Mindfullness ကို ဘယ်လိုလေ့ကျင့်မလဲ
Mindfullness ကို ဘယ်လိုလေ့ကျင့်မလဲ
သတိပဋ္ဌာန်တရား အားထုတ်တယ်ဆိုတာ အချိန်မရွေး Everytime နေရာမရွေး Every where ဣရိယာပုထ်မရွေး Every Posture မှာ သတိရှိဖို့ လေ့ကျင့်ရပါတယ်။
နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့ နေတဲ့အလေ့အကျင့်ကို ကြိုးကြိုးစားစား စိတ်ပါလက်ပါ (၂) လ (၃) လလောက် လုပ်ကြည့်ရင်ပဲ စိတ်ဓာတ်ရော အသိဉာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထားမှတ်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာပါမယ်။ ဘဝကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်တဲ့သူ ဖြစ်လာပါမယ်။ သတိနဲ့ နေတဲ့အကျင့် ရသွားရင် သတိမပါ ဉာဏ်မပါဘဲ ပေါ့ပေါ့ဆဆ မနေတတ်တော့ပါဘူး။
ဒါကို ဘယ်လိုစပြီး လေ့ကျင့်ရမလဲဆိုရင် လက်ခြေပြင်တာ ခေါင်းငဲ့တာ မျက်စိမှိတ်တာ၊ အသက်ရှူတာ၊ ဟိုးအဝေး အနီးကိုကြည့်တာ မြင်တာ၊ နားထောင်တာနှင့် ကြားတာ၊ တွေးတောတာ၊ ကြံစည်တာ၊ ထမင်းစားတာ၊ ရေသောက်တာ၊ လက်ဆေးတာ၊ အကျႌပုဆိုး ပြင်တာ၊ လမ်းလျှောက်တာ၊ စတာတွေကို အစကနေ အဆုံးထိ Process ကို သေသေချာချာ သိနိုင်ဖို့ လေ့ကျင့်ရတာပါပဲ။
ထိုင်ပြီး သီးခြားအားထုတ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို သက်သက်သာသာနဲ့ မပင်မပန်း အတန်ကြာ ထိုင်နိုင်တဲ့ အနေအထားကို ဦးဆုံးရွေးချယ် ရပါတယ်။ ခန္ဓာကိုယ်အကြောတွေ တောင့်တင်းမနေဖို့ ဂရုပြုပေးပါ။ ပြီးရင်တော့ စိတ်နှင့်ကိုယ်ခန္ဓာမှာ ပေါ်ရာပေါ်ရာကို ဘေးက ကြည့်နေရသလို အလိုက်သင့်ပဲ သတိကပ်ပြီး သိသိ ပေးနေရုံပါပဲ။
သတိနဲ့နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်၊ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်အောင် ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းသိနေပါတယ်။ အလုပ်လုပ်တဲ့ အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်ဘူး၊ မနာလို ဝန်တိုမှု၊ သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်တော့ဘူး။ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်း အကျိုးရှိအောင် သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲများတယ်၊ မှားရင်လည်း မတော်တဆ မှားသွားတာပဲ ဖြစ်မယ်။ သတိရှိခြင်းအားဖြင့် ဘဝဟာ ရှင်းလာတယ်၊ ရိုးလာတယ်။
လူတော်တော်များများရဲ့ဘဝဟာ မရိုးဘူး၊ မရှင်းဘူး အများကြီး ရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့လဲ .. စိတ်ကရှုပ်ထွေးနေလို့ပါ၊ စိတ်ရှုပ်ထွေးနေသမျှ ဘဝလည်း ရှုပ်ထွေးနေမှာပါ။ စိတ်ရှင်းမှ ဘဝ ရှင်းပါမယ်။
တရားအားထုတ်တဲ့ လူကျတော့ ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်တယ်၊ ငါ ဒါကို ဘာဖြစ်လို့ လုပ်ချင်တာလဲ၊ တစ်ခုခု အကျိုးစီးပွားလိုချင်လို့လား၊ ဂုဏ်လိုချင်လို့လား၊ သူများအထင်ကြီးတာကို လိုချင်လို့လား၊ ကြွားချင်လို့လား၊ ရေရှည်လုပ်နိုင်မှာလား စတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးတယ်၊ ကိုယ်စိတ်ကိုယ်ကို ပြန်ကြည့်ရင်သိတယ်၊ အဲဒီတော့ လုပ်သင့်တာဆိုရင် လုပ်တယ်၊ မလုပ်သင့်တာဆို မလုပ်ဖြစ်ဘူး၊ ဖြစ်နိုင်တာကို လုပ်တယ်၊ မဖြစ်နိုင်တာကို မလုပ်ဘူး။
တရားသတိနဲ့နေတဲ့ အလေ့အကျင့်များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာ မှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်းမဆန်တဲ့ သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန် ချနိုင်ပါတယ်။ သူ့မှာ (Power) ရှိနေတယ်။
သတိနှင့် ကိုယ်စိတ်ကို ကိုယ်သိလာတဲ့ သူမှာ စိတ်ပူလောင်ပင်ပန်း ညစ်နွမ်းစေပြီး ဉာဏ်ကို ပိတ်ပင်စေတတ်တဲ့ စိတ်သဘာဝတွေ ပါးသွားပြီး စိတ်က အင်မတန် သန့်ရှင်းကြည်လင်ပေါ့ပါးလာပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း ပိုရှိလာတယ်၊ အသိဉာဏ်လည်း မြင့်မားလာတယ်၊ အသိဉာဏ် မြင့်မားလာတဲ့အတွက် တစ်ခုခုကို စဉ်းစားလို့ရှိရင် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားနိုင်လာတယ်။ တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင်လည်းပဲ ပိုပြီးတော့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်လာပါတယ်။
ကိုယ်စိတ်မှာ ဖြစ်နေသမျှကို သတိထားပြီး ကြည့်တတ်ရင် စိတ်ကိုရှင်းပြီးသားဖြစ်သွားတယ်။ အရေးကြီးတာက နေ့စဉ်နေ့စဉ် ကိုယ့်စိတ်ရဲ့တံခါးဝမှာ သတိဆိုတဲ့ အစောင့်လေးရှိဖို့ပဲ လိုပါတယ်။
ဘာဝနာဆိုတာ
ဘာဝနာဆိုတာ
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မှာ ဒါန၊ သီလ၊ ဘာဝနာလို့ ကုသိုလ်လုပ်ငန်း သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်က မိမိမှာရှိတဲ့ လှူဖွယ်ဝတ္ထု တစ်ခုခုကို လှူဒါန်းလိုက်တာဟာ ဒါနကုသိုလ်ပါ။ ကိုယ်နှင့်နှုတ် အပြစ်ကင်းအောင် သီလသိက္ခာပုဒ်များကို ဆောက်တည် စောင့်ထိန်းတာက သီလကုသိုလ်ပါ။ မိမိသန္တာန်မှာ ဖြူစင်တဲ့စိတ်တွေ ဖြစ်ပွားပြီး ညစ်မဲတဲ့ ကိလေသာတရားတွေကို ပယ်ရှားနိုင်အောင် စိတ်ကို လေ့ကျင့်ပွားများ အားထုတ်တာက ဘာဝနာကုသိုလ်ပါ။
အဲဒီဘာဝနာက ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ခေါ်တဲ့ အားကောင်းတဲ့ စိတ်တည်ငြိမ်မှု သမာဓိရအောင် အားထုတ်တဲ့ သမထဘာဝနာ၊ ရုပ်နှင့်နာမ်မှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောသုံးမျိုးကို ကိုယ်တွေ့ဉာဏ်နှင့် အမှန်အတိုင်း သိပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ကိလေသာတွေ အကြွင်းမဲ့ ပယ်သတ်ပြီး စိတ်လုံးဝ ဖြူစင်သွားတဲ့အတွက် ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် အားထုတ်ရတဲ့ ဝိပဿနာဘာဝနာလို့ နှစ်မျိုးရှိပါတယ်။
အဲဒီ နှစ်မျိုးအနက်က ဘယ် ဘာဝနာကိုပဲ အားထုတ် အားထုတ်၊ စင်ကြယ်တဲ့ သီလကို အခြေခံပြီးမှ ဘာဝနာကို အားထုတ်ရပါတယ်။ ဒါကြောင့် သမထ ဘာဝနာကိုဖြစ်စေ၊ ဝိပဿနာဘာဝနာကိုဖြစ်စေ ပွားများ အားထုတ်လိုသူဟာ ပထမ သီလကို စင်ကြယ်အောင် ဆောက်တည်စောင့်ထိန်းပြီးမှ ဘာဝနာတရားကို ပွားများ အားထုတ်ရပါတယ်။
အဲဒီလို သီလကို အခြေခံပြီး ဘာဝနာတရား ပွားများအားထုတ်လိုလျှင် အားမထုတ်မီမှာ ဘာဝနာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်းထားဖို့လိုပါတယ်။ ဘာဝနာဆိုတာ မိမိသန္တာန်၌ ဖြူစင်သော စိတ်များ ဖြစ်ပွားအောင် အားထုတ်ခြင်း၊ သို့မဟုတ် မိမိသန္တာန်၌ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားအောင် အားထုတ်ခြင်း၊ သို့မဟုတ် မိမိသန္တာန်၌ သီလ သမာဓိ ပညာတရားများ ဖြစ်ပွားအောင် အားထုတ်ခြင်း၊ လို့ အဓိပ္ပာယ်ရပါတယ်။
တကယ်တော့ ဒီအဓိပ္ပာယ် သုံးမျိုးဟာ အတူတူပါပဲ။ မိမိတို့ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားရင် ကိလေသာ အညစ်အကြေး ကင်းစင်နေတဲ့အတွက် စိတ်အစဉ်ဟာ ဖြူစင်နေပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါးထဲမှာ သီလမဂ္ဂင် သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါ၊ ပညာမဂ္ဂင် နှစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် အခုပြောခဲ့တဲ့ ဘာဝနာ ရဲ့ အဓိပ္ပာယ် သုံးမျိုးဟာ အတူတူပါပဲ။
အခုပြောခဲ့တဲ့အတိုင်း မိမိသန္တာန်မှာ မဂ္ဂင်ရှစ်ပါး သီလ သမာဓိ ပညာတရားတွေ ဖြစ်ပွားပြီး စိတ်ဖြူစင်အောင် ရုပ်နဲ့ နာမ်ကို သတိနဲ့ မပြတ် စောင့်ရှုရပါတယ်။ ဒါကိုပဲ ဝိပဿနာ အားထုတ်တယ်လို့ ခေါ်ရပါတယ်။ ခန္ဓာကိုယ်ခေါ်တဲ့ ရုပ်နဲ့ စိတ်ခေါ်တဲ့ နာမ်ရဲ့ သဘာဝအမှန်ကို သိရအောင် သတိဦးစီးတဲ့ စိတ်နဲ့ စောင့်ကြည့် သိနေတဲ့ သဘောပါပဲ။ အဲဒီလို ရုပ်ဖြစ်တိုင်း နာမ်ဖြစ်တိုင်း စူးစူးစိုက်စိုက် ရှုပါများများလာတော့ စိတ်တည်ငြိမ်မှု သမာဓိတွေ အားကောင်းလာပြီး ရုပ်နာမ် အသီးသီးရဲ့ ပင်ကိုယ်ရင်း သီးသန့်သဘော = သဘာဝလက္ခဏာနဲ့ ရုပ်တိုင်း နာမ်တိုင်းနဲ့ သက်ဆိုင်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သာမညလက္ခဏာတွေကို အရှိသဘာဝအတိုင်း သိတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။
အဲဒီ ဝိပဿနာဉာဏ်တွေ ဖြစ်နေခိုက်မှာ ပုဗ္ဗဘာဂမဂ်(=အရိယမဂ်ဉာဏ်၏ ရှေ့အဖို့၌ဖြစ်သော မဂ်အကျင့်) ခေါ်တဲ့ လောကီ မဂ္ဂင်ရှစ်ပါး ပါဝင်ဖြစ်ပွားနေပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေ တဆင့်ထက် တဆင့် ရင့်ကျက်ပြီး မြင့်တက်လာလို့ နောက်ဆုံးမှာ ဝိပဿနာဉာဏ်အစဉ် ကုန်ဆုံးသွားတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ဖြစ်ပေါ်လာတော့တာပါပဲ။
အဲဒီမဂ်အသိလေးခုက မိမိတို့ စွမ်းနိုင်ရာ ကိလေသာအညစ်အကြေးကို အသီးသီးလျှော်ဆေး ပယ်သတ် ပစ်ကြတော့ စိတ်အစဉ်ဟာ အညစ်အကြေးကင်းစင်ပြီး ဖြူစင်လာပါတယ်။ နောက်ဆုံး စတုတ္ထဖြစ်တဲ့ အရဟတ္တမဂ်အသိ ဖြစ်ပေါ်လာတော့ ကိလေသာအညစ်အကြေးမှန်သမျှ အနည်းငယ်မျှ မကျန်ရအောင် အကြွင်းမဲ့ အပြည့်အစု လျှော်ဆေး ပယ်သတ်ပစ်လိုက်ပါတယ်။ ဒီအခါမှာ စိတ်အစဉ်ဟာ လုံးဝ ဖြူစင်နေပါတော့တယ်။ ဒီလို ကိလေသာ အညစ်အကြေး လုံးဝမတင် အပြည့်အစုံ စိတ်ဖြူစင်ရေးဟာ ဘာဝနာလုပ်ငန်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်ပါပဲ။ ဒါကို သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။ သဥပါဒိသေသနိဗ္ဗာန်ဆိုတာ မဂ်ဉာဏ်လေးဆင့်နဲ့ ကိလေသာ အားလုံး အကြွင်းအကျန်မရှိအောင် ပယ်သတ်ပြီးလို့ ကိလေသာ ဆင်းရဲငြိမ်းစဲသော်လဲ ရုပ်ခန္ဓာ နာမ်ခန္ဓာရှိသေးလို့ ခန္ဓာ ဆင်းရဲတော့ ကျန်ရှိနေသေးတဲ့ အခြေအနေပါပဲ။ ရဟန္တာပုဂ္ဂိုလ်ရဲ့ နိဗ္ဗာန်ပေါ့။
သို့သော်လဲ ရဟန္တာပရိနိဗ္ဗာန် စံသွားတဲ့အခါကျတော့ ရုပ်နာမ်ခန္ဓာ နောက်ထပ် အသစ်မဖြစ်တော့ပဲ အပြီးသတ် အဖြစ်ရပ်သွားတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ ခန္ဓာ ဆင်းရဲပါ အားလုံးငြိမ်းသွားပါတယ်။ အဲဒါကို အနုပါဒါသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့တဲ့ နိဗ္ဗာန်လို့ ဆိုလိုပါတယ်။
ချမ်းမြေ့ဆရာတော်
ဝိပဿနာမှာ လွင့်စိတ်ကို ပြန်မထိန်းရ
ဝိပဿနာမှာ လွင့်စိတ်ကို ပြန်မထိန်းရ
ပျံ့စိတ်၊ လွင့်စိတ်၊ စဉ်းစားစိတ် စတဲ့ စိတ်တွေကို ရှုရာမှာ ရုပ်ကို ရှုသလို ခဏပစ္စုပ္ပန် တည့်အောင် ရှုလို့ မရပါဘူး။ ရုပ်ကို ရှုတဲ့အခါမှာ ဖြစ်ဆဲ ဖြစ်ခိုက် ရုပ်ကို ဖြစ်နေဆဲ ခဏမှာပဲ ရှုသိလို့ ရပါတယ်။ စိတ်ကတော့ ဒီလို မဟုတ်ပါဘူး။ စိတ်ဟာ တစ်ခုဖြစ်ပြီးမှ နောက်စိတ်တခု ဖြစ်တာမို့ စဉ်းစားစိတ် ဖြစ်နေဆဲ ခဏမှာ ရှုစိတ်မဖြစ်နိုင်ပါဘူး။
ရှုစိတ်ဖြစ်နေဆဲ ခဏမှာလဲ စဉ်းစားစိတ် မဖြစ်နိုင်ပါဘူး။ သို့သော်လဲ စဉ်းစားတဲ့စိတ်ကို ‘စဉ်းစားတယ်’ လို့တော့ ရှုလို့ဖြစ်ပါတယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက “ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ = ပျံ့လွင့်တဲ့ စိတ်ကိုလဲ ပျံ့လွင့်တဲ့စိတ်ဟုသိ၏” လို့ စိတ်ရှုပုံ စိတ္တာနုပဿနာကို မိန့်တော်မူခဲ့ပါတယ်။
ဒီတော့ စိတ္တက္ခဏတချက်အတွင်းမှာ စိတ်နှစ်ခုပြိုင်မဖြစ်၊ တခုသာ ဖြစ်နိုင်ပါလျက်နဲ့ ဘာကြောင့် ပျံ့လွင့် စိတ်ကို ‘ပျံ့လွင့်တယ်’ စဉ်းစားစိတ်ကို ‘စဉ်းစားတယ်’ လို့ စိတ်တခုကို အခြားစိတ်တခုက ရှုသိနိုင်ရသလဲလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ “ခဏပစ္စုပ္ပန်အခိုက်မှာ ရှုတာမဟုတ်၊ သန္တတိ ပစ္စုပ္ပန်အခိုက်မှာ ရှုတာဖြစ်လို့ ရှုနိုင်တယ်” လို့ ဖြေရပါမယ်။
သန္တတိပစ္စုပ္ပန်ဆိုတာ အမျိုးတူစိတ်တွေ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေတဲ့ အစဉ်တခု ဖြစ်နေဆဲ အခါကို ခေါ်ပါတယ်။ ရုပ်ဖြစ်စဉ်မှာလဲ ဒီအတိုင်းပါပဲ။ အမျိုးတူ စိတ် ဖြစ်စဉ်တခု ဖြစ်ချည် ပျက်ချည်နဲ့ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေတာဟာ တစက္ကန့် နှစ်စက္ကန့်လဲ ကြာနိုင်ပါတယ်။ တစ်မိနစ် နှစ်မိနစ် ငါးမိနစ် ဆယ်မိနစ်လဲ ကြာနိုင်ပါတယ်။
ဒါကြောင့် စဉ်းစားစိတ်အစဉ်တခု ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေဆဲ အခိုက်အတန့်မှာ ရှုစိတ်က စဉ်းစားတယ်လို့ ရှုလို့ရပါတယ်။ ရှုစိတ်ဖြစ်ဆဲခဏမှာ စဉ်းစားစိတ် မဖြစ်သော်လဲ ရှုစိတ် ချုပ်ပျက်ပြီးရင် ပြီးချင်း သူ့နောက်က ကပ်လျက် စဉ်းစားစိတ်က ပြန်ဖြစ်ပေါ်လာပါတယ်။ အဲဒီ စဉ်းစားစိတ် ပျက်သွားပြန်တော့ ရှုစိတ်က ဖြစ်လာပြန်ပါတယ်။ ဒီနည်းနဲ့ပဲ စဉ်းစားစိတ်နဲ့ ရှုစိတ်ဟာ တလှည့်စီ ဆက်ကာဆက်ကာ အလွန်မြန်မြန်ကြီး ဖြစ်ပျက်နေကြတော့ မြန်လွန်းလို့ တလှည့်စီ ဖြစ်တယ်လို့ မသိရဘဲ တချိန်တည်းမှာ စဉ်းစားစိတ်အစဉ်နဲ့ ရှုစိတ်အစဉ် နှစ်ခုဟာ တပြိုင်နက်တည်း ဖြစ်နေတယ်လို့ ထင်ရတာပါပဲ။ အဲဒါကိုပဲ စဉ်းစားစိတ်ကို သန္တတိပစ္စုပ္ပန် အခိုက်မှာ ရှုတယ်လို့ ခေါ်ရပါတယ်။
အဲဒီလို ရှုရာမှာ စဉ်းစားစိတ်အစဉ်က အားကောင်းနေရင် ရှုစိတ်အစဉ်က ရှုသော်လဲ ရှုသိရုံမျှပဲ ရှိတယ်။ စဉ်းစားစိတ် အစဉ်က ရပ်မသွားဘူး။ ယောဂီက ဖြည်းဖြည်း အေးအေး ပေါ့လျှံလျှံ ရှုနေရင် အဲဒီလိုပဲ ရှုစိတ်က အားနည်းပြီး စဉ်းစားစိတ်က အားကောင်းနေတတ်ပါတယ်။ ဒီလိုဆိုရင် စဉ်းစားစိတ်က ဆက်ပြီး တရှည်တမျောကြီး စဉ်းစားနေတာနဲ့ စိတ်တည်ငြိမ်မှု (=သမာဓိ)ကို တော်တောနဲ့ မရနိုင်ပါဘူး။
ဒီလိုမဟုတ်ဘဲ ယောဂီက တင်းတင်းရင်းရင်း စူးစူးစိုက်စိုက် သမ္မာဝါယာမ အားသွင်းပြီး ‘စဉ်းစားတယ် စဉ်းစားတယ်’ လို့ ခပ်သွက်သွက် အဆက်မပြတ် ရှုပစ်လိုက်ရင် ရှုစိတ်အစဉ်က တဖြည်းဖြည်း အားကောင်းလာတော့ မကြာခင်ဘဲ စဉ်းစားစိတ်အစဉ် အဖြစ်ရပ်ပြီး ချုပ်ငြိမ်း သွားတော့တာပါပဲ။
အဲဒီအခါမှာ ရှုစိတ်အစဉ်ချည်း သက်သက် ကျန်ခဲပြီး စဉ်းစားစိတ်ရဲ့ မတည်ငြိမ်တဲ့သဘော၊ ပျံ့လွင့်တဲ့ သဘောကိုရော ဖြစ်ပေါ်ပြီး ပျောက်သွားတတ်လို့ မတည်မြဲတဲ့ သဘောကိုပါ သိလိုက်ပါတယ်။ သို့သော်လဲ သမာဓိ တကယ်အားမကောင်းသေးမီမှာတော့ ပီပီပြင်ပြင် မသိသေးပါဘူး။ ဝိုးတဝါးမျှပဲ သိလိုက်ပါတယ်။
အရှုခံ စဉ်းစားစိတ်အစဉ် ပြတ်သွားတော့ ရှုစိတ်က ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှုပိန်မှုကို သူ့အလိုအလျောက် ပြန်ရှုတော့တာပါပဲ။
ဒီနေရာမှာ တခုသတိထားဖို့ ရှိပါတယ်။ အားထုတ်စမှာ တချို့ယောဂီက စိတ်လွင့်သွား ထွက်သွားရင် စိတ်တည်ငြိမ်အောင် ရည်ရွယ်ချက်နဲက လွင့်စိတ် ထွက်စိတ်ကို သိလိုက်တာနဲ့ တပြိုင်နက် ချက်ချင်း ပင်တိုင် အာရုံပေါ်ဆွဲတင်ပြီး ပြန်ထိန်းလိုက်တတ်ပါတယ်။ သမထကမ္မဋ္ဌာန်း အားထုတ်ရာမှာတော့ အဲဒီလိုလုပ်ရင် မှန်ပါတယ်။ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရာမှာတော့ အဲဒီလို မလုပ်ရပါဘူး။
ဝိပဿနာရဲ့အခြေခံသဘောက စိတ်ကို ချုပ်ထိန်းတဲ့သဘော မဟုတ်ပါဘူး။ အကြောင်းအားလျော်စွာ ဖြစ်နေတဲ့စိတ်ကို အရှိ သဘာဝအတိုင်း သိအောင် သတိနဲ့ စောင့်ကြည့်တဲ့ သဘောပါ။ ဒါကြောင့် လွင့်စိတ် ထွက်စိတ်ကို ပင်တိုင်အာရုံဆီ ပြန်ဆွဲမထိန်းဘဲ လွင့်နေထွက်နေတဲ့ အတိုင်းပဲ လွင့်တယ် ထွက်တယ် လို့ အရှိအတိုင်း ရှုသိနေရပါတယ်။ လွင့်စိတ် ထွက်စိတ် ပျောက်သွားမှပဲ ပင်တိုင်အာရုံကို ဖြစ်စေ၊ ထင်ရှားရာ တခြား အာရုံတခုခုကိုဖြစ်စေ ရှုရပါတယ်။
“ပျံ့လွင့်စိတ်ကိုလဲ ပျံ့လွင့်တဲ့စိတ်ဟု ရှုသိ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ စိတ္တာနုပဿနာ ဒေသနာတော်ကို အမြဲ သတိပြုရပါမယ်။
တချို့က လွင့်စိတ်နောက် လိုက်ရှုနေရင် ပိုပြီး လွင့်နေမှာပဲလို့ ယူဆပြီး လွင့်စိတ်ကို မရှုဘဲနဲ့ အတင်း ထိန်းချုပ်ပြီး ပင်တိုင်အာရုံကိုပဲ တွယ်ကပ် ရှုနေတတ်ပါတယ်။ အဲဒီလို လုပ်ရင် မှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်နဲ့ယောဂီ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲပြီး လွန်ဆွဲ နေလို့ပါ။ စိတ်နဲ့ ယောဂီ နပန်းပွဲလို့လဲ ဆိုနိုင်ပါတယ်။
စိတ်က အပြင်အာရုံတခုခုဆီ လွင့်သွားထွက်သွားတဲ့အခါမှာ ယောဂီက အဲဒီစိတ်ကို ပြန်ထိန်းပြီး ပင်တိုင်အာရုံဆီ ပြန်ဆွဲတယ်။ စိတ်က ပင်တိုင်အာရုံမှာ မနေဘူး။ အပြင်အာရုံဆီပဲ ပြန်သွားတယ်။ ဒီလိုနဲ့ ယောဂီက ပြန်ဆွဲထိန်းလိုက်၊ စိတ်က ပြန်ထွက်လိုက်နဲ့ ယောဂီနဲ့ စိတ် လွန်ဆွဲနေတယ်။ နပန်းလုံးနေသလို ဖြစ်နေတယ်။
နောက်ဆုံး ဘယ်လိုမှ ဆွဲထိန်းလို့မရတော့ ယောဂီ မောပြီး ဇောချွေးတွေပြန်လာတယ်။ ဒီတော့မှ ရှုမှတ်လို့ မရတော့ပါဘူးဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ မရှုမှတ်ဘဲ နေလိုက်တော့တယ်။
ထွက်စိတ် လွင့်စိတ်ကို ပြန်ဆွဲထိန်းရင် အဲဒီလို အခြေအနေမျိုးကိုလဲ ရောက်တတ်ပါတယ်။ ဒါကြောင့် ပြန်ဆွဲပြီး မထိန်းရပါဘူး။
ဒါကြောင့် လွင့်နေတဲ့စိတ်ကို သူ့ အရှိသဘာဝ အတိုင်း ‘ထွက်တယ်’ ‘လွင့်တယ်’ လို့ စူးစူးစိုက်စိုက် ရှုလိုက်ရင် အထွက်အလွင့် ရပ်သွားပြီး ငြိမ်ကျသွားပါတယ်။ ယောဂီလဲ မပင်ပန်းပါဘူး။ ဒီလိုနဲ့ ထွက်တဲ့ လွင့်တဲ့ အကြိမ် တဖြည်းဖြည်း နည်းသွားပြီး တည်ငြိမ်မှု သမာဓိ တဖြည်းဖြည်း အားကောင်းလာပါတယ်။
တချို့ကျတော့လဲ စဉ်းစားစိတ် တွေးစိတ်ကို လိုက်လဲမရှု၊ ပြန်လဲမထိန်းဘဲနဲ့ ဒီအတိုင်း ကြည့်နေတတ်ပါတယ်။ အဲဒီတော့ ပိုပိုပြီး စဉ်းစား၊ ပိုပိုပြီး စိတ်ကူးယဉ် လာတတ်ပါတယ်။ ဒီတော့ ရှေးက မိမိစာအုပ်ထဲမှာ ဖတ်ဖူးထားတာ၊ ကြားဖူးထားတာ၊ ဖြစ်ချင်တာ၊ ဖြစ်စေချင်တာ၊ တွေ့ချင် မြင်ချင်တာ၊ မတွေ့ချင် မမြင်ချင်တာတွေကို စိတ်ကူးထဲမှာ မြင်ယောင်လာတတ်ပါတယ်။
ဥပမာ ဘုရား၊ ရဟန္တာတွေ ကောင်းကင်မှာ ဈာန်ကြွနေတာ၊ နတ်တွေ၊ ဗြဟ္မာတွေနဲ့ သူတို့ရဲ့ ဘုံဗိမာန်တွေ၊ ဒါတွေကို စိတ်ထဲမှာ မြင်လာပြီး တကယ် တွေ့နေရသလို ထင်နေတတ်ပါတယ်။ ဒါနဲ့ အဲဒါတွေ စိတ်ထဲ စွဲလမ်း နေရာက တချို့မှာ ဘဝင်မြင့်ပြီး စိတ် ကယောင်ချောက်ချား ဖြစ်သွားတာလဲ ရှိတတ်ပါတယ်။ ဂိုဏ်းတို့ ပုတီးတို့ အစွဲအလမ်းကြီးတဲ့ ပုဂ္ဂိုလ်များလဲ စိတ်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ လူသူတော်တို့ ဘိုးဘိုးအောင်တို့ ဝိဇ္ဇာတို့ ဆိုတာတွေကို တွေ့ရသလိုလို စိတ်ကူးယဉ်နေရာက တကယ်ထင်ပြီး ဘဝင်မြင့်သွားတတ်ပါတယ်။ တချို့လဲ စိတ်ကူးလွန်သွားပြီး ကွယ်လွန်သွားတဲ့ ဘိုးဘွားတွေ မိဘတွေ သားသမီးတွေ စသည်ကိုလဲ စိတ်ထဲ မြင်ယောင်လာရာက တကယ်ထင်ပြီး စိတ်ထဲ စွဲလမ်းနေတတ်ပါတယ်။
သူ့ကို စကားလာပြောသလို စိတ်ကူးမိရာက စွဲလမ်းပြီး သူတို့ စကားပြောသံကို မကြာခဏ ကြားနေရသလို ထင်နေတတ်ပါတယ်။ တချို့လဲ အဲဒီလို စိတ်ကူးယဉ်နေပြီး သရဲ၊ တစ္ဆေ၊ ဘီးလူး၊ သဘက်ဆိုတာတွေ စိတ်ထဲ ထင်လာ မြင်လာရာက တကယ်တွေ့နေ မြင်နေရတယ်လို့ ထင်ပြီး ကြောက်လန့်တကြားနဲ့ ထအော်တတ်ပါတယ်။ စိတ်ချောက်ချားချင်လဲ ချောက်ချားနေတတ်ပါတယ်။
ဒါတွေအားလုံးဟာ ထွက်စိတ်၊ လွင့်စိတ်၊ စိတ်ကူးစဉ်းစားစိတ်တွကို မရှုလို့ မရှုမိလို့ အဲဒီ မရှုမိတဲ့ စိတ်တွေက ဆွဲယူလာတဲ့ စိတ်ကူးပုံရိပ်တွေပါပဲ။ စိတ်ကူး စဉ်းစားစိတ်တွေကို မရှုတော့ အဲဒီစိတ်တွေက လွတ်လွတ်လပ်လပ်ကြီး ပုံကြီးချဲ့ စိတ်ကူးခွင့်ရနေတဲ့အတွက် ထင်ရာမြင်ရာတွေ စိတ်ကူးမိရာက ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပေါ့။ ယောဂီရဲ့စိတ်က ယောဂီကို ပြန်သတ်တာပါပဲ။ အဲဒီ စိတ်ကူးစဉ်းစား စိတ်တွေကိုသာ သိလျှင်သိချင်း စူးစူးစိုက်စိုက် ရှုပစ်လိုက်ရင် အဲဒီစိတ်တွေ ခဏအတွင်း ပျောက်သွားပြီး စိတ်တည်ငြိမ်သွားပါတယ်။ ဘာကိုမှ စိတ်ကူး မယဉ်တော့ပါဘူး။
ဒါကြောင့် ဝိပဿနာရှုရာမှာ စိတ်ကိုရှုဖို့ နံပါတ်တစ် အရေးကြီးပါတယ်။ ကောင်းကောင်းဆိုးဆိုး ဘယ်စိတ်မျိုးကိုမဆို ချက်ချင်း ရှုဖို့လိုပါတယ်။ ရှုတဲ့ ရည်ရွယ်ချက်ကတော့ စိတ်နာမ်တရားရဲ့ သဘာဝ အမှန်ကို သိဖို့ပါပဲ။
သို့သော်လဲ ရှုစမှာ စိတ်လွင့်နေ ထွက်နေ စဉ်းစားနေတာကို ယောဂီက ချက်ချင်း မသိပါဘူး။ အတော်ကြီးကြာမှ သိတတ်ပါတယ်။ တချို့လဲ စဉ်းစားလို့ ပြီးဆုံးမှ သိကြပါတယ်။ အဲဒီလို သိတဲ့အခါမှာလဲ စိတ်ကို ရှုမှတ်ဖို့ သတိမရတတ်ပါဘူး။ သတိရပေတဲ့ မရှုနိုင်တာလဲ ရှိတတ်ပါတယ်။ အဲဒီတော့ အမှတ်မထင် စိတ်ကို ပင်တိုင်အာရုံဆီ ပြန်ဆွဲပြီး ထိန်းမိတတ်ပါတယ်။ အဲဒီလို မဖြစ်ရအောင် စိတ်လွင့်ရင် ထွက်ရင် ချက်ချင်း ရှုရမယ်ဆိုတာ အမြဲ သတိရှိနေရပါမယ်။
တချို့ကြတော့လဲ စိတ်လွင့်နေ ထွက်နေတာကို လုံးဝ မသိကြပါဘူး။ ဒီတော့ စိတ်မလွင့် မထွက်ဘူးလို့ပဲ ထင်နေတတ်ကြပါတယ်။ ဒါကြောင့် တရားလျှောက်တဲ့အခါမှာ “စိတ်ကတော့ ငြိမ်ပါတယ်။ မထွက်ပါဘူး” လို့ အခိုင်အမာ လျှောက်တတ်ကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို စိတ်မထွက်တာ မလွင့်တာမဟုတ်ကြောင်း၊ ထွက်နေ လွင့်နေတာကို မိမိက မသိတာသာဖြစ်ကြောင်း ရှင်းလင်းပြောပြပြီး စိတ်ကို ရှုမှတ်ဖို့ အရေးကြီးကြောင်း ထပ်ခါ တလဲလဲ တိုက်တွန်းရပါတယ်။
ပင်တိုင်အာရုံကို ထင်ထင်ရှားရှား သိပြီး စူးစူးစိုက်စိုက် ရှုတတ်လာရင်တော့ စိတ်လွင့် စိတ်ထွက်ကို သေသေချာချာ သိလာပါတယ်။ အဲဒီလိုသိဖို့ဟာ အရေးအကြီးဆုံးပါပဲ။
ချမ်းမြေ့ဆရာတော်
ဝေဒနာနုပဿနာ သတိပြုစရာ
ဝေဒနာနုပဿနာ သတိပြုစရာ
ခံစားမှု=ဝေဒနာကို ရှုရာမှာ သတိထားစရာ အချက်ကလေးတွေ ရှိပါတယ်။ ပထမဆုံး သတိပြုဖို့ကတော့ မဟာသတိပဋ္ဌာနသုတ် ဝေဒနာနုပဿနာအခန်းမှာ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူချက်အရ ခံစားမှု မှန်သမျှ ကောင်းကောင်း ဆိုးဆိုး ရှုသိနေရမှာ ချည်းပဲ ဆိုတာ သတိပြုဖို့ပါပဲ။ ချမ်းသာခံစားမှု (သုခဝေဒနာ) ပဲဖြစ်ဖြစ်၊ ဆင်းရဲခံစားမှု (ဒုက္ခဝေဒနာ) ပဲဖြစ်ဖြစ်၊ မချမ်းသာ မဆင်းရဲ ဝမ်းမနည်း ဝမ်းမသာ ခံစားမှု (ဥပေက္ခာဝေဒနာ) ပဲဖြစ်ဖြစ် ရှုသိနေရမှာချည်းပါပဲ။
တချို့က နာမှု၊ ကျင်မှုစတဲ့ ဒုက္ခဝေဒနာကို ရှုရင် အကုသိုလ်ဖြစ်တာမို့ မရှုကောင်းဘူးလို့ ယူဆကြပါတယ်။ နာမှု ကျင်မှုကို ခံစားနေရင်တော့ ဒေါသ ဒေါမနဿဖြစ်တာ မှန်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို ခံစားနေဖို့ မိန့်ကြားတာ မဟုတ်ပါဘူး။ မခံသာတဲ့ ခံစားမှု ဆင်းရဲတဲ့ ခံစားမှု (ဒုက္ခဝေဒနာ) ကို ရှုသိနေဖို့ မိန့်ကြားတော် မူတာပါ။
ဒုက္ခသစ္စာ=ဆင်းရဲအမှန်တရားကို ပိုင်းပိုင်းခြားခြား သိရမယ် ဆိုတဲ့အတိုင်း သိအောင် ရှုနေခြင်း (သမ္မာသတိ) နှင့် မခံသာတဲ့ သဘောပဲလို့ အမှန်အတိုင်း သိနေခြင်း (သမ္မာဒိဋ္ဌိ) ဟာ အကုသိုလ် မဟုတ်ကြောင်း၊ ပုဗ္ဗဘာဂမဂ်ရဲ့ အစိတ်အပိုင်း မဂ္ဂင်တရားတွေသာ ဖြစ်ကြောင်း အားထုတ်ဖူးသူတိုင်း သိနိုင်လောက်ပါတယ်။
ဒါကြောင့်ပဲ မြတ်စွာဘုရားက ဆင်းရဲခံစားမှုကို ခံစားရလျှင်လဲ ဆင်းရဲခံစားမှုကို ခံစားရတယ်လို့ သိ၏ လို့ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်မှာ တိုက်ရိုက် မိန့်ကြားတော်မူတာပါ။
ဒီတော့ ထိုင်ပြီးရှုမှတ်တာ ကြာလာလို့ ညောင်းမှု ကျင်မှု၊ ထုံမှု၊ နာမှု၊ ကိုက်ခဲမှု စတဲ့ ဒုက္ခဝေဒနာ ဖြစ်လာရင် မူလ ရှုမြဲအာရုံကို လွှတ်ပြီး ညောင်းတယ် ကျင်တယ် ထုံတယ် နာတယ် စသည်ဖြင့် အဲဒီဝေဒနာ ရှိနေသမျှ ထပ်ခါထပ်ခါ ရှုရပါတယ်။
ဝေဒနာပြင်းထန်လာရင်လဲ သည်းခံပြီး ရှုနိုင်သမျှရှုရပါတယ်။ ဒီလို ရှုတာဟာ ခံစားမှု ဝေဒနာက္ခန္ဓာရဲ့ သဘောကို သဘာဝအတိုင်း သိရအောင် ရှုနေခြင်းပါပဲ။ ဒုက္ခဝေဒနာ ပျောက်သွား ပြေသွားအောင် ရှုရတာ မဟုတ်ပါဘူး။
သို့သော်လဲ ရှုပါများလို့ စိတ်တည်ငြိမ်မှု သမာဓိ အားကောင်းလာတဲ့အခါမှာ ဝေဒနာဟာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ဆက်မဖြစ်တော့ဘဲ အဖြစ်ရပ်ပြီး ပျောက်သွားရင်လဲ ပျောက်သွားတတ်ပါတယ်။
တရားထိုင်စမရှိတဲ့ ပုဂ္ဂိုလ်များမှာ အားထုတ်စမယ် ထိုင်လို့ ၁ဝ မိနစ်လောက် ကြာရင်ပဲ ညောင်းတာ၊ ကျဉ်တာ၊ နာတာ၊ ကိုက်တာ စတဲ့ ဒုက္ခဝေဒနာ တခုခုကို ခံစားရတတ်ပါတယ်။ ထိုင်နေကျသူများမှာတော့ အားထုတ်စမှာ တနာရီခန့်ကြာမှ ဒုက္ခဝေဒနာ တခုခုကို ခံစားရတတ်ပါတယ်။
ဒီလို ဒုက္ခဝေဒနာ ဖြစ်ပေါ်လာတဲ့အခါ အလွန်မထင်ရှားသေးရင် ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှု ထိုင်မှု ထိမှုကိုသာ ရှုမြဲရှုပေးရပါတယ်။ ပင်တိုင်အာရုံကို ရှုလို့ မရလောက်အောင် ညောင်းညာ၊ နာ၊ ကျဉ်၊ ကိုက်ခဲက ထင်ရှားလာမှသာ ကျဉ်တယ် ကျဉ်တယ် ၊ ကိုက်တယ် ကိုက်တယ် စသည်ဖြင့် တင်းတင်းရင်းရင်း စူးစူးစိုက်စိုက် ရှုပေးရပါတယ်။ ဝေဒနာအားသေးရင် မကြာမီမှာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ပျောက်ရင်လဲ ပျောက်ပျောက်သွားတတ်ပါတယ်။ ဝေဒနာအားကောင်းနေရင်တော့ ကြာကြာရှုမှတ်ပေမယ့်လဲ လျော့လဲမသွား၊ ပျောက်လဲမသွားဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတတ်ပါတယ်။ အမှန်တော့ ပိုဆိုးလာတာ မဟုတ်ပါဘူး။ ဒုက္ခဝေဒနာရဲ့ မခံသာတဲ့ သဘော အခံခက်တဲ့သဘောကို ပိုသိလာခြင်းသာဖြစ်ပါတယ်။
ဝေဒနာကို ရှုရာမှာ လျော့တာ၊ ပျောက်တာ၊ သက်သာတာ၊ ပိုဆိုးတာက ပဓာန မဟုတ်ပါဘူး၊ ဝေဒနာရဲ့ သဘာဝလက္ခဏာ သာမညလက္ခဏာကို သိရေးသာလျှင် လိုရင်းပဓာနပါ။
အဲဒီ မခံသာတဲ့ ထိတွေ့ဆင်းရဲခံစားမှုကို နာတယ် နာတယ် ၊ ကျဉ်တယ် ကျဉ်တယ် စသည်ဖြင့် ရှုသိနေတာက သတိပဋ္ဌာန်ဝိပဿနာ ကုသိုလ်စိတ်ပါ။
မခံသာတဲ့ ဆင်းရဲကို ခံစားတဲ့သဘော ဒုက္ခဝေဒနာက ဒေါမနဿအကုသိုလ်၊ အဲဒီ ခံစားမှု အကုသိုလ် ဒေါမနဿဝေဒနာကို သတိဦးစီးတဲ့ စိတ်နဲ့ရှုသိနေတာက ဝိပဿနာကုသိုလ်စိတ်လို့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိပြီး ရှုမှတ်ဖို့လိုပါတယ်။
ခွဲခွဲခြားခြား နားလည်သဘောပေါက်ပြီး ဝေဒနာကို နာတယ် နာတယ် ၊ ကျဉ်တယ် ကျဉ်တယ် စသည်ဖြင့် အတတ်နိုင်ဆုံး သည်းခံပြီး တင်းတင်း ရင်းရင်း စူးစူးစိုက်စိုက် ရှုမှတ်ရင် စိတ်တည်ငြိမ်လာတာနှင့်အမျှ ပထမဆုံး မခံသာတဲ့သဘော ဆင်းရဲတဲ့သဘောကို ပိုပို သိလာပါတယ်။ ဒါဟာ ဒုက္ခဝေဒနာရဲ့ သီးသန့် ပင်ကိုယ်ရင်း သဘော သဘာဝလက္ခဏာကို ပိုင်းပိုင်းခြားခြား သိလာတာပါပဲ။
အဲဒီလို သိရာကနေပြီး တဖြည်းဖြည်း ဝေဒနာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ပျောက်ရင်လဲ ပျောက်သွားတတ်ပါတယ်။ ပျောက်သွားရင်တော့ ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ရှုနေကျအတိုင်း ပြန်ရှုရပါတယ်။
မလျော့ဘဲ မပျောက်ဘဲ ပိုပြီး နာကျဉ်လာတယ် ဆိုရင်လဲ ရှုမှတ်မှု လွှတ်မပစ်ရပါဘူး၊ သည်းညည်းခံ နိဗ္ဗာန်ရောက် ဆိုတဲ့ စကားကို စိတ်မှာ ထားပြီး သည်းခံနိုင်သမျှ အောင့်အည်း သည်းခံကာ ဆက်လက် ရှုမှတ်ရပါမယ်။
ဖြစ်ပေါ်လာတိုင်းသော ဆင်းရဲကို ကြီးမားသော ဝီရိယဖြင့် လွှမ်းမိုး၍ ဝိပဿနာဘာဝနာကို ပြီးစီးစေ၏ ဆိုတဲ့ မဟာဋီကာ မှာ လာရှိတဲ့ စကားကို စိတ်မှာထားပြီး မလျှော့တဲ့ ဇွဲလုံ့လဝီရိယနဲ့ သဲသဲမဲမဲ ရှုမှတ်ရပါတယ်။
အဲဒီလို ဇွဲကောင်းကောင်းနဲ့ ရှုမှတ်ရင် မကြာမီဘဲ နာမှုနဲ့ ရှုသိစိတ်၊ ကျဉ်မှုနဲ့ ရှုသိစိတ် စသည်ဖြင့် တစုံစီ တစုံစီ တတွဲစီ သိလာရပါတယ်။ ဒါဟာ အရှုခံ နာမ်တရားနဲ့ ရှုသိတဲ့ နာမ်တရားကို ပိုင်းပိုင်းခြားခြား သိခြင်းပါပဲ။ ဒီအခါမှာ နာမှု ကျဉ်မှုရဲ့ တည်ရာ လက် ခြေ ခါး စသည်ကို မတွေ့ရတော့ဘူး။ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့လဲ မတွေ့တော့ပါဘူး။ နာသဘော ကျဉ်သဘော သက်သက်ပဲ သိရ တွေ့ရပါတော့တယ်။ ဒါဟာ သက္ကာယဒိဋ္ဌိကို ဝိပဿနာဉာဏ်က တဒင်္ဂပဟာန်အနေနဲ့ ပယ်သတ်ထားတာပါပဲ။
အဲဒီလိုအခါမှာ ရှုမှတ်လို့ အလွန်အရသာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ငါ မပါတော့တဲ့ အတွက် နာမှု ကျဉ်မှုစတဲ့ ခံစားမှုသဘောမျှကိုသာ ရှုလိုက်တိုင်း သိရုံမျှ သိရုံမျှ သိနေရလို့ပါပဲ။
အဲဒီလို နာမှုကျဉ်မှုစတဲ့ ဒုက္ခဝေဒနာတွေကို မခံသာတဲ့သဘော၊ ဆင်းရဲတဲ့သဘော သက်သက်မျှပါလားလို့ ကိုယ်တွေ့ဉာဏ်နဲ့ သိနေတာက ဒုက္ခဝေဒနာရဲ့ အရှိသဘာဝကို အရှိအတိုင်း သိနေခြင်းပါပဲ။ ငါနာတယ် ငါကျဉ်တယ် လို့ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ မသိ မမြင်ဘဲ နာမှုကျဉ်မှုသဘောနဲ့ ဒီသဘောကို သိနေတဲ့ စိတ်ကလေးမျှပဲလို့ အရှိအတိုင်း သိနေပါတယ်။ ဒီလို ငါ မပါတဲ့ အသိကို အတွေးအမြင် ဒဿနပညာနဲ့ ဆင်ခြင်တွေးခေါ်လို့ မသိနိုင် မရနိုင်ပါဘူး။ ရုပ်နဲ့ နာမ်ကို သူ့အရှိသဘာဝအတိုင်း စောင့်ရှုရာက ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့ (ဘာဝနာ) ဉာဏ်နဲ့မှသာ သိနိုင် ရနိုင်ပါတယ်။
အဲဒီလို ရှုနေဆဲမှာ ဝေဒနာဟာ အမြင့်ဆုံး အခြေအနေအထိ တက်သွားပြီး တဖြည်းဖြည်း လက်သန်း တထောက်စာ နေရာကလေးမှာ စုခဲလာရာက ဖြာခနဲပေါက်ကွဲ ကျေပျက်ရင်လဲ သွားတတ်ပါတယ်။ တဖြည်းဖြည်း တရစ်စီ တရစ်စီရင်လဲ ပျောက်ပျောက်သွားတတ်ပါတယ်။ ဒါဟာ ဝေဒနာရဲ့ မတည်မြဲတဲ့သဘော အနိစ္စ လက္ခဏာကို သိခြင်းပါပဲ။ မတည်မြဲတဲ့သဘောကို သိမြင်ရတော့ ဆင်းရဲတဲ့သဘော ဒုက္ခလက္ခဏာ၊ အလိုအတိုင်း မဖြစ်တဲ့သဘော အနတ္တလက္ခဏာကိုလဲ သိရ မြင်ရတော့တာပါပဲ။
ဒီ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးဟာ ရုပ်တိုင်း နာမ်တိုင်းမှာ ရှိလို့ သူတို့ကို ရုပ်နာမ်တို့ရဲ့ သာမည လက္ခဏာများလို့ ခေါ်ပါတယ်။
ဝေဒနာကို အောင့်အည်းသည်းခံကာ ဝီရိယ ကြီးကြီးထား သမ္မာဝါယမ အားသွင်းပြီး စူးစူးစိုက်စိုက် ရှုမှတ်ရင် အခုပြောခဲ့တဲ့အတိုင်း သဘာဝလက္ခဏာ၊ သာမညလက္ခဏာတွေကို သိတဲ့ သမ္မာဒိဋ္ဌိ=အသိမှန် အမြင်မှန် ဝိပဿနာဉာဏ်တွေ ဖြစ်ရုံမျှမက ဝေဒနာကို မြန်မြန်လဲ ကျော်လွန်နိုင်ပါတယ်။
အဲဒီနောက် တရားရင့်လာတဲ့အခါကျတော့ နာတာလေး ပေါ်လာလိုက်၊ ရှုလိုက်၊ ဖြုတ်ကနဲ ပျောက်သွားလိုက်၊ ကျဉ်တာလေး ပေါ်လာလိုက်၊ ရှုလိုက်၊ ဖြုတ်ကနဲ ပျောက်သွားလိုက် ဒီလို တွေ့ရပါတယ်။
ဖြုတ်ကနဲ ဖြုတ်ကနဲ ပေါ်၊ ရှု၊ ပျောက်။ ပေါ် ၊ ရှု ၊ ပျောက် နဲ့ ခဏကလေးတောင်မှ တည်မနေဘဲ ချက်ချင်း ပျောက်ပျောက်သွားတာပဲ တွေ့ရတတ်ပါတယ်။ ဝေဒနာ ဗုဗ္ဗုဠုပမာ= ဝေဒနာစက် ရေပွက်ပမာ ဆိုတဲ့ ရှင်တော်မြတ်ဘုရားရဲ့ တရားတော် အလွန်မှန်တာကို ဘာဝနာဉာဏ်နဲ့ တွေ့ရတော့ အတိုင်းမသိ ဝမ်းသာ ရပါတယ်။ ဝမ်းသာတော့လဲ .. ဝမ်းသာတယ် ဝမ်းသာတယ် .. လို့ မလွတ်တမ်း ရှုလိုက်ရပါမယ်။
အခုပြောခဲ့တဲ့အတိုင်း အရှုခံရုပ် အရှုခံနာမ်တွေ ဖြုတ်ကနဲ ပျောက်ပျောက်သွားတာကို သိမြင်နေရတာလဲ ဖြစ်မှု ပျက်မှု အရှိသဘာဝကို အရှိအတိုင်း အမှန်အတိုင်း ကိုယ်တိုင်တွေ့သိနေခြင်းပါပဲ။
အဲဒီလို သိလာတဲ့အခါမှာ ဝေဒနာကို ရှုရတဲ့ တန်ဖိုး ဘယ်လောက်ကြီးမားတယ်၊ ဘယ်လောက် အဖိုးတန်တယ် ဆိုတာ သဘောပေါက်ရသလို ဝေဒနာကို မဆုတ်မနစ် အားမာန်သစ်ပြီး ရှုဖို့ရာ ဘယ်လောက် အရေးကြီးတယ် ဆိုတာလဲ သိမြင်လာပါတယ်။
ဒါထောက်ခြင်းအားဖြင့် ဝေဒနာကို ရှုတာဟာ မခံသာတဲ့ အခံခက်တဲ့ ဒုက္ခဝေဒနာ ပျောက်ငြိမ်းသွားဖို့ ရှုရတာ မဟုတ်ဘူး။ ဝေဒနာရဲ့ အရှိသဘာဝကို အမှန်အတိုင်း သိဖို့ ရှုရတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။
ဒုက္ခဝေဒနာကို ရှုရာမှာ ရှုနည်း သုံးနည်း ရှိပါတယ်။ ပထမနည်းက စစ်ပွဲမှာ သူနိုင်ကိုယ်နိုင် ရင်ဆိုင် တိုက်သလို ဝေဒနာကို မရှောင်ဘဲ အလျှော့မပေးဘဲ တင်းတင်းရင်းရင်း စူးစူး စိုက်စို်က် အင်နဲ့ အားနဲ့ ဖိပြီး ရှုတဲ့ နည်းပါ။
ဒီနည်းဟာ အကြမ်းနည်းဖြစ်လို့ ပင်ပန်းတော့ ပင်ပန်းပါတယ်။ သို့သော်လဲ ဝေဒနာရဲ့ သဘောကို မြန်မြန်သိပြီး ဝေဒနာကို မြန်မြန် ကျော်လွန်စေတဲ့နည်း ဖြစ်ပါတယ်။
ဒုတိယနည်းက ရန်သူ့တပ်က ကိုယ့်တပ်နဲ့ မယှဉ်သာအောင် အား အလွန်ကောင်းနေတဲ့အခါမှာ ရင်ဆိုင် မတိုက်ဘဲ ပြောက်ကျားစနစ်သုံးပြီး တိုက်ရတာမျိုးပါပဲ။ ဝေဒနာကို စွမ်းနိုင်သမျှ စူးစူးစိုက်စိုက် ရှုလိုက်ပြီး ဝေဒနာက လျော့မသွားဘဲ တင်းခံနေလို့ နည်းနည်းမောလာရင် ဖောင်းမှုပိန်မှုကိုဖြစ်စေ၊ တခြားရှုလို့ရတဲ့ အာရုံ တခုခုကိုဖြစ်စေ ပြောင်းရှု ရပါတယ်။ နေပူလွန်းတော့ အရိပ်မှာ ခဏဝင်ခိုတဲ့ သဘောပါပဲ။ ရှုအား ရှိလာ ပြန်တော့ ဝေဒနာကို ရှုလိုက်၊ မောပြန်တော့ တခြား အာရုံ တခုခုကို ရှုပြီး အရိပ်ခိုလိုက်၊ ဒီအတိုင်း ဝေဒနာကို ငြိမ်းသည်အထိ ရှုရပါတယ်။
တတိယနည်းကတော့ ရန်သူကို ချော့သတ်တဲ့ သဘောမျိုးပါပဲ။ ဝေဒနာ ဘယ်လောက် ပြင်းထန်ပြင်းထန် စူးစူးစိုက်စိုက် မရှုဘဲ ဝေဒနာကို မလွတ်ရုံကလေး ဖော့ဖော့ သာသာလေး ရှုရပါတယ်။ အဲဒါက မပင်ပန်းပါဘူး။ မြစ်ထဲမှာ လက်ပစ်ကူးလို့ မောလာတဲ့ လူဟာ တွေ့ရာ ဝါးလုံးကလေး သို့မဟုတ် သစ်ချောင်းကလေးကို လက်ကလေးနဲ့ အသာမှေး ကိုယ်ကိုဖော့ပြီး ရေစီးအတိုင်း မျှောလိုက်နေတဲ့ သဘောမျိုးပါပဲ။ ဒီ ရှုနည်းက လူတော့ သက်သာပါတယ်။ ဝေဒနာကို သိဖို့နဲ့ လွန်ဖို့ကျတော့ အချိန်ကြာတတ်ပါတယ်။
အကောင်းဆုံးကတော့ ဒီသုံးနည်းကို အခြေအနေအရ လျော်သလို ပြောင်းလဲသုံးတာ အကောင်းဆုံးပါပဲ။
နောက်တစ်ခု သတိပြုဖို့က ဒုက္ခဝေဒနာကို ရှုမှတ်တဲ့အခါ လက်ဦးမှာ ဝေဒနာဟာ ပိုပိုပြင်းထန်လာတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် တိုးရှုမှတ်ရင် တိုးနာလာမှာပဲလို့ ယူဆပြီး ဝေဒနာကို ရှုရမှာ ကြောက်ရွံ့ တွန့်ဆုတ် နေတတ်ပါတယ်။
အမှန်ကတော့ ဝေဒနာဟာ ပိုတိုးလာတာ မဟုတ်ပါဘူး။ သမာဓိမဖြစ်ခင် စိတ်မတည်ငြိမ်သေးလို့ သိပ်ပြီး ထင်ထင်ရှားရှား မသိရတဲ့ဝေဒနာကို စိတ်ငြိမ်လာ သမာဓိဖြစ်လာတော့ ရှုစိတ်က ပိုပြီး ထင်ထင်ရှားရှား ပြတ်ပြတ်သားသား သိလာလို့ ပိုပြီးနာလာတယ်လို့ ထင်ရတာပါ။ ဒါကြောင့် ရဲရဲဝံ့ဝံ့သာ ဆက်ပြီး ရှုပါ။ ဝေဒနာရဲ့ သဘာဝအမှန်ကို သိပြီး မကြာခင် လျော့သွား ပျောက်သွားမှာပါ။
ပြီးတော့ နောက်တခု သတိပြုဖို့က တရားရှုမှတ်တဲ့အခါ တွေ့လာရတဲ့ ဝေဒနာကိုသာ ရှုရမယ်။ ပကတိ ရောဂါဝေဒနာကို မရှုရဘူးလို့ ထင်မှတ် နေတတ်ပါတယ်။ အဲဒီ အထင်ဟာ မမှန်ပါဘူး။ တရား ဝေဒနာလဲ ရုပ်ကို မှီဖြစ်တဲ့ နာမ်တရား၊ ပကတိ ရောဂါဝေဒနာလဲ ရုပ်ကို မှီဖြစ်တဲ့ နာမ်တရားပါပဲ။ ရုပ်နာမ် မှန်သမျှ မှန်သမျှ ရှုရမယ့် တရားချည်းပါပဲ။ မရှုရမည့် ရုပ်နာမ်တရားဆိုတာ မရှိပါဘူး။ ဒါကြောင့် တရားဝေဒနာပဲဖြစ်စေ၊ ရောဂါဝေဒနာပဲဖြစ်စေ ဝေဒနာမှန်သမျှ သူရဲ့ မမြဲ ဆင်းရဲ ပုဂ္ဂိုလ် သတ္တဝါ အတ္တ မဟုတ်တဲ့သဘောကို အမှန်အတိုင်း သိအောင် ရှုရမှာချည်းပါပဲ။
သို့သော် တခုသတိပြုဖို့ကတော့ ဝေဒနာကို ရှုတာဟာ ပျောက်ဖို့ ရှုတာမဟုတ်၊ သိဖို့ ရှုတာဆိုတဲ့ အချက်ပါပဲ။
ဒါကြောင့် ခံစားမှုဝေဒနာမှန်သမျှ တရားဝေဒနာပဲဖြစ်စေ၊ ရောဂါဝေဒနာပဲဖြစ်စေ၊ ကောင်းကောင်းဆိုးဆိုး သူ့အရှိသဘာဝအတိင်း သိရအောင် စူးစူးစိုက်စိုက် ရှုမှတ်ရမှာချည်းပါပဲ။
မြတ်စွာဘုရားကလဲ ကောင်းခံစား= သုခဝေဒနာ၊ ဆိုးခံစား= ဒုက္ခဝေဒနာ၊ မကောင်းမဆိုး ခံစား= ဥပေက္ခာဝေဒနာ၊ ဒီ သုံးမျိုးမှာ ဘယ်ဝေဒနာပဲပေါ်ပေါ် ရှုသိနေဖို့ ဟောတော်မူပါတယ်။
ဒုက္ခဝေဒနာ ရှုမှုနဲ့ ပတ်သက်လို့ ဝေဒနာကို အစွမ်းကုန် အောင့်အည်းသည်းခံပြီး ရှုမှတ်သော်လဲ လျော့မသွား ပျောက်မသွားရင်တော့ သည်းမခံနိုင်တဲ့အဆုံးမှာ ပြင်ချင်စိတ် ဖြစ်ပေါ်လာတာဟာ သဘာဝပါပဲ။ အဲဒီလို ပြင်ချင်စိတ် ပေါ်လာရင် ပြင်ပြီး ဆက်မထိုင်ပါနဲ့။ ပြင်ပြီး ဆက်ထိုင်ရင် အကျင့်ပါသွားပြီး နောက်ကျတော့ နည်းနည်း နာရုံကလေးနဲ့ဖြစ်စေ၊ လုံးဝ မနာကျဉ်ဘဲနဲ့ ထိုင်တာ အချိန်ကြာလို့ဖြစ်စေ ပြင်ချင်စိတ်ပေါ်ပြီး ချက်ချင်း ပြင်ပြင် ပစ်တတ်ပါတယ်။ ဒီလိုဆိုရင် သမာဓိအရှိန် ပျက်ပျက်သွားပါတယ်။
ဒါကြောင့် မခံသာလွန်းလို့ ပြင်ချင်စိတ် ဖြစ်နေရင် ပြင်မထိုင်ဘဲနဲ့ ထပြီး စင်္ကြန်လျှောက်ပါ။ လျှောက်တဲ့ အခါမှာလဲ အနာပျောက် အညောင်းပြေရုံ ခဏကလေး မလျှောက်ပါနဲ့၊ အနည်းဆုံး တနာရီ တနာရီသာသာ လျှောက်ပါ။ ပြီးမှ ပြန်ထိုင်ပါ။
ဝေဒနာနဲ့ပတ်သက်လို့ နောက်တခုက နာတာ ကျဉ်တာ စိတ်ဆင်းရဲတာကို ရှုမှတ်ဖို့ သတိရလွယ်ပေမယ့် ကောင်းတာ ချမ်းသာတာကျတော့ ရှုမှတ်ဖို့ တော်တော်နဲ့ သတိမရဘဲ သာယာနှစ်သက်ပြီး ရှုမှတ်မှု လွတ်နေတတ်တာမို့ အထူးသတိထားရပါတယ်။
ကောင်းတာ ချမ်းသာတာကိုလဲ ရှုမှတ်ရမှာပဲလိုက အမြဲ သတိရှိပြီး ဝမ်းသာရင် ဝမ်းသာတယ် ဝမ်းသာတယ် ၊ ပျော်ရင် ပျော်တယ် ပျော်တယ် ၊ ရှုမှတ်လို့ကောင်းရင် ကောင်းတယ် ကောင်းတယ် ၊ ငြိမ့်ရင် ငြိမ့်တယ် ငြိမ့်တယ် ၊ နှစ်သက်ရင် နှစ်သက်တယ် နှစ်သက်တယ် ၊ သာယာရင် သာယာတယ် သာယာတယ် ၊ သဘောကျရင် သဘောကျတယ် သဘောကျတယ် ၊ ပီတိဖြစ်ရင် ပီတိဖြစ်တယ် ပီတိဖြစ်တယ် ၊ စသည်ဖြင့် ပျောက်သွားသည်အထိ စူးစူးစိုက်စိုက် ရှုမှတ်ရပါမယ်။
ဒီလို အဆက်မပြတ် ရှုမှတ်ပွားများအားထုတ်မှသာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အလိုတော်ကျ တရားလဲ ရနိုင်ပါတယ်။
မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်ဘုရား ညွှန်ကြားပြသသော သတိပဋ္ဌာန်ဝိပဿနာ အားထုတ်ပုံ တရားတော်အား ဆီလျော်သလို ပြန်လည်၍ မှတ်စုထုတ်ရေးသားပါသည်။
သမထဘာဝနာ နှင့် ဝိပဿနာဘာဝနာ
သမထဘာဝနာ နှင့် ဝိပဿနာဘာဝနာ
ဘာဝနာဆိုတာ မိမိသန္တာန်မှာ စိတ်အညစ်အကြေး ကိလေသာ နီဝရဏတွေ မရှိဘဲ ဖြူစင်တဲ့ စိတ်ကလေးတွေချည်း ရှိနေအောင် လေ့ကျင့်ပွားများ အားထုတ်တာဟာ ဘာဝနာပါ။ အဲဒီ ဘာဝနာက သမထဘာဝနာ ဝိပဿနာဘာဝနာလို့ နှစ်မျိုးရှိပါတယ်။
သမထဘာဝနာရဲ့ ရည်ရွယ်ချက်က အင်အားကောင်းတဲ့ စိတ်တည်ငြိမ်မှု သမာဓိရဖို့ ရည်ရွယ်ချက်ပါ။ အဲဒီသမာဓိကိုပဲ ဈာန်လို့ ခေါ်ပါတယ်။ အဲဒီ သမာဓိဟာ အရှုခံအာရုံထဲမှာ ရှုစိတ် စူးစိုက် မြုပ်ဝင်နေသလို ဖြစ်အောင် တည်ငြိမ်နေရင် အဲဒါကို ဈာန်သမာဓိ အပ္ပနာသမာဓိ လို့ ခေါ်ပါတယ်။ အဲဒီ ဈာန်လောက် နီးပါး စိတ်တည်ငြိမ်နေတာကိုတော့ ဥပစာရသမာဓိ လို့ ခေါ်ပါတယ်။ ဈာန်၏ အနီးအပါးဖြစ်သော သမာဓိလို့ ဆိုလိုပါတယ်။ သမထဘာဝနာ အားထုတ်ခြင်းဖြင့် ဒီသမာဓိနှစ်မျိုးကို ရနိုင်ပါတယ်။
ဈာန်ဆိုတာ မြေလျှိုးမိုးပျံတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အာရုံကို ကပ်၍ ရှုတတ်သောကြောင့် ဈာန် လို့ ခေါ်တာပါ။ အရှုခံအာရုံမှာ ရှုစိတ်ကပ်တည်နေတာကို ဈာန်၊ ကပ်တည်နေတယ်ဆိုတော့ တည်ငြိမ်နေတာပေါ့၊ ဘယ်မှ မရွေ့မလျားပဲ အင်အားကောင်းပြီး တည်ငြိမ်တဲ့ သမာဓိကို ဈာန်လို့ခေါ်တာပါ။
မြေလျှိုးမိုးပျံတယ် တန်ခိုးဖန်ဆင်းတယ်ဆိုတာ အဘိညာဏ်တန်ခိုး ရောက်သွားပါပြီ၊ ဈာန်အခြေခံပြီး အဲဒီဈာန်ကို အကြိမ်ကြိမ် လေ့ကျင့်ပွားများ အားထုတ်တဲ့အခါမှာ အဲဒီအဘိညာဏ်တန်ခိုးတွေ ရပါတယ်။ အဲဒီအခါကျမှ မြေလျှိုးမိုးပျံတယ်ဆိုတဲ့ တန်ခိုးတွေ ဖန်ဆင်းနိုင်တာပါ။ ဈာန်သက်သက်ကတော့ စိတ်တည်ငြိမ်မှု ရရုံပါပဲ။
အဲဒီ စိတ်တည်ငြိမ်မှု အားကောင်းတဲ့ သမာဓိရအောင် အားထုတ်တာဟာ သမထဘာဝနာရဲ့ ရည်ရွယ်ချက်ပါ။
ဒါကြောင့် အာရုံတစ်ခုတည်းမှာ စိတ်စုစည်းစူးစိုက်ပြီး တည်ငြိမ်နေအောင် အာရုံတစ်ခုတည်းကိုပဲ စိုက်ပြီး ရှုရတယ်။ အာရုံအများကို မရှုရဘူး၊ ရှုနေခိုက်မှာ စိတ်တခြားကို ထွက်သွား လွင့်သွားရင် အဲဒီစိတ်ကို ပြန်ဆွဲပြီး အဲဒီ အရှုခံအာရုံပေါ်မှာ ပြန်တင်ပြီး အဲဒီ အာရုံကိုပဲ စူးစိုက်ရှုရပါတယ်။ စိတ်လွင့်တိုင်း ပြန့်တိုင်း စဉ်းစားတိုင်း အဲဒီလိုပဲ ပြန်ဆွဲပြီး မူလအာရုံမှာပဲ ကပ်ပြီး စူးစိုုက်ရှုရပါတယ်။ အဲဒီလို အကြိမ်ကြိမ် အဖန်ဖန် အချိန်ယူပြီး လေ့ကျင့်ပွားများလာတဲ့အခါ တဖြည်းဖြည်း ရှုစိတ်ဟာ အဲဒီအရှုခံအာရုံမှာ ကပ်ပြီး စိုက်တည်နေပါတယ်။ အဲဒါဟာ ဈာန်ပါပဲ။
အဲဒီလို တည်ငြိမ်နေတဲ့အခိုက်မှာ စိတ်ထဲကို လောဘ ဒေါသ စတဲ့ ကိလေသာ နီဝရဏ အညစ်အကြေးတွေ မဝင်နိုင်တော့ စိတ်အစဉ်ဟာ ဖြူစင်သန့်ရှင်း ကြည်လင်နေတယ်။ အဲဒီအခါမှာ စိတ်ငြိမ်းအေး ချမ်းသာ နေတယ်။ အဲဒါ ဈာန် ချမ်းသာပါပဲ။ အဲလို တည်ငြိမ်နေတဲ့ သမာဓိကို စိတ္တဝိသုဒ္ဓိ = စိတ်ဖြူစင် သန့်ရှင်းနေခြင်း လို့ ခေါ်ပါတယ်။
ဥပမာ - ဝင်လေထွက်လေအာရုံကို အာရုံပြုပြီးတော့ သမထ ဘာဝနာ အားထုတ်တယ်ဆိုရင် ဝင်လေထွက်လေ ပေါ်မှာပဲ စိတ်တည်ငြိမ်နေအောင် ရှုရတယ်။ စိတ်အပြင်ထွက် သွားလည်း ပြန်ဆွဲ၊ ပြန်ဆွဲပြီးတော့ အဲဒီ ဝင်လေထွက်လေပေါ်မှာ တည်ငြိမ်နေအောင် ကြိုးစားရတယ်။ အာရုံတစ်ခုတည်းကိုပဲ ရှုရတာပါ။ အာရုံတစ်ခုတည်းကိုသာ စူးစိုက်ရှုမှသာလည်း အားကောင်းတဲ့ သမာဓိကို ရပါတယ်။
အဲဒီတော့ ဝင်လေထွက်လေ ရှုတယ်ဆိုတာလဲပဲ လေဝင်ရာ ထွက်ရာ လိုက်ပြီး ရှုနေရတာ မဟုတ်ပါဘူး။ နှာသီးဝမှာဖြစ်စေ အထက်နှုတ်ခမ်းဖျားမှာဖြစ်စေ၊ စိတ်ကို စိုက်ထားပြီးတော့ အဲဒီမှာ လေဝင်တိုင်း ထွက်တိုင်း ထိထိသွားတဲ့ နေရာကို စူးစိုက်ပြီး ရှုနေရတာပါ။ အဲဒီမှာ လေဝင်တာထွက်တာကို ဝင်တယ်ထွက်တယ်လို့ ရှုရင်လည်း ရပါတယ်။ ဝင်တိုင်းထွက်တိုင်း အထက် နှုတ်ခမ်းဖျားမှာ လေထိတဲ့နေရာကို အာရုံပြုပြီးတော့ ထိတယ်ထိတယ်လို့ စူးစူးစိုက်စိုက် ရှုရင်လည်း ရပါတယ်။
စိတ်တခြား လွင့်သွားရင် ပြန်ဆွဲပြီး နှာသီးဖျားပေါ် သို့မဟုတ် အထက်နှုတ်ခမ်းဖျားပေါ်မှာ စိတ်ကိုပြန်တင်၊ အဲဒီအတိုင်း တကြိမ်တကြိမ်မှာ နာရီဝက်၊ တနာရီ ကြာအောင် လေ့ကျင့်ပွားများ အားထုတ်ရတာပါ။ အာရုံတခုတည်းမှာ စိတ်စူးစိုက် စုစည်းတည်ငြိမ်နေအောင် ပွားများအားထုတ်တာဟာ သမထ ဘာဝနာပါ။ သမထဘာဝနာရဲ့ ရည်ရွယ်ချက်က အားကောင်းတဲ့ စိတ်တည်ငြိမ်မှု သမာဓိကို ရရုံမျှပါပဲ။ ရုပ်နဲ့နာမ်ရဲ့ သဘာဝကို သိဖို့ရည်ရွယ်ချက် မဟုတ်ပါဘူး။ ဒါကြောင့် အနိစ္စ ဒုက္ခ အနတ္တကို သမထာဘာဝနာနဲ့ မသိနိုင်ပါဘူး။
ဝိပဿနာဘာဝနာကတော့ ဝိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်အတိုင်း ဝိ = ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘော သုံးမျိုးကိုဆိုလိုပါတယ်။ ဝိဝိဓေန အနိစ္စာဒိအာကာရေနလို့ ဝိ - ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒီတော့ ဝိက အနိစ္စ ဒုက္ခ အနတ္တ မမြဲ ဆင်းရဲ ပုဂ္ဂိုလ်သတ္တဝါ အတ္တမဟုတ်တဲ့သဘော၊ ပဿနာက ရှုသိတဲ့ ဉာဏ်၊ ဝိပဿနာ = အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးကို ရှုသိတဲ့ဉာဏ်လို့ ဆိုလိုပါတယ်။ အဲဒါ ဝိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ပါပဲ။
အဲဒီ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးဟာ ဘယ်မှာ ရှိသလဲဆိုယင် ရုပ်နှင့်နာမ်မှာ ရှိပါတယ်။ ဒါကြောင့် အဲဒီ သဘောသုံးမျိုးကို သိချင်ရင် ရုပ်နှင့်နာမ်ကို သတိဦးစီးတဲ့စိတ်နဲ့ စောင့်ကြည့် ရှုသိနေရပါတယ်။ အဲဒါ ဝိပဿနာရှုတာပါပဲ။ ဒါကြောင့် ရုပ်နှင့်နာမ်ကို ရှုသိနေမှ ဝိပဿနာမို့ သတိဦးစီးတဲ့ စိတ်နဲ့ မပြတ်မလပ် စောင့်ကြည့်ရှုသိနေလို့ သတိချင်း ဆက်စပ်မိသလောက်ရှိမှ ဝိပဿနာဉာဏ် ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်ဝိပဿနာလို့ ခေါ်ရခြင်း ဖြစ်ပါတယ်။
ဒီတော့ သမထဘာဝနာကို အားထုတ်ခြင်းဖြင့် အားကောင်းတဲ့ စိတ်တည်ငြိမ်မှု သမာဓိခေါ်တဲ့ ဈာန်ကိုရတယ်။ ဝိပဿနာဘာဝနာ အားထုတ်ခြင်းဖြင့် ရုပ်နာမ်တို့ရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးကို ထိုးထွင်းသိမြင်တဲ့ ဝိပဿနာဉာဏ်နဲ့ ဝိပဿနာဉာဏ် ကုန်ဆုံးသွားတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်။ အဲဒါဟာ သမထဘာဝနာနဲ့ ဝိပဿနာဘာဝနာရဲ့ ခြားနားချက်ပါပဲ။
ဒါကြောင့် ရုပ်နာမ်သဘာဝကို သဘာမျှသာဟု အမှန်အတိုင်း ပိုင်းပိုင်းခြားခြား သိရမယ်။ သိအောင်လည်း ရှုရမယ်။ ရှုမှလည်း တည်ငြိမ်မယ်။ တည်ငြိမ်မှလည်း သိတယ်။ သိမှ ကိလေသာ ငြိမ်းပါတယ်။ ကိလေသာငြိမ်းမှ ဆင်းရဲငြိမ်းမှာဖြစ်ပါတယ်။ ဆင်းရဲ့ငြိမ်းမှ ချမ်းသာပါတယ်။ အဲဒါဟာ ဝိပဿနာဘာဝနာရဲ့ အစ အလယ် အဆုံးပါပဲ။
သိအောင် ရှုရမယ်ဆိုတဲ့အတွက် သိဖို့ ရုပ်နှင့်နာမ်ကို ရှုရပါမယ်။ ဒါကြောင့် ရုပ်ကိုပဲ ရှုရှု၊ နာမ်ကိုပဲ ရှုရှု၊ ရှုတဲ့ ရည်ရွယ်ချက်က ရုပ်နှင့်နာမ်ရဲ့ သဘာဝအမှန်ကို သိဖို့ပဲဆိုတာ သေသေချာချာ သဘောပေါက်ထားဖို့ လိုပါတယ်။
အဲဒီလို ရှုသိပါများလာတော့ ရှုစိတ်က အရှုခံအာရုံပေါ်မှာ တည်ငြိမ်လာပါတယ်။ မပြတ်မလပ် ရှုသိတဲ့ သတိက အကြောင်း၊ တည်ငြိမ်တဲ့ သမာဓိက အကျိုး၊ တည်ငြိမ်တဲ့အတွက် အသိထက်မြက်လာပြီး ရုပ်သဘာဝ နာမ်သဘာဝကို အရှိအတိုင်းသိတာက ဝိပဿနာပညာ၊ ဝိပဿနာဉာဏ်လဲခေါ်ပါတယ်။ သတိ သမာဓိ ပညာပေါ့။ သတိအားကောင်းမှ သမာဓိအားကောင်းတယ်၊ သမာဓိအားကောင်းမှ ဝိပဿနာပညာ ထက်သန် အားကောင်းပါတယ်။
ဒီတော့ တခါတရံ ရှုသာရှုနေတယ်၊ ရှုတဲ့ ရည်ရွယ်ချက်က ဘာမှန်မသိ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ရှုတဲ့ ရည်ရွယ်ချက်က စိတ်ကိုပဲရှုရှု၊ ရုပ်ကိုပဲရှုရှု အရှုခံစိတ် အရှုခံရုပ်ရဲ့ အရှိသဘာဝကို အရှိအတိုင်းသိဖို့ ရည်ရွယ်ချက်ပါပဲ။
တချို့ အသိမှားနေတာက မခံသာတဲ့ ခံစားမှု နာကျင် ကိုက်ခဲမှု ရှိလာရင် အဲဒါ သူ့အရှိသဘာအတိုင်း နာတယ် နာတယ်၊ ကျင်တယ် ကျင်တယ်၊ ကိုက်တယ် ကိုက်တယ် စသည်ဖြင့် ရှုကြရတယ်။ အဲဒီလို ရှုတာဟာ ဒီမခံသာတဲ့ ခံစားမှု ဝေဒနာ ပျောက်အောင် ရှုတယ်လို့ အမှတ်မှားနေတတ်ပါတယ်။ ပျောက်အောင် ရှုတာ မဟုတ်ပါဘူး။ သိအောင် ရှုရတာပါ။
အဲဒီ နာတယ်ဆိုတဲ့ မခံသာတဲ့သဘော ဒုက္ခဝေဒနာမှာလဲ သူ့ရဲ့ပင်ကိုယ် သဘာဝလက္ခဏာ ရှိပါတယ်။ အများဆိုင် သဘော အနိစ္စ ဒုက္ခ အနတ္တသဘောတွေ ရှိပါတယ်။ အဲဒီသဘောတွေကို သိအောင် ဒုက္ခဝေဒနာကို ရှုရတာပါ။ ဝေဒနာ ပျောက်ငြိမ်းအောင် ရှုတာ မဟုတ်ပါဘူး။ သို့သော်လဲ ရှုသိမှု အားကောင်းလို့ သမာဓိအားကောင်းလာတဲ့အခါ ရံဖန်ရံခါ ဝေဒနာက တဖြည်းဖြည်း လျော့ပြီး ပျောက်သွားတာလဲ ရှိပါတယ်။ ပျောက်သွားတဲ့အခါကျတာ့ မရှိတော့လို့ မရှုရတော့ဘူးပေါ့။ ကိုယ်တိုင်ကတော့ ပျောက်အောင် မရှုရပါဘူး။ ဝေဒနာရှိနေတုန်းမှာ ရှိနေတဲ့ ဝေဒနာရဲ့ အနိစ္စ ဒုက္ခ အနတ္တကို သိအောင် ရှုရတာလို့ နားလည်ထားဖို့ပါပဲ။
ထို့အတူပဲ ထွက်စိတ်လွင့်စိတ် စဉ်းစားစိတ် တွေးစိတ်တွေကို ရှုတာလည်း အဲဒီ ထွက်စိတ် လွင့်စိတ် စဉ်းစားစိတ်တွေ ပျောက်အောင် ရှုတာ မဟုတ်ပါဘူး။ အဲဒီစိတ်တွေမှာ ရှိတဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးကို သိအောင် ရှုရတာပါပဲ။ စိတ်က အမြဲတမ်း ထွက်နေတာ မဟုတ်ပါဘူး။ အမြဲတမ်း စဉ်းစား နေတာ မဟုတ်ပါဘူး။ ရံဖန်ရံခါမှထွက် ရံဖန်ရံခါမှ စဉ်းစားစိတ်ဖြစ်တာပါ။ စဉ်းစားစိတ်ဖြစ်တော့လဲ တောက်လျှောက်ကြီး စဉ်းစားနေတာ မဟုတ်ပါဘူး။ စဉ်းစားလိုက် ပျောက်သွားလိုက်၊ စဉ်းစားလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်လိုက်ပျက်လိုက် ဖြစ်နေတာပါ။
အဲဒီလိုဆိုတော့ သူ့မှာ မမြဲတဲ့သဘောရှိတယ်။ ဖြစ်ပျက် မပြတ် အနှိပ်စက်ခံရတဲ့ ဆင်းရဲတဲ့ သဘောရှိတယ်။ ဒီစိတ်ဟာ စဉ်းစားတဲ့သဘောပဲ၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ စိတ်သက်သက်ပဲ၊ အဲဒီလိုသိအောင် စူးစိုက်ပြီး ရှုပေးဖို့လိုတာပါ။ အဲဒီ စဉ်းစားစိတ်တွေ ပျောက်သွားဖို့ ရည်ရွယ်ချက်နှင့် ရှုရတာ မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။
သို့သော်လဲ ရှုပါများလိုက ရှုစိတ်က အားကောင်းတယ် ဆိုရင်တော့ စဉ်းစားစိတ် တွေးစိတ်က ရပ်သွားတာ၊ ပျောက်သွားတာလဲ ရှိပါတယ်။ အဲဒီအခါကျတော့ ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းတာပိန်တာကို ပြန်ရှုရုံပါပဲ။ အဲဒါကတော့ လူအသက်ရှင်နေသမျှ အမြဲရှိနေတဲ့ အရှုခံ အာရုံပါပဲ။
ဝိပဿနာဆိုတာ မခက်ပါ (၁)
ဝိပဿနာဆိုတာ မခက်ပါ (၁)
ဝိပဿနာဆိုတာ ခက်ခက်ကြီး မဟုတ်ပါဘူး။ ခန္ဓာအရှိကို ဉာဏ်နှင့်သိအောင် လုပ်တဲ့ အလုပ်ဟာ ဝိပဿနာပါ။
ဗုဒ္ဓတရားတော်အရ ခန္ဓာကိုယ်ထဲမှာ ရုပ်နဲ့ နာမ်ပဲရှိပါတယ်။ သက်ရှိသတ္တဝါတွေမှာ ရုပ်နဲ့ နာမ်ပဲ ရှိပါတယ်။ ထိုးထိုးထောင်ထောင် နာမည်တပ်ချင်သလို တပ်၊ သက်မဲ့အရာဝတ္ထုတွေမှာ ရုပ်ပဲ ရှိပါတယ်။ ဝိပဿနာတရား ရှုပွားအားထုတ်တဲ့အခါ ဘယ်နည်းနဲ့ပဲရှုရှု၊ ရှုချင်တဲ့ နည်းနဲ့ရှုပါ။ ဝိပဿနာ၏ အရှုခံ အာရုံသည် ရုပ်ဖြစ်ရင်ဖြစ် မဖြစ်ရင် နာမ်ဖြစ်ရပါမယ်။ ရုပ်နာမ်ကို ဖယ်ထားပြီးတော့ ဝိပဿနာ ရှုလို့ မရပါဘူး။ ဘယ်နည်းနဲ့ပဲ ရှုရှု အရင် စသိမယ့် ဉာဏ်ကလည်ပဲ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ပါ။ အဲဒါကြောင့် ဝိပဿနာရှုတဲ့အခါ အရှုခံအာရုံအဖြစ် ထားရမှာက ရုပ် သို့မဟုတ် နာမ်ပါ။
အဲဒီ ရုပ်နာမ်နှစ်ပါးမှာလည်း နာမ်တရားထက် ရုပ်တရားက ထင်ရှားတော့ စပြီး ရှုတဲ့အခါ ရုပ်တရားကို အရှုခံ ထားပြီး ရှုတာက ပိုကောင်းပါတယ်။
ဝိပဿနာဆိုတာ ရုပ်နာမ်မှာ ရှုရမှာ ဖြစ်တော့ မရှုမီ ကြိုတင်ပြီးတော့ ရုပ်ဆိုတာက ဘယ်လိုလဲ။ နာမ်ဆိုတာက ဘယ်လိုလဲ သိရှိ သဘောပေါက်ထားလို့ရှိရင် အခက်အခဲ မရှိ လွယ်ကူပါမယ်။
တရားအားထုတ်တယ်ဆိုတာ ခက်ခက်ကြီး မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ နှလုံးသွင်းပြောင်း လိုက်တာပါ။ နဂိုတုန်းက “ငါသွားတယ်၊ သူသွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါသွားတယ်၊ ယောက်ျားမိန်းမသွားတယ်” လို့ နှလုံးသွင်းပါတယ်။
ယခု တရားအားထုတ်တဲ့အခါမှာ ဘယ်သူ သွားတာလဲလို့ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ သွားနေကျအတိုင်း သွားပါ၊ အသွားပြောင်းဖို့မလိုပါဘူး။ ရုပ်နာမ်ပေါ်မှာသာ သတိထားပြီးသွားခြင်းဖြင့် မိစ္ဆာသတိမှ သမ္မာသတိသို့ ပြောင်းသွားပါတယ်။
နဂိုတုန်းက ပုဂ္ဂိုလ်သတ္တဝါသတိနဲ့ ထိုင်တယ်၊ ယခုက ရုပ်နာမ် သတိနဲ့ထိုင်တယ်၊ နဂိုတုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ အိပ်တယ်။ ယခုက ရုပ်နာမ်သတိနဲ့အိပ်တယ်၊ နဂိုတုန်းက ပုဂ္ဂိုလ်သတ္တဝါသတိနဲ့ ရပ်တယ်။ ယခုက ရုပ်နာမ်သတိနဲ့ ရပ်တယ်။ ဒါပဲ ကွာပါတယ်။
တရားအားထုတ်တယ်ဆိုတာ နဂိုအမူအရာထဲမှာ ရုပ်နာမ်ပေါ်ရောက်အောင် သမ္မာသတိကို သွင်းထားလိုက်ခြင်းပါ။ အဲဒီလို သတိသွင်းထားလိုက်ရင် ရုပ်သဘော နာမ်သဘောကို သိလာပါလိမ့်မယ်။
ရုပ်သဘောက ဘယ်လိုလဲလို့မေးရင် ဖောက်ပြန်တတ်တဲ့သဘောက ရုပ်ပါ။ ဖောက်ပြန်တယ်ဆိုတာက နဂိုအနေနဲ့ မတူပဲ တစ်မျိုးတစ်မျိုး ပြောင်းသွားတာကို ဖောက်ပြန်တယ်လို့ ခေါ်ခြင်းပါ၊ အဲဒါကိုပဲ ရုပ် လို့ ခေါ်ပါတယ်။
အထိုင်ကြာလာတဲ့အခါ ထိုင်စနဲ့မတူတော့ပါ။ အောက်ပိုင်းကိုယ်က နာကျင်ကိုက်ခဲမှု၊ ပူမှု စသည် ဖြစ်လာတတ်ပါတယ်။ အဲဒါဘာဖြစ်တာလဲ မေးရင် ရုပ်ဖောက်ပြန်တာပါ။
ကိုယ်နှင့်စပ်သမျှ ခြေဖဝါးကနေပြီး ငယ်ထိပ်အတွင် တစ်ကိုယ်လုံးမှာ ဖြစ်နေသမျှတွေကို ပညတ်နာမည် တပ်ချင်သလို တပ်ပါ။ နာတယ်၊ ကျဉ်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ညောင်းတယ်၊ ထုံတယ်၊ တောင့်တယ်၊ တင်းတယ်၊ မူးတယ်၊ ဝေတယ်၊ အော်ဂလီဆန်တယ် စသည်ဖြင့် နာမည်တပ်ချင်သလို တပ်ပါ။ အဲဒါတွေသည် အမည်ပညတ်တွေသာဖြစ်ပါတယ်။ အမှန်စင်စစ် ပရမတ်သဘောအားဖြင့် ရုပ်ဖောက်ပြန်နေတာပါ။
အဲဒီရုပ်ဖောက်ပြန်တာကို ဘယ်သူကသိလဲ မေးရင် နာမ်က သိပါတယ်။ ပုဂ္ဂိုလ်သတ္တဝါက သိတာမဟုတ်ပါဘူး။ နာမ်ကလည်း အလိုလိုသိတာ မဟုတ်ပါဘူး။ ညွှတ်လို့ သိတာပါ။ အာရုံပြုလို့ သိတာပါ။ အလိုလိုသိတာ မဟုတ်ပါဘူး။ အမှတ်တမဲ့နေလို့ သိတာ မဟုတ်ပါဘူး။
အဲဒီညွှတ်တတ် သိတတ်တဲ့သဘောသည် နာမ်ပါ။ မသိဘဲနဲ့ အမျိုးမျိုး ဖောက်ပြန်နေတာက ရုပ်ပါ။ အဲဒီဖောက်ပြန်သမျှကို လိုက်ပြီး အာရုံပြုသိနေတာက နာမ်ပါ။ နာတယ်သိ၊ ကျဉ်တယ်သိ၊ ထုံတယ်သိ၊ ညောင်းတယ်သိ၊ တောင့်တယ်သိ၊ တင်းတယ်သိ.. စသည်ဖြင့် ကိုယ်ထဲမှာ ဖြစ်ဖြစ်သမျှကို လိုက်သိနေတာက နာမ်ပါ။
ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်တတ်တဲ့ ရုပ်တရားနဲ့ သိတတ်၊ ညွှတ်တတ်တဲ့ နာမ်တရားအပြင် ဘာမှမရှိပါဘူး။ ဒါပေမယ့် မိမိတို့ကတော့ မသိသေးပါ။ ဘာဖြစ်လို့ မသိသေးလဲမေးရင် မကြည့်လို့ မသိတာပါ။
တရားအားထုတ်တယ်ဆိုတာ အဆန်း မဟုတ်ပါ။ မျက်လုံးပြောင်းလိုက်တာပါ။ မိမိတို့မှာ ပကတိမျက်လုံးနှင့် ဉာဏ်မျက်လုံးရယ်လို့ မျက်လုံးနှစ်မျိုး ရှိပါတယ်။
ပကတိ မျက်လုံးက အပေါ်ယံမြင်ပါ။ ပုဂ္ဂိုလ်သတ္တဝါ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်လို့ မြင်တဲ့ အမြင်မျိုးပါ။ ဉာဏ်မျက်လုံးက အတွင်းမြင်ပါ။ ရုပ်နာမ်မြင်တဲ့ အမြင်မျိုးပါ။ ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဉာဏ်မျက်လုံးနဲ့ ရှုကြည့်ရမှာပါ။
ပကတိမျက်လုံးမှ ဉာဏ်မျက်လုံးကို ပြောင်းပြီး ခန္ဓာကိုယ်တွင်းရှိ ရုပ်နာမ်ကို မြင်အောင် ရှုကြည့်တဲ့အလုပ်ဟာ ဝိပဿနာအလုပ်ပါ။
ရုပ်နှင့်နာမ် တရားနှစ်ပါးဟာ ပဋ္ဌာန်း အညမညပစ္စည်းအရ ပြောရရင် အချင်းချင်း အပြန်အလှန် မှီနေကြပါတယ်။
ရုပ်သဘောနှင့် နာမ်သဘောက မတူပါ။ ရုပ်က ဖောက်ပြန်တဲ့သဘောပါ။ ရုပ်အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။ နာမ်က သိတတ်ညွှတ်တတ်တဲ့သဘောပါ။ ရုပ်က ရုပ်အလုပ်လုပ်၊ ဖောက်ပြန်ပါတယ်။ နာမ်က မကူညီနိုင်ပါ။ နာမ်ကလည်း သိတဲ့ညွှတ်တဲ့ အလုပ်လုပ်ပါတယ်။ ရုပ်ကို အကူအညီမပေးနိုင်ပါ။
ရုပ်နာမ်နှစ်ပါးတို့ဟာ အချင်းချင်းအပြန်အလှန် အကျိုးအကြောင်း သဘောတရားအရ မှီနေကြသော်လည်း အချင်းချင်းအကူအညီ မပေးနိုင်ကြပါဘူး။ ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်ပါတယ်။ နာမ်ကလည်း သိပြီး ညွှတ်ပြီး ပျက်ပါတယ်။
သွားချင်တော့ နာမ်က သွားချင်တယ်။ သွားတော့ ရုပ်က သွားပါတယ်။ ရုပ်သွားရာ နာမ်က ပါသွားရပါတယ်။ အဲဒီသဘောတွေကို သိအောင် သွားရင်း ရုပ်နာမ်ပေါ်သတိကပ်ပြီး သွားရပါတယ်။ အဲဒီလိုသွားရင် သွားတဲ့ အမူအရာ မပြောင်းရဘဲ အသွားမပျက် သွားနိုင်ပြီး အရှုမပျက် ရှုနိုင်ပါတယ်။
“သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ငါ မဟုတ်၊ သူ မဟုတ်၊ သွားတာ နာမ်နဲ့ရုပ်” လို့ အသိတိုးလာပါလိမ့်မယ်။ သွားချင်တဲ့ နာမ်ကလည်း သွားချင်ပြီး ချုပ်ပျက်၊ သွားတဲ့ ရုပ်ကလည်း သွားပြီး ချုပ်ပျက်သွားတာကို တွေ့ရပါလိမ့်မယ်။
“သွားချင်တဲ့ နာမ်က အကြောင်း၊ သွားတဲ့ ရုပ်က အကျိုး” လို့ နာမ်ရုပ်နှစ်ပါးကို ကြောင်းကျိုးဆက်စပ်ပြီး ဖြစ်နေတဲ့သဘော၊ အကြောင်းချုပ်တော့ အကျိုးချုပ်တဲ့ သဘောတွေကို မြင်အောင် ရှုသွားရပါတယ်။
ဝိပဿနာ ရှုတယ်ဆိုတာ ရုပ်ကို ရှုရင်ရှု မရှုရင် နာမ်ကို ရှုရမှာပါ။ ဦးစွာပထမ သိရမှာလည်း ရုပ်နာမ်ပဲ သိရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ရပြီးမှ တခြားဉာဏ်တွေ ရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ဉာဏ် မရဘဲနဲ့ တခြား ဉာဏ်တွေ မရနိုင်ပါဘူး။
ရုပ်နှင့်နာမ်က ကင်းပြီးတော့ ဖြစ်တာ မဟုတ်တဲ့အတွက် လျော်တဲ့ ဣရိယာပုထ်၊ လျော်တဲ့ အမူအရာနဲ့ လျော်သလို ရှုနေရပါတယ်။
ရှုတဲ့အခါ ရုပ်ကို မှီပြီး ရုပ်ဖြစ်တာလဲ မြင်အောင် ရှုရပါမယ်။ ရုပ်အကြောင်း ရုပ်အကျိုးကွဲအောင် ရှုရပါတယ်။ ရုပ်မှီပြီး နာမ်ဖြစ်တာကိုလည်း မြင်အောင်ရှုရပါတယ်။ ရုပ်အကြောင်း နာမ်အကျိုး ကွဲအောင် ရှုရပါမယ်။ နာမ်ကို မှီပြီး ရုပ်ဖြစ်တာ မြင်အောင် ရှုပါ။ နာမ်အကြောင်း ရုပ်အကျိုးကို ကွဲအောင် ရှုရပါမယ်။
အသွားအလာ အနေအထိုင် မပျက် သွားရင်း လာရင်း စားရင်း သောက်ရင်း၊ နေရင်း ထိုင်ရင်း၊ ပြောရင်း ဆိုရင်းနဲ့ “ဘယ်သူအကြောင်း ဘယ်သူ့အကျိုးလဲ၊ ဘယ်သူရှေ့ဆောင်လဲ၊ ဘယ်သူနောက်လိုက်လဲ” လို့ ခန္ဓာတွင်း ဉာဏ်သွင်းပြီး သွားလာတာကို တရားအားထုတ်တယ်၊ ဝိပဿနာပွားတယ်လို့ ခေါ်တာပါ။
ဝိပဿနာဆိုတာ မခက်ပါ (၂)
ဝိပဿနာဆိုတာ မခက်ပါ (၂)
ဝိပဿနာအလုပ်ဆိုတာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြီးမဟုတ်ပါ။ လုပ်ရတာ အားထုတ်ရတာ လွယ်ပါတယ်။ ရအောင်လုပ်ဖို့ စိတ်ရှည်ဖို့ပဲ လိုပါတယ်။
မိမိတို့ခန္ဓာကိုယ်မှာ ပြုပြုသမျှ၊ ပြောပြောသမျှ၊ ကြံကြံသမျှ အမူအရာတိုင်းမှာ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ ရုပ်နာမ်ကွဲပြီးတော့ နောက်ပိုင်း ကြောင်းကျိုးပိုင်းခြား သိမြင်အောင် ရှုပွားအားထုတ်ရပါတယ်။
ရုပ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံ၊ ရုပ်အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ် အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံတို့ကို သိမြင်အောင် ရှုဖို့လိုပါတယ်။
ကြောင်းကျိုးမပိုင်ဘဲနဲ့ ကင်္ခါယုံမှား မကွာနိုင်ပါဘူး။ ကင်္ခါယုံမှားမကွာရင် တရားထူးရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလိုက်သင့် ရှုပါ။ အလုပ်လုပ်တဲ့အခါမှာ ထိုင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်ဟာ မထိုင်နိုင်တော့တဲ့အခါ လျောင်းရှု၊ ရပ်ရှု၊ စင်္ကြ ံလျှောက်ရှု နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပက်လက်ကုလားထိုင် စသည်နှင့် နေသာသလို နေပြီး ခန္ဓာတွင်းမှာ ဉာဏ်သွင်းရှုပေးပါ။ ကိုယ်နှင့် စပ်ပြီး ကိုယ်တွင်းမှာ ဖောက်ပြန်နေသမျှ၊ စိတ်နှင့်စပ်ပြီး စိတ်ထဲမှာ သိနေသမျှ ညွှတ်နေသမျှကို ရှုကြည့်ပေးရပါတယ်။
ဉာဏ်နှင့်ကြည့်နေတော့ ခန္ဓာမှာ ရုပ်နှင့် နာမ်ပဲ ရှိရာ ရုပ်ကလည်း ရုပ်အလုပ်လုပ်ရင်းက ဖောက်ပြန်နေပါတယ်။ နာမ်ကလည်း နာမ်အလုပ်လုပ်ရင်းက သိနေညွှတ်နေပါတယ်။
ရုပ်ဆိုတာ သူ့အမည်ပါ။ အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။ ရုပ်က သူ့အလုပ်ဖြစ်တဲ့ ဖောက်ပြန်တဲ့ အလုပ်ကို မရပ်ပါ။ ရပ်ရင် သေပြီ။ ရုပ်အလုပ်က နာကျင် ကိုက်ခဲ ထုံကျဉ် မူးသေ စသည်တို့ပေါ့။ ခန္ဓာကိုယ်ထဲမှာ အဲဒီ သဘောမျိုးတွေ တစ်မျိုးမဟုတ် တစ်မျိုးရှိနေပါတယ်။ အဲဒီတစ်မျိုးမျိုးကို သတိကပ်ပြီး “ရုပ်” လို့ ရှုနေပါ။ ရုပ်လို့ရှုပါဆိုတော့ ရုပ်ဆိုတာကို ပါးစပ်ကလည်း မဆိုရပါ။ စိတ်ထဲကလည်း မဆိုရပါ။ ဖောက်ပြန်တဲ့ နာသဘော စသည်ကို သိနေဖို့ပါပဲ။
အဲဒီလို သိနေ ကြည့်ရှုနေတဲ့အခါမှာ ကိုယ်နေကိုယ်ထားကို အေးအေးဆေးဆေး နေသာသလို သက်သာစွာ ရှုလို့ရပါတယ်။ ပင်ပင်ပန်းပန်းလည်း မဟုတ်ပါ။ ရုပ်သဘောကို သိပြီး အနားလည်း ရပါတယ်။ အပန်းဖြေပြီး အိပ်ပျော်ချင်လည်း ပျော်သွားပါစေ။ နိုးလာရင် ပြန်ရှုပါ။ အဲဒါ အနားယူတဲ့ ဝိပဿနာအလုပ်ပါ။
ဒီကိုယ်ကို နေသာသလိုနေပြီးတော့ ရှုနေတဲ့ ပုဂ္ဂိုလ်အတွက် ပေါ်လာသမျှ ဖောက်ပြန်သမျှသည် ရှုစရာပါ။ ရှုရမှာပါ။ တရားမရှုပွားဖူးတဲ့သူမှာ ရင်တုန်တယ်ဆိုရင် .. အမလေး ငါ ဘယ်လိုဖြစ်မှန်း မသိဘူး .. ဆိုပြီး အပူသောက ဝင်မှာပါ။ ရှုနေကျပုဂ္ဂိုလ်ကျတော့ တုန်တာပဲ ဆိုပြီးရှုတော့ အပူမပါပါ။ အပူမပါပဲနဲ့ နေသာသလို နေပြီးတော့ တုန်တိုင်း တုန်တိုင်း ရုပ်လို့ ရှုနေတဲ့အခါ အပူမပါတဲ့အတွက် သက်သာပါတယ်။ အဲဒီ ဖောက်ပြန်တဲ့အထဲမှာ ငါဘယ်လိုဖြစ်မှန်း မသိဘူး။ ရောဂါများထသလား မသိဘူးလို့ စိတ်ပါသွားရင် ပူပါတယ်။ အပူပါရင် ရောဂါပိုတိုးပါတယ်။
နဂိုက ရုပ်ဖောက်ပြန်မှုထဲမှာ စိတ်ဖောက်ပြန်မှုပါ တိုးသွားတော့ ရောဂါပိုကြီးသွားပါတယ်။ ဒါကြောင့်မို့ အချို့ဆရာဝန်တွေဟာ ရောဂါသည်ကို ရောဂါအကြောင်းအမှန် မပြောကြပါ။ ပြောလို့ရှိရင် ရောဂါသည် စိတ်ဓာတ်ကျပြီး ရောဂါပိုကြီးသွားတတ်ပါတယ်။
ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်ရယ်လို့ ရုပ်လေးပါးထဲမှာ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က အားအကောင်းဆုံးပါ။ ကျန်တဲ့ ရုပ်တွေ ပျက်စီးချင်သလောက် ပျက်စီး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ် မပျက်စီးက မပျက်စီးပါ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က အားအကောင်းဆုံးပါ။
အဲဒါကြောင့် နေသာသလိုနေပြီးတော့ ရှုမယ်ဆိုရင် ကုသိုလ်လည်း ရမယ်။ ရောဂါလည်း ပျောက်သွားပါလိမ့်မယ်။ တရားရှုပွားအားထုတ်တဲ့အခါ စိတ်ကို အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် ထားပြီး ရုပ်ဖောက်ပြန်တာပဲ။ ငါဖောက်ပြန်တာ မဟုတ်ဘဲ ရုပ်ရဲ့သဘောက ဖောက်ပြန်တဲ့သဘောပဲ။ ဖောက်ပြန်တဲ့အလုပ်ပဲ။ ငါ့အလုပ်က ရှုရမယ့်အလုပ်ပဲဆိုပြီး ရှုကြည့်နေတဲ့အခါ ရောဂါတွေ ပျောက်သွား ပါတယ်။
အဲဒီလို ရောဂါတွေ ပျောက်သွားတဲ့အခါ တန်ခိုးလို့ ယူတတ်ပါတယ်။ တန်ခိုးမဟုတ်ပါ။ စိတ်ကြည်လင်တော့ သွေးသားကြည်လင်ပါတယ်။ သွေးသားကြည်လင်တော့ ရောဂါတွေ ပျောက်တာပါ။
ကိုယ့်အလုပ်က ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နာမ်နှစ်ပါး ထင်ရှားရာကို ရှုတဲ့ အလုပ်ပါပဲ။ ရုပ်နှင့် နာမ်ကလည်း အချင်းချင်း မှီနေတော့ ရုပ်ဆွဲ နာမ်လဲ၊ နာမ်ဆွဲ ရုပ်လဲပါတယ်။ ပရမတ်သဘောက တစ်ညှာဆွဲ တစ်တွဲပါ သဘောပါ။
သတိပဋ္ဌာန်တရားလေးပါးကို သတိပြုပါ။ ကာယာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ရုပ်ကို အရှုခံပြီး ရှုတာပါ။ အရှုခံက ရုပ်၊ ရှုနေတာက နာမ်ဆိုတော့ နာမ်ပါသွားပါတယ်။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ဝေဒနာကို အရှုခံထားပြီး ရှုတာပါ။ ဝေဒနာက နာမ်တရား၊ ရှုတာကလည်း နာမ်တရားပါ။ အဲဒီ နာမ်ဘယ်မှာ မှီနေလဲဆိုတော့ ရုပ်မှာ မှီနေပါတယ်။ အဲဒီလို သိတဲ့အခါ ပြီးသွားပါတယ်။ ချက်ချင်းတော့ မသိသေးပါ။ သိချိန်တန်မှ သိမှာပါ။
ဝိပဿနာရဲ့အလုပ်က အရှိနဲ့ သတိနဲ့ကိုက်အောင် လုပ်တဲ့ အလုပ်ပါ။ မစဉ်းစားပါနဲ့။ လိုက်မရှာပါနဲ့။ အရှိရုပ်နဲ့ အရှိနာမ်နဲ့ ကိုက်အောင် ရှုကြည့်ရပါတယ်။ မရှိတာလည်း မရှာပါနဲ့။ ရှိတာလည်း မကြိုက်ပါမဖြစ်ပါနဲ့။ မဖြစ်ကြသေးတာကိုလည်း ဖြစ်အောင် မလုပ်ပါနဲ့။ ဖြစ်နေတာကိုလည်း ပျက်အောင် မလုပ်ပါနဲ့။ အရှိအတိုင်းမြင်အောင် ကြည့်ပါ။ ဖြစ်နေတဲ့အတိုင်း ကြည့်ပါ။
စိတ္တာနုပဿနာသတိပဋ္ဌာန်ဆိုတာ နာမ်ကမ္မဋ္ဌာန်းပါ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတာပါ။ အဲဒီစိတ်ဟာ ဘယ်မှာ မှီနေသလဲဆိုယင် ရုပ်မှာ မှီနေပါတယ်။
ကာယနုပဿနာသတိပဋ္ဌာန်ဆိုတာ ရုပ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ ရုပ်ကမ္မဋ္ဌာန်း သက်သက်ပါ။
ဝေဒနာနုပဿနာသတိပဋ္ဌာန်နဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့ဟာ နာမ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ နာမ်ကမ္မဋ္ဌာန်းပါ။ ဓမ္မနုပဿနာသတိပဋ္ဌာန်က ရုပ်နာမ်ရောတဲ့ ကမ္မဋ္ဌာန်းပါ။
ဒါတွေ အားလုံးဟာ ဘုရားရှင်ဟောခဲ့တာချည်းပါပဲ။ ဖြစ်နိုင်လို့ ရနိုင်လို့ ဟောခဲ့တာတွေပါ။ ရှုအားကောင်းစွာနဲ့ ရှုဖို့ ပွားဖို့ပဲ လိုပါတယ်။ ရှုရမှာက ရံခါ ရုပ်၊ ရံခါ နာမ်ကို ရှုရမှာပါ။ ရှုတဲ့အခါ ရုပ်ကို မှီပြီး နာမ်ဖြစ်တာလည်း တွေ့ပါလိမ့်မယ်။ နာမ်မှီပြီး ရုပ်ဖြစ်တာလည်း သိပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးအပြင် တခြားဘာမှမရှိပါ။
အဲဒီသဘောတွေကို သိအောင် သွားတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို မှီပြီးဖြစ်တယ်လို့ သတိထားပြီး ရှုပွားသွားရမှာပါ။ ပြုတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြုတယ်ဆိုတာ သတိထားပြီး ပြုရမှာပါ။ ပြောတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြောနေတယ်ဆိုတာ သတိထားပြီး ရှုပွားပြောရမှာပါ။
ဝိပဿနာအလုပ်ဆိုတာ အသိပြောင်းအောင် လုပ်တဲ့ အလုပ်ပါ။ တရားအားထုတ်လို့ အသိပြောင်းသွားပြီဆိုရင် နဂိုနေ၊ နဂိုစား၊ နဂိုသွားလာတာမျိုးနဲ့ ဘယ်လိုမှ မတူဘဲ အမူအရာ ပြောင်းသွားပါတယ်။ အမူအရာ အပြောင်းရင်တော့ တရားမရသေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အနေအထိုင် အသွားအလာ အပြောအဆိုအမူအရာမှ မပြောင်းသေးရင် အသိမပြောင်းသေးလို့ပါပဲ။ အသိမပြောင်းတာလည်း ရုပ်နာမ်ကို အမှန်မမြင်သေးလို့ပါ။
ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကြောင်းကျိုးတရားပါ။ ပဋ္ဌာန်းတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်းပစ္စည်း အကျိုးပစ္စယုပ္ပန်အနေ ဟောခဲ့ပါတယ်။ သစ္စာတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်း သမုဒယ၊ အကျိုး ဒုက္ခပါပဲ။
ဒီလောကကြီးထဲမှာ အကြောင်းအကျိုးအပြင် ဘာမှ မရှိပါ။ ဒီခန္ဓာကိုယ်အတွင်းမှာလည်း ကြောင်းကျိုးအပြင် ဘာမှမရှိပါ။ ဒီခန္ဓာမှာ ရုပ်နာမ်ကွဲပြီးရင် အဲဒီရုပ်နာမ် အကြောင်းကို သိမ်းဆည်းသိတဲ့ ဉာဏ်ရရမှာပါ။ အဲဒီ ဉာဏ်မှမရရင် ဝိစိကိစ္ဆာ မကင်းနိုင်ပါ။ သောတာပန် မဖြစ်နိုင်ပါ။ ဒါကြောင့် ရုပ်နာမ်ကွဲအောင် ကြိုးစားရှုပွားပါ။ ရုပ်နာမ်ရဲ့ အကြောင်းကို သိမ်းဆည်းနိုင်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဝိပဿနာအကျိုးငါးပါး
ဝိပဿနာအကျိုးငါးပါး
ဝိပဿနာတရား အားထုတ်တဲ့ပုဂ္ဂိုလ်များဟာ ...
၁။ တစ်ထိုင်အတွင်းမှာပဲ အာသဝေါတရားလေးပါး ကင်းပြီးတော့ ရဟန္တာ ပုဂ္ဂိုလ်များလဲ ဖြစ်နိုင်ပါတယ်။
၂။ သေခါနီး ကာလမှာလဲ မဂ်လေးတန် ဖိုလ်လေးတန်ရပြီးတော့ ရဟန္တာပုဂ္ဂိုလ်လဲ ဖြစ်နိုင်ပါတယ်။
၃။ ဒုတိယဘဝမှာ နတ်ပြည်ခြောက်ရွာရောက်၍ နည်းလေးမျိုး ရှိတဲ့အထဲက တစ်မျိုးမျိုးနဲ့ မဂ်ဉာဏ်တွေ ရပြီးတော့ အရိယာ ပုဂ္ဂိုလ်များလဲ ဖြစ်နိုင်ပါတယ်။
{ မှတ်ချက်။ ။ ဝိပဿနာတရား အားထုတ်၍ နတ်ပြည်ခြောက်ရွာ ရောက်ရှိရသော ပုဂ္ဂိုလ်များသည် နတ်ပြည်ခြောက်ရွာမှာ -
(က) ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် ရုပ်နာမ်ဖြစ်ပျက်နှလုံးသွင်းလို့လဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေရပြီးတော့ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်။
(ခ) သူတစ်ပါးရဲ့စိတ်ကို သိနေကြသော နတ်အများက လာရောက် သတိပေးကြလို့လဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေရပြီးတော့ အရိယာ ပုဂ္ဂိုလ်များ ဖြစ်နိုင်ပါတယ်။
(ဂ) ခုနှစ်ရက်တစ်ကြိမ် အရိယာနတ်သားများဟောကြားတဲ့ သစ္စာတရားများ နာကြရ၍လဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရပြီးတော့ အရိယာ ပုဂ္ဂိုလ်များ ဖြစ်နိုင်ပါတယ်။
(ဃ) နတ်ပြည်မှာ အရင်ရောက်နှင့်နေကြသော ဓမ္မမိတ်ဆွေ နတ်များက လာရောက်သတိပေးလို့လဲ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရပြီးတော့ အရိယာပုဂ္ဂိုလ်များ ဖြစ်နိုင်ပါတယ်။ }
၄။ သာသနာပ ကာလမှာလဲ ဆရာမရှိဘဲနဲ့ သစ္စာတရားလေးပါး သိပြီးတော့ ပစ္စေကဗုဒ္ဓါများလဲ ဖြစ်နိုင်ပါတယ်။
၅။ ဝိပဿနာတရား အားထုတ်ထားသော ပုဂ္ဂိုလ်များမှာ ဒုတိယဘဝ နတ်ပြည်ခြောက်ရွာမှာ အရိယာပုဂ္ဂိုလ်များမဖြစ်လဲ ဘုရားတစ်ဆူနဲ့ တစ်ဆူ ကြားကာလအတွင်းမှာ အပါယ်လေးရွာ မရောက်ရဘဲ နတ်ပြည်ခြောက်ရွာ မှာနေ၍ လူ့ပြည့်လူ့ရွာတွင် ဘုရားပွင့်၍ သာသနာနှင့် ကြုံသောအခါဝယ် လူ့ပြည်လူ့ရွာသို့ ဆင်း၍ ဘုရားရှင်၏ သာသနာမှာ လွယ်လွယ်ကူကူနှင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်များ ရပြီးတော့ အရိယာပုဂ္ဂိုလ်များ ဖြစ်နိုင်ပါတယ်။
သာသနာတော်နဲ့ကြုံတဲ့အချိန် လူ့ဘဝရရှိထားတဲ့အခါမှာ သာသနာတွင်း လူဖြစ်ကြရအောင် ဝိပဿနာတရားများ ကြိုးစား အားထုတ်ကြပါလို့ စေတနာမေတ္တာဆန္ဒမွန်ဖြင့် တင်ပြအပ်ပါသည်။
ကြိုးစားအားထုတ်ကြပါ သူတော်ကောင်း အပေါင်းတို့ ..
တရားအားထုတ်ရခြင်း ရည်ရွယ်ချက်
အခုအချိန်မှာ မြတ်စွာဘုရား သက်တော်ထင်ရှား မရှိသော်လဲ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေ အထင်အရှား ရှိနေတာဖြစ်လို့ သာသနာတော်အတွင်းမှာ အားထုတ်နေကြရတာပါ။
မြတ်စွာဘုရားက တုမှေဟိ = သင် ချစ်သား ချစ်သမီးတို့သည်။ အာတပ္ပံ = ကိလေသာကို ပူလောင်ခြောက်သွေ့အောင် ကြိုးကြိုးကုတ်ကုတ် အားထုတ်ရမည့် တရားအလုပ်ကို ၊ ကိစ္စံ = မုချမသွေ ပြုလုပ်ရပေမည်။ တထာဂတာ = ငါဘုရားတို့သည်ကား။ အက္ခာတာရော = ဟောပြောညွှန်ပြ ရုံမျှသာ ဖြစ်ကုန်၏ ။ ဈာယိနော = မပြတ်မလပ် ရှုမှတ်ကြကုန်သည် ဖြစ်၍၊ ပဋိပန္နာ = ကျင့်ကြံပွားများ အားထုတ်ကြ သူတို့သည်၊ မာရဗန္ဓနာ = ကိလေသာမာရ် အနှောင်အဖွဲ့မှ၊ မမောက္ခန္တိ = လွတ်မြောက်ကြကုန်၏။ .. လို့ ဟောတော်မူပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယကသာ ပဓာနကျတယ်လို့ သဘောပေါက်ဖို့ လိုပါတယ်။
ကိုယ့်ကိလေသာငြိမ်းဖို့ကတော့ ကိုယ်ကိုယ်တိုင် အားထုတ်မှရတာပါ။ မပြတ်မလပ် ရှုမှတ်ပြီး ကြိုးကြိုးစားစား အားထုတ်ကြတဲ့ပုဂ္ဂုလ်တွေကတော့ လောဘ ဒေါသ မောဟ ကိလေသာတွေရဲ့ အနှောင့်အဖွဲ့ မခံရဘဲ ကိလေသာ အမြစ်ပြတ်ပြီးတော့ လွတ်လပ်မှုရလို့ ချမ်းသာကြပါတယ်။
ပမောက္ခဆိုတာ လွတ်မြောက်သွားတာကိုပြောတာပါ။ တကယ် အားမထုတ်ရင်တော့ မလွတ်မြောက်နိုင် ပါဘူး။
ဒါကြောင့် မြတ်စွာဘုရား ထင်ရှားရှိတော်မူတဲ့အချိန်၊ မရှိတဲ့အချိန်လို့ စိတ်ထဲမှာမထားဘဲ ရှင်တော်မြတ်ဘုရားများ နည်းမှန်လမ်းမှန် ညွှန်ကြားပြသထားတဲ့ အဆုံးအမ တရားတွေက ဒို့ကို လမ်းညွှန်ပေးလို့ရှိရင် ဒို့အတွက် လုံလောက်ပြီ။ အဲဒီတရားတွေက လမ်းညွှန်တဲ့အတိုင်း ကြိုးစားအားထုတ်ကြရင် လိုအပ်တဲ့ ချမ်းသာ ရကြမှာပဲလို့ စိတ်ထားပြီး ကြိုးစားကြဖို့ပဲ လိုပါတယ်။
အဲဒီလို ကြိုးစားအားထုတ်ရာမှာ မိမိဘာရည်ရွယ်ချက်နဲ့ အားထုတ်တယ် ဆိုတာရယ်၊ မိမိအားထုတ်တဲ့ တရားဟာ နည်းမှန်လမ်းမှန် ဟုတ်တယ် မဟုတ်ဘူး ဆိုတာရယ် အဲဒီ နှစ်ချက်ကို သေသေချာချာ သိထားဖို့ လိုပါတယ်။ အဲဒီလို သိထားမှပဲ ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်ပါမယ်။
အဲဒီတော့ အားထုတ်ကြတာ ဘာရည်ရွယ်ချက်လဲ။ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ တရားအားထုတ်ခြင်း ရဲ့ ရည်ရွယ်ချက်ကတော့ -
သံဝရတ္ထံ ပဟာနတ္ထံ ဗြဟ္မစရိယမနီတိဟံ .. လို့ မိန့်တော်မူပါတယ်။
တရားအားထုတ်တာဟာ သံဝရတ္ထံ = ကိလေသာမဝင်အောင် စောင့်စည်းပိတ်ဆို့ဖို့ရာ ရည်ရွယ်ချက်နဲ့လည်း အားထုတ်တာပါတဲ့။ ဖြစ်နိုင်ရင် ပဟာနတ္ထံ = ကိလေသာကို အပြီးသတ် အမြစ်ပြတ် ပယ်သတ်နိုင်ဖို့ရာ ရည်ရွယ်ချက်နဲ့လဲ အားထုတ်တာတဲ့။
အဲဒါဟာ တရားအားထုတ်ခြင်းရဲ့ စစ်မှတ်သော ရည်ရွယ်ချက်ပါပဲ။
အားထုတ်ပုံကတော့ ရုပ်နှင့်နာမ် ခန္ဓာကိုယ်နှင့်စိတ်မှာ ထင်ထင်ရှားရှား ဖြစ်ပေါ်သမျှရုပ်၊ ဖြစ်ပေါ်သမျှ နာမ်ကို သတိနဲ့ စူးစူးစိုက်စိုက် စောင့်ကြည့် ရှုသိနေဖို့ပါပဲ။
အဲဒီတော့ မြင်တိုင်း ကြားတိုင်း နံတိုင်း စားတိုင်း ထိတိုင်း သိတိုင်း ကြံတွေးတိုင်း မလစ်လပ်ရအောင် ရှုမှတ်ပြီး သိနေရင် တရား ထူးထူးခြားခြား မသိဦးတော့ အဲဒီလို ရှုမှတ်မှုချင်း ဆက်စပ်နေရင်ပဲ မိမိတို့ရဲ့ စိတ်အစဉ်မှာ လောဘ ဒေါသ မောဟ ကိလေသာ မဝင်နိုင်တော့ပါဘူး။
အဲဒီလို ရှုမှတ်နေခြင်းဟာ ကိလေသာ မဝင်အောင် စောင့်စည်းပိတ်ဆို့ထားတာပါပဲ။ အဲဒါဟာ သံဝရတ္ထံ = ကိလေသာ မဝင်အောင် စောင့်စည်းဘို့ရာ အားထုတ်ခြင်းပါပဲ။
ဒါကြောင့် အဲဒါကို ဣန္ဒြိယသံဝရသီလလို့ ခေါ်ပါတယ်။ ဣန္ဒြိယ = မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဣန္ဒြေ ခြောက်ပါး တံခါး ခြောက်ပေါက်ကို၊ သံဝရ = ကိလေသာ မဝင်အောင် ပိတ်ဆို့ထားတာ။
ဘာနဲ့ ပိတ်ဆို့သလဲဆိုယင် ရှုမှတ်မှု သတိနဲ့ ပိတ်ဆို့ပါတယ်။ မြင်ရင် မြင်တာကို သတိကပ် ရှုမှတ်၊ ကြားရင် ကြားတာကို သတိကပ် ရှုမှတ်၊ နံရင် နံတာကို သတိကပ်ရှုမှတ်၊ စားရင် စားတာကို သတိကပ် ရှုမှတ်၊ ချိုချဉ် ဖန်ခါးစတဲ့ အရသာ တမျိုးမျိုးပေါ်ရင် ချိုတယ်၊ ချဉ်တယ် စသည်ဖြင့် သတိကပ် ရှုမှတ်၊ စဉ်းစား ကြံစည် တွေးတောရင် စဉ်းစားတယ်၊ ကြံစည်တယ်၊ တွေးတောတယ် စသည်ဖြင့် သတိကပ်ရှုမှတ်၊ အဲဒီလို ရှုမှတ်မိတဲ့ အာရုံနဲ့ ပတ်သက်လို့ ကိလေသာ မဝင်တော့ဘူး။ အဲဒါဟာ သံဝရတ္ထံပဲပေါ့။
ဒါတင်မကသေးပါဘူး အဲဒီလို ကိလေသာနီဝရဏ မဝင်တဲ့ အတွက် ရှုစိတ်အစဉ်ဟာ သန့်ရှင်းစင်ကြယ်ပြီး တည်ငြိမ်နေတော့ စိတ္တဝိသုဒ္ဓိ ဖြစ်နေပါတယ်။
ဒီတော့ စင်ကြယ်တဲ့ စိတ်ထဲမှာ ပါဝင်တဲ့ အသိဉာဏ်ဟာ ထက်မြက်လာတော့ အဲဒီ ထူးခြားထက်မြက်တဲ့ အသိတွေက ရုပ်သဘာဝ နာမ်သဘာဝ၊ ဖြစ်မှု ပျက်မှု နှင့် မမြဲ ဆင်းရဲ ပုဂ္ဂိုလ်သတ္တဝါ ငါမဟုတ်ဆိုတဲ့ လက္ခဏာရေးသုံးပါးကို အရှိသဘာဝအတိုင်း ထိုးထွင်းသိမြင်လာပါတယ်။ အဲဒါဟာ ဝိပဿနာဉာဏ်ပါပဲ။
အဲဒီ ဝိပဿနာဉာဏ်က ကိလေသာကို တဒင်္ဂပဟာန်အားဖြင့် (တစိတ်တဒေသ ပယ်တဲ့အနေနဲ့) ပယ်သတ်လိုက်တယ်။ အဲဒါဟာ ပဟာနတ္ထံ = ကိလေသာကို ပယ်သတ်ဖို့ရာ အားထုတ်တာပါ။
အဲဒီအသိတွေ တဆင့်ထက်တဆင့် ရင့်သွား မြင့်သွားလို့ နောက်ဆုံး ဝိပဿနာဉာဏ် ကုန်ဆုံးတဲ့ အခါကျတော့ မဂ်ဉာဏ် မဂ်ပညာ မဂ်အသိ၊ ဖိုလ်ဉာဏ် ဖိုလ်ပညာ ဖိုလ်အသိ ဖြစ်ပေါ်ပြီး အရိယသစ္စာလေးပါး ထိုးထွင်းသိပါတယ်။
အဲဒီအခါမှာ အရိယမဂ်ဉာဏ်လေးခုက မိမိတို့ အဆင့်အလိုက် ကိလေသာတွေကို မမြစ်ပြတ် ပယ်သတ်ကြတယ်။ ကိလေသာတွေ အမြစ်ပြတ်သွားတော့ နောင်တဖန် ပြန်ပြီး မဖြစ်နိုင်တော့ဘူးပေါ့။
ဒီလို အမြစ်ပြတ်ပယ်တာကို သမုစ္ဆေဒပဟာန် လို့ ခေါ်ပါတယ်။
သိကြတဲ့အတိုင်းပဲ ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ဉာဏ်က ရုပ်နှင့်နာမ်ကို ပုဂ္ဂိုလ်သတ္တဝါလို့ အသိမှားတဲ့ သက္ကာယဒိဋ္ဌိနဲ့ ရတနာသုံးပါးကို ယုံမှားသံသယဖြစ်တဲ့ ဝိစိကိစ္ဆာကို ပယ်သတ်ပါတယ်။ ပယ်သတ်တယ်ဆိုတာ အမြစ်ပြတ်ပါ။ နောင်တဖန် ဘယ်တော့မှ ပြန်မဖြစ်ပေါ်ရအောင် ပယ်သတ်တာပါ။
ဒါတင်မကသေးပါဘူး၊ သောတာပတ္တိမဂ်ဉာဏ် ရတဲ့ပုဂ္ဂိုလ်ဟာ အပါယ်လားနိုင်လောက်အောင် ကြမ်းတမ်းတဲ့ အကုသိုလ်အမှုတွေကို မပြုတော့ပါဘူး။
သို့သော်လဲပဲ အပါယ်မလားနိုင်လောက်တဲ့ တော်ရုံတန်ရုံ အကုသိုလ်အမှုကတော့ သောတာပန်မှာ ပြုမိသေးတာပါပဲ။ ဘာကြောင့်လဲဆိုတော့ လောဘ ဒေါသက မငြိမ်းသေးလို့ပါ။
ပြီးတော့ ရှစ်ဖြာမဂ္ဂင် ဘောင်မဝင်တဲ့ ဝတ်အကျင့်မျှဖြင့် ဆင်းရဲငြိမ်းစေနိုင်၊ သံသရာဝဋ်က လွတ်စေနိုင်တယ်လို့ မှားယွင်းစွာ ယူဆတဲ့ သီလဗ္ဗတပရာမာသဒိဋ္ဌိကိုလည်း ပယ်ပါတယ်။
ဒုတိယဖြစ်တဲ့ သကဒါဂါမိမဂ်ဉာဏ် ကတော့ ကြမ်းတမ်းတဲ့ လောဘ၊ ဒေါသတွေကို ပယ်သတ်တယ်၊ နူးညံ့သိမ်မွေ့တဲ့ လောဘ ဒေါသကိုတော့ မပယ်သတ်နိုင်သေးပါဘူး။
တတိယဖြစ်တဲ့ အနာဂါမိမဂ်ဉာဏ်ကတော့ ကာမတဆယ့်တစ်ဘုံမှာ နှစ်သက် တပ်မက်စရာ အာရုံတွေကို နှစ်သက်တပ်မက်တဲ့ လောဘနဲ့ စိတ်ဆိုး စိတ်ပျက် စိတ်မချမ်းသာဘူးဆိုတဲ့ ဒေါသကို ပယ်ပါတယ်။
ဒါကြောင့် အနာဂါမ်ပုဂ္ဂိုလ်ဟာ လူ့ဘုံ နတ်ဘုံမှာ ဘယ်အာရုံကိုမျှ မသာယာ မတပ်မက်တော့ပါဘူး။
စိတ်ဆိုးတာ စိတ်ပျက်တာလည်း မရှိတော့ဘူး။
သူ့မှာ ရူပ အရူပဈာန်နဲ့ ရူပ အရူပဘဝတွေကို နှစ်သက်တပ်မက်တဲ့ လောဘအနုစားကတော့ ရှိနေသေးပါတယ်။
ဆက်ပြီး အားထုတ်လို့ အရဟတ္တမဂ်ဉာဏ် ရသွားယင်တော့ ကျန်တဲ့ ကိလေသာ အညစ်အကြေးမှန်သမျှ တစ်ခုမှ မကျန်ရအောင် အကြွင်းမဲ့ အမြစ်ပြတ် နောင်တဖန် လုံးဝမဖြစ်ရအောင် အရဟတ္တမဂ်ဉာဏ်က ပယ်သတ်လိုက်ပါတယ်။
အဲဒီလို အသီးသီး အဆင့်ဆင့် ပယ်သတ်လိုက်တော့ ကိလေသာ လုံးဝ ငြိမ်းသွားပြီး အရဟတ္တမဂ်ဉာဏ် ရတဲ့ အချိန်ကစပြီးတော့ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေ ဘာအရိပ်အငွေ့မှ မကျန်တော့ဘူး၊ ကိလေသာတွေ အားလုံးကို အမြစ်ပြတ် ပယ်သတ်လိုက်ပြီဖြစ်လို့ ကိလေသာဆင်းရဲ လုံးဝ ငြိမ်းသွားပါတယ်။
ဒါကို ကိလေသ ပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။
ရဟန္တာမှာ ရုပ်ခန္ဓာ နာမ်ခန္ဓာ ရှိနေသေးတဲ့အတွက် ရဟန္တာရတဲ့ နိဗ္ဗာန်ကို သဥပါဒိသေသနိဗ္ဗာန် လို့လဲ ခေါ်ပါတယ်။
ရဟန္တာပရိနိဗ္ဗာန် စံသွားတဲ့အခါကျတော့ စုတိစိတ်နှင့်အတူ ရုပ်နာမ် ခန္ဓာ နောက်ထပ် အသစ်မဖြစ်တော့ဘဲ အပြီးသတ် ချုပ်ငြိမ်းသွားတော့ အဲဒါကို ခန္ဓပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ ရုပ်နာမ် ခန္ဓာ အကြွင်းအကျန် လုံးဝမရှိတော့တဲ့အတွက် အနုပါဒိသေသနိဗ္ဗာန် လို့လဲ ခေါ်ပါတယ်။ ဘာပဲ ရှိတော့သလဲဆိုတော့ ဆင်းရဲခပ်သိမ်းငြိမ်းနေတဲ့သဘောပဲ ရှိတော့ပါတယ်။ အဲဒီ ဆင်းရဲငြိမ်းနေတာဟာ သတ္တဝါအများ လိုလားနေတဲ့ နိဗ္ဗာန်ပါပဲ။
ဒီဆင်းရဲငြိမ်းနေတဲ့ သဘာဝကို ရရှိဖို့ရာ ကိလေသာတွေကို အမြစ်ပြတ် အကြွင်းမဲ့ ပယ်သတ်နိုင်အောင် ကြိုးစား အားထုတ်ရပါတယ်။ ဒါကြောင့် တရား အားထုတ်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပဟာနတ္ထံ = ကိလေသာ မှန်သမျှကို အမြစ်ပြတ် ပယ်သတ်နိုင်ပြီး ဆင်းရဲခပ်သိမ်းငြိမ်းဖို့ရာ ရည်ရွယ်ချက်ပါပဲ။
အဲဒီ ရည်ရွယ်ချက်ကို မျက်ခြေပြတ်မခံဘဲ ရှုမှတ်မှု သတိ အကြားအလပ် မရှိစေဘဲ ဆက်စပ်မိသွားအောင် စွဲစွဲမြဲမြဲ အားထုတ်ဖို့ လိုပါတယ်။
ဒါကြောင့် သံဝရတ္ထံ = ကိလေသာမဝင်အောင် စောင့်စည်းဖို့ရာ။ ပဟာနတ္ထံ = ကိလေသာကို အမြစ်ပြတ် ပယ်သတ်ဖို့ရာ။ ဗြဟ္မစရိယံ = မြတ်သော အကျင့်ကို။ စရတိ = ကျင့်၏ ။
မြတ်သော အကျင့်ဆိုတာ ဒီနေရာမှာ မဂ္ဂဗြဟ္မစရိယ = မဂ္ဂင် ရှစ်ပါးအကျင့်ကိုပြောတာပါ။ သာသနာတော် တည်းဟူသော သာသနဗြဟ္မစရိယလဲဖြစ်ပါတယ်။
မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်၏ နံနက်ချိန်ခါဩဝါဒဒေသနာများမှ ကောက်နှုတ်မှတ်စုထုတ် ဖော်ပြပါသည်။
သတိပဋ္ဌာန်ဝိပဿနာ၏ ရည်ရွယ်ချက်
သတိပဋ္ဌာန်ဝိပဿနာ၏ ရည်ရွယ်ချက်
မဂ္ဂင်ရှစ်ပါး သတိပဋ္ဌာန်လေးပါးကို ဘယ်လို ပွားကြမလဲ။ သတိဆိုတာ မမေ့တာ အမှတ်ရတာ ဒီလိုပြောရတာပဲ၊ ဒါပေသည့် ဒီမှာသတိက အဲဒီမမေ့ရုံ၊ အမှတ်ရရုံ မဟုတ်ဘူး။ ရုပ်နှင့်နာမ် ခန္ဓာကိုယ်နှင့်စိတ်မှာ ဖြစ်ပျက်နေသမျှကို မလွတ်ရ မလစ်ရအောင် စောင့်ကြည့်ပြီး သိနေတာကို သတိလို့ ဆိုလိုပါတယ်။
ပဋ္ဌာန်ဆိုတာ စွဲစွဲမြဲမြဲ စူးစူးစိုက်စိုက်။ သတိပဋ္ဌာန်ဆိုတာ စူးစူးစိုက်စိုက် စောင့်ကြည့်သိနေတာကို သတိပဋ္ဌာန် ခေါ်ပါတယ်။
ဆိုတော့ကာ သတိပဋ္ဌာန်ကို ဘယ်လို ရှုမှတ် ပွားများကြမလဲ။
ဖောင်းတာကို ဖောင်းတယ်လို့ ရှုရင် တရွေ့ရွေ့ ဖောင်းနေတဲ့သဘောလေးကို စောင့်ကြည့်ပြီးတော့ ရွေ့နေတာလေးတွေကို သေသေချာချာ သိနေတာ၊ စောင့်ကြည့်ပြီး သိနေတာ အဲဒါ သတိပဋ္ဌာန်ပါ။
စူးစူးစိုက်စိုက် စောင့်ကြည့် သိနေတာကို ပြောတာပါ။ သမန်ကာရှန်ကာ ပေါ့ပေါ့ တန်တန် ရှုမှတ်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ စူးစူးစိုက်စိုက် အာရုံကို သေသေချာချာ သိအောင် စောင်ကြည့်တာမှ သတိပဋ္ဌာန်ပါ။
အဲဒီလို စောင့်ကြည့်ရှုသိခြင်းအားဖြင့် နောက် တဖြည်းဖြည်း ရှုသိစောင့်ကြည့်မှု သတိတရားတွေ ဆက်စပ်မိလာတဲ့ အခါကျတော့ ရှုစိတ်က အရှုခံရုပ် အရှုခံနာမ် ပေါ်မှာ ပိုပြီး စူးစိုက် တည်ငြိမ်လာတယ်။
ပိုပြီးတည်ငြိမ်လာတော့ အဲဒီ တည်ငြိမ်လာတာဟာ သမာဓိပေါ့။
အဲဒီလို တည်ငြိမ်လာတဲ့အခါမှာ တည်ငြိမ်တဲ့ စိတ်ထဲမှာ ပါဝင်တဲ့ အသိဉာဏ်က ထက်မြက်လာတယ်။ အဲဒီတော့ ဖောင်းတာရှုလိုက်ရင် ဖောင်းရွေ့တာလေးတွေကို သေသေချာချာ သိတယ်။ အဲဒီလိုနဲ့ ပိုပိုပြီး ရှင်းရှင်းလင်းလင်း သိသိလာတော့ ဝမ်းဗိုက်ပုံသဏ္ဍာန်ကို မသိရ မတွေ့ရတော့ဘဲ ရွေ့တာလေးတွေချည်း တွေ့သိနေရတယ်။
အဲဒါဟာ ရွေ့သဘော ဝါယောပရမတ် လေဓာတ်ကို ကိုယ်တွေ့ သိနေခြင်းပါပဲ။
တရွေ့ရွေ့ ပျောက်သွားတယ် နောက် တရွေ့ရွေ့လာတယ် ပျောက်သွားတယ် အဲဒီလို ပေါ်လာတာ ပျောက်သွားတာ ဖြစ်တာပျက်တာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။
အဲဒီလို သိသွားတဲ့အခါကျတော့ ရုပ်တိုင်း ရုပ်တိုင်းဟာ ဖြစ်ပေါ်ပြီး ပျောက်ပျောက်သွားတာပဲ၊ ဒါကြောင့် မတည်မြဲဘူးဆိုတဲ့ အနိစ္စသဘော သွားပြီးတွေ့လို့ ဉာဏ်ထဲမှာ မတည်မြဲပါလားလို့ ဉာဏ်သက်ဝင်သွားတယ်။
အဲလို သိသွားတယ်။ မတည်မြဲတာသိရင် မကောင်းတာ ဆင်းရဲတာလဲပဲ သဘောပေါက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ မတည်မြဲတဲ့တရားဟာ ဆင်းရဲလို့ပေါ့။ မတည်မမြဲ ဆင်းရဲတဲ့ တရားဟာ အလိုအတိုင်း မဖြစ်စေနိုင်ဘူး။ အဲဒါ အနတ္တပေါ့။
ဒါကြောင့် မြတ်စွာဘုရားက -
ယဒနိစ္စံ တံ ဒုက္ခံ၊ ယံဒုက္ခံ တဒနတ္တာ။
ယံ = အကြင်တရားသည်။ အနိစ္စံ = ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားလို့ မတည်မြဲ။ တံ = ထိုဖြစ်ပြီးပျက်လို့ မတည်မြဲသော တရားသည်။ ဒုက္ခ့ = ဆင်းရဲ၏။ တံ = မတည်မမြဲ ပြောင်းလဲဖောက်ပြန်တတ်ခြင်းကြောင့် ဆင်းရဲသော ထိုတရားသည်။ အနတ္တာ = အလိုအတိုင်း ဖြစ်စေနိုင်သော တရားမဟုတ်။ အနတ္တာ = မပျက်မစီးဘဲ အမြဲတည်နေတဲ့ အတ္တမဟုတ်လို့ ဟောတော်မူတာပါ။
အသိဉာဏ်က အဲဒီလို ပိုထက်မြက်လာတော့ အနိစ္စ ဒုက္ခ အနတ္တ = မမြဲ ဆင်းရဲ ပုဂ္ဂိုလ်သတ္တဝါ အတ္တမဟုတ် ဆိုတဲ့ သဘောကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာတယ်။ အဲဒီအသိဉာဏ်က ဘာလို့ ထက်မြက်လာသလဲလို့ ဆိုတော့ ရှုစိတ်က ရှုရာ ရှုရာ အာရုံပေါ်မှာ စုစည်းမိလို့ ပိုပြီး ထက်မြက်လာတာပါ။
အသိဉာဏ် ပိုထက်မြက်လာတော့ အခုပြောခဲ့တဲ့အတိုင်း ဖြစ်တာလဲ သိလိုက်တယ်၊ ပျက်တာလဲ သိလိုက်တယ်။
မမြဲတာလဲသိ ဆင်းရဲတာလဲသိ အလိုအတိုင်း မဖြစ်တာလဲ သိလိုက်တယ်။ အဲဒီလို သိတာဟာ ဝိပဿနာဉာဏ် ပါပဲ။
ဝိ = အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးကို ။ ပဿနာ = ရှုသိသော ဉာဏ်။
ဝိပဿနာ = အနိစ္စ ဒုက္ခ အနတ္တသဘောသုံးမျိုး ရှုသိတဲ့ ဉာဏ်။
ဒီတော့ ဝိပဿနာခေါ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို ကိုယ်တွေ့သိတဲ့ အဲဒီဉာဏ် ဘာကြောင့် ဖြစ်ပေါ်သလဲ ဆိုတော့ ရုပ်ခန္ဓာမှာ ဖြစ်သမျှကို မလစ်ရ မလပ်ရအောင် သတိဦးစီးတဲ့ စိတ်နဲ့ စောင့်ကြည့်ပြီး သိနေလို့ပါပဲ။
စိတ်နာမ်တရား ထင်ထင်ရှားရှား ဖြစ်သမျှကို သတိနဲ့ စောင့်ရှုရင်လဲ အဲဒီလိုပဲ သိတာပါပဲ။
အဲဒါ သတိပဋ္ဌာန်ဝိပဿနာရဲ့ ရည်ရွယ်ချက်နဲ့ ဝိပဿနာဉာဏ် ဖြစ်ပေါ်ပုံပါပဲ။
အဲဒီအသိဉာဏ်တွေ ထပ်ကာထပ်ကာ ဖြစ်လာပြီဆိုတော့ ခံယူချက် ခံစားချက်တွေ ပြောင်းပြောင်း သွားရာက နောက်ဆုံး ဝိပဿနာဉာဏ် ကုန်ဆုံးတဲ့ အခါကျတော့ အလွန်ထူးခြားထက်မြက်တဲ့ မဂ်အသိ ဖိုလ်အသိ ဖြစ်ပေါ်လာတယ်။
မဂ်အသိ ဖိုလ်အသိ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ပေါ်လာတော့ အရိယသစ္စာလေးပါးကို ထိုးထွင်းသိပြီး ကိလေသာတွေကို အဆင့်ဆင့် အမြစ်ပြတ် ပယ်သတ်တဲ့ အတွက် နောက်ဆုံး အရဟတ္တမဂ်ဉာဏ် ရတဲ့အခါမှာ ကိလေသာအားလုံးကို အကြွင်းအကျန် မရှိအောင် အမြစ်ပြတ် သမုစ္ဆေဒပဟာန်အနေနဲ့ ပယ်သတ်ပစ်လိုက် ပါတယ်။
ဒီတော့ ကိလေသာတွေ လုံးဝငြိမ်းသွားတဲ့အတွက် ဆင်းရဲငြိမ်းပြီး ချမ်းသာသုခ ရကြတာပါပဲ။
ဒါကြောင့် သံဝရတ္ထံ - ကိလေသာမဝင်အောင် စောင့်စည်း ပိတ်ဆို့ဖို့ရာ။ ပဟာနတ္ထံ - ကိလေသာတွေကို အမြစ်ပြတ် ပယ်သတ်ဖို့ရာ။ ဗြဟ္မစရိယံ - မဂ္ဂဗြဟ္မစရိယခေါ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို။ စရတိ - ကျင့်ရ၏။ .. တဲ့
ဒီသတိပဋ္ဌာန် အကျင့်သည်ပင်လျှင် မဂ္ဂင်ရှစ်ပါးပဲ။ ဒီသတိပဋ္ဌာန်အကျင့်ထဲမှာ မဂ္ဂင်ရှစ်ပါး ပါဝင်ပါတယ်။
အဲဒါဟာ သတိပဋ္ဌာန် ဝိပဿနာတရား ပွားများ အားထုတ်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဲဒီ ရည်ရွယ်ချက် ပြည့်စုံသွားပုံ အကျဉ်းချုပ်သဘောပါပဲ။
(မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်၏ နံနက်ချိန်ခါ ဩဝါဒဒေသနာ မှ ကောက်နှုတ် မှတ်စုထုတ်ဖော်ပြပါသည်။)
သတိပဋ္ဌာန် ဝိပဿနာရှုပုံ အခြေခံသဘော
သတိပဋ္ဌာန် ဝိပဿနာရှုပုံ အခြေခံသဘော
ရုပ်နှင့်နာမ် ခန္ဓာကိုယ်နှင့်စိတ်ကို သတိဦးစီးသော စိတ်ဖြင့် စူးစူးစိုက်စိုက် စောင့်ကြည့် ရှုသိနေခြင်းကို သတိပဋ္ဌာန် ဝိပဿနာ ပွားများအားထုတ်ခြင်းလို့ သိထားကြပြီးပါပြီ။
ဒီနေရာမှာ အားထုတ်ပုံ အားထုတ်နည်း အခြေခံသဘောလေးကို ပြောပြချင်ပါသေးတယ်။
အားထုတ်ပုံ အခြေံသဘောက ရုပ်နှင့်နာမ် ခန္ဓာကိုယ်နှင့်စိတ်၌ ဖြစ်နေရှိနေတဲ့ သဘောတွေကို ဖြစ်နေ ရှိနေတဲ့အတိုင်း သတိနဲ့ စူးစူးစိုက်စိုက် စောင့်ရှု နေဖို့ပါပဲ။ အဲဒါ သတိပဋ္ဌာန် ဝိပဿနာ အားထုတ်ပုံပါ။ အဲဒါသည်ပင် မဂ္ဂင်ရှစ်ပါး ပွားများပုံပါပဲ။ မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်ပါပဲ။
အဲဒီ အားထုတ်ပုံထဲမှာ (ရှိနေ ဖြစ်နေတဲ့အတိုင်း) ဆိုတဲ့ စကားကို အထူးသတိပြုရပါမယ်။
အရပ်စကားနဲ့ဆိုရင် (အရှိကို အရှိအတိုင်း) လို့ ပြောရမှာပါ။ အဲဒါဟာ (ယထာဘူတံ) ဆိုတဲ့ မြတ်စွာဘုရားရဲ့ စကားတော်ကို မြန်မာမှု ပြုထားခြင်း ပါပဲ။
ခန္ဓာကိုယ်ကိုပဲ ရှုရှု၊ စိတ်ကိုပဲ ရှုရှု၊ ဖြစ်နေ ရှိနေ တွေ့နေ တဲ့အတိုင်း ရှုသိရပါတယ်။
ကိုယ့်ဉာဏ်သွင်းပြီး မရှုရပါဘူး။ ဖြစ်နေရှိနေတဲ့အတိုင်း ရှုသိမှ အရှိသဘာဝအမှန်ကို အမှန်အတိုင်း သိပါတယ်။
ကိုယ်ဉာဏ်ရှိသလို စဉ်းစားဆင်ခြင်ပြီး ရှုရင် ကိုယ့်ဉာဏ်ရှိသလိုပဲ သိပါတယ်။ သူ့အရှိသဘာဝ အမှန်ကို မသိပါဘူး။ အရှိသဘာဝအတိုင်း သိမှ အမှန်သိ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။
ဒါကြောင့် ဖြစ်နေ ရှိနေတဲ့အတိုင်း စောင့်ကြည့်ရှုသိနေရပါတယ်။
ပုံစံပြောရရင် ဝမ်းဗိုက်က ဖောင်းလာရင် တရွေ့ရွေ့ ဖောင်းကြွလာတဲ့သဘောကို သူ့အရှိအတိုင်း စောင့်ကြည့်ရှုသိရပါတယ်။
ထို့အတူပဲ ပိန်သွားရင်လည်း တရွေ့ရွေ့ ပိန်ကျသွားတဲ့သဘောကို သူ့အရှိအတိုင်း ရှုသိနေရပါတယ်။ ဒါဟာ မြတ်စွာဘုရား ဟောတော်မူတဲ့ မဟာ သတိပဋ္ဌာန သုတ်တော်မှာလာတဲ့ နည်းပါပဲ။
ဒါဖြင့် နာမ်တရားဖြစ်တဲ့ စိတ်ကိုရှုရာမှာကော ဘယ်လိုရှုရမှာလဲ။
ဝိပဿနာအလုပ်ဟာ စိတ်အလုပ် ဖြစ်တဲ့အတွက် စိတ်ကို ရှုတဲ့ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟာ အလွန်အရေးကြီးပါတယ်။
ထင်ထင်ရှားရှား ဖြစ်ပေါ်သမျှ စိတ်တွေကို ဖြစ်နေရှိနေတဲ့အတိုင်း မလွတ်တမ်း ရှုသိရပါတယ်။
ဥပမာ စိတ်ဆိုးရင် (စိတ်ဆိုးတယ် စိတ်ဆိုးတယ်) လို့ ဖြစ်နေရှိနေတဲ့အတိုင်း ရှုသိနေရပါတယ်။ တစုံတရာ စဉ်းစားရင် စိတ်ကူူးရင် ( စဉ်းစားတယ် စိတ်ကူးတယ်) လို့ အရှိအတိုင်း ရှုသိနေရပါတယ်။
ဒီလိုရှုရာမှာ ဘာကိုပဲရှုရှု စိတ်အဆို တဇ္ဇာပညတ် ကလေး ကူပေး ရပါတယ်။ အဲဒီလိုကူမှ ရှုစိတ်က အရှုခံအာရုံကို ထိထိခိုက်ခိုက် စူးစူးစိုက်စိုက် သိပါတယ်။
အဲဒီအသိဟာ ဝိပဿနာပါ။ စိတ်အဆိုကတော့ ဝိပဿနာ မဟုတ်ပါဘူး။ အကူအညီမျှပါပဲ။
အဲဒီလို ရှုတာဟာ အရှုခံရုပ် အရှုခံနာမ်မှာ ရှိတဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို သိဖို့ရှုတာပါ။
ဒါကြောင့် စဉ်းစားစိတ် တွေးစိတ်တွေကို ရှုရာမှာလည်း စဉ်းစားစိတ် တွေးစိတ်ပျောက်အောင် ရှုတာ မဟုတ်ပါဘူး။
သူတို့မှာရှိတဲ့ အနိစ္စ အစရှိတဲ့ သဘောတွေကို သိဖို့ရှုတာပါ။ နာမှု ကျင်မှု ကိုက်ခဲမှု အစရှိတဲ့ ဒုက္ခဝေဒနာ တွေကို ရှုရာမှာလည်း ဒီသဘောပါပဲ။
အထူးသတိပြုဖို့က စိတ်ဆိုတာ စဉ်းစားဆင်ခြင်တဲ့ အလေ့အထ တွေးခေါ်မြော်မြင်တဲ့ အလေ့အထတွေ ရှိနေတော့ တခါတရံ ရှုသိရမည့် အာရုံကို ချက်ချက် မရှုသိမိဘဲ အဲဒီအာရုံကို စဉ်းစားဆင်ခြင်မိနေတတ်ပါတယ်။ စဉ်းစားဆင်ခြင်နေတယ်လို့ ကိုယ်က မသိဘဲ ရှိတတ်ပါတယ်။ ခဏကြာမှ သိလာတတ်ပါတယ်။
အဲဒီအခါမှာ စဉ်းစားတယ် ဆင်ခြင်တယ်လို့ အရှိအတိုင်း အကြိမ်ကြိမ် ရှုသိနေရပါမယ်။ အဲဒီ စဉ်းစား ဆင်ခြင်စိတ် ရှိနေသမျှ တချိန်လုံး ရှုသိနေရပါမယ်။ စဉ်းစားဆင်ခြင်စိတ် ပျောက်သွားပြီ ဆိုရင်တော့ သူ့ကို ရှုစရာ မလိုတော့ပါဘူး။
ဒါကတော့ အမှတ်တမဲ့နဲ့ စဉ်းစားဆင်ခြင်စိတ်ကို မရှုမိဘဲ နေတတ်လို့ သတိပေးတာပါ။
ဒုက္ခဝေဒနာကို ရှုရာမှာလဲ သတိပေးချင်တာလေး ရှိပါတယ်။
နာကျင်ကိုက်ခဲ ဒုက္ခဝေဒနာကို ရှုရာမှာ မခံသာတဲ့ သဘော အခံခက်တဲ့ သဘောကို သိရုံမျှနှင့် ဒုက္ခဝေဒနာအသိ မပြည့်စုံသေးပါဘူး။
ဒုက္ခက - ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခ လို့ သုံးမျိုး ရှိပါတယ်။
အင်မတန် သိသာထင်ရှားတဲ့ မသိဘဲနေလို့မရတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေဟာ ဆင်းရဲ ဆိုမှ ဆင်းရဲ ဆိုတဲ့ ဒုက္ခဒုက္ခတွေပါ။
အများက ချမ်းသာလို့ ယူဆထားတဲ့ သုခဝေဒနာဟာ အမြဲချမ်းသာနေတာမဟုတ်ဘဲ ဆင်းရဲဘက်သို့ ပြောင်းလဲသွားတတ်တဲ့အတွက် အဲဒီသုခကို ဝိပရိဏာမဒုက္ခ လို့ ခေါ်ပါတယ်။
ပြောင်းလဲဖောက်ပြန်လာတဲ့ ဆင်းရဲလို့ ဆိုလိုပါတယ်။
ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတဲ့တရားကို သင်္ခါရလို့ ခေါ်ပါတယ်။
အဲဒီ သင်္ခါရဆိုတာ ရုပ်တရားနဲ့ နာမ်တရားပါပဲ။ ဒါကြောင့် ဖြစ်မှုပျက်မှု တို့ကို သင်္ခါရဒုက္ခ သင်္ခါရဆင်းရဲလို့ ခေါ်ပါတယ်။
အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးထဲက ဒုက္ခကို ဥဒယဗ္ဗယပဋိသံမီ္ပဠနတော ဒုက္ခံ .. လို့ ကျမ်းဂန်များမှာ အဓိပ္ပာယ်ဖွင့်ပါတယ်။
ဖြစ်မှုပျက်မှုတို့က မပြတ်နှိပ်စက်နေသောကြောင့် ဆင်းရဲလို့ ဆိုလိုပါတယ်။ အဲဒါ သင်္ခါရဒုက္ခကို ပြောတာပါပဲ။
အဲဒီ သင်္ခါရဒုက္ခပါသိမှ ဒုက္ခအသိ ပြည့်စုံပါတယ်။
ဒီလောက်ဆိုယင် ဝိပဿနာ အားထုတ်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ မှန်မှန်ကန်ကန် အားထုတ်ပုံ၊ တွေ့သိပုံ အရေးကြီးတာလေးတွေပြည့်စုံသလောက် ရှိပါပြီ။
ဆင်းရဲခမ်းသိမ်း ချုပ်ပြတ်ငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ။
မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်၏ နံနက်ချိန်ခါ ဩဝါဒဒေသနာမှ မှတ်စုထုတ်ဖော်ပြပါသည်။
ဝေဒနာ နုပဿနာ
ဝေဒနာ နုပဿနာ
ဝေဒနာ၊ ဝေဒနာဟု ပြောကြရာတွင် အဘယ်အကြောင်းကြောင့် ဝေဒနာဟုဆိုအပ်သနည်းဆိုလျှင် ခံစားတတ်သောကြောင့် ဝေဒနာဟု ဆိုအပ်ပါတယ်။ အဲဒီ ဝေဒနာက ဘာကိုခံစားတတ်လဲ။
ချမ်းသာကိုလည်း ခံစားတတ်တယ်။ ဆင်းရဲကိုလည်း ခံစားတတ်တယ်။ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ကိုလည်း ခံစားတတ်လို့ ဝေဒနာခေါ်ပါတယ်။
ဝေဒနာ ဟူသော စကားလုံးဟာ ပါဠိစကားလုံးပါ။ ယင်းကို မြန်မာပြန်သော် ခံစားမှု ဟု ပြန်ရပါမယ်။ နာကျင်မှု၊ အောင့်မှု၊ မခံသာမှုဟု မပြန်ဆိုရပါဘူး။
ဝေဒနာသည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာ အားဖြင့် ငါးပါးအပြား ရှိပါတယ်။
ယင်းဝေဒနာတို့ကို အကျဉ်းချုပ်သော် နှစ်မျိုးသာ ရှိပါတယ်။ (၁) ကာယိကဝေဒနာ = ကိုယ်၌ ခံစားမှု၊ ကိုယ်ဖြင့် ခံစားမှု နှင့် (၂) စေတသိကဝေဒနာ = စိတ်၌ ခံစားမှု၊ စိတ်ဖြင့် ခံစားမှု ဟူ၍ နှစ်မျိုးသာ ရှိပါတယ်။
ယင်း ကာယိကဝေဒနာ သည် သုံးမျိုးပွားပြန်ပါတယ်။
(၁) ကာယိကသုခဝေဒနာ = ကိုယ်၌ ဖြစ်ပေါ်လာသော ချမ်းသာမှု ဟူသမျှကို ခံစားခြင်း ခံစားမှု၊
(၂) ကာယိကဒုက္ခဝေဒနာ = ကိုယ်၌ ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှကို ခံစားခြင်း ခံစားမှု၊
(၃) ကာယိကဥပေက္ခာဝေဒနာ = ကိုယ်၌ ဖြစ်ပေါ်လာသော ဆင်းရဲနှင့်ချမ်းသာ နှစ်မျိုးလုံးမှ လွတ်သော ကြားခံစားခြင်း ခံစားမှု
ဟူ၍ သုံးမျိုးရှိပါတယ်။
စိတ်၌ခံစားမှု စေတသိကဝေဒနာ သည်လည်း သုံးမျိုး ရှိပြန်ပါတယ်။
(၁) စေတသိကသုခဝေဒနာ = စိတ်၌ဖြစ်ပေါ်လာသော ချမ်းသာဟူသမျှတို့ကို ခံစားခြင်း ခံစားမှု၊
(၂) စေတသိကဒုက္ခဝေဒနာ = စိတ်၌ဖြစ်ပေါ်လာသော ဆင်းရဲဟူသမျှတို့ကို ခံစားခြင်း ခံစားမှု
(၃) စေတသိကဥပေက္ခာဝေဒနာ = စိတ်၌ဖြစ်ပေါ်လာသော ဆင်းရဲနှင့်ချမ်းသာနှစ်မျိုးတို့မှ လွတ်သော ကြား ခံစားခြင်း ခံစားမှု
တို့ ဖြစ်ပါတယ်။
ခဏတိုင်း စက္ကန့်တိုင်းမှာ ယင်း ဝေဒနာခြောက်မျိုးတို့မှ တစ်မျိုးမျိုးသည် အပြတ်မရှိ တရစပ် ဖြစ်ပေါ်နေသဖြင့် ဝေဒနာ မဖြစ်သော ခဏ စက္ကန့်ဟူ၍ မရှိပါ။
ထိုသို့ စက္ကန်မလပ် ဖြစ်ပေါ်နေသောကြောင့်လည်း ဝေဒနာဟူသမျှ ဒုက္ခလို့ဆိုရမှာပါ။ ဘုရားရှင်အား ရဟန်းတပါးက မေးလျှောက်ဖူးပါတယ်။
သုခ ဒုက္ခ ဥပေက္ခာဟူ၍ ဝေဒနာသုံးမျိုးတို့ကို ဘုရားရှင်ဟောအပ်ပါ၏။ ယင်းသို့ ဟောအပ်ပါလျက် ဝေဒနာဟူသမျှသည် ဆင်းရဲဒုက္ခမည်၏ ဟူသော စကားကိုလည်း ဘုရားရှင် ဟောတော်မူပြန်ပါ၏။ ယင်းစကားကို အဘယ်ကိုရည်ရွယ်၍ ဘုရားရှင် ဟောတော်မူပါသနည်း လို့ လျှောက်ပါတယ်။
ဘုရားရှင်က ရဟန်း၊ ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း .. ဝေဒနာဟူသမျှသည် ဆင်းရဲဒုက္ခ မည်၏ ဟူသော ထိုစကားကို ပြုပြင် ဖန်တီးအပ်သော သင်္ခါရတို့၏ အမြဲမရှိခြင်း၊ ကုန်ခြင်းသဘောရှိခြင်း၊ ပျက်ခြင်းသဘောရှိခြင်း၊ စွဲမက်မှုကင်းခြင်း သဘောရှိခြင်း၊ ချုပ်ခြင်း သဘောရှိခြင်း၊ ဖောက်ပြန် ပြောင်းလဲခြင်း သဘောရှိခြင်းကို ရည်ရွယ်၍ ငါဘုရား ဟောတော်မူ၏ လို့ ဝေဒနာသံယုတ်မှာဟောကြားထားပါတယ်။
သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာသုံးမျိုးတို့အတွက် အချုပ်သိမှတ်ထားဖို့က -
(၁) ပေါ်လာသော ဝေဒနာသည် အသိနှင့်ပညာ၏ အာရုံအဖြစ်ဖြင့်သာ ထင်နေစေရန်၊ သတိနှင့်ပညာတို့၏ အာရုံသည် ဝေဒနာသာ ဖြစ်စေရန်၊
(၂) ယင်းအာရုံအဖြစ် ထင်နေသော ဝေဒနာသည် အနုဗောဓိဓဉာဏ်ပွားဖို့နှင့် သတိပွားဖို့သာ ဖြစ်စေရန်၊ ထိုဝေဒနာကြောင့် လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မာန စသော ကိလေသာတို့ မတိုးပွားစေဘဲ သတိနှင့်ပညာတို့သာ တိုးပွားစေရန်၊
(၃) ၎င်းအာရုံအဖြစ် ထင်နေသော ဝေဒနာအပေါ်၌ ငါအနေ၊ ငါ့ဟာအနေ၊ ငါ့ကိုယ်အနေ မမှီတွယ် မပူးဝင်စေရန်၊ တဏှာ မာန ဒိဋ္ဌိ ဟူသော ငါသုံးမျိုး အစွဲတို့ မပူးဝင်ဘဲ သတိ၊ သမာဓိ၊ ပညာ သုံးမျိုး ခေါင်းဆောင်သော ဓမ္မက္ခန္ဓာသုံးပါးတို့သာ မှီတွယ်ပူးဝင်စေရန်။
ဤအင်္ဂါသုံးချက်နှင့် ညီသော သိမြင်မှုမှာသာ အာရုံအဖြစ် တည်နေသော ဝေဒနာမျိုးသာ ဖြစ်ရှိရမည်ဟု ဆိုပါတယ်။
သုခဝေဒနာ နှင့် ဒုက္ခဝေဒနာကို ကျော်လွန်ပြီး ဥပေက္ခာဝေဒနာအနေသို့ ရောက်အောင် ရှုပွားရန် ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်နေလျှင် ထိုအတိုင်းသာ ထင်နေတော့၏ .. လို့လည်း ဆိုပါတယ်။
ဣတိဝုတ်ပါဠိတော်မှာ -
၁။ သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ၊
၂။ ဒုက္ခာ ဝေဒနာ သလ္လတော ဒဋ္ဌဗ္ဗာ၊
၃။ အဒုက္ခမသုခါ ဝေဒနာ အနိစ္စတော ဒဋ္ဌဗ္ဗာ။
သုခဝေဒနာကို ဒုက္ခထင်လာအောင် ရှုပွားပေးရမယ်။ မသာယာဖွယ်အနေ ခံစားချက် နာကျင်ကိုက်ခဲမှု စသော ဒုက္ခဝေဒနာကို ငြောင့်စူးဝင်ဒဏ် ခံရသလို ထင်လာအောင် ရှုပွားပေးရမယ်။ ဆင်းရဲချမ်းသာ နှစ်မျိုးအတွက် ကြားခံစားချက် အဒုက္ခမသုခဝေဒနာ ခေါ် ဥပေက္ခာဝေဒနာ ကို မခိုင်မြဲသည့် အနိစ္စထင်လာအောင် ရှုပွားရမယ်။
ယတော ခေါ ဘိက္ခဝေ ဘိက္ခုနော -
၁။ သုခါ ဝေဒနာ ဒုက္ခတော့ ဒိဋ္ဌာ ဟောတိ။
၂။ ဒုက္ခာ ဝေဒနာ သလ္လတော ဒိဋ္ဌာ ဟောတိ။
၃။ အဒုက္ခမသုခါ ဝေဒနာ အနိစ္စတော ဒိဋ္ဌာ ဟောတိ။
အယံ ဝုစ္စတိ ဘိက္ခဝေ အရိယော သမ္မဒ္ဒသော၊ အစ္ဆေဇ္ဇိ တဏှံ၊ ဝိဝတ္တယိ သံယောဇနံ၊ သမ္မာမာနာဘိသမယာ အန္တမကာသိ ဒုက္ခဿာတိ။
ရဟန်းတို့၊ မူလညွှန်ကြားချက်အတိုင်း ရှုပွားသော ယောဂီရဟန်းအား -
သုခဝေဒနာကို ဒုက္ခထင်လာအောင် ရှုမြင်ပြီးသောအခါ၊ ဒုက္ခဝေဒနာကို ငြောင့်စူးဝင်ဒဏ်အနေ ထင်လာအောင် ရှုမြင်ပြီးသောအခါ၊ ဥပေက္ခာဝေဒနာကို မမြဲသော အနိစ္စအနေ ထင်လာအောင် ရှုမြင်ပြီးသောအခါ ..
ရဟန်းတို့၊ ယင်းရဟန်းကို -
အရိယာတို့၏ အသိအမြင်ကို ရရှိလာသူ၊ တပ်မက်မှု တဏှာဟူသမျှကို ဖြတ်တောက်နိုင်ပြီးသူ၊ သံယောဇဉ် အနှောင်အဖွဲ့ကို ဖြေချွတ် ဖျက်ချိုးနိုင်ပြီးသူ၊ မာနာနုသယကို အကြွင်းမဲ့ လွန်မြောက်နိုင်ပြီးသူ၊ ဆင်းရဲအဆုံးကို ပြုပြီးနိုင်သူ၊ ဆင်းရဲအဆုံးသို့ ရောက်ပြီးသူဟု ဆိုရ၏ .. လို့ ဆိုပါတယ်။
သို့ဖြစ်လျှင် သုခဝေဒနာကို ဘယ်လို ဒုက္ခဝေဒနာထင်အောင် ရှုပွားမလဲ။
ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာသော ချမ်းသာမှု ကာယိက သုခဝေဒနာ ကို ရှုပွားလိုသူပုဂ္ဂိုလ်တစ်ဦးဟာ ဣရိယာပုထ် လေးပါးတွင် မိမိနေလိုသော ဣရိယာပုထ်နှင့် အသက်သာဆုံး အမျှတဆုံး အနေအထားမျိုးဖြင့် နေပြီးလျှင် ခန္ဓာကိုယ်ပေါ်၌ အသက်သာဆုံး၊ အချမ်းသာဆုံးနေရာသို့ စူးစိုက်ကာ .. ချမ်းသာတယ်၊ ချမ်းသာတယ် .. ဟု ထိုချမ်းသာမှုကို အသိကပ်ကာ အထပ်ထပ် ရှုပွားနေပါ။
ယင်းသို့ ရှုပွားနေစဉ် ခန္ဓာကိုယ်ပေါ်၌ တင်းလာ၊ ကျပ်လာ၊ ပိလာ၊ လေးလာ၊ အောင့်လာ၊ နာလာ စသော မချမ်းသာမှုကလေးတွင် တစ်စတစ်စ ပေါ်ပေါက်လာတတ်ပါတယ်။ အဲလိုပေါ်ပေါက်လာပြီဆိုတဲ့အခါ ဣရိယာပုထ် အနေအထားကို ပြောင်းပြင်ပေးပြီး မျှတအောင် ချမ်းသာအောင် နေပါ။
ဣရိယာပုထ် ပြောင်းပြင်ပြီး၍ ချမ်းသာမှု အနေအထား ရှိလာသောအခါ ချမ်းသာရာနေရာကို တဖန်ပြန်၍ .. ချမ်းသာတယ်၊ ချမ်းသာတယ် .. ဟု အသိချင်းဆက်အောင် မပြတ်စူးစိုက် ရှုပွားရပါတယ်။
ယင်းသို့ ရှုသော် အကောင်းဆုံး ထမင်းဟင်းတွေ ဆက်တိုက်စားရသော် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာသလို ကိုယ်ခန္ဓာအတွင်းမှ နာကျင်ကိုက်ခဲမှု စသော မနှစ်သက်စရာ ဒုက္ခဝေဒနာကို တွေ့ရပါလိမ့်မယ်။ ထိုအခါ မျှော်လင့်ထားသော ချမ်းသာသုခအစား မမျှော်လင့်သည့် ဆင်းရဲဒုက္ခအစုကိုသာ ခန္ဓာကိုယ်အနှံ့အပြား တွေ့နိုင်ပါလိမ့်မယ်။
မည်မျှချမ်းသာသည် ထင်ထားသော သုခဝေဒနာအာရုံကိုပင် အသိမလစ်စေဘဲ သတိကပ်၍ ရှုပွားသော် သုခဝေဒနာတို့သည် ကွယ်ပျောက်သွားပြီး ဒုက္ခဝေဒနာသာ ဆက်၍ တွေ့နေပါမယ်။ ယင်း ဒုက္ခဝေဒနာကိုပင် ဆက်၍ ရှုပွားသွားလျှင် အသိဉာဏ်တွေ ဆက်၍ ရရှိပါလိမ့်မယ် .. တဲ့။
ပညတ်ဖယ်၍ ပရမတ်ခန္ဓာ ဝိပဿနာရှုပုံ
ဝိပဿနာရှုတော့မယ်ဆိုရင် ပညတ်ကို ဖယ်ပစ်လိုက်ပါ။ ပညတ်ဖယ်တယ်ဆိုတာ ဒိဋ္ဌိခွာတယ်ဆိုတာနဲ့ အတူတူပါပဲ။ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါဆိုတာ အပြောသာရှိတယ်။ သဘောအနေအားဖြင့် မရှိဘူး။ တကယ်ရှိတာက ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏလို့ခေါ်တဲ့ ခန္ဓာငါးပါးပဲ ရှိတယ်။
မိမိခန္ဓာမှာ မိမိဉာဏ်နဲ့ သေသေချာချာပြန်ပြီးတော့ ကြည့်ပါ။ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးမှ လွဲရင် အခြား မရှိပါဘူး။ အဲဒီ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးရဲ့ ဖြစ်မှုပျက်မှု သဘောကို ဉာဏ်နဲ့ စောင့်ကြည့်တာကို ဝိပဿနာလို့ ခေါ်တာဖြစ်ပါတယ်။
ဝိပဿနာရှုတယ်ဆိုတာ သူ့ပင်ကိုယ်သဘာဝရှိနေတဲ့ ဒီခန္ဓာကိုပဲ ရှုရပါတယ်။ ခန္ဓာတောင်မှ သူများခန္ဓာ သွားရှုရမှာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ရှုပေးရမှာပါ။
ကိုယ့်ခန္ဓာကို ရှုရမယ်ဆိုတော့ ခန္ဓာက ပညတ်ခန္ဓာ၊ ပရမတ်ခန္ဓာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးထဲက ပညတ်ခန္ဓာကို ရှုလို့ မရပါဘူး။ ပရမတ် ခန္ဓာကိုပဲ ရှုရပါမယ်။ ဝိပဿနာရှုတဲ့ အခါမှာ ပရမတ်ခန္ဓာကိုပဲ ရှုရပါတယ်။
ပညတ်ခန္ဓာဆိုတာ ဘာလဲ။ ဒီကိုယ်ကောင် ကြီးက ပညတ်ခန္ဓာကြီးပါပဲ။ သူလည်း ခန္ဓာပါပဲ။ ဒါပေမယ့် သူ့ကို ရှုလို့ မရဘူး။ ပရမတ်ခန္ဓာဆိုတာက အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ ခန္ဓာဟာ ပရမတ်ခန္ဓာပါ။ တစ်နည်းအားဖြင့် ပစ္စုပ္ပန်ခန္ဓာလို့လည်း ခေါ်ပါတယ်။
ဝိပဿနာရှုတဲ့အခါမှာ ထိုင်နေရင်း အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့၊ ထိုင်ရင်းပေါ်နေတဲ့ ပစ္စုပ္ပန်ခန္ဓာလို့ ခေါ်တဲ့ ပရမတ်ခန္ဓာကို ရှုရပါတယ်။ ဒါမှလည်း ဖြစ်ပျက်ကို တွေ့မှာပါ။
ခန္ဓာက ပစ္စုပ္ပန်မှာ အကြောင်းတိုက်ဆိုင်လို့ ပေါ်တယ် ဆိုတော့ ဘယ်လိုပေါ်တာလဲ မေးစရာရှိပါတယ်။ တရားအားထုတ်တဲ့အခါ ထိုင်လို့ တစ်အောင့်လောက်နေတော့ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ရွတယ်၊ တောင့်တယ်၊ တင်းတယ်၊ ကိုက်တယ် ခဲတယ်လို့ ဖောက်ပြန်မှု သဘောတွေပေါ်နေပြီ။ အဲဒီဖောက်ပြန်မှု သဘောက ဘာလဲဆိုတော့ ရုပ်တွေဖောက်ပြန်နေတာ။ ရုပ်က ဖောက်ပြန်တယ်။ အဲဒီဖောက်ပြန်မှု သဘောကို ခန္ဓာဖွဲ့ရင် နာမည်တပ်ရင် ရူပက္ခန္ဓာလို့ ခေါ်ပါတယ်။
နောက်တစ်ခါ ဖောက်ပြန်တဲ့သဘောလေးကို သိသောအားဖြင့် ခံစားနေတဲ့ သဘောလေးတစ်ခုလည်း ပေါ်နေတယ်။ သူက ဖောက်ပြန်တဲ့ သဘောလေးကို သိနေ ခံစားနေတယ်။ အေးရင်လည်း အေးမှန်းသိတယ်။ ပူရင်လည်း ပူမှန်းသိတယ်။ အဲဒီ ဖောက်ပြန်မှု သဘောလေးကို ခံစားနေတဲ့ သဘောလေးက ဝေဒနာက္ခန္ဓာ။
ခန္ဓာဖွဲ့ရင် နောက်တစ်ခုရှိပါသေးတယ်။ ဒါလေးကတော့ အပူလေးပဲ၊ ဒါလေးကတော့ အအေးလေးပဲ။ ဒါလေးကတော့ အဆိုးလေးပဲ၊ ဒါလေးကတော့ အကောင်းလေးပဲ။ ဒါလေးကတော့ ညောင်းညာတာပဲလို့ မှတ်လုံးလေးတစ်ခု ပေါ်နေပါတယ်။ အဲဒါက မှတ်သားမှုသဘော သညာက္ခန္ဓာပါ။
နောက်တစ်ခါ ဒါလေးတွေ မသိ သိအောင် မှတ်ဦးမယ်၊ နားမလည် လည်အောင် မှတ်ဦးမယ်လို့ သိချင်တဲ့ သဘော စေ့ဆော်တိုက်တွန်းတဲ့ သဘောလေးတစ်ခုလည်း ပေါ်နေပါတယ်။ အဲဒါက သင်္ခါရက္ခန္ဓာပါ။
နောက်တစ်ခါ ဒါလေးကတော့ ဖောက်ပြန်တဲ့ သဘောလေးပဲ၊ ဒါလေးကတော့ ခံစားတဲ့ သဘောလေးပဲ၊ ဒါလေးကတော့ မှတ်တဲ့သဘောလေးပဲ၊ ဒါလေးကတော့ ပြုပြင်တဲ့သဘော စေ့ဆော်တဲ့သဘော တိုက်တွန်းတဲ့ သဘောလေးပဲလို့ သိနေတဲ့ သိလုံးလေး တစ်ခုလည်း ပေါ်နေတယ်။ အဲဒီသိလုံးလေးက ခန္ဓာဖွဲ့တော့ ဝိညာဏက္ခန္ဓာ။
ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒီငါးခုပဲရှိတယ်။ စစ်ချင်သလို စစ်ကြည့်ပါ၊ ဒီပြင်ဘာမှ မရှိဘူး။ ဉာဏ်နဲ့စစ်ကြည့်လိုက်ရင် ဖောက်ပြန်မှု သဘောရယ်၊ ခံစားမှု သဘောရယ်၊ မှတ်သားမှု သဘောရယ်၊ ပြုပြင်မှု သဘောရယ်၊ သိမှုသဘောရယ် ဒီငါးခုပဲ ပေါ်ပါတယ်။
ဖောက်ပြန်မှုသဘောကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ၊ ခံစားမှုသဘောကို ခန္ဓာဖွဲ့တော့ ဝေဒနာက္ခန္ဓာ၊ မှတ်သားမှုသဘောကို ခန္ဓာဖွဲ့တော့ သညာက္ခန္ဓာ၊ ပြုပြင်မှုသဘောကို ခန္ဓာဖွဲ့တော့ သင်္ခါရက္ခန္ဓာ၊ သိမှုသဘောကို ခန္ဓာဖွဲ့တော့ ဝိညာဏက္ခန္ဓာလို့ ခန္ဓာငါးပါး တွေ့ရပါလိမ့်မယ်။
ခန္ဓာကို ကြည့်လိုက်တော့ ဖောက်ပြန်မှု ခံစားမှုစတဲ့ ပရမတ္တ သဘာဝတွေပဲ ထင်ရှားရှိနေတယ်။ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ အပြောပဲ၊ တကယ်ရှာတော့ မရှိပါဘူး။
ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်တာဖြစ်လို့ ပစ္စုပ္ပန်ခန္ဓာလို့ ခေါ်ပါတယ်။ ဝိပဿနာရှုတဲ့အခါ အဲဒီ ပစ္စုပ္ပန်ခန္ဓာကို ရှုရပါမယ်။
ပစ္စုပ္ပန်ခန္ဓာကို လောကီမဂ္ဂင်ငါးပါး၊ အရှုဉာဏ်တရားနဲ့ ရှုလိုက်ပါ။ ပြောတော့သာ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါ ဆိုပေမယ့် သဘောအားဖြင့် ဒီခန္ဓာငါးပါးပဲ ရှိတယ်လို့ မိမိဉာဏ်နဲ့ ပိုင်ပိုင်ဆုံးဖြတ်ချက်ချပြီး သိလိုက်ရင် ဒိဋ္ဌိပြုတ်ပါတယ်။
ဝိပဿနာအလုပ်လုပ်တော့မယ်ဆိုရင် ဒိဋ္ဌိဖြုတ်ရတယ်။ အခု ဒီမှာ ခန္ဓာငါးပါးပဲ ရှိတယ်လို့ မိမိဉာဏ်နဲ့ ပိုင်ပိုင်ဆုံးဖြတ်ချက်ချပြီး သိလိုက်တဲ့အတွက် ဒိဋ္ဌိကို အထူးဖြုတ်နေစရာ မလိုတော့ပါဘူး။ ဖြုတ်ပြီးသား ဖြစ်သွား ပါတယ်။
သဘောခန္ဓာငါးပါးမှာ တစ်ပါးပါးကို မိအောင်ဖမ်းပါ။ ရုပ်ဖောက်ပြန်မှုသဘောကို ကြိုက်ရင် ရုပ်ဖောက်ပြန်မှု သဘောကို ရှုပါ။ ဝေဒနာခံစားမှုသဘော ထင်ရှားရင် ဝေဒနာခံစားမှုသဘောကို ရှုပါ။ မှတ်သားမှုသဘော ထင်ရှားရင် မှတ်သားမှု သညာကိုရှုပါ။ ပြုပြင်မှုသဘော ထင်ရှားရင် ပြုပြင်မှု သင်္ခါရကို ရှုပါ။ သိမှုသဘော ထင်ရှားရင် သိမှုဝိညာဏကို ရှုပါ။ တစ်ပါးပါး ကြိုက်ရာကို ဉာဏ်နဲ့ ရှုရပါတယ်။
ဖောက်ပြန်မှု သဘောလေးကို ကြိုက်ရင် ဖောက်ပြန်မှု သဘောလေးကို ရှု၊ ဝေဒနာသဘောလေးကို ကြိုက်ရင် ဝေဒနာသဘောလေးကိုရှုပါ။ တစ်ခုရှုလိုက်တာနဲ့ ခန္ဓာငါးပါးလုံး ပြီးပါတယ်။
ဝေဒနာကို ပေရှုသင့်သလား
တရားရှုကြတဲ့ ပုဂ္ဂိုလ်အများစုဟာ ဝေဒနာဆိုပြီးတော့ နာကျင်မှုတွေအပေါ်မှာ မခံမရပ်နိုင်ဖြစ်တိုင်း ပေရှုလေ့ရှိကြပါတယ်။ တရားရှုတယ်ဆိုတာ သဘောမပေါက်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲသလိုလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မဖြစ်ရအောင် တရားရှုတဲ့ ပုဂ္ဂိုလ်များအနေနဲ့ သဘောမပေါက်သေးသမျှ ပေတေပြီးတော့ မရှုဖို့ သဘောပေါက် ဉာဏ်ရောက်ပြီးသားသူများအတွက် သဘောပေါက် ဉာဏ်ရောက်တယ်လို့ ထင်ပေမယ့် ကိလေသာ ဖြစ်တဲ့နည်းနဲ့လည်း ပေမရှုဖို့ ဒါကိုတော့ အထူးသတိပြုဖို့ လိုပါတယ်။
တရားကို ရှုတဲ့နေရာမှာ ပေရှုတယ်ဆိုတဲ့စကား တရားလောကမှာ အလွန်ကျယ်ဝန်းပါတယ်။ သူများပါးစပ်ဖျား လမ်းဆုံးပြီးတော့လည်းပဲ ပေရှုလေ့ရှိကြပါတယ်။ နာကျင်နေတဲ့ ဒုက္ခနှိပ်စက်တာကို ဝေဒနာကုန်အောင် လိုက်ဆိုလို့လည်း ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲခံပြီးတော့ ကြိုးစားလိုက်ကြတာ အချိန်တွေသာ ကုန်ဆုံးသွားတယ်။ သဘောမပေါက် ဉာဏ်မရောက်တော့ အသိဉာဏ်မကိန်းဘူးဖြစ်နေပါတယ်။
ကြိုးစားတဲ့ဝီရိယဆိုတာ ဘုရားရှင်ဟောကြားတဲ့ ဝီရိယကို နားလည်ဖို့လိုတာက တစ်နာရီဆိုရင် တစ်နာရီ၊ နှစ်နာရီဆိုရင် နှစ်နာရီ အဓိဋ္ဌာန်အပိုင်းအခြားအတွင်းမှာ ကိုယ်ကြိုက်သလို ထိုင်ပါ။ ဝီရိယမစိုက်ဘဲနဲ့တော့ မရဘူးပေါ့။
အဲဒီဝီရိယသည် ကိလေသာကို ပယ်နိုင်တဲ့ဝီရိယ ဖြစ်ရပါမယ်။ ကြိုးစားပြီးရှုပေမယ့် ကိလေသာတွေ ဖြစ်ပြီဆိုရင်တော့ အဲဒီပုဂ္ဂိုလ်အတွက် နစ်နာလှပါတယ်။
တရားရှုတဲ့ပုဂ္ဂိုလ်များဟာ မိမိတို့ရဲ့ ထင်ရှားတဲ့အာရုံ နှာသီးဝလေးတွေမှာပဲဖြစ်ဖြစ်၊ ကိုယ်ပေါ်မှာပဲဖြစ်ဖြစ်၊ ထင်ရှားတဲ့အာရုံမှာပဲဖြစ်ဖြစ် ကြိုးစားရှုနေရင်းက အချိန် မိနစ် ၂၀၊ နာရီဝက်လောက် ကြာပြီဆိုရင် ဒီခန္ဓာကိုယ်ကြီးက ဖောက်ပြန်နှိပ်စက်မှု ပြင်းထန်လာတယ်။ အလေ့အကျင့် အားနည်းသေးတဲ့ပုဂ္ဂိုလ်များ ပိုပြီးတော့ အခံရခက်တယ်။
အဲဒီလို အခံရခက်တဲ့အခါကျတော့ ဒုးက နာနာ၊ ပေါင်က နာနာ၊ တင်ပါးကပဲ နာနာ နာတာကြီးကို မခံနိုင်ကြတဲ့အခါ မပြောင်းရ၊ မပြင်ရဘူးလို့ မှတ်ယူထားမိတော့ မပြောင်းရဲ မပြင်ရဲပဲ ပေတေ ဇွတ်မှိတ်ပြီး ရှုတော့တာပါပဲ။
ဒီလို ပေတေဇွတ်မှိတ်ပြီး ရှုရင် အပြစ် ၄ ချက် သင့်ပါတယ်။ အပြစ်ဖြစ်ခံပြီးတော့ ပေတေဇွတ်မှိတ်မရှုပါနဲ့။ ပြောင်းနိုင်၊ ပြင်နိုင်ပါတယ်။ ဘုရားရှင်က ပြောင်းနိုင်၊ ပြင်နိုင်ဖို့အတွက် ဣရိယာပုထ် ၄ မျိုးတောင် ဟောခဲ့ပါတယ်။ ထိုင်ခြင်း ဣရိယာပုတ်နဲ့ မမျှတရင် တစ်မျိုးပြောင်းပြီး ရှုနိုင်ပါတယ်။ မပြောင်းဘဲ ရှုတဲ့အခါကျတော့ သဘောကလည်းမပေါက် တရားပေါ်မှာလည်း ဉာဏ်မရှင်းတော့ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲသလိုဖြစ်တတ်ပါတယ်။
ဒါက သဘောမပေါက်သေးတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောတာပါ။ သဘောပေါက်တဲ့ပုဂ္ဂိုလ်များအတွက်တော့ ဘယ်လောက်ပဲရှုရှု ကိစ္စမရှိပါဘူး။ ကိလေသာမဖြစ်ဖို့ပဲလိုပါတယ်။ သဘောပေါက်သလိုလိုနဲ့ ကိလေသာဖြစ်ပြီး ပေတေမရှုဖို့သာ လိုပါတယ်။
ပေတေရှုတဲ့အခါ ဘယ်လိုအပြစ်သင့်သလဲ။ မိမိတို့ ရှုမှတ်ပွားများတဲ့အခါ နှာသီဝမှာပဲ ရှုရှု၊ ကိုယ်ပေါ်မှာပဲ ရှုရှု၊ စိတ်ကိုပဲ ရှုရှု ခန္ဓာကိုယ်ရဲ့ နာကျင်နှိပ်စက်မှုကြီး ပြင်းထန်စွာပေါ်လာတဲ့အခါ ဒူးမှာသော်လည်းကောင်း၊ ခြေမျက်စိမှာသော်လည်းကောင်း ပေါ်လာပြီ။ အဲဒီပေါ်လာတဲ့အခါမှာ ပရမတ်ရောက်အောင်လည်း မကြည့်နိုင်။ သဘောကိုလည်း ဉာဏ်မရောက်တော့ ပညတ်ပေါ် တင်တင်ပြီးတော့ ဒူးတို့၊ ပေါင်တို့ဆိုတဲ့ နေရာမှာ အာရုံညွှတ်ပြီး ရှုပါတယ်။ နာတယ်၊ နာတယ်လို့ပဲ ရှုရှု၊ ဖြစ်ပျက်လို့ပဲ ရှုရှု နည်းလမ်း မမှန်တော့ နာတာကြီးဟာ ကြည့်လေ ပိုနာလေ၊ ပိုမခံနိုင်လေ ဖြစ်လာပါတယ်။ မပြောင်းရ၊ မပြင်ရလို့ အမှတ်မှားထားတော့ ဇွတ်ပေတေပြီး အောင့်အည်းသည်းခံအံကြိတ်ပြီး ကြည့်ပြန်တယ်။ ပေတေပြီးကြည့်တော့ ပိုနာလာတယ်။ ပိုပြီးတော့ နှိပ်စက်လာတယ်။ လျော့သွားတာမရှိဘူူး။ ပြင်းထန်တာပဲရှိတယ်။
အဲဒီကျတော့ ကိုယ့်ရဲ့ရင်ဘတ်ကြီးကို ကြည့်လိုက်ရင် တင်းကျပ်လာတယ်။ ချွေးသီးချွေးပေါက် ပြိုက်ပြိုက် ကျလာတယ်။ တချို့ နာကျင်မှုကို အန်တုလို့ရမလားဆိုပြီး အံကြိတ်တယ်၊ တချို့က မသိမသာလေး တောင့်ခံကြည့်တယ်။ ရလားဆိုတော့ မရဘဲ ဒီဂရီတက်ပြီး ပိုနာလာတယ်။
အဲဒီအခါ မိမိတို့ သဏ္ဍာန်မှာဖြစ်ပေါ်နေတဲ့ နာကျင်မှုက နှိပ်စက်နေတဲ့အတွက် ယောက်ယက်ခတ်ပြီးတော့ ရှုနေကျ ရုပ်တရားကိုလည်း မကြည့်နိုင်တော့ဘူး။ ရှုနေကျ ဝေဒနာ၊ ရှုနေကျ ဖြစ်ပျက် ကမ္မဋ္ဌာန်းတွေကိုလည်း မြင်အောင် မကြည့်နိုင်တော့တဲ့အတွက် ရှုနေကျကမ္မဋ္ဌာန်းပျက်စီးသွားပါတယ်။ နံပါတ် ၂ သင့်သွားတဲ့ အပြစ်ပါ။
နံပါတ် ၃ ဒီလောက်နာကျင်နှိပ်စက်နေတဲ့အတွက် ဉာဏ်ကလည်း ဒေါသကိလေသာက ဖုံးထားတော့ ဝင်ခွင့်မရ။ အဲဒါကို မြင်တယ်ဆိုပြီး ပေတေရှုနေတဲ့အတွက် နာကျင်နှိပ်စက်မှုတွေ အရမ်းပြင်းလာတော့ အချိန်ကိုကုန်ချင်လာတယ်။ အချိန်ကိုကုန်ဖို့လောက်ပဲ အာရုံတွေပြုလာတယ်။ စိတ်တွေမှာ ယောက်ယက်ခတ် လာတယ်။ ဒါကြောင့်မို့ သမာဓိမတည်ဘဲ တည်ကြည်နေတဲ့ သမာဓိထောင် ပျက်စီးသွားပါတယ်။ နံပါတ် ၃ သင့်သွားတဲ့ အပြစ်ပါ။ အဲဒီပုဂ္ဂိုလ်သည် နံပါတ် ၄ တရားမရပါဘူး။ နိဗ္ဗာန်နဲ့ဝေးတယ်ဆိုတာ အရမ်းကိုနစ်နာ ပါတယ်။
အဲဒီလိုမဖြစ်ရအောင် ပြောင်းပြင်ပြီးတော့ ရှုပါ။ ပြောင်းပြင်တယ်ဆိုတော့လည်း ခန္ဓာကိုယ်ရဲ့ ဣရိယာပုတ်ကို ဝုန်းဒိုင်းနဲ့ပြောင်းခိုင်းတာ မဟုတ်ပါဘူး။ နာကျင်နေတဲ့ နှိပ်စက်မှုဟာ တင်ပလ္လင်ခွေထိုင်ထားရင်လည်းပဲ မိမိရဲ့ ဒူးလေးတွေကို အနည်းငယ်မြှောက်လိုက်တာနဲ့ နာတာကြီးက လျော့သွားတယ်။
အဲဒီလိုဣရိယာပုတ်လေး ပြင်တော့မယ်ဆိုရင် လှုပ်ရှားလေးကို သတိထားပြီး ကြည့်ရင်း၊ ကြည့်ရင်းနဲ့ ပြောင်းပြောင်းသွားရင် နှိပ်စက်မှု ပြင်းထန်တဲ့ နာကျင်မှုလည်း သက်သာသွားတယ်။
ဣရိယာပုတ်လည်း ကိုယ်လိုသလို ပြောင်းပြင်လိုက်တဲ့အတွက် နာကျင်နှိပ်စက်မှု နံပါတ် ၁ သက်သာသွားတယ်။ နံပါတ် ၂ အဲဒီ ရှုနေကျ ရုပ်ကိုသော်လည်းကောင်း ဝေဒနာကိုသော်လည်းကောင်း၊ ဆက်လက်ပြီးတော့ နာတာလေးရဲ့အလျော့၊ အနာကြီး နာတာကနေ အနာလတ်၊ အနာလတ် နာရာကနေ အနာလျော့သွားတာ။ အဲဒီသဘောလေးကို စဉ်ဆက်မပြတ် ကြည့်ကြည့်ပြီးတော့မှ ရှုရင်းနဲ့ ပြောင်းပြင်သွားတဲ့အတွက် ရှုနေကျကမ္မဋ္ဌာန်း မပျက်စီးပါဘူး။
နံပါတ် ၃ ဒီလို ပြောင်းရင်း၊ ပြင်ရင်းနဲ့ ရှုသွားတဲ့အတွက် အရှုခံ အာရုံမှာ တစိုက်မတ်မတ်နဲ့ကြည့်ပြီးတော့ ကိုယ်လိုရာထိ ပြောင်းပြင်သွားနိုင်တဲ့အတွက် ရှုနေကျကမ္မဋ္ဌာန်း မပျက်စီးသလို အာရုံဟာလည်း အရှုခံနဲ့ အရှုဉာဏ် တည့်နေတဲ့အတွက် သမာဓိလည်း တည်လျက်ပါ။ အဲဒီယောဂီသည် ပြောင်းရင်း၊ ပြင်ရင်းနဲ့တောင်မှ မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်ပါတယ်။ ပြောင်းပြင်တော့ အကျိုး ၄ မျိုး ရသွားပါတယ်။ ပြောင်းတတ်၊ ပြင်တတ်ဖို့တော့ လိုပါတယ်။
ဒါကြောင့်မို့လို့ တရားကိုသဘောမပေါက်သေးရင် ကိလေသာဖြစ်စေတဲ့ ဝီရိယတွေနဲ့ကြိုးစားပြီး အပြစ်သင့် မခံပါနဲ့။ ကိလေသာကို ပယ်နိုင်တဲ့ ဝီရိယမျိုးနဲ့ကြိုးစားသွားရင် ယောဂီသူတော်စင်များ လိုချင်တဲ့ ပန်းတိုင် နိဗ္ဗာန်ကို ရနိုင်တာဖြစ်လို့ သဘောမပေါက် ဉာဏ်မရောက် စရှုတဲ့ယောဂီများအတွက် ပြောင်းနိုင်၊ ပြင်နိုင်ပါတယ်လို့ ပြောပါတယ်။ မပြောင်းရ၊ မပြင်ရ ပေတေရှုရမယ်ဆိုတာ မပါပါဘူး။ တရားသဘောကိုမသိရင် သူများပါးစပ်ဖျားလမ်းဆုံးပြီး အချိန်တွေကုန်လို့ တရားအသိ မကိန်းမှာစိုးလို့ပါ။
ကိုယ့်ရဲ့ခန္ဓာကိုယ်က နှိပ်စက်မှုပြင်းထန်လာရင် မခံမရပ်နိုင်ဖြစ်လာရင် ဣရိယာပုတ်ကို အသိဉာဏ်ကိန်းပြီးတော့ ပြောင်းပြင်ရင်းနဲ့ ကိုယ်လိုရာ ရင့်ကျက်တဲ့အသိဉာဏ်၊ အမြင်သန်တဲ့ အရှုဉာဏ်တွေ ကိန်းအောင်းလို့ ဆက်လက်ကြိုးစားရှုပွားအားထုတ်နိုင်ကြပါစေ။
သီလစင်ကြယ်ခြင်းကြောင့် ရတဲ့အကျိုး အဆက်ဆက်
သီလစင်ကြယ်ခြင်းကြောင့် ရတဲ့အကျိုး အဆက်ဆက်
မြတ်စွာဘုရားရဲ့ အဆုံးအမ သာသနာတော်မှာ အကျင့်သုံးဖြာ သိက္ခာသုံးပါး ရှိပါတယ်။ အဲဒီ သုံးပါးကတော့ သီလ သိက္ခာ - သီလအကျင့်၊ သမာဓိသိက္ခာ - သမာဓိအကျင့်၊ ပညာသိက္ခာ - ပညာအကျင့်တို့ပါပဲ။
သီလသိက္ခာဆိုတာ ငါးပါးသီလ၊ ရှစ်ပါးသီလ စတဲ့ သီလတွေ ပြည့်စုံ စင်ကြယ်အောင် မြတ်စွာဘုရား ချမှတ်ထားတဲ့ သိက္ခာပုဒ်တွေကို စောင့်စည်း ထိမ်းသိမ်းရပါတယ်။
သမာဓိသိက္ခာ ဆိုတာ အာရုံတစ်ခုတည်း၌ စိတ်စုစည်း တည်ငြိမ်နေအောင် လေ့ကျင့်ပွားများ အားထုတ်ရပါတယ်။
ပညာသိက္ခာဆိုတာ ရုပ်သဘော နာမ်သဘောကို ထိုးထွင်းသိတဲ့ ဝိပဿနာပညာနှင့် အရိယသစ္စာလေးပါးကို ထိုးထွင်းသိတဲ့ မဂ်ဖိုလ်ပညာကို ရအောင် လေ့ကျင့်ပွားများ အားထုတ်ရတာပါ။
အဲဒီ သိက္ခာသုံးပါအနက် သီလသိက္ခာမှာ သီလက
(၁) ပြုလုပ်လျှင် အပြစ်ရှိလို့ မပြုလုပ်ဖို့ရာ မြတ်စွာဘုရား တားမြစ်ထားလို့ မပြုလုပ်ဘဲ ရှောင်ကြဉ်ရမည့် ဝါရိတ္တသီလ၊
(၂) ပြုလုပ်ဖြည့်ကျင့်လျှင် အကျိုးရလို့ ပြုလုပ်ဖြည့်ကျင့်ဖို့ရာ မြတ်စွာဘုရား ဆုံးမထားတဲ့ စာရိတ္တသီလလို့ နှစ်မျိုး ရှိပါတယ်။
အဲဒီနှစ်မျိုးမှာ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် စတဲ့ လောကဝတ်တရားတွေနဲ့ တချို့သော သီလသိက္ခာပုဒ်တွေဟ စာရိတ္တသီလတွေပါပဲ။
ပြုလုပ်လျှင် အပြစ်ရှိတဲ့အတွက် မပြုလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ မြတ်စွာဘုရား ချမှတ်ထားတဲ့ သိက္ခာပုဒ်တွေဟာ ဝါရိတ္တသီလတွေပါပဲ။
ဝါရိတ္တသီလဆိုတာ အပြစ်မကင်းတာကို မပြုလုပ်၊ မပြောဆိုဘဲ ကိုယ်နှင့်နှုတ်ကို ရှောင်ကြဉ် စောင့်စည်းလျှင် ဝါရိတ္တသီလ ပြည့်စုံပါတယ်။ မကျူးလွန် မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းကို ဝိရတိလို့လည်း ခေါ်ပါတယ်။ အဲဒီ ဝိရတိဟာ သမ္ပတ္တဝိရတိ၊ သမာဒါနဝိရတိ၊ သမုစ္ဆေဒဝိရတိ လို့ သုံးမျိုး ရှိပါတယ်။
သီလသိက္ခာ၊ သီလကို ဖြည့်ကျင့်ရာမှာ သီလသိက္ခာပုဒ်တွေကို ခံယူဆောက်တည်ပြီးမှ စောင့်စည်းထိမ်းသိမ်း ဖြည့်ကျင့်ခြင်း၊ သီလ သိက္ခာပုဒ်တွေကို မခံယူမဆောက်တည်ဘဲ စောင့်စည်းထိမ်းသိမ်း ဖြည့်ကျင့်ခြင်းလို့ နှစ်မျိုး ရှိပါတယ်။
သီလခံယူဆောက်တည်ပြီး စောင့်စည်းထိမ်းသိမ်းလျှင် စောင့်စည်းလိုစိတ် ထက်သန်အားကောင်းလို့ ပို၍ သီလပြည့်စုံနိုင်ပါတယ်။ အဲဒါဟာ သမာဒန ဝိရတိ မျိုးပါ။
သီလခံယူဆောက်တည်ခြင်း မရှိဘဲ လွန်ကျူးစရာ ရှောင်ကြဉ်စရာနှင့် ပက်ပင်းတွေ့ကြုံမှ မကျူးလွန်မိအောင် ရှောင်ကြဉ် စောင့်စည်း ထိမ်းသိမ်းတာကတော့ သမ္ပတ္တဝိရတိ မျိုးပါ။
မဂ်ဉာဏ်ရတဲ့အခါမှာ မဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်တဲ့ ရှောင်ကြဉ်မှု ဝိရတိကိုတော့ ဘယ်တော့အခါမှ မကျူးလွန်တော့ဘဲ အမြစ်ပြတ် ရှောင်ကြဉ်တာဖြစ်လို့ သမုစ္ဆေဒဝိရတိ လို့ခေါ်ပါတယ်။
မခံယူမဆောက်တည်ဘဲ ရှောင်ကြဉ် စောင့်စည်းတာကတော့ ခံယူဆောက်တည်ထားတာလောက် စောင့်စည်း ထိမ်းသိမ်းလိုစိတ် အားကောင်းချင်မှ ကောင်းပါမယ်။ သို့သော်လဲ ကျမ်းဂန်မှာ ဖော်ပြထားတဲ့ အကြောင်းအရာ တခုကို ကြည့်လျှင်တော့ သမ္ပတ္တဝိရတိဟာလဲ စောင့်စည်းလိုစိတ် အားကောင်းကြောင်း တွေ့ပါတယ်။
အဲဒီအကြောင်းအရာက -- အမေအိုရဲ့ အသားမြတ်နာဟာ ယုန်သားစိုချက်ကျွေးမှ ပျောက်မယ်ဆိုတဲ့အတွက် ယုန်ထောင်ထွက်ခဲ့တဲ့ ပုံပြင်လေးပါ။ ယုံလေးကိုမိတော့ ယုန်ကလေးက ကြောက်လွန်းလို့ မျက်စိလေး ကလယ် ကလယ်နဲ့ တကိုယ်လုံး တုန်နေတော့ ယုန်ကလေးကို သိပ်သနားသွားပြီး “ငါ့အမေအသက်ကို ဒီယုန်ကလေး အသက်နဲ့ လဲမယ်ဆိုရင် အလွန်မတရားတာပဲ၊ အလွန် ယုတ်မာတာပဲ” လို့ စဉ်းစားမိပြီး ယုန်ကလေးကို လွှတ်ပစ်ခဲ့တဲ့ဆိုတဲ့ ပုံပြင်ကလေးကို ကြားဖူးကြမှာပါ။
သူ့အကိုဖြစ်သူက ဆူတဲ့အခါ အမေအနား သွားရပ်ပြီး “ငါဟာ မွေးဖွားလာကတည်းက အခု အချိန်အထိ သတ္တဝါရဲ့အသက်ကို မသတ်ဖူးခဲ့ပါ၊ ဒီစကား မှန်လျှင် အမေရဲ့ရောဂါဟာ ချက်ချင်း ပျောက်ကင်းပါစေ” လို့ သစ္စာဆိုလိုက်တော့ သူ့အမေရဲ့ အသားမြတ်နာဟာ ချက်ချင်းပဲ လုံးဝပျောက်ကင်းသွားတယ်။ ဒီတော့ ဆောက်တည်သည်ဖြစ်စေ၊ မဆောက်တည်သည်ဖြစ်စေ ရှောင်ကြဉ်လိုစိတ် အားကောင်း မကောင်းကတော့ ပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်ဗီဇစိတ်ပေါ်မှာ မူတည်တယ်လို့ ဆိုရမှာပါပဲ။
သီလဆောက်တည်ထားလို့ ရှောင်ကြဉ်မိအောင် အသက်ကိုစွန့်ပြီး ရှောင်ကြဉ်တဲ့ ဝတ္ထုသာဓကကိုလည်း ကျမ်းဂန်မှာ တွေ့ရပါတယ်။
လယ်သမားကြီးတစ်ဦးဟာ မနက်စောက မထေရ်တစ်ပါး အထံမှာ သီလခံယူဆောက်တည်ပြီးတော့ နွားတွေကို စားကျက်သွားပြီး လွှတ်တယ်။ ညနေအချိန် စားကျက်သွားပြီး နွားတွေကို ရှာတော့ မတွေ့တာနဲ့ တောင်ကုန်းမြင့်မြင့်ပေါ်ကနေ အရပ်လေးမျက် လှည့်ပတ်ကြည့်တယ်။ အဲဒီအခိုက်မှာ စပါးကြီးမြွေက ခြေထောက်လာပတ်တာကို သိတော့ လက်ထဲမှာ အသင့် ပါလာတဲ့ ထက်လှတဲ့ ပဲခွပ်နဲ့ မြွေကြီးကို ပိုင်းလိုက်မယ်လို့ လက်ကို မြှောက်လိုက်တယ်။
အဲဒီအခိုက်မှာပဲ ဆောက်တည်ခဲတဲ့ သီလကို သတိရလိုက်တာကြောင့် သီလကို မပျက်စီးစေတော့ပဲ မြွေကို မသတ်မိအောင် လက်ထဲက ပဲခွပ်ကို တောထဲ လွှင့်ပစ်လိုက်တယ်တဲ့။ အသက်စွန့်လိုက်တာပေါ့။ ဒါပေသည် ပဲခွပ်တောထဲရောက်သွားတော့ မြွေကလည်း အခွေကို ဖြေပြီး တောထဲကို လျှောခနဲ ဝင်သွားသတဲ့။
ဒီဝတ္ထုမှာ ခံယူဆောက်တည်ထားခဲ့တဲ့ သီလကို အကျိုးအပျက် အခံတာဟာ အားကောင်းတဲ့ သမာဒါနဝိရတိပါ။
ဒီဝတ္ထုကြောင်းက လယ်သမားကို အတုယူပြီး မိမိ ခံယူ ဆောက်တည်ထားတဲ့ သီလကို အစွမ်းကုန် စောင့်စည်း ထိမ်းသိမ်းကြရင် သီလဝိသုဒ္ဓိ ကောင်းကောင်း ဖြစ်မှာဖြစ်ပါတယ်။
သီလဝိသုဒ္ဓိ - သီလ စင်ကြယ်ခြင်းဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူမဆို သီလကို ပြည့်စုံစင်ကြယ်စေဖို့ အထူး လိုအပ်ပါတယ်။ မိမိသီလကို ဘယ်လိုနည်းနဲ့မှ အညှိုးအနွမ်း အကျိုးအပျက် မခံဘူးဆိုတဲ့ စိတ်ထားနဲ့ စောင့်ထိမ်းဖို့ လိုပါတယ်။
မြတ်စွာဘုရားရဲ့ ဒေသနာတော်မှာ အရှက်အကြောက် ရှိမှ သီလ လုံခြုံကြောင်း မိန့်ကြားတော်မူပါတယ်။ အရှက်ဆိုတာ မကောင်းမှု ပြုလုပ် ပြောဆို ကြံတွေးရမှာကို ရှက်တဲ့စိတ်ကို ဆိုလိုပါတယ်။ အဲဒါ ဟိရီ ပါပဲ။
ဩတ္တပ္ပ ဆိုတာ မကောင်းမှု ပြုလုပ် ပြောဆို ကြံတွေးခြင်းကြောင့် ရရှိမယ့် ဆိုးကျိုး ဆင်းရဲကျိုးကို ကြောက်လန့်တဲ့စိတ်ကို ဆိုလိုပါတယ်။ အဲဒါ ဩတ္တပ္ပ ပါ။
အရှက်ရှိရင် ရှက်လို့ပဲ မကောင်းမှု မပြု မပြောဘဲ ရှောင်ကြဉ်တယ်။ အကြောက်ရှိရင် ကြောက်လို့ပဲ မကောင်းမှု မပြု မပြောဘဲ ရှောင်ကြဉ်တယ်။ ဒီတော့ သီလ လုံခြုံတယ်။ ဒါကြောင့် ရှက်တတ် ကြောက်တတ်တဲ့ ပုဂ္ဂိုလ်ဟာ သီလလုံခြုံအောင် စောင့်ထိမ်းနိုင်တယ်။ စောင့်ထိန်းတော့ သီလစင်ကြယ်တယ်။
သီလစင်ကြယ်တော့ တရားအားထုတ်တဲ့အခါ ကိုယ့်သီလ ဆင်ခြင်မိတိုင်း စိတ်ကြည်လင် ရွှင်လန်းတယ်။
စိတ်ကြည်လင် ရွှင်လန်းတော့ ကြည်နူးဝမ်းမြောက်တယ်။ နှစ်သိမ့် အားရ ကျေနပ်တယ်။ စိတ်ငြိမ်းအေး ချမ်းသာတယ်။ အဲဒီတော့ ရုပ်ကို ရှုတိုင်း နာမ်ကို ရှုတိုင်း ရှုလို့ ကောင်းပြီး သမာဓိ မြန်မြန် ရလွယ်ပါတယ်။
တည်ငြိမ်းတဲ့ သမာဓိစိတ်ထဲမှာ ပါဝင်တဲ့ အသိဉာဏ်ဟာ ထက်မြက်အားကောင်းလာတယ်။ ဒီတော့ အဲဒီ ထက်မြက်တဲ့ ဉာဏ်က အရှုခံရုပ်၊ အရှုခံနာမ်တို့ရဲ့ အရှိသဘာဝဖြစ်တဲ့ မမြဲဆင်းရဲ ပုဂ္ဂိုလ်သတ္တဝါ အသက်ဝိညာဉ် အတ္တ မဟုတ်တဲ့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) သဘောတွေကို ထိုးထွင်း သိမြင်လာပါတယ်။ အဲဒါ ဝိပဿနာဉာဏ်၊ ဝိပဿနာပညာတွေပါပဲ။
အဲဒီ ဝိပဿနာဉာဏ်တွေ တဆင့်ထက်တဆင့် မြင့်တက်သွားပြီး ကုန်ဆုံးသွားတော့ မဂ်ဉာဏ်အမြင် ဖိုလ်ဉာဏ် အမြင်တွေ ဖြစ်ပေါ်လာတော့ အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး ကိလေသာတွေ ငြိမ်းသွားပါတယ်။ အဲဒါဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဲ့ အခြေခံဖြစ်တဲ့ သီလစင်ကြယ်တဲ့အတွက် မဂ်ဖိုလ်အထိ ဉာဏ်အဆင့်ဆင့် တက်သွားတာပါပဲ။
ဒါကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ သီလစင်ကြယ်မှု သီလဝိသုဒ္ဓိကို ရရှိအောင် မိမိတို့ ဆောက်တည် စောင့်ထိမ်းထားတဲ့ သီလကို မညှိုးမပြောက် မကျိုးမပေါက်ရအောင် စောင့်ရှောက် ထိန်းသိမ်း နိုင်ကြပါစေ။
မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်၏ နံနက်ချိန်ခါ ဩဝါဒဒေသနာမှ မှတ်စုထုတ်ဖော်ပြပါသည်။
ကျင့်ကြံ ရှုပွား ဝိပဿနာတရား (၁)
ကျင့်ကြံ ရှုပွား ဝိပဿနာတရား (၁)
ဝိပဿနာတရား ကျင့်ကြံပွားများအားထုတ်ရာမှာ အဓိကလုပ်ဆောင်ရမှာက သတိကလေး ထားနေရုံပါပဲ။
စိတ်ကို အတင်း ထိန်းလည်း မထားရပါဘူး။ တောင့်လည်း မထားနဲ့၊ အလိုက်သင့် အလျားသင့်ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေပေးဖို့ပဲလိုပါတယ်။
သူ့သဘာဝအတိုင်း ဖြစ်နေတာကို သတိကလေး ထားနေရုံပါပဲ။
အာရုံကိုလိုက်ရှာဖို့မလိုပါ၊ ပေါ်အောင်လည်း မလုပ်ပါနဲ့၊ ပျောက်အောင်လည်း မလုပ်ပါနဲ့။
သူ့သဘာဝ ဖြစ်တိုင်း၊ ဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့အတိုင်း သိနေပါ။
ချုပ် လည်း မရှုပါနဲ့၊ လုပ်လည်း မရှုပါနဲ့။
သူ့သဘာဝအတိုင်း ဖြစ်တာကို သိနေဖို့၊ သတိရှိနေဖို့ပဲလိုပါတယ်။
ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း ကိုယ်ရော စိတ်ရော သိမှ၊ အဲလို သိနေဖို့က သွားတိုင်း လာတိုင်း စားတိုင်း သောက်တိုင်း မြင်တိုင်း ကြားတိုင်း သတိရှိနေရပါတယ်။
ရှေ့သတိနဲ့ နောက်သတိ၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ၊ ရှေ့အသိနဲ့ နောက်အသိ၊ အမြဲ ဆက်စပ်နေဖို့ လိုပါတယ်။
ဘာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး သတိထား၊ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိထားပေးပါ။
အစမှာတော့ နှာသီးဖျားမှာ သတိထား၊ ထွက်တိုင်းသိ ဝင်တိုင်းသိ၊ တိုးပြီးဝင်သွားတာ သိနေ၊ တိုးပြီး တိုးထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။ အဲဒါဆိုယင် အမှန်သိမှု ဉာဏ်ကုသိုလ်တွေ ဖြစ်ပါမယ်။
ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေတာဟာ ဝိပဿနာပါ။ ဖြစ်အောင်လည်း မလုပ်ရဘူး၊ ပျက်အောင်လည်း မလုပ်ရဘူး။ အဲလို ဖြစ်တိုင်း ဖြစ်တိုင်း သိရုံမျှ သိပေးနေရုံပါ။
အဲလို သိနေတဲ့အတွက် (ဣန္ဒြိယသံဝရသီလစတဲ့) သီလ သိက္ခာတွေလည်း လုံခြုံပြီးနေပါတယ်။ သတိရှိနေတဲ့ အတွက် သမာဓိ သိက္ခာလည်း ညီညွတ် မျှတနေပါတယ်။ သတိရှိနေတဲ့ အတွက် (ပညာသိက္ခာ) သိစရာတွေကို အမှန်အတိုင်း ပိုင်းခြားပြီး သိနေပါတယ်။
သတိထားလိုက်တိုင်း သိက္ခာသုံးပါး ဖြည့်ကျင့်ပြီးသား ဖြစ်သွားပါတယ်။
အားထုတ်ရာမှာ စိတ်ပျံ့လွင့်လာရင် စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲလိုပါတယ်။
စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့၊ စိတ်ပြေးရင် ပြေးမှန်း၊ တွေးရင် တွေးမှန်း၊ စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပါပဲ။
သိရင်တော်ပါပြီ။ တည်ငြိမ်အောင် လုပ်တာမဟုတ်ပါဘူး။ တည်ငြိမ်လို့ ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးပါဘူး။ တည်တာကို ကောင်းတယ်ထင်ပြီးတော့လည်း မစွဲလမ်းရဘူး၊ ပျံ့လွင့်တာကို မကောင်းဘူးထင်ပြီးတော့လည်း စိတ်မပျက်ရပါဘူး။ သိနေဖို့၊ ကောင်းကောင်း မကောင်းကောင်း တည်တာလည်း သိ၊ မတည်တာလည်း သိနေဖို့ပါပဲ။
ကျင့်ကြံ ရှုပွား ဝိပဿနာတရား (၂)
ကျင့်ကြံ ရှုပွား ဝိပဿနာတရား (၂)
တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပဝါဖြူလေးလို ဖြူစင်သန့်ရှင်းအောင် လုပ်နေတာပါ။
စိတ်ကို ကိလေသာတွေနဲ့ မပေါင်းမိအောင် -
စိတ်ကို ပူလောင်စေတတ်၊ ညစ်နွမ်းစေတတ်၊ နှိပ်စက် ညှဉ်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့ မပေါင်းမိအောင် စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေး အမြဲဖြစ်နေအောင် သတိကလေးထားပြီး အမြဲနေရမှာပါ။
ဝီရိယက မဖြစ်သေးတဲ့ စိတ်ညစ်နွမ်းမှုတွေ မဖြစ်အောင်၊ ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ ပပျောက်သွားအောင်၊ မဖြစ်သေးတဲ့ စိတ်ကောင်း၊ စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်၊ ဖြစ်ပြီးသား စိတ်ကောင်း၊ စိတ်မြတ်တွေ တိုးပွားလာအောင် ဝီရိယက သူ့အလုပ် သူလုပ်နေမှာပါ။
ရောဂါနဲ့ဝေဒနာကို ကွဲအောင် ကြည့်ပါ။ ကိုယ်ထဲမှာ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ အဲဒါက ရောဂါပါ။ အဲဒီ ကိုယ့်အနာရောဂါကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မခံသာတာက ဝေဒနာ (ခံစားချက်) ဖြစ်ပါတယ်။
မခံသာတဲ့ဝေဒနာက သပ်သပ်၊ ရောဂါက သပ်သပ်လို့ ရှုကြည့်ပါ။
မခံသာတဲ့စိတ်ကို ရှုကြည့်နေရင် ကိုယ်မှာ နာနေတာနဲ့ မဆိုင်တော့ဘူး။ သူများဖြစ်တာလေးကို ကြည့်နေရသလို၊ ဆရာဝန်က လူမမာကို ကြည့်ရသလို ကိုယ်ပါ ရောမနာတော့ပါဘူး။
ကိုယ်နာတာချည်း သွားကြည့်နေရင် ကိုယ်ရော စိတ်ပါ ရောနာသွားပါတယ်။ မခံနိုင်ဘူး၊ ပြင်ချင်တယ်၊ ပြောင်းချင်တယ်၊ အဲဒီ စိတ်ကလေးကို သိပေးရပါတယ်။
ပျောက်ချင်စိတ် ဖြစ်နေရင်လည်း အဲဒီစိတ်ကလေးကိုပဲ သတိထားကြည့်၊ မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေး သိပေးပါ။
ကိုယ်နိုင်သလောက်လေး လုပ်ပါ၊ မနိုင်ရင် ပြောင်းလို့ ပြင်လို့ ရပါတယ်။
သက်သက် အပင်ပန်းခံပြီး မလုပ်ရပါဘူး။ သည်းခံနိုင်သလောက် သည်းခံပါ။
သိပ် နာကျင်ခံခက်မှု ဖြစ်လာရင် နာတာကြီးကို အာရုံမပြုဘဲ အဲဒီ နာကျင်ခံခက်မှုကြောင့် စိတ်ထဲမှာ မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေးပါ၊ ရှုပေးပါ။ မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကို အာရုံပြုပေးပါ၊ ရှုပေးပါ။
မကောင်းတဲ့ ခံစားချက်ကလေးကို သတိထားပြီး ရှုပေးပါ။
မတတ်နိုင်ရင် တော်လို့ရပါတယ်၊ စိတ်မှာတော့ အကုသိုလ် မဖြစ်ပါစေနဲ့၊ ကုသိုလ်ဆိုတာ စိတ်ကလေး အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် သက်သက်သာသာပါပဲ၊ ဘာမှ မပူလောင်ပါဘူး။
နာတာက သပ်သပ်၊ ကိုယ်က သပ်သပ်၊ ကိုက်တာ ခဲတာက သပ်သပ်၊ ကိုယ်က သပ်သပ်၊ အဲဒီလို သပ်သပ်စီမှန်း သိအောင် ကြည့်ရပါတယ်။
တကယ်တော့ ကိုယ်ဆိုတာ မရှိပါဘူး၊ နာတဲ့ သဘောတရား၊ ဖောက်ပြန်မှုမျှပဲ ရှိပါတယ်။
ရုပ်ရှိရင် ရောဂါရှိတယ်၊ စိတ်ရှိရင် ဝေဒနာရှိတယ်။ ရောဂါကို အမြစ်ပြတ်ရှင်းလို့ မရပါဘူး။ ရုပ်ရှိသမျှ ရောဂါအမြဲ ရှိနေမှာပါ။ စိတ်ရှိသမျှ ဝေဒနာ အမြဲရှိနေမှာပါ။
ဒါပေမယ့် ကိုယ်သာ နာစေ၊ စိတ်မနာအောင် ကျင့်ရမယ်တဲ့။ စိတ်မနာအောင် အစွဲကင်းဖို့ပါပဲ။ ငါ့ခြေထောက်က နာတယ်၊ ငါ့ကျောက အောင်တယ်ဆိုပြီး အဲဒီ အစွဲကြောင့် မခံချင်ဘူး၊ ပြောင်းချင် ပြင်ချင်တယ်။
မခံချင်တဲ့စိတ်၊ ပျောက်ချင်တဲ့စိတ်၊ ပြောင်းချင်တဲ့ စိတ်ကလေး။ အဲဒီ နာမ်သဘောတရားလေးကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်သိသိပေးပါ။
အများအားဖြင့် လူတွေမှာ ရွှေရှိတယ် ပြောပြော၊ ငွေရှိတယ် ပြောပြော၊ ယခုလက်ငင်း ပစ္စုပ္ပန်အချိန်မှာ စိတ်ကလေး အေးအေးချမ်းချမ်းနဲ့ ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင် မနေနိုင်ဘူးဆိုရင် လူ့ဘဝဟာ ဘာမှ တန်ဖိုးမရှိပါဘူး၊ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။
ရခဲတဲ့ လူ့ဘဝမှာ ရခဲတဲ့ ကုသိုလ်ကောင်းမှုတွေ ရနိုင်မှ လူဖြစ်ရကျိုးနပ်ပါမယ်။
စိတ်ဆိုတာ တရားမပါရင် ဘယ်အာရုံနဲ့မှ မတည့်ပါဘူး။ အာရုံတိုင်းနဲ့ အကုန်ရန်ဖြစ်တဲ့သဘော ရှိတယ်။ အသံထွက်မဖြစ်လည်း အသံတိတ် ရန်ဖြစ်တယ်။ အာရုံနဲ့စိတ် အဆင်ပြေဖို့ကတော့ သတိထားတဲ့ တရားကပဲ အာမခံပါတယ်။
သတိကင်းမဲ့ မေ့လျော့နေရင် လောဘ၊ ဒေါသ၊ မောဟ အပူတွေနဲ့ လောင်မြိုက်ခံနေရတတ်ပါတယ်။
ဘဝဝဋ်ကြွေးဆပ်တဲ့ နေရာမှာတော့ သတိနဲ့နေပြီး ဆပ်တဲ့ နည်းပဲရှိပါတယ်၊ တခြားနည်းလမ်း မရှိပါဘူး။
သတိထားရင်းက သတိရှိလာတယ်၊ သတိ ရှိလာရင် သက်သောင့်သက်သာ ရှိတယ်၊ ပထမတော့ အားမရစရာလိုပဲ၊ ပေါ့ပေါ့ပါးပါးနဲ့ သိနေရလို့ အားမရသလို ဖြစ်တယ်။
နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ် ပင်ပန်းလာတတ်ပါတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။ ဒါဆိုရင် သတိထားရင်းနဲ့ သတိလွတ်နေပါပြီ၊ သတိမရှိတော့ဘူး။ အဲလိုဖြစ်လာယင် စိတ်ကို လျှော့ပေးပါ။ တချို့ တော်ရုံနဲ့ ပြန်လျှော့လို့ မရဘူး။ စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး ကြည့်ပေးပါ။
ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေတာပါပဲ။ သတိထားလို့ သတိရှိလာပြီဆိုရင် ဓမ္မအလုပ် ဖြစ်သွားပါတယ်။ ဓမ္မအလုပ်ဖြစ်သွားရင် မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ အဲဒါတွေက သဘာဝဖြစ်နေတယ်။
လုပ် မရှုပါနဲ့၊ ဖော် မရှုပါနဲ့။ ပူတာလေးကို ကြည့်ရင်းနဲ့ ပူတာလေး လျော့သွား ပျောက်သွားလို့ ပူတာမရှိရင် အေးတာရှိပါမယ်၊ အဲဒီ အေးတာကိုကြည့်ပေးပါ၊ အေးတာကို ရှုရင်း ပျောက်သွားလို့ အေးတာမရှိရင် လှုပ်တာ ရှိပါမယ်၊ လှုပ်တာကို ကြည့်ပါ။ လှုပ်တာရှုရင်၊ လှုပ်တာပျောက်သွားရင် ငြိမ်တာရှိပါမယ်၊ ငြိမ်တာကိုပဲ ဆက်ရှုပါ။
အဲဒီလို သဘောမပေါက်တော့ လုပ်လုပ်ပြီး ရှုတတ်ကြပါတယ်၊ ဖော်ဖော်ပြီး ရှုတတ်ကြပါတယ်၊ ကြောင့်ကြ စိုက်ကြတယ်။ သူ့သဘာဝ ပေါ်တဲ့အတိုင်း သူ့သဘာဝပဲလို့ သဘောပေါက်ပြီး ရှုသွားရပါမယ်။ ကြမ်းတာ၊ နုတာ အကြောင်းမဟုတ်ပါဘူး၊ သတိဆက်စပ်ဖို့၊ သတိထားနိုင်ဖို့ အဓိကပါပဲ။
ကျင့်ကြံ ရှုပွား ဝိပဿနာတရား (၃)
ကျင့်ကြံ ရှုပွား ဝိပဿနာတရား (၃)
တရား စ ရှုတဲ့အခါ ကိုယ်ရော စိတ်ရော အေးအေးချမ်းချမ်းနဲ့ ညီညီ ညွတ်ညွတ်လေး ထားပြီးတော့ ပေါ်တာ သိတာ ထင်ရှားတာလေးကို သတိလေးထားပေးဖို့လိုပါတယ်။ ပုံမှန်အားဖြင့်တော့ နှာသီးဖျားမှာ စိတ်ကလေးထား၊ ထွက်လေ ဝင်လေ သတိကပ်ဖို့၊ ထွက်တိုင်း သိ၊ ဝင်တိုင်း သိ၊ နောက်တော့ ပေါ်ရာပေါ်ရာ ထင်ရှားရာ သတိလေးထားပေးဖို့ပါပဲ။ ခန္ဓာမှာ ပေါ်တာသိ၊ ဖြစ်သမျှတွေ လိုက်သိပေးရုံပါ။
သိစရာမရှိရင် ထွက်လေဝင်လေပေါ်မှာ သတိထားနေရပါမယ်။ တစ်နေ့လုံး သွားလာ လှုပ်ရှားထားတာ၊ ပူလောင်ပင်ပန်းထားတာကို သိရုံလေးသိပေးနေရင် ပူလောင်မှုသက်သာပြီး အေးအေးသက်သာ ဖြစ်လာပါလိမ့်မယ်။
ကိုယ်လေးကို အေးအေးသက်သာထားပြီး ထင်ရှားတာ အပေါ် သတိထားထာကို သတိပဋ္ဌာန်ပွားတယ် ခေါ်ပါတယ်။
သတိကြောင့် အပူသောကခပ်သိမ်း ငြိမ်းအေးပြီး ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ ကင်းပျောက်လို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ကြရပါတယ်။
ဒါကြောင့် သက်သာသလိုနေပြီး ပေါ်ရာ၊ ထင်ရှားရာကို သတိထားနေဖို့ပါပဲ။ ဒီကြားထဲမှာတော့ စိတ်ကလေးကို နည်းနည်းကြည့်ပေးဖို့လိုပါတယ်။ မကြည့်ရင် စိတ်က ရှုနေတဲ့ကြားက ဘယ်လိုလွင့်နေလဲ၊ ဘယ်လို တွေးနေလဲ မသိဘူး ဖြစ်တတ်ပါတယ်၊ သတိထားပြီး ပြန်စစ်ရင် သိသိလာပါတယ်။
တွေးရင် တွေးမှန်းသိဖို့။
လွင့်ရင် လွင့်မှန်းသိဖို့။
စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့ အရေးကြီးပါတယ်။
တရားအားထုတ်တယ်ဆိုတာ မျှမျှတတကလေးနေ၊ သတိကလေးထားနေ၊ ကိုယ်လေးကို ဖြောင့်ဖြောင့်ထား၊ ခါးလေးတည့်တည်၊ ခေါင်းလေးတည့်တည့် ထားပြီးတော့ ပေါ်တိုင်း၊ ဖြစ်တိုင်းလေးကိုသိနေယင် ဉာဏ် ကုသိုလ် ဖြစ်နေပါပြီ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။ အတင်းထိန်းထား၊ တောင့်ထား မလုပ်ရဘူး၊ လုပ်မရှုရဘူး၊ ချုပ်မရှုရဘူး၊ ပေါ်တိုင်း ဖြစ်တိုင်းလေးကို သူ့သဘာဝအတိုင်း၊ အမှန်အတိုင်း သိနေတာ သမ္မာဒိဋ္ဌိပါပဲ။
ဖြစ်အောင်လည်း မလုပ်ရဘူး။
ပျက်အောင်လည်း မလုပ်ရဘူး။
ဖြစ်အောင် လုပ်ရင် လောဘ။
ပျက်အောင် လုပ်ရင် ဒေါသ။
ဖြစ်တိုင်း ဖြစ်တိုင်း သိနေရမယ်၊ မသိရင် မောဟ ဖြစ်နေပါမယ်။
သတိထား၊ သတိရှိနေရင် သီလသိက္ခာလည်း ပြည့်စုံသွားတယ်။ သမာဓိသိက္ခာလည်း ပြည့်စုံသွားတယ်။ သတိက မဂ္ဂင်ထိုက်တဲ့ သတိဆိုတော့ အဲဒီ သတိကြောင့် စိတ်စင်ကြယ်မှုဖြစ်တယ်။ စိတ်ကြည်မှ အသိအမြင် စင်ကြယ်ပါတယ်။
သီလဝိသုဒ္ဓိကို အခြေခံပြီး စိတ္တဝိသုဒ္ဓိဖြစ်ရင် စိတ်စင်ကြယ်တော့ ဉာဏဒဿန ဝိသုဒ္ဓိတွေ အဆင့်ဆင့် ဖြစ်လာရင်၊ ရုပ်နာမ် ပိုင်းသိလာတယ်၊ အကြောင်းအကျိုးတွေ သိလာတယ်။
သိစရာနဲ့ သိတာ၊ အရှုခံနဲ့ ရှုစိတ်၊ ဒီနှစ်ခုကလွဲလို့ ဘာမျှ မရှိပါဘူး၊ သိစရာကြောင့် သိမှုဖြစ်တာပဲ၊ ဘယ်သူကမှ သိအောင် လုပ်နေတာမဟုတ်ဘူး၊ ဘယ်သူကမှ မြင်အောင်၊ ကြားအောင်၊ နံအောင်၊ စားအောင် လုပ်နေတာ မရှိဘူး။
ပြုတတ်ကြံတတ် ပြောဆိုတတ်၊ သိမှတ်ခံစားတတ်တယ်ဆိုရင် ဒါဟာ အတ္တအစွဲပဲ။
သိစရာကြောင့် သိမှုဖြစ်နေတာပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်နေတာပဲ၊ အကြောင်းနဲ့ အကျိုးပဲ၊ အစကတော့ တစ်ကိုယ်တည်း တစ်ယောက်တည်းလို့ စွဲလမ်းထားတာ၊ ဒိဋ္ဌိအစွဲပါ။
ဒါကြောင့် ..
ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည် .. ဆိုတာ အဲဒါပဲ၊ အစွဲဒိဋ္ဌိပဲဖြစ်ပါတယ်။
ဖြစ်ခိုက်မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
ဖြစ်ခိုက်မှတ်ရှုတော့ဘာဖြစ်လဲဆိုတော့ သိစရာနဲ့ သိမှု ဒီနှစ်ခုပဲ၊ တစ်ကိုယ်တည်း တစ်ကောင်တည်းဆိုတာ ဘယ်မှာဟုတ်လို့လဲ၊ ဒီလို အမြင်ရှင်းသွားပါတယ်။
မမြဲဆင်းရဲ၊ ရုပ်နာမ်ပဲ၊ ဉာဏ်ထဲရှင်းတော့သည် .. (ဒါဟာ အစွဲကင်းတဲ့ အသိပါပဲ)
ရုပ်နာမ်တွေ အသစ်အသစ် ဖြစ်နေတာ၊ ချုပ်ပျက် ချုပ်ပျက် သွားတာကို တွေ့ရခြင်းအားဖြင့်လည်း ခိုင်တယ်၊ မြဲတယ် ဆိုတာ ဘယ်မှာလဲလို့ အမှန်သိသွားပါတယ်။ အမှန်သိတဲ့အတွက် အမှားတွေ ကင်းစင်သွားတယ်၊ လွတ်မြောက်သွားတယ်။
ခိုင်မြဲရင် ဒီလို ပျက်စီးပါ့မလား၊ မခိုင်မြဲလို့သာ ဒီလို အသစ် အဟောင်း ပြောင်းလဲ ဖောက်ပြန်နေတာပဲလို့ အမှန်ကို အမှန်အတိုင်း သိသွားတယ်။
ရုပ်နာမ်မျှသာ ရှိတာကို ရှိတဲ့အတိုင်း သိတဲ့အတွက် တကယ့် ဝဋ်သက်ရှည်နေတဲ့ ငါကောင်၊ အတ္တကောင် ဆိုတဲ့ အမြင်မှား စင်ကြယ်သွားပါတယ်။ အရှိကို အရှိအတိုင်း သိသွားတယ်။
မရှိတာ သိ၊ ရှိတာ သိ၊ ဒိဋ္ဌိစင်အောင် ရှု .. တဲ့။
မရှိတာကို မရှိဘူးလို့ သိရမယ်။ ရှိတာကိုလည်း ရှိတဲ့အတိုင်း သိရင် အမှားသိဒိဋ္ဌိ ကင်းပျောက်သွားပါမယ်။ စင်ကြယ်လွတ်မြောက်သွားပါမယ်။
ဒိဋ္ဌိဟာ နိဗ္ဗာန်မရောက်အောင် ပိတ်ဆို့တားဆီးထားတဲ့ အမှားသိမှု တရားဆိုးတစ်ခုပါပဲ။ ဒိဋ္ဌိ ရှိနေသရွေ့ ဆင်းရဲတွေက မလွတ်မြောက်နိုင်ပါဘူး။
သိစရာလည်း အမြဲဖြစ်ပျက်၊ သိပြီးတာနဲ့ မရှိတော့ဘူး။ သိတာလည်း အမြဲဖြစ်ပျက်၊ သိစရာရော သိတာရော၊ ပေါ်တာလေးရော သိတာလေးရော တစ်တွဲတစ်တွဲ ဖြစ်ပျက်နေတယ်။
ဖြစ်ပြီး ပျက်နေတဲ့၊ ဖြစ်လိုက် ပျက်လိုက်နဲ့ နှိပ်စက်နေတဲ့အတွက် မကောင်းတာတွေဘဲ၊ အသုံးမကျတာတွေဘဲလို့ သိလာတယ်။
အဲလို ဖြစ်တိုင်း ဖြစ်တိုင်း အမှန်အတိုင်းသိရင် စွဲမှုတွေ ကင်းပျောက်သွားတယ်၊ စွဲမှုတွေ ကင်းပျောက်သွားရင် အမှန်သိမှု မဂ်လမ်း ပေါက်သွားပါမယ်။
ဒီလို စွဲမှုကင်းပျောက်ရင် မဂ်လမ်းပေါက်ပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါဟာ နိဗ္ဗာန်ရောက်အကျင့်ပဲဖြစ်ပါတယ်။
ကြိုက်ရာရှုပွား သတိပဋ္ဌာန်လေးပါး
ကြိုက်ရာရှုပွား သတိပဋ္ဌာန်လေးပါး
ကိုယ့်ကိုယ်ကို ကယ်တင်တဲ့ ဝိပဿနာအလုပ်ကို အားထုတ်ကြတဲ့အခါ၊ ဝိပဿနာအလုပ် အားထုတ်တဲ့အခါမှာ အနုပဿနာလေးပါးဆိုတဲ့ သတိပဋ္ဌာန်လေးပါးနဲ့ ခန္ဓာငါးပါးကို စဉ်ထားရပါမယ်။
ခန္ဓာငါးပါးကို သတိပဋ္ဌာန်လေးပါးနဲ့ ခွဲဝေလိုက်ရင် ရူပက္ခန္ဓာက ကာယနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာက္ခန္ဓာက ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာနှစ်ပါးက ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊ ဝိညာဏက္ခန္ဓာ က စိတ္တာနုပဿနာ သတိပဋ္ဌာန်လို့ လေးပုံဖြစ်သွားပါတယ်။
လေးပုံရှိပေမယ့် လေးပုံလုံး ရှုစရာမလိုပါဘူး။ ကိုယ်ကြိုက်ရာ ရွေးပြီးတော့ လေးမျိုးလေးစား ခွဲခြားပြီး ဟောထားတာ ဖြစ်ပါတယ်။ တစ်ပါးရှုလိုက်ရင်ပဲ အဲဒီတစ်ပါးရဲ့အဆုံးမှာ နိဗ္ဗာန်ကို တွေ့ပါလိမ့်မယ်။
အဲဒီတော့ ရှုတဲ့အခါမှာ ရုပ်ပဲရှုရှု၊ ဝေဒနာပဲရှုရှု၊ စိတ်ပဲရှုရှု၊ သစ္စာပဲရှုရှု။ ရှုချင်တဲ့ သတိပဋ္ဌာန်ကို ရှုလို့ ရပါတယ်။ အနိစ္စ ရှုတယ်ဆိုရင် စိတ္တာနုပဿနာ ရှုပွားတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ကလေးတစ်လုံးကို အနိစ္စမြင်အောင် ရှုဖို့ပဲ အရေးကြီးပါတယ်။
ဝိပဿနာရှုတဲ့အခါမှာ အနိစ္စမြင်အောင်ရှု .. လို့ ဟောပေမယ့် တကယ်ရှုတော့ အနိစ္စမတွေ့ဘူး။ အနိစ္စရဲ့လက္ခဏာကို သွားတွေ့တယ်။ လက္ခဏာရှုရတယ်။ ဒုက္ခမြင်အောင်ရှု .. လို့ ဆိုပေမယ့် ဒုက္ခမတွေ့ဘူး။ ဒုက္ခလက္ခဏာကို တွေတယ်။ အနတ္တရှု တဲ့အခါမှာလည်း တကယ်ရှုတော့ အနတ္တမတွေ့ဘူး။ အနတ္တလက္ခဏာ တွေ့တယ်။ အဲဒါလေး သတိပြုပြီးတော့ မှတ်ပါ။
မျက်စိနဲ့ အဆင်းနဲ့ဆုံရင် မြင်စိတ်ပေါ်တယ်။ အသံရုပ်နဲ့ နားအကြည်ရုပ်နဲ့ တိုက်လိုက်တဲ့ အခါကျတော့ ကြားစိတ်ကလေး ဖြစ်တယ်။ ကြားစိတ်ကလေးကို ဉာဏ်နဲ့ရှုလိုက်တော့ ကြားစိတ်ကလေးက မရှိတော့ဘူး ပျက်သွားပြီ။
ဉာဏ်နဲ့တွေးကြည့်လိုက်တဲ့အခါ ကြားစိတ်ကလေးက ဘာလို့ပေါ်လာတာလဲ မေးရင် ပျက်မလို့ ပေါ်လာတာ လို့ မပြောသော်လည်း ပြောနေသလိုပဲ။ ပျက်မလို့ပေါ်လာတာဖြစ်လို့ သူ့ကို အနိစ္စလို့ ပြောရတယ်။ အခုတော့ အနိစ္စ မရောက်သေးဘူး။ ဒါပေမယ့် အနိစ္စရောက်မှာ သေချာပေါက်ဖြစ်နေလို့ ဒီကြားစိတ်ကလေးကို အနိစ္စလို့ အမည်ပေးတယ်။
အနိစ္စဆိုတဲ့ ကြားစိတ်ကလေးက ပြောရင်းဆိုရင်းနဲ့ ပျက်သွားပြီ။ ပျက်သွားတာလေးက လက္ခဏာ။
ကြားစိတ်လေးပေါ်လာတာက ပျက်မလို့ ပေါ်လာခြင်းကြောင့် အနိစ္စ။ ပျက်သွားတာက လက္ခဏာ။ ရှုလိုက်တာက ဉာဏ်။ ပေါင်းလိုက်တော့ အနိစ္စလက္ခဏာဉာဏ် ဖြစ်ပါတယ်။
ဥပမာပြောရရင် လက်မောင်းမှာ ခြင်လေးတစ်ကောင် လာကိုက်တယ်ဆိုပါစို့။ ခြင်က လာကိုက်လို့ ပုတ်ခတ်ဖယ်ရှားမလို့ လက်ကသွားတဲ့အခါ ခြင်မတွေ့တော့ဘူး။ အဲဒီနေရာမှာ ယားပြီးတော့ ကျန်ခဲ့တာပဲ ရှိတယ်။ လက်မောင်းမှာ ယားကျန်ခဲ့တာလေးကို ထောက်ဆပြီးတော့ .. ဪ ဒီနေရာမှာ ခြင်ကိုက်သွားပါလား လို့ သိရသလိုပါပဲ။
ဒီမှာလည်း ဒီဥပမာအတိုင်းပါပဲ။ ကြားစိတ်ကလေး ပေါ်လာတာက ခြင်ကိုက်တာနဲ့ တူပါတယ်။ ကြားစိတ်ကလေး ပေါ်လာလို့ ဉာဏ်ကလေးက ကြားစိတ်ကလေးရှိသေးလား လို့ သွားကြည့်လိုက်တော့ မရှိတော့ဘူး။ ပျက်သွားပြီ။ ဉာဏ်က လိုက်ကြည့်တာဟာ ခြင်ကိုက်လို့ ပုတ်ခတ်ဖို့ လက်ရောက်သွားတာနဲ့ အတူတူပဲလို့ မှတ်ဖို့ပါ။
ပျက်သွားတဲ့သဘောကို သိတော့ လက္ခဏာ၊ အဲဒီလက္ခဏာလေးကို ထောက်ပြီးတော့ ဒီနေရာမှာ ကြားစိတ်ကလေး ပျက်သွားတာကိုး .. လို့ သိလိုက်တာက ဉာဏ်။
ကြားစိတ်လေး ပေါ်လာတာက ပျက်မလို့ပေါ်လာခြင်းကြောင့် အနိစ္စ၊ ပျက်သွားတာက လက္ခဏာ၊ သိလိုက်တာလေးက ဉာဏ်။ ပေါင်းလိုက်တော့ အနိစ္စလက္ခဏာဉာဏ်။
ဒီအနိစ္စလက္ခဏာဉာဏ်ကို ရအောင် ရှုရမှာဖြစ်ပါတယ်။
အနိစ္စလက္ခဏာဉာဏ်ကို သဘောပေါက်ရင် ဒုက္ခလက္ခဏာဉာဏ်၊ အနတ္တလက္ခဏာဉာဏ်တို့ကိုလည်း သဘောပေါက်ပါတယ်။ အတူတူပါပဲ။
နားနဲ့အသံတိုက်တော့ ကြားစိတ်ပေါ်တယ်။ ပေါ်လာတဲ့ ကြားစိတ်ကလေးက ဘာလုပ်မလို့ ပေါ်လာတာလဲ မေးရင် ပျက်မလို့ပေါ်လာတာ။ ပျက်မလို့ပေါ်လာခြင်းကြောင့် ဒီကြားစိတ်ကလေးကို ဒုက္ခလို့ အမည်ပေးတယ်။
အဲဒီကြားစိတ်ဆိုတဲ့ ဒုက္ခတရားလေး ရှိသေးလား၊ မရှိတော့ဘူးလား လို့ ဉာဏ်လေးနဲ့ လိုက်လည်း ကြည့်လိုက်ရော မရှိတော့ဘူး ပျက်သွားပြီ။ ပျက်သွားတာလေးက လက္ခဏာ။ အဲဒီလက္ခဏာလေးကို ကြည့်လိုက်တာက ဉာဏ်။ ပေါင်းလိုက်တော့ ဒုက္ခလက္ခဏာဉာဏ်ပါ။ အဲဒီဉာဏ်ကို ရအောင်ရှုပေးရပါမယ်။
ကြားစိတ်ကလေး ပေါ်လာတယ်။ ဘာလုပ်မလို့ ပေါ်လာတာလဲ။ ပျက်မလို့ပေါ်လာတယ်။ ပျက်မလို့ပေါ်လာခြင်းကြောင့် အနတ္တ။ ဉာဏ်လေးနဲ့ သွားကြည့်လိုက်တော့ မရှိဘူး ပျက်သွားပြီဆိုတာက လက္ခဏာ။ အဲဒီလက္ခဏာလေးကို သိလိုက်တာက ဉာဏ်၊ ပေါင်းလိုက်တော့ အနတ္တလက္ခဏာဉာဏ်။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက အနတ္တလက္ခဏာသုတ်မှာ ဒီအတိုင်းပဲ ဟောတော်မူထားပါတယ်။
အနိစ္စလက္ခဏာဉာဏ်၊ ဒုက္ခလက္ခဏာဉာဏ်၊ အနတ္တလက္ခဏာဉာဏ်။ ဓမ္မတစ်ခုတစ်ခုရှုရင် ဒီဉာဏ်တစ်ခုတစ်ခု ရပါတယ်။
အနိစ္စ ဒုက္ခ အနတ္တဆိုတာက သုံးမျိုးဟောထားပေမယ့် သုံးမျိုးလုံး ရှုစရာမလိုပါဘူး။ အနိစ္စလက္ခဏာဉာဏ် တစ်ချက်ရရင် ဒုက္ခလက္ခဏာဉာဏ်၊ အနတ္တလက္ခဏာဉာဏ်တွေ တစ်ခါတည်း ပါပြီးသားပါ။
ဒုက္ခလက္ခဏာဉာဏ်တစ်လုံးရရင်လည်း အနိစ္စလက္ခဏာဉာဏ်၊ အနတ္တလက္ခဏာဉာဏ်ရပြီးသားပါ။ အနတ္တလက္ခဏာဉာဏ်တစ်လုံးရရင်လည်း လက္ခဏာဉာဏ်သုံးပါးလုံး ရပါတယ်။
လက္ခဏာသုံးပါး တစ်လုံးမိအောင် ဖမ်းပါ။
စိတ္တာနုပဿနာရှုတဲ့ ပုဂ္ဂိုလ်ကစိတ်၊ ဝေဒနာနုပဿနာရှုတဲ့ပုဂ္ဂိုလ်က ဝေဒနာ စသည်ဖြင့် ခန္ဓာထဲမှာ ပေါ်လာတဲ့ ဓမ္မလေး တစ်ခုခုကို ဉာဏ်နဲ့ရှုရပါတယ်။ ပေါ်လာတဲ့ ဓမ္မလေးက ဘယ်ဓမ္မပဲဖြစ်စေ ပျက်မလို့ပေါ်လာခြင်းကြောင့် အနိစ္စ၊ ပျက်သွားတာလေးက လက္ခဏာ၊ သိလိုက်တာက ဉာဏ်၊ ပေါင်းလိုက်တော့ အနိစ္စလက္ခဏာဉာဏ်။ ဒါပဲ ရှိပါတယ်။
ဝိပဿနာဆိုတာက အနိစ္စ ဒုက္ခ အနတ္တမှတစ်ပါး တခြား ဘာမှဟောစရာ မရှိပါဘူး။ အနိစ္စ ဒုက္ခ အနတ္တကိုပဲ ရေလည်အောင် ဟောနေတာ ဖြစ်ပါတယ်။ ဒါပဲ ရှုရတာ ဖြစ်ပါတယ်။
ကာယနုပဿနာရှုတဲ့ ပုဂ္ဂိုလ်လည်း ဒီအတိုင်းပဲ။ ရုပ်ကလေးတစ်ခု ပေါ်လာတယ်။ ပေါ်လာတဲ့ ရုပ်ကလေးသည် ပျက်မလို့ ပေါ်လာခြင်းကြောင့် အနိစ္စ၊ ပျက်သွားတာက လက္ခဏာ၊ သိတာက ဉာဏ်။ ဝေဒနာလေး ရှုလိုက်လည်း သည်အတိုင်းပါပဲ။ ပေါ်လာတဲ့ ဝေဒနာလေးက ပျက်မလို့ပေါ်လာခြင်းကြောင့် အနိစ္စ၊ ပျက်သွားတာက လက္ခဏာ၊ သိတာက ဉာဏ်၊ အနိစ္စလက္ခဏာဉာဏ်။ စိတ်ကလေးပေါ်လာပြီ။ ပေါ်လာတဲ့ စိတ်ကလေးသည် ပျက်မလို့ပေါ်လာခြင်းကြောင့် အနိစ္စ၊ ပျက်သွားတာက လက္ခဏာ၊ သိတာက ဉာဏ်၊ အနိစ္စလက္ခဏာဉာဏ်။
ဒုက္ခရှုတဲ့ပုဂ္ဂိုလ်လည်း ဒီအတိုင်းပါပဲ။ ပေါ်လာတဲ့ဓမ္မလေးက ပျက်မလို့ပေါ်လာခြင်းကြောင့် ဒုက္ခ၊ ပျက်သွားတာက လက္ခဏာ၊ သိတာက ဉာဏ်၊ ဒုက္ခလက္ခဏာဉာဏ်။
အနတ္တရှုတဲ့ ပုဂ္ဂိုလ်လည်း ဒီအတိုင်းပါပဲ။ ပေါ်လာတဲ့ ဓမ္မလေးက အနတ္တ၊ ပျက်သွားတာက လက္ခဏာ၊ သိတာက ဉာဏ်၊ အနတ္တလက္ခဏာဉာဏ်။
အနုပဿနာလေးပါးမှာ ကြိုက်တဲ့ အနုပဿနာနဲ့ ဓမ္မလေး တစ်ခုခုကို အနိစ္စ ဒုက္ခ အနတ္တ တစ်လုံးလုံးမိအောင် ဖမ်းပြီးတော့ သမာဓိထူထောင်ရပါတယ်။
ဘယ်ဓမ္မပဲဟောဟော အကုန်လုံး ဒါပါပဲ။ ကာယာနုပဿနာရှုလည်း ဒီလိုရှုရတာပဲ။ ဝေဒနာနုပဿနာရှုလည်း ဒါပဲ။ စိတ္တာနုပဿနာရှုလည်း ဒါပဲ။ ဓမ္မာနုပဿနာရှုလည်း ဒါပဲ။ ကိုယ့်သန္တာန် ထင်ရှားတာ၊ ကိုယ်နဲ့လျော်တာ၊ ကိုယ့်စရိုက်နဲ့ ကိုက်တာ ကိုယ်သုံးသပ်ပြီးတော့ လုပ်ရပါမယ်။
ကိုယ့်သန္တာန်မှာ ထင်ရှားတဲ့ တရားလေး၊ ရုပ်ဖြစ်ပျက်က ထင်ရှားရင် ရုပ်ပေါ့။ ဝေဒနာဖြစ်ပျက်က ထင်ရှားရင် ဝေဒနာပေါ့။ စိတ်ဖြစ်ပျက်က ထင်ရှားရင် စိတ်ပေါ့။ သစ္စာထင်ရှားရင် သစ္စာပေါ့။ ထင်ရှားတာ တစ်ခုခုကိုသာ စောင့်ကြည့်ဖို့လိုပါတယ်။
ဉာဏ်နဲ့လိုက်ရင် ပေါ်လာသမျှဟာ အရှုခံချည်းပဲ ဖြစ်ပါတယ်။
တကယ်တမ်းသာ ဉာဏ်နဲ့ စူးစူးစိုက်စိုက် ကြည့်လိုက်ရင် ခန္ဓာထဲမှာ ဖြစ်မှုပျက်မှုမှတစ်ပါး တစ်နည်းပြောရရင် အနိစ္စ ဒုက္ခ အနတ္တမှတစ်ပါး တခြားဘာမှ မရှိပါဘူး။ ပေါ်ချင်ရာပေါ် အနိစ္စ၊ ပေါ်ချင်ရာပေါ် ဒုက္ခ၊ ပေါ်ချင်ရာပေါ် နောက်ဆုံးတော့ အနတ္တပါပဲ။ ဉာဏ်နဲ့သာ လိုက်ဖို့လိုပါတယ်။
ဉာဏ်နဲ့ မလိုက်ရင်တော့ ဒါက ကောင်းတယ်၊ ဒါက မကောင်းဘူး။ ဒါက ပူတယ်၊ ဒါက အေးတယ်နဲ့ ပညတ်ပေါ်မှာပဲတင်နေတတ်ပါတယ်။
ပူတာနဲ့တင် ရပ်မနေပါနဲ့။ ပူတာမြဲသလား၊ မမြဲဘူးလား ကြည့်ပါ။ အေးတာနဲ့တင် ရပ်မနေပါနဲ့။ အေးတာ မြဲသလား၊ မမြဲဘူးလား ကြည့်ပါ။
အေးတဲ့သဘောတရားလေး ပေါ်လာတယ်။ ပေါ်လာတာ ဘာဖြစ်မလို့ ပေါ်လာတာလဲ။ ပျက်မလို့ ပေါ်လာတယ်။ အဲဒါသိရင် အနိစ္စ။ ပြောကာရှိသေးတယ် ပျက်သွားပြီဆိုတော့ လက္ခဏာ။ အဲဒီသဘော သိလိုက်တာက ဉာဏ်ဆိုတော့ ကိုယ့်အတွက် ဉာဏ်မဂ်က နှလုံးသားထဲမှာ ကိန်းနေပါပြီ။
အဲဒီဉာဏ်ကလေးက ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ နေရာယူထားတော့ တဏှာဥပါဒါန်ကံဆိုတဲ့ ကိလေသာတရားတွေ မလာနိုင်တော့ဘူး။ ကိလေသာတရား မလာနိုင်တော့ အကြောင်းသမုဒယချုပ်တယ်။ အကြောင်းသမုဒယချုပ်တဲ့အတွက် အကျိုးဒုက္ခလည်း တဒင်္ဂအနေနဲ့ချုပ်နေပါတယ်။
အဲဒါကို ဘာဝိတာ ဗဟုလိကတာဆိုသလို ကြိမ်ဖန်များစွာ ပွားလိုက်မယ်ဆိုရင် အကြောင်းတရားတွေ အကြွင်းအကျန်မရှိ ချုပ်သွားမယ်။ အကြောင်းတရားတွေ အကြွင်းအကျန်မရှိ ချုပ်သွားရင် အကျိုးတရားတွေလည်း အကြွင်းအကျန်မရှိ ချုပ်သွားပြီးတော့ ဒုက္ခခပ်သိမ်း ငြိမ်းသွားပါတယ်။
ဒါကြောင့် ကြိုးစားရင် တစ်ဘဝတည်းနဲ့ ပြီးမြောက်နိုင်တဲ့ တရားတွေ ဖြစ်ပါတယ်။
မှတ်ချက်။ ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များမှ ကောက်နှုတ်ဖော်ပြပါသည်။
တရားအားထုတ်ရတာ ကောင်းတဲ့အခါ ကောင်းပြီး တချို့အချိန်တွေကျတော့ မကောင်းဘူး.. ဘာကြောင့်လဲ ?
တရားအားထုတ်ရတာ ကောင်းတဲ့အခါ ကောင်းပြီး တချို့အချိန်တွေကျတော့ မကောင်းဘူး.. ဘာကြောင့်လဲ ?
တရားအားထုတ်လို့မကောင်းတာဟာ လူမူကိစ္စ အထွေထွေ၊ ကုက္ကုစ္စအမျိုးမျိုးနဲ့ပူပင် သောက အနန္တ တို့ကြောင့် ဖြစ်ပေမယ့် အဓိကကတော့ ဗိုလ်ပါးငါး (သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ ပညာ) ထက်သန်ညီမျှမှုမရှိလို့ပါဘဲ။
ဗိုလ်ငါးပါး ထက်သန်ညီမျှရင် ဘယ်အချိန်အားထုတ်ထုတ် ကောင်းပါတယ်။ ပူပင်သောက အနန္တဆိုတာ
မသေမချင်းရှိနေမှာပါ။ တရားထိုင်တဲ့အခါမှာတော့ ဒါတွေကိုကောင်းကောင်း၊ မကောင်း ကောင်း အချိန်မှန်မှန် မပျက်မကွက်အားထုတ်ပါ။ မုဆိုးဆိုင်သင် စကားလိုတရားကယောဂီကို သင်ပြသွားပါလိမ့်မယ်။ အာရုံထင်ရှား
အောင်ဆိုပြီး အံကြိတ်တောင့်တင်း ဖျစ်ညှစ် အားထုတ်တာမျိုး မလုပ်ရဘူး။ ဦးခေါင်းမငုံ့လွန်း၊ မမော့လွန်းစေဘဲ ကိုယ်ခန္ဓာပုံမှန် အနေအထားအတိုင်းနေပြီး အကြောအခြင် ကြွက်သားတွေ ပြေလျော့စွာ အားထုတ်ရတယ်။ ဝီရိယလွန်ကဲရင် သမာဓိပျက်ပါတယ်။
ဗိုလ်ငါးပါးထက်သန်ညီမျှအောင် ဘယ်လိုလုပ်ရမလဲ ? ဆိုတာကို အသေးစိတ်အပြည့်အစုံပြောရရင် ရှည်သွားမယ်။ လိုရင်းကတော့ ဗုဒ္ဓါနုဿတိ ဘာဝနာအပေါ် ယုံကြည်မှု အပြည့်အဝရှိရပါမယ်။ ဒီကျင့်စဉ်ဟာ လောကီ လောကုတ် ပစ္စုပ္ပန် သံသရာ သေချာပေါက်ချမ်းသာစေနိုင် တယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်ရမယ်။
သံဝေဂဉာဏ်၊ ဆင်ခြင်ဉာဏ်တွေနဲ့သဒ္ဓါဗိုလ် ထက်သန်လာအောင် နှိုးဆွပေးရမယ်။
သဒ္ဓါတရားတွေထက်သန်လာရင် တရားအားထုတ်တဲ့ ဝီရိယဗိုလ်လည်းထက်သန်လာတယ်။ ဝီရိယထက်ထက်သန်သန်နဲ့ နှလုံးသွင်းရင် အာရုံဟာပိုပြီးထင်ရှားလာတယ်။ အာရုံထင်ရှားမှသတိမြဲတယ်။ သတိမြဲမှ သမာဓိတည်တယ်။ သမာဓိတည်မှပညာဖြစ်တယ်။
ဒီနေရာမှာ ဗိုလ်ငါးပါးကို တခုစီခွဲပြောပေမယ့် ဝိပဿနာရှုတဲ့ အခါမှာတော့ တပြိုင်နက်ဖြစ်တဲ့တရား
တွေပေါ့။ ထက်တာနဲ့ နုံတာ၊ လိုတာနဲ့ ပိုတာပဲကွာပါတယ်။ သတိကတော့ပိုတယ်မရှိဘူး။ လိုတာပဲရှိတယ်။ သတိရဲ့ အလုပ်က ဗိုလ်ငါးပါးထက်သန်ညီမျှအောင်၊ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ အကြောအခြင်ကြွက်သားတွေ မတောင့်တင်းလွန်းဘဲ ပုံမှန်ဖြစ်အောင် လိုတိုး ပိုလျှော့ ထိန်းကွပ်ပေးတယ်။ ဒါ့ကြောင့်
ဝိပဿနာကို သတိပဋ္ဌာန်=သတိပဋ္ဌာန= သတိဦးစီးသောအလုပ်လို့ခေါ်တယ်။
ဗိုလ်ငါးပါးထက်သန်ညီမျှပြီဆိုလို့ရှိရင် ဝိပဿနာဉာဏ်တွေအစဉ်အတိုင်း ရင့်ကျက်လာပြီး ပါရမီပြည့်တာနဲ့ မဂ်ဆိုက်မှာပဲ။
ဒါဆိုယောဂီရဲ့ တာဝန်ကအာရုံ ထင်ရှားအောင် ဝီရိယ ထက်ထက်သန်သန်နဲ့ နှလုံးသွင်းဖို့ပဲ။ ကျန်တာအားလုံး ဗိုလ်ငါးပါးထက်သန်ညီမျှနေတာကအစ၊ ရောဂါ ပျောက်တာအလယ်၊ မဂ်ဆိုက်တာအဆုံး၊ ဓမ္မက လုပ်သွားမယ်လို့ ဆိုလိုတာလားဆိုယင် ..
ဟုတ်ပါတယ်၊ ဝေဘူဆရာတော်မိန့်တော်မူသလို ထိတာပဲသိနေပါ။ အားလုံး ပြီးပါတယ်ဆိုတာ ဒါမျိုးပါပဲ။ ဒီနည်းမှာတော့ ဂုဏ်တော်ကို ထင်ရှားအောင်ပွားနေပါ။ အားလုံးပြီးပါတယ်။
ဝီရိယဝတော ကိံနာမကမ္မံ နသိဇ္ဈတိ၊ ဝီရိယထက်သန်ခြင်းသည် အဘယ်လုပ်ငန်းကိစ္စကိုမပြီးစီးဘဲ ရှိအံ့နည်း။ ဧကန်မုချပြီးစီးရမည်သာတည်း။ (မြတ်ဗုဒ္ဓ)
ဗိုလ်ငါးပါးထက်သန်ညီမျှတာ ရောဂါပျောက်တာ၊ မဂ်ဆိုက်တာတွေဟာ ဓမ္မအလုပ်တွေပါ။
အရှင်ဓမ္မိက(ညောင်လေးပင်)
နှာသီးဝမှတစ်ပါး ခန္ဓာကိုယ်မှ ဝမ်းဗိုက် ချက်တိုင် ဘဝင်ကစ၍ ရှုစေခြင်းအကြောင်း
ဝိပဿနာရှုသောအခါ နှာသီးဝမှတပါး စိတ်ကိုဝမ်းဗိုက်၊ ချက်တိုင်၊ ဘဝင်နေရာ၌ထား၍ ရှုစေသောနည်းမှာကသိုဏ်းဝန်းရှုသော ပုဂ္ဂိုလ်များသည် ဥဂ္ဂဟပဋိဘာဂ အစရှိသောနိမိတ်များ ရလွယ်စေရန် ကသိုဏ်းဝန်း၏အလယ်တည့်တည့်ကို ရှု့ကြည့်နေဘိသကဲ့သို့ ဝိပဿနာရှုသော ယောဂီများကိုလည်း တစ်ကိုယ်လုံး၌ရှိသောမဟာဘုတ်ဓါတ်တို့၏ဖြစ်ပျက်ကို မြင်လွယ်အောင် ကရ-ဇကာယ ခန္ဓာကိုယ် အလယ်ဗဟိုတည့်တည့်ကျသောဝမ်းဗိုက် ချက်တိုင်နေရာကဖြစ်စေ၊ ရင်ဝကဖြစ်စေ ရှုကြည့်ရခြင်းသည် မြင်လွယ်သောနည်းဖြစ်၍ပြခြင်းဖြစ်သည်။ ဘဝင်နေရာမှာ စိတ်ကိုထားသောအခါမှာ လည်း သမာဟိတော ဘိက္ခဝေ ယထာဘူတံပဇာနာတိ ဟူသောပါဠိအရ သမာဓိဖြစ်စပြုကတည်းကစ၍ မြင်လာတတ်ပါသည်။ ထို့ပြင်လည်း ဝမ်းဗိုက်ချက်တိုင် ဘဝင်နေရာတို့၌ သဘာဝဓမ္မအတိုင်း ထွက်သက်ဝင်သက်၏သတ္တိကြောင့် တင်းသော လျော့သောအတွေ့တည်းဟူသော ပရမတ်တို့ကို လိုက်၍ ရှုလျှင်လည်း သမာဓိမရှိသေးသော လူစိမ်းသက်သက်တို့အားချက်ချင်းပင် ပရမတ်ဓါတ်တို့၏ သဲလွန်စကို မြင်ရလွယ်ပြီးလျှင် ဆက်လက်၍အမြင်များပြီး ထင်မြင်ပေါက်ရောက် လွယ်တတ်ပါသည်။
သို့အတွက် ဝမ်းဗိုက်၊ ချက်တိုင်၊ ဘဝင်နေရာကစ၍ ရှုစေရခြင်းဖြစ်ပါသည်။ သမာဓိရှိ၍ ဆရာကလည်း ပြတတ်တပည့်ကလည်း ရှုတတ်မည်ဆိုလျှင်ဘယ်နေရာကပဲ စ၍ရှုရှု တစ်ကိုယ်လုံးကိုပဲ ခြုံ၍ ရှုနေနေ မမြန်လျှင်သာနေရမည်။ ကြာသောအခါ မြင်လာတတ်သည်တော့ သည်သာတည်း။ (လယ်တီဆရာတော်၊ ကြောင်ပန်းဆရာတော်၊ မဟာစည်ဆရာတော်၊ ဦးတိလောကဆရာတော် တို့သည်ဤနည်းမျိုးစုံကို ပြသလေ့ရှိပါသည်။)
အထက်ပါတိုင်း မဟာဘုတ်တို့၏ ဖြစ်ပျက်ပုံကို တွေ့သိရသည်ဆိုသည်ကား တစ်ထိုင်တည်းနှင့် လည်း အမျိုးများများတွေ့တတ်သည်။ အကြိမ်ပေါင်းများစွာ ထိုင်မှလည်း ဤမျှလောက်များများ တွေ့တတ် သည်။တစ်နေ့တည်းနှင့်လည်း တွေ့တတ်သည်။ ရက်ပေါင်းများမှလည်း ဤမျှလောက် များများ ဤမျှထက် ပို၍လည်း တွေ့တတ်သည်။
ထိုင်လျက်အားထုတ်ရင်းလည်း တွေ့တတ်သည်။ မတ်တတ်ရပ်လျက်အားထုတ်ရင်းနဲ့လည်း တွေ့တတ် သည်။ အားထုတ်သောအခါ ရှေးဦးပထမ ထိုင်၍အားထုတ်ပါ။ ညောင်းလျှင် အိပ်၍အားထုတ်ပါ။ စိတ်ကို နှာသီးဝ၊ဝမ်းဗိုက်၊ ချက်တိုင်၊ ဘဝင်မှာ ထားပါ။ မိမိပိုင်းဖြတ်ထားသော ရက်အတွင်း စကားများများပြောခြင်း စာဖတ်ခြင်း၊ရယ်မောခြင်း တခြားကိစ္စတို့ကို ပြောဆိုကြံစည်တွေးတောခြင်းများကို ရှောင်ကြဉ်ပါ။
ပါရမီရှိသောသူများလိုလိုချင်ချင်နှင့် အားထုတ်ပါလျှင် တစ်ထိုင်အတွင်းမှာလည်း မြင်တတ်၏။ နောက်ထပ်အားထုတ်သော အကြိမ်များတွင်လည်း တစ်ကြိမ်ကြိမ်၌ မြင်တတ်၏။ တစ်ရက်အတွင်းမှာလည်း မြင်တတ်၏။နောက်တစ်ရက်ရက်မှာလည်း မြင်တတ်၏။ ရက်ပေါင်းများစွာကြာမှလည်း မြင်တတ်၏။ ၎င်းပြင် ပြဆိုခဲ့ပြီးသောမဟာဘုတ်သဘောတို့ကို နည်းနည်းတွေ့ခါမျှနှင့်လည်း နိဗ္ဗာန်ကို မြင်တတ်၏။ များများတွေ့ပြီးမှလည်းမြင်တတ်၏။ ဘယ်အခါကျမှမြင်မည်ဆိုတာ တပ်အပ်သေချာမပြောတတ်ပါ။
နိဗ္ဗာန်ကိုမြင်ရန် အကြောင်းနှင့်ပြည့်စုံလာသော ယောဂီပုဂ္ဂိုလ်သည် မဟာဘုတ်လေးပါးခေါ်သော တွေ့ထိမှုသဘောကလေးတွေ ဖြစ်ပေါ်လိုက် ချုပ်ပျောက်လိုက်နေမှုတို့ကို တွေ့သိလာသောအခါ ထိုရုပ်ဓါတ်တို့၏ဖြစ်မှုပျက်မှု၌သာ စိတ်သည်တည်ငြိမ်နေ၏။ ထိုအခါ ဖြစ်မှုပျက်မှုတို့သည် သိမ်မွေ့နူးညံ့ သည်ဖြစ်စေ၊ကြမ်းတမ်းပြင်းထန်သည်ဖြစ်စေ၊ တိုးတက်များပြား၍ လာတတ်၏။ ဤသို့နှင့်ပင် ဖြစ်ပျက်မှုတို့သည် ဆက်ကာဆက်ကာ တိုးတက်များပြားလျင်မြန်လာတတ်၏။
ဤကဲ့သို့နှင့် ရှုရင်းရှုရင်း ရုပ်နာမ်ဖြစ်ပျက်မှုတို့ကို မတွေ့ရမသိရတော့ဘဲ ရုပ်နာမ်ဖြစ်ပျက်တို့ မရှိရာရုပ်နာမ်ဖြစ်ပျက် တို့၏ အဆုံးသို့ရောက်ရှိသွားတတ်၏။ ရုပ်နာမ်နှစ်ပါးလုံးချုပ်ခြင်းပင်ဖြစ်သည်။ လောကမှလွန်မြောက်သည်ဟုလည်း ခေါ်သည်။ သံသရာလောကမှ လွတ်မြောက်သည်ဟုလည်း ခေါ်သည်။အာရုံအာရမ္မဏိက တရားတို့သည် ဆိတ်သည်ဟူ၍လည်းခေါ်သည်။ နိဗ္ဗာန်ကိုမြင်သည် ဟူ၍လည်း ခေါ်သည်။ မဂ်စိတ် ဖိုလ်စိတ်ဖြစ်သည်ဟူ၍လည်း ခေါ်သည်။
ဤမဂ်စိတ် ဖိုလ်စိတ်ဖြစ်သည်ဆိုသည်ကား ရှုမြင်နေရသော ဖြစ်ပျက်တရားနှင့် သိသိနေသော နာမ်ဓါတ်တို့သည် တစ်ပြိုင်နက် ချုပ်ပျောက်ရပ်စဲ၍ သွားခြင်းကိုခေါ်သည်။ ဖြစ်ပျက်ကို ရှုမြင်နေသော နာမ်ဓါတ်ပါချုပ်ပျောက်ပျက်ဆဲ၍သွားသောကြောင့် ထိုအခိုက်၌ အမြန်ဆုံး စိတ္တခဏလေးငါးကြိမ်ခန့် ဘာမျှမသိဘဲသတိမရတော့ဘဲ ဖြစ်သွားခြင်းပင်ဖြစ်သည်။ သတိရလာသောအခါလည်း မူလဖြစ်ပျက် နေသော တရားတို့ကို လုံးဝမတွေ့ရတော့ဘဲ ဖြစ်သွားတတ်သည်။ တွေ့ရပြန်ပါလျှင်လည်း မူလတွေ့နေတုန်းကထက် အဆပေါင်းရာထောင်မက အရှိန်သေ၍ လျော့နည်းသွား သကဲ့သို့လောက်သာ တွေ့ရတတ်တော့သည်။ ပြင်းထန်ကြမ်းတမ်းစွာသော ရုပ်နာမ် ဖြစ်ပျက်မှုတို့ကို ရှုရင်းရှုရင်းမဂ်စိတ် ဖိုလ်စိတ် ဖြစ်သောသူမှာ အလွန်ထင်ရှားစွာသိသာသည်။
၁။ တချို့မှာ မဂ်စိတ် တစ်ကြိမ် ဖိုလ်စိတ် နှစ်ကြိမ် သုံးကြိမ်လောက်ပင်ဖြစ်ဟန်ုလက္ခဏာရှိ၏။
၂။ တချို့မှာ မဂ်၏အခြားမဲ့၌ ဖိုလ်စိတ်နှစ်ကြိမ် သုံးကြိမ်ဖြစ်ပြီးနောက် ဖိုလ်စိတ် ဖိုလ်ဇောတွေ အများကြီးဆက်၍ကျနေတတ်လေသည်။ ၁ဝမိနစ်၊ ၁၅မိနစ်၊ နာရီဝက်ခန့်များဆက်၍ ကျနေတတ်သည်။
ဤကဲ့သို့ မဂ်စိတ် ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကိုတစ်ကြိမ် မြင်ပြီးသောသူကို အရိယာဟုခေါ်သည်။ ကျမ်းဂန်အတိုင်း မဂ်ဖိုလ်ရပြီးသောပုဂ္ဂိုလ်သည် ဖိုလ်ကို ဝင်စားနိုင်သည်ဆိုသည့်အတိုင်း ဟုတ် မဟုတ် ကိုစမ်းသပ်ကြည့်လျှင် နာရီဝက် တစ်နာရီအလိုရှိသလောက် နိဗ္ဗာန်ကိုမြင်ရလိုပါ၏ဟု နှလုံးသွင်း။ မည်သူမည်ဝါခေါ်လျှင် သိရပါလို၏ဟု နှလုံးသွင်းခြင်းသည်စိတ်ဖြင့် ဓိဋ္ဌာန်ရာရောက်သည်။ နှုတ်ဖြင့်လည်း ဓိဋ္ဌာန်နိုင်သည်။ ဓိဋ္ဌာန်ပြီးလျှင် ထိုင်။ ထိုင်ပြီးလျှင် လျှင်မြန်စွာ ဝင်စား၍ ရနိုင်အောင် ဘဝင်မှာပဲစိတ်ကိုထား။
တရားအားထုတ်ဆဲကလို ဖြစ်ပျက်သဘောတွေ တွေ့လာလိမ့်မည်။ တွေ့ရင်း တွေ့ရင်းစိတ် တည်ငြိမ်လာ ပြီးလျှင် ငြီးငွေ့တဲ့သဘောလေးတွေဖြစ်လာပြီး ဖြစ်ပျက်တဲ့သဘောတွေလည်း ပျောက်၊ သိတတ်တဲ့ သဘောတွေလည်း ချုပ်ငြိမ်းပြီးလျှင် အိပ်ပျော်နေတဲ့သူကဲ့သို့ဘာဖြစ်တာကိုမျှ မသိတော့ဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးနေလိမ့်မည်။ (ဝိပဿနာရှုနည်းအကျဉ်း) (သတ္တဌာနသာသနာ့ရိပ်သာတရားစခန်း)
စိတ်ကို ဝိပဿနာအာရုံနဲ့လေ့ကျင့်ပုံ
စိတ်ကိုဝိပဿနာအာရုံနဲ့လေ့ကျင့်ပုံက တစ်မျိုး၊ ဝိပဿနာအာရုံနဲ့ လေ့ကျင့်မယ်ဆိုရင် ရုပ်နာမ်ဓမ္မသင်္ခါရ တွေအပေါ်မှာ စိတ်ကိုလေ့ကျင့်ရတယ်။ လေ့ကျင့်ပြီဆိုတဲ့အခါမှာ မျက်စိလည်းမှိတ်ထားရမယ်။ နားလည်းပိတ်ထားရမယ်။ ပိတ်တယ်ဆိုတာ အဲဒီအာရုံတွေကို အာရုံ မပြုရဘူး။ ဝိပဿနာကျင့်စဉ်ဆိုတာ မနောဒွါရမှာပိုပြီးတော့ အလုပ်လုပ်ရတယ်။
သို့သော်ဒွါရ ၅ပါးက ဝင်လာတဲ့အာရုံကို မမှတ်ရဘူးလို့ပြောတာ မဟုတ်ဘူးနော်။ မျက်စိကမြင်တဲ့ အာရုံလည်းမှတ်လို့ရတယ်။ ဒါကရှေ့ပိုင်းကလုပ်တာတွေပြောတာ။ နားက ကြားတဲ့အသံတွေကိုလည်း မှတ်ရမယ်။ ကြားရင်ကြားတယ် ကြားတယ်မှတ်။ မြင်ရင် မြင်တယ်မြင်တယ် မှတ်။ အဲဒီ မှတ်ဆိုတာ သတိသမ္ပဇဉ်ညကို လေ့ကျင့်နေတာလို့ခေါ်တယ်။ အဲဒါဆိုရင် လူတွေက ကြားရင် ကြားတော့ကြားလိုက်တာပဲ။ တခြားတွေးချင်တွေးနေမှာပဲလေ။ ကြားတယ်ဆိုတဲ့အပေါ်မှာ သိချင်မှသိလိုက်တာ။ ဒါကြောင့် သတိမမ ဂူမမြင်ဆိုတာလေ။ လူဆိုတာကကြားချင်မှ ကြားလိုက်တာ။ တစ်ခါတစ်လေ အနီးနား ခေါင်းလောင်းတီးတာ တောင်မှ ကြားချင်မှကြားလိုက်တာ။ အတွေးလွန်နေရင် မကြားဘူး။
အဲဒါကြောင့်မို့ ဒွါရ ၆ပါးမှာ ထင်လာတဲ့ အာရုံတွေကို မှတ်ရင်း မှတ်ရင်းနဲ့နောက်ဆုံးကျတော့ မနောဒွါရမှာဝင်လာတဲ့ အာရုံနဲ့အလုပ်လုပ်သွားတယ်။ အလုပ်လုပ်သွားတဲ့အခါမှာ ရုပ်နာမ်ဓမ္မသင်္ခါရတွေရဲ့ သဘာဝလက္ခဏာ (Individual characteristic) ကိုကြည့်ရမယ်။
နံပါတ်(၁) ရုပ်တရားရဲ့ သဘာဝလက္ခဏာ၊ နာမ်တရားရဲ့သဘာဝ လက္ခဏာ၊ ပင်ကိုယ်အရှိအတိုင်း ဆိုပါစို့၊ဖဿဆိုရင် အာရုံနဲ့ထိတွေ့တဲ့လက္ခဏာ ရှိတယ်။ ပထဝီဆိုရင် မာတယ် ပျော့တယ်။ အာပေါ ဆိုရင်ဖွဲ့စည်းတယ် အရည်ဖျော်တယ်ဆိုတဲ့ ဒီလက္ခဏာတွေ။ အဲဒီလက္ခဏာတွေကိုကြည့်တယ်။
သဘာဝလက္ခဏာကို ကြည့်လိုက်ခြင်းအားဖြင့် ပထဝီကိုလည်းတွေ့တယ်။ အာပေါကိုလည်း တွေ့တယ်။ဖဿကိုလည်း တွေ့တယ်။ နာမ်တွေထဲက ဝေဒနာကိုလည်း တွေ့ပြီဆိုတဲ့အခါမှာ အဲဒီသဘာဝ လက္ခဏာတွေအပေါ်မှာ အလုပ် လုပ်ရင်း ထပ်ဆင့်တွေ့လာတာက ဘာတုန်းဆိုရင် မမြဲတဲ့သဘော၊ မမြဲတဲ့သဘောကိုအရင်တွေ့လာပြီဆိုလို့ရှိရင် မမြဲတဲ့အရာတစ်ခုသည် ကျေနပ်စရာမကောင်းသောကြောင့် ဖြစ်မှု ပျက်မှုကြီးက အမြဲနှိပ်စက်နေလို့ ဒုက္ခဆိုတဲ့ သဘောကို တွေ့လာတယ်။ ဒုက္ခဆိုတဲ့သဘော တွေ့လိုက်တာနဲ့တပြိုင်နက် အနတ္တကိုယ်မပိုင်ဘူး။ သူ့ဟာသူဖြစ်နေတာ ကိုယ်က အုပ်ချုပ်လို့ မရဘူးဆိုတဲ့ ကိုယ်မပိုင်တဲ့ အနတ္တသဘောကိုလည်းတွေ့လာတယ်။
အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ လက္ခဏာတွေတစ်ခုခု မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဝိပဿနာလမ်းကြောင်း ပေါ်စတင်ရောက်သွားပြီလို့ မှတ်ရမယ်။ ဒါလည်းစိတ်ကိုအာရုံနဲ့လေ့ကျင့်တာပဲ။ ဝိပဿနာကျင့်စဉ်နဲ့ စိတ်ကို အာရုံနဲ့လေ့ကျင့်တာ။ အကျယ်တော့မပြောတော့ဘူး။ အကျယ်ကတော့ ရိပ်သာတွေမှာ ဟောနေတာပဲနော်။ အဲဒီလိုစိတ်ကို အာရုံနဲ့လေ့ကျင့်ပေးလိုက်တဲ့အခါ ဉာဏ်စဉ်တွေဟာ တစ်ခုပြီးတစ်ခု တက်လာတယ်။ အသိဉာဏ်တွေထက်မြက်လာတယ်။ သမာဓိစွမ်းအားတွေ ရင့်လာတယ်။
နောက်ဆုံးကျတော့သင်္ခါရတွေအပေါ်မှာ စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ပြီး ချစ်ခြင်း မုန်းခြင်းဆိုတာ ကင်းသွားတယ်။ အဆင့်မြင့်သွားတဲ့ အသိဉာဏ်တစ်မျိုးဖြစ်တဲ့ သင်္ခါရုပေက္ခာဆိုတဲ့ ဉာဏ်ရသွားတယ်။ သင်္ခါရုပေက္ခာဆိုတာသင်္ခါရတွေအပေါ်မှာ လျစ်လျူရှုနိုင်တယ်။ သင်္ခါရတွေအပေါ်မှာစိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ မုန်းခြင်း၊ချစ်ခြင်းဆိုတာတွေမရှိတော့ဘဲ သဘာဝကိုသိပြီး စိတ်တည်ငြိမ်မှုတွေရလာပြီဆိုရင် စိတ်အစဉ်ကလေး က နောက်ဆုံးအဆင့်ရောက်လာပြီဆိုလို့ရှိရင် ဝိပဿနာကျင့်စဉ်နဲ့စိတ်ကို လေ့ကျင့်လိုက်ရင် နောက်ဆုံး ရောက်လာမယ့်ဟာက ခုနက ပြင်ဆင်နေတဲ့ ပရိကံဆိုတဲ့မဟာကုသိုလ်ဉာဏသမ္ပယုတ်ဇောစောမယ်။
ဒုတိယဇောကဥပစာ၊ တတိယ ဇောက အနုလုံ၊ စတုတ္ထဇောကျတော့ ဂေါတြဘူဆိုတာလေးလာလိုက်ပြီ ဆိုလို့ရှိရင်ဂေါတြဘူလို့ဆိုလိုက်တာနဲ့တစ်ပြိုင်နက် သင်္ခါရတွေမမြင်တော့ဘူး။ ချုပ်သွားပြီ။ သူယူလာတဲ့ အာရုံတွေဟာရှေ့ပိုင်းကသင်္ခါရတွေနဲ့ပဲစခန်းသွားနေတယ်။ လူ့ရဲ့စိတ်ဟာအကုန်လုံးသင်္ခါရတွေနဲ့ပဲ စခန်းသွား နေတာ။
ဂေါတြဘူရောက်တာနဲ့တပြိုင်နက် သင်္ခါရတွေနဲ့စခန်းမသွားတော့ဘူး။ သင်္ခါရတွေငြိမ်းသွားတာ သွားတွေ့တယ်။ သင်္ခါရဆိုတဲ့အာရုံတွေလွတ်သွားပြီတဲ့။ လွတ်သွားတော့ နိဗ္ဗာန်ဆိုတဲ့သင်္ခါရတွေ လွတ်ကင်းတဲ့အာရုံတစ်ခု၊ အသစ်အဆန်းတစ်ခု ကို လှမ်းမြင်လိုက်ရပြီ။ အဲဒီဂေါတြဘူစိတ်ဖြစ်ပြီးတာနဲ့ တပြိုင်နက်ဂေါတြဘူက သတ်မှတ်ထားတဲ့ နိဗ္ဗာန်အပေါ်မှာ မဂ်စိတ်ကလေးက ဖြစ်လိုက်တယ်။
လူ့ရဲ့သန္တာန်မှာ ဘဝသံသရာကအနုသယဓါတ်အနေနဲ့ကိန်းနေတဲ့ ကိလေသာတွေဟာ အဆင့်ဆင့် ငြိမ်းသွားတယ်။ သောတာပတ္တိမဂ်ဆိုရင် ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာငြိမ်းသွားတယ်။
ဒါကြောင့်မို့လို့ စိတ်ဖြစ်စဉ်ဟာဒီအတိုင်းပဲ။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သောတာပတ္တိဖိုလ် နှစ်ကြိမ်ဖြစ်ပြီးတဲ့အခါမှာ ဇော ရ ကြိမ်ပြည့်ရင် ချုပ်ငြိမ်းသွားတယ်။
နောက်တစ်ခါပြန်ဝင်စားမယ်ဆိုရင်မဂ်ဆိုတာ မလာတော့ဘူး။ ဖလသမာပတ်ဝင်စားရင် ဟောဒီ ဝိပဿနာနဲ့ပဲသွားရမယ်။ ဒီဖိုလ်ကို ပြန်လိုချင်ပြီ။ ဒီအဆင့်ကိုပြန်ရောက်ချင်တယ်ဆိုရင် ဝိပဿနာလမ်းကြောင်း ကထပ်လျှောက်၊ လျှောက်ရင် ပရိကံ၊ ဥပစာ၊ အနုလုံ ဂေါတြဘူ(သို့) ဝေါဒါန်ပြီးရင် ဖိုလ်ဖိုလ် ဟော ဖိုလ်စိတ်တွေချည်းပဲ တစ်နေ့လုံးနေနေတာ။ ဖိုလ်ဆိုတာနိဗ္ဗာန်ကိုအာရုံပြုတာ။
ပရိကံ၊ ဥပစာ၊ အနုလုံ ဆိုတဲ့စိတ်တွေကတော့ သင်္ခါရအာရုံနဲ့ဖြစ်တာ။ ဂေါတြဘူဝေါဒါန်က သင်္ခါရချူပ်ငြိမ်းရာ နိဗ္ဗာန်ကိုအာရုံယူပေးတယ်။
ဥပမာမယ်လမ်းကြောင်းကြီးတစ်ခုကိုလျှောက်လိုက်တာလမ်းဆုံးသွားတာနဲ့တစ်ပြိုင်နက် ဘာမှမရှိတော့တာ တွေ့တာပဲ။ သင်္ခါရအာရုံတွေအပေါ်မှာလျှောက်လှမ်းသွားရင်းနဲ့ သင်္ခါရတွေချုပ်ဆုံးသွားတဲ့နေရာကို လှမ်းတွေ့တာ။ အဲဒါနိဗ္ဗာန်ပဲ။ ခန့်မှန်း ပြောဆိုတာ ဟုတ်ကဲ့လား။ဒါကြောင့်မို့လို့ သင်္ခါရာနံ အာပဝတ္တိမတ္တံ သင်္ခါရတွေမဖြစ်ဘဲနဲ့ သင်္ခါရတွေချုပ်ငြိမ်း သွားတဲ့နေရာက နိဗ္ဗာန်ပဲလို့ဒီလိုပြောတာနော်။ ရှေ့ပိုင်းက စိတ်တွေအားလုံးဟာ သင်္ခါရအာရုံစခန်းသွားနေတာ။ သင်္ခါရတွေအပေါ်မှာ တွေးနေတဲ့ အတွေးတွေနဲ့ သွားပြီး၊ နောက်ဆုံးအဲဒီသင်္ခါရအာရုံတွေဟာ တဖြည်းဖြည်းနဲ့လျော့လျော့သွားပြီးတော့ နောက်ဆုံးသင်္ခါရ အာရုံတွေပျောက်သွားတယ်။ သင်္ခါရမရှိတဲ့အာရုံတစ်ခုရသွားတယ်နော်။
အဲဒါဖိုလ်စိတ်တွေနဲ့တစ်နေကုန်နေရင်လည်း ဖိုလ်စိတ်တွေဖြစ်နေမှာပဲ ထိန်းထားနိုင်တယ်။ အဲဒါ ဖလသမာပတ် ဝင်စားတာခေါ်တယ်။
အဲဒီအတိုင်းပဲ သောတာပန်ဖြစ်ပြီးရင် နောက် သကဒါဂါမ်ဖြစ်ဖို့အတွက် ဝိပဿနာကျင့်စဉ်ကို တိုးမြှင့်ရမယ်။သကဒါဂါမ်ဖြစ်ပြီးရင် အနာဂါမ်ဖြစ်ချင်လို့ရှိရင် ဝိပဿနာကျင့်စဉ်ကိုတိုးမြှင့် ကျင့်ရမယ်။ Level ချင်း degree ချင်း မတူဘူး။ အနာဂါမ်ဖြစ်ပြီးရင်ရဟန္တာဖြစ်ဖို့အတွက်ဝိပဿနာစွမ်းအားကို တိုးမြှင့်ရမယ်။ တိုးမြှင့်တဲ့အခါမှာရဟန္တာဖြစ်လောက်တဲ့ ဝိပဿနာ စွမ်းအားတွေရလောက်ပြီဆိုလို့ရှိရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရောက်ပြီး နောက်ဆုံးမှာ ရဟန္တာထိအောင် ရောက်သွားတယ်။
ဒါတွေဟာ စိတ်ကိုအာရုံနဲ့လေ့ကျင့်ခြင်းလို့ ခေါ်တယ်နော်။ စိတ်ကိုလေ့ကျင့်လိုက်လို့ရှိရင် ဈာန်လည်းရတယ်။ မဂ်လည်းရတယ်။ အဲဒီလိုလေ့ကျင့်ပြီးတော့စိတ်ကို အာရုံနဲ့လေ့ကျင့်သွားနိုင်မှသာလျှင် ဒါတွေရနိုင်တယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ)
တဏှာဒိဋ္ဌိကို မှီခြင်း
မှီတယ်ဆိုတာ တဏှာနဲ့ ဒိဋ္ဌိ ကို မှီခြင်း ပါဘဲ၊ ဘယ်မှာဘဲဖြစ်ဖြစ် ဘုရားဟောတဲ့ ဒေသနာတိုင်းမှာ မှီတယ်ဆိုယင် ဒီ တဏှာ နဲ့ ဒိဋ္ဌိ ချည်းပါဘဲ။ ဒီတရား ၂-မျိုးကိုဘဲ ရည်ပြီးတော့ နိဿိတော မှီသည်၊ အနိဿိတော-မမှီဘူး၊ နိဿာယ-မှီ၍။ အနိဿာယ-မမှီမူ၍လို့ ဤသို့ စသည်ဖြင့် ဟောထားပါတယ်။ အာရုံတခုခုကို နှစ်သက်သာယာနေယင် အဲဒီ အာရုံကို မှီတွယ်နေတာဘဲ၊ အယူမှား အမြင်မှားပြီး စွဲလမ်းနေယင်လဲ အဲဒီအာရုံကို ဒိဋ္ဌိနဲ့လက်မလွှတ်ဘဲ တွယ်ကပ်ပြီး မှီနေတဲ့ သဘောပါဘဲ။
အတိတ်အကြောင်းတွေကို ပြန်ပြီးနှစ်သက်နေယင် တဏှာနဲ့မှီနေတယ်လို့ ဆိုရပါတယ်။ တရားအားထုတ်နေဆဲ ပုဂ္ဂိုလ်တွေအတွက် ပိုပြီး အရေးကြီးပါတယ်။ တရားအားထုတ်နေဆဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဆင်ခြင်ပြီး သာယာနေလို့ရှိယင် ရှေးကိုမှီနေတာဘဲ၊ အဲဒီလို အမှီမရှိစေရဘူး၊ ဒီအမှီကလေးပေါ်လာယင် ရှုမှတ်ပြီးပယ်ရပါမယ်။
ဒါကြောင့် မြင်ခဲ့ဘူးတာကိုပြန်ပြီး ဆင်ခြင်မိယင် အဲဒါကို ရှုမှတ်ပြီး ပယ်ရမယ်၊ ကြားခဲ့ဘူးတာ သုံးဆောင်ခံစားခဲ့ဘူးတာ ပျော်ရွှင်ခဲ့ဘူးတာ - ဒီလိုဟာတွေကို ပြန်ပြီးစဉ်းစားမိယင် ချက်ခြင်းရှုမှတ်ပြီး ပယ်ရပါမယ်။ ရှေးဟောင်းနှောင်းဖြစ်ကလေး စိတ်ထဲမှာ ပေါ်လာလျှင်လာချင်း ရှုမှတ်နိုင်ယင်တော့ နှစ်သက်သာယာတယ်ဆိုတဲ့ အမှီကလေးတောင် မဖြစ်ရတော့ဘူး၊ အမှီလုံးလုံး ကင်းသွားတယ်။
ဒိဋ္ဌိဖြင့်မှီနေတာကလဲ ဒီလိုပါဘဲ ရှေးက မြင်ခဲ့ ကြားခဲ့ တွေ့သိခဲ့တာတွေဟာ ငါဘဲ၊ မြင်ရ ကြားရ သိရတာကလဲ ဘယ်သူဘဲ ပုဂ္ဂိုလ်သတ္တဝါဘဲ စသည်ဖြင့် သတ္တဝါကောင်အနေနဲ့ ပြန်ပြီး စဉ်းစားနေတယ်၊ အဲဒီလို သတ္တဝါကောင်အနေနဲ့ ဆင်ခြင်စဉ်းစားတာက ဒိဋ္ဌိနဲ့မှီတာတဲ့၊ အဲဒါက ဘာဒိဋ္ဌိလဲဆိုယင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိနဲ့ ပြန်ပြီး စဉ်းစားနေတာတဲ့။ အဲဒီလို စဉ်းစားနေမိယင်လဲ ရှုမှတ်ပြီး ပယ်ရပါမယ်။
ဝိပဿနာရှုလို့ ခဏမစဲ ပျက်နေတဲ့ ရုပ်နာမ်သဘောတွေကို သေသေချာချာ တွေ့နေရယင်တော့ ဒီအတ္တစွဲဟာ မဖြစ်နိုင်ဘဲ ကင်းနေတတ်ပါတယ်၊ ဒါတောင် အရိယမဂ်ကို မရောက်သေးဘဲ နားနေယင် ဒီအတ္တစွဲက ဖြစ်မယ်ဆို ဖြစ်နိုင်သေးတာဘဲ။ လုံးဝ ကင်းတာကတော့ သောတာပတ္တိမဂ်ကို ရောက်မှ ဒီအတ္တစွဲက လုံးဝကင်းပါတယ်။ ဝိပဿနာရှုမှ အတ္တဒိဋ္ဌိအတ္တစွဲက ပြုတ်တာ။ ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ -
နာမရူပါနံ၊ နာမ်နှင့် ရုပ်တို့ကို။ ယာထာဝဒဿနံ၊ ဟုတ်တိုင်း မှန်စွာ သိမြင်ခြင်းသည်။ ဝါ၊ သိမြင်သော ဉာဏ်သည်။ ဒိဋ္ဌိ ဝိသုဒ္ဓိ နာမ၊ အတ္တဒိဋ္ဌိအညစ်အကြေးမှ စင်ကြယ်သော ဒိဋ္ဌိဝိသုဒ္ဓိမည်တယ်-လို့လဲ မိန့်ဆိုထားပါတယ်။ နောက်ပြီးတော့ အနတ္တာနုပဿနာကို ပွားစေတဲ့သူမှာ အတ္တသညာ အတ္တအမှတ်အစွဲကို ပယ်တယ်လို့လဲ ပြဆိုထားပါတယ်။
အဲဒီတော့ စောစောပိုင်းက ဖြုတ်ဖို့လိုတဲ့ အတ္တစွဲကတော့ တရား အားမထုတ်နိုင်လောက်အောင်, ရုပ်နာမ်မျှသာ ရှိတယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ခိုင်ခိုင်မြဲမြဲ စွဲနေတဲ့ အတ္တစွဲကိုသာ တရားနာခြင်း, ရုပ်နာမ်တရားကို လေ့လာခြင်း စသည်ဖြင့် ဖြုတ်ဖို့လိုပါတယ်။ ဒီလို ဓမ္မန ္တရာယ် ဖြစ်လောက်အောင် ခိုင်မြဲတဲ့ အတ္တစွဲဆိုတာကတော့ ဗုဒ္ဓမြတ်စွာဘုရား၏ တရားကို လေးလေးစားစား ယုံကြည်နေတဲ့ ဗုဒ္ဓသာသနာဝင် ပုဂ္ဂိုလ်တွေမှာ မရှိနိုင်ပါဘူး၊ ဒီလို မရှိတဲ့အတွက်ပဲ ဝိပဿနာတရားကို အားထုတ်နိုင်ကြတာပါ။
အမှန်ကတော့ ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ သဘောတရားမျှသာ ရှိတယ်လို့ ကြားနာမှတ်သားဘူးပြီး ယုံကြည်တဲ့ သူဆိုယင် ဝိပဿနာရှုကောင်းပါတယ်၊ သတိပဋ္ဌာန်နည်းအရ ဒွါရ ၆-ပါးက ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ်နာမ်တွေကို ရှုကောင်းပါတယ်။
သတိပဋ္ဌာန် ဒေသနာတော်နည်းအရ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ခဏမစဲ မပြတ် ရှုမှတ်နေယင် သမာဓိအားကောင်းလို့ စိတ်စင်ကြယ်တဲ့အခါမှာ နာမ်နဲ့ရုပ်ကို ပိုင်းခြားသိတယ်၊ ရှုမှတ်ရတဲ့ အာရုံနဲ့ ရှုမှတ်သိနေတာ ဒီရုပ်နဲ့ နာမ် ၂-ပါးမျှသာ ရှိတယ်၊ အတ္တကောင် ငါကောင်ဆိုတာ မရှိဘူးလို့ ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် သိနိုင်ပါတယ်။
အချို့ကလဲ ဒီလိုဖြစ်ခိုက် ရုပ်နာမ်ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်၊ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ, ဖြစ်တယ် ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ် မဟုတ်ပါဘူး၊ စာပေ ကျမ်းဂန်အရဖြစ်စေ၊ တဆင့်ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်းမှန်းဆပြီး ဆင်ခြင်နေတာဘဲ၊ သညာသိမျှဘဲ ဖြစ်ပါတယ်၊ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။
မျက်စိ နား နှာ လျှာ ကိုယ်စိတ်ဆိုတဲ့ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်းကိုသာ စောင့်ပြီး ရှုမှတ်နေပါ၊ သဘောမှန်တွေကို အကုန်လုံး သိနိုင်ပါတယ်၊ ရုပ်ရယ် နာမ်ရယ် ဖြစ်တယ် ပျက်တယ်လို့ အထူးစဉ်းစား ဆင်ခြင်နေဘို့ မလိုပါဘူး။
ဒါကြောင့် ဖြစ်ပေါ်လာသမျှ တရားတွေကို ဖြစ်ခိုက်ဖြစ်ခိုက်မှာ ရှုနေတာက လိုရင်းဘဲ။ အဲဒီလို မရှုပါဘဲနဲ့ ဟိုလို နှလုံးသွင်းလိုက် ဒီလိုနှလုံးသွင်းလိုက်နဲ့ စဉ်းစားဆင်ခြင်နေတာက လိုရင်းမဟုတ်ဘူး၊ အဲဒီလို စဉ်းစားဆင်ခြင်နေယင် သမာဓိလဲ မဖြစ်ဘူး၊ သမာဓိမဖြစ်ယင် ဉာဏ်အစစ်လဲ မဖြစ်ပါဘူး။
ဒါကြောင့် ဖြစ်ခိုက်တရားကို ရှုမှတ်ရုံသာ ရှုမှတ်နေပါ၊ စင်္ကြ ံသွားနေတဲ့အခါ ကြွတယ် လှမ်းတယ် ချတယ်လို့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ရှုမှတ်နေပါ၊ အဲဒီလိုမှတ်ရာမှာ ကြွတယ်လို့ မှတ်တာလဲ တကယ် ကြွတက်လာလို့ မှတ်တာဘဲ၊ လှမ်းတယ် ချတယ်လို့ မှတ်တာတွေလဲ တကယ်လှမ်းလို့ တကယ်နင်းချလိုက်လို့ မှတ်တာဘဲ၊ မဟုတ်ဘဲနဲ့ ကြံတွေးပြီး မှတ်တာမဟုတ်ဘူး၊ ဒါကြောင့် အမှန်တွေချည်းဘဲ။
ဒါပေမဲ့ ရှုမှတ်ခါစ ပုဂ္ဂိုလ်ကတော့ ပိုင်းပိုင်းခြားခြား မသိသေးပေဘူး။ နောက် သမာဓိဉာဏ်အား ကောင်းလာတဲ့အခါကျတော့ ကြွတယ်လို့ မှတ်တဲ့အခါ ပေါ့ပြီး ကြွတက်လာတဲ့ သဘောကလေးကတခြား+ကြွတယ်လို့ မှတ်သိတဲ့ သဘောကလေးကတခြား ကွဲပြားပြီး ထင်ပေါ်လာတယ်၊ ကြွတာက တခြား+သိတာကတခြား ကွဲပြားလာတာပါဘဲ။ ထို့အတူ လှမ်းတယ်လို့ မှတ်ခိုက်မှာလဲ လှမ်းးတာက တခြား+သိတာကတခြား ကွဲပြားလာတယ်။ ချတယ်လို့ မှတ်ခိုက်မှာလဲ လေးလေးပြီး ကျသွားတာက တခြား+သိတာကတခြား ကွဲပြားလာတာဘဲ။ အဲဒါဟာ သိစရာရုပ်နဲ့ သိတဲ့နာမ် ဒီရုပ်နာမ် ၂-ပါး ကွဲပြားပြီး ထင်ပုံပါဘဲ။
ထို့အတူပင် ကွေးတယ်လို့ မှတ်ရာမှာလဲ အားထုတ်ခါစကတော့ မှတ်ရမယ်ဆိုလို့သာ မှတ်နေရတယ် ဘာမျှ ထူးထူးခြားခြား မသိရသေးဘူး၊ လေးငါးခြောက်ရက် စသည်ကြာလို့ သမာဓိဉာဏ်အားကောင်းလာတဲ့ အခါကျတော့ အဲဒီကွေးတယ်လို့ မှတ်ရာမှာလဲ ရုပ်နာမ်ကွဲလာတယ်၊ ကွေးတဲ့အခါမှာ တောင့်တဲ့သဘော တင်းတဲ့သဘော တရွေ့ရွေ့ချင်း လှုပ်ရှားတဲ့ သဘောကလေးတွေ အဆင့်ဆင့် ဖြစ်နေတာကို တွေ့ရတယ်၊ အဲဒီလို တောင့်တင်း လှုပ်ရှားတာက တခြား+မှတ်သိတာကတခြား ကွဲပြားပြီး သိရတယ်၊ ဒီတော့ သိစရာနဲ့သိတာ ဒီနှစ်မျိုးဘဲ ရှိပါတယ်၊ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ မရှိဘူး ဆိုတာကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိတယ်။
အဲဒီလိုရုပ်အမူအရာကို မှတ်မိတိုင်း မှတ်မိတိုင်း မှတ်ရတဲ့ အာရုံရုပ်ကတခြား+မှတ်သိတဲ့ စိတ်နာမ်က တခြား ကွဲပြားပြီး ထင်တယ် ။ ဒါကြောင့် “သိစရာရုပ်နဲ့ သိတဲ့စိတ်နာမ် ဒါကလေးနှစ်ခု ရှိတာဘဲ၊ ဒိပြင်ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မရှိတော့ဘူး၊ တို့ရှေးတုန်းက အသက်ရှင်နေတဲ့ အကောင်ကလေး ရှိနေတယ်လို့ ထင်နေခဲ့တယ်၊ ယခုရှုမှတ်ကြည့်လိုက်တော့ ဒီလို အမြဲတည်ရှိနေတဲ့ အသက်ကောင်ကလေးဆိုတာ မရှိဘူး၊ သူ့အခိုက်အတန့်နဲ့သူ အသစ်အသစ် ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်မျှသာ ရှိတာဘဲ” လို့ ရှုမှတ်နေယင်း သဘောကျပြီး သိလာတယ်၊ အဲဒါဟာ နာမရူပပရိစ္ဆေဒဉာဏ်ဘဲ။ ဒီနာမရူပ ပရိစ္ဆေဒဉာဏ် ကောင်းကောင်းဖြစ်ယင် အတ္တစွဲဟာ ကင်းတော့တာပါဘဲ။
ဒါဖြင့် အဲဒီဉာဏ်လောက်နဲ့ အတ္တစွဲဟာ လုံးလုံးကင်းပြီလို့ ဆိုရပါသလားလို့ မေးစရာရှိပါတယ်၊ ဒီဉာဏ်လောက်နဲ့တော့ လုံးလုံးကင်းပြီလို့ မဆိုရသေးပါဘူး၊ ခုနကပြောခဲ့တဲ့အတိုင်း အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို သိနေတာတောင်မှ အရိယမဂ် မရောက်သေးဘဲ ဝိပဿနာအလုပ်ကို ရပ်နားထားယင် အကြောင်းအားလျော်စွာ ဒီအတ္တစွဲက ဖြစ်ပေါ်နိုင်သေးတာပါဘဲ။
ဒီအတ္တစွဲ လုံးလုံးကင်းတာကတော့ အဲဒီဉာဏ်ကနောက် အစဉ်အတိုင်း ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို ပိုင်ပိုင်နိုင်နိုင် သိမြင်လို့ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာတယ်၊ အဲဒီအခါကျတော့မှ ဒီအတ္တစွဲက လုံးလုံးကင်းသွားပါတယ်။
ဘိက္ခဝေ၊ ရဟန်းတို့။ တဿာယေဝ တဏှာယ၊ ထိုနှစ်သက်လိုချင်သော တဏှာ၏သာလျှင်။ ဝါ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟုဆိုအပ်သော ထိုတဏှာ သုံးပါး၏သာလျှင်။ ယော အသေသဝိရာဂနိရောဓော၊ အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသည်။ ယော စာဂေါ၊ အကြင်ပယ်စွန့်ခြင်းသည်။ ယော ပဋိနိဿဂ္ဂေါ၊ အကြင်ဝေးစွာ စွန့်ခြင်းသည်။ ယာ မုတ္တိ၊ အကြင်ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်းသည်။ ယော အနာလယော၊ အကြင် တွယ်တာမှု ကင်းခြင်းသည်။ အတ္ထိ၊ ရှိ၏ ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒံ ၊ ဤတဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ခြင်း တဏှာကို ပယ်စွန့်ခြင်းစသည် ခေါ်ဆိုအပ်သောသဘောကို။ ဘာရနိက္ခေပနံ၊ ဥပါဒါနက္ခန္ဓာ ငါးပါးဟု ဆိုအပ်သော ဝန်ထုပ်ဝန်ပိုးကို ပစ်ချလိုက်ခြင်း ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပေ၏ - တဲ့။
ဝန်ထုပ်ဝန်ပိုးကို ပစ်ချတယ်ဆိုတာ ဝန်ထုပ်ဝန်ပိုးကို လက်ခံတဲ့ တဏှာကို ပယ်လိုက်တာပါဘဲ၊ တဏှာကို ပယ်တယ်ဆိုတာကလဲ ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့၏ အစွမ်းကြောင့် အဲဒီ တဏှာဖြစ်ခွင့်မရှိဘဲ ချုပ်ငြိမ်းသွားတာကို ဆိုတာပါဘဲ။ နေရောင် အလင်းပေါ်လာတော့ အမှောင်တွေ အကုန်ပျောက်ကင်းသွားကြသလို အရဟတ္တမဂ်ဉာဏ် ဖြစ်ပေါ်လာတဲ့အခါမှာ နှစ်သက်လိုချင်မှု တဏှာဟာ ဖြစ်ခွင့်မရှိတော့ဘဲ လုံးဝချုပ်ငြိမ်းသွားတယ်၊ အဲဒီလို တဏှာ ချုပ်ငြိမ်းသွားတဲ့အတွက် ဘဝသစ် ရုပ်နာမ်ခန္ဓာတွေဟာ မဖြစ်ပေါ်နိုင်တော့ဘဲ လုံးဝချုပ်ငြိမ်းသွားတယ်။ ဒါကြောင့် နှစ်သက်လိုချင်တဲ့ တဏှာကို ပယ်ခြင်း=တဏှာ မဖြစ်ခြင်းကို ဝန်ထုပ်ချခြင်းလို့ ခေါ်ဆိုသင့်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက တဿာယေဝ တဏှာယ၊ ဝန်ထုပ်ကို ခံယူတတ်သော ထိုတဏှာ၏သာလျှင်။ ယော အသေသဝိရာဂနိရောဓော၊ အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသည်။ အတ္ထိ၊ ရှိ၏ ။ ဣဒံ၊ ဤတဏှာ၏ ချုပ်ခြင်းကို။ ဘာရနိက္ခေပနံ၊ ဝန်ထုပ်ကို ပစ်ချလိုက်ခြင်း ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုရတယ်လို့ ဟောထားပါတယ်။
ဝန်ထုပ်ဝန်ပိုးကို ပစ်ချတယ်ဆိုတာ ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် နှစ်သက်လိုချင်မှု တဏှာကို ပယ်စွန့်တာပါဘဲ။
မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ဒွါရ ၆-ပါးက ပေါ်လာသမျှကို မရှုမမှတ်နိုင်ယင် မသိမှု အဝိဇ္ဇာနှင့်တကွ နှစ်သက်လိုချင်မှု တဏှာဖြစ်တယ်၊ ချက်ခြင်းဖြစ်တာလဲ ရှိတယ်၊ နောင်မှ ပြန်လည်စဉ်းစားပြီး ဖြစ်တာလဲ ရှိတယ်။ အဲဒီလို တဏှာဖြစ်နိုင်ခွင့် ရှိနေတာဟာ ဘဝသစ် ခန္ဓာဝန်ထုပ်ကို ခံယူနေသည် မည်တာဘဲ။ ဒွါရ ၆-ပါးက ပေါ်လာသမျှကို ရှုမှတ်ပြီး အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောကို အမှန်အတိုင်း သိယင် သိတိုင်း သိတိုင်း အဲဒီ တဏှာကို တဒင်္ဂပဟာန်အားဖြင့် ပယ်နေတာဘဲ။ ဒါကြောင့် ရှုမှတ်တိုင်း ခန္ဓာဝန်ကို ပစ်ချနေသည် မည်တယ်။ အရိယမဂ်ဉာဏ် ၄-ပါး ဖြစ်ပေါ်တဲ့ အခါမှာတော့ အဲဒီတဏှာကို သမုစ္ဆေဒပဟာန်အားဖြင့် ပယ်တယ်။ ဒါကြောင့် အဲဒီ မဂ်ဉာဏ် ၄-ပါးဖြင့် ခန္ဓာဝန်ကို ပစ်ချသည် မည်ကြောင်းတော့ အထူးပြောဘို့ မလိုပါဘူး။
ဒီတော့ ဝိပဿနာ မရှုယင် ခန္ဓာဝန်ကို လက်ခံနေတာဘဲ၊ ဝိပဿနာရှုယင် ခန္ဓာဝန်ကို ပစ်ချနေတာဘဲ။ အရိယမဂ်ကိုရောက်ယင် ခန္ဓာဝန်ကို လုံးဝပစ်ချပြီး ဖြစ်တော့တာဘဲ။ ဒါကြောင့် ခန္ဓာဝန်ကို ကြောက်ကြယင် မထမ်းချင်ကြယင် ဒွါရ ၆-ပါးက ဖြစ်ပေါ်လာသမျှကို ရှုမှတ်ပြီး ပစ်ချရပါမယ်။ အဲဒီလို ဝိပဿနာဖြင့် ပစ်ချလို့ အားပြည့်တဲ့အခါမှာ အရိယမဂ်ဉာဏ်များဖြစ်ပေါ်လာမယ်၊ အဲဒီအခါမှာ ခုနှစ်ဘဝထက် ပိုလွန်ပြီး ထမ်းရမည့် ခန္ဓာဝန်တွေ၊ ၂-ဘဝထက် ပိုလွန်ပြီး ထမ်းရမည့် ခန္ဓာဝန်တွေ၊ တဘဝထက် ပိုလွန်ပြီး ထမ်းရမည့် ခန္ဓာဝန်တွေ၊ အလုံးစုံသော ခန္ဓာဝန်တွေကို အစဉ်အတိုင်း ပစ်ချပြီး ဖြစ်သွားပါလိမ့်မယ်။
ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါး ရုပ်နာမ် တရားတို့သည်။ ဟဝေ၊ စင်စစ် အမှန်အားဖြင့်။ ဘာရာ၊ လေးလံလှစွာသော ဝန်ထုပ်ဝန်ပိုးကြီးပါပေတည်း။ ဘာရဟာရော စ၊ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်သော သူသည်ကား။ ပုဂ္ဂလော၊ခန္ဓာငါးပါးရှိသော ပုဂ္ဂိုလ်ပါပေတည်း။ လောကေ၊ လောက၌။ ဘာရာဒါနံ၊ နှစ်သက်သာယာ တဏှာဖြစ်လျက် ဘဝသစ်ခန္ဓာဝန်ကို ခံယူခြင်းသည်။ ဒုခံ၊ ဆင်းရဲလှ၏ ။ ဘာရနိက္ခေပနံ၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် တဏှာကို ပယ်သောအားဖြင့် ငါးပါးသော ခန္ဓာဝန်ကို ပစ်ချလိုက်ခြင်းသည်။ သုခံ၊ ချမ်းသာလှပါ၏။
သမူလံ၊ သဘောမှန်ကိုမသိဘဲ အလွဲအမှားကို သိတတ်သော အဝိဇ္ဇာတည်းဟူသော အမြစ်အရင်းနှင့်တကွသော။ တဏှံ၊ နှစ်သက်သာယာသော ဆာလောင်တတ်သော တဏှာကို။ အဗ္ဗုယှ၊ အရဟတ္တမဂ် ဉာဏ်လက်နက်ဖြင့် ထွင်းဖျက်နှုတ်ပယ်ပြီး၍။ နိစ္ဆာတော၊ နှစ်သက်ခုံမင် လိုချင်တောင့်တခြင်းဟူသော ဆာလောင်ခြင်းကင်းသည် ဖြစ်၍။ ပရိနိဗ္ဗုတော၊ ဆင်းရဲခပ်သိမ်း အေးငြိမ်းလေတော့သတည်း-လို့ ဟောထားပါတယ်။
ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာ ဆာလောင်တောင့်တတဲ့ တဏှာက ရှိနေတယ်၊ သောတာပန် သကဒါဂါမ် အနာဂါမ်တွေမှာလဲ အဲဒီတဏှာဟာ ရှိတန်သလောက် ရှိနေသေးတယ်၊ ဒါကြောင့် အဲဒီ ပုထုဇဉ်အစရှိတဲ့ ပုဂ္ဂိုလ်တွေမှာ သေခါနီး၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အာရုံက ထင်ပေါ်လာတယ်၊ အဲဒီ ထင်ပေါ်လာတဲ့ အာရုံကိုလဲ သာယာပြီး စွဲလမ်းတတ်တယ်၊ ထင်မြင်နေတဲ့ မိမိကိုယ်ကိုလဲ နှစ်သက်တွယ်တာပြီး စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းပြီး သေသွားတဲ့အခါ ဘဝသစ် ခန္ဓာတွေ ဖြစ်ပေါ်လာပြန်တာဘဲ၊ အဲဒါဟာ တဏှာရှိနေလို့ ဘဝသစ်ခန္ဓာဝန်ကို လက်ခံယူတာပါဘဲ။
ရဟန္တာမှာတော့ အဲဒီတဏှာကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်နှုတ်ပြီးပြီ၊ ဒီတဏှာကို ပယ်နှုတ်ရတာကလဲ သူ့ချည်းသက်သက် ပယ်နှုတ်လို့ ဖြစ်တာမဟုတ်ဘူး၊ သစ်ပင်များကို နှုတ်ပယ်ရသလိုပဲ အမြစ်ပါ နှုတ်ရတယ်။ သူ့အမြစ်က ဘယ်ဟာလဲဆိုယင် သဘောမှန်ကို မသိဘဲ သိရိုး သိစဉ်အတိုင်း အလွဲအမှားတွေကို သိနေတဲ့ အဝိဇ္ဇာပါဘဲ။ မြင်ခိုက် ကြားခိုက် စသည်မှာ မရှုမမှတ်နို်င်ယင် အဲဒီ မြင်ရတဲ့ အာရုံနဲ့ မြင်သိမှု၊ ကြားရတဲ့ အာရုံနဲ့ ကြားသိမှု စသည်တို့ကို အမြဲတည်ရှိနေတဲ့ ပုဂ္ဂိုလ်သတ္တဝါ ယောက်ျား မိန်းမ စသည်ဖြင့်လဲ ထင်မှတ်တယ်၊ အမြဲတည်နေတဲ့ အရာဝတ္ထုလို့လဲ ထင်မှတ်တယ်၊ လှပတင့်တယ် ကောင်းတယ် စသည်ဖြင့်လဲ ထင်မှတ်တယ်၊ အဲဒီလို ထင်မှတ်တာဟာ အဝိဇ္ဇာဘဲ။ အဲဒီလို မြဲတယ် လှတယ် ကောင်းတယ် ပုဂ္ဂိုလ်သတ္တဝါဘဲ မိန်းမဘဲ ယောကျာ်းဘဲ စသည်ဖြင့် ထင်မှတ်ယင် နှစ်သက်လိုချင်တဲ့ တဏှာက ဖြစ်တော့တာဘဲ။ ဒါကြောင့် အဝိဇ္ဇာက တဏှာဖြစ်ဖို့ အမြစ်အရင်း ဖြစ်နေပါတယ်။ အဲဒီ အဝိဇ္ဇာကို မပယ်ဘဲ တဏှာ သက်သက်ကိုသာ ပယ်လို့တော့ တဏှာက အမြစ်ပြတ် မငြိမ်းဘူး၊ အတန်ကြာအောင် မဖြစ်ပဲ ကင်းကွာနေပေမယ်လို့ အကြောင်းညီညွတ်တဲ့အခါ ဖြစ်ပေါ်လာပြန်တာဘဲ။
အမြစ်အရင်း အဝိဇ္ဇာနှင့်တကွ တဏှာကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်ပြီးဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်မှာ ဘယ်လို အာရုံ ဘယ်လို ဘဝကိုမျှ ဆာလောင်တောင့်တမှု လိုချင်နှစ်သက်မှု တဏှာ မရှိတော့ဘူး၊ ဒါကြောင့် မျက်မှောက်ဘဝ စုတိဆုံးသည်နှင့် တပြိုင်နက် ခန္ဓာဝန်ဟောင်းကိုလဲ စွန့်ပယ်ပြီး ချထားပြီး ဖြစ်သွားတယ်၊ ခန္ဓာဝန်သစ် ဘဝသစ်လဲ မဖြစ်လာတော့ဘူး။ ဒါကြောင့် ဆင်းရဲခပ်သိမ်း အပြီးတိုင် အေးငြိမ်းသွားတယ်လို့ ဆိုလိုပါတယ်။
ကိုယ်စိတ်ချမ်းမြေ့ တရားတွေ့ကြပါစေ..
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ပုရာဘေဒသုတ်နှင့်ဘာရသုတ္တန် တို့ကို မှီငြမ်းပါသည်။
++++++++++ Dhamma Notes by Thein Naing Ohn (Part I) ပြီးပါပြီ။ ++++++++++++