တရားအားထုတ်တယ်ဆိုတာ (၁)
တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်တရားတွေကို သတိထားပြီး ဉာဏ်ပညာနဲ့ ကြည့်နေတာပါ။
ဝိပဿနာတရားအလုပ် အားထုတ်ကြရာမှာ မသိမဖြစ် သိထားရမှာက ရုပ်တရားနဲ့ နာမ်တရားပါ။ ဝိပဿနာရဲ့ အာရုံဟာ ရုပ်နဲ့နာမ်ဆိုတော့ ဝိပဿနာတရား ရှုပွားနေမယ်ဆိုရင် ဘယ်လိုသဘောတရားက ရုပ်၊ ဘယ်လိုသဘောတရားက နာမ်လို့ သိထားရပါမယ်။
တရားအလုပ် ဝိပဿနာအလုပ်ဆိုတာ ရုပ်နာမ်ရဲ့သဘောလက္ခဏာတွေကို အသေအချာသိအောင် ဉာဏ်ပညာနဲ့ ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ရတာမို့ပါ။
ရုပ်ဆိုတာ ရူပ ဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာခဲ့တာပါ။ ဖောက်ပြန်ပြောင်းလဲတဲ့ သဘောမှန်သမျှဟာ ရုပ်တရားရဲ့ သဘော သဘာဝပါ။ ပူလာရင်တစ်မျိုး အေးပြန်တော့တစ်မျိုး ဖြစ်တတ်ပါတယ်။ ပူနေခိုက်မှာ ဖြစ်ပေါ်တဲ့ သဘောတွေဟာ အေးလာပြန်တော့ ပျောက်သွားပါတယ်။ သဘောတရားအသစ်တစ်မျိုး ပြောင်းသွားတာပါ။
ဆာလောင်မွတ်သိပ်နေချိန်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေဟာ စားသောက်လိုက်တဲ့အချိန်မှာ တစ်မျိုး ဖြစ်သွားပါတယ်။ ကိုယ်ပေါ်မှာ အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်ပျောက်ပျက်ပြီး ပြောင်းလဲသွားတာမှန်သမျှကို ရုပ်လို့ သိထားပါ။
နာမ်တရားဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်ထဲမှာ ထင်ရှားနေတဲ့ သဘောပါ။ စိတ်နဲ့ဆက်သွယ် ဆက်စပ်ပြီး ဖြစ်လာတဲ့ တွေးတောစိတ်၊ ကြံစည်စိတ်၊ သိစိတ် အားလုံးဟာ နာမ်တရားပါ။ အမှတ်ရ အောက်မေ့တာ၊ ဝမ်းသာဝမ်းနည်းတာ၊ ပျင်းရိတာ၊ ပျှော်ရွှင်တာတွေဟာ စိတ်မှာ ဖြစ်ကြတာမို့ နာမ်တရားလို့ မှတ်ရပါမယ်။
စိတ်ဆိုတာ အာရုံနဲ့ ကင်းကွာပြီး နေလို့ မရပါဘူး။ တစ်ခုခုကိုတော့ တွေးနေကြံနေသိနေပါတယ်။ တရားအားထုတ်ရင်း ကိုယ့်အကြောင်းကိုယ် တွေးနေတာကိုလည်း နာမ်လို့ ရှုမှတ်ရပါမယ်။ သူများအကြောင်း၊ အလုပ်အကိုင်အကြောင်း၊ သားရေးသမီးရေးအကြောင်း ဘယ်လိုအကြောင်းကို တွေးတွေး အတွေးစိတ်ကို နာမ်လို့ ရှုမှတ်ရပါတယ်။
ကိုယ်ထဲမှာ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်ပြီး ပူနေတယ်လို့ သိရင်လည်း နာမ်လို့ရှု၊ နာကျင်တယ် ကိုက်ခဲတယ် သက်သာတယ် ပင်ပန်းတယ် လှုပ်တယ် ရွေ့တယ် စသည်ဖြင့် ပေါ်လာသမျှအသိတရားတွေကို နာမ်လို့ ရှုမှတ်ရပါတယ်။ စိတ်မှာ ဖြစ်ပေါ်နေတာက နာမ်တရားပါ။ ရုပ်နာမ်တရားတွေကို သတိထားပြီးတော့ ရှုမှတ်နေထိုင်တာကို တရားနဲ့နေတယ်လို့ပြောရပါမယ်။
တရားအလုပ်က တမင်တကာ လေ့ကျင့်ယူမှလုပ်ယူမှ ဖြစ်တာပါ။ သူ့အလိုလိုတော့ ဖြစ်မလာပါဘူး။ အထူးသဖြင့် စိတ်နဲ့လုပ်ရတဲ့ အလုပ်တွေမှာ စိတ်ကို နိုင်နင်းဖို့ ကိုယ်လိုရာမှာ စိတ်ကို ထားနိုင်ဖို့ လိုအပ်ပါတယ်။
တရားနဲ့နေတယ်ဆိုရာမှာ အရှုခံရုပ်နာမ်ကို ဉာဏ်ပညာနဲ့ ကြည့်ရှုနေတာ၊ သတိထားပြီး မှတ်သားနေတာကို သဘောပေါက်ရပါမယ်။
ရုပ်နဲ့နာမ်ကို အရှုခံထားရမယ့်တရားက နှစ်မျိုးဖြစ်နေတော့ ဘယ်တရားကို ရှုရမှာလဲ၊ ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှာလား နှစ်မျိုးလုံးကို ရှုရမှာလား လို့ မေးစရာရှိပါတယ်။
ထင်ရှားတာကို စရှုပါလို့ အကြံပေးချင်ပါတယ်။ ရုပ်နဲ့နာမ်တို့ရဲ့ဖြစ်ပုံပျက်ပုံတွေကို ကြည့်ရင် နာမ်တရားထက် ရုပ်တရားက ပိုပြီး သိသာပါတယ်။ နာမ်တရားဟာ အကောင်အထည်မရှိ၊ ထိတွေ့နိုင်မှု မရှိတော့ ရုပ်ထက်ပိုပြီး သိမ်မွေ့နူူးညံ့လို့ အရှုရခက်ပါတယ်။ ကိုယ်ပေါ်မှာ ဖြစ်တာထက်စာရင် စိတ်ထဲမှာ ဖြစ်တဲ့ သိမှု၊ တွေးကြံမှု၊ ခံစားမှုတွေက အဖမ်းရခက် အသိရခက်ပါတယ်။ ဖြစ်မြန် ပျက်မြန် လျှင်မြန်တာကြောင့် ချက်ချင်းသတိထား ရှုနိုင်ဖို့ ခဲယဉ်းပါတယ်။
စတင်လေ့ကျင့်စဉ်ကာလမှာ ရုပ်ကို ဦးစားပေးရှုရင် ထင်ရှားတာ၊ ရှုလွယ်မှတ်လွယ်တာကို တွေ့ရပါမယ်။ အလေ့အကျင့် ရလာတဲ့အခါ စိတ်ကို နိုင်နင်းလာတဲ့အခါကျရင် နာမ်ကိုလည်း အလွယ်လေးနဲ့ ရှုသွားနိုင်ပါမယ်။
တရား ရှုမှတ်တယ်ဆိုတာ အကောင်အထည် ပုံပန်းသဏ္ဍာန်တွေ၊ ပုဂ္ဂိုလ်သတ္တဝါတွေ မပါစေရပါဘူး။ သဘောတရားလေးကိုသာ ရှုရတာပါ။ အမည်နာမတွေ ရွတ်ဆိုရ မှတ်ရတာ မဟုတ်ပါဘူး။ သဘောတရားကို မှတ်ရတာပါ။
ရုပ်နာမ်တရားတွေကို ရှုမှတ်တဲ့အခါမှာ ရုပ် ရုပ်၊ နာမ် နာမ် လို့ ပါးစပ်က မဆိုပါနဲ့၊ စိတ်ကလည်း မဆိုပါနဲ့၊ ရုပ်မှန်း နာမ်မှန်း သိရုံသာသိအောင် ကြည့်ရတာမျိုးပါ။
တရားအားထုတ်တာ တရားရှုမှတ်တာဟာ ပုံမှန်အရှိသဘာဝကို ရှုမှတ်ရတာပါ။ အရှိတရားကို အသိတရားနဲ့ ကြည့်ပြီးနေတာဟာ တရားနဲ့နေတာပါ။ မမြင်ဖူးမတွေ့ဖူးတဲ့ အထူးအဆန်းတွေ ဖြစ်လာမလား၊ တွေ့လာမလားလို့ လိုက်မရှာပါနဲ့။ မရှိတာကိုလည်း မရှာပါနဲ့။ ရှိနေတာကို ဖြစ်နေတာကိုလည်း မပြင်ပါနဲ့၊ မဖျက်ဆီးလိုက်ပါနဲ့။ အရှိကို အရှိအတိုင်း ရှုမှတ်အားထုတ်ပါ။
တရားအလုပ်က စိတ်အလုပ်ပါ။ စိတ်နဲ့ အားထုတ်၊ စိတ်နဲ့ ရှုမှတ်ရတာမျိုးပါ။ စိတ်ရဲ့သဘာဝက နေနေကျ အာရုံမှာသာ ပျော်တတ်ပါတယ်။ တရားနဲ့နေမယ်လို့ တရားအာရုံပေါ်စိတ်ကိုထားလိုက်တဲ့အခါ ပျင်းရိငြီးငွေ့ တာ ဖြစ်လာတတ်ပါတယ်။
တရားနဲ့နေသူတစ်ယောက်ဟာ တရားနဲ့နေနိုင်ဖို့အတွက် သတိ ဝီရိယ ပညာ သုံးမျိုးကို အားကိုးရပါမယ်။ တရားအားထုတ်တယ်ဆိုတာ တကယ်တော့ သတိ ဝီရိယ ပညာတို့ မှန်မှန်လည်ပတ် လုပ်ကိုင်နေတာပါ။
ကျွမ်းကျင်တဲ့ ပန်းပုဆရာတစ်ယောက်က သစ်သားတုံးကြီးကို လှပတဲ့ အရုပ်ကလေးဖြစ်လာဖို့ ထုဆစ်တဲ့နေရာမှာ စူးဆောက်တန်ဆာပလာတွေ လက်နက်ကိရိယာတွေကို သူ့နေရာနဲ့သူ စနစ်တကျ အသုံးပြုပါတယ်။ လွှနဲ့ ဖြတ်တန်ဖြတ်၊ ဆောက်နဲ့ဖဲ့တန်ဖဲ့၊ စူးနဲ့ ထိုးတန်ထိုးပြီး စနစ်တကျ ထုဆစ်လိုက်တဲ့အခါ သစ်သားတုံးကြီးဟာ လှပတဲ့ အရုပ်ကလေး ဖြစ်လာပါတယ်။
ဒီလိုပါပဲ။ တရားအလုပ် အားထုတ်တဲ့သူဟာ သတိ ဝီရိယ ပညာ လက်နက်ကိရိယာတွေကို သူ့နေရာနဲ့သူ အကွက်ကျအောင် စနစ်ကျအောင် အသုံးချရမှာပါ။ အားထုတ်ရင်းနဲ့ သတိ လိုနေသလား၊ ဝီရိယနည်းနေသလား၊ ပညာဉာဏ် ပါရဲ့လား လို့ မကြာခဏ အကဲခတ်ရပါတယ်၊ စိစစ်ရပါတယ်။
တရားနယ်မှာ ဝေဒနာသဘောကို နားလည်မှုလွဲနေကြတာ ရှိပါတယ်။ နာတာ ကျင်တာ ကိုက်ခဲတာကို ဝေဒနာလို့ ပြောတတ်ကြပါတယ်။ နာကျင်ကိုက်ခဲမှုတွေကုန်အောင် အားထုတ်ရမယ်။ ဝေဒနာကျော်အောင် ရှုရမယ် လို့ ပြောသံတွေလည်း ကြားရပါတယ်။
အမှန်က နာတာ ကျင်တာ ကိုက်ခဲတာ ဝေဒနာ မဟုတ်ပါဘူး၊ ရုပ်တရားတွေ ဖောက်ပြန်တာပါ။
ရုပ်ဖောက်ပြန်တာကို ဝေဒနာလို့ ရှုရင် မှားပါတယ်။ နာကျင်ကိုက်ခဲတာကို ကုန်အောင် မရှုပါနဲ့။ ကုန်အောင်ရှုလို့မရပါဘူး။ ကုန်လည်း မကုန်နိုင်ပါဘူး။ ရုပ်တရားက ကိုယ်မှာဖြစ်တာပါ။ ဝေဒနာက စိတ်မှာ ဖြစ်တာပါ။
နာကျင်ကိုက်ခဲတာဟာ ကိုယ်မှာ ဖြစ်တာမို့ ရုပ်တရားပါ။
ဝေဒနာက စိတ်မှာ ဖြစ်တာမို့ နာမ်တရားပါ။
ကိုယ်ခန္ဓာ ရှိနေသမျှ နာကျင်ကိုက်ခဲမှုရောဂါ၊ ရုပ်ဖောက်ပြန်တာတွေ ရှိနေပါမယ်။ စိတ်ရှိနေသမျှ ခံစားမှုဝေဒနာတွေ ရှိနေပါတယ်။ မကုန်ပါဘူး။ နာကျင်ကိုက်ခဲတာ၊ တင်းတောင့်တာ၊ စူးတာ အောင့်တာတွေက ရုပ်ဖောက်ပြန်တာပါ။ အအေးကြောင့် အပူကြောင့်၊ မှက် ခြင် ယင် လေ စသည်တို့ကြောင့်၊ ဆာလောင်မွတ်သိပ်မှုကြောင့် ဖြစ်လာတဲ့ ကိုယ်မှာဖြစ်တာ မှန်သမျှဟာ ဝေဒနာ မဟုတ်ပါဘူး။ ရုပ် ဖောက်ပြန်တာပါ။ ဝေဒနာ မဟုတ်တာကို ဝေဒနာလို့ ရှုရင် အရှုမှားပါတယ်။ တရားသဘောကို မသိနိုင်ပါဘူး။
ကိုယ်မှာ ဖြစ်လာတဲ့ နာကျင်ကိုက်ခဲမှု တင်းတောင့်မှု ထုံကျဉ်မှုတွေကို သိရှိခံစားတဲ့ သဘောကမှ ဝေဒနာပါ။ ဝေဒနာဟာ အသိစိတ်နဲ့ တွဲကပ်ဖြစ်ပါတယ်။ နာမ်တရားပါ။
ဝေဒနာဟာ စိတ် မဖြစ်တော့မှ သေဆုံးသွားတော့မှ ကုန်ပါတယ်။ ရုပ်ဖောက်ပြန်မှုတွေဟာလည်း မသေမချင်း ရှိနေဖြစ်နေပါတယ်လို့ သဘောပေါက်နားလည်ရပါမယ်။
ဖြစ်ပေါ်လာတဲ့ရောဂါတွေ၊ ဝေဒနာတွေ ကုန်သွားအောင် ကျော်သွားအောင် မကြိုးစားရပါဘူး။ ဒုက္ခသဘောတွေ သိအောင် နားလည်အောင် ရှုမှတ်ရမှာပါ။
တချို့က တရားထိုင်ရင် ကြာကြာထိုင်ရမယ်၊ ကြာကြာထိုင်မှ ဝေဒနာထင်ရှားမယ်၊ တရားရမယ် လို့ ပြောကြပါတယ်။
သဘောကတော့ ကြာကြာထိုင်လို့ ကိုယ်မှာဖြစ်ပေါ်လာတဲ့ နာကျင် ကိုက်ခဲမှုတွေကို ဝေဒနာလို့ ရည်ရွယ်ပြောကြတာပါ။
အမှန်ကတော့ နာတာဟာ ဝေဒနာမဟုတ်ပါဘူး။ ဝေဒနာဆိုတာ ခံစားတတ်တဲ့ သဘောသက်သက်ပါ။
နာတာက ရုပ်၊ နာသဘောကို ခံစားတာကမှ ဝေဒနာပါ။
ကိုယ်ဖြစ်တဲ့ နာသဘောကို စိတ်နဲ့ဖြစ်ဖော်ဖြစ်ဖက် ဝေဒနာက ခံစားတာပါ။ အာရုံကို ဖမ်းယူတတ်တဲ့ စိတ်က နာတဲ့ဆီကို အာရုံပြုတော့ ဝေဒနာက သိရှိခံစားလိုက်တာပါ။
ဝေဒနာဟာ စိတ်နဲ့တွဲနေပါတယ်။ စိတ်ဖြစ်ရင် ဝေဒနာဖြစ်၊ စိတ်ချုပ်ပျက်ရင် ဝေဒနာလည်း ချုပ်ပျက်သွားတာမို့ ဝေဒနာကို ကုန်အောင်လုပ်လို့မရသလို၊ ဖြစ်အောင်လုပ်လို့လည်း မရပါဘူး။ သူ့သဘောနဲ့သူ အကြောင်းတရားတွေ တိုက်ဆိုင်မှဖြစ်လာတာပါ။
ဝေဒနာဖြစ်လာအောင် တမင်တကာ ကြာကြာထိုင်ပြီးတော့လည်း လုပ်မယူပါနဲ့။ ဖြစ်လာပြီးတာကိုလည်း ကုန်သွားအောင် ပျောက်သွားအောင် လုပ်မယူပါနဲ့။ သူ့သဘောအတိုင်းသာ နေပါစေ။ သူ့သဘောအတိုင်း ဖြစ်ပျက်နေတာကို တရားရှုသူက အလိုက်သင့် ရှုမှတ်ဖို့သာ အရေးကြီးပါတယ်။
ကြာကြာထိုင်တာ မထိုင်တာထက် မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့၊ နှလုံးသွင်းတတ်ဖို့က ပိုအရေးကြီးပါတယ်။
အထိုင်ကြာရင် ပင်ပန်းလာပါတယ်။ အထိုင်ကြာလာလို့ ရုပ်ခန္ဓာ ဖောက်ပြန်မှုဒဏ်က သည်းမခံနိုင်အောင် ဖြစ်လာရင် ပြောင်းရွှေ့ချင်စိတ် ပေါ်ပေါက်လာပါတယ်။ သိပ်ကို ညောင်းညာကိုက်ခဲတောင့်တင်းလာရင် စိတ်ထဲမှာ ပြောင်းချင်ပြင်ချင် ရွှေ့ချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ အဲဒီစိတ်ကို ရှုစိတ်နဲ့ သတိထားပြီး နာမ်လို့ ရှုပေးပါ။ ခံနိုင်သေးတယ်ဆိုရင် နိုင်သလောက် သည်းခံပြီး ရှုမှတ်နေပါ။ ရှုမှတ်လိုက်ရင် တစ်ခါတလေကျတော့ ရွှေ့ချင်ပြောင်းချင်စိတ်တွေ ပျောက်သွားပါတယ်။
ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး၊ ပြောင်းမှဖြစ်တော့မယ်၊ ရွှေ့မှ ဖြစ်တော့မယ်ဆိုရင် ရှုမှတ်ရင်း ပြောင်းရွှေ့ပါ။ နာလို့ ပြောင်းမယ်ဆိုတဲ့ နာတဲ့သဘောကို ရုပ်လို့ရှုပါ။ ထုံကျဉ်ကိုက်ခဲလို့ ပြောင်းမယ်ဆိုရင် ထုံကျဉ်ကိုက်ခဲတဲ့ သဘောကို အာရုံစိုက်ပြီး ရုပ်လို့ ရှုမှတ်ရင်း ပြောင်းပါ။ ညောင်းညာလို့၊ တင်းတောင့်လို့ ပြောင်းမယ်ဆိုရင်တော့ ညောင်းညာ တောင့်တင်းနေတဲ့သဘောကို ထင်မြင်အောင်အာရုံစိုက် ရှုမှတ်ပြီး ပြောင်းပါ။
ပြောင်းရွှေ့ပြင်ဆင်ချိန်မှာ ခြေလက်အင်္ဂါအစိတ်အပိုင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ရဲ့ ရွေ့လျားတဲ့သဘော၊ တွန်းကန်တဲ့သဘော၊ လှုပ်ရှားတဲ့သဘော၊ လေးသွားပေါ့သွားတဲ့ သဘောတရားတို့ကို အသေအချာ ရှုမှတ်သွားရင် ကိုယ်ခန္ဓာအနေအထားပျက်ပေမယ့် တရားမပျက်ပါဘူး။
ပြောင်းရွှေ့ပြင်ဆင်လိုက်လို့ နေရခက်တာ၊ ပင်ပန်းဆင်းရဲတာတွေ ပျောက်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားပြီဆိုရင် မူလ ရှုနေတဲ့ကမ္မဋ္ဌာန်း .. နှာသီးဖျားမှာ သတိထားလို့ဖြစ်စေ၊ ရင်မှာ တိုးတုန်တာကိုဖြစ်စေ၊ ကိုယ်ခန္ဓာမှာ ထင်ရှားတဲ့နေရာကိုဖြစ်စေ ပြန်ရှုမှတ်ပါ။
မြတ်စွာဘုရားက တရားဓမ္မ ကျင့်ကြံအားထုတ်တဲ့နေရာမှာ အစွန်းမရောက်ဖို့၊ မဇ္ဈိမပဋိပဒါ အလယ်အလတ်မျှတတဲ့ လမ်းစဉ်ကို လိုက်ဖို့ ဟောကြားတော်မူပါတယ်။ မိမိကိုယ်မိမိ ညှဉ်းဆဲရာရောက်တဲ့ အစွန်းတစ်ဖက်၊ သက်သာခိုရေသာခိုတဲ့ အစွန်းတစ်ဖက်၊ ဒီအစွန်းနှစ်ဖက် လွတ်အောင် ကျင့်ရမှာပါ။
တရားအားထုတ်စဉ်မှာ မပြောင်းမရွှေ့ဘဲ ပင်ပန်းဆင်းရဲတာကို ပေတေကြိတ်မှိတ် မရှုမှတ်နိုင်ဘဲနေရင်လည်း အစွန်းမလွတ်ပါဘူးး။ ပြောင်းလို့ ရွှေ့လို့ရတယ်ဆိုပြီး နည်းနည်းလေးတောင် သည်းမခံဘဲ ပြောင်းရွှေ့လွန်း၊ သက်သာခိုလွန်းရင်လည်း အစွန်းမလွတ်ပါဘူး။ မိမိရဲ့ ရှုမှတ်နိုင်မှု အခြေအနေကိုကြည့်ပြီး မျှတအောင်နေ၊ မျှတအောင် ကျင့်ရမှာပါ။
ဣရိယာပုတ် ပြောင်းပြင်သင့်တဲ့အချိန်မှာ မပြောင်းပြင်ရင်
၁။ ဒုက္ခဝေဒနာ ပြင်းထန်စွာဖြစ်လာပါတယ်။
၂။ တည်ကြည်မှုမရှိဘဲ သမာဓိ ပျက်တတ်ပါတယ်။
၃။ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်း ပျောက်ပျက်သွားပါတယ်။
၄။ တရားထူး မရနိုင်ပါဘူးလို့ ဖြစ်ပေါ်လာမယ့် အပြစ်လေးချက် သင့်တယ်လို့ အဋ္ဌကထာမှာ ဖော်ပြထားပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မေတ္တာဖြင့်
tno
တရားအားထုတ်တယ်ဆိုတာ (၂)
တရားနဲ့နေတယ်ဆိုတာ နေတတ်ရင် အနေအထား မရွေး၊ ဣရိယာပုတ်မရွေး တရားနဲ့နေလို့ရပါတယ်။ လျောင်း ထိုင် ရပ် သွား အနေအထား လေးမျိုးမှာ တစ်သက်လုံး ဘယ်သူမျှ အနေအထား တစ်မျိုးတည်းနဲ့ မနေကြပါဘူး။ မနေနိုင်ပါဘူး။ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေလို့သာ အသက်ရှင်နေကြတာပါ။
မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း တရားကျင့်သူတို့အတွက် လျောင်း ထိုင် ရပ် သွား အနေအထားတွေနဲ့ စနစ်တကျအားထုတ်ဖို့ မြတ်စွာဘုရားညွှန်ကြားခဲ့ပါတယ်။
ဒါကြောင့် ရပ်နေစဉ်မှာ တရားနဲ့နေနည်းလေး ပြောချင်ပါတယ်။
ထိုင်ရာက ထပြီး တစ်နေရာရာကို သွားမယ်ဆိုရင် ခြေမကြွခင် မလှမ်းခင်မှာ ခြေစုံမတ်မတ်ရပ်ရပါတယ်။ ဒါမှမဟုတ် ရပ်ပြီး အားထုတ်ချင်တယ်ဆိုရင်လည်း ခြေအစုံပေါ်မတ်မတ်ရပ်ရပါတယ်။
မတ်တပ်ရပ်နေစဉ်မှာ လက်အနေအထားကို အဆင်ပြေသလို ထားလို့ရပေမယ့် ဦးခေါင်းကိုတော့ ငုံမထားပါနဲ့။ ရှေ့တည့်တည့်ကို ကြည့်ပြီး မျက်လုံးမှိတ်နေပြီး၊ မိမိရဲ့စိတ်ကိုလည်း ခြေဖဝါးနဲ့ ကြမ်းပြင်ထိတဲ့ နေရာအာရုံစိုက် ထားရပါတယ်။
ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့အလေးချိန်က ခြေဖဝါးပေါ်မှာ အားပြုဖိထားတာမို့ လေးနေတဲ့သဘောကို တွေ့ရပါမယ်။ လေးသဘောကို ရုပ်လို့ ရှုပါ။ လေးနေတယ်လို့ သိတဲ့အသိကို နာမ်လို့ ရှုပါ။
ခြေဖဝါးမှာ ပူနေအေးနေတဲ့သဘော၊ ကြမ်းတမ်းခက်မာတဲ့သဘော၊ နူးညံ့ချောမွေ့တဲ့သဘောတွေကိုလည်း သတိပြုကြည့်ရင် တွေ့ရပါမယ်။
ပူသဘော၊ အေးသဘော၊ ကြမ်းသဘော၊ နုသဘောတွေကို ရုပ်လို့ ရှုနိုင်ပါတယ်။ ပူသဘော၊ အေးသဘော စတာတွေကို သိနေတဲ့အသိကို နာမ် လို့ ရှုနိုင်ပါတယ်။
နောက်တစ်ခါ ခန္ဓာကိုယ်ကြီး ယိမ်းယိုင်မသွားအောင် လဲပြိုကျ မသွားအောင် ခြေသလုံးတို့၊ ဒူးခေါင်းတို့ ထိန်းထားပေးရပါတယ်၊ တောင့်ထားပေးရပါတယ်။ ခြေသလုံးကြွက်သားနေရာ ဒူးခေါင်းနေရာတို့မှာ အသေအချာ သတိထားရင် တောင့်တင်းသဘော ထိန်းထားတဲ့ သဘောတွေကို တွေ့ပါမယ်။ ခြေသလုံး ဒူးခေါင်းစတဲ့ ပုံသဏ္ဍာန်တွေ၊ အသားစု အသားစိုင်တွေ မပါစေဘဲနဲ့ သဘောသက်သက်ကို ကြည့်ပြီး ရုပ်လို့ ရှုပါ၊ သိတဲ့အသိကို နာမ်လို့ ရှုပါ။
ရပ်နေခိုက်မှာ ထိုင်စဉ်တုန်းကလို နှာသီးဖျားတို့ ရင်ခေါင်းတို့မှာ မရှုရပါဘူး။ အရှုမြဲရင် ကိုယ်ခန္ဓာပေါ် အာရုံစိုက်မှု အားနည်းသွားလို့၊ အသိစိတ်လွတ်သွားလို့ ယိုင်သွားတတ်ပါတယ်။ လဲကျတတ်ပါတယ်။
ရှုနေရင်းမှာလည်း ခန္ဓာကိုယ်အနေအထားကို မကြာခဏပြန် သတိပြုရပါမယ်။ ဘာလို့လဲဆိုတော့ ရှုနေတယ်ထင်ပြီး အမှတ်လွတ်သွားချိန်မှာ၊ အိပ်ချင်ငိုက်မြည်းမှုတွေ ဝင်လာချိန်မှာ ကိုယ်အနေအထား ဟန်ချက် ပျက်ပြီး ရှေ့ကို ငိုက်ဆင်းသွားတာ၊ နောက်ကို လန်ကျသွားတာတို့ ဖြစ်တတ်လို့ပါ။
ထိုင်စဉ် ရပ်စဉ်မှာ တရားနဲ့နေလို့ ရသလို တစ်နေရာကနေ တစ်နေရာကို လျှောက်သွားတဲ့အခါ၊ လှမ်းသွားတဲ့အခါ၊ စင်္ကြ ံသွားတဲ့အခါမျိုးတွေမှာလည်း အမှတ်တမဲ မဟုတ်ဘဲ သတိနဲ့ ရုပ်နာမ်အစဉ်ကို ရှုမှတ်နေတယ်ဆိုရင် တရားဖြစ်ပါတယ်။
တစ်နေရာက တစ်နေရာကို သွားမယ်ဆိုရင် သွားချင်တဲ့စိတ်က နာမ်တရား၊ သွားနေတာက ရုပ်တရားလို့ ရှုပွားရပါတယ်။ တကယ်တမ်းသွားနေတာက ငါလည်း မဟုတ်ဘူး။ သူလည်းမဟုတ်ပါဘူး။ ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ပါဘူး။ ယောက်ျားသွားတာ .. မိန်းမ သွားတာလည်း မဟုတ်ပါဘူး။ နာမ်တရားနဲ့ ရုပ်တရားက သွားလာ လှုပ်ရှားနေတာပါ။ နာမ်နဲ့ရုပ်တို့ ဆင့်ကာ ဆင့်ကာ ဖြစ်နေပျက်နေတာပါ။
လိုရာခရီးတစ်ခုရောက်ဖို့အတွက် သွားချင်တဲ့စိတ် နာမ်တရားတွေ သွားတဲ့ ရုပ်တရားတွေ အမြောက်အမြား ဖြစ်ပျက်သွားကြတာ၊ ဖြစ်ပျက် နေကြတာကို ကြည့်ရှုပြီးသွားရင် သွားလာနေစဉ်မှာ တရားနဲ့နေတယ်လို့ ခေါ်ပါတယ်။
ရပ်နေရာကနေ တစ်နေရာကို သွားမယ်ဆိုရင် ပထမဦးဆုံး ခြေထောက်ကို ကြွချင်လှမ်းချင်တဲ့ စိတ်ပေါ်ပါတယ်။ ကြွချင်လှမ်းချင် စိတ်ကို နာမ်လို့ ရှုပါ။ ခြေထောက်ကို ကြွလိုက်တဲ့အခါ ဒူးခေါင်းကို သတိထားကြည့်ရင် သိသာပါတယ်။ အပေါ်ဘက်ကတင်းသွားပြီး အောက်ဘက်လျော့သွားပါတယ်။ ဒူးကွေးသွားတော့ အပေါ်က တင်းတဲ့သဘော၊ အတွင်းကလျော့တဲ့သဘော တွေ့ရမှာပါ။ ခြေထောက်ကို ကြွ တင် မ တင်လိုက်တော့ လေးတဲ့သဘော၊ ပင့်မရတဲ့သဘောတွေ တွေ့ရမှာပါ။ တင်းသဘော၊ လျော့သဘော၊ လေးသဘောတွေကို ရုပ်လို့ မှတ်ရပါတယ်။
အထူးသတိထားဖို့ ခြေထောက်ဆိုတဲ့ ပုံသဏ္ဍာန်ကို မရှုဖို့ပါ။ ခြေထောက်ဆိုတာက ပညတ်ပါ။ တင်းသဘော၊ လျော့သဘော၊ လေးပေါ့သဘောဆိုတဲ့ ပရမတ်ကို ကြည့်ရမှာ ပရမတ်ကို ရှုရမှာပါ။ ပရမတ်ရှုမှ ဖောက်ပြန်မှု တွေ့ပါတယ်။ ရုပ်သဘော တွေ့ပါတယ်။
ခြေထောက်ကို ကြွပြီးရင် ရှေ့ကို လှမ်းပါတယ်။ လှမ်းနေတဲ့ တစ်ခဏလေးမှာ ကွေးထာတာတွေ စန့်သွားပါတယ်။ တင်းနေတာတွေ လျော့သွားပါတယ်။ ကြွစဉ်က ဖြစ်ပေါ်နေတဲ့ ရုပ်သဘောတွေ ချုပ်ပျောက်ပြီး သဘောအသစ်တွေ ဖြစ်လာပါပြီ။ လျော့သွားတဲ့ သဘော၊ လှုပ်ယမ်းသွားတဲ့ သဘော၊ ရွေ့သွားတဲ့ သဘောတွေကို အာရုံပြုပြီး ရုပ်လို့ ရှုပါ။
ရှုနေရင် ခြေထောက်ကို အောက်ပြန်ချလိုက်ချိန်မှာ ထိန်းချုပ်ထား ပင့်မထားတာတွေကို လွှတ်ချလိုက်၊ တွန်းချလိုက်တဲ့သဘောကို တွေ့ပါမယ်။ ခြေထောက်နဲ့ မြေကြီး၊ ခြေဖဝါးနဲ့ ကြမ်းပြင်ကို ထိတွေ့သွားစဉ် မှာလည်း ကြမ်းသဘော၊ နုသဘော၊ ပူသဘော၊ အေးသဘော၊ နာသဘော၊ လေးသဘောတွေ တွေ့ပါလိမ့်မယ်။ အဲဒီသဘောတွေကို ရုပ်လို့ ရှုမှတ်ရပါတယ်။
ကြွခိုက်၊ လှမ်းခိုက်၊ ချခိုက်မှာ ရုပ်သဘောတရားတွေဟာ အဆင့်ဆင့် ပြောင်းလဲသွားကြပါတယ်။ ဉာဏ်နဲ့သာ မြင်အောင် ကြည့်ရင် ကြွစဉ်မှာတစ်မျိုး၊ လှမ်းစဉ်မှာတစ်မျိုး၊ ချစဉ်မှာတစ်မျိုး အမျိုးမျိုး ဖောက်ပြန်ပြောင်းလဲတာ တွေ့ရပါမယ်။
ကြွ လှမ်း ချ လို့ သုံးချက် ရှုကွက်ရှိရာမှာ အနည်းဆုံး တစ်ချက်မှာတော့ ရအောင် မိအောင် ရှုမှတ်ပါ။ မြန်မြန်သွားတတ်သူနဲ့ နှေးနှေးသွားတတ်သူလို အလေ့အကျင့်က ကွားခြားကြတော့ တစ်ယောက်နဲ့တစ်ယောက် ခြေတစ်လှမ်းမှာ ရှုကွက်ပေါ်ကြတာချင်းကျတော့ တူညီမှာ မဟုတ်ပါဘူး။
တစ်နေကုန် အလုပ်လုပ်နေရတဲ့သူဟာ အလုပ်ပြီးချိန်မှာ ခြေကုန်လက်ပန်းကျပြီး လျောင်းအိပ်ပြီးသာ နေလိုပါတယ်။ တရားအလုပ် အားထုတ်နေတဲ့သူတွေမှာလည်း တစ်နေ့လုံး သွား ရပ် ထိုင်ပြီး အားထုတ်ခဲ့လို့ ညပိုင်းရောက်ရင် ပင်ပန်းနွမ်းနယ်လာပြီး အိပ်ချင်စိတ်ပေါ်ပါတယ်။ လဲလျောင်းအနားယူချင်စိတ်တွေ ဖြစ်လာပါတယ်။
အမှန်ပြောရရင် ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ကိုယ်ရော စိတ်ပါ အနားပေးပြီး အပန်းဖြေတာမျိုးပါ။ စိတ်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တဲ့အကုသိုလ်တွေ ကိုယ်မှာဖြစ်နေတဲ့ တင်းကျပ်ပင်ပန်းမှုတွေ ပြေလျော့သွားအောင် သက်သက်သာသာနဲ့အားထုတ်ရမှာပါ။
တီဗီကြည့်ကြသလို၊ ဗီဒီယိုကြည့်ကြသလို ရုပ်နာမ်တရားတွေ ဖြစ်ပျက်လှုပ်ရှားနေတာကို ပွဲကြည့်ပရိသတ်လို ကြည့်နေတာမျိုးပါ။
အိပ်ရာပေါ်ကို လှဲချတော့မယ်ဆိုရင် လှဲချချင်တဲ့စိတ်က အရင်ဖြစ်ပါတယ်။ နာမ်တရားလို့ ရှုမှတ်ပါ။ လှဲချလိုက်တဲ့အချိန်မှာ အပေါ်ပိုင်း ခန္ဓာက တဖြည်းဖြည်း လေးလာတဲ့သဘော၊ အောက်ကိုကျအောင် ဖိချ တွန်းချတဲ့သဘော၊ တရွေ့ရွေ့ယိုင်လဲသွားတဲ့သဘောတွေ ကိုယ်ထဲမှာဖြစ်လာပါတယ်။ လေးသဘော၊ ဖိသဘော၊ တွန်းသဘော၊ ရွေ့သဘော၊ ယိုင်သွားတဲ့သဘောတွေဟာ ရုပ်တရားပါ။ ရုပ်လို့ ရှုမှတ်ရပါတယ်။
အိပ်ရာပေါ်ရောက်သွားပြီး ကိုယ်ခန္ဓာကြီးအိပ်ရာပေါ်မှာ တည်ရှိသွားပြီဆိုရင် ခုနက သဘောတွေ မရှိတော့တာ ချုပ်ပျောက်သွားတာ တွေ့ရပါမယ်။ သဘောတရားအသစ်တွေ ပေါ်လာတာကို တွေ့ရပါမယ်။
မိမိရဲ့ဦးခေါင်းနဲ့ ခေါင်းအုံး ထိနေချိန်မှာ တဒိတ်ဒိတ်နဲ့ တုန်နေခုန်နေ လှုပ်နေတာတွေ တွေ့ရပါသေးတယ်။ ထိနေတဲ့ နေရာများမှာ ပူတဲ့ အေးတဲ့ သဘောလေးတွေ တွေ့နိုင်ပါတယ်။ ကျောပြင်နဲ့အိပ်ရာ ထိကပ်နေတဲ့ နေရာ၊ နံပါးနဲ့အိပ်ရာ ထိကပ်နေတဲ့ နေရာတွေမှာလည်း ပူအေးသဘော၊ ကြမ်းနုသဘော၊ လေးနေ ပိနေတဲ့ သဘောတွေ ရှုစရာအဖြစ် အရှုခံအဖြစ် ဖော်ပြနေပါတယ်။ ရုပ်သဘောတွေပါ။ ရုပ် ရုပ်လို့ သတိကပ်ရှုမှတ်ပါ။ စိတ်တိုင်းကျရာ ထင်ရှားရာ သဘောတစ်ခုခုကို အရအမိ ရှုမှတ်ပါ။
ဒါမှမဟုတ် ထိုင်တရားနဲ့နေစဉ်ကလိုပဲ နှာသီးဖျားမှာ သတိထားပြီး ဝင်လေ ထွက်လေကြောင့် တွန်းတိုး လှုပ်ရှား ပူးအေးနေတဲ့ ရုပ်တရားကို ရှုလိုက ရှုပါ။ ရင်ခေါင်းမှာ အသက်ရှူတိုင်း တဒိတ်ဒိတ်နဲ့ တိုးတွန်း လှုပ်ရှားနေတာ ခုန်နေတာကို ရှုချင်က ရှုပါ။ ကြိုက်ရာရှုပြီး အရှုအမှတ် တရားနဲ့ နေပါ။
အထိုင်ကြာလို့ ပင်ပန်းမှု၊ အလျှောက်များလို့ ညောင်းညာမှုတွေဟာ အိပ်ရာပေါ်လှဲပြီး အနားယူလိုက်တော့ သက်သာသွားပါတယ်။ ဒါပေမယ့် ဒီအတိုင်း မလှုပ်မယှက်လည်း မနေနိုင်ပြန်ပါဘူး။ ဘယ်ညာစောင်းငဲ့ပြီး လှည့်ချင်လာပါသေးတယ်။
လှည့်ချင် ပြောင်းချင်တဲ့ စိတ်ကို နာမ်လို့ ရှုမှတ်ပါ။ ပြောင်းလှည့်ချိန် စောင့်ငဲ့ချိန်မှာ ဖြစ်ပေါ်လာတဲ့ တွန်းကန်မှု၊ လှုပ်ရှားမှု၊ ပိမှု၊ မမှု၊ ပေါ့မှု၊ လေးမှု၊ တင်းမှု၊ လျော့မှုသဘောတွေကို ရုပ် လို့ ရှုမှတ်ပေးပါ။
ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်တို့ရဲ့အနေအထား ပြောင်းသွားတဲ့အတွက် အားစိုက်လှုပ်ရှားရတဲ့အတွက် ဖြစ်ပျက်သွားတဲ့ ရုပ်နာမ်သဘောတွေကို အလွတ်မပေးဘဲ ရှုဖို့ အမှတ်တမဲ့ မဖြစ်ဖို့ ဂရုစိုက် ရှုမှတ်သွားဖို့ပါပဲ။
လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးမှာ ရှုမှတ်စိတ်တွေ မလွတ်အောင် မပျောက်အောင် တရားနဲ့နေတဲ့ သူဟာ ရောက်တတ်ရာရာ အာရုံမျိုးစုံကို စိတ်ကအသွားနဲ့ သွားတာမို့ တဖြည်းဖြည်းနဲ့စိတ်တွေ တည်ငြိမ်လာပါတယ်။
စိတ်အစဉ်မှာ ကိလေသာအညစ်အကြေးတွေ ကင်းဝေးလို့ ဖြူစင်လာပါတယ်။ အပူသောက မီးတောက်တွေ၊ ဒေါသမီးလျှံတွေ လောင်ကျွမ်းခွင့်မရလို့ အေးချမ်းကြည်လင်လာပါတယ်။
ကိလေသာတွေပါးလာတယ်ဆိုယင် တရားတိုးတက်တာပါပဲ။ ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေဖို့ပါပဲ။ ဓမ္မဗျာပါရ ဖြစ်လာရင် ဉာဏ်ဖြစ်တော့တာပါပဲ။
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဆရာတော် ဓမ္မဒူတ အရှင်ပညိဿရ၏ တရားနဲ့နေပါ မှ မှတ်စုထုတ်ပါသည်။
တရားအားထုတ်တယ်ဆိုတာ (၃)
မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် ပဏိဟိတအစ္ဆရဝဂ်၊ ဆဋ္ဌမသုတ် ဒေသနာတော်မှာ စိတ်ကြည်လင်တဲ့ ပုဂ္ဂိုလ်ဟာ ကြည်လင်တဲ့ ရေကန်နှင့်တူကြောင်း မိန့်ကြားထားပါတယ်။
မြတ်စွာဘုရား မိန့်ကြားတော်မူလိုတာက စိတ်ထဲမှာ ကိလေသာ အညစ်အကြေးမတင် စိတ်ဖြူစင်ပြီး စိတ်ကြည်လင်နေသူဟာ အသိဉာဏ်လဲ ထက်မြက်ကြည်လင်တဲ့အတွက် အကောင်းအဆိုး အကြောင်းအကျိုးကိုလဲ ဝေဖန် ခွဲ့ခြမ်းပြီး သိတယ်၊ အမှားအမှန်ကိုလဲ ဝေဖန်ခွဲခြားပြီး သိတယ်၊ လုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့် အစရှိသည်လဲပဲ ခွဲခြမ်းပြီးသိတယ်၊ ဒါတင်မကသေးဘူး ဝိပဿနာ အသိ မဂ်အသိ ဖိုလ်အသိ အထိ ရရှိနိုင်တယ်လို့ မိန့်ကြားတော်မူလိုတာပါပဲ။ အဲဒါကို ကြည်လင်တဲ့ ရေကန်နှင့် ဥပမာပြုထားတာပါပဲ။
ရေမှော်ရေညှိ သစ်ပင် မြက်ပင် အမှိုက်သရိုက် ရွှံ့ညွှန်မရှိ ပကတိကြည်လင်နေတဲ့ ရေကန်ထဲကို ကြည့်လိုက်လျှင် ရေအောက်မှာရှိတဲ့ ငါး လိပ် ဖား ယောက်သွား ခရု အစရှိတဲ့ ရေထဲမှာရှိတဲ့ အရာမှန်သမျှကို ထင်ထင်လင်းလင်း တွေ့မြင်ရသလို ကိလေသာ အညစ်အကြေးကင်းလို့ ဖြူစင် ကြည်လင်နေတဲ့စိတ်ရှိတဲ့ သူဟာလဲ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ခွဲခြမ်းဝေဖန်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်တယ်လို့ ဥပမာ ပြုတာပါပဲ။
ဒါကြောင့် တရားအားထတ်နေတဲ့ တချိန်လုံး ယောဂီရဲ့ စိတ်ကို ဖြူစင် ကြည်လင်နေအောင် ထားရမယ် ဆိုတာ အင်မတန် သဘာဝကျပါတယ်။
ပြီးတော့ အထူးဂရုပြုဖို့ မြတ်စွာဘုရား မိန့်ကြားတဲ့အချက်ထဲမှာ စိတ်ကို ငြောင့်မစူးစေနဲ့တဲ့။
ခရီးသွားတဲ့ပုဂ္ဂိုလ်များ ဆူးစူးတယ်၊ ငြောင့်စူးတယ်ဆိုရင် ခြေထောက်စူးရင် မသွားနိုင်တော့ဘူး၊ သွားနိုင် တောင်မှပဲ ထော့နဲ့ထော့နဲ့နဲ့ ကောင်းကောင်း မသွားနိုင်တော့ဘူး၊ ဒါကြောင့် ခရီးမတွင်ဘူးတဲ့။
အဲဒီအတိုင်းပဲ စိတ်လဲပဲ ရှုမှတ်ပွားများ အားထုတ်နေတဲ့ ပုဂ္ဂိုလ်စိတ်မှာ ငြောင့်စူးရင် ရှုမှတ်ပွားများ အားထုတ်မှုကို သူ အားတက်သရော မပြုတော့ဘူး၊ အားတက်သရော မရှုမှတ်ဘူး၊ အားတက်သရော မပွားများဘူး၊ စိတ်ဝင်တစားလဲ မရှိဘူး။ အဲဒီတော့ သူရဲ့ဝိပဿနာ ခရီး နှောင့်နှေးတယ်၊ ဒါမှမဟုတ် ပျက်စီးတယ်ပေါ့။ ဒါကြောင့် ငြောင့်မစူးစေနဲ့တဲ့။
စိတ်ကို စူးတဲ့ငြောင့် ငါးချောင်းရှိတယ်၊ စေတောခိလ လို့ ခေါ်တယ်၊ စိတ်ကို စူးတဲ့ငြောင့် ငါးချောင်းက ဘာလဲလို့ဆိုတော့ ဗုဒ္ဓေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ ဓမ္မေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သံဃေ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သိက္ခာယ ကင်္ခတိ ဝိစိကိစ္ဆတိ၊ သဗြဟ္မစရိယာနံ ကုပိတော ဟောတိ .. တဲ့။
မြတ်စွာဘုရားအပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ တရားတော်အပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ သံဃာတော်အပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ သိက္ခာသုံးပါးအပေါ် ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာ၊ အားထုတ်ဖော် အားထုတ်ဖက်အပေါ် စိတ်ခုခြင်း ဒေါသ၊ အဲဒီငြောင့် ငါးမျိုး မစူးစေနဲ့တဲ့။
အဲဒါကို ကျမ်းဂန်မှာ စေတောခိလတရား ငါးပါးလို့ ခေါ်ပါတယ်။ စေတောခိလဆိုတာ စိတ်စူးတဲ့ငြောင့်၊ စေတောခိလတရားငါးပါးပေါ့။
ချမ်းမြေ့ဆရာတော်
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဆရာတော် ဓမ္မဒူတ အရှင်ပညိဿရ၏ တရားနဲ့နေပါ မှ မှတ်စုထုတ်ပါသည်။
ဓမ္မဝိသုဒ္ဓိဖြစ်ရန် သောတာပန်နှင့် ဒိဋ္ဌိ ရှင်းတမ်း
ဝိပဿနာ ဉာဏ်အရာ အခြေခံမှ စပြီး ဝေဘန်စီစစ် ရေးသားဖော်ပြရလျှင် ပရိညာ (၃) ပါး ရှိရာ ဉာတပရိညာကစပြီး ရေးသား ဖော်ပြရပေမည်။ ဒီဉာတပရိညာ အသိသဘောနှင့် ဒိဋ္ဌိကို အရင်ခွါရပါမည်။ ဒါမှ ပရိညာ (၃) ပါး ရှေ့နောက်အစဉ်ကျလို ဝိပဿနာလုပ်ငန်း ပေါက်ရောက်အောင်မြင်ပြီး လိုရာခရီး ဆိုက်ရောက်နိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ဓမ္မမိတ်တွေများအနေဖြင့် ဝိပဿနာ ဉာဏ်အရာ အခြေခံ အမှန်ဖြစ်ထိုက်တဲ့ ဉာတပရိညာ အခန်းမှာပင်
(၁) နာမ်ရုပ် နှစ်ပါးခွဲခြားသိရမှု၊
(၂) အကြောင်းနှင့်အကျိုး ဆက်သွယ်ပုံ သိရမှု၊
(၃) ဒိဋ္ဌိ နှင့် ဝီစိကိစ္ဆာ သဘောဉာဏ်ထဲမှာ ကွာနိုင်မှု၊ ကင်းနိုင်မှု အစရှိတဲ့ သဘော သဘာဝတရားတွေကို ကြည့်မြင်လေ့လာနိုင်ဖို့ လိုအပ်လှပါသည်။
အဝိဇ္ဖာနီဝရဏ ပိတ်ဆီး ကာကွယ်မှု တဏှာသံယောဇဉ်ငြိတွယ်မြှေးယှက်မှုအရ အစမထင်နိုင်လောက်အောင် ရှည်လျားလှတဲ့ သံသရာကြီးဆိုတာ ဒုဂ္ဂတိသံသရာ၊ သုဂတိသံသရာရယ်လို့ နှစ်မျိုး နှစ်စား ရှိပါတယ်။ ဒုဂ္ဂတိသံသရာဆိုတာ ငရဲ-တိရစ္ဆာန်-ပြိတ္တာ-အသူရကာယ် အဲဒီ အပါယ်လေးဘုံကို ဒုဂ္ဂတိသံသရာလို့ဆိုတယ်။ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည် ၂၀ အဲဒီ သုဂတိ ၂၇ ဘုံကို သုဂတိသံသရာလို့ခေါ်ဆိုရတယ်။ ဒီလို သုဂတိသံသရာ-ဒုဂ္ဂတိသံသရာရယ်လို သံသရာ နှစ်မျိုးနှစ်စား ရှိတဲ့အနက်က ဒုဂ္ဂတိသံသရာဆိုတာ သတ္တဝါတွေ အမြဲနေရာနေအိမ်နဲ့ တူတယ်လို ရှင်တော်မြတ်ဘုရားက ဟောကြားခဲ့တယ်။ အဲဒီ အပါယ်လေးပါး၊ ဒုဂ္ဂတိ သံသရာကြီးထဲက အလွတ်ရုန်းထွက်နိုင်ကြဘို့ အချက်ကတော့ သက္ကာယဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ ဆိုတဲ့ ဆိုးညစ်ယုတ်မာတဲ့ တရားတွေကို အမြစ်ပါမကျန် ပယ်ရှင်းစွန့်ပစ်ဖို့လိုပါမယ်။ ဉာတပရိညာအရ သိမှုနဲ့အရင် ပယ်ထုတ် ရလိမ့်မယ်။ နောက် တိရဏပရိညာအရ ကျင့်မှုနဲ့ပယ်ထုတ်ရလိမ့်မယ်။ ပဟာနပရိညာကျတော့ အမြစ်ပါပြုတ်တော့တာပေါ့။ ဒီကျမှ အပါယ်လေးပါး ဒုဂ္ဂတိ သံသရာကြီးထဲက အမြဲနိစ္စ ကင်းလွတ်သွားနိုင်ကြတာ။ ဒါကြောင့် ရင်ဝ လှံစူးတဲ့သူမှာတဲ့ စူးဝင်တဲ့လှံကို နောက်မှ နှုတ်သင့်တယ်တဲ့။ သက္ကာယဒိဋ္ဌိကိုတော့ဖြင့် အရင် ခွါပစ်ဖို့လိုပါတယ်တဲ့။ ဒါ သံယုတ်ပါဠိတော်မှာ သက္ကာယဒိဋ္ဌိတရားယုတ်ကို အရေးတကြီး ခွါထုတ်ပစ်ဖို့ ရှင်တော်ဘုရား ဩဝါဒ ပေးတော်မူခဲ့ခြင်းဟာ သတ္တဝါ အားလုံး အပါယ်လေးပါး ဒုဂ္ဂတိ သံသရာကြီးထဲက အမြဲနိစ္စ ကင်းလွတ်သွားနိုင်ကြဖို့ လိုလားတော်မူတဲ့ မြတ်ဗုဒ္ဓ၏ မဟာ ကရုဏာတော် အရဖြစ်ပါတယ်။
နံပါတ်(၂) သက္ကာယ ဒိဋ္ဌိဆိုတဲ့ တရားယုတ်ကို ညာတပရိညာအရ အသိသဘောနဲ့ အရင်ခွါထုတ်ရပါမယ်။
သက္ကာယဒိဋ္ဌိတရားယုတ်ကို အရင်ခွာထုတ်ပစ်ရမှာ ဖြစ်တော့ ဒီသက္ကာယဒိဋ္ဌိဆိုတဲ့ မာဂဓစကားကို မြန်မာ ဝေါဟာရ စကားအသုံးနဲ့ မှတ်သား နားလည်မှု ရှိထားရမယ်တဲ့။
၁။ သက္ကာယ ၂။ ဒိဋ္ဌိ ဆိုပြီး ၂ ပုဒ်ခွဲထားပါတဲ့။
(၁) အရ ပရမတ်သဘောအားဖြင့် ထင်ရှားဧကန် အမှန်ရှိကြတဲ့ နာမ်ရုပ် နှစ်ပါး၊ တစ်နည်း ခန္ဓာငါးပါးကို သက္ကာယလို့ မှတ်လိုက်ပါတဲ့။ ဒါထက် ကျဉ်းကျဉ်းပြောရရင် နာမ်ရုပ် နှစ်ပါးကို သက္ကာယလို့ မှတ်ထားကြတဲ့။ တစ်နည်း ခန္ဓာငါးပါးကို သက္ကာယလို့ မှတ်ထားကြပေါ့၊ အတူတူပါပဲ၊ အကျဉ်းနဲ့အကျယ်ဘဲ ကွာတယ်။
(၂) အရ အထင်အမြင် မှားယွင်းမှုသဘောကို ဒိဋ္ဌိလို့ မှတ်ထားကြ၊ ဒီတော့ အထင်အမြင်မှားဒါဟာ ဒိဋ္ဌိဘဲဆိုတာ တိုတိုနှင့်သဘောမိထားကြဘို့ပဲ။ သက္ကာယ+ဒိဋ္ဌိ နှစ်ခုပေါင်းပြီး ဓမ္မမိတ်ဆွေများ ခပ်တိုတို လိုရင်းမိလောက်ရုံ ဒီလိုမှတ်ထားကြပေါ့။
နာမ်ရုပ်နှစ်ပါးကို ငါဘဲလို ထင်တာ၊ တစ်နည်း ခန္ဓာငါးပါးကို ငါဘဲလို ထင်တာ၊ အဲဒါ သက္ကာယဒိဋ္ဌိလို့သာ မှတ်ကြတော့၊ တဖန် သက္ကာယက နာမ်ရုပ် နှစ်ပါး ဒိဋ္ဌိက အမြင်အထင်မှား။ ဒီလိုလည်း ခွဲပြီး မှတ်ထားကြ။ ဒီတော့ ရှေ့ကို သက္ကာယ အမည်မသုံးတော့ဘူး၊ ဒိဋ္ဌိအမည်တစ်လုံးနဲ့ဘဲ အသုံးပြုပြီး ပြောသွားမယ်ပေါ့။
ဒီအထင်အမြင်မှားယွင်းမှုဆိုတဲ့ ဒိဋ္ဌိဟာ သက္ကာယခေါ် ခန္ဓာငါးပါးအပေါ်မှာဘဲ တွယ်တတ်တယ်။ ဒီအပြင် ဘယ်မှာမှ ဒီဒိဋ္ဌိ ငြိတွယ်တာမဟုတ်ဘူး။ ဒီခန္ဓာငါးပါး အပေါ်မှာပဲ သူငြိတွယ်နေတာပဲ။ ငါ့မျက်စိပဲ၊ ငါ့နားပဲ၊ ငါ့ခြေပဲ၊ ငါ့လက်ပဲ၊ ငါ့ဉီးခေါင်းပဲ စသည်ဖြင့် ထင်မှတ်ကြတာဟာ ရူပက္ခန္ဓာပေါ်ငြိတဲ့ ဒိဋ္ဌိ။ ငါဝမ်းသာလိုက်တာ၊ ငါဝမ်းနည်းလိုက်တာ၊ ငါစိတ်ဆင်းရဲလိုက်တာ၊ ငါစိတ်ချမ်းသာလိုက်တာ စသည်ဖြင့် ထင်မြင်စွဲယူကြတာ ဝေဒနက္ခန္ဓာပေါ် ငြိတဲ့ ဒိဋ္ဌိတဲ့။ ငါအမှတ်အသားကောင်းတယ်၊ ဘယ်တော့မှ မေ့လျော့တယ်လို့ မရှိဘူး၊ ငယ်စဉ်ကဟာတွေ အခုအချိန်ထိ ငါမှတ်မိသေးတယ်၊ ငါ့သညာ အင်မတန်ကောင်းတယ် စသည်ဖြင့် ထင်မှတ်မှုများက သညက္ခန္ဓာပေါ်ငြိတဲ့ ဒိဋ္ဌိတဲ့။ ငါစေတနာအလွန်ကောင်းတယ်၊ ငါပေးချင်ကျွေးချင်တယ်၊ လှုချင် တန်းချင်တယ်၊ ငါ အင်မတန် စေတနာ ထက်သန်တယ် စသည်ဖြင့် စေတနာကို ငါလို့ ထင်မှတ်တာက သင်္ခါရက္ခန္ဓာပေါ်ငြိတဲ့ ဒိဋ္ဌိလို့ မှတ်တဲ့။
ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတယ်စသည်ဖြင့် ဝိညာဉ်ကို ငါလို့ ထင်မြင်ကြတာက ဝိညာဏက္ခန္ဓာပေါ်ငြိတဲ့ ဒိဋ္ဌိပါတဲ့။
ဒီတော့ ဒိဋ္ဌိဟာ ခန္ဓာငါးပါး အပေါ်မှာပင် သူငြိတာပဲ။ နာမ်ရုပ်နှစ်ပါး ခန္ဓာငါးပါးဟာ ဒိဋ္ဌိ ခိုးသူနေတဲ့ မြို့ကြီးနဲ့တူပါတယ်တဲ့။ အဲဒါ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ပြောတာ။ ဒီဒိဋ္ဌိဟာ ဘာပြုလို့ ခန္ဓာငါးပါး အပေါ် သူငြိရတာလဲဆိုရင် ခန္ဓာရှိလို့ သူငြိတာ၊ တနည်း ခန္ဓာအရှိကို မသိလို့ သူငြိနိုင်တာ။ မသိတာက အဝိဇ္ဇာ။ ငြိတာက ဒိဋ္ဌိ။ ခန္ဓာမှာရှိတဲ့ သဘာဝအမှန်ကို မသိတော့ ဒီဒိဋ္ဌိက ငြိတော့တာပဲတဲ့။
အဲဒီတော့ လိုရင်း အတိုချုပ်ကလေး ဒီမျှသာ မှတ်ထားကြဉီး။
ခန္ဓာငါးပါးဆိုရင် ဘယ်ဒွါရမှာဘဲဖြစ်ဖြစ် ဖြစ်လာ ပေါ်လာသမျှ ခန္ဓာငါးပါးတို့မှာ အမှန်ရှိထိုက်တာကတော့ ..
၁။ မူလအလိုအရ ခယ ဝယ ဝိရာဂ နိရောဓ။
၂။ ပဝတ္တိအလိုအရ ခယ ဝယ ဝိရာဂ နိရောဓ။
အဲဒီလို မူလ ပဝတ္တိအားဖြင့် နှစ်မျိုးနှစ်စားပဲအမှန်ရှိတယ်။
ခန္ဓာငါးပါးတို့မှာ ပင်ကိုယ်မူလအမှန်ရှိကြတဲ့ .. ကုန်ခမ်းနေရမှု ခယသဘာဝ ပျောက်ပျက်နေရမှု၊ ဝယသဘာဝ ကင်းပြတ်နေရမှု၊ ဝိရာဂ သဘာဝ ချုပ်ငြိမ်းနေရမှု၊ နိရောဓ သဘာဝ အချက်များကို သဘောအသိနဲ့ ထိကြမိကြလို့ အထင်မှားမှုဆိုတဲ့ ဒိဋ္ဌိသဘောများ ဓမ္မမိတ်ဆွေများ မနောမှာ သဘောအသိနဲ့ စင်သွား ကွာသွား ပြုတ်သွားတော့ တိရဏ ပရိညာအရ ဝိပဿနာဉာဏ်နဲ့ ရှုကြည့်ကြရလိမ့်မယ်။
ခန္ဓာငါးပါးဆိုတာလည်း ဖြစ်ဆဲ ပေါ်ဆဲ ပစ္စုပ္ပန်ခန္ဓာငါးပါးလို့ မှတ်ကြ၊ ဖြစ်ပြီး ပေါ်ပြီးတဲ့ ခန္ဓာ ငါးပါးက ကွယ်ပျောက်ပြီးဖြစ်လို့ ရှုကြည့်လို့တော့မရဘူး။ မဖြစ်မပေါ်လာသေးတဲ့ ခန္ဓာငါးပါးကလည်း ဉာဏ်ရဲ့ရှေ့မှောက် မရောက်လာသေးလို့ ရှုကြည့်လို့ မရဘူး။ အဲဒီတော့ ဥပရိပဏ္ဏာသမှာ ရှင်တော်ဘုရား ဟောထားခဲ့တဲ့ စကားတော်အတိုင် ဖြစ်ခိုက် ပေါ်ခိုက် ပစ္စုပ္ပန် ခန္ဓာငါးပါးကိုသာ ဖြစ်ခိုက် ပေါ်ခိုက် ခဏတိုင်း ခဏတိုင်း လွတ်လွဝ် မသွားအောင် အာရမ္မဏိက ရှုဉာဏ်နဲ့ ရှုကြည့်ပေးကြရမှာဆိုတာ ဧကန်အမှန်ပဲလို့ မှတ်ကြပေါ့။
အဲဒီ ဖြစ်ခိုက် ပေါ်ခိုက် ပစ္စုပ္ပန် ခန္ဓာငါးပါး အနက်က ရူပက္ခန္ဓာကို ရှုကြည့်လို့ရှိရင် ကာယာနုပဿနာ၊ ဝေဒနာက္ခန္ဓာကို ရှုကြည့်လို့ရှိရင် ဝေဒနာ နုပဿနာ၊ သညက္ခန္ဓာ နဲ့ သင်္ခါရက္ခန္ဓာတို့ကို ရှုကြည့်လိုရှိရင် ဓမ္မာနုပဿနာ၊ ဝိညာနက္ခန္ဓာကို ရှုကြည့်လိုရှိရင် စိတ္တာနုပဿနာ၊ အဲဒီလို အဖန်ဖန် ရှုကြည့်တဲ့ ဉာဏ်နဲ့ ဝေဘန်လိုက်တော့ လေးမျိုးလေးစားပဲရှိတယ်။
ဒီလေးမျိုးရှိတဲ့ အနုပဿနာထဲက ဓမ္မမိတ်ဆွေများ အလိုရှိကြတဲ့ အနုပဿနာကို ရှုကြည့်နိုင်တယ်။ ဘယ်အနုပဿနာမဆို မဂ် ဖိုလ် ကိုဆိုက်ရောက်နိုင်ကြတာပါဘဲ။ ဒီတော့ အနုပဿနာ လေးမျိုးစလုံး မဂ် ဖိုလ် နိဗ္ဗာန် ဆိုက်ရောက်နိုင်တာချည်းပဲဆိုတာ မှတ်ထားကြပါ။
သို့ပေမယ့် နိဗ္ဗာန်ကို အစဉီးစွာ သိနိုင် မြင်နိုင် မျက်မှောက်ပြုနိုင်တဲ့ ဉာဏ်က သောတာပတ္တိမဂ်ဉာဏ် ပဲဖြစ်တယ်။ ဒီသောတာပတ္တိမဂ်ဉာဏ်က စတင်ပြီး မဂ်ဉာဏ်လေးပါး အစဉ်အတိုင်း တက်လှမ်း သွားကြရမှာ ဖြစ်တယ်ပေါ့။
ဒီတော့ နိဗ္ဗာန်ကို မြင်လို သိလို မျက်မှောက်ပြုလိုတဲ့ ဓမ္မယောဂီတို့မှာ သောတာပန်စခန်း သောတာပန်အဆင့်အတန်းမှ စတင်ပြီး တက်လှမ်းကြရမယ်ပေါ့။
အဲတော့ သောတာပန်အဆင့်အတန်းက စတင်ပြီး တက်လှမ်းကြရမှာဖြစ်တော့ သောတာပန် အဆင့်အတန်းဆိုတာက (သောတာပတ္တိ မဂ္ဂံဘာဝေတွာ ဒိဋ္ဌိဝိစိကိစ္ဆာ ပဟာနေန) အဲဒီလို လက်သန်း အဋ္ဌကထာက ပြထားတယ်။ ***(ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာကို သမုစ္ဆေဒပဟာန်နဲ့ အမြစ်ပါမကျန် ပယ်လှန် သတ်ဖြတ်ရမှာဘဲ ဖြစ်တယ်။) ဒီဒိဋ္ဌိကလည်း ရုပ်ခန္ဓာ နာမ်ခန္ဓာ နှစ်မျိုးရှိတဲ့အနက်က နာမ်ခန္ဓာမှာ စူးစိုက်မှုများတယ်၊ ငြိတယ်မှု များတယ်။ နာမ်ခန္ဓာကလည်း ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာရယ်လို့ လေးမျိုးရှိတယ်ပေါ့။
အဲဒီလေးမျိုးထဲက (မနောပုဗ္ဗင်္ဂမာ ဓမ္မာ) လို ရှင်တော်ဘုရား ဟောထားတဲ့ စကားအတိုင်း ဝိညာဏက္ခန္ဓာက ပြဋ္ဌာန်းတယ်။ ရှေ့သွားဖြစ်တယ်။ ဒါကြောင့် ဒီဒိဋ္ဌိဟာ ဝိညာဏက္ခန္ဓာမှာ စူးစိုက်မှု ငြိတွယ်မှု များတယ်လို့ မှတ်ရမယ်ပေါ့။ အဲဒီလိုဖြစ်တော့ ဒီဒိဋ္ဌိစူးစိုက်မှု ငြိတွယ်မှုများတဲ့ ဝိညာဏက္ခန္ဓာကို ရှုကြည့်ကြရလိမ့်မယ်။ ဝိညာဏက္ခန္ဓာဆိုတာ စိတ်လို့သာ တိုတိုမှတ်ထားကြ။ အဲဒီစိတ်ကို အဖန်ဖန် ရှုပေးကြရမှာဖြစ်တယ်ပေါ့။
ဘယ်အခြေထိအောင် ရှုကြည့်ပေးကြရမလည်းဆိုရင် အဲဒီစိတ်ဆိုတဲ့ အရှုခံ ပရမတ်ကလေးမှာ အမှန်ရှိတဲ့ ကုန်ခန်းသွားမှု။ (ခယ,ဓမ္မံ) အခြေထိအောင် ရှုဉာဏ်နဲ့ ရှုကြည့်ပေးကြရမှာ။ (ခယဓမ္မံ) အရ ကုန်ခန်းသွားမှု အမှန်အရှိကို ရှုဉာဏ်နဲ့ ထိအောင်မိအောင် ရှုကြည့်ပေးကြလို့ အရှုခံစိတ်ရဲ့ အမှန်ရှိမှု ကုန်ခန်းသွားတာ ကလေးကို ရှုကြည့်တဲ့ ဉာဏ်နဲ့တွေ့ကြ မိကြရင်ဖြင့် အဲဒီအခိုက်မှာ ဒိဋ္ဌိစင်တယ်၊ ကွာတယ်၊ ဒိဋ္ဌိစင်သွား ကွားသွားရင်လည်း ဝိစိကိစ္ဆာပါ တပါတည်း စင်တော့ ကွာတော့တာပဲ။ အဲဒါ တိရဏ ပရိညာဉ်အရ ရှုဉာဏ်နဲ့ တွေ့ခိုက် မြင်ခိုက် အချိန် ကွာတာလို့မှတ်ပေါ့။
နောက်အရှုခံစိတ်မှာ အမှန်ရှိတဲ့ ကုန်ခမ်းသွားမှု ခယ, သဘာဝကလေးဟာ၊ ဝါ - အနိစ္စ လက္ခဏာ ကလေးဟာ၊ ဝါ - ဒုက္ခ သစ္စာကလေးဟာ ရှုဉာဏ်ရဲ့ရှေ့မှာ မတွေ့ရတဲ့ အခြေဆိုက်တော့ အဲဒီ ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာဟာ သမုစ္ဆေဒပဟာန်နဲ့အမြစ်ပါမကျန် စင်သွားကွာသွားတော့တာပါပဲ။ အဲဒါက ပဟာနပရိညာဉ်အရ စင်တာ၊ ကွာတာ။ အဲဒီလို ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ ပဟာနပရိညာဉ်အရ သမုစ္ဆေဒပဟာန်နဲ့ ကွာသွား စင်သွားတော့ ဓမ္မယောဂီတို့မှာ အပါယ်လေးပါးဆိုတဲ့ ဒုဂ္ဂတိ သံသရာမှ ခန္ဓာ ဒုက္ခ မုချ လွတ်ကြရတော့တာပါပဲ။ ဒါကြောင့် စိတ်ကို အဖန်ဖန် ရှုကြည့်ပေးကြရမယ်။
သောတာပန် အဆင့်မှာပင် မဆိုက်ရောက်ကြသေးတဲ့ ဓမ္မမိတ်ဆွေယောဂီများအဖို့မှာ နာမရူပ ပဋိစ္ဆေဒဉာဏ်ကစပြီး အခြေခံရလိမ့်မယ်၊ (ဝါ) အလေ့အလာ ပြုကြရလိမ့်မယ်၊ (ဝါ) ဘာဝေတဗ္ဗ ပြုရလိမ့်မယ်။ နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပရိယုဋ္ဌာန် ဒိဋ္ဌိ ကွာအောင် အလေ့အလာ ပြုပေးကြရမယ်။
ဒီလို အလေ့အလာ ပြုပေးပါများလို့ ဒီနာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပရိယုဋ္ဌာန်ဒိဋ္ဌိ ကွာမှ သေမှ ရှေ့သို့ဆက်ပြီး အနုသယဒိဋ္ဌိကွာအောင် သေအောင် အနိစ္စကို မြင်တဲ့ ဒုက္ခကို မြင်တဲ့ အနတ္တကို မြင်တဲ့ ဝိပဿနာဉာဏ် ပေါ်အောင် ကြည့်ပေးရတယ်။ (ဝါ) အလေ့အလာပြုပေးရတယ်။ (ဝါ) ဘာဝေတဗ္ဗ လုပ်ပေးရတယ်။ ဒီလို ဘာဝေတဗ္ဗလုပ်ပေးကြလို့ အရှုခံစိတ်ရဲ့အမှန်ရှိမှု ခယဓမ္မံကို (ဝါ) အနိစ္စကို ရှုဉာဏ်နဲ့ မြင်ကြ တွေ့ကြမှ ဓမ္မယောဂီများသဏ္ဍာန်မှာ အနုသယဒိဋ္ဌိ ကွာတယ်။ ဒီအနုသယဒိဋ္ဌိကွာမှ တိရဏ ပရိညာဉ်အရ ဝိပဿနာဉာဏ် ပြည့်စုံတယ်လို့ ဆိုရပါတယ်။
ရေးချင်တာတွေက အများကြီးကျန်ပါသေးတယ်။ ဒီနေ့အဖို့ ဒီပို့စ်ကတော့ ဒီမျှနဲ့လုံလောက်မယ်လို့ ထင်ပါတယ်။ ပို့စ်ရဲ့ခေါင်းစဉ်ကလည်း (ဓမ္မဝိသုဒ္ဓိဖြစ်ရန် သောတာပန်နှင့် ဒိဋ္ဌိ ရှင်းတမ်း ) လို့ အမည်ပေးထားတာမို့ ဒီလောက်ဆိုယင် ဒိဋ္ဌိဘယ်အချိန်ရောက်မှ ကွာတယ်ဆိုတာရယ်၊ သောတာပန်ဖြစ်ပြီးနောက် ဒိဋ္ဌိရှိနေသေးတယ်ဆိုတဲ့ အရိယာမဏ္ဍိုင်တောရရိပ်သာဆရာတော်ဉီးသူရိယ၏ ဟောကြားချက်အား .. (သောတာပန် အဆင့်အတန်းဆိုတာက (သောတာပတ္တိ မဂ္ဂံဘာဝေတွာ ဒိဋ္ဌိဝိစိကိစ္ဆာ ပဟာနေန) အဲဒီလို လက်သန်း အဋ္ဌကထာက ပြထားတယ်။ ***(ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာကို သမုစ္ဆေဒပဟာန်နဲ့ အမြစ်ပါမကျန် ပယ်လှန် သတ်ဖြတ်ရမှာဘဲ ဖြစ်တယ်။) ဆိုတဲ့ စာပုဒ်က ဖြေရှင်းပြီးဖြစ်မယ်လို့ ယူဆလို့ ဒီပို့စ်ကိုအဆုံးသတ် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။
တရားစစ်တရားမှန်တွေ့မြင်ကြပါစေ။
မေတ္တာဖြင့်
TNO(25.8.2020)
Thein Naing Ohn
ဗုဒ္ဓဘုရားရှင်၏ တရားတော်တို့ကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ ပိုင်းခြားထားသည်။ ယင်းတို့ကို ပိဋကတ်သုံးပုံဟူ၍ ခေါ်သည်။ အဆိုပါ ပိဋကတ်သုံးပုံတွင် အဘိဓမ္မာတရားသည် သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသည်။ နက်နဲခက်ခဲသည်။ ထို့ကြောင့် အဘိဓမ္မာဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။
အဘိဓမ္မာတရားတော်ကို ဗုဒ္ဓဘုရားရှင်သည် ၆-ဝါအလွန် ၇-ဝါအရောက် သက်တော် ၄၂-နှစ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်။ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူခြင်းဖြစ်သည်။ မယ်တော်မိနတ်သားသာမက မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာများကပါ နာယူခဲ့ကြသည်။
ဗုဒ္ဓဘုရားရှင်သည် အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်၌ ဟောပြောစဉ် ဆွမ်းခံချိန်၊ ဆွမ်းစားချိန် စသည်တို့၌ ကိုယ်ပွားဖြစ်သော နိမ္မိတဗုဒ္ဓဘုရားရှင်ကို ဖန်ဆင်းထားလျက် လူ့ပြည်သို့ ခေတ်တကြွသည်။
ထိုသို့ကြွစဉ် နိမ်မိတဘုရားရှင်က ဆက်လက်၍ ဟောကြားသည်။ ဘုရားရှင်သည် လူ့ပြည်၌ တနေ့တာအတွက် ဆောင်ရွက်ဖွယ်ရှိသည်တို့ကို ဆောင်ရွက်၍ နတ်ပြည်သို့ တဖန်ပြန်ကြွကာ တရားဟောပြန်သည်။ နတ်ပြည်၌ ပကတိဘုရားရှင်တလှည့်၊ နိမ္မိတဘုရားရှင်တလှည့် ဟောပြောတော်မူခဲ့သည်။
ဘုရားရှင်သည် လူ့ပြည်၌ ခေတ္တ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာမထေရ်အား အဘိဓမ္မာ၏ နည်းအမြွက်ကိုပေး၍ ဟောတော်မူသည်။ အရှင်သာရိပုတ္တရာကလည်း လင်းနို့သားငါးရာ ဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာတို့အား ဘုရားဟောတော်မူသည်တို့ကို မကျဉ်းမကျယ် ဟောကြားတော်မူခဲ့သည်။ နတ်ပြည်၌ ဘုရားရှင် ဟောတော်မူသော အဘိဓမ္မာတရားတော် ပြီးဆုံးခြင်းနှင့် အရှင်သာရိပုတ္တရာ အဘိဓမ္မာသင်ယူ ဟောပြောခြင်းကိစ္စ ပြီးဆုံးခြင်းတို့သည် တပြိုင်နက်ပင် ဖြစ်ပေသည်။
ဗုဒ္ဓဘုရားရှင်သည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ကာလပတ်လုံး နတ်ပြည်၌ဟောကြားရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးခဲ့သည်။ ပြီးဆုံးသောနေ့မှာပင် လူတို့နေရာ သင်္ကဿနဂိုပြည်သို့ နတ်ဗြဟ္မာများ ခြံရံလျက် ကြွဆင်းတော်မူလာခဲ့သည်။ ထိုသို့ ကြွဆင်းရာ၌ လူတို့ကလည်း မီးရှူးတန်ဆောင်အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော် ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ကိုလည်း အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပကြသည်။
အဘိဓမ္မာတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူ၍ ၇-ကျမ်းပါရှိသည်။ ဘုရားရှင်သည် အဘိဓမ္မာကို နတ်ဗြဟ္မာတို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းအားဖြင့် ဟောကြားသည်။ အရှင်သာရိပုတ္တရာက လင်းနို့သားများ ဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူသည်။
အဘိဓမ္မာသည် ထူးမြတ်၍ အလွန်ကျယ်ဝန်း နက်နဲခက်ခဲလှသည်။ အဘိဓမ္မာ၏ သဘောများကို လူသာမန်တို့ သိနိုင်ရန် အလွန်ခဲယဉ်းလှသည်။ ထို့ကြောင့် လူသာမန်တို့ အကျိုးငှါ အဘိဓမ္မတ္ထသင်္ဂဟခေါ် သင်္ဂြိုဟ်ကျမ်းကို အရှင်အနုရုဒ္ဓါဆရာတော်က စီရင်ရေးသားတော်မူခဲ့သည်။ ထိုကျမ်းမှာ အကျဉ်းချုပ်ဖြစ်သည့်အတိုင်း အဘိဓမ္မာတရားတို့၏ အမည်သရုပ်တို့သာ များသည်။ လိုရင်းသဘောများမှာ တိမ်မြုပ်နေသည်။ ထို့ကြောင့် ထိုကျမ်း၏ အဖွင့်ကျမ်းများကို ပါဠိဘာသာ၊ မြန်မာဘာသာ စသည်ဖြင့် အမျိုးမျိုး ဖွင့်ဆိုရေးသားခဲ့ကြပေသည်။
ဤလူ့ပြည်လောက၌ ရှိသော အဘိဓမ္မာတို့သည် အရှင်သာရိပုတ္တရာ ဟောတော်မူအပ်သော အဘိဓမ္မာတို့သာ ဖြစ်သည်။ အဘိဓမ္မာ၏ စကားအစီအစဉ်တို့သည်လည်း အရှင်သာရိပုတ္တရာ၏ စကားအစီအစဉ်တို့သာ ဖြစ်သည်။ ထို့ကြောင့် အချို့က အဘိဓမ္မာသည် ဘုရားဟောမဟုတ်၊ အရှင်သာရိပုတ္တရာ၏ ဟောကြားချက်သာဖြစ်သည်ဟု ဆိုကြသည်။ ထိုအဆိုသည် လုံးဝ မသင့်ပေ။ အဘိဓမ္မာကို အရှင်သာရိပုတ္တရာသည် မိမိကိုယ်တိုင် ဉာဏ်ထုတ်၍ ဟောသည်မဟုတ်၊ ဘုရားရှင်ပေးသော နည်းနာနယ ဉာဏ်တို့ဖြင့်သာ ဟောခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားဟောပင်ဖြစ်ပေသည်။
အဘိဓမ္မာတရားသည် အမေ့ကျေးဇူးဆပ်တရားဖြစ်ခြင်း၊
နတ်ပြည်၌ ဟောကြားခြင်း၊
သုံးလကြာမျှ ဟောကြားခြင်း၊
ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီ ဟောကြားခြင်း-တည်းဟူသော ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံပေသည်။
ထိုမျှမက အဘိဓမ္မာတရားသည် ပါဠိ၏ နက်နဲခြင်း၊
သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်းဟူသော နက်နဲခြင်းနှင့် ပြည့်စုံပေသည်။
ထို့ကြောင့် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အင်္ဂမဟာပဏ္ဍိတ၊ ပထမကျော် ဆရာတော်ကြီး အရှင်သေဋ္ဌိလက အဘိဓမ္မာတရားတော်သည် စိတ်အကြောင်းအရာ ပညာ၊ သူတော်ကောင်း ကျင့်စဉ်ပညာ၊ ကြောင်းကျိုးမြင်ပညာဟူသော ပညာသုံးရပ် ပါဝင်သဖြင့် ရိုးရိုးစိတ်ပညာ (Psychology)၊ ရိုးရိုးကျင့်စဉ်ပညာ (Ethics)၊ ရိုးရိုးကြောင်းကျိုးမြင်ပညာ (ဒဿနိကဗေဒ) ( Philosophy) တို့ထက် သာလွန်ပေသည်-ဟူ၍ ဆိုထားပေသည်။
ထို့ပြင် ဆရာတော် ဦးပညာသာမိ (မာဂဓီသာစည်) က အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းကြောင့် လင်းနို့သားများ ဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပ ပရိစ္ဆဒဉာဏ် ရင့်သန်စေနိုင်သည်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်း ရနိုင်သည်။ ဘေးဥပအန္တရာယ် ကင်းဝေးနိုင်သည်။ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံနိုင်သည်-ဟူ၍ အကျိုးတရားများကို ရေးသားဖော်ပြထားသည်။
Credit: Wikipedia
သုံးလောကသနင်း တရားမင်းသခင် ဘုရားရှင်၏ လေးဆယ့်ငါးနှစ်အတွင်း ဟောကြားတော်မူချက်များကို ပိဋကအားဖြင့် --
၁။ သုတ္တန္တ ပိဋက
၂။ ဝိနယ ပိဋက
၃။ အဘိဓမ္မ ပိဋက
ဟူ၍ သံဂါယနာတင်ဆရာတို့က သုံးမျိုးခွဲဝေတော်မူခဲ့ကြပေသည်။
ယင်းသုံးမျိုးအနက် (၁) ဓမ္မသင်္ဂဏီ၊ (၂) ဝိဘင်း၊ (၃) ဓာတုကထာ၊ (၄) ပုဂ္ဂလပညတ်၊ (၅) ကထာဝတ္ထု၊ (၆) ယမိုက်၊ (၇) ပဋ္ဌာန်း ဟူသော ခုနှစ်ကျမ်းတို့ကို “အဘိဓမ္မပိဋက” ဟုခေါ်သည်။
ဤ၌ အဘယ့်ကြောင့် “အဘိဓမ္မ” မည်သနည်းဟူသော အချက်ကို ဉီးစွာ ရှင်းလင်း ဖော်ပြလိုပေသည်။
“အဘိဓမ္မ” ဟူရာဝယ် “အဘိ” တပုဒ် “ဓမ္မ” တစ်ပုဒ်ဖြစ်လေသည်။ “အဘိ” ဟူသော ဥပသာရပုဒ်သည် အနက်များစွာရှိသည်အနက် ဤနေရာတွင် လွန်ကဲခြင်း=သာလွန်ခြင်း (=အတိရေက) အနက်, ထူးခြားခြင်း (=ဝိသေသ) အနက်တို့၌ဖြစ်သည်။
ဤ”ဓမ္မ”ကိုလည်း “သုတ္တန္တဓမ္မ”ထက် သာလွန်ထူးခြားသည့် ဓမ္မဖြစ်သောကြောင့် “အဘိဓမ္မ(ဓမ္မထူး ဓမ္မလွန်)ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ (အဘိ=လွန်သော ထူးသော + ဓမ္မ = ပါဠိ။ ဟောတော်မူသော စကားအစဉ်)။
ဗုဒ္ဓရှင်တော်ဘုရား၏ စကားတော်များသည် (၁) ဓမ္မ (၂) ဝိနယအားဖြင့် နှစ်မျိုးရှိလေသည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားကိုယ်တော်တိုင် “ဓမ္မကို၎င်း ဝိနယကို၎င်း ဟောခဲ့ပြီ၊ ပညတ်ခဲ့ပြီ၊ ထိုဓမ္မဝိနယသည် ငါဘုရား ပရိနိဗ္ဗာန်ဝင်စံခဲ့လျှင် သင်တို့ဆရာ ဘုရား ဖြစ်သည်” ဟု မိန့်မှာတော်မူခဲ့လေသည်။
ထို “ဓမ္မ”သည်လည်း နှစ်မျိုးရှိသည့်အနက် (ဝါ၊ ဓမ္မချင်းတူသော်လည်း) သုတ္တန္တဓမ္မထက် သာလွန်ထူးခြားသည့် ဓမ္မဖြစ်သောကြောင့် အဘိဓမ္မ (ဓမ္မထူး ဓမ္မလွန်) ဟု ခေါ်ဝေါ်ခြင်းဖြစ်လေသည်။
ဝိနယ (ဝိနည်း) ထက်ကား ထူးခြား သာလွန်မှု မရှိပေ။ ဥပမာအားဖြင့် ရတနာခုနှစ်ပါး စီခြယ်ထားသည့် အလျား အနံတူမျှသော လှေကြီးနှစ်စင်းတို့ကို ကမ်း၌ ဆိုက်ကပ်ထားလျှင် အဘယ်လှေက အဘယ်လှေထက် သာလွန်ထူးခြားသည်ဆိုကာ အဖိုးဖြတ်မှု မပြုနိုင်သကဲ့သို့ ဝိနည်း နှင့် အဘိဓမ္မာပိဋကတို့သည်လည်း တခုထက်ထခု ထူးခြားသာလွန်မှုမရှိဘဲ တူမျှကြသည်သာ ဖြစ်လေသည်။
သုတ္တန္တဓမ္မ (သုတ္တန်ပါဠိ)ထက် သာလွန်သော ပါဠိ, ထူးခြားသော ပါဠိ ဖြစ်သောကြောင့် အဘိဓမ္မ(သာလွန်သောပါဠိ ထူးခြားသောပါဠိ)ဟု ခေါ်ဆိုခဲ့ပါလျှင် အဘယ်သို့ သာလွန်ပါသနည်း၊ အဘယ်သို့ ထူးခြားပါသနည်းဟု မေးမြန်းစီစစ်ဖွယ် ရှိလာပြန်ပေသည်။
သာလွန်ထူးခြားပုံမှာ -- သုတ္တန္တဓမ္မ၌ “ဓမ္မ” (ပါဠိ) များကို ဟောကြားတော်မူရာဝယ် တစိတ် တဒေသအားဖြင့်သာ ဝေဖန်ဟောကြားတော်မူလေ့ရှိပေသည်။ အဘိဓမ္မမှာကဲ့သို့ အကြွင်း အကျန် မရှိအောင် ဝေဖန်ဟောကြားတော်မမူပေ။ အဘိဓမ္မ၌ကား --
(၁) သုတ္တန္တဘာဇနီယနယ = သုတ္တန္တဘာဇနီနည်း
(၂) အဘိဓမ္မဘာဇနီယနယ = အဘိဓမ္မဘာဇနီနည်း
(၃) ပဉှာပုစ္ဆကနယ = အမေး အဖြေနည်း
ဟူသော နည်းသုံးမျိုးတို့ဖြင့် အကြွင်းအကျန်မရှိ ဝေဖန်ဟောကြားတော်မူလေသည်။
တနည်းအားဖြင့် ဗုဒ္ဓရှင်တော်ဘုရား၏ စကားတော်များကို (၁) ဓမ္မ (၂) အဘိဓမ္မ (၃) ဝိနယ (၄) အဘိဝိနယ ဟူ၍ လေးမျိုးခွဲဝေအပ်၏။
ထိုလေးမျိုးအနက် (၁) သုတ္တန်ပိဋကတ်သည် “ဓမ္မ” မည်၏၊ (၂) ဓမ္မသင်္ဂဏီစသော ခုနှစ်ကျမ်းသည် (ဆိုခဲ့သည့်အတိုင်း) သုတ္တန္တဓမ္မထက် သာလွန်ထူးခြားသည့် ပရိယတ္တိဓမ္မဖြစ်သောကြောင့် “အဘိဓမ္မ” (ထူးသော ဓမ္မ, လွန်သော ဓမ္မ) မည်၏၊ (၃) ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း ဟူသော ဝိဘင်းအစုံသည် ကိုယ်နှုတ်တို့ကို ဆုံးမရာ ဆုံးမကြောင်း ဖြစ်သောကြောင့် ဝိနယ (ဝိနည်း) မည်၏၊ (၄) ခန္ဓက ပရိဝါရတို့ကား အာဘိသမာစာရိကဓမ္မ (အထူးတလည် မြတ်လှစွာသော အကျင့်ရှိသော ဓမ္မ)ကို ပြောကြားရာ ဖြစ်သောကြောင့် “အဘိဝိနယ” (ဝိနည်းထူး, ဝိနည်းလွန်) မည်ပေ၏။
(ရဟန်းတော်များအဖို့) မှီခိုရာ (အားကိုးရာ) ကို ပြုတတ်သော တရားဆယ်မျိုးတို့တွင် “တရားတော်ကို လိုလားခြင်း, ချစ်ဖွယ်ပြောဆိုတတ်ခြင်း, (ဆိုခဲ့သည့်) ဓမ္မ, အဘိဓမ္မ, ဝိနယ, အဘိဝိနယ လေးမျိုးတို့၌ များစွာ မြတ်နိုးမှုရှိြခင်းဟူသော အချက်သည်လည်း မှီခိုရာ (အားကိုးရာ)ကို ပြုတတ်သည့် တရားတပါးအဖြစ် ပါဝင်လေသည်။
အဘိဓမ္မာ၏နိဒါန်း
နိဒါန်း။ ။ ဒေသ, ကာလ, ဌာနစသည်တို့၏အစွမ်းဖြင့် မထင်ရှားသည့် ဒေသနာတော်ကို ထင်ရှားအောင် ပြု၍ ပြတတ်သောကြောင့် နိဒါန်းဟု ခေါ်ခြင်းဖြစ်သည်။
ပိဋကသုံးပုံတို့တွင် ဝိနည်းပိဋကအရာဝယ် သိက္ခာပုဒ် အသီးသီးအတွက် ဆိုင်ရာ ဆိုင်ရာ ဝတ္ထု, နိဒါန်း, ပုဂ္ဂိုလ်, ပဌမပညတ်, အနုပညတ်, အာပတ္တိ, အနာပတ္တိ ဟူ၍ ပဌမသံဂါယနာတင်စဉ်ကပင် အပြည့်အစုံ မှတ်တမ်းတင်တော်မူခဲ့ကြသဖြင့် ထင်ရှားရှိနေသည်။
သုတ္တန်ပိဋကအရာ၌လည်း သုတ်တော်အသီးသီးအတွက် ဆိုင်ရာဆိုင်ရာ နိဒါန်း, ပုဂ္ဂိုလ်, ဝတ္ထုများဟူ၍ ပဌမသံဂါယနာတင်စဉ်ကပင် မှတ်တမ်းတင်တော်မူခဲ့ကြသဖြင့် ထင်ရှားရှိနေသည်။
ဝိနည်းပိဋက, သုတ္တန်ပိဋကများနည်းတူ အဘိဓမ္မာပိဋကအတွက် အဘယ်အရပ်၌ ဟောသည်, အဘယ်ပုဂ္ဂိုလ်တို့အား ဟောသည်စသော အချက်အလက်တို့ ခိုင်ခိုင်လုံလုံ မရှိဟု ထင်မှတ်ကာ ဘုရားဟော မဟုတ်ဟု ယူဆသူများ ရှေးကပင် ရှိခဲ့ကြဘူးလေသည်။
သို့သော် နိဒါန်းမရှိပါက ဗုဒ္ဓရှင်တော်ဘုရား ဟောကားတော်မူချက် မဟုတ်နိုင်ဟူ၍ ယူဆစတမ်းဆိုပါက ဇာတက, သုတ္တနိပါတ, ဓမ္မပါဒတို့၌ နိဒါန်းမရှိကြပေ။ ထို့ကြောင့် ၎င်းတို့ကိုလည်း ဘုရားဟော မဟုတ်ဟူ၍ ယူရတော့မည်လော။ ဤသို့ကား မဟုတ်ချေ။
စင်စစ်ကား အခြားသုတ်တော်အသီးသီးတို့၌ ဒေသနာနိဒါန်း တမျိုးစီသာ ရှိကြလေသည်။ အဘိဓမ္မာ၌ကား နိဒါန်းတမျိုးသာမက နှစ်မျိုး, သုံးမျိုးပင် ရှိသည်ကို တွေ့ရလေသည်။
နိဒါန်းနှစ်မျိုးကား (၁) အဓိဂမနိဒါန်း နှင့် (၂) ဒေသနာနိဒါန်း တို့ပေတည်း။
(၁) အဓိဂမနိဒါန်း။ ။ ထိုနှစ်မျိုးတို့အနက် ဒီပင်္ကရာ ထွတ်ချာမှန်ကင်း တရားမင်း၏ ခြေရင်းတော်တွင် ဗျာဒိတ်ခံယူသည့် အချိန်မှစ၍ မဟာဗောဓိပလ္လင်တော်အထိကို အဓိဂမနိဒါန်း (=အသိရကြောင်းနိဒါန်း) ဟူ၍ မှတ်ယူရမည်။
(၂) ဒေသနာ နိဒါန်း။ ။ သဗ္ဗညုတဉာဏ်ရသည်မှ တဖန် ဓမ္မစကြာတရား ဟောကားတော်မူသည်အထိကို ဒေသနာနိဒါန်း (=ဟောကြားကြောင်းနိဒါန်း) ဟူ၍ မှတ်ယူရမည်။ (အဋ္ဌသာလိနီ၊ ဋ္ဌ၊ ၃၂)
တနည်း (၁) အဘိဓမ္မာဒေသနာကို သိရခြင်းအကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်သည် အဓိဂမနိဒါန်းမည်၏။
(၂) ဒေသ, ကာလ စသည်တို့သည် ဒေသနာနိဒါန်းမည်၏။ (ဓမ္မသင်္ဂဏီ၊ အနုဋီကာ၊ ၂၅)။
နိဒါန်းသုံးမျိုး။ ။ ဤမှတပါး အဘိဓမ္မာ၌ (ပြဆိုခဲ့သည့် နိဒါန်း ၂ မျိုးအပြင်)
(၁) ဒူရေနိဒါန်း၊
(၂) အဝိဒူရေနိဒါန်း၊
(၃) သန္တိကေနိဒါန်းဟူ၍လည်း နိဒါန်းသုံးမျိုးရှိသည်။
(၁) ဒူရေနိဒါန်း။ ။ ဒီပင်္ကရာမြတ်စွာသနင်း ခြေတော်ရင်း၌ ဖြန့်ခင်းတံတား မိန့်ကြားနိယတ ဗျာဒိတ်ရသည့် ကာလမှ တုသိတာနတ်ပြည်အထိသည် အဘိဓမ္မာဒေသနာတော်၏ ဒူရေနိဒါန်း (အဝေးနိဒါန်း) ဖြစ်သည်။
(၂) အဝိဒူရေနိဒါန်း။ ။ တုသိတာနတ်ပြည်မှ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ငါးအင်မာရ်မျိုး ပယ်ချိုးသတ်ဖြတ် ဘုရားမြတ်အဖြစ်သို့ ဆိုက်ရောက်သော ကာလအထိသည် အဘိဓမ္မာဒေသနာတော်၏ အဝိဒူရေနိဒါန်း (မနီးလွန်း မဝေးလွန်းသော နိဒါန်း) ဖြစ်သည်။
(၃) သန္တိကေနိဒါန်း။ ။ “အခါတပါး ဗုဒ္ဓရှင်တော်ဘုရားသည် တာဝတိံသာနတ် ဗြဟ္မာအပေါင်းတို့အား ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ စသော အဘိဓမ္မာတရားတော်ကို ဟောတော်မူလေပြီ” ဟူသော စကားသည်ကား အဘိဓမ္မာဒေသနာတော်၏ သန္တိကေနိဒါန်း (အနီး နိဒါန်း) ဖြစ်သည်။
စတုတ္ထသံဂါယနာတင်သောခေတ်အထိ အဘိဓမ္မာသည် နိဒါန်းမရှိသဖြင့် ဘုရားဟောမဟုတ်ဟူသော ငြင်းဆိုမှု မပေါ်ပေါက်သေးပေ။ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ မတိုင်မီ အနှစ်တရာလောက်တွင်မှ ငြင်းဆိုသူများ ပေါ်လာသောကြောင့် မဏ္ဍလာရာမဝါသီ တိဿဘူမိထေရ် စသည်တို့က နိဒါန်းရှိကြောင်းကို ဖြေရှင်းတော်မူခဲ့ကြရလေသည်။
မဏ္ဍလာရာမဝါသီ တိဿဘူတိထေရ်က (သံယုတ္တနိကာယ ၃.၁၁)ပဒေသသုတ္တန်ကို ကိုးကားတော်မူကာ (ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ်, သတိပဋ္ဌာန်, ဈာန်, နာမ်, ဓမ္မဟု ဆိုအပ်သော) ပဒေသဆယ်ပါးတို့ကို အကြွင်းမရှိ ထိုးထွင်း၍ သိရာ မဟာဗောဓိပင်သည်ပင် အဘိဓမ္မာ၏ နိဒါန်းဖြစ်ကြောင်းကို ရှင်းလင်းဖော်ပြတော်မူခဲ့လေသည်။
ဂါမဝါသီ သုမနဒေဝမထေရ်ကလည်း အဘိဓမ္မာ၌ နိဒါန်းမရှိဟု ယူဆကြသော ပရဝါဒီတို့အား “အခါတစ်ပါး ဘုရားရှင်သည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်နေရာထက်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ တာဝတိံသာနတ်အပေါင်းတို့အား ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာစသည်ဖြင့် အဘိဓမ္မာဒေသနာတော်ကို ဟောကားတော်မူ၏” ဟူသော နိဒါန်းကို မိန့်ဆိုတော်မူလေသည်ဟု မိန့်တော်မူခဲ့သည်။
မဟာဂေါသိင်္ဂသုတ်။ ။ မဟာဂေါသိင်္ဂသုတ်သည် အဘိဓမ္မာဘုရားဟောဖြစ်ကြောင်းကိုးကားရာတွင် အဆိုပါ ဝိနည်းတော်လာ စကားထက်ပင် ခိုင်မာသေးကြောင်းကို အဋ္ဌကထာဆရာကြီး အသျှင်မဟာဗုဒ္ဓဃောသက မှာထားဖော်ပြတော်မူခဲ့ပြန်လေသည်။
အဂ္ဂသာဝကကြီးနှစ်ပါးနှင့်တကွ တပည့်သာဝကကြီး ၄ပါးတို့သည် ဂေါသိင်္ဂသာလဝန(အင်ကြင်းတော) အတွင် တပေါင်းလပြည့်နေ့ ညဉ့်အခါ၌ အမေးအဖြေပြုတော်မူကြပြီးနောက် အသျှင်သာရိပုတ္တရာသည် ထိုမေး ဖြေချက်များကို ဗုဒ္ဓရှင်တော်ဘုရားထံ သွား၍ လျှောက်ထားလေသည်၊ ထိုလျှောက်ထားချက်တွင် ပါဝင်သည့် အမေးအဖြေတို့ကား --
(အသျှင်သာရိပုတ္တရာ) ငါ့ရှင်မောဂ္ဂလာန်၊ အဘယ်သို့သော ရဟန်းသည် ငါတို့နေရာ အင်ကြင်းတော (ဝါ-သာသနာ) ကို တင့်တယ်စေပါသနည်းဟု မေး၏။
(အသျှင်မောဂ္ဂလာန်) “ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာတရားကို ပြောကြားကြ၍ အချင်းချင်း ပြဿနာကို မေးမြန်းဖြေဆိုကြကာ တွန့်တိုဆုတ်နစ်ခြင်း မရှိကြလျှင် ထိုရဟန်းနှစ်ပါးတို့၏ စကားဖြစ်ခြင်းသည် တရားနှင့်လျော်သည်ပင်ဖြစ်သည်၊ ငါ့ရှင်သာရိပုတ္တရာ ဤသို့သော ရဟန်းမျိုးသည် လပြည့်ဝန်း၏အရောင်ဖြင့် ထွန်းပသော အင်ကြင်းတောကို တင့်တယ်စေပါသည်ဟု ဖြေဆိုလေသည်”။
ထိုအခါ ဗုဒ္ဓရှင်တော်မြတ်ဘုရားက ‘ချစ်သားသာရိပုတ္တရာ၊ ကောင်းပေစွ၊ ကောင်းပေစွ၊ မောဂ္ဂလာန်သည် အမေးပုစ္ဆာကို ကောင်းစွာ ဖြေဆိုအပ်ပေ၏ (=သုကထိတံ မောဂ္ဂလာနေန)’ ဟု မိန့်တော်မူ၏။ ထို့ပြင် ရှင်တော်ဘုရားက ‘ချစ်သားသာရိပုတ္တရာ မောဂ္ဂလာန်သည် အစစ်ဖြစ်သော ဓမ္မကထိက ပုဂ္ဂိုလ်မည်၏။ အဘိဓမ္မာတတ်မြောက် နားလည်သော ရဟန်းတို့သည်သာလျှင် ဓမ္မကထိကမည်ကုန်၏။ (=အာဘိဓမ္မိကဘိက္ခူယေဝ ကိရ ဓမ္မကထိကာ နာမ)၊ အဘိဓမ္မာမတတ်သော ရဟန်းတို့သည် တရားဟောကုန်ငြားသော်လည်း ဓမ္မကထိကတရားဟော ပုဂ္ဂိုလ်အစစ်မမည်ကုန်” ဟု မိန့်တော်မူသည်။ (မဟာဂေါသိင်္ဂသုတ်၊ မဟာယမကဝဂ်၊ မူလပဏ္ဏာသပါဠိတော် စာမျက်နှာ - ၈၁)
ပဌမသံဂါယနာတင်ရာတွင် နက်နဲသိမ့်မွေ့သည့် ဉာဏ်ကျက်စားရာ ဓမ္မသင်္ဂဏီစသော ခုနှစ်ကျမ်းတို့ကို “ဤကား အဘိဓမ္မာပိဋက မည်ပေသည်”ဟု မိန့်တော်မူကြပြီးလျှင် ရဟန္တာအရှင်မြတ်ကြီးငါးရာတို့ တပြိုင်နက် ရွတ်ဆိုကာ အတည်ပြုတော်မူခဲ့ကြလေသည်၊ အပြီးတွင် မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။
အထက်ပါ အထောက်အထားကျမ်းကို သာဓကများသည် အဘိဓမ္မာကို မြတ်စွာဘုရား ဟောကြားကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။
မေတ္တာဖြင့်
သိန်းနိုင်အုန်း(၁၈.၈.၂၀၂၀)
ကျမ်းကိုး။ ။ အဘိဓမ္မာပိဋကဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်၏ ကျမ်းဉီးမှတ်ဖွယ်ဖြစ်သော အဘိဓမ္မာသမိုင်းချုပ်
အဘိဓမ္မ ၇ ကျမ်းကို မြတ်စွာဘုရားရှင်၏ဟောပုံဟောနည်း ကွဲပြားခြားနား၍ ဟောနည်း အားလျော်စွာ အောက်ပါအတိုင်း ခွဲခြားထားပါသည်။
(က) ဓမ္မသင်္ဂဏီ (Book of Classification)
(ခ) ဝိဘင်း (Book of Analysis)
(ဂ) ဓာတုကထာ (Book of Discourse on Elements)
(ဃ) ပုဂ္ဂလပညတ် (Book of Designation of Individuals)
(င) ကထာဝတ္ထု (Book of Controversy)
(စ) ယမိုက် (Book of Pairs) နှင့်
(ဆ) ပဋ္ဌာန်း (Book of Conditional Relations) တို့ဖြစ်ကြပါသည်။
အဘိဓမ္မပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းဟူ၍ ခုနှစ်ကျမ်းရှိသည်။ ယင်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဉီးစွာဟောတော်မူ၏။
၁။ ထိုတွင် ဓမ္မသင်္ဂဏီကျမ်းမှာ ကုသလဓမ္မ - အကုသလဓမ္မ အစရှိကုန်သော ဓမ္မတို့ကို အကျဉ်းချုပ်အားဖြင့် ဟောတော်မူသော ကျမ်းဟု ဆိုလိုပါသည်။
၂။ ဝိဘင်္ဂ(ဝိဘင်း)ကျမ်းကား ခန္ဓာစသော ဓမ္မတို့ကို (တနည်း = ကုသလဓမ္မ - အကုသလဓမ္မ စသောဓမ္မတို့ကို) သုတ္တန်နည်း၊ အဘိဓမ္မာနည်း အမေးအဖြေ “ပဉှာပုစ္ဆက”နည်းတို့ဖြင့် အကျယ်တဝင့် ဝေဘန်ဟောပြတော်မူရာဖြစ်သော ကျမ်းဟု ဆိုလို၏။
၃။ ခန္ဓာအစ အရဏ - အဆုံးရှိသော တရားတို့သည် ကက္ခဠ ဖုသန စသော မိမိသဘောကို ဆောင်သောကြောင့် ဓာတု = ဓာတ်မည်ကုန်၏။ ထိုဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာဟောကြောင်း ဖြစ်သောကျမ်းသည် ဓာတုကထာ မည်၏။
၄။ ပုဂ္ဂလပညတ္တိ = ပုဂ္ဂလပညတ်ဟူရာဝယ် မိန်းမ၊ ယောကျာ်း၊ နတ်၊ လူ စသည်တို့ကို ပုဂ္ဂလဟု ခေါ်၏။ ပညတ်ဟူသည် အမည်နာမပညတ်ကိုဆိုလိုသည်။ ဤကျမ်းတွင် (၁) ခန္ဓပညတ် (၂) အာယတနပညတ် (၃) ဓာတုပညတ် (၄) သစ္စပညတ် (၅) ဣန္ဒြိယပညတ် ဟူသော သဘာဝပညတ် ၅ မျိုးနှင့် (၆) ပုဂ္ဂလပညတ်ဟူသော အသဘာဝပညတ်တို့ကို ဝေဘန်ဟောကြားတော်မူ၏။
၅။ ကထာဝတ္ထု = အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏။ ဖြစ်ရာတည်ရာ (သို့မဟုတ်) အမှန်ထင်ရှား ရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထုမည်၏။ ပုဂ္ဂလကထာ၊ ဗြဟ္မစရိယကထာ စသည့်ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုပါသည်။
ကထာဝတ္ထုကျမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်မှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူခြင်း ဖြစ်သော်လည်း “ဗုဒ္ဓရှင်တော်ဘုရား ထားတော်မူခဲ့သည့် မာတိကာ အတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သော ရဟန်းသည် ရဟန်းတော်ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်းငါးရာ၊ ပရဝါဒ၌ သုတ်ပေါင်းငါးရားတို့ကို ပေါင်းရုံးကာ ဒီဃနိကာယ် ပမာဏရှိသော ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် လည်းကောင်း ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် ထည့်သွင်းခဲ့ကြခြင်းဖြစ်သည်။
၆။ ယမက = ယမိုက်ကျမ်း။ ယမကသဒ္ဒါသည် အစုံ ဟူသော အနက်ကို ဟော၏။ (က) အနုလောမ + ပဋိလောမ တစ်စုံ၊ (ခ) ပုစ္ဆာ + ဝိသဇ္ဇနာ တစ်စုံ၊ (ဂ) သန္နိဋ္ဌာန် + သံသယ တစ်စုံ၊ ဤသို့ အစုံအစုံ ဟောတော်မူသောကျမ်းကို ယမက ကျမ်းဟုခေါ်၏။
၇။ ပဋ္ဌာန = ပဋ္ဌာန်းကျမ်း။ ပဋ္ဌာန - သဒ္ဒါသည် အကြောင်းအမျိုးမျိုးဟူသော အနက်ကို ဟော၏။ နှစ်ဆယ့်လေးပစ္စည်းတို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် အကြောင်းအမျိုးမျိုးကိုဟောတော်မူသည်။
ထို့ကြောင့် ဟေတုပစ္စည်းစသော တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် ပဋ္ဌာန်း မည်၏။ တစ်ခုတစ်ခုသော ပစ္စည်း၏ ပဋ္ဌာန်းဟူသော အမည်ကို နှစ်ဆယ့်လေးပစ္စည်းလုံးကို ပြဆိုသောကျမ်း၌ တင်စား၍ အစိတ်၏ အမည်ကို အပေါင်း၌ တင်စားသော နည်းအရ ပဋ္ဌာန်းကျမ်းဟု ခေါ်ထားခြင်းဖြစ်သည်။
အဘိဓမ္မပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းဟူ၍ ခုနှစ်ကျမ်းရှိသည်။ ယင်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဉီးစွာဟောတော်မူ၏။
ဓမ္မသင်္ဂဏီကျမ်း ခေါ်တွင်ခြင်း
လောကသုံးရပ် ဘုံသုံးထပ်အတွင်း၌ ရှိကြကုန်သော လူ နတ် ဗြဟ္မာသတ္တဝါတို့အား ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်၍ နိဗ္ဗာန်ဟူသော ဝိမုတ္တိသုခကို ရရှိခံစားနိုင်ကြရန် ရည်သန်တော်မူလျက် ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော တရားဒေသနာတော် အစဉ်သည် ပိဋကအားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ သုံးမျိုးသုံးစားသုံးပါးရှိပါသည်။ ထိုသုံးပါးတို့တွင် ဓမ္မသင်္ဂဏီပါဠိတော်သည် တတိယမြောက်ဖြစ်သည့် အဘိဓမ္မာပိဋက၏ ပထမဦးဆုံးကျမ်းဖြစ်သည်။
အဘိဓမ္မာဟု ဆိုရုံမျှဖြင့်ပင် သုတ္တန်ဒေသနာတော်များထက် ထူးခြားသာလွန်သည့် တရားတော်ဖြစ်ကြောင်း အများအားဖြင့် နားလည်ကြပြီးဖြစ်သည်။ သို့ဖြစ်သည့်အတိုင်း ထိုအဘိဓမ္မာပိဋိက၀င်ကျမ်း ခုနှစ်ဆူတို့အနက် လက်ဦးဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည်လည်း အဘိဓမ္မာဒေသနာ၌ ပင်ရင် အကျဆုံး အရေးအကြီးဆုံး ကျမ်းကြီးဖြစ်သည်ဟူသော အချက်မှာ ထင်ရှားပေါ်လွင်လျက်နေပေသည်။ သို့ဖြစ်ရကား ထိုအချက်ကိုပင် ပို၍ ထင်ရှားစေရန် “ဓမ္မသင်္ဂဏီ” ဟူသော ဝေါဟာရစကားလုံး၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တိတိကျကျ ကြံဆရှာဖွေ၍ ပြရသော် ---
“ဓမ္မသင်္ဂဏီ” ဟူသောစကားလုံး၌ ‘ဓမ္မ’ နှင့် ‘သင်္ဂဏီ’ ဟူသောပုဒ်နှစ်ခုကို သမာသ်တွဲစပ်ထားခြင်းဖြစ်၏။ အလွယ်ဆုံးအားဖြင့် ဖွင့်ဆိုရှင်းလင်းပြရပါမူ ---
ဓမ္မ = သဘာ၀တရားများ
သင်္ဂဏီ = သိမ်းကျုံးစုပေါင်း၍ယူခြင်း (ပြခြင်း)။
= ကောင်းစွာ (ပြည့်စုံစွာ) ရေတွက်ခြင်း ဟူ၍ အဓိပ္ပါယ်ရလေသည်။
ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းသည် --
(၁) သဘာ၀တရား (ပရမတ္ထတရား) အားလုံးကို သိမ်းကျုံးစုပေါင်း၍ ပြသောကျမ်း။
(၂) ကောင်းမွန်ပြည့်စုံစွာ သဘာ၀တရား (ပရမတ္ထတရား) တို့ကို ရေတွက်၍ ပြသောကျမ်းဟု ဆိုလိုသည်။
ထိုဓမ္မသင်္ဂဏီကျမ်း၌လည်း စိတ္တုပ္ပါဒကဏ္ဍ၊ ရူပကဏ္ဍ၊ နိက္ခေပကဏ္ဍ၊ အဋ္ဌကထာကဏ္ဍဟူ၍ လေးခန်းရှိသည်။ ထိုလေးခန်းတွင် စိတ္တုပ္ပါဒအခန်းကို ရှေးဉီးစွာဟောတော်မူ၏။ ထိုစိတ္တုပ္ပါဒအခန်း၌လည်း မာတိကာ၊ ပဒဘာဇနီအားဖြင့် နှစ်ပိုင်းခွဲထားသည်။ ထိုနှစ်ပိုင်းတွင် မာတိကာကို ရှေးဉီးစွာ ဟောတော်မူ၏။
မာတိကာသည် အဘိဓမ္မာတရားတော်၏ ပထမဆုံးကျမ်းဖြစ်သည့် ဓမ္မသင်္ဂဏီကျမ်း၏ မာတိကာ ဖြစ်ရုံမက အဘိဓမ္မ ၇ ကျမ်းလုံး၏ မာတိကာလည်း ဖြစ်သည်။ မာတိကာကျမ်းတွင် တိက် ၂၂ ပါး နှင့် ဒုက် ၁၀၀ ပါး ရှိသည်။ တိက်ဆိုသည်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄ ပါးကို သုံးပုံ သုံးစု ပြု၍ ဟောထားခြင်း ဖြစ်ပါသည်။ ဒုက်ဆိုသည်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄ ပါးကို နှစ်ပုံ နှစ်စု ပြု၍ ဟောထားပါသည်။ ထိုမာတိကာ၌လည်း တိကမာတိကာ၊ ဒုကမာတိကာအားဖြင့် နှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းတွင် မြတ်စွာဘုရားသည် တိကမာတိကာကို ရှေးဉီးစွာ ဟောတော်မူပါသည်။ ထိုမာတိကာ၌လည်း ကုသလတိက်၊ ဝေဒနာတိက် အစရှိသောအားဖြင့် ၂၂ပါး ရှိသည်။ ထို ၂၂ ပါးတို့တွင် ကုသလတိတ်ကိုရှေးဉီးစွာဟောတော်မူ၏။
ကုသလဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဖြစ်ပြီး တိကဟူသည် ပရမတ္ထတရားများကို အောက်ပါအတိုင်း အုပ်စု ၃ စု ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကုသလတိက်တွင် -
ပထမပဒ - ကုသလာဓမ္မာ၊
ဒုတိယပဒ - အကုသလာဓမ္မာ၊
တတိယပဒ - အဗျာကတာဓမ္မာတို့ဖြစ်သည်။
ကုသလဓမ္မာ၏ အရတရားမှာ ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါးတို့ဖြစ်ပြီး ခန္ဓာအားဖြင့် ၄ ပါး၊ အာယတနအားဖြင့် ၂ ပါး၊ ဓာတ်အားဖြင့် ၂ ပါး၊ သစ္စာအားဖြင့် ၂ ပါး အပြားရှိသည်။
အကုသလာဓမ္မာ၏ အရတရားမှာ အကုသိုလ်စိတ် ၁၂ ပါး စေတသိက် ၂၇ ပါး တိုဖြစ်ပြီး ခန္ဓာအားဖြင့် ၄ ပါး၊ အာယတနအားဖြင့် ၂ ပါး၊ ဓာတ်အားဖြင့် ၂ ပါး၊ သစ္စာအားဖြင့် ၂ ပါး အပြားရှိသည်။
အဗျာကတဓမ္မာ၏ အရတရားမှာ ဝိပါက်စိတ် ၃၆၊ ကြိယာစိတ် ၂၀၊ စေတသိက် ၃၈၊ ရုပ် ၂၈ နှင့် နိဗ္ဗာန် တို့ဖြစ်ကြသည်။ ထိုတရားတို့သည် ခန္ဓာအားဖြင့် ၅ ပါး၊ အာယတနအားဖြင့် ၁၂ ပါး၊ ဓာတ်အားဖြင့် ၁၈ ပါး၊ သစ္စာအားဖြင့် ၂ ပါး ဖြစ်ကြသည်။
တိက် ၂၂ ပါးတို့တွင် ကုသလတိက်သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အဓိကထားဟောကြားသဖြင့် လောက၌ အရေးကြီးဆုံးတရားများ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ အလုံးစုံသော ပရမတ္ထတရားကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ အလုံးစုံသော ပရမတ္ထတရားကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတို့ အချင်းချင်း မရောယှက်ခြင်းကို သိစေလိုခြင်းဖြစ်ပါသည်။
ကုသလတိက်ကို သင်ကြားရခြင်းသည် ဒိဋ္ဌိ၊ သံယောဇဉ်၊ တဏှာစသည့် အကုသိုလ်တရားများကို ဖယ်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ ဒိဋ္ဌိနှင့် သံယောဇဉ်တို့၏ အခြေခံမှာ ခန္ဓာ ၅ ပါး ဖြစ်သည်။ ခန္ဓာ ၅ ပါး၏ မူလအခြေခံမှာ ပရမတ္ထတရား ၃ပါး ဖြစ်သော စိတ် ၈၉ ပါး၊ စေတသိက ၅၂ ပါး နှင့် ရုပ် ၂၈ တို့ ဖြစ်ကြသည်။ ဒိဋ္ဌိ နှင့် တဏှာ တို့ကို ချုပ်ငြိမ်းစေခြင်းသည် စိတ်နှင့်စေတသိက်တို့အပေါ်တွင် မူတည်နေကြောင်း သိရှိစေပါသည်။
မြတ်စွာဘုရားသည် တိကမာတိကာနှင့် ဒုကမာတိကာကျမ်းများတွင် ပါဝင်သော ဓမ္မများကို အောက်ပါအချက်ဖြင့် ပိုင်းခြားဝေဖန်ထားသည်ကို တွေ့ရပါသည်။
(၁) ခန္ဓာ ၅ ပါး
(၂) အာယတန ၁၂ ပါး
(၃) ဓာတ် ၁၈ ပါး
(၄) သစ္စာ ၄ ပါး
ထို့ကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံကို ဉီးစွာလေ့လာရန် လိုအပ်ပေသည်။
မာတိကာကျမ်း၌ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံအရကောက်ဇယားအား ဉီးစွာ ဖော်ပြထားပါသည်။
မေတ္တာဖြင့်
Thein Naing Ohn(18.8.2020)
Credit: University of Abhidhamma (Yangon)
မြတ်စွာဘုရားရှင်သည် ၁၈ ပါးသောအပြားတို့ဖြင့် ဝိဘင်းကျမ်းကို ဟောတော်မူသည်။ ထိုဝိဘင်းကျမ်း၏အခြားမဲ့၌ပင် ၁၈ ပါးသောဓာတ်အပြားကို သင်္ဂဟော အသင်္ဂဟော အစရှိသော ၁၄ နယတို့၏အစွမ်းဖြင့် ညွှန်ပြတော်မူလိုသောကြောင့် ဝိဘင်းကျမ်း၏အခြားမဲ့၌ ဓာတုကထာကျမ်းကိုသာ ဟောတော်မူ၏။ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းတို့ကို ဟောတော်မမူပါ။
ဓာတုကထာအဓိပ္ပါယ်
မိမိသဘောကို ဆောင်တတ်သောကြောင့် ခန္ဓာအစ အရဏအဆုံးရှိသော တရားတို့သည် ဓာတုမည်၏။ ထိုဓာတုမည်သော ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို ဟောရာ ဟောကြောင်းကျမ်းဖြစ်သော ကြောင့် ဓာတုကထာမည်၏။
ဓာတုကထာကျမ်း၌ ဓာတ်ကိုသာဟောသည်မဟုတ်၊ ခန္ဓာ, အာယတနတို့ကိုလည်း ဟောသေးသည်။ သို့သော် ခန္ဓာ, အာယတန, ဓာတ် ၃ မျိုးတွင် ဓာတ်သာ များသောအပြား ရှိခြင်းကြောင့် အရာကျယ်ရကား ဓာတ်ဖြင့်သာမှတ်သား၍ ဓာတုကထာဟု ဆိုရသည်။
ဓာတုကထာကျမ်းသည် အဘိဓမ္မာ ၇ ကျမ်းအနက် တတိယမြောက်ကျမ်းဖြစ်သည်။ ဓာတုကထာကျမ်းတွင် အကျဉ်းမာတိကာ(ဉဒ္ဒေသ)နှင့် အကျယ် ဝေဖန်ခြင်း (နိဒ္ဒေသ)ဟူ၍ နှစ်ပိုင်းပါဝင်သည်။ ထို ၂ ပါးတို့တွင် ဥဒ္ဒေသကို ရှေးဉီးစွာ ဟောတော်မူ၏။ ထိုဥဒ္ဒေသသည် မာတိကာမည်၏။
အကျဉ်းမာတိကာ ၅ မျိုး ရှိသည်။ ၎င်းတို့မှာ --
၁။ နယမာတိကာ
၂။ အဗ္ဘန္တရမာတိကာ
၃။ နယမုခမာတိကာ
၄။ လက္ခဏမာတိကာ
၅။ ဗာဟိရမာတိကာတို့ဖြစ်ကြသည်။
ဒုတိယပိုင်းဖြစ်သော နိဒ္ဒေသတွင် ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို နည်း(၁၄)နည်းတို့ဖြင့် အကျယ်ဝေဖန်ပြထားသည်။
မိမိသဘောကို ဆောင်တတ်သောသဘောကြောင့် ခန္ဓာအစ အရဏအဆုံးရှိသော တရားတို့ကို ဓာတုဟုခေါ်သည်။ ဓာတုမည်သော ထိုခန္ဓာအစ အရဏအဆုံးရှိသော တရားတို့ကို ဟောရာဟောကြောင်း ဖြစ်သောကြောင့် ဤကျမ်းကို ဓာတုကထာဟုခေါ်သည်။ (တစ်နည်း) ဓာတ်တို့ဖြင့် ခန္ဓာအစ အရဏအဆုံး ရှိသောတရားတို့ကို ဟောအပ်ရာဟောအပ်ကြောင်း ဖြစ်သောကြောင့်လည်း ဓာတုကထာဟုခေါ်သည်။ (တစ်နည်း) ပရမတ္ထသဘောတရားများကို ဟောအပ်ရာ ဟောအပ်ကြောင်းဖြစ်သောကြောင့်လည်း ဤကျမ်းကို ဓာတုကထာဟုခေါ်သည်။
ဓာတုကထာကျမ်း၌ ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်တို့ဖြင့် ရေတွက်အပ်သောနည်း၊ ခန္ဓာ၊ အာယတန၊ ဓာတ်တို့ဖြင့် မရေတွက်အပ်သောနည်း၊ နာမက္ခန္ဓာလေးပါးတို့နှင့် ယှဉ်တတ်သောသဘောရှိသောနည်း၊ နာမက္ခန္ဓာလေးပါးတို့နှင့် မယှဉ်တတ်သော သဘောရှိသော နည်းစသည်ဖြင့် နည်းတို့၏ ဝင်ရာတံခါးပေါက်သဖွယ်ဖြစ်သော အခြေခံစည်းမျဉ်းဥပဒေသလေးမျိုးပေါ်တွင် မူတည်၍ နည်း ၁၄ နည်းတို့ဖြင့် အကျယ်ဝေဖန်ပြထားသည်။
ဓာတုကထာကျမ်းတွင် ဓာတ်ကိုသာ ဟောသည်မဟုတ်၊ ခန္ဓာ၊ အာယတနတို့ကိုလည်း ဟောသေးသည်၊ သို့သော် ခန္ဓာ၊ အာယတန၊ ဓာတ်သုံးမျိုးတွင် ဓာတ်သည်သာ အရေအတွက်အားဖြင့် များသောကြောင့် ကျယ်ဝန်းသော အပိုင်းအခြား (မဟာဝိသယ)ဖြစ်ရကား ဓာတ်ဖြင့်သာ မှတ်သား၍ ကျမ်းအမည်ကို ဓာတုကထာဟုဆိုခြင်းဖြစ်သည်။
မေတ္တာဖြင့်
Thein Naing Ohn (20.8.2020)
Credit: University of Abhidhamma (Yangon)
အဘိဓမ္မပိဋက ၇ ကျမ်းအနက် ပုဂ္ဂလပညတ္တိကျမ်းသည် စတုတ္ထမြောက်ကျမ်းရင်းတစ်အုပ် ဖြစ်ပါသည်။ ပုဂ္ဂိုလ်များအကြောင်းကိုသာ သီးခြားဟောဖော်ညွှန်ပြထားသော ကျမ်းတစ်ကျမ်း ဖြစ်ပါသည်။ မြတ်စွာဘုရာရှင် ဟောကြားတော်မူသော ပညတ် ၆ ပါး ရှိသည့်အနက် ပုဂ္ဂလပညတ္တိသည် နောက်ဆုံးပညတ် ဖြစ်ပြီး အသဘာဝပညတ်အဖြစ် ပရမတ္တသစ္စာနယ်ပယ်တွင် အမှန်တကယ်မရှိသော တရားဖြစ်ပါသည်။ သို့သော်လည်း သမုတိသစ္စာနယ်ပယ်တွင် အထင်အရှား အသုံးဝင်နေသောတရား ဖြစ်ပါသည်။ အမှန်တကယ်တွင် လူပုဂ္ဂိုလ်ပေါင်းများစွာကို အုပ်စုများခွဲခြားပြီး ဟောထားသော ကျမ်းကြီးတစ်ကျမ်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်နှစ်မျိုးနှစ်စားတည်း စသည်ဖြင့် ပုဂ္ဂိုလ်ဆယ်မျိုးဆယ်စားအထိ အခန်းကဏ္ဍ ၁၀ ခုဖြင့် ခွဲခြားဖော်ပြထားပါသည်။
ဧကကပုဂ္ဂလပညတ္တိကျမ်းတွင် ဈာန်သမာပတ်ဆိုင်ရာပုဂ္ဂိုလ်များ၊ ပုထုဇဉ်နှင့် အရိယာပုဂ္ဂိလ်များ၊ ကျင့်ပြီး-ကျင့်ဆဲပုဂ္ဂိုလ်များ၊ သမ္မာသမ္ဗုဒ္ဓတို့နှင့်တကွ ပညာ၊ သဒ္ဓါအစဉ်ရှားမှီးနေသူများစသည်ဖြင့် ပုဂ္ဂိုလ် (၅၄) မျိုး တို့ကို ကွဲပြားစွာ ဖော်ပြထားပါသည်။
ပုဂ္ဂလပညတ်ကျမ်းကို မဟောကြားမီ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာကျမ်းတို့တွင် ပရမတ္ထတရားချည်း သက်သက်ကိုသာလျှင် ဟောကြားပြီး၊ စတုတ္ထမြောက်ဖြစ်သည့် ပုဂ္ဂလပညတ်ကျမ်းတွင်မူကား ပုဂ္ဂိုလ်ပညတ်များကိုသာ အကျယ်ဖွင့်ဆိုဟောကြားထားခဲ့ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ပရမတ္ထတရားများကိုသာ ဟောကားတော်မူနေပါက လောကတွင် ပရမတ်သဘာဝတရားချည်းသာလျှင် ရှိသလော၊ ပုဂ္ဂိုလ်-သတ္တဝါဆိုသည့် ပညတ်တရားမျိုးများ မရှိသလောဟူသည့် သံသယဖြစ်ဖွယ်ကိစ္စများ၊ ပညတ်ဟူသည် အမှန်တရားမဟုတ်၍ အသုံးမဝင်သော တရားမျိုး ဖြစ်သလောဟူသည့် ပရမတ်လွန် တဖက်စွန်းရောက်ခြင်းတို့ကို ချေဖျက်လို၍ ပုဂ္ဂလပညတ်ကျမ်းကြီးကို ဆက်လက် ဟောကားရခြင်းဖြစ်ပါသည်။
ထိုပညတ်တရားတို့သည် လောကီဘုံသားတို့ အမှန်ပြု၍ ခေါ်ဝေါ်ပြောဆိုသော တရား၊ သမုတိသစ္စာ အမှန်တရားမျိုးဖြစ်ပါ၍ အမိ-အဖ၊ ဆရာ-တပည့်၊ မောင် နှင့် နှမ …. စသည့် ပညတ်တရားများကို ပယ်ခွာ လိုက်လျှင် လောကကြီး ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားနိုင်ပါသည်။
အမိ အဖ၊ ဆရာသမားတို့ကို ရိုသေလေးစားခြင်း၊ ကျေးဇူးဆပ်ခြင်း၊ သားသမီးတို့ကို ကျွေးမွေး ပြုစုစောင့်ရှောက်ခြင်း၊ အသက်ကြီးသူတို့အား အရိုအသေပေးခြင်း၊ ကျေးဇူးရှင်တို့အား ကျေးဇူးဆပ်ခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သီလဆောက်တည်ခြင်း၊ သတ္တဝါပညတ်တို့ကို အာရုံပြု၍ သမထ ဘာဝနာ ပွားများခြင်း၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ ဝိပဿနာတရားပွားများအားထုတ်ခြင်းစသဖြင့် ပညတ်ပေါ် အမှီပြု၍ လိုက်နာကျင့်သုံးကြရခြင်း ဖြစ်ပါသည်။
အဆုံးစွန်၌ပင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာစသော အမည်များသည်ပင်လျှင် ပညတ်ဖြစ်သော်လည်း ဤပညတ်တရားများကြောင့် ဘုရားရှင်က တရားဟောနိုင်ပြီး၊ လူ-နတ်-ဗြဟ္မာတို့က တရားတော်များကို နာယူနိုင်ကြခြင်း ဖြစ်သည့်အတွက် ပညတ်တရားသည်လည်း သူ့နေရာနှင့်သူ အသုံးဝင်လှပေသည်။
သီလရှိသောသူ - သီလမရှိသောသူ၊ ယုတ်မာသောသူ - မြင့်မြတ်သောသူ၊ ကိလေသာထူပြောသူ - ကိလေသာခေါင်းပါးသူ စသည်ဖြင့် အမျိုးအစား ကွဲပြားမှုကို ပညတ်တရားဖြင့်ပင် သတ်မှတ်ရသည်။
ထိုသို့သောအကြောင်းရင်းများကြောင့် မြတ်စွာဘုရားရှင်သည် ပညတ်တို့၏ အရေးပါပုံ၊ သမုတိသစ္စာ နယ်ပယ်တွင် အမှန်ဖြစ်ပုံ၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဘာဝနာတို့၌ ပယ်၍မရပုံ စသည်တို့ကို ဝေနေယျသတ္တဝါတို့ ထင်ရှားစေခြင်းငှာ၊ ကွဲပြားစေခြင်းငှာ ရည်သန်၍ ပုဂ္ဂလပညတ်ကျမ်းတော်ကြီးကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။
မြတ်စွာဘုရားရှင် ဟောထားသည့် အစဉ်အားဖြင့် ပညတ် (၆) ပါး ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ခန္ဓပညတ် - ခန္ဓာ ၅ ပါး (Concepts of Aggregates)
(၂) အာယတနပညတ် - အာယတန ၁၂ ပါး (Concepts of Bases)
(၃) ဓာတုပညတ် - ဓာတ် ၁၈ ပါး (Concepts of Elements)
(၄) သစ္စပညတ် - သစ္စာ ၄ ပါး (Concepts of Truths)
(၅) ဣန္ဒြိယပညတ် - ဣန္ဒြေ ၂၂ ပါး (Concepts of Controlling Faculties)
(၆) ပုဂ္ဂလပညတ် - ပုဂ္ဂိုလ် ၁၀ ပါး (Concepts of Individuals)
အမှတ်စဉ် (၁ မှ ၅ ထိ) သဘာဝပညတ် (ဝိဇ္ဇာမာနပညတ်) - အမှန်တကယ်ရှိသောတရား၊
အမှတ်စဉ် (၆) အသဘာဝပညတ် (အဝိဇ္ဇာမာနပညတ်) - အမှန်တကယ်မရှိသောတရား၊
အမှတ်စဉ် (၆) ဖြစ်သည့် ပုဂ္ဂလပညတ်ကို အခြားကျမ်းတို့၌ အပြားအားဖြင့် မပြဆိုဘဲ ၌ကျမ်း၌သာ ပုဂ္ဂလပညတ်အပြားကို ပြတော်မူသောကြောင့် များပြားသော ပုဂ္ဂလပညတ်ကို အစွဲပြု၍ တဗ္ဗာဟုလ္လနည်းဖြင့် ပုဂ္ဂလပညတ်ဟူသော နာမည်ကို ဆိုအပ်ခြင်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်အပြားအားဖြင့် ၁၀ ပါး ပြားပါသည်။
အုပ်စုပေါင်း ၁၄၇ စုရှိပါသည်။ ၎င်းတို့မှာ
(၁) ဧကက ပုဂ္ဂလပညတ္တိ - ၅၄ (ပုဂ္ဂိုလ်တစ်မျိုးတစားတည်း)
(၂) ဒုက ပုဂ္ဂလပညတ္တိ - ၂၆ (ပုဂ္ဂိုလ် နှစ်မျိုး နှစ်စားတည်း)
(၃) တိက ပုဂ္ဂလပညတ္တိ - ၁၇ (ပုဂ္ဂိုလ် သုံးမျိုး သုံးစားတည်း)
(၄) စတုတ္ထ ပုဂ္ဂလပညတ္တိ - ၃၀ (ပုဂ္ဂိုလ် လေးမျိုး လေးစားတည်း)
(၅) ပဉ္စက ပုဂ္ဂလပညတ္တိ - ၁၄ (ပုဂ္ဂိုလ် ငါးမျိုး ငါးစားတည်း)
(၆) ဆဋ္ဌက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ခြောက်မျိုး ခြောက်စားတည်း)
(၇) သတ္တက ပုဂ္ဂလပညတ္တိ - ၂ (ပုဂ္ဂိုလ် ခုနှစ်မျိုး ခုနှစ်စားတည်း)
(၈) အဋ္ဌက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ရှစ်မျိုး ရှစ်စားတည်း)
(၉) နဝက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ကိုးမျိုး ကိုးစားတည်း)
(၁၀) ဒဿက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ဆယ်မျိုး ဆယ်စားတည်း)
အုပ်စုပေါင်း - ၁၄၇
ပုဂ္ဂလပညတ်ကျမ်းကြီးတွင် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍ ၁၀ ခုခွဲခြားထားရှိပြီး ဧကကပုဂ္ဂလပညတ္တိမှ ဒဿကပုဂ္ဂလပညတ္တိထိ အုပ်စုပေါင်း ၁၄၇၊ ပုဂ္ဂိုလ်အမျိုးအစားပေါင်း ၃၉၄ ဉီး ပါဝင်ကြောင်း တွေ့ရှိရပါသည်။
ပုဂ္ဂလပညတ်ကျမ်းသည် လောကတွင်းဖြစ်ပျက်နေသော အကြောင်းအခြင်းရာများကြောင့် ပုဂ္ဂိုလ် အမျိုးအစားများ ကွဲပြားခြားနားခြင်းကို ဟောဖော်ညွှန်ပြထားသော ကျမ်းကြီးတစ်ကျမ်း ဖြစ်ပါသည်။
မိမိတို့သည် ပုထုဇဉ်များ ဖြစ်သည့်အားလျော်စွာ မိမိတို့ ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်ရှိ ပုဂ္ဂိလု်များအကြောင်းဖြစ်သည့်အတွက် လွန်စွာ စိတ်ဝင်စားဘွယ်ကောင်းလှပါသည်။
သမုတိသစ္စာနယ်ပယ်၌ ပညတ်အရေးပါပုံကို ကောင်းစွာနားလည်သဘောပေါက်နိုင်ပါသည်။
ထိုပုဂ္ဂိုလ်အမျိုးအစားများစွာထဲမှ ပထမအခန်းကဏ္ဍဖြစ်သည့် ဧကကပုဂ္ဂလပညတ္တိမှ မိမိဖြစ်လိုသော၊ ဖြစ်သင့်သော၊ ဖြစ်ထိုက်သောပုဂ္ဂိုလ်ဖြစ်ရန် ကြိုးစားအားထုတ်ရန် လိုသကဲ့သို့ ရှောင်ကြဉ်ထိုက်သောပုဂ္ဂိုလ်များ အကြောင်းသိရှိပါကလည်း ရှောင်ကြဉ်ရန် လိုအပ်လှပါသည်။
ဤကျမ်းကို နားလည်သဘောပေါက်ခြင်းအားဖြင့် မိမိတို့ နေ့စဉ်ဘဝတွင် ပြန်လည်သုံးသပ်၊ ဆင်ခြင်နိုင်မည်ဆိုလျှင် လေ့လာရကြိုးနပ်သော ကျမ်းကြီးတစ်ကျမ်း ဖြစ်ပါသည်။
မေတ္တာဖြင့်
Thein Naing Ohn (21.8.2020)
Credit: University of Abhidhamma (Yangon)
ဝိသုဒ္ဓိမဂ်ကျမ်းဟူသည် အဘယ်နည်း?
ပိဋကသုံးပုံ (စာအုပ်ပေါင်း ၄၀၊ ကျမ်းပေါင်း ၄၉ ကျမ်း) ကို တစ်ကျမ်းတည်းဖြင့် ခြုံငုံမိအောင် ရေးသားထားသော ကျမ်းသည် ဝိသုဒ္ဓိမဂ် ကျမ်းဖြစ်သည်။
ဘုရားရှင်၏ ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တို့ကို အကျဉ်းချုပ်သော် ဗောဓိပက္ခိယတရား (၃၇)ပါးကိုရ၏။ ၎င်း (၃၇)ပါးကို ထပ်၍ ချုပ်သော် မဂ္ဂင် (၈)ပါးကို ရ၏။ မဂ္ဂင် (၈)ပါးကို ထပ်၍ ချုပ်သော် သီလ၊ သမာဓိ၊ ပညာ ကျင့်ဖွယ်ရာ သိက္ခာ (၃) ပါးကိုရ၏။ ၎င်း သီလ၊ သမာဓိ၊ ပညာ ကျင့်ဖွယ်ရာတို့ကို ပိဋကသုံးပုံမှ အနှစ်ချုပ်၍ ထုတ်ပြသော တစ်ခုတည်းသော ကျမ်းသည် ဝိသုဒ္ဓိမဂ်ကျမ်းပင် ဖြစ်ပါသည်။
ဝိသုဒ္ဓိမဂ်၏ အဓိပ္ပာယ်
ဝိသုဒ္ဓိ = (ရာဂအစရှိသော, ဒုစရိုက်အစရှိသော) အညစ်အကြေးအားလုံးမှကင်းသော စင်စစ် ထက်ဝန်းကျင် စင်ကြယ်သည့် နိဗ္ဗာန်။
မဂ္ဂ = ရောက်ကြောင်း အကျင့်လမ်း။
ဝိသုဒ္ဓိမဂ္ဂ = စင်ကြယ်သော နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်လမ်း။
ဝိသုဒ္ဓိမဂ်မည်ပုံအမျိုးမျိုး
(၁) ဝိပဿနာပညာဖြင့် လက္ခဏာရေးသုံးပါးကို ရှုလိုက်တဲ့အခါမှာ ဒုက္ခ၌ငြီးငွေ့စိတ်ပျက်သွားတယ်။ အဲဒီငြီးငွေ့ခြင်းသည် အရဟတ္တဖိုလ် နိဗ္ဗာန်ဟူသော ဝိသုဒ္ဓ်မဂ်ပင်တည်း။
(၂) ဈာန် + ပညာကိုလည်း ဝိသုဒ္ဓိမဂ်ဟုခေါ်သည်တဲ့။ ရှုမှုဈာန်နှင့် သိမှုဝိပဿနာပညာသည် စင်စစ် နိဗ္ဗာန်နှင့် နီးသောအကျင့်၌ တည်၏။ ထိုဈာန်နှင့် ပညာသည် ဝိသုဒ္ဓိမဂ်မည်၏။
(၃) ကံ (မဂ်စေတနာ) + ဝိဇ္ဇာ + သမာဓိ + သီလ + အာဇီဝ ဤတရားအပေါင်းကြောင့် ကိလေသာမှ စင်ကြယ်ကုန်၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မည်၏။
(၄) သီလ၊ သမာဓိ၊ ပညာရှိသူသည်သာ ဩဃလေးသွယ် ရေပြင်ကျယ်ကြီးကို ကူးမြောက်နိုင်၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မည်၏။
(၅) သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ အပ္ပမာဒတရားတို့၌မွေ့လျော်ခြင်း အကျင့် ခရီးလမ်းသည်သာ စိတ် စင်ကြယ်ရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ဝိသုဒ္ဓိမဂ်ခရီးလမ်း မည်၏။
အရှုပ်အထွေးများ (တဏှာ)
• တဏှာသည် ကွန်ယက်သဖွယ် ဖွဲ့ယှက်တတ်သောကြောင့် ဇဋာမည်၏။ ထိုတဏှာသည် ရူပါရုံစသော အာရုံ ၆ ပါးတို့၌ ထက်အောက် ဖန်ဖန် ချုပ်စပ်ရာဝယ် ဝါးရုံကွန်ယက်သဖွယ် ချုပ်စပ်တတ်သောကြောင့် (ဇဋာ) ‘အရှုပ်အထွေး’ ဟု ခေါ်ရပါသည်။
• အတွင်းအရှုပ်အထွေး, ဖြစ်ပုံမှာ - တဏှာသည် (က) မိမိအသုံးဆောင် (ခ) မိမအတ္တဘော (ဂ) အဇ္ဈတ္တိကာယတနတို့၌ ဖွဲယှက်တတ်သောကြောင့် အန္တောဇဋာ (အတွင်းအရှုပ်အထွေး) မည်၏။
• အပြင်အရှုပ်အထွေး ဖြစ်ပုံမှာ - တဏှာသည် (က) သူတစ်ပါး အသုံးအဆောင် (ခ) သူတစ်ပါးအတ္တဘော (ဂ) ဗာဟိရာယတနတို့၌ ဖွဲယှက်တတ်သောကြောင့် ဗဟိဇဋာ (အပြင်အရှုပ်အထွေး) မည်၏။
ဤနိဗ္ဗာန်ရကြောင်း သီလ, သမာဓိ, ပညာ သုံးပါးတို့တွင် (၁) သီလဖြင့် အဓိသီလသိက္ခာ ၃ ပါးကို ပြ၏။
‘သဗ္ဗပါပဿ အကရဏံ’ ‘မကောင်းမှုရှောင်’ + ‘ကောင်းမှုဆောင်’ + ‘ဖြူအောင်စိတ်ကိုထား’ ဟူသည် ဘုရားတိုင်း၏ အဆုံးအမဖြစ်သည်။
သီလဖြင့် သာသနာတော်၏ အစကောင်းခြင်း = အာဒိကလျာဏဂုဏ်ကို ပြ၏။ ဈာန်မဂ်ဖိုလ်ရရန်အတွက် အစဆုံးပြုလုပ်အပ်သောကြောင့် သီလသည် အာဒိ ကလျာဏဂုဏ်နှင့် ပြည့်စုံ၏။ သီလသည် ကုသိုလ်တို့၏ အစဖြစ်၏။ မကောင်းမှုဟူသမျှ မပြုအပ်ဟု ဘုရားရှင်ဟော၏။ အောက်မေ့တိုင်း စိတ်နှလုံးကြည်သာ ရွှင်လန်းသည့်အတွက် ကောင်း၏ , ကောင်းခြင်း ကလျာဏမည်၏။
သမာဓိဖြင့် အလယ်ကောင်းခြင်းကိုပြ၏။ ကုသိုလ်ဟူသမျှကို ဆည်းပူးအပ်၏ဟု ဟောသည်။ တန်ခိုးဖန်ဆင်းနိုင်ခြင်း ဣဒ္ဓိဝိဓစသော အဘိညာဂုဏ်ကို ဆောင်သောကြောင့် ကောင်း၏။
ပညာဖြင့် အဆုံးကောင်းခြင်းကို ပြ၏။ မိမိစိတ်ကို စင်ကြယ်အောင် ပြုအပ်၏ဟု ဟော၏။ ပညာလျှင် အလွန်ကဲ့ဆုံး အမြတ်ဆုံးရှိသောကြောင့်လည်း သာသနာ၏ အဆုံးဖြစ်သည်။ အကောင်းအဆိုးတို့၌ ထပ်တူရှုနိုင်သော တာဒိဂုဏ်ကိုဆောင်၍ ကောင်း၏။
မေတ္တာဖြင့်
TNO (19.8.2020)
Thein Naing Ohn
ဓမ္မပဒဟူသည် အဘယ်နည်း။ အဘယ်သဘောကို ရည်၍ ကျမ်း၏ ခေါင်းစဉ်ကို “ဓမ္မပဒ”ဟု ခေါ်တွင် အပ်ပါသနည်းဟူ၍ ပညာရှင်တို့ အနည်းနည်း ကြံဆတွေးခေါ်ကြပေသည်။ “ဓမ္မ”ဟူသည်၏ အနက်အဓိပ္ပာယ် ကျယ်ဝန်းသလို “ပဒ”ဟူသော ဝေါဟာရ၏ ဆိုလိုရင်းကလည်း ထွေပြားလေရာ သမာသ်ပုဒ် ဆိုလိုချက်သည် ထိုသို့ ဤသို့ ပညာရှင်တို့ အမျိုးမျိုး ဉာဏ်ကစားဖွယ် အကြောင်းတစ်ရပ် ဖြစ်လာတော့၏။
“ဓမ္မ”၏ အနက်ရင်းသည် “ဆောင်ခြင်း၊ မှတ်သားခြင်း” ဖြစ်လေရာ ထိုမှတစ်ဆင့် “ဆောင်အပ် မှတ်သားအပ်သော တရားဒေသနာတော်” “သစ္စာတရား” ဟူ၍ အနက်အဓိပ္ပာယ် ဆင့်ပွားလာပြန်လေသည်။ “ကုသိုလ်တရား၊ ပရိယတ္တိတရား၊ ကျေးဇူးတရား၊ ပရမတ္ထသဘောတရား” ဟူ၍လည်း ကြံဆ ပြန်ဆိုကြသေးသည်။
“ကျင့်ဝတ်ကျင့်စဉ်၊ ကျင့်အပ်သောတရား” ဟူ၍လည်း ပြန်ဆိုနိုင်ဖွယ်ရှိ၏။ တစ်ဖန် “ပဒ”၏ ဆိုလိုရင်းကို ရှာကြံပြန်သောအခါ “ခြေ၊ ခြေရာ၊ ခြေလှမ်းသွားရာလမ်း၊ အကြောင်း၊ အဖို့၊ အစု၊ ပုဒ်၊ ဝစန” စသည်အားဖြင့် အနည်းနည်း အဖုံဖုံ အနက်ရှိကြောင်း တွေ့ရ၏။
သို့ဖြစ်လေရာ “ဓမ္မပဒ”ဟူသည် “ဒေသနာတရားအခြေခံ”၊ “တရားလမ်းစဉ်”၊ “တရားတော်၏ခြေလှမ်း”၊ “အမှန်တရားခြေလှမ်း”၊ “တရားတော်၏ အကြောင်းရင်းအုတ်မြစ်”၊ “သစ္စာတရားလမ်းကြောင်း” စသည်ဖြင့် အကြောင်းသင့် ယုတ္တိတန်သလို အမျိုးမျိုး ပြန်ဆိုနိုင်ဖွယ် ရှိလေသည်။ မည်သို့ပြန်ဆိုခြင်းသည် အသင့်မြတ်ဆုံး ဖြစ်သည်ဟူ၍ကား ဆုံးဖြတ်ရန် ခဲယဉ်းလှပေသည်။
“ဓမ္မပဒ”သည် ခုဒ္ဒကနိကာယ်တွင် ဒုတိယမြောက်ကျမ်းစာဖြစ်သည်၊ ဤကျမ်း၌ ဂါထာသက်သက်သာ ပါဝင်သည်။ စုဏ္ဏိယခေါ် ပါဠိစကားပြေပါဝင်ခြင်းမရှိချေ။ သို့သော် ပါဠိဝေါဟာရများသည် ပေါ်လွင်၏၊ ဥပမာကြွယ်ဝ၏၊ တရားမျိုးစုံလင်၏၊ လူ့ကျင့်ဝတ်လမ်းညွှန်မှအစ နိဗ္ဗာန်မဂ်ဖိုလ်ရရှိရေးအထိ အကျိုးပြု၏၊ ဓမ္မဓိဋ္ဌာန်စကားရပ်များနှင့် သူတော်ရည်မွန်တို့ ကျင့်စဉ်လမ်းပြ ဩဝါဒတို့သည် ဗုဒ္ဓဘာသာတို့နှင့်သာမက လူမျိုးမရွေး ဘာသာမရွေး လူသားဟူသမျှနှင့် သက်ဆိုင်လေ၏။
ထို့ကြောင့် စာရေးဆရာတို့သည် “ဓမ္မပဒ”ကို အကိုးအကားပြုကြရ၏၊ ဓမ္မကထိကတို့သည် “ဓမ္မပဒ”ကို ဟောကြားကြ၏၊ ဘာသာပြန်ဆရာတို့သည် ဓမ္မပဒကို ဘာသာပြန်ကြ၏။
ယနေ့အထိ မူလပါဠိ ဘာသာမူရင်းမှ မြန်မာ၊ ဟိန္ဒီ၊ သီဟိုဠ်၊ တိဗက်၊ တရုပ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအို၊ ဂျပန်စသော အရှေ့တိုင်း ဘာသာများသို့လည်း ပြန်ဆိုထားကြ၏။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံစသော ဥရောပဘာသာရပ်များသို့လည်း ပြန်ဆိုထားကြ၏။ ထို့ကြောင့်ပင် ဓမ္မပဒသည် ဗုဒ္ဓကျမ်းဂန်များအနက် အကျော်ကြားဆုံးဖြစ်နေ၏။ အကျိုးအပြုဆုံး ဖြစ်နေ၏။
“ဓမ္မပဒ”ဟူသော ဝေါဟာရကို ဥရောပပညာရှင်တို့က ဘာသာတရား၏ အခြေခံ၊ ဘာသာတရား၏လမ်းစဉ်၊ တရားအစု ဟူ၍ အနက်ဖော်ကြကုန်၏။
ပိဋကတ်တွင် စုံစမ်းကြည့်ရာ ဒီဃနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်နှင့် သုတ္တနိပါတ်ကျမ်းတို့၌ “ဓမ္မပဒ”ကို တွေ့ရ၏။ ဒီဃနိကာယ် နှင့် အင်္ဂုတ္တရနိကာယ်တွင် “အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာသတိ၊ သမ္မာသမာဓိ” တို့ကို “ဓမ္မပဒ” ဆိုလေသည်။ အဋ္ဌကထာတို့၌ “ဓမ္မပဒ”ကို “ဓမ္မကောဋ္ဌာသ”ဟု ရှင်မဟာဗုဒ္ဓဃောသ ဖွင့်ပြထား၏။ သံယုတ္တနိကာယ် အဋ္ဌာကထာတွင် ဗုဒ္ဓဝစနအားလုံးကို “ဓမ္မပဒ”ဟု ဆို၏။ သုတ္တနိပါတ် အဋ္ဌကထာ၌မူ “နိဗ္ဗာနဓမ္မ၏အကြောင်း (သို့မဟုတ်) လမ်းစဉ်”ဟု ဖော်ပြ၏။ အားလုံးကို ခြုံ၍ ကြည့်လျှင် "ဓမ္မပဒ"ကို သူတော်စဉ်တို့ကျင့်ရာလမ်းကြောင်းဟု ပြန်ဆိုနိုင်မည်ဖြစ်သည်။
ဤဓမ္မပဒကျမ်းပေါ်ပေါက်သော ကာလကို အတိအကျပြောရန် မလွယ်ချေ၊ ပညာရှင်တို့ ချင့်တွက်ကြသည်မှာ -
(၁) အေဒီ ၁ ရာစု အဆုံး၊ သို့မဟုတ် အေဒီ ၂ ရာစု အစလောက်တွင် ပေါ်ပေါက်ခဲ့သော မိလိန္ဒပဥှာကျမ်း ဩပမ္မကထာ၊ ပဉ္စမပိုင်း၌၊ ဓမ္မပဒဟူသော ကျမ်းညွှန်းနှင့်တကွ ယင်ကျမ်းလာဂါထာများ ကိုးကားထားသည်ကို တွေ့ရ၏။
(၂) ဘီစီ ၂ ရာစုတွင်ပေါ်သော “မဟာဝတ္ထု”၌ “ဓမ္မပဒေသု သဟဿဝဂ္ဂံ” ဟူသော စကားကို တွေ့ရ၏။
(၃) တတိယသံဂါယနာတွင် ဟောကြားခဲ့သော “ကထာဝတ္ထု”ကျမ်း၌ ဂါထာများစွာ ကိုးကား ဖော်ပြ၏။ ထိုဂါထာတို့ အနက်အချို့မှာ ဤဓမ္မပဒကျမ်း၌သာ ပါရှိလေသည်။
(၄) ဒီပဝံသ နှင့် မဟာဝံသ ကျမ်းများအရ နိဂြောဓသာမဏေထံမှ ဓမ္မပဒ၊ အပ္ပမာဒဝဂ်လာဂါထာများကို နာကြားရမှ အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာသည်ဟု သိရ၏။
ဤအချက်အားလုံးကို စုရုံး ဆင်ခြင်ကြည့်လျှင် ဓမ္မပဒကျမ်းသည် မိလိန္ဒပဥှာ၊ မဟာဝတ္ထု၊ ကထာဝတ္ထုကျမ်းတို့ မပေါ်မီကပင် ရှိနှင့်ပြီးဟု သိနိုင်၏။ ထို့ကြောင့် ပထမသံဂါယနာ (ဘီစီ ၄၈၃) နှင့် တတိယသံဂါယနာ (ဘီစီ ၂၄၀) အကြားတွင် ဓမ္မပဒကျမ်း ပေါ်ပေါက်ခဲ့သည်ဟု ဆိုနိုင်သည်။
ဓမ္မပဒကျမ်းကို မည်သူပြစုသလဲဟူသော အမေးကိုလည်း အတိအကျ ဖြေရန် မလွယ်ချေ။ ခုဒ္ဒကနိကာယ်အဝင် မဟာနိဒ္ဒေသကျမ်း နှင့် ပဋိသမ္ဘိဒါမဂ်ကျမ်းတို့ကို ရှင်သာရိပုတြာ ဟောသည်။ ကထာဝတ္ထုကျမ်းကို ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဟောသည်ဟု သိရ၏။ ကျန် ကျမ်းဂန်များကိုမူ ယင်းသို့ ထူးခြားစွာ ဖော်ပြသည်ကို မတွေ့ရချေ။ ထို့ကြောင့် ဓမ္မပဒနှင့်တကွ ကျမ်းအများကို သံဂါယနာတင် မထေရ်များက စုပေါင်း စီစဉ်ခဲ့သည်ဟု ဆိုရန်ရှိချေသည်။
ဤဓမ္မပဒကျမ်းတွင် ဂါထာပေါင်း ၄၂၃ ဂါထာ ပါဝင်၏။ ယင်းဂါထာတို့ကို ဝဂ်ပေါင်း (၂၆)ဝဂ် ခွဲခြားထား၏။
ဝဂ်ခွဲပုံမှာ အကောင်းအဆိုး၊ အကျိုးအပြစ်စသည်ဖြင့် စုံပြု၍ရသော ဂါထာများကို စု၍ ‘ယမကဝဂ်’ဟု သတ်မှတ်၏။ အကြောင်းအရာအလိုက် သို့မဟုတ် ဝေါဟာရတူညီသော ဂါထာများအလိုက် စိတ္တဝဂ်၊ ပုပ္ဖဝဂ်၊ ဗာလဝဂ်၊ ပဏ္ဍိတဝဂ် စသည်ဖြင့် သတ်မှတ်၏။ စိတ္တဝဂ်၌ စိတ်၏ သဘောသဘာဝများ စိတ်၏ စွမ်းရည်များ၊ စိတ်ကိုထိန်းသိမ်းလျှင် အကျိုးရှိကြောင်းများကို ဖော်ပြ၏။ ပုပ္ဖဝဂ်၌ ပျားကို ပမာပြု၍ ကျင့်ဆောင် လိုက်နာချက်များကို ဟောထား၏။ ဗာလဝဂ်စသည်၌လည်း နည်းတူပင်။
အထက်ပါကဲ့သို့ သတ်မှတ်၍မရ၊ အထွေထွေ အရောရော ရှိသော ဂါထာတို့ကိုမူ ပကိဏ္ဏကဝဂ်ဟု တစ်စုပြုထား၏။ အထွေထွေပိုင်း ဟူလို၏။
စင်စစ် ဓမ္မပဒကျမ်းသည် လေ့လာစရာအကောင်းဆုံး ကျမ်းစာ ဖြစ်၏။ တစ်စုံတစ်ယောက်က “ကျွန်တော်ဘာသာရေးစာအုပ်ကလေး ဘာလေး ဖတ်ရှုလေ့လာချင်ပါတယ်၊ ဘယ်စာအုပ်ဖတ်ရလျှင် ကောင်းမလဲ”ဟု မေးလျှင် ဤဓမ္မပဒကို ညွှန်ဖြစ်အောင် ညွှန်ပါလေ၊ စင်စစ် ဓမ္မပဒသည် အခြေခံအကျဆုံးကျမ်း ဖြစ်သလို ထိပ်တန်းအကျဆုံးကျမ်းလည်း ဖြစ်ပါသည်။
ဓမ္မပဒပါဠိကျမ်းကို ရှင်မဟာဗုဒ္ဓဃောသက ဇာတ်ကြောင်း ဝေဝေဆာဆာဖြင့် အဋ္ဌကထာ ဖွင့်ဆိုခဲ့၏။ အလွန် စိတ်ဝင်စားဘွယ်ရာ ဇာမ်လမ်းများ ပါဝင်၏။ လူ့သဘောသည် အခက်ထက် အလွယ်ကို ပို၍ ကြိုက်၏။ သဘောတရားထက် ဝတ္ထုဇာတ်လမ်းကို ပို၍ နှစ်သက်တတ်၏။ ထို့ကြောင့် ဓမ္မပဒဆိုလျှင် အဋ္ဌကထာကိုသာ လူသိများလေသည်။ ပါဠိတော်ကို အဋ္ဌကထာက ဖော်ပေးသော်လည်း လူအများသည် အဋ္ဌကထာ၌ မှေးမှိတ်နေကြ၏။ ဇာတ်လမ်းဆုံးသောအခါ သိချင်မှု သိချင်စိတ် ပြေလိုက်တတ်ကြ၏။ ပါဠိတော်ဩဝါဒကို မခံယူဖြစ်ကြတော့ချေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဓမ္မပဒပါဠိထက် ဓမ္မပဒ အဋ္ဌကထာက ပို၍ ခေတ်စားလေသည်။
ဓမ္မ၏ ပန်းတိုင်သည် နိဗ္ဗာန်ပင်ဖြစ်၏။ ဓမ္မကို မြင်သိသော ပညာရှိသည် သမထ ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို ရှို့မြိုက်ကြိုးကုတ် လုံ့လထုတ်ပြီးလျှင် ယောဂလေးပါး ကုန်ခန်းရာ နိဗ္ဗာန်အရောက် တက်လှမ်းသည် ဖြစ်ပေသည်။ ထိုနိဗ္ဗာန်ခရီးသွား ပညာရှင်သည် “ဤ(သုံးဆယ့်နှစ်ကောဋ္ဌာသ)ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟု ဉာဏ်နှင့် သက်ဝင်စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ကာ အောင်ပွဲခံ၏။” “သေမင်းမျက်ခြည်ပြတ်ရာ” နိဗ္ဗာန်သို့သွား၏။ သို့ဖြစ်သောကြောင့် ဓမ္မပဒကို နိဗ္ဗာန်လမ်းညွှန်တစ်ဆူ ဟူ၍လည်း ဆိုနိုင်လောက်ပေသည်။
အချုပ်ကိုဆိုရလျှင် ယနေ့ကမ္ဘာတွင် နိုင်ငံအချင်းချင်း သူတလူငါတမင်းဖြစ်ကာ ရန်မီးတဖွားဖွား ရန်ငွေ့တလူလူ ဖြစ်နေကြရာ ငြိမ်းချမ်းရေးစစ်စစ်ကို သတ္တဝါတိုင်း တောင့်တနေကြခိုက် ဖြစ်ပေသည်။ ဤအရေး၌ ဓမ္မပဒလာ ဗုဒ္ဓဝစန ဩဝါဒကထာတို့သည် အရေးပါ အခါသင့်လှပါသည်။ သူငါ့ကို ညှဉ်းဆဲစော်ကားဖူးသည်၊ အနိုင်ကျင့်ဖူးသည် စသည်ဖြင့် ရန်ငြိုးဖွဲ့နေသမျှ ကာလပတ်လုံး လောကငြိမ်းချမ်းရေးကို မရနိုင်။ တစ်ဖက်က နိုင်လိုမင်းထက် ပြုဖူးသမျှကို ပြည်ဖုံးကားချနိုင်မှသာ ငြိမ်းချမ်းသာယာမှုကို ရနိုင်ကြပေမည်။ “ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာ ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာသဘောပေတည်း” ဟူ၍ ကမ္ဘာ့ငြိမ်းချမ်းရေးအကျိုးပြု ဥပဒေကို ဓမ္မပဒက ပြညွှန်လျက် ရှိချေသည်။
လိုရင်းကိုဆိုရလျှင် ဓမ္မပဒကျမ်းသည် ဗုဒ္ဓဓမ္မ၏ အနှစ်သာ အပြည့်အဝရှိသောကြောင့်တစ်ကြောင်း၊ စာပေရေးရာ ဂုဏ်ရသတို့နှင့် စုံလင်လှသောကြောင့်တစ်ကြောင်း၊ ကမ္ဘာ့နီတိကျမ်းကြီးတစ်ဆူဟု ဆိုလောက်သော ဝိသေသတို့နှင့် စုံလင်လှသည်ကတစ်ကြောင်း၊ အက္ခရာအမျိုးမျိုး၊ မူကွဲအစုံစုံ ပြန်ဆိုသည့် ဘာသာအရပ်ရပ်တို့နှင့် ကမ္ဘာအနှံ့ ထင်ရှားသော ကျမ်းတစ်ဆူဖြစ်သည်က တစ်ကြောင်းကြောင့် ဗုဒ္ဓဓမ္မဆိုင်ရာ စာပေကျမ်းဂန် မြောက်မြားစွာတို့အနက် ဓမ္မပဒကျမ်းသည် ပါဠိစာပေတွင် အထင်ရှား အကျော်ကြားဆုံးဖြစ်၍ ဘာသာအများဆုံးဖြင့် ပြန်ဆိုလေ့လာအပ်သော လမ်းညွှန်တစ်ဆူအနေဖြင့် အထူးကဲအကျော်ကြားဆုံးသော ကမ္ဘာသိ ကမ္ဘာသုံး ကျမ်းတစ်စောင်အဖြစ် ကမ္ဘာတွင် ထင်ပေါ်လျက်ရှိပေသတည်း။
မေတ္တာဖြင့်
Thein Naing Ohn (20.3.2021)
မာတိကာနိဒါန်း ကောက်နုတ်ချက်များ
၁။အလောင်းတော်အမည်= သုမေဓာရှင်ရသေ့။
၂။ပါရမီဖြည့်ရာ ကမ္ဘာအရေအတွက်= လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း။
၃။ဗျာဒိတ်ပေးသော ဘုရားရှင်= ဒီပင်္ကရာမြတ်စွာဘုရား။
၄။ပါရမီ-၃.ပါး= ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတျထပါရမီ။
၅။စွန့်ခြင်းကြီး-၅.ပါး= ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂ။
၆။သေတကေတုနတ်သားဘဝဖြင့် နတ်စည်းစိမ်ကို ခံစားရာ၌ လူတို့၏အရေအတွက်= ၅၇ ကုဋေ အနှစ်၆သန်း။
၇။ဘုရားဖြစ်တော်မူပါရန် နတ်, ဗြဟ္မာတို့ တောင်းပန်အပ်သောစကားရပ်= အလောင်းမင်း - ဘုရား ဖြစ်အ့ံသောအခါ တန်ပါပြီ။ လောကသုံပါး၌ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ အကျိုးငှာ လူ့ပြည်သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ။
၈။ဘုရားလောင်းဖွားတော်မူရာ တိုင်းပြည်, လ, နေ့, နက္ခတ်= ကပိလဝတ်ပြည်, သောကြာနေ့, ၀ိသာခါနက္ခတ်-ကဆုန်လ။
၉။သုံးဆောင်ခံစားသော ရွှေနန်း-၃.ဆောင်= ရမ္မ, သုဘ, သုရမ္မ။
၁၀။ခံစားသောမင်းသမီး အရေအတွက်= ယသော်ဓရာအမှူးရှိသော မင်းသမီးအပေါင်း လေးသောင်း။
၁၁။ကြည့်ခြင်းကြီး-၅.ပါး= ကာလ, ဒီပ, ဒေသ, ကုလ, မာတုအာယုပရိစ္ဆေဒ။
၁၂။နိမိတ်ကြီး-၄.ပါး= သူအို, သူနာ, သူသေ, ရဟန်း။
၁၃။ဒုက္ကရစရိယာ ကျင့်တော်မူသည့် နှစ်အရေအတွက်= ခြောက်နှစ်။
၁၄။ဃာနာနို့ဆွမ်း အလှူခံရာဌာန= အဇပါလညောင်ပင်ရင်း။
၁၅။လှူဒါန်းသူ= သုဇာတာသူဌေးသမီး။
၁၆။ဘုဉ်းပေးရာဌာန= နေရ ဉ္ဇရာမြစ်ကမ်းနား။
၁၇။မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူရာ ရှေးဦးစွာ ဝင်အံ့ဟု ကြံရွယ်သောအရပ်= တောင်အရပ်။
၁၈။ရပ်တော်မူသောအရပ်= အရှေ့မြောက်ထောင့်အရပ်(တစ်နည်း)အရှေ့အရပ်။
၁၉။မြက်ရှစ်ဆုပ်လှူဒါန်းသူ= သုဒ္ဓိယငစင်(သောတ္ထိယ မောင်ချမ်းသာ)။
၂၀။ဉာဏျတောျ-၃.ပါးနှငျ့ ရရာကာလ= (၁)ပုရိမယာမျ၌ ပုဗ်ဗနေိဝါသဉာဏျ
(၂)မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်
(၃)ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်
၂၁။တန်းခိုးပြာဋိဟာ ပြတော်မူခြင်း၏ ရည်ရွယ်ချက်= တိတ္ထိတို့ကို နှိမ်နင်းခြင်း အလို့ငှါ။
၂၂။ပြတော်မူရာအရပ်= သာဝတ္ထိပြည်အနီး ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်သည် စိုက်အပ်သော သရက်ပင်၏ အရင်း။
၂၃။နတ်ပြည်သို့ ကြွရောက်၍ အဘိဓမ္မာဒေသနာ ဟောကြားပုံအစီအစဉ်= ဘုရားရှင်သည် သုံးဖဝါးမျှနင်း၍ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီးလျှင် ပင်လယ်ကသစ်ပင်၏ အရင်း, ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထပ်၌ နေမင်းကဲ့သို့ တင့်တယ်စွာ နေတော်မူလျက် အဘိဓမ္မာဒေသနာကို ဟောကြားတော်မူပါသည်။
၂၄။ပဏ္ဍုကမ္ဗလာကျောက်ဖျာခင်းရာဌာန= ပင်လယ် ကသစ်ပင်ရင်း။
၂၅။အဘိဓမ္မာဒေသနာမြတ်ကို ဟောကြားရာ၌ အကြီးအမှူးပြုသော နတ်သား၏အမည်နှင့် လ-အပိုင်းအခြား= သန္တုဿိတနတ်သား, ၀ါတွင်း-၃.လ။
၂၆။အဘိဓမ္မာ-၇.ကျမ်းတွင် တိက်, ဒုက် ပါဝင်သောကျမ်းအမည်= ဓမ္မသင်္ဂဏီကျမ်း။
၂၇။ဓမ္မသင်္ဂဏီကျမ်း၏ ကဏ္ဍ-၄.ပါး= စိတ္တုပ္ပါဒကဏ္ဍ၊ ရူပကဏ္ဍ၊ နိက္ခေပကဏ္ဍ၊ အဋ္ဌကထာကဏ္ဍ။
၂၈။၀ိတ္ထာရနယကို ဟောရာဒေသ = တာဝတိံသာနတ်ပြည်
ဟောသောပုဂ္ဂိုလ် = မြတ်စွာဘုရား
တရားနာပရိသတ် = သန္တုဿိတနတ်သားအမှူးရှိသော စင်္ကြာဝဠာတိုက်တစ်သောင်းမှ နတ်, ဗြဟ္မာအပေါင်း။
၂၉။သင်္ခေပနယကို ဟောရာဒေသ = စန္ဒကူးတော
ဟောသောပုဂ္ဂိုလ် = မြတ်စွာဘုရား
တရားနာပရိသတ် = အရှင်သာရိပုတ္တရာ။
၃၀။နာတိဝိတ်ထာရ, နာတိသငျ်ခပေနယကို
ဟောရာဒေသ = သင်္ကဿနဂိုရ်ပြည်
ဟောသောပုဂ္ဂိုလ် = အရှင်သာရိပုတ္တရာ
တရားနာပရိသတ် = လင်းနို့သား ဖြစ်ခဲ့ဖူးသော ရဟန်းငါးရာ။
၃၁။စရိယ-၃.ပါး= လောကတ်ထစရိယ၊ ဉာတတ်ထစရိယ၊ ဗုဒ်ဓတ်ထစရိယ။
၃၂။နိဒါန်း-၂.ပါး အဓိပ္ပါယ်(အထူး)
(၁) အဘိဓမ္မာကိုသိကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်ကို ဖြစ်စေ တတ်သော ပါရမီ, စာဂ, စရိယတို့သည် အဓိဂမနိဒါန်း။ [နိယတဗျာဒိတ်ကို ရသည်မှစ၍ ဗောဓိပင်နှင့် ရွှေပလ္လင် တိုင်အောင် သောကာလသည် အဓိဂမနိဒါန်း ] ။
(၂) အဘိဓမ္မာကို ဟောကြောင်းဖြစ်သော ဒေသနာဉာဏ်ကို ဖြစ်စေတတ်သော ပါရမီ, စာဂ, စရိယတို့သည် ဒေသနာနိဒါန်း။ [ဗောဓိပင်နှင့် ရွှေပလ္လင်ကစ၍ ပ ဉ္စဝဂ္ဂီငါးဦးတို့ကို ဓမ္မစကြ်ာတရား ဟောတော်မူသည့် တိုင်အောင်သောကာလသည် ဒေသနာနိဒါန်း] ။
၃၃။နိဒါန်း-၃.ပါး အဓိပ္ပါယ်(အထူး)
(၁) နိယတဗျာဒိတ်ကို ရသည်မှစ၍ တုသိတာနတ်ပြည်၌ သေတကေတုနတ်သား ဖြစ်သည့် တိုင်အောင်သော ကာလသည် အဘိဓမ္မာဒေသနာတော် ဖြစ်ခြင်း၏ ဝေးသောအကြောင်း ဖြစ်သောကြောင့် ဒူရေနိဒါန်း မည်၏။
(၂) တုသိတာနတ်ပြည်မှ စ၍ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏ အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာကျောက်နေရာထက်သို့ ရောက်သည့် တိုင်အောင်သောကာလသည် အဘိဓမ္မာ ဒေသနာဖြစ်ခြင်း၏ မနီးမဝေးလွန်းသောကြောင့် အဝိဒူရေနိဒါန်း မည်၏။
(၃) ကျောက်နေရာထက်သို့ ရောက်သည်မှစ၍ “ကုသလာဓမ္မာ” စသည်ဖြင့် ဟောတော်မမူမီ တိုင်အောင်သောကာလသည် အဘိဓမ္မာဒေသနာဖြစ််ခြင်း၏ နီးစွာသော အကြောင်းဖြစ်သောကြောင့် သန္တိကေနိဒါန်း မည်၏။
၃၄။ဝေနေယျနှင့် သတ္တဝါအထူး= ယခု ဘုရားဆုံးမဟောချွတ်၍ ယခုဘဝဖြစ်စေ, နောင်ဘဝအဆက်ဆက်၌ ဖြစ်စေ မဂ်, ဖိုလ်ကို ရထိုက်သော ပုဂ္ဂိုလ်သည် ဝေနေယျ မည်၏။ မရထိုက်သော ပုဂ္ဂိုလ်သည် သတ္တဝါ မည်၏။
မာတိကာမည်ပုံ
-မာတာဝိယာတိ မာတိကာ--အမိနှင့်တူသောကြောင့် ‘မာတိကာ’ မည််၏။
(အမိသည် သားကိုဖြစ်စေသကဲ့သို့ မာတိကာသည်လည်း နိဒ္ဒေသကို ဖြစ်စေ၏။ ဤသို့ ဖြစ်စေတတ်သော သဘောအားဖြင့် တူသည်။)
-မာတိကာဝိယာတိ မာတိကာ--ရေမြောင်းနှင့်တူသောကြောင့် ‘မာတိကာ’ မည််၏။
(ရေမြောင်းသည်် လယ်, ကန်, ချောင်း စသည်သို့ သက်ဝင် (စီးဆင်း)သကဲ့သို့ မာတိကာသည် လည်း နိဒ္ဒေသသို့ အနက်အားဖြင့် သက်ဝင်တတ်သည်။ ဤသို့ သက်ဝင်ပုံ သဘောအားဖြင့့် တူသည်။)
(တနည်းကား=ရေမြောင်းသည် လယ်, ကန်, ချောင်း စသည်တို့နှင့် စပ်၍ဖြစ်သည်။ မာတိကာ သည်လည်း နိဒ္ဒေသနှင့် အနက်အားဖြင့် စပ်၍ဖြစ်သည်။ ဤသို့ စပ်၍ဖြစ်ပုံ သဘောအားဖြင့် တူသည်။)
ပဒဘာဇနီမည်ပုံ
မာတိကာ၌ လာသောပုဒ်တို့ကို အကျယ််ဝေဖန်ပြသော ပါဠိရပ်တို့သည် ‘ပဒဘာဇနီ’ မည်၏။
တိကမာတိကာ မည်ပုံ
ပရမတ္ထတရားတို့ကို သုံးစု, သုံးပဒပြု၍ ဟောရာ ဟောကြောင်းဖြစ်သော မာတိကာကို ‘တိက မာတိကာ’ ဟုခေါ်သည်။
ဒုကမာတိကာ မည်ပုံ
ပရမတ္ထတရားတို့ကို နှစ်စု, နှစ်ပဒပြု၍ ဟောရာ ဟောကြောင်းဖြစ်သော မာတိကာကို ‘ဒုက မာတိကာ’ ဟုခေါ်သည်။
Thein Naing Ohn (26.3.2021)
ဓာတုကထာ တတိယနယ နိဒ္ဒေသ “အသင်္ဂဟိတေနသင်္ဂဟိတံ” (ခန္ဓာမတူ - အာတယတန၊ ဓာတ်တူ)
******************************************
တတိယနယနိဒ္ဒေသ (အသင်္ဂဟိတေန သင်္ဂဟိတံ) သည် ခန္ဓာဖြင့် မရေတွက်ဘဲ အာယတန၊ ဓာတ်တို့ဖြင့် ရေတွက်အပ်သော တရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်အားဖြင့် ရေတွက်သော တရားဖြစ်ပါသည်။
တတိယနယ၌ ကတ္တားနှင့်ကံပုဒ်တို့သည် ခန္ဓာမတူ-အာယတန၊ ဓာတ်တို့တူကြရမည်ဖြစ်၍ ဓမ္မာယတန တစိတ်ဖြစ်သော သုခုမရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန် ဤ ၅မျိုး ကိုသာ မူတည်ပြီး ဟောပါသည်။
၀ိညာဏ၊ သြဠာရိကရုပ်နှင့် ရောနေသော တရားများမှာ အာယတန၊ ဓာတ်တူမရနိုင်၍ မဟောပါ။
ပါဠိတော်၌ အဖြေတူများကိုပေါင်း၍ ပဥှာ (၁၂) ပါးကိုဟောထားပါသည်။ အရကောက်၌ကား ယေစွဲတူရာ ကိုပြပါသည်။
၁။ ဝေဒနာက္ခန္ဓာနှင့် အဖြေတူသောပုဒ်ပေါင်း - ၅
၂။ နိရောဓသစ္စာ ---------။------------------ - ၁
၃။ ဇီဝိတိနြေ္ဒ ---------------။---------------- - ၁
၄။ ဣတ္ထိနြေ္ဓ --------------။---------------- - ၂၂
၅။ ဇာတိ ------------------။---------------- - ၄
၆။ သောက ----------------။--------------- - ၂၀
၇။ အပ္ပစ္စယ ----------------။---------------- - ၂
၈။ အာသ၀ ----------------။---------------- - ၃
၉။ သံယောဇဉ် ------------။---------------- - ၁၇
၁၀။ စေတသိက ----------။---------------- - ၆
၁၁။ စိတ္တသဟဘူ ----------။-------------- - ၂
၁၂။ ဥပါဒါန -----------------။-------------- - ၇
ဤပါဠိတော်ပြအဖြေတူများကို တဖန်အကျဉ်းချုပ်လျှင် ဝေဒနက္ခန္ဓာ ၁၁ + သညာက္ခန္ဓာ ၂ + သင်္ခါရက္ခန္ဓာ ၅၉ + ဣတ္ထိနြေ္ဒ ၂ = ၇၄ ပုဒ်ဖြစ်၏။
နိရောဓသစ္စာမှာ ၃ ပုဒ်သာရသည်။
ဇီဝိတိနြေ္ဓ ၄ + စျာန ၁ ဟု ၅ ပုဒ်ဖြစ်၏။
စေတသိကမှာ ၆ပုဒ်ဖြစ်၏။
စိတ္တသဟဘူ ၂ ပုဒ်ဖြစ်၍ အားလုံးပေါင်းလျှင် ပါဠိတော်ပြ အဖြေတူများမှာ ၇၄+၃+၅+၆+၂ = ၉၀ ဟု ငါးမျိုးသာရပေသည်။
အကျဉ်းချုပ်အားဖြင့်ပြောရလျှင် အဗ္ဘန္တရမာတိကာဟောပုဒ်အနေဖြင့် ဟောပုဒ် ၅၀၊ ဗာဟိရမာတိကာ ဟောပုဒ်အနေဖြင့် ဟောပုဒ် ၄၀ ပါ၀င်ပါသည်။
အဗ္ဘန္တရမာတိကာ၊ ဗာဟိရမာတိကာ နှစ်ရပ်ပေါင်း ဟောပုဒ် ၉၀ ဖြစ်ပါသည်။
ဤတတိယနယနိဒ္ဒေသ၌ ဟောပုဒ် ၉၀ တို့ကို သဘောတူရာ ဟောပုဒ်အလိုက် စုစည်း၍ ၉ အုပ်စု ခွဲခြားထားပါသည်။ လွယ်ကူစွာမှတ်မိစေရန် ရှေးပညာရှင်ဆရာတော်များက ( ဝေ ၊ သဉ် ၊ သင် ၊ နိ ၊ ဣ ၊ ဇီ ၊ စျာ ၊ စေ ၊ စိ ) ဟူ၍ အကျဉ်းချုပ် ဆောင်ပုဒ်ကို စပ်ဆိုတော်မူခဲ့ကြပါသည်။ ထိုအက္ခရာများသည် ဦးဆောင်ဟောပုဒ်များ၏ အစအက္ခရာများ ဖြစ်ပါသည်။
ဤဆောင်ပုဒ်အလိုက် ဟောပုဒ် ၉၀ ရပုံကို ပုံတွင် ကြည့်ရှုနိုင်ပါသည်။
၁။ ဝေ = ဝေဒနာက္ခန္ဓာန
၂။ သဉ် = သညာက္ခန္ဓေန
၃။ သင် = သင်္ခါရက္ခန္ဓေန
၄။ နိ = နိရောဓသစ္စေန
၅။ ဣ = ဣတ္ထိနြ္ဒိယေန
၆။ ဇီ = ဇီဝိတိနြ္ဒိယေန
၇။ စျာ = စျာနေန
၈။ စေ = စေတသိကဟိ ဓမ္မေဟိ
၉။ စိ = စိတ္တသဟဘူဟိ ဓမ္မေဟိ
(အထက်ပါ ၉ ပုဒ်နှင့် အလားတူဟောပုဒ်များကို အလားတူပုဒ်ပေါင်းဇယား တွင် ကြည့်ရှုပါရန်။)
ယေ ဓမ္မာ - တရားများကောက်ပုံစည်းမျဉ်း (ယေစွဲနည်းဥပေဒေသ)
ဤတတိယနယနိဒ္ဒေသ၌ ဟောပုဒ်နှင့် ယေ ဓမ္မာ-အရ ခန္ဓာကွဲ၍ ဓမ္မာယတန၊ ဓမ္မဓာတ်အားဖြင့် တူသော တရားမျိုးကို ဟောရာ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ သုခုမရုပ်နှင့် နိဗ္ဗာန်ဟူသော တရား ၅မျိုး အနက် ---
၁။ ဟောပုဒ်မှာ တရား ၁-မျိုးဖြစ်ခဲ့လျှင် ကျန်လေးပါးကို ယေ ဓမ္မာ - အရကောက်ပါ။
ဥပမာ။ ။
ဟောပုဒ်သည် ဝေဒနာဖြစ်ခဲ့လျှင် ယေ ဓမ္မာ - အရ ကြွင်းသော သညာ၊ သင်္ခါရ၊ သုခုမရုပ်နှင့် နိဗ္ဗာန်ကို ကောက်ပါ။ အုပ်စု (၁) မှ (၅) အထိ ဟောပုဒ်တို့သည် တရား ၁-မျိုးစီဖြစ်သောကြောင့် ကျန် ၄ မျိုးကို ယေ ဓမ္မာ - အရကောက်ပါသည်။
၂။ ဟောပုဒ်သည် တရားနှစ်မျိုးဖြစ်ခဲ့လျှင် ကျန် ၃-မျိုးကို ယေ ဓမ္မာ - အရကောက်ပါ။
ဥပမာ။ ။
အုပ်စု (၆) တွင်ဟောသော ဇီဝိတိနြေ္ဒသည် ရုပ်ဇီဝိတ(သုခုမရုပ်)နှင့် နာမ်ဇီဝိတ (ဇီဝိတိနြေ္ဒစေတသိက်=သင်္ခါရ) တရား ၂ မျိုးဖြစ်သောကြောင့် ကျန်သော ဝေဒနာ၊ သညာ၊ နိဗ္ဗာန် ၃ မျိုးကို ယေ ဓမ္မာ အရကောက်ပါသည်။
ထို့အတူ အုပ်စု (၇) တွင် ဟောသော စျာန်သည်လည်း (ဝေဒနာ၊ သင်္ခါရ) တရား ၂ မျိုးဖြစ်သောကြောင့် ကျန်သော သညာ၊ သုခုမရုပ်နှင့် နိဗ္ဗာန် ၃ မျိုးကို ယေ ဓမ္မာ - အရကောက်သည်။
၃။ ဟောပုဒ်မှာ တရားသုံးမျိုးဖြစ်ခဲ့လျှင် ကျန် ၂-မျိုးကို ယေ ဓမ္မာ အရကောက်ပါ။
ဥပမာ။ ။
အုပ်စု (၈) တွင် ဟောသော စေတသိကဓမ္မတို့သည် (ဝေဒနာ၊ သညာ၊ သင်္ခါရ) တရား ၃ မျိုးဖြစ်သောကြောင့် ကျန်သော သုခုမရုပ်နှင့် နိဗ္ဗာန် ၂ မျိုးကို ယေ ဓမ္မာ - အရကောက်ပါသည်။
၄။ ဟောပုဒ်သည် တရားလေးမျိုးဖြစ်ခဲ့လျှင် ကျန်တစ်ပါးကိုသာ ယေ ဓမ္မာ - အရကောက်ပါသည်။
ဥပမာ။ ။
အုပ်စု (၉) တွင် ဟောသော စိတ္တသဟဘူဓမ္မတို့သည် (ဝေဒနာ၊ သညာ၊ သင်္ခါရ၊ သုခုမရုပ်) တရား ၄မျိုး ဖြစ်သောကြောင့် ကျန်သော နိဗ္ဗာန်ကိုသာ ယေ ဓမ္မာ - အရကောက်ပါသည်။
************************************
ခင်ဦးတောရမူလပဋ္ဌာန်းဆရာတော်စီစဉ်ရေးသားသည့် ဓာတုကထာပါရဂူကျမ်းတွင်လာရှိသည့် စွဲပုံကိုပြပါမည်။
ယေစွဲရန်ဥပဒေသများ
ဓမ္မာယတနထိုက်သော သုခုမရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန်ဟု ဇယားပြအတိုင်း တရားငါးပါးကို မှတ်ထားပါ။
ဟောပုဒ်မှာ တရားတခုသာဖြစ်လျှင် ကျန်လေးပါးကို “ယေ” စွဲပါ။
ဟောပုဒ်မှာ နှစ်ခုဖြစ်လျှင် သုံးပါး၊ ဟောပုဒ်မှာ သုံးခုဖြစ်လျှင် နှစ်ပါး၊ ဟောပုဒ်မှာ လေးခုဖြစ်လျှင် တစ်ပါးကို စွဲရသဖြင့် ဤနယမှာ လွယ်ကူပါပေသည်။ စွဲပုံကိုပြဦးအံ့။
၁။ ဝေဒနာက္ခန္ဓာကို ဟောလျှင် ကြွင်းကျန်သော သုခမရုပ်၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန်ကို “ယေ” စွဲပါ။ ထိုအခါ ဝေဒနာက္ခန္ဓာက ဝေဒနာက္ခန္ဓာဖြစ်၍ ကြွင်းကျန်သော သုခုမရုပ် စသည်တို့တွင် နိဗ္ဗာန်ကို ခန္ဓာ အရေအတွက်မှ လွှတ်၍ သုခုမရုပ်က ရူပက္ခန္ဓာ၊ သညာက သညာက္ခန္ဓာ၊ သင်္ခါရက သင်္ခါရက္ခန္ဓာ ဖြစ်ကြ၍ ခန္ဓာအားဖြင့် အရ မတူကြပေ။ သို့သော်လည်း ဝေဒနာက္ခန္ဓာမှာလည်း ဓမ္မာယတန၊ ဓမ္မဓာတ်၊ ကြွင်း သုခုမရုပ်စသည်မှာလည်း ဓမ္မာယတန၊ ဓမ္မဓာတ်ဖြစ်၍ အာယတန၊ ဓာတ်အရချင်းကား တူကြပေသည်။
တေစွဲရန်
တေစွဲရာတွင် “ယေ” စွဲခဲ့သောတရားများကိုပင် “တေ” စွဲရန် “တေဓမ္မာ=ယေဓမ္မာ” ဟုဆိုထားသဖြင့် တေဓမ္မာ၊ ထိုသုခုမရုပ်၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန်တို့ကိုဟု အနက်ပေးရသည်။
သင်္ဂဟိတ
ထိုတေစွဲအပ်သောတရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်ဖွဲ့လျှင် နိဗ္ဗာန်မှာ ခန္ဓာဝိမုတ်ဖြစ်၍ ခန္ဓာမဖွဲ့ရကား “နိဗ္ဗာန်ကို ခန္ဓာဟူသော အရေအတွက်မှ ထား၍” ဟု ဆိုရပါမည်။
ထိုအခါ သုခုမရုပ်မှာ ရူပက္ခန္ဓာ၊ သညာမှာ သညာက္ခန္ဓာ၊ သင်္ခါရမှာ သင်္ခါရက္ခန္ဓာရ၍ ခန္ဓာအားဖြင့် သုံးပါးရ၏။ အာယတန ဓာတ်များမှာကား ဓမ္မာယတနတစိတ်ကို ဟောသောတရားဖြစ်၍ အမြဲကိန်းသေ ဓမ္မာယတန၊ ဓမ္မဓာတ်များသာ ဖြစ်ကြပေသည်။
၂။ ၃။ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာတို့ကို ဟောလျှင် ဝေဒနာက္ခန္ဓာသဘောအတိုင်း ဟောပုဒ်တရားကို ချန်၍ ကျန်သော လေးချက်ကို အသီးသီး “ယေ” စွဲရယုံသာထူးပါသည်။ (အဖြေတူတွင် ၄င်းတို့သည် ဝေဒနာက္ခန္ဓာ၌အတွင်း၀င်ကြ၏။)
၄။ နိရောဓသစ္စာကို ဟောလျှင် ကျန်လေးပါးကို “ယေ” စွဲပါ။ ဤနိရောဓသစ္စာမှာ ခန္ဓာဝိမုတ်ဖြစ်၍ အသင်္ဂဟိတ၌ “ခန္ဓာဟူသော ရေတွက်ခြင်းဖြင့် မရေတွက်အပ်ကုန်” ဟု သာမည ဆိုရသည်ဖြစ်၍ (×) အမှတ်ပြထားပါသည်။
၅။ ဣတ္ထိနြေ္ဒမှာ သုခုမရုပ်ဖြစ်၍ ကျန်လေးချက်ကို “ယေ” စွဲ၍ ရှေးနည်းအတိုင်းဆိုပါ။
၆။ ဇီဝိတတိနြေ္ဒမှာ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတဟုနှစ်မျိုးရှိရာတွင် ရုပ်ဇီဝိတမှာ သုခုမရုပ်တစ်စိတ်၊ နာမ်ဇီဝိတမှာ သင်္ခါရက္ခန္ဓာဖြစ်၍ တရားနှစ်မျိုးရ ရကား ကျန်သော တရားသုံးပါးကိုသာ “ယေ” စွဲရတော့မည်။ ထိုဇီဝိတနှစ်ပါးမှာ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဖြစ်၍ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာတို့ဖြင့် မရေတွက်အပ်ကုန်ဟုဆိုမှုသာထူးပါသည်။
၇။ စျာနင်ငါးပါးတွင် ဝေဒနာမှာ ဝေဒနာက္ခန္ဓာ၊ ကြွင်း စျာနင်လေးပါးမှာ သင်္ခါရက္ခန္ဓာဖြစ်၍ ရှေးနည်းတူ ကျန်သောတရား သုံးပါးကို “ယေ” စွဲပါ။
၈။ စေတသိက်တရားမှာ စေတသိက်ခန္ဓာသုံးပါးဖြစ်၍ ကျန်နေသော သုခုမရုပ်နှင့် နိဗ္ဗာန်ကိုသာ “ယေ” စွဲရတော့မည်။ မရေတွက်အပ်သော ခန္ဓာများမှာလည်း ဟောပုဒ်တရားအရ ခန္ဓာများသာ ဖြစ်ပေသည်။
၉။ စိတ္တသဟဘူတရားမှာ ဒုကမာတိကာကပြခဲ့သော စေတသိက် ၅၂ နှင့် ဝိညတ်ဒွေဖြစ်၍ ခန္ဓာဖွဲ့လျှင် ဝိညတ်ဒွေက ရူပက္ခန္ဓာ၊ စေတသိက် ၅၂ က စေတသိက် ခန္ဓာသုံးပါးဖြစ်၍ တရားလေးမျိုး ရပေသည်။
“ယေ” စွဲရန်အတွက် နိဗ္ဗာန်တရားတစ်ပါးသာကျန်တော့၍ ၄င်း နိဗ္ဗာန်ကိုပင် “ယေ” စွဲပါ။ (ဤသို့ဆိုလျှင် အသင်္ဂဟိတ၊ သင်္ဂဟိတ များမှာလည်း ထင်ရှားပေပြီ။)
ကျမ်းကိုး။ ။ ခင်ဦးတောရမူလပဋ္ဌာန်းဆရာတော်စီစဉ်ရေးသားသည့် ဓာတုကထာပါရဂူကျမ်း နှင့် UNIVERSITY OF ABHIDHAMMA တို့မှ ကောက်နှုတ်ဖော်ပြပါသည်။
၀ိပါက်ကဘာကြောင့် အာသေ၀နမတပ်သနည်း?
အာသေ၀နပစ္စည်းမှာ ဝိပါက်က ဘာကြောင့် အာသေ၀နမတပ်သလည်းဆိုတဲ့ မေးခွန်းလေးကို အကျဉ်း ရှင်းပေးချင်ပါတယ်။ အကျဉ်းနော် အပြည့်အစုံမဟုတ်သေးပါဘူး။ အဋ္ဌကထာဖွင့်ဆိုချက်က သိသင့်တဲ့ အချက်တစ်ချို့ကိုသာထုတ်နှုတ်ဖော်ပြပေးခြင်းဖြစ်ပါသည်။
အဋ္ဌကထာဖွင့်ဆိုချက်များ
အာသေ၀နပစ္စည်း ကျေးဇူးပြုပုံ
အဖန်တလဲလဲ မှီဝဲခြင်း၊ ထုံစေခြင်းသဘောဖြင့် ကျေးဇူးပြုတတ်သောတရား -
ရှေးရှေးသော ကျမ်းဂန်သင်ယူမှုသည် နောက်နောက်သော ကျမ်းဂန်သင်ယူမှုအား အထုံရစေ၍ အားကောင်းစေရန် ကျေးဇူးပြုသကဲ့သို့ မိမိ၏အခြားမဲ့၌ဖြစ်သော ဇောတို့အား မိမိနှင့်တူသည်၏အဖြစ်သို့ ရောက်စေခြင်း၊ ထုံစေခြင်း၊ အားကောင်းစေခြင်းဖြင့် ကျေးဇူးပြုသော ရှေးရှေးသော လောကီဇောတို့သည် အာသေ၀နပစ္စည်း မည်ပါသည်။
(က) ကုသိုလ်က မိမိကြောင့်ဖြစ်သောဝိပါက်ကို . . . ကုသိုလ်က ဝိပါက်ကို ဇာတ်မတူသည့်အတွက် အဖန်တလဲလဲ မှီဝဲထုံမှု၊ လေ့လာမှု အားရှိအောင် မိမိကုသိုလ်၏သဘောကို ယူစေမှုပြုခြင်းငှာ မစွမ်းနိုင်၊ လွန်စွာအားကြီးစေမှု မပြုနိုင်သည့်အတွက် အာသေ၀နပစ္စည်းဖြင့် ကျေးဇူးမပြုနိုင်ပါ။
(ခ) ကုသိုလ်က အခြားမဲ့ဖြစ်သောဝိပါက်ကို . . . ကုသိုလ်၏ အခြားမဲ့ဖြစ်သောဝိပါက်သည် ထိုရှေ့အခြားမဲ့ဖြစ်သော ကုသိုလ်နှင့် မစပ်။ ရှေးကံနှင့်သာစပ်၍ အဖန်ဖန်ထုံစေမှု မပြုနိုင်ပါ။ ထိုကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
(ဂ) ဝိပါက်က အခြားမဲ့ဖြစ်သောဝိပါက်ကို . . . ဝိပါက်က အခြားမဲ့ဖြစ်သော ဝိပါက်တို့သည် ရှေးကံ၏ အကျိုးပေးမျှသာဖြစ်၍ အားထုတ်မှုမရှိ။ ဒုဗ္ဗလ(အားနည်း)သာ ဖြစ်၏။ ကံအဟုန်ပစ်ချမှုသာဖြစ်၍ နောက်ဝိပါက်ကို ထုံစေမှု၊ အားကြီးစေမှု မပြုနိုင်ပါ။ ထို့ကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
ဘုံ၊ အာရုံပြားသော်လည်း ဇာတ်ခြားမှုမရှိပါက အာသေ၀နပစ္စည်း တပ်နိုင်ပါသည်။
• ကာမကုသိုလ်၊ ကြိယာက ဘုံမတူသော မဟဂ္ဂုတ်ကုသိုလ်၊ ကြိယာကို၊
• သင်္ခါရကိုအာရုံပြုသော အနုလုံကာမကုသိုလ်က နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘု၊ ဝေါဒန် ကာမကုသိုလ်ကို၊
• နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘု၊ ဝေါဒါန် ကာမကုသိုလ်က လောကုတ္တရာကုသိုလ်မဂ်ကို အာသေ၀နပစ္စည်း တပ်ပါသည်။
ပဥှာဝါရ၌ “အနုလောမံ ဂေါတြဘုဿ ၊ အနုလောမံ ဝေါဒါနဿ ၊ ဂေါတြဘုမဂ္ဂဿ အာသေ၀နပစ္စယေန ပစ္စယော” ဟု ဟောသောပါဠိတော်ကို ညွန်းပြပါသည်။
အာသေ၀နပစ္စည်းသည် ပစ္စယုပ္ပန်တရားတို့အား အဖန်တလဲလဲ မှီဝဲထုံမှုဖြင့် အားကြီခြင်းသို့ ရောက်စေသည့် သတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်ပါသည်။ ဝိပါက်တို့သည် ရှေးကံကြောင့် ဖြစ်လာရသဖြင့် ရှေးရှေးဝိပါက်က နောက်နောက်ဝိပါက်ကိ အားအစွမ်းထက်လာအောင် မှီဝဲထုံမှု မပြုနိုင်ပါ။
အနန္တရနှင့်အာသေ၀န အထူး
• အနန္တရသည် ပဋိသန္ဓေမှ စုတိအထိ ရှေ့စိတ်က နောက်စိတ်ကို ဇာတ်ချင်းမတူသော်လည်း ကျေးဇူးပြုပါတယ်။
• အာသေ၀နသည် အဖန်ဖန်တလဲလဲမှီဝဲထုံသည့်သဘောဖြစ်၍ ဇောအခိုက် ဇာတ်ချင်းတူမှသာ ကျေးဇူးပြုပါ သည်။
(က) ကုသိုလ်က ဝိပါက်ကို ဇာတ်မတူသည့်အတွက် အဖန်တလဲလဲမှီဝဲထုံမှု၊ လေ့လာမှု အားရှိအောင် မိမိကုသိုလ်၏ သဘောကို ယူစေမှုပြုခြင်းငှာ မစွမ်းနိုင်။ လွန်စွာအားကြီးစေမှု မပြုနိုင်သည့်အတွက် အာသေ၀နပစ္စည်းဖြင့် ကျေးဇူးမပြုနိုင်ပါ။ ကုသိုလ်၏ အခြားမဲ့ဖြစ်သော ဝိပါက်သည် ထိုရှေ့အခြားမဲ့ ဖြစ်သော ကုသိုလ်နှင့်မစပ်။ ရှေးကံနှင့်သာ စပ်၍ အဖန်ဖန်တလဲလဲထုံစေမှု မပြုနိုင်ပါ။ ထိုကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
(ခ) အခြားမဲ့ဖြစ်သော ဝိပါက်တို့သည် ရှေးကံ၏ အကျိုးပေးမျှသာဖြစ်၍ အားထုတ်မှု မရှိ။ ဒုဗ္ဗလ(အားနည်း) သာဖြစ်၏။ ထိုကံအဟုန်ပစ်ချမှုသာဖြစ်၍ နောက်ဝိပါက်ကို ထုံစေမှု၊ အားကြီးစေမှု မပြုနိုင်ပါ။ ထို့ကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
အဲတော့ ဝိပါက်က အာသေ၀နပစ္စည်းဘာကြောင့်မတပ်လည်းသိပြီဆိုတော့ ဝိပါက်နဲ့ပတ်သက်လို့ ကျနော်တို့ ကြားဖူးနေတဲ့စကားလေးတစ်လုံးရှိပါတယ်။ အဲဒါက “ဝိပါက် အမှန် ဇောအပြန်” တဲ့ ...
ဒါကကောဘာကိုဆိုလိုချင်တာလည်း?
၀ိပါက် အမှန်ဖြစ်ပုံ ဇော အပြန်
၀ိပါက်စိတ်တို့မည်သည် ကံကြောင့်ဖြစ်သော အကျိုးတရားမျိုးဖြစ်၍ ကြေးမုံပြင်မှန်အတွင်း၌ ထင်လာသော မျက်နှာရိပ်ကဲ့သို့ သက်သက်သော ကံ၏တန်ခိုးသတ္တိ အားလျော်စွာ ဖြစ်ရသောကြောင့် ကုသိုလ်, အကုသိုလ်ဇောများကဲ့သို့ ဣဋ္ဌကို အနိဋ္ဌဟုလည်းကောင်း အနိဋ္ဌကို ဣဋ္ဌဟုလည်းကောင်း၊ ဖောက်ပြန်ကာ ကြံဆ၍ မယူနိုင်။ ထင်လာသော အာရုံအတိုင်းသာ ဝေဒနာနှင့်ယှဉ်ကာ ဖြစ်ရပါသည်။
• အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာ၊
• ဣဋ္ဌမဇ္စျတ္တာရုံ၌ ကုသလဝိပါက် ဥပေက္ခာ၊
• ဣဋ္ဌာရုံ၌ ကုသလဝိပါက် သောမနဿ ဖြစ်ရလေ၏။
ဤသို့ ကံတရား၏ ပြုပြင်သည့်အားလျော်စွာ အာရုံအလိုက် အကျိုးဝိပါက် စိတ် ဝေဒနာတို့သည် အမှန်အတိုင်း ဖြစ်ကုန်သောကြောင့် ဝိပါက်အမှန် ဟု ဆိုရပါသည်။
ကုသိုလ်, အကုသိုလ်ဇောတို့သည် သညာဝိပ္ပလ္လာသစသော ဝိပ္ပလ္လာသ စသော (ထင်မှတ်မှုဖောက်ပြန်ခြင်း) မကင်းသော ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်သောကြောင့် အတိဣဋ္ဌာရုံကိုသော်လည်း ဣဋ္ဌမဇ္စျတ္တာရုံ အနိဋ္ဌာရုံအဖြစ်ဖြင့် ယူတတ် ထင်တတ်ကြ၏။ အနိဋ္ဌာရုံစင်စစ်ဖြစ်ပါလျက် ဣဋ္ဌာရုံ ဣဋ္ဌာမဇ္စျတ္တာရုံ အနေအားဖြင့် ယူတတ်ထင်တတ်ကုန်၏။
ဥပမာ - ရတနာသုံးပါးကို မကြည်ညိုကုန်သော တိတ္ထိစသောသူတို့အား ဘုရား အစရှိသော အတိဣဋ္ဌာရုံအစစ်ကို တွေ့မြင်ရပါသော်လည်း အနိဋ္ဌအဖြစ်ဖြင့် ဒေါသဇော စောကုန်၏။ သဒ္ဓါတရား ခေါင်းပါးသောသူတို့အား ဘုရားအစရှိသော အတိဣဋ္ဌာရုံကို ဖူးမြင်ရသော်လည်း လျစ်လျူရှုသော အားဖြင့် ဥပေက္ခာဇော စောကုန်၏။
နက်နဲသောဉာဏ်သဘောရှိသောသူတို့သည် စက်ဆုပ်အပ်သော မစင်၊ ခွေးသေကောင်ပုပ် စသော အနိဋ္ဌာရုံကို မြင်ရသော်လည်း လျစ်လျူရှုသောအားဖြင့် ဥပေက္ခာဇော စောကုန်၏။ ခွေး၊ ၀က်၊ ကြက်၊ ငှက် တို့သည် စက်ဆုပ်ဖွယ်ဖြစ်သော အနိဋ္ဌာရုံကို နှစ်သက်သောအားဖြင့် သောမနဿဇော စောကုန်၏။
ဤသို့လျှင် ဝိပ္ပလ္လာသ (ဖောက်ပြန်မှု) မပယ်ရသေးသော သူတို့အား ဝိပ္ပလ္လာသအဟုန်အစွမ်းအားဖြင့် ဖောက်ဖောက်ပြန်ပြန် ဖြစ်မှုကြောင့် အာရုံပင်မှန်သော်လည်း ကုသိုလ် အကုသိုလ်ဇောတို့သည် ဝေဒနာအမှန်နှင့် မယှဉ်နိုင်ဘဲ ဖောက်ပြန်ကုန်သောကြောင့် ဇောအပြန် ဟုခေါ်ပါသည်။
၀ိပါက်မှာမူကား ဆိုအပ်ပြီးသောအတိုင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားမျိုးဖြစ်၍ ထိုကံတရားအတိုင်း (ထိုကံတရား၏ ပြုပြင်သည်အားလျော်စွာ) မှန်ကြည့်သူကဲ့သို့ အကျိုးဝိပါက် စိတ် ဝေဒနာတို့သည်လည်း အမှန်အတိုင်း ဖြစ်ရကုန်သောကြောင့် ဝိပါက်အမှန်ဟု ခေါ်ရခြင်းဖြစ်ပါသည်။
ထို့အပြင် အာရုံမကောင်းသော်ငြားလည်း နှလုံးသွင်းမှု အကြောင်းကောင်းလျှင် ကုသိုလ်ဇော၊ အာရုံကောင်းနေသော်လည်း နှလုံးသွင်းမှု အကြောင်းမကောင်းလျှင် အကုသိုလ်ဇော စောနိုင်ပြန်လေ၏။ ဤသို့ ဇောအခိုက်၌ ဖောက်ပြန်၍ ဖြစ်တတ်သောသဘောကို “ဇောအပြန်” ဟု ဆိုအပ်ပါသည်။
ဇောစိတ်များမှာ နှလုံးသွင်းမှုပေါ်မူတည်၍ ဝေဒနာယှဉ်ပုံ မမှန်ကန်သောကြောင့် “ဇောအပြန်” ဟု ဆိုပါသည်။ ထိုစကားကိုရည်၍ “ဝိပါက်အမှန် ဇောအပြန်” ဟု မိန့်ဆိုကြခြင်းဖြစ်ပါသည်။
ကြိယာဇောများသည် ဝိပ္ပလ္လာသတရား လုံး၀ကင်းစင်ပြီးသော ဘုရား၊ ရဟန္တာ အရှင်မြတ်များ၏ သန္တာန်တော်၌သာ ဖြစ်သောကြောင့် ၄င်းအရိယာအရှင်တို့သည် အနိဋ္ဌာရုံကို တွေ့မြင်ပါက အနိဋ္ဌာရုံ ဟုသာ ထင်မြင်တော်မူကြကုန်၏။ ဖောက်ပြန်၍ ဣဋ္ဌာဟု မထင်ကြကုန်။
ဣဋ္ဌာရုံကိုတွေ့ရှိပါကလည်း ဣဋ္ဌာရုံဟုသာ မြင်ကြကုန်၏။ ဖောက်ပြန်သောအားဖြင့် အနိဋ္ဌာရုံဟု မမြင်ကြကုန်။ တပ်နှစ်သက်ခြင်း မရှိကြကုန်။ ဤသို့ အထင်အမြင် ဖောက်ပြန်သော (သညာဝိပ္ပလ္လာသမရှိသော) ကြောင့် ဝိပါက်လည်းအမှန်ဖြစ်ပြီး ဇောလည်းအမှန် ဖြစ်ရလေသည်။
အတိဣဋ္ဌာရုံဖြစ်အံ့ - ဟသိတုပ္ပါဒ် ၁ ပါး၊ မဟာကြိယာသောမနဿ ၄ ပါး အားဖြင့် သောမနဿ ကြိယာဇော ၅ ပါး စော၏။ ဣဋ္ဌမဇ္စျတ္တာရုံ အနိဋ္ဌာရုံဖြစ်အံ့ - မဟာကြိယာ ဥပေက္ခာဇော ၄ ပါး စော၏။
သို့ဖြစ်၍ ဘုရား၊ ရဟန္တာတို့၌ အာရုံအားလျော်စွာ ဝိပါက်စိတ်များသည် ဝေဒနာယှဉ်ပုံ မှန်ကန်သကဲ့သို့ ဇောစိတ်များသည်လည်း ဝေဒနာယှဉ်ပုံ မှန်ကန်ပါသဖြင့် “ဝိပါက်လည်း အမှန်၊ ဇောလည်း အမှန်” ဟု မိန့်ဆိုကြပါသည်။
အခုက ရှင်းယင်းနဲ့ဇောနောင်တဒါရုံထိရောက်လာပါပြီ။ ဒီပို့စ်မှာ ရှင်းပေးချင်တာက ဝိပါက်က ဘာကြောင့် အာသေ၀နပစ္စည်းမတပ်သလည်းဆိုတာကိုရှင်းပေးချင်တာဖြစ်တာမို့ ဒီမှာပဲနားပါဦးမယ်။
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ။
မေတ္တာဖြင့်
tno(6.9.2019)
Thein Naing Ohn
ကျမ်းကိုး
၁။ ဘဒ္ဒန္တဝါယာမသာရ (သင်တန်းမှူး) ဆရာတော်၊ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) ဥဘတောဝိဘင်္ဂဓရ စီစဉ်သည် အဘိဓမ္မာတ္ထဝိဘာဝိနီဋီကာ ခေါ် အဘိဓမ္မာအဖွင့် (အဘိဓမ္မာဂုဏ်ထူးဆောင်) ဋီကာကျော်ပို့ချစဉ်
၂။ ဆရာဦးတင်၀င်း(ဒိုက်ဦး-သုံးခွ)၏ ပဥှာဝါရ + ပစ္စယနိဒ္ဒေသ မှတ်စု
၀ိပါကပစ္စည်း၌ ပါရှိသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ရှင်းလင်းချက်
၀ိပါကပစ္စယ (ဝိပါကပစ္စည်း) မှာ အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည် လို့ပါတယ်။ ပြန်မှတ်မိအောင် ဝိပါကပစ္စည်းရဲ့ ပါဠိမြန်မာပြန်အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်လေး ပြန်ထည့်ပေးလိုက်ပါတယ်။
[ဝိပါက ပစ္စယောတိ - ဝိပါကပစ္စည်းဟူသည်ကား၊ အကျိုးတရားဖြစ်၍ ကျေးဇူးပြုတတ်သော သတ္တိတရား၊
၀ိပါကာ - အကျိုးဝိပါက်မည်ကုန်သော ၊ စတ္တာရော - လေးပါးကုန်သော၊ အရူပိနော - နာမ်ဖြစ်ကုန်သော၊ ခန္ဓာ - အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည်၊ အညမညံ - အညမညဿ - အချင်းချင်းအားလည်းကောင်း ၊ (တနည်း) အညောအညဿ - တစ်ပါးသည် တစ်ပါးအားလည်းကောင်း၊ (အချင်းချင်း နာမက္ခန္ဓာပစ္စယုပ္ပန်တရားတို့အား)၊ ဝိပါက ပစ္စယေန - အကျိုးဝိပါကပစ္စယသတ္တိဖြင့် ၊ ပစ္စယော - ဥပကာရကော - ကျေးဇူးပြုသည် ၊ ဟောတိ - ဖြစ်၏ ။]
{များသောအားဖြင့်တော့ ပစ္စယနိဒ္ဒေသပဋ္ဌာန်းတရားစာအုပ်တွေမှာ အဘိဓမ္မာ term တွေမပါပဲ .. အနက်ပေးထားတဲ့စာအုပ်တွေကတော့ အတော်များများတွေ့ရပါတယ်။ ဥပမာ -
“ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော”။
၀ိပါကာ - ဝိပါကလို့ဆိုတဲ့၊ စတ္တာရော ခန္ဓာ အရူပိနော - နာမ်ခန္ဓာလေးပါးတို့ဟာ၊ အညမညံ - အပြန်အလှန်၊
၀ိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။… စသည် သာမာန်အားဖြင့်ပဲအနက်ပေးလေ့ရှိကြပါတယ်။}
ဒီမှာတော့ ဆရာတော် ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ ပဋ္ဌာန်းတရားတော် စာအုပ်မှာတော့ အဘိဓမ္မာ term တွေပါထည့်ပြန်ပေးထားတာတွေ့ရပါတယ်။ အဲလို ထည့်ပေးထားတော့ ပဋ္ဌာန်းတရားတော်လေ့လာသူများအတွက် အတော်ပဲအကျိုးများလှပါတယ်။ ဒါပေမယ့် အဘိဓမ္မာ မသင်ဖူးသေး သူတွေကြတော့ နည်းနည်းအခက်တွေ့နိုင်မယ်ထင်ပါတယ်။ အဲဒါကြောင့် မနေ့က တင်လိုက်တဲ့ ဝိပါကပစ္စည်းမှာ ပါသွားတဲ့ .. (အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေ နာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည်) ဆိုတဲ့ စာပုဒ်မှာ နာမက္ခန္ဓာ(၄)ပါးကိုတော့ မနေ့ကပို့စ်မှာ ထည့်ရှင်းထားတာ တွေ့ရပါတယ်။
ဝိပါက်(၃၆)ပါး နဲ့ စေတသိက်(၃၈)ပါး ဆိုတာတော့ ဘာတွေလည်းဆိုတာ ထပ်ရှင်းပေးပါမယ်။ ကျနော်တို့ အဘိဓမ္မာအခြေခံအဆင့်ကိုပြန်လေ့လာကြတာပေါ့ ..
အမှန်ကတော့ အဘိဓမ္မာအခြေခံရှိသူများအနေနဲ့တော့ စိတ် ၈၉ ပါးကို ဇာတိဘေဒအားဖြင့်ခွဲမယ်ဆိုယင် .. အကု ၁၂ ၊ ကုသိုလ် ၂၁၊ ဝိပါက် ၃၆၊ ကြိယာ ၂၀ ။
စိတ် ၈၁ ပါးမှာဆိုယင် အကု ၁၂ ၊ ကုသိုလ် ၁၇ ၊ ဝိပါက် ၃၂ ၊ ကြိယာ ၂၀ ဆိုတာ သိကြပါတယ်။
ပထမဆုံး အခုဒီမှာတော့ ပဋ္ဌာန်းဝိပါကပစ္စည်းတရားမှာပါတဲ့ ဝိပါက်(၃၆)ပါး ရပုံလေးပေါ့။ အဲဒါလေး အယင်တွက်ပြပါမယ်။
ပထမဆုံးတော့ အခြေခံဖြစ်တဲ့ လောကီစိတ် ၈၁ပါး နဲ့ ၈၉ပါး ကွာခြားပုံလေးအယင်ပြောရမယ်ထင်တယ်။
လောကီစိတ် ၈၁ ပါးဆိုတာ ..
လောကီစိတ် ၈၁ ပါးကို ဇာတိဘေဒနည်းအားဖြင့် --
၁။ အကုသိုလ်စိတ်= ၁၂ ပါး (လောဘမူစိတ် ၈ ပါး၊ ဒေါသမူစိတ် ၂ ပါး၊ မောဟမူစိတ် ၂ ပါး ပေါင်း = ၁၂ ပါး)
၂။ ကုသိုလ်စိတ် = ၁၇ ပါး (ကာမသောဘနစိတ် ၂၄ မှ မဟာကု ၈ ၊ ရူပါ၀စရ ၁၅ မှ ရူကု ၅ ၊ အရူပါ၀စရ ၁၂ မှ
အရူကု ၄ ပေါင်း = ၁၇ ပါး)
၃။ ဝိပါက်စိတ် = ၃၂ ပါး (အဟိတ်စိတ် ၁၈ပါးမှ အကုဝိ ၇ ၊ ကုဝိ ၈ ၊ ကာမသောဘနစိတ် ၂၄ မှ မဟာဝိ ၈ ၊
ရူပါ၀စရ ၁၅ မှ ရူဝိ ၅ ၊ အရူပါ၀စရ ၁၂ မှ အရူဝိ ၄ ပေါင်း = ၃၂ ပါး)
၄။ ကြိယာစိတ် = ၂၀ ပါး (အဟိတ်စိတ် ၁၈ ပါးမှ ကြိယာ ၃ ၊ ကာမသောဘနစိတ် ၂၄ မှ မဟာကြိ ၈ ၊
ရူပါ၀စရ ၁၅ မှ ရူကြိ ၅ ၊ အရူပါ၀စရ ၁၂ မှ အရူကြိ ၄ ပေါင်း = ၂၀ ပါး)
ပေါင်း = ၈၁ ပါး ဖြစ်ပါတယ်။
ဒီအပေါ်မူတည်ပြီးတော့ အကုသိုလ်စိတ်ဆိုတာ ဘာတွေလည်း ၊ ကုသိုလ်စိတ်ဆိုတာ ဘာတွေလည်း ၊ ဝိပါက်ဆိုတာ ဘာတွေလည်း ရှင်းပေးဖို့လိုမယ်ပေါ့။ အဲတော့ အထက်မှာတော့ အတိုကောက် အနည်းငယ် ဖော်ပြပေးခဲ့ပြီးပြီ ဒီပို့စ်တစ်ခုထဲမှာ အကုန်လုံးတော့ ရှင်းပေးဖို့မလွယ်ဘူး။ ဒါကြောင့် စိတ်ပိုင်းမှာ ဝိပါက်စိတ် ၃၂ ပါးဆိုတာ ဘာတွေလည်း ဆိုတာ တစ်ခုပဲရှင်းပြပါမယ်။
၀ိပါက်စိတ် ၃၂ ပါးဆိုတာ ...
လောကီစိတ် ၈၁ ပါး၌ ဝိပါက်စိတ် ၃၂ ပါး ရှိပါတယ်။ အဲဒီ ၃၂ ပါး ဆိုတာ --
၁။ အဟိတ်စိတ် ၁၈ ပါး၌ အကုသလဝိပါက်စိတ် = ၇ ပါး
၂။ အဟိတ်စိတ် ၁၈ ပါး၌ အဟိတ်ကုသလဝိပါက်စိတ် = ၈ ပါး
၃။ ကာမသောဘနစိတ် ၂၄ ပါး၌ မဟာဝိပါက်စိတ် = ၈ ပါး
၄။ ရူပါ၀စရစိတ် ၁၅ ပါး၌ ရူပါ၀စရဝိပါက်စိတ် = ၅ ပါး
၅။ အရူပါ၀စရစိတ် ၁၂ ပါး၌ အရူပါ၀စရဝိပါက်စိတ် = ၄ ပါး ------ ဟူ၍ ပေါင်း = ၃၂ ပါး ရှိပါမယ်။
အဲဒီမှာ လောကုတ္တရာဝိပါက်စိတ် ၄ပါးထည့်ပေါင်း ပေးလိုက်ယင် ပဋ္ဌာန်းတရားတော် ဝိပါကပစ္စည်းမှာပါတဲ့ ဝိပါက် ၃၆ ပါးရပါပြီ။ (လောကုတ္တရာဝိပါက်စိတ်ဆိုတာ ဖိုလ်စိတ် ၄ ပါးကို ပြောတာဖြစ်တယ်ဆိုတာလေးလည်း ထည့်မှတ်ထားပေးပါ။) တကယ်တော့ လောကုတ္တရာစိတ် ၈ ပါးရှိတာပေါ့နော်။ လောကုတ္တရာကုသိုလ်စိတ်တွေ ဖြစ်တဲ့ မဂ်စိတ် ၄ ပါးရယ်၊ လောကုတ္တရာဝိပါက်စိတ်လို့ခေါ်တဲ့ ဖိုလ်စိတ် ၄ ပါးရယ်ပေါ့။ ဖိုလ်စိတ်သည် လောကုတ္တရာကုသိုလ်မဂ်၏ အကျိုးဖြစ်သောကြောင့် အကြောင်းတရား မဂ်ကုသိုလ်အားလျော်စွာ ၄ပါးပင် ပြားရပါတယ်တဲ့။
အမှန်က အတိုချုံးပြောမယ်ဆိုယင် ဝိပါက်စိတ် ၃၆ ပါးရှိမယ်။ ၃၆ ပါးဆိုတာ ..
အကုသလဝိပါက် = ၇ပါး
အဟိတ်ကုသလဝိပါက် = ၈ပါး
ကာမာ၀စရဝိပါက် = ၈ပါး
ရူပါ၀စရဝိပါက် = ၅ပါး
အရူပါ၀စရဝိပါက် = ၄ပါး
လောကုတ္တရာဝိပါက် = ၄ပါး အားဖြင့် ပေါင်း ဝိပါက်စိတ် ၃၆ပါး ဖြစ်တယ်လို့ ဒီလိုပဲ အတိုချုံးပြောလိုက်ယင် ရပါတယ်။
ဒါပေမယ့် အဲဒီစိတ်တွေ ဘယ်ကလာတယ်ဆိုတာ သိရအောင် .. အဟိတ်စိတ် ၁၈ပါး၌ .. ကာမသောဘနစိတ် ၂၄ ပါး၌ … လို့ စသည်ဖြင့် ရှေ့ကနေဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒါက လုံး၀ အဘိဓမ္မာနဲ့စိမ်းနေသူတွေ အတွက်ရည်ရွယ်ပြီးတော့ ရှင်းပေးတာမို့ သိပြီးသားသူတွေအနေနဲ့နည်းနည်းသည်းခံဖတ်ပေးစေလိုပါတယ်။
အဟိတ်စိတ် ၁၈ပါးဆိုတာ ဘာတွေလည်း .. ကာမသောဘနစိတ် ၂၄ပါး ဆိုတာ ဘာတွေလည်းဆိုတာတော့ self-study လုပ်ရပါမယ်။ ကျနော်ထည့်မရေးတော့ပါဘူး။ လောလောဆယ် ကျနော်ရှင်းနေတာက ပဋ္ဌာန်းတရားတော် ဝိပါကပစ္စည်းမှာပါနေတဲ့ ဝိပါက်စိတ် ၃၆ ပါး၊ စေတသိက် ၃၈ ပါးဆိုတာလေးနဲ့ အဲဒီစိတ်တွေနဲ့ ဆက်စပ်နေတဲ့ သိသင့်တဲ့တရားအချို့ကိုပဲ သဘောပါရုံလေး ရှင်းပြပေးနေတာဖြစ်ပါတယ်။
နောက်မှတ်သားစရာတစ်ခုက .. လောကုတ္တရာစိတ်မှာ ကြိယာစိတ်မရှိပါဘူး။ မဂ်စိတ်သည် စိတ္တက္ခဏ တစ်ချက်မျှသာရှိသောကြောင့် (မဂ်စိတ် တစ်ကြိမ်သာ ဖြစ်ရိုးထုံးစံရှိသဖြင့်) လောကုတ္တရာစိတ်၌ ကြိယာစိတ် မဖြစ်သင့်ခြင်း ဖြစ်တယ်လို့ ရှင်းထားပါတယ်။
မဂ်နဲ့ဖိုလ် အခြားမရှိကြောင်း မှတ်သားစရာဆောင်ပုဒ်လေးရှိပါတယ်။ အဲဒါက “မဂ်ဆိုဖိုလ် ဗျက်ဆိုငို” တဲ့။ “ဗျက်ဆိုငို” ဆိုတာ မွေးကင်းစ ကလေးငယ်လေး တင်ပါးကို ဗျက်ကနဲဆိုရိုက်လိုက်ယင် ရိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ကလေးကငိုသကဲ့သို့ပင် မဂ်စိတ်ကျပြီးတာနဲ့အခြားမရှိ ဖိုလ်စိတ်တန်းဖြစ်ခြင်းကြောင့် “မဂ်ဆိုဖိုလ် ဗျက်ဆိုငို” ဆိုတဲ့ ဆောင်ပုဒ်လေးထွက်ပေါ်လာရခြင်းဖြစ်ပါတယ်တဲ့။
ဖိုလ်စိတ် ၄ မျိုးဆိုတာ ဘာတွေလည်းဆိုတာလည်း ကျနော်မရှင်းတော့ပါဘူး။ သိမယ်ထင်ပါတယ်။ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်။ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်။ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုပြီး ၄ မဂ်၊ ၄ ဖိုလ် ရှိတာ အားလုံးသိပြီးဖြစ်ပါတယ်။
မဂ်စိတ်သည် ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို အာရုံပြုသောအားဖြင့် ရောက်တတ်သောကြောင့် မဂ်စိတ် မည်ပါတယ်။ ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့ သွားတတ်သော သမ္မာမဂ္ဂင် ၈ပါးနှင့်ယှဉ်သော လောကုတ္တရာစိတ်သည် မဂ်စိတ် ဖြစ်ပါတယ်။
ဖိုလ်စိတ် ဆိုတာကတော့ မဂ်(လောကုတ္တရာကုသိုလ်စိတ်)၏ အကျိုးဖြစ်သော ဝိပါက်စိတ်သည် ဖိုလ်စိတ် မည်ပါတယ်။ (တစ်နည်း) မဂ်ဖြင့်ပယ်သတ်ပြီးသော ကိလေသာတို့ကို တစ်ဖန်ငြိမ်းအေးစေသော သဘောသည် ဖိုလ်(ဖလ)စိတ် မည်ပါတယ်။ မဂ်စိတ်နှင့်လျှော်ညီစွာ ဖိုလ်စိတ်သည်လည်း ၄ မျိုးပြားရပါတယ်။
မဂ်စိတ်၊ ဖိုလ်စိတ်ကို မရှင်းတော့ဘူးဆိုပေမယ့် ထပ်ရှင်းလိုက်ပါဦးမယ်။ သိသလိုလိုနဲ့မသိတဲ့အပိုင်းလေးတွေ လည်းပါနိုင်သလို .. ဒီမဂ်စိတ် ၄ ပါး၊ ဖိုလ်စိတ် ၄ ပါးဆိုတာကိုလည်း သေချာထပ်မံပူဇော်ပေးချင်လို့ပါ။
သောတာပတ္တိမဂ်စိတ်ဆိုတာ အမြင်မှားမှု ဒိဋ္ဌိ နှင့် ယုံမှားမှု ဝိစိကိစ္ဆာကို အကြွင်းမဲ့ပယ်ပြီး၊ ကြွင်းကိလေသာတို့၏ အပါယ်လားကြောင်းသတ္တိကို ပယ်သတ်သည့် သောတာပတ္တိမဂ် လောကုတ္တရာ ကုသိုလ်စိတ် သည် သောတာပတ္တိမဂ်စိတ်မည်ပါတယ်တဲ့။ (အရိယာနယ်သို့ရှေးဦးစွာရောက်သူ) (ရှေးဦးစွာ ကိလေသာကို ပယ်သတ်သောမဂ်) ဖြစ်ပါတယ်။
သကဒါဂါမိမဂ်စိတ်ကတော့ အကြမ်းစား လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာတို့ကို ခေါင်းပါးအောင်ပြုသည့် သကဒါဂါမိမဂ် လောကုတ္တရာ ကုသိုလ်စိတ် ဖြစ်ပါတယ်။ (ကာမဘုံသို့ တစ်ကြိမ်သာ ပြန်လာသူ) သကဒါဂါမ်ပုဂ္ဂိုလ်ခေါ်တယ်ပေါ့။
အနာဂါမိမဂ်စိတ်ကတော့ ကာမရာဂနှင့် ဗျာပါဒ(ဒေါသ)ကို အကြွင်းမဲ့ပယ်ပြီး၊ ကြွင်းကိလေသာတို့ကို ခေါင်းပါးအောင်ပြုသည့် အနာဂါမိမဂ် လောကုတ္တရာ ကုသိုလ်စိတ် ဖြစ်ပြီး။ (ကာမဘုံသို့ ပြန်မလာသောသူ) ဖြစ်ပါတယ်တဲ့။
အရဟတ္တမဂ်စိတ် ဆိုတာကတော့ ကြွင်းကိလေသာအားလုံးကို အကြွင်းမဲ့ပယ်သတ်သည့် အရဟတ္တမဂ် လောကုတ္တရာ ကုသိုလ်စိတ် ဖြစ်ပါတယ်။ (ကိလေသာအားလုံးပယ်သတ်၍ ဘဝြငိမ်းသူ) ပါပဲ။
အဲလို လောကုတ္တရာမဂ်စိတ် ၄ ပါးနည်းတူ လောကုတ္တရာဝိပါက်စိတ် ဖိုလ်စိတ် ၄ ပါး တွေကတော့ ..
သောတာပတ္တိဖိုလ်စိတ်ဆိုတာကတော့ - သောတာပတ္တိမဂ်စိတ်၏ အကျိုးဖြစ်သောစိတ်သည် သောတာပတ္တိဖိုလ် လောကုတ္တရာ ဝိပါက်စိတ် ဖြစ်ပါတယ်။
သကဒါဂါမိဖိုလ်စိတ်ဆိုတာသည် - သကဒါဂါမိစိတ်၏ အကျိုးဖြစ်သောစိတ်သည် သကဒါဂါမိဖိုလ် လောကုတ္တရာ ဝိပါက်စိတ်ဖြစ်ပါတယ်။
အနာဂါမိဖိုလ်စိတ်ဆိုတာသည် - အနာဂါမိမဂ်စိတ်၏ အကျိုးဖြစ်သော စိတ်သည် အနာဂါမိဖိုလ် လောကုတ္တရာ ဝိပါက်စိတ် ဖြစ်ပါတယ်။
အရဟတ္တဖိုလ်စိတ်ဆိုတာသည် - အရဟတ္တမဂ်စိတ်၏ အကျိုးဖြစ်သောစိတ်သည် အရဟတ္တဖိုလ် လောကုတ္တရာ ဝိပါက်စိတ် ဖြစ်ပါတယ်။
ဒီလောက်ဆိုယင် ဝိပါက်စိတ် ၃၆ ပါးနဲ့ဝိပါက်စိတ်ထဲမှာပါတဲ့ လောကုတ္တရာဝိပါက်စိတ် ၄ ပါးဆိုတာကို ရှင်းတာ လုံလောက်ပါပြီ။ စေတသိက် ၃၈ ပါးဆိုတာကို ဆက်သွားကြပါမယ်။
စေတသိက်က ၅၂ ပါး ရှိတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီ ၅၂ ပါးက ဘာတွေလည်းဆိုတော့ ..
(၁) အညသမာန်စေတသိက် = ၁၃ ပါး
(၂) အကုသိုလ်စေတသိက် = ၁၄ ပါး
(၃) သောဘနစေတသိက် = ၂၅ ပါး ဆိုပြီး စေတသိက် ၅၂ ပါး ရှိပါတယ်။
အညသမာန်စေတသိက်တွေက (ကုသိုလ်စိတ်၊ အကုသိုလ်နှစ်မျိုးလုံးနဲ့ယှဉ်ပါတယ်)။ အကုသိုလ်စေတသိက် ၁၄ ပါးကတော့ (အကုသိုလ်စိတ်များနဲ့သာယှဉ်ပါတယ်။ သောဘနစေတသိက် ၂၅ ပါးကတော့ (သောဘနစိတ်များနဲ့သာယှဉ်ပါတယ်) သောဘနစိတ်ဆိုတာကတော့ ကောင်းသောစိတ်တွေကိုခေါ်တယ်ပေါ့။
စေတသိက်ပိုင်းကတော့ သိပ်အများကြီးရှင်းစရာမလိုတဲ့အတွက် နည်းနည်းအသေးစိတ်ပြီး ရှင်းပေးပါမယ်။
ပထမဆုံး အညသမာန်စေတသိက် ၁၃ ပါးဆိုတာ (သဗ္ဗစိတ္တသာဓာရဏ ၇ပါး + ပကိဏ် ၆ ပါး) ပေါင်းထားတာ ဖြစ်ပါတယ်။
သဗ္ဗစိတ္တသာဓာရဏစေတသိက်တွေကတော့ (ဖဿ ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ) တို့ဖြစ်ပါတယ်။
ပကိဏ်း စေတသိက် ၆ ပါးဆိုတာကတော့ (ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ) တို့ဖြစ်ပါတယ်။
အကုသိုလ်စေတသိက် ၁၄ ပါးဆိုတာကတော့ မောစတုက် ၄ ပါး ဖြစ်တဲ့ (မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ)၊ လောတြိ ၃ ပါး ဖြစ်တဲ့ (လောဘ၊ ဒိဋ္ဌိ၊ မာန)၊ ဒေါစတုက် ၄ ပါး ဖြစ်တဲ့ (ဒေါသ၊ ဣဿာ ၊ မစ္ဆရိယ၊ ကုက္ကစ္စ)၊ အဆုံးတြိ ၃ ပါး ဖြစ်တဲ့ (ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ) တို့ဖြစ်ပါတယ်။
သောဘဏစေတသိက် ၂၅ ပါး ကိုတော့ တစ်ခုစီမရှင်းတော့ပဲ နည်းနည်းအတိုချုံးပြီးတော့ပြောပါမယ်။
(က) သောဘနသာဓာရဏစေတသိက် = ၁၉ ပါး (သောဘဏစိတ်တို့နှင့် ဆက်ဆံသောစေတသိက်)
(ခ) ဝိရတီစေတသိက် = ၃ ပါး ( ဒုစရိုက်၊ ဒုရာဇီ၀တို့ကို မပြုဘဲ ရှောင်ခြင်း)
(ဂ) အပ္ပမညာစေတသိက် = ၂ ပါး (အနန္တသတ္တဝါပညတ်ကို အာရုံပြုခြင်း)
(ဃ) ပညာစေတသိက် = ၁ပါး (အမောဟ၊ ဝီမံသ၊ ဉာဏ်၊ ဝိဇ္ဇာ၊ သမ္မာဒိဋ္ဌိ) ပေါင်း
သောဘဏစေတသိက် ၂၅ ပါးလို့ ခေါ်ပါတယ်။ သောဘနသာဓာရဏ စေတသိက်တွေဆိုတာ (သောဘဏစိတ်တို့နှင့် ဆက်ဆံသောစေတသိက်)တဲ့ သောဘနစိတ်ဆိုတာ ကောင်းမြတ်တင့်တယ်သော စိတ် ကိုခေါ်ပါတယ်။
စေတသိက် ၃၈ ပါးဆိုတာ .. အဲဒီ စေတသိက် ၅၂ ပါးထဲက .. အကုသိုလ်စေတသိက်တွေမထည့်တော့ဘူး။ အညသမာန်စေတသိက် ၁၃ ပါး နဲ့ ကောင်းမြတ်တင့်တယ်တဲ့ သောဘနစေတသိက် ၂၅ ပါး ပေါင်း စေတသိက် ၃၈ ပါးလို့ ဒီလိုပြောလိုက်တာဖြစ်ပါတယ်။
အဲဒီမှာ ဝိရတီ၊ အပ္ပမညာတို့ ပါ/မပါကြည့်ပြီး ကြဉ်ရတဲ့အခါ စေတသိက် ၃၆ ပါး ပါတဲ့အခါရှိမယ်။ စေတသိက် ၃၅ ပါးဖြစ်တဲ့အခါဖြစ်မယ်ပေါ့။ အဲတော့ .. ဒီ သောဘဏစိတ်တစ်ခုယုတ် ၆၀ (သို့မဟုတ်) သောဘဏ ၅၉ ဆိုင်ရာ၌ သောဘနစေတသိက် ၂၅ + အညသမာန်း ၁၃ = စေ ၃၈ သည် အများဆုံးယှဉ်နိုင်မယ်။ ဝိရတီ၊ အပ္ပမညာတို့ ယှဉ်ရာစိတ်၌ ပါ/မပါ သတိပြု၍ ၃၈ မှ နှုတ်ယူရပါမယ်။
အခု ဝိပါကပစ္စည်းမှာတော့ ဆရာတော်က ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈ လို့ကောက်ပြထားတဲ့အတွက် စေတသိက် ၃၈ နဲ့ယှဉ်တယ်ပေါ့။
ဒါဆိုယင်တော့ .. [ဝိပါကပစ္စယ (ဝိပါကပစ္စည်း) မှာ အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည်] ဆိုတာလေး ရှင်းသွားလောက်ပါပြီ။
ရှင်းသွားပြီဆိုပေမယ့် ဒီနေ့ ထည့်မရှင်းတဲ့ [ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး] ဆိုတာလေး ပြန်မှတ်မိသွားအောင် မနေ့ကပို့စ်ကနေ ပြန်ကူးထည့်ပေးပါမယ်။
{ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး၊ ဝိပါကဆိုတာ နာမ်နဲ့ပဲ သက်ဆိုင်တယ်၊ ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး ဝိညာဏက္ခန္ဓာဆိုတာ ဝိပါက်စိတ် ၃၆ ခုကို ပြောတာ၊ ဝေဒနာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာ၊ သညာက္ခန္ဓာက ပိပါက်စိတ်မှာယှဉ်တဲ့ သညာ၊ ကျန်တဲ့ သင်္ခါရက္ခန္ဓာလို့ဆိုတဲ့ ဝိပါက်စိတ်မှာယှဉ်နိုင်တဲ့ စေတသိက်တွေ၊ ပေါင်းလိုက်တဲ့အခါ နာမ်ခန္ဓာလေးပါး။
ဆိုပါစို့ - မိမိတို့သန္တာန်မှာ စက္ခုဝိညာဏ်ဆိုတဲ့ ဝိပါက်စိတ် ဖြစ်လာတယ်၊ အဲဒီစက္ခုဝိညာဏ်စိတ်နဲ့ယှဉ်တွဲပြီး ဖြစ်လာတဲ့စေတသိက်မှာ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က သညာက္ခန္ဓာ၊ ပေါင်းလိုက်ရင် နာမ်ခန္ဓာလေးပါးပဲ၊ အဲဒီဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးသည်၊ အညမညံ - အပြန်အလှန်၊ ဝိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေ၏။ တဲ့ ဒါကို ပြောတာဖြစ်ပါတယ်။}
နောက်တစ်ခါ .. အပြန်အလှန် .. တဲ့။ အဲဒါက ဘာကိုပြောတာလည်းဆိုယင် ..
[အပြန်အလှန်ဆိုတဲ့စကားက ဘာပြောတာတုန်း၊ စက္ခုဝိညာဏ်စိတ်တစ်ခုကို နားလည်ရင် ကျန်တာတွေ အကုန်နားလည်မယ်၊ စက္ခုဝိညာဏ်စိတ်က ဝိပါကပစ္စယဆိုလို့ရှိရင် ဖဿ၊ ဝေဒနာ၊ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိနြေ္ဒ မနသိကာရလို့ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ခု၊ တစ်နည်းအားဖြင့် စေတသိက်နာမ်ခန္ဓာ ၃ပါး၊ ဝိပါက်စိတ်က ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာကိုပစ္စည်းယူရင် ကျန်တဲ့ နာမ်ခန္ဓာ ၃ပါးက ပစ္စယုပ္ပန်၊ ငြိမ်သက်အောင်လုပ်တာ၊ ကျန်တဲ့နာမ်ခန္ဓာ ၃ပါးကို ပစ္စည်းယူရင် ဝိပါကစိတ် စက္ခုဝိညာဏ် စိတ်က အကျိုးတရားဖြစ်တယ်၊ ဒါကို .. အပြန်အလှန်။] ဒါကိုပြောတာဖြစ်ပါတယ်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
tno(10.9.2019)
Thein Naing Ohn
ကမ္မဋ္ဌာန်း နှင့် စျာန် တွဲစပ်ပုံ သိသင့်သမျှ ..
မနေ့က စျာနပစ္စယောနဲ့ပတ်သက်လို့ ...
မှတ်ရမှာကတော့ စျာနပစ္စယောဆိုတာ သမထကျင့်စဉ်ဖြင့်ရလာတဲ့ စျာန်တရားကိုသာ ဟောတာ မဟုတ်ဘူး၊ စျာနပစ္စယောဆိုတာ အကုသိုလ် စိတ်နဲ့ယှဉ်တဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တို့ကိုပါ စျာနပစ္စယောလို့ ဟောလိုပါတယ်တဲ့၊ ခုနက ပြောတာတွေက သမထကျင့်စဉ်တစ်ခုကနေ ရလာတဲ့ စျာန်ကို ပြောပြတာ၊ သာမန်ကျတော့ ကျင့်စရာမလိုဘဲနဲ့ အာရုံတစ်ခုပေါ်မှာ စူးစိုက်ပြီးတော့ ကြံတွေးနေတာတွေ စိတ်ကူးနေတာတွေ နှစ်ခြိုက်နေတာတွေ သဘောကျနေတာတွေ တည်ငြိမ်နေတာတွေ၊ ဒါတွေလည်း ဖြစ်တာပဲ၊ အဲဒါတွေဟာလည်း အာရုံကိုရှုနေတာ ဖြစ်သောကြောင့် သူတို့ကိုလည်း စျာနလို့ ခေါ်တယ်တဲ့။
အဲဒီတော့ စျာနပစ္စယောဆိုတာ ဒီသဘာ၀တရား ၅ ခုသည် ပေါင်းမိသွားလို့ရှိရင် သူတို့နဲ့ ယှဉ်ဖော်ယှဉ်ဖက် တွေကို အာရုံကို စူးစိုက်စေတတ်တဲ့ စျာနဆိုတဲ့ သတ္တိကို ပေးနိုင်တယ်ဆိုတာကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက စျာနပစ္စယောလို့ ဟောတာပါ၊ အာရုံကို စူးစိုက်ပြီး ရှုစေပြီးတော့ ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိဖြစ်လို့ စျာနပစ္စည်းရဲ့သတ္တိထူးအဖြစ် မြတ်စွာဘုရားက ဟောလိုရင်း ဖြစ်ပါတယ် .. ဆိုပြီး အဆုံးသတ်ပေးခဲ့ပါတယ်။
ဒီနေ့တော့ စျာန်နဲ့ပတ်သက်လို့ သမထဘာ၀နာကျင့်စဉ်က စျာန်အကြောင်းကို နည်းနည်း ပြောကြရအောင် ..
စျာနပစ္စယောမှာ .. စျာနပစ္စယောဆိုတာ ..
စျာနပစ္စယောတိ - စျာနပစ္စည်းဟူသည်ကား၊ စိုက်စိုက်စူးစူး အထူးရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော
သတ္တိတရား၊
စျာနင်္ဂါနိ - စျာန်အင်္ဂါ(ငါးပါး) (ဝါ) စျာနင်တရားကိုယ်(၅)ပါး (ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ) ပစ္စည်းတရားတို့သည် ၊ စျာန သမ္ပယုတ္တကာနံ - စျာန်နှင့်ယှဉ်ကုန်သော၊ ဓမ္မာနံ - {ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်} စိတ်(၇၉)ပါး စေတသိက်(၅၂)ပါး နာမက္ခန္ဓာတို့အားလည်းကောင်း ၊ တံသမုဋ္ဌာနာနံ - ထိုစျာနင်၊ စျာနင်နှင့်ယှဉ်ကုန်သော စိတ်၊ စေတသိက်လျှင် ဖြစ်ကြောင်း ရှိကုန်သော ၊ ရူပါနဉ္စ - စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရား (ထိုစျာန်ကြောင့် ဖြစ်ကုန်သော ရုပ်) တို့အားလည်းကောင်း ၊ စျာန ပစ္စယေန - အာရုံကိုကပ်၍ရှုတတ်မှု စျာနပစ္စယသတ္တိဖြင့် ၊ ပစ္စယော - ဥပကာရကော - ကျေးဇူးပြုသည် ၊ ဟောတိ - ဖြစ်၏ .. တဲ့။
(ပဋ္ဌာန်းတရားပါဠိတော်နှင့်အနက်မြန်မာပြန်ကို ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ ပဋ္ဌာန်းတရားတော်မှ ထုတ်နှုတ်ဖော်ပြပါသည်။)
ဒါလေးကို ပါဠိတော်မြန်မာပြန်အနက် အယင် ပူဇော်ကြပါမယ်။ ပူဇော်ပြီးတဲ့အခါ အဲဒီထဲမှာပါတဲ့ စျာနင်တရားကိုယ်(၅)ပါး (ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ) ဒါလေး ဖြန့်ရှင်းကြမယ်။
စျာန်အင်္ဂါအစိတ်အပိုင်းက (၇)ပါး ရှိပါတယ်။ အဲဒါတွေကတော့ .. ဝိတက်စျာနင်၊ ဝိစာရစျာနင်၊ ပီတိစျာနင်၊ ဧကဂ္ဂတာစျာနင် ၊ သောမနဿ စျာနင် ၊ ဒေါမနဿ စျာနင် ၊ ဥပေက္ခာစျာနင် .. လို့ (၇)ပါး ရှိတယ်ပေါ့။
၀ိတက်စျာနင်က ဝိတက်ယှဉ်သောစိတ် ၅၅ ခု၌ရှိသော ဝိတက်စေတသိက်ကိုခေါ်ပါတယ်။
၀ိစာရစျာနင်ဆိုတာက ဝိစာရယှဉ်သောစိတ် ၆၆ ခု၌ရှိသော ဝိစာရစေတသိက်ကို ခေါ်ပါတယ်။
ပီတိစျာနင်ဆိုတာက ပီတိယှဉ်သောစိတ် ၅၁ ပါး၌ရှိသော ပီတိစေတသိက်သည် ပီတိစျာနင် မည်ပါတယ်။
ဧကဂ္ဂတာစျာနင်ကတော့ ဒွေပဉ္စဝိညာဏ် ၁၀ကြဉ်သော စိတ် ၇၉ ပါး၌ရှိသော ဧကဂ္ဂတာစေတသိက်သည် ဧကဂ္ဂတာစျာနင်မည်ပါတယ်တဲ့။
နောက် ..
သောမနဿစျာနင်က .. သောမနဿသဟဂုတ်စိတ် ၆၂ ပါး၌ရှိသော ဝေဒနာစေတသိက်
ဒေါမနဿစျာနင်က .. ဒေါသမူဒွေ၌ရှိသော ဝေဒနာစေတသိက်
ဥပေက္ခာစျာနင်က .. ဒွေပဉ္စဝိညာဏ် ၁၀ကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၄၇ပါး၌ရှိသော ဝေဒနာစေတသိက် .. သည် ဥပေက္ခာစျာနင် မည်ပါတယ်တဲ့။
ဤသို့လျှင် စျာနင်တို့သည် သရုပ်အားဖြင့် ၇ ပါး၊ တရားကိုယ်အားဖြင့် ၅ ပါး အပြားရှိတယ်ပေါ့။
အဲတော့ .. စျာန်ဆိုတာ ဘာလည်းဆိုယင် .. ကောင်းသော ကုသိုလ်အာရုံ၌ဖြစ်စေ၊ မကောင်းသော အကုသိုလ် အာရုံ၌ဖြစ်စေ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ကြံတတ်၊ ရှုတတ်သောကြောင့် “စျာန်” မည်ပါသည်တဲ့။
- ကုသိုလ်စျာန် အကုသိုလ်စျာန် နှစ်မျိုးအရ စျာန် ၇ ပါး ဖြစ်ပါတယ်။
- ဒေါမနဿ ကား အကုသိုလ်သက်သက် စျာန်ဖြစ်၏။
- ကြွင်း ၆ ပါးတို့ကား ကုသိုလ် အကုသိုလ် အဗျာကတ ၃ မျိုးတို့နှင့်ဆိုင်ပါသည်။
ဒွေပဉ္စဝိညာဏ်ဆယ်ပါးတို့သည် စျာနင်မထိုက်၊ ယင်းစိတ်ဆယ်ပါးသည် ဝိတက်နှင့်ကင်းပြီး အာရုံသို့ ရှေးရှုကျကာမျှဖြစ်၏၊ ယင်းစိတ်တို့၌ရှိသော ဥပေက္ခာ သုခ ဒုက္ခဝေဒနာတို့သည်လည်း အာရုံ၌ ကပ်၍ ရှုခြင်း မရှိသောကြောင့် စျာနင်မထိုက်ပေ။ (စျာနင်ဟူသည် ဝိတက်လျှင် နောက်ပိတ် အကွပ် အကြီးအကြပ် ရှိ၏။.. တဲ့)
၀ိတက်အစရှိကုန်သော အစိတ်စျာန်အင်္ဂါတို့သည် တစ်ပေါင်းတည်းဖြစ်ကုန်၍ ကသိုဏ်းအစရှိသော အာရုံကို စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ကြံတတ်၊ ရှုတတ်၊ ဆန့်ကျင့်ဘက် နီ၀ရဏတရားတို့ကို လောင်ကျွမ်းစေတတ် သောကြောင့် ၄င်းတို့ကို “စျာန်” အဖြစ်ဖြင့် ဆိုရခြင်း ဖြစ်ပါသည်တဲ့။
အဲဒီလိုကွဲပြားစွာသိပြီးတဲ့နောက် .. စျာန်နဲ့ပတ်သက်တဲ့ ဘာ၀နာပိုင်းကို တက်ကြပါမယ်။
စျာန်တရားရဖို့ ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါမှာ .. ဦးစွာ ဘာ၀နာဘေဒ ၃ ပါးကို သိရပါမယ်။ အဲဒါတွေကတော့ .. (၁) ပရိကမ္မဘာ၀နာ (၂) ဥပစာရဘာ၀နာ (၃) အပ္ပနာဘာ၀နာ .. တို့ပဲဖြစ်ပါတယ်။
ရှေးဦးစွာ အခြေခံပွားများမှုသည် ပရိကမ္မဘာ၀နာ မည်ပါတယ်။ (အပ္ပနာ ဖြစ်အောင် ပြုပေးတတ်သောကြောင့် ပရိကမ္မ(ပရိကံ) မည်ပါတယ်။) ပရိကမ္မနိမိတ် + ဥဂ္ဂဟနိမိတ် အာရုံထင်လာအောင် ပွားများမှုဘာ၀နာကိုပင် ပရိကမ္မဘာ၀နာလို့ ခေါ်ပါတယ်။
(တစ်နည်း) စျာန်ဟူသော အပ္ပနာကို ပြုပြင်တတ်၊ ဖြစ်ပေါ်စေတတ်သော အပ္ပနာ၏ အစ ရှေးဦးမဆွဖြစ်သော ဘာ၀နာကမ္မဋ္ဌာန်း စတင်စီးဖြန်းသည်မှစ၍ နီ၀ရဏမငြိမ်းမီအတွင်း ပွားများ အားထုတ်အပ်သမျှသော ကာမာ၀စရဘာ၀နာသည် ပရိကမ္မဘာ၀နာ မည်ပါသည်။
ဥပစာရဘာ၀နာဆိုတာကတော့ .. ပဋိဘာဂနိမိတ် အာရုံထင်လာအောင် ပွားများမှု ဘာ၀နာကိုပင် ဥပစာရဘာ၀နာဟု ခေါ်ပါတယ်။ စျာန် မဂ် ဖိုလ် တည်းဟူသော အပ္ပနာ (အထွတ်အထိပ်)၏ အနီးအနားသို့ ရောက်နေသော ဘာ၀နာဖြစ်မှုသည် ဥပစာရဘာ၀နာ မည်ပါတယ်။ (တဒင်္ဂပဟာန်အားဖြင့် နီ၀ရဏတို့ကို ခွာသည်မှစ၍၊ ဂေါတြဘူ အဆုံးရှိသော -- ကာမာ၀စရ ဥပစာရ သမာဓိဘာ၀နာ အဆင့်ပင် ရှိပါသေးတယ်။)
(တစ်နည်း) နီ၀ရဏတရားငြိမ်းသည်မှစ၍ ဂေါတြဘူတိုင်အောင် ဤအတွင်း၌ ပွားများအပ်သမျှသော ကာမာ၀စရဘာ၀နာသည် အပ္ပနာ၏အနီးဖြစ်သောကြောင့် ဥပစာရဘာ၀နာ မည်ပါတယ်။
အပ္ပနာဘာ၀နာဆိုတာကတော့ .. ထိုပဋိဘာဂနိမိတ်အာရုံကိုပင် အထပ်ထပ်ပွားများသည်ရှိသော ပွားများသူ ယောဂီသန္တာန်၌ အထပ်ထပ် ပွားများမှု ဘာ၀နာတန်ခိုးကြောင့် (အပ္ပနာစျာန်) ရူပါ၀စရ ပထမစျာန် အစဆုံးဖြစ်လာ၏။ ထိုသို့ ရူပါ၀စရပထမစျာန်စသော (အပ္ပနာစျာန်)ရအောင် အားထုတ်မှုကိုပင် အပ္ပနာဘာ၀နာဟု ခေါ်ပါသည်။ အပ္ပနာဟု ဆိုအပ်သော ဝိတက်လျှင် အမှူးရှိသည်၏အဖြစ်ကြောင့် အပ္ပနာဘာ၀နာ မည်ပါတယ်။
(အပ္ပနာ - အာရုံ၌ စိတ်ကိုထားခြင်း၊ ကမ္မဋ္ဌာန်း၌ စိတ်ကိုသွတ်သွင်းခြင်း၊ ကမ္မဋ္ဌာန်းကို ရခြင်း၊ ဗျပ္ပနာ (ဝိ+အပ္ပနာ) အလွန်အာရုံ၌ စိတ်ကိုဖြစ်စေခြင်း၊ အထူးသဖြင့် အာရုံ၌ ကြံခြင်း၊)
သမ္ပယုတ်တရားတို့ကို အာရုံ၌ ကျစေသကဲ့သို့ ဖြစ်တတ်သောကြောင့် ဝိတက်သည် အပ္ပနာမည်ပါတယ်တဲ့။ ထိုဝိတက်ကို “အပ္ပနာ ဗျပ္ပနာ” ဟု မြတ်စွာဘုရား ညွန်ပြတော်မူသည်။ ထိုဝိတက်လျှင် အမှူးရှိသည်၏ အစွမ်းကြောင့် အလုံးစုံကုန်သော မဟဂ္ဂုတ် လောကုတ္တရာစျာန်တရားတို့ကို အပ္ပနာဟု ဆိုအပ်ပါသည်။
အဲတော့ .. ပရိကမ္မဘာ၀နာ၊ ဥပစာရဘာ၀နာ နှစ်ပါးကို ကမ္မဋ္ဌာန်း ၄၀ ပါးလုံး၌ ရနိုင်ပါသည်။
ဗုဒ္ဓါနုဿတိစသော ရှေး အနုဿတိ ၈ ပါး သညာ ၀၀တ္ထာန်အားဖြင့် ကမ္မဋ္ဌာန်း ၁၀ ပါး တို့သည် ပရိကမ္မဘာ၀နာ၊ ဥပစာရဘာ၀နာ နှစ်ပါးကိုသာ ရပါသည်။ အပ္ပနာဘာ၀နာ မရနိုင်ပါ။ (ပရမတ္ထလည်းဖြစ်၊ များသောအပြားလည်းရှိ နက်နဲလည်း နက်နဲသောကြောင့် အပ္ပနာကို မရနိုင်ဘူးလို့ဆိုပါတယ်။) (ပရမတ်ဖြစ်သော အာရုပ္ပ ၂ ပါး) ဝိညာ၊ နေ၀ မှာ ဘာ၀နာအစွမ်းကြောင့် အပ္ပနာသို့ ရောက်နိုင်တယ် ဆိုပါတယ်။)
ကြွင်းသော ကမ္မဋ္ဌာန်း ၃၀ ပါးတို့သည်သာ အပ္ပနာဘာ၀နာ ရနိုင်ပါတယ်။
အပ္ပနာဘာ၀နာ ရနိုင်သော ကမ္မဋ္ဌာန်း ၃၀ တို့တွင် ..
(က) ကသိုဏ်း ၁၀ပါး၊ အာနာပါန အားဖြင့် ကမ္မဋ္ဌာန်း ၁၁ ပါးသည် စျာန် ၅ ပါးလုံး ရနိုင်ပါတယ်။
(ခ) အသုဘ ၁၀ ပါး၊ ကာယဂတာသတိအားဖြင့် ကမ္မဋ္ဌာန်း ၁၁ ပါးသည် ပထမစျာန် ၁ ပါးသာ ရနိုင်ပါသည်။ (အသုဘသည် စက်ဆုပ်ဖွယ်အာရုံရှိသည်ဖြစ်၍ ဝိတက်နှင့်ကင်း၍ မတည်တံ့နိုင်သောကြောင့် ဝိတက်ယှဉ်သော ပထမစျာန်သာ ရနိုင်ပါသည်။)
(ဂ) မေတ္တာ၊ ကရုဏာ၊ မုဒိတာ အားဖြင့် ကမ္မဋ္ဌာန်း ၃ ပါးသည် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစျာန်အားဖြင့် (သောမနဿဖြစ်သော) အောက်စျာန် ၄ပါးသာ ရနိုင်ပါသည်။
(ဃ) ဥပေက္ခာကမ္မဋ္ဌာန်းသည် (ဥပေက္ခာဖြစ်သော) ပဉ္စမစျာန် ၁ ပါးသာ ရနိုင်ပါသည်။
(င) အာရုပ္ပကမ္မဋ္ဌာန်း ၄ပါးသည် သက်ဆိုင်ရာ အရူပစျာန် အသီးသီးကိုသာ ရနိုင်ပါသည်။
- ပထမစျာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်း ၂၅ပါး၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်တို့ကို ရစေနိုင်သော ကမ္မဋ္ဌာန်း ၁၄ ပါးစီ၊ ပဉ္စမစျာန်ကို ရစေနိုင်သောကမ္မဋ္ဌာန်း ၁၂ ပါး ရှိပါသည်။ (ရူပစျာန်ကို ရစေနိုင်သော (ရူပစျာန်အာရုံ) ကမ္မဋ္ဌာန်း ၂၆ ပါး ဖြစ်ပါသည်။)
- အရူပစျာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းသည် အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါးသာ ဖြစ်ပါသည်။
ကမ္မဋ္ဌာန်းနဲ့စျာန်တွဲစပ်ပုံသိပြီးတဲ့နောက် ဂေါစရဘေဒဆိုတဲ့ (နိမိတ် ၃ ပါး) လည်းသိရပါမယ်။ အာရမ္မဏိကတရားတို့ဖြင့် သိအပ်သော အာရုံတရားသည် နိမိတ် မည်ပါတယ်။ နိမိတ်သုံးပါး ရှိပါတယ်။ ၄င်းတို့မှာ -
(၁) ပရိကမ္မဘာ၀နာ၏ အာရုံဖြစ်သော ကသိုဏ်း၀န်းအစရှိသော နိမိတ်သည် ပရိကမ္မနိမိတ်မည်ပါတယ်။ (ပကတိမျက်စိဖြင့် ကြည့်၍ အထပ်ထပ်ပွားရပါသည်။)
(၂) ပရိကမ္မဘာ၀နာ ရင့်သန်လာသောအခါ ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ထဲ(မနောဒွါရ၌) စွဲမြဲထင်ရှားစနေသော ဉာဏ်မျက်စိဖြင့် ယူထားသော နိမိတ်သည် (ဝါ) စက္ခုဝိညာဏ်ဖြင့် ယူအပ်၊ မြင်အပ်သကဲ့သို့ မနောဒွါရိကကုသိုလ်ဇောသည် ယူအပ်သောကြောင့် ကသိုဏ်း၀န်းစသော အာရုံသည် ဥဂ္ဂဟနိမိတ်မည်ပါတယ်။
(၃) ကသိုဏ်း၀န်းအစရှိသည်တို့၏ အတုထင်သော အဆင်းအစရှိကုန်သော ကသိုဏ်းအပြစ်မှကင်းသော ဥပစာရဘာ၀နာ၊ အပ္ပနာဘာ၀နာတို့၏ အာရုံဖြစ်သော ကသိုဏ်း၀န်းစသော အာရုံသည် ထိုဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့် ပဋိဘာဂနိမိတ် မည်ပါသည်။ ဥဂ္ဂဟနိမိတ်ထက် အဆပေါင်းရာထောင် ကြည်လင် အပြစ်ကင်း သန့်ရှင်းပါတယ်။
ကမ္မဋ္ဌာန်းနည်း ၄၀ ပါးရှိသည့်အနက် ကသိုဏ်း ၁၀ပါး၊ အသုဘ ၁၀ပါး၊ ကာယဂတာသတိ၊ အာနာပါနဿတိ အားဖြင့် ကမ္မဋ္ဌာန်း ၂၂ ပါးသည် နိမိတ်သုံးပါးလုံး ထင်ပါတယ်။ ကြွင်းကမ္မဋ္ဌာန်း ၁၈ ပါးသည် ပထမနိမိတ်နှစ်မျိုးသာ ထင်ပါတယ်။ (ပဋိဘာဂနိမိတ် မထင်နိုင်ပါတဲ့။)
ကမ္မဋ္ဌာန်း ၄၀ ပါး နဲ့ ဘာ၀နာ ၃ ပါး၊ နိမိတ် ၃ ပါး တွဲစပ်ပုံတို့ကို ဖော်ပြပြီးတဲ့နောက် စျာန်အဆင့်ဆင့် ဖြစ်ပေါ်ပုံကို ကြည့်ကြရအောင် ..
ဥပစာရဘာ၀နာ ဖြစ်ပြီးနောက် ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ ဥပစာရသမာဓိဖြင့် ကောင်းစွာ မှီဝဲအားထုတ်သည်ရှိသော် “ရူပါ၀စရပထမစျာန်” ဟုဆိုအပ်သော အပ္ပနာဘာ၀နာ ဖြစ်ပါသည်။ ဒုတိယစျာန်ကို ရလိုသော် ကမ္မဋ္ဌာန်းပွားများသူသည် မိမိရအပ်ပြီးသော ပထမစျာန်ကို ၅ တန်သော ၀သီဘော်တို့ဖြင့် အတော်အစွမ်းသတ္တိရှိဖို့ရန် အဖန်ဖန်အထပ်ထပ် ၀င်စားရပါသည်။
၀သီဘော်ငါးပါး
ပထမစျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် ရရှိထားသောစျာန်ကို စွမ်းရည်ထက်မြက်အောင် (ကျက်၍ရပြီးသော စာကို မမေ့အောင်၊ အမြန်ဆိုနိုင် ရွတ်နိုင်အောင် အမြန်ရေးနိုင်အောင် အမျိုးမျိုး ပြန်လှန် လေ့ကျင့်ခန်းများ လုပ်ရသကဲ့သို့) ရပြီးစျာန်ကို အစိတ်စိတ်အားဖြင့် လည်းကောင်း၊ အပေါင်းအားဖြင့်လည်းကောင်း၊ အထပ်ထပ် ၀င်စားရ၏။ ထိုသို့ အထပ်ထပ်လေ့ကျင့်ထားမှသာ လိုအပ်သလို စျာန်ကို ချက်ချင်း ၀င်စားနိုင်၏။ လိုအပ်သည့် အချိန်အတိုင်းအတာအထိ စျာန်စိတ်ဖြစ်နေအောင် ထားနိုင်၏။ လိုအပ်သလို စျာန်မှထနိုင်၏။ (စျာန်ကို ရုပ်နိုင်၏၊) ထိုသို့ လိုအပ်သလို ရနိုင်အောင် ၀သီဘော် ၅ မျိုးဖြင့် လေ့ကျင့်ထားရ၏။
(၁) အာ၀ဇ္ဇန၀သီဘော် = ပထမစျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် ပထမစျာန်တွင်ပါ၀င်သော ဝိတက်စသော စျာန်အင်္ဂါ တစ်ခုချင်းကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများ (တစ်ဝီထိနှင့်တစ်ဝီထိအကြား - ဘ၀င်မခြားဘဲ (ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ မနောဒွါရာ၀ဇ္ဇန်း လောက်သာဖြစ်ပြီး) ပစ္စဝေက္ခဏာဇောဝီထိများ အဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေအောင် ဆင်ခြင်နိုင်သော အစွမ်းသတ္တိသည် စျာန်အင်္ဂါကို လျှင်မြန်စွာ ဆင်ခြင်နိုင်သော မနောဒွါရာ၀ဇ္ဇန်း၏ အစွမ်းကြောင့် ဖြစ်ရသည်။
(၂) သမာပဇ္ဇန၀သီဘော် = စျာန်အင်္ဂါအပေါင်းကို နိုင်နင်းအောင် မမေ့အောင်(နဂိုအတိုင်း)ပြန်၍ အလေ့အလာ ပြုခြင်း၊ ထိုသို့ အလေ့အလာပြုသဖြင့် စျာနသမာပဇ္ဇနဝီထိများ၊ မိမိသန္တာန်၌ တစ်ကြိမ်ထက်တစ်ကြိမ် လျှင်သည်ထက် လျှင်မြန်စွာ ဖြစ်ပေါ်လာအောင် ဘ၀င်မခြားဘဲ ထပ်ကာ ထပ်ကာ ၀င်စားနိုင်နင်းသော စွမ်းရည်သတ္တိဖြစ်သည်။
(၃) အဓိဋ္ဌာန၀သီဘော် = စျာန်စိတ်ကို မိမိထားလိုသမျှ အချိန်နာရီအထိကြာအောင် (ထားနိုင်အောင်) အလေ့အလာပြုခြင်း။ တံတားသည် (လျင်သော) ရေစီးမြန်သော မြစ်၏ ရေအယဉ်ကို ဖြတ်သွားသကဲ့သို့ ဘ၀င်အယဉ်အဟုန်ကို ဖြတ်၍ ပိုင်းခြားသမျှသော ကာလပတ်လုံး စျာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်သော အဖြစ်ဟု ဆိုအပ်သော ဘ၀င်ကျခြင်းမှ စျာန်ကို စောင့်ခြင်းငှာ လျော်သည်၏အဖြစ်သည် အဓိဋ္ဌာန၀သီဘော် မည်၏။ (ဘ၀င်ဖြစ်ခွင့်မပေး၊ စျာန်စိတ်ပဲ ဆက်ဖြစ်စေခြင်းတည်း။)
(၄) ဝုဋ္ဌာန၀သီဘော် = စျာန်အင်္ဂါတစ်ခုချင်း မိမိ ထချင်သည့်အချိန် ထနိုင်အောင် (မိမိရုပ်သိမ်းချင်သည့် အချိန်မှာ ရုပ်သိမ်းနိုင်အောင်) အလေ့အကျင့်ပြုခြင်း။ ပိုင်းခြားသောကာလကို မလွန်စေဘဲ စျာန်မှ ထနိုင်စွမ်းသော အဖြစ်သည် ဝုဋ္ဌာန၀သီဘော်မည်၏။ (တစ်နည်း) - ပိုင်းခြားသောကာလအတွင်း မထဘဲ ပိုင်းခြားသော ကာလသော ကာလရောက်မှသာ ထခြင်းငှာ စွမ်းနိုင်သော အဖြစ်သည် ဝုဋ္ဌာန၀သီဘော် မည်၏။
(၅) ပစ္စဝေက္ခဏာ၀သီဘော် = စျာန်အင်္ဂါတစ်ခုချင်း ဘ၀င်မခြားဘဲ ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ အစွမ်းသတ္တိဖြစ်သည်။ အာ၀ဇ္ဇန၀သီဘော်နှင့် တူ၏။ မနောဒွါရ၀ဇ္ဇန်း၏အခြားမဲ့၌ဖြစ်သော ဇောတို့သည်သာလျှင် ပစ္စဝေက္ခဏဇောမည်သောကြောင့် အာ၀ဇ္ဇန၀သီဘော်သည်ပင် ပစ္စဝေက္ခဏာ၀သီဘော် မည်၏။ (အထူးမှာ - အာ၀ဇ္ဇန၀သီဘော်၌ ဘ၀င်မခြားအောင် ပြုသည်မှာ မနောဒွါရာ၀ဇ္ဇန်း၏ အစွမ်းသတ္တိဖြစ်ပြီး၊ ပစ္စဝေက္ခဏာ၀သီဘော်၌ ဘ၀င်မခြားအောင် ပြုသည်မှာ ပစ္စဝေက္ခဏာဇော၏ သတ္တိဖြစ်သည်။)
ဤသို့လျှင် (ပထဝီကသိုဏ်းကို) နိမိတ်သုံးမျိုး၊ ဘာ၀နာသုံးမျိုးတို့ဖြင့် အဆင့်ဆင့် ပွားများ၍ ပထမစျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည်၊ ဆက်လက်၍ ၀သီဘော် ၅ မျိုးတို့ဖြင့် အလေ့အကျင့်ရအောင် များများလုပ်ထားလျှင် နိုင်နင်းအောင်ပြုထားလျှင် ပထမစျာန်နှင့် ပတ်သက်သမျှ အစွမ်းကုန် နိုင်နင်းလေတော့သည်။
ဒုတိယစျာန် စသည်ဖြစ်ပေါ်ပုံ
ရအပ်ပြီးသော ပထမစျာန်ကို ၀သီဘော် ၅ ပါးဖြင့် အစွမ်းသတ္တိရှိအောင်ပြုပြီး၊ (ပထမစျာန်၏ အပြစ်ကိုမြင်ပြီး) ဝိတက်စသော ရုန်းရင်းသော စျာန်အင်္ဂါတို့ကို ပယ်ခြင်းငှာလည်းကောင်း၊ (ဒုတိယစျာန်ကို နှလုံးသွင်း ချီးမွမ်းပြီးလျှင်) ဝိစာရစသော စျာန်အင်္ဂါတို့ကို ဖြစ်ခြင်းငှာလည်းကောင်း၊ အဖန်တလဲလဲ ဆက်လက် အားထုတ်သော် ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ ပဉ္စမစျာန်တို့သည် အစဉ်အတိုင်း ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်၏။
အရူပစျာန်များ ဖြစ်ပေါ်ပုံ
၁။ ရူပါ၀စရ ပဉ္စမစျာန်ကို အခြေခံ၍ အရူပစျာန်သို့ တက်လှမ်းရပါသည်။ ရူပါ၀စရ ပဉ္စမစျာန်ကို ၀သီဘော် ၅ တန်ဖြင့် အဖန်ဖန် လေ့ကျင့်ပြီးသောအခါ၊ ရုပ်တရား၌ စက်ဆုပ်သဖြင့် အာကာသကြဉ် ကသိုဏ်း ၉ ပါးတို့တွင် တစ်ပါးပါးကို ပယ်ခွာသဖြင့် ရလာသော ကောင်းကင်ပညတ်ကို “အာကာသော အနန္တော” (ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိ)ဟု အဖန်တလဲလဲ ပွားများလျှင် “အာကာသာနဉ္ဇာယတနစျာန်” ဟူသော ပထမ အရူပစိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
၂။ ဒုတိယ အရူပစျာန်သို့ တက်ရာ၌ ပထမာရုပ္ပဝိညာဏ်ကိုပင် “ဝိညာဏံ အနန္တံ” (ပထမာရုပ္ပဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ)ဟု အဖန်တလဲလဲပွားများလျှင် “ဝိညာဏဉ္ဇာယတနစျာန်” ဟူသော ဒုတိယအရူပစိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
၃။ တတိယ အရူပစျာန်သို့တက်ရာ၌ ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ “နတ္ထိ ကိဉ္စိ၊ နတ္ထိ ကိဉ္စိ” (စိုးစဉ်း အနည်းအငယ်မျှ မရှိ)ဟု အဖန်တလဲလဲပွားများလျှင် အာကိဉ္စညာယတနစျာန်ဟူသော တတိယ အရူပစိတ်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
၄။ စတုတ္ထ အရူပစျာန်သို့တက်ရာ၌ တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၍ “သန္တံ ဧတံ၊ ပဏိတံ ဧတံ” (ဤတတိယာရုပ္ပဝိညာဏ်သည် ငြိမ်သက်၏၊ မွန်မြတ်၏)ဟု အဖန်တလဲလဲ ပွားများလျှင် နေ၀သညာ နာသညာယတနစျာန်ဟူသော စတုတ္ထအရူပစိတ်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
အဘိညာဉ်ဟူသည်ကား .. ရိုးရိုးစျာန်များမှ ထူးကဲလွန်မြတ်သောဉာဏ်၊ အလိုရှိသလို ဖန်ဆင်းနိုင်၊ မြင်နိုင်၊ ကြားနိုင် ရှေ့နောက် ဘ၀ကိုသိနိုင်သော တန်ခိုးအဘိဉာဏ်များ ဖြစ်ပါသည်။ ပါရမီထူးရှိသူတို့ကား မဂ် ရရုံမျှ ရူပပဉ္စမစျာန်ကို ရရုံမျှဖြင့် အဘိညာဉ်ကို ရနိုင်ပါသည်။ ပါရမီထူးမရှိသူတို့ကား အဘိညာဉ် တန်ခိုးရအောင် စျာန် ၉ပါး (၈ပါး)လုံးကို၊ ကသိုဏ်း ၁၀ပါးလုံး၌ ပိုင်နိုင်စွာလေ့လာပြီး အနုလုံ ပဋိလုံစသော ၁၄ မျိုးသော အခြင်းအရာတို့ဖြင့် အသားကျစွာ လေ့ကျင့်အားထုတ်သောအခါ ယင်းပဉ္စမစျာန်စိတ်သည် နူးညံ့ ပျော့ပျောင်း စင်ကြယ်ကောင်းမွန်လာပြီး၊ ရူပပဉ္စမစျာန်ကို အခြေခံ၍ အဓိဋ္ဌာန်ကာ အပြန်ပြန်အလှန်လှန် ဆက်လက် ပွားများ အားထုတ်သောအခါ သက်ဆိုင်သည့် စျာနသိဒ္ဓိ တစ်မျိုးဖြစ်လာပြီး အဘိညာဉ်များ ဖြစ်ပေါ်လာပါသည်။ အဘိညာဉ် ၇ ပါး ရှိပါသည်။ (အကျဉ်းမျှသာဖော်ပြပါမည်။)
(၁) ဣဒ္ဓိဝိဓ အဘိညာဉ် (၂) ဒိဗ္ဗစက္ခုအဘိညာဉ် (၃) ဒိဗ္ဗသောတအဘိညာဉ်
(၄) စေတောပရိယအဘိညာဉ် (၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်
(၆) ယထာကမ္မူပဂဉာဏအဘိညာဉ် (၇) အနာဂတံသဉာဏအဘိညာဉ် .. တို့ဖြစ်ပါသည်။
အဘိညာဉ် ၅ ပါးဟု ရေတွက်လျှင် ယထာကမ္မူပဂအဘိညာဉ်နှင့် အနာဂတံသအဘိညာဉ်တို့သည် ဒိဗ္ဗစက္ခုအဘိညာဉ်၏ အကျိုးဆက်များဖြစ်၍ ယင်းနှစ်ပါးကို ဒိဗ္ဗစက္ခုအဘိညာဉ်၌သွင်းလျှင် အဘိညာဉ် ၅ ပါး ဖြစ်ပါသည်။ ဤအဘိညာဉ်များသည် လောကီ အဘိညာဉ်များ ဖြစ်ကြပါသည်။
အဘိညာဉ် ၆ ပါး ဟု ရေတွက်လျှင် အထက်ပါ လောကီအဘိညာဉ် ၅ ပါးတွင် လောကုတ္တရာ အဘိညာဉ်ဖြစ်သော အာသ၀က္ခယအဘိညာဉ်ကို ထည့်ပေါင်းရပါသည်။
အာသ၀က္ခယအဘိညာဉ်(လောကုတ္တရာအဘိညာဉ်)
အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်သည် လောကုတ္တရာလည်းဖြစ်သော၊ အာသ၀က္ခယအဘိညာဉ် မည်ပါသည်။
အဘိညာဉ်စျာန်စိတ် တန်ခိုးများရရှိအောင် ပွားများလိုသောယောဂီပုဂ္ဂိုလ်သည် ထို အဘိညာဉ်များကို ရရှိရန် ရူပါ၀စရပဉ္စမစျာန်ကို အခြေခံယူကာ အလိုရှိသလို ဖန်ဆင်းနိုင်အောင် အဓိဋ္ဌာန်ပြု၍ အထပ်ထပ်ပွားများပြီး အဘိညာဉ်များရအောင် ပြုကြရပါသည်။
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ။
မေတ္တာဖြင့်
tno(16.9.2019)
Thein Naing Ohn
===================================
ကျမ်းကိုး
၁။ ဘဒ္ဒန္တဝါယာမသာရ (သင်တန်းမှူး) ဆရာတော်၊ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) ဥဘတောဝိဘင်္ဂဓရ စီစဉ်သည် အဘိဓမ္မာပို့ချစဉ် နှင့် အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ ခေါ် အဘိဓမ္မာအဖွင့် (အဘိဓမ္မာဂုဏ်ထူးဆောင်) ဋီကာကျော်ပို့ချစဉ်
၂။ ဆရာဦးတင်၀င်း(ဒိုက်ဦး-သုံးခွ)၏ အဘိဓမ္မာမှတ်စု နှင့် ဋီကာကျော်မှတ်စု အဘိဓမ္မတ္ထဝိဘာဝိနီကိုရှင်းလင်းတင်ပြခြင်း
=================================
အဘိဓမ္မာ (၇) ကျမ်းလာ ကိုယ်ကျင့်တရားများ
ဒီနေ့ယမကဘာသာရပ်ရှင်းလင်းချက်တွေကို သင်ကြားပို့ချချက်ပုံစံတွေ လေ့လာချင်တာကြောင့် Website မှာ စာအုပ်တွေလိုက်ရှာယင်း ဒီစာအုပ်လေးကိုတွေ့တော့ အတော်သဘောကျမိတယ်။ ဒီစာအုပ်လေးလို့ပြောပေမယ့် စာမျက်နှာပေါင်း တစ်ထောင်ကျော်ပါပါတယ်။ ရှင်းလင်းချက်က မဟာကုသိုလ်စိတ်တစ်ခုတည်းကို အဘိဓမ္မာ ၇ ကျမ်းနဲ့သုံးသပ်ပြထားတာပါ။ အဲဒီထဲကမှာ ကျနော်က ယမကဘာသာရပ်ကိုလေ့လာချင်နေတာဆိုတော့ ယမိုက်မှာလာရှိတဲ့ မဟာကုသိုလ်စိတ် အကြောင်းဖော်ပြချက်လေးကို ထုတ်နှုတ်ဖော်ပြပေးချင်ပါတယ်။
ပထမဦးဆုံး မဟာ ကုသိုလ်စိတ်ဆိုတာကို မိတ်ဆက်ရအောင် မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်နဲ့ တရားအားလုံးကို သိမ်းကျုံး၀င်အောင် ဟောတဲ့နည်းကိုလည်း သုံးပြီးတော့ ဟောပြောတတ်ပါတယ်။ အဲဒါဟာ မြတ်စွာဘုရားရှင်ရဲ့ပါတိမောက်စကားတော်ပါပဲ။
အဲဒီထဲက ဘုရားရှင်ရဲ့အဆုံးအမတော်ဖြစ်တဲ့ စကားရပ်တစ်ခုကတော့
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ဆိုသောစကား သုံးခွန်းပါပဲ။ အဲဒီစကား ၃ ခွန်းဟာ ယခု ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှ ဟောကြားတဲ့ တရားမဟုတ်ပါဘူး။ ဘုရားရှင်တိုင်းရဲ့ အဆုံးအမတော်တစ်ရပ်ဖြစ်ပါတယ်။
ဤတွင် ကောင်းမှုကိုသာ အမြဲဆောင်ထားနိုင်လျှင် မကောင်းမှုကိုလည်း ရှောင်ပြီးသားဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် စိတ်သည် တစ်ချိန်တည်းတွင် ၂ ခု ပြိုင် ဖြစ်ရိုးမရှိဘဲ ၁ ခုသာလျှင် ဖြစ်နိုင်သော်ကြောင့် ကုသိုလ်စိတ် ဖြစ်နေလျှင် အကုသိုလ်စိတ် ဖြစ်ခွင့်မရပေ။ ထို့ပြင် ကုသိုလ်စိတ်သည် ဖြူစင်သောသဘောရှိသောတရား = သုက္ကာဓမ္မာ ဖြစ်သောကြောင့် စိတ်ထားလည်း ဖြူစင်ပြီးသား ဖြစ်လေသည်။
ဒါဖြင့် မကောင်းမှု အကုသိုလ်ဟူသည် အဘယ်နည်း?
တစ်စုံတစ်ခုကို တောင့်တမျှော်လင့် ရလိုခြင်း လောဘ၊
မိမိသူတစ်ပါး နှစ်ဦးသားကို ပျက်စီးစေသော ဒေါသ၊
အကြောင်းအကျိုး အကောင်းအဆိုးကို မဝေဖန်နိုင်ခြင်း မောဟ၊
… မာန၊ ဣဿ ာ၊ မစ္ဆရိယ စသည်တို့နှင့် ယှဉ်၍ဖြစ်သော၊
ပစ္စုပ္ပန် သံသရာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း အကျိုးကို ရစေသော အမှုများသည် မကောင်းမှု အကုသိုလ်များ ဖြစ်လေသည်။
ဒါဖြင့် ကောင်းမှု ကုသိုလ်ဟူသည်ကကော ဘာတွေပါလဲ?
စွန့်လွှတ်နိုင်မှု အလောဘ၊
ကောင်းကျိုးလိုလားမှု မေတ္တာ၊
အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်နိုင်မှု ပညာ၊
… သဒ္ဓါ၊ ကရုဏာ၊ မုဒိတာ စသည်တို့နှင့် ယှဉ်၍ ဖြစ်သော၊
ပစ္စုပ္ပန် သံသရာ ကိုယ်ချမ်းသားခြင်း၊ စိတ်ချမ်းသာခြင်း အကျိုးကို ရစေသော အမှုများသည် ကောင်းမှု ကုသိုလ်များ ဖြစ်လေသည်။
နေရာဒေသမရွေး၊ အချိန်အခါမရွေး မိမိသန္တာန်၌ ကုသိုလ်စိတ်များ ဖြစ်ပွားနေအောင် ကြိုးစားနေရမည် ဖြစ်ပေသည်။
ဒါန၊ သီလ၊ ဘာ၀နာတို့ကို စား၀တ်နေရေးအလုပ်များကို ရပ်တန့်၍ အချိန်သီးသန့်ပေးကာ ပြုလုပ်နိုင်မှ ကုသိုလ်ရသည် မဟုတ်ပေ။ ပုံမှန် ပြောဆို နေထိုင် လုပ်ကိုင်စားသောက်ရင်း နေ့စဉ်ဘ၀အတွင်းမှာပင် ကုသိုလ်ဖြစ်အောင် လုပ်လျှင် ကုသိုလ်ဖြစ်မည်သာ ဖြစ်သည်။
ရိုသေလေးစားသင့်သူကို ရိုသေလေးစားစွာဆက်ဆံခြင်း၊ ဆိုင်ရာ၀တ္တရားများကို ကျေပြွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ပြောဆို ဆုံးမစကားကို နာခံလွယ်ခြင်း၊ မိတ်ကောင်းဆွေကောင်းရှိခြင်း၊ လောက၀တ် ပျူပျူငှါငှါ ရှိခြင်း၊ နူးညံ့ချိုသာသော စကားရှိခြင်း၊ အစားအသောက်၌ အတိုင်းအရှည် ပမာဏ သင့်၊ မသင့်ကို သိမြင်ခြင်း၊ ကာမဂုဏ်အာရုံများ၌ စိတ်ကို အလိုမလိုက်ခြင်း စသည်တို့သည်လည်း ကုသိုလ်ရစေသော အမှုများပင် ဖြစ်သည်။
ကိုယ်၊ နှုတ်တို့ဖြင့် အလုပ်လုပ်နေချိန်တွင်ပင် ထိုအလုပ်နှင့်ပတ်သက်၍ အကောင်းဆုံး စေတနာထားခြင်း၊ မေတ္တာထားခြင်း၊ စသည်တို့ကို သတိထားပြုလုပ်လျှင် ကုသိုလ်စိတ် အလေ့အကျင့် ဖြစ်လာမည်ဖြစ်ပေသည်။
မိမိတို့ ပြုလုပ်နေသော ဒါန၊ သီလ၊ ဘာ၀နာ စသော မည်သည့် ကုသိုလ်ပင်ဖြစ်စေ ထိုကုသိုလ်သည် ကာမကုသိုလ်သာ ဖြစ်လေသည်။
ကာမကုသိုလ်သည် ကာမသုဂတိ (၇) ဘုံ၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်လေသည်။ ထိုပဋိသန္ဓေသည်လည်း တိဟိတ်၊ ဒွိဟိတ်၊ သုဂတိအဟိတ် ဟူ၍ ၃ မျိုး ကွဲပြားလေသည်။
ထိုတွင် တိဟိတ်ဖြစ်ဖို့ အရေးကြီးလေသည်။ တိဟိတ်ပဋိသန္ဓေနေလာခဲ့သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှ သာလျှင် စျာန်၊ မဂ်၊ ဖိုလ်ဟူသော တရားထူး တရားမြတ်တို့ကို ရနိုင်လေသည်။
တိဟိတ်ပုဂ္ဂိုလ်မဖြစ်လျှင် မည်မျှပင် အားထုတ်ပါစေ။ စျာန်၊ မဂ်၊ ဖိုလ်ကို မရနိုင်ပေ။
မဂ်၊ ဖိုလ်မရလျှင် နိဗ္ဗာန်မရနိုင်၍ ဗုဒ္ဓသာသနာနှင့် ကြုံတွေ့ရကျိုး မနပ်ပေ။
ဗုဒ္ဓရှင်တော် ပွင့်ပေါ်လာခြင်းသည် သတ္တဝါအများ အပါယ်ဆင်းရဲ၊ သံသရာ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေလို၍ ဖြစ်သည်။
သောတာပတ္တိမဂ်ရလျှင် အပါယ်ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်မည်ဖြစ်ပြီး နိဗ္ဗာန်ရလျှင် သံသရာ၀ဋ် ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်မည် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရန် မည်သို့ပြုရမည်နည်း။
ကာမကုသိုလ်သည် (၈) ပါး ရှိလေသည်။ ထိုတွင် --
အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် (၃) ပါး ပါသော တိဟိတ်ကုသိုလ် ၄ ပါး (ကြောင်းကျိုးသိမြင် ဉာဏ်ယှဉ်၍ပြုသော ကုသိုလ်) နှင့်
အလောဘ၊ အဒေါသ ဟိတ် (၂) ပါး ပါသော ဒွိဟိတ်ကုသိုလ် ၄ ပါး (ကြောင်းကျိုးမသိမြင် ဉာဏ်မယှဉ်သောကုသိုလ် -- ဥပမာ - ဂုဏ်လိုချင်၍ ကုသိုလ်လုပ်ခြင်း၊ ကောင်းဆိုးမသိ သူများလုပ်လို့ လိုက်လုပ်ခြင်း၊ ဗေဒင်ယတြာအရ ပြုလုပ်ခြင်း) ဟူ၍ ၂ မျိုး ကွဲပြားလေသည်။
ထိုတိဟိတ်၊ ဒွိဟိတ်တို့သည်လည်း ---
လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ်တရားတို့ ရှေ့နောက် ခြံရံမိလျှင် သြမက (အညံံ့စား) ကုသိုလ်ဖြစ်ပြီး၊ ထိုအကုသိုလ်တရားတို့ ရှေ့နောက် ခြံရံခြင်း မရှိလျှင် ဥက္ကဋ္ဌ (အမြတ်စား) ကုသိုလ်ဖြစ်လေသည်။
ထိုတွင် --
(က) တိဟိတ် ဥက္ကဋ္ဌကုသိုလ်သည် - တိဟိတ် ပဋိသန္ဓေအကျိုးကို ပေး၏။
(ခ) တိဟိတ် သြမကကုသိုလ်သည် - ဒွိဟိတ် ပဋိသန္ဓေအကျိုးကို ပေးလေသည်။
(မှတ်ချက်။ ။ ကုသိုလ်ပြုစဉ်က ဉာဏ်ယှဉ်သော်လည်း အကုသိုလ် ခြံရံမိသောကြောင့် ပဋိသန္ဓေ အကျိုးပေးသောအခါ ဉာဏ်မပါလာ၍ အရင်းရှုံးလေ၏။ အတောအတန် ဗဟုသုတရှိသော အချို့သူများသည် ကုသိုလ်ပြုစဉ် ဉာဏ်ယှဉ်တတ်ကြသော်လည်း၊ ကုသိုလ်ပြုရာတွင် အဆင်မပြေမှုများကို တွေ့ကြုံရသောအခါ အကုသိုလ်စိတ်များ၊ ဖြစ်ပေါ်ခြံရံမိပြီး၊ တိဟိတ် သြမက ဖြစ်တတ်သည်ကို သတိပြုသင့်လေသည်။)
အထက်ပါ အကြောင်းအကျိုး ဆက်စပ်မှုကို သိပြီဆိုလျှင် တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ပြုမှ တိဟိတ်ပုဂ္ဂိုလ် ဖြစ်နိုင်သည်ဖြစ်၍ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ဖြစ်ရန် ဉာဏ်ယှဉ်ရမည်။ ကုသိုလ်ခြံရံရမည် ဖြစ်သည်။ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ် ၄ ပါး ရှိသော်လည်း၊ ၀မ်းမြောက်၀မ်းသာ ဉာဏ်ယှဉ်၍ တက်တက်ကြွကြွ ပြုခြင်း ဟူသော -- သောမနဿသ ဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပဌမစိတ်သည် အကောင်းဆုံး ဖြစ်လေသည်။
အထက်ပါ အသိတရားများကို အဘိဓမ္မာတရားက ပေးစွမ်းနိုင်သောကြောင့့် အဘိဓမ္မာတရားတို့ကို လက်လှမ်းမီသရွေ့ လေ့လာ၍ ဘာကုသိုလ်ပဲလုပ်လုပ် မဟာကုသိုလ် ပဌမစိတ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်အပ်ကြပေသည်။
အဘိဓမ္မာတရားကို လေ့လာမည်ဆိုလျှင် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထတရားလေးပါး ရှိသည်ကို သိရမည် ဖြစ်၏။ အဘိဓမ္မာ ၇ ကျမ်းဟူသည် ယင်းစိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တရားများကို ဟောကြားတော်မူထားအပ်သောကြောင့် ဖြစ်၏။ ယင်း ပရမတ္ထတရား လေးပါးတို့တွင် စိတ် (၈၉) ပါး ရှိ၏။ စေတသိက် (၅၂) ပါး ရှိ၏။ ရုပ် (၂၈) ပါး ရှိ၏။ နိဗ္ဗာန်ကား တစ်မျိုးသာတည်း။
ဘုရားရှင်ဟောတော်မူအပ်သည့်အတိုင်း ယင်းတရားတို့ကို အကုန်နားလည်အောင် လေ့လာရန်မူကား အတော်ပင် မလွယ်မကူ ဖြစ်ပေ၏။
အဘိဓမ္မာ ၇ ကျမ်း၌ ရှေးဦးစွာ ဟောတော်မူအပ်သော ဓမ္မသင်္ဂဏီကျမ်း တစ်ကျမ်းသည်ပင်လျှင် အလွန်များလှပေ၏။ အဘိဓမ္မာ ၇ ကျမ်းလုံးဆိုလျှင်လည်း အဘိဓမ္မာကျမ်းတွေကလည်း ကျယ်လှပေသည်။ ဓမ္မသင်္ဂဏီကျမ်းကိုပင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ လာရှိသည့်အတိုင်း ရေးမည်ဆိုလျှင် အလွန်ကြီးလေးသော ကျမ်းစာအုပ်ကြီး ဖြစ်မည့်အပြင် ရေးလို့လည်း ပြီးဆုံးရန် မလွယ်ကူနိုင်ပေ။
သို့ဖြစ်၍ အမျိုးမျိုး အဖုံဖုံ ဝေဖန်ပိုင်းခြားကြည့်သောအခါ၌ မဟာကုသိုလ်စိတ် ရှစ်ပါးရှိသည့်အနက် ပဌမမဟာကုသိုလ်စိတ်သည် ပုထုဇဉ်လူသားတို့အတွက် အရေးအကြီးဆုံး ဖြစ်သည်ကို ဆင်ခြင်မိလေသည်။
ယင်းပဌမမဟာကုသိုလ်စိတ်ကိုပင် မဏ္ဍိုင်ထား၍ ဘုရားရှင် ဟောကြားတော်မူထားအပ်သော အဘိဓမ္မာ ၇ ကျမ်းဖြင့် ဝေဖန်ထားခြင်း ဖြစ်၏။
မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော အဘိဓမ္မာ ၇ ကျမ်း၌ ရှေးဦးဟောသော ဓမ္မသင်္ဂဏီကျမ်း၌ ယင်းစိတ် ၈၉ပါး၊ စေတသိက် ၅၂ပါး၊ ရုပ် ၂၈ပါး၊ နိဗ္ဗာန်တို့ကို တိက်ပုဒ် ၂၂ ပုဒ် တို့ဖြင့်လည်းကောင်း၊ အဘိဓမ္မာ ဒုက် ၁၀၀ ဖြင့်လည်းကောင်း၊ သုတ္တန္တိက ဒုက် ၄၂ ဒုက်ဖြင့် လည်းကောင်း ဝေဖန်ပိုင်းခြား ဟောကြားတော်မူထားလေသည်။
ဤကျမ်း၌ကား မဟာကုသိုလ် ပဌမစိတ်ကို ယင်းတိတ် ၂၂ ပါး၊ ဒုက် ၁၄၂ ဒုက်ဖြင့် ဝေဖန်ပိုင်းခြား၍ ပြထားခြင်း ဖြစ်၏။
ရှေးဦးစွာ မဟာကုသိုလ် ပဌမစိတ်သဘောကို ပြဆိုထားခြင်း ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ပဌမစိတ်၌ ယှဉ်ကုန်သော စေတသိက် ၃၈ ပါး တို့၏ အဓိပ္ပါယ်များ၊ သာဓက၀တ္ထုများကို ဖော်ပြပေးထား၏။ ထို့နောက် ယင်းကုသိုလ်တရားများကို တိက် ၂၂ တိက်၊ ဒုက်အားဖြင့် ၁၄၂ ဒုက် ဖြင့် ဝေဖန်ပြထား၏။
ဒုတိယမြောက်ကျမ်းဖြစ်သော ဝိဘင်းကျမ်း၌မူကား မြတ်စွာဘုရားသည် မူတည် ဝိဘင်း ၁၈မျိုး ကို ယင်း တိက်၊ ဒုက်တို့ဖြင့် ဓမ္မသင်္ဂဏီကျမ်းက အကျယ်ဝေဖန်ပြပြီးဖြစ် တိက်၊ ဒုက်တို့ဖြင့် ဝေဖန်ခြင်းကို မပြတော့ဘဲ ခန္ဓဝိဘင်း၊ အာယတနဝိဘင်း စသော မူတည်ဝိဘင်တို့ကိုသာ သဘောအဓိပ္ပါယ်သိရုံမျှ ပြဆိုထားပေသည်။
တတိယမြောက် ဓာတုကထာကျမ်း၌ကား ရေတွက်၍ ရနိုင်သော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ရေတွက်၍ မရသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတရားတို့ကို ဝေဖန်ပိုင်းခြား ဟောကြားတော်မူထားပါသည်။
စတုတ္ထမြောက် ပုဂ္ဂလပညတ္တိကျမ်းကိုကား ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတရားတို့တည်ရာ ပုဂ္ဂိုလ်အမျိုးမျိုးကို မြတ်စွာဘုရားသည် ဝေဖန်ပိုင်းခြား၍ ဟောကြားတော်မူထား၏။
ပဉ္စမမြောက် ကထာ၀တ္ထုကျမ်းကိုကား မြတ်စွာဘုရားရှင်း နည်းပေးထားချက်အရ တတိယသင်္ဂါယနာတင်ရာကာလ၌ အရှင်မောဂ္ဂလိပုတ္တတိဿထေရ်သည် အယူမှားတို့အား ဖြေရှင်းဟောကြားထားထားသည်ကို သဘောမျှ သိသာယုံဖော်ပြထားပါသည်။
ဆဋ္ဌမကျမ်း ယမိုက်ကျမ်းကိုလည်းကောင်း၊ သတ္တမကျမ်း ပဋ္ဌာန်းကျမ်းကိုလည်းကောင်း ဤကျမ်း၌ ယမိုက်သဘော၊ ပဋ္ဌာန်းသဘောမျှ သိသာရုံလောက်ကိုပင် ပဌမမဟာကုသိုလ်စိတ်ကို မူတည်ထား၍ ပြဆိုထား၏
ဤသို့ အကျဉ်းနည်းအားဖြင့် ဖော်ပြခြင်းသည်ပင် စာမျက်နှာတစ်ထောင်ကျော်ရှိလေရာ စိတ် ၈၉ပါး၊ စေတသိက် ၅၂ ပါး၊ ရုပ် ၂၈ ပါးလုံး ရေးလျှင်ကား ရေး၍ ပြီးနိုင်လိမ့်မည် မဟုတ်ပေ။
ထိုကြောင့် လောလောဆယ် ကျတော့်အနေဖြင့်လည်း ယမိုက်ကျမ်းကို စလေ့လာလိုသည်ဖြစ်၍ ယမိုက်ကျမ်းလာ မဟာကုသိုလ်ပဌမစိတ်အကြောင်းကို စတင်ရေးသားဖော်ပြလိုပါသည်။ ယမိုက်မှာသည်ပင်လျှင် ဒီကနေ့တော့ နိဒါန်းပိုင်းများသွားပြီဖြစ်၍ (ပကုစိတ်ကို မူလယမိုက် ကုသလပဒဖြင့် ဝေဖန်ပြဆိုခြင်း) အပိုင်း (၁) ပိုင်း ကိုသာ စတင်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ကုသလပဒဆိုတာဘာလည်းအယင် စလေ့လာရကြရအောင် --
၁။ ကုသလပဒ။ ။ ဤကုသလပဒ၌ ဟောအပ်သော တရားကို သိသင့်သေး၏။
၁။ ယေကေစိ ကုသလာ ဓမ္မာ = အလုံးစုံသော ကုသိုလ်မည်ကုန်သော တရားတို့သည် ရှိကုန်၏။ ဤအရ အလုံးစုံသော ကုသိုလ်တရားဟူသည် ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါး ဖြစ်လေ၏။
၂။ သဗ္ဗေ တေ ကုသလမူလာတိ = ထိုအလုံးစုံသော ကုသိုလ်တရားတို့သည် ကုသိုလ်မူလ မည်ကုန်သလော။ ကုသိုလ်မူလဟူသည် အလောဘ၊ အဒေါသ၊ အမောဟတည်း။
ဆိုလိုသည်ကား အပေါ်က နံပါတ် ၁ အရ ဖြစ်သော ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါးသည် ကုသိုလ်မူလ မည်သလား ဟူ၍ ပုစ္ဆာပြခြင်း ဖြစ်၏။ အပေါ်က နံပါတ် ၁ ကို အနုလောမ သန္နိဋ္ဌာန် ခေါ်၏။ အောက်က နံပါတ် ၂ ကို အနုလောမ သံသယ ဟူ၍ ခေါ်၏။
အပေါ်က နံပါတ် ၁ အရ၌ ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါး ရှိရာတွင် စေတသိက် ၃၈ ပါး၌ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်မူလတရား ၃ ပါး ပါဝါ၏။ ပုစ္ဆာအရ ယင်းကုသိုလ် မူလ ၃ ပါးသည်သာ ကုသိုလ်မူလ မည်၏။ ကျန်သော ကုသိုလ်စိတ် ၂၁ ပါးနှင့် စေတသိက် ၃၅ ပါးမှာ ကုသိုလ်သာ မည်၏။ ကုသိုလ်မူလ မမည်ပေ။
အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်မူလ ၃ ပါးသည် ကုသိုလ်လည်း မည်၏။ ကုသိုလ် မူလလည်း မည်၏ ဟု အဖြေပြုရလေသည်။
ယင်းအဖြေ ဝိဿ ဇ္ဇနာ ပါဠိမှာ ဤသို့ ဖြစ်လေသည်။
တိဏေ၀ ကုသလမူလာနိ = အလောဘ၊ အဒေါသ၊ အမောဟ ဟု ဆိုအပ်သော ကုသိုလ် မူလ သုံးခုတို့သည်သာလျှင် ကုသိုလ်မူလ မည်ကုန်၏။
အဝသေသာ ကုသလာဓမ္မာ နကုသလမူလာ = ကုသလမူ ၃ ခုတို့မှ ကြွင်းကုန်သော ကုသိုလ်စိတ် ၂၁ပါး၊ စေတသိက် ၃၅ ပါးတို့သည် ကုသိုလ်မူလ မမည်ကုန်။
ဤကား အနုလောမ သန္နိဋ္ဌာန်၊ သံသယ၊ ပုစ္ဆာ၊ ဝိဿဇ္ဇနာ အစုံတည်း။
၃။ ယေဝါ ပန ကုသလ မူလာ = အကြင်သို့ သဘောရှိသော အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်မူ ၃ ခုတို့သည် ရှိကုန်၏။ (ပဋိလောမ သန္နိဋ္ဌာန်)
၄။ သဗ္ဗေ တေ ဓမ္မာ ကုသလာတိ = ထိုအလုံးစုံသော ကုသိုလ်မူ ၃ ခုတို့သည် ကုသိုလ် မည်၏လော။ (ပဋိလောမ သံသယ ပုစ္ဆာ)
ဆိုလိုသည်ကား အလောဘ၊ အဒေါသ၊ အမောဟ ဟုဆိုအပ်သော ကုသိုလ်မူလ ၃ ခုတို့သည် ကုသိုလ်မည်၏လောဟု အမေးပုစ္ဆာပြုခြင်းဖြစ်သည်။
အဖြေ ဝိဿ ဇ္ဇနာ = အာမန္တာ = ကုသိုလ် မည်ပါသည်။
ဘုရားရှင်ဟောကြားတော်မူအပ်သော အစုံအစုံသော ယမိုက်သဘောကို ဤသို့ နားလည်းအောင် လေ့လာပါက ဉာဏ်ရွှင်ကာ နားလည်လာပါလိမ့်မည်။
ထိုသဘောအရ မဟာကုသိုလ် ပဌမစိတ်ကို မူလယမိုက် မူလဝါရ ကုသလပဒ မူလနယ မူလယမက ဖြင့် ဝေဖန်မှုပြုလျှင် ဤသို့ ဖြစ်ပေသည်။
မဟာကုသိုလ် ပဌမစိတ်၌ စေတသိက် ၃၈ ပါး ယှဉ်လေသည်။ ယင်းမဟာကုသိုလ် ပဌမစိတ်နှင့် စေတသိက် ၃၈ ပါးကို “ယေကေစိ ကုသလာ ဓမ္မာ” အရ ကုသိုလ်တရားဟူ၍ ခေါ်သည်။ ယင်းကုသိုလ်တရားသည် “သဗ္ဗေ တေ ကုသလမူလာ” အရ ကုသိုလ်မူလ မည်၏လော - ဟု အမေးပုစ္ဆာပြုသော် စေတသိက် ၃၈ ပါး၌ ပါ၀င်သော အလောဘ၊ အဒေါသ၊ အမောဟသည် ကုသိုလ်မည်သလို ကုသိုလ်မူလလည်း မည်သည်။ မဟာကုသိုလ် ပဌမစိတ်နှင့် ယင်းကုသိုလ်မူလ ၃ခု မှ တစ်ပါး ကျန်စေတသိက် ၃၅ ပါးတို့သည် ကုသိုလ်သာ မည်၏။ ကုသိုလ်မူလ မမည်ပေ -- ဟူ၍ သိမြင်နိုင်ကြပေသည်။
ထိုသဘောအရ ဒါန အစရှိသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ရာ၌ ဉာဏ်ယှဉ်၍ ပြုလုပ်လျှင် ယမိုက် သဘောအရ ထိုအချိန် ထိုကာလ၌ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ကုသိုလ်လည်ဖြစ်၊ ကုသိုလ်မူလလည်း ဖြစ်နေသဖြင့် အလွန်ကောင်းမြတ်သသော အချိန်ကာလဖြစ်သည်ကို သိမြင်နိုင်ကြပေသည်။
ဆက်ရန်
ပိဋကတ်သုံးပုံဆိုသည်မှာ ..
**************************
တစ်နေ့က မက်ဆင်ဂျာမှာ ဓမ္မမိတ်ဆွေတစ်ဦးကမေးလာတဲ့ အမေးလေး တစ်ခုပါ။ သူမေးထားတာက --
မင်္ဂလာပါအကို မြတ်စွာဘုရားရဲ့တရားတော်တွေကို စီစဉ်ထာပုံလေး သိချင်လို့ပါ။
ဓမ္မက္ခန္ဓာ ၈၄၀၀၀
နိကာယ် ၅ ရပ်
ပိဋကတ် ၃ ပုံ
အဲလိုသိထားပါတယ်။ အဓိပ္ပါယ်နှင့်တကွ အချိန်ရတဲ့အခါ ဖြေကြားပေးပါလို့ တောင်းဆိုပါရစေရှင် .. တဲ့။
********************************************
အဲဒီမှာ မေးခွန်းရှင်က နိကာယ် ၅ ရပ်က သပ်သပ် ၊ ပိဋကတ် ၃ ပုံ က သပ်သပ်လို့များ ယူဆထားသလား မသိဘူးလို့တွေးမိလို့ အဲဒါလေး နည်းနည်းရှင်းပြချင်ပါတယ်။ ပိဋကတ် ၃ ပုံကလွတ်သော တရား မရှိပါဘူး။ နိကာယ် ၅ ရပ်ဆိုတာ ပိဋကတ် ၃ ပုံထဲက သုတ္တန္တပိဋိကတ် ရည်ညွှန်းတာပါ။ အဲဒါလေးကို အစီအစဉ်တကျ ဖြစ်အောင် ရှင်းပြပါမယ်။
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းသယ်ဆောင်လာခဲ့သော ပိဋကများမှာ-
(က) ဝိနယ ပိဋက
(ခ) သုတ္တန္တ ပိဋက
(ဂ) အဘိဓမ္မ ပိဋက ဟူ၍ သုံးမျိုးရှိပါသည်။
နိကာယ် ၅ ရပ် ဆိုတာက သုတ္တန္တ ပိဋကတ်ထဲမှာပါပါတယ်။
( ၁ )ဒီဃနိကာယ် ၊
( ၂ ) မဇ္ဈိမနိကာယ် ၊
(၃)သံယုတ္တနိကာယ် ၊
( ၄ )အင်္ဂုတ္တရနိကာယ် ၊
( ၅ )ခုဒ္ဒကနိကာယ် လို့ ဖြစ်ပါတယ်။
အဘိဓမ္မာပိဋကမှာတော့ --
(၁) ဓမ္မသင်္ဂဏီ ၊
(၂) ဝိဘင်္ဂ ၊
(၃) ဓာတုကထာ ၊
(၄) ပုဂ္ဂလပညတ္တိ ၊
(၅) ကထာဝတ္ထု ၊
(၆) ယမက လို့ရှိပါတယ်။
အဲဒီမှာ --
(၁) ဝိနယ ပိဋကတော်က ၂၁၀၀၀၊
(၂) သုတ္တန္တ ပိဋကတော်က ၂၁၀၀၀၊
(၃) အဘိဓမ္မ ပိဋကတော်က ၄၂၀၀၀၊
ရှိတယ်လိုအရေအတွက်အားဖြင့်သိရပါတယ်။
ဒီလောက်ဆိုယင် အမေးရှင်ရဲ့အဖြေကို ဖြေပေးဖို့ အတော်အတန် လုံလောက်ပါပြီ။ ဒါပေမယ့် ဖြေလက်စနဲ့ မသိသေးသူတွေလည်း သိစေချင်တာကြောင့် နည်းနည်းလောက်ထပ်ပြီး အသေးစိတ် ရှင်းလင်းဖော်ပြပေးချင်ပါတယ်။
***********************
ပထမဦးဆုံး ဝိနယပိဋက ဆိုတာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရဟန်းမိန်းမများ အတွက် သတ်မှတ် ပညတ်ထားသော ကျင့်ဝတ်စည်းကမ်း၊ ဥပဒေများ ဖြစ်ပါတယ်။
ထို ဝိနယပိဋကကို (၅)ကျမ်းခွဲထားသည်။
(၁) ပါရာရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက် ရည်ညွှန်းထားသော သိက္ခာပုဒ်
(၂) ပါစိတ် ပါဠိတော် = ရဟန်းတော်များအတွက် သိက္ခာပုဒ် (၁၇၈)ပါး၊
(၃) မဟာဝါပါဠိတော် = သံဃာတော်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ လုပ်နည်း လုပ်ဟန်များကို အခန်း(၁၀၃) တို့ဖြင့် ဖော်ပြထားသည်။
(၄) စူဠဝါ ပါဠိတော် = သံဃာအဖွဲ့စည်းနှင့် ပတ်သက်သော စည်းမျဉ်း ဥပဒေတို့ကို အခန်းပေါင်း (၁၂)ခုတို့ဖြင့် ဖော်ပြထားသည်။
(၅) ပရိဝါ ပါဠိတော် = ဝိနည်း သိက္ခာပုဒ်တို့ကို ကျက်မှတ်လိုသူတို့အတွက် အကျဉ်း ချုပ်ပြူ စုထားသော ကျမ်းဖြစ်၏။
********************************************
သုတ္တန္တ ပိဋက ဆိုတာကတော့ မြတ်ဗုဒ္ဓ ရှေးဦးစွာ ဟောကြားတော်မူအပ်သော ဓမ္မစင်္ကြာတရားတော်မှ စ၍ နောက်ဆုံး ပရိနိဗ္ဗာန်ပြုုတော်မူခါနီး ဟောကြားတော်မူအပ်သော ဩဝါဒဒေသနာတော် အထိ (၄၅) နှစ်တို့ ပတ်လုံး ဟောကြားတော်မူခဲ့သည့် ဒေသနာတော် အမျိုးအစားများ ဖြစ်ပါတယ်။
ဤသုတ္တန္တ ပိဋကကို နိကာယ် ၅-ရပ်ဖြင့် ဖွှဲ့စည်းထားပါတယ်။
( ၁ )ဒီဃနိကာယ် = ရှည်လျားသော သုတ်တို့ကိုပေါင်းစည်းထားသောကြောင့်''ဒီဃနိကာယ်'' ဟုခေါ်၏။
ဒီဃနိကာယ် တွင်-
(၁) သီလက္ခန္ဓဝဂ္ဂ - ၁၃ သုတ်၊ (၂) မဟာဝဂ္ဂ - ၁ဝ သုတ်၊ (၃) ပါထိကဝဂ္ဂ - ၁၁ သုတ် တို့ပါဝင်ပြီး။
**************
( ၂ ) မဇ္ဈိမနိကာယ် = အလယ်အလတ်ဖြစ်သော သုတ်တို့ကို ပေါင်းစည်းထားသောကြောင့် ''မဇ္ဈိနိကာယ်'' ဟုခေါ်၏။
ထိုမဇ္ဈိမနိကာယ်တွင် -
*************
(၃)သံယုတ္တနိကယ် =ဒေသနာတော်နှင့်တူညီသောအချက်တစ်ခုကို မူထားစုစည်း ပေါင်းစပ် ထားသော သုတ်များ ကို ''သံယုတ္တနိကာယ်'' ဟုခေါ်ပါတယ်။
ထို သံယုတ္တနိကာယ်၌-
(၁) သဂါထာဝဂ် သံယုတ်ပေါင်း ၁၁ ၊ (၂) နိဒါနဝဂ် သံယုတ်ပေါင်း ၁ဝ ၊ (၃) ခန္ဓဝဂ် သံယုတ်ပေါင်း ၁၃ ၊
(၄) သဠာယတနဝဂ် သံယုတ်ပေါင်း ၁၂ ၊ (၅) မဟာဝဂ် သံယုတ်ပေါင်း ၁၂- ပါဝင်ပါသည်။
**************
( ၄ )အင်္ဂုတ္တရနိကာယ် =ဧကနိပါတ်မှ ဧကဒသကနိပါတ်တိုင်အောင်သော အပိုင်းငယ်နိပါတ် (၁၁)ခု၊
သုတ်ပေါင်း (၉၅၇)သုတ် ပါဝင်ပါတယ်။
**************
( ၅ )ခုဒ္ဒကနိကာယ် =ရှေးနိကာယ်လေးရပ်တို့မှ နောက်ထပ်ဖြစ်သော ခုဒ္ဒကပါဌစသည် ကျမ်းအစု ကို ခုဒ္ဒကနိကာယ် ဟုခေါ်ပါတယ်။
ထို ခုဒ္ဒကနိကာယ်၌
(၁) ခုဒ္ဒကပါဌ - တိုတောင်းသည့် အစု ၉-မျိုး၊
(၂) ဓမ္မပဒ - ဝဂ်ပေါင်း ၂၆၊ ဂါထာပေါင်း ၄၂၃၊
(၄) ဣတိဝုတ္တက - နိပါတ် ၄-ခု၊ သုတ်ပေါင်း ၁၂၀၊
(၅) သုတ္တနိပါတ - သုတ်ငယ်များ စုပေါင်းထားတာပါ။ ဝဂ် ၅-ခု၊ သုတ် ၅၄-နှင့် ပုစ္ဆာ ၆၁-ခုပါဝင်ပါသည်။
(၆) ဝိမာနဝတ္ထု - ဘုံနန်းဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထား၏။ ဝဂ် ၇- ခု၊ ဇာတ် ၈၃-ပုဒ် ပါဝင်သည်။
(၇) ပေတဝတ္ထု - ငရဲလောက၏ ဆင်းရဲတို့ကို ဖော်ပြထား၏။ ဝဂ်၄-ခု၊ ဝတ္ထုပုဒ်ပေါင်း ၅၀- ပါဝင်ပါသည်။
(၈) ထေရဂါထာ - မထေရ်ကြီး ၁၀၇-ပါး၏ အဆိုအမိန့်များကို နိပါတ် ၂၁-ခုဖြင့် ခွဲခြားဖော်ပြထားပါသည်။
(၉) ထေရီဂါထာ - ထေရီမယ် ၇၃-ပါးတို့၏ တင်ပြချက်များကို နိပါတ် ၁၆-ခု ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
(၁၀) ဇာတက - ဗုဒ္ဓဘုရားရှင်၏ ရှေးဖြစ်စဉ်တို့ကို ဖော်ပြထား၏။ အပိုင်းငယ် နိပါတ် ၂၂-ခု၊ဇာတ်ဝတ္ထုပေါင်း ၅၄၇-ဇာတ် ပါဝင်သည်။
(၁၁) မဟာနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ အဋ္ဌကဝဂ်၏ ဝေါဟာရအဓိပ္ပာယ်တို့ကို ထပ်မံဖွင့်ဆိုထားသည်။
(၁၂) စူဠနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ နောက်ဝဂ် ၃-ခုကို ထပ်မံ ချဲ့ဖွင့်ထားသည်။
(၁၃) ပဋိသမ္ဘိဒါမဂ္ဂ - ဓမ္မ၏ အခြေခံ အချက်တို့ကို သရုပ်ခွဲ၍ ဝေဖန်ပြသည်။ ကဏ္ဍကြီး ၃-ခုနှင့် ကဏ္ဍငယ် များစွာ ပါဝင်သည်။
ထို့ပြင် ကဏ္ဍ ၄-ခုတို့ဖြင့် ထေရီ ၄၀-တို့၏ ဘဝကိုလည်းကောင်း၊ နောက်ဆက်တွဲအဖြစ်ဗုဒ္ဓပဒါနနှင့် ပစ္စေကဗုဒ္ဓပဒါနတို့ကိုဆက်လက် ဖော်ပြထားပါသည်။
(၁၅) ဗုဒ္ဓဝံသ -ဘုရားရှင်တို့၏ ဘဝဖြစ်စဉ်ကို အစီအစဉ်ဖြင့် ဖော်ပြထား၏။ ထို့ပြင် ဗုဒ္ဓပကိဏ္ဏက ကဏ္ဍနှင့် ဓာတုဘာဇနိယ ကထာတို့ကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
(၁၆) စရိယာပိဋက - ဘုရားအလောင်းတော် ပါရမီ ဖြည့်ဆည်းခဲ့သည့် ဘဝတို့ကိုဖော်ပြသည်။ ဗုဒ္ဓ၏ ရှေးဘဝပေါင်း ၃၅-ခုသာ ပါဝင်ပါတယ်။
**************
အဘိဓမ္မာ ပိဋက ကတော့ ဝိနည်း၊ သုတ္တန်တို့ထက် လွန်ကဲ့သော သဘောတရားများ နက်နဲ သော သဘာဝဓမ္မများကို စုစည်းဖော်ပြထားသောကြောင့် ''အဘိဓမ္မာ ပိဋက''ဟု ခေါ်ခြင်းဖြစ်ပါတယ်။
အဘိဓမ္မာပိဋကသည် ကျမ်းအားဖြင့် (ရ)ကျမ်းရှိပါတယ်။
(၁) ဓမ္မသင်္ဂဏီ = အပိုင်းကြီးလေးပိုင်းခွဲလျက် သက်ရှိသက်မဲ့ အားလုံးတို့၏ ရုပ်နာမ် ဓမ္မတို့ကို ရေတွက်ပြသောကျမ်း၊
(၂) ဝိဘင်္ဂ=ဓမ္မတို့၏သဘောကို အဓိပ္ပါယ်ခွဲခြမ်းစိတ်ဖြာပြသောကျမ်းဖြစ်ပါတယ်။
(၃) ဓာတုကထာ= ပရမတ္ထတရား ဓာတ်သဘာဝတို့ကို ရှင်းလင်းဖော်ပြထားသောကျမ်းဖြစ်ပါတယ်။
(၄) ပုဂ္ဂလပညတ္တိ = ပုဂ္ဂိုလ်အမျိုးအစားအရေအတွက်ကို ပဓာနပြုဖော်ပြထားသောကျမ်းဖြစ်ပါတယ်။
(၅) ကထာဝတ္ထု =ဗုဒ္ဓဝါဒဂိုဏ်းကွဲများ၏ အယူဝါဒများကို စုပေါင်းတင်ပြထားသော အချေအတင် စကားဆိုခန်းများပါဝင်သောကျမ်းကိုခေါ်ပါတယ်။
ဝဂ်ပေါင်း (၂၃)ခုဖြင့် ထေရဝါဒမှသုုတ်ပေါင်း (၅၀၀)နှင့်ပရဝါဒမှသုတ်ပေါင်း(၅၀၀) တို့ကို နိုင်းယှဉ်ပြထားသည်။
(၆) ယမက =အဘိဓမ္မာတရားသဘောများ ဖြစ်တည်နေပုံကို မူလ, ခန္ဓ,အာယတန,ဓာတု ,သစ္စ , သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယ ဟူသော ယမက ၁၀-ပါး တို့ဖြင့် ဓမ္မတို့ကို အမေးအဖြေဝေဖန်ဆန်းစစ်၍ အစုံယှဉ်တွဲ ဖော်ပြထားသောကျမ်းဖြစ်ပါတယ်။
(ရ) ပဋ္ဌာန =ဓမ္မအနုလောမစသည်တို့၌ တိကပဋ္ဌာနစသော ပဋ္ဌာန်း၆-ပါးတို့ ဖြင့်ပွား အပ်သည် ဖြစ်၍ ၂၄ ပါးသော ပဋ္ဌာန်းတရားတို့၏ သဘာဝဓမ္မတို့၏ကြောင်းကျိုးဆက်နွယ်ပုံပြများကိုပြသောကျမ်းဖြစ်ပါသည်။
အကျယ်ဝန်းဆုံးတရားတော်ဖြစ်ပါတယ်။
စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌ သင်္ဂါယနာတင်ပွဲတို့၌ ေပစာ၊ ေကျာက်စာ၊ စက္ကူစာတို့ဖြင့် ေရးထိုးမှတ် တမ်း တင်ခဲ့ကြရာတွင် --
စတုတ္ထ သင်္ဂါယနာ ပေရွက်ရေ = ၆၃၄၅ - ရွက်
ပဉ္စ သင်္ဂါယနာ ကျောက်စာရေ = ၇၂၉ - ချပ်
ဆဋ္ဌ သင်္ဂါယနာ စာအုပ်ရေ = ၄ဝ - အုပ်
စာရွက်ရေ = ၆၅၄ရ - ရွက်
စာမျက်နှာ = ၁၃၀၉၄ - မျက်နှာ
စာကြောင်းရေ = ၄၀၄၀၇ဝ - ကြောင်း ရှိတယ်လို့ဆိုပါတယ်။
ထိုတွင် ဆဋ္ဌသင်္ဂါယနာမှ မှတ်တမ်းပြုရာ၌ ''ဆဋ္ဌမူ'' ခေါ်စာအုပ်များဖြင့် အောက်ပါအတိုင်း ခွဲခြား၍
ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
ကျမ်းအမည် - ကျမ်းရေ စာအုပ်ရေ
ဝိနည်း - ၅၅ ၊ ဒီဃနိကာယ် - ၃၃ ၊ မဇ္ဈိမနိကာယ် - ၃၃ ၊ သံယုတ္တနိကာယ် - ၅၃ ၊ အင်္ဂုတ္တရနိကာယ် - ၁၁၃ ၊
ခုဒ္ဒကနိကာယ် - ၁၉၁၁ ၊ အဘိဓမ္မာ - ၇၁၂ … စုစုပေါင်း ၅၃၄၀ ဖြစ်ပြီး။
ပိဋကသုံးပုံလုံး၌ ပါဝင်သော အက္ခရာလုံးရေးမှာ - ၁၁၀၂၁၇၅၀(တစ်ကုဋေ တစ်သန်း နှစ်သောင်း တစ်ထောင် ခုနစ်ရာ ငါးဆယ်) ရှိတယ်လို့ဆိုပါတယ်။ ဒါက မှတ်တမ်းတင်ထားမှုကို ဗဟုသုတအနေဖြင့် သိသာယုံ တင်ပြပေးခြင်းသာဖြစ်ပါတယ်။
တကယ်တော့ ဘာလို့ ဓမ္မက္ခန္ဓာလို့ခေါ်တာလဲဆိုရင် ဥပမာ ခန္ဓာငါးပါးဆိုတာ အစုငါးပါးပါ။ ရူပက္ခန္ဓာ၊ ေဝဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ-ရုပ်အစု ေဝဒနာအစု သညာအစု သင်္ခါရအစု ဝိညာဏအစုဆိုပြီး သူ့အစုလိုက်အစုလိုက်ရှိသလို တရားအစုတစ်ခုကို ဓမ္မက္ခန္ဓာတစ်ခု ြဖစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။
မေတ္တာဖြင့်
TNO (27.8.2018)
ကမ္မဋ္ဌာန်း ၂ မျိုး
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ ဒေသနာတော်၌ သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်း ဟူ၍ နှစ်မျိုးရှိသည်။ ဤကျမ်း၌ သမထကမ္မဋ္ဌာန်းတရားကိုသာလျှင် ဖွင့်ပြပါမည်။
ကမ္မဋ္ဌာန်းဟူသောအဓိပ္ပါယ်
ကမ္မဋ္ဌာန်းဟူသည်မှ အလုပ်သာလျှင် တည်ရာဖြစ်၏။ ထို့ကြောင့် (ကမ္မဋ္ဌာန) ကမ္မဌာန်းမည်၏။ တနည်းအားဖြင့် ဘာ၀နာလုပ်ငန်း၏ တည်ရာဖြစ်၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းမည်၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းဟုခေါ်သည်။
သမထဟူသောအဓိပ္ပါယ်
ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာတည်းဟူသော (စျာန်၏) ဆန့်ကျင်ဘက်နိ၀ရဏတရားတို့ကို ငြိမ်းအေးစေတတ်၏။ ထို့ကြောင့် သမထမည်၏။
သမာဓိဟူသောအဓိပ္ပါယ်
စိတ်နှင့်ယှဥ်တတ် စေတသိက်တရားတို့ကို ကသိုဏ်းစသည့် တစ်ခုတည်းသော အာရုံ၌ မဖောက်မပြန် အညီအညွတ်ထားခြင်းသည် သမာဓိမည်၏။ တနည်းအားဖြင့် ကသိုဏ်းစသည့် အာရုံတခုခု၌ စိတ်ကို တပြိုင်နက် စုစည်း၍ ထားသောကြောင့် တည်ငြိမ်သော စိတ်ဖြစ်ပေါ်လာသည်။ယင်းတည်ငြိမ်မှုကို သမာဓိဟုခေါ်သည်။
မည်သည့်အာရုံ၌မဆို စိတ်အစဉ် စူးစိုက်နေသောကြောင့် ဖြစ်ပေါ်လာသော စိတ်တည်ငြိမ်မှုကို သမာဓိဟုခေါ်သည်။ သို့သော် ကောင်းသောအာရုံ၊ မကောင်းသော အာရုံဟူ၍ ရှိရာ ကောင်းသော အာရုံ၌ စူးစိုက်၍ ဖြစ်ပေါ်လာသော တည်ငြိမ်မှုကိုသာလျှင် (မှန်ကန်သော တည်ငြိမ်မှုဖြစ်၍) အလိုရှိအပ်သည်။
သမာဓိသည် သမ္ပယုတ်(စေတသိက်)တို့ကို အာရုံအမျိုးမျိုးသို့ မပျံ့လွင့်စေခြင်း လက္ခဏာရှိသည်။ အာရုံအမျိုးမျိုးတို့ ပျံ့လွင့်စေတတ်သော ဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ (ရသ) ရှိသည်။ ဥဒ္ဓစ္စကို ဖျက်ဆီးနိုင်စွမ်းသော အစွမ်းသတ္တိနှင့်ပြည့်စုံသော ဂုဏ်ရှိသည်။ မတုန်မလှုပ်သောအားဖြင့် ဉာဏ်၌ရှေ့ရှုထင်ခြင်းရှိသည်။ သုခသည် သမာဓိ၏ နီးစွာသော အကြောင်းရှိသည်။
ဝိသေသလက္ခဏာကို လိုက်၍ခွဲလျှင် ဥပစာသမာဓိ၊ အပ္ပနာသမာဓိ၊ လောကီသမာဓိ၊ လောကုတ္တရာသမာဓိ၊ ပရိတ္တသမာဓိ၊ မဟဂ္ဂသမာဓိ၊ အပ္ပမာဏသမာဓိဟူ၍ များစွာရှိသည်။ လိုရင်းအားဖြင့် လောကီသမာဓိ၊ လောကုတ္တရာသမာဓိဟူ၍ နှစ်ပါးသာတည်း။
ဤသမထကမ္မဋ္ဌာန်း၌ လောကီသမာဓိသာ လိုရင်းဖြစ်သည်။ သမထဘာဝနာ ဝိပဿနာ ဘာဝနာဟူ၍ နှစ်ပါး၊ သမထယာနိက၊ ဝိပဿနာယာနိကဟူ၍ နှစ်ပါးရှိရာတွင် ဤကျမ်း၌ သမထဘာဝနာ၊ သမထယာနိကသာလိုရင်းဖြစ်သည်။
သမထကမ္မဋ္ဌာန်းသည် သမာဓိတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးသက်သက် ဖြစ်သည်။ ဤနေရာ၌ လောကီနှင့် လောကုတ္တရာသမာဓိတည်ဆောက်ပုံချင်း ကွဲထွက်သွားပုံကို နှလုံးသွင်းထားရန်လိုသည်။
သမထဘာဝနာဟူသည်မှာ သမာဓိအလုပ်သက်သက် ဖြစ်သည်။ ဝိပဿနာ ဘာဝနာသည် သတိအလုပ်သက်သက် ဖြစ်သည်။
လောကီသမာဓိ တည်ဆောက်ရေးလုပ်ငန်း၌ သမထကမ္မဋ္ဌာန်းကြီးလေးဆယ်လုံး ပဓာနအရင်းခံဖြစ်သည်။
လောကုတ္တရာ သမာဓိတည်ဆောက်ရေး၌ သတိပဌာန်တရားလေးပါးသည် ပဓာနအရင်းခံ ဖြစ်သည်။ တရားကိုယ်အားဖြင့် လောကုတ္တရာစိတ်ရှစ်ခု၌ရှိသော သတိစေတသိက်တစ်ခုသာတည်း။
ထို့ကြောင့် သမထကမ္မဋ္ဌာန်းသည် သမာဓိတည်ဆောက်ရေး လုပ်ငန်းသက်သက်၊ ဝိပဿနာကမ္မဋ္ဌာန်းသည် သတိတည်ဆောက်ရေး လုပ်ငန်းသက်သက်ဖြစ်သည်။ သို့သော် သတိသည် လုပ်ငန်း နှစ်ရပ်စလုံး၌ ယှဉ်သည်။
ထို့ကြောင့် သမထနှင့် ဝိပဿနာတို့ကို ဤနေရာ၌ကွဲပြားအောင် ခွဲခြားနှလုံးသွင်းထားရန်လိုသည်။ သို့မှသာ ကမ္မဋ္ဌာန်း နှစ်ရပ်တို့ ထွေးရောယှက်တင် မရှိဘဲ လက်တွေ့လုပ်ဆောင်ရာ၌ လွယ်ကူစေနိုင်သည်။
သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းတို့သည် ဘုရားရဟန္တာစသည့် အရိယာအရှင်မြတ်တို့ အစဉ်မှီဝဲအပ်သော ဥစ္စာရတနာဖြစ်၍ ပေါ့ပေါ့တန်တန် သဘောထားခြင်း၊ စားသောက်ကောင်းရုံ၊ သံသရာခရီးသွားကောင်းရုံ အားထုတ်ခြင်းမျိုး မဖြစ်သင့်။
ဘာဝနာဟူသည်မှာ ပွားခြင်း၊ ပွားများခြင်းပင်ဖြစ်၏။ သမထကိုပွားလျှင် သမထဘာဝနာမည်၏။ ဝိပဿနာကိုပွားလျှင် ဝိပဿနာဘာဝနာမည်၏။
အခြေခံသဘောအားဖြင့် ကမ္မဋ္ဌာန်းလေးဆယ်၊ ဝိပဿနာဆယ်ပါး၊ မည်သည့်အရာကို ပွားပွား ဘာဝနာဖြစ်သည်။ ဆိုလိုသည်မှာ ပွားများအောင် အားထုတ်မှသာ ဘာဝနာဟုခေါ်နိုင်သည်။ ပွားများလာအောင် အားထုတ်ခြင်း မရှိလျှင် ဘာဝနာဟု မခေါ်ဆိုနိုင်။
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ ဘာဝနာ အလုပ်စခန်းတို့သည် အလွန် သိမ်မွေ့ခက်ခဲနက်နဲသောကြောင့် သာမာန်ပုဂ္ဂိုလ်တို့အတွက် ရည်ရွယ်၍ ဟောတော်မူခဲ့ခြင်းမဟုတ်။ တနည်းအားဖြင့် ခပ်သိမ်းသော သတ္တဝါတို့အတွက် ဟောတော်မူခဲ့ခြင်းမဟုတ်။ အမှန်စင်စစ်ကျွတ်ထိုက်သော ဝေနေယျသတ္တဝါ တိဟိတ်ကလျာဏပုထုဇဉ်မဟာအာဇာနည် တို့အတွက် ရည်ညွှန်ထားခဲ့ခြင်းသာလျှင်ဖြစ်သည်။
ပကတိအားဖြင့် တိဟိတ်ပဋိသန္ဓေဖြစ်၍ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါး၌ ညွှတ်နူးသော စိတ်ရှိသော ပုဂ္ဂိုလ်၊ သီလစင်ကြယ်၍ ခိုင်မြဲသော ပုဂ္ဂိုလ်တို့မှသာလျှင် ဘာဝနာအလုပ်စခန်း၌ အဟုတ်ပေါက်ရောက်နိုင်မည်ဖြစ်ပေသည်။
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ ဘာဝနာအလုပ်စခန်းကို အားထုတ်လိုသော ယောဂီတို့သည် စင်ကြယ်သော သီလ၊ ခိုင်မြဲသော သီလ ရှိရမည်။ သီလဟူသည်၌ ယုတ်စွအဆုံး ငါးပါးသီလကို အသက်ထက်ဆုံး ဆောက်တည်ထားသူဖြစ်ရမည်။ ယင်းသို့သော သီလရှိသူတို့မှသာလျှင် ဤကမ္မဋ္ဌာန်းအလုပ်စခန်းကြီးကို အားထုတ်သင့်ပေသည်။
Thein Naing Ohn (10.9.2021)
ပရမတ်ရုပ်နာမ်ရဲ့ သဘာဝလက္ခဏာကို မမြင်ရင် ပညတ်အနေနဲ့ ပြောင်းပြီး မြင်ပါတယ်။ ဥပမာ - အဆင်းနဲ့ စက္ခုပသာဒနဲ့ တိုက်ဆုံတဲ့အခါ မြင်သိစိတ် ဖြစ်လာတယ်။ မြင်သိစိတ် ဖြစ်လာတာကို မသိလိုက်ရင် သူမြင်တယ်၊ ငါမြင်တယ်ဆိုတဲ့ ဥပါဒါန်တွေဖြစ်လာတယ်။ အဲဒီလို ပညတ်အဖြစ် ပြောင်းမမြင်မီ၊ ဥပါဒါန်နဲ့ မစွဲလမ်းမီ ဖြစ်ဆဲဖြစ်ခိုက် သိအောင် လုပ်ရတာ။
++++++
တရားအားထုတ်နေတဲ့ယောဂီဟာ သဘောထားမှန်ဖို့လိုပါတယ်။ အာရုံပေါ်မှာ ကျေနပ်တဲ့သဘောလည်း မထားမိဖို့ အရေးကြီးတယ်။ အဲဒီလို ထားနိုင်ရင် ဒေါသစွန်းလည်းမငြိဘူး၊ လောဘစွန်းလည်း မငြိဘူး။ သမမျှတတဲ့ စိတ်ကလေးနဲ့ အေးအေးချမ်းချမ်း ရှုမှတ်နိုင်ပါတယ်။ အဲဒီလို လောဘစွန်း၊ ဒေါသစွန်းက လွတ်နေတာကိုပဲ မဇ္စျိမပဋိပဒါလို့ ခေါ်ပါတယ်။ မာလုကျပုတ္တကို ဘုရားရှင်ဟောသလိုပေါ့။
ယောဂီဟာ ဘယ်အချိန်မှာ အဲဒီအစွန်းနှစ်ပါးနဲ့ တွေ့ရတတ်လည်းဆိုယင် “သတိလွတ်သွားတိုင်း ဖြစ်တတ်ပါတယ်။ သတိလွတ်သွားတဲ့အခါ ပညတ်ကိုနှလုံးသွင်းမိပြီး ဒီအစွန်းတွေပေါ်လာတာပါ။ ပရမတ်ရဲ့ သဘာဝက အကောင်းလည်းမဟုတ်ဘူး၊ အဆိုးလည်းမဟုတ်ဘူး။ နှစ်သက်စရာလည်းမဟုတ်ဘူး၊ မနှစ်သက်စရာလည်း မဟုတ်ဘူး။ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာပဲ။
ကိလေသာဟာ ဘယ်လောက်ထိသိမ်မွေ့လည်းဆိုရင် ငါတရားအားထုတ်လို့ကောင်းလိုက်တာလို့ စိတ်ကလေးဖြစ်သွားရင်တောင် လောဘကိလေသာဖြစ်သွားပါပြီ။ သဠာယတနသံယုတ်၊ ပဟာနသုတ်မှာ “ဖြစ်ပျက်ကိုရှုသော ဥပေက္ခာရှုချက်ကိုသော်လည်း ရှုကောင်းချက်ဖြင့် နှစ်သက်တတ်သေး၏။ ထိုဖြစ်ပျက်ကို နှစ်သက်စွာ ရှုသောယောဂီသည် ဆင်းရဲသံသရာမှ မလွတ်” လို့ ဟောထားပါတယ်။
အာရုံနဲ့ပတ်သက်လို့ တစ်ချို့ကျတော့ တရားထိုင်ရင်း တစ်ခါတစ်ရံမှာ ဗုဒ္ဓရုပ်ပွားတော်တွေ၊ စေတီတော်တွေ ဖူးတွေ့ရတတ်ပါတယ်။ အဲဒီအခါလည်း ကျေနပ်နှစ်သက်မှုတွေ၊ ဝမ်းမြောက်မှုတွေ ဖြစ်တတ်ပါတယ်။
အဲဒါကိုတော့ “ရတနာမြတ်သုံးပါးစတဲ့ ကောင်းမြတ်တဲ့အာရုံကြောင့် ကြည်ညိုခြင်း၊ ဝမ်းမြောက်ခြင်းစတဲ့ သဒ္ဓါပီတိတို့ဖြစ်နေတဲ့အချိန်မှာ တဏှာလောဘ မယှဥ်ပါဘူး။ ဒါကြောင့် သူ့ကိုတော့ ကာမသုခလ္လိကာအစွန်းလို့ မခေါ်နိုင်ပါဘူး။
ဒါပေမယ့် အာရုံအားဖြင့် ပုံသဏ္ဍာန် အထည်ဒြပ်ဖြစ်နေတဲ့အတွက် ပညတ်နိမိတ်အာရုံသာ ဖြစ်ပါတယ်။ ပညတ်မှန်ရင် ဘယ်ပညတ်အာရုံပဲဖြစ်ဖြစ် ဝိပဿနာဉာဏ်ရဲ့ အတားအဆီးဖြစ်ပါတယ်။ ဒါကြောင့် ပေါ်လာရင် ပေါ်လာတယ်လို့ သိပြီးတဲ့နောက် ဆက်ပြီး နှလုံးမသွင်းပါနဲ့။ ဆက်ပြီးနှလုံးသွင်းရင် ဝိပဿနာမဟုတ်တော့ဘဲ သမထဘက်ကို ရောက်သွားပါလိမ့်မယ်။
“ဗုဒ္ဓါနုဿတိကို ပွားချင်ရင် ဝိပဿနာအားမထုတ်ခင် သီးသန့်ပွားပေးပါ။ စိတ်ကြည်လင်ပြီးး ဝိပဿနာအတွက် သတိ၊ သမာဓိ မြန်မြန်ရလွယ်ပါမယ်။ နောက် ဝိပဿနာအားထုတ်လို့ စိတ်တွေပင်ပန်းနွမ်းနယ်လာတဲ့ အခါမှာလည်း ဗုဒ္ဓါနုဿတိကို သီးသန့်ပွားပေးပါ။ နွမ်းနယ်နေတဲ့စိတ်တွေ ပြန်ပြီး ကြည်လင်လန်းဆန်းပြီး အင်သစ်အားသစ်တွေ ဖြစ်လာပါလိမ့်မယ်”
++++++++++
တရားထိုင်ရင်း နာကျင်ကိုက်ခဲမှုတွေပေါ်လာရင်တော့ နာကျင်ကိုက်ခဲမှုတွေကို ရှုနည်း နှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက ဘာဝနာကို မထိခိုက်စေဘဲ သည်းခံနိုင်ခဲ့ရင် အဲဒီနာကျင်ကိုက်ခဲမှုကို တိုက်ရိုက်ရှုပါ။ နာတယ်ဆိုတာဘာလဲ၊ နာမှုသဘောကို မြင်အောင်ကြည့်ပါ။
“နာကျင်မှုကြောင့် ခန္ဓာမှာ ပြောင်းလဲချက်တွေကို လေ့လာကြည့်ပါ။ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ တိုးလာရင်ဘယ်လို၊ လျော့သွားရင် ဘယ်လို ဒီသဘောတွေကို မြင်အောင် ကြည့်ရပါတယ်။
“ကျမ်းဂန်တွေမှာတော့ အဲဒီနာကျင်ကိုက်ခဲမှုဆိုတဲ့ ရုပ်သဘာဝဖောက်ပြန်ပုံကို ရှုတဲ့အခါ သူစိမ်းလူမမာတစ်ယောက်လို သဘောထားပြီး ကြည့်ပါလို့ ညွှန်ပြထားပါတယ်။ ကိုယ်နဲ့မသက်ဆိုင်သလို သဘောထားဖို့ ပြောတာပါ။
ကိုယ်က ပြင်ပလူတစ်ယောက်အနေနဲ့ကြည့်ပါ။ ဆွေမျိုးမတော်တဲ့ သူစိမ်းလူမမာကို ဆရာဝန်က စစ်ဆေးနေတဲ့သဘောမျိုးနဲ့ နာကျင်မှုရဲ့ ဖြစ်ပုံပျက်ပုံ အကြောင်းအကျိုးကို သိမြင်အောင် ကြည့်ရမှာ ဖြစ်ပါတယ်။
“ဒုတိယနည်းကတော့ ခွာရှုတဲ့နည်းပါပဲ။ နာကျင်ကိုက်ခဲမှုဒဏ်ကို မခံသာဘူးဆိုရင် အဲဒီနာကျင်မှုကို နှလုံးမသွင်းဘဲ ကိုယ်ရှုနေကျအာရုံကိုပဲ ရှုမှတ်နေရပါတယ်။ နှလုံးမသွင်းဘဲ ကိုယ်ရှုနေကျအာရုံကိုပဲ ရှုမှတ်နေရပါတယ်။ နှလုံးမသွင်းဘဲနေတာကိုပဲ ခွာရှုတယ်လို့ခေါ်ပါတယ်။ အဲဒီလိုခွာရှုလို့မှ မခံသာအောင် ဖြစ်လာပြီး ဘာဝနာအလုပ်ကို အနှောင့်အယှက်ဖြစ်လာရင်တော့ နေရာပြင်လိုက်ပါ”
“တစ်ချို့က နေရာပြင်လိုက်ရင် သမာဓိ မရနိုင်ဘူးလို့ ယူဆတာတွေရှိသလို နေရာမပြင်ဘဲ ပေပြီးရှုရင် အတ္တကိလမထ ဖြစ်တယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။”
“နေရာပြင်ရင် သမာဓိမရဘူးဆိုတဲ့ အယူအဆက သမထအားထုတ်တဲ့ ယောဂီအတွက်တော့ မှန်ပါလိမ့်မယ်။ ဝိပဿနာယောဂီအတွက်တော့ မမှန်ပါဘူး။ ဝိပဿနာယောဂီဟာ သတိမလွတ်စေဘဲ နေရာပြင်လို့ရပါတယ်။ ဝိပဿနာယောဂီအတွက် အဓိကအချက်က ကိလေသာဖြစ်-မဖြစ်ကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။”
“အဘိဓမ္မာ ဝိဘင်းအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ၊ မူလပဏ္ဏာသဋ္ဌကထာ၊ မဟာဝဂ္ဂသံယုတ္တဋ္ဌကထာ စတဲ့ အဋ္ဌကထာများက တစ်ညီတစ်ညွတ်ထဲ မိန့်ဆိုထားတာကတော့ -
“ခြေလက်တို့ကို ကြာမြင့်စွာ ကွေးထားလျှင်သော်လည်းကောင်း၊ ဆန့်ထားလျှင်သော်လည်းကောင်း -
“ခဏတိုင်းခဏတိုင်း တစ်ချိန်ထက်တစ်ချိန် ဒုက္ခဝေဒနာတွေ ဖြစ်လာမယ်။
“တည်ကြည်မှုသမာဓိကို မရနိုင်၊
“မူလကမ္မဋ္ဌာန်းမှ လျှောကျမည်၊
“တရားထူးကို မရနိုင်” လို အပြစ်လေးချက် ပြထားပါတယ်။
“မခံသာလောက်အောင် နာကျင်မှုဖြစ်နေပါလျက် နေရာမပြင်ဘဲထားရင် ဒေါမနဿဖြစ်ပြီး အတ္တကိလမထနုရောဂအစွန်းကို ရောက်သွားမှာ သေချာပါတယ်။
“ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ လက်တွေ့လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ဟောတဲ့ဒေသနာတိုင်းမှာ ဒီလောဘစွန်း၊ ဒေါသစွန်းကို ပယ်ဖို့၊ မဖြစ်အောင် နှလုံးသွင်းဖို့ ထည့်သွင်းဟောကြားလေ့ရှိတာ တွေ့ရတယ်။
“ဓမ္မစကြာသုတ်မှာ အစွန်းနှစ်ပါးကို တိုက်ရိုက်ပြပြီး ဟောတယ်။ မာလုကျပုတ္တ၊ ဒါရုစီရိယတို့ကို ဟောတော့ နှလုံးမသွင်းမိအောင် ဟောတယ်။ မဟာသတိပဋ္ဌာနသုတ္တန်မှာတော့ “ဝိနေယျလောကေ အဘိဇ္ဈဒေါမနဿံ” လို့ အစွန်းလွတ်အောင်ရှောင်ဖို့၊ ပယ်ဖို့ညွှန်ပြပြီး ဟောပါတယ်။
“ဘာကြောင့် အဲဒီလို ဟောရသလဲဆိုတော့ ဝိပဿနာလုပ်ငန်း သဘာဝအရ ကိလေသာလုံးဝပါလို့ မရလို့ပါပဲ။”
ပျံ့လွင့်မှုဆိုတဲ့ ဥဒ္ဓစ္စ၊ ထိုင်းမှိုင်းခြင်းဆိုတဲ့ ထိနမိဒ္ဓကို အရဟတ္တမဂ်ဉာဏ်နဲ့ ပယ်သတ်နိုင်ပါတယ်။ ဒါကြောင့် ရဟန္တာမဖြစ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ တရားအားထုတ်ရင်း ထိုင်းမှိုင်းတာ၊ ပျံ့လွင့်တာတွေ ရှိတတ်ပါတယ်။ အဲဒီတရားတွေကို ရန်သူပဲ၊ အနှောက်အယှက်ပဲလို့ သဘောမထားဘဲနဲ့ ရှုစရာအာရုံတွေလို့ သဘောထားဖို့ လိုပါတယ်။ ရန်သူလို့သဘောထားရင်၊ အနှောက်အယှက်ပဲလို့ သဘောထားလိုက်ရင် တကယ်ပဲ နှောက်ယှက်ပါလိမ့်မယ်။ တကယ်လည်း ရန်ပြုပါလိမ့်မယ်။
“ဘာဖြစ်လို့လည်းဆိုတော့ နဂိုကထဲက မလိုလားတဲ့ သဘောထားကြီးက ကိုယ့်မှာ ရှိနှင့်နေလို့ပါပဲ။ ရှုစရာအာရုံတွေလို့ သဘောထားမယ်ဆိုရင်တော့ သူတို့ဖြစ်လာမှာလည်း မစိုးရိမ်ဘူး၊ ဖြစ်လာရင်လည်း ကြည်ကြည်သာသာ အလိုက်သင့်ကလေး သိနေလိုက်တာနဲ့ ငြိမ်းချမ်းတဲ့ စိတ်ကလေးက အနေအထားမပျက် ဆက်ပြီး ရှိနေပါလိမ့်မယ်။
မေတ္တာဖြင့်
Thein Naing Ohn (14.9.2021)
မှတ်ချက်။ ။ တစ်နေ့က Online ဝိပဿနာဆွေးနွေးပွဲတရားဝိုင်းလေးမှ ဓမ္မမိတ်ဆွေများ ကြုံတွေ့နေရသော အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြရာမှာ တွေ့ကြုံနေရတဲ့ အခြေအနေလေးများကို သတိပြုမိပြီး အကြံပြုရေးသားအပ်ပါသည်။
၄၅ နှစ် (၄၅ ဝါ) အတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူသည့် တရားစကားတော်များကို၎င်း၊ ထို ၄၅ နှစ် အတွင်း၌ဖြစ်စေ ထို့နောက်မှာဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို၎င်း၊ ပါဠိတော်(စကားတော်အစဥ်)ဟု ခေါ်ဝေါ်ကြသည်။
ထိုပါဠိတော်(စကားတော်အစဥ်)တို့ကို သံဂါယနာတင်မှုပြုတော်မူကြသည့် အရှင်မြတ်တို့က
၁။ ဝိမုတ္တိရသအားဖြင့် --- ၁
၂။ ဓမ္မဝိနယအားဖြင့် --- ၂
၃။ ဝစနအားဖြင့် --- ၃
၄။ ပိဋကအားဖြင့် --- ၃
၅။ နိကာယ်အားဖြင့် --- ၅
၆။ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ - ဟု ပိုင်းခြား သတ်မှတ်ထားတော်မူခဲ့ကြသည်။
ထို ၆ မျိုးတို့တွင် ပိဋကသုံးပုံနှင့် နိကာယ်ငါးရပ်အကြောင်း ပို့စ်တင်နိုင်ရုံအကျဥ်းချုံး၍ ရေးသားဖော်ပြပါမည်။
နိကာယ်ငါးရပ်
“နိကာယ်” ဟူသောစကားမှာ ‘နိကာယ’ ဟူသော ပါဠိစကားပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ‘အပေါင်းအစု’ ဟု ဆိုလိုပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစု ငါးစု ပြု၍ ထားခဲ့သည်ကို ‘နိကာယ်ငါးရပ်’ ဟု ခေါ်ပါသည်။
ထို ‘နိကာယ်ငါးရပ်’ တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ဒီဃနိကာယ = ရှည်သောသုတ်များကို စုပေါင်းထားခြင်း၊
(၂) မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း၊
(၃) သံယုတ္တနိကာယ = တရားသဘောအားဖြင့်၎င်း၊ ဟောကြားချက်အားဖြင့်၎င်း တူသည်ဖြစ်၍ ယှဥ်တွဲသင့်သည့် သုတ်တို့ကို ယှဥ်တွဲ၍ စုပေါင်းထားခြင်း၊
(၄) အင်္ဂုတ္တရနိကာယ = အင်္ဂါတခုစ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း၊ (တနည်းဆိုသော်) တပါး, နှစ်ပါး, သုံးပါး စသည်ဖြင့် ၁၁ မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန်ပိုမို ပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း၊
(၅) ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်း၊
ဤသို့အာားဖြင့် အစုနိကာယ်ပေါင်း ငါးခုရှိလေသည်။ ထိုနိကာယ်ငါးရပ်ကို ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, ခုဒ္ဒကနိကာယ်ဟု ခေါ်ဝေါ်ပါသည်။
နိကာယ်ငါးရပ်နှင့် ပိဋကသုံးပုံ ဆက်သွယ်ပုံ
မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်အားလုံးကို နိကာယ်အရ ပိုင်းခြားလျှင် အထက်၌ ပြခဲ့သည့်အတိုင်း ငါးစုဖြစ်၍ ပိဋကအရ ခွဲခြားလျှင် သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူ၍ သုံးစုဖြစ်လေသည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့် ပါဠိတော်ကျမ်းရင်းမှာ ၅၂ ကျမ်း ဖြစ်သည်။
ကျမ်းပေါင်း ၅၂ တို့မှာ -
(၁) ဒီဃနိကာယ် ------------- ၃ ကျမ်း (၃ အုပ်)
(၂) မဇ္ဈိမနိကာယ် ------------ ၃ ကျမ်း (၃ အုပ်)
(၃) သံယုတ္တနိကာယ် -------- ၅ ကျမ်း (၃ အုပ်)
(၄) အင်္ဂုတ္တရနိကာယ် ------ ၁၁ ကျမ်း (၃ အုပ်)
(၅) ခုဒ္ဒကနိကာယ် --------- ၃၀ ကျမ်း (၂၈ အုပ်)
(က) ဝိနည်း ၅ ကျမ်း ----------- (၅ အုပ်)
(ခ) အဘိဓမ္မာ ၇ ကျမ်း --------- (၁၂ အုပ်)
(ဂ) သုတ္တန် ၁၈ ကျမ်း ---------- (၁၁ အုပ်)
ပေါင်း ကျမ်း ၅၂၊ စာအုပ် ၄၀ ဖြစ်ပါသည်။
မဇ္ဈိမနိကာယ ၃ ကျမ်းလာ ၁၅၂ သုတ်တို့ကား - ဒီဃနိကာယ်လာသုံးဖြာသော သီလတို့နှင့် တန်းဆာဆင်အပ်ပြီး၍ သီလသမ္ပဒါဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် အရိယာသာဝကတို့သည် ဤမည် ဤမည်သော နည်းလမ်းဥပါယ်ဖြင့် သမာဓိသိက္ခာ, သမာဓိဘာဝနာကို ကျင့်ဖြည့်နိုင်ကြစေရန် မြှော်ကိုး၍ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သည့် သုတ်တော်များချည်း ဖြစ်သဖြင့် ဗုဒ္ဓသာသနာတွင် အထူးပင် အရေးပါသော တရားများ ဖြစ်ပေသည်။
၃။ သံယုတ္တနိကာယ
ဤနိကာယ်၌ ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သမျှ စကားတော်များမှ ပုဂ္ဂိုလ်အားဖြင့်၎င်း၊ တရားအားဖြင့်၎င်း၊ သဘောအားဖြင့်၎င်း တူသောသုတ်တို့ကို သံဂါယနာတင်ဆရာတို့က ပူးပေါင်း ဖော်ပြတော်မူခဲ့ကြလေသည်။
အချုပ်အားဖြင့် သံယုတ် ငါးကျမ်း ရှိလေသည်။ ၎င်းတို့မှာ --
(၁) သဂါထာဝဂ္ဂသံယုတ်
(၂) နိဒါနဝဂ္ဂသံယုတ်
(၃) ခန္ဓဝဂ္ဂသံယုတ်
(၄) သဠာယတနဝဂ္ဂသံယုတ်
(၅) မဟာဝဂ္ဂသံယုတ် ဟူ၍ဖြစ်ပေသည်။
ဗုဒ္ဓတရားတော်များကို ကြည့်ရှုရာ၌ ဤသံယုတ္တနိကာယ်မှာ တရားအဘိဓာန်ကြီးသဖွယ် ဖြစ်သဖြင့် အလွန်ကျေနပ်အားရဖွယ်ကောင်းလှပေသည်။
၄။ အင်္ဂုတ္တရနိကာယ
၁ ပါးကစ၍ ၁၁ ပါးအထိ အင်္ဂါတခုစီ ကျော်လွန်ပိုမိုဖော်ပြထားရာ ဗုဒ္ဓဘုရား၏ စကားတော်ပေါင်း ၁၁ မျိုး (၁၁ ကျမ်း) တို့ကို အင်္ဂုတ္တရနိကာယဟု ခေါ်ပါသည်။
ဗုဒ္ဓဘာသာဆိုင်ရာ ရှေးခေတ်စွယ်စုံကျမ်းဟု ခေါ်နိုင်ပေသည်။
ဗုဒ္ဓမြတ်စွာသည် လေးဆယ့်ငါးဝါကာလပတ်လုံး တရားတော်များကို ဟောတော်မူခဲ့ရာ၌ သရုပ်သဘောဖြင့် ဟောတော်မူခဲ့သမျှ တရားဓမ္မတော်များကို သရုပ်အစဉ်အတိုင်း စုပေါင်း ဖော်ပြထားသဖြင့် ဗုဒ္ဓဝါဒသရုပ်ပြ ဒေသနာကျမ်းတော်ကြီးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒသရုပ်ပြဒေသနာများကို လေ့လာလိုကြသူတိုင်း ဤအင်္ဂုတ္တိုရ်ကျမ်းကြီးများကို လက်မလွှတ်သင့်ပေ။
၅။ ခုဒ္ဒကနိကာယ
ကျမ်းအရေအတွက်အများဆုံးနှင့် တရားသဘောအစုံဆုံးပါရှိသော နိကာယ်မှာ ခုဒ္ဒကနိကာယ်ပင် ဖြစ်၏။ ယင်းခုဒ္ဒကနိကာယ၌ သင်ရိုးပိဋကတ် ၃ ပုံအနက် ဝိနယပိဋကနှင့် အဘိဓမ္မပိဋကဟူသော သင်ရိုးပိဋက ၂ ပုံ ပါဝင်လေသည်။ (၎င်းပိဋက ၂ ပုံတွင် ဒီဃနိကာယ် ၃ ကျမ်းဟူသော သုတ္တန္တပိဋကကိုထည့်၍ သင်ရိုးပိဋကတ် ၃ ပုံဟု ခေါ်လေ့ရှိကြသည်။
ခုဒ္ဒကနိကာယ်ကိုပင် အမှတ်လွယ်စေရန် (က) ဝိနကပိဋက၊ (ခ) အဘိဓမ္မပိဋက၊ (ဂ) သုတ္တန္တပိဋက ဟူ၍ ၃ မျိုး ခွဲနိုင်ပေသေးသည်။
(က) ခုဒ္ဒကနိကာယဝိနယပိဋက ၌
(၁) ပါရာဇိက = ပါရာဇိကကဏ္ဍ = ပါရာဇိကဏ်
(၂) ပါစိတ္တိယ = ပါစိတ်
(၃) မဟာဝဂ္ဂ = ဝိနည်းမဟာဝါ
(၄) စူဠဝဂ္ဂ = စူဠဝါ
(၅) ပရိဝါရ = ပရိဝါ ဟူ၍ ငါးကျမ်း ရှိသည်။ ဤကျမ်းများကို ဝိနည်း ငါးကျမ်းဟု ခေါ်လေ့ရှိကြသည်။
(ခ) ခုဒ္ဒကနိကာယအဘိဓမ္မပိဋက ၌
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်္ဂ = ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ္တိ = ပုဂ္ဂလပညတ်
(၅) ကထာဝတ္ထု
(၆) ယမက = ယမိုက်
(၇) ပဋ္ဌာန = ပဋ္ဌာန်း ဟူသော ခုနှစ်ကျမ်းပါရှိလေသည်။ အဘိဓမ္မာ ၇ ကျမ်း ဟု ခေါ်လေ့ရှိကြသည်။
(ဂ) ခုဒ္ဒကနိကာယ-သုတ္တန္တပိဋက ၌
(၁) ခုဒ္ဒကပါဌ
(၂) ဓမ္မပါဒ
(၃) ဥဒါန = ဥဒါန်း
(၄) ဣတိဝုတ္တက = ဣတိဝုတ်
(၅) သုတ္တနိပါတ = သုတ္တနိပါတ်
(၆) ဝိမာနဝတ္ထု
(၇) ပေတဝတ္ထု
(၈) ထေရဂါထာ
(၉) ထေရီဂါထာ
(၁၀) အပဒါန = အပဒါန်
(၁၁) ဗုဒ္ဓဝံသ = ဗုဒ္ဓဝင်
(၁၂) စရိယာပိဋက
(၁၃) ဇာတက = ငါးရာ့ငါးဆယ်ဇာတ်
(၁၄) မဟာနိဒ္ဒေသ-စူဠနိဒ္ဒေသ
(၁၅) ပဋိသမ္ဘိဒါမဂ္ဂ = ပဋိသမ္ဘိဒါမဂ်
(၁၆) မိလိန္ဒပဥှာ
(၁၇) နေတ္တိ
(၁၈) ပေဋကောပဒေသ ကျမ်းတို့ဖြစ်ပါသည်။
ဤကား ဘုရားရှင်၏ တရားတော်များနှင့် အချို့သော သာဝကဘာသိတ ဒေသနာများကို အပေါင်းအစု ငါးမျိုးဖြင့် ဝေဘန်ထားရာ ဗုဒ္ဓစာပေများအကြောင်းကို ရိပ်မိနိုင်ရန် အကျဉ်းတင်ပြလိုက်ရခြင်းပင်ဖြစ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(23.9.2021)
မှတ်ချက်။ ။ ပိဋကတ်ပါဠိတော် မြန်မာပြန်ကျမ်းများ၏ အဆီအနှစ်အရသာကို ဖော်ထုတ်သည့် မိတ်ဆက်စာတမ်းဖြစ်သော ပါဠိတော်မြန်မာပြန်ကျမ်းများ ၏ ကျမ်းဦးမှတ်ဖွယ်များ မှ ထုတ်နှုတ်ဖော်ပြပါသည်။
၁။ မဏိသာရမဉ္ဇူသာဋီကာ
၂။ ပရမတ္ထဒီပနီဋီကာ
၃။ သင်္ဂြိုဟ်ဘာသာဋီကာ တို့၌ -
အာဝဇ္ဇန်း ဒွေ ကို ယောနိသော မနသိကာရ ,အယောနိသော မနသိကာရ ဟုခေါ်သည်ဟု ဆိုပါသည်။ ယောနိသော မနသိကာရ , အယောနိသော မနသိကာရတို့အရကို-အာဝဇ္ဇန်းဒွေကို ကောက်ထားပါသည်။
သို့သော် -
၁။ ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော် နှင့် ၎င်း အဋ္ဌကထာ
၂။ ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ
၃။ ဧကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် နှင့် ၎င်း အဋ္ဌကထာ
၄။ ဧကနိပါတ် အင်္ဂုတ္တိုရ်ဋီကာ
၅။ သုတ်မဟာဝါဋီကာ
၆။ မူလပဏ္ဏာသဋီကာ တို့၌ကား - အာဝဇ္ဇန်း ဒွေ ကို ယောနိသောမနသိကာရ အယောနိသောမနသိကာရမဆိုလိုကြောင်း။
ယောနိသောမနသိကာရ , အယောနိသောမနသိကာရတို့၏ အရကို - အာဝဇ္ဇန်းဒွေ ကို မကောက်ယူနိုင်ကြောင်း ။
ယောနိသော မနသိကာရ , အယောနိသော မနသိကာရ တို့၏အရကို - မနောဒွါရိက ကုသိုလ်ဇော အကုသိုလ်ဇော များကို ကောက်ယူကြောင်း ဖွင့်ဆိုကြပြန်ကုန်၏။
+++++++++++++
တတ္ထ ကတမော အယောနိသောမနသိကာရော၊အနိစ္စေ နိစ္စန္တိ အယောနိသော မနသိကာရော၊ဒုက္ခေ သုခ န္တိ အယောနိသော မနသိကာရော၊အနတ္တနိ အတ္တာ တိ အယောနိသော မနသိကာရော၊အသုဘေ သုဘန္တိ အယောနိသော မနသိကာရော၊
သစ္စာဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာအာဘောဂေါ သမန္နာဟာရော မနသိကာရော၊အယံ ဝုစ္စတိ အယောနိသောမနသိကာရော ။(ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်/ နှာ ၃၈၇ - ၃၈၈)
👉 အယောနိသော မနသိကာရဆိုတာ ?
=================
အနိစ္စ ဒုက္ခ အနတ္တ အသုဘဖြစ်သောတရားတို့၌ နိစ္စ သုခ အတ္တ သုဘဟူ၍ လွဲမှားဖောက်ပြန်စွာ နှလုံးသွင်းခြင်း သဘောတရားကို … (ဝါ) ယင်းသို့ လွဲမှားဖောက်ပြန်စွနှလုံးသွင်းသော မနောဒွါရိက အကုသိုလ်ဇော ဟူသော သဘောတရားကို အယောနိသော မနသိကာရ ဟု ခေါ်ပါသည်။
သို့မဟုတ် …
သစ္စာလေးပါးကို သိသောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း သဘောတရားကို … (ဝါ) ယင်းသို့ နှလုံးသွင်းသော မနောဒွါရိက အကုသိုလ်ဇော ဟူသောသဘောတရားကို အယောနိသော မနသိကာရ ဟု ခေါ်ပါသည်။
# ဤ၌ အယောနိသောမနသိကာရ ၏ အရကို -မနောဒွါရိက အကုသိုလ်ဇော ကို ကောက်ပါသည်။
👉 ယောနိသော မနသိကာရ ဆိုတာ ?
==================
အယောနိသောမနသိကာရ ၏ ဆန့်ကျင်ဘက်သည်ယောနိသော မနသိကာရ ဖြစ်ပါသည်။
အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဖြစါသော သဘောတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တ အသုဘဟူ၍ နည်းမှန်းလမ်းမှန် နှလုံးသွင်းခြင်းဟူသော ဝိပဿနာတရားကို …(ဝါ) ယင်းသို့ နည်းမှန်လမ်းမှန် နှလုံးသွင်းသော မနောဒွါရိက ကုသိုလ်ဇော ဟူသောသဘောတရားကိုယောနိသော မနသိကာရ ဟု ခေါ်ပါသည်။
သို့မဟုတ် …
သစ္စာလေးပါးကိုသိသောဉာဏ်အား လျော်ကန်သင့်မြတ်သော နှလုံးသွင်းခြင်းသဘောတရားကို … (ဝါ) ယင်းသို့ နှလုံးသွင်းသော မနောဒွါရိက ကုသိုလ်ဇော ဟူသောသဘောတရားကို ယောနိသောမနသိကာရ ဟု ခေါ်ပါသည်။
# ဤ၌ ယောနိသော မနသိကာရ၏ အရကို -မနောဒွါရိက ကုသိုလ်ဇော ကို ကောက်ပါသည်။
👉 အာဝဇ္ဇန်း ဒွေ ဖြစ်သင့် / မဖြစ်သင့် ?
==================
ဤနေရာဝယ် ဝီထိတစ်ခု၌ စိတ္တက္ခဏတချက်မျှ (တကြိမ်မျှ) ဖြင့် ချုပ်ပျောက်သွားသော အာဝဇ္ဇန်း ဒွေ ကိုအယောနိသော မနသိကာရ အဖြစ်ဖြင့် … ( အနိစ္စ ကို နိစ္စစသည်ဖြင့် နှလုံးသွင်းသောတရားအဖြစ်ဖြင့်) ဋီကာတို့၌ ထည့်သွင်းဖွင့်ဆိုတော်မမူကြပေ။
ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်ဝယ် အယောနိသော မနသိကာရ၏ သရုပ်သဘောကို -
`` အာဝဇ္ဇနာ အနွာဝဇ္ဇနာ ´´ ဟူ၍ အာဝဇ္ဇန်းဒွေး နာမည်ဖြင့် သုံးနှုန်ဟောကြားထားသော်လည်း အာဝဇ္ဇန်းဒွေးကိုဆိုလိုသည် မဟုတ်ပေ။
အာဝဇ္ဇနာတိ အာဒိနာ အာဝဇ္ဇနာယ ပစ္စယဘူတော တတော ပရိမုပ္ပန္နာ မနောဒွါရိက အကုသလဇဝန ပဝတ္တိဖလ ဝေါဟာရေန တထာ ဝုတ္တာ၊ တဿာ ဟိ ဝသေနသာအကုသလပဝတ္တိယာ ဥပနိဿယော ဟောတိ။
(သုတ်မဟာဝါဋီကာ/ဇနဝသဘသုတ်/၂၁၂)
(မူလပဏ္ဏာသဋီကာ/ သဗ္ဗာသဝသုတ်၁၄၉ )
(ဧကနိပါတ်အင်္ဂုတ္တိုရ်ဋီကာ/ ၇၅)
အာဝဇ္ဇန်း၏ ရှေ့ကဖြစ်နှင့်၍အာဝဇ္ဇန်း၏ အကြောင်းဖြစ်သော မဒွေါရိက အကုသိုလ်ဇောကို ဖလူပစာရ အားဖြင့် `` အာဝဇ္ဇနာ အနွာဝဇ္ဇနာ ´´ဟူ၍ ဟောတော်မူပါ၏။
မှန်၏ …… ထိုမနောဒွါရိက အကုသိုလ်ဇော၏ အစွမ်းကြောင့် ထိုအာဝဇ္ဇန်းသည် မိမိ၏နောက်က အကုသိုလ်ဇောဖြစ်ခြင်း၏ လွန်ကဲသောမှီရာ အကြောင်းဥပနိဿယဖြစ်လေသည်။
အယောနိသော မနသိကာရဟေတုကတ္တာ အာဝဇ္ဇနာယအကုသလာနုကူလကိစ္စတာ ဒဋ္ဌဗ္ဗော။
( ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ/ ၂၂၁)
အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ ကြောင့်ဖြစ်ရ၏။ ထို့ကြောင့် - အာဝဇ္ဇန်းကို အကုသိုလ်နှင့် သင့်လျော်အောင် အာရုံကိုဆင်ခြင်းခြင်းကိစ္စရှိသော တရားအဖြစ် သိမှတ်ထိုက်၏။
ဤသုတ်မဟာဝါဋီကာ/ မူလမဏ္ဏာသဋီကာ/ ဧကနိပါတ်အင်္ဂုတ္တိုရ်ဋီကာ/ ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ အဖွင့်များဖြင့် -
ဤနေရာ၌ အာဝဇ္ဇန်းဒွေကို ယောနိသော မနသိကာရအယောနိသော မနသိကာရ ဟု မဆိုလိုကြောင်းကို သိနိုင် ပါ၏။ ။
ဤဋီကာအဖွင့်တို့အရဆိုလျှင် အာဝဇ္ဇန်းဒွေ မဖြစ်သင့်။အာဝဇ္ဇန်းဒွေ ဟု ဆိုနိုင်ဖွယ် အထောက်ထားများ
++++++++++++++++++++++++++++++++++++++++++++++++++++++
ယောနိသောမနသိကာရ အယောနိသောမနသိကာရဟူသည် အာဝဇ္ဇန်းဒွေပင် ဖြစ်ပါသည် ဟု တိုက်ရိုက်အားဖြင့် အတိအလင်း ဖွင့်ဆိုထားသည်ကို မတွေ့ပေ။
ထိုသို့ တိုက်ရိုက်အားဖြင့် အတိအလင်း ဖွင့်ဆိုထားသည်ကို မတွေ့ရသော်လည်း အာဝဇ္ဇန်းဒွေ ဖြစ်သည်ဟု ယူဆရသော ယူဆနိုင်သော စကားအရိပ်အမြွတ်အထောက်အထားများကိုကား -
အဋ္ဌသာလိနီအဋ္ဌကထာ/ စျာနဝိဘင်းမူလဋီကာ/ အနုဋီကာများ၌ တွေ့ရပေသည်တွေ့ရပုံမှာ -
အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေနယောနိသော ဝဝတ္ထပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိအဋ္ဌာနမေတံ။ (အဋ္ဌသာလိနီအဋ္ဌကထာ/ နှာ - ၃၁၇)
အာဝဇ္ဇန်းက ကုသိုလ်ဇော စောစေနိုင်သော အကြောင်းမှန် နည်းလမ်းမှန်သောအားဖြင့် ဘဝင်ကို ပြန်လည်စေခဲ့ပါလျှင် - ဝုဋ္ဌောက ကုသိုလ်ဇော စောစေနိုင်သော အကြောင်းမှန်နည်းလမ်းမှန်သောအားဖြင့် ဆုံးဖြတ်ချက်ချခဲ့ပါလျှင် - အကုသိုလ်ဇော စောရန် အကြောင်းမရှိပေ။
ဤအဋ္ဌကထာ၌ အာဝဋ္ဋိတေ ဟူသောပါဌ်ကို ကြည့်၍-အာဝဋ္ဋန ဟူသောစကားနှင့် အာဝဇ္ဇန မနသိကာရ ဟူသောစကားတို့သည် အနက်အဓိပ္ပါယ်အားဖြင့် အတူတူပင်ဖြစ်သည်ဟု ဆိုနိုင်၏။
အာဝဋ္ဋန = ပြန်လည်စေခြင်း
အာဝဇ္ဇန = ဆင်ခြင်ခြင်း
မနသိကာရ = နှလုံးသွင်းခြင်း
အဓိပ္ပါယ်တူပုံမှာ -
ဘဝင်၏ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံ အဟောင်းကို လက်လွှတ်၍ အသစ်ထင်ပေါ်လာသော အာရုံကို - အာဝဇ္ဇန်းက ဆင်ခြင်လိုက်ခြင်းကြောင့် ဘဝင်စိတ်သည် ဆက်လက်မဖြစ်နိုင်တာ့ဘဲ ရပ်တန့်သွား၏။
(ပြန်လည် ဆုတ်နစ်သွား၏)
ထိုဖြစ်ပုံသဘောကို ကြည့်၍ အာဝဇ္ဇန ကို အာဝဋ္ဋန ဟုခေါ်နိုင်၏။ ( အာရုံအသစ်ကို ဆင်ခြင်ခြင်းကို ဘဝင်ကို ပြန်လည်စေခြင်း ဟု ခေါ်နိုင်၏ ဟု ဆိုလိုပါသည်)
ယင်းသို့ ခေါ်ဆိုနိုင်ခြင်းကြောင့် အာဝဇ္ဇနပုဒ် နှင့် အာဝဋ္ဋန ပုဒ်တို့ ဆိုလိုရင်းအနက်အဓိပ္ပါယ် တူသည်ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။
ထို့နောက်တဖန် -
ယင်းသို့ အာရုံသစ်ကို ဆင်ခြင်ရာ၌ (ယင်းသို့ ဘဝင်ကိုပြန်လည်စေရာ၌) အာဝဇ္ဇန်းက ကုသိုလ်ဖြစ်အောင် ဆင်ခြင်ခြင်းကို (အာဝဇ္ဇန်းက ကုသိုလ်ဖြစ်အောင်ပြန်လည်စေခြင်းကို)
ယောနိသော အာဝဋ္ယောနိသော အာဝဇ္ဇနယောနိသော မနသိကာရ ဟု ခေါ်ဆိုနိုင်၍ -
အာဝဇ္ဇန်းက အကုသိုလ်ဖြစ်အောင် ဆင်ခြင်ခြင်းကို -
အယောနိသော အာဝဋ္ဋန
အယောနိသော အာဝဇ္ဇန
အယောနိသော မနသိကာရ ဟု ခေါ်နိုင်၏။
ဤနည်းဖြင့် ယောနိသော အာဝဋ္ဋန ဟူသောနာမည်ပညတ် နှင့် ယောနိသော မနသိကာရ ဟူသော နာမည်ပညတ်သည် အနက်အဓိပ္ပါယ်တူသည်ဟု ဆိုနိုင်၏။
တတ္ထ ဟိ အာဝဇ္ဇနာဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။
( စျာနဝိဘင်းမူလဋီကာ / ၁၈၁)
တတ္ထ ဟီတိအာဒိနာ ပဉ္စဝိညာဏဝီထိယံ ပုရေတရံ ပဝတ္တအယောနိသောမနသိကာကာရဝသေန အာဝဇ္ဇနာဒီနံ အယောနိသောအာဝဇ္ဇနာဒိနာ ဣဋ္ဌာဒိအာရမ္မဏေလောဘာဒိပဝတ္တိမတ္တံ ဟောတိ။
(စျာနဝိဘင်း အနုဋီကာ/ ၁၄၈)
ရှေ့ပိုင်းကဖြစ်ခဲ့သော အယောနိသောမနသိကာရမည်သော အကုသိုလ်ဇောကြောင့် ပဉ္စဝိညာဏဝီထိ၌ အာဝဇ္ဇန်း နှင့် ဝုဋ္ဌောတို့သည် ကုသိုလ်ဖြစ်ရန် မလျော်ကန်ဖောက်ပြန်သော အကြောင်းနည်းလမ်းအားဖြင့် ဆင်ခြင်မှု ဆုံးဖြတ်မှု ပြုလုပ်ကြသည့်အတွက် ဣဋ္ဌာရုံ၌လောဘဇောဖြစ်ရုံမျှဖြစ်၍ အနိဋ္ဌာရုံ၌ ဒေါသဇော စောရုံမျှ ဖြစ်သည်။
(ပဉ္စဝိညာဏဝီထိအခိုက်ဖြစ်သောကြောင့် ပြင်းထန်သော လောဘ ဒေါသ မဖြစ်ဟု ဆိုလိုပါသည်)
ဤ စျာနဝိဘင်းမူလဋီကာ/ အနုဋီကာများသည်လည်းအာဝဇ္ဇန်းကို အယောနိသော မနသိကာရ ဟု ဆိုလိုသည်
ဟု ယူဆနိုင်ပါသည်။
ဤသို့လျင် အရာဌာနအားလျော်စွာ- ယောနိသောမနသိကာရ အယောနိသောမနသိကာရတို့၏အရကောက် တရားကိုယ်အယူအဆကား နာနာဝါဒဖြစ်သတည်း။
မိမိတို့ ကြိုက်နှစ်သက်ရာကိုသာ ယူပါလေ။
အကိုး ~~~
အင်္ဂုတ္တိုရ်ပါဠိတော် နိဿယ စတုတ္ထတွဲ မှ
ထုတ်နှုတ်ရေးသားအပ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူနိုင်ကြပါစေ။
Credti: တိမ်တမာန် ( မန္တလေး)
============================================
မှတ်ချက်။ ။ ပြန်လည်ကူးယူဖော်ပြပါသည်။
Thein Naing Ohn(28.9.2021)
============================================
ရောထွေးနေတတ်တဲ့အဘိဓမ္မာအကြောင်းအရာလေးတွေကိုရှင်ဂင်္ဂါနဲ့စပ်မိပြီးအဘိဓမ္မသင်တန်းမှာလဲပြောခဲ့ပါတယ်။ ဒါကိုပဲသိပ်မရှင်းလှသေးလို့စာနဲ့ရေးပြပါဦးဆိုလို့ရေးလိုက်ပါမယ်။
ရှင်းပြမှပိုရှုတ်သွားတယ်ဆိုရင်တော့ သင်တန်းဆရာနဲ့သာကြည့်ရှင်းကြပါလို့ ကြိုတင်သတိပေးလိုက်ပါတယ်။
ပထမဆုံးရောထွေးနေတတ်တာက "မနသိကာရစေတသိက်"နဲ့ ယောနိသောမနသိကာရ,
အယောနိသောမနသိကာရ"တို့ပါပဲ။
("မနသိ=စိတ်ကိုအာရုံပေါ်ရောက်အောင်,
(အာရုံကိုစိတ်ပေါ်ရောက်လာအောင်)
ကရော=ပြုတတ်တဲ့တရား"လို့အဓိပ္ပါယ်ရပါတယ်။)
ဒီကိစ္စရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အတွက် "မနသိကာရသုံးမျိုးကိုအရင်သိထားရပါလိမ့်မယ်။
မနသိကာက
(၁)"ဝီထိပဋိပါဒကမနသိကာရ= 'ဝီထိစိတ်'ကိုဖြစ်ပေါ်အောင်ပြုပေးတတ်တဲ့(အာရုံငါးပါးကိုဆင်ခြင်ပေးတတ်တဲ့)"ပဉ္ဒွါရာဝဇ္ဇန်း"စိတ်။
(၂)"ဇဝနပဋိပါဒကမနသိကာရ= ဇောအစဉ်ကိုဖြစ်ပေါ်အောင်ပြုပေးတတ်တဲ့ 'ဇော'ရဲ့ရှေ့က
"မနောဒွရာဝဇ္ဇန်း"စိတ်။
(ယောနိသောမနသိကာရ,
အယောနိသောမနသိကာရ"ဆိုတာ
ဒီစိတ်နှစ်ခုကိုခေါ်တာ။)
(၃)အာရမ္မဏပဋိပါဒက=စိတ်မှာအာရုံပေါ်လာအောင်ပြုပေးတတ်တဲ့ "မနသိကာရစေတသိက်"လို့
သုံးမျိုးရှိပါတယ်။
ဒီလောက်ပြောရင်ပဲ "မနသိကာရ"ဆိုတာက "သဗ္ဗစိတ္တသာဓာရဏစေတသိက်ပါ(၇)တဲ့"စေတသိက်တရား"ဖြစ်တယ်။
"ယောနိသောမနသိကာရ,အယောနိသောမနသိကာရ"ဆိုတာက သင်္ဂြိုဟ်မှာ"အာဝဇ္ဇန်းဒွေး"ခေါ်တဲ့
စိတ်နှစ်ခုဖြစ်တယ်ဆိုတာသဘောပေါက်လောက်ပါပြီ။
သူတိုရဲ့လုပ်ဆောင်ပုံလေးတွေနဲ့ ထူးခြားပုံကိုနဲနဲလေ့လာကြည့်ပါမယ်။
'စိတ်'ဆိုတာအာရုံကိုသိတတ်တဲ့သဘောဆိုပေမယ့် စိတ်ချည်း(ဝိညာဏက္ခန္ဓာ)သက်သက်နဲ့ဖြစ်နိုင်,သိနိုင်စွမ်းမရှိပါဘူး။ "နာမက္ခန္ဓာလေးပါး"စုံတွဲပြီးသာဖြစ်နိုင်တာပါ။ နာမက္ခန္ဓာလေးပါးအင်္ဂါစုံဖိုအတွက် အာရုံသိစိတ်မဟုတ်သေးတဲ့ အနိမ့်ဆုံး'သက်စောင့်(ဘဝင်)စိတ်'ကလေး တစ်ခုတစ်ခုမှာပဲ
၁+ယှဉ်ဘက်စိတ်,စေတသိက်တရားတွေကို အာရုံနဲ့တွေ့ထိပေးတတ်တဲ့"ဖဿ"။
၂+အာရုံရဲ့ရသကောင်း,ဆိုး,လတ်တို့ကိုခံစားတတ်တဲ့"ဝေဒနာ"။
၃+အာရုံကိုညိုဖြူ,ပိန်ဝ,နိမ့်မြင့်စသည် မှတ်သားတတ်တဲ့"သညာ"။
၄+အာရုံနဲ့တွေ့တဲ့ခါယှဉ်ဘက်စိတ်စေတသိက်တို့ကို ဆိုင်ရာကိစ္စတွေလုပ်ဆောင်လာအောင်စေ့ဆော်ပေးတတ်တဲ့"စေတနာ"။
၅+အာရုံတစ်ခုတည်းမှာသာကျရောက် ငြိမ်သက်နေစေတဲ့'သမာဓိ'ခေါ် "ဧကဂ္ဂတာ"။
၆+အတူဖြစ်ဘက်နာမ်တရားတွေ သက်တမ်းပြည့်တည်နိုင်အောင် စိုးရစောင့်ရှောက်တဲ့"ဇီဝိတိန္ဒြေ"။
၇+စိတ်ကိုအာရုံပေါ်ရောက်အောင်, အာရုံကိုစိတ်ပေါ်ရောက်အောင်ပြုပေးတတ်တဲ့ "မနသိကာရ"ဆိုတဲ့
စေတသိက်(စိတ်မှီတရား)(၇)ခုတို့ ပူးပေါင်းပါဝင်ပေးရပါတယ်။
ဒါမှ"နာမက္ခန္ဓာလေးပါး"ပြည့်ပြီး "အာရုံကိုသိမှု"ပီပြင်ပြည့်စုံတာပါ။
စိတ်ဟူသမျှမှာဒီစေတသိက်(၇)ခုကမပါမပြီး အမြဲယှဉ်ပြီးရှိနေတယ်ဆိုပေမယ့်..
"အိပ်ပျော်နေစဉ် သက်ရှိဘဝအင်္ဂပြည့်ရုံသာ ဖြစ်ပေးနေရတဲ့'ဘဝင်စိတ်'အခိုက်မှာတော့
ဒီစေတသိက်(၇)ခုတို့ဟာ တာဝန်အထူးမရှိတဲ့ ညစောင့်ကင်းသမားလိုပဲ'ခပ်ငိုက်ငိုက်'နဲ့
မှိန်းနေကြပုံပါပဲ။
အာရုံသိစိတ်ငါးစုံ(ဒွေပဉ္စဝိညာဉ်)တို့ ဖြစ်ခါနီး ဆိုင်ရာဒွါရနဲ့ဆိုင်ရာအာရုံတို့တိုက်ဆုံမိချိန်မှာတော့-
ဒီစေတသိက်(၇)ခုတို့နိုးကြားပြီး အသင့်အနေအထားရှိပေးရပါတယ်။
အဲဒါကိုသင်္ဂြိုဟ်ကျမ်းအဖွင်များမှာ-
၁+ဆိုင်ရာပသာဒရှိခြင်း၊
၂+ဆိုရာအာရုံရှေးရှုတိုက်ဆုံခြင်း၊
၃+အလင်းရောင်,ဟင်းလင်းအာကာသ စတဲ့အထောက်အကူရခြင်း၊
၄+နှလုံးသွင်းမှု"မနသီကာရ"ရှိခြင်းလို့ အင်္ဂါလေးရပ်အနက်က
နံပါတ်(၄)"စိတ်ရဲ့နိုးကြားနှလုံးသွင်းမှု မနသိကာရ"ဆိုတဲ့စေ တသိက်ပါပဲ။
ပဓာနကျလို့"မနသီကာရ"လို့ခေါင်းစဉ်တပ်လိုက်ပေမယ့် "သဗ္ဗစိတ္တသာဓာရဏစေတသိက်"(၇)ပါးလုံးကိုယ့်တာဝန်ကိုယ်ကျေဖို့ အသင့်အနေအထားရှိနေခြင်းပါပဲ။
ဒီမနသိကာရက"စိတ်ကလေးသူ့အလုပ်သူလုပ်ဖို့" အသင့်အနေအထားရှိနေအောင်နိုးဆော်ရုံပါပဲ။
နောက်ဆက်တွဲမြင်သိစိတ်စသည်ဖြစ်ဖို့က သူ့တာဝန်မဟုတ်တော့ပါဘူး။
ဒါ့ကြောင့်ဒီစေတသိက်ဖြစ်တဲ့"မနသိကာရ"ဆိုတာ မြင်သိကြားသိစသည်ဖြစ်နိုင်ရေးအတွက်
လိုက်ကာကားဆွဲအဆင့်ပါပဲ။ ကျန်တဲ့ဇာတ်လမ်းနဲ့ဘာမှမဆိုင်တော့ပါဘူး။
နောက်ဆက်တွဲဇာတ်လမ်းမှာ မျက်စေ့နဲ့အဆင်းတို့တွေ့ဆုံတဲ့ဇာတ်လမ်းဆိုပါစို့..
သူ(သူတို့အုပ်စု)ကအသင့်ဖြစ်ပေးနေတဲ့အတွက် မျက်စေ့နဲ့အဆင်းတွေ့ထိမှုဖဿဖြစ်တယ်။
ပြီးရင်တော့ ဝီထိစိတ်အစဉ်တွေမှာဆိုတဲ့အတိုင်း..
၁၊ဘဝင်တစ်ချက်လွန်သွားတယ်၊(အတီတဘွင်၊)
၂၊ဘဝင်လှုပ်သွားတယ်၊(ဘဝင်္ဂစလန၊)
၃၊ဘဝင်အစဉ်ရပ်သွားတယ်၊(ဘဝင်္ဂုပစ္ဆေဒ၊)
၄၊အာရုံကိုဆင်ခြင်တယ်၊(ပဉ္စဒွါရာဝဇ္ဇန်း၊)
၅၊မြင်သိစိတ်ဖြစ်တယ်၊(စက္ခုဝိညာဉ်၊)
၆၊အာရုကိုလက်ခံလိုက်တယ်၊(သမ္ပဋိစ္ဆိုန်း၊)
၇၊စူးစမ်းတယ်၊(သန္တီရဏ၊)
၈၊ဣဋ်ဌာရုံ,အနိဋ်ဌာရုံ,မဇ်ဈတ်တာရုံလို့ဆုံးဖွတျယျ၊(ဝုဋေ်ဌာ၊
၉>၁၅၊ဇော(၇)ကြိမ်၊
၁၆၊၁၇၊တဒါရုံ(၂)ကြိမ်ဖြစ်တယ်။
ဒါသိစိတ်ဖြစ်စဉ်ဝီထိတစ်ခုပါပဲ။
ဒီဖြစ်စဉ်ထဲက(၄ နဲ့ ၈) ပဉ္စဒွါရာဝဇ္ဇန်းနဲ့မနောဒွါရာဝဇ္ဇန်းစိတ် နှစ်ခုသင့်တင့်အောင်နှလုံးသွင်းခဲ့ရင်..
"ယောနိသောမနသီကာရ(စိတ်)"ဖြစ်လို့ "ဇော"အခိုက်မှာ"ကုသိုလ်ဇောတွေ"
ဖြစ်တယ်။
မသင့်မတင့်နှလုံးသွင်းရင် "အယောနိသောမနသိကာရ"ဖြစ်လို့ "ဇော"မှာ"အကုသိုလ်ဇောတွေ"ဖြစ်ရပါတယ်။
ဒီနေရာမှာဆက်စဉ်းစား(ဆွေးနွေး)စရာ နှစ်ချက်လောက်ရှိနေပါတယ်။
ပထမအချက်က မြင်သိ,ကြားသိစတဲ့ပဉ္စဝိညာဉ်စိတ်တွေဖြစ်ဖို့နှလုံးသွင်းပေးရတဲ့ "မနသိကာရ"စေတသိက်
ကအရေးပါတဲ့"ကုသိုလ်,အကုသိုလ်"စိတ်တွေကို ကျေးဇူးမပြုနိုင်ဘဲ ပဉ္စဝိညာဉ်စိတ်ဖြစ်ရုံမျှလေးပဲ
အရေးပါပြီး အာဝဇ္ဇန်းဒွေးတို့ကအရေးပါတဲ့ ကုသိုလ်,အကုသိုလ်စိတ်တွေဖြစ်ဖို့ထိ ကျေးဇူးပြုနိုင်တဲ့ကိစ္စပါ။
ပြောခဲ့ပြီးတဲ့အတိုင်းပါပဲ၊ သဗ္ဗစိတ္တသာဓာရဏစေတသိက်တွေဆိုတာ သက်စောင့်ဒရဝမ်အဆင့်လောက်သာဖြစ်လို့ အတိကတ်အစွမ်းကြောင့်ဖြစ်ခွင့်ရတဲ့ မြင်သိ,ကြားသိစတဲ့ဝိပါက်ပဉ္စဝိညာဉ်စိတ်တွေလောက်ပဲဖြစ်စေနိုင်တယ်။ ဒီစိတ်တွေကလဲ"မြင်ကာမျှ,ကြားကာမျှ" ထက်ဘာမှမပိုပါဘူး။
ပဉ္စဒွါရာဝဇ္ဇန်း,မနောဒွါရာဝဇ္ဇန်းတို့မှာက သက်စောင့်"သဗ္ဗစိတ္တသာဓာရဏ" စေတသိက်တွေထက်ပိုပြီး
"*ယှဉ်ဘက်နာမ်တရားတို့ကိုအာရုံပေါ် ရှေးရှုတင်ပို့ပေးနိုင်စွမ်းရှိတဲ့"ဝိတက်"၊
*အာရုံကိုသုံးသပ်ဆင်ခြင်နိုင်စွမ်းရှိတဲ့"ဝိစာရ"၊
*မတွန့်မဆုတ်အာရုံထဲသက်ဝင်ဆုံးဖြတ်နိုင်စွမ်းဖြစ်တဲ့"အဓိမောက္ခ"
*(မနောဒွါရာဝဇ္ဇန်းမှာ)မတွန့်မဆုတ် အားထုတ်နိုင်တဲ့"ဝီရိယ"စေတသိက်တို့"
ဆိုတဲ့ပကိဏ်းစေတသိက်များပါ ပူးပေါင်းအားဖြည့်ထားလို့စွမ်းအားပိုရှိပါတယ်။
ဒီတရားတွေက"သဗ္ဗစိတ္တသာဓရဏ" စေတသိက်တွေထက်လုပ်နိုင်ကိုင်နိုင်စွမ်း
ပိုပါတယ်။
ဒီတရားတွေနဲ့ယှဉ်ခွင့်ရလို့လဲ- "အာဝဇ္ဇန=ဆင်ခြင်ခြင်း"ဆိုတဲ့အလုပ်ကို လုပ်နိုင်တာပါ။
(ဖြေးဖြေးစဉ်စားပါ၊အဘိဓမ္မာဆိုတာ စဉ်းစားတွေးခေါ်အားပါ)
'အာဝဇ္ဇန်း'စိတ်တွေက'ဆင်ခြင်တဲ့အလုပ်ကို လုပ်ပါတယ်။
ဒါပေမယ့်တစ်ကြိမ်သာဖြစ်ခွင့်ရှိတာမို့ ဘာအကျိုးမှဖြစ်အောင်မစွမ်းဆောင်နိုင်တဲ့အတွက် 'ကံ'တော့မမည်ပါဘူး။
ပြုလုပ်ပါလျက်'ကံ'မမည်တဲ့တရားဟာ 'ပြုကာမတ္တ'သာဖြစ်တဲ့အတွက် အဘိဓမ္မာအလို"ကိရိယာစိတ်"လို့ခေါ်ပါတယ်။
ရဟန္တာတို့ပြုသမျှတွေဟာဘာအကျိုးမှ ပေးစရာမရှိတော့လို့'ကံ'မမည်တဲ့အတွက်"ကိရိယာ(ပြုကာမတ္တ)"စိတ်ခေါါရသလို..
"အာဝဇ္ဇန်းဒွေး"တို့လဲ"ကိရိယာစိတ်" ဖြစ်ရပါတယ်။
ရှားရှားပါးပါး ပုထုဇဉ်သန္တာန်မှာဖြစ်နိုင်တဲ့ ကြီယာစိတ်နှစ်ခုပါပဲ။
(စဉ်စားစားမိတာသက်သက်ပါ)
နောက်ထပ်စဉ်းစားစရာတစ်ခုက- သင်တန်းသူတစ်ဦးလဲမေးထားပါတယ်။
ခုပဲအာရုံတစ်ခုခုမြင်ပြီးဝီထိစိတ်အစဉ်ဖြစ်ရာမှာ-ကုသိုလ်ဇောစောဖို့အတွက် "အာဝဇ္ဇန်း"စိတ်တွေကဘယ်လိုလုပ် "ယောနိသောမနသိကာရ"ဖြစ်အောင်လုပ်ရမလဲ"ဆိုတဲ့ကိစ္စပါ။
ဒီကိစ္စကိုမနေ့ကရှင်ဂင်္ဂါနဲ့တော့နဲနဲပြောဖြစ်ပါတယ်၊ အာရုံသစ်တစ်ခုနဲ့ပသာဒတို့တွေ့ဆုံလို့ မြင်သိစတဲ့ဝီထိစိတ်အစဉ်တွေဖြစ်လိုက်တာနဲ့ "ခုမြင်ခုကြိုက်,ခုမုန်း"ဆိုသလို ကုသိုလ်ဇော,အကုသိုလ်ဇောတွေ တန်းဖြစ်တာတော့မဟုတ်ပါဘူး။
စက္ခုဒွါရဝီထိနောက်ကဆက်ပြီး အဲဒီအာရုံကိုပဲအထပ်ထပ်တွေးကြံနေတဲ့ "တဒနုဝတ္တကမနောဒွါရဝီထိ"စိတ်အစဉ်တွေ ကောင်းဆိုးကွဲပြားတဲ့အထိအကြိမ်ကြိမ် အထပ်ထပ်..
(လက်ဖျောက်တစ်ချက်ကုဋေတစ်သိန်းခန့်ဆိုတော့ မနောဒွါရဝီထိစိတ်အစဉ်တန်းတွေ
တစ်ခုမှာဝီထိစိတ်ဆယ်ခုနဲ့တွက်ရင်- ကုဋေတစ်သောင်းခန့်လောက်ထိလဲဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊)
အဲလိုဖြစ်ပြီးမှယောနိသော,အယောနိသော မနသိကာရတွေနဲ့ချစ်မုန်းကွဲပြားပြီး ကုသိုလ်,အကုသိုလ်ဇောတွေစောတာပါတဲ့။
ဒါနဲ့ပတ်သက်လို့ ဘာသာဋီကာဆရာတော်ရှင်းပြတာကတော့-"ယောနိသေမနသိကာရဖြစ်ဖို့,မဖြစ်ဖို့အတွက်
အကြောင်းအဆက်ဆက်က..
"အတ္တသမ္မာပဏိဓိစ"စတဲ့သမ္ပတ္တိစက်ငါးခု ရှိခြင်း,မရှိခြင်းနဲ့ဆက်စပ်ပါတယ်တဲ့။
ဘယ်လိုလဲဆိုတော့-
*ရှေးရှေးဘဝ(ရှေးရှေးကာလ)က ကုသိုလ်ကောင်းမှုပြုခဲဖူးခြင်းဆိုတဲ့
"ပုဗ္ဗေကတပုညတာသမ္ပတ္တိစက်"ရှိသူဟာ..
*သင့်တင့်လျောက်ပတ်,သူမြတ်တို့ရှိရာ
"ပဋိရူပဒေသ"မှာဖြစ်ရ,ရောက်ရတယ်။
"ပဋိရူပဒေသသမ္ပတ္တိစက်"ရှိသူက
"မိဘကောင်း,ဆွေမျိုးမိတ်သင်္ဂဟကောင်း, ဆရာသမားကောင်းစတဲ့
"သပ္ပုရိသူပနိဿယစက်"နဲ့ပြည့်စုံရတယ်။
သပ္ပုရိသူပနိဿယစက်နဲ့ပြည့်စုံသူက
"သဒဓမ္မသဝနစက်"ကိုရတယ်။
သဒ္ဓမ္မသဝနစက်"ရသူက မိမိရဲ့ကိုယ်စိတ်နှစ်ရပ်ကိုစောင့်စည်း ထိန်းသိမ်းနိုင်တဲ့"အတ္တသမ္မာပဏိဓိစက်"ကိုရတယ်။
"အတ္တသမ္မပဏိဓိစက်"အချက်ကျကျပြည့်စုံသူသန္တာန်မှာ တွေ့မြင်ရာအာရုံတိုင်းမှာ "ယောနိသောမနသိကာရ"အဖြစ်များပြီး ကုသိုလ်ဇော စောကြရပါတယ်။
သမ္ပတ္တိစက်တွေပျက်ရင်တော့ "အယောနိသောမနသိကာရ"အဖြစ်များပြီး
အကုသိုလ်ဇောတွေ စောရနိုင်ပါသတဲ့။
(သင်္ဂြိုဟ်ဘာဋီ၊၂၂၇)
တိုတိုချုပ်ကတော့
သပ္ပုရိသူပနိဿယစက်ပြည့်စုံဖို့ (ပုဂ္ဂိုလ်ထံချဉ်းကပ်ပြီးဖြစ်စေ၊ စာအုပ်စာပေကနေပြီးဖြစ်စေ)
ကြိုးစားပြီး "သဒ္ဓမ္မသဝနစက်"ကိုနာယူပြီးဖြစ်စေ၊ ဖတ်မှတ်ပြီးဖြစ်စေတည်ဆောက်ကြပြီး
"အတ္တသမ္မာပဏိဓိစက်"ကို ကိုယ့်သန္တာန်မှာအခိုင်အမာအခြေကျနေအောင် အာစိဏ္ဏကံမြောက်လေ့ကျင့်ထားကြဖို့ပါပဲ။
ကဲ- ပြည့်စုံရောပေါ့။
မိမိကိုယ်ကိုယ်,ကောင်းအောင်ထိန်းလို့
မတိမ်းစေနဲ့ ဆောက်တည်လေ..
အဲဒါမှ
ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ..
၂၈.၉.၂၁
(သဘောပေါက်အောင်စဉ်းစားရတာ
ငါးမိနစ်ထက်မကြာဘူး၊
ပြန်ရေးဖို့နားလည်နိုင်မယ့်စကားလုံးရှာပြီး
ရေးရတာကတစ်နေ့လုံးကုန်ရောပဲ)
+++++++++++++++++++++++++++++++++++++
"အာဝဇ္ဇန်းနှစ်ခု ဘယ်လိုထူးသလဲ"ဆိုတော့-
ပဉ္စဒွါရာဝဇ္ဇန်းက ပဉ္စဝိညာဉ်စိတ်ရဲ့
ရှေ့မှာဖြစ်ရတာဆိုတော့-
အဆင်းအသံစသည်ကို
မြင်သိစိတ်,ကြားသိစိတ်စသည်
ဖြစ်ဖို့ပဲဆင်ခြင်တာ၊
အာရုံဝင်နိုင်အောင် တံခါးဖွင့်ပေးတဲ့
သဘောပါပဲ။
တံခါးဖွင့်ပေးရုံသက်သက်ပါ၊
ဘာမှမစစ်ဆေးပါဘူး။
မနောဒွါရာဝဇ္ဇန်းကတော့-
အာရုံရဲ့အရသာကျိခံစားမယျ့
'ဇော'စိတ်ရဲ့ရှေ့ကဖြစ်ပေးရတာဆိုတော့
လက်ခံစုံစမ်းထားတဲ့အာရုံကို
ဣဋ္ဌာရုံ,အနိဋ္ဌာရုံ,မဇ္ဈတ္တာရုံခွဲခြားဆင်ခြင်
ဆုံးဖြတ်ပေးရတာပါ။
အဲလိုထူးပါတယ်။
၂၉.၉.၂၁
အဘိဓမ္မာ၏ နိဒါန်း
နိဒါန်း။ ။ ဒေသ, ကာလ, ဌန စသည်တို့၏အစွမ်းဖြင့် မထင်ရှားသည့် ဒေသနာတော်ကို ထင်ရှားအောင် ပြု၍ ပြတတ်သောကြောင့် နိဒါန်းဟု ခေါ်ခြင်းဖြစ်သည်။
ပိဋကသုံးပုံတွင် ဝိနည်းပိဋကအရာဝယ် သိက္ခာပုဒ် အသီးသီးအတွက် ဆိုင်ရာ ဆိုင်ရာဝတ္ထု, နိဒါန်း, ပုဂ္ဂိုလ်, ပဌမပညတ်, အနုပညတ်, အာပတ္တိ, အနာပတ္တိ ဟူ၍ ထင်ရှားရှိပါသည်။
အဘိဓမ္မာ၌ - နိဒါန်းတစ်မျိုးမက နှစ်မျိုး, သုံးမျိုးပင် ရှိနေသည်ကို တွေ့ရပါသည်။
နိဒါန်းနှစ်မျိုးကား (၁) အဓိဂမနိဒါန်း နှင့် (၂) ဒေသနာနိဒါန်း တို့ပင်ဖြစ်ပါသည်။
(၁) အဓိဂမနိဒါန်း။ ။ ထိုနှစ်မျိုးတို့အနက် ဒိပင်္ကရာ ထွတ်ချာမှန်ကင်း တရားမင်း၏ ခြေရင်းတော်တွင် ဗျာဒိတ်ခံယူသည့် အချိန်မှစ၍ မဟာဗောဓိပလ္လင်တော်အထိကို အဓိဂမနိဒါန်း ( = အသိရကြောင်းနိဒါန်း)ဟူ၍ မှတ်ယူရပါမည်။
(၂) ဒေသနာ နိဒါန်း။ ။ သဗ္ဗညုတဉာဏ်ရသည်မှ တဖန် ဓမ္မစကြာတရား ဟောကြားတော်မူသည်အထိကို ဒေသနာနိဒါန်း ( = ဟောကြားကြောင်းနိဒါန်း) ဟူ၍ မှတ်ယူရပါမည်။ (အဋ္ဌသာလိနီ)
တစ်နည်း --
(၁) အဘိဓမ္မာဒေသနာကို သိရခြင်းအကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်သည် အဓိဂမနိဒါန်း မည်ပါသည်။
(၂) ဒေသ, ကာလ စသည်တို့သည် ဒေသနာနိဒါန်းမည်ပါသည်။ (ဓမ္မသင်္ဂဏီ၊ အနုဋီကာ)
နိဒါန်းသုံးမျိုး။ ။ ထိုမှတစ်ပါး အဘိဓမ္မာ၌ (ပြဆိုခဲ့သည့် နိဒါန်း ၂ မျိုးအပြင်) ---
(၁) ဒူရေနိဒန်း၊
(၂) အဝိဒူရေနိဒါန်း၊
(၃) သန္တိကေနိဒါန်း ဟူ၍လည်း နိဒါန်းသုံးမျိုးရှိပါသည်။
(၁) ဒူရေနိဒါန်း။ ။ ဒီပင်္ကရာမြတ်စွာသနင်း ခြေတော်ရင်း၌ (ဖြန့်ခင်းတံတား မိန့်ကြားနိယတ) ဗျာဒိတ်ရသည့် ကာလမှ တုသိသာနတ်ပြည်အထိသည် အဘိဓမ္မာဒေသနာတော်၏ ဓူရေနိဒါန်း (အဝေးနိဒါန်း) ဖြစ်သည်။
(၂) အဝိဒူရေနိဒါန်း။ ။ တုသိတာနတ်ပြည်မှ ဗောဓိပင်နှင့်ရွှေပလ္လင်ဝယ် (ငါးအင်မာရ်မျိုး ပယ်ချိုးသတ်ဖြတ်) ဘုရားမြတ်အဖြစ်သို့ ဆိုက်ရောက်သော ကာလအထိသည် အဘိဓမ္မာဒေသနာတော်၏ အဝိဒူရေနိဒါန်း (အနီးလွန်း မဝေးလွန်းသော နိဒါန်း) ဖြစ်သည်။
(၃) သန္တိကေနိဒါန်း။ ။ “အခါတစ်ပါး ဗုဒ္ဓရှင်တော်ဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံးတော်မူ၏၊ ထိုအခါ တာဝတိံသာ နတ် ဗြဟ္မာ အပေါင်းတို့အား ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ စသော အဘိဓမ္မာတရားတော်ကို ဟောတော်မူလေပြီ” ဟူသော စကားသည်ကား အဘိဓမ္မာဒေသနာတော်၏ သန္တိကေနိဒါန်း (အနီးနိဒါန်း) ဖြစ်ပေသည်။
အဘိဓမ္မာ ၇ ကျမ်း
အဘိဓမ္မာဒေသနာတော်ကို ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန် ဝင်စံကြွမြန်းတော်မူပြီးနောက် ပဌမသံဂါယနာတင်တော် မူကြသည့် အရှင်မြတ်တို့က ပိဋကအာဖြင့် အဘိဓမ္မာပိဋကဖြစ်ကြောင်းကို၎င်း၊ နိကာယ်အားဖြင့် ခုဒ္ဒကနိကာယ်အဝင် ဖြစ်ကြောင်းကို၎င်း၊ အင်္ဂါအားဖြင့် ဝေယျာကရဏ ဖြစ်ကြောင်းကို၎င်း၊ ဓမ္မက္ခန္ဓာအားဖြင့် လေးသောင်းနှစ်ထောင် ရှိကြောင်းကို၎င်း သတ်မှတ်ပိုင်းထားတော်မူခဲ့ကြသည်။
ထိုအဘိဓမ္မာဒေသနာတော်သည် ကျမ်းအားဖြင့် ---
၁။ ဓမ္မသင်္ဂဏီ
၂။ ဝိဘင်္ဂ ( = ဝိဘင်း)
၃။ ဓာတုကထာ
၄။ ပုဂ္ဂလပညတ္တိ ( = ပုဂ္ဂလပညတ်)
၅။ ကထာဝတ္ထု
၆။ ယမက ( = ယမိုက်)
၇။ ပဋ္ဌာန ( = ပဋ္ဌာန်း)
ဟူ၍ ၇ ကျမ်း ရှိသည်။
ထို ၇ ကျမ်းအနက် “ဓမ္မသင်္ဂဏီ” ကျမ်းမှာမူကား ကုသလဓမ္မ, အကုသလဓမ္မ အစရှိကုန်သော ဓမ္မတို့ကို အကျဉ်းချုပ်အားဖြင့် ဟောတော်မူသောကျမ်းဟု ဆိုလိုသည်။ (ဓမ္မ = ကုသလဓမ္မစသည်၊ သင် = သံ = အကျဉ်း၊ ဂဟ = ပေါင်းယူခြင်း)။
စင်စစ်ကား ဓမ္မသင်္ဂဏီကျမ်း၌ ဖဿစသော တရားများ ပထဝီစသော တရားများ၏ အနက်အဓိပ္ပါယ်တို့ကို အမျိုးမျိုးသော စကားပရိယာယ်တို့ဖြင့် ထပ်ဆင့်၍ ဆန်းကြယ်စွာ ဝေဖန် ဖွင့်ပြတော်မူသည်(အနုပဒဝိဘာဂ)။ ဤကျမ်း၌ ပရမတ္တတရားတို့ကို အကျဉ်းပေါင်းရုံး၍ ပြသည်ဟု ဆိုငြားသော်လည်း အစဉ်အလာ သမားရိုးကျ သာမည အကျဉ်းပေါင်းရုံး ရုံမျှသာ မဟုတ်ပေ၊ အကျဉ်းပေါင်းရုံးသည်ဟု ဆိုရာ၌လည်း တိက်, ဒုက် တို့၏အစွမ်းဖြင့် အကျဉ်းရုံးမှုကို ရည်ရွယ်၍သာ “ဓမ္မသင်္ဂဟ” ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။
ဝိဘင်္ဂ(ဝိဘင်း)ကျမ်းကား ခန္ဓာစသော ဓမ္မတို့ကို (တနည်း ကုသလဓမ္မ, အကုသလဓမ္မ စသော ဓမ္မတို့ကို) သုတ္တန်နည်း အဘိဓမ္မာနည်း အမေးအဖြေ ‘ပဥှာပုစ္ဆက’ နည်းတို့ဖြင့် အကျယ်တဝင့် ဝေဖန်ဟောကြားတော်မူရာဖြစ်သော ကျမ်းဟု ဆိုလိုသည်။
ထိုသို့ဆိုလျှင် ဓမ္မသင်္ဂဏီကျမ်းကိုလည်း ဝိဘင်္ဂ(ဝိဘင်း)ကျမ်းဟူ၍ ခေါ်ဆိုနိုင်သလောဟု မေးဖွယ်ရှိလာလေသည်။ အကျဉ်းချုပ်၍ ဖြေဆိုရသော် (ဝိဘင်းကျမ်းကား အလွန်အကဲနှင့်တကွ ပြရာဖြစ်သည့် ‘သာတိသယ’ နည်းအားဖြင့် ဟောခြင်းဖြစ်သဖြင့် မတူပါ။) ထိုဝိဘင်းပါဠိတော်၌ ဝိဘင်း ၁၈ ပိုင်းခွဲကာ ဝေဖန်ဟောကြားတော်မူပါသည်။ (ထိုကျမ်း ၁၈ ကျမ်းတို့ကိုတော့ မဖော်ပြတော့ပြီ။)
ဓာတုကထာဟူသည် ကက္ခဠ, ဖုသန စသော မိမိသဘောကို မိမိဆောင်တတ်သောကြောင့် ဓာတု(ဓာတ်) မည်ပါသည်။
ခန္ဓာအစ အရဏ အဆုံးရှိသော ဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာ ဟောကြောင်းဖြစ်သော ကျမ်းသည် ဓာတုကထာ မည်ပါသည် (ဓာတု = ဓာတ်၊ ကထာ = ဟောခြင်း, ဟောအပ်သောစကား။)
ဤစကားအရ ခန္ဓာအစ အရဏ အဆုံးရှိသော တရားတို့ကို ဟောရာ ဟောကြောင်းဖြစ်သောကြောင့် ဓာတုကထာ မည်သည်ဆိုလျှင် ဓမ္မသင်္ဂဏီစသော ကျမ်းများကိုလည်း ဓာတုကထာ ခေါ်ရမည်လောဟု မေးဖွယ်ရှိလာပြန်သည်။
အမှန်မှာ - ဤကျမ်းတွင် ၁၄ နယရှိသည့်အနက် နယတစ်ခုတစ်ခု၌ပင် ခန္ဓာအစ အရဏ အဆုံးရှိသော အလုံးစုံသောတရားတို့ကို ဟောထားပါသဖြင့် (သာတိသယနည်းအားဖြင့်) ဤကျမ်းသည်သာလျှင် ဓာတုကထာ မည်ထိုက်ပါသည်။
ဤသို့ဆိုသော် ဤကျမ်း၌ ခန္ဓာ, အာယတနတို့ဖြင့် ဟောအပ်သော ကဏ္ဍတို့သည် ဓာတုကထာ မမည်တော့ပြီလော။
စင်စစ်အားဖြင့် ဤကျမ်း၌ ခန္ဓာ, အာယတန, ဓာတ် ဟူသော ၃ မျိုးတို့ဖြင့် ဟောငြားသော်လည်း ဓာတ်သည် များသော အပြားရှိသောကြောင့် အရာကျယ်လေရကား ဤကျမ်းကို ဓာတ်ဖြင့်သာ မှတ်သားပိုင်းခြား၍ တကျမ်းလုံးကိုပင် ဓာတုကထာဟု ပေါင်းရုံးကာ ခေါ်ခြင်း ဖြစ်ပါသည်။
တစ်နည်း -- ဓာတ်သဘောအားဖြင့် ဟောရာ ဟောကြောင်းဖြစ်သော ကျမ်းဖြစ်သောကြောင့် ဓာတုကထာ မည်ပါသည်။
ဤစကားအတိုင်းဆိုပါက အဘိဓမ္မာ ၇ ကျမ်းစလုံးပင် ဓာတုကထာဟူသော အမည်ဖြင့် ခေါ်ရတော့မည် မဟုတ်လောဟု မေးဖွယ်ရှိလာပြန်သည်။
ဤကျမ်း၌ သင်္ဂဟော အသင်္ဂဟော စသည် .. နယ ၁၄ နယစလုံးမှာပင် ဓာတ်သဘောတို့ကို လွန်စွာ ဟောတော်မူအပ်သောကြောင့် (သာတိသယနည်းအားဖြင့်) ဤကျမ်းသည်သာလျှင် ဓာတုကထာ မည်ထိုက်ပါသည်။
ပုဂ္ဂလပညတ်ဟူရာဝယ် မိန်းမ(ဣတ္ထိ)၊ ယောကျာ်း(ပုရိသ)၊ နတ်(ဒေဝ)၊ လူ(မနုဿ) စသည်တို့ကို ပုဂ္ဂလ(ပုဂ္ဂိုလ်) ဟု ခေါ်ခြင်းဖြစ်သည်။ ပညတ် (ပညတ္တိ) ဟူသည် အမည်နာမပညတ် (နာမပညတ္တိ)ကို ဆိုလိုသည်။ အမည်ပညတ် (နာမပညတ်)ဟူသည် အများသိရှိနားလည်စေရန် ပညတ်သင့် ပညတ်ထိုက်သည့် သဘာဝဓမ္မများကို ဖော်ပြခြင်းဖြစ်သည်(ဒဿန)၊ ထို့ပြင် မိမိတို့၏ သန္တာန်၌ ရှိနေသော ခန္ဓာ, အာယတန စသည့်အနက် သဘောတရားတို့ကို ဝေနေယျသတ္တဝါတို့ သိရှိနားလည်စေရန် ပညတ်မှုထားခြင်းပင် ဖြစ်သည် (ဌပန)။
ဤကျမ်း၌ (၁) ခန္ဓပညတ် (၂) အာယတနပညတ် (၃) ဓာတုပညတ် (၄) သစ္စပညတ် (၅) ဣန္ဒြိယပညတ် ဟူသော သဘာဝပညတ် ငါးမျိုးတို့ကို၎င်း (၆) ပုဂ္ဂလပညတ် ဟူသော အသဘာဝပညတ်ကို၎င်း ဝေဖန်ဟောကြားတော်မူသည်။
ဓမ္မသင်္ဂဏီ စသည်တို့၌ ခန္ဓာစသည်တို့ကို ဟောကြားတော်မူခဲ့ပြီးဖြစ်သော်လည်း ပုဂ္ဂလ(ပုဂ္ဂိုလ်) အကြောင်းကိုမူ ဤကျမ်းမှာကဲ့သို့ အကျယ်ဝေဖန် ဟောကြားမှု မပြုခဲ့သေးချေ၊ ဤကျမ်း၌သာ အကျယ်ဝေဖန် ဟောကြားတော်မူလေသည်၊ ထို့ကြောင့် ပုဂ္ဂလပညတ် ဟု ခေါ်တွင်ရခြင်းဖြစ်ပေသည်။
သိသင့် သိထိုက်သောတရား “အဘိညေယျဓမ္မ”တို့ကို ဟောကြားတော်မူရာဝယ် ဒေသနာအရာ၌ ကျွမ်းကျင်လိမ္မာတော်မူလှသော ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တိက်, ဒုက် တို့၏ အစွမ်းအားဖြင့် ထိုအဘိညေယျဓမ္မတို့ကို အကျဉ်းပေါင်းရုံး၍ပြသည့် ဓမ္မသင်္ဂဏီကျမ်းကို အဦးဆုံး ဟောတော်မူထိုက်၍သာ ရှေးဦးစွာ ဟောတော်မူခြင်းဖြစ်ပေသည်။ အဆိုပါ ဓမ္မသင်္ဂဏီ၌ ပါဝင်ပြီးဖြစ်သော တရားတို့ကို ခန္ဓာစသည်တို့၏ အစွမ်းဖြင့် အကျယ်ဝေဖန်ကာ ဝိဘင်းကျမ်းကို ဟောတော်မူခြင်းသည်လည်း ဆီလျော်လှပေသည်။ ဓမ္မသင်္ဂဏီကျမ်းကို ကြားနာရုံမျှဖြင့် ခန္ဓာစသည်တို့၏သဘောကို ဝိဘင်းကျမ်းမှာကဲ့သို့ ကျယ်ဝန်းစွာ မသိနိုင်ချေ၊ ထိုကြောင့် ဓမ္မသင်္ဂဏီအပြီး၌ ဝိဘင်းကျမ်းကို ဟောတော်မူခြင်း ဖြစ်သည်။
ဓမ္မသင်္ဂဏီကျမ်း ဝိဘင်းကျမ်းတို့ကို ဟောတော်မူပြီးနောက် ထိုကျမ်းတို့၌ ပေါင်းရုံးဝေဖန်၍ ဟောတော်မူခဲ့သော တရားသဘောတို့ကို သင်္ဂဟ အသင်္ဂဟ စသော နည်းများဖြင့် ဝေဖန်၍ ဓာတုကထာကျမ်းကို ဟောတော်မူပြန်လေသည်၊ ခန္ဓာစသောတရား ကုသိုလ်စသောတရားများနှင့် ကင်း၍ သင်္ဂဟ အသင်္ဂဟ စသော နည်းမျိုးကို ဝေဖန်ဟောကြားရန် မဖြစ်နိုင်ချေ၊ ထို့ကြောင့် ဓမ္မသင်္ဂဏီ, ဝိဘင်းတို့ကို ဟောတော်မူပြီးနောက် ဓာတုကထာကျမ်းကို ဟောတော်မူခြင်းသည်လည်း ဆီလျော်လှပါသည်။
ဤသို့လျှင် ဓမ္မသင်္ဂဏီဟူသော အကျဉ်းရုံးမှု (သင်္ဂဟ) အားဖြင့်၎င်း, ဝိဘင်းကျမ်းဟူသော ဝေဖန်မှု (ဝိဘာဂ) အားဖြင့်၎င်း, ဓာတုကထာကျမ်းဟူသော ဓာတ်စသည်တို့ကို အထူးထူး အပြားပြား (ပဘေဒ) အားဖြင့်၎င်း, ပရမတ္ထသဘာဝဓမ္မတို့ကို ဟောတော်မူခဲ့သည်။ ဤသို့ ဟောရာ၌ လောက ဝေါဟာရ အသုံးအနှုံးအားဖြင့် ပညတ်နှင့် မကင်းနိုင်ချေ၊ ထို့ပြင် လောကီဘုံအတွင်း၌ ဟောကြားတော်မူသဖြင့်လည်း ပုဂ္ဂိုလ်, သတ္တဝါတို့နှင့် မကင်းစကောင်းပေ၊ သတ္တဝါဟု ပညတ်အပ်သော ပုဂ္ဂိုလ်တို့သည်လည်း စင်စစ်အားဖြင့် ပရမတ္ထတည်းဟူသော ရုပ်နာမ်တို့နှင့် မကင်းနိုင်ချေ၊ သို့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်တို့၏ အမျိုးအစား, အဆင့်အတန်း, အခြေအနေ စသည်တို့ကို ဝေဖန်ရန် လိုနေသေးသည်။
ထို့ကြောင့် ထိုအချက်အားလုံးကို ထင်ရှာစေရန် ထိုဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာကျမ်းများ ဟောကြားပြီးနောက် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။
ကထာဝတ္ထုဟူသည် .. အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏၊ ဖြစ်ရာ တည်ရာ (သို့မဟုတ်) အမှန်ထင်ရှားရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထုမည်၏၊ ပုဂ္ဂိုလ်နှင့်စပ်သောစကား ပုဂ္ဂလကထာ, ဗြဟ္မစရိယကထာ စသည့် ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုရင်း ဖြစ်သည်။
ကထာဝတ္ထုကို ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း နှစ်ရာတစ်ဆယ့်ရှစ်နှစ် ရောက်သောအခါမှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဟောတော်မူခြင်း ဖြစ်သောကြောင့် ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် မထည့်သွင်းသင့်ဟူ၍လည်း ဆိုခဲ့ကြဘူးသည်။
သို့ရာတွင် အသျှင်မဟာဗုဒ္ဓဃောသစသော ပုဂ္ဂိုလ်တို့က သီးခြားကျမ်း တဆူအဖြစ် လက်မခံခဲ့ပဲ ကထာဝတ္ထုကျမ်းနှင့်တကွသာလျှင် အဘိဓမ္မာ ၇ ကျမ်းအဖြစ် ယူတော်မူခဲ့ကြသည်။ ထိုသို့ ယူရခြင်းမှာလည်း ကထာဝတ္ထုကျမ်းသည် ဗုဒ္ဓရှင်တော်ဘုရား ထားတော်မူခဲ့သည့် မာတိကာအတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်၎င်း, ဗုဒ္ဓရှင်တော်ဘုရားကိုယ်တော်တိုင်ကလည်း “ငါဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း နှစ်ရာ့တစ်ဆယ့်ရှစ်နှစ် ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿ မည်သော ရဟန်းသည် ရဟန်းတော် ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်း ငါးရာ, ပရဝါဒ၌ သုတ်ပေါင်း ငါးရာ (နှစ်ရပ်ပေါင်း တစ်ထောင်) တို့ကို ပေါင်းရုံးကာ ဒီဃနိကာယ်ပမာဏရှိသော ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့်၎င်း ဖြစ်သည်ဟု အကြောင်းပြ၌ ဆိုထားလေသည်။
ယမိုက်ကျမ်း .. ယမိုက်ဟူသောစကားသည် “ယမက” ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်၊ “ယမက” သဒ္ဒါသည် “အစုံ” ဟူသော အနက်ကို ဟောသည်။ မည်သို့ အစုံ ဟူသော အနက်ကို ဟော၍ မည်သို့ ယမိုက်ကျမ်းဟု ခေါ်သနည်းဆိုသော် --
(က) အနုလောမ, ပဋိလောမ တစ်စုံ
(ခ) ပုစ္ဆာ, ဝိသဇ္ဇနာ တစ်စုံ
(ဂ) သန္နိဋ္ဌာန်, သံသယ တစ်စုံ
ဤသို့ အစုံ အစုံ ဟောတော်မူသောကျမ်းကို “ယမက” ယမိုက်ကျမ်းဟု ခေါ်သည်။
ဥပမာအာဖြင့် မူလယမိုက်၌ ကုသိုလ်စိတ် ၂၁ နှင့် ယှဉ်ဘက် စေတသိက် ၃၈ ခုတို့တွင် အလောဘ, အဒေါသ, အမောဟ ဟူသော ကုသိုလ်မူလတရားသုံးပါး ပါသည်၊ ယင်းကုသိုလ်မူလတရားသုံးပါးသည် ကုသိုလ်လည်း မည်၏၊ ကုသိုလ်မူလလည်း မည်၏၊ ယင်းတရားသုံးပါးမှ ကြွင်းသော ကုသိုလ်စိတ် ၂၁ ပါးနှင့် စေတသိက် ၃၅ ပါး သည် ကုသိုလ်သာ မည်၍ ကုသိုလ်မူလ မမည်ချေ၊ ယင်းသရုပ်ခွဲနည်းမျိုးကို အစုံ အစုံ (ယမိုက်) နည်းအားဖြင့် သိစေတော်မူသဖြင့် မြတ်စွာဘုရားသည် --
(က) ကုသိုလ် မည်သော တရားအားလုံးသည် ကုသိုလ်မူလမည်သလောဟု အနုလောမ အားဖြင့် မေးတော်မူ၍ အမေးအားလျော်စွာ ဖြေတော်မူသည်၊ ထိုနောက် အပြန်အားဖြင့်
(ခ) ကုသိုလ်မူလမည်သောတရားတို့သည် ကုသိုလ်မည်နိုင်ကုန်သလောဟု ပဋိလောမ အားဖြင့် မေးတော်မူ၍ အမေးအားလျော်စွာ ဖြေတော်မူသည်။
ဤသို့ အမေးအဖြေပြုလုပ်ရာ၌ အနုလုံ, ပဋိလုံ နှစ်ခုကို အနုလော-ပဋိလောမ တစ်စုံဟု ခေါ်သည်၊ အမေးအဖြေနှစ်ခုကား ပုစ္ဆာ, ဝိသဇ္ဇနာတစ်စုံဟု ခေါ်သည်၊ ဤသို့ “အစုံ အစုံ” ဟောတော်မူသော ကျမ်းကို ယမိုက်(ယမက)ကျမ်းဟု ခေါ်ပါသည်။
သန္နိဋ္ဌာန် သံသယ ဟူသည်ကား အနုလောမအမေး၌လည်း တစ်စုံပါသည်၊ ပဋိလောမအမေး၌လည်း တစ်စုံပါသည်၊ အနုလောမ အမေး၌ဖြစ်စေ ပဋိလောမ အမေး၌ဖြစ်စေ ရှေ့ပုဒ်သည် ယုံမှားဖွယ်မရှိသောကြောင့် သန္နိဋ္ဌာန်မည်၏၊ နောက်ပုဒ်သည် ယုံမှားဖွယ် ရှိနေသောကြောင့် သံသယ မည်၏။
ဥပမာအားဖြင့် -- ကုသိုလ်သည် မူလမည်သလော ဟူသော အနုလောမ အမေး၌ ‘ကုသိုလ်သည်’ ဟူသော ရှေ့ပုဒ်၌ ယုံမှားဖွယ် မရှိချေ၊ ‘မူလမည် မမည်’ ဟူသော နောက်ပုဒ်၌သာ ယုံမှားဖွယ်ရှိသည်။
မူလသည် ကုသိုလ်မည်သလောဟူသော ပဋိလောမအမေး၌ကား ‘မူလ’ဟူသော ရှေ့ပုဒ်၌ ယုံမှားဖွယ် မရှိချေ၊ ‘ကုသိုလ်မည် မမည်’ဟူသော နောက်ပုဒ်၌သာ ယုံမှားဖွယ်ရှိသည်၊ အနုလောမ၌ သန္နိဋ္ဌာန်-သံသယတစ်စုံ ပဋိလောမ၌ သန္နိဋ္ဌာန်-သံသယတစ်စုံ ဤသို့ အစုံအားဖြင့် ဟောတော်မူသောကြောင့်လည်း ယမိုက်(ယမက)ကျမ်း ဟု ခေါ်သည်။
ယင်း ယမိုက်ကျမ်း၌ ဆယ်ပါးသော ယမိုက်(ယမက) တို့ကို .. (မူလယမိုက်၊ ခန္ဓ ယမိုက် စသည် ယမိုက် ၁၀ ကျမ်း၊) ခွဲခြားစိတ်ဖြာ၍ ဟောတော်မူပါသည်။
ပဋ္ဌာန်းကျမ်း၌ ပဋ္ဌာန်း ဟူသော စကားသည် “ပဋ္ဌာန” ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်၊ “ပဋ္ဌာန” သဒ္ဒါသည် အကြောင်းအမျိုးမျိုး ဟူသော အနက်ကို ဟောသည်၊ နှစ်ဆယ့်လေးပစ္စည်းတို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် အကြောင်းအမျိုးမျိုးကို ဟောတော်မူသည်၊ ထိုကြောင့် ဟေတုပစ္စည်းစသော တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် “ပဋ္ဌာန်း” မည်ပါသည်။
တစ်နည်း -- “ပဋ္ဌာန” သဒ္ဒါသည် သွားခြင်းအနက်ကို ဟောသည်၊ ဟောပုံကား မကျဉ်းမကျယ် ဟောတော်မူသော ဓမ္မသင်္ဂဏီစသော ကျမ်းတို့၌ သဗ္ဗညုတဉာဏ်သည် ကျွတ်ကျွတ်လွတ်လွတ် မသွားနိုင်၊ ဝါ - မကျက်စားနိုင်၊ အကျယ်အားဖြင့် ဟောတော်မူသော ပဋ္ဌာန်းကျမ်း၌ကား ကျွတ်ကျွတ်လွတ်လွတ် သွားနိုင်၏၊ ဝါ - ကျက်စားနိုင်၏၊ ပဋ္ဌာန်းကျမ်းအားလုံးကို မဆိုထားနှင့် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် သဗ္ဗညုတဉာဏ်တော်သည် ကွန့်မြူး သွားလာ ကျက်စား နိုင်၏၊ ထို့ကြောင့် တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် “ပဋ္ဌာန်း” မည်၏။
တစ်ခုတစ်ခုသော ပစ္စည်း၏ “ပဋ္ဌာန်း” ဟူသော အမည်ကို နှစ်ဆယ့်လေးပစ္စည်းလုံးကို ပြဆိုသောကျမ်း၌ တင်စား၍ အစိတ်၏အမည်ကို အပေါင်း၌ တင်စားသော နည်းအရ “ပဋ္ဌာန်း” ကျမ်းဟု ခေါ်သည်။
(ပဋ္ဌာန်း ၆ ကျမ်း ရှိတာ အကျယ်မရေးတော့ပြီ။)
ဤဆိုခဲ့သော အဘိဓမ္မာခုနှစ်ကျမ်းတို့သည့် ယခုအခါ ဆဋ္ဌသံဂါယနာတင်မူ စာအုပ်ရေအားဖြင့် ၁၂ အုပ်၊ စာမျက်နှာအားဖြင့် ၅၀၀၀ ခန့်သာ ရှိသည်ကို တွေ့ရလေသည်။
စင်စစ်ကား -- ဗုဒ္ဓရှင်တော်ဘုရား ခုနှစ်နေ့ ခုနှစ်ညမျှ သုံးသပ်ဆင်ခြင်တော်မူသော အဘိဓမ္မာတရားတော်သည် အနန္တ အပရိမာဏသာ ဖြစ်လေတော်၏၊ ဤသို့ စိတ်တော်ဖြင့် ၇ ရက်မျှ သုံးသပ်ဆင်ခြင်တော်မူသော အဘိဓမ္မာတရားတော်ကို တဖန် တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့သည့် သန္တုသိတနတ်သားကို အမှူးထား၍ ဝါတွင်းသုံးလ(ရက်ပေါင်းကိုးဆယ်)မျှ နှုတ်တော်ဖြင့် ဟောကြားတော်မူလေသည်၊ ထိုဟောကြားတော်မူသော ဒေသနာတော်သည်လည်း အနန္တ အပရိမာဏ သာလျှင် ဖြစ်လေသည်။
ဘုရားဟော ဒေသနာတော်ကို သုတ္တန် ဝိနည်း အဘိဓမ္မာဟူ၍ ပိဋကတ်အားဖြင့် သုံးပုံ သုံးကဏ္ဍ ပိုင်းခြားထားသည်၊ ထိုပိဋကတ်သုံးပုံ အသီး အသီးတို့မှာ သက်ဆိုင်ရာ ထူးခြားသည့် ဂုဏ်အင်္ဂါများ ရှိကြသည်၊ ဤသို့ ဂုဏ်အင်္ဂါများ ရှိကြသည့်အနက် အဘိဓမ္မာပိဋက၏ ထူးခြား နက်နဲသိမ့်မွေ့သည့် ဂုဏ်အင်္ဂါ ပေါ်လွင်စေရန် -- (၁) ဒေသနာသုံးမျိုး (၂) သာသနာသုံးမျိုး (၃) ကထာသုံးမျိုးတို့ဖြင့် နှိုင်းယှဉ်ဖော်ပြရေးသားထားလေသည်။ (ဤပို့စ်တွင်မူ စာရှည်သွားပြီဖြစ်သဖြင့် ဤတွင် နားပါဦးမည်။)
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(6.10.2021)
မှတ်ချက်။ ။ အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်၏ ကျမ်းဦးမှတ်ဖွယ်ဖြစ်သော အဘိဓမ္မာသမိုင်းချုပ် မှ ထုတ်နှုတ်ဖော်ပြပါသည်။
ယမိုက်ဟူသည် ... (အကျဉ်းနိဒါန်း)
ကထာဝတ္ထုကျမ်းကို ဟောတော်မူသည်၏ အခြားမဲ့၌ ယမိုက်ကျမ်းကို ဟောတော်မူပါသည်။မှားယွင်းသော မိစ္ဆာအယူကို ကထာဝတ္ထုကျမ်းဖြင့်တားမြစ်ပြီး၍ ကုသိုလ်စသော တရားတို့၌ “သန္နိဋ္ဌာန်၊ သံသယ” တို့၏ အစွမ်းအားဖြင့် အထူးထူး အပြားပြားသော နည်းတို့၌ လိမ္မာစေခြင်းငှာ ပဋ္ဌာန်းကို မဟောမူ၍ ယမိုက်ကျမ်းကို ဟောတော်မူပါသည်။
ကုသိုလ်စသော တရားတို့၌ မိစ္ဆာဉာဏ်ကင်းပျောက်ခြင်းသည် ----- “အကြောင်း”
သန္နိဋ္ဌာန်၊ သံသယတို့၏ အစွမ်းအားဖြင့် အထူးထူးသောနည်း နာနယတို့၌ ကျွမ်းကျင်လိမ္မာခြင်းသည် -- “အကျိုး”
ကထာဝတ္ထုကျမ်းနှင့် ယမကကျမ်းသည် -- “အကြောင်း - အကျိုး” အဖြစ်ဖြင့် ဆက်စပ်၏။ ထို့ကြောင့် ကထာဝတ္ထုကျမ်း၏ အခြားမဲ့၌ ယမိုက်ကျမ်းကို ဟောတော်မူပါသည်။
ကထာဝတ္ထုကျမ်းနှင့် ယမိုက်ကျမ်းတို့၏ ကြောင်း - ကျိုး ဆက်စပ်ပုံမှာ
ကုသိုလ်စသောတရားတို့၌ ချွတ်ယွင်းဖောက်ပြန် မိစ္ဆာဉာဏ်သက်ဝင်ကုန်သော ပုဂ္ဂိုလ်တို့သည် သန္နိဋ္ဌာန် သံသယတို့၏ အစွမ်းအားဖြင့် အထူးထူးသော နည်းနာနယတို့၌ ကျွမ်းကျင်လိမ္မာစေခြင်းငှာ မစွမ်းနိုင်ကြပါ။ မချွတ်ယွင်း မဖောက်ပြန် မိစ္ဆာဉာဏ်ကင်းကုန်သော ပုဂ္ဂိုလ်တို့သည်သာ စွမ်းနိုင်ကြပါသည်။
ယင်းသို့ မိစ္ဆာဉာဏ်ကို ကထာဝတ္ထုကျမ်းဖြင့် ပယ်ဖျက်၍ အကုသိုလ်စသော တရားတို့၌ မိစ္ဆာဉာဏ် ကင်းပျောက်ခြင်းဟူသော “အကြောင်း” နှင့် ပြည့်စုံသောကြောင့်၊ ယမိုက်ကျမ်းဖြင့် “သန္နိဋ္ဌာန်၊ သံသယ” တို့၏ အစွမ်းအားဖြင့် အထူးထူးသော နည်းနာနယတို့၌၊ ကျွမ်းကျင်လိမ္မာခြင်းတည်းဟူသော “အကျိုး” နှင့် ပြည့်စုံရပါသည်။ ဤသို့သော အကြောင်းနှင့်အကျိုးဆက်စပ်ကြပါသည်။
အဘိဓမ္မာ(၇)ကျမ်းအနက် ဆဋ္ဌမအကြိမ်မြောက်၌ ဟောတော်မူသော ယမကကျမ်းသည် မူလ၊ ခန္ဓ၊ အာယတန၊ ဓာတု၊ သစ္စ၊ ဓမ္မ၊ ဣန္ဒြိယ၊ သင်္ခါရ၊ အနုသယ နှင့် စိတ္တ ဟူ၍ (၁၀)ပါး အပြား ရှိပါသည်။ ထိုတွင် မူလယမိုက်ကိုသာ ရှေးဦးစွာထား၍ ဟောကြားတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော် မူလယမိုက်ကျမ်း၌ ဟောတော်မူအပ်သော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားတို့ကိုပင် ခန္ဓဒေသနာပြုလုပ် ဟောကြားအပ်သောကြောင့် ခန္ဓ စသော ယမိုက်တို့ကို ရှေးဦးစွာ ဟောတော်မမူပါ။ မူလယမိုက်ကိုသာ ရှေးဦးထား၍ ဟောတော်မူပါသည်။
တစ်နည်းကား --
ဓမ္မသင်္ဂဏီကျမ်းအစ ကထာဝတ္ထုကျမ်းအဆုံးရှိသော အောက်အဘိဓမ္မာ (၅) ကျမ်းတို့သည် ပရမတ္ထတရား အသီးသီးတို့ကို ပိုင်းခြားဝေဖန်၍ သိတတ်သော ဓမ္မဝဝတ္ထာနဉာဏ်။ ထို့ပြင့် ပရမတ္ထဓမ္မအသီးသီးတို့ကို ခွဲခြားဝေဖန်နိုင်သောကြောင့် ထိုပရမတ္ထဓမ္မတို့၌ အတ္တဒိဋ္ဌိ အယူမှကင်းစင်သော ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်တို့၏ ကျက်စားရာခေတ်တို့ မည်ကုန်၏။
ထို “ဓမ္မဝဝတ္ထာနဉာဏ်၊ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်” တို့ ပေါ်ပေါက်ပြီးသော် ပရမတ္ထဓမ္မတို့၏ အကြောင်းကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ် ပေါ်ပေါက်လာပါသည်။ အကြောင်းတို့တွင်လည်း ဟေတုပစ္စည်းတရားတို့သည် အကြီးဆုံးသော အကြောင်းတို့ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုပရမတ္ထဓမ္မတို့၏ ပဓာနအကြောင်းရင်းကြီးဖြစ်သော တရားတို့ကို ပြတော်မူခြင်းငှာ ကထာဝတ္ထုကျမ်း၏ အခြားမဲ့၌ မူလယမိုက်ကျမ်းကို အဦးထား၍ ဟောကြားတော်မူပါသည်။
ထိုသို့ မူလယမိုက်ကျမ်းကို အဦးထား၍ ဟောသောကြောင့် ပရမတ္ထဓမ္မတို့၏ အကြောင်းရင်းတို့ကို သိလေသော် အကြောင်းရှိပါက အကျိုးဖြစ်ပေါ်သည်။ အကျိုးရှိပါကလည်း အကြောင်းရင်းရှိရပေမည် ဟူသော အသိဉာဏ် ဖြစ်ပေါ်ပုံကို ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်ပါသည်။ ထိုပစ္စယပရိဂ္ဂဟဉာဏ်ကြောင့် ဒိဋ္ဌိကြီး (၃)ပါး၊ ယုံမှားခြင်း (၈)ပါး၊ ယုံမှားခြင်း (၁၆)ပါးတို့ကို ကောင်းစွာဖယ်ရှား သုတ်သင်နိုင်ခြင်း အကျိုးကို ရရှိပါသည်။
“ယမက” ဟူသော သဒ္ဒါကို “ယမ” ပုဒ်နှင့် “က” ပုဒ်ဟူ၍ (၂)ပုဒ်ခွဲ၏။ “ယမ”ပုဒ်အရ ထိုထိုဘဝမှကင်းခြင်း၊ ထို့ကြောင့် “မရဏ” သည် “ယမ” မည်၏။ မရဏ၏ အကြောင်းဖြစ်သော ဇာတိသည် (တစ်နည်း) မရဏ၏ အရာဖြစ်သော “ဥပါဒါနက္ခန္ဓာ” သည်လည်း “ယမ” ဟု မည်တွင်ပါသည်။
ဇာတိ၊ ဥပါဒါနက္ခန္ဓာ၊ ကိလေသာတို့ကို လွန်မြောက်တတ်သော မြတ်စွာဘုရားသည် “က” မည်၏။ “ယမ”နှင့် “က” နှစ်ပုဒ်ကိုတွဲသော် သေခြင်း၏အကြောင်း၊ သေခြင်းအရာကို လွန်မြောက်တော်မူသော မြတ်စွာဘုရားဟု ယူရပါသည်။
ယမကဟူသောပုဒ်၌ “ယ” ပုဒ်၊ “မ” ပုဒ်နှင့် “က” ပုဒ်ဟု တစ်ပုဒ်စီခွဲလျက် အသီးသီးကျမ်းကိုရအောင် ဝိဂြိုဟ်ပြုသော် --
“ယ” ပုဒ် = ဤကျမ်းဖြင့် နိဗ္ဗာန်သို့သွားတတ်ကုန်၏၊ ထိုသို့ သွားကြောင်း ဖြစ်သောသတ္တိကြောင့် ထိုကျမ်းသည် “ယ” မည်၏။
“မ” ပုဒ် = ဤကျမ်းဖြင့် ပရမတ္ထတရားတို့ကို သိတတ်ကုန်၏။ ထိုသို့ ပရမတ္ထဓမ္မတို့ သိကြောင်းဖြစ်သော သတ္တိကြောင့် ထိုကျမ်းသည် “မ” မည်၏။
“က” ပုဒ် = ဤကျမ်းဖြင့် ယုံမှားခြင်းကို လွန်မြောက်တတ်၏၊ ထိုသို့ ယုံမှားခြင်းကို လွန်မြောက်တတ်သောကြောင့် ထိုကျမ်းသည် “က” မည်၏။
“ယမက” - ထိုကျမ်းသည် နိဗ္ဗာန်သို့ သွားတတ်ကြောင်းလည်းဖြစ်၏။
- ပရမတ္ထဓမ္မတို့ကို သိကြောင်းလည်းဖြစ်သည်။
- ယုံမှားခြင်းကို လွန်မြောက်ကြောင်းသည်လည်း ဖြစ်၏။
ထို့ကြောင့် ယမက မည်၏။
ယမက(ယမိုက်)ကျမ်း၌ ယမကဟူသည်မှာ အစုံ ဟူသောအနက်ကို ပေးပါသည်။ (ဥပမာ - ယမကပါဋိဟာရိယ= ရေ၊ မီး အစုံဟူသောအနက်၊ ယမကသာလာ = အင်ကြင်းပင်ပျိုအစုံဟူသောအနက်)
ယမက (၃)ပါး အပြားရှိပါသည်။
(က) အတ္ထယမက
(ခ) ဓမ္မယမက
(ဂ) ပုစ္ဆာယမက
အတ္ထယမက ဟူသည် အနုလောမပုစ္ဆာ၌၊ ယဿ ရူပက္ခန္ဓော ဥပ္ပဇ္ဇတိဟူသော သန္နိဋ္ဌာန်ပုဒ်အရ၊ “ရူပက္ခန္ဓ ဖြစ်ဆဲ(ဘုံ)” ဟူသောအနက်၊ ပဋိလောမပုစ္ဆာ၌၊ ယဿဝါပန ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇတိဟူသော သန္နိဋ္ဌာန်ပုဒ်အရ၊ “ဝေဒနာက္ခန္ဓာဖြစ်ဆဲ(ဘုံ)”ဟူသောအနက် ယင်းသို့ အနက် နှစ်ပါးစုံသည်ကို “အတ္ထယမက” ဟုခေါ်ပါသည်။
ဓမ္မယမက ဟူသည် အနုလောမပုစ္ဆာသန္နိဋ္ဌာန်ပုဒ်၌ “ယဿရူပက္ခန္ဓော ဥပ္ပဇ္ဇတိ” ဟူသော ပါဠိဓမ္မ၊ ပဋိလောမပုစ္ဆာ၌ ယဿဝါပန ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇတိ” ဟူသော ပါဠိဓမ္မ၊ ယင်းသို့ ပါဠိဓမ္မနှစ်ပါးစုံသည်ကို “ဓမ္မယမက”ဟု ခေါ်ပါသည်။
ပုစ္ဆာယမက ဟူသည် အနုလောမပုစ္ဆာ နှင့် ပဋိလောမပုစ္ဆာဟူသော ပုစ္ဆာနှစ်ပါးစုံသည်ကို “ပုစ္ဆာယမက”ဟု ခေါ်ပါသည်။ (အဋ္ဌကထာအလို)
ယမကကျမ်း၌ အစုံဟူသောအနက်ကို ဆောင်သည်ဆိုရာ၌ အောက်ပါအတိုင်း အစုံ၊ အစုံယူပုံတို့ကို မှတ်သားသိရှိနိုင်ပါသည်။
၁။ သန္နိဋ္ဌာန်နှစ်ပုဒ်တို့၏အရဖြစ်သော၊ အနက်နှစ်ပါးတစ်စုံ
၂။ သံသယနှစ်ပုဒ်တို့၏အရဖြစ်သော အနက်နှစ်ပါးတစ်စုံ
၃။ သန္နိဋ္ဌာန်ပါဠိဓမ္မနှစ်ပါးတစ်စုံ
၄။ သံသယပါဠိဓမ္မနှစ်ပါးတစ်စုံ
၅။ အနုလောမ၊ ပဋိလောမပုစ္ဆာနှစ်ပါးတစ်စုံ
တစ်နည်း
၁။ အနုလောမ၊ ပဋိလောမ တစ်စုံ
၂။ သန္နိဋ္ဌာန်၊ သံသယ တစ်စုံ
၃။ ပုစ္ဆာ၊ ဝိဿဇ္ဇနာ တစ်စုံ (အရကောက်ဆရာအလို)
ဤသု့အနက်အစုံ၊ ပါဠိဓမ္မအစုံ၊ ပုစ္ဆာအစုံဟူသော အစုံအစုံသော ဒေသနာတို့၏ အစွမ်းအားဖြင့် ဟောကြားအပ်သောကြောင့် မူလ၊ ခန္ဓ၊ အာယတန စသော ဆယ်ပါးတို့တွင် တစ်ပါးပါးကို “ယမက”ဟု ခေါ်ပါသည်။ ထိုဆယ်ပါးသော ယမကတို့၏ အပေါင်း၏ အဖြစ်ကြောင့်၊ ယမိုက်တစ်ကျမ်းလုံးကို ယမကဟု ခေါ်ပါသည်။ ယမကဆယ်ကျမ်းမှာ မူလကမက၊ ခန္ဓယမက၊ အာယတနယမက၊ ဓာတုယမက၊ သစ္စယမက၊ သင်္ခါရယမက၊ အနုသယယမက၊ စိတ္တယမက၊ ဓမ္မယမက၊ ဣန္ဒြိယယမက တို့ဖြစ်ပါသည်။
ခန္ဓ၊ အာယတန၊ ဓာတု၊ သစ္စာ၊ သင်္ခါရ၊ ဓမ္မ၊ ဣန္ဒြိယ ကမက(၇)ကျမ်းသည်၊ ဟောကြားပုံ အစီအစဉ် တူညီကြ၍ မူလယမက၊ အနုသယနှင့် စိတ္တယမက (၃) ကျမ်း ဟောကြားပုံ အစီအစဉ် မတူညီကြပါ။
ပါဠိဓမ္မအားလျော်စွာ မေးအပ်သော ပုစ္ဆာကို အနုလောမပုစ္ဆာ။ ပြန်ဘက်အားဖြင့် မေးအပ်သော ပုစ္ဆာကို “ပဋိလောမပုစ္ဆာ” ဟုခေါ်ပါသည်။
အတ္ထအားဖြင့်၊ အမြဲမှတ်အပ်သောကြောင့် “သန္နိဋ္ဌာန်”(ယုံမှားသံသယဖြစ်ဖွယ်မရှိဘဲ မှတ်အပ်သောကြောင့်) ဟု ခေါ်ပါသည်။ ယုံမှားအပ်သောအနက်ကြောင့် “သံသယ” ဟု ခေါ်ပါသည်။ သန္နိဋ္ဌာန်နှင့်သံသယကို အတ္ထဟုဆုပါသည်။
အနုလောမပုစ္ဆာ၏ သန္နိဋ္ဌာန်သည် ပဋိလောမပုစ္ဆာ၌ “သံသယ” ဖြစ်သွားရပါသည်။ အနုလောမပုစ္ဆာ၏ “သံသယ”သည် ပဋိလောမပုစ္ဆာ၌ “သန္နိဋ္ဌာန်” ဖြစ်သွားရပြန်ပါသည်။ ထိုကဲ့သို့ သန္နိဋ္ဌာန်၊ သံသယတို့ မမြဲကြရခြင်းမှာ သတ္တဝါတို့သည် အဇ္ဈာသယအမျိုးမျိုးရှိကြလေသော အကြောင်းကြောင့် ဤသို့ပင် သန္နိဋ္ဌာန်နှင့်သံသယတို့ မမြဲကြခြင်း ဖြစ်ကြရပါသည်။
သန္နိဋ္ဌာန်နှင့်သံသယနှစ်ပါးတို့တွင် သန္နိဋ္ဌာန်ကသာ ပဓာန ဖြစ်၍ ပြဋ္ဌာန်းသည်။ သံသယတို့မည်သည် သန္နိဋ္ဌာန်အလိုကိုသာ လိုက်ကြရသည်။ သံသယသည် သန္နိဋ္ဌာန်မှသာ ထွက်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် သံသယ၏ အရသည် သန္နိဋ္ဌာန်ထက် မည်မျှပင် ကျယ်ပါစေ၊ သန္နိဋ္ဌာန်ထက်ကျော်လွန်၍ မကောက်ရပါ။ တစ်ဖန် သန္နိဋ္ဌာန်၊ သံသယတို့ လုံးဝအရ မတူလျှင်၊ သံသယ အရမကောက်ရတော့ပါ။ ထို့ပြင် သန္နိဋ္ဌာန်သည် လုံးလုံးအရကောက်မရှိခဲ့လျှင်လည်း သံသယကို အရမကောက်ရတော့ပါ။
ဤတွင်နားပါဦးမည်။
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(10.10.2021)
မှတ်ချက်။ ။ မက်ဆင်ဂျာတွင် သန္နိဋ္ဌာန်နှင့် သံသယအကြောင်း နည်းနည်းရှင်းပြပါဆို၍ အဘိဓမ္မခန္ဓယမက (ဆရာဦးရဲထွဋ်)၏ သင်တန်းစာအုပ်မှ ထုတ်နှုတ်၍ ဤပို့စ်ကို ရေးသားအပ်ပါသည်။
=================
Edit: သန္နိဋ္ဌာန်ဆိုတာ အတ္ထအားဖြင့် အမြဲမှတ်အပ်သောကြောင့် သန္နိဋ္ဌာန်။
တစ်နည်း
ယုံမှား သံသယဖြစ်ဖွယ်မရှိဘဲ မှတ်အပ်သောကြောင့် သန္နိဋ္ဌာန်ခေါ်ပါတယ်။
သံသယဆိုသည်မှာ ယုံမှားအပ်သေယအနက်ကြောင့် သံသယဟုခေါ်ပါတယ်။
ဘုရားရှင်က ဝေနေယျတို့၏ သံသယဖြစ်လောက်သောအရာ၌ သံသယ ဖြစ်ပုံတို့ ပြလိုသောကြောင့် သံသယကို ဟောပါတယ်။
မက်ဆင်ဂျာမှာတော့ ဒီလောက်ပဲပြောဖြစ်လိုက်ပါတယ်။
====================