုရပါတယ်။ သို့ဖြစ်၍ တစ်ဦးနှင့်တစ်ဦး အာရုံချင်း တူချင်မှတူပါတယ်။ အတိတ်ဘဝများက ဆည်းပူးခဲ့သော အာရုံမျိုးကို ရှုမိလျှင် မြန်မြန်ထင်မြင်လွယ်ပါတယ်။
အာရုံအမျိုးမျိုးရှိသောကြောင့် ကြည့်တတ်လျှင် ပရမတ်အာရုံချည်း ဖြစ်ပါလျက် ပုဂ္ဂိုလ်အသီးသီးတို့၏ မဂ်ဖိုလ်ကို ရကြသော ဝိပဿနာအာရုံကျတော့ အမျိုးမျိုးကွဲပြားပါတယ်။
အာရုံတွေ ဘယ်လောက်ပင် များသော်လည်း အကျဉ်းချုံးလိုက်လျှင် ခန္ဓာ အာယတန ဓာတ်တို့သည်သာလျှင် ဖြစ်ကြရပါတယ်။ ထို့ထက်အကျဉ်းချုံးပြန်လျှင် ရုပ်နှင့်နာမ်ပင် ရှိတော့ပါတယ်။ သို့ဖြစ်သောကြောင့် လောက၌ ရှိသမျှသော သဘောတရားတို့သည် ယောနိသော မနသိကာရ ထားတတ်လျှင် ဝိပဿနာအာရုံချည်းပင် ဖြစ်ပါတယ်။
ထို့ကြောင့် သစ္စာလေးပါးနှင့် လွတ်သော တရားမရှိ၊ ဝိပဿနာ ကမ္မဋ္ဌာန်းနှင့် လွတ်သောတရား မရှိဟု မြတ်စွာဘုရား ဟောတော်မူခြင်း ဖြစ်ပါတယ်။
နေ့စဉ်အချိန်ရှိသမျှ တွေ့ကြုံ၍နေသော တရားအပေါင်း၌ ဝိပဿနာယောဂီသည် ပညတ်ကွာအောင် ရှုသွားတတ်တော့သဖြင့် ပရမတ်ချည်းသာ ဖြစ်သွားရပါတော့တယ်။ ပရမတ်ဖြစ်လျှင် ခန္ဓာ အာယတန ဓာတ်ဆိုတာတွေဟာ အလိုလိုဖြစ်ပြီးသားဖြစ်၍ သွားတော့သည်သာ ဖြစ်ပါတယ်။
သို့ဖြစ်၍ ဝိပဿနာရှုသောအခါ သမူဟ ဥပါဒါ သဏ္ဍာန် သန္တိ အစရှိသော ပညတ်သဘောတို့ကို မလွှဲမရှောင်သာ၍ တွေ့ရသော်လည်း အဖက်လုပ်၍ အသိအကျွမ်းမလုပ်ဘဲ ပေါ်လာသော သဘောတရား တို့၏ ဖြစ်ပေါ်လာမှုနှင့် ပျောက်ပျက်သွားမှုတို့ကိုသာ ဂရုစိုက်ရမည် ဖြစ်ပါတယ်။
ဖြစ်-အစနှင့် ပျက်-အဆုံးကိုသာ ဂရုစိုက်၍ ယုံကြည်စွာ ရှုသွားနိုင်မှ ပညတ်အာရုံများ တဖြည်းဖြည်း ကွယ်ပျောက်သွား၍ ဝိပဿနာသို့ ရောက်ပြီး ပေါက်မြောက်လွယ်မည်ဖြစ်ပါတယ်။
ရဲရဲ ပြောင်ပြောင် စွဲလောင်နေသည့် လောင်မီး (အာဒိတ္ထသုတ်)
အာဒိတ္တသုတ်ဆိုတာဟာ အင်မတန်ထင်ရှားတဲ့ သုတ်ပါ၊ ကြားနာဘူးတဲ့ ပုဂ္ဂိုလ်တွေလဲ တော်တော်များများ ရှိပါလိမ့်မယ်၊ မကြားနာဘူးသေးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိမှာပါ၊ “အာဒိတ္တ” ဆိုတာ “ရဲရဲ ပြောင်ပြောင် မီးစွဲလောင်နေတယ်” ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ အဲဒီစွဲလောင်နေတဲ့မီးတွေဟာ တစ်ဆယ့်တစ်ပါးတဲ့။
+++++++++
ပိဋကတ်မြန်မာပြန်လာ အာဒိတ္တသုတ် မူရင်း
ရဟန်းတို့ ရုပ်သည် ပြောင်ပြောင် တောက်လောင်၏ ၊ ဝေဒနာသည် ပြောင်ပြောင် တောက်လောင်၏ ၊ သညာသည် ပြောင်ပြောင် တောက်လောင်၏ ၊ သင်္ခါရတို့သည် ပြောင်ပြောင် တောက်လောင်ကုန်၏ ၊ ဝိညာဏ်သည် ပြောင်ပြောင် တောက်လောင်၏ ။
ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏ ၊ ဝေဒနာ၌လည်း ငြီးငွေ့၏ ၊ သညာ၌လည်း ငြီးငွေ့၏ ၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏ ၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏ ၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏ ၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ” ဟု အသိဉာဏ် ဖြစ်ပေါ်၏ ၊ “ပဋိသန္ဓေနေမှု ကုန်ပြီ ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ” ဟု သိ၏ဟု (မိန့်တော်မူ၏) ။
ဘိက္ခဝေ - ရဟန်းတို့၊ စက္ခုံ-မျက်စိကို၊ အာဒိတ္တံ၊ ရဲရဲပြောင်ပြောင် မီးစွဲလောင်၍နေ၏။ ရူပါ-မြင်ရတဲ့အဆင်းတို့ကို။ အာဒိတ္တာ၊ ရဲရဲပြောင်ပြောင် မီးစွဲလောင်၍နေကုန်၏။
စက္ခုဝိညာဏံ-မြင်သိမှုကို၊ အာဒိတ္တံ-ရဲရဲပြောင်ပြောင် မီးစွဲလောင်၍နေ၏။
စက္ခုသမ္ဖေဿာ-မြင်တွေ့မှုကို၊ အာဒိတ္တော-ရဲရဲပြောင်ပြောင် မီးစွဲလောင်၍နေ၏။
++++++++
မြင်တဲ့အခါကာလမှာဖြစ်တဲ့ စက္ခုဝိညာဏ်စိတ်၊ မြင်သိစိတ်ဆိုတာက ကုသိုလ်၏ အကျိုးလည်းရှိတယ်၊ အကုသိုလ်၏ အကျိုးလည်းရှိတယ်၊ ကုသလဝိပါက်တဲ့၊ အကုသလဝိပါက်တဲ့၊ စက္ခုဝိညာဏ်က ကုသလဝိပါက အကုသလဝိပါက ဥပေက္ခာနှင့်တကွ ဖြစ်တယ်လို့ဆိုပါတယ်။
ကုသိုလ်၏အကျိုးဆိုတော့ ကောင်းတဲ့သဘောရှိတယ်၊ အကုသိုလ်၏အကျိုးဆိုတော့ မကောင်းတဲ့ သဘောရှိတယ်၊ သို့သော်လည်း ကိုယ်အတွေ့အထိလောက် မကြမ်းလို့ သူ့ကိုတော့ ဥပေက္ခာလို့ အဘိဓမ္မာက ဟောထားတာပါ။
မျက်စိရယ်၊ အဆင်းရယ်၊ မြင်တွေ့မှုရယ်၊ မြင်သိမှုရယ်၊ မြင်လို့ကောင်းတာ၊ မကောင်းတာရယ်၊ အားလုံးငါးမျိုးရှိတယ်။
သုတ္တန်ဒေသနာတော်မှာ မြတ်စွာဘုရားက ဝိပဿနာရှုဖို့ဟောရင် ဒီလိုဘဲတဒွါရ တဒွါရမှာ ရှုဖို့ရာ ငါးခု ငါးခု ဟောတယ်။ အဲဒီထဲက ထင်ရှားရာကို အာရုံပြုတဲ့၊ ကိလေသာဖြစ်တဲ့ အဲဒီလို အကုသိုလ်မဖြစ်အောင် အမှန်အတိုင်းသိအောင် ရှုရမယ်တဲ့။
အဲဒီငါးမျိုး ထင်ရှားတဲ့တရား၊ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပျက်သွားတဲ့တရားတွေ၊ ပကတိ ပုဂ္ဂိုလ်တွေကတော့ ဖြစ်တယ်၊ ပျက်တယ်လည်းမထင်ပါဘူး၊ မျက်စိနဲ့တကွ တစ်ကိုယ်လုံးကလည်း တစ်ဘဝလုံးအမြဲ တည်နေတယ်လို့ ထင်နေတယ်။
ရုပ်တရား၊ နာမ်တရားတွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေလို့ ပြောနေပေမယ့်လို့ အဲဒီပြောနေတဲ့ စိတ်ကိုဘဲ ငါလို့ထင်နေတာ၊ အစွဲအလမ်းတွေကရှိတယ်၊ မျက်စိလည်းပဲ အမြဲတမ်းတည်နေတယ်လို့ ထင်တယ်၊ မြင်ရတဲ့ အဆင်းကလည်း သူ့သဏ္ဍာန် ကိုယ့်သဏ္ဍာန်က အခုလည်းရှိ၊ နောင်လည်းရှိ အမြဲရှိတယ်လို့ ဒီလိုပဲထင်နေတာ။
+++++++
မီးသုံးပါး
ရာဂမီး ဒေါသမီး မောဟမီး ကိလေသာမီးသုံးခု ။
+++++++
ရာဂဆိုတာ တပ်စွဲမှု၊ နှစ်သက်သာယာမှု၊ စွဲလမ်းမှုတဲ့၊ ကောင်းကောင်းလေး တွေ့မြင်နေတော့ နှစ်သက်သာယာမှု ဖြစ်တယ်။
ရာဂမီးလောင်တာကို အများပုဂ္ဂိုလ်တွေအနေကတော့ ဒီမီးကမဆိုးဘူးလို့ အောက်မေ့မှာပဲ၊ ဒီရာဂမီးလေးလောင်နေတာကို အရသာရှိတယ်လို့ထင်နေတာကိုး၊ ရာဂမီးမလောင်မှာကို စိုးရိမ်နေရတယ်။ ဒီရာဂမီးလောင်ဖို့ရာ မီးစာက အမြဲရှာ နေရတယ်။
တချို့က အာရုံတွေ စွဲလမ်းနေတာပဲ၊ ဒါပေမယ့် တစ်ဘက်က ကိုယ့်အလိုတိုင်းမဖြစ်ဘူးဆိုတဲ့ အခါကျရင် ဆင်းရဲတယ်မဟုတ်လား၊ ကိုယ်နှစ်သက်တဲ့အာရုံလေးတွေအတွက် မတော်မသင့်တာတွေပြုလို့ရှိရင် လောကတွင်လည်း အပြစ်ရောက်တတ်တယ်၊ အဲဒါ ရာဂမီးနှိပ်စက်တာတဲ့။
ဒေါသမီးတဲ့-မကောင်းတာတွေ မြင်ရတဲ့အခါ စိတ်မဆိုးဘူးလား၊ အဲဒါ ဒေါသမီးလောင်တာ။ ဒေါသဟာ မကောင်းဘူးဆိုတာတော့ သိကြတယ်၊ ဒါပေမယ့်လို့ ကိုယ်ဒေါသဖြစ်နေတဲ့ အခါမှာတော့ ဒီဒေါသဖြစ်နေတာကိုပဲ အရသာရှိနေတယ်လို့ ထင်နေတာ။
အဲဒီဒေါသကို အကြောင်းပြုလို့ သူတစ်ပါးအသက်သတ်ခြင်း၊ ခိုးခြင်း၊ လိမ်ခြင်းစသည်ဖြင့် မတော်တာတွေလုပ်ရင် အပါယ်လေးပါးရောက်ပြီး အကြီးအကျယ်ဒုက္ခရောက်ရတယ်၊ အဲဒါ ဒေါသမီးလောင်လို့ပါ။
မောဟမီးဆိုတာကတော့ အမှန်အတိုင်းမသိရင် မကောင်းမှုတွေပြုနေတာဟာ မောဟမီးလောင်နေတာပါပဲ၊ သူက အမြဲတမ်းလောင်နေတာပဲ။
ရာဂ၊ ဒေါသ၊ မောဟမီး ဒီမီးသုံးပါးက လောင်နေတယ်၊ ကိလေသာမီးသုံးခု။
နောက် ဒါတင်ပဲလားဆိုတော့ ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ မီးသုံးခု။
ဘဝအသစ်ဖြစ်ခြင်းဆိုတဲ့ ဇာတိမီးကလည်း လောင်နေတယ်။
အိုခြင်းဆိုတဲ့ ဇရာမီးကလဲ လောင်နေတယ်။
သေခြင်းဆိုတဲ့ မရဏမီးကလည်း လောင်နေတယ်၊ ဒီမီးသုံးပါးလောင်နေတယ်၊ အဲဒါမြင်တာအကြောင်းပြုပြီး စွဲလမ်းတာ။
မြင်တာကနေ စွဲလမ်း၊ စွဲလမ်းရာကနေပြီး ကိုယ်အလိုရှိတဲ့အတိုင်း ပြုလုပ်တယ်၊
ကိုယ်အလိုရှိတာရအောင် ပြည့်စုံအောင်လို့ ကြောင့်ကြစိုက်ရ အားထုတ်ရတယ်၊ ကိုယ်အလိုရှိတဲ့အတိုင်း ပြည့်စုံအောင်လို့ အားထုတ်နေတာတွေဟာ စွဲလမ်းလို့ပေါ့။
နောင်သံသရာဆိုတာ အဲဒါဇာတိဒုက္ခမဟုတ်လား ဇာတိဘဝအသစ်ဖြစ်ရင် အဲဒီတစ်ဘဝလုံး ဒုက္ခရောက်တော့တာဘဲ၊ ဘယ်မှမပြေးနိုင်ဘူး၊ ဘဝအသစ်ဖြစ်မှတော့ တိရစ္ဆာန်ဖြစ်ရင် တိရစ္ဆာန်ဆင်းရဲတွေ တိမ်းလို့ရှောင်လို့ မရဘူး၊ ပြိတ္တာဖြစ်ရင် ပြိတ္တာဆင်းရဲတွေ၊ ငရဲရောက်ရင် ငရဲဆင်းရဲတွေ ကုသိုလ်ကောင်းမှုတွေပြုလို့ လူ့ဘဝရောက်လာဦးတော့ လူဖြစ်ရင်ကော လူ့ဆင်းရဲတွေ မရှိဘူးလား၊ အဲဒါဘဝသစ်ဖြစ်ရလို့ ဒုက္ခတွေရောက်တာ၊ နတ်ပြည်လည်းအထိုက်အလျောက် ဒုက္ခတွေရှိနေတာပဲ၊ အဲဒါဘဝသစ်ဖြစ်တဲ့ ဆင်းရဲ၊ ဘဝအသစ်ဖြစ်တာကလည်း မီးတစ်ခုပဲတဲ့၊ မီးလောင်နေတာပဲ။
ပြီးရင် မအိုရဘူးလား၊ အိုရတာလည်းဆင်းရဲပဲ၊ မအိုသေးတဲ့ပုဂ္ဂိုလ်တွေက သိပ်မသိသေးဘူး၊ ငါးဆယ်ကျော် ခြောက်ဆယ်ကျော် အဲဒီကျမှသိတာ။ အိုခြင်းမီးလောင်တာတဲ့၊ မြင်ရာကနေပြီးမီးလောင်တာတဲ့၊ နောက်ဆုံးကျတော့ မသေရပေဘူးလား။ သေရတာက ကြောက်စရာအကောင်းဆုံးပဲ။
မသေခင်အတွင်းမှာလည်း သောကေဟိတဲ့ စိုးရိမ်ပူဆွေးရတဲ့မီးကလည်း လောင်တယ်၊ ပရိဒေဝေဟိ ငိုကြွေးရတဲ့ မီးကလည်း လောင်တယ်။
ဒါကတော့ ပုဂ္ဂိုလ်တိုင်းနဲ့တော့ မဆိုင်ဘူး၊ ငိုတတ်တဲ့ သူတွေသာငိုရတယ်၊ အမျိုးသားတွေကတော့ ကြိတ်မှိတ်ခံနေလိုက်တယ်၊ မငိုပါဘူး၊ အမျိုးသမီးတိုင်းလိုလိုကတော့ ကိုယ်နဲ့ စပ်ရာစပ်ရာ ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ သေကျေပျက်စီးတဲ့အခါ ငိုကြတယ်ကိုး၊ အဲဒါတွေဟာ ပရိဒေဝမီးလောင်တာတဲ့၊ ဒါဒီတစ်ဘဝတွင်မဟုတ်ဘူး၊ သားသေလို့၊ လင်သေလို့၊ မယားသေလို့၊ မိဘသေလို့၊ ဆွေမျိုးသေလို့၊ စီးပွားဥစ္စာရတနာတွေပျက်စီးလို့၊ ဒါလဲ ဒီတစ်ဘဝလည်း ဘယ်ဟုတ်မလဲ ဘဝတိုင်းဘဝတိုင်း တွေ့ကြုံရတာတွေများလှပြီ၊ အဲဒီသောက ပရိဒေဝမီးတွေလည်း လောင်နေတယ်တဲ့။
ဒုက္ခေဟိ-ဒုက္ခမီးတွေ၊ ကိုယ်ဆင်းရဲတွေကလည်း လောင်နေတယ်တဲ့။ ကိုယ်ဆင်းရဲတွေကလည်း အမျိုးမျိုးပါပဲ။
အချို့ပုဂ္ဂိုလ်တွေ အိပ်ယာထဲလဲပြီးတော့ ရောဂါရောက်လာတော့ ဒုက္ခမရောက်ပေဘူးလား၊ ကိုယ်ဆင်းရဲတွေတဲ့။
ကိုယ်ဆင်းရဲမီးတွေကလောင်သလို စိတ်ဆင်းရဲမီးတွေကလည်း နှလုံးထဲမှာ ပူလောင်ပြီးမခံသာအောင် ဖြစ်တတ်တယ်၊ အိပ်မပျော်၊ စားမဝင် အတိဒုက္ခတွေရောက်တယ်။
ဥပါယာသ ဖြစ်မှဖြစ်ရလေခြင်းဆိုပြီး တောက်တခေါက်ခေါက်နဲ့ ပူပန်ရတဲ့ ဆင်းရဲတွေကလည်း ဖြစ်တယ်၊ အဲဒီမီးတွေလောင်နေတယ်။
အဲဒါမြင်ရာကနေပြီးတော့ ဒီမီးတွေလောင်နေတာ၊ အခုသတ္တဝါတွေမှာ မြင်ရာကလောင်တာလည်း ရှိတာပဲ၊ တချို့လည်း ကြားရာက နံရာကစသည်ကလောင်နေကြတယ်၊ အခုဟာက မြင်ရာကနေဖြစ်နေတာ ကိုပြောနေတာပါ။
မီးတစ်ဆယ့်တစ်ပါး
ရာဂမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေဝမီးတွေ လောင်နေတယ်။
ကိုယ်တွင်းမီးတွေ
ဒုက္ခမီးတွေကလောင်တယ်။ ကိုယ်ဆင်းရဲမီးတွေ။
ဒေါမနဿမီးတွေကလောင်တယ်။ စိတ်ဆင်းရဲမီးတွေ။
ဥပါယာသမီးတွေကလောင်တယ်။ ပြင်းစွာပူပန်ရတဲ့မီးတွေ
မီးတစ်ဆယ့်တစ်ပါးဆိုတာဒါတွေပဲ။ မြင်ရာကနေပြီးတော့ မီးတစ်ဆယ့်တစ်ပါးလောင်နေပုံပေါ့။
ဒွါရခြောက်ပါးက မီးလောင်စာ ငါးခုစီဆိုတော့ မီးလောင်စာသုံးဆယ်ရှိတယ်၊ လူတစ်ယောက်မှာသုံးဆယ်၊ လူတစ်ယောက်မှာ သုံးဆယ်နဲ့ လူတိုင်းမှာ မီးလောင်စာတွေ ရှိတယ်မဟုတ်လား။ လူတိုင်း လူတိုင်း မီးတွေတဟုန်းဟုန်း လောင်နေကြတာတွေ၊ မျက်စိကလောင်လိုက်၊ နားကလောင်လိုက် နှာခေါင်းကလောင်လိုက် လောင်လိုက်တာလေ။
အဲဒီမီးတွေ မလောင်အောင် ဘယ့်နှယ့်လုပ်ရမလဲဆိုရင် -
မြင်တိုင်းမြင်တိုင်း သတိပဋ္ဌာန်နည်းနဲ့ အမှတ်ရပြီးတော့ သိနေရမယ်၊ မရှုမမှတ်လို့ မသိတာ၊ သဘောတရားတွေက သူ့ဟာသူ ဖြစ်နေတာ ရှိနေတာပါပဲ၊ မမြဲတဲ့တရားတွေပဲ၊ ဖြစ်ပြီးပျက်နေတာတွေ၊ မရှုလို့မသိတာ၊ ရှုရင်တော့ သိတယ်။
မိမိတို့ မျက်စိတို့ နားတို့ကနေပြီးတော့ ခုနက လောင်စာတွေဖြစ်တိုင်း ဖြစ်တိုင်းလိုက်ပြီးတော့ ကြည့်ရမယ်၊ လောင်စာတွေ ရှုလို့ရှိရင် လောင်စာတွေ မီးမလောင်ဘူး၊ မီးငြိမ်းမယ်။ မီးလောင်တာနဲ့ ငြိမ်းတာ ဘယ်ဟာကောင်းမလဲ၊ ငြိမ်းတာကောင်းပါတယ်၊ မီးငြိမ်းဖို့က ဒါအရေးကြီးပါတယ်။
ဒါပေမယ့် လောကထဲ ပုထုဇဉ်တွေကတော့ မီးလောင်တာလေးကို အရသာခံနေတာကိုး၊ မီးလောင်စာလေး မီးမလောင်မှာတောင် စိုးရိမ်နေရတယ်၊ ရာဂမီးကလောင်ချင်တာကိုး။
မြင်ရာကလည်း လောင်ချင်တယ်။ ကြားရာကလည်း လောင်ချင်တယ်။ နံရာကလည်း လောင်ချင်တယ်။ စားရာကလည်း လောင်ချင်တယ်။ တွေ့ထိရာကလည်း လောင်ချင်တယ်။ အဲဒါလေးတွေကို အရသာလေးတွေ ပေါ်နေတယ်လို့ ထင်ကြတယ်၊ ကိလေသာမကင်းသေးလို့ ခင်မင်တွယ်တာတဲ့ တဏှာလေးရှိနေလို့။
အမှန်စစ်စစ် မီးဆိုတာ မကောင်းတဲ့ သဘောတရားတွေပဲ၊ ငြီးငွေ့စရာတွေပဲ၊ အဲဒီမြင်သိတာတွေ မြင်တိုင်း ကြားတိုင်းကို ရှုမှတ်နေရင် ၊ သတိပဋ္ဌာန်နည်းအတိုင်း ရှုမှတ်နေရင် သူ့အခိုက်အတန့်နှင့်သူ သူ့သဘောအတိုင်း ဖြစ်ပျက်နေတာတွေ၊ မှတ်တိုင်းမှတ်တိုင်း ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်နှင့် ပေါ်လာတဲ့ အာရုံရော မှတ်သိတဲ့အာရုံရော ဖြစ်ပြီးပျောက်သွားတယ်။
တချို့ကတော့ စဉ်ုးစားဆင်ခြင်ပြီး ရုပ်တရားတွေဟာ ဖြစ်ပျက်နေတာပဲ၊ ဆင်ခြင်တဲ့စိတ်ထဲတော့ အနိစ္စပဲ၊ ဒုက္ခပဲ ဆင်ခြင်နေတယ်၊ အဲဒီတော့ သူ့နည်းနဲ့သူတော့ အနိစ္စ ဒုက္ခ တော့ ထင်နေတာပါပဲ၊ ဒါပေမယ့် အဲဒီဆင်ခြင်နေတဲ့ စိတ်ကလေးရဲ့ အဖြစ်အပျက်ကိုတော့ သူမသိဘူး၊ ငါကသိနေတယ်၊ သိနေတာငါပဲ၊ “ငါ” ကိုပဲ စွဲလမ်းစရာ ဖြစ်နေတယ်၊ အဲဒီငါတွေကမြဲနေတယ်၊ နိစ္စဖြစ်နေတယ်၊ အဲဒါလေးကို ကောင်းတယ်ထင်နေတယ်၊ အဲဒါသုခဖြစ်နေတယ်၊ အဲဒါ အသက်ရှင်နေတဲ့ ငါ့ကောင်ပဲ၊ အဲဒါအတ္တစွဲဖြစ်နေတာ၊ အဲဒါနေရာမကျဘူး။
သတိပဋ္ဌာန်နည်းအတိုင်း ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ကြည့်နေတော့ ဖြစ်တိုင်းဖြစ်တိုင်း သမာဓိဉာဏ်တွေရင့်ပြီးတော့ အဲဒီအာရုံတွေလည်း ရှုသိနေတဲ့စိတ်လည်း သိပြီးပျောက် သိပြီးပျောက်၊ အထူးမစဉ်းစားရဘူး၊ ဖြစ်တိုင်း ဖြစ်တိုင်း ပေါ်ပျောက် ပေါ်ပျောက်တွေပါပဲ၊ ဖြစ်ပျက်ဆိုတာကို တကယ်သိသွားတာ။
သိစရာအာရုံကလည်း ပျောက်သွားတာ၊ သိတဲ့စိတ်ကလဲ ပျောက်သွားတာ အတွဲလိုက် အတွဲလိုက်၊ မြင်တယ်ဆိုရင် မြင်တာရော သိတာရောပျောက်။
ကြားတယ်ဆိုရင်ကြားတာရော သိတာရောပျောက်၊ တွေးတယ်ဆိုရင် တွေးတာရော သိတာရောပျောက်။
ခြေလှမ်းတဲ့အခါ ကြွတယ်ဆိုရင် ကြွတာသိတာပျောက်၊ လှမ်းတယ်ဆိုရင် လှမ်းတာရော သိတာရောပျောက်၊ အဲဒီလိုဖြစ်တိုင်း ပျက်တိုင်း ဖြစ်ပြီးပျောက်၊ အဲဒီလိုပဲ ကိုယ်ထဲကနာတယ် ကျင်တယ် ကိုက်ခဲတယ်။
နာရင်နာတယ်ဆိုတဲ့ နာတာလေးလဲပျောက်၊ သိတာလေးလဲပျောက်၊ အကုန်လုံးသိနေတယ်။
မြင်တာရယ်၊ ကြားတာရယ်၊ ‘သိ’ ဆိုတာက အကုန်လုံးသိနေတာတွေ၊ နံပြီးသိတာ၊ အရသာစားပြီးသိတာ၊ ကြံပြီးသိတာ၊ ဒီလေးမျိုးကို တွေးပြီးသိတာ၊ မြင်ကြားတာကနှစ်ခု၊ သိတာကလေးခု၊ ခြောက်ဒွါရကပါပဲ။
ဆိုင်းမနေနှင့် ရပ်မနေနှင့် တရားအားထုတ်တယ်ဆိုပြီး ခဏတဖြုတ်အားထုတ်ပြီး နားနေရင် စကားတွေပြောနေရင် သမာဓိလဲကောင်းကောင်းမဖြစ်၊ ဉာဏ်လဲကောင်းကောင်းဘယ်ဖြစ်ပါ့မလဲ၊
(***) “ မြင်တိုင်း ကြားတိုင်းပင်မဆိုင်းပဲနှင့်ကို မရပ်ပဲနှင့်ကို အမြဲမပြတ်ရှုမှတ်နေမှ၊ အဲဒီလို ရှုမှတ်ကျင့်နေလို့ရှိရင် အာရုံကိုသိတဲ့ ရုပ်နှင့်နာမ်နှစ်ခုလုံးပဲ အာရုံကို မသိတတ်တဲ့ ရုပ်ကိုယ်ကြီးနှင့် အာရုံကိုသိတဲ့ စိတ်နာမ် ဒါလေးနှစ်ခုရှိတာပဲဆိုတာကို ကိုယ်တိုင်ပဲသိပါတယ်” (***)
အဲဒါလဲ ဆရာသမားတွေပြောလို့ ယုံရတာ သူများပြောလို့ သိရတာမဟုတ်ပါဘူး၊ သူ့အခိုက်အတန့်နဲ့သူဖြစ်ပြီး မမြဲဘူး၊ ဆင်းရဲတယ်၊ သူ့အခိုက်အတန့် သူဖြစ်ပြီး ပျက်သွားလို့ ဆင်းရဲပဲ အခံခက်လို့ဆင်းရဲ အစုအဝေးကြီးလို့ ထင်လာပါတယ်။
ရုပ်နာမ်နှစ်ပါးအဖြစ်နှင့်လည်း ခွဲခြားပြီးသိတယ်၊ မမြဲဘူးလို့လည်းသိတယ်၊ ဆင်းရဲတွေချည်းပဲလို့လည်း ခွဲခြားပြီးသိတယ်၊ ဒီလိုလည်း သဘောကျပြီးသိတယ်။
ငါကောင်လည်း ပျောက်တယ်၊ အစတုန်းက ငါကောင် အသက်ရှင်နေတဲ့အကောင်လေးအနေနဲ့ စွဲလမ်းနေတယ်၊ အဲဒီ ငါကောင်လည်း ပျောက်ပါတယ်။
ဆယ်တစ်ပါးသောလောင်မီးတို့ကင်းငြိမ်းကြပါစေ။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ အာဒိတ္တသုတ်တရားတော်မှ မှီငြမ်း မှတ်စုထုတ်ပါသည်။
နိဗ္ဗာန်ဟူသည်
ဗုဒ္ဓဘာသာ၏ အထွတ်အထိပ်ဖြစ်သော တရားသည် နိဗ္ဗာန်ဖြစ်ပါတယ်။ နိဗ္ဗာန်ကိုရရှိ ရောက်ရှိရေးအတွက် ဗုဒ္ဓဘာသာဝင်တိုင်း တောင်းဆုပန်ဆင်နေကြတယ်။ ဤသို့ ဆုပန်နေကြသည်မှာ ကောင်းမြတ်သော အလိုအာသာပင် ဖြစ်ပါတယ်။ သို့သော်လည်း နိဗ္ဗာန်ကို ရရှိစေရန်အတွက် တောင်းဆုပန်ဆင်နေရုံဖြင့် မလုံလောက်သေးပါ။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်သည် ‘မှန်ကန်သော အတွေးအမြင်’ (သမ္မာဒိဋ္ဌိ) ဖြင့် ရှုမြင်၍ သိရှိရသောတရား ဖြစ်သောကြောင့်ဖြစ်ပါတယ်။
ဤတွင် နိဗ္ဗာန်၏ သဘောတရားကို သိရှိရန် လိုအပ်ပါတယ်။ နိဗ္ဗာန်သည် ပါဠိဝေါဟာရ ဖြစ်သော ပုဒ်ကို နာမသတ်ပြု၍ ခေါ်ဆိုထားသော ဝေါဟာရတစ်ခု ဖြစ်ပါတယ်။ မူရင်းပါဠိ ဝေါဟာရ ‘နိဗ္ဗာန’ လာခြင်းဖြစ်ပါတယ်။
နိဗ္ဗာနသဒ္ဒါသည် -
- အသင်္ခတနိဗ္ဗာန်ဟူသော အနက် ၊
- ကိလေသပရိနိဗ္ဗာန်ဟူသော အနက် ၊
- ခန္ဓပရိနိဗ္ဗာန်ဟူသော အနက် ၊
- ဒိဋ္ဌဓမ္မချမ်းသာဟူသော အနက် ၊
- အရိယမဂ်ဟူသော အနက် ၊
- အရဟတ္တဖိုလ်စသော အနက်တို့ကို ဟောစွမ်းနိုင်ပါတယ်။
ဤအသံတူ အနက်ပွား နိဗ္ဗာန်များသည် ဗုဒ္ဓဘာသာဝင်တိုင်းနှင့် ပတ်သက်နေသော သဘောတရားများ ဖြစ်ပြီး၊ ထိုအထဲတွင် အဓိကကျသော နိဗ္ဗာန်ကား အသင်္ခတဓာတ်နိဗ္ဗာန် ဖြစ်ပါတယ်။ လူတို့ တောင်းဆုပန်ဆင်နေကြသော မအိုရာ၊ မနာရာ၊ မသေရာ နိဗ္ဗာန်ဆိုသည်မှာလည်း ထိုနိဗ္ဗာန်ပင် ဖြစ်ပါတယ်။ လူအချို့သည် နိဗ္ဗာန်သို့ရောက်လျှင် အို နာ သေ ဟူသော တရားများ မရှိတော့ဟု နားလည်နေကြပါတယ်။
အသင်္ခတဓာတ် နိဗ္ဗာန်သည် အို နာ သေမှု မရှိသောတရား မှန်သော်လည်း ထိုနိဗ္ဗာန်သည် လူတို့ ရောက်ရှိရာ ဘုံဌာနတစ်ခု မဟုတ်ပါ။ ဗုဒ္ဓဘုရားကလည်း -
“နိဗ္ဗာန်၌ လာရောက်ခြင်း၊ ပြောင်းသွားခြင်း၊ တည်တံ့နေခြင်း၊ ကပ်၍ ဖြစ်ခြင်းကို ငါဘုရား ဟောကြားခြင်း မပြုပေ။”
ဟု ဥဒါန်းပါဠိတော်၌ မိန့်ကြားထားပါသည်။
ထို့ပြင် သဂါထာဝဂ္ဂသံယုတ်၊ ရောဟိတဿသုတ်၌လည်း -
“လောက၏ အဆုံး (နိဗ္ဗာန်) သို့ ခြေဖြင့် သွားခြင်းဖြင့် တရံတဆစ်မျှ မရောက်နိုင်ပေ။”
ဟု ဟောကြားထားပြန်ပါသည်။
သို့ဖြစ်ရာ နိဗ္ဗာန်ဆိုသည်မှာ ပုဂ္ဂိုလ်သတ္တဝါတို့ ရောက်ရှိရာ၊ တည်နေရာ ဌာနတစ်ခု မဟုတ်ကြောင်း သိသာပါတယ်။
နိဗ္ဗာန်သည် ကိုယ်ဖြင့် ရောက်ရှိရာဌာန မဟုတ်ဘဲ ဉာဏ်ဖြင့် ရောက်ရှိရာ သဘောတရားတစ်ခုသာ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားကလည်း ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ -
“အသင်္ခတဓာတ် နိရောဓသစ္စာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုသော သိခြင်းဖြင့် သိရှိရ၏။”
ဟု ဟောကြားထားပါတယ်။
ဤဟောမိန့်ချက်ကို ထောက်လျှင်လည်း နိဗ္ဗာန်ဆိုသည်မှာ အာရုံပြုစရာ တရားမျှသာဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
အသင်္ခတဓာတ် နိဗ္ဗာန်သည် လူသား၏ ခန္ဓာတွင်း၌ ရှိနေသောတရားလည်းမဟုတ်ကြောင်းလည်း ဗုဒ္ဓဘုရားက ဓမ္မသင်္ဂဏီပါဠိတော်၌ ဟောပြထားပါတယ်။ ထို့ကြောင့်လည်း နိဗ္ဗာန်ကို ‘ခန္ဓာလွတ်တရား’ (ခန္ဓဝိမုတ်) ဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဟောကြားထားသော ဒေသနာအစုမှ စိတ်သဘာဝကို လေ့လာရာတွင် အခြေခံ အမျိုးအစား ရှစ်ပါးမျှကို တွေ့ရှိရပါတယ်။
(၁) အဆင်းအာရုံကြောင့်ဖြစ်သော ‘မြင်သိစိတ်’ ၊
(၂) အသံအာရုံကြောင့်ဖြစ်သော ‘ကြားသိစိတ်’ ၊
(၃) အနံ့အာရုံကြောင့့်ဖြစ်သော ‘နံသိစိတ’ ၊
(၄) ရသာရုံကြောင့်ဖြစ်သော ‘စားသိစိတ်’ ၊
(၅) တွေ့ထိအာရုံကြောင့်ဖြစ်သော ‘ထိသိစိတ်’ ၊
(၆) သဘောတရားအာရုံကြောင့်ဖြစ်သော ‘တွေးသိစိတ်’ ၊
(၇) စိတ်အစဉ် မဖြစ်သော ‘မသိစိတ်’ ၊
(၈) လောကမှ လွတ်မြောက်သော ‘လွတ်သိစိတ်’ ၊တို့ ဖြစ်ပါတယ်။
လူသားတစ်ဦးအတွက် ဖော်ပြပါ စိတ်ရှစ်မျိုးမှ လွဲ၍ ဖြစ်နိုင်ခွင့် မရှိပေ။ သို့ပါသော်လည်း လွတ်သိစိတ်ဆိုသော အမျိုးအစားမှာ လူသားတိုင်း ရနိုင်ခွင့် မရှိပါ။
မသိစိတ်ဆိုသည်မှာ သဘောတရားအာရုံ(ဓမ္မာရုံ) အစုမှ ခွဲထုတ်ထားသော စိတ်တစ်မျိုး ဖြစ်ပြီး၊ သဘောတရားအာရုံ အများစုမှာ သိရှိနိုင်သော စိတ်များ ဖြစ်သော်လည်း ယခုဖော်ပြသည့် အာရုံမှာ မသိစိတ်၏ ဆက်စပ်ပေးမှုကြောင့် ဖြစ်ပေါ်လာကြောင်း ဖြစ်ပါတယ်။
မသိစိတ်၏ သဘာဝကို ပုံစံပြရလျှင် အိပ်စက်နားနေချိန်၌ ဖြစ်ပေါ်နေသောစိတ် ဖြစ်ပါတယ်။ လူတို့သည် အိပ်စက်နားနေချိန်၌ အသိစိတ် မရှိသဖြင့် စိတ်ဖြစ်စဉ်(ဝီထိစိတ်) လည်း မရှိပေ။ ဝီထိစိတ် မရှိသောကြောင့်လည်း မသိစိတ် ဖြစ်နေရခြင်းပင်ဖြစ်ပါတယ်။
လူသားတို့သည် သဘာဝ၏ ခိုင်းစေချက်အရာ အိပ်စက်နားနေမှုကို ပြုကြရပါတယ်။
သဘာဝနားနေမှုဟု ဆိုရမည် ဖြစ်ပါတယ်။
လူတို့သည် အိပ်ပျော်နေစဉ်၌သာ မဟုတ်။ နိုးကြားနေစဉ်၌လည်း စိတ်ဖြစ်စဉ်များ မရှိဘဲ လစ်ဟာနေသည့် ကာလများ ရှိနေပါသေးတယ်။ ထိုအချိန်မျိုးတွင်လည်း မသိစိတ်က လုပ်ငန်းတာဝန်ကို ဆောင်ရွက်ပေးနေပြီး၊ မသိစိတ်၏ ကြားကာလ ဆောင်ရွက်နေမှုကို မသိနိုင်ကြပါဘူး။
ထိုမသိစိတ်ကို ဗုဒ္ဓအဘိဓမ္မာ၌ ‘ဘဝင်စိတ်’ ဟု ခေါ်ပါတယ်။ ဘဝင်စိတ်ကိုပင် ‘အသိမဲ့စိတ်’ (ဒွါရဝိမုတ်စိတ်) ဟုလည်း ခေါ်ဆိုရပါသေးတယ်။
လွတ်သိစိတ်ဆိုသည်မှာ လောကမှ လွတ်မြောက်သောစိတ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုလွတ်သိ စိတ်သည်လည်း သဘောတရားအာရုံမှပင် ခွဲထုတ်ထားသော အသိစိတ် ဖြစ်ပါတယ်။ ထိုစိတ်ကိုလည်း နှစ်မျိုး ခွဲခြားရပါမည်။
(၁) သင်္ခါရမှ လွတ်သိစိတ် (အဖြစ်ငြိမ်းနိဗ္ဗာန်) ၊
(၂) အနုသယမှ လွတ်သိစိတ် (အစွဲငြိမ်းနိဗ္ဗာန်) ၊ဟု ခွဲခြားရပါမည်။
ဓမ္မအမြင်ကို ကြည့်မြင်သူတို့သည် အထက်ပါ နိဗ္ဗာန်နှစ်မျိုးတို့တွင် အဖြစ်ငြိမ်းနိဗ္ဗာန်ဟု ဆိုအပ်သော သင်္ခါရမှ လွတ်သိစိတ်ကို ရှေးဦးစွာ ကြည့်မြင်ရပါမယ်။ ထိုနိဗ္ဗာန်သည် ဖြစ်ပျက် သင်္ခါရများ မရှိသဖြင့် အသင်္ခတနိဗ္ဗာန်ဟု ဆိုရပါတယ်။ သစ္စာတရား၌ ပါသော နိရောဓသစ္စာလည်း ဖြစ်ပါတယ်။ ထိုနိဗ္ဗာန်ကို ရရှိပြီးလျှင် အစွဲငြိမ်းနိဗ္ဗာန်ဖြစ်သော အနုသယမှ လွတ်သိစိတ်ကိုလည်း ရရှိသွားမည် ဖြစ်ပါတယ်။
သင်္ခါရတို့မှ လွတ်သိစိတ်ဖြစ်သော အဖြစ်ငြိမ်းနိဗ္ဗာန်သည် ဖြစ်ခြင်း မရှိသောကြောင့် ပျက်ခြင်းလည်း မရှိပါ။ ဖြစ်ပျက်မှု ကင်း၏။ ထိုဖြစ်ပျက်မှု ကင်းသော နိဗ္ဗာန်ကို သိမြင်နိုင်ရန် ဖြစ်ပျက်မှု ရှိသော လောကနှင့် နှိုင်းယှဉ်၍ ကြည့်မြင်ကြရပါတယ်။
ဝိပဿနာလမ်းစဉ်သည် စိတ်၏ လွတ်မြောက်မှုကို ပဓာနပြုထားပါတယ်။ စိတ်၏ လွတ်မြောက်မှုသည် အဓိကဖြစ်ကြောင်း မူလပဏ္ဏာသပါဠိတော်၊ မဟာသာရောပမသုတ်၌ -
“ဤသာသနာတော်သည် မပျက်စီးနိုင်သော စိတ်၏ လွတ်မြောက်မှု အတွက်သာ ဖြစ်၏။ ဤမပျက်စီးနိုင်သော စိတ်၏ လွတ်မြောက်မှုသည် အနှစ်သာရပေတည်း။ ဤမပျက်စီးနိုင်သော စိတ်၏ လွတ်မြောက်မှုသည် အဆုံး (ပန်းတိုင်) ပေတည်း။”
ဟု ဟောကြားထားပါသည်။
ဆက်လက်ဖော်ပြပါမည်။
နိဗ္ဗာန်ဟူသည် (၂)
သင်္ခါရအသိစိတ်မှ လွတ်မြောက်သော ဝိမုတ္တိစိတ်အစဉ်ကို ရှုမြင်ကြရာ၌ ရှောင်ကြဉ်ဖွယ် များစွာ ရှိပါတယ်။ ထိုအထဲတွင် အရေးပါသော ကိစ္စများကို သိထားရပါမယ်။
(၁) ကြောင့်ကြမှု မရှိခြင်း။ ။ နိဗ္ဗာန်ကို ရှုကြည့်ရာတွင် ကြောင့်ကြမှုတရားများကိုလည်း ရှောင်ရှားရပါမည်။ ကြောင့်ကြမှုကို ပလိဗောဓဟု ခေါ်ပါသည်။ ပလိဗောဓ တရားလည်း များစွာ ရှိသည်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသော ကြောင့်ကြစိတ်များ ပါဝင်ပါသည်။ မည်သည့် ကြောင့်ကြစိတ်ကိုမဆို မေ့ပျောက်ထားရပါမယ်။
(၂) ဆိတ်ငြိမ်မှု မရှိခြင်း။ ။ ဆိတ်ငြိမ်မှုရှိသော နေရာလည်း လိုအပ်ပါသည်။ အသံဆူညံမှုများသော နေရာသည် ဝိမုတ္တိနိဗ္ဗာန်ကို ကြည့်မြင်ရာ၌ အနှောင့်အယှက် ကြီးလှပေသည်။ ဗုဒ္ဓဘုရားကလည်း ဆိတ်ငြိမ်ရာ နေရာ၌ နေ၍ ရှုမြင်သင့်ကြောင်း ကြိမ်ဖန်များစွာ ဟောကြားထားပါသည်။ မိမိကိုယ်တိုင်လည်း ဆိတ်ငြိမ်မှုကို လိုလားတော်မူပါသည်။ ဗုဒ္ဓဘုရားသည် စာတုမရွာ၊ ရှစ်ရှားတော၌ သီတင်းသုံးစဉ် ဆူညံစွာ စကားပြောကြသော ရဟန်းတို့အား “ရဟန်းတို့ - သင်တို့သည် ငါးသည်တွေ ငါးရောင်းသလို ဆူညံလွန်းလှသည်” ဟု ပြောကာ နှင်ထုတ်ခဲ့ဖူးပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ စာတုမသုတ်)
(၃) ပင်ပန်းမှု မဖြစ်စေခြင်း။ ။ ခန္ဓာကိုယ်လည်း ပင်ပန်းမှု မဖြစ်စေရပါ။ ရုပ်ပင်ပန်းလျှင် စိတ်လည်း ပင်ပန်းပါသည်။ ဗုဒ္ဓဘုရားသည် နုစဉ်ကာလက ဒုက္ကစရိယာခေါ် ခန္ဓာကိုယ် ပင်ပန်းသော နည်းဖြင့် အပြင်းအထန် ကျင့်ကြံခဲ့သည်။ ခြောက်နှစ်ကြာမျှ ထိုင်နေသော ဣရိယာပုဒ်ဖြင့် ကျင့်သုံးခဲ့သည်။ ဤအစွန်းရောက် ကျင့်စဉ်ကြောင့် ခါးနာရောဂါ စွဲကပ်လာခဲ့သည်။ ဤဒဏ်ရာရောဂါ ဝေဒနာမှာ နှစ်များစွာ ကြာသည်အထိ ပျောက်ကွာခြင်း မရှိတော့ပေ။ ထို့ကြောင့် နိဗ္ဗာန်အမြင်ကို ရှုကြည့်ရာ၌ အချိန်များစွာ ရပ်ခြင်း၊ ထိုင်ခြင်းစသည်ဖြင့် အလွန်အကျွံ မပြုလုပ်ကြရန် မဟာနိဒ္ဒေသစသော အဖွင့်ကျမ်းပြု ပညာရှင်တို့က တားမြစ် ထားခဲ့ပါသည်။
သို့ဖြစ်ရာ ဣရိယာပုတ်ကိုလည်း သက်ညှာစွာ စောင့်ရှောက်၍ ကျင့်သုံးရပါမည်။ အချိန်ကြာမြင့်စွာ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း ပြုလျှင် ညောင်းညာကိုက်ခဲပါမည်။ ညောင်းလျှင် ဣရိယာပုတ်ကို ပြောင်း၍ ရှုကြည့်ရပါမယ်။
နိဗ္ဗာန်ဆိုသည်မှာ စိတ်၏ လွတ်မြောက်မှု ဖြစ်ကြောင်း နှင့် အခြေခံစိတ်များကိုလည်း ဖော်ပြခဲ့ပြီးပါပြီ။ အခြေခံ အသိစိတ် ခြောက်မျိုးကို ပြန်၍ ကြည့်လျှင် မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ တွေးသိစိတ်တို့ကို တွေ့သိရပါမည်။ ထိုစိတ်များသည် သင်္ခါရကို အခြေခံ၍ သိရှိနေရသော ဖြစ်ပျက်အသိစိတ်များ ဖြစ်ပါတယ်။
ဣရိယာပုတ် တစ်ခုခုဖြင့် စိတ်ဖြစ်ပေါ်မှုကို ရှုကြည့်နေချိန်၌ အချိန်ကြာမြင့် လာသောအခါ ညောင်းညာကိုက်ခဲမှုစသော ဒုက္ခဝေဒနာများ ဖြစ်ပေါ်လာနိုင်ပေသည်။ ဤဒုက္ခဝေဒနာမှာ ကိုယ်ခန္ဓာ၌ တကယ်တမ်း ဖြစ်ပေါ်လာသော ဒုက္ခဖြစ်သောကြောင့် ‘ကိုယ်တွေ့ဆင်းရဲ’ (ဒုက္ခ ဒုက္ခ) ဟု ဆိုရသည်။
ဤဒုက္ခဝေဒနာမျိုး ဖြစ်ပေါ်လာလျှင် အောင့်အည်းသည်းခံ မနေရပါ။ ညောင်းညာမှု စသည်တို့မှာ ရုပ်ဒုက္ခ ဖြစ်သည်။ ရုပ်ဒုက္ခသည် ကုစားရမည့် ဒုက္ခမျိုးဖြစ်သည်။ ထို့ကြောင့် နိဗ္ဗာန်သဘာဝကို ရှာဖွေရှုကြည့်ချိန်၌လည်းကောင်း၊ ငြိမ်းအေးစိတ်ဖြင့် နိဗ္ဗာန်အာရုံကို ဝင်စားချိန်၌လည်းကောင်း ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော ရုပ်ဒုက္ခဝေဒနာ အသေးစားများကို ချက်ချင်းကုစား ပေးကြရပါမည်။
ရုပ်ခန္ဓာ၌ ဖြစ်ပေါ်သော ဝေဒနာအသေးစားများကို ချက်ချင်းကုစားလိုက်မှသာလျှင် ဝိပဿနာ ရှုပွားသောစိတ်၊ သမာပတ် ဝင်စားသောစိတ်တို့ကို မထိခိုက်စေမည် ဖြစ်ပါသည်။
နိဗ္ဗာန်ကို မြင်သိနိုင်ရန်အတွက် သင်္ခါရဖြစ်ပျက်စိတ်တို့ကို ဖျောက်ပစ်ရပါမယ်။ ဖျောက်ပစ်ရန်အတွက် ရှေးဦးစွာ သင်္ခါရအသိစိတ်တို့ကို ဂရုမပြု လျစ်လျူရှုလိုက်ရမည်ဖြစ်ပါသည်။ ဤသို့ လျစ်လျူရှုလိုက်သောအခါ သင်္ခါရစိတ်တို့၏ ဖိစီးမှုများ လျော့ပါးသွားပါသည်။ အာရုံသိစိတ်များလည်း မှေးမှိန်သွားပါသည်။ စိတ်သည် အလွန်ပေါ့ပါးသွားလေပြီ။ ဤစိတ်ကို သင်္ခါရုပေက္ခာစိတ် ဟု ခေါ်ဆိုရပါသည်။ ဤစိတ်မျိုး ဖြစ်ပေါ်လာလျှင် နိဗ္ဗာန်မြင်ရန်အတွက် အနီးကပ်ဆုံး ဖြစ်လာခဲ့ပြီ။
သင်္ခါရအသိစိတ်တို့ကို လျစ်လျူနေသော်လည်း သင်္ခါရစိတ်တို့မှ မလွတ်မြောက်သေးပေ။ စိတ်သည် သင်္ခါရတရားတို့၏ ဖြစ်ပျက်မှု၌ပင် ထိန်းသိမ်းနေရသေးသည်။
ထိုအချိန်တွင် “လျစ်လျူရှုထားသော သင်္ခါရအသိစိတ်တို့မှာလည်း စိတ်ကို ထိန်းချုပ် တုပ်နှောင်ထားသော စိတ်များပါလား”ဟူ၍ ဉာဏ်နှင့် ယှဉ်ကာ စွန့်ခွာပစ်လိုက်ရပါမည်။
ဤသို့ သင်္ခါရစိတ်တို့ကို လွတ်ပစ်လိုက်သောအခါ သင်္ခါရစိတ်မှလည်း လွတ်သွားပါတော့သည်။
ဤသင်္ခါရစိတ်မှ လွတ်သွားလျှင် သွားချင်း ‘လွတ်သိစိတ်’ ကို ရရှိလာတော့သည်။ လွတ်သိစိတ်ကို ရရှိသည်နှင့် တစ်ပြိုင်နက် သင်္ခါရစိတ်များလည်း ပျောက်ကွယ်သွားတော့သည်။ ဤလွတ်သိစိတ်ကလေး၏ ဖြစ်ပေါ်ရာ ကာလသည် ဘာမျှ ကြာမြင့်ခြင်း မရှိပေ။ ထိုသို့ သိပြီးနောက် လွတ်သိစိတ်ကလေး၏ ငြိမ်းအေးသွားသော သဘောကိုလည်း တွေ့သိလိုက်ရ၏ ။
ဤငြိမ်းအေးစိတ်ကလေးသည် အာရုံခြောက်ပါး အဖြစ်စိတ်များကဲ့သို့ သင်္ခါရအသိ စိတ်မျိုးလည်း မဟုတ်။ သင်္ခါရအာရုံကို မှီတွယ်၍ ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ပေ။ လောကဖြစ်ပျက်မှ လွန်မြောက်သောကြောင့် လောကလွန်စိတ် (လောကုတ္တရာစိတ်) ဟုု ခေါ်ရ၏။ တစ်နည်းအားဖြင့် လောကကို ငြိမ်းစေသောစိတ်ဟု ဆိုရသည်။ ဤအဓိပ္ပါယ်သည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်က ဖွင့်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။
လောကမှ လွတ်သော စိတ်သည် အာရုံပြုသော အခါ၌လည်း ထိုအာရုံသည် သင်္ခါရအာရုံ မဟုတ်သော အာရုံ ဖြစ်ရပေသည်။
သင်္ခါရအာရုံသည် အဖြစ်တရားကို အာရုံပြုသကဲ့သို့ လောကလွတ်အာရုံမှာကား သင်္ခါရအဖြစ် မရှိသော ကြောင့် အသင်္ခတအာရုံဟု သတ်မှတ်ခေါ်ဆိုရပေသည်။
အသင်္ခတအာရုံသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ထိုအာရုံ၏ လူသိများသော နာမည်ကား နိဗ္ဗာန်အာရုံဟူ၍ ဖြစ်သည်။
နိဗ္ဗာန်ကို မြင်သိသော ပုဂ္ဂိုလ်သည် စိတ်ဖြစ်စဉ်ကို ပြန်လည် သုံးသပ်ကြည့်လျှင် .. ရှေးဦးစွာ ဖြစ်ပျက်သင်္ခါရစိတ်ကို လွှတ်ပစ်လိုက်သည်။ ထိုစိတ်ကို ‘လွှတ်သိစိတ်’ (ဂေါတြဘူစိတ်) ဟု ခေါ်ဆိုပါသည်။
သင်္ခါရအာရုံ သိစိတ်မှ လွတ်မြောက်သွားသော စိတ်ကို ‘လွတ်သိစိတ်’ (မဂ်စိတ်) ဟု ခေါ်ဆိုပါသည်။ အထက်က ဖော်ပြခဲ့သော လွတ်သိစိတ်မှာ ထိုစိတ်ကိုပင် ဆိုလိုပါသည်။
သင်္ခါရအသိစိတ်မှ လွတ်မြောက်သွားပြီးနောက် ငြိမ်းအေးသွားသော စိတ်ကို ‘ငြိမ်းအေးစိတ်’ (ဖိုလ်စိတ်) ဟု ဆိုပါသည်။
ထိုငြိမ်းအေးစိတ်သည် လောကလွတ်စိတ် ဖြစ်သောကြောင့် ‘လောကလွတ်အာရုံ’ (နိဗ္ဗာန်) ကို အာရုံပြု နေပါတယ်။
ဤစိတ်ဖြစ်စဉ်ကို ပါဠိဝေါဟာရဖြင့် ပြောချင်မှ ပြောတတ်မည် ဖြစ်သော်လည်း စိတ်ဖြစ်စဉ်ကို ဆင်ခြင်သူတိုင်း သိရှိကြမည်သာ ဖြစ်သည်။ ဤသို့ ပြန်လည်တွေးမြင်မှုကို ‘ဆင်ခြင်စိတ်’ (ပစ္စဝေက္ခဏာဉာဏ်) ဟု ခေါ်ဆိုရလေသည်။
ထို့ကြောင့် နိဗ္ဗာန်အမြင် စိတ်ဖြစ်စဉ်ကို မှတ်တမ်းပြုရာ၌ -
- လွှတ်တာက ဂေါတြဘူဉာဏ် ၊
- လွတ်တာက မဂ် ဉာဏ် ၊
- ငြိမ်းတာက ဖိုလ်ဉာဏ် ၊
- ငြိမ်းရာက နိဗ္ဗာန် ၊ဟူ၍ အတိုကောက် မှတ်သားထားနိုင်ပါသည်။
နိဗ္ဗာန်ကို မြင်သိသော ပုဂ္ဂိုလ်အား ‘အရိယာပုဂ္ဂိုလ်’ ဟု ခေါ်ဆိုရသည်။ အရိယာပုဂ္ဂိုလ်ဆိုသည်မှာ လောက၏ ဖြစ်ပျက်အာရုံကိုလည်း သိ၏။ လောကမှ လွတ်ရာ နိဗ္ဗာန်အာရုံကိုလည်း သိ၏။
နိဗ္ဗာန်ကို အာရုံတစ်ခုအဖြစ် ခေါ်ဝေါ်ထားသော်လည်း လောကအာရုံကဲ့သို့ သင်္ခါရဟူသော ဖြစ်ခြင်း မရှိပေ။ အဖြစ်ကင်းသော ဓာတ်သဘာဝအာရုံသာ ဖြစ်၏။ နိဗ္ဗာန်အာရုံသဘောတရားကို ဣတိဝုတ်ပါဠိတော်၌ -
- အဖြစ်ကင်းသော တရား (အဇာတ) ၊
- ထင်ရှားမရှိသော တရား (အဘူတ) ၊
- ပြုပြင်မှု မရှိသော တရား (အသင်္ခတ) ၊ဟူ၍ ဟောကြားထားပါတယ်။
နိဗ္ဗာန်ကို အာရုံတစ်ခုအဖြစ် ဟောဆိုထားသော်လည်း သင်္ခါရအာရုံနှင့် ခြားနားကြောင်း သိရှိနိုင်ပါပြီ။
- သင်္ခါရအာရုံကို ‘ဖြစ်ရှိအာရုံ’ ဟုလည်းကောင်း ၊
- နိဗ္ဗာန်အာရုံကို ‘မဖြစ်ရှိအာရုံ’ ဟုလည်းကောင်း ၊နားလည်နိုင်ပါတယ်။
သင်္ခါရအာရုံသည် အဖြစ်တရား ရှိသောကြောင့် အပျက်တရားလည်း ရှိပါတယ်။
နိဗ္ဗာန်အာရုံသည် အဖြစ်တရား မရှိ၍ အပျက်တရားလည်း မရှိ။ မပျက်တရားဖြစ်သောကြောင့် နိဗ္ဗာန်ကို -
- မြဲသောတရား (နိစ္စ) ၊
- ခိုင်ခံသောတရား (ဓုဝ) ၊
- အခါခပ်သိမ်း ရှိသောတရား (သဿတ) ၊
- မဖောက်ပြန်သောတရား (အဝိပရိဏာမဓမ္မ) ၊ဟူ၍ စူဠနိဒ္ဒေသပါဠိတော်၌ ဟောကြားခဲ့ခြင်း
ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
နိဗ္ဗာန်ဟူသည် (၃)
နိဗ္ဗာန်သည် အမြဲရှိတရား ဖြစ်သောကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာတရား ဖြစ်သည်။ နိဗ္ဗာန်ကို အာရုံပြုသူ ပုဂ္ဂိုလ်မှာကား မမြဲသော သင်္ခါရရုပ်နာမ်တို့ဖြင့် တည်ဆောက်ထားသောကြောင့် အို နာ သေဘေးတို့နှင့် တွေ့ကြုံရမည်သာ ဖြစ်ကြောင်း အရိယာပုဂ္ဂိုလ်တို့ သိရှိထားကြလေသည်။
အရိယာပုဂ္ဂိုလ်တို့သည် မဂ်ဉာဏ်ဟူသော လွတ်သိစိတ်ဖြင့် နိဗ္ဗာန်အာရုံကို မြင်သိသော အခါ သဘာဝတရား၏ အခြေခံသရုပ်ကို ဖော်ထုတ်တတ်လာသည်။ အခြေခံသဘာဝတွင် လောကနှင့်လောကုတ္တရာဟူ၍ နှစ်မျိုးသာ ရှိပါသည်။
- လောကစိတ်၌ ဖြစ်ပျက်သဘော ရှိ၏။
- လောကုတ္တရာစိတ်၌ ငြိမ်းအေးသဘော ရှိ၏။
အရိယာပုဂ္ဂိုလ်၏ ဉာဏ်အမြင်၌ သဘာဝတရားထဲတွင် ဖြစ်ခြင်း၊ ပျက်ခြင်း၊ ငြိမ်းခြင်း ဟူသော တရားသုံးပါးသာ ရှိကြောင်း နားလည်လာခဲ့သည်။
ဤသုံးပါးတွင် ငြိမ်အေးစိတ် (လောကုတ္တရာစိတ်) မှာ ဉာဏ်အနုအရင့်ကို လိုက်၍ အချိန်ပေးကာ ရှုကြည့်ခဲ့ရသောစိတ် ဖြစ်သည်။ တစ်ကြိမ်မြင်သိလိုက်သော အခါတွင်မူ နောက်ထပ်တစ်ဖန် သိရှိရန် မခက်တော့။ လောကုတ္တရာစိတ် အမြင်ဖြင့် နိဗ္ဗာန်အာရုံကို လွယ်ကူစွာ သိမြင်နိုင်လေတော့သည်။
ဥပမာ ဆိုရပါလျှင် - ရွှေတိဂုံကို ဖူးမြင်လိုသော မန္တလေးသား တစ်ယောက်သည် ရန်ကုန်မြို့သို့ မီးရထားဖြင့် လိုက်ပါလာပြီး၊ လမ်းခရီးတွင် သာစည်၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးစသော မြို့တို့ကို ကျော်ဖြတ်လာခဲ့ရသည်။ ရန်ကုန်ရောက်ပြီးလျှင် ရွှေတိဂုံဘုရားကို မျက်မြင်ဖူး၍ ပြန်လာခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ရွှေတိဂုံကို ပြန်လည်စဉ်းစားလိုက်သောအခါ ရွှေတိဂုံ၏ ပုံသဏ္ဍာန်သည် ချက်ချင်းပင် အသိစိတ်ဝယ် ထင်ဟပ်လာပါသည်။ သွားရောက်စဉ်က လမ်းခရီး မြင်ကွင်း ကြုံကွက်တို့ကို အမှတ်ရနေခြင်း မရှိပေ။
ထို့အတူပင် အရိယာဖြစ်သွားသူသည် နောင်တစ်ဖန် နိဗ္ဗာန်အာရုံကို ဝင်စားရာ၌ နိဗ္ဗာန်ကို ရှာဖွေစဉ်ကကဲ့သို့ သင်္ခါရဖြစ်ပျက်အာရုံများ အပေါ်၌ အချိန်ပေးမနေတော့ဘဲ လွယ်ကူစွာ ငြိမ်းအေးနိုင်ကြလေသည်။
အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့မြင်သိထားသော သင်္ခါရမှ လွတ်မြောက်သော အသိစိတ်ဖြင့် အချိန်ရသရွေ့ နိဗ္ဗာန်ကို အာရုံပြုကာ ငြိမ်းချမ်းစွာ နေထိုင်ကြပါသည်။ ဤသို့ နေထိုင်ခြင်းကို ‘ငြိမ်းအေးစိတ်ဖြင့် နေထိုင်ခြင်း’ (ဖလသမာပတ်) ဟု ခေါ်ဆိုပါသည်။ ဖိုလ်ဝင်စားသည်ဟုလည်း ခေါ်ဆိုပါသည်။
အရိယာပုဂ္ဂိုလ်တို့သည် ဘာ့ကြောင့် ဖလသမာပတ်ကို ဝင်စားကြသနည်း။
ချမ်းသာသော ပုဂ္ဂိုလ်တို့သည် မိမိတို့ စည်းစိမ်ဥစ္စာဖြင့် ဘဝရသကို ခံစားကြသကဲ့သို့ အရိယာတို့သည်လည်း မိမိတို့ ရရှိထားသော ‘လွတ်မြောက်မှုချမ်းသာ’ (ဝိမုတ္တိသုခ) ကို ခံစားကြခြင်း ဖြစ်ပါသည်။ လွတ်မြောက်မှု ချမ်းသာကို ‘ငြိမ်းအေးမှုချမ်းသာ’ (သန္တိသုခ) ဟုလည်း ခေါ်ဆိုကြပါသည်။
လူသားတို့သည် မွေးစကာလမှ စ၍ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ထိစိတ်၊ တွေးစိတ်ဟူသော အသိစိတ် ခြောက်ပါးဖြင့် နေထိုင်ခဲ့ကြရသည်။ ဤအသိစိတ်များဖြင့် တစ်နေကုန်မျှ နေထိုင်ရသောကြောင့် ပသာဒရုပ်များ ပင်ပန်းလှသည်။ ထိုပင်ပန်းမှုကို ဖြေဖျောက်ရန်အတွက် အိပ်စက်နားနေမှုကို ပြုလုပ်ကြရ၏။ ထိုအချိန်ကို ‘အသိမဲ့နားနေမှု’ ဟု ဆိုရပါသည်။ မှန်ပါသည်။ အရိယာတို့သည် ဖလသမာပတ်ကို ဝင်စားရာ၌ သင်္ခါရအာရုံသိစိတ်များ မရှိသော်လည်း ငြိမ်းအေးနေသော အသိစိတ်ကလေးကား ရှိနေပါသည်ဟု အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားထားပါသည်။
အရိယာပုဂ္ဂိုလ်တို့သည် ဖလသမာပတ်ကို ဝင်စားသော အခါ၌ -
- ရုပ်ခန္ဓာလည်း ငြိမ်သက်နေပါသည်။
- စိတ်ဝိညာဉ်လည်း ငြိမ်းအေးနေပါသည်။
အရိယာပုဂ္ဂိုလ်သည် ဖလသမာပတ်ခေါ် ငြိမ်းအေးမှုချမ်းသာကို ဝင်စားရာ၌လည်း နိဗ္ဗာန်ကို မြင်သိရန် အားထုတ်စဉ်ကကဲ့သို့ စိတ်ကြောင့်ကြမှုစသော ကိစ္စများကို ရှောင်ကြဉ်ထားရပါမည်။
သို့မှသာ ငြိမ်းအေးစိတ်၌ တည်တံ့နိုင်ကြပါမည်။
ငြိမ်းအေးစိတ်ဖြင့် ဝင်စားရာ၌ အခြေခံအကြောင်း နှစ်ပါးကို မူလပဏ္ဏာသပါဠိတော်၊ မဟာဝေဒလ္လသုတ်၌ ဤသို့ ဟောထားပါသည်။
“(အာရုံ) နိမိတ် မရှိသော လွတ်မြောက်သော စိတ်ဟူသော သမာပတ်စိတ်၏ အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော် (အာရုံ) နိမိတ်ကို နှလုံးမသွင်းခြင်း၊ သင်္ခါရာနိမိတ် မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးသွင်းခြင်းတို့တည်း။”
အထက်ပါ ဟောမိန့်ချက်ကို ကြည့်လျှင် ငြိမ်းအေးချမ်းသာစိတ် (ဖလသမာပတ်) ကို ဝင်စားသူမှာ စိတ်အပြောင်းအလဲ ပြုလုပ်ရန်သာ ဖြစ်ပါသည်။ အာရုံခြောက်ပါး ဖြစ်ပျက်စိတ်များကို နှလုံးမသွင်းဘဲ အာရုံမှ လွတ်မြောက်နေမှု၌ စိတ်ကို တည်ထားလိုက်ခြင်းပင် ဖြစ်ပါသည်။
ဤစိတ်အပြောင်းအလဲ ဖြစ်သွားလျှင် ဖလသမာပတ် ဝင်စားမှုသည် အောင်မြင်သွားပြီ။ ဤဝင်စားမှုသရုပ်ကို အကျဉ်းချုုပ်လိုက်လျှင် -
“သင်္ခါရအာရုံ ပျောက်လျှင် နိဗ္ဗာန်အာရုံ ရောက်၏။”
ဟု မှတ်သားထားနိုင်ကြပါသည်။
လူတို့သည် အိပ်စက်ရာမှ နိုးသောအခါ အိပ်ရာမှ ထသည်ဟု ပြောကြ၏။ အိပ်ရာမှ ထလျှင် သင်္ခါရခြောက်ပါး ဖြစ်ပျက်စိတ်များလည်း ဝင်ရောက်လာကြသည်။ သမာပတ်ဝင်စားသော ပုဂ္ဂိုလ်သည်လည်း သမာပတ်ဝင်စားစိတ် ပျက်သွားသောအခါ သမာပတ်မှ ထသည်ဟု ဆိုရသည်။
သမာပတ်မှ ထလျှင် ဖြစ်ပျက်အာရုုံစိတ်များ ဝင်ရောက်လာတော့သည်။ သမာပတ်မှ ထခြင်း အကြောင်းကိုလည်း မဟာဝေဒလ္လသုတ်၌ပင် ဤသို့ ဟောကြားထားပါသည်။
“အာရုံနိမိတ် မရှိသော လွတ်မြောက်သောစိတ် (သမာပတ်) မှ ထရန် အကြောင်းတို့သည် နှစ်ပါးတို့တည်း။ အလုံးစုံသော (အာရုံ) နိမိတ်တို့ကို နှလုံးသွင်းခြင်း၊ သင်္ခါရနိမိတ် မရှိရာ (နိဗ္ဗာန်) ဓာတ်ကို နှလုံးမသွင်းခြင်းတို့တည်း။”
ဤဟောမိန့်ချက်ကို အကျဉ်းချုပ်လိုက်လျှင် -
“သင်္ခါရအာရုံ ရောက်လျှင် နိဗ္ဗာန်အာရုံ ပျောက်၏။”
ဟု အဓိပ္ပါယ် ရပါသည်။
သင်္ခါရအာရုံ ပေါ်လာလျှင် သမာပတ် အာရုံ (နိဗ္ဗာန်) ပျောက်သွား၏။ သမာပတ်အာရုံ ပေါ်လာလျှင် သင်္ခါရအာရုံ ပျောက်သွားရလေသည်။
ဖလသမာပတ် ဝင်စားရာ၌ အချိန်သတ်မှတ်၍ ဝင်စားမှုလည်း ပါဝင်ပါသည်။ သမာပတ် ဝင်စားချိန်ကို နာရီဝက်၊ တစ်နာရီစသည်ဖြင့် အချိန်သတ်မှတ်၍ ဝင်စားခြင်း ဖြစ်ပါသည်။
ဤသို့ အချိန်သတ်မှတ်၍ ဝင်စားရာတွင် အချိန်ပြည့် ဝင်စား၍ ရမည်ဟု မဆိုနိုင်ပေ။
သင်္ခါရအာရုံ တစ်ခုခု ဝင်ရောက်လာလျှင် သမာပတ်စိတ်ဖြစ်သော ငြိမ်းအေးစိတ်က ပျောက်ကွယ်သွားတတ်သည်။ ဤကိစ္စမှာ မိမိတို့ စိတ်တည်ငြိမ်မှု (သမာဓိ) နှင့် သက်ဆိုင်ပေသည်။
ငြိမ်းအေးစိတ် ဝင်စားမှု အားနည်းသေးလျှင် ငြိမ်းစိတ်တစ်လှည့်၊ သင်္ခါရစိတ် (ဖြစ်ပျက်အာရုံစိတ်) တစ်လှည့်ဖြင့် မငြိမ်မသက် ရှိနေတတ်သည်။ ဤအခါမျိုးတွင် သင်္ခါရစိတ်ကို ဖျောက်၍ ငြိမ်းအေးစိတ်၌ ပြန်လည်၍ တည်ထားရပါသည်။ သမာပတ်ကို ဝင်စား၍ ငြိမ်းအေးစွာနေသော ပုဂ္ဂိုလ်တို့သည် -
“ပေါ်ရာဖြစ်ချုပ်၊ ပယ်ခွာထုတ်၊ ငြိမ်းချုပ်နေရမည်။”
ဟူသော ဝိမုတ္တိဆောင်ပုဒ်ကို လက်ကိုင်လုပ်ထားရပေလိမ့်မည်။
လူသားတို့သည် မွေးဖွားကာစ ကလေးအရွယ်မှ စ၍ အာရုံများနှင့် တွေ့ကြုံ တိုက်ဆုံခဲ့ကြရသည်။ အာရုံတရားတို့ကို ခံစား၍ ကြီးရင့်လာခဲ့ကြရသည်။ အာရုံကို ခံစားရင်း ထိုအာရုံကို ကြိုက်မှု၊ မကြိုက်မှုဟူသော စွဲလမ်းစိတ်များ ကိန်းတည်လာခဲ့ကြသည်။ ဤစွဲလမ်းစိတ် ကိန်းတည်နေမှုကို ‘အနုသယစိတ်’ ဟု ခေါ်ဆိုရပါသည်။
အရိယာပုဂ္ဂိုလ်သည် ငြိမ်းအေးစိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုတတ်လာသဖြင့် အနုသယ ဟူသော စွဲလမ်းစိတ်များလည်း လျော့ပါးလာပါသည်။ ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ‘အစွဲငြိမ်းနိဗ္ဗာန်’ ဟု အထက်က ခေါ်ဆိုခဲ့ပါသည်။
ဤနေရာ၌ ‘အဖြစ်ငြိမ်းနိဗ္ဗာန်’ နှင့် ‘အစွဲငြိမ်းနိဗ္ဗာန်’ တို့ကို နှိုင်းယှဉ်ကြည့်ပါမည်။
အဖြစ်ငြိမ်းနိဗ္ဗာန်သည် သင်္ခါရအာရုံ အသိစိတ်တို့ကို ဖျောက်၍ သင်္ခါရဟူသော အဖြစ်ကင်းရာကို အာရုံပြုနေပါသည်။
အစွဲငြိမ်းနိဗ္ဗာန်သည် သင်္ခါရအာရုံ အသိစိတ်တို့နှင့် တွေ့ကြုံနေရပါသည်။ ထိုသို့ တွေ့ကြုံ နေရသော်လည်း ပိန်းကြာဖက်တွင် ရေမတင်သလို အာရုံစိတ်ကို သိမ်းဆည်းမထားကြပါ။
လောကအာရုံတော၌ နေ၍ အာရုံစွဲစိတ် မရှိခြင်းပင် ဖြစ်ပါသည်။ စွဲလမ်းစိတ် မရှိသဖြင့် စွဲလမ်းစိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ်၏ ညစ်နွမ်းမှုလည်း မဖြစ်တော့ပါ။ ဤစွဲလမ်းမှု စိတ်ဓာတ်မှ ကင်းငြိမ်းနေသော ချမ်းသာကို ‘အစွဲငြိမ်းနိဗ္ဗာန်’ ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
အနုသယဟူသော စွဲလမ်းမှုစိတ်ဓာတ် အမျိုးအစားကိုလည်း ခုနှစ်ပါးမျှ ခွဲခြားထားပါသည်။
အနုသယ ခုနှစ်ပါး
(၁) ဒိဋ္ဌာနုသယ (အယူမှားသော စွဲလမ်းစိတ်)
(၂) ဝိစိကိစ္ဆာနုသယ (ယုံမှားသံသယ စွဲလမ်းစိတ်)
(၃) ကာမရာဂါနုသယ ( ကာမဂုဏ် အာရုံ၌ စွဲလမ်းစိတ်)
(၄) ပဋိဃာနုသယ (ဒေါသအစွဲစိတ်)
(၅) မာနာနုသယ (ဘဝင်မြင့်မှု စွဲလမ်းစိတ်)
(၆) ဘဝရာဂါနုသယ (ဘဝဖြစ်ပေးမှု၌ စွဲလမ်းစိတ်)
(၇) အဝိဇ္ဇာနုသယ (မသိမှု၌ စွဲလမ်းစိတ်)
အရိယာပုဂ္ဂိုလ်တို့သည် အထက်ပါ စွဲလမ်းစိတ်များကို တစ်ကြိမ်တည်းဖြင့် လွတ်မြောက်နိုင်စွမ်း မရှိကြပေ။ သဘာဝဖြစ်စဉ်ကို ရှုမြင်ရင် စိတ်ဓာတ်စွမ်းရည်လည်း တစ်ဆင့်ထက် တစ်ဆင့် ရင့်ကျက်လာကာ အဆင့်လေးဆင့် ခွဲ၍ လွတ်မြောက်ကြရပါသည်။
အရိယာဖြစ်သူတို့မှာ သဘာဝတရား အပေါ်၌ ဖြစ် ပျက် ငြိမ်း ဟူသော တရားသုံးပါးသာ ရှိကြောင်း နားလည်လာကြရာ အပိုဆောင်းထားသော အယူအဆများကို လက်ခံခြင်း မပြုကြတော့ပေ။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်သည် ပထမအဆင့်အနေဖြင့် -
(၁) ဒိဋ္ဌာနုသယ ၊
(၂) ဝိစိကိစ္ဆာနုသယ ၊
တို့ကို လွန်မြောက်ကြသည်။ ထိုပုဂ္ဂိုလ်ကို ‘သောတာပန်’ ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ကမ္ပည်းတပ်၍ ခေါ်ဆိုထားသည်။ ‘ပထမဆင့် အရိယာပုဂ္ဂိုလ်’ ဟု သတ်မှတ်ထားပါသည်။
လောက၌ ကြိုက်ခြင်း ၊ မကြိုက်ခြင်းဟူသော အာရုံနှစ်မျိုး ရှိပါသည်။ ကြိုက်ခြင်းကို ကာမဂုဏ်ဟု ခေါ်၏။ ကာမဂုဏ်လည်း ငါးပါး ရှိသည်။
(၁) အဆင်းအာရုံကို ကြိုက်ခြင်း ၊
(၂) အသံအာရုံကို ကြိုက်ခြင်း ၊
(၃) အနံ့အာရုံကို ကြိုက်ခြင်း ၊
(၄) အရသာအာရုံကို ကြိုက်ခြင်း ၊
(၅) တွေ့ထိမှုအာရုံကို ကြိုက်ခြင်း ၊တို့ ဖြစ်ပါသည်။
ထိုအကြိုက်အာရုံတို့၌ စွဲလမ်းနေသော စိတ်ဓာတ်ကို ‘ကာမရာဂါနုသယ’ ဟု ခေါ်ဆိုပါသည်။
လူတို့သည် အာရုံများကို ကြိုက်ကြသည်ဆိုသော်လည်း အာရုံတိုင်းကိုမူ မကြိုက်ကြပေ။ မိမိတို့ အလိုမရှိသော အာရုံကိုကား မနှစ်သက်ကြ။ အလိုမရှိသော အာရုံကို မလိုချင်ကြ။ မလိုချင်သော အာရုံကို မုန်းနေသော အစွဲစိတ်ကလည်း ကိန်းတည်နေကြသည်။ ထိုအာရုံကို ‘ပဋိဃာနုသယ’ ဟု ခေါ်ဆိုပါသည်။
ထိုအာရုံစိတ်နှစ်မျိုးကို ချစ်စိတ်နှင့် မုန်းစိတ်ဟု ဆိုရ၏။ လူတို့သည် ချစ်စိတ်နှင့်တွေ့လျှင် ကျေနပ်ကြသည်။ မုန်းစိတ်နှင့် တွေ့ရလျှင် မကျေနပ်ကြ။ ထိုနှစ်မျိုးတွင်လည်း ပြင်းထန်သော စွဲလမ်းစိတ်နှင့် ပျော့ပျောင်းသော စွဲလမ်းစိတ်ဟူ၍ ခြားနားပါသည်။ ပြင်းထန်သော စွဲလမ်းစိတ်သည် အင်အားကြီးပါသည်။ ပျော့ပျောင်းသော စွဲလမ်းစိတ်သည် အားသေးပါသည်။ အားကြီးသော စွဲလမ်းမှု စိတ်ဓာတ်သည် ပို၍ ဒုက္ခကြီးသည်ဟု သိနိုင်ပါသည်။
အရိယာပုဂ္ဂိုလ်သည် ဒုတိယဆင့်အနေဖြင့် ပြင်းထန်သော အချစ်စွဲစိတ် (ကာမရာဂါနုသယ) နှင့် ပြင်းထန်သော အမုန်းစွဲစိတ် (ပဋိဃာနုသယ) တို့ကို လွန်မြောက်ကြသည်။ ထိုပုဂ္ဂိုလ်ကို ‘သကဒါဂါမ်’ ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ကမ္ပည်းတပ် ခေါ်ဆိုထားသည်။ ‘ဒုတိယဆင့် အရိယာပုဂ္ဂိုလ်’ ဟု သတ်မှတ်ထားပါသည်။
ဒုတိယဆင့် အရိယာပုဂ္ဂိုလ်၏ သန္တာန်ဝယ် အားကြီးသော အချစ်စွဲစိတ်နှင့် အမုန်းစွဲစိတ်တို့ကို လွန်မြောက်ခဲ့ပါပြီ။ အားကြီးသော စွဲလမ်းစိတ်ကို အကြောင်းပြု၍လည်း စိတ်ဒုက္ခ မရှိတော့ပေ။ သို့ပါသော်လည်း အားသေးသော အချစ်စွဲစိတ်နှင့် အမုန်းစွဲစိတ်တို့ကို လွန်မြောက်နိုင်ခြင်း မရှိသေးပါ။ တစ်သက်တာ စွဲမက်လာခဲ့သော အစွဲစိတ်များ ဖြစ်နေသောကြောင့် ရုတ်တရက် ဖြတ်တောက်နိုင်ခြင်း မရှိပေ။ အနုစားစွဲလမ်းစိတ်ကလေးက တငွေ့ငွေ့ ရှိနေသေး၏။
ချစ်ငွေ့လည်း အပြယ်သေး။ မုန်းငွေ့လည်း မပြည်သေး။
ထို့ကြောင့် အနုစား ချစ်စိတ်နှင့် မုန်းစိတ်တို့ကို လွန်မြောက်ရန် ဆက်လက်ကြိုးစား ရပြန်သည်။ သဘာဝဖြစ်ပျက်စဉ်ကို တိုးမြင့်၍ ကြည့်ရှုရပြန်ပါသည်။
ဤနေရာ၌ စွဲလမ်းစိတ်၏ သဘောတရားကို စစ်ကြောကြည့်ရပါမည်။ စွဲလမ်းစိတ်တို့သည် စိတ်ထဲ၌ ဖြစ်ပေါ်တတ်သော အကိန်းတရား ဖြစ်သည်။ ဤစွဲလမ်းစိတ် အကိန်းတရားမှာ အာရုံ ခံစားမှုကို အကြောင်းပြု၍ ဖြစ်ပေါ်နေရခြင်း ဖြစ်ပါသည်။
- အကြိုက်အာရုံကြောင့် အချစ်စွဲစိတ် ဖြစ်ပေါ်လာ၏။
- မကြိုက်အာရုံကြောင့် အမုန်းစွဲစိတ် ဖြစ်ပေါ်လာ၏။
ဤတွင် အာရုံခံစားသောစိတ်နှင့် စွဲလမ်းသောစိတ်ဟူ၍ ကွဲပြားလာပါသည်။
- ခံစားသောစိတ်သည် အရှိအာရုံကို အခြေခံ၏။
- စွဲလမ်းသောစိတ်သည် အတွေးအာရုံကို အခြေခံ၏။
လူသားတို့၏ သန္တာန်ဝယ် အကြိုက်အာရုံ အသီးသီး ရှိကြ၏။ ထိုအာရုံနှင့် တွေ့ကြုံရလျှင် ကျေနပ်နှစ်သက်ကြသည်။ ဥပမာအားဖြင့် မိမိကြိုက်နှစ်သက်သော အလှအပ အာရုံကို မြင်တွေ့ရပြီဆိုလျှင် စိတ်ချမ်းသာမှု ဖြစ်ပေါ်လာရသည်။ ဤခံစားမှု ဝေဒနာစိတ်ကလေးသည် ကြာရှည်တည်တံ့မနေပါ။ ခံစားပြီးနောက် ချုပ်ပျောက်သွားရသည်။
လူ၏စိတ်တွင် ထိုပျောက်သွားသော ခံစားမှုဝေဒနာကို စိတ်၌ မှတ်သားထားလိုက်ကြသည်။ အကြောင်းစုံတိုင်း အလှအပအာရုံကို ပြန်လည်တသ အမှတ်ရနေကြသည်။ ဤအမှတ်ရစိတ်ကို စွဲလမ်းစိတ်ဟု ဆိုရသည်။ စွဲလမ်းစိတ်သည် တကယ့်ခံစားမှု မဟုတ်တော့ပေ။ စိတ်အတွေး၌ ပေါ်လာတတ်သော အတွေးအာရုံသာ ဖြစ်သည်။ ထိုအစွဲအာရုံကို ‘အချစ်ရုပ်’ (ပီယရုပ်) ဟု ခေါ်ဆိုရ၏။ အချစ်ရုပ်ဆိုသည်မှာ ‘အစစ်ရုပ်’ (ရူပက္ခန္ဓာ) မဟုတ်ပေ။ စိတ်အတွေးဖြင့် ရေးခြယ်ထားသော မာယာရုပ်စုံ နိမိတ်ပုံများသာ ဖြစ်ပေသည်။
အရိယာပုဂ္ဂိုလ်သည် အသိအမြင် ရင့်ကျက်လာသော အခါ၌ ဤအတွေးစိတ်၌ ပေါ်ပေါက်လာသော အနုစားအချစ်စိတ်(ကာမရာဂါနုသယ) နှင့် အမုန်းစွဲစိတ် (ပဋိဃာနုသယ) တို့ကိုလည်း လွန်မြောက်လာနိုင်ကြသည်။ ထိုပုဂ္ဂိုလ်ကို ‘အနာဂါမ်’ ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ကမ္ပည်းတပ် ခေါ်ဆိုထားသည်။ ‘တတိယဆင့် အရိယာပုဂ္ဂိုလ်’ ဟု သတ်မှတ်ထားပါသည်။
လူသားတို့သည် အတတ်ပညာကိုလည်းကောင်း အသိပညာကိုလည်းကောင်း အရှိဥစ္စာ စသည်တို့ကို လည်းကောင်း အခြေပြု၍ မြင့်မောက်သောစိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။ ပညာရှင်တစ်ဦးသည် မိမိကျွမ်းကျင်ထားသော ပညာရပ်အပေါ်၌ မာနစိတ်ကလေးများ ရှိနေတတ်ပါသည်။ မာနစိတ်ဆိုသည်မှာ အများအားဖြင့် မိမိတို့ ပိုင်ဆိုင်သော အရှိတရားကို အကြောင်းပြု၍ ပေါ်ပေါက်လေ့ ရှိပါသည်။ သို့သော်လည်း အချို့ပုဂ္ဂိုလ်တို့မှာ “ငါတို့က ဘယ်လောက် ဆင်းရဲပေမယ့် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။” ဟူ၍ ပိုင်ဆိုင်မှု မရှိဘဲလည်း မာနစိတ် ဖြစ်နေတတ်ပါသည်။
ဤကဲ့သို့ စိတ်နေမြင့်မောက်မှုကို ‘မာနနုသယ’ ဟု ခေါ်ဆိုရသည်။
လူသားတို့သည် အများအားဖြင့် တတ်သိပညာကို အကြောင်းပြု၍ မာနစိတ်ကလေးများ ရှိတတ်ကြသည်။ ဤစိတ်သည် ဘဝနှင့်ရင်းနှီး၍ ပိုင်ဆိုင်ကြရသည်ဖြစ်ရာ လွန်မြောက်ရန် အတွက်လည်း ခက်ခဲလှပါသည်။ ဘဝစွဲပြတ်မှသာ လွန်မြောက်ကြရလေသည်။
ဘဝဆိုသည်မှာ မိမိတို့ လက်ရှိဖြစ်ပေါ်နေသော ရုပ်နာမ်အစုအခဲကလေးကို ခေါ်ဆိုပါသည်။
လူသားတို့သည် ထိုရုပ်နာမ်အစုအခဲကို မြတ်နိုးတွယ်တာစိတ်လည်း ပြင်းပြလှသည်။
ဤဘဝစွဲစိတ်ကို ‘ဘဝရာဂါနုသယ’ ဟု ခေါ်ဆိုရ၏။
မသိမှု၌ စွဲလမ်းစိတ်လည်း အရေးပါလှသည်။ မသိမှု (အဝိဇ္ဇာနုသယ) ၏ အဓိပ္ပာယ်သည် ကျယ်ဝန်းပါသည်။ ဤနေရာ၌ မာနစိတ်၏ လွတ်ငြိမ်းမှုနှင့် ဘဝစွဲစိတ်၏ လွတ်ငြိမ်းမှုကို မသိသော စိတ်ကို ရယူသင့်ပေသည်။ ဤမသိစိတ်ကို ပယ်ခွာလိုက်သောအခါ -
(၁) မာနစွဲစိတ် (မာနာနုသယ) မှ လည်းကောင်း ၊
(၂) ဘဝစွဲစိတ် (ဘဝရာဂါနုသယ) မှ လည်းကောင်း ၊
(၃) မသိစွဲစိတ် (အဝိဇ္ဇာနုသယ) မှ လည်းကောင်း ၊လွတ်မြောက်သွားတော့သည်။
ဤပုဂ္ဂိုလ်မျိုးကို ‘ရဟန္တာ’ ဟု ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ ကမ္ပည်းတပ် ခေါ်ဆိုထားသည်။ ‘စတုတ္ထဆင့် အရိယာပုဂ္ဂိုလ်’ ဟု သတ်ထားပါသည်။
ရဟန္တာအဆင့်သို့ ရောက်ရှိပြီဆိုလျှင် ဗုဒ္ဓဘာသာလောက၌ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။ စွဲလမ်းမှုစိတ်ဓာတ် (အနုသယ) အားလုံးလည်း ကင်းကွာခဲ့ပြီ။ ဤစွဲလမ်းမှု စိတ်ဓာတ်မှ ကင်းငြိမ်းလွတ်မြောက်သွားမှုကို ‘အစွဲငြိမ်းနိဗ္ဗာန်’ ဟု ခေါ်ဆိုရလေသည်။
အရိယာပုဂ္ဂိုလ်တို့သည် အနုသယစိတ်ကို ပယ်သတ်ရာ၌ အဆင့်လေးမျိုး ရှိနေသော်လည်း နိဗ္ဗာန်အာရုံကို ဝင်စံခံစားရာ၌ကား အဆင့်ကွဲပြားခြင်း မရှိပေ။ အရိယာပုဂ္ဂိုလ်တိုင်းသည် -
- သင်္ခါရမှ လွတ်သိစိတ် (အဖြစ်ငြိမ်းနိဗ္ဗာန်)
- အနုသယမှ လွတ်သိစိတ် (အစွဲငြိမ်းနိဗ္ဗာန်) ဟူသော နိဗ္ဗာန်နှစ်ပါးလုံးကို ရယူခံစားနိုင်ကြပေသည်။
ထို့ကြောင့် အရိယာတို့၏ အသိုင်းအဝိုင်းတွင် “နှစ်ယောက်မစံ နှစ်နိဗ္ဗာန်” ဟု ဆိုရိုးစကား ရှိနေခြင်း ဖြစ်လေသည်။ အဓိပ္ပါယ်ကို တည့်တည့်ဆိုလျှင် “တစ်ယောက်တည်းစံ နှစ်နိဗ္ဗာန်” ဟူ၍ ဖြစ်ပေသည်။
မှတ်ချက်။ ။ ရေစကြို အရှင်ဧသိက၏ ငြိမ်းအေးဝိပဿနာတရားတော်မှ မှတ်စုထုတ်ဖော်ပြပါသည်။
++++++++++ Dhamma Notes by Thein Naing Ohn (Part II) ပြီးပါပြီ။ +++++++++++