ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ -
အာရုံပြုဆဲ၊ ရှုကြည့်ဆဲ၊ တွေ့ထိဆဲ၊ ဆင်ခြင်ဆဲ အခိုက်အတန့်၌ ရုပ်တရားသော်၎င်း၊ နာမ်တရားသော်၎င်း၊ အကြင်သဘောတရား တခုခုသည် ထင်ရှားရှိ၏။ ထိုထင်ရှားရှိဆဲဖြစ်သော သဘောတရားသည် ပရမတ္တမည်၏။
ထိုအရှုခံ သဘောတရားသည် ရှုကြည့်ဆဲခဏ၌ အဟုတ်ရှိ၏။ အမှန်ရှိ၏။ ထင်ရှားရှိ၏။ ထို့ကြောင့် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် ဘူတသုတ်၌ ဤသည်ကားခန္ဓာငါးပါးတည်းဟု ဟုတ်မှန်သောအတိုင်း ကောင်းသောပညာဖြင့်ရှု၏ ဟူ၍ လာရှိပါသည်။
ဤကဲ့သို့ ဟုတ်မှန်သော ထင်ရှားရှိသော သဘောတရားကို ထင်ရှားရှိသည့်အတိုင်း ဉာဏ်ပညာဖြင့် ထိုးထွင်း၍ သိမြင်ခြင်းသည် ပရမတ္တသဘောတရားကို သိမြင်သည်မည်ပါတယ်။ တနည်းအားဖြင့် အာရုံပြုဆဲ အခိုက်အတန့်၌ အဟုတ်ရှိ၊ အမှန်ရှိ၊ ထင်ရှားရှိသော သဘောတရားကို ထင်ရှားရှိသည့်အတိုင်း ထိုးထွင်း၍ သိမြင်နေခြင်သည်ပင် ပရမတ္တသဘာဝကို ထိုးထွင်း သိမြင်သည်မည်ပါတယ်။
ယင်းသို့ ထင်ရှားရှိသော သဘောတရားကိုပင်လျှင်၊ ထိုသဘောတရားအပေါ်၌ အမည်နာမ ပုံဟန်အမူအရာ အမျိုးမျိုးတို့ဖြင့် တင်စား၍ ခေါ်ဝေါ်သမုတ်ထားခြင်းသည် ပညတ်များသာလျှင် ဖြစ်ပါကြပါတယ်။
ခန္ဓာဝဂ္ဂ သံယုတ် ပါဠိတော် မြန်မာပြန် အဘိဇာနသုတ်၌ ရဟန်းတို့ ရုပ်ကို အထူးသိသည်ရှိသော်၊ ပိုင်းခြားသိသည်ရှိသော်၊ စွဲမက်မှုကင်းသည်ရှိသော်၊ ပယ်စွန့်သည်ရှိသော်၊ ဆင်းရဲကုန်ခြင်းငှာထိုက်၏ဟု မိန့်တော်မူပါတယ်။
အထူးသိခြင်း၊ ပိုင်းခြားသိခြင်း ဟူသည်မှ သာမာန်အနေအားဖြင့် နာမ်ရုပ်တို့ကို သိသော အသိအမြင်မျိုး မဟုတ်ကြောင်းမှာ ထင်ရှားလှပါတယ်။
အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သော ပညတ်သိ နာမ်ရုပ်အပေါ်တွင် ဝိဇ္ဇာမာနပညတ်ဟု ခေါ်ဆိုအပ်သော အပေါ်ယံ ပညတ်အလွှာကို ခွာလှန်ဖယ်ရှား၍ အာရုံပြုဆဲခဏတွင် ထင်ရှားရှိသောသဘောကို ထင်ရှားရှိသည့်အတိုင်း ထိုးထွင်း သိမြင်ခြင်းသည် ပရမတ္တကို သိမြင်သည်မည်ပါတယ်။
ထင်ရှားရှိသော သဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့ကိုပင် (ရုပ် နာမ် စိတ် စေတသိက် စသည် တို့ဖြင့်၎င်း၊ ပုဂ္ဂိုလ် သတ္တဝါ စသည်တို့ဖြင့်၎င်း) ဒြပ်သဏ္ဍာန်၊ ပုံဟန်အမူအရာအားဖြင့်၎င်း၊ မည်ကဲ့သို့သော အခေါ်အဝေါ် အမျိုးမျိုး၊ အမည်နာမ အမျိုးမျိုးတို့ဖြင့် တင်စား၍ ခေါ်ဝေါ် ပြောဆိုထင်မှတ်စေကာမူ ထိုခေါ်ဝေါ် သမုတ်မှု မှန်သမျှသည် သမုတိသစ္စာများသာလျှင် ဖြစ်ကြပါတယ်။
ထိုထင်ရှားရှိသော သဘောတရားအပေါ်၌ ထိုသဘောတရားတို့ကိုပင် အမည်နာမအမျိုးမျိုး ပုံပန်းသဏ္ဍာန် အမူအရာအမျိုးမျိုးတို့ဖြင့် တင်စား၍ မည်ကဲ့သို့ပင် ပညတ်စေကာမူ ထို ပညတ်မှု မှန်သမျှအားလုံးတို့သည် ပညတ်များသာလျှင် ဖြစ်ကြပါတယ်။
အာရုံပြုဆဲ ရှုကြည့်ဆဲ ခဏ၌ ထင်ရှားရှိသော၊ ထိုးထွင်း သိမြင်ရသော သဘောတရားသည်သာလျှင် ပရမတ်ဖြစ်ပါသည်။ ပရမတ္တ ဟူ၍လည်း ခေါ်ဆိုပါတယ်။
ထို့ကြောင့် ပရမတ်ဆတ်ဆတ်ကို ပြောပြပါဆိုလျှင် ဘာမှ မပြောဘဲ နှုတ်ပိတ်နေရုံသာ ရှိတော့သည်ဟု ရှေးဆရာတော်ကြီးများက မိန့်တော်မူခဲ့ပါတယ်။
အဘယ်ကြောင့်နည်း ဟူမူကား အာရုံပြုဆဲအခိုက်အတန့်၌ ထိုအရှုခံတရားသည် ထင်ရှား ရှိပါသည်။ ဤသို့ ထင်ရှားရှိပင် ရှိငြားသော်လည်း ထိုထင်ရှားရှိသော သဘောတရားအပေါ်၌ တင်စား၍ ခေါ်ဝေါ် ပြောဆိုလိုက်လျှင် သမုတိ+ပညတ် ဖြစ်၍ သွားပါတယ်။
ပညတ်နှင့်ပရမတ်တို့ကို၎င်း၊ သမုတိသစ္စာနှင့် ပရမတ္တသစ္စာ တို့ကို၎င်း၊ ပညာဖြင့် ပိုင်းခြား၍ သိအပ်ပါတယ်။
ဝိပဿနာလုပ်ငန်းတွင် အရှုခံဖြစ်သော ရုပ်နာမ် ခန္ဓာငါးပါး သဘောတရားတို့အပေါ်တွင် ထိုသဘောတရားတို့ အပေါ်၌ စွဲယူမှု ဝိဇ္ဇာမာနပညတ်၊ အဝိဇ္ဇာမာနပညတ်၊ သဏ္ဍာနပညတ် စသော အလုံးစုံသော ပညတ်တို့မှ ကင်းစင်သန့်ရှင်းစေရန် အလွန်အရေးကြီးလှပါတယ်။
အရှုခံသဘောတရားသည် ပညတ်မစင်ကြယ်ခဲ့ပါလျှင် လိုရာမပြီး ခရီးမရောက် ဖြစ်တတ်ပါတယ်။
ဆားအိုးထဲမှ ဆား နှင့် စာအုပ်ထဲတွင် ရေးသားထားသော ဆား ထိုဆားသည် ငံသောအရသာရှိ၏ဟု သိထားသော လူတစ်ယောက် နှင့် ဆားကို ကိုယ်တိုင် လျှက်ကြည့်သဖြင့် ငံသောအရသာကို ကိုယ်တွေ့လက်တွေ့ သိရသောလူတစ်ယောက်၊ ထိုနှစ်ယောက်တို့တွင် ဆား၏ ငံသောအရသာကို သိမြင်ရာ၌ အသိခြင်းမတူနိုင်သကဲ့သို့ စာပေဗဟုသုတကို သင်အံ လေ့လာ ကျက်မှတ်၍ ထားသော ပညတ်အာရုံ မကင်းစင်သည် သမုတိသစ္စာအသိနှင့် ကိုယ်တိုင်ပွားများ အားထုတ်၍ သိရသော ပရမတ္တသစ္စာအသိ၊ ထိုအသိနှစ်မျိုးသည်မတူညီနိုင်ပေ။
အသိမတူခြင်းကြောင့် အကျိုးသက်ရောက်မှုလည်းမတူနိုင်၊ ထို့ကြောင့် သင်အံကျက်မှတ်၍ ထားခြင်းကြောင့် သိမြင်သောအသိအမြင်တွင် ရပ်တန့်၍မနေဘဲ ဆက်လက်၍ ဝိပဿနာတရားကို အားထုတ်သင့်ပေသည်။
ရှုခြင်း ရှိုက်ခြင်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း စသော အလုံးစုံသော အမူအရာကြိယာတို့ အပေါ်၌ နက်နက်နဲနဲ စူးစမ်း ဆင်ခြင်သည်ရှိသော် -
(၁) ဤအမူအရာကို ဤလိုပြုလိုသော ပြုချင်သော ပြုလိုမှုစိတ်သဘာဝ နှင့်
(၂) ယင်း ပြုချင်သော စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်တည်းဟူသော လေသဘာဝ
ထိုသဘောတရားနှစ်ပါးတို့ကို ထိုးထွင်း သိမြင်၍လာပေမည်။
ယင်း စိတ် နှင့် လေ သဘာဝနှစ်ပါးတို့သည် ဖြစ်ခြင်းကြောင့်သာလျှင် သွားခြင်း ရပ်ခြင်း စသော အမူအရာကြိယာများ ဖြစ်ပေါ်၍လာပေသည်။ ထို့ကြောင့် သွားခြင်း ရပ်ခြင်း စသည့် အမူအရာကြိယာတို့ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရားများမှာ “စိတ်ဓာတ် နှင့် လေဓာတ်” များပင် ဖြစ်ကြပါသည်။
ဥပမာ - မင်းသားရုပ်၊ မင်းသမီးရုပ် စသော သစ်သားရုပ်တို့သည် အလိုအလျောက် ခြေလှုပ်ခြင်း၊ လက်လှုပ်ခြင်း၊ ကခြင်း စသည်တို့ကို မပြုလုပ်နိုင်ကြပါ။ ကြိုးဆွဲဆရာက ကြိုးများကို ဆွဲသောအခါ၌ ခြေကကြိုးကိုဆွဲလျှင် ခြေလှုပ်ခြင်း၊ လက်ကကြိုးကိုဆွဲလျှင် လက်လှုပ်ခြင်း စသည့်အမူအရာတို့သည် ဖြစ်ပေါ်၍ လာကြရပေသည်။
ထိုနည်းတူစွာ သမုတိရုပ်ဖြစ်သော ခန္ဓာအတ္တဘောသည် သူ့ဟာသူ အလိုအလျောက် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း၊ စသည်တို့ကို မပြုလုပ်နိုင်။ ကြိုးဆွဲဆရာနှင့်တူသော “သွားချင်သောစိတ်” ကလည်း ဖြစ်ရပေမည်။ ထိုစိတ်ကြောင့် ကြိုးနှင့်တူသော “လေ” သည်လည်း ဖြစ်ရပေဦးမည်။
ထိုသို့ “စိတ်နှင့်လေ” နှစ်ပါးစုံဖြစ်မှသာလျှင် သွားသောအမူအရာသည် ဖြစ်ပေါ်၍ လာရပေသည်။ ထို “သွားသော” အမူအရာသည် အကျိုးတရား သမုတိသစ္စာပညတ်ဖြစ်၍ ဝိပဿနာဉာဏ်၏ အရာမဟုတ်သဖြင့် ဖြစ် ပျက် ဟူ၍ မရှုအပ်ပါ။
ထို “သွားတယ်” ဟူသော အမူအရာကို ဖြစ်ပေါ်စေသော အကြောင်းတရား ဖြစ်သော “စိတ်နှင့်လေ” တို့ကိုသာလျှင် ဝိပဿနာ ရှုရပေမည်။ သွားဆဲခဏ၌ ထင်ရှားရှိသော ပရမတ္တသဘောတရားမှာ ဖြစ်ဆဲ “စိတ်နှင့်လေ” ပင် ဖြစ်ပါသည်။
ပြုလိုမှုစိတ် သဘောတရားသည်၎င်း၊ လေ သဘောတရားတရားသည်၎င်း၊ ယင်းသဘောတရား နှစ်ပါးတို့တွင် တပါးပါးသော သဘောတရားသည် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်အခိုက်အတန့်၌ အမှန်ရှိသော သဘောတရားပင် ဖြစ်ပါတယ်။
ထိုသဘောတရားသည် အမှန်ရှိသော သဘောဖြစ်ခြင်းကြောင့် ပရမတ္တသစ္စာ ဟူ၍ ခေါ်ဆိုရပါတယ်။
ထိုထင်ရှား ရှိဆဲဖြစ်သော သဘောတရားအပေါ်၌ ထိုသဘောတရားကိုပင် ထင်ရှားရှိသည့်အတိုင် ဉာဏ်ဖြင့် ထိုးထွင်း သိမြင်၍နေခြင်းသည် ပရမတ္တသစ္စာ ကို သိမြင်နေခြင်းပင် ဖြစ်ပါတယ်။
ထိုသို့ ပရမတ္တသစ္စာ ကို ထိုးထွင်း၍ သိမြင်သောဉာဏ်သည်သာလျှင် ဝိပဿနာဉာဏ်အရာ၌ လိုရင်းအကျဆုံးသော ဉာဏ်ပင် ဖြစ်ပါတယ်။ အထက်ဉာဏ်စဉ်များကိုုလည်း ဖြစ်ပေါ်၍ လာစေနိုင်ပါတယ်။
ထိုသို့ဆိုလျှင် ခန္ဓာပဉ္စက ရုပ်နာမ်မှုကို ပုဂ္ဂလ သတ္တ ဣတ္ထိ ပုရိသ ဟူသော လောကဝေါဟာရပင် မဆိုအပ်၊ မဆိုထိုက်ဟု ဆိုငြားသော ထိုသူကို သာသနာတော်၌ ဧကန္တ ဗာလမတ္တကဟုတ်မှတ်ရပေမည်။
ပရမတ္တသစ္စာနယ်ပယ်သို့ ရောက်လျှင် (ဝါ) တရားအားထုတ်လျှင် ပညတ်အာရုံများကို အာရုံမပြုရ၊ ပညတ်အာရုံများ လုံးဝ မဝင်စေရ။
ထိုအတူ လောကသမုတိ သစ္စာနယ်ပယ်သို့ ရောက်လျှင် သမုတိသစ္စာနယ်ပယ်အလိုက် နေတတ်၊ ထိုင်တတ်၊ ပြောဆိုတတ်ရပေမည်။
ဘုရား၊ ရဟန္တာ အသျှင်မြတ်တို့သည် သမုတိသစ္စာကို ပယ်တော်မမူကြပါ။ ညီတော် အာနန္ဒာဟူ၍၎င်း၊ သားတော် ရာဟုလာ ဟူ၍၎င်း၊ ခေါ်ဝေါ်ကာမျှသာလျှင် ခေါ်ဝေါ်သုံးစွဲတော် မူကြပါသည်။ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ်၊ သတ္တဝါ ဟူသော စွဲယူမှုဒိဋ္ဌိသည် အကြွင်းအကျန်မရှိတော့ပါ။ မဂ်ဉာဏ်ဖြင့် လုံးဝပယ်သတ်ပြီးဖြစ်ပါသည်။
ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ခေါ်ဝေါ်သုံးစွဲမှု သမုတိသစ္စာ ဖြစ်သော ပညတ်ကိုလွန်မြောက်၍ သက္ကာယတည်းဟူသော ပရမတ္တသစ္စာဖြစ်သော နာမ်တရား၊ ရုပ်တရားတို့ကို ထိုးထွင်း၍ မသိမမြင်နိုင်ကြပါ။ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်းပင် စွဲယူမှု ဒိဋ္ဌိသည် ထိုပုဂ္ဂိုလ်တို့၏ စိတ်သန္တာန်၌ အလွန်ပြင်းထန်လှပါသည်။
ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်တို့မှာမူကား သွားဆဲ၊ ရပ်ဆဲ၊ ထိုင်ဆဲ၊ လျောင်းဆဲ၊ ဣရိယာပုတ်လေးပါးတို့၌၎င်း၊ ရှုဆဲ၊ ရှိုက်ဆဲ၊ ကွေးဆဲ၊ ဆန့်ဆဲ၊ ရှေ့သို့တက်ဆဲ၊ နောက်သို့ဆုတ်ဆဲ၊ မျက်တောင်ခတ်ဆဲ စသည်တို့၌၎င်း၊ ထိုသို့ ကိုယ်အင်္ဂါကြီးငယ်တို့ကို လှုပ်ရှားခြင်းစသည့် အလုံးစုံသော အမူအရာတို့အပေါ်၌ ထိုအမူအရာအားလုံးတို့သည် ပညတ်အာရုံများသာလျှင် ဖြစ်ကြပါသည်။
ယင်းအမူအရာအားလုံးတို့သည် ပြုလိုမှုစိတ်သဘာဝနှင့် ထိုပြုလိုမှုစိတ်သဘာဝကြောင့်ဖြစ်သော စိတ္တဇ ဝါယောဓာတ်တည်း ဟူသော “လေသဘာဝ” တို့ဖြစ်ခြင်းကြောင့်သာလျှင် ဖြစ်ပါတယ်။ သွားသည်၊ ရပ်သည်မဟုတ်၊ ငါမဟုတ်၊ အမှန်စင်စစ်အားဖြင့် ထင်ရှားရှိသော သဘောမှာ အာရုံပြုဆဲဖြစ်သော၊ ပစ္စုပ္ပန်ခဏ၌ ဖြစ်ဆဲဖြစ်သော၊ ပြုလိုမှု စိတ်သဘာဝနှင့် လေသဘာဝတို့သည်သာလျှင် ဖြစ်ပါတယ်။
ထိုသို့ ထိုးထွင်းသိမြင်မှသာလျှင် နာမ်၏ပရမတ္တ၊ ရုပ်၏ပရမတ္တကို သိမြင်ခြင်း ဖြစ်ပါတယ်။
ပရမတ္တသစ္စာကိုသိမြင်ရန် သမုတိသစ္စာ၏ အမြစ်မူလ အကြောင်းရင်းဖြစ်သော ပရမတ္တကို ဝိပဿနာရှုရမည်ဖြစ်ပါတယ်။
ပရမတ္တသစ္စာသည် ထင်ရှားရှိသော တရားဖြစ်၏။ ထင်ရှားရှိခြင်းကြောင့် ဝိပဿနာ ရှုအပ်ပေသည်။ သမုတိသစ္စာသည် ထင်ရှားမရှိ၊ ပရမတ္တသစ္စာထဲ၌ ရှာဖွေ၍ မတွေ့မမြင်ရသော တရားဖြစ်ပါတယ်။ ထင်ရှား မရှိသောကြောင့် ဝိပဿနာမရှုအပ်ပါဘူး။
ပရမတ္တသစ္စာသည် ထင်ရှားရှိသော ရုပ်ဓာတ်၊ နာမ်ဓာတ် ခန္ဓာငါးပါး ဓာတ်သဘာဝဖြစ်ပါတယ်။ ထိုခန္ဓာငါးပါး ဓာတ်သဘာဝတို့ကို ဟုတ်မှန်သောအတိုင်း ထိုးထွင်း သိမြင်လျှင်၊ လောဘငြိမ်းပါတယ်။ ဒေါသငြိမ်းပါတယ်။ မောဟငြိမ်းပါတယ်။ လောဘ၊ ဒေါသ၊ မောဟငြိမ်းခြင်းကြောင့် ငြိမ်းအေးမှုကို ရရှိပါတယ်။
သမုတိသစ္စာ ပညတ်များကို စွဲယူလျှင် ထိုသို့ စွဲယူထားခြင်းကြောင့် လောဘ၊ ဒေါသ၊ မောဟဖြစ်ရပါတယ်။
ပရမတ္တသစ္စာသည် ဉာဏ်လမ်းဖြစ်ပါတယ်။ ထင်ရှားရှိသော ရုပ်ဓာတ်၊ နာမ်ဓာတ်တို့အပေါ် ထိုသဘောတရားတို့သည်မမြဲ၊ ဆင်းရဲ၊ အစိုးမရဟု ဝိပဿနာရှုပွားလျှင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်ပါတယ်။ သံသရာမှ လွတ်မြောက်လမ်းကိုရပါမယ်။
သမုတိသစ္စာသည် ကံလမ်းဖြစ်ပါတယ်။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ် တို့အပေါ် ထိုသဘောတရားတို့ကို အတ္တ အားဖြင့် စွဲယူမှုဖြစ်ပေါ်ခဲ့သည်ရှိသော် ဤကဲ့သို့သော အတ္တ စွဲဖြင့် ကုသိုလ်ကောင်းမှု (သို့မဟုတ်) အကုသိုလ်အမှု အသီးသီးကိုပြုကျင့်သည်ရှိသော် ထို ကုသိုလ်ကံ အကုသိုလ်ကံကြောင့် သံသရာ၌ ကြင်လည်ကြရပါတယ်။ သံသရာမှ ထွက်မြောက်မှုကိုမရနိုင်ပါဘူး။
ယင်းပရမတ္တသစ္စာနှင့် သမုတိသစ္စာတို့သည် ပြဒါးတလမ်း၊ သံတလမ်းဖြစ်သော်လည်း ဉာဏ်လမ်းသို့ လိုက်သော ပုဂ္ဂိုလ်တို့သည် ကံလမ်းကိုလည်း မပယ်စွန့်ရပါ။ ပယ်စွန့်၍လည်းမဖြစ်ပါ။ ကံလမ်းနှင့်ဉာဏ်လမ်း တို့ကို ပိုင်းခြား၍ သိမြင်ပြီးသည့်နောက်တွင် ကောင်းမှုကုသိုလ် “ကံ” ကိုလည်း ပွားများ အားထုတ်ရပါတယ်။ ဉာဏ်လည်းဖြစ်သော ဝိပဿနာ ဘာဝနာဉာဏ်ကိုလည်း ပွားများရပါတယ်။
ပရမတ္တသစ္စာ နှင့် သမုတိသစ္စာ တို့ကို မရောယှက်မူ၍ ပိုင်းခြားစွာသိမြင်သော ဉာဏ်သည်သာလျှင် အမှန်တရားကို သိမြင်သော ဉာဏ်ဖြစ်ပါတယ်။
၎င်း သမုတိသစ္စာ နှင့် ပရမတ္တသစ္စာတရား နှစ်ပါးတို့တွင် တပါးပါးသည် ထင်ရှားစွာ ဖြစ်ပေါ်၍ လာခဲ့သည်ရှိသော် ကျန်တပါးမှာ ကင်းစင်လွင့်ပျောက်၍ သွားရပါတယ်။
ဆိုလိုရင်းမှာ ဝိပဿနာတရားကို ပွားများ အားထုတ်နေဆဲ အခိုက်အတန့်၌ ဝိပဿနာဉာဏ် ဖြစ်ပေါ်၍လာလျှှင် သမုတိသစ္စာဖြစ်သော ပညတ်များကို အာရုံပြုသော စိတ်သည် ကင်းစင်လွင့်ပျောက်၍ သွားပေမည်။ ဝိပဿနာအာရုံကို လွှတ်လိုက်သည်နှင့်တစ်ပြိုင်တည်း ပညတ်အာရုံများဖြစ်သော သမုတိသစ္စာကို အာရုံပြုသောစိတ်သည် ဖုံးလွှမ်းမြဲဖုံးလွှမ်း၍ သွားပေသည်။
ဥပမာအားဖြင့် မှောင်နေသော တိုက်ခန်းအတွင်း၌ မီးထွန်းလိုက်သည်ရှိသော်၊ အမှောင်ခွင်း၍ အလင်းရောင်ဖြစ်ပေါ်လာဘိသကဲ့သို့ ဖြစ်ပါသည်။ မီးပိတ်လိုက်လျှင် အမှောင်ထုသည် ပြန်၍ ဖုံးလွှမ်းမြဲဖုံးလွှမ်းရပေသည်။
မီးထွန်းခြင်းနှင့်တူသော ဝိပဿနာအာရုံကို ဝင်စားလိုက်သည်ရှိသော် အမှောင်နှင့်တူသော သမုတိသစ္စာ ပညတ်များကို အာရုံပြုသော စိတ်သည် ကင်းစင်လွင့်ပျောက်၍ ပရမတ္တသဘာဝကို အာရုံပြုခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်အလင်းရောင်သည် ပေါ်ထွန်း၍လာရပေသည်။
ဤကဲ့သို့ သမုတိသစ္စာ ပညတ်များကို ဖယ်ရှားနိုင်၍ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိဆဲဖြစ်သော ပြုလိုမှုသဘောတရားနှင့် လေသဘောတရား နှစ်ပါးတို့ကို ထင်ရှားရှိသည့်အတိုင်း ဉာဏ်ဖြင့် ပိုင်းခြားစွာ သိမြင်ခြင်းသည် နာမ်၏ ပရမတ္တ ရုပ်၏ ပရမတ္တကို ထိုးထွင်း သိမြင်ခြင်း ဖြစ်ပါသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ဟု ခေါ်ပါသည်။
ထိုထင်ရှားရှိဆဲဖြစ်သော ရုပ်တရား၊ နာမ်တရားနှစ်ပါးတို့ကို ထင်ရှားရှိသည့်အတိုင်း ဉာဏ်ဖြင့် ပိုင်းခြားစွာ သိမြင်ခြင်းသည် အမှန်တရားကို သိမြင်ခြင်း ဖြစ်ပါသဖြင့် အမြင်အထူး စင်ကြယ်ခြင်း ဒိဌိဝိသုဒ္ဓိဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ်ပါသည်။
ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၂)
ပစ္စယ ပရိဂ္ဂဟ ဉာဏ် ဆိုသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်ခြင်း အကြောင်းတရားတို့ကို သိမ်းဆည်း သိမြင်သော ဉာဏ်ဖြစ်ပါသည်။
ယင်းဉာဏ်သည်ပင်လျှင် အကြောင်းတရားနှင့် အကျိုးတရား တို့ကို သိမြင်နိုင်ခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ်ဉာဏ်ဟူ၍ ခေါ်ဝေါ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်ဉာဏ်၏ အဓိပ္ပါယ်မှာ အကြောင်းတရားတို့၏ ညီညွှတ်ခြင်းကိုစွဲ၍ အကျိုးတရား ဖြစ်ပေါ်မှုကို သုံးသပ် သိမြင်နိုင်သောဉာဏ်ဖြစ်ပါသည်။
ယင်းအကြောင်းတရားနှင့် အကျိုးတရားတို့ကို ထိုးထွင်း သိမြင်နိုင်ကြစေရန် -
၁။ ပစ္စုပ္ပန်ဖြစ်ဆဲ လေသဘောတရားသည် အခုစိတ်ကြောင့် ဖြစ်တဲ့လေ ဟူ၍ ဆင်ခြင်ပါ။
၂။ ပစ္စုပ္ပန်ခဏ၌ ဖြစ်ဆဲဖြစ်သော ပြုလိုမှုစိတ်သဘောတရားသည် ရှေးအတိတ်က ဆည်းပူးခဲ့ပြီးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံတို့ကြောင့် ဖြစ်တဲ့ စိတ်ဟူ၍ ဆင်ခြင်ပါ။
လေသဘောတရား ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားများမှာ ယင်းလေသဘောတရားသည် ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့ပင် ဖြစ်ပါသည်။ ၎င်းအကြောင်းတရားလေးပါးတို့၏ ထောက်ပံ့ပုံ၊ ထောက်ပံ့နည်းမှာ -
အတိတ်ဘဝ အတိတ်ကာလ၌ ဆည်းပူးပြုလုပ်ခဲ့ပြီး ဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံ တည်းဟူသော ဇနက အကြောင်းကံ သည် ယခု ပစ္စုပ္ပန်ဘဝ၌ စိတ်အသစ်အသစ် အစဉ်မပြတ် ဖြစ်ပေါ်မှုကို ရရှိစေနိုင်ပါသည်။
ယင်း ကံနှင့်စိတ် တည်းဟူသော အကြောင်းတရား နှစ်ပါးတို့၏ ထောက်ပံ့မှုကို ဆက်လက်၍ ရရှိတိုင်း ရရှိတိုင်းသော ခဏ၌ စိတ္တဇဝါယောဓာတ် တည်းဟူသော လေသဘောတရား သည် ဖြစ်ပေါ်လာရပါသည်။
ဤသို့ ကံနှင့်စိတ် ကြောင့် ဖြစ်ပေါ်လျက်ရှိသော လေသဘောတရား သည်ပင်လျှင် ဥတုနှင့်အာဟာရ တို့၏ ပြုပြင် ပြောင်းလဲမှုကြောင့် ယင်း လေသဘောတရား သည်လည်း ပြောင်းလဲ၍နေရပါသည်။
ဤနေရာ၌ ဥတုနှင့်အာဟာရ တို့သည် ဥပထမ္ဘက အထောက်အပံ့ အကြောင်းတရားများပင် ဖြစ်ကြပါသည်။
ထို့ကြောင့် ယင် လေသဘောတရား သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော ဇနက အကြောင်း ဥပထမ္ဘကအကြောင်း တရားတို့၏ ပြုပြင် စီရင်မှုကြောင့် ဖြစ်ပေါ်၍နေသော သဘာဝဓမ္မမျိုးပင် ဖြစ်ပါသည်။
ဇနက အကြောင်း ဆိုသည်မှာ ဖြစ်စေခြင်း အကြောင်းဖြစ်၍ ဥပထမ္ဘက အကြောင်း ဆိုသည်မှာ အထောက်အပံ့ အကြောင်းပင် ဖြစ်ပါသည်။
ထင်ရှားအောင်ဆိုရလျှင် -
မိခင်ဖြစ်သော ဆင်မကြီးသည် ဆင်ငယ်ကလေးကို မွေးဖွားရာတွင်
ထိုဆင်ငယ်ကလေးကို မွေးဖွားပေးသော မိခင်ဆင်မကြီးသည် ဇနကအကြောင်းနှင့် တူပါသည်။
ထိုဆင်ငယ်ကလေးကို ဆက်လက်၍ ဂရုတစိုက် ပြုစု စောင့်ရှောက်သော ဆင်ထိန်းမကြီးသည် ဥပထမ္ဘက အကြောင်းနှင့် တူပါသည်။
ဆင်ငယ်ကလေးသည် ဤနေရာ၌ လေသဘောတရားနှင့် တူပါသည်။
သို့ဖြစ်၍ လေသဘောတရား အပေါ်၌ ထိုလေသဘောတရားကို ဝိပဿနာရှုပွားရာတွင် ထင်မြင်လွယ်စေခြင်းငှာ အနီးဆုံးအကြောင်းတရား ဖြစ်သော စိတ်တစ်ခုကိုသာ ယူ၍ ယင်း လေသဘောတရား သည် ပြုလိုမှု စိတ်သဘောတရား ကြောင့်ဖြစ်တဲ့ လေ ဟူ၍ အထက်၌ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
ပြုလိုမှု စိတ်သဘောတရားသည်ကား အတိတ်ကာလမှ ဆည်းပူးခဲ့ပြီး ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ တို့ကြောင့်ပင် ဖြစ်ပါသည်။
အဝိဇ္ဇာ သည် သစ္စာလေးပါး အမှန်တရားကို မသိမမြင်နိုင်အောင် ဖုံးလွှမ်းတတ်သောတရား ဖြစ်ပါသည်။
အမှန်တရားကို မသိမှုအဝိဇ္ဇာ အကြောင်းရင်းခံကြောင့် လိုချင်တပ်မက်မှုတဏှာ စွဲလမ်းမှု ဥပါဒါန် တို့သည် ဖြစ်ပေါ်၍ လာကြရပါသည်။
ထို လိုချင်မှု စွဲလမ်းမှုကြောင့် ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အနေဉ္ဇာဘိသင်္ခါရ တည်းဟူသော ကာမရူပကုသိုလ်ကံ အကုသိုလ်ကံ အရူပါဝစရကုသိုလ်စေတနာကံ တို့ကို ပြုလုပ် ဆည်းပူးခဲ့သည်။ ထိုသို့ ဆည်းပူးခဲ့ပြီးဖြစ်သော အကြောင်းတရား တို့ကြောင့် ဤ “ဤပြုလိုမှုစိတ်သဘောတရား” သည် ဖြစ်ပေါ်၍ လာရပါသည်။
၎င်း အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ တည်းဟူသော အကြောင်းတရား လေးပါးတို့သည် ချုပ်ဆုံးပြီး ဖြစ်သော်လည်း ပစ္စုပ္ပန် စိတ်၏ ဖြစ်ပေါ်ခြင်းမှာ ၎င်းအကြောင်းတရားနှင့် မကင်းပေ။
ဥပမာအားဖြင့် အလင်းရောင်ရရှိစေရန် ထွန်းညှိထားသော ဖယောင်းတိုင်သည် ကုန်ဆုံးခါနီးကာလသို့ ရောက်ရာ၊ ထိုခဏ၌ ၎င်းဖယောင်းတိုင်မှ တောက်လောင်နေသော မီးတောက်ဖြင့် ဒုတိယအသစ်ဖြစ်သော ဖယောင်းတိုင်သို့ ကူးယူ ထွန်းညှိရာ၊ ထွန်းညှိမှုကိစ္စပြီးဆုံးလျှင် ကုန်ခါနီးဖြစ်သော ပဋ္ဌမ ဖယောင်းတိုင်မှ မီးတောက်သည်လည်း ချုပ်ငြိမ်းလေတော့သည်။
ဤကိစ္စကို ဆင်ခြင်ရာတွင် -
ဒုတိယ ဖယောင်းတိုင်မှ ရှိဆဲဖြစ်သော မီးတောက်သည် ချုပ်ငြိမ်းလေပြီးဖြစ်သော ပဋ္ဌမဖယောင်းတိုင်၏ မီးတောက်မဟုတ်ပေ။ သို့ပင် မဟုတ်ငြားသော်လည်း ပဋ္ဌမ ဖယောင်းတိုင်မှ မီးတောက်နှင့် အကြောင်းတရားခြင်း မကင်းပေ။ ပဋ္ဌမ ဖယောင်းတိုင်မှ မီးတောက်သည် ဒုတိယဖယောင်းတိုင်မှ မီးတောက်အား စ၍ ဖြစ်ပေါ်စေခြင်း ဇနကအကြောင်း ပင် ဖြစ်ပါသည်။
ယင်းသို့ ဖြစ်ပေါ်၍လာရသော ဒုတိယ ဖယောင်းတိုင်မှ မီးတောက်အား အသစ်အသစ် ဆက်လက်၍ ထွန်းလင်းတောက်ပနိုင်စေရန် လက်ရှိဖယောင်းတိုင်မှ ဖယောင်းဆီနှင့် မီးဇာသည် ဥပထမ္ဘက အထောက်အပံ့ အကြောင်းပင် ဖြစ်ပါသည်။
ဤဥပမာနည်းတူစွာပင် - ပစ္စုပ္ပန်ခဏ၌ ဖြစ်ဆဲ ဖြစ်သော ပြုလိုမှုစိတ်သဘောတရား သည် အတိတ်ကာလ၌ ပြုလုပ်ဆည်းပူးခဲ့ပြီးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ တည်းဟူသော လေးပါးသော အကြောင်းတရား တို့နှင့် မကင်းပေ။
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ -
အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ တို့၏ အကြောင်းရင်းခံကြောင့် ဝိညာဏ် နာမ်ရုပ်တို့၏ ဖြစ်ပေါ်မှု ဇာတိကို ရရှိစေနိုင်ပါသည်။
သင်္ခါရနှင့်ကမ္မဘဝ တို့သည် တရားကိုယ်အားဖြင့် ကံ တစ်ခုတည်းကိုသာလျှင် ကောက်ယူနိုင်ပါသည်။
ထို့ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ တည်းဟူသော အတိတ်ကံ အကြောင်းတရာသည် ပြုလိုမှု စိတ်သဘောတရား ၏ ဖြစ်ပေါ်စေမှု ဇနကအကြောင်း ပင် ဖြစ်ပါသည်။
ယင်းဇနကကံသည် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးကို ပေးစေနိုင်ပါသည်။
ယင်းအတိတ်ကံကြောင့် ဖြစ်ပေါ်၍လာရသော စိတ်သဘောတရားသည် ပစ္စုပ္ပန်အကြောင်း အထောက်အပံ့ ဖြစ်သော ဥပထမ္ဘကကံ ၏ ပြုပြင် စီရင်မှုကြောင့် အစဉ်မပြတ် ပြောင်းလဲနေရပါသည်။
ဥပမာ - လောကဝေါဟာရအလိုအားဖြင့် အသက်ရှည်သည် ဆိုသည်မှာ -
လူတို့၏ သက်တမ်း ကုန်ဆုံးသည်အထိ တည်နေသမျှ ကာလပတ်လုံး ထိုသို့ တည်နေနိုင်စေရန် စိတ်အစဉ်သည် အစဉ်မပြတ် ဒလစပ် မရပ်မနား အသစ်အသစ် ဖြစ်ပေါ်၍ နေကြရပါသည်။ ထိုသို့အစဉ်မပြတ် ဒလစပ် ဖြစ်ပေါ်နေရခြင်းကိုပင်လျှင် အသက်ရှည်သည် ဟု ခေါ်ဆိုကြရပါသည်။
ယင်းသို့ စိတ်အစဉ်သည် အစဉ်မပြတ် ဒလစပ် အသစ်အသစ် ဖြစ်ပေါ်၍ နေနိုင်စေရန် ရှောင်ကြဉ်သင့်သော အစာအဟာရတို့ကို ရှောင်ကြဉ်ခြင်း၊ မှီဝဲသင့်သော ဆေးဝါးနှင့်အဟာရတို့ကို မှီဝဲခြင်း၊ ဥတုနှင့် သင့်တင့် လျှောက်ပတ်အောင် အနေအထိုင် ဆင်ခြင်ခြင်း၊ ကျမ္မာရေးကို ဂရုစိုက်ခြင်း စသည်တို့သည် ပစ္စုပ္ပန် ဘဝ၌ ပြုလုပ်မှုအကြောင်းကံများပင် ဖြစ်ပါသည်။
ထိုကံသည်ပင်လျှင် စိတ်၏အသစ်အသစ် အစဉ်မပြတ် ဖြစ်ပေါ်စေခြင်းငှာ (ဝါ) အသက်ရှည်စေခြင်းငှာ ဥပထမ္ဘက အကြောင်းကံများပင်ဖြစ်ပါသည်။
ကံဆိုသည်မှာ ပါဠိပျက် စကားဖြစ်၍ ကမ္မမှလာသောကြောင့် ထိုကမ္မဟူသော ပါဠိ၏အဓိပ္ပါယ်မှာ ပြုလုပ်မှု ပင် ဖြစ်ပါသည်။
ထို့ကြောင့်
အတိတ်ဘဝမှ ပြုလုပ် ဆည်းပူးခဲ့ပြီးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံသည် ယခုလက်ရှိ ဘဝတွင် ဝိညာဏ်၊ နာမ်၊ ရုပ်တိုကို ဖြစ်စေခြင်း (ဝါ) ပဋိသန္ဓေ အကျိုး + ပဝတ္တိ အကျိုးတို့ကို ဖြစ်ပေါ်စေနိုင်ခြင်း ဇနက အကြောင်းဖြစ်၍၊
ယခုဘဝ၌ သင့်လျော်သော အမှုတို့ကို ပြုလုပ်ခြင်း၊ မသင့်လျော် မလျောက်ပတ်သော အမှုတို့ကို ရှောင်ကြဉ်ခြင်း စသည့် ပစ္စုပ္ပန်ကံသည် ဥပထမ္ဘက အထောက်အပံ့ အကြောင်းများပင်ဖြစ်ပါသည်။
ထို့ကြောင့် -
ပြုလိုမှု စိတ်သဘောတရား သည် ဆက်လက်၍ အသစ်အသစ် ဖြစ်ပေါ်စေမှု၏ ပဓါန လိုရင်း အကြောင်းတရားများမှာ
(၁) ဇနက အကြောင်းတည်းဟူသော အတိတ်ကံ နှင့်
(၂) ဥပထမ္ဘက အကြောင်းတည်းဟူသော ပစ္စုပ္ပန်ကံ
ယင်း အကြောင်းကံ နှစ်ပါးတို့ကြောင့်ပင် ဖြစ်ပါသည်။
ဤသို့လျှင် -
(က) လေသဘောတရား သည် ပြုလိုမှု စိတ်သဘောတရားကြောင့်ပင် ဖြစ်သည်ဟူ၍၎င်း၊
(ခ) ပြုလိုမှုစိတ်သဘောတရား သည် အတိတ်ကံ + ပစ္စုပ္ပန်ကံ စသည်တို့ကြောင့် ဖြစ်သည်ဟူ၍၎င်း
ဤသို့သော သဘောတရားတို့၏ ဖြစ်ခြင်းအကြောင်းတရား တို့ကို ထိုးထွင်း၍ သိမြင်သော ဉာဏ်သည် ပစ္စယ ပရိဂ္ဂဟဉာဏ်ပင်ဖြစ်ပါသည်။
ယင်း ပစ္စယပရိဂ္ဂဟဉာဏ်သည် အကြောင်းတရားတို့၏ ထောက်ပံ့မှုကြောင့် အကျိုးတရားဖြစ်ပေါ်မှုကို ထိုးထွင်း သိမြင်သောဉာဏ် ဖြစ်ပါသဖြင့် ထိုဉာဏ်ကိုပင်လျှင် ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ် သိမြင်သောဉာဏ်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။
ပဋိစ္စသမုပ္ပါဒ်ကို သိမြင်သောဉာဏ် ဆိုသည်မှာ
(က) ပြုလိုမှု စိတ်သဘောတရား သည် ကံ တည်းဟူသော အကြောင်းတရားတို့ကို စွဲ၍ ဖြစ်ပေါ်နေသော အကျိုးတရား သက်သက်မျှသာ တည်းဟု သိမြင်သောဉာဏ်ကို ခေါ်ပါသည်။
(ခ) ထိုကံကြောင့်ဖြစ်သော အကျိုးတရားဟု သမုတ်အပ်သော ပြုလိုမှု စိတ်သဘောတရား သည်ပင်လျှင် အကြောင်းတရား ပြန်၍ ဖြစ်ရပြန်ပါသည်။ ယင်းအကြောင်းတရားကြောင့် နှာသီးဖျား၌ တိုးခတ်မှု လေသဘောတရား တည်းဟူသော အကျိုးတရားသည် ဖြစ်ပေါ်၍ လာရပြန်ပါသည်။
(ဂ) တဖန်ထို သဘောတရား တည်းဟူသော အကျိုးတရားသည်ပင်လျှင် အကြောင်းတရား ပြန်ဖြစ်၍ ယင်း အကြောင်းတရား ဖြစ်သော ထိုတိုးခတ်မှု လေသဘောတရားကို တိုးခတ်တိုင်း တိုးခတ်တိုင်း သိ၍ သိ၍ နေသော စိတ် တည်းဟူသော အကျိုးတရားသည် ဖြစ်ပေါ်၍ လာရပြန်ပါသည်။
ဥပမာအားဖြင့် -
မြေ၊ ရေ၊ ဥတုတို့၏ အထောက်အပံ့ကို ကောင်းမွန် ညီညွတ်စွာ ရရှိသောနေရာ၌ စိုက်ပျိုးထားအပ်သော မျိုးစေ့သည် ထိုမျိုးစေ့မှပင်စည်၊ ပင်စည်မှအကိုင်း၊ အကိုင်းမှအလက်၊ အရွက်၊ အသီး၊ အပွင့်တို့ ဖြစ်ပေါ်လာဘိသကဲ့သို့၊ အကြောင်းတရားတို့၏ ညီညွတ်စွာ ထောက်ပံ့မှုကြောင့် အကျိုးတရား ဖြစ်ပေါ်မှုကို၎င်း၊ ထိုအကျိုးတရားသည်ပင်လျှင် အကြောင်းတရားပြန်ဖြစ်၍ အကျိုးတရား အဖန်ထပ်၍ ဖြစ်ပေါ်မှုကို၎င်း သိသောဉာဏ်သည် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်သောဉာဏ် ဖြစ်ပါသည်။
(မှတ်ချက်။ ။ ပဋိစ္စသမုပ္ပါဒ်ကို နည်းလေးပါးဖြင့် ဝေဘန်သုံးသပ်ခြင်း ကိုတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ မြန်မာပြန် တတိယတွဲမှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။)
အကြောင်းတရားနှင့် အကျိုးတရားတို့ အပေါ်တွင် နည်းလေးပါးတို့ဖြင့် ဆင်ခြင်ရာ၌ အမှောက်မှောက် အမှားမှား သုံးသပ်ဆင်ခြင်မိခြင်းကြောင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒဋ္ဌိ အတ္တဒိဋ္ဌိ အကရိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ နိယတဝါဒ အစရှိသော ဒိဋ္ဌိ တို့သည် ဖြစ်ပေါ်၍လာတတ်ကြောင်း တွေ့ရှိရပါသည်။ ယင်း ဒိဋ္ဌိတို့၏ ဖြစ်ပေါ်၍ လာရခြင်းအကြောင်းရင်းအမြစ် မူလကို စူးစမ်းရှာဖွေသည်ရှိသော် ဟုတ်မှန်သော “စိတ်ဓာတ်” နှင့် “လေဓာတ်” တို့ကို ဟုတ်မှန်သည့်အတိုင်း မသိမမြင်ခြင်းကြောင့် သာလျှင် ဖြစ်ရပေသည်။
စိတ်သဘောတရားနှင့် လေသဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့သည် ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ ကိုယ်အတ္တမဟုတ် ပုဂ္ဂိုလ် သတ္တဝါ မဟုတ်၊ နာမ်ဓာတ်၊ ရုပ်ဓာတ် အကြောင်းတရားနှင့် အကျိုးတရားမျှသာ ဖြစ်ကြကုန်၏။ အကြောင်းတရား တို့၏ ပြုပြင်စီရင်မှုကြောင့် ဖြစ်ပေါ်၍နေသော အကျိုးတရား သက်သက်မျှသာတည်းဟု အကြောင်းနှင့်အကျိုးကို ထိုးထွင်း သိမြင်၍နေလျှင် ထိုသို့ ထိုးထွင်း သိမြင်၍ နေခြင်းအားခြင့် (၆၂) ပါးသော ဒိဋ္ဌိတို့သည် ပယ်ခွာ၍ သွားရပေသည်။
ဤသို့ အကြောင်းတရားနှင့် အကျိုးတရားတို့ကို ထိုးထွင်းသိမြင်သောဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ်မည်ပါတယ်။
ယင်ပစ္စယပရိဂ္ဂဟဉာဏ်သည် ရုပ်နာမ်တို့၏ အပေါ်၌ ယုံမှား သံသယကို ပယ်ဖျောက်နိုင်ခြင်းကြောင့် ယုံမှားခြင်းကို လွန်မြောက်သောဉာဏ် အထူးစင်ကြယ်ခြင်း ကင်္ခါဝိတရဏဝိသုဒ္ဓိမည်ပါတယ်။
နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်၊ ဤဉာဏ်နှစ်ပါးသည် ပရိညာသုံးပါးတွင် အမှတ်စဉ် (၁) ဖြစ်သော ဉာတပရိညာမည်ပါတယ်။
ပရိညာဆိုသည်မှာ ဉာဏ်၏ ပိုင်နိုင်ခြင်းပင်ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ်ပါသည်။
ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၃)
သမ္မသနဉာဏ်ဆိုသည်မှာ ကာလသုံးပါးတို့၌ အကြိမ်ကြိမ်အဖန်ဖန် သုံးသပ်သောဉာဏ်ဖြစ်ပါသည်။
(က) အကြင်ရုပ်တရား နာမ်တရားတို့သည် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိ၏။ ထိုသို့ ထင်ရှားရှိဆဲသဘောတရားကို ထင်ရှားရှိသည့်အတိုင် ဉာဏ်ပညာဖြင့် ပထမဦးစွာ ထိုးထွင်း သိမြင်ရပေမည်။
(ခ) ဒုတိယအဆင့် အနေအားဖြင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအရ “ပစ္စုပ္ပန်ခဏ၌ ရှိဆဲ ရုပ်သည်ဖြစ်ဆဲ” ဟူသော သဘာဝဓမ္မ၏ မူသေ တွက်ကိန်းကို သိထားရပေမည်။
ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် ဖြစ်ဆဲ ဖြစ်၍ ခဏငယ် သုံးပါး၌ အတွင်းဝင်သော ရုပ်ဖြစ်ပါသည်။
ထိုပစ္စုပ္ပန်ဖြစ်သော ရုပ်၏စ၍ ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခါတ၏လက္ခဏာသည် ဖြစ်ခြင်း ဥဒယမည်ပါသည်။
ဖောက်ပြန်ခြင်းဟူ၍ မှတ်အပ်သော သင်္ခါတ၏လက္ခဏာသည် ပျက်ခြင်း ဝယ မည်ပါသည်။
အကြင်ဖြစ်ခြင်း ပျက်ခြင်း (ဥဒယဝ) ကို အဖန်တလဲလဲ ရှုသောပညာသည်ရှိ၏။ ထိုဥဒယဝယကို အဖန်တလဲလဲ ရှုသော ပညာသည် ဉာဏ်မည်ပါသည်။
ဤ အဋ္ဌကထာအရ အလုံးစုံသော ရုပ် နာမ်ဓမ္မ သင်္ခါရ သဘောတရားတို့ကို ဆင်ခြင်ကြည့်လျှင် မည်ကဲ့သို့သော သဘောတရားများပင် ဖြစ်စေကာမူ၊
က။ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ အကြင် သဘောတရားတခုခုသည် ထင်ရှားရှိ၏။
ခ။ ထိုထင်ရှားရှိဆဲ သဘောတရားသည် ဖြစ်ဆဲပင် ဖြစ်ပါသည်။
ထိုသဘောတရား၏ ထင်ရှား ရှိ၍ရှိ၍ နေခြင်းသည် အသစ်တဖန်ဖြစ်ခြင်းကြောင့်သာလျှင် ဖြစ်ပါသည်။
အကယ်၍ အကြင်သဘောတရားသည် အသစ်တဖန် ဖြစ်ပေါ်မှု မရှိခဲ့ပါလျှင် ထိုသဘောတရားသည် လုံးဝမရှိနိုင်တော့ပါ။
ထိုသဘောတရားတို့သည် အသစ်အသစ် ဖြစ်၍ဖြစ်၍ နေခြင်းကြောင့်သာလျှင် ထင်ရှားရှိ၍ ရှိ၍ နေရပါသည်။
ထို့ကြောင့် ဝိပဿနာဉာဏ်အရာနှင့်ပတ်သက်၍ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌၊
“ရှိဆဲသဘောတရားသည် ဖြစ်ဆဲ”
ဟူသော သဘာဝဓမ္မ၏ မူရင်းကို ပိုင်နိုင်စွာသိထားရန် အရေးကြီးပါသည်။
၎င်းသဘာဝဓမ္မ၏မူကို ဆန်းစစ်ဝေဖန်၍ ကြည့်လျှင် တခုခုသော သဘောတရားသည် အာရုံပြုဆဲခဏ၌ ထင်ရှားရှိ၏။ ထိုသဘောတရား၏ ထင်ရှားရှိ၍ရှိ၍နေရခြင်းသည် အသစ်အသစ် အစဉ်မပြတ် ဆက်စပ်၍ ဖြစ်ပေါ်နေမှုကြောင့်ပင် ဖြစ်ပါသည်။
ဤသို့ အသစ်အသစ် ဖြစ်ပေါ်၍ နေရခြင်းမှာလည်း အကြောင်းတရားတို့၏ အသစ်တဖန် ထပ်မံ၍ ထောက်ပံ့နေမှုကြောင့်ပင် ဖြစ်ပါသည်။
အကယ်၍ အကြောင်းတရားတို့သည် အသစ်တဖန် ထောက်ပံ့မှုမရှိဘဲ ချုပ်ငြိမ်း၍ သွားသည်ရှိသော အကျိုးတရားဖြစ်သော သဘောတရားသည်လည်း လုံးဝ မရှိနိုင်တော့ပါ။ ချုပ်ငြိမ်း၍ သွားရပေမည်။
အကြောင်းတရားသည် အသစ်အသစ် ထောက်ပံ့နေမှုကြောင့်သာလျှင် အကျိုးတရားဖြစ်သော သဘောတရားသည် အသစ်အသစ်ဖြစ်ပေါ်၍ နေရပါသည်။
ထိုသို့ အသစ်အသစ် ဖြစ်ပေါ်နေသော သဘောတရားသည်ပင်လျှင် ထင်ရှားရှိဆဲဖြစ်ခြင်းကြောင့် ထို “ရှိဆဲသဘောတရားသည်ဖြစ်ဆဲ” ဟုမှတ်ရပေမည်။
နှာသီးဖျားတွင် အာရုံစူးစိုက်၍ ရှုကြည့်သောခဏ၌၊
က။ နှာသီးဖျားကို တိုးခတ်၍တိုးခတ်၍ သွားသော လေသဘောတရားသည် ထင်ရှားရှိပါသည်။
ခ။ ထိုထင်ရှားရှိဆဲဖြစ်သော လေသဘောတရားသည် ဖြစ်ဆဲသဘောတရားပင် ဖြစ်ပါသည်။
အကယ်၍ ဤလေသဘောတရားသည် ဖြစ်ဆဲ အခိုက်အတန့် မဟုတ်ခဲ့ပါလျှင် (ဝါ) အသစ်အသစ် ဖြစ်ပေါ်မှု မရှိခဲ့ပါလျှင် နှာသီးဖျား၌ တိုးခတ်မှု လေသဘောတရားသည်လည်း ရှိနိုင်တော့မည် မဟုတ်တော့ပါ။ ထိုလေသဘောတရားသည် အသစ်အသစ်ဖြစ်နေခြင်းကြောင့်သာလျှင် ထင်ရှားရှိ၍ရှိ၍ နေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် လေသဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှုအဖြစ်စွန်းကို ဉာဏ်ပညာဖြင့် ထိုးထွင်း၍ ကြည့်မှသာလျှင် ကောင်းစွာ သိမြင်နိုင်ပေသည်။
ဤသို့ ထိုးထွင်း၍ သိမြင်လာသည်ရှိသော အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌၊
“ရှိဆဲလေသဘောတရားသည် ဖြစ်ဆဲ” ဟူသော သဘာဝဓမ္မ၏မူကို ကောင်းစွာ ယုံကြည်၍ လာရပေသည်။
ထိုကြောင့် ယင်း လေသဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေသော အဖြစ်သဘောကို ဉာဏ်၌ ပိုင်းခြားစွာ ထင်မြင်၍ လာနိုင်စေရန် အရှုခံဖြစ်သော လေသဘောတရားအပေါ်၌ ထင်သောသတိ တည်ကြည်သောသမာဓိ တို့ကို ဖြစ်စေလျက်။
ဤလေ -
အခုဖြစ်တဲ့လေ၊ အခုဖြစ်တဲ့လေ ဟု ပွားများအားထုတ်ပါ။
ထိုနည်းတူစွာပင်
အာရုံစူးစိုက်၍ ရှုကြည့်သော အခိုက်အတန့်၌
က။ ပြုလိုမှုစိတ်သဘောတရားသည် ထင်ရှားရှိပါသည်။
ခ။ ထိုထင်ရှားရှိဆဲစိတ်သည် ဖြစ်ဆဲစိတ်ပင် ဖြစ်ပါသည်။
အကယ်၍ ထိုစိတ်သည် ဖြစ်ဆဲအခိုက်အတန့်မဟုတ်ခဲ့ပါလျှင် (ဝါ) အသစ်အသစ် ဖြစ်ပေါ်မှုမရှိခဲ့ပါလျှင် ထိုစိတ်သည် ချုပ်ငြိမ်း၍ သွားရပေမည်။ အသစ်တဖန် ဖြစ်ပေါ်၍နေခြင်းကြောင့်သာလျှင် ထိုစိတ်သည် ထင်ရှား ရှိ၍ရှိ၍ နေရပါသည်။
ထို့ကြောင့် ပြုလိုမှုစိတ်သဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှု အဖြစ်စွန်းသည် ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ကြည့်မှသာလျှင် ထင်ထင်ရှားရှား သိမြင်နိုင်ပေသည်။
ဤသို့ အဖြစ်စွန်းကို ဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်၍ လာမှသာလျှင် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌၊ “ရှိဆဲစိတ်သဘောတရားသည်ဖြစ်ဆဲ” ဟူသော အဖြစ်စွန်းအပေါ်၌ စွဲမြဲစွာ ယုံကြည်၍ လာပေလိမ့်မည်။
ဤသို့လျှင်
၁။ ဖြစ်ဆဲဖြစ်သော သဘောတရားကို၎င်း၊
၂။ ထိုသဘောတရား၏ ဖြစ်ခြင်းအကြောင်းတရားကို၎င်း၊
ယင်းအင်္ဂါနှစ်ပါးတို့ကို ပိုင်နိုင်စွာ သိရှိနားလည်ထားရပေမည်။ သို့မှသာလျှင် သဘောတရားတို့၏ ဖြစ်ပျက်ကို ပွားများအားထုတ်ရာတွင် ယုံမှားသံသယကင်းရှင်းစွာဖြင့် ဉာဏ်က လက်ခံနိုင်ပါလိမ့်မည်။
မျက်စိအမြင် ဆိုသည်ကား ဌီခဏ ဌီခဏ ရောက်ဆဲကိုသာ မြင်ပါသည်။ ပျက်မှုအစွန်း ဖြစ်မှုအစွန်းတို့ကို မြင်ရိုးမရှိပါ။ အစွန်းနှစ်ခုတို့၏ အကြား အာကာသပရိစ္ဆေဒကိုလည်း မြင်ရိုးမဟုတ်ပေ၊ အဟောင်းအသစ် ဌီအချင်းချင်းဖြင့်သာ စပ်ဆက်၍မြင်ပါသည်။
သဘောတရားတို့၏ ဖြစ်မှု ပျက်မှုတို့ကို ဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်၍နေခြင်းသည်သာလျှင် အနိစ္စလက္ခဏာကို သိမြင်ခြင်းဖြစ်သဖြင့် ဉာဏ်တွေ့ ဉာဏ်မြင် ဖြစ်ပါသည်။
ယင်းဉာဏ်သည်ပင် အားကြီးသော ထူးသောဉာဏ်ဖြင့် သိမြင်သော ဗလဝဝိပဿနာဉာဏ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ဤဗလဝဝိပဿနာဉာဏ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်များကို ရရှိစေနိုင်ပါသည်။
ရုပ်နာမ် ခန္ဓာတို့၏ ဖြစ်မှု ပျက်မှု သဘောတို့ကို ထင်ထင်ရှားရှား သိမြင်နိုင်သော သမုတိအနိစ္စ ဆိုသည်မှာ -
ရှုဆဲခဏ၌ ထွက်လေ ဖြစ်ပြီးလျှင်၊ ရှုမှုပြီးဆုံးသောအခါ၌ ထွက်လေမရှိတော့သဖြင့် အနိစ္စ ဟူ၍၎င်း။
ရှိုက်ဆဲခဏ၌ ဝင်လေဖြစ်ပြီးလျှင်၊ ရှိုက်မှုပြီးဆုံးသောအခါ၌ ဝင်လေမရှိတော့သဖြင့် ပျက်ပြီ ဟူ၍၎င်း။
ရှုဆဲခဏ၌ ရှုမှုကိုသိသော စိတ်ဖြစ်၍၊ ရှုမှုပြီးဆုံးသောအခါ၌ ထိုသိစိတ်သည်လည်း မရှိတော့သဖြင့် အနိစ္စ ဟူ၍၎င်း။
ရှိုက်ဆဲခဏ၌ ရှိုက်မှုကိုသိသော စိတ်ဖြစ်ပေါ်၍၊ ရှိုက်မှုပြီးဆုံးသောအခါ၌ ထိုသိစိတ်သည်လည်း မရှိတော့သဖြင့် ထိုစိတ်သည် မမြဲပါတကား ဟူ၍၎င်း။
မြင်သိစိတ်သည် (ကြားသိစိတ် ဖြစ်သော အခိုက်အတန့်၌) ထိုမြင်သိစိတ်မရှိတော့သဖြင့် အနိစ္စ ဟူ၍၎င်း။
ဒုက္ခဝေဒနာဖြစ်ဆဲ၌ ဒုက္ခဝေဒနာဖြစ်သည်ကို သိ၍၊ ထိုဒုက္ခဝေဒနာ ချုပ်ငြိမ်းသောအခါ၌ ထို ဒုက္ခဝေဒနာ မရှိတော့သဖြင့် ထိုဝေဒနာသည် မမြဲဟုသိသော အသိအမြင်မျိုးသည် ထင်ထင်ရှားရှား ကိုယ်တွေ့ လက်တွေ့ သိမြင်ရသော အသိအမြင်မျိုးပင် ဖြစ်ပါသည်။
ဤအသိအမြင်မျိုးသည် ထင်ရှားလွန်းအားကြီးသောကြောင့် ဉာဏ်ပညာနှင့် ယှဉ်၍ သိနေစရာမလိုပါ။
ရုပ်နာမ် ခန္ဓာက ဖြစ်ပြ၍ ဖြစ်မှန်းသိ။ ခန္ဓာက ပျက်ပြ၍ ပျက်မှန်းသိသော လူတိုင်း လူတိုင်း ထင်လွယ် မြင်လွယ်သော အသိအမြင်မျိုးပင် ဖြစ်ပါသည်။ ၎င်းကို သမုတိအနိစ္စ ဟူ၍ခေါ်ဆိုပါသည်။
ယင်း သမုတိအနိစ္စ ကို သိမြင်သော ဉာဏ်မှ လွန်မြောက်စေ၍ ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိဆဲ ဖြစ်သော သဘောတရား၏ မမြဲသော အနိစ္စသဘောကို မမြဲသည့်အတိုင်း ဉာဏ်၌ သိကြောင်း မှတ်ကြောင်း လက္ခဏာ အားဖြင့် ထင်မြင်လာအောင် ပွားများ အားထုတ်ရပေမည်။
ပွားများအားထုတ်ရန်နည်းမှာ -
ဝင်လေ ထွက်လေ တည်းဟူသော အမှတ်သညာ ပညတ်များကို ဖယ်ရှား၍ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှား ရှိဆဲ ဖြစ်သော လေသဘောတရား အပေါ်တွင် ထိုလေဓာတ် သဘောတရား သက်သက်ကို သာလျှင် အာရုံပြု၍ ဝိပဿနာ ပွားများ အားထုတ်ရပေမည်။
စိတ်သဘောတရား အပေါ်၌လည်း မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ပြုလိုသောစိတ် တည်းဟူသော အမည်နာမ ပညတ်တို့ကို ဖယ်ရှား၍ အာရုံပြုဆဲ ဖြစ်သော ပစ္စုပ္ပန်ခဏ၌ အကြင်အကြင် စိတ်သဘောတရားသည် ထင်ရှား ရှိဆဲ ဖြစ်ပါသည်။
ထိုထင်ရှားရှိဆဲ ဖြစ်သော စိတ်ဓာတ်အပေါ်၌၊ ထိုစိတ်ဓာတ်သဘာဝသက်သက်ကို သာလျှင် အာရုံပြု၍ အနိစ္စလက္ခဏာကို ဉာဏ်၌ ထင်မြင်လာအောင် ဝိပဿနာ ရှုပွားရပေမည်။
အနိစ္စလက္ခဏာကို ထင်မြင်လာအောင် ရှုပွားရာတွင် လိုအပ်သော အဓိက အချက်ကြီး နှစ်ချက်အပေါ် မူတည်၍ အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုပါသည်။
(က) လေသဘောတရားသည်၎င်း၊ စိတ်သဘောတရားသည်၎င်း၊ အရှုခံဖြစ်သော တခုခုသော သဘောတရားသည် အာရုံပြုဆဲ ခဏ၌ ထင်ရှားရှိ၏။ ထို ထင်ရှားရှိဆဲဖြစ်သော အရှုခံသဘောတရားကို ထင်ရှားရှိသည့်အတိုင်း ပထမဦးစွာ ဉာဏ်ပညာဖြင့် သိမြင်ရပေမည်။
(ခ) ၎င်းနောက် ဒုတိယအဆင့်အနေအားဖြင့် ထိုထင်ရှားရှိဆဲသဘောတရားသည် ဖြစ်ဆဲ ဟူသော အချက်ကို ဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်ရပေမည်။
ဤနေရာ၌ ထို ထင်ရှားရှိသောသဘောတရားသည် ဖြစ်ဆဲ ဟူသော သဘာဝဓမ္မ၏ မူသေတွက်ကိန်းကို မိမိတို့၏ ဉာဏ်၌ ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ထင်မြင်လာနိုင်ကြစေရန် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ ပြဆိုခဲ့ပြီးဖြစ်သော သဘောတရားတို့၏ ဖြစ်ခြင်း အကြောင်းတရား တို့ကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားရပေမည်။
ဤသို့ သိမြင်ထားပြီးမှသာလျှင် ရှိဆဲသဘောတရားသည်ဖြစ်ဆဲ ဟူသော သဘာဝဓမ္မ၏ မူကို မိမိတို့၏ ဉာဏ်က လက်ခံပေလိမ့်မည်။
ထို့ကြောင့် အဖြစ်သဘောကို ပိုင်ပိုင်နိုင်နိုင် ထင်မြင်နိုင်ကြစေရန် အထက်၌ ပြဆိုခဲ့ပြီးသည့်အတိုင်း ပွားများအားထုတ် ရပေမည်။
ဤသို့ အဖြစ်သဘောကို ပိုင်နိုင်စွာ ထင်မြင်လာသည့်နောက်တွင် အပျက်စွန်းသည် ဉာဏ်၌ ထင်မြင်၍ လာရပေသည်။
ထို့ကြောင့်
ထင်ရှားရှိဆဲ လေဓာတ်အပေါ်၍ ဤလေဓာတ်သည် အခု ဖြစ်တဲ့လေ ဟု မှတ်ယူ ပွားများ အားထုတ်ရပေမည်။
ထိုနည်းတူစွာပင်
ထင်ရှားရှိသော စိတ်ဓာတ် အပေါ်၌ ဤစိတ်ဓာတ်သည် အခုဖြစ်တဲ့စိတ် ဟု မိမိတို့၏ ဉာဏ်၌ အဖြစ်သဘောကို ပိုင်နိုင်စွာ ထင်မြင်လာသည့်တိုက်အောင် အကြိမ်ကြိမ် အဖန်ဖန် ပွားများအားထုတ်ဖို့လိုပေသည်။
ဤသို့ ပစ္စုပ္ပန်တည့်တည့် ထင်ရှားရှိဆဲ အခိုက်အတန့်၌ ထင်ရှားရှိသော သဘာဝဓမ္မ၏ ဖြစ်မှု+ပျက်မှု တို့ကို ထင်မြင်၍ လာသည်ရှိသော် အတိတ်နှင့် အနာဂတ်ကာလတွင်ရှိသော သဘောတရားတို့ အပေါ်၌ အနုမာနအားဖြင့် မှန်းဆ၍ သိမြင်လာရပေသည်။
ဝိပဿနာရှုပွားရာတွင် ပညတ်အာရုံများ ရောယှက်နေခဲ့လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်များကို မရရှိနိုင်ပါ၊ ရုပ်ဓာတ် နာမ်ဓာတ်တို့ အပေါ်၌ အမှုံအမွှား စသည်ဖြင့် ထင်မြင်နေမှုသည်၎င်း၊ တရိပ်ရိပ်တငွေ့ငွေ့ တလှုပ်လှုပ်တရွရွ တဖွဲဖွဲ တဖွားဖွား အားဖြင့် ရုပ်ဓာတ် နာမ်ဓာတ် တို့၏ ဖြစ်ပျက်ကို ထင်မြင်နေမှုသည်၎င်း၊ ဤကဲ့သို့သော ထင်မြင်၍ နေမှုအားလုံးတို့သည် ပညတ်အာရုံများသာလျှင် ဖြစ်ကြပါသည်။
ရုပ်ဓာတ် နာမ်ဓာတ် သဘောတရားတို့သည် တရိပ်ရိပ် တငွေ့ငွေ့ တဖွဲဖွဲ တဖွားဖွား စသည်ဖြင့် ချုပ်ဆုံးကွယ်ပျောက်၍ နေခြင်းမဟုတ်ပါ။ ဖြစ်ပြီးလျှင် ချုပ်ဆုံး ကွယ်ပျောက်၍ သွားခြင်းသာ ဖြစ်ပါသည်။
အသံကို ကြားဆဲ အခိုက်အတန့်တွင် နားအကြည်ဓာတ်၌ ပေါ်လာသမျှကုန်သော စည်သံ သီချင်းသံ အစရှိသော အလုံးစုံကုန်သော အသံဓာတ်သည် ဖြစ်ပြီးလျှင် ခဏခြင်း ချုပ်ဆုံးကွယ်ပျောက်၍ သွားခြင်းပင် ဖြစ်ပါသည်။
အသံဓာတ်၏ ချုပ်ဆုံး ကွယ်ပျောက်မှု၌ ပညတ်အာရုံများ ကင်းစင်သော ဉာဏ်အမြင်ဖြင့် မြင်ဘိသကဲ့သို့ အလုံးစုံသော သဘောတရား တို့၏ ချုပ်ဆုံးကွယ်ပျောက်မှု အပေါ်၌လည်း ဉာဏ်အမြင် စင်ကြယ်စေရန် အရေးကြီးဆုံးပင် ဖြစ်ပါသည်။
ဤအချက်အလက်နှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရား၏ ဒီပနီများမှ ကောက်နှုတ်ချက်များကို ဖော်ပြပါမည်။
ဝိဇ္ဇာ မဂ္ဂဒီပနီ စာမျက်နှာ (၃၈) -
အဟောင်း ကွယ်ပျောက်မှု အသစ်ပေါ်မှု အတွက် တသသ တသိမ့်သိမ့် ထင်ရလေသည်။ ပရမတ္တဓမ္မ တို့၏ မျက်စိဖြင့် မြင်ကောင်းလောက်အောင် လှုပ်ရှားသော တရားဟူ၍ တခုမျှမရှိ၊ တသိမ့်သိမ့် တအိမ့်အိမ့် တလှုပ်လှုပ် တယှက်ယှက် ထင်သမျှ၌ ပညတ်မှု ထွေးယှက်ကို ပြဆိုသောစကားစုတည်း။
ဘာဝနာဒီပနီ စာမျက်နှာ (၃၇) -
ဘဏ္ဍာနနိမိတ်မည်သည် အဏုမြူမှုအထည် ဝတ္ထုဒြပ်သဏ္ဍာန် ထင်မြင်လာလျှင် သဏ္ဍာန်နိမိတ်ကြီးပင်တည်း။
သန္တတိနိမိတ်မည်သည်ကား = ဤဝတ္ထုသည် တမိနစ် တည်နေ၏။ တနာရီတည်နေ၏။ ဟုထင်မြင်လာလျှင် သန္တတိနိမိတ်ကြီးပင်တည်း။
ဘာဝနာဒီပနီ စာမျက်နှာ (၅၀) –
သဏ္ဍာနနိမိတ် သန္တတိနိမိတ်တို့ကို ဉာဏ်နှင့်ဖယ်ရှား၍ ခက်မာမှု ဟူသော ပထဝီကာယကြီးကို ဉာဏ်စိုက်မိအောင်စိုက်လေ။
အဟာရဒီပနီ စာမျက်နှာ (၁၅) –
ပရမတ္တဓမ္မမည်သည် ဆံခြည်ကို အစိတ်တရာစိတ်၍ တစိတ်စာမျှ လှုပ်သည်။ ကြွသည်။ ရွသည် ဟူ၍ မရှိ။
လက္ခဏဒီပနီ စာမျက်နှာ (၇၅) –
ဤမဟာဘုတ်တို့သည် အထည်ဒြပ်ဟူ၍ အဏုမြူမျှမရှိကြကုန်ဟူသောအချက်၊ အနှစ်သာရ မရှိကြကုန်၍ တခဏခြင်း ယိုယွင်း ပျက်ပြားနိုင်ကြကုန်၏ဟူသောအချက်၊ ဤအချက်များသည် နက်နဲလှ၏။ အတတ်ဒိဌမြင်ခဲလှ၏။ ဤနှစ်ချက်ကို အတတ်ဒိဌ သိမြင်နိုင်မှလည်း နက်နဲသော အနိစ္စသဘော၊ နက်နဲသော ဒုက္ခသဘော၊ နက်နဲသော အနတ္တသဘောများကို မြင်နိုင်မည်ဖြစ်ပေသည်။
ဤနှစ်ချက်ကို အတတ်ဒိဌမမြင်နိုင်ခဲ့လျှင် အတုအပအနိစ္စ အတုအပဒုက္ခ အတုအပအနတ္တနှင့် တဘဝပြီးရကုန်ပေမည်။
သို့ဖြစ်၍ ဝိပဿနာ ရှုပွားရာ၌ အောက်တွင် ဖော်ပြထားသောပညတ်များကို အာရုံမပြုမိစေရန် အရေးကြီးလှပေသည်။
(၁) ဘုရား၊ ရဟန္တာ၊ အရိယာ အရှင်သူမြတ်တို့သည် တရားဟောပြောမှု၌ လွယ်ကူစွာ နားလည် သဘောပေါက်စေရန် သဘောတရားအပေါ်၌ သဘောတရားဟူ၍ ခန္ဓာအာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် နာမ် ရုပ် ပရမတ္တ ပရမတ္တသစ္စာ ဟူ၍ စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲတော်မူကြသော ဝိဇ္ဇာမနပညတ်သည်၎င်း။
(၂) ၎င်းသဘောတရား အပေါ်၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍ ခေါ်ဝေါ်သုံးစွဲမှု အဝိဇ္ဇာမာနပညတ်သည်၎င်း။
(၃) ၎င်းသဘောတရား အပေါ်၌ ပုဂ္ဂိုလ်ဟူ၍ စွဲယူမှု ပုဂ္ဂလပညတ်သည်၎င်း။
(၄) ၎င်းသဘောတရား အပေါ်၌ အစိုင်အခဲ ထင်မှတ်မှု ဃနပညတ်သည်၎င်း။
(၅) ၎င်းသဘောတရား အပေါ်၌ အမှုံအမွှား အလုံးအဝန်း လေးဒေါင့် ရှစ်မြှောင့်ဟု မှတ်ထင်မှု သဏ္ဍာနပညတ် သည်၎င်း။
(၆) ၎င်းသဘောတရားအပေါ်၌ အပေါင်းအစုဟု ထင်မြင်မှု အစုအဝေးဟု ထင်မြင်မှု သမူဟပညတ်သည်၎င်း။
(၇) ၎င်းသဘောတရား အပေါ်၌ ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ ဟူ၍ အမည်နာမတပ်၍ ခေါ်ဝေါ်မှု၊ နာမပညတ်သည်၎င်း။ ဝေါဟာရပညတ်သည်၎င်း။
(၈) ၎င်းသဘောတရား အပေါ်၌ တစ်ပါးနှစ်ပါး စသည်ဖြင့် ရေတွက်မှု အရေအတွက် သင်္ချာပညတ်သည်၎င်း။
(၉) ၎င်းသဘောတရားသည် တမိနစ်တည်နေ၏။ တနာရီတည်နေ၏။ ဟုထင်မှတ်မှု သန္တတိပညတ်သည်၎င်း။
(၁၀) ၎င်းသဘောတရားကိုပင်လျှင် အသက်လိပ်ပြာ ဇီဝ ဟု မှတ်ထင်မှု ဇီဝပညတ်သည်၎င်း။
အထက်ပါ အားလုံးတို့သည် ပညတ်များသာလျှင် ဖြစ်ကြပါသည်။ ၎င်း ပညတ်များမှ ကင်းစင်စေရန် အားထုတ်နည်းမှာ -
(၁) အတိတ်ကာလ၌ ဖြစ်ပြီးခဲ့သော (လေ) သဘောတရားသည် အတိတ်ကာလ၌ပင်လျှင် ဖြစ်ပြီး ပျက်ခဲ့၏။
အတိတ်ကာလ၌ ဖြစ်ခဲ့ပြီး ဖြစ်သော (စိတ်) သဘောတရားသည် အတိတ်ကာလ၌ပင်လျှင် ဖြစ်ပြီး ပျက်ခဲ့ပြီ။
(၂) အနာဂါတ်ကာလ၌ ဖြစ်လတ္တံ့သော (လေ) သဘောတရားသည် အနာဂါတ်ကာလ၌ပင်လျှင် ဖြစ်လတ္တံ့ ပျက်လတ္တံ့။
အနာဂါတ်ကာလ၌ ဖြစ်လတ္တံ့သော (စိတ်) သဘောတရားသည် အနာဂါတ်ကာလ၌ပင်လျှင် ဖြစ်လတ္တံ့ ပျက်လတ္တံ့။
(၃) ပစ္စုပ္ပန်ဖြစ်ဆဲ (လေ) သဘောတရားသည် အခုဖြစ်၍ အခုပျက်၏။
ပစ္စုပ္ပန်ဖြစ်ဆဲ (စိတ်) သဘောတရားသည် အခုဖြစ်၍ အခုပျက်၏။ ဟူ၍ ဆင်ခြင်ပါ။
ဤသို့ သဘောတရားတို့၏ ဖြစ်မှု ပျက်မှုတို့ကို အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်သုံးသပ်သော ဉာဏ်သည် သမ္မသနဉာဏ်မည်ပါသည်။
ယင်းဉာဏ်သည်ပင်လျှင် မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်း မဂ္ဂါ မဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိမည်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ်ပါသည်။
ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၄)
ဖြစ်မှု ပျက်မှုကို ထင်သောဉာဏ်ဆိုသည်မှာ ဥဒယဗ္ဗယဉာဏ်ကိုခေါ်ပါသည်။ ဥဒယဗ္ဗယဉာဏ်စခန်းတွင် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိဆဲ ဖြစ်သော သဘောတရားကိုသာလျှင် ဝိပဿနာ ရှုပွားရပါတယ်။ ဤသို့ရှုပွားရာတွင် အရှုခံဖြစ်သော လေသဘောတရား (သို့မဟုတ်) စိတ်သဘောတရား တပါးပါးကိုသာလျှင် ဝိပဿနာရှုမည်ဖြစ်ပါသည်။
အရှုခံဖြစ်သော သဘောတရားကို လွှတ်၍ (ဝါ) ထိုသဘောတရားတို့ကို ဉာဏ်၌ မထင်မမြင်နိုင်ပါဘဲလျက်၊ ဖြစ်ပျက် ဖြစ်ပျက် ဟု ရှုနေ၍မရပါ။
အရှုခံဖြစ်သော စိတ်ကို အစဉ်မပြတ် အောက်မေ့မှု သတိ တည်ကြည်သော သမာဓိတို့ဖြင့် ပြည့်စုံသော ဝိပဿနာစိတ်ဖြင့် မမြဲ ဆင်းရဲ အစိုးမရသော သဘောလက္ခဏာများကို အကြိမ်ကြိမ် အဖန်ဖန်အားဖြင့် ကောင်းစွာ ပွားများအားထုတ်အပ်ပါသည်။
အရှုခံဖြစ်သော သဘောတရားအပေါ်၌ ဖြစ်မှု ပျက်မှုကို ဆင်ခြင်ရာတွင် -
(၁) ထိုသဘောတရား၏ ဖြစ်ခြင်း အကြောင်းတရားကို သိရပါမည်။
(၂) ထိုသဘောတရား၏ ဖြစ်တာကို သိရမည်။
(၃) ထိုသဘောတရား၏ ပျက်တာကို သိရမည် ဖြစ်ပါသည်။
ဖြစ်ခြင်းအကြောင်းတရားတို့ကို မသိမမြင်ခဲ့ပါလျှင် ဉာဏ်၌ ယုံမှားကင်းရှင်းစွာဖြင့် အသစ်အသစ် ဖြစ်ပေါ်မှုကို စွဲမြဲစွာ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ။
အသစ်အသစ် ဖြစ်ပေါ်မှုကို မထင် မမြင်နိုင်ခဲ့ပါလျှင် ထိုသဘောတရား၏ ချုပ်ဆုံး ကွယ်ပျောက်မှုကိုလည်း မထင်မမြင်နိုင်တော့ပါ။
အကြောင်းတရား၏ အသစ်အသစ် ထောက်ပံ့မှုကြောင့် အကျိုးတရား အသစ်အသစ် ဖြစ်ပေါ်နေခြင်းကို ဉာဏ်ဖြင့် မသိ မမြင်နိုင်ပါဘဲလျက် ဖြစ်ပျက် ဖြစ်ပျက် ဟု ရှုနေခြင်းသည် စိတ်ပညာသဘောတရားအရ မိမိ၏စိတ်ကို မိမိကိုယ်တိုင် ပြန်၍ ညှို့နေခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာမူ ပညာဉာဏ်နှင့် ကင်းခြင်းကြောင့်ပင် ဖြစ်ပါသည်။
ရုပ်ဓာတ် နာမ်ဓာတ် သဘောတရားတို့သည် ယောဂီပုဂ္ဂိုလ်က ဖြစ်ပျက် ဖြစ်ပျက် ဟူ၍ ရှုပွားနေဆဲ အခိုက်အတန့်၌သာလျှင် ဖြစ်ပြီးလျှင် ပျက်၍ ပျက်၍ နေသော သဘောတရားများ မဟုတ်ကြပါ၊ အစဉ်မပြတ် စီးဆင်းနေသော မြစ်ရေအယဉ် ဥပမာကဲ့သို့ ထိုသဘောတရားတို့သည် အကြောင်းတရားတို့၏ အစဉ်မပြတ် ထောက်ပံ့မှုကြောင့် အသစ်အသစ် ဖြစ်ပေါ်၍ နေကြရပါသည်။
ထို ဖြစ်တိုင်း ဖြစ်တိုင်းသော သဘောတရားတို့သည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ချုပ်ဆုံးကွယ်ပျောက်၍ နေကြကုန်သော သဘာဝဓမ္မတို့ပင် ဖြစ်ပါသည်။
အစဉ်မပြတ် ဖြစ်ပျက်နေသော ထိုသဘာဝဓမ္မတို့ အပေါ်၌ သတိ သမာဓိ တို့ကို ဖြစ်စေလျက် ထိုသဘောတရား၏ ဖြစ်မှု ပျက်မှု တို့ကို ဖြစ်တိုင်း ဖြစ်တိုင်း ဉာဏ်၌ သိ၍ သိ၍ နေမှသာလျှင် ဝိပဿနာဉာဏ် ဖြစ်ပေါ်နိုင်ပါသည်။
ထိုသဘောတရားတို့ကို မထင်မြင်နိုင်ပါဘဲလျက် ဖြစ်ပျက် ဖြစ်ပျက် ဟူ၍ ပါးစပ်ကသော်၎င်း၊ စိတ်ထဲမှသော်၎င်း ရွတ်ဆိုနေခြင်းအားဖြင့် ရသင့် ရထိုက်သော အကျိုးကျေးဇူးများကို မရနိုင်ပါ။
နှာသီးဖျား၌ တိုးခတ်မှု လေသဘောတရားသည် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိ၏။ ထို ရှိဆဲ လေသဘောတရားသည် ဖြစ်ဆဲ ပင်တည်း။
ဖြစ်ဆဲဖြစ်သော ထိုလေသဘောတရားသည် ထိုခဏ၌ ထောက်ပံ့ဆဲဖြစ်သော ပြုလိုမှု စိတ်သဘောတရား ကြောင့်သာလျှင် အသစ် အသစ် ဖြစ်နေ၏။
ထောက်ပံ့ဆဲဖြစ်သေ ပြုလိုမှု စိတ်သဘောတရား၏ အသစ်တဖန် ဖြစ်ပေါ်ခြင်း မရှိခဲ့ပါလျှင် ထို တိုးခတ်မှု လေသဘောတရားသည်လည်း မရှိနိုင်တော့ပါ။
စိတ်သဘောတရားသည် အသစ်အသစ် ထောက်ပံ့၍ ထောက်ပံ့၍ နေ့တိုင်း နေ့တိုင်းသော ခဏတို့၌ လေသဘောတရားသည်လည်း အသစ်အသစ် ဖြစ်ပေါ်၍ နေရပါသည်။ ထိုအသစ်အသစ် ဖြစ်တိုင်း ဖြစ်တိုင်းသော လေသဘောတရားသည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ကွယ်ပျောက်၍ ကွယ်ပျောက်၍ နေ၏။
ထို့အတူ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ရှုလို ရှိုက်လိုသော (သို့မဟုတ်) ဤအမှုကို ဤလို ပြုလိုသော ပြုလိုမှု စိတ်သဘာဝသည် ထင်ရှားရှိ၏။ ထိုထင်ရှားရှိဆဲ စိတ်သဘောတရားသည်ဖြစ်ဆဲပင်တည်း။
ထိုဖြစ်ဆဲဖြစ်သော စိတ်သဘောတရားသည် ကံကြောင့်သာလျှင် အသစ်အသစ် ဖြစ်နေ၏။ ကံ၏ ထောက်ပံ့မှုကို အသစ်တဖန် မရရှိခဲ့ပါလျှင် ထိုစိတ်သဘာဝသည် ချုပ်ငြိမ်း၍ သွားရပေမည်။
သို့ဖြစ်၍ ပြုလိုမှုစိတ်သဘောတရား၏ အသစ်အသစ်ဖြစ်၍ ဖြစ်၍ နေရခြင်းသည် ကံတည်းဟူသော အကြောင်းတရား ထောက်ပံ့မှုကြောင့်သာလျှင်ဖြစ်ပါသည်။
ထို အသစ်အသစ် ဖြစ်တိုင်း ဖြစ်တိုင်းသော ပြုလိုမှု စိတ်သဘောတရား တို့သည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ချုပ်ပျက်လေသည်။
သို့ဖြစ်၍ ဤ ဥဒယဗ္ဗယဉာဏ်ကို ထင်မြင်လာစေရန် ပွားများအားထုတ်ရမည့်နည်းမှာ အရှုခံတရားများ ဖြစ်ကြကုန်သော -
(၁) လေသဘောတရား အပေါ်၌၎င်း၊
(၂) ပြုလိုမှု စိတ်သဘောတရား အပေါ်၌၎င်း၊
ဝိပဿနာအာရုံယူ၍ ရှုပွားရာတွင် လွယ်ကူမည်ဟု ထင်ရသော သဘောတရား တစ်ခုခုကို အာရုံပြု၍ ထို အရှုခံ သဘောတရား အပေါ်၌၎င်း သဘောတရားကို အစဉ်မပြတ်ထင်သော သတိ၊ ၎င်းသဘောတရား အပေါ်၌ စိတ်ကို တည်ငြိမ်စွာ ထားနိုင်မှု သမာဓိ တို့ကို ဖြစ်စေလျက် -
ထိုသဘောတရား၏ အစဉ်မပြတ် ဖြစ်ပျက်နေသော သဘာဝကို ဉာဏ်ပညာဖြင့် ထိုးထွင်း၍ သိမြင်လာစေရန် -
ဤလေ အခုဖြစ်တဲ့လေ၊ အခုဖြစ်တဲ့လေ၊ ဤစိတ် အခုဖြစ်တဲ့စိတ်၊ အခုဖြစ်တဲ့စိတ် ဟု အသစ်အသစ် ဖြစ်နေသော သဘောတရား၏ ဖြစ်တိုင်း ဖြစ်တိုင်းသော အဖြစ်စွန်းကို ဉာဏ်၌ ထင်မြင်လာအောင် ပွားများအားထုတ်ရပါသည်။
ဤသို့ ပစ္စုပ္ပန်ဖြစ်ဆဲ သဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှုကို အားထုတ်ဖန်များလတ်သော် ဉာဏ်အား ပြည့်ပြီ ဖြစ်သည့်အလျောက် အပျက်စွန်းကို အာရုံပြုလာခြင်းအားဖြင့် ဖြစ်မှုပျက်မှုကို ဉာဏ်၌ ထင်မြင်၍ လာပါသည်။
ထိုခဏ၌ ၎င်းသဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှုကို ဉာဏ်ဖြင့် ထင်ရှားစွာ တွေ့ထိ သိမြင် ရသကဲ့သို့ပင်၊ ၎င်း သဘောတရား၏ ပျက်၍ ပျက်၍ သွားမှုကိုလည်း သတိသမ္ပဇဉ် ဉာဏ်ပညာဖြင့် ထိုးထွင်း၍ ရှုကြည့်ခြင်းအားဖြင့် ထင်ရှားစွာ တွေ့ထိ သိမြင်နိုင်ပေသည်။
သို့ဖြစ်၍ ဤလေ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဤစိတ် ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက် ဟု ပွားများအားထုတ်ပါ။
ဤသို့ သဘောတရား၏ ဖြစ်ပျက်ကို ပွားများ အားထုတ်ရာတွင် အပျက်စွန်းကို မထင်မမြင် နိုင်သေးသည်ရှိသော် သဘောတရား၏ ဖြစ်ခြင်းအကြောင်းတရားကို ပြန်၍ ဆင်ခြင်ရပါသည်။
ဤသို့ ဆင်ခြင်ခြင်းအားဖြင့် အကြောင်းတရား ထောက်ပံ့မှုကြောင့် အသစ်အသစ် ဖြစ်ပေါ်နေမှုကို ဉာဏ်၌ ထင်မြင်၍ လာပေလိမ့်မည်။
အသစ်အသစ်ပေါ်နေမှုကို ထင်မြင်၍လာသည်ရှိသော ထို ဖြစ်တိုင်း ဖြစ်တိုင်းသော သဘောတရား၏ ပျက်၍ ပျက်၍ နေမှုကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်လာပါလိမ့်မည်။
ဤကဲ့သို့ သဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့၏ ပျက်မှု ပျက်မှုကို ဉာဏ်၌ သိကြောင်း မှတ်ကြောင်း လက္ခဏာအားဖြင့် သိမြင်ရှုပွား၍နေခြင်းသည် အနိစ္စလက္ခဏာကို ပွားများသည်မည်ပါသည်။
၎င်းသဘောတရားတို့၏ အဖြစ်စွန်+အပျက်စွန်းကို ကောင်းစွာ ထင်မြင်လာသော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်ပါသည်။
၎င်း ဥဒယဗ္ဗယဉာဏ်စခန်း၌ ဝိပဿနာ အန္တရယ်ဆယ်ပါးတွင် တပါးပါးသည် အားထုတ်၍နေသော ယောဂီပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်လာတတ်ပါသည်။
ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (မြန်မာပြန်) တတိယတွဲ၌ လာရှိသော ဆယ်ပါးသော ဝိပဿနာ အန္တရာယ်တို့မှာ -
(၁) ဩဘာသ ဟူသည်ကား ဝိပဿနာစိတ်ကြောင့်ဖြစ်သော မိမိသန္တာန်၌ကျသော စိတ္တသမုဋ္ဌာန်ဖြစ်သော ပြိုးပြိုးပျက်ပျက်ထွက်သော အရောင်တည်း။
(၂) ဉာဏ်ဟူသည်ကား၊ ဝိပဿနာဉာဏ်တည်း။
(၃) ပီတိ ဟူသည်ကား၊ ဝိပဿနာစိတ်နှင့် ယှဉ်သော ပီတိတည်း။
(၄) ပဿဒ္ဓိဟူသည်ကား၊ ထိုယောဂီ၏ ကိုယ်စိတ်တို့သည် ငြိမ်းကုန်၏၊ ပေါ့ကုန်၏၊ နူးညံ့ကုန်၏၊ အမှု၌ ခန့်ကုန်၏၊ အလွန် သန့်ရှင်းစင်ကြယ်ကုန်၏။
လူတို့ ခံစားခြင်းငှာ လျောက်ပတ်သော ကာမသုခရတိကို လွန်သည်ဖြစ်၍ အမာနုသီမည်သော မွေ့လျော်ခြင်းကို ခံစားရ၏။
(၅) သုခ ဟူသည်ကား၊ ဝိပဿနာစိတ်နှင့်ယှဉ်သော စေတသိက သုခတည်း။
(၆) အဒိမောက္ခဟူသည်ကား၊ အလွန်သန့်ရှင်းကြည်လင်သော သဒ္ဓါတရားတည်း။
(၇) ပဂ္ဂဟ ဟူသည်ကား၊ ဝီရိယတည်း။
(၈) ဥပဌာန ဟူသည်ကား၊ သတိတည်း။
(၉) ဥပက္ခောဟူသည်ကား၊ သင်္ခါရတို့ကို စီစစ်ခြင်း၌ လျစ်လျူရှုသည်၏ အဖြစ်ဖြင့် တည်သော ဝိပဿနုပေက္ခာ သည်၎င်း၊ မနောဒွါရဝဇ္ဇာန်းနှင့် သမ္ပယုတ်ဖြစ်သော စေတနာဟူသော အာဝဇ္ဇနုပေက္ခာသည်၎င်းတည်း။
(၁၀) နိကန္တိဟူသည်ကား၊ ဝိပဿနာ၌ရှိသော ငဲ့ကွက် တပ်မက်သော နိကန္တိတည်း။
၎င်းဝိပဿနာအန္တရာယ်ဆယ်ပါးတို့တွင် ဩဘာသ (သို့မဟုတ်) ဉာဏ် အစရှိကုန်သော သဘောတရားတို့သည် ပွားများ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်တို့၏ စိတ်သန္တာန်၌ ဖြစ်ပေါ်လတ်သော ထိုပုဂ္ဂိုလ်သည် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သော ထူးသော သဘောတရားတို့သည် မဖြစ်စဘူး လေစွတကား ဟု အောက်မေ့၍ မိမိကိုယ်၌ အထင်ကြီး မိတတ်ပေသည်။ ဤမျှထူးကဲသော သဘောတရား တို့ကိုလည်း ငါရရှိပေပြီ ဟု တဏှာ မာန ဒိဌိအားဖြင့် စွဲလမ်းတတ်ပေသေးသည်။ ဤသို့ စွဲလမ်းမှု ဖြစ်ပေါ်လာသည်ရှိသော် တရားအားထုတ်မှု ဘာဝနာ ကံ၌ ပေါ့လျော့၍ သွားတတ်ပေသည်။
သို့ဖြစ်၍ ဤ ဉာဏ် စသည်တို့သည် ဝိပဿနာ အာရုံ ဟူသော သင်္ခါရကို အာရုံပြုလျက် ရှိသောကြောင့် မဂ်ဖိုလ်မဟုတ်သေး။ မဂ်ဖိုလ်သည်ကား နိဗ္ဗာန်ကို အာရုံပြုသည်။ ထိုမဂ်ဖိုလ်သို့ ရောက်၍ နိဗ္ဗာန်ကိုရရန် သဘောတရား၏ ဖြစ်မှု ပျက်မှုကို ရှုမြင်သော ဥဒယဗ္ဗယဉာဏ်သည်သာလျှင် နိဗ္ဗာန်ခရီးဖြစ်၏ဟု သိမြင် ယုံကြည်ပြီးလျှင် ထိုဉာဏ် စသည်တို့ကို ထိုဝိပဿနာ ရှုရပေမည်။
ဤသို့ဖြစ်ပေါ်လာသော ထို ဉာဏ် အစရှိကုန်သော သဘောတရားတို့သည် အကြောင်းတရားကို စွဲ၍ ဖြစ်၏၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတည်း ဟူသော အကြောင်းတရား ငါးပါးတို့၏ ညီညွတ်စွာ ထောက်ပံ့နေမှုကြောင့်သာလျှင် ထိုသဘောတရားသည် အသစ်အသစ် ဖြစ်ပေါ်ရ၏။ ဖြစ်ပြီးလျှင်လည်း ခဏခြင်း ခဏခြင်း ချုပ်ပျက်ရလေတော့၏။
ထိုသဘောတရားတို့သည် ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ်မဟုတ်၊ အကြောင်းတရားကို စွဲ၍ ဖြစ်ပေါ်လာသော အကျိုးတရားမျှပါတကား၊ မမြဲသော သဘောတရားမျှပါတကားဟု ဆင်ခြင်ခြင်းအားဖြင့် ပယ်ရပေမည်။
တနည်းအားဖြင့် -
ဖြစ်ပေါ်လာသော ဝိပဿနာအန္တရာယ် သဘောတရားအပေါ်၌ ပုံပမာ လျစ်လျူရှုမှု ဥပေက္ခာ အပေါ်၌ ယင်း ဥပက္ခော သဘောတရားသည် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တည်းဟူသော အကြောင်းတရားတို့၏ အသစ် အသစ် ထောက်ပံ့မှုကြောင့်သာလျှင်ဖြစ်၏။
ထိုအကြောင်းတရားတို့၏ အသစ်အသစ် ထောက်ပံ့တိုင်း ထောက်ပံ့တိုင်းသော ခဏတို့၌ အကျိုးတရားဖြစ်သော ဤ ဥပေက္ခာ သဘောတရားသည် အသစ်အသစ် ဖြစ်ပေါ်နေ၏ဟု အကြောင်းတရားနှင့် အကျိုးတရားတို့ကို ရှေးဦးစွာ သိမြင်လာအောင် ဆင်ခြင်ရပေမည်။
ဤသို့ သိမြင်ပြီးလျှင် ထို အသစ်အသစ် ဖြစ်ပေါ်နေသော ဥပေက္ခာ သဘောတရား အပေါ်၌ သတိ၊ သမာဓိတို့ဖြင့် စူးစိုက်၍ ၎င်း သဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်မှု=ဥပါဒ်စွန်းကို ဉာဏ်၌ ထင်မြင်လာသည့်တိုင်အောင် ပွားများ အားထုတ်ရပါမည်။ အဖြစ်စွန်းကို ကောင်းစွာ ထင်မြင်လာသောအခါ၌ ဖြစ်ပြီးလျှင် ခဏခြင်းခဏခြင်း ပျက်၍ပျက်၍ သွားသော အပျက်=ဘင်စွန်းကို ထင်ရှားစွာ သိမြင်လာပါလိမ့်မည်။
ဤကဲ့သို့ ပွားများ အားထုတ်ခြင်းအားဖြင့် ဉာဏ်၌ ထင်ရှားစွာ အဖြစ်စွန်း၊ အပျက်စွန်းကို သိမြင်၍နေလျှင် ၎င်း ဥပေက္ခာ သဘောတရား အပေါ်၌ တဏှာ၊ မာန၊ ဒိဌိအားဖြင့် စွဲလမ်းမှုသည် ကင်းပြတ်၍နေပေလိမ့်မည်။
ဤကဲ့သို့ ထို သဘောတရား အပေါ်၌ သာယာမှု၊ နှစ်သက်မှု၊ စွဲလမ်းမှု ဥပါဒါန်တို့မှ ကင်းပြတ်၍ နေခြင်းသည်ပင်လျှင် ဝိပဿနာအန္တရာယ်ကို ပယ်သည်မည်ပါသည်။
ဖော်ပြခဲ့ပြီးသော သမ္မသနဉာဏ်သည်၎င်း၊ ဤဥဒယဗ္ဗယဉာဏ်သည်၎င်း၊ ယင်းဉာဏ် နှစ်ပါးသည် ပရိညာသုံးပါးတွင် ဒုတိယဖြစ်သော တီရဏပရိညာမည်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ် ပါသည်။
ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၅)
ဥဒယဗ္ဗယဉာဏ်စခန်းမှစ၍ ဖြစ်သော ဝိပဿနာ ဉာဏ်စဉ်တို့သည် ဉာဏ်စခန်းတစ်ခုတွင် ဝိပဿနာဉာဏ်၏ ထင်မြင်မှု ပိုင်နိုင်မှု အင်အားသည် မပြည့်ဝသေးသည်ရှိသော် တခြားတပါးဖြစ်သော အထက်ဉာဏ်သို့ ကူးပြောင်း၍ သွားရမြဲဓမ္မတာ မဟုတ်ပါ။
ဥဒယဗ္ဗယဉာဏ်ကို မပိုင်သေးသော ပုဂ္ဂိုလ်သည် ဘင်္ဂဉာဏ် ဘယဉာဏ်တို့ကို ရှုပွား၍ မရပါ၊ အကယ်၍ ရှုပွားနေခဲ့ပါလျှင် ထိုပုဂ္ဂိုလ်သည် မိမိ၏စိတ်ကို မိမိကိုယ်တိုင် ပြန်၍ ညို့နေခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ မဖြစ်စေရန် သတိထားအပ်လှပါသည်။
ဥဒယဗ္ဗယဉာဏ်တွင် ဉာဏ်အမြင် စင်ကြယ်ပြီးသော လမ်းမှန်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်အား လေ့လာပွားများ အားထုတ်သည်နှင့်အမျှပင် အထက်ဉာဏ်စဉ်တို့သည် အစဉ်အတိုင်း သဘာဝဓမ္မနှင့်လျော်ညီစွာ ဖြစ်ပေါ်၍ လာရပါသည်။
ဘက်ထရီအိုးကို လျှပ်စစ်ဓာတ်အားဖြည့်တင်းနေစဉ် လျှပ်စစ်ဓာတ်အားဝင်၍ အားပြည့်လာသည်နှင့်အမျှပင် ဒိုင်ခွက်တွင်ရှိသော လက်တန်သည် ဂဏန်းကွက် တစ်ခုမှတစ်ခုသို့ ကူးပြောင်း၍ လာရသကဲ့သို့ပင် သဘောတရား၏ ဖြစ်မှု ပျက်မှုကို ကောင်းစွာ လေ့လာပွားများ အားထုတ်ခြင်းအားဖြင့် ဥဒယဗ္ဗယဉာဏ်ကို ပိုင်ပြီးသောပုဂ္ဂိုလ်သည် ထိုသဘောတရား၏ အဖြစ်စွန်းကိုလွှတ်၍ အပျက်စွန်း သက်သက်ကိုသာလျှင် ဉာဏ်၌ ထင်မြင်၍ လာရပါသည်။
အစဉ်မပြတ် ပျက်၍ပျက်၍ နေသော သဘောတရား၏ ပျက်နေမှုတို့ကိုလည်း ပျက်တိုင်း ပျက်တိုင်းသော ခဏတို့၌ ဉာဏ်ဖြင့် သိ၍သိ၍ နေပေလိမ့်မည်။
ပျက်တိုင် ပျက်တိုင်း ဉာဏ်ဖြင့် သိ၍သိ၍နေခြင်း ဆိုသည်မှာ ရုပ် နာမ် သင်္ခါရတရား တို့၏ ဖြစ်မှု ပျက်မှုသည် အလွန် လျှင်မြန်လှပါသည်။ ထိုလျှင်မြန်စွာ ဖြစ်ပျက်နေသော ရုပ် နာမ် တို့၏ ဖြစ်မှု ပျက်မှုတို့ကို ဖြစ်တိုင်း ပျက်တိုင်း ဉာဏ်ဖြင့် မှီအောင် လိုက်၍ မသိမမြင်နိုင်ပါ။
အားထုတ်စပုဂ္ဂိုလ်တိုက်၏ အဖို့မှာမူ ပညတ်အာရုံဖြင့် တင်စား၍ ပြောဆိုရမည်ဆိုလျှင် ရှုစ မှ ရှုဆုံး အထိ ၎င်းအချိန်ကာလအတွင်း၌ ပျက်၍ ပျက်၍ သွားနေမှုတို့ကို အနည်းဆုံး သုံးကြိမ်လောက် ထင်မြင်လာအောင် အားထုတ်ရန် လိုအပ်ပါသည်။
ဉာဏ်အမြင် ရင့်သန်လာလျှင် ရင့်သန်လာသည်နှင့် အမျှပင် ပညတ်အာရုံများ ကင်းစင်လွင့်ပျောက်၍ ဖြစ်မှု ပျက်မှု တို့ကို အနုစိတ်ပြီး ထင်မြင်လာပါလိမ့်မည်။
သို့ဖြစ်၍ ဤဘင်္ဂဉာဏ်ကို ထင်မြင်လာအောင် အားထုတ်ရမည့်နည်းမှာ -
ပစ္စုပ္ပန် ခဏ၌ ဖြစ်ဆဲ ဖြစ်သော လေသဘောတရား (သို့မဟုတ်) ပြုလိုမှု စိတ်သဘောတရား အပေါ်၌ အစဉ်မပြတ် ထင်သော သတိ၊ စိတ်၏တည်ငြိမ်မှု သမာဓိ တို့ကို ဖြစ်စေလျက် -
ထိုသဘောတရားတို့ကို -
ဤလေသဘော ပျက်ပြီ၊ ပျက်ပြီ၊ ပျက်ပြီ။
ဤစိတ်သဘော ပျက်ပြီ၊ ပျက်ပြီ၊ ပျက်ပြီ ဟု ပွားများအားထုတ်ပါ။
သဘောတရား၏ အစဉ်မပြတ် ပျက်၍ ပျက်၍ နေသည်ကို ဉာဏ်ဖြင့် မထင်မမြင်နိုင်ပါဘဲလျက် စိတ်ထဲမှသော်၎င်း၊ ပါးစပ်မှသော်၎င်း၊ ပျက်ပြီ ပျက်ပြီ ဟု ရွတ်ဆိုနေခြင်းအားဖြင့် ဝိပဿနာဉာဏ်အဖြစ်ပေါ်နိုင်ပါ။
ဤကဲ့သို ဘင်္ဂါနုပဿနာကို ပွားများအားထုတ်နေဆဲ အခိုက်အတန့်တွင် အရှုခံဖြစ်သော သဘောတရား အပေါ်၌ အပျက် ဘင်္ဂစွန်းကိုသာလျှင် သိ၍သိ၍ နေသော ဉာဏ်သည် ထင်ရှားရှိပါသည်။ ထိုဉာဏ်သည် မောဟ ကင်းစင်သော အမောဟ တရားပင်ဖြစ်ပါသည်။
၎င်းအမောဟတရားကိုလည်း ဝိပဿနာရှုပွားရပေမည်။ သတိ သမာဓိ တို့သည် ကောင်းစွာ ဖြစ်ပေါ်နေသော အခိုက်အတန့်တွင် ထို အမောဟ တည်းဟူသော ဝိပဿနာဉာဏ်၏ ပျက်၍ ပျက်၍ နေမှု တို့ကို ရှုပွားနေခြင်းအားဖြင့် ထိုဉာဏ်၏ အပျက်သဘောသည် ထင်မြင်၍ လာပေလိမ့်မည်။
သို့မှသာလျှင် -
သဗ္ဗေ သင်္ခါရာ အနိစ္စာ။
သဗ္ဗေ၊ အလုံးစုံသော၊ သင်္ခါရာ၊ အကြောင်းတရား တို့၏ ပြုပြင်စီရင်မှုကြောင့်ဖြစ်သော သင်္ခါရတရားတို့သည်၊ အနိစ္စာ၊ မြဲခြင်းသဘောမရှိကုန် ဟူသော ပါဠိတော်နှင့် ကိုက်ညီပေမည်။
ဝိပဿနာဉာဏ်ဖြစ်သော ထို အမောဟ သဘောတရား ၏ ဖြစ်မှု ပျက်မှုကို ထပ်လောင်း၍ ဝိပဿနာဉာဏ်ဖြင့် မရှုပွားမိခြင်းကြောင့်ပင် ထိုပုဂ္ဂိုလ်၏ဉာဏ်၌၊ ၎င်း အမောဟ သဘောတရား ၏ ဖြစ်မှု ပျက်မှုကို မမြင်နိုင်ဘဲရှိ၍ နေတတ်ပါသည်။
၎င်း အမောဟတည်း ဟူသော သဘောတရားကိုပင် ထပ်လောင်း၍ ဝိပဿနာရှုရန် မလိုဟူ၍လည်း ထင်မြင်တတ်ပါသည်။
ဤကဲ့သို့မဖြစ်စေရန် -
(၁) အရှုခံဖြစ်သော ရုပ်ဓာတ် (သို့မဟုတ်) နာမ်ဓာတ် သဘောတရား ကို၎င်း၊
(၂) ၎င်း အရှုခံသဘောတရားအပေါ်၌ ဖြစ်မှု ပျက်မှုကို ထိုးထွင်း၍ သိမြင်နေသော မေဟကင်းစင်သည့် အမောဟ ဖြစ်သော ဝိပဿနာဉာဏ်ကို၎င်း။
ထိုသဘောတရား နှစ်ပါးတို့၏ မမြဲသောသဘောကို ဉာဏ်၌ ကောင်းစွာ ထင်မြင်လာစေရန် အကြိမ်ကြိမ် အဖန်ဖန် ပွားများ အားထုတ်ရပေမည်။
ထို့ကြောင့် မြန်မာဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ -
(၁) ရုပ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပြီး၍ ပျက်၏။
ဟူသည်ကား ရုပ်လျှင် အာရုံရှိသောစိတ်သည် ဖြစ်ပြီး၍ ပျက်၏။ တနည်းကား ရုပ်လျှင် အာရုံရှိသည်၏ အဖြစ်၌ (ဝါ) အဖြစ်ကြောင့် စိတ်သည်ဖြစ်ပြီး၍ ပျက်၏ ဟုဆိုလိုပါသည်။
ထိုအာရုံကို ဆင်ခြင်၍ ဟူသည်ကား ထိုရုပ်ဟူသော အာရုံကိုသိ၍ ကုန်ခြင်းအားဖြင့် ပျက်ခြင်းအားဖြင့် မြင်၏ဟု ဆိုလိုပါသည်။
(၂) ထိုစိတ်၏ ဘင်ကို အဖန်တလဲလဲ ရှု၏ ဟူသည်ကား အကြင်စိတ်ဖြင့် ထိုရုပ်ဟူသော အာရုံကို ကုန်ခြင်းအားဖြင့် ပျက်ခြင်းအားဖြင့် ရှုအပ်၏။
ထိုရုပ်ဟူသော အာရုံကို ခယ+ဝယ အားဖြင့် ရှုသော စိတ်၏ ဘင်ကို အခြားတပါးသော ဝိပဿနာစိတ်ဖြင့် အဖန်တလဲလဲရှု၏ဟု ဆိုလိုပါသည်။
ထို့ကြောင့် ရှေးဆရားတို့သည် -
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။
(၁) အနုပဿနာ ဉာဏ်ဖြင့် သိအပ်သော ရုပ်ဝေဒနာ စသော အာရုံကို၎င်း
(၂) ရုပ်ဝေဒနာ စသော အာရုံကို အဖန်တလဲလဲရှုသော အနုပဿနာဉာဏ်ကို၎င်း။
ဉာတ နှင့် ဉာဏ နှစ်ဝကိုလည်း ခယဝယ အားဖြင့် အဖန်တလဲလဲရှု၏ ဟူ၍ ဆိုကြပါသည်။
ဤကဲ့သို့ အရှုခံဖြစ်သော ဉာတ သဘောတရားနှင့်၊ ၎င်းဉာတသဘောတရားအပေါ်၌ ဝိပဿနာရှုပွား၍ နေခြင်းကြောင့် ဖြစ်ပေါ်လာသော ဝိပဿနာ ဉာဏ်တည်းဟူသော ဉာဏ သဘောတရားတို့အပေါ်၌ ထိုသဘောတရား နှစ်ပါးတို့၏ မမြဲသော သဘောကို ဉာဏ်၌ ထင်ရှားစွာ သိမြင်သော ဉာဏ်သည် ဘင်္ဂဉာဏ်မည်ပါသည်။
ယင်းဉာဏ်သည်ပင်လျှင် ပရိညာသုံးပါးတွင် တတိယ ဖြစ်သော ပဟာနပရိညာ ဖြစ်ပါသည်။
ပဟာနပရိညာဆိုသည်မှာ သဘောတရားတို့၏ ပျက်၍ ပျက်၍ နေသည်ကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေဆဲ ခဏ၌ -
ချမ်းသာ၏ဟု မှတ်မှားသော သုခသညာ။
ငါ သူတပါး ယောက်ျား မိန်းမ ဟု မှတ်မှားသော အတ္တသညာများကို ပယ်နေခြင်းပင်ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ် ပါသည်။
ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၆)
ဘင်္ဂဉာဏ်ကို ကောင်းစွာ ပွားများ အားထုတ်ခြင်း အားဖြင့်၊ ပြီးမြောက်ပြီးဖြစ်သော ဝိပဿနာဉာဏ်သည် သဘောတရားတို့၏ အပေါ်၌ ဘေးအားဖြင့် ထင်မြင်သော ဘယဉာဏ်သို့ ကူးပြောင်း၍ လာလေတော့၏။ ထိုဉာဏ်နှင့် ပတ်သက်၍ -
ပဋိသမိ႓ဒါမဂ် ပါဠိတော် မြန်မာပြန် ဉာဏကထာ၌ -
ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏။
ဖြစ်ပွားခြင်းသည် ဘေးမည်၏။
သင်္ခါရနိမိတ်သည် ဘေးမည်၏။
ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏။ မဖြစ်ပေါ်ခြင်းသည် ဘေးကင်းရာမည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏ဟု လာရှိသည်နှင့်အညီ ရုပ်ဓာတ် နာမ်ဓာတ် သဘောတရားတို့၏ အသစ်အသစ် ဖြစ်ပေါ်မှုတို့သည် အသစ်အသစ်ဖြစ်ခြင်းအားဖြင့် ကပ်၍ ကပ်၍ နှိပ်စက်တတ်သော သဘောရှိခြင်းကြောင်း ဘေးရန်ဖြစ်၏။
အသစ်အသစ် ဖြစ်သော နာမ်ရုပ်တို့သည်သာလျှင် နှိပ်စက်နိုင်၏။ ပျက်၍ ပျက်၍ သွားပြီးဖြစ်သော ရုပ်နာမ်တို့သည် ချုပ်ဆုံး ကွယ်ပျောက်ပြီး ဖြစ်ပါသဖြင့် မနှိပ်စက်နိုင်တော့ပါ။ သို့ဖြစ်၍ ရုပ် နာမ် သင်္ခါရတို့၏ ဖြစ်ခြင်းသဘောသည် ဘေးရန်ပင်ဖြစ်ပါသည်။
အကြောင်းတရားတို့ မကုန်မခြင်း ထိုအကြောင်းတရားတို့၏ ထောက်ပံ့နေမှုကြောင့် ဖြစ်ပေါ်နေသော အကျိုးတရား ဖြစ်သော ရုပ် နာမ် သင်္ခါရတရား တို့သည်လည်း အစဉ်မပြတ် အသစ်အသစ် ဖြစ်ပေါ်နေရ၏။
ထိုဖြစ်တိုင်းဖြစ်တိုင်းသော သင်္ခါရတရားတို့သည်လည်း သံသရာ ဝဋ်ဆင်းရဲထဲသို့သာလျှင် အသစ်အသစ် ဖြစ်ခြင်းအားဖြင့် ထွန်း၍ တွန်း၍ ပို့နေ၏။
သံသရာတည်းဟူသော ဝဋ်ဆင်းရဲတို့၏ အပြစ်တို့ကို ဉာဏ်အမြင်ကျယ်ပြန့်လျှင် ကျယ်ပြန့်သည့်အလျှောက်၊ ထိုဒုက္ခတွင်းသို့ တွန်း၍ တွန်း၍ ပို့နေသော ဖြစ်ဆဲရုပ်နာမ် တို့၏ အပြစ်သည် ဉာဏ်၌ ထူးကဲစွာ ထင်မြင်၍လာ၏။
တနည်းအားဖြင့် -
(၁) အသစ်အသစ်ဖြစ်ပေါ်နေသော သင်္ခါရသဘောတရားတို့သည် ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ချုပ်ဆုံး ကွယ်ပျောက်၍နေသော သဘော ရှိခြင်းကြောင့် အချည်းနှီးသော သဘောတရားတို့သာတည်း။ ထိုသဘောတရားတို့ကို အားကိုး၍မရ၊ အားထား၍မရသော အသုံးမကျသော သဘောတရားတို့သာတည်း။
(၂) အသစ်အသစ်ဖြစ်ခြင်းအားဖြင့် ကပ်၍ကပ်၍ နှိပ်စက်နေသော သဘောတရားတို့သာတည်း။
ဟု ဝိပဿနာဉာဏ်ဖြင့် သိမြင်လာခဲ့သည်ရှိသော် ထိုရုပ်နာမ်တို့အပေါ်၌ သာယာမှု၊ နှစ်သက်မှု၊ စွဲလမ်းမှုတို့သည် ကင်းပြတ်၍ နေပေလိမ့်မည်။ ထိုခဏ၌ ထိုရုပ်နာမ်သဘောတရားတို့အပေါ်တွင် ငြီးငွေမှု၊ ထိုရုပ်နာမ်တို့မှ လွတ်မြောက်လိုမှု၊ စသော စိတ်တို့သည် ဖြစ်ပေါ်၍ လာပေလိမ့်မည်။
ထိုကဲ့သို့ အားထုတ်ဆဲ အခိုက်အတန့်တွင် ထိုယောဂီပုဂ္ဂိုလ်၏ ဉာဏ်၌ -
(က) အကြောင်းတရားတို့၏ ထောက်ပံ့မှုကြောင့် အကျိုးတရားဖြစ်သော ရုပ်ဓာတ်+နာမ်ဓာတ်တို့၏ အသစ်အသစ် ဖြစ်ပေါ်နေမှုကို သိမြင်ရသဖြင့် -
(ခ) အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားဖြစ်သော ရုပ်+နာမ်တို့၏ အသစ်တဖန် မဖြစ်ပေါ်ခြင်းသဘောတရားသည် အမှန်ဧကန်ပင် ရှိရမည်။
သဘာဝဓမ္မတို့၌ ဆန့်ကျင်ဘက်သဘောတရားတို့သည် ရှိရမြဲဓမ္မတာပင်ဖြစ်၏။ အမှောင်ရှိလျှင် အလင်းရှိ၏။ အပူရှိလျှင် အအေးသည်ရှိ၏။ ထို့အတူ ရုပ် နာမ်တို့၏ ဖြစ်ပေါ်မှု သဘောရှိလျှင် ထိုရုပ်နာမ်တို့၏ မဖြစ်ပေါ်ခြင်း သဘောသည်ရှိ၏။ ထိုရုပ်နာမ်တို့၏ မဖြစ်ပေါ်ခြင်းသဘောတရားသည် ငြိမ်းအေးရာနိဗ္ဗာန်ပင်တည်းဟုသိ၏။
ဤသို့သိသောဉာဏ်သည် သန္တိပဒဉာဏ်မည်ပေ၏။
ထိုယောဂီပုဂ္ဂိုလ်၏ဉာဏ်၌ -
(က) ရုပ်+နာမ်တို့၏ အသစ်အသစ် ဖြစ်ပေါ်နေခြင်းသည် သံသရာဝဋ်ဆင်းရဲဖြစ်၏။
(ခ) ထိုရုပ်+နာမ်တို့၏ မဖြစ်ပေါ်ခြင်းသည် ငြိမ်းအေးရာ နိဗ္ဗာန်ပင်တည်း။
ဟူ၍ သံသရာနှင့်နိဗ္ဗာန်ကို ဝိပဿနာ ဘာဝနာမယဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ နိဗ္ဗာန်တရားအပေါ်၌ ယုံကြည်မှုသဒ္ဓါသည် လွန်ကဲစွာ ဖြစ်ပေါ်၍လာ၏။ မတုန်မလှုပ် သက်ဝင် ယုံကြည်၍လာ၏။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုဘဲ သေခြင်းငှာမထိုက်သူဟူ၍ ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် စက္ခုသုတ်၌ ဟောတော်မူပါသည်။
ဤဘယဉာဏ်၌ ကြောက်မက်ဘွယ်ရာ ဘေးဟု ထင်သော ဉာဏ်သည် ပညတ်အာရုံတို့ကြောင့် ဖြစ်ပေါ်၍ လာတတ်သော ကြောက်ခြင်းမျိုးကဲ့သို့ ကြောက်လန့်ခြင်းမဟုတ်ပေ။
ပဋိသမ႓ိဒါမဂ် ပါဠိတော် မြန်မာပြန် ဝိမောက္ခကထာ၌ -
မမြဲသောအားဖြင့် နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည် ဘေးအားဖြင့်ထင်၏။
ဆင်းရဲသောအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဝိပါတ်ဖြစ်ပေါ်မှုသည် ဘေးအားဖြင့်ထင်၏။
အနှစ်မရှိ အလိုသို့ မလို်က်သောအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည်၎င်း၊ ဖြစ်ပေါ်မှုသည်၎င်း၊ ဘေးအားဖြင့် ထင်၏။
သို့ဖြစ်၍ ကြောက်မက်ဖွယ်ရာ ဘေးတည်းဟူ၍ ဉာဏ်၌ ထင်မြင်မှုသည် အသစ်အသစ်ဖြစ်ပေါ်မှု သင်္ခါရ သဘောတရားအပေါ်၌သာလျှင် ထင်၏။
ဘေးအားဖြင့်ထင်သော ဘယဉာဏ်သည်၎င်း၊ အပြစ်အားဖြင့်ထင်သော အာဒီနဝဉာဏ်သည်၎င်း၊ ငြီးငွေ့ခြင်းသို့ရောက်သော နိဗ္ဗိဒါဉာဏ်သည်၎င်း၊ ထိုဉာဏ်သုံးပါးတို့သည် ဒုက္ခလက္ခဏာကို ကောင်းစွာသိမြင်သော ဉာဏ်ဖြစ်၏။ ဉာဏ်အမြင်ဖြစ်စေခြင်း၌ အနု၊ အလတ်၊ အရင့်အားဖြင့်သာလျှင် ကွဲပြားခြားနားမှုရှိ၏။
ဤကဲ့သို့ ပွားများ အားထုတ်ဆဲ ဖြစ်သော ပစ္စုပ္ပန်ခဏ၌ သဘောတရားတို့၏ အသစ်အသစ်ဖြစ်ခြင်းအားဖြင့် ကပ်၍ကပ်၍ နှိပ်စက်နေသော အခြင်းအရာကို ဘယဉာဏ်ဖြင့် ထင်မြင်ဆဲဖြစ်သော ယောဂီပုဂ္ဂိုလ်သည် လောကီဉာဏ်ဖြင့် သစ္စာလေးပါး လုံးကိုပင် ထိုခဏ၌ တစ်ပြိုင်နက်တည်း ထိုးထွင်းသိမြင်၍ နေခြင်းပင် ဖြစ်လေတော့သည်။
(၁) ထိုခဏ၌ ထိုသဘောတရားတို့၏ နှိပ်စက်နေမှုကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေသောဉာဏ်သည် ဒုက္ခသစ္စာကို ပိုင်းခြားသိသော ဉာဏ်မည်၏။
(၂) ထိုကဲ့သို့ သိမြင်၍ နေဆဲခဏမှာပင် ထိုသဘောတရား အပေါ်၌ သာယာမှု၊ နှစ်သက်မှု၊ စွဲလမ်းမှု ကင်းပြတ်၍ နေခြင်းသည် သမုဒယသစ္စာကို ပယ်သည်မည်၏။
(၃) ထိုကဲ့သို့ ထိုးထွင်း၍ သိမြင်နေဆဲခဏမှာပင် လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာ တည်းဟူသော ကိလေသာတို့ မဖြစ်ပေါ်ဘဲ ချုပ်ငြိမ်း နေခြင်းသည်ပင်လျှင် နိရောဓသစ္စာကို မျက်မှောက်ပြုသည်မည်၏။
(၄) ထိုကဲ့သို့ ထိုးထွင်း၍ သိမြင်နေဆဲ အခိုက်အတန့်သည်ပင်လျှင် (နိဗ္ဗာန်သို့သွားရာ လမ်းကြောင်း လမ်းကောင်းလမ်းမြတ်ဖြစ်သော) ခရီးကို သွားနေသည် မည်ခြင်းကြောင့် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော မဂ္ဂသစ္စာမည်၏။
ဤကဲ့သို့ လောကီဉာဏ်ဖြင့် သစ္စာလေးပါးတရားတို့ကို ထိုးထွင်းသိမြင်နေသော ယောဂီပုဂ္ဂိုလ်သည် ပရမတ္တသဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့ကိုပင် အနိစ္စနုပဿနာအားဖြင့်၎င်း၊ ဒုက္ခနုပဿနာအားဖြင့်၎င်း၊ အနတ္တနုပဿနာအားဖြင့်၎င်း၊ ထိုအနုပဿနာဉာဏ်သုံးပါးလုံးကိုပင် တစ်ပေါင်းတည်းသော အခြင်းအရာအားဖြင့် ဉာဏ်၌ ထင်မြင်လေတော့၏။
(ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ တရားတော်ဤတွင်ပြီးပါပြီ။)
မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ် ပါသည်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း
ဤကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းကို ကျေးဇူးရှင်မဟာစည်ဆရာတော်ကြီးကိုယ်တိုင် ကြည့်ရှုသုတ်သင် ပြင်ဆင်ပေးခြင်းဖြစ်ပါတယ်။ သို့ပါသော်လည်း ဤမှတ်တမ်းသည် ပါဠိ အဋ္ဌကထာ စသည် တို့မှ ထုတ်ဆောင်၍ ရေးအပ်သော ကျမ်းမဟုတ်ပါ၊ မယုံကြည်သေးသော သူများ ယုံကြည်လာအောင် အသင့်ယုတ္တိ ကြံဆောင်၍ ရေးသားအပ်သော ကျမ်းလည်း မဟုတ်ပါ၊ ထို့ကြောင့် ဤမှတ်တမ်းကို ကျမ်းဂန်နှင့် ညီ မညီ အားဖြင့် မယုံကြည်သူများက မစဉ်းစားမကြံဆောင်အပ်ပါ။ (ဤမှတ်တမ်းသည် မယုံကြည်သောသူများ၏ အရာမဟုတ်ဟု ဆိုလိုပါသည်။)
အမှန်အားဖြင့် ဤကျမ်းသည် ဆရာတော်၏ နည်းနိဿယအတိုင်း အားထုတ်၍ ဉာဏ် ၁၆ ပါးလုံး အဆုံးတိုင်အောင် ပေါက်ရောက် နိုင်နင်းပြီးသည့် အပြင် အရည်အချင်းနှင့်လည်း ပြည့်စုံသော ကမ္မဋ္ဌာန်းဆရာတို့ အတွက်သာလျှင် ရည်ရွယ်၍ ဤမှတ်တမ်းကို ရေးအပ်သည်ဖြစ်၍ အားမထုတ်ဘူးသော သူများနှင့် ဉာဏ်ဆုံးအောင် အားမထုတ်ရသေးသော သူများအား ဤမှတ်တမ်းကို ကြည့်ရှုခွင့်မပြုဟုဆိုပါသည်။ ထိုသို့တားမြစ်ရခြင်းက ဤမှတ်တမ်းကို ကြည့်ရှုကြလျှင် နားမလည်၍ သဘောမကျ တတ်ပါက ဝိစိကိစ္ဆာပွားလျက် ကဲ့ရဲ့ပြစ်မှား၍ အပါယ်လားကြောင်း မကောင်းမှု အန္တရာယ်ကြီး ဖြစ်နိုင်ပါသည်။
နားလည်၍ သဘောကျတတ်ပြန်လျှင်လည်း တကယ် အားထုတ်သော အခါမှာ ဤမှတ်တမ်းဆိုင်ရာ အတွေ့များ အပြောများနှင့် စပ်၍ ဝိတက်များခြင်း၊ အပြောရှုပ်ထွေးခြင်း၊ အသိဉာဏ်မသန့်ရှင်းခြင်း၊ ဉာဏ်မတိုးတက်နိုင်ခြင်းများဖြင့် အနှောင့်အယှက် အန္တရာယ်ဖြစ်နိုင်ပါသည်။
သို့ဖြစ်၍ ဤမှတ်တမ်းစာအုပ်ကို လက်ရှိသိမ်းပိုက်ထားသော ပုဂ္ဂိုလ်က ဉာဏ်မဆုံးသေးသော သူများမှ လုံခြုံအောင် ထိမ်းသိမ်းထားပါရန် မှာထားပါတယ်။ အကယ်၍ ကြည့်ရှုမိသဖြင့် သဘောကျတတ်လျှင်လည်း ထိုထို အတွေ့များ အပြောများကို မြဲမြံစွာ စွဲမှတ်၍ မထားပါကုန်လင့်။
သို့ရာတွင် အကျိုးများဖွယ်ရာ အကြောင်းတစ်ခုကားရှိပါသည်။ ထိုအကြောင်းကြောင့် ဤစာကို ရေးသားရပါသည်။ အဘယ်နည်းဟူမူ - ပုဂ္ဂိုလ်တစ်ဦးသည် ဤရှုမှတ်နည်းကို ကောင်းစွာလည်း ယုံကြည်သက်ဝင်၏၊ တကယ်ပင် ပေါက်ရောက်အောင်လည်း အားထုတ်လို၏၊ အားပေးစစ်ဆေးမည့် ဆရာလည်း မရှိဖြစ်ငြားအံ့၊ ထိုသို့သော ပုဂ္ဂိုလ်သည်ကား ဤမှတ်တမ်းကို ဆရာအဖြစ် ထားပြီးလျှင် အားထုတ်ဆဲ၌ကား မှတ်တမ်းထဲက စကားများကို ဘာမျှ မစဉ်းစားတော့ဘဲ မှတ်ရုံမျှသာ မှတ်၍ သွားလျှင် ဤမှတ်တမ်းက ဆရာသဖွယ် အားပေးညွှန်ပြ ဆုံးမ ပြုပြင်ပေးသဖြင့် မဂ်ဖိုလ်နိဗ္ဗာန် အစစ်အမှန်သို့ လျှင်မြန်စွာ ဆိုက်ရောက်နိုင်ရာအကြောင်းရှိပေသည်ဟုဖော်ပြထားပါတယ်။
သို့ဖြစ်၍ တရားလိုလားသူ မိတ်ဆွေများအကျိုးများစေခြင်းငှာ ကမ္မဋ္ဌာန်းဆရာတို့၏မှတ်တမ်းကျမ်းမှ မှတ်စုထုတ်နှုတ်ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။
နာမရူပ ပရိစ္ဆေဒဉာဏ်အဆင့်၌ ဖြစ်တတ်သော သဘောတရားများ (အပိုင်း ၁)
အားထုတ်ခါစ တစ်ရက်နှစ်ရက် စသည်အတွင်း၌ ယောဂီများအား အားထုတ်ရတာ ဘယ်လို များနေပါသလဲ၊ ဘယ်လို မှတ်နေပါသလည်း ဟု ဆရာက မေးလျှင် ပေါ့ပေါ့လျော့လျော့ အားထုတ်နေသော ယောဂီသည် ဆရာတော်က ခိုင်းထားတဲ့အတိုင်း ဖောင်းတာပိန်တာကို မှတ်နေရတာပါပဲ၊ မှတ်လို့လည်း လွယ်ပါရဲ့၊ မခက်ပါဘူး ဟု ခပ်ပေါ့ပေါ့ ပြောတတ်ပါတယ်။
သည့်ပြင်ကော ဘာကိုများ မှတ်ရသေးသလည်းဟု မေးလျှင် - သည့်ပြင်တော့ ဘာမျှ မှတ်စရာမရှိလို့ ဘာကိုမျှ မမှတ်ရပါဘူး ဟု ပြောတတ်၏၊ အချို့ကလည်း ကွေးတဲ့အခါမှာလည်း ကွေးတယ်ဟု မှတ်သေးကြောင်း၊ ဆန့်တဲ့အခါမှာလည်း ဆန့်တယ်ဟု မှတ်သေးကြောင်း၊ အကုန်လုံးကို လွယ်လွယ်ကူကူနှင့်ပင် မှတ်နိုင်ကြောင်းများကိုလည်း ခပ်ပေါ့ပေါ့ ပြောတတ်ပါတယ်။
ပျံ့လွင့်တဲ့စိတ်များကို တွေ့ပါရဲ့လား ဟုမေးလျှင် - စိတ်ကတော့ ဘယ်ကိုမျှ မပျံ့လွင့်ပါဘူး၊ ငြိမ်နေတာပါပဲ ဟု ပြောတတ်၏၊ ဒါဖြင့် ငြိမ်ငြိမ်ထိုင်နေစဉ်၊ အိပ်နေစဉ်၌ မှတ်ပုံများ၊ အထိုင်အထ အကွေးအဆန့် ပြုပြင်ဆဲ၌ မှတ်ပုံများကို အစဉ်အတိုင်း ပြောစမ်းပါဟု မေးလျှင် နေရာတကျ မပြောတတ်ပဲ ရှိပါတယ်။
** ဒီလို ပြောတဲ့ ပုဂ္ဂိုလ်မှာ မှတ်ရမည့်လုပ်ငန်းစဉ်ကို ကောင်းကောင်းနားမလည်ခြင်း၊ သဘောမပေါက်ခြင်း ကြောင့်ဖြစ်စေ၊ သဒ္ဓါ ဆန္ဒ ဝီရိယ နည်းပါးခြင်းကြောင့်ဖြစ်စေ၊ ပေါ့ပေါ့လျော့လျော့ အားထုတ်နေမိလို့ပါပဲ။
အဲဒီလိုသူများအနေနှင့် နေရာတိုင်း၌ လေးလေးပင်ပင် စူးစူးစိုက်စိုက် မှတ်ပုံများကို ကျကျနန ပြောပြ၍ ရိုရိုသေသေ ရှုမှတ်အောင်စေရပါတယ်။
ရိုရိုသေသေ အားထုတ်နေသော အချို့ ယောဂီကမူကား - အဖောင်းအပိန်ကို မှတ်နေရတုန်း ရှိသေးတာပဲ၊ အစကတော့ တော်တော်ကို အမှတ်ရ ခက်တယ်၊ ချွေးများကျလို့ မောနေအောင် မှတ်ရတာပဲ၊ ယခုတော့ တော်တော်အချိုးကျသွားပါပြီ၊ မှတ်လို့အတော် ကောင်းလာပါပြီ ဟုပြောတတ်ပါတယ်။
ဖောင်းတယ် ပိန်တယ်လို့ မှတ်လိုက်တဲ့အခါမှာ အဖောင်းအပိန်နှင့် အမှတ်ဟာ တဲ့တဲ့နေပါရဲ့လားဟု မေးလျှင် အချို့က - ယခုတော့ အတဲ့များလာပါပြီ ဟု ပြောတတ်၏၊ အချို့ကလဲ - တရံတခါတော့ တဲ့နေပါရဲ့၊ တရံတခါမှာတော့ မတဲ့သေးပါ၊ မဖောင်းမီကလည်း ဖောင်းတယ်လို့ မှတ်မိသေးတယ်၊ မပိန်မီကလည်း ပိန်တယ်လို့ မှတ်မိသေးတယ်၊ ဖောင်းပြီးပိန်ပြီးမှလည်း ဖောင်းတယ် ပိန်တယ်လို့ မှတ်မိသေးတယ်၊ ဖောင်းတာကိုလည်း ပိန်တယ်လို့ မှတ်မိသေးတယ်၊ ပိန်တာကိုလည်း ဖောင်းတယ်လို့ မှတ်မိသေးတယ်၊ တဲ့ချည်တခါ မတဲ့ချည်တခါ ဖြစ်နေတုန်းပါပဲ ဟု ပြောတတ်ပါတယ်။
** အဲဒီယောဂီများအနေနဲ့ ဂရုစိုက်ပြီး ရိုရိုသေသေသာ မှတ်နေပါ၊ မကြာမီ တည့်သွားပါလိမ့်မယ်။ သူများလည်း အစကတော့ သည်လိုချည်းပါပဲ။
အချို့ကလည်း - မှတ်လိုက်လျှင် တဲ့နေတာချည်းပါပဲ ဟု ပြောတတ်ပါတယ်။ ဒါဖြင့် ဖောင်းတယ်ပိန်တယ်လို့ မှတ်နေစဉ်မှာ တခြားတပါးသို့ စိတ်များပျံ့လွင့် ပါသေးသလားဟု မေးလျှင် - မှတ်နေတုန်းမှာတော့ စိတ်က ဘယ်ကိုမှ မသွားပါဘူး၊ ငြိမ်နေတာ ချည်းပါပဲ ဟု ပြောတတ်ပါတယ်။ ( ဒါဟာ ပျံ့လွင့် ပြေးသွားတဲ့ စိတ်ကို မသိနိုင်သေး၍ ပြောခြင်းဖြစ်ပါတယ်။)
** အဲဒီလို ယောဂီများအနေနဲ့ ဖောင်းတာ ပိန်တာကို ကွက်ကွက် ကွင်းကွင်း သိသိသွားအောင် စူးစူးစိုက်စိုက် ရှုမှတ်ဖို့ လိုပါတယ်။
အချို့ကလည်း - ဖောင်းတယ် ပိန်တယ်လို့ ဒီမှာ မှတ်နေလျက်သားနှင့် စိတ်တွေက မတော်ရာကိုလည်း ရောက်ရောက်နေတယ်၊ အတန်ကြာမှ တခြားကို စိတ်ရောက်နေမှန်းသိတယ်၊ သိတော့လည်း အဲဒီစိတ်ကို တခါတရံမှသာ မှတ်မိတယ်၊ တခါတရံမှာတော့ မမှတ်မိပါ၊ မှတ်မိတော့လည်း ပျံ့လွင့်တဲ့ စိတ်က တခါတရံမှာ ပျောက်လွယ်ပါရဲ့၊ တခါတရံမှာတော့လည်း မပျောက်လွယ်ပါ ဟု ပြောတတ်ပါတယ်။
** အဲဒီလို ဖြစ်နေခဲ့ယင် အဖောင်းအပိန်ကို စူးစူးစိုက်စိုက် မှတ်နေခိုက်မှာ ပျံ့လွင့်တဲ့စိတ် မဖြစ်နိုင်ပါ၊ ဖြစ်လျှင်လည်း လျှင်မြန်စွာ မှတ်သိနိုင်ပါတယ်။ ထိုစိတ်ကူးများ၌ သဘောကျနေလျှင်တော့ မှတ်သော်လည်း မပျောက်နိုင်ပဲ ရှိတတ်ပါတယ်။ သဘောမကျလျှင်ကား မှတ်လိုက်လျှင် ပျောက်လွယ်တတ်ပါတယ်။ နောင်အခါမှာ ထိုစိတ်ကူးမျိုး ဖြစ်လာလျှင် နှစ်သက်ခြင်း မထားဘဲ မှတ်လျှင်ပျောက်သည် ဟု ယုံကြည် စိတ်ချလျှှက် စူးစူးစိုက်စိုက် မှတ်ရန် ပြောအပ်ပါတယ်။
အချို့ကလည်း - ဖောင်းတာ ပိန်တာကို ထင်ထင်ရှားရှား သိနေတဲ့အခါမှာ စိတ်မပျံ့လွင့်ပါ၊ စိတ်ပျံ့လွင့်တဲ့ အခါမှာလည်း ဖောင်းတာ ပိန်တာကို ထင်ထင်ရှားရှား မသိတော့ပါ၊ ဒီမှာ ဖောင်းတာ ပိန်တာကို မသိလို့ တခြားကို ရောက်ရောက်သွားတာပဲ ဟု ပြောတတ်ပါတယ်။ (ဒါကတော့ အသိရှင်းလှပါတယ်။ ဆက်လက်ကြိုးစားမှတ်ရှုလျှင် လိုရာပန်းတိုင်တစ်ခုရောက်နိုင်ပါတယ်။)
ပျံ့လွင့်တဲ့စိတ်ကို မှတ်ပြီးတော့ အဖောင်းအပိန်ကို ပြန်မှတ်တဲ့အခါမှာ အဆင်သင့် တဲ့တဲ့သွားပါရဲ့လားဟု မေးလျှင် - တခါတရံမှာ တည့်သွားပါရဲ့၊ တခါတရံမှာတော့ မတဲ့ပါ၊ မဖောင်းသေးလို့ ခဏလောက် စောင့်စောင့်နေရပါတယ်၊ ဖောင်းလာတဲ့ အခါကျမှ ဖောင်းတယ်လို့ စ၍မှတ်ပြီးတော့ အစဉ်အတိုင်း မှတ်သွားရပါတယ် ဟု အချို့က ပြောတတ်ပါတယ်။
** စောင့်မနေပါနှင့်၊ ပိန်တာကို စ၍ တွေ့လျှင် ပိန်တယ်ဟု စ၍ မှတ်သွားပါ၊ စောင့်နေမိလျှင်လည်း စောင့်တယ်ဟု မှတ်ပြီးလျှင် အဆင်သင့်ရှိနေတဲ့ ဖောင်းမှုကဖြစ်စေ၊ ပိန်မှုက ဖြစ်စေ စ၍ မှတ်သွားပါ။
အချို့ကလည်း - စိတ်တွေက ဟိုဟိုသည်သည် အနှံ့အပြား ပြေးသွားနေတယ် ဟု ပြောတတ်ပါတယ်။
** ထိုပြေးသွားတဲ့ စိတ်များကို ပျောက်သွားသည့်တိုင်အောင် မပျောက်မချင်း အထပ်ထပ်မှတ်ပါ၊ စိတ်တမျိုးတမျိုး ပျောက်သွားသည်နှင့် တပြိုင်နက် အဖောင်း အပိန်ကိုသာ ပြန်၍ ပြန်၍ မှတ်ပါ၊ အထူးဂရုစိုက်၍လည်း မှတ်ပါ။
အချို့က - စိတ်ကူးတွေကိုချည်း တမျိုးပြီး တမျိုး ဆက်ကာ ဆက်ကာ မှတ်နေရတော့တာပဲ၊ အဖောင်းအပိန်ကို တယ်မမှတ်ရတော့ဘူး ဟုပြောတတ်ပါတယ်။
** စိတ်ကူး တမျိုးတမျိုးကို တချက် နှစ်ချက်လောက် မှတ်ပြီးလျှင် အဖောင်းအပိန်ကိုသာ ပြန်၍ ပြန်၍ မှတ်နိုင်အောင် စူးစိုက်လိုက်ပါ၊ တခြားစိတ်ကူး ပေါ်ဦးမှာလေလား ဟူ၍လည်း စိတ်မကူးမိစေရန် သတိပြုပါ။ ဘုရား ကျောင်း အိမ် လူ စသော ပုံသဏ္ဍာန်ကို တွေ့လျှင် တွေ့တယ်ဟု မှတ်ပါ၊ မြင်လျှင် မြင်တယ် ဟု မှတ်ပါ၊ တကြိမ် နှစ်ကြိမ် မှတ်ရုံမျှဖြင့် ထိုအမြင် မပျောက်သေးလျှင် မြင်တယ် မြင်တယ် ဟု မပျောက်မချင်း စူးစိုက်၍ အထပ်ထပ် မှတ်ပါ၊ ထိုအမြင် ပျောက်သွားတဲ့ အခါမှာ ဖောင်းခိုက်နှင့် ကြုံလျှင် ဖောင်းတယ်ဟု စ၍မှတ်ပါ၊ ပိန်ခိုက်နှင့် ကြုံလျှင် ပိန်တယ်ဟု စ၍ မှတ်ပါ။ မပေါ်လာသေးတဲ့ အဖောင်း အပိန်ကိုတော့ စောင့်မနေရပါ၊ အကယ်၍ စောင့်နေမိလျှင်လည်း စောင့်နေတယ်ဟု မှတ်လိုက်ပါဦး၊ ပြီးတော့မှ ပေါ်ရာ ပေါ်ရာကို အစဉ်အတိုင်း အတင်းတွန်း၍ မပြတ်မှတ်သွားပါ။
ကိုယ်တွင်းသန္တာန်က ယားခြင်း နာခြင်း ညောင်းခြင်း ပူခြင်း အေးခြင်း စသော သဘောများကို ဖြစ်ပေါ်တဲ့အတိုင်း မှတ်မိရဲ့လားဟု မေးလျှင် အချို့က - ယားခြင်း နာခြင်း ညောင်းခြင်း ပူခြင်း အေးခြင်းတို့ ဘာမျှ မရှိပါ ဟု ပြောတတ်ပါတယ်။ ( ဒါဟာ ထို ဝေဒနာများကို သိနိုင်လောက်အောင် သတိ သမာဓိ ဉာဏ် မရင့်သေး၍ ပြောခြင်းသာဖြစ်ပါတယ်။)
အချို့ကလည်း - ယားခြင်း နာခြင်း ညောင်းခြင်း ပူခြင်း အေးခြင်းများကို တခါတရံမှာ နည်းနည်းတော့ တွေ့ပါရဲ့၊ တွေ့ပေမယ့် တခါတရံမှာသာ မှတ်နိုင်သေးတယ်၊ တခါတရံမှာတော့ မမှတ်မိသေးပါ ဟု ပြောတတ်ကြပါတယ်။
ယားတာကို မှတ်မိတဲ့အခါမှာ ကုတ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတော့ ကုတ်ချင်တယ် ဖျောက်ချင်တယ်ဟု မှတ်မိရဲ့လား၊ ပြီးတော့ အယားဖျောက်ရန် ပြုပြင်တဲ့ လက်အမူအရာများကို ကြွတယ် ကြွတယ်၊ ကွေးတယ် ကွေးတယ်၊ ဆန့်တယ် ဆန့်တယ်၊ ရွှေ့တယ် ရွှေ့တယ် ၊ စသည်ဖြင့် မှတ်မိရဲ့လား ဟု မေးလျှင် - အချို့က တရံတခါမှာ ကုတ်ချင်တယ် ဖျောက်ချင်တယ် ဟု မှတ်ပြီးတော့ ပြုပြင်တဲ့ လက် အမူအရာများကိုလည်း ကြွတယ် ကြွတယ်၊ ကွေးတယ် ကွေးတယ် စသည်ဖြင့် နှစ်ချက် သုံးချက်လောက် မှတ်မိပါတယ် ဟုပြောတတ်ပါတယ်။
အချို့ကလည်း ကုတ်ချင်တာ ကွေးချင်တာ ဆန့်ချင်တာကိုတော့ မမှတ်မိပါ၊ ကုတ်ရာ ကွေးရာ ဆန့်ရာကျမှပဲ မှတ်မိပါတယ်၊ တခါတရံမှာလည်း ကွေးတာ ဆန့်တာကိုတောင် မသိလိုက်လို့ မမှတ်မိပါ၊ ကွေးပြီးမှ ဆန့်ပြီးမှ ကွေးတယ် ဆန့်တယ်လို့တော့ သိပါတယ်၊ ကုတ်လို့ ဖျောက်လို့ အတန်ကြာမှလည်း ကုတ်တယ် ဖျောက်တယ်လို့ သိတော့တယ်၊ ကုတ်ပြီးမှ သိတာလည်း ရှိတာပဲ ဟု ပြောတတ်ပါတယ်။
** ယားခြင်း ကုတ်လိုခြင်း ကွေးလိုခြင်း စသော အကြောင်းရင်း စိတ်ရင်းကလေးများကိုလည်း သိအောင် သတိပြုအပ်ပါတယ်။
အချို့ကလည်း အကွေး အဆန့် အပြုအပြင်များကိုတော့ ယခု မမှတ်ရသေးပါ၊ အဖောင်းအပိန်ကိုသာ နိုင်နင်းအောင် မှတ်နေရတုန်း ရှိသေးတာပဲ ဟု ပြောတတ်ပါတယ်။
** အဖောင်း အပိန်ကို နိုင်နင်းပြီးမှ ကိုယ် အမူအရာများကို မှတ်မည်ဟု သဘောမထားအပ်ပါ၊ ယခု ဖြစ်ပေါ်သော အမူအရာများက နောင်ကာလကျအောင် ရှိနေမည် မဟုတ်ပါ၊ မမှတ်မိပဲ လွန်သွားသော အာရုံတိုင်း၌ အနုဿယ ကိလေသာ ကျရောက်နေတတ်ပါတယ်။ အဖောင်း အပိန်ကို မှတ်ယင်းပင် ထင်ရှားပေါ်လာတဲ့ ကိုယ်အမူအရာများ ဝေဒနာများ စိတ်ကူးများကို မလစ်လပ်ရအောင် မှတ် မှတ် သွားရပါတယ်။ သို့မှသာလျှင် ဉာဏ် တိုးတက်လွယ်ပါတယ်။ ကွေးမှု ဆန့်မှု စသည်တို့ကိုလည်း မလွတ်အောင် မှတ်ရန်လိုပါတယ်။ အသက်အရွယ် ကြီးရင့်သူများမှာ သာ၍ အလွတ်များတတ်ပါတယ်၊ အထူးသတိပြု၍ စုံစမ်းပြုပြင်အပ်ပါတယ်။
အချို့က - နာခြင်း ညောင်းခြင်း စသည်တို့ကို တခါတရံမှာသာ သိပြီး မှတ်မိပါတယ်။ တခါတရံမှာတော့ သိရုံမျှသာ ရှိပါတယ်၊ မမှတ်လိုက်ရပါ၊ တခါတရံမှာတော့ အတန်ကြာမှ နာလှ ညောင်းလှ ပူလှမှ သတိရ၍ မှတ်ရပါသည် ဟု ပြောတတ်ပါတယ်။
ထိုသို့ မှတ်မိတဲ့အခါမှာလည်း ကွေးချင် ဆန့်ချင် ပြုပြင်ချင်တဲ့ စိတ်များကို မှတ်မိဖို့လိုပါတယ်။ အမှတ်သတိနည်းသော ယောဂီအား - ဣရိယာပုတ် ပြောင်းလဲခြင်း ကွေးခြင်း ဆန့်ခြင်း ရွှေ့ခြင်း ပြုပြင်ခြင်း ဟူသမျှမှာ မခံသာမှု ဝေဒနာများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်၊ ထိုဝေဒနာများကို သတိပြု၍ သည်းခံပြီး မှတ်အပ်ပါတယ်။ သည်းခံလျှင် နိဗ္ဗာန်ရောက်သည် ဟူသော စကားကို ဒီနေရာမှာ အသုံးချအပ်ပါတယ်။ ပြုပြင်လိုတိုင်းလည်း ခဏခဏ မပြုပြင်ဘဲနှင့် သည်းခံ၍ ဝေဒနာများကို စူးစူးစိုက်စိုက် မှတ်နေလျှင် ပြုပြင်လိုခြင်း ပြုပြင်ခြင်းများကိုလည်း မှတ်နိုင်မည်ဖြစ်ပါတယ်။
ဘယ်ညာတစောင်း ပြောင်းတဲ့အခါမှာ မှတ်မိပါရဲ့လား ဟု မေးလျှင် အချို့က မမှတ်တတ်သေးလို့ မမှတ်ရသေးပါ ဟု ပြောတတ်ပါတယ်။
အထက်ပါနည်းများအတိုင်း မှတ်တတ်အောင် ရိုရိုသေသေ မှတ်တတ်ဖို့လိုပါတယ်။
အချို့ကလည်း စောင်းချင်တယ် စောင်းတယ်၊ ပြောင်းချင်တယ် ပြောင်းတယ်၊ ရွှေ့ချင်တယ် ရွှေတယ်၊ ပြင်ချင်တယ် ပြင်တယ်ဟု မှတ်၍ မှတ်၍ ပြုပြင်မိတဲ့အခါလည်း ရှိပါရဲ့၊ တခါတရံမှာတော့ ပြောင်းချင် ရွှေ့ချင်တာကို မမှတ်နိုင်ပါ၊ တခါတရံမှာတော့ ပြောင်းပြီးမှ ရွှေပြီးမှလည်း သတိရပါတယ် ဟု ပြောတတ်ပါတယ်။ ( ဒါဟာ ဒုက္ခဝေဒနာကို သည်းခံ၍ မိမိရရ မမှတ်သောကြောင့် သိသင့်သမျှကို မသိဘဲ ရှိနေခြင်းပင်ဖြစ်ပါတယ်။ )
** ကွေးခြင်း ဆန့်ခြင်း ပြောင်းရွှေ့ခြင်း ပြုပြင်ခြင်းတို့ကို ပြုခါနီး ရှေးအဖို့မှာ ယားခြင်း နာခြင်း ညောင်းခြင်း ပူခြင်းစသော ဒုက္ခဝေဒနာ တမျိုးမျိုးက ရှေးဦးစွာ ဖြစ်ပေါ်လာ၏၊ ထိုဝေဒနာကို ယားတယ် ယားတယ် စသည်ဖြင့် အတန်ကြာအောင် သည်းခံ၍ မှတ်နေရမည်ဖြစ်ပါတယ်။ ကုတ်လို ပြင်လိုလျှင် ကုတ်ချင်တယ် ပြင်ချင်တယ်ဟု မှတ်ပြီးတော့ မကုတ်သေး မပြင်သေးဘဲ ထိုဝေဒနာကိုသာ ဆက်၍ မပြတ် မှတ်နေရမည် ဖြစ်ပါတယ်၊ သည်းမခံနိုင်လောက်အေင် ထိုဝေဒနာ အလွန်ပြင်းထန်လာတဲ့ အခါကျမှ ကုတ်လိုတဲ့စိတ် စသည်ကို မှတ်ပြီးလျှင် ကြွတယ် ကွေးတယ် ကွေးတယ် စသည်ဖြင့် စူးစူးစိုက်စိုက် မှတ်လျှက် ကွေးဆန့် ပြုပြင်ပေးရပါတယ်။
သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ထခြင်း အဝတ် ပုဆိုး အင်္ကျီ ဝတ်ရုံ သုံးဆောင်ခြင်း စားသောက်ခြင်း ကြည့်ခြင်း မြင်ခြင်း နားထောင်ခြင်း ကြားခြင်း စသော အမူအရာတို့၌လည်း အမှတ်ရှိ မရှိ၊ မှတ်ပုံနေရာ ကျ မကျကို စီစစ်၍ သေချာ ဂရုတစိုက် မှတ်တတ်ဖို့လိုပါတယ်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း
နာမရူပ ပရိစ္ဆေဒဉာဏ်အဆင့်၌ ဖြစ်တတ်သော သဘောတရားများ (အပိုင်း ၂)
နာမရူပ ပရိဒ္ဆေဒဉာဏ်အဆင့်မှာ ဖြစ်တတ်တဲ့ သဘောတရားတွေကို အယင်နေ့က ပထမပိုင်း (အပိုင်း ၁) အနေနဲ့ဖော်ပြပြီးပါပြီ။ ကျန်ရှိနေတာလေးတွေကို ဒီနေ့ဆက်လက်ဖော်ပြပေးပါမယ်။
တရားအားထုတ်ရာမှာ အချို့က ခေါင်းက ခဲသည်၊ မျက်နှာက ယားသည်၊ လက်က နာသည်၊ ကျောက အောင့်သည်၊ ပေါင်က ညောင်းသည်၊ ခြေသလုံးက ကိုက်သည်၊ ခေါင်းငုံ့သည်၊ လက်ကွေးသည် - စသည်ဖြင့် တည်ရာဝတ္ထုအမည်များနှင့်တကွ ရှုမှတ်နေတတ်ပါတယ်။
မှားပါတယ်။ တည်ရာဝတ္ထု၏ အမည်ပညတ်ကိုမထည့်ပဲ - ခဲတယ်၊ ယားတယ်၊ နာတယ်၊ အောင့်တယ်၊ ညောင်းတယ်၊ ကိုက်တယ်၊ ငုံ့တယ်၊ ကွေးတယ် - စသော ကြိယာအမည်မျှဖြင့်သာ မှတ်အပ်ပါတယ်။
ထို့ပြင် စိတ်ပျံ့လွင့် ပြေးသွားမှုကိုလည်း - အိမ်ကိုသွားသည်၊ ရွာကိုရောက်သည်၊ ကျောင်းကိုမြင်သည်၊ ဘုရားကိုတွေ့သည်၊ လူတစ်ယောက်နှင့်စကားပြောသည် စသည်ဖြင့် ရှုမှတ်နေတတ်ပါတယ်။
ဒြပ်ဝတ္ထုတို့၏ အမည်ကို မထည့်ပဲ - သွားတယ်၊ ရောက်တယ် စသော ကြိယာအမည်သက်သက်ဖြင့်သာ မှတ်အပ်ပါတယ်။
အချို့က ကွေးခြင်း ဆန့်ခြင်းများကို အကြောင်း မရှိပါပဲ တမင်ပြုလျက် ကွေးတယ် ကွေးတယ်၊ ဆန့်တယ် ဆန့်တယ် ၊ စသည်ဖြင့် ရှုမှတ်ကြည့်နေတတ်ပါတယ်။
မှတ်စရာ အာရုံကို တမင်လုပ်ကြံ၍ မမှတ်အပ်ပါ၊ ထိုသို့ မှတ်နေလျှင် မှတ်စရာအာရုံ၌ မျှော်လင့်တဲ့ လောဘကို ပွားစေရာရောက်ပါတယ်၊ စိတ်အားလွန်ပြီးတော့လည်း မထိန်းသိမ်းနိုင်ပဲ ကောက်ကွေးလိမ်တွန့်ပြီး သွားတတ်ပါတယ်၊ အကျိုးထူးလည်း ဘာမျှမရှိပါဘူး။ အကြောင်းရှိ၍ သူ့အလိုလို ကွေးချင်တဲ့စိတ် ဖြစ်ပေါ်လာမှ ကွေးချင်တယ်ဟု မှတ်ပြီးလျှင် သူ့အလိုလို ကွေးလာတဲ့အခါကျမှ ကွေးတယ် ကွေးတယ် စသည်ဖြင့် မှတ်ရပါတယ်၊ ဤသို့ မှတ်မှသာလျှင် သဘာဝကျ၍ သမာဓိဉာဏ် ရင့်သန်နိုင်စေပါတယ်။
အချို့ကလည်း တစ်စုံတစ်ခုကို ကြည့်နေလျက် မြင်တယ် မြင်တယ် ဟု အချိန်ကြာမြင့်စွာ ရှုမှတ်နေတတ်ပါတယ်၊ အသံများကိုလည်း တမင်ရှာကြံကာ နားထောင်လျက် ကြားတယ် ကြားတယ် ဟု ရှုမှတ်နေတတ်ပါတယ်။
ထိုကဲ့သို့ မရှုမှတ်အပ်ပါဘူး၊ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် ကိုယ်တွင်းရှိတရားများကို မှတ်နေကျအတိုင်း မှတ်နေစဉ်တွင် အလိုလို ထင်ပေါ်လာတဲ့ အမြင်အကြားကိုသာ တစ်ကြိမ်နှစ်ကြိမ်စသည်ဖြင့် အနည်းငယ်မျှ မှတ်ပြီးလျှင် မှတ်နေကျ အဖောင်းအပိန် စသည်ကိုသာ ပြန်၍ မှတ်သွားပါ၊ ကိုယ်တွင်းက တရားများကိုသာ အချိန်များများ ရှုမှတ်မိရန် ကြိုးစားပါ။
အချို့က အဖြစ် အပျက် အနိစ္စ ဒုက္ခ အနတ္တတွေကို တွေ့နေတယ် ဟု ပြောတတ်ပါတယ်။ ဘယ်လိုတွေ့နေတာလည်းဟု မေးလျှင် ဖောင်းတာက အဖြစ်၊ ပိန်တာက အပျက်ဟူ၍လည်း ပြောတတ်ပါတယ်။ ဖောင်းချည် ပိန်ချည်နှင့် ပြောင်းလဲနေလို့ မမြဲတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်၊ မှတ်ရတာတွေဟူသမျှကို ဆင်းရဲတွေချည်း ထင်နေတာပဲဟူ၍လည်း ပြောတတ်ပါတယ်။ ကိုယ်ကောင်ကြီး ပျောက်သွားလို့ အနတ္တထင်တာပဲဟူ၍လည်း ပြောတတ်ပါတယ်။
ထိုသည်မှာ အလုံးစုံပင် စိတ်ကူးကြံစည်မှုမျှသာ ဖြစ်ပါတယ်။ ဖောင်းတာလဲ အဖြစ်အပျက်ပါပဲ၊ ပိန်တာလည်း အဖြစ်အပျက်ပါပဲ၊ မှတ်တာလည်း အဖြစ်အပျက်ပါပဲ၊ မမြဲတာ ဆင်းရဲတာ ငါကောင်မဟုတ်တာ ချည်းပါပဲ၊ သို့သော်လည်း ဒါတွေကို မစဉ်းစားပါနဲ့၊ စဉ်းစားနေလို့ ဘာမျှ အကျိုးမများပါဘူး၊ မှတ်ရုံသာမှတ်နေပါ၊ သူ့အချိန်ကျတော့ မှတ်ရုံမျှဖြင့်ပင် ဒါတွေကို သူ့အလိုအလို ရှင်းရှင်းလင်းလင်း သိလာပါလိမ့်မယ်။ စဉ်းစားမိလျှင်လည်း ထိုစဉ်းစားမှုကိုလည်း မလွတ်အောင် မှတ်မှတ်သွားပါ၊ ဖြစ်သည်ဟုထင်လျှင် ဖြစ်တယ်ဟုဖြစ်စေ၊ ထင်တယ်ဟုဖြစ်စေ မှတ်လိုက်ပါ၊ ပျက်သည်ဟုဆင်ခြင်မိလျှင် ပျက်တယ်ဟုဖြစ်စေ ဆင်ခြင်တယ်ဟုဖြစ်စေ မှတ်လိုက်ပါ၊ မမြဲဘူးစသည်ဖြင့် ကြံမိလျှင် မမြဲဘူးစသည်ဖြင့်ဖြစ်စေ ကြံတယ်ဟုဖြစ်စေ မှတ်လိုက်ပါ၊ အလိုလို သိသွားသည်ဟု ထင်လျှင်လည်း သိတယ်ဟုစသည်ဖြင့် မှတ်လိုက်ပါ၊ ပြီးတော့ ဖောင်းတယ် ပိန်တယ် မှတ်နေကျကိုသာ အတင်းတွန်းပြီး မပြတ်မှတ်သွားပါ။
ရက်အတန်ငယ်ကြာ၍ သတိ သမာဓိ ဉာဏ် အတော်အတန်အားရှိသောအခါ၌ အချို့ယောဂီသည် ဤသို့ ပြောတတ်ပါတယ်။
“တခါတရံမှာတော့ ရှုမှတ်လို့ သိပ်ကောင်းတာပဲ၊ စိတ်ကလည်း ဘယ်ကိုမှ မသွားတော့ဘူး၊ မှတ်တိုင် မှတ်တိုင်း အဖောင်း အပိန် အထိုင် အထိ ပေါ်မှာချည်းပဲ အမြဲတည်တံ့ပြီး ကောင်းနေတာပဲ၊ တခါတရံမှာတော့ ဒီလိုလည်းမဟုတ်ပြန်ဘူး၊ ဖောင်းတယ် ပိတ်တယ် ထိုင်တယ် ထိတယ်လို့ ပါးစပ်ကသာ ဆိုနေတယ် (စိတ်ဖြင့် မှတ်နေတာကိုပင် ရည်၍ပြောသည်) စိတ်ကတော့ ဘယ်ကို ရောက်နေတယ်လို့ကို မသိရဘူး၊ လွင့်ပါးနေတော့တာပဲ”
ဟု ပြောတတ်ပါတယ်။ အဲဒီလို အမှတ်မကောင်းပဲ ဖြစ်သွားတာက မှတ်လို့ကောင်းနေရာမှ ဖြစ်သွားတာလား၊ သို့မဟုတ် စပြီးတော့ မှတ်ကထဲကိုက မကောင်းတာလားဟု မေးပြန်လျှင် အချို့က - အစတုန်းကတော့ မှတ်လို့ ကောင်းနေတာပါပဲ၊ မှတ်တိုင်း မှတ်တိုင် အဖောင်းအပိန် အထိုင်အထိပေါ်မှာချည်းပဲ ကပ်ခနဲကပ်ခနဲ တည်တည်ကြည်ကြည်နှင့် ကောင်းနေတာပါပဲ၊ ဒီလိုကောင်းနေရာက ဘာဖြစ်သွားတယ်လို့မသိဘူး မှတ်လို့ မကောင်းပဲ ဖြစ်သွားတာပဲ၊ စိတ်က ဘယ်ကို ရောက်သွားမှန်းမသိဘူး၊ အာရုံနှင့်စိတ်မကပ်ပဲ ဖြစ်သွားတာပဲ၊ ဒီတော့ ကောင်းအောင်လို့ မဲမဲပြီးမှတ်တယ်၊ ကြာလေကြာလေမကောင်းလေလေ ဖြစ်ဖြစ်သွားတော့တာပဲ၊ ဒါနဲ့ စိတ်ပျက်ပျက်တောင် ဖြစ်သွားသေးတယ်ဟု ပြောတတ်ပါတယ်။
*** မှတ်လို့ ကောင်းတဲ့အခါမှာ ဝမ်းသာတဲ့ စိတ် နှစ်သက်သဘောကျတဲ့စိတ် တိုး၍ အားထုတ်လိုတဲ့စိတ်များ ဖြစ်တတ်ပါတယ်၊ ထိုစိတ်များကို မမှတ်မိတဲ့အတွက်လည်း မကောင်းပဲရှိတတ်ပါတယ်၊ ဝီရိယကိုလျှော့၍ သက်သက်သာသာကလေး အားထုတ်နေတဲ့အတွက်လည်း မကောင်းပဲရှိတတ်ပါတယ်၊ ကောင်းအောင် မျှော်လင့်၍ အားထုတ်တဲ့အတွက်လည်း သာ၍သာ၍ မကောင်းပဲ ဖြစ်သွားတတ်ပါတယ်။
နောင်အခါမှာ မှတ်၍ ကောင်းလာလျှင် ဝမ်းသာခြင်း နှစ်သက်ခြင်းများ မဖြစ်ရအောင် သတိပြုပါ၊ ဖြစ်လျှင်လည်း ချက်ချင်းပင် မှတ်၍မှတ်၍ ပယ်ဖျောက်ပါ၊ ထို့ပြင် မှတ်လို့ကောင်းတဲ့ အခါမှာ ဝီရိယကို မလျှော့မတင်းပဲ မှန်မှန်ကလေးသာ မှတ်သွားပါ၊ အစဉ်တစိုက် ကောင်းသွားပါလိမ့်မယ်။
အချို့က “ပဋ္ဌမတကြိမ် မှတ်နေတုန်းကတော့ သိပ်ကောင်းနေတာပဲ၊ နောက်တစ်ကြိမ် ဝင်ပြီးမှတ်လိုက်တော့ မှတ်စကထဲက မကောင်းတာပါပဲ၊ ဒီတော့ အယင်တခါကတောင် ကောင်းသေးတာပဲ၊ ဒီတစ်ခါမကောင်းပဲ ရှိရမည်လားလို့ မဲမဲပြီးမှတ်လိုက်တာ ကြာလေကြာလေ မကောင်းလေလေ ဖြစ်ဖြစ်သွားတော့တာပဲ ဟု ပြောတတ်ပါတယ်”
** ဒါဟာ အလျှင်တစ်ခါကလို ကောင်းအောင် မျှော်လင့်တဲ့ လောဘကြောင့်၎င်း၊ ကြောင့်ကြစိုက်မှု ဝီရိယလွန်သွားသောကြောင့်၎င်း၊ မကောင်းဖြစ်တတ်ပါတယ်။ လောဘ ဒေါသ ကင်းအောင် အားထုတ်ရတဲ့ တရားလုပ်ငန်းခွင်မှာ ထိုလောဘ ဒေါသတို့ကို မဖြစ်စေပဲ အားထုတ်သွားမှ ခရီးရောက်နိုင်ပါတယ်၊ ရှေးက ကောင်းဘူးသည်မှာ လွန်ခဲ့ပြီဖြစ်၍ တဖန် မမျှော်လင့်သင့်ပါ၊ ကိုယ့်အလိုအတိုင်း ဖြစ်စေနိုင်တဲ့ တရား မရှိသည့်အတွက် သူ့သဘောအတိုင်းပဲ၊ သူဖြစ်ချင်သလိုသာ ဖြစ်ပါစေတော့၊ ဖြစ်သမျှသာ မှတ်နေပါတော့မည် ဟု သဘောထားပြီးလျှင် ခပ်အေးအေး ခပ်မှန်မှန်သာ ရှုမှတ်ရပါတယ်။
ရှုမှတ်အားကောင်းလာသောအခါ၌ အချို့ ပုဂ္ဂိုလ်များမှ မျက်စိ၏ အနီးအပါးတွင် ပြိုးပြိုးပျက်ပျက်နှင့် အရောင်ကလေးများကိုလည်း အနည်းငယ်မျှ တွေ့ရတတ်ပါတယ်။ တောရိပ်တောင်ရိပ်လိုလို၊ တိမ်ခိုးတိမ်လိပ်လိုလို၊ ဘုရားရဟန္တာသဏ္ဍာန်လိုလို၊ ကျောင်း အိမ် စသည်တို့၏ ပုံသဏ္ဍာန်လိုလို၊ နတ် လူ မိန်းမ ယောက်ျား ကျွဲ နွား စသည်တို့၏ ပုံသဏ္ဍာန်လိုလို၊ ဤသို့သော ပုံသဏ္ဍာန် အာရုံများကိုလည်း တွေ့ရတတ်ပါတယ်။
သူသေကောင် အသုဘလိုလို၊ အရိုးစုလိုလို တို့ကိုလည်း တွေ့ရတတ်ပါတယ်၊ မိမိ၏ကိုယ်ကိုလည်း သူသေကောင်လို၊ အရိုးစုကောင်လို၊ ဖူးဖူးယောင်နေသော အလောင်းကောင်လို ဖြစ်သွားသည် ဟူ၍လည်း ထင်မြင်တတ်ပါတယ်၊ ကိုယ်မှ အရေများ စုတ်ပြတ်ကွာလန်၍ ကျသွားသလို ခေါင်း လက် ခြေ စသော ကိုယ်အင်္ဂါများ ပြတ်သွားသလိုလည်း ထင်ရတတ်ပါတယ်။
ထိုသို့သော အာရုံအထူးများကို တွေ့ရသောအခါ၌ အချို့ယောဂီတို့က ဝမ်းမြောက်ဝမ်းသာ ပျှော်ရွှင်စွာနှင့် နှစ်သက်သဘောကျနေတတ်ပါတယ်၊ အချို့ကလည်း ဘုရားစသော ကြည်ညိုဖွယ်များ၌ ကြည်ညိုနေတတ်ပါတယ်၊ အာရုံအထူးများကို တွေ့ရသည့်အတွက် တရားလုပ်ငန်းနှင့် ဆရာသမားတို့အပေါ်၌လည်း ကြည်ညိုနေတတ်ကြပါတယ်။
*** ဒီလို အာရုံတွေကို တွေ့ရသည့် အတွက် ဝမ်းလည်း မသာရဘူး၊ ဝမ်းသာလျှင် လောဘလည်းဖြစ် အမှတ်လည်းပျက်ပါတယ်၊ ကြည်ညိုလည်းမနေရဘူး၊ ကြည်ညိုနေလျှင်လည်း အမှတ်ပျက်နေတာပါပဲ၊ ကြောက်လည်း မကြောက်ရဘူး၊ ကြောက်လျှင် ဒေါသလည်းဖြစ်၊ အမှတ်လည်း ပျက်နေတာပါပဲ၊ ဒီလိုအာရုံတွေက ဘာမျှထူးဆန်းတာတွေ မဟုတ်ပါဘူး၊ သမာဓိအားကောင်းလာတဲ့အခါမှာ မသိမသာ စိတ်ကူးကလေးတွေ ဖြစ်လာတဲ့အတွက် ပီပီသသ ထင်ပေါ်လာတဲ့ ပညတ်အာရုံမျှသာပါပဲ၊ အိပ်မက်ထဲမှာ တွေ့ရတာမျိုးပါပဲ၊ ဘာမျှအဟုတ်ရှိတာ မဟုတ်ပါဘူး၊ အဲဒီစိတ်ကူးကလေးတွေကလည်း အလွန်သိမ်မွေ့နေတဲ့အတွက် စိတ်ကူးတယ်ဟူ၍ပင် မသိနိုင်ပါဘူး၊ အာရုံကထင်ရှားနေလို့သာ “မြင်နေတဲ့ စိတ်ကူးကလေးလည်း ရှိတယ်” လို့ သိရတယ်၊ ဒါ့ကြောင့် မြင်နေရတဲ့ ထိုအာရုံကိုသာ စူးစိုက်၍ “မြင်တယ် မြင်တယ်” ဟု မပျောက်မချင်း မှတ်ရပါတယ်။ ဒီလိုအာရုံများကို တွေ့တိုင်းတွေ့တိုင်း လက်ခံမထားပါနှင့် မှတ်လျှင် ပျောက်သည်ဟု ယုံကြည်စိတ်ချပြီးတော့ မြန်မြန်ပျောက်သွားအောင်သာ စူးစိုက်၍ မှတ် မှတ် ပစ်လိုက်ပါ၊ ဝမ်းသာခြင်း နှစ်သက်ခြင်း သဘောကျခြင်း ကြည်ညိုခြင်း ကြောက်ခြင်းများ ဖြစ်သေးလျှင်လည်း ၎င်းတို့ကို “ဝမ်းသားတယ် ဝမ်းသာတယ်” စသည်ဖြင့် မှတ်မှတ်ပြီး ပယ်လိုက်ပါ၊ ပြီးတော့လည်း မှတ်နေကျကိုသာ ပြန်၍ မပြတ် မှတ်သွားပါ။
အချို့မှာ နာကျင်ကိုက်ခဲမှု ပူမှုစသော ဒုက္ခဝေဒနာများလည်း တရားသဘောအတိုင်း အနည်းငယ်မျှ ထင်ရှားပေါ်လာတတ်ပါတယ်၊ ထိုအခါမှာ အချို့က ညည်းညူတတ်ပါတယ်၊ အချို့ကလည်း ကြောက်၍ မမှတ်ဝံ့ပဲ ရှိတတ်ပါတယ်။
*** ဒီလို ဝေဒနာများမှာ ရှေးကလည်း အကြောင်းရှိတဲ့အခါ ဖြစ်ပေါ်လျက် ရှိနေခဲ့တာပါပဲ၊ သို့သော်လည်း အလွန်သေးငယ်သိမ်မွေ့တဲ့အတွက် ရှေးတုန်းကဆိုလျှင် သူတို့ရှိနေတယ်လို့ပင် မသိနိုင်အောင် မြုပ်ကွယ်နေခဲ့တယ်၊ ယခုမူကား သတိ သမာဓိ ဉာဏ်တို့က အတော်အတန် အားရှိလာတဲ့အတွက် မသိနိုင်အောင် မြုပ်ကွယ်နေတဲ့ ထိုဝေဒနာများကို ထင်ရှား တွေ့ရ သိရတာပဲ၊ ကြောက်ဖို့မလိုပါ၊ စိတ်မပျက်အပ်ပါ၊ နောင်အခါမှာ တွေ့သေးလျှင် ထိုဝေဒနာများကိုသာ စူးစိုက်၍ ပျောက်သွားသည့်တိုင်အောင် အတင်း မှတ်ပစ်လိုက်ပါ၊ ဉာဏ်အားနှင့် တွန်းမှန်လိုက်လျှင် မခံနိုင်ပါဘူး၊ သူတို့လည်း မမြဲတဲ့ သင်္ခါရတွေပဲ၊ ဉာဏ်အားကောင်းလာလျှင် ပျောက်သွားပါလိမ့်မယ်။
ထိုအာရုံအမျိုးမျိုးနှင့် ထိုစိတ်အမျိုးမျိုးတို့ ပျောက်ကင်းသွားသည့်နောက်၌ ရှုမှတ်မြဲပင် ရှုမှတ်လျက်နေသော ယောဂီ ပုဂ္ဂိုလ်တို့မှာ ဖောင်းမှု ပိန်မှုစသော မှတ်ရတဲ့အာရုံ အမျိုးမျိုးနှင့် ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မှတ်သိမှုတို့သည် တစ်ခုနှစ်တစ်ခု မရောယှက်ဘဲ ကွဲပြားကုန်သည်ဖြစ်၍ မှတ်သိမှုသည် ပိုင်းပိုင်းခြားခြား ရှင်းရှင်းလင်းလင်း သိလျက်သိလျက် အထူးကောင်းလာတတ်ပါတယ်။
ထိုအခါ အချို့ယောဂီသည် - အဖောင်း အပိန် အထိုင် အထိ အကွေး အဆန့် စသော အာရုံများနှင့် မှတ်တဲ့စိတ်များမှာ မှတ်တိုင်း မှတ်တိုင်း တွဲတွဲ တွဲတွဲနဲ့ဖြစ်နေတယ် - ဟု ပြောတတ်ပါတယ်။
အချို့ကလည်း - မှတ်စိတ်နှင့် အာရုံ တစ်ခုစီ တစ်ခုစီ ဖြစ်နေတယ် - ဟု ပြောတတ်ပါတယ်။
အချို့ကလည်း - စိတ်နှင့် အာရုံ ကပ်ခနဲ ကပ်ခနဲ ဖြစ်နေတယ် ဟု ပြောတတ်ပါတယ်။
အချို့ကလည်း - စိတ်နှင့် အာရုံ ဟတ်ဟတ် ဟတ်ဟတ်နဲ့ ဖြစ်နေတယ် ဟုပြောတတ်ပါတယ်။
အချို့ကလည်း - မှတ်တဲ့စိတ်ဟာ ပါးစပ်ထဲကလို့ အစတုန်းက ထင်နေတာ၊ ယခုတော့ ဗိုက်ပေါ်က နေတယ်လို့ ထင်တာပဲ ဟုပြောတတ်ပါတယ်။
အချို့ကလည်း - မှတ်တဲ့စိတ်ဟာ ကိုယ်ထဲကလို့ အစက ထင်နေတယ်၊ ယခုတော့ ကိုယ်ပေါ်ကလို့ ထင်တာပဲ ဟုပြောတတ်ပါတယ်။
*** ဒါဟာ အာရုံဆီသို့ ညွတ်သွားခြင်း - နမနလက္ခဏာအထူးထင်ရှားသည့်အတွက် ဤသို့ ပြောကြသည်ဟု ယူသင့်ပါတယ်။
အချို့ကလည်း မှတ်စိတ်က မှတ်ရာ မှတ်ရာ အာရုံဆီသို့ အရောင်တန်းကလေးလိုပင် တန်းကနဲ စိုက်ကနဲ ကျကျသွားသည် ဟု ပြောတတ်ပါတယ်။ (နမနလက္ခဏာ အထူးထင်ရှား၍ ပြောခြင်းပင်ဖြစ်ပါတယ်။)
အချို့ကလည်း အယင်ကတော့ တစ်ဗိုက်တည်းက ဖောင်း ပိန် နေတာမို့ အဖောင်းနှင့် အပိန်ကို တစ်ခုတည်းလို့ ထင်နေတယ်၊ ယခုတော့ ဖောင်းတာက တခြားပဲ၊ ပိန်တာက တခြားပဲ၊ မှတ်တာကလည်း တခြားဘဲ ဟု ပြောတတ်ပါတယ်။
အချို့ကလည်း အယင်က အဖောင်းနှင့်အပိန် ကွဲပါရဲ့လို့ ပြောမိတာဟာ အထင်နဲ့ပြောမိတာပါပဲ၊ ယခုမှ ကောင်းကောင်း ကွဲတာပဲ၊ ဖောင်းတာက တခြား ပိန်တာကတခြား မှတ်တာက တခြားပဲ၊ ဘာနဲ့ ဘာမျှ မရောဘူး၊ ရောလို့လည်း မဖြစ်ဘူး ဟုပြောတတ်ပါတယ်။
အချို့ကလည်း အယင်က မှတ်စိတ်ကလေးတွေကို တစ်စိတ်စီ တစ်စိတ်စီဟု သိပါရဲ့လို့ ပြောမိတာဟာ စိတ်ကူးနဲ့ပြောမိတာပဲ၊ ယခုမှ တစ်စိတ်စီ တစ်စိတ်စီလို့ သေသေချာချာ သိတာပဲ ဟုပြောတတ်ပါတယ်။
အချို့ကလည်း အယင်ကတော့ မှတ်နေတာဟာ တစိတ်တည်းကပဲ မှတ်နေတယ်လို့ ထင်နေတယ်၊ ယခုတော့ ဒီလို မဟုတ်တော့ဘူး၊ မှတ်တိုင်း မှတ်တိုင်း တစ်စိတ်စီ တစ်စိတ်စီချည်းပဲ ဟုပြောတတ်ပါတယ်။
အချို့လည်း အဖောင်း အပိန်က လူနဲ့ နည်းနည်းချင်း ကွာကွာပြီးတော့ ဝေးဝေးသွားတာကို ခဏခဏ တွေ့ရတယ် ဟု ပြောတတ်ပါတယ်။
အချို့ကလည် အပိန်ကတော့ သူ့နေရာမှာပဲ ပိန်ပြီး အဖောင်းကြီး တစ်ခုထဲ ကြီးကြီးပြီးတော့ ဖောင်းဖောင်းသွားလိုက်တာ ကျောင်းခေါင်မိုးကို ရောက်သွားတာပဲဟုပြောတတ်ပါတယ်။
*** အဖောင်း အပိန် ၂ မျိုးတည်းကိုသာ သက်သက်သာသာနှင့် မှတ်နေရသည့်အတွက် သမာဓိအားက လွန်ကဲ၍ ဝီရိယ ပညာအားများက နည်းသောကြောင့် စိတ်ညွတ်ရာသို့ လိုက်ပါသွားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဤသို့ ထင်၍ ထင်သည့်အတိုင်း ပြောခြင်းပါ၊ အမှတ်ကို တိုး၍ အထိုင် အထိ အအိပ် အထိ တို့ကိုပါ ထည့်သွင်း၍ မှတ်အပ်ပါတယ်။
အချို့က ကြားတယ်လို့ မှတ်လိုက်တဲ့အခါမှာ ကြားတာက တခြား မှတ်တာက တခြားပဲ ဟူ၍၎င်း၊ အသံက တခြား မှတ်တာက တခြားပဲ ဟူ၍၎င်း၊ ကြားတယ်လို့ ဆိုတာက တခြား အသံက တခြားပဲ ဟူ၍၎င်း၊ ကြားတာက တခြား အသံက တခြား မှတ်တာက တခြားပဲ ဟူ၍၎င်း၊ အသံက နားထဲကို ရောက်ရောက်လာတာပဲ၊ ကြားတာကတော့ နားထဲတွင် ကြားတာပဲ ဟူ၍၎င်း ပြောတတ်ပါတယ်။
အချို့က ကွေးတယ်လို့ မှတ်တဲ့အခါမှာ ကွေးချင်တာက တခြား ကွေးတာက တခြား ကွေးတယ်လို့ မှတ်တာက တခြား ကွေးတာက တခြားပဲ ဟူ၍၎င်း၊ ကွေးတယ်လို့ ဆိုတာနဲ့ အကွေးနဲ့ မရောပါ ဟူ၍၎င်း ပြောတတ်ပါတယ်။ ဆန့်တယ်လို့ မှတ်ရာမှာလည်း ဆန့်ချင်တာက တခြား၊ ဆန့်တာက တခြား ဆန့်တယ်လို့ မှတ်တာက တခြား၊ ဆန့်တာက တခြား၊ ဆန့်တယ်လို့ ဆိုတာက တခြား၊ ဆန့်တာက တခြားပဲ၊ ဆန့်တာနဲ့ ဆန့်ချင်တယ်လို့ ဆိုတာဟာ မရောပါ ဟူ၍လည်း ပြောတတ်ပါတယ်။
အချို့က ဖောင်းတယ် ပိန်တယ်ဟု မှတ်နေရာမှာ ဖောင်းတာ ပိန်တာက တစ်ယောက် မှတ်နေတာက တစ်ယောက် ဟု ပြောတတ်ပါတယ်။
*** အာရုံနှင့် မှတ်စိတ် တခြားစီ ကွဲ၍ ထင်သောကြောင့် ဤသို့ ပြောခြင်းဖြစ်ပါတယ်။ တစ်ယောက်ဟု ပြောသည်မှာ နှုတ်တက်နေသည့်အတိုင်း အလွယ်တကူ ပြောခြင်းမျှသာပါ၊ ပုဂ္ဂိုလ်စွဲဖြင့် ပြောသည်ဟူ၍ကား မဆိုသင့်ပါ။
အချို့ကလည်း အဖောင်း အပိန်ကို မှတ်တဲ့နေရာက တခြား၊ အဖောင်းအပိန်က တခြားပဲ ဟု ပြောတတ်ပါတယ်၊ မှတ်စိတ်ကိုပင် မှတ်တဲ့နေရာဟုပြောတာပါ။
အချို့က မှတ်တဲ့စိတ်ကလည်း ဘယ်ကမှတ်နေတယ်လို့ မသိဘူး၊ ဖောင်းတာ ပိန်တာကလည်း ဘယ်က ဖောင်းပိန်နေတယ်လို့ မသိဘူး၊ မှတ်နေတာကတော့ ကောင်းလိုက်တာ ဟု ပြောတတ်ပါတယ်။
*** ကိုယ်သဏ္ဍာန်ပါပျောက်၍ မှတ်မှုနှင့် အဖောင်းအပိန်တို့ကိုသာ ကွဲပြားစွာ တွေ့နေရသည့်အတွက် ဤသို့ ပြောခြင်းဖြစ်ပါတယ်။
အချို့ကလည်း ထိုင်ထယ်လို့ မှတ်နေရာမှာ ထိုင်တာက တခြား ထိုင်တယ်လို့ မှတ်တာက တခြားပဲ ဟုပြောတတ်ပါတယ်။ အချို့ကလည်း အထိုင်ကို ထိုင်တယ်လို့ ဆိုလိုက်တော့ ထိုင်တာကိုလည်း သိပါရဲ့၊ သိတာကလည်း ဘယ်ကမှန်းမသိဘူး ဟုပြောတတ်ပါတယ်။
*** ထိုင်ရုပ်နှင့်သိမှုကို ကွဲပြားစွာသိ၍ ပြောခြင်းပဲဖြစ်ပါတယ်။
အချို့က စားခိုက် ဝါးခိုက်မှာ ဝါးတယ်လို့ ဆိုတာက တခြား၊ ဝါးနေတာက တခြားပဲ ဟု ပြောတတ်ပါတယ်၊ အချို့ကလည်း စိတ်က စားချင်လို့ ရုပ်က စားနေတာပဲဟုပြောတတ်ပါတယ်။
*** သုတမရှိသော ပုဂ္ဂိုလ်တစ်ဦး၏ ပြောဆိုချက်သာဖြစ်ပါတယ်။
အချို့က ထိတယ်ထိတယ်လို့ မှတ်လိုက်တော့ အထိကလေးတွေက တခုပြီး တခု ကွက်ခနဲ့ ကွက်ခနဲ ထိ ထိ သွားတာပဲ၊ ထိတယ် ထိတယ်လို့ ဆိုတာကလည်း တခါစီ တခါစီ ဆိုနေရာတာပဲဟု၎င်း၊ အထက်လက်နှင့်အောက်လက် ထိနေရာတွင် အထက်လက်က ထိတာကိုသာ စူးစိုက်၍ ထိတယ်လို့ မှတ်လိုက်တဲ့အခါမှာ အောက်လက်ကိုမမြင်ဘူး၊ အထက်လက်က ထိတာကလေးကိုသာ တွေ့ရတယ်၊ အောက်လက်က ထိတာကိုတော့ မသိဘူးဟု၎င်း၊ ထိတဲ့နေရာများကို ရွှေ့ကာ ရွှေ့ကာ ထိတယ် ထိတယ်လို့ မှတ်နေတဲ့အခါမှာ ဟိုနေရာ ထိတာက တခြား၊ ဒီနေရာထိတာက တခြား၊ ဘယ်နေရာပဲဖြစ်ဖြစ် မှတ်တိုင် မှတ်တိုင်း အထိအကလေးတွေက တခြား၊ ထိတယ် ထိတယ်လို့ မှတ်တဲ့ စိတ်ကလေးတွေက တခြားစီ ဖြစ်နေတာချည်းပဲ ဟု ပြောတတ်ပါတယ်။
အချို့ကလည်း အဖောင်းအပိန်ကိုပဲ မှတ်မှတ်၊ အထိုင်အထိကိုပဲ မှတ်မှတ်၊ အကွေးအဆန့်ကိုပဲ မှတ်မှတ်၊ မှတ်တိုင်း မှတ်တိုင်း မှတ်ရတဲ့ အာရုံနဲ့ မှတ်တာနဲ့ နှစ်ခု နှစ်ခုကိုသာ တွေ့နေတော့တာပဲ၊ နှစ်ခု နှစ်ခုထဲ ရှိနေတာပဲဟု၎င်း၊ မှတ်တိုင်းမှတ်တိုင်း အာရုံနှင့်မှတ်စိတ် တစုံတစုံ တွဲလျက် တွဲလျက်ချည်းပဲ ဟုပြောတတ်ပါတယ်။
အချို့ယောဂီတို့ကား မိမိတို့၏ဉာဏ်၌ ထင်ပုံကို ဥပမာ တင်၍လည်း ပြောပြတတ်ပါတယ်။
ပြောပုံကား - မောင်းဆုံထဲကို မောင်းကျောက်က ကျကျနေတာလိုပဲ၊ အဖောင်းအပိန်ပေါ်မှာ မှတ်စိတ်က ကျရောက် ကျရောက်နေတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
အဖောင်းအပိန်ကို မှတ်ရာတာက ရွှံ့ပြော့ပြော့ထဲကို ခဲမာမာကလေးနဲ့ ပစ် ပစ်သွင်းလိုက်ရတာလိုပဲဟူ၍လည်း ပြောတတ်ပါတယ်။ ရွှံ့ပြော့ပြော့ နှင့် အဖောင်းအပိန်၊ ခဲမာမာနှင့် မှတ်စိတ်၊ ရွှံ့ထဲသို့ ဝင်ဝင်သွားပုံနှင့် အဖောင်းအပိန်သို့ မှတ်စိတ်က ဝင်ရောက် ဝင်ရောက်သွားပုံ တူသည်ဟု ဆိုလိုပါတယ်။
မှတ်ရတာက သစ်ပင်ပေါ်က သစ်သီးများကို ခဲများ ဒုတ်များနဲ့ ပစ်ရတာလိုပဲ ဟူ၍လည်း ပြောတတ်ပါတယ်။ သစ်သီးနှင့် အဖောင်းအပိန်၊ ခဲနှင့်မှတ်စိတ်၊ ထိမှန်တာနှင့် သိသိသွားတာ တူသည်ဟု ဆိုလိုခြင်းပါ။
ဆိုင်းဝိုင်းထဲက ဗုံကလေးများကို ပတ်လည်လှည့်ပြီး လက်ကလေးနဲ့ တီးသွားသလိုပဲ ဟူ၍လည်း ပြောတတ်ပါတယ်။ ဗုံကလေးများနှင့် မှတ်ရတဲ့အာရုံ လက်နှင့်မှတ်စိတ် တီးမှုနှင့်သိမှု တူသည်ဟု ဆိုလိုပါတယ်။
အဖောင်း အပိန်ကို လိုက်လိုက်ပြီး မှတ်နေရာတာက နွားချည်တိုင်က ဒလက်ကလေးလိုပဲ ဟူ၍လည်း ပြောတတ်ပါတယ်။ နွားနှင့် အဖောင်းအပိန် ဒလက်နှင့်မှတ်စိတ် နွားသွားရာကို ဒလက်က လှဲ့လှဲ့ပြီး လိုက်နေတာနှင့် ပေါ်ရာ ပေါ်ရာ အာရုံဆီသို့ မှတ်စိတ်က လိုက်လိုက်ပြီးသိနေပုံ တူသည်ဟု ဆိုလိုပါတယ်။
ငယ်ရွယ်စဉ်တုန်းက ပါသ်ခွလေးနှင့် ငှက်ပစ်ရာမှာ ငှက်ကို စွပ်ကနဲ့ထိမှန်တော့ လေးကိုင်ထားတဲ့လက်မှာ စီးကနဲ ဖြစ်သွားတာလိုပဲ၊ မှတ်ရတာက စီးကနဲ စီးကနဲ့ အာရုံမှာ ကပ်ကပ်သွားတယ် ဟူ၍လည်း ပြောတတ်ပါတယ်။
အိပ်တယ်လို့ မှတ်လိုက်ရာမှာ အိပ်နေတာကြီးက သစ်တုံးကြီးကို ချထားသလိုပဲ၊ ဘာမျှ သိလည်းမသိတတ်ဘူး၊ လှုပ်လည်းမလှုပ်နိုင်ဘူး၊ အိပ်တယ်လို့ မှတ်တဲ့စိတ်ကသာ သွားသွားပြီး မှတ်မှတ်နေရတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။ ရုပ်တရားက ဘာမျှမသိတတ်၊ နာမ်တရားကသာ သိတတ်သည်ဟု ရှင်းလင်းစွာ သဘောကျ၍ ပြောခြင်းဖြစ်ပါတယ်။
ဘာကိုပဲမှတ်မှတ် မှတ်ရမည့်အာရုံဆီကို မှတ်စိတ်ကလေးများက ပြေးဝင်း ပြေးဝင် နေတာဟာ ငှက်နှုတ်သီးကလေးနဲ့ ဆတ်ကနဲ ဆတ်ကနဲ ပေါက်ပေါက်နေတာလိုပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
စိတ်က ခိုင်းတိုင်း၊ ကိုယ်က လုပ်နေရာတာဟာ သခင်နှင့် ကျွန်လိုပဲ ဟူ၍၎င်း၊ နွားနှင့်လှည်းလိုပဲဟူ၍၎င်း ဤသို့လည်း ပြောတတ်ပါတယ်။ ဤမျှသော ပြောပုံများဖြင့် ဥပမာတင်၍ ပြောတတ်သော ယောဂီတို့၏ အလားတူ စကားများကိုလည်း နည်းယူ၍ ဆုံးဖြတ်နိုင်လောက်ပါပြီ။
*** လိုရင်းအတိုချုပ်ကား … မှတ်သိရမည့် အာရုံကလေးများနှင့် မှတ်သိသည့် စိတ်ကလေးများသာလျှင် အတွဲလိုက် အတွဲလိုက်အားဖြင့် ကပ်ခနဲကပ်ခနဲ ဖြစ်လျက်ရှိသည်၊ ထိုအာရုံနှင့်မှတ်စိတ်တို့မှ တပါးသော သတ္တဝါပုဂ္ဂိုလ် အပိုဟူက ဘာမျှမရှိတော့ပြီဟု မှတ်တိုင်း မှတ်တိုင်း မှတ်ခိုက်မှာပင် ပိုင်းပိုင်း ခြားခြား ရှင်းရှင်းလင်းလင်း သိမြင် သဘောကျခြင်းသည် နာမရူပပရိစ္ဆေဒဉာဏ် မည်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း (၃)
ပစ္စယပရိဂ္ဂဉာဏ်ခန်း
ဤဉာဏ် အဆင့်၌ ယောဂီတို့ပြောတတ်ပုံမှာ .. ဖောင်းတယ် ပိန်တယ် ထိုင်တယ် စသည်ဖြင့် မှတ်နေစဉ်မှာ အဖောင်း အပိန် စသော မှတ်စရာ တခုခုကို မှတ်ပြီးလျှင် တခြား တပါး မှတ်စရာမလည်း အဆင်သင့် ရှိရှိနေတာပဲ၊ တမင် မစဉ်းစားရ မရှာရတော့ဘူး၊ မှတ်စရာတွေက တခုပြီးတခု အဆင်သင့် ပေါ်ပေါ်လာတာပဲ၊ ပေါ်လာတဲ့ အတိုင်းပင် တခုပြီး တခု မပြတ် မှတ်မှတ် နေရတော့တာပဲ .. ဟု ပြောတတ်ပါတယ်။ မှတ်စရာ အာရုံ အကြောင်းတရား ထင်ရှားရှိခြင်းကြောင့် မှတ်သိမှု အကျိုးတရား ဖြစ်ပေါ်ရသည်ကို ပြောခြင်းပါ။
အချို့ကလည်း .. ဘုရား ရဟန္တာ စသော ပုံသဏ္ဍာန် အာရုံ အမျိုးမျိုးတွေကို ပေါ်လာတိုင် လိုက်လိုက်ပြီး မှတ်နေရတာပဲ၊ တခု တခုကို မှတ်လို့တောင် ကောင်းကောင်း မပျောက်သေးဘူး၊ နောက် တခု တခုက ရောက်ရောက်လာလို့ လိုက်လိုက်ပြီး မှတ်နေရတာပဲ .. ဟု လည်း ပြောတတ်ပါတယ်။ မှတ်စရာအာရုံအကြောင်း ပေါ်မှုကြောင့် မှတ်မှုအကျိုးဖြစ်ရသည်ကို ပြောခြင်းပါပဲ။
အချို့ကလည်း .. ကိုယ်တွင် သန္တာန်၌ နာမှု ကျင်မှု ယားမှု စသော ဝေဒနာတွေကို မှတ်နေရာမှ ဝေဒနာ တခုခုကိုတောင် မှတ်လို့ မပျောက်သေးဘူး၊ တခြားနေရာက ဝေဒနာ အသစ် တခုခုက ပေါ်လာပြန်လို့ ပေါ်တိုင်းပေါ်တိုင်းကို လိုက်လိုက်ပြီး မှတ်နေရတာပဲ .. ဟု ပြောတတ်ပါတယ်။ အချို့ကလည်း .. ဒါလောက်များတဲ့ ဆိုးဝါးတဲ့ ဝေဒနာတွေကို တွေ့နေရာတာဟာ ကံဆိုးလွန်းလို့ ထင်တာပဲ .. ဟု ပြောတတ်ပါတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့နှင့်တကွ ကံ အကြောင်းကြောင့် ဝေဒနာ ဖြစ်ရသည်ကို သဘောကျ၍ ပြောသည်ဟု ယူရာပါတယ်။
အချို့ကလည်း .. ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မှတ်နေရာတာမှာ တွဲတွဲ တွဲတွဲနဲ့ အလွန်ကောင်းနေတာပဲ၊ အဖောင်းနဲ့ ဖောင်းတယ်လို့ ဆိုတာ အပိန်နဲ့ ပိန်တယ်လို့ ဆိုတာဟာ တည့်လည်းတည့်နေတာပဲ၊ ဘာကိုပဲ မှတ်မှတ် တည့်တည့်နေတာချည်းပဲ၊ တခြားစီ တခြားစီလို့လည်း ရှင်းရှင်းနေတာချည်းပဲ၊ အယင်က ကောင်းတယ်လို့ ဆိုတာက အလကားပဲ၊ ယခုမှ အာရုံနဲ့ မှတ်စိတ်ဟာ တွဲတွဲ တွဲတွဲနဲ့ သွက်သွက်လက်လက် ဖြစ်ပြီးတော့ အဟုတ် ကောင်းနေတာပဲ .. ဟု ပြောတတ်ပါတယ်။
အချို့လည်း .. ဒီလို တရားကောင်းတာကို ဆရာများနှင့် တွေ့ရပေလို့ပဲ၊ မည်သူက တိုက်တွန်းပေလို့ပဲ၊ မည်သူက ဟောပေလို့ပဲ .. စသည်ဖြင့် ကျေးဇူးတင်စကားကိုလည်း ပြောတတ်ပါတယ်။ သပ္ပူရိသူပနိဿယ သဒ္ဓမ္မသဝန အကြောင်းများကြောင့် ဘာဝနာ ကုသိုလ် ဖြစ်ရသည်ကို သဘောကျ၍ ပြောခြင်းပါ။
*** အဲဒီလိုအခြေအနေမျိုးတွေတွေ့လာယင် သတိပေးလိုတာကတော့ .. အလျင်ကလည်း သူ့နေရာနှင့်သူတော့ ကောင်းနေခဲ့တာပါပဲ ယခုလိုချည်းပဲ အမြဲကောင်းနေလိမ့်မည်လို့တော့ ထင်မထားပါလင့်၊ တခါတရံမှာ ခပ်ကျဲကျဲလည်း ဖြစ်သွားတတ်သေးတယ်၊ အကယ်၍များ ခပ်ကျဲကျဲဖြစ်သွားလျှင် စိတ်ပျက်ပြီး မမှတ်ပဲတော့ မနေပါနှင့်၊ လွန်မြောက်အောင်သာ ကြိုးစားပြီး မှတ်ရပါမယ်၊ ဟိုလူ ဒီလူတွေကို လိုက်ပြီးတော့ ကျေးဇူးတင်လျက် စဉ်းစားလည်း မနေပါနဲ့၊ အဲဒီလို ကျေးဇူးတင်လျက် စဉ်းစားမိတဲ့ စိတ်များကိုလည်း မှတ်မှတ်သွားပါ။
အချို့ကလည်း .. သွက်သွက် သွက်သွက်နဲ့ အလွန်မြန်ပြီး ကောင်းနေရာမှာ အဖောင်း အပိန်က သေးသေးသွားလို့ မှတ်ရတာ ကျဲတဲကြီး ဖြစ်နေတယ်၊ မှတ်လို့လည်း မကောင်းဘူး .. ဟု ပြောတတ်ပါတယ်။ အကြောင်းကို စစ်ဆေးပြုပြင်သင့်ပါတယ်။
အချို့ကလည်း .. အဖောင်း အပိန်က လုံးလုံး ပျောက်ပျောက်နေလို့ မှတ်စရာမရှိတာနဲ့ အဖောင်း အပိန်ကို ရှာရှာပြီးတော့ မှတ်နေရတယ် .. ဟု ပြောတတ်ပါတယ်။ မှတ်စရာ အာရုံအကြောင်း မရှိလျှင် မှတ်မှု အကျိုးတရား မဖြစ်နီုင်သည်ကို သိ၍ ပြောခြင်းပါ။
*** အဲဒီလိုအခြေအနေမျိုးမှာ .. အဖောင်း အပိန် မထင်ရှားတဲ့ အခါမှာဖြစ်စေ လုံးလုံးပျောက်နေတဲ့ အခါမှာဖြစ်စေ မရှိတဲ့ အဖောင်း အပိန်ကိုတော့ ရှာမနေပါနှင့်၊ အထိုင် အထိ အအိပ် အထိ တို့ကိုသာ မှတ်ပါ။ အထိများကိုလည်း နေရာ ရွှေ့၍ ရွှေ့၍ မှတ်ပါ။ ဥပမာ - ထိုင်တယ်ဟု မှတ်ပြီးလျှင် ညာဘက်ခြေက အထိကို ထိတယ်ဟု မှတ်ပါ၊ ပြီးတော့ ထိုင်တယ်ဟု တဖန် မှတ်ပြီးလျှင် ဘယ်ဘက် ခြေက အထိကို ထိတယ် ဟု မှတ်ပါ၊ ဤနည်းဖြင့် လေး ငါး ခြောက်နေရာဖြစ်စေ ထိုထက်များစွာဖြစ်စေ အထိများကို ပြောင်းရွှေ့၍ မှတ်ပါ။
အဖောင်း အပိန် သေးငယ်ခြင်း ကွယ်ပျောက်ခြင်းများမှာ တရားသဘောအတိုင်း သိမ်မွေ့ နူးညံ့သွားခြင်းပါ။ ယခုအနေမှာ ဉာဏ်နုသေး၍ မသိနိုင်သေးသော်လည်း စိတ်မပျက်ပဲ မှတ်နေလျှင် မကြာမှီပင် ဉာဏ်ရင့်လျက် ထင်ထင်ရှားရှား သိနိုင်၍ အထူးကောင်းလာပါလိမ့်မယ်။
အချိူ့ကလည်း … ကြားတဲ့အခါမှာ အသံကလေးတွေက နားထဲသို့ အလိုလို ရောက်ရောက်လာတာပဲ၊ နားထဲကို ရောက်လာမှ ကြားတာပဲ၊ ကြားတော့မှ ကြားတယ်လို့ မှတ်ရတာပဲ ဟု ပြောတတ်ပါတယ်။ အသံရုပ် နားရုပ်ရှိသောကြောင့် ကြားမှုဖြစ်ပေါ်သည်ကို၎င်း၊ ကြားမှုအာရုံရှိမှ မှတ်မှု ဖြစ်ပေါ်သည်ကို၎င်း သဘောကျ၍ ပြောခြင်းပါ။
အချို့ကလည်း .. အစကတော့ အသံတွေကိုချည်း ကြားကြားနေတယ်၊ ယခုတော့ အဖောင်းအပိန်ကိုချည်း မဲပြီးမှတ်နေလျှင် အသံတွေက ဘာမျှမရှိတာလို ဖြစ်နေတာပဲ၊ သူတို့ကို ဂရုမစိုက်တော့ ဘာမျှ မကြားရတော့ဘူး .. ဟု ပြောတတ်ပါတယ်၊ မနသိကာရအကြောင်းရှိမှ ကြားမှု ဖြစ်နိုင်သည်ကို၎င်း၊ မနသိကာရ မရှိလျှင် မဖြစ်နိုင်သည်ကို၎င်း သဘောကျ၍ ပြောခြင်းပါ။
အချို့ကတော့ .. အမျိုးမျိုးသော အာရုံတွေက ရှေ့နားမှာ အလိုလိုပင် ရောက်ရောက် လာကြလို့ မြင်တယ် မြင်တယ် ဟု မှတ်မှတ် နေရတယ်၊ ပေါ်လာခါစတုန်းကတော့ မှတ်ဖို့ သတိမရလို့ ကြည့်နေမိသေးတယ်၊ မမှတ်မိဘူး၊ ယခုတော့ မှတ်ရမှာတွေချည်းပဲလို့ သိပြီးတော့ မှတ်မယ်လို့ နှလုံးသွင်းထားတဲ့အတွက် ပေါ်ပေါ်ချင်း မြင်တယ် မြင်တယ် ဟု မှတ်နိုင်တာချည်းပဲ .. ဟု ပြောတတ်ပါတယ်။ အာရုံအကြောင်း ယောနိသော မနသိကာအကြောင်းများကြောင့် မှတ်မှုဖြစ်သည်ကို သဘောကျ၍ ပြောခြင်းပါ။
အချို့က .. ဘုရား ရဟန္တာ စသော ပုံသဏ္ဍာန် အာရုံ အမျိုးမျိုးကိုချည်း အမြဲလိုလို မှတ်နေရတာပဲ .. ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. ဘုရား ရဟန္တာစသော ပုံသဏ္ဍာန် အာရုံများကို တလှည့် မှတ်လိုက် သူတို့ ပျောက်သွားလျှင် အဖောင်း အပိန် အထိုင် အထိကို တလှည့် မှတ်လိုက်နဲ့ ခဏခဏ ပြောင်းပြောင်းပြီးတော့ တလှည့်စီ မှတ်နေရာတာပဲ .. ဟု ပြောတတ်ပါတယ်။
အချိူကလည်း .. ယားခြင်း ပူခြင်း ညောင်းခြင်း နာခြင်း ကိုက်ခဲခြင်းစသော ဝေဒနာ အမျိုးမျိုးကို တခုမှ တခုသို့ ခဏခဏ ပြောင်းရွှေ့ပြီး မှတ်နေရတာပဲ .. ဟု ပြောတတ်ပါတယ်။
အချို့ကလည် .. အယား အပူ အညောင်း စသော ဝေဒနာများကို တလှည့်မှတ်လိုက် အဖောင်း အပိန်ကို တလှည့် မှတ်လိုက်နဲ့ ခဏခဏ ပြောင်းလည်းပြီးတော့ တလှည့်စီ မှတ်နေရတာပဲ .. ဟု ပြောတတ်ပါတယ်။
*** အဲဒီလို အခြေအနေမျိုးတွေနဲ့တွေ့ကြုံလာယင် .. အာရုံ အမျိုးမျိုးကို တွေ့ရသည့်အတွက် ဝမ်းသာခြင်း နှစ်သက်ခြင်း မရှိစေရပါဘူး၊ ဝမ်းသာမိ နှစ်သက်မိလျှင်လည်း မှတ်၍ ပယ်အပ်ပါတယ်၊ အာရုံ အမျိုးမျိုး ဝေဒနာ အမျိုးမျိုးတို့ကို တွေ့နေရသည့်အတွက်လည်း ကြောက်ရွံ့ စိတ်ပျက်ခြင်း မပြုပဲ အားတင်း၍ အတင်းတိုးကာ မှတ်စေအပ်ပါတယ်။
အချို့ကမူ .. အဖောင်း အပိန်ကိုချည်း မှတ်နေရတာပဲ၊ သူများလို တိမ်ခိုး တိမ်လိပ်တို့ ဘုရား ရဟန္တာတို့ အစိမ်း အပြာ အဝါ ရောင်စုံ အဆင်းတို့ ဆိုတာတွေကိုတော့ ဘာတခုမျှ မတွေ့ရပါဘူး၊ ဖြစ်မှ ဖြစ်ပါတော့မလား .. ဟု ညည်းတွား၍ ပြောတတ်ပါတယ်။
မှတ်ရတာကတော့ ဘယ်လိုနေသလည်း၊ ရှင်းရဲ့ မဟုတ်လား၊ မှတ်စရာရှိမှ မှတ်သိမှုကလေးများ ဖြစ်နိုင်တာကိုတော့ သဘောကျရဲ့ မဟုတ်လားဟု မေးလျှင် .. မှတ်ရတာကတော့ ရှင်းနေတာပဲ၊ အဖောင်းပေါ်လာမှ ဖောင်းတယ်လို့ မှတ်ရတာပဲ၊ အပိန် ပေါ်လာမှ ပိန်တယ်လို့ မှတ်ရတာပဲ၊ ကွေးချင်တာ ကွေးတာ ဆန့်ချင်တာ ဆန့်တာ စိတ်သွားတာတွေလည်း ပေါ် ပေါ်လာမှ မှတ်ရတာပဲ၊ ဒီလိုတော့ သဘောကျပါတယ်၊ ဒါပေမယ့် သူများလိုဖြင့် ဘာမျှ ထူးထူးထွေထွေ မတွေ့ရဘူး .. ဟုပြောတတ်ပါတယ်။
** ဒါဟာ ကောင်းနေသော မှတ်သိမှုကိုပင် ကောင်းသည်ဟု မထင်သည့်အတွက် စိတ်အားလျော့လျက် ပျင်းရိနေခြင်းပါ။
*** အဲဒီလို အခြေမနေမျိုးနှင့်ကြုံလာလျှင် ဘုရား ရဟန္တာတို့ ဘာဘာ ညာညာတို့ ဆိုတဲ့ အာရုံများလည်း မှတ်ရမည့် အာရုံမျှပါပဲ၊ ယခု မှတ်နေရတဲ့ အဖောင်း အပိန် စသည်တို့ဟာလည်း မှတ်ရမည့် အာရုံပါပဲ၊ ဘာပဲဖြစ်ဖြစ် ပေါ်လာတဲ့ အာရုံဟာ မှတ်ရတာချည်းပါပဲ၊ ဘာမျှ အကြောင်း မထူးလှပါ။ ဘယ်လို အာရုံကိုပဲ မှတ်ရ မှတ်ရ မှတ်ချက်တိုင်းမှာ သိက္ခာ သုံးပါးလုံး ပါဝင် ပြီးစီးသည်ပါပဲ။ ထူးထူးထွေထွေ အာရုံကို မှတ်ရသည်ဖြစ်စေ၊ အဖောင်း အပိန်ကို မှတ်ရသည်ဖြစ်စေ၊ အကွေးအဆန့် အမြင်အကြားစသည်ကို မှတ်ရသည် ဖြစ်စေ၊ သီလသိက္ခာပုဒ်များကို မလွန်ကျူးရအောင် စောင့်ထိန်းမှု ကြဉ်ရှောင်မှု သီလသိက္ခာလည်း မှတ်ချက်တိုင်းမှာ ပါဝင်ပြည့်စုံနေတာပဲ၊ မှတ်ရတဲ့ အာရုံအပေါ်မှာ တည်ကြည်စူးစိုက်မှု သမာဓိသိက္ခာလည်း ပါဝငါပြည့်စုံနေတာပဲ၊ မှတ်မိတဲ့ အာရုံကို အမှန်အတိုင်း သိသိသွားတာက ပညာသိက္ခာပဲ၊ အဖောင်း အပိန်ကို သိတာလည်း ပညာပဲ၊ အဖောင်းအပိန် ရှိသောကြောင့် ဖောင်းတယ် ပိန်တယ် ဟု မှတ်သိရတယ်လို့ သိတာလည်း ပညာပဲ၊ ကွေးချင်လို့ ကွေးမှု ဖြစ်တယ် ဆန့်ချင်လို့ ဆန့်မှု ဖြစ်တယ် အကွေး အဆန့် ရှိလို့ ကွေးတယ် ဆန့်တယ် ဟု မှတ်ရတယ်၊ ဤသို စသည်ဖြင့် မှတ်ရင်း မှတ်ရင်း သိသိသွားတာ သဘောကျကျ သွားတာဟာလည်း ပညာပါပဲ၊ လိုချင်လို့ လိုချင်တယ်ဟု မှတ်ရတယ် နှစ်သက်လို့ နှစ်သက်တယ်ဟု မှတ်ရတယ် စိတ်ပျက်လို့ စိတ်ပျက်တယ်ဟု မှတ်ရတယ် စိတ်သွားလို့ သွားတယ်ဟု မှတ်ရတယ် ဤသို့ စသည်ဖြင့် မှတ်တိုင်း မှတ်တိုင်း သိသိသွားတာ သဘောကျကျ သွားတာဟာလည်း ပညာချည်းပါပဲ၊ ဒီလို မှတ်တိုင် မှတ်တိုင်း သီလ သမာဓိ ပညာတွေ ဖြစ်ပွားနေလျှင် ဘာလိုသေးပါသလဲ၊ ကြိုးစားပြီးတော့သာ စူးစူးစိုက်စိုက် တင်းတင်းရင်းရင်း မှတ်ပါ။
အကွေး အဆန့်တို့ကို မှတ်ရာ၌ - အယင်ကတော့ ကွေးချင်တယ်လို့ မှတ်ပေမယ့် ကွေးချင်တဲ့စိတ်ကလေးကို သေသေချာချာ မတွေ့ရဘူး၊ ယခုတော့ ကွေးချင်တဲ့ စိတ်ကလေးက စစပြီး ပေါ်လာတာပဲ၊ ကွေးချင်တယ်လို့ မှတ်ပြီးတော့မှ ကွေးတယ် ကွေးတယ်လို့ မှတ်ရတယ်၊ အယင်ကတော့ အလိုရှိတိုင်း ကွေးနိုင်တယ်လို့ ထင်နေခဲ့တယ်၊ ယခုတော့ ကွေးချင်တဲ့ စိတ်ကြောင့် ကွေးလာတာကိုးလို့လည်း သိလာပါပြီ .. ဟူ၍လည်း ပြောတတ်ပါတယ်။
ကွေးမယ်ဆိုလျှင် ကွေးချင်တဲ့ စိတ်ကလေးက အယင်ဖြစ်လာတာပဲ၊ သူဖြစ်ပြီးမှ ကွေးကွေးလာတာပဲ၊ ကွေးချင်တဲ့ စိတ်ကလေးကို ကွေးချင်တယ်လို့ မှတ်လိုက်ယင်း နောက်တခါ ကွေးချင်တဲ့ စိတ်ကလေးက ဖြစ်လာလိုက်ယင် တခါ ကွေးချင်တယ်လို့ မှတ်လိုက်ယင်းနဲ့ သုံးလေးခါလောက် မှတ်လိုက်တော့ ကွေးချင်တဲ့ စိတ်ကလေး မဖြစ်ပေါ်လာတာနဲ့ မကွေးရတော့ဘူး .. စသည်ဖြင့်လည်း ပြောတတ်ပါတယ်။
ဆန့်ခြင်း ထိုင်ခြင်း အိပ်ခြင်း ထခြင်း သွားခြင်း ရပ်ခြင်း လှုပ်ရှား ပြုပြင်ခြင်း ဟူသမျှတို့၌လည်း နည်းတူပင်ပြောတတ်ပါတယ်။ စားသောက်ရာ၌လည်း ထို့အတူပါပဲ။
တခါတရံမှာ ကိုယ်ထဲ ပေါင်ထဲ ခြေထောက်ထဲက စိမ့်စိမ့် စိမ့်စိမ့်နှင့် တက်တက်လာတယ်၊ ဖျဉ်းကနဲ ဖျဉ်းကနဲ ကြက်သီး ထ ထ သွားတယ်၊ ဖျဉ်းကနဲ ဖျဉ်းကနဲ လန့် လန့် သွားတယ် ဟု ပြောတတ်ပါတယ်။ ထိုသို့ဖြစ်ရာမှာ အချို့ကလည်း များစွာ နှစ်သက် သဘောကျနေကြောင်း ပြောတတ်ပါတယ်။ အချို့ကတော့ အလွန်အမင်း ကြောက်ရွံ့၍ မမှတ်တော့ပဲ ရပ်ဆိုင်းပစ်လိုက်တတ်ပါတယ်။
*** ကိုယ်ထဲ၌ စိမ့်စိမ့် စိမ့်စိမ့်နှင့် တက်ခြင်း၊ ဖျဉ်းကနဲ ဖျဉ်းကနဲ ကြက်သီးထခြင်းများမှာ ဝိပဿနာ၌ ပါဝင်သော ပီတိတရား၏ အဟုန်ကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ် အထူးများသာ ဖြစ်ပါတယ်။ ထိုသို့ တွေ့ကြုံလာလျှင် စိမ့်လျှင်စိမ့်တယ် စိမ့်တယ် ဟုတ် မှတ်ပါ၊ တက်လျှင် တက်တယ် တက်တယ်ဟု မှတ်ပါ၊ ကြက်သီးထလျှင် ထတယ် ထတယ်ဟု မှတ်ပါ၊ ဝမ်းသာလျှင် ဝမ်းသာတယ် ဝမ်းသာတယ်ဟု မှတ်ပါ၊ သဘောကျလျှင် သဘောကျတယ် သဘောကျတယ်ဟုမှတ်ပါ၊ ဖြစ်ပုံကို ဘယ်လိုမှ မခေါ်တတ်လျှင် သိတယ် သိတယ်ဟု မှတ်ပါ၊ ကြောက်လျှင် ကြောက်တယ် ကြောက်တယ်ဟု မပျောက်မချင်း စူးစိုက်၍ မှတ်ဖို့လိုအပ်ပါတယ်။ တရားသဘောအတိုင်း ပီတိအဟုန်ကြောင့် ကြက်သီးထာတာကို မကြောက်အပ်ပါ၊ ကြောက်ဖို့မလိုပါ၊ ကြောက်စရာ ဘာမျှ မရှိပါ။
ဤကဲ့သို့ ကြက်သီးမွေးညှင်း ထပြီးသော အခါမှာ အချို့က .. မျက်စိအနီး မေးအနီး ရင်ဘတ်ပေါ်များမှ ပြိုးပြိုးပြက်ပြက်နှင့် မီးပန်းကလေးများကို မီးလောင်နေတာလိုလည်း ခဏ ခဏ တွေ့ရတယ် .. ဟူ၍လည်း ပြောတတ်ပါတယ်။
အာရုံအမျိုးမျိုးကို မှတ်ရာတွင် ဘယ်လိုအာရုံကိုပဲ မှတ်ရ မှတ်ရ မှတ်စရာပေါ်လာလို့ မှတ်ရတာပဲ၊ မှတ်စရာရှိလို့ မှတ်စိတ်ကလေးတွေ ဖြစ်ဖြစ်နေတာပဲ .. ဟူ၍လည်း ပြောတတ်ပါတယ်၊ စိတ်မရှိလျှင်တော့ ကိုယ်ကောင်ကြီးက ဘာမျှအသုံးမကျဘူး၊ အသေကောင်ကြီးလို သစ်တုံးကြီးလိုပါပဲ .. ဟူ၍လည်း ပြောတတ်ပါတယ်။
လှုပ်ချင်မှုစသည်ရှိမှ လှုပ်မှုစသည် ဖြစ်နိုင်ကြောင်း သို့မဟုတ်လျှင် လှုပ်မှုစသည် မဖြစ်နိုင်ကြောင်းများကို သဘောကျ၍ ပြောခြင်းပါ။
ဒီလိုဖြစ်နေတဲ့ တရားတွေကို ရှေးရှေးတုန်းက မသိလို့သာ ကောင်းတယ်လို့ ထင်နေတာပဲ၊ ကောင်းတယ်လို့ ထင်နေလို့ ယခုထက်ထိ အဖန်ဖန် ဖြစ်နေရတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။ အဝိဇ္ဇာ စသော အကြောင်းကြောင့် နာမ်ရုပ် အကျိုးတရား ဖြစ်ရသည်ကို သဘောကျ၍ ပြောခြင်းပါ။
*** လိုရင်းအချုပ်ကား .. မှတ်တိုင်း မှတ်တိုင်း အကြောင်းနှင့်အကျိုး ၂ မျိုး ၂ မျိုးကိုသာ တွေ့ရ၍ “အကြောင်းအကျိုး ဤ ၂ မျိုးသာ ရှိသည်” ဟု သိခြင်း သဘောကျခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ် မည်ပါတယ်။
ထို့ပြင် ကွေးလိုခြင်း စသော အကြောင်းနာမ်တရားများကြောင့် ကွေးခြင်းစသော အကျိုး ရုပ်တရားတို့ ဖြစ်ပေါ်သည်ကို၎င်း၊ အဆင်း အသံ စသော အာရုံအကြောင်းတရားနှင့် မျက်စိ နားစသော ဒွါရအကြောင်းတရားတို့ကြောင့် မြင်မှု ကြားမှုစသော အကျိုးနာမ်တရားတို့ ဖြစ်ပေါ်သည်ကို၎င်း၊ မှတ်စရာ အာရုံအမျိုးမျိုး ထင်ရှားပေါ်ခြင်းကြောင့် မှတ်သိမှုနာမ်များ ဖြစ်ရသည်ကို၎င်း၊ ရှေးကံကြောင့် ကောင်းမကောင်းသော အကျိုးရုပ်နာမ်တို့ ဖြစ်ရသည်ကို၎င်း၊ ရှုမှတ်မှု ပစ္စက္ခဉာဏ်ဖြင့် ပါရမီအားလျော်စွာ ပိုင်းပိုင်းခြားခြား သိမြင်သဘောကျပြီးလျှင် “ရှေးဘဝတွေကလည်း ဤလို အကြောင်း နာမ်ရုပ်ကြောင့် ဤလို အကျိုးနာမ်ရုပ်မျှသာ ရှိခဲသည်” ဟူ၍၎င်း၊ “နောင်ဘဝတွေမှာလည်း ဤလို အကြောင်း နာမ်ရုပ်ကြောင့် ဤလို အကျိုးနာမ်ရုပ်မျှသာ ဖြစ်သွားမည်” ဟူ၍၎င်း ဆုံးဖြတ်နိုင်သဖြင့် “ကာလ ၃ ပါးလုံး၌ အကြောင်း အကျိုး နာမ်ရုပ်တရားမျှသာ ရှိသည်၊ ပုဂ္ဂိုလ် သတ္တဝါဟု ခေါ်အပ်သော ငါကောင်ကား မရှိတော့ပြီ” ဟူ၍ သဘောကျခြင်းသည် ခေါင်ထိပ်သို့ရောက်သော ပစ္စယပရိဂ္ဂဟဉာဏ်မည်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း (၄)
သမ္မသနဉာဏ် အခန်း
ဤဉာဏ်အဆင့်၌ အဖောင်း အပိန် အထိုင် အထိစသော အာရုံအမျိုးမျိုးကို မှတ်ရတာဟာ သွက်သွက် သွက်သွက်နှင့် ရှေးကထက်တိုးပြီး တမျိုးကောင်းလာတယ် ဟူ၍ ပြောတတ်ပါတယ်။
ဖောင်းတယ်လို့ မှတ်ခိုက်မှ စပြီးတော့ ဖောင်းလာတာကိုလည်း သိတယ်၊ တရိပ်ရိပ်ဖောင်းနေတာကိုလည်း သိတယ်၊ အဖောင်းရပ်သွားတာကိုလည်း သိတယ်၊ ပိန်တယ်လို့ မှတ်ခိုက်မှာလည်း စပြီးတော့ ပိန်တာ တရိပ်ရိပ်ပိန်နေတာ၊ အပိန်ကလေး ချပ်ကနဲရပ်သွားတာများကို သိတယ်၊ ဤသို့ စသည်ဖြင့် မှတ်ရတဲ့ အာရုံများ၏ အစ အလယ် အဆုံးတို့ကို ပိုင်းခြား၍ သိနိုင်ကြောင်းကိုလည်း ပြောတတ်ပါတယ်။
အချို့က အဖောင်းကလေးတွေ ၂ ဖောင်း၊ ၃ ဖောင်းဖြစ်နေတယ်၊ အပိန်ကလေးတွေလည်း ၂ ပိန် ၃ ပိန် ဖြစ်နေတယ်ဟု၎င်း၊ အဖောင်းကလေးတွေက ဆတ်ကနဲ ဆတ်ကနဲ ဖောင်းပြီးတော့ အပိန်ကလေးတွေကလည်း ဆတ်ကနဲ ဆတ်ကနဲ ပိန်သွားတာပဲဟု၎င်း၊ အချို့က ဘုရား ရဟန် လူ တိမ်ခိုး တိမ်လိပ် စသော အဆင်းသဏ္ဍာန် အာရုံအမျိုးမျိုး ပေါ်လာတဲ့အခါမှာ မြင်တယ် မြင်တယ် ဟု မှတ်လိုက်လျှင် ထိုအာရုံမှားက ရွေ့ရွေ့ြ့ပီး ပျောက်သွားတယ် ဟု ပြောတတ်ပါတယ်။ အချို့က ဘယ်ဘက်ကပေါ်လာပြီး တော့ ညာဘက်ကို ပြောင်းပြောင်းသွားတယ်ဟူ၍၎င်း၊ ညာဘက်ကပေါ်လာပြီး ဘယ်ဘက်ကို ပြောင်းပြောင်းသွားတယ်ဟူ၍၎င်း၊ အထက်ကပေါ်လာပြီးတော့ အောက်ကို ဆင်းဆင်းသွားတယ် ဟူ၍၎င်း၊ အောက်ကပေါ်လာပြီး အထက်ကို တက်တက်သွားတယ်ဟူ၍၎င်း၊ အမျိုးမျိုးတွေ့ကြုံတတ်ကြပါတယ်။
ဤပြောပုံအလုံးစုံမှာ သဘောအားဖြင့် အတူတူချည်းပါပဲ။ ဉာဏ်ထန်သန်သောသူတို့မှာတွေ့တတ်တဲ့ တရားများပါပဲ။
အချို့မှာ ရှုမှတ်၍ အထူးကောင်းလာသောအခါ၌ ကောင်းလာပြီဟု စိတ်ရောကိုယ်ပါ ထက်သန်စွာနှင့် အားစိုက်၍ အတင်းတွန်းပြီး ရှုမှတ်လိုက်ရာတွင် အဖောင်းအပိန်စသော မှတ်စရာ အာရုံများက သေးသေးသွားသောကြောင့် အားမရနိုင်သဖြင့် စဉ်းစားဆင်ခြင်မှု ကြံစည်တွေးတောမှု စိတ်ကူးမှုတို့ဖြင့် စိတ်ပျံ့လွင့်မှုများစွာဖြစ်တတ်ပါတယ်။
ဒါဟာ လောဘတကြီး အားထုတ်မိသည့်အတွက် ထိုသို့ ဖြစ်ရခြင်းပါ။ ရှုမှတ်လို့ ကောင်းလာတော့လည်း မှန်မှန်ပဲ ရှုမှတ်သွားဖို့လိုပါတယ်။ မကောင်းတော့လည်း စိတ်မပျက်ပဲ ရှုမှတ်သွားပါ။ စဉ်းစားမှုများ မကော်းဘူးဟု ထင်တဲ့ စိတ်များ ပျင်းတဲ့ စိတ်များကိုလည်း ချက်ချင်းပင် မှတ်၍ မှတ်၍ ပယ်ဖျောက်အပ်ပါတယ်။
အချို့ပုဂ္ဂိုလ်မှာ အဖောင်း အပိန် စသော ကို်ယ်တွင်းသန္တာန်ရှိ အာရုံများကို မှတ်နေစဉ်တွင် စိတ်က တခြားသို့ ရောက်သွားပါတယ်။ ဘုရား ကျောင်း ရွာ အိမ် လူ တော တောင် လုပ်ကိုင်ခင်း စသော ထိုထိုဤဤ အာရုံအမျိုးမျိုးဆီသို့ ရောက်သွားတယ်။ သတိရ၍ “ရောက်တယ် ရောက်တယ်” စသည်ဖြင့် မှတ်လိုက်လျှင် ထိုစိတ်ကူးပျောက်သွားပါတယ်။ အဖောင်း အပိန် စသော ကိုယ်တွင်းသန္တာန်ရှိ အာရုံများပေါ်သို့ ရောက်လာပြန်ပါတယ်။ ကိုးချက်ဆယ်ချက်လောက် မှတ်မိပြန်လျှင် ထိုထိုဤဤ အပြင်ပ အာရုံများဆီသို့ ရောက်သွားပြန်တယ်။ လေးငါးမှတ်ခန်ကြာ၍ သတိရသဖြင့် “ရောက်တယ် ရောက်တယ်” စသည်ဖြင့် သုံးလေးချက်လောက် မှတ်လိုက်လျှင် ထိုစိတ်ကူး ပျောက်သွားပြန်တယ်။ အဖောင်းအပိန်စသော ကိုယ်တွင်းသန္တာန်ရှိ အာရုံများပေါ်သို့ ရောက်လျက် မှတ်မြဲပင် မှတ်နေပြန်ပါတယ်။
ဤနည်းဖြင့် အဖောင်းအပိန် စသည်ကို မှတ်ရချည်တလှည့် ပျံ့လွင့်နေချည်တလှည့်၊ ပျံ့လွင့်တာကို မှတ်ရချည့်တလှည့်၊ အဖောင်း အပိန် စသည်ကို ပြန်မှတ်ရချည်တလှည့်အားဖြင့် ခဏခဏပြောင်းလဲ၍ မှတ်နေရတတ်ပါတယ်။
ထိုအခါမှာ စိတ်တွေက ဟိုရောက်လိုက် ဒီရောက်လိုက်နှင့် အလွန်များနေတာပဲ၊ အဖောင်း အပိန်ကို မှတ်ရတယ်လို့ မရှိတော့ဘူး၊ ပျံ့လွင့်တာတွေကို မှတ်နေရတာက များနေတော့တာပဲ၊ အဖောင်း အပိန်ကိုချည်း မှတ်နေရတာလောက် မကောင်းဘူးဟု ပြောတတ်ပါတယ်။
*** အဲဒီလိုအခြေအနေမျိုးနဲ့တွေ့ကြုံလာယင် မကောင်းဘူးဟု ထင်တဲ့စိတ်၊ ပျင်းရိတဲ့စိတ်များကို ပျောက်သွားသည်တိုင်အောင် မပျောက်မချင်း အထပ်ထပ် မှတ်ပါ၊ ပျံ့လွင့်တဲ့ စိတ်များလည်း ဝိပဿနာ ရှုရမည့် တရားတွေချည်းပါပဲ။ သူတို့ကို မှတ်နိုင်တာ သိနိုင်တာလည်း အကောင်းချည်းပါပဲ၊ ဝိပဿနာဖြစ်နေတာချည်း ပါပဲ၊ မသိပဲနှင့် တမေ့တဆွေးကြီး ပျံ့လွင့်နေလျှင်သာ မကောင်းတာပါ၊ အပျံ့လွင့်နည်းစေလိုလျှင် မှတ်နေကျ အဖောင်း အပိန် အထိုင် အထိများကို အခါတိုင်းထက် စူးစိုက်၍ ကွက်ကွက် ကွင်းကွင်း ထင်ပေါ်အောင် ရှုမှတ်ပါ၊ မကြာမီကောင်းလာပါလိမ့်မယ်။
ကိုယ်တွင်း သန္တာန်၌ ပူမှု အေးမှု နာကျင်မှု ကိုက်ခဲမှု ယားယံမှုတို့ကိုလည်း ထင်ရှားတွေ့ရတတ်ပါတယ်။ လေလုံး စသည် တက် တက် လာသလိုလည်း ဖြစ်တတ်ပါတယ်။ ဝမ်းထဲမှာ တချက် တချက်၌ စူးများ ဒါးချွန်းများနှင့် ထိုးဆွလိုက်သလိုပင် အလွန်စူးယှ နာကျင်မှုကိုလည်း ထင်ရှားတွေရရတတ်ပါတယ်။ တုန်လှုပ် ယိမ်းယိုင်ခြင်းများကိုလည်း တွေ့ရတတ်ပါတယ်။ အလွန်လေးလံခြင်း၊ အလွန်လေးပိနေသလိုဖြစ်ခြင်း၊ အလွန်တင်းကြပ်နေခြင်းများကိုလည်း တွေ့ရတတ်ပါတယ်။
ဒီလို ဝေဒနာ များမှာ ကြီးမားသော ဝေဒနာများ မဟုတ်ပါဘူး။ ရှေးရှေးကထဲက ကိုယ်တွင်းသန္တာန်မှာ အကြောင်းညီညွတ်သည့် အခါများ၌ ဖြစ်ဖြစ်နေသည့် သာမန် ဝေဒနာကလေးများပဲဖြစ်ပါတယ်။ မမှတ်မီကာလ မှတ်စကာလများကတော့ သမာဓိ မရှိသေးသည့်အတွက် ဒီလို ဝေဒနာမျိုးကို မသိနိုင်ခဲ့ဘူး။ ယခုတော့ သမာဓိအားက ကောင်းလာသည့်အတွက် ကိုယ်တွင်းသန္တာန်မှာ အမြဲနှိပ်စက်လျက် ရှိနေသော သိနိုင်ခဲသည့် ဒုက္ခဝေဒနာတရားတွေကို ထင်ရှားသိလာရတာပါပဲ၊ လေးတယ်ဆိုတာလည်း လေးလံတဲ့ ရုပ်သဘောတွေလို အမှန်အတိုင်း သိလာတာပဲ၊ ဒီလို ဆင်းရဲတွေကို အမှန်အတိုင်း သိရအောင် အားထုတ်နေကြရတာပါ၊ ဒီလိုမှ မသိလျှင် ချမ်းသာတွေချည်းထင်နေတော့မှာပဲ၊ ဒီဝေဒနာတွေဟာလည်း ဉာဏ်အားက သမာဓိအားကို မမှီသေးသည့်အတွက် ရုတ်တရက် မပျောက်နိုင်ပဲ ယခုလို ကြာရှည်ခံနေတာပါ။ ဒီလို ဝေဒနာတွေကို တွေ့တိုင်း တွေ့တိုင် အတင်း မှတ်မှတ်ပစ်လိုက်လျှင် ဉာဏ်အားကလည်း ကောင်းကောင်းလာသောအခါမှာ ဒီလို ဝေဒနာတွေဟာ ပျောက်ပျောက်သွားပါလိမ့်မယ်။ နောက်အတန်ကြာတော့ သူတို့ ဘာမျှမဖြစ်ပေါ်နိုင်တော့ပဲ လုံးလုံးတောင် ကင်းနေဦးမှာပဲ၊ ကြိုါ်စားပြီးတော့သာ မှတ်နေပါ။ ကြောက်လို့ ဆင်းရဲမခံချင်လို့ မမှတ်ပဲနှင့် ရပ်ရပ်ထားလျှင်တော့ ဒီလို ဝေဒနာတွေကို ခဏခဏ တွေ့တွေ့နေတတ်ပါတယ်။ အတင်းတွန်းပြီး မှတ်သွားမှ သူတို့ကို လွန်မြောက်သွားနိုင်ပါတယ်။ သေတတ်တဲ့ ဝေဒနာမျိုးလည်း မဟုတ်ပါဘူး။ မကြောက်ပါနှင့်။ မှတ်လျှင် ပျောက်မှာပဲလို့ တထစ်ချ ယုံကြည်ပြီးတော့ အတင်းသာ မှတ်မှတ်သွားပါ။ မကြာခင် သူတို့ကို လွန်မြောက်သွားပါလိမ့်မယ်။
အချို့ကတော့ ဝေဒနာတွေက ဟိုကလည်းပေါ် ဒီကလည်းပေါ်နှင့် တပြင်ကြီးဖြစ်နေလို့ မှတ်လို့ကို မဖြစ်ဘူး၊ မှတ်လို့လည်း မပျောက်ဘူးဟု ပြောတတ်ပါတယ်။
တပြင်လုံးကို ဖြန့်ပြီး မမှတ်ရပါဘူး။ အလွန် အကဲဆုံး မခံသာတဲ့ ဝေဒနာ လွန်ကဲပြင်းထန်တဲ့နေရာ တခုခုမှာသာ စူးစိုက်၍ “နာတယ် နာတယ်” စသည်ဖြင့် စိတ်မာန်ပါပါနှင့် မပျောက်မချင်း ခပ်တင်းတင်းမှတ်ပါ။ မကြာခင် ပျောက်သွားပါလိမ့်မယ်။
ဤ အရာ၌ ရောဂါကြောင့်ဖြစ်သော ဝေဒနာနှင့် တရားသဘောအတိုင်း ပေါ်လာသော ဝေဒနာတို့ကို ခွဲခြား၍ သိရန်မှာ ရောဂါဝေဒနာမှာ မမှတ်ပဲ နေစဉ်မှာလည်း ထင်ရှားပေါ်နေပါတယ်။ အမှတ်မကောင်းသေးမှီမှာလည်း ထင်ရှားပေါ်နေတတ်ပါတယ်။ သူ့ကို မှတ်ပါသော်လည်း ဉာဏ်နုသေးသော သူအား ပျောက်လည်း မပျောက်တတ်ပေ၊ တိုး၍တိုး၍သာ ပြင်းထန် ထင်ရှားလာတတ်ပါတယ်။ မမှတ်တော့ပဲ ရပ်နားနေလျှင်လည်း ပေါ်မြဲပင် ပေါ်လျက် ရှိပါတယ်။
ဤရောဂါ ဝေဒနာကိုကား မှတ်နိုင်လျှင်လည်း မှတ်ရာပါတယ်။ မခံသာအောင် ပြင်းထန်လှ၍ မမှတ်နိုင်လျှင်လည်း သူ့ကို နှလုံးမသွင်းတော့ပဲ လျစ်လျူထား၍ အဖောင်း အပိန် စသော တခြားအာရုံများကိုသာ အထူးစူးစိုက်၍ မှတ်ရာပါတယ်။
ဤသို့ မှတ်နေလျှင် ထိုရောဂါဝေဒနာကို နှလုံးမသွင်း သတိမရသည့်အတွက် အလွန် သက်သာနေတတ်ပါတယ်။ သမာဓိအား ဉာဏ်အား ကောင်းနေသော သူမှာမူကား .. ဤသို့ လျစ်လျူပြု၍ မှတ်နေခိုက်မှာ ထိုရောဂါ ဝေဒနာသည် လုံးလုံးပင် ပျောက်ငြိမ်းနေလေတော့ပါတယ်။ အမှတ်ကို ရပ်၍ နားလိုက်သည်တိုင်အောင် ရုတ်တရက် မပေါ်လာပဲ ကင်းငြိမ်းနေတတ်ပါတယ်။ ရပ်နားနေတာက အတန်ကြာမှ သာလျှင် တဖန် ပေါ်လာတတ်ပါတယ်။ ဤသည်ကား ရောဂါ ဝေဒနာ၏ သဘောလက္ခဏာဖြစ်ပါတယ်။
သမာဓိတရားသဘောအတိုင်း ထင်ပေါ်လာသော ဝေဒနာသည်ကား မမှတ်ပဲ ရပ်နားနေခိုက်၌၎င်း အမှတ်မကောင်းသေးမှီ၌၎င်း မထင်ပေါ်ချေ။ စဉ်းစား၍ကြည့်သော်လည်း သူ့ကို မသိနိုင်ချေ။ ကိုယ်ထဲ၌ ထို ဝေဒနာမျိုး ရှိမှန်းပင် မသိရ။ သမာဓိအားရှိ၍ အမှတ်ကောင်းနေစဉ်၌သာလျှင် ထင်ရှားပေါ်လာတတ်ပေသည်။ သူ့ကို မမှတ်မူ၍ တခြား အာရုံများကို မှတ်နေလျှင် သူက တိုး၍ တိုး၍ လာတတ်ပါတယ်။ ကြောက်သောကြောင့်ဖြစ်စေ တပါးသော အကြောင်းကြောင့်ဖြစ်စေ ဘာကိုမျှ မမှတ်တော့ပဲ ရပ်နားလိုက်လျှင် ထိုဝေဒနာသည် လုံးလုံးပျောက်သွားတတ်ပါတယ်။ တဖန်မှတ်၍ ကောင်းလာပြန်လျှင် သူက ပေါ်မြဲပင် ပေါ်လာပြန်ပါတယ်။ သူ့ကိုသာ စူးစိုက်၍ အတင်းမှတ်နေလျှင် သူက လျော့၍ လျော့၍ သွားပါတယ်။ နောက်ဆုံး၌ မှတ်နေစဉ်မှာပင် လုံးလုံး ပျောက်သွားတတ်ပါတယ်။ ဤသို့ မှတ်ဆဲတွင် ပျောက်သွားလျှင် ထိုဝေဒနာမျိုးသည် တဖန် မပေါ်လာတော့ပဲ အမြဲပင် ကင်းငြိမ်းတတ်ပါတယ်။ ဤသည်ကား တရားသဘော ဝေဒနာ၏ လက္ခဏာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း (၅)
ဥဒယဗ္ဗယဉာဏ် အခန်း
အမှတ်အသိတွေ သိပ်လျင်မြန်ပြီးတော့ သိပ်ရှင်းနေတာပဲ၊ မှတ်စရာတွေ ရှိရှိသမျှကို အကုန်လုံး သိသိ သွားတာချည်းပဲ၊ ကိုယ်ထဲက ရိုးရိုး ရွရွ သေးသေး မွှားမွှား အတွေ့ကလေးများကိုလည်း တစ်ခုစီ တစ်ခုစီ သိသိသွားတာပဲ ဟူ၍ ပြောတတ်ပါတယ်။
အမှတ် အသိ ကလေးတွေက ပန်ကာလည်နေတာလို သိပ်လျင်မြန်တာပဲ၊ ကိုယ် လက် အမူအရာ တွေကို ဘယ်လိုပဲ ပြင်ပြင် အကုန်လုံး တခုစီတခုစီ သိနိုင်နေတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
လက်ကောက်ဝတ်မှာ စွပ်၍ စိတ်ပုတီးကို ပတ်ပတ်လည်လှည်ပြီးရမ်းရာမှာ စိတ်ပုတီးစေ့ တစေ့ချင်း တစေ့ချင်း ထိထိ သွားတာကို သိသိသွားသလိုပင် ပေါ်တိုင်း ပေါ်တိုင်းသော အာရုံဟူသမျှကို တခုချင်း တခုချင်း ရှင်းရှင်းလင်းလင်း သိသိသွားတာချည်းပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
အလျင်ကတော့ ယားတာ နာတာဟာ တဆက်ထဲလို့ အောက်မေ့နေတာ၊ ယခုတော့ ယားတယ် ယားတယ်၊ နာတယ် နာတယ် လို့ မှတ်လိုက်တိုင်း မှတ်လိုက်တိုင်း တခုစီ တခုစီချည်း ဖြစ်နေတော့တာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
နာကျင်မှု ဝေဒနာကလေးတွေလည်း ဟိုတုန်းကလို ကြာကြာကြီး ဖြစ်မနေနိုင်ကြဘူး၊ တချက် နှစ်ချက်လောက် မှတ်လိုက်လျှင် ပျောက်ပျောက် သွားကြတော့တာပဲ၊ ဒါပေမယ့် တခါတရံမှာ ခဏကလေး ဝင်ဝင်ပြီး နာလိုက်တာကတော့ လက်ပွတ်စူးနှင့် ပွတ်လိုက်တာလိုပဲ၊ အတော်ကိုအခံရခက်တယ်၊ ဆတ်ကနဲ ဆတ်ကနဲ လန့်လန့်ပြီး တွန့်တွန့်သွားတာပဲ၊ တခါတရံမှာ အဲဒီလို နာလိုက်တာနဲ့ နာတယ်လို့ သိလိုက်တာနဲ့ ကိုက်ကိုက်သွားတော့ ချက်ချက်းကို ပျောက်ပျောက်သွားတာပဲ ဟူ၍၎င်း ပြောတတ်ပါတယ်။
ရှေးတုန်းက အနိစ္စ ဒုက္ခ အနတ္တ လို့ ဆိုနေတာက အလကား ဆိုနေတာပဲ၊ ယခုမှ အဟုတ်သိတာပဲ၊ ဘယ်ဟာမျှ ကြာရှည်စွာ တည်တံ့နေတာ မရှိဘူး၊ မှတ်တိုင်းမှတ်တိုင်း ပျောက်ပျောက်သွားတာချည်းပဲ၊ ပေါ်လိုက် ပျောက်လိုက်နဲ့ မကောင်းတာတွေချည်းပဲ၊ ဆင်းရဲချည်းပဲ၊ ရှေးတုန်းကတော့ ကိုယ်ထဲမှာ ဆင်းရဲတွေ မပြတ်ရှိနေတယ်လို့ မထင်ခဲ့ဘူး၊ ယခုတော့ နာကျင်မှု စသော ဆင်းရဲတွေကိ မပြတ် တွေ့နေရတော့တာပဲ၊ ရှေးကတော့ သတ္တဝါ အကောင်ကြီးလိုက် အမြဲရှိနေတယ်လို့ ထင်နေတယ်၊ ယခုမှတ်ရာမှာတော့ မှတ်တိုင်းမှတ်တိုင်း သဘောကလေးတွေကိုသာ တွေ့နေရလို့ သဘောမျှသာရှိတာကို ယခုမှ ကောင်းကောင်းသိရတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
ကြားတယ်လို့ မှတ်ရာမှာ အစတုန်းကတော့ မှတ်တိုင်း မှတ်တိုင်း အသံကလေးတွေကသာ ပြီးပြီးသွားတယ် (ဆုံးဆုံးသွားတယ် ပျက်ပျက်သွားတယ်ဟု ဆိုလိုပါတယ်)၊ နောက်ကျတော့ အသံ အမျိုးမျိုးကို ကြားရလို့ မှတ်တိုင်း မှတ်တိုင်း သူကလည်းြ့ပီး ကိုယ်ကလည်းပြီးနဲ့ သူပြီး ကိုယ်ပြီး ပြီးပြီးသွားတာချည်းပဲ (အသံနှင့် မှတ်စိတ်တို့ နှစ်ခုလုံး ဆုံးဆုံးသွားသည်ဟု ဆိုလိုပါတယ်)၊ စူးစိုက်ပြီး မှတ်လိုက်လျှင် ဘယ်ဟာမှ မခံနိုင်ဘူး လွင့်လွင့် သွားတာချည်းပဲ၊ ပျောက်ပျောက်သွားတာချည်းပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
အချို့ မှတ်လို့ ကောင်းနေတုန်းမှာ အရောင်အလင်းတွေကို တွေ့ရလို့ လင်းတယ် လင်းတယ်ဟု မှတ်နေရတယ်၊ ဒါပေမယ့် ပေါ်လာသမျှကို မှတ်ရမယ်လို့ ဆရာများက ပြောထားလို့သာ မှတ်နေရတာပဲ၊ စိတ်ထဲကတော့ လင်းတာကို သဘောကျနေတာပဲ၊ မှတ်ပေမယ်လို့ အလင်းရောင်တွေကတော့ မပျောက်ဘူး၊ လင်းမြဲလင်းနေတာပဲ၊ ကျောင်းခန်းထဲ ဝင်ပြီး ထိုင်လိုက်လျှင် လင်းနေတော့တာပဲ၊ စိတ်ထဲက နှလုံးသွင်းလိုက်လျှင် ယခုလည်း လင်းလာမယ်လို့ ထင်တာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
အချို့က အလင်းရောင်တွေက အမျိုးမျိုး အထွေထွေ တွေ့လိုက်တာမှာ ကိုယ့်ကိုယ်ကိုလည်း မြင်နေတာပဲ၊ ကမ္မဋ္ဌာန်းကျောင်းမှာလည်း အမိုး အကာ မရှိတာလို ဟင်းလင်းပြင်ကြီး ဖြစ်ပြီးတော့ အပြင်ဖက်ကိုလည်း ဖောက်ပြီး မြင်ရတာပဲ၊ ကိုယ်ရောက်ဘူး နေဘူးတဲ့ နေရာတွေကိုလည်း ရှေ့နားတွင်လို မြင်ရတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
အချို့က သွက်သွက် သွက်သွက်နဲ့ အလွန်မှတ်လို့ ကောင်းနေတုန်းမှာ ခေါင်းထဲက ကိုယ်ထဲက ခြေထောက်ထဲက တစ်ချက် တစ်ချက်မှာ စိမ့်စိမ့်ပြီးတော့ ဖျဉ်းကနဲ ဖျဉ်းကနဲ ဖြစ်ဖြစ်သွားတယ် ဟူ၍၎င်း၊ တခါတရံမှာ မှတ်လို့ကောင်းနေတုန်း စိမ့်ကနဲ စိမ့်ကနဲ ငြိမ့်ကနဲ ငြိမ့်ကနဲ တချက် တချက် ဖြစ် ဖြစ် သွားတယ် ဟူ၍၎င်း ပြောတတ်ပါတယ်။
အချို့က တခါတရံမှာ တစ်ကို်ယ်လုံး ငြိမ်းအေး ချမ်းသာစွာနှင့် အလွန်မှတ်လို့ ကောင်းနေတာပဲ ဟုပြောတတ်ပါတယ်။ ရင်ထဲ ကိုယ်ထဲမှ စိမ့်၍ အလွန် ချမ်းသာပြီးတော့ ငြိမ်းအေးပြီး နေလို့ ကောင်းနေတာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။ အချို့ကလည်း အေးငြိမ်း ချမ်းသာပြီး နေလိုက်တာမှ တနာရီ နှစ်နာရီလောက် ကြာအောင် မမှတ်ရတော့ပဲ ချမ်းသာကို ခံစားနေရတော့တာပဲ ဟူ၍လည်း ပြောတတ်ပါတယ်။
အချို့ကလည်း ကိုယ်တွေ စိတ်တွေက အလွန်ကို ပေါ့ပေါ့ ပါးပါး လျင်လျင် မြန်မြန် ဖြစ်နေတော့တာပဲ ဟူ၍၎င်း၊ ကိုယ်ရော စိတ်ရော ပေါ့ပေါ့ လျင်မြန်ပြီးတော့ ငြိမ်းအေးချမ်းသာစွာနှင့် မှတ်နေရတာပဲ ဟူ၍၎င်း၊ အလျင်ကတော့ မှတ်စရာ အာရုံတွေက မြန်ပြီး မှတ်စိတ်က နှေးနှေးနေတယ်၊ ယခုတော့ မှတ်စိတ်ကလည် အလွန်သွက် အလွန်မြန်နေတော့တာပဲ၊ ကိုယ်ကလည်း ပေါ့ပေါ့ကလေး ဖြစ်နေတယ်လို့ ထင်ရတယ်၊ ယခုအနေများ သွားလိုက်ရလျှင် ခဏကလေးနှင့် ခရီးတွေ အများကြီး ရောက်သွားလိမ့်မယ်လို့တောင် ထင်မိသေးတယ် ဟူ၍၎င်း ပြောတတ်ပါတယ်။
အထက်ပါ စကားတို့တွင် အမှတ်ထဲ၌ ပျော်နေတာကိုပင် သဘောကျ၍ ပြောသော စကားများသည် တဏှာစွဲကို ပြောခြင်းများဟုဆိုပါတယ်။
အမှတ်ထဲမှာ ငါလောက် ပျော်တဲ့လူ ရှိမည် မထင်ပါဘူး စသည်ဖြင့် အောက်မေ့လျှင် မာနစွဲဖြစ်ပါတယ်။
ငါဟာ ဘာဝနာနှင့် အမှတ်နှင့် ပျော်နေတာပဲ စသည်ဖြင့် ထင်လျှင် ဒိဋ္ဌိစွဲဖြစ်ပါတယ်။
အမှတ်ထဲမှာ ပျော်မွေ့နေတာကို တရားထူး ဟူ၍၎င်း၊ တရားထူးရလို့ အမှတ်ထဲမှာ ဒါလောက် လွန်လွန်ကဲကဲ ပျော်မွေ့နေသည် ဟူ၍၎င်း ထင်ခြင်းသည် မဂ်မှားကို စွဲလမ်းမှုဖြစ်ပါတယ်။
(၁) ပေါ်လာသမျှ အာရုံတို့ကို မလွတ်ရအောင် လျင်မြန်စွာ မှတ်နိုင်ခြင်း - သတိတရား။
(၂) ပေါ်လာသမျှ အာရုံတို့ကို လျင်မြန်စွာ မှတ်လျက် ပိုင်းပိုင်း ခြားခြား ရှင်းရှင်း လင်းလင်း သိခြင်းဉာဏ်တရား။
(၃) ထင်ရှားစွာ တွေ့မြင်ရသော အလင်းရောင် - ဩဘာဝတရား။
(၄) ဖျိုးဖျိုး ဖျဉ်းဖျဉ်း စိမ့်စိမ့် စိမ့်စိမ့် ငြိမ့်ငြိမ့် ငြိမ့်ငြိမ် အတွေ့ထူးများနှင့်တကွ မှတ်သိရတဲ့အာရုံ၌ အားရနှစ်သက်ခြင်း - ပီတိတရား။
(၅) ကိုယ်ထဲ စိတ်ထဲ၌ ကြောင့်ကြစိုက်လျက် တက်ကြွပျံ့လွင့်ခြင်း စသော ပူပန်မှုအလုံးစုံကင်း၍ ကိုယ်ရော စိတ်ပါ ငြိမ်းအေးခြင်း - ပဿဒ္ဓိတရား။
(၆) စိတ်ထဲကလည်း အလွန် အကဲ ဝမ်းသာ၍ ကိုယ်ထဲကလည်း အလွန်ပင် နေကောင်းလျက် ချမ်းသာခြင်း - သုခတရား။
(၇) ရှုမှတ်သော စိတ်၏ အလွန်ကြည်လင်ခြင်းနှင်တကွ ဘုရား စသည်တို့၌ အလွန် ကြည်ညိုခြင်း - သဒ္ဓါတရား။
(၈) အလွန်လည်း ကြောင့်ကြမစိုက် ပျင်းရိ လျော့လျဉ်းခြင်းလည်း မရှိမူ၍ မနစ်မဆုတ် မယုတ်မလွန် ညီမျှစွာ အားထုတ်မှု - ဝီရိယတရား။
(၉) ရှုမှတ်သင့်သော ပစ္စုပ္ပန်အာရုံများကို တည့်တည့်မတ်မတ် မရှုမိစေရန်၎င်း၊ အဖြစ်အပျက် စသည်တို့ကို ရှင်းလင်းစွာ သိရန်၎င်း၊ အထူးကြောင့်ကြမစိုက်ရတော့ပဲ သူ့အလိုလို အချိုးတကျဖြစ်လျက် ပေါ်ရာ ပေါ်ရာကို တည့်တည့် မတ်မတ် ရှုမိ၍ ရှင်းလင်းစွာ သိခြင်းနှင့်တကွ ချစ် မုန်း ကင်းပလျက် အညီအမျှ ရှုနိုင်ခြင်း - ဥပေက္ခာတရား။
(၁၀) ဘာဝနာ လုပ်ငန်းထဲ၌ ပျော်ပိုက်နေသည်ဟု ထင်ရသော ဘာဝနာ၌ ငြိကပ် တွယ်တာ သာယာ သဘောကျမှု - နိကန္တိတရား။
ဤ ဥပက္ကိလေသတရား ၁ဝ ပါးတိုကကို ယောဂီပုဂ္ဂိုလ်အများ ပြောလေ့ရှိပါတယ်။ ဤ ဥပက္ကိလသေ ၁ဝ မျိုးတို့တွင် အချို့က ၂ မျိုး ၊ ၃ မျိုး လောက်ကိုသာ ထင်ရှားတွေ့၍ ပြောတတ်ပါတယ်။ အချို့ကလည်း လေး ငါး ခြောက်မျိုး ခုနှစ်မျိုးလောက်ကိုသာ ထင်ရှားတွေ့၍ ပြောတတ်ပါတယ်။ အချို့လည်း ရှစ်မျိုး ကိုးမျိုးလောက်ကိုသာ ထင်ရှားတွေ့၍ ပြောတတ်ပါတယ်။ အချို့ကမူကား ၁ဝ မျိုးလုံးကိုပင် ထင်ရှားတွေ့၍ ပြောတတ်ပါတယ်။
သို့သော်လည်း တွေ့သမျှတို့ကို အသီး အသီး ကွဲပြား ထင်ရှားအောင် မပြောနိုင်သည်လည်း ရှိတတ်ပါတယ်။ အနည်းငယ်မျှကိုသာ တွေ့သောသူမှာ အတော်အတန် သိသာရုံမျှသာ ဝမ်းသာ တက်ကြွသောစိတ် ဖြစ်တတ်ပါတယ်။ ရှုမှတ်မှုကိုများစွာ မပျက်စေနိုင်၊ ဥပက္ကိလေသများစွာတို့ကို အလွန်အကဲ အထင်အရှား တွေ့ရသော သူများမှာမူကား နှိမ်၍ ထိန်းချုပ်၍ မရနိုင်အောင် အလွန်အကဲ ဝမ်းသာ တက်ကြွသော စိတ်များ များပြားကြာမြင့်စွာ ဖြစ်နေတတ်ပါတယ်။
ကမ္မဋ္ဌာန်းဆရာများအနေနှင့် ဥပက္ကိလေသတို့ကို ဝမ်းသာအာရနှင့် ပြောသော ယောဂီပုဂ္ဂိုလ်တို့၏ ပြောပုံမှတ်ပုံနှင့် အတွေ့တို့ကို ဆရားများက စေ့စေ့စပ်စပ် နားထောင်မှတ်သားပြီးလျှင် အနည်းငယ်မျှကိုသာ တွေ့ရ၍ မတက်ကြွလှသောသူအား သဒ္ဓါ ဆန္ဒ ဝီရိယ တိုးတက်အောင်လည်း အားပေးဟောပြောရာပါတယ်။ များစွာကိုတွေ့ရ၍ဖြစ်စေ အတော်အတန်ကို တွေ့ရ၍ဖြစ်စေ အလွန်ဝမ်းသာ တက်ကြွနေသော သူတို့ကိုမူကား ထိုသူတို့၏ အတွေ့အပြော အားလျော်စွာ အနည်းငယ် အားပေးသင့်သော သူဖြစ်လျှင် နည်းနည်းလောက်ချီးမြှောက်၍ များများ နှိမ်ချလျက် ပြောဟောရာပါတယ်။
ဟောပြောပုံကား … ကြိုးကြိုးစားစား ရှုမှတ်လာခဲ့တဲ့အတွက် ယခု သမာဓိအား ဉာဏ်အား ကောင်းလာလို့ ဒီလို တွေ့ရတာဖြစ်ကြောင်း၊ ဒီက နောင်မှာ ရှုမှတ်၍ ကောင်းသွားတော့မည် ဖြစ်ကြောင်းများကို ပြောပြပြီးလျှင် ဤမျှလောက်နှင့် အလွန် ဝမ်းမသာလောက်သေးကြောင်း၊ နောင်မှာ တွေ့ရမည့် အကောင်းတွေ များစွာပင်ရှိသေးကြောင်း၊ အဖိုးတန် ကျောက်ကောင်းတွေ များစွာရှိတဲ့ တောင်မှ ဒါးသွေးကျောက်ကိုသာ ကောက်ယူသွားသော ယောက်ျားမိုက်ကဲ့သို့ မပြုအပ်ကြောင်း၊ ဤမျှလောက် အသိဉာဏ်ကို မိန်းကလေးများပင် သုံး လေးရက်အတွင်းမှာ ရောက်နိုင်ကြောင်း၊ ဝမ်းသာမှု နှစ်သက်မှု သဘောကျမှုများမှာ ကိလေသာများဖြစ်သောကြောင့် ၎င်းတို့ကို လက်ခံမထားသင့်ကြောင့်၊ ဤမျှလောက်အသိဉာဏ်ကိုလည်း မှတ်လို့သာရောက်လာကြောင်း၊ ဤ ဉာဏ်ထက် မြင့်သော အသိဉာဏ်များကိုလည်း မှတ်မှသာလျှင် ရောက်နိုင်မည်ဖြစ်ကြောင်း ဤသို့ စသည်ကို ထို ပုဂ္ဂိုလ် သဘောကျ ကျေနပ်သွားသည်တိုင်အောင် စွမ်းနိုင်သမျှ ပြောဟော၍ ဝမ်းသာမှု စသည်ကိုလည်း ဘာတစ်ခုမျှ မလွတ်ရအောင် ပြင်းထန်သောဝီရိယဖြင့် အတင်းမှတ်သွားပါဟု တိုက်တွန်းပြောဟောအပ်ရာပါတယ်။ အလွန်တက်ကြွနေသဖြင့် အားပေးရန် မလိုသောသူကိုကား နှိမ်ချ၍သာလျှင် ပြောဟောပြီးလျှင် ပေါ်လာသမျှကို မလွတ်ရအောင် ပြင်းထန်သော ဝီရိယဖြင့် မှတ်ရုံ မှတ်ရုံမျှသာ အတင်း မှတ်သွားရန် တိုက်တွန်းပြောဟောအပ်ပါတယ်။
ဤ ဥပက္ကိလေသ အရာ၌ အမှတ် မလွတ်စေရန် စဉ်းစား ကြံစည်မှု မရှိစေရန် အထူး သတိပေးအပ်ပါတယ်။ လုံးလုံး မမှတ်နိုင်လောက်အောင် အလွန်အကဲ ဝမ်းသာနေသော သူကိုမူကား အိပ်ပျော်သွားအောင် အိပ်ပါစေ၊ အိပ်ရာကနိုးမှ တဖန်မပြတ်ရှုမှတ်အားထုတ်ပါစေ။
တမဂ် တဖိုလ်ကို ရပြီဟု အထင်ရောက်၍ အားရ တင်းတိမ်နေသောသူအား “မှတ်နေရတာ ဝမ်းသာနေတာ ချမ်းသာနေတာ ပျော်နေတာများဟာ သင်္ခါရတရား ဟုတ်-မဟုတ်” မေးကြည့်ပါ။ သင်္ခါရဟုတ်ကြောင်းကို ဝန်ခံလျှင် “သင်္ခါရ ဟူသမျှမှာ ဖြစ်ခြင်း ပျက်ခြင်း ရှိတာချည်းပဲ၊ မမြဲတာချည်းပဲ” ဟု ပြောပြပြီးလျှင် မမြဲတဲ့ သင်္ခါရကို ရကာမျှနှင့် အားမရသင့်ကြောင့်၊ သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်သို့ မရောက်မချင်း မပြတ်အားထုတ်သွားသင့် ကြောင်းများကိုလည်း ပြောဟော၍ တိုက်တွန်းရာပါတယ်။
အချို့ အမှတ်ကောင်းနေစဉ်မှာ သတိလစ်သလို ဖြစ်သွားပြီးလျှင် တဖန် အမှတ်ကောင်းမြဲပင် ကောင်းနေသည်ကို တကြိမ်မျှဖြစ်စေ အကြိမ်များစွာ ဖြစ်စေ တွေ့ရ၍ .. “မှတ်နေရတာက ဝိပဿနာပဲ မမှတ်ရပဲ ရပ်နေတာက မဂ် ဖိုလ် နိဗ္ဗာန်ပဲ” ဟု ကိုယ်တိုင် ဉာဏ်ဖြင့်ဖြစ်စေ သုတဖြင့်ဖြစ်စေ ဆုံးဖြတ်ပြီးလျှင် အားရ တင်းတိမ်နေတတ်ပါတယ်။ ထိုသို့သော သူအား ပီတိအဟုန်ကြောင့်လည်း ဤသို့ သတိလစ်သလို ဖြစ်တတ်ကြောင်း၊ ဥပေက္ခာကြောင့်လည်းဖြစ်တတ်ကြောင်း၊ လွန်ကဲသော ပဿဒ္ဓိကြောင့်လည်း ထိုကဲ့သို့ ကြာမြင့်စွာ ဖြစ်လျက် နေတတ်သေးကြောင်းများကို ခွဲခြားပြောပြ၍ ဆက်လက်အားထုတ်ရန် တိုက်တွန်းအပ်ပါတယ်။
မိမိ အလိုလိုဖြစ်စေ ဆရာများ၏ ဟောပြောမှုကြောင့်ဖြစ်စေ “ဤမျှဖြင့် ကိစ္စမပြီးသေးဘူး၊ ဆက်လက်ပြီး အားထုတ်ရဦးမှာပဲ” ဟု သဘောကျ၍ မှတ်မြဲပင် မပြတ် မှတ်နေသော အခါ၌ ဥပက္ကိလေသတို့မှ လွတ်မြောက်လတ်သော် ငြိမ်ငြိမ်သက်သက်နှင့် ရှင်းရှင်းလင်းလင်း သိလျက် အထူးပင် မှတ်၍ ကောင်းလာပါတယ်။ ထိုအခါ၌ အချို့ - အလျင်ကဟာတွေက ကောင်းတယ်ဆိုပေမယ်လို့ အကြမ်းစားတွေပဲ၊ လက်ဝှေ့သတ်နေရတာပဲ၊ ယခုမှ အဟုတ်ကောင်းတာပဲ၊ မှတ်လိုက်တိုင်း မှတ်လိုက်တိုင်း ကွက်ခနဲ ကွက်ခနဲ ရှင်းရှင်းလင်းလင်း သိသိသွားတာပဲ၊ စိတ်ကလည်း ဘယ်ကိုမျှ မရောက်တော့ပဲ မှတ်ရာ မှတ်ရာ အာရုံကလေးများ အပေါ်မှာသာ စူးစူးစိုက်စိုက် တည်တည်ကြည်ကြည် ဖြစ်နေတော့တာပဲ၊ အလျင်က မှတ်ကောင်းတာက ဘာမျှ မဟုတ်သေးပဲဟာပဲ၊ ဆရားများပြောတာကိုတောင် သဘောမကျလို့ ခုခံပြီး ငြင်းမိသေးတယ်၊ မှားပါပြီ၊ ယခုမှ ဆရာများကို ကျေးဇူးတင်မိတော့တာပဲ” ဟု ပြောတတ်ပါတယ်။
တရက် နှစ်ရက် စသည်ကြာသောအခါ၌ အချို့ “ရှုမှတ်ရတာဟာ တရက်ထက် တရက် တိုးပြီး ကောင်း ကောင်းလာတယ်၊ အသိဉာဏ်တွေလည်း တိုးတိုးလာတယ်၊ ဖောင်းတာ ပိန်တာပဲ ဖြစ်ဖြစ် ကွေးတာ ဆန့်တာပဲဖြစ်ဖြစ် ဝေဒနာပဲဖြစ်ဖြစ် ပေါ်လာသမျှ အာရုံတွေကို ပေါ်လိုက် မှတ်လိုက် ပျောက်လိုက်နဲ့ချည်း တွေ့နေရတာပဲ၊ အလျင်ကတော့ တခြားက ရွေ့ရွေ့လာတယ်လို့လည်း ထင်ရတယ် ယခုတော့ ဒီနေရာတွင်ပဲ ပေါ်လာတာကို ဒီနေရာတွင်ပဲ မှတ်လိုက်လျှင် ဒီနေရာတွင်ပဲ ပျောက်ပျောက်သွားတယ်၊ အလျင်ကတော့ တခြားနေရာသို့ ရွှေ့ရွှေ့သွားတယ်လို့လည်း ထင်ရတယ် ယခုတော့ ဒီလို မဟုတ်တော့ဘူး ပေါ်ရာ ပေါ်ရာမှာပဲ မှတ်လို့ မှတ်ရာ မှတ်ရာတွင်ပဲ ပျောက်ပျောက်သွားတယ်လို့ မှတ်တိုင်း မှတ်တိုင်း ရှင်းရှင်း လင်းလင်း သိသိနေတော့တာပဲ” ဟု ပြောတတ်ပါတယ်။
(ဤဉာဏ်ရင့်ကျက်လျှင် ဤအတိုင်းသိ၍ ဤအတိုင်းပင် အများအားဖြင့်ပြောတတ်ပါတယ်။)
လိုရင်း အချုပ်ကား …. ပေါ်လာတိုင်းသော အာရုံ အမျိုးမျိုးကို အစဉ်မပြတ် ရှုမှတ်နိုင်၍ မှတ်တိုင်း မှတ်တိုင်း အာရုံနှင့် မှတ်စိတ်တို့ ကပ်ကနဲ တွဲကနဲ ဖြစ်လျက် အပေါ်နှင့် အပျောက် - အစနှင့် အဆုံးဟူသော အဖြစ်နှင့် အပျက် တို့ကို ရှင်းရှင်း လင်းလင်း သိမြင်ခြင်းသည် ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗယဉာဏ် မည်ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း (၆)
ဘင်္ဂဉာဏ် အခန်း
ဤဉာဏ်အဆင့်၌ ယောဂီပုဂ္ဂိုလ်တို့၏ ပြောပုံများကား ..အမှတ်တွေ အလွန်ကောင်းနေရာမှာ ကျဲပြီးတော့ ဘာမျှ ရှာမတွေ့ပဲနဲ့ ကိုယ်ကောင်ကြီး ပျောက်နေလို့ မှတ်နေကျ အမှတ်ကလေးတွေကိုသာ မှတ်နေရတော့တာပဲ၊ အာရုံနှင့် အမှတ်လဲ တဲ့နေပါရဲ့၊ ဒါပေမယ့် မထင်တာလိုလို၊ ထင်တာလိုလိုနှင့်ဖြစ်ပြီးတော့ မှတ်ရတာက အားမရပဲနှင့် ပေါ့တော့ယှံတံကြီး ဖြစ်နေတော့တာပဲ ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. မှတ်ရတဲ့ အာရုံကလေးတွေမှာ ပေါ်လိုက် မှတ်လိုက် ပျောက်လိုက်နှင့် တွဲတွဲ တွဲတွဲ ကပ်လို့ အလွန်မှတ်ကောင်းနေရာမှ ပေါ်ပေါ် လာတာကိုတော့ တခါတရံမှသာသိတော့တယ်၊ ပျောက်ပျောက်သွားတာကိုချည်း တွေ့တွေ့ နေတော့တာပဲ၊ ကျဲတဲတဲလည်း ဖြစ်နေတယ်၊ ဘာဖြစ်လို့ ဒီလို မကောင်းသွားတာ ပါလိမ့်မလည်းလို့ မသိဘူး .. ဟု ညည်းတွား၍ ပြောတတ်ပါတယ်။
အချို့ကလည်း .. အစကတော ဖောင်းတာ ပိန်တာ ၂ ခုလုံး ထင်ရှားပြီး မှတ်လို့ ကောင်းနေတာပဲ၊ ဒီလို ကောင်းနေတာထဲမှ ပိန်တာက မထင်ရှားပဲ ဖြစ်သွားတယ်၊ တော်တော်ကြာတော့ ဖောင်းတာ ပိန်တာ ၂ ခုလုံး အလျင်ကလို မထင်ရှားတော့ပဲ ဖြစ်သွားတယ်၊ ဖောင်းတယ်လို့ မှတ်လိုက်တော့ ဖောင်းတာက မရှိတာလို ဖြစ်နေတယ်၊ ပိန်တယ်လို့ မှတ်လိုက်တော့ ပိန်တာက မရှိတာလို ဖြစ်နေတယ်၊ ဖောင်းတာ ပိန်တာက လုံးလုံးမရှိတာလည်း မဟုတ်ဘူး၊ မသိတာလည်း မဟုတ်ဘူး၊ ရှိလျက်သား သိလျက်သားနှင့်ကို မထင်ရှားပဲ ဖြစ်နေလို့ အမှတ်တွေ ပျက်ကုန်ပါပြီလို့ အောက်မေ့မိတယ် .. ဟု ပြောတတ်ပါတယ်။
ဤပြောပုံ အလုံးစုံသည် ဥဒယဗ္ဗယဉာဏ်မှ ဘင်္ဂဉာဏ်သို့ ပြောင်းခါစ ပုဂ္ဂိုလ်တို့၏ ပြောပုံစကားများ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တိုင်း လိုလိုပင် ဤအရာ၌ အားလျော့တတ်ပါတယ်။ ထို့ကြောင့် အားပေးရပါမယ်။
ယခု မှတ်သိနေရာတာက အလျင်ကလောက် မကောင်းဘူး၊ အမှတ်တွေ ပျက်ကုန်ပြီလို့ ထင်ပြီးတော့ အားငယ်မနေသင့်၊ စိတ်ပျက်မနေသင့်ပါ။ ယခု အမှတ်က သာပြီးကောင်းတာ၊ အသိဉာဏ်တိုးတက်လာတာပါ။
အားထုတ်ခါစမှာ အကြောင်းမသိသေးတဲ့ ယောဂီများက ဒီလို စိတ်ပျက်တတ်ကြတာချည်းပါပဲ။ ဘယ်သူဖြစ်ဖြစ် အသိဉာဏ် တိုးတက်၍ ဒီနေရာရောက်လျှင် ဒီလိုဖြစ်ရတာချည်းပါပဲ၊ ကိုယ်တစ်ယောက်ထဲ ဒီလိုဖြစ်ရတယ်လို့ မထင်ပါနဲ့၊
အကြောင်းက အလျင် ဉာဏ်နုစဉ်တုန်းကတော့ အသိဉာဏ်က လေးလံနေတဲ့အတွက် ဘာကိုပဲမှတ်မှတ် သဘောတရား သက်သက်ကို ကွက်ပြီး မသိနိုင်သေးဘူး။
ဗိုက်ပုံသဏ္ဍာန် လက်ခြေ ပုံသဏ္ဍာန် စသော အထည်ဒြဗ် ပညတ် နိမိတ်နှင့်တကွ တွဲတွဲပြီးတော့သာ မှတ်သိနေခဲ့ရတယ်၊ ပုံသဏ္ဍာန် နိမိတ် ပညတ်ကြီးကိုပါ သိသိနေရတဲ့အတွက် မှတ်ရတာဟာ တွဲတွဲ ရွဲရွဲ လေးလေးပင်ပင် ထင်ထင်ရှားရှားကြီး ဖြစ်ပြီး ပေါ်ပေါ်လွင်လွင် ရှိနေ၍ အားရလောက်အောင် အလွန်ကောင်းနေတယ်လို့ ထင်နေတာ၊
ပကတိစိတ်ကလည်း ငယ်ငယ် မွေးခါစ ကလေးဘဝကထဲက ပုံသဏ္ဍာန် ပညတ် အာရုံတွေမှာသာ ကျက်စားနေကျ ဖြစ်နေတယ်၊ ဒါကြောင့်လည်း ပုံသဏ္ဍာန် အထည်ဒြဗ်ကိုပါ သိနေရတာက ပိုကောင်းတယ်လို့ ထင်နေတာ၊
ယခုတော့ အသိဉာဏ်က ရင့်သန်လာလို့ ပေါ့ပါး လျင်မြန်လာတယ်၊ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မှတ်တိုင်း မှတ်တိုင်း မှတ်ရာ မှတ်ရာ ရုပ်သဘောကလေး နာမ်သဘောကလေးများကိုသာ သိသိ နေတော့တယ်။ ရှေးကလို ပုံသဏ္ဍာန် နိမိတ် ပညတ်တွေကို သိတဲ့ စိတ်ပိုတွေ အသိပိုတွေ အကြား အကြားမှာ မဖြစ်ရတော့ဘူး၊ သဘောတရား သက်သက်ကိုသာ သိတဲ့ ဝိပဿနာချည်း သန့်သန့်ရှင်းရှင်း ဖြစ်နေတယ်၊
ရှေးကတော့ အသိက နှေးကွေး လေးလံနေတဲ့အတွက် အပျောက်နှေးနေလို့ အစ ပေါ်လာမှုကိုလည်း သိနေခဲ့တာ၊ ယခုတော့ အသိမြန်သလောက် အာရုံ၏ ပျောက်ကွယ်မှုကလည်း မြန်နေတဲ့အတွက် အစ ပေါ်လာမှုကို မတွေ့ရတော့ပဲ အဆုံး အဆုံး ပျောက်ကွယ်မှုကိုချည်း တွေ့တွေ့နေရတာပဲ။
အားထုတ်ခါစတုန်းကတော့ ပုံသဏ္ဍာန် အထည် ဒြဗ်ပါ ထင်အောင် မသိလျှင် စူးစိုက်တည်ကြည်တဲ့ သမာဓိက ကောင်းကောင်း မဖြစ်နိုင်ဘူး၊ ဒါကြောင့် အစတုန်းက ပုံသဏ္ဍာန်ပါ၊ ထင်မြင်အောင် မှတ်ဖို့ ဆရာများက ပြောပြတိုက်တွန်းခဲ့ရတယ်။
ပုံသဏ္ဍာန်ကို ပီပီသသ သိတာက ကောင်းလွန်းလို့ ညွှန်ကြားရတာတော့ မဟုတ်ပါဘူး၊ အမှန်မှာတော့ ယခုလို ပုံသဏ္ဍာန် မထင်ပဲ သိနိုင်တဲ့ အခါမှာ အဲဒီ မထင်တဲ့ ပုံသဏ္ဍာန်တွေကို ရှာကြံပြီး မှတ်နေဖို့ မလိုတော့ပါဘူး၊ ပုံသဏ္ဍာန်မထင်ပဲ သဘောမျှကလေးကိုသာ သိသိနေတာကမှ သာပြီးတော့ ကောင်းတာပဲ၊ ယခုအနေမှ ကျဲတယ် ပေါ့ယှံတယ်လို့ ထင်နေတာဟာလည်း ဒီဉာဏ်သို့ ရောက်ခါစမို့ပါ။
တော်တော်ကြာလျှင် ပုံသဏ္ဍာန်လည်း မထင်၊ အစ ပေါ်လာမှုလည်း မထင်ပဲ ကုန်ကုန် ဆုံးဆုံး ပျောက်ပျောက်နေတဲ့ သဘောကလေးကိုသာ ပေါ့ပေါ့သာသာကလေးနှင့် သိသိနေရတာက သာပြီး ကောင်းတယ်လို့ သဘောကျလာမှာပါပဲ။
ယခု အနေတော့ ဆရာပြောတာကို သဘောကျတတ်မယ် မဟုတ်သေးဘူး၊ ငါ့မှာ အမှတ်က မကောင်းပါပဲလျက် ငါစိတ်မပျက်အောင်လို့ ဆရာက အားပေးနေတာပဲလို့ ထင်နေတတ်တယ်၊ ဒီလိုလည်း မထင်ပါနဲ့၊ ယခု သိပုံက အဟုတ်ကို ကောင်းနေလို့ ကောင်းတယ်လို့ ဆရာက ပြောရတာပါ။
ရုပ်နာမ်တရားဆိုတာဟာ ပုံသဏ္ဍာန် အထည်ဒြဗ် မရှိဘူး၊ သဘောကလေးမျှသာ ရှိတယ်၊ အားလုံး မမြဲတဲ့ တရားချည်းပဲ၊ ယခု မှတ်လိုက်တိုင်း မှတ်လိုက်တိုင်း ပုံသဏ္ဍာန် မထင်ပေါ်ပဲနဲ့ ကုန်ကုန် နေနှင့်တာလို ဆုံးဆုံးနေနှင့်တာလို ပျောက်ပျောက်နေနှင့်တာလို သဘောမျှကလေးတွေကိုသာ သိသိနေရတာဟာ မမြဲတာတွေကို မမြဲတဲ့အတိုင်း အမှန်သိသိနေတာပဲ။
ဒါကြောင့် မထင်ရှားတဲ့ ပုံသဏ္ဍာန် ပညာတ်တွေကို ထင်ရှားအောင် ရှာကြံတောင့်တမနေပါနှင့်၊ တရားသဘောအတိုင်း ဉာဏ်တိုးတက်လာတာပဲလို့ ယုံကြည်ပြီးတော့ ထင်ပေါ်သမျှကိုသာ မှတ်နေကျအတိုင်း စူးစူးစိုက်စိုက် မှတ်နေပါ၊ ကျဲတယ် ပေါ့ယှံတယ်လို့ ထင်လျှင်လည်း အဲဒီ စိတ်ကို မှတ်မှတ် ပစ်လိုက်ပါ၊ စိတ်ပျက်လျှင်လည်း စိတ်ပျက်တယ်လို့ မှတ်မှတ်ပြီး ပယ်လိုက်ပါ၊ တရားသဘောအတိုင်း မပီမသထင်ပေါ်နေတဲ့ မှတ်စရာ အာရုံကလေးတွေကို သေသေချာချာ စူးစိုက်ပြီးတော့ အတင်းတွန်း၍သာ မှတ်သွားပါ။ မကြာမှီ စိတ်အားရလောက်အောင် တမျိုးကောင်းလာပါလိမ့်မယ်။
ဤကဲ့သို့ ဆရာများက ဟောပြောညွှန်ပြ ဆုံးမသည့်အတိုင်း ယုံကြည် စိတ်ချပြီးလျှင် ကျကျနန ဆက်လက်၍ ရှုမှတ်သေ်ာ တနာရီ နှစ်နာရီ စသည်ကြာလျှင်ဖြစ်စေ တနေ့မျှ တညဉ့်မျှ ကြာလျှင်ဖြစ်စေ .. အချို့က
“ဆရာပြောတဲ့အတိုင်းပဲ ယခုတော့ သွက်သွက် သွက်သွက်နဲ့ မှတ်ရတာ အလွန်ကို ကောင်းလာပြီ” ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. ယခုတော့ ဘာကိုပဲ မှတ်မှတ် ရိပ်ရိပ် ရိပ်ရိပ်နဲ့ ထင်ပြီး မှတ်ရတာ အလွန်ကောင်းနေတယ် ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. အလျင်က ပေါ်လိုက် မှတ်လိုက် ပျောက်လိုက်နှင့် တွဲကနဲ တွဲကနဲ ကောင်းနေတယ် ဆိုတာက အကြမ်းကြီး ရှိသေးတာပဲ၊ ယခုမှ ရိပ်ရိပ် ရိပ်ရိပ်နဲ့ ကုန်ကုန်သွားတာကို သိမ်သိမ်မွေ့မွေ့နှင့် သိသိပြီး ကောင်းနေတာပဲ .. ဟု ပြောတတ်ပါတယ်။
ဤဘင်္ဂဉာဏ် အတော်အတန် ရင့်သန်သော ကာလမှစ၍ ဒွါရ ၆ ပါး၌ ဖြန့်၍ မှတ်ပုံကို နားလည်အောင် ပြောပြပြီးလျှင် ပေါ်ရာ ပေါ်ရာကို ရံခါ ရံခါ၌ ဖြန့်၍ ဖြန့်၍ ရှုမှတ်စေဖို့လိုပါတယ်။
လိုရင်းအချုပ်ကား .. ထင်ရှား ပေါ်လာသော အာရုံ အမျိုးမျိုးကို မှတ်တိုင်း မှတ်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင့် ကုန်ကုန်သွားပုံ ဆုံးဆုံးသွားပုံ ပျောက်ပျောက်သွားပုံ ကွယ်ကွယ်သွားပုံ မရှိ မရှိ သွားပုံ ပျက်ပျက်သွားပုံ တို့ကို ထင်ရှား သိမြင်သည့်ပြင် သိသိသွားတဲ့ ထိုစိတ်ကိုးလည်း သိသိပြီးလျှင် ပြီးချင်းပင် ကုန်ကုန်သွားသည် ဆုံးဆုံး သွားသည် ပျောက်ပျောက်သွားသည် ကွယ်ကွယ်သွားသည် မရှိ မရှိ သွားသည် ပျက်ပျက်သွားသည်ဟု တဖန်တဖန် သိသော ယောဂီပုဂ္ဂိုလ်၏ ရှေးနောက် အသိ ၂ မျိုးသည် ဘင်္ဂဉာဏ်မည်ပါတယ်။
သို့ဖြစ်၍ အာရုံအာရမ္မဏိက ၂ မျိုးလုံး၏ အကုန် အပျက်ကို မှတ်ချက်တိုင်း၌ သိသိနေမှသာလျှင် “ဘင်္ဂဉာဏ်နှင့်ပြည့်စုံသည်” ဟု ဆုံးဖြတ်ရာပါတယ်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်း (၇)
ဘယဉာဏ် အခန်း
မှတ်ရသော အာရုံအမျိုးမျိုးနှင့် မှတ်သိမှုတို့ အတွဲလိုက် အတွဲလိုက် ကုန်ဆုံး ကွယ်ပျောက် သွားကြသည်ကို မှတ်ချက်တိုင်း၌ သိမြင်လျက် မပြတ် မှတ်ရှုနေစဉ်မှာ သွက်သွက် သွက်သွက်နှင့် အမှတ်အလွန်သန်၍ အားကောင်းလာသောအခါ၌ အချို့ယောဂီက - မှတ်တိုင်း မှတ်တိုင်း ကုန်ကုန် ပျောက်ပျောက် သွားတာကိုချည်း တွေ့နေရလို့ မြင်တိုင်း မြင်တိုင်း ကြောက်တဲ့ စိတ်ကလေးတွေက ဖြစ်ဖြစ်လာကြတယ်၊ ကြောက်ပေမယ့် လူကို ကြောက်တာလို၊ တစ္ဆေကို ကြောက်တာလို၊ ကျွဲ နွား တိရစ္ဆာန်များကို ကြောက်တာလို၊ ဆူးငြောင့် လက်နက် တစုံတရာ နှင့် ထိခိုက်မှာကို ကြောက်တာလိုတော့ မဟုတ်ပါ၊ ဘာကို ကြောက်တယ်လို့လည်း ပြောစရာ မရှိပါပဲလျက် ကြောက်စိတ်ကလေးကတော့ ဖြစ်နေတော့တာပဲ .. ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. ဘာရယ်လို့တော့ မဟုတ်ပါဘူး၊ ကြောက်တော့ ကြောက်နေတာပဲ ဟု ပြောတတ်ပါတယ်။ အချို့ကလည်း ပျောက်ပျောက်နေတဲ့ အာရုံကလေးတွေကို မြင်မြင်ပြီးတော့ ကြောက်ကြောက်နေတာပဲ ဟု ပြောတတ်ပါတယ်။ အချို့ကလည်း ဖောင်းမှု ပိန်မှုစသော မှတ်စရာကလေးတွေ ပေါ်လာမှာကို ကြောက်နေတော့တာပဲ ဟု ပြောတတ်ပါတယ်။
ဤသို့သော ကြောက်ခြင်း အားငယ်ခြင်းများမှာ အသိဉာဏ်တိုးတက်လာသောကြောင့် တရားသဘောအတိုင်း ဖြစ်ခြင်းပါ။ မည်သူမဆို ဤမျှလောက် ဉာဏ်ရင့်လျှင် ဤသို့ပင် ဖြစ်တတ်ပါတယ်။ ဘာမျှ စိုးရိမ်ဖွယ် မရှိပါ။ အားငယ်တဲ့စိတ် ဝမ်းနည်းတဲ့စိတ် ငိုချင်သလိုလို ဖြစ်တဲ့စိတ် ကြောက်တဲ့စိတ်များကိုလည်း ပေါ်လာတိုင်း မှတ်မှတ်ပြီးလျှင် မှတ်နေကျအတိုင်းသာ အတင်းတွန်း၍ မှတ်သွားပါက ဤလို အဖြစ်မျိုးမှ မကြာမှီမှာ လွတ်မြောက်သွားပါလိမ့်မယ်။
လိုရင်း အချုပ်ကား … ဒွါရ ၆ ပါး၌ မှတ်တိုင်း မှတ်တိုင်း ကုန်ဆုံး ပျောက်ပျက်သွားသည် ဟု သိရသော မြင်မြင်သမျှ သင်္ခါရအာရုံ အလုံးစုံတို့ကို ကြောက်စရာ ကောင်းသည်ဟု ထင်မြင်သော အခြင်းအရာ ကြောက်သော အခြင်းအရာတို့နှင့်တကွ ဖြစ်သော အသိဉာဏ်သည်၎င်း၊ ဆင်ခြင်မိသမျှ သင်္ခါရ အာရုံတို့ကိုလည်း နည်းတူပင် ကြောက်စရာကောင်းသည်ဟု ထင်မြင်သော အခြင်းအရာ ကြောက်သော အခြင်းအရာတို့နှင့် တကွ ဖြစ်သော အသိဉာဏ်သည်၎င်း၊ ဘယတုပဋ္ဌာနဟု ခေါ်သော ဘယဉာဏ်မည်ပါတယ်။
အာဒီနဝဉာဏ် အခန်း
မှတ်တိုင်း မှတ်တိုင်း ကုန်ဆုံး ပျောက်ပျက်သွားတာကို သာလျှင် မပြတ်တွေ့ရ၍ ကြောက်တဲ့ အခြင်းအရာနှင့်တကွ ဖြစ်သော အမှတ်အသိဖြင့် ဒွါရ ၆ ပါး၌ ပေါ်လာသမျှ သင်္ခါရ အာရုံ အလုံးစုံတို့ကို မရပ်မဆိုင်းပဲ တိုင်းတိုင်းပြေး အတင်းတွန်း၍ ရှုမှတ်နေသော ယောဂီတို့အား ထိုဉာဏ်အားပြည့်လတ်သော် သွက်သွက် သွက်သွက် နှင့် အထူးလျင်မြန်သားသန်လှစွာသော မှတ်သိမှုသည် မပြတ်ဖြစ်ပေါ်၏။ ထိုအခါ၌ ယောဂီတို့၏ ပြောပုံများကား အချို့က .. ယခု မှတ်နေရတဲ့ အာရုံတွေဟာ ဘာတခုမျှ မကောင်းပါပဲကလား၊ ဘယ်ဟာကိုပဲ မှတ်မှတ် မကောင်းတာချည်းပဲလို့ ထင်ထင်နေတော့တာပဲ .. ဟု ပြောတတ်ပါတယ်၊ အချို့ကလည်း .. ကောင်းတာဆိုလျှင် ဘာမျှ မတွေ့တော့ဘူး .. ဟု ပြောတတ်ပါတယ်။
အချို့ကလည် .. မှတ်ရတာကတေ့ မှတ်ရတဲ့ အာရုံကလေးတွေနှင့် မှတ်စိတ်ကလေးတွေဟာ တည့်တည့်ပြီးတော့ တွဲကနဲ တွဲကနဲ ကပ်ကပ်နေတာပါပဲ၊ သို့ပေမယ့် ဘာတခုကိုမျှ ကောင်းတယ်လို့ဖြင့် မထင်တော့ဘူး .. ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. ဒီတရားတွေက ဖြစ်ဖြစ်နေလို့လည်း မကောင်းတာပဲ၊ မှတ်လို့လည်း မကုန်နိုင်အောင် မပြတ် ဖြစ်ဖြစ်နေလို့လည်း မကောင်းတာပဲ .. ဤသို့ စသည်ဖြင့်လည်း ပြောတတ်ပါတယ်။
အချို့ကလည်း .. ယခု မှတ်သိနေရတဲ့ တရားတွေ ရှိနေသမျှဖြင့် ဘာမျှ မကောင်းတာချည်းပဲ၊ ဒီတရားတွေ အကုန်လုံး ဘာမျှ မရှိလျှင်တော့ ကောင်းမှာပဲ ဟု ပြောတတ်ပါတယ်။
အချို့လည်း .. လူ့ပြည်မှာလည်း ဒါမျိုးတွေ ရှိနေလို့ မကောင်းဘူး၊ နတ်ပြည် ဗြဟ္မာ့ပြည် တွေမှာလည်း ဒါမျိုးတွေ ရှိနေလို့ မကောင်းဘူး၊ ဘယ်ဘုံမှာမျှ မကောင်းဘူး၊ ဒါမျိုးတွေ မရှိမှ ကောင်းမှာပဲ .. ဟု ပြောတတ်ပါတယ်။
(ဤတွင်လည်း ဘယဉာဏ် အရာမှာလိုပင် အားပေး၍ မကောင်းဘူးလို့ထင်တဲ့ သိတဲ့ စိတ်များကိုလည်း မှတ်ရန် ညွန်ကြားအပ်ပါတယ်။)
လိုရင်း အချုပ်ကား .. ဒွါရ ၆ ပါး၌ ဖြစ်ဖြစ်သမျှ တရား အလုံးစုံတို့ကို မှတ်တိုင်း မှတ်တိုင်း မကောင်းတဲ့ အနေအားဖြင့် အပြစ်မြင်လျက် မှန်ကန်စွာ သိသော ဉာဏ်သည်၎င်း၊ ဆင်ခြင်မိသော ဘဝသင်္ခါရတို့ကိုလည်း နည်းတူပင် အပြစ်မြင်လျက် မှန်ကန်စွာသိသော ဉာဏ်သည်၎င်း အာဒီနဝဉာဏ် မည်ပါတယ်။
နိဗ္ဗိဒါဉာဏ် အခန်း
မှတ်တိုင်း မှတ်တိုင်း မကောင်းဘူးဟူ၍သာ ထင်မြင်လျက် မပြတ် ရှုမှတ်နေသော ယောဂီတို့အား ထိုဉာဏ်အားပြည့်ပြန်လျှင် အလွန်လျင်မြန် သွက်လက်သော မှတ်သိမှုများ ဖြစ်ပေါ်ပြန်ပါတယ်။ ထိုအခါ၌ ယောဂီတို့၏ ပြောပုံများကား .. မှတ်ရတဲ့ အာရုံတိုင်း၏ အပေါ်မှာ ရွံ့မုန်းနေတာလိုလို ပျင်းပျင်းနေတာလိုလိုပဲ .. ဟု ပြောတတ်ပါတယ်။ အချို့ကလည်း .. မှတ်ရတာကတော့ ရှင်းရှင်း လင်းလင်းနဲ့ ပြတ်ပြတ်သားသား ကောင်းနေတာပါပဲ၊ သို့ပေမယ့် ပျင်းခြောက် ပျင်းခြောက်နဲ့ မှတ်ချင်စိတ်လည်း မရှိဘူး၊ မမှတ်ပဲတော့လည်း မနေနိုင်ဘူး၊ မှတ်တော့လည်း မပြတ် မှတ်နေရတာပဲ၊ ဘယ်လို နေတယ်လို့ကို မပြောတတ်ပါဘူး .. ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. မှတ်နေရတာကတော့ ကောင်းနေတယ်လို့ ထင်တာပါပဲ၊ စိတ်ထဲမှာတော့လည်း မပျော်ရွှင်ပါ .. ဟု ပြောတတ်ပါတယ်။ အချို့ကလည်း .. မှတ်ရတာတွေရဲ့ အပေါ်မှာ ဘာရယ်လို့လည်း မပြောတတ်ပါဘူး။ ငြီးငွေ့ ငြီးငွေ့ပြီး နေတော့တာပဲ ဟု ပြောတတ်ပါတယ်။
အချို့ကလည်း .. အလျင်ကတော့ သံသရာမှာ ငြီးငွေ့တယ်ဆိုတာကို သူများပြောလို့သာ ကြားရတယ်၊ ဘယ်လိုဟာရယ်လို့ မသိခဲ့ဘူး၊ ယခုမှ သိရတော့တာပဲ၊ ငြီးငွေ့ဆိုတာ အဟုတ်ကို ငြီးငွေ့တာပဲ၊ အလျင်ကတော့ အပါယ်ဘုံ ငရဲဘုံလောက်သာ ကြောက်တာ လူ့ပြည် နတ်ပြည်မှာ ကောင်းကောင်း ဖြစ်နေတာကိုတော့ သဘောကျနေတာပဲ၊ ယခုတော့ ဘယ်မှာမျှ မဖြစ်ချင်တော့ဘူး၊ နိဗ္ဗာန်ကိုသာ ရောက်ချင်တော့တာပဲ .. ဟုပြောတတ်ပါတယ်။
(နည်းတူပင် အားပေး၍ ပျင်းရိငြီးငွေ့တဲ့ စိတ်များကိုလည်း မှတ်ရန် ညွှန်ကြားအပ်ပါတယ်။)
လိုရင်း အချုပ်ကား .. ဒွါရ ၆ ပါး၌ ဖြစ်ပေါ်တိုင်းသော သဘောတရားတို့ကို ရှုမှတ်လျက် ရွံ့မုန်း ပျင်းရိ ငြီးငွေ့သော အခြင်းအရာနှင့် တကွဖြစ်သော ပစ္စက္ခ အသိဉာဏ်သည်၎င်း ထိုပစ္စက္ခဉာဏ်သို့ အစဉ်လိုက်၍ ဆင်ခြင်မိသမျှ ဘဝ သင်္ခါရ အာရုံတို့၌ ရွံ့မုန်း ပျင်းရိ ငြီးငွေ့လျက်ဖြစ်သော အနွယ အသိဉာဏ်သည်၎င်း နိဗ္ဗိဒါဉာဏ် မည်ပါတယ်။
အထူးမှာထားချက်ကား .. ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါ - ဟူသော ဤဉာဏ် ၃ မျိုးတို့၏ ဖြစ်ပုံများကို အချို့ယောဂီတို့သည် မိမိတို့၏ ထင်ရှားတွေ့ရသည့်အတိုင်း အလုံးစုံပင် ရှင်းလင်းစွာ ပြောပြတတ်ပါတယ်။ အချို့ယောဂီတို့သည်ကား ဤဉာဏ် ၃ မျိုးတို့တွင် ၂ မျိုး၊ ၁ မျိုး၏ ဖြစ်ပုံကိုသာ ရှင်းလင်းစွာ ပြောပြတတ်ပါတယ်။ ကျန်သော ၁ မျိုး၊ ၂ မျိုး၏ ဖြစ်ပုံကိုကား မပြောနိုင်ကြပေ။ အချို့ ယောဂီတို့သည်ကား ဤဉာဏ် ၃ မျိုး အရာ၌ အထူးတွေ့ပုံ အထူးသိပုံတို့ကို ဘာမျှ ထူးခြားစွာ မပြောပြကြပဲ အောက်ပါအတိုင်း သာမန်မျှသာ ပြောပြတတ်ပါတယ်။
- သွက်သွက် သွက်သွက်နဲ့ မြန်ပြီး ကောင်းနေတာပဲ၊ တခါတရံလည်း မနှေးမမြန် မှန်မှန်ကလေး ကောင်းနေတာပဲ၊ တခါတရံလည်း လေးလေးကလေး ဖြစ်ပြီး မှတ်လို့ကတော့ ကောင်းနေတာပဲ၊ တခါတရံမှာတော့ စိတ်ထဲမှာ ပျင်တာလိုလို ခြောက်နေတာလိုလို မကောင်းတာလိုလို ကောင်းတာလိုလို ဖြစ်နေတယ်၊ မှတ်လို့ကတော့ ကောင်းနေတာပါပဲ .. ဟူ၍ပြောတတ်ပါတယ်။
ဤသို့ သာမန်မျှသာ ပြောတတ်သော ပုဂ္ဂိုလ်များကိုလည် အနည်းငယ် တွေ့ရတတ်ပါတယ်။
ဤလို ပုဂ္ဂိုလ်များကို နှိုင်းချိန်ရန်လက္ခဏာများကား .. အားငယ်သောစိတ်ဖြင့် သိမ်မွေ့စွာပြောခြင်း၊ ရှေးကလို အားတက်သရောမရှိခြင်း၊ ရုပ်လက္ခဏာ မရွှင်မလန်းညှိုးနွမ်းခြင်း၊ စကားနည်းခြင်း၊ ရှေးကလို အများနှင့် မရောနှောပဲ နေတတ်ခြင်း၊ ဆိတ်ငြိမ်ရာ၌သာ တကိုယ်တည်းနေလိုခြင်းစသော ဤလက္ခဏာတို့ကိုကြည်ရှု၍ ဘင်္ဂဉာဏ် သန်သန်ကြီးဖြစ်ခဲ့ပြီးသော ထိုယောဂီကို .. ဘယ၊ အာဒီနဝ၊ နိဗ္ဗိဒါဉာဏ်များသို့ ရောက်နေသည် .. ဟု ခန့်မှန်းယူဆ,ရာပါတယ်။
ထို့ပြင် အထက်ဉာဏ် ဆိုင်ရာ အတွေ့များကို ပြောခြင်းဖြင့်လည်း .. ထိုရက်ပိုင်း အချိန်များအတွင်းက ထိုဉာဏ်များသို့ ရောက်နေခဲ့သည် ဟု ယူဆရာပါတယ်။ ၎င်းဉာဏ် ၃ မျိုးတို့၏ ဖြစ်ပုံများကိ ရှင်းလင်းစွာ ပြောပြနိုင်ပြီးမှသာလျှင် အထက်ဉာဏ်များကို ရောက်နိုင်သည် .. ဟူ၍ကား မုချကိန်းသေ မယူဆရာ၊ ဤသည်ကား သတိပြုရန် အထူးမှာထားချက်ပင်ဖြစ်ပေသည်။
ကမ္မဋ္ဌာန်းဆရာတို့၏ မှတ်တမ်းကျမ်းကိုဤတွင်အဆုံးပါမည်။