ဝိပဿနာအခြေခံတရားတော် (အပိုင်း ၁)
ဝိပဿနာ ဉာဏ်ဆိုတာ ဘယ်ဟာကို ရှုရမှာပါလဲ။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း..လို့ ဆိုပါတယ်။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို အမှန်အတိုင်း ရှုပြီးတော့ ဝိပဿနာဉာဏ် ဖြစ်ပါတယ်တဲ့။
သတ္တဝါတို့ရဲ့ သန္တာန်မှာရှိတဲ့ လောကီ ရုပ်နာမ်တွေကို ပါဠိလို ဥပါဒါနက္ခန္ဓလို့ ခေါ်တယ်။ အဲဒါကို ဗမာလို ဥပါဒါနက္ခန္ဓာလို့ ဘာသာပြန်ဆိုထားကြတယ်။ ဥပါဒါနက စွဲလမ်းတာ၊ ခန္ဓာကတော့ ရုပ်နာမ်အစု။ စွဲလမ်းနိုင်တဲ့ ရုပ်နာမ်အစုတရားတွေ လို့ ဆိုုလိုတယ်ပေါ့။
အဲဒါတွေကို ကာမုပါဒါန်ခေါ်တဲ့ တဏှာနဲ့လည်း သာယာပြီး စွဲလမ်းနိုင်တယ်၊ ဒိဋ္ဌုပါဒါန်ခေါ်တဲ့ ဒိဋ္ဌိနဲ့လည်း အထင်မှားပြီးတော့ စွဲလမ်းနိုင်တယ်။ ဒီလို တဏှာ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးတရားတွေဟာ ဥပါဒါနက္ခန္ဓာတွေပဲ။
ဒီခန္ဓာငါးပါးတရားတွေကို အမှန်အတိုင်း သိအောင် ရှုရတယ်။ အဲဒါတွေကို မရှုလို့ အမှန်အတိုင်း မသိယင် တဏှာ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တယ်၊ ရှုလို့ အမှန်အတိုင်း သိသွားယင်တော့ မစွဲလမ်းနိုင်ဘူး၊ အစွဲအလမ်း ကင်းသွားတယ်။ ဒါကြောင့် မစွဲလမ်းနိုင်အောင် အစွဲအလမ်းကင်းအောင်လို့ အဲဒါတွေကို အမှန်အတိုင်းသိဖို့ ရှုရတယ်၊ အဲဒါတွေကို အမှန်အတိုင်း ရှုသိပြီးတော့ ဝိပဿနာဉာဏ် ဖြစ်ပါတယ်တဲ့။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို အမှန်အတိုင်း ရှုပြီးတော့ ဖြစ်ပါတယ်တဲ့။
ဝိပဿနာဉာဏ်ဆိုတာ ကသိုဏ်းအာရုံတွေကို ရှုလို့လည်း မဖြစ်ဘူး၊ အသုဘအာရုံကို ရှုလို့လည်း မဖြစ်ဘူး၊ အနုဿတိ မေတ္တာစသည်အရ ရှုလို့လည်း မဖြစ်ဘူး။ ဒါဖြင့် ဘာကို ရှုရမလည်းဆိုယင် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုရမယ်။
စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးဆိုတာ ရုပ်ခန္ဓာ ဝေဒနာခန္ဓာ သညာခန္ဓာ သင်္ခါရခန္ဓာ ဝိညာဏ်ခန္ဓာဆိုတဲ့ ဒီငါးပါးပဲ။ ဒီခန္ဓာငါးပါးဆိုတဲ့ အမည်ကတော့ လူတိုင်းလိုလို နှုတ်တက်နေတာပါ။ အဲဒီ ခန္ဓာငါးပါးတွေကို အမှန်အတိုင်း သိအောင် ရှုရမယ်၊ ဒီလိုရှုပြီး အမှန်အတိုင်းသိယင် ဝိပဿနာဉာဏ်ပါပဲ။ ဒီခန္ဓာငါးပါးတွေကို အမှန်အတိုင်း မသိယင်တော့ ဥပါဒါန်လို့ခေါ်တဲ့ တဏှာနဲ့ ဒိဋ္ဌိက စွဲလမ်းသွားတယ်၊ တဏှာက သာယာပြီးတော့ စွဲလမ်းတယ်၊ ဒိဋ္ဌိက အထင်မှားပြီးတော့ စွဲလမ်းတယ်။
ဥပါဒါနက္ခန္ဓာဆိုတာ တခြားမဟုတ်ဘူး။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာငါးပါး။ ကိုယ့်ကိုယ်ထဲက မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ ပါးမှာ ထင်ရှားနေတဲ့ သဘောတရားတွေဘဲ။ အဲဒီ ထင်ရှားနေတာ တွေဟာ ဥပါဒါနက္ခန္ဓာတွေဘဲ၊ အဲဒီ ဥပါဒါနက္ခန္ဓာတွေကို အမှန်အတိုင်းသိအောင် ရှုရမယ်။ အမှန်အတိုင်းရှုလို့ အမှန်အတိုင်းသိတာဟာ ဝိပဿနာဉာဏ်ပါပဲ။ ဒါကြောင့် ဆောင်ပုဒ်မှာ -
ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း လို့ ဆိုထားတာ။
ဝိပဿနာဆိုတာ ဘယ်တရားကို ရှုရသလဲ၊ စွဲလမ်းနိုင်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုရတယ် .. ဆိုတဲ့ ဒီဆောင်ပုဒ်တွေဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ် ရေးချင်ရာကို ရေးထားတာမဟုတ်ဘူး၊ ပါဠိ အဋ္ဌကထာတွေအရ အတိုချုံးပြီး ရေးထားတာ။ တရားစာဆိုတာ မှီရာ မူ အထောက်အထားရှိမှ ရေးရတယ်။
အဲဒီလို ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တ ထင်အောင် ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ အဲဒီလို ရှုနေယင်းပင် ပုထုဇဉ်အဖြစ်က သောတာပန် ဖြစ်သွားနိုင်တယ်။ သောတာပတ္တိမဂ်ဖိုလ်ဉာဏ်ကို ရောက်နိုင်လောက်အောင် ပြည့်ပြည့်စုံစုံ ရှုသွားယင် သောတာပန်ဖြစ်သွားမယ်လို့ ဆိုလိုပါတယ်။ ဒီတော့ သောတာပန်ဖြစ်ပြီး အပါယ် ၄ ပါးက အစဉ်ထာဝရ လွတ်မြောက်ချင်ယင် ဥပါဒါနက္ခန္ဓာငါးပါး တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ ထင်မြင်အောင် ရှုကြဖို့ပါပဲ။
ဒါလောက်တွင် မကသေးပါဘူး။ အလိုရှိယင် ရဟန္တာအထိလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အရှင်မဟာကောဋ္ဌိက က အရှင်သာရိပုတြာမထေရ်မြတ်ကြီးကို သောတာပန် ဖြစ်ပြီးလျှင်ကော အဲဒီသောတာပန်ပုဂ္ဂိုလ်ကကော ဘယ်တရားကို ရှုပါသလဲ လို့မေးပါတယ်။
ဒီတော့ အရှင်သာရိပုတြာက သောတာပန်ပုဂ္ဂိုလ်လဲ ဥပါဒါနက္ခန္ဓာငါးပါးကိုဘဲ အနိစ္စ ဒုက္ခ အနတ္တ အားဖြင့် ရှုရပါတယ်တဲ့။ ဒီလိုရှုတော့ ဘာဖြစ်သွားတုန်းဆိုယင် သောတပန် အဖြစ်က သကဒါဂါမ် ဖြစ်သွားနိုင်ပါတယ်တဲ့။
အဲဒီ သကဒါဂါမ်ကကော ဘာကို ရှုရသလဲလို့ဆိုတော့ သကဒါဂါမ်းကလည်း ဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကိုပဲ အနိစ္စ ဒုက္ခ အနတ္တအားဖြင့် ရှုရပါတယ်တဲ့။ ဒီလိုရှုယင် အနာဂါမ် ဖြစ်သွားနိုင်ပါတယ်တဲ့။
အနာဂါမ်ကကော ဘာကို ရှုရပါသလည်းလို့ဆိုတော့ အနာဂါမ်ကလည်း ဒီဥပါဒါနက္ခန္ဓာငါးပါးကိုဘဲ အနိစ္စ ဒုက္ခ အနတ္တအားဖြင့် ရှုရပါတယ်တဲ့။ ဒီလို ရှုတော့ ရဟန္တာဖြစ်သွားနိုင်ပါတယ်တဲ့။
ရဟန္တာဖြစ်သွားတော့ကော ဘာကိုရှုရသေးသလည်းလို့ အရှင်မဟာကောဋ္ဌိက က မေးပြန်တယ်။ ဒီတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်က ရဟန္တာလည်း ဒီ ဥပါဒါနက္ခန္ဓာငါးပါးကိုပဲ အနိစ္စ ဒုက္ခ အနတ္တအားဖြင့် မှန်စွာ ရှုရတယ် လို့ ဖြေကြားပါတယ်။
ဒီဖြေကြားချက်ကို ထောက်ပြီးတော့ ဥပါဒါနက္ခန္ဓာတရားတွေဟာ ရဟန္တာဖြစ်ပြီးသည့်တိုင်အောင် ရှုရတဲ့တရားတွေပဲလို့ သန္နိဋ္ဌာန်ကျ ခိုင်မြဲစွာ မှတ်ထားကြဖို့ပါပဲ။
ဒီလိုရှုတော့ ရဟန္တာပုဂ္ဂိုလ်မှာ ဘယ်လိုအကျိုးကို ရပါသေးသလည်း - ပစ္စေကဗုဒ္ဓါ ဖြစ်သွားဦးမှာလား၊ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သွားဦးမှာလားလို့ တွေးစရာ မေးစရာ ရှိပါတယ်။ အဲဒီလို ဘုရား ပစ္စေကဗုဒ္ဓါတော့ မဖြစ်ပါဘူး၊ ရဟန္တာပုဂ္ဂိုလ်ဟာ ရဟန္တာအဖြစ်နဲ့ပဲ သံသရာဘဝဇာတ် ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် ဝင်စံသွားရပါတယ်။
ဘာကြောင့်လည်းဆိုယင် ရဟန္တာမှာ မပယ်ရသေးတဲ့ ကိလေသာ မငြိမ်းသေးတဲ့ ကိလေသာရယ်လို့ မရှိတော့ဘူး၊ ကိလေသာတွေ အားလုံးပယ်ပြီးသား ငြိမ်းပြီးသားချည်း ဖြစ်နေတယ်။ ဒါကြောင့် မပယ်ရသေးတဲ့ ကိလေသာကို ပယ်နိုင်အောင် မငြိမ်းသေးတဲ့ ကိလေသာ ကင်းငြိမ်းရအောင် ကျင့်စရာ မရှိတော့ပါဘူး။
ပြီးတော့ ရဟန္တာမှာ မပြည့်စုံသေးတဲ့ သီလ သမာဓိ ပညာရယ်လို့လည်း မရှိတော့ဘူး။ ပြည့်စုံသင့်တဲ့ သီလ သမာဓိ ပညာတွေဟာ အားလုံး ပြည့်စုံပြီးသားချည်းဖြစ်နေတယ်။ ဒါကြောင့် မပြည့်စုံသေးတဲ့ တရားကို ပြည့်စုံအောင် အားထုတ်ဖို့ဆိုတာလည်း မလိုတော့ပါဘူး။ ပြီးတော့ ရပြီးဖြစ်တဲ့ တရားတွေ တိုးတက်အောင်လို့ ကျင့်စရာလည်း မလိုတော့ပါဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်မှာ ဝိပဿနာရှုတဲ့အတွက် မပြည့်စုံသေးတဲ့ တရားအသစ် တိုးတက်ခြင်းအကျိုးလည်း မရှိပါဘူး။ ပြည့်စုံပြီး တရားဟောင်း တိုးပွားခြင်းလည်း မရှိပါဘူးတဲ့။
ရဟန္တာပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုတဲ့အတွက် ရရှိတဲ့အကျိုးကတော့ -
ဒိဋ္ဌဓမ္မသုခဝိဟာရ ခေါ်တဲ့ မျက်မှောက်ဘဝမှာ ချမ်းသာစွာနေရခြင်း အကျိုး ရှိတယ်တဲ့။
ပြီးတော့ အမြဲမပြတ် နှလုံးသွင်း ရှုမှတ် လေ့လာနေတဲ့အတွက် အမှတ်ရတဲ့ သတိနှင့် အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို အမှန်အတိုင်း မျက်မှောက်သိတဲ့ သမ္ပဇဉ်ဉာဏ် ဆိုတာတွေဟာ မပြတ်ဖြစ်ပွားနေတယ်။ အဲဒီလို သတိသမ္ပဇဉ် မပြတ်ဖြစ်ပွား နေခြင်း အကျိုးလည်း ရှိပါတယ်တဲ့။
အဲဒီလို မပြတ်ရှုပြီး သတိသမ္ပဇဉ်မပြတ်ပွားနေတဲ့ ရဟန္တာပုဂ္ဂိုလ်ကို သတတဝိဟာရီပုဂ္ဂိုလ်လို့လည်း ခေါ်တယ်။ ဒီလိုပုဂ္ဂိုလ်မှာ ဖလသမာပတ်ကို အလိုရှိတဲ့အခါ အချိန်မရွေး ဝင်စားနိုင်တယ်၊ ကာလအပိုင်းအခြား အားဖြင့်လည်း အလိုရှိသလောက် တည်တံ့စေနိုင်တယ်။
ယခုပြောခဲ့တဲ့ ဒိဋ္ဌဓမ္မသုခဝိဟာရနှင့် သတိသမ္ပဇဉ် ဆိုတဲ့ ဒီအကျိုးနှစ်ပါး အတွက် ရဟန္တာပုဂ္ဂိုလ်မှာ ဝိပဿနာ ရှုရပါတယ်တဲ့။
ယခု ပြောခဲ့တာတွေက သီလဝန္တသုတ်မှာ အရှင်သာရိပုတ္တရာ ဖြေကြားထားပုံတွေပဲ။ သုတဝန္တသုတ်မှာလည်း ဒီနည်းအတိုင်းပဲ ဖြေထားပါတယ်။ ထူးတာကတော့ သီလဝန္တ - သီလပြည့်စုံတဲ့ ရဟန်းဆိုတာနဲ့ သုတဝန္တ - သုတပြည့်စုံတဲ့ ရဟန်းလို့ ဆိုတာလောက်ပဲထူးပါတယ်။ ကျန်တဲ့စကားရပ်တွေကတော့ အကုန်လုံး တထပ်တည်း တူနေပါတယ်။
ဒွါ့ရခြောက်ပါးက ထင်ပေါ်လာတဲ့ တရားတွေကို မြဲတဲ့အနေ၊ ချမ်းသာတဲ့အနေ၊ ငါကောင် သတ္တဝါကောင် အနေနဲ့ စွဲလမ်းနေတယ်၊ တဏှာနဲ့လည်း သာယာပြီး စွဲလမ်းတယ်၊ ဒိဋ္ဌိနဲ့လည်း အထင်မှားပြီး စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး တရားတွေကို ရှုရတာပါဘဲ။
ရှုတော့လည်း ယောနိသော မနသိကာတဗ္ဗာ လို့ ဆိုထားတဲ့အတိုင်း နည်းမှန် လမ်းမှန်အတိုင်း ရှုဘို့လိုပါတယ်။
ဝိပဿနာဆိုတာ ရုပ်တရား နာမ်တရားတွေကို သဘောမှန်အတိုင်း သိတဲ့ နာမရူပပရိဒ္ဆေဒဉာဏ် ကစပြီး အားထုတ်ရတယ်၊ ရုပ်နာမ် နှစ်ပါးထဲကလည်း (ဝိပဿနာသက်သက်က စပြီးရှုတဲ့) ဝိပဿနာယာနိကပုဂ္ဂိုလ်မှာ ရုပ်တရားကစပြီး ရှုရတယ်၊ ရှုတော့ ဘယ်လို ရှုရသလည်းဆိုယင် - လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ .. လို့ ဝိသုဒ္ဓိမဂ်က မိန့်ဆိုထားပါတယ်။
လက္ခဏရသာဒိဝသေန၊ သဘာဝလက္ခဏာ ရသ စသည်တို့၏ အလိုအားဖြင့်။ ပရိဂ္ဂဟေတဗ္ဗာ၊ သိမ်းဆည်းအပ် ရှုအပ်ကုန်၏တဲ့။
ရုပ်တရားပဲဖြစ်ဖြစ်၊ နာမ်တရားပဲဖြစ်ဖြစ် ဝိပဿနာ စပြီး ရှုလျှင် သဘောလက္ခဏာနဲ့ယင်လည်း ရှုရမယ်၊ ရသနဲ့ရင်လည်း ရှုရမယ်၊ ပြီးတော့ အာဒိ - စသည် ဆိုတဲ့ စကားအရ ပစ္စုပဋ္ဌာန်နဲ့ယင်လည်း ရှုရမယ်တဲ့။
ဒီနေရာမှာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ပြဆိုထားတာလည်း တိုတိုကလေးနဲ့ အင်မတန် ရှင်းပါတယ်။
လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန ဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ .. တဲ့။
လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန၊ လက္ခဏာအလို ရသအလို ပစ္စုပဋ္ဌာန်အလို ပဒဋ္ဌာန်အလို အားဖြင့်။ နာမရူပပရိဂ္ဂဟော၊ နာမ်ရုပ်တို့ကို သိမ်းဆည်းခြင်း ရှုခြင်းသည်။ ဒိဋ္ဌိဝိသုဒ္ဓိနာမ၊ ဒိဋ္ဌိဝိသုဒ္ဓိ မည်ပါတယ်တဲ့။
ဆိုလိုတာကတော့ ဝိပဿနာဆိုတာ အခြေခံ အဖြစ်ဖြင့် (နာမ်ရုပ်ကို သိမ်းဆည်းတဲ့) နာမရူပပရိစ္ဆေဒဉာဏ်က စရတယ်၊ ဝိသုဒ္ဓိ(၇)ပါးထဲမှာလည်း သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ ပြည့်စုံပြီးတဲ့နောက် ဒိဋ္ဌိဝိသုဒ္ဓိကပဲစရတယ်၊ အဲဒီ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံအောင် နာမ်တရားရုပ်တရားတွေကို လက္ခဏာအလိုအားဖြင့်လည်း သိမ်းဆည်း ရှုမှတ်ပြီး သိရတယ်၊ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ အလိုအားဖြင့်လည်း သိရတယ်။ ဒီလို သိမ်းဆည်း ရှုမှတ်ပြီးတော့ နာမ်ရုပ်နှစ်ပါးကို ပိုင်းခြားပြီး သိတာကို နာမရူပပရိစ္ဆေဒဉာဏ် ခေါ်တယ်၊ အဲဒီ ဉာဏ်ရင့်ကျက်တဲ့ အခါမှာ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်လို့ ဒီလို ဆိုလိုပါတယ်။
ဒီအထဲမှာ လက္ခဏာအလိုအားဖြင့် သိတယ် ဆိုတာဟာ ရုပ်နာမ်တို့၏ အထည်ကိုယ်ဖြစ်တဲ့ သဘောလက္ခဏာ ကို သိတာပါပဲ။ ရသ ပစ္စုပဋ္ဌာန်တို့အလိုအားဖြင့် သိတယ် ဆိုတာလည်း ထိုနာမ်ရုပ်တို့၏ ကိစ္စရသကို သိတာ ထင်ပါ်တဲ့ အခြင်းအရာ ပစ္စုပဋ္ဌာန်ကို သိတာတွေပါပဲ။ ပဒဋ္ဌာန်ကို သိဖို့ကတော့ ဝိပဿနာ ရှုခါစမှာ မလိုလှသေးပါဘူး။ ဒါကြောင့် ဒီမှာ လက္ခဏာရယ် ရသရယ် ပစ္စုပဋ္ဌာန်ရယ် ဒီ ၃ မျိုးနဲ့ သိပုံကိုသာ ရှင်းပြသွားပါမယ်။
ယခုထုတ်ပြခဲ့တဲ့ ဝိသုဒ္ဓိမဂ်မှာရော အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာရော နာမ်ရုပ်တို့ကို အမည်နာမနှင့် ရှုရမယ်လို့လည်း မပြဘူး၊ အရေအတွက် ဂဏန်းသင်္ချာနှင့် ရှုရမယ်လို့လည်း မပြဘူး၊ အမှုန့်အမှုန့် အထည်ဒြဗ်နှင့် ရှုရမယ်လို့လည်း မပြဘူး၊ ဖွားဖွား ဖွားဖွား ဖြစ်နေပုံနှင့် ရှုရမယ်လို့လည်း မပြဘူး၊ အမှန်ပြတာကတော့ လက္ခဏာ ရသ စသည်တို့နှင့်သာ ရှုရမယ်လို့ ပြထားတယ်၊ အဲဒါကို အထူးသတိ ပြုကြရမယ်။
အဲဒါကို သတိမပြုရင် ဖွားဖွား ဖွားဖွား ပညတ်၊ အမှုန့်အမှုန့် ပညတ်၊ အရေအတွက် ပညတ်၊ အမည်နာမ ပညတ်တွေ ရောက်ကုန်တတ်တယ်။
နာမ်တရားရုပ်တရားတွေကို လက္ခဏာ ရသစသည်နဲ့ ရှုရမယ်လို့ အဋ္ဌကထာများက ပြဆိုထားတဲ့အတိုင်း ဝါယောဓာတ်ရုပ်ကို ရှုလျှင် သူ့လက္ခဏာ၊ သူ့ရသ၊ သူ့ပစ္စုပဋ္ဌာန်များနဲ့ ရှုရလိမ့်မယ်။ အဲဒီတော့ ဝါယောဓာတ်ရဲ့ လက္ခဏာက ဘာလည်းလို့ဆိုယင် ဝိတ္ထမ္ဘနလက္ခဏာ ဝါယောဓာတု တဲ့။
ဝါယောဓာတု၊ ဝါယော ဓာတ်သည်။ ဝိတ္ထမ္ဘနလက္ခဏာ၊ ထောက်ကန် တောင့်တင်းခြင်းလက္ခဏာ ရှိပါတယ်တဲ့။
ဝါယောဓာတ်၏ လက္ခဏာဆိုတာ ဝါယောဓာတ်၏ အထည်ကိုယ်သဘောရင်းပဲ။ ဒါကြောင့် ထောက်ကန်တာ တောင့်တာ တင်းတာဟာ ဝါယောဓာတ်ရဲ့ အထည်ကိုယ်ဘဲ၊ အဲဒီထောက်ကန်တာ တောင့်တာ တင်းတာသည်ပင်လျှင် ဝါယောဓာတ်ပဲလို့ မှတ်ရမယ်။
ဝါယောဓာတ်ရဲ့ ရသ က ဘာလည်းဆိုယင် - သမုဒီရဏ ရသာ လို့ မိန့်ဆိုထားတဲ့အတိုင်း လှုပ်ရှားခြင်းဟာ သူ့ရသ သူ့ကိစ္စပါပဲတဲ့။
ဝါယောဓာတ်ရဲ့ ပစ္စုပဋ္ဌာန်က ဘာလည်းဆိုယင် - အဘိနီဟာရပစ္စုပဋ္ဌာနာ လို့ မိန့်ဆိုထားတဲ့အတိုင်း ရှေးရှုဆောင်ခြင်းဟာ သူ့ပစ္စုပဋ္ဌာန်ပါပဲ၊ ပစ္စုပဋ္ဌာန်ဆိုတာ ရှုနေတဲ့ ယောဂီရဲ့ ဉာဏ်ထဲမှာ ထင်ပေါ်လာတဲ့ အခြင်းအရာပါဘဲ၊ ဝါယောဓာတ်ကို ရှုနေယင် တစ်နေရာမှ တစ်နေရာကို ရွှေ့ဆောင်နေတယ်၊ တွန်းဆောင်နေတယ်၊ ဆွဲဆောင်နေတယ် လို့ ယောဂီ၏ဉာဏ်ထဲမှာ ထင်ပေါ်လာတတ်ပါတယ်၊ အဲဒါဟာ ဝါယောဓာတ်ရဲ့ ပစ္စုပဋ္ဌာန်ပါပဲ။
ဝမ်းဗိုက်က ဖောင်းတာ ပိန်တာကို ရှုမှတ်နေယင် ဗိုက်ထဲက တောင့်တင်းတာ လှုပ်ရှားတာတွေ တရွေ့တရွေ့ချင်း ရွှေ့ဆောင်နေတာတွေ၊ ဒါတွေကို ထင်ရှားသိနေတာဘဲ။ အဲဒါတွေဟာ ဝါယောဓာတ်ရဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တွေဘဲ။ ဒီ ဝါယောဓာတ်က အရေးကြီးတယ်၊ သတိပဋ္ဌာန် ဒေသနာ ကာယာနုပဿနာ ဣရိယာပထပိုင်းနဲ့ သမ္ပဇညပိုင်းမှာ အဋ္ဌကထာဆရာက ဒီ ဝါယောဓာတ်ကိုချည်း ပဓာနအားဖြင့် ဖွင့်ပြထားတယ်။ ဒီဝါယောဓာတ်ကို လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ ကျကျနန နားလည်ထားယင် မိမိတို့ရှုနေတာ သဘာဝ ကျ မကျကို ဆုံးဖြတ်နိုင်ပါတယ်။
ဝါယောဓာတ်ကို ရှုယင် ထောက်ကန်တောင့်တင်းတဲ့ လက္ခဏာနဲ့ယင်လည်း သိရမယ်၊ သို့မဟုတ် လှုပ်ရှားရွေ့လျားသွားတဲ့ ရသနဲ့ယင်လည်း သိရမယ်၊ သို့မဟုတ် လိုရာဘက်သို့ ရှေးရှုဆောင်တဲ့ ပစ္စုပဋ္ဌာန်နဲ့ယင်လည်း သိရမယ်။ ဒီသုံးနည်းထဲက တနည်းနည်းနဲ့ သိရမယ်၊ ဒီလိုသိမီ သဘာဝ ကျတယ်၊ အသိမှန်တယ်လို့ ဆိုပါတယ်။
ဒါဖြင့် ဒီ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်ဆိုတာတွေကို ရှေးဦးစွာ ကျက်မှတ်ပြီး ရှုမှ ဖြစ်မှာလားလို့ မေးစရာ ရှိပါတယ်။ ဒီလို မဟုတ်ပါဘူး၊ ကျက်မှတ်နေဖို့တော့ မလိုပါဘူး၊ ဖြစ်ခိုက် ရုပ်နာမ်ကို စူးစိုက်ပြီး ရှုမှတ်နေယင် အဲဒီ ရုပ်နာမ်၏ လက္ခဏာကိုလည်း သိနိုင်ပါတယ်၊ ရသကိုလည်း သိနိုင်ပါတယ်၊ ပစ္စုပဋ္ဌာန်ကိုလည်း သိနိုင်ပါတယ်။ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုပြီး သိယင် လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ မသိဘဲ တခြားနည်းဖြင့် သိလို့ကို မဖြစ်နိုင်ပါဘူး။
ဥပမာ - မိုးရွာနေတဲ့အခါ ကောင်းကင်မှာ လျှပ်လက်တယ်၊ အဲဒီ လျှပ်လက်နေတုန်း ကြည့်မိလို့ မြင်တဲ့သူဟာ ဝင်းကနဲ လက်သွားတာကို မြင်ရတယ်၊ အဲဒီ ဝင်းကနဲ့ လက်သွားတာဟာ လျှပ်ရဲ့ လက္ခဏာပဲ၊ လျှပ်ဆိုတာ ဝင်းလက်သွားတာချည်းဘဲ။ ပြီးတော့ လျှပ်လက်လိုက်တဲ့အခါ အမှောင်တွေ ပျောက်သွားတယ်၊ အဲဒါကိုလည်း တွေ့ရတယ်။ လျှပ်က အမှောင်ကို ပယ်ဖျောက်တယ်ဆိုတာဟာ လျှပ်ရဲ့ ရသပဲ၊ လျှပ်ရဲ့ ကိစ္စ လျှပ်ရဲ့ အလုပ်ဘဲ၊ အလင်းရောင်ဆိုတာ အမှောင်ကို ပယ်ဖျောက်တာချည်းဘဲ။ ဒါကြောင့် လျှပ်လက်နေတုန်း ကြည့်မိတဲ့သူဟာ လျှပ်ရောင်က အမှောင်ကို ပယ်ဖျောက်တတ်တယ်ဆိုတဲ့ လျှပ်ရဲ့ ရသကိုလည်း သိသွားတာပဲ။ ပြီးတော့ လျှပ်လက်ပုံ အခြင်းအရာကိုလည်း အဲဒီကြည့်မိတဲ့သူက သိသွားပါတယ်။ လျှပ်ရောင်က ရှည်ရှည်ပဲ၊ တိုတိုပဲ၊ ကောက်ကောက်ပဲ၊ ဝိုင်းဝိုင်းပဲ၊ ဖြောင့်ဖြောင့်ပဲ၊ ပြန့်ကျယ်ကြီးပဲ စသည်ဖြင့် လျှက်လက်ပုံ အခြင်းအရာကိုလည်း သိသွားပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လျှပ်ရောင်လက်နေတုန်း ကြည့်မိယင် အဲဒီလျှပ်၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တွေကို တွေ့မြင်သွားတာချည်းဘဲ၊ ကျက်မှတ်နေဖို့ မလိုပါဘူး။
သို့သော် ကျက်မှတ်ထား မဟုတ်တဲ့အတွက် ဝင်းလက်တာက လက္ခဏာခေါ်တယ်၊ အမှောင်ကို ဖျောက်တာက ရသ ခေါ်တယ်၊ ပုံသဏ္ဍာန်အခြင်းအရာက ပစ္စုပဋ္ဌာန်ခေါ်တယ်လို့ ဒီလိုတော့ ခွဲခြားပြီး မပြောတတ်ပေဘူး၊ အဲဒါလောက်သာ လိုပါတယ်၊ သိမြင်ရာမှာတော့ ဘာမှမလိုပါဘူး၊ အကုန်လုံးဘဲ သိမြင်သွားပါတယ်။
အဲဒီလိုပါပဲ၊ ရုပ်တရားနာမ်တရားတွေကို ဖြစ်ခိုက်ဖြစ်ခိုက်မှာ ရှုနေလျှင် သူ့လက္ခဏာနဲ့ သူ့ရသနဲ့ သူ့ပစ္စုပဋ္ဌာန်နဲ့ အကုန်လုံးဘဲ သိသွားပါတယ်၊ ကျက်နေဖို့ မလိုပါဘူး။
ဒါပေမယ့် စာပေကျမ်းဂန် ဗဟုသုတရှိတဲ့ အချို့ပုဂ္ဂိုလ်တွေကတော့ ဒီလက္ခဏာ ရသ ပစ္စုပဋ္ဌာန်တွေကို ကျက်မှတ်ပြီး ရှုရမယ်လို့ ထင်နေကြတယ်။ ဒီလိုမဟုတ်ပါဘူး။ ကျက်ထားလို့ မှတ်မိနေတာတွေက သညာ၏ အာရုံအမည်ပညတ်တွေဘဲ၊ ကိုယ်ထဲက သဘောတရား အစစ်တွေကို မရောက်ပါဘူး။ ဖြစ်ခိုက်ရုပ်နာမ်တွေကို ရှုနေတဲ့ ယောဂီမှာတော့ ကိုယ်ထဲက တကယ်ဖြစ်နေတဲ့ သဘောတရားအစစ်တွေကို လက်နဲ့ကိုင်ကြည့်သလို သေသေချာချာ တွေ့ပြီး သိနေပါတယ်။ ဒါကြောင့် ကျက်မှတ်နေဖို့ မလိုပါဘူး။
ဥပမာအားဖြင့် ဆင်ကောင်ကြီးကို တွေ့နေယင် ဆင်ရုပ်ကို ကြည့်နေဖို့ မလိုတာလိုပါပဲ။
ဒါကြောင့် ဝမ်းဗိုက်ထဲက ဖောင်းတာ ပိန်တာကို ဖောင်းခိုက် ပိန်ခိုက်မှာ ရှုနေတဲ့ ယောဂီဟာ ဝမ်းဗိုက်ထဲက တောင့်တင်းတာ လျော့တာကိုလည်း သိရတယ်၊ အဲဒါဟာ ဝါယောဓာတ်၏ ဝိတ္ထမ္ဘနလက္ခဏာပဲ၊ ပြီးတော့ အပြင်ဘက်ကို ရွေ့သွားလိုက်၊ အတွင်းဘက်ကို ရွေ့လာလိုက်နဲ့ တရိပ်ရိပ် ရွေ့ရှားနေတာကိုလည်း သိရတယ်၊ အဲဒါက သမုဒီရဏရသဘဲ။ ပြီးတော့ တနေရာက တနေရာကို တွန်းပို့နေသလို ဆွဲဆောင်နေသလို အခြင်းအရာကိုလည်း သိရတယ်၊ အဲဒါက အဘိနီဟာရ ပစ္စုပဋ္ဌာန်ဘဲ။
ဒီလို ဖြစ်ခိုက်မှာ ရှုရုံနဲ့ လက္ခဏာ စသည်ကို အမှန်အတိုင်း သိနေယင် ကျက်မှတ်ဖို့ လိုပါဦးမလား၊ ကိုယ်တိုင်ရှုဖို့အတွက် ဆိုယင်တော့ မလိုပါဘူး၊ သူတပါးကို ဟောပြောဖို့ဆိုယင်တော့ လိုပါလိမ့်မယ်။
ပြီးတော့ ဗယ်လှမ်းတယ် ညာလှမ်းတယ် လို့ ရှုမှတ်နေယင်လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ တောင့်တင်းတာကိုလည်း သိရတယ် သမုဒီရဏရသပဲ။
တွန်းတွန်းပို့နေသလို အခြင်းအရာကိုလည်း သိရတယ်၊ အဘိနီဟာရပစ္စုပဋ္ဌာန်ပဲ။ ဒီလို လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သိနေတာဟာ သဘာဝကျတဲ့ အသိ မှန်ကန်တဲ့အသိပါပဲ။
မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော ဝိပဿနာအခြေခံတရားတော်မှ ထုတ်နှုတ်ဖော်ပြပါ သည်။
ဝိပဿနာအခြေခံတရားတော် (အပိုင်း ၂)
ဖြစ်ခိုက်ကို ရှုမှတ်ရုံနဲ့ လက္ခဏာ စသည်ကို သိနိုင်တယ် ဆိုတာကို ကိုယ်တိုင်တွေ့ မှတ်သားနိုင်အောင် လက်တွေ့ရှုမှတ်ကြည့်ပါ။ ကိုယ်ထဲက ပူတာဖြစ်စေ၊ နာတာဖြစ်စေ၊ ညောင်းတာဖြစ်စေ၊ ကျဉ်တာဖြစ်စေ တခုခုတော့ ထင်ရှားတွေ့နေပါလိမ့်မယ်။ အဲဒါတွေဟာ အခံခက်တဲ့ ဒုက္ခဝေဒနာတွေပဲ။ အဲဒီ အခံခက်နေတဲ့ သဘောကလေးကို ဉာဏ်နဲ့စူးစိုက်ပြီးတော့ ပူတယ် ပူတယ်၊ နာတယ် နာတယ် စသည်ဖြင့် ရှုမှတ်ကြည့်ပါ။ မကောင်းတဲ့ အတွေ့တွေနဲ့ တွေ့ပြီးတော့ ဆင်းရဲခံနေရတာကို တွေ့ပါလိမ့်မယ်၊ အဲဒါဟာ “အနိဋ္ဌ ဖောဋ္ဌဗ္ဗာနုဘဝ နလက္ခဏံ ဒုက္ခံ” လို့ မိန့်ဆိုထားတဲ့အတိုင်း အတွေ့ဆိုးကို ခံစားနေရတဲ့ သဘာဝ လက္ခဏာပဲ။
အတွေ့ဆိုးတွေကို ခံစားနေရတာဟာ ဒုက္ခဝေဒနာရဲ့လက္ခဏာပဲ၊ အဲဒါကို ရှုနေရုံနဲ့ သိနိုင်ပါတယ်။ ပြီးတော့ ဒီအခံခက်တဲ့ ဒုက္ခဝေဒနာဟာ သူဖြစ်လာယင် စိတ်အားကို လျော့သွားစေတတ်တယ်၊ ဒုက္ခက နဲနဲဖြစ်ယင် စိတ်အားဟာလဲ နဲနဲလျော့သွားတယ်၊ ဒုက္ခက အပြင်းအထန် အများကြီး ဖြစ်လာယင်တော့ စိတ်အားတွေဟာလဲ အများကြီး လျော့ဆင်းသွားတယ်။ ဘယ်လို စိတ်အားထက်သန်နေတဲ့ သူပေမယ်လို့ ကိုယ်ထဲမှာ နာကျင်ခံခက်တဲ့ ဒုက္ခဝေဒနာတွေက အပြင်းအထန် ဖြစ်လာယင် စိတ်ဓာတ်ဟာ ကျဆင်းသွားတာပဲ၊ အလွန်ပင်ပန်းလာတော့ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ အဲဒီလို စိတ်အားတွေကို လျော့စေတာဟာ “သမ္ပယုတ္တာနံ မိလာပနရသံ” လို့ မိန့်ဆိုထားတဲ့ ဋီကာအရ ဒုက္ခဝေဒနာရဲ့ ရသပါပဲ။
ဒုက္ခဝေဒနာရဲ့ ပစ္စုပဋ္ဌာန်ကတော့ “ကာယိကာဗာဓပစ္စုပဋ္ဌာနံ” ကိုယ်ထဲက နှိပ်စက်နေတဲ့ သဘော အခံခက်နေတဲ့ သဘောအနေအားဖြင့် ယောဂီ၏ ဉာဏ်ထဲမှာ ရှေးရှုထင်ပါတယ်တဲ့။
ပူတယ် ပူတယ်၊ နာတယ် နာတယ် စသည်ဖြင့် ရှုမှတ်နေယင် အဲဒီ ဒုက္ခဝေဒနာကလေးဟာ ကိုယ်ထဲက မပြတ်နှိပ်စက်နေတယ်လို့လည်း ထင်ပါတယ်။ အခံခက်တဲ့သဘောဘဲလို့လည်း ထင်ပါတယ်။ အဲဒါကတော့ ထင်ရှားလွန်းအားကြီးလို့ ညည်းတောင်မှ ညည်းနေကြရသေးတယ်။
ကိုယ်ထဲက အခံခက်နေတဲ့ ဒုက္ခဝေဒနာကို ဖြစ်ခိုက်မှာ ရှုမှတ်နေယင် အတွေ့ဆိုးတွေနဲ့ တွေ့ပြီး ဆင်းဆင်းရဲရဲ ခံစားနေရတယ် ဆိုတဲ့ သူ့လက္ခဏာကိုလည်း သိတယ်၊ စိတ်အားကို လျော့စေတယ်ဆိုတဲ့ သူ့ရသကိုလည်း သိတယ်၊ ကိုယ်ထဲက မခံသာအောင် နှိပ်စက်နေတဲ့ အခံရခက်တာကလေးဘဲလို့ သူ့ပစ္စုပဋ္ဌာန်ကိုလည်း သိတယ်။ အဲဒါဟာ ယောဂီတွေ သိမြဲ လမ်းမှန်ပဲ၊ ဒီအတိုင်းပဲ သိရမယ်လို့ ဆိုလိုပါတယ်။
စိတ်ကိုလည်း လက်တွေ့ ရှုမှတ်ကြည့်နိုင်ပါတယ်။ စိတ်ဆိုတာ အာရုံကို သိတတ်တယ်၊ ကြံစည်တတ်တယ်။ ဒါကြောင့် စိတ်ကူး စဉ်းစားကြံစည်နေတာတွေဟာ စိတ်ပဲ။ အဲဒီစိတ်ကို ဖြစ်တိုင်း ဖြစ်တိုင်း စိတ်ကူးတယ် စဉ်းစားတယ် ကြံတယ် သိတယ် စသည်ဖြင့် ရှုမှတ်ကြည့်ပါ။ အာရုံဆီကို သွားတဲ့သဘော အာရုံကို သိတဲ့ သဘောပဲလို့ တွေ့ရပါလိမ့်မယ်။ အဲဒါဟာ “ဝိဇာနန လက္ခဏံ စိတ္တံ” လို့ မိန့်ဆိုချက်အရ စိတ်ရဲ့လက္ခဏာပါပဲ။
စိတ်တိုင်း စိတ်တိုင်း အာရုံကို သိတတ်တာချည်းပဲ။ မြင်တဲ့စိတ်လည်း အာရုံကို သိတာပဲ၊ ကြားတဲ့စိတ် နံတဲ့စိတ် စားသိတဲ့စိတ် ထိသိတဲ့စိတ် ကြံသိတဲ့စိတ် အဲဒါတွေလည်း အာရုံကို သိတာချည်းပဲ၊ စိတ်ဆိုယင် အာရုံကို သိခြင်းသဘောရှိတာချည်းပဲ။
စိတ်ဆိုတာ အာရုံသိသော သဘောရှိသည်။
ခေါင်းဆောင်အလား ရှေ့သွားတတ်သည်။
လူစုလူဝေးနဲ့ အလုပ်လုပ်ရာမှာ ခေါင်းဆောင် ပုဂ္ဂိုလ်က ရှေ့ဆောင်ပြီး လုပ်ရတယ်၊ စိတ်ကလည်း အဲဒီ ခေါင်းဆောင်လိုဘဲ ဒွါရမှာ ထင်လာတဲ့ အာရုံကို ရှေ့ဆောင်ပြီး သိသိသွားတယ်၊ မျက်စိမှာ အဆင်းထင်လာယင် စိတ်ကရှေးဦးစွာ မြင်သိသွားတယ်၊ ပြီးတော့မှ နောက်လိုက်အနေနဲ့ ခံစားမှု မှတ်သားမှု တပ်မက်မှု နှစ်သက်မှု ပြစ်မှားမှု ကြည်ညိုမှု အစရှိတဲ့ သဘောတရားတွေက ထိုက်သည်အားလျော်စွာ ထင်ရှားဖြစ်ပေါ်လာကြတယ်၊ နားမှာ အသံထင်လို့ ကြားသိရာစသည်မှာလည်း ဒီအတိုင်းပါပဲ။ စိတ်ကရှေ့သွားအနေနဲ့ သိသိသွားတာ ချည်းပါပဲ။ စိတ်ကူးကြံစည်ရာမှာဆိုယင် သာပြီးထင်ရှားပါတယ်။ ယောဂီက ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ် ရှုမှတ်နေစဉ်မှာ စိတ်ကူးကြံစည်မှု ဖြစ်ပေါ်လာယင် အဲဒီစိတ်ကိုလည်း ရှုမှတ်ရတယ်။ ဖြစ် ဖြစ်ခြင်း ရှုမိယင် တကြိမ်တည်းနဲ့ အဲဒီစိတ်ကူးဟာ ပြတ်စဲသွားတယ်။ ဖြစ် ဖြစ်ခြင်း မရှုမိယင်တော့ နှစ်သက်မှု လိုချင်မှု အစရှိတဲ့ နောက်လိုက်သဘောတရားတွေ တော်တော်များများ ဆက်ပြီး ဖြစ်သွားတာကို တွေ့ရတယ်။
ဒါကြောင့် ယောဂီက စိတ်ဟာ ခေါင်းဆောင် ရှေ့သွားလုပ်တတ်တယ် လို့ သိရတယ်။ အဲဒီလို သိတာဟာ စိတ်ကို ပုဗ္ဗင်္ဂမရသနဲ့ သိသွားတာပါပဲ။ ဓမ္မပဒပါဠိတော်မှာလည်း စိတ်ကို -
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ” လို့ ဟောထားပါတယ်။
ဓမ္မာ၊ အသိနာမ်တရားတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် ရှေ့သွားရှိကြပါတယ်တဲ့။ ဒါကြောင့် စိတ်ကို ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီး ရှုမှတ်နေယင် ဟိုအာရုံဆီ ဖြုတ်ကနဲ ရောက်သွားလိုက်၊ ဒီအာရုံဆီ ဖြုတ်ကနဲ ရောက်လာလိုက်နဲ့ စိတ်ကလေး ရှေ့ဆောင် ရှေ့သွား ဖြစ်နေတာကို ထင်ရှား တွေ့ရပါတယ်။ ပြီးတော့ “သန္ဒဟနပစ္စုပဋ္ဌာနံ - အစဉ်မပြတ် ဆက်စပ်သည့် အနေအထားအားဖြင့် ထင်သော အခြင်းအရာရှိတယ်” လို့မိန့်ဆိုတဲ့ အဋ္ဌကထာစကားအရ စိတ်ရဲ့ ပစ္စုပဋ္ဌာန်ကိုလည်း ထင်ရှားသိရတယ်။
သိပုံကတော့ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ် ရှုမှတ်နေယင်း တခါတရံ စိတ်က အပြင်ထွက်သွား တယ်၊ အဲဒီစိတ်ကို ရှုမှတ်လိုက်တော့ သူက ပျောက်သွားတယ်၊ ပြီးတော့လည်း အခြားစိတ်တစ်ခုက ဆက်ပြီး ပေါ်လာပြန်တယ်။ အဲဒီ စိတ်ကိုလည်း မှတ်လိုက်တော့ ပျောက်သွားပြန်တယ်၊ ပြီးတော့လည်း နောက်စိတ်တစ်ခုက ပေါ်လာပြန်တယ်၊ ဒီလို စိတ်အဆင့်ဆင့် ဆက်ပြီး ဖြစ်နေတာတွေကို တခါတရံမှာ တော်တော်များများပဲ ရှုမှတ်ရပါတယ်၊ ဒီတော့ ယောဂီက ဒီလို သဘောကျသွားတတ်ပါတယ်၊ “စိတ်ဆိုတာဟာ တခုချင်း ဆက်ကာ ဆက်ကာ မပြတ် ဖြစ်နေတဲ့ သဘောတရားပဲ၊ ရှေးစိတ် တခုခု ပျောက်သွားယင် နောက်စိတ် တခုတခု ချက်ချင်း ဆက်စပ်ပြီး မပြတ် ဖြစ်နေတာပဲ” လို့ ဒီလို သဘောကျသွားတတ်ပါတယ်၊ အဲဒါဟာ စိတ်ရဲ့ သန္ဒဟနပစ္စုပဋ္ဌာန်ကိုကိုယ်တိုင်တွေ့ သိတာပါပဲ။
ဒီလို သိတဲ့ယောဂီဟာ စုတိ ပဋိသန္ဓေအကြောင်းကိုလည်း သဘောပေါက်သွားတယ်။ “သေတယ် ဆိုတာလည်း ဘာမှ မထူးဆန်းဘူး၊ ယခု မှတ်သိရတဲ့ စိတ်ကလေး တခုတခု ချုပ်ပျောက်သွားတာမျိုးပဲ။ ဘဝအသစ်ဖြစ်တယ် ဆိုတာလည်း ယခု မှတ်သိရတဲ့ စိတ်ကလေး တခုတခု ရှေးစိတ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတာမျိုးပဲ” လို့ ဒီလို သဘောပေါက်သွားပါတယ်။
ဒါကြောင့် “စိတ်ဆိုတာ လက္ခဏာအားဖြင့် အာရုံကို သိတတ်တဲ့ သဘောပဲ၊ ရသ အားဖြင့် ခေါင်းဆောင် ရှေ့သွားတတ်တဲ့ သဘောပဲ၊ ပစ္စုပဋ္ဌာန်အားဖြင့် ရှေးနောက်မပြတ် ဆက်စပ်ပြီး ဖြစ်နေတဲ့သဘောပဲ” လို့ ဒီလို မှတ်သားထားရမယ်ပေါ့။
ဖြစ်ခိုက် ရုပ်နာမ်ကို စူးစိုက်ပြီး ရှုနေလျှင် ကျက်မှတ်မထားသော်လည်း လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သဘောမှန်ကို သိနိုင်ကြောင်း ရုပ်တရားထဲက ဝါယောဓာတ်ကို ပုံစံထုတ်ပြီး ရှင်းပြခဲ့ပြီး၊ နာမ်ထဲကလည်း ဒုက္ခဝေဒနာနဲ့ စိတ်ကို ပုံစံထုတ်ပြီး ရှင်းပြခဲ့ပြီ၊ အဲဒီပုံစံထုတ်ပြခဲ့တဲ့ ဝါယောရုပ် ဒုက္ခဝေဒနာနှင့် စိတ်လိုဘဲ ကျန်တဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း ဖြစ်ခိုက်မှာ စူးစိုက်ပြီးရှုယင် လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သဘောမှန်ကို သိနိုင်တာချည်းပါပဲ။
ရှုခါစ အားထုတ်ခါစ ယောဂီကတော့ ဒီရုပ်နာမ် ဥပါဒါနက္ခန္ဓာတရားတွေကို ယခုပြောခဲ့တဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့လောက်သာ ရှုနိုင်သိနိုင်သေးတယ်၊ ဝိပဿနာ၏ အခြေမူလဖြစ်တဲ့ နာမရူပပရိစ္ဆေဒ ပစ္စယပရိဂ္ဂဟ ဉာဏ်အဆင့်မှာတော့ ဒါလောက်ပဲ သိဖို့လိုပါတယ်။
အစဉ်အတိုင်း ရှုလို့ သမ္မသနဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်အစစ်တွေ ရောက်တဲ့ အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကိုလည်း အမှန်အတိုင်း သိရပါတယ်၊ သိဖို့လည်း လိုပါတယ်။ အဲဒီလို သူ့အဆင့်အတန်း အလိုက် ဒီ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ရှုရမယ်ဆိုတာကို ရည်ရွယ်ပြီးတော့ -
“စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း” လို့ ဆောင်ပုဒ် ဆိုထားတယ်။ ဒါက အရေးကြီးတယ်နော်။ “ဝိပဿနာဉာဏ် ဖြစ်အောင် ရှုယင် ဥပါဒါနက္ခန္ဓာငါးပါးရှုရတယ်” ဆိုတာကို မြဲမြဲမှတ်ထားကြ။
ဥပါဒါနက္ခန္ဓာငါးပါး ရှုရတယ် ဆိုတာကတော့ နားလည်ပါပြီ။ ဒီတော့ မေးစရာက အဲဒီ ဥပါဒါနက္ခန္ဓာတွေကို ရှုရတာဟာ ဘယ်အကျိုးရအောင်လို့ ရှုရတာလဲ၊ ပြီးတော့ ကာလအားဖြင့် အတိတ်ကို ရှုရတာလား၊ အနာဂတ်ကို ရှုရတာလား၊ ပစ္စုပ္ပန်ကို ရှုရတာလား၊ ကာလ ၃ ပါးမှအလွတ် ကာလဝိမုတ်ကို ရှုရတာလား၊ ဘယ်အခါ ရှုရတာလည်းလို့ ဒီလို မေးစရာရှိပါတယ်။
ဒါကြောင့် “ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ခါ ရှုရပါသနည်း” လို့ မေးခွန်းတခု ထုတ်ထားတယ်။
ဒီ ဆောင်ပုဒ်ထဲမှာ “ဘယ်အကျိုးငှါ ရှုရပါသလဲ၊ ဘယ်အခါမှာ ရှုရပါသလဲ” လို့ အမေး ၂ ချက် ပါဝင်နေတယ်။
အဲဒီ အမေး ၂ ရပ်ကို - “မစွဲဘို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာ ရှုရပါသတည်း” လို့ ဖြေထားပါတယ်။
ဒီအဖြေဆောင်ပုဒ်ထဲမှာလည်း ဖြေချင်းချက် ၂ ခု ပါနေတယ်။ အမေးဆောင်ပုဒ်က “ဘယ်အကျိုးငှါ ရှုရပါသလဲ” ဆိုတဲ့ ပဌမအမေးကို “မစွဲဘို့ရာ ရှုရပါတယ်” လို့ ဖြေထားတယ်။ ဟုတ်တယ်၊ ဝိပဿနာကင်းနေတဲ့ ပုဂ္ဂိုလ်တွေမှာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ပေါ်လာသမျှ ရုပ်နာမ်တွေကို တဏှာနဲ့လည်း သာယာပြီး စွဲလမ်းနေကြတယ်၊ ဒိဋ္ဌိနဲ့လည်း အထင်မှားပြီး စွဲလမ်းနေကြတယ်၊ မြဲတဲ့အနေ ချမ်းသာတဲ့အနေ ငါကောင် သတ္တဝါကောင် အနေနဲ့ စွဲလမ်းနေကြတယ်၊ အဲဒီလိုစွဲလမ်းမှုတွေ ဖြစ်ခွင့်မရဘဲ။ ကင်းငြိမ်းသွားအောင်လို့ ဝိပဿနာ ရှုရတာပဲ။ ဒါဟာ ဝိပဿနာရဲ့ မူလရည်ရွယ်ချက်ပဲ။ မရှုမိယင် စွဲလမ်းပုံ ရှုမိယင် အစွဲအလမ်း ကင်းသွားပုံတွေကိုတော့ နောက်ဆောင်ပုဒ်များကျမှ ရှင်းပြီးပြောပါမယ်။
ပြီးတော့ အမေးဆောင်ပုဒ်က “ဘယ်အခါ ရှုရပါသလဲ” ဆိုတဲ့ ဒုတိယအမေးကို “ဖြစ်ဆဲမှာ ရှုရပါတယ်” လို့ ဖြေထားတယ်။ ဒီအဖြေစကားဖြင့် “အတိတ်ကိုလည်း မရှုရဘူး၊ အနာဂတ်ကိုလည်း မရှုရဘူး၊ ကာလဝိမုတ်ကိုလည်း မရှုရဘူး၊ ဖြစ်ဆဲ ပစ္စုပ္ပန်တရားကိုသာ ရှုရတယ်” လို့ ဆိုပါတယ်။ ဒါကလည်း ပစ္စက္ခဝိပဿနာ ကိုသာ ရည်ရွယ်ပါတယ်၊ အနုမာန ဝိပဿနာအရာမှာတော့ အတိတ် အနာဂတ် ကာလဝိမုတ်တွေကိုလည်း ရှုရပါတယ်။
ယခု အဲဒါကို ရှင်းပြပါဦးမယ်။ ဝိပဿနာဆိုတာ ပစ္စက္ခ နှင့် အနုမာနအားဖြင့် ၂ မျိုး ရှိတယ်။ တကယ်ဖြစ်ပေါ် လာတဲ့ ရုပ်တရား နာမ်တရားကို သဘာဝ လက္ခဏာ, အနိစ္စ လက္ခဏာ စသည်ဖြင့် ရှုပြီး မျက်မှောက်တွေ့သိတဲ့ ဉာဏ်ကို ပစ္စက္ခဝိပဿနာ ခေါ်တယ်။ အဲဒီလို မျက်မှောက်တွေ့သိပြီးတဲ့ အခါမှာ မျက်မှောက်မတွေ့ရတဲ့ အတိတ် အနာဂတ် အလုံးစုံသော တရားတွေလည်း ဒီလို အနိစ္စ ဒုက္ခ အနတ္တသဘောချည်းပဲလို့ နည်းမှီးပြီး မှန်းဆရှုတာကို အနုမာနဝိပဿနာ ခေါ်တယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ “အာရမ္မဏအနွယေန ဥဘော ဧကဝဝတ္တနာ” ဆိုတဲ့ ပဋိသမ္ဘိဒါမဂ် ပါဠိကို ဒီလို ဖွင့်ပြထားပါတယ်။
ပစ္စက္ခတော ဒိဋ္ဌဿ အာရမ္မဏဿ၊ မျက်မှောက် မြင်အပ်ပြီးသော ပစ္စုပ္ပန်အာရုံသို့။ အနွယေန အနုဂမနေန၊ အစဉ်လိုက်သဖြင့်။ ယထာ ဣဒံ၊ (မျက်မှောက် တွေ့ရသော) ဤ သင်္ခါရကဲ့သို့။ တထာ၊ ထိုအတူ။ အတီတေပိ သင်္ခါရဂတံ ဘိဇ္ဇိတ္ထ၊ အတိတ်ကာလ၌လည်း သင်္ခါရတရားအပေါင်းသည် ပျက်ခဲ့လေပြီ။ အနာဂတေပိ ဘိဇ္ဇိဿတီတိ၊ အနာဂတ်ကာလ၌လည်း ပျက်လတံ့ ဟူ၍။ ဧဝံ၊ ဤသို့။ ဥဘိန္နံ၊ မျက်မှောက် တွေ့ရ မတွေ့ရသော အာရုံနှစ်မျိုးတို့ကို။ ဧကသဘာဝေနေဝ ဝဝတ္ထပနံ၊ ပျက်ခြင်း ဟူသော တူသော သဘောအားဖြင့် သာလျှင် ပိုင်းခြားခြင်းပဲလို့ ဖွင့်ပြထားပါတယ်။
ဒီ ဝိသုဒ္ဓိမဂ် စကားရပ်မှာ ပစ္စက္ခတော ဒိဋ္ဌိဿ - မျက်မှောက် မြင်တယ်လို့ ဆိုတဲ့အတွက် အဲဒီလို မျက်မှောက်မြင်တဲ့ ဉာဏ်ကို ပစ္စက္ခဝိပဿနာလို့ ခေါ်ရတယ်။ ပြီးတော့ အဲဒီ မျက်မှောက် မြင်ပြီးသို့ အစဉ်လိုက်ပြီးတော့ အတိတ် အနာဂတ် သင်္ခါရကို နည်းတူပိုင်းခြားတယ် ဆိုတာဟာ အနုမာနအားဖြင့် မှန်းဆပြီး ရှုတာပဲ၊ ဒါကြောင့် အဲဒီလို ရှုတဲ့ ဝိပဿနာကို အနုမာန ဝိပဿနာလို့ ခေါ်ရတယ်။
ဒီနေရာမှာ အထူးသတိပြုစရာကတော့ ဒီ အနုမာနဝိပဿနာဆိုတာ ပစ္စက္ခအားဖြင့် မျက်မှောက်မြင်ပြီးမှ ဖြစ်နိုင်တယ်၊ မျက်မှောက်မမြင်သေးပါဘဲနဲ့ မှန်းဆရှုလို့တော့ မဖြစ်နိုင်ဘူးဆိုတာကို အထူး သတိပြု ထားကြရမယ်။ ပစ္စက္ခအားဖြင့် မျက်မှောက်မြင်ပြီးမှ အနုမာန ဉာဏ်အစစ် ဖြစ်နိုင်တယ်ဆိုတာကို ကထာဝတ္ထု အဋ္ဌကထာစကားဖြင့်လည်း ထင်ရှား သိရပါတယ်။
ဧကသင်္ခါရဿာပိ၊ တခုသော သင်္ခါရ၏ သော်လည်း။ အနိစ္စတာယ၊ မမြဲသည်၏အဖြစ်ကို။ ဒိဋ္ဌာယ၊ မြင်အပ်သည်ရှိသော်။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ အလုံးစုံသော သင်္ခါရတို့ မမြဲကုန်ဟူ၍။ အဝသေသေသု၊ ကြွင်းသော မမြင်ရသော သင်္ခါရတို့၌၊ နယတော မနသိကာရော။ နည်းမှီသော အားဖြင့် နှလုံးသွင်းခြင်း ရှုခြင်းသည် ဟောတိ ဖြစ်ပါတယ်တဲ့။
ဒါက ကထာဝတ္ထု အဋ္ဌကထာပဲ။ ခုနကပြောခဲ့တဲ့ အနုမာနဝိပဿနာနဲ့ ဒီက နယမနသိကာရ ဆိုတာဟာ သဘောအားဖြင့် အတူတူပဲ။
ဆက်လက်ဖော်ပြပါမည်။
မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအခြေခံတရားတော်မှ ကောက်နှုတ်မှတ်စုထုတ်ဖော်ပြပါသည်။
ဝိပဿနာအခြေခံတရားတော် (အပိုင်း ၃)
ပြီးခဲ့တဲ့နေ့ ပစ္စက္ခ, အနုမာန အကြောင်းကို ပြောရတာနဲ့ စကားဆက် ပြတ်သွားတယ်။ ယခု အတိတ် အနာဂတ် ကာလဝိမုတ်ကို မရှုရဘူး ဆိုတဲ့ မူလစကားကို ပြန်ရှင်းပါမယ်။ အတိတ် အနာဂတ် ကို ဘာကြောင့် မရှုရသလဲလို့ဆိုတော့ အတိတ် အနာဂတ် တရားကို ရှုယင် သဘောမှန် အတိုင်းလဲ မသိနိုင်ဘူး၊ ရှုသော်လဲ ကိလေသာ ငြိမ်းမှု မရှိဘူး၊ အဲဒါကြောင့် မရှုရတာပါပဲ။ ထပ်ပြီး ရှင်းပါမယ်။
အတိတ်တရားဆိုတာ ရှေးရှေးဘဝတွေက ဖြစ်ခဲ့ဘူးတာတွေကိုဆိုယင် လုံးလုံးကို မသိနိုင်တော့ပါဘူး၊ ယခုဘဝမှာလည်း ငယ်ရွယ်စဉ်က ဖြစ်ခဲ့တာတွေဆိုယင် မသိတာကဘဲ များပါတယ်။ အဲဒီတော့ အဲဒီလို အတိတ်တရားတွေကို ရှုလို့ သဘာဝ လက္ခဏာအားဖြင့် အမှန်အတိုင်း ဘယ်လိုလုပ်ပြီး သိနိုင်ပါမလဲ။ မသိနိုင်ပါဘူး။ မကြာမီက မြင်ခဲ့ ကြားခဲ့ သိခဲ့တာကလေးတွေကိုတော့ ပြန်ပြီး ဆင်ခြင်လိုက်ယင် ပေါ်လာနိုင်တယ်၊ ဒါပေမယ့် အဲဒီလိုဟာတွေကလည်း “ငါမြင်ခဲ့တယ်၊ ငါကြားခဲ့တယ်၊ ငါကြံခဲ့တယ်၊ ဟိုတုန်းက မြင်ခဲ့တာလည်း ငါဘဲ၊ ယခုဆင်ခြင်နေတာလည်း ငါဘဲ” စသည်ဖြင့် ငါကောင်အနေအားဖြင့်လည်း စွဲလမ်းပြီး မှတ်ပုံတင်ပြီး ဖြစ်နေကြပါတယ်။ မြဲတဲ့အနေ ချမ်းသာတဲ့ အနေအားဖြင့်လည်း စွဲလမ်းပြီး မှတ်ပုံတင်ပြီး ဖြစ်နေကြပါတယ်။
ဒါကြောင့် အဲဒါတွေကို ယခုမှ ပြန်ရှုပေမယ်လို့ သဘောတရား အနေနဲ့ မထင်တော့ပါဘူး။ စွဲလမ်းပြီး ဖြစ်နေတဲ့ အတွက် အဲဒီအစွဲဟာလည်း မပျောက်နိုင်တော့ပါဘူး။ သုတမယစိန္တာမယဉာဏ်ဖြင့် ရုပ် နာမ် သဘောတရား မျှဘဲလို့ ရှုနေပေမယ်လို့ တဖက်က မူလ စွဲလမ်းချက်အတိုင်း “ငါဘဲ ငါဘဲ” စသည်ဖြင့် ထင်မှတ်လျက်ပဲ ရှိနေတယ်၊ ဒီတော့ မမြဲဘူးလို့ ရှုလိုက်ယင်း တဖက်က မြဲတယ်လို့ ပေါ်လာယင်း၊ ဆင်းရဲလို့ ရှုလိုက်ယင်း တဖက်က ချမ်းသာတယ်လို့ ပေါ်လိုက်ယင်း၊ အနတ္တလို့ ရှုလိုက်ယင်း၊ တဖက်က အတ္တပါလို့ ပေါ်လာယင်းနဲ့ ကိုယ်တစ်ယောက်ထဲ အငြင်းအခုံတွေ ဖြစ်နေတတ်တယ်။
နောက်ဆုံးကျတော့ ရှုတာက အနိုင်မရဘဲ မူလက စွဲလမ်းပြီးသား အတိုင်းသာ အတည် ဖြစ်နေတတ်ပါတယ်။ ယခု ပြောခဲ့တဲ့အတိုင်း စွဲလမ်းပြီး အတိတ်တရားတွေကို ရှုခြင်းဖြင့် သဘောမှန်လည်း မသိနိုင်ဘူး၊ အစွဲအလမ်း ကိလေသာကိုလည်း မငြိမ်းစေနိုင်ဘူး၊ ဒါကြောင့် အတိတ်တရားကို စပြီး မရှုရတာလို့ မှတ်ထားကြပါ။
အနာဂတ်တရား ဆိုတာကတော့ မဖြစ်ပေါ်လာသေးလို့ “ဘယ်တော့ဖြစ်မယ်” လို့လည်း အတိအကျ မသိနိုင်ဘူး၊ ဘယ်လို ဖြစ်မယ် ဆိုတာ ကိုလည်း အတိအကျ မသိနိုင်ဘူး၊ ပြီးတော့ နောင်အခါမှ ဖြစ်မည့် တရားတွေကို စောစောက ကြိုတင်ပြီး ရှုထားပေမယ်လို့ နောင်တကယ်ဖြစ်ပေါ်လာတဲ့ အခါကျတော့ မရှုမိယင် တဏှာဒိဋ္ဌိကိလေသာက စွဲလမ်းဦးမှာပဲ။ ဒါကြောင့် အနာဂတ်ကို သုတမယ စိန္တာမယဖြင့် မှန်းဆပြီး ရှုတာဟာ သဘောမှန်လည်း မသိနိုင်ဘူး၊ အစွဲအလမ်း ကိလေသာကိုလည်း မငြိမ်းစေနိုင်ဘူး။ ဒီလိုအမှန်လည်းမသိ၊ ကိလေသာကိုလည်း မငြိမ်းစေနိုင်တဲ့အတွက် အနာဂတ်တရားကိုလည်း စပြီး မရှုရတာလို့ မှတ်ထားကြရမယ်။
ကာလဝိမုတ်ဆိုတာကတော့ မိမိသန္တာန် သူတပါးသန္တာန် မှာ ဖြစ်ခဲ့ပြီးလည်း မဟုတ်၊ ဖြစ်ဆဲလည်း မဟုတ်၊ တကယ်ဖြစ်လတံ့လည်း မဟုတ်ပါပဲ သုတစိန္တာ မျှဖြင့် ဆင်ခြင် တွေးဆပြီး ရှုနေတဲ့ တရားတွေပါပဲ။ အဲဒါကို သေသေချာချာ စဉ်းစားကြည့်ယင် စာသံ ပေသံ ပါ၍ ခံ့ခံ့ညားညား ရှိသော်လည်း အမည်ပညတ် အာကာရပညတ် သဏ္ဍာနပညတ် တွေမျှ ဖြစ်နေကြောင်း ထင်ရှားတွေ့ရပါတယ်။ ယခုဘဲစဉ်းစားကြည့်ပါ။
လူတစ်ယောက်က “ရုပ် အနိစ္စ, ရုပ် အနိစ္စ” လို့ဘဲဖြစ်ဖြစ်၊ “ရုပ်တရားသည် ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်နေသည်၊ ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်နေသောကြောင့် မမြဲ မမြဲ” လို့ဘဲဖြစ်ဖြစ် ဆင်ခြင်ပြီး ရှုနေတယ် ဆိုပါတော့..
အဲဒီလို ရှုနေတဲ့ ရုပ်ဟာ ဘယ်က ရုပ်လဲ၊ တကယ်ဖြစ်ဖူးတဲ့ ရုပ်လား၊ တကယ်ဖြစ်နေဆဲ ရုပ်လား၊ တကယ်ဖြစ်မည့် ရုပ်လား၊ မိမိသန္တာန်က ရုပ်လား၊ သူတပါး သန္တာန်က ရုပ်လား၊ မိမိသန္တာန်က ဆိုလျှင် ခေါင်းထဲက ရုပ်လား၊ ကိုယ်ထဲက ရုပ်လား၊ လက်ထဲက ရုပ်လား၊ ခြေထဲက ရုပ်လား၊ စက္ခုဒွါရက ရုပ်လား၊ သောတဒွါရက ရုပ်လား စသည်ဖြင့် စစ်ဆေးကြည့်ပါ၊ ဘယ်က ရုပ်မျှ မဟုတ်ဘဲ အမည်ပညတ် စသော စိတ်ကူးအာရုံမျှ ဖြစ်နေကြောင်း ထင်ရှားပါလိမ့်မည်။ ဒါကြောင့် ကာလဝိမုတ်ကိုလည်း မရှုရတာပါပဲ။
ပစ္စုပ္ပန်ကိုတော့ ဘာကြောင့် ရှုရပါသလည်းဆိုယင် ပစ္စုပ္ပန်တရားဆိုတာ ယခုမှ ဒွါရ ၆ ပါးမှာ ထင်ပေါ်လာတယ်၊ အဲဒါကို ဘယ်ကိလေသာနဲ့မှ မစွဲလမ်းရသေးဘူး၊ အဝတ်သစ်များမှာ အညစ်အကြေး မတင်သေးတာလို၊ စက္ကူအသစ်များမှာ မှင်စာလုံး မထင်သေးတာလို အသစ်စက်စက် စင်ကြယ်နေတယ်။ အဲဒါကို ဝိပဿနာက ဦးအောင်ရှုမိလို့ အမှန်အတိုင်း သိသွားယင် အဲဒီတရားအပေါ်မှာ ကိလေသာအညစ်အကြေးတွေ မကပ်ငြိ မစွဲလမ်းနိုင်တော့ဘူး၊ မရှုမိယင်တော့ အဲဒီတရားကို ကိလေသာက စွဲလမ်းသွားတယ်၊ စွဲလမ်းပြီးမှတော့လည်း ခုနကပြောခဲ့တဲ့အတိုင်း ပြုပြင်လို့ မရတော့ဘူး။ ဒါကြောင့် ဒီသဘောကို နားလည်အောင် “ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ဝင်ရောက်သည်” လို့ ဆိုတာပါ။
ဖြစ်ခိုက်မှာ ဖြစ်တုန်း ဖြစ်ဆဲမှာ မရှုမိလို့ရှိယင် အဲဒီရုပ်နာမ်အပေါ်မှာ စွဲလမ်းမှု ဝင်ရောက်ပါတယ်တဲ့။ ကာမုပါဒါန် ခေါ်တဲ့ တဏှာနဲ့လည်း စွဲလမ်းတယ်၊ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ခေါ်တဲ့ ဒိဋ္ဌိနဲ့လည်း စွဲလမ်းတယ်။ အဲဒီစွဲလမ်းဆိုတာဟာ ဥပါဒါန်ပဲ၊ ဥပါဒါန်ဖြစ်ယင် ဘာတွေ ဖြစ်သွားသလည်းဆိုတော့ -
“တဿုပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ .. ဆိုတဲ့ -
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အတိုင်း ဆင်းရဲ တရားတွေချည်း ဖြစ်သွားတယ်။ ဒါကြောင့် “စွဲလမ်းတယ်” ဆိုတာဟာ သေးသေးကွေးကွေး တရားမဟုတ်ဘူး၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ဆိုတဲ့ အင်မတန်ကြီးကျယ်တဲ့ ဥပါဒါန်တရားကြီးပဲ။
အဲဒီစွဲလမ်းမှု ဥပါဒါန်ဖြစ်တော့ ကမ္မဘဝ ခေါ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ ဖြစ်မြောက်လာတယ်။ ဖြစ်ပုံကတော့ - စွဲလမ်းမိတဲ့သူဟာ “ဘယ်လိုလုပ်ယင် ကောင်းစား ချမ်းသာလိမ့်မယ်လို့ ကိုယ့်ထင်မြင် စွဲလမ်းချက် ရှိတဲ့အတိုင်း ကိုယ်အလိုရှိတာတွေ ပြီးစီးအောင် တခုခုကို သူလုပ်တော့တာပါပဲ။ သူထင်ရာ သူလုပ်တာပါပ။ ယခုလူတွေ လုပ်ကိုင် နေကြတာတွေဟာ ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်၊ အဲဒါတွေဟာ သူ့အထင်နဲ့သူ ကောင်းတယ် ထင်ရာတွေကို လျှောက်လုပ်နေကြတာပါပဲ၊ အဲဒီလို ကောင်းတယ် ထင်တာက ဘာလဲဆိုယင် .. ဥပါဒါန်ပဲ။
ပြီးတော့ လူချမ်းသာ နတ်ချမ်းသာ ဘဝမှာလည်း အိုရ သေရ ရုံတွင် မကသေးဘူး၊ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ - အကြောင်းအားလျော်စွာ စိုးရိမ်ပူဆွေးရတာတွေ ငိုကြွေးရတာတွေ ကိုယ်ဆင်းရဲ အမျိုးမျိုးတွေ စိတ်ဆင်းရဲ အမျိုးမျိုးတွေ စိတ်နှလုံး ပြင်းစွာ ပူပန်ရတာတွေလည်း ဖြစ်ပေါ်လာကြသေးတယ်တဲ့။ ဒါတွေဟာ အကုန်လုံး မလိုလားအပ်တဲ့ ဆင်းရဲတွေချည်းပဲ။ ဒါကြောင့် “ဧဝံ၊ ဤဆိုခဲ့သောနည်းဖြင့်။ ကေဝလဿ၊ ချမ်းသာနှင့် မရောမယှက် သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်ပါတယ်” တဲ့
ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရအားဖြင့် စွဲလမ်းမှု ဥပါဒါန်ကြောင့် ကုသိုလ် ကမ္မဘဝ ဖြစ်ပေါ်လာတာလည်း ကြောက်စရာကောင်းတဲ့ ဆင်းရဲပဲ၊ အဲဒီ ကမ္မဘဝကြောင့် လူချမ်းသာ နတ်ချမ်းသာ ဖြစ်ရတယ်ဆိုတာလည်း ဖြစ်ရ အိုရ သေရ စိုးရိမ်ပူဆွေးရ ငိုးကြွေးရ ကိုယ်စိတ်ဆင်းရဲရ အစရှိတဲ့ ဒုက္ခတွေကြောင့် ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေချည်းပဲ၊ အကုန်လုံး ဆင်းရဲချည်းပဲလို့သာ ဆိုရတယ်။
မှန်ကန်တဲ့ အစွဲအလမ်းကြောင့် ကုသိုလ်ကမ္မဘဝဖြစ်ပုံအပြင် မှားယွင်းတဲ့ အစွဲအလမ်းကြောင့် အကုသိုလ် ကမ္မဘဝ စသည်ဖြစ်ပြီး အတိုင်းထက်အလွန် ဆင်းရဲတာတွေလည်း ရှိသေးတယ်။
ဒါကြောင့် ဥပါဒါန်ဆိုတာ အင်မတန် ကြောက်စရာကောင်းပါတယ်၊ အင်မတန်လည်း အရေးကြီးပါတယ်။ ဝိပဿနာ ရှုရတယ်ဆိုတာ ဒီဥပါဒါန် မဖြစ်နိုင်အောင် ဥပါဒါန် ငြိမ်းသွားအောင်လို့ ရှုရတာပဲ။ ဒါကြောင့် ဆောင်ပုဒ်ထဲမှာ “မစွဲဘို့ရာ ရှုရပါတယ် ဆိုတာကို ဖော်ပြထားတာပဲ။ တဏှာနဲ့ သာယာပြီး မစွဲလမ်းဘို့၊ ဒိဋ္ဌိနဲ့ အထင်မှားပြီး မစွဲလမ်းဘို့ မြဲတဲ့အနေ ချမ်းသာတဲ့အနေအားဖြင့် သာယာပြီး မစွဲလမ်းဘို့၊ အသက်ကောင် သတ္တဝါကောင် ငါကောင် အနေအားဖြင့် ထင်မှားပြီး မစွဲလမ်းဘို့ ရှုရတာပဲ။
ဒီလို မရှုနိုင်တဲ့ သူတွေမှာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အဲဒီလိုဘဲ စွဲလမ်းနေရတယ်။ ဝိပဿနာဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် မသိသေးယင် မြင်ရာကနေပြီး ဒီအတိုင်းဘဲ စွဲလမ်းနေကြပါတယ်။ လူတိုင်း ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ယင် “ဒီအတိုင်း စွဲလမ်းမှုရှိနေတယ်” ဆိုတာကို ကိုယ့်ဟာကိုယ်ဘဲ ထင်ရှား သိနိုင်ပါတယ်။
တသက်လုံး တဘဝလုံး အသက်ရှင်နေတဲ့ သတ္တဝါကောင်ကလေးအနေနဲ့ ကိုယ့်ဟာကိုယ်လည်း ထင်နေတယ်၊ သူများတွေကိုလည်း ထင်နေတယ်။ အမှန်ကတော့ တသက်လုံး တဘဝလုံး အသက်ရှင်ပြီး တည်နေတဲ့ အသက်ကောင် သတ္တဝါကောင်ဆိုတာ ရှိတာကိုမဟုတ်ဘူး၊ တခုပြီးတခု ဆက်ကာ ဆက်ကာ မပြတ်ဖြစ်နေတဲ့ စိတ်ကလေးတွေနဲ့ ရုပ်ကလေးတွေ ဒီရုပ်နာမ် ၂ မျိုးသာရှိတာဘဲ။ ဒီရုပ်နာမ်တွေကိုဘဲ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ထင်မှတ်စွဲလမ်းနေကြတာဘဲ။
မြင်ရာက စွဲလမ်းသလိုဘဲ ထိုအတူ ကြားရာကလည်း စွဲလမ်းတယ်၊ နံရာ စားရာ တွေ့ထိရာတွေကလည်း စွဲလမ်းတယ်၊ စိတ်ကူး စဉ်စား ကြံသိရာကတော့ ငါကောင် သတ္တဝါကောင် အနေနဲ့ အစွဲလမ်းဆုံးပါပဲ။ ဒီလို ဒွါရ ၆ ပါးက ဒိဋ္ဌိနဲ့လည်း အထင်မှားပြီး စွဲလမ်းနေကြတယ်။ ဒါကြောင့် အဲဒီလို အထင်မှားပြီး စွဲလမ်းမှုတွေ မဖြစ်ရအောင်လို့လည်း ရှုရတာပဲ။
ဒါကြောင့် ဆောင်ပုဒ်က “မစွဲဘို့ရာ ရှုရပါတယ်” လို့ ဆိုထားတယ်။ အဲဒီလို ရှုတော့လည်း ဖြစ်ဆဲ ဖြစ်ခိုက်မှာ ရှုပါမှ စွဲလမ်းမှုက ကင်းငြိမ်းနိုင်တယ်။ ဒါကြောင့် “ဖြစ်ဆဲမှာ ရှုရပါတယ်” လို့လည်း ဆိုထားပြန်တယ်။ အဲဒီလို ဖြစ်ဆဲ ဖြစ်ခိုက်မှာ မရှုယင် ဘာဖြစ်သလည်းဆိုတော့ စွဲလမ်းမှုတွေဖြစ်တယ်။ ဒါကြောင့် -
“ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်” လို့ ဆိုထားတာဖြစ်ပါတယ်။
ဖြစ်ခိုက်ဆိုတာ မြင်ခိုက် ကြားခိုက် နံခိုက် စားသိခိုက် တွေ့ထိခိုက် ကွေးခိုက် ဆန့်ခိုက် လှုပ်ရှားခိုက် ကြံသိခိုက် အဲဒါတွေပါပဲ။ အဲဒီ မြင်ခိုက် ကြားခိုက် စသည်မှာ မရှုမိလို့ရှိယင် အဲဒီ ရုပ်နာမ်တရားတွေအပေါ်မှာ မြဲတဲ့အနေနဲ့ စွဲလမ်းမှု၊ ချမ်းသာတဲ့အနေနဲ့ စွဲလမ်းမှု၊ ပုဂ္ဂိုလ်သတ္တဝါကောင်အနေနဲ့ စွဲလမ်းမှု၊ ဒီလို စွဲလမ်းမှုတွေက ဝင်ရောက်လာတယ်။
ဒီလို မြင်ရာစသည်မှာ စွဲလမ်းမှု ကိလေသာတွေ ဖြစ်နိုင်တာကလည်း မရှုလို့ပါပဲ၊ ရှုယင်တော့ မဖြစ်နိုင်ပါဘူး။ မြင်တိုင်း ကြားတိုင်း သိတိုင်း “မြင်တယ်၊ ကြားတယ်၊ သိတယ်” စသည်ဖြင့် ဖြစ်တိုင်း ဖြစ်တိုင်းကို ရှုနေယင် မြင်ပြီးပျောက်၊ ကြားပြီးပျောက်နဲ့ ချက်ချင်းပဲ ပျောက်ပျောက်သွားတာတွေကို တွေ့ရတယ်၊ ဒီလိုတွေ့ပြီး အမှန်အတိုင်းသိယင် ချစ်စရာလည်းမရှိဘူး၊ မုန်းစရာလည်း မရှိဘူး၊ ဘာမှစွဲလမ်းစရာ မရှိတော့ဘူး။ စွဲလမ်းစရာ မရှိယင် စွဲလမ်းမှုမဖြစ်နိုင်တော့ဘူးပေါ့။ ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ကိလေသာကိန်းမှု စွဲလမ်းမှု မဖြစ်နိုင်အောင် ရှုဘို့ လိုပါတယ်။
ဒီတော့ အဲဒီလို စွဲလမ်းမှု မဖြစ်စေချင်လျှင် ဖြစ်တိုင်း ဖြစ်တိုင်း ချက်ချင်း ရှုရမယ်၊ ဒီလို ရှုသွားယင်တော့ စွဲလမ်းမှုတွေ ဖြစ်ခွင့်မရဘဲ ကင်းပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် - ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှု ကင်းပျောက်သည်တဲ့။
ဖြစ်တိုင်းမှတ်ရှု ဆိုတာ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့ထိတိုင်း ကွေးတိုင်း ဆန့်တိုင်း လှုပ်ရှားတိုင်း စိတ်ကူး စဉ်းစားကြံစည်တိုင် အဲဒါတွေကို ချက်ချင်းရှုရမယ်လို့ ဆိုလိုတယ်။ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ယခု မြင်ယင် ယခုရှု၊ ယခု မြင်ယင် ယခုရှု၊ ဒီလို ချက်ချင်း ချက်ချင်း ရှုရှုသွားရတယ်၊ အကြွေးမထားရဘူး၊ ဝိပဿနာက အကြွေးမရဘူး။ ချက်ချင်း လက်ငင်း ရှုရှုသွားမှရတယ်။ ဒါမှ စွဲလမ်းမှုက မဝင်ရောက်နိုင်တာ။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအခြေခံတရားတော်မှ ကောက်နှုတ် မှတ်စုထုတ် ဖော်ပြပါသည်။ ဆရာတော်ဟောစဉ် အပြည့်အစုံမဟုတ်ပါ။ တူရာစု၍ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာပါရှိပါက ကျနော်အပြစ်သာဖြစ်ပါသည်။
ဝိပဿနာအခြေခံတရားတော် (အပိုင်း ၄)
“ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ဝင်ရောက်သည်” တဲ့
ဒီတော့ အဲဒီလို စွဲလမ်းမှု မဖြစ်စေချင်လျှင် ဖြစ်တိုင်း ဖြစ်တိုင်း ချက်ချင်း ရှုရမယ်၊ ဒီလို ရှုသွားယင်တော့ စွဲလမ်းမှုတွေ ဖြစ်ခွင့်မရဘဲ ကင်းပျောက်သွားလိမ့်မယ်။
“ချက်ချင်း ရှုရမယ်” ဆိုတာ မြင်ပြီးလျှင် ပြီးချင်း လက်ငင်း ရှုဖို့ပါပဲ။ ကျမ်းဂန်စကားဖြင့် ပြောရယင် စက္ခုဒွါရဝီထိ ဆုံးသွားလျှင်သွားခြင်း တဒနုဝတ္တကမနောဒွါရဝီထိတွေ မဖြစ်သေးခင် ဦးအောင် ရှုရမယ်လို့ ဆိုလိုပါတယ်။
အဆင်းကိုမြင်ရာမှာ ဝီထိစိတ်ဖြစ်ရိုးဖြစ်စဉ်က ဒီလိုရှိပါတယ်။
ပထမ ထင်ပေါ်လာတဲ့ အဆင်းကို မြင်တယ်၊ အဲဒါကို မြင်ဝီထိလို့ မှတ်ထားပါ။ ပြီးတော့ အဲဒီ မြင်ပြီးအဆင်းကို ပြန်လည် ဆင်ခြင်တယ်၊ အဲဒါကို ဆင်ခြင်ဝီထိလို့ မှတ်ထားပါ။ ပြီးတော့ မြင်ရတဲ့ အဆင်းတွေကို ပေါင်းစပ်ပြီးတော့ ပုံသဏ္ဍာန် အထည်ဒြဗ်အနေနဲ့ ထင်မြင်သွားတယ်၊ အဲဒါကို ဒြဗ်ဝီထိ လို့ မှတ်ထားပါ။ ပြီးတော့မှ အမည်ပညတ်ကို သိသွားတယ်၊ အဲဒါကို အမည်ဝီထိ လို့ မှတ်ထားပါ။ မတွေ့ဘူးလို့ အမည်မခေါ် တတ်တဲ့ ဝတ္ထုမျိုးဆိုယင်တော့ ဒီအမည်ဝီထိ မဖြစ်နိုင်တော့ပါဘူး။
အဲဒီ ၄ ဝီထိ ထဲမှာ ပထမ မြင်ဝီထိ ဖြစ်စဉ်က ဖြစ်ဆဲပစ္စုပ္ပန်အဆင်း ပရမတ်ကို မြင်သိသွားတယ်၊ ဒုတိယ ဆင်ခြင်ဝီထိမှာ မြင်ပြီး အတိတ်အဆင်း ပရမတ်ရုပ်ကိုဘဲ ပြန်ဆင်ခြင်တယ်။ ဒီဝီထိ ၂ ခုလုံး အဆင်းပရမတ် ရုပ်ကိုချည်း အာရုံပြုကြတယ်၊ ပညတ်ကို မရောက်သေးဘူး။ ထူးတာကတော့ ပစ္စုပ္ပန်နဲ့အတိတ် ဒါလောက်ပဲ ထူးခြားတယ်။ ပရမတ်အာရုံချင်းကတော့ အတူတူပါပဲ။
တတိယ ဒြဗ်ဝီထိ ကျတော့ ပုံသဏ္ဍာန် အထည်ဒြဗ်ပညတ်ကို ရောက်သွားပြီ၊ စတုတ္ထ အမည်ဝီထိကျတော့ အမည်ပညတ်ကိုတောင် ရောက်သွားပြီ။ ဒီက နောက်ဆက်ပြီးဖြစ်တဲ့ ဝီထိတွေကျတော့ အဲဒီ အထည်ဒြဗ်အမည်တွေနဲ့ စပ်ဆိုင်တဲ့ ပညတ် အမျိုးမျိုးတွေကို ရောက်သွားတယ်။ ဒီစိတ်အစဉ်တွေက ဝိပဿနာ မရှုတဲ့သူတွေမှာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအခြေခံတရားတော်မှ ကောက်နှုတ် မှတ်စုထုတ် ဖော်ပြပါသည်။ ဆရာတော်ဟောစဉ် အပြည့်အစုံမဟုတ်ပါ။ တူရာစု၍ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာပါရှိပါက ကျနော်အပြစ်သာဖြစ်ပါသည်။
ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၁)
ဝိပဿနာဉာဏ် ၉ ပါးတို့၏ လုပ်ငန်းစဉ်ကိုရှင်းမပြသေးမီ အခြေခံဖြစ်သော သဘောတရားတို့ကို သိရှိနားလည်ရန် လိုအပ်ပါသည်။ သိသင့်သိထိုက်သော သဘာဝ အချက်တို့ကိုလည်း ကြိုတင်သိရှိထားရမည် ဖြစ်၍ အဘိဓမ္မာသဘောနှင့် ဝိပဿနာသဘောတရား ၂ ပါးတို့၏ ခြားနားပုံကို ရှေးဦးစွာ အကျဉ်းမျှ ရှင်းပြလိုပါသည်။
ဝိပဿနာလုပ်ငန်းစဉ်ကို သဘာဝနည်းဖြင့် ဝေဘန် သိမ်းဆည်းကြရာတွင် အဘိဓမ္မာသဘောတရားသို့ သက်ရောက်တတ်လေရာ ထိုသို့မသက်ရောက် မကျရောက်အောင် အထူး သတိပြုစေလိုပါသည်။
အဘိဓမ္မာနည်းဆိုသည်မှာ ရှင်တော်မြတ်ဘုရားသည် ရုပ်လောက နာမ်လောက ခေါ် စိတ် စေတသိက် ရုပ်တရားတို့ကို သဘောတူရာ ပေါင်းစပ် ယှဉ်တွဲ၍ ဖြစ်ရှိပုံနှင့်တကွ ထုတ်ဖော်လျက် အမည်အမျိုးမျိုး သမုတ်သတ်မှတ် ပညတ်တင်ပြီးလျှင် တန်ဆာဆင်ယင်၍ ဖွင့်ပြထားသော လောကကို အဘိဓမ္မာလောက ဟု ခေါ်ဆိုလေသည်။
အဘိဓမ္မာလောက၌ ခန္ဓာငါးပါး အာယတန ၁၂ ပါး ဓာတ် ၁၈ ပါး ပဋိစ္စသမုပ္ပါဒ်တရား စသည်ဖြင့် အမည် အမျိုးမျိုး မှည့်ခေါ်၍ သမုတ်ထားသော်လည်း လိုရင်းအရ ဝေဘန်လိုက်သော် ရုပ်လောက နာမ်လောက ၂ ပါးတို့သာ ဖြစ်ချေသည်။
အဘိဓမ္မာ ရ ကျမ်း ဆိုသည်မှာလည်း ရုပ်နာမ်တရား ၂ ပါးတို့ပင်လျှင် ကုသိုလ် အကုသိုလ် အဗျာကတ စသည်ဖြင့် ဝေဘန်ပြခြင်း၊ ခန္ဓာစသည်ဖြင့် ဝေဘန်ပြခြင်း၊ ဓာတ်စသည်ဖြင့် ဝေဘန်ပြခြင်း၊ ပဋိစ္စသမုပ္ပါဒ် ပဋ္ဌာန်းစသည်ဖြင့် အမည်အမျိုးမျိုး နည်းစုံ ဖွင့်၍ ဆန်းကြယ် ခမ်းနားစွာ ဝေဘန်၍ ဖွင့်ပြခြင်းတို့ပင် ဖြစ်ပေသည်။
ဆိုလိုရင်း အဓိပ္ပါယ်မှာ အဘိဓမ္မာနည်းသည် သဘာဝဓမ္မတို့၏ ဖြစ်ပေါ်မှု ခေါ် သင်္ခတဓမ္မ လောကကြီးကို ဉာဏ်အစုံနှိုက်၍ ဘယ်ပုံဘယ်နည်းဖြင့် ဖြစ်ပေါ်သည်ဟု ခွဲခြမ်း စိတ်ဖြာ ဝေဘန်ပိုင်းခြား ထုတ်ဖော် ထားသောကြောင့် အဘိဓမ္မာ ဒေသနာတော်သည် အလွန်နက်နဲ ဆန်းကြယ်တော်မူလေရကား ရှင်တော်မြတ်ဘုရားတို့၏ ကျက်စားရာ သဘောတရားကြီးပင် ဖြစ်ပေသည်။
မဂ်ဖိုလ်အတွက် ရရာ ရကြောင်း အချက်ကောင်းကြီးသည်ကား ထိုအဘိဓမ္မာနည်းနှင့် မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော မဂ်ဖိုလ်တရားသည် အသင်္ခတဓမ္မ သဘောတရားသက်သက်ဖြစ်၍ ထိုသဘောတရားသို့ ဆိုက်ရောက်လိုသော ပုဂ္ဂိုလ်သည် သင်္ခတဓမ္မကို ဆိပ်သုဉ်းအောင် ဝေဘန် သိမ်းဆည်း အားထုတ်လုပ်ဆောင်ခြင်းဖြစ်၍ အဘိဓမ္မာနည်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
ရှင်တော်မြတ်ဘုရားသည် အဘိဓမ္မာနည်း၌ ရုပ်လောကကို ဝေဖန်ပြသောအခါတွင် အဝိနိဗ္ဘောဂ ခေါ် ရုပ် ၈ ခုမှာပင် ခွဲစိတ်၍ မရနိုင်ဟု သဘာဝဥက္ခောင်းချ၍ သင်္ခတဓမ္မလောကကြီးကို အမျိုးမျိုးတွဲစပ် ပေါင်းယှဉ်လျက် တည်ထောင်ပြတော်မူပေသည်။
ထိုမှတပါး ဓာတ်တပါး တပါးကို ထုတ်ဖော်၍ ဟောကြားတော်မူရာ၌လည်း မာမှု ပျော့မှု ပူမှု ဧမှု ဖွဲ့စည်းမှု ယိုစီးမှု ဟူသော သဘာဝလက္ခဏာကိုသာ ထုတ်ဖော်၍ အဘိဓမ္မာနည်းကို ဟောကြားတော်မူခဲ့ပေသည်။
ဤဟောကြားတော်မူခြင်းသည်ကား သင်္ခတဓမ္မ၏ ဖြစ်ပေါ်နေပုံကို ဖွင့်ပြလိုသောကြောင့် သဘာဝလက္ခဏာ မျှသာလျှင် ထုတ်ဖော်၍ ဟောကြားခြင်း ဖြစ်ပေသည်။ ဤဟောကြားခြင်းဖြင့်လည်း အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အဖို့မှာကား အလွန်ကြမ်းတမ်းရုန့်ရင်းသော အတ္တဒိဋ္ဌိ ခေါ် ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟူသော အစွဲမှားကြီးသာ ပြုတ်နိုင်ရာသည်။ မိန်မ ပုဂ္ဂိုလ် သတ္တဝ ဟူသော အစွဲမှားကြီးသာ ပြုတ်နိုင်ရာပေသည်။ ဝိပဿနာဉာဏ်စဉ်တွင်သွင်း၍ ဝေဘန်လျှင် မာမှု ပျော့မှု ခေါ် သညာသိ ဝိညာဏ်သိ သဘောမျိုးသည် မည်သည့် ဝိပဿနာဉာဏ်စဉ်မှ သွင်း၍ မရနိုင်သေးပေ။ သို့ရာတွင် နာမရူပ ပရိစ္ဆေဒဉာဏ်၏ အခြေခံသဘောလောက်သာ သွင်း၍ ရနိုင်ပါသေးသည်။
နာမ်လောကကို ဝေဘန်သော အခါမှာလည်း တခုသော နာမ်တရား ခေါ် သိမှု၌ စေတသိက်ပေါင်း မြောက်မြားစွာတို့နှင့် ပေါင်းယှဉ်တွဲစပ်ပြီးမှ ဝိညာဏ်သိလောကကို ဖွင့်ပြတော်မူနိုင်လေသည်။ ဤ၌ အဘိဓမ္မာ ဒေသနာတော်ကို ဝိညာဏ်သိလောကဟု ဆိုလိုက်ခြင်း မဟုတ်ပေ။ အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အသိဉာဏ်နှင့် ဝေဘန်ခြင်းကိုသာ ဝိညာဏ်သိလောကဟု ဆိုလိုသည်။
ဘုရား ရဟန္တာ အရိယာ အရှင်မြတ်တို့၏ အသိဉာဏ်နှင့် ဝေဘန်လျှင် အဘိဓမ္မာဒေသနာတော်သည် ပညာသိလောက၏ ကျက်စားရာ အစစ်အမှန်ကြီး ဖြစ်သောကြောင့် ( အဘိ အတိ ရေကော ဓမ္မော အဘိဓမ္မော၊ အဘိဝိသိဋ္ဌာ ဓမ္မာ ဧတ္ထာတိ အဘိဓမ္မာ) စသည်ဖြင့် အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူကြလေသည်။
ဝိပဿနာနည်းဆိုသည်မှာ ရှင်တော်မြတ်ဘုရားသည် ရုပ်တပါး တပါးကို၎င်း ၊ နာမ်တရား တပါးတပါးကို၎င်း ဝိပဿနာဉာဏ် (၁၀) ပါးနှင့် ခွဲစိတ်၍ အနိစ္စအစစ် ဒုက္ခအစစ် အနတ္တအစစ်တို့ကို ဖွင့်လှစ်ရှာဖွေသောနည်းကို ဆိုလိုသည်။ ဥပမာ - ပထဝီဓာတ်တပါးကိုပင်လျှင် ဝိပဿနာဉာဏ် ၉ ပါးနှင့် ၉ လွှာရအောင် ခွဲစိတ် ဝေဘန်ခြင်း သည် ဝိပဿနာ၏ အရာဌာနဖြစ်ပေသည်။
အဘိဓမ္မာနည်းကား (၉) လွှာရအောင် ခွဲစိတ်ဝေဘန်ခြင်း မရှိပေ။
ဝိပဿနာတရားဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်ဉာဏ်ကို အလွန်စေစားရသော ဉာဏ်အလုပ်ဖြစ်ပေသည်။ တခုသော သဘာဝ၏ အစကိုတွေ့လျှင် အဆုံးတိုင်အောင် ဝေဘန်ပိုင်းခြားနိုင်ရလေသည်။ ဤသို့ ဝေဘန်နိုင်သော ဉာဏ်မျိုးကို တိဟိတ်ဉာဏ်ဟု ခေါ်နိုင်လေသည်။
ဒွိဟိတ်ဉာဏ်ဆိုသည်မှာကား တခုသော အစကို တွေ့လျှင် အဆုံးတိုင်အောင် မဝေဘန်နိုင်ပဲ တွေ့သလောက်နှင့်ဘဲ ရောင့်ရဲတင်းတိမ်၍ နေသော အသိဉာဏ်မျိုးကို ဒွိဟိတ်ဉာဏ်ဟု ဆိုလိုပေသည်။
လောက၌ ဒွိဟိတ် တိဟိတ် ခေါ်ကြရာတွင် ပုဂ္ဂိုလ်၏အပေါ်၌ အချောအလှနှင့် အပြောအဟော အကျင့်တရား ကောင်း မကောင်းအပေါ်မှာသာလျှင် မူတည်၍ ခေါ်ကြခြင်း မဟုတ်ပါ၊ အသိဉာဏ် အပေါ်မှာသာလျှင် မူတည်၍ ခေါ်ဝေါ်ကြခြင်း ဖြစ်ပေသည်။
ဝိပဿနာ၏ လုပ်ငန်းစဉ်မှာ တစ်ခုသော သဘာဝတရား၏အစကိုတွေ့သော် အဆုံးသို့ရောက်အောင် ဝေဘန် ပိုင်းခြား သုံးသပ် ဆင်ခြင်ရသော လုပ်ငန်းစဉ်ကြီးဖြစ်၍ တိဟိတ်ဉာဏ်ရှိသော ပုဂ္ဂိုလ်မှသာလျှင် ပေါက်မြောက်အောင် မွှေနှောက်လုပ်ဆောင်နိုင်ရာပေသည်။
ဤကဲ့သို့ ပေါက်မြောက်အောင် လုပ်ဆောင်နိုင်သော ပုဂ္ဂိုလ်မှသာလျှင် တိဟိတ်ဉာဏ်နှင့် ပြည့်စုံသောကြောင့် ပါရမီရှင် ပုဂ္ဂိုလ်ဟု ခေါ်နိုင်လေသည်။ ထိုပါရမီသည်ကား ဘဝအဆက်ဆက် သံသရာအဆက်ဆက် အသိဉာဏ်ကို မွေးမြူလာခြင်းတို့ကြောင့်သာ ဖြစ်ပေသည်။ ဒါန သီလ သမထ ဘာဝနာ တို့ဖြင့် အသိဉာဏ်ကို မွေးမြူငြားသော်လည်း အခြေခံ စရဏတရား လောက်သာ ရနိုင်ရာသည်။
ဝိပဿနာတရားနှင့် အသိဉာဏ်ကို မွေးမြူနိုင်မှ သာလျှင် ပါရမီအစစ်အမှန်ကို ရရှိတော်မူနိုင်ပေသည်။ သာသနာတော် နောက်ပိုင်း၌ တရားအားထုတ်ကြသော ပုဂ္ဂိုလ်တို့တွင် အချို့ကား ဝိဇ္ဇာဉာဏ် ခေါ် အသိတရားကို အထက်စခန်းသို့ရောက်အောင် ပါရမီမျိုးပါလာကြသောကြောင့် စရဏခေါ် အာနာပါန အလုပ်တရားကို အားထုတ်သော်လည်း ပညတ်အရိပ်နိမိတ် မထင်နိုင်ဘဲရှိနေလေရာ ထိုပုဂ္ဂိုလ်မျိုးကို ပါရမီအရိပ် နည်းပါးသည်ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသိဉာဏ်ပညာပြဋ္ဌာန်းနေမှုကြောင့် စရဏခေါ် အကျင့်တရား နုံနှေးသည်ဟု ဝေဘန်နိုင်လေသည်။
အချို့ တနာရီထိုင်၍ အာနာပါနလုပ်ခါမျှနှင့် ပညတ်အရိပ်နိမိတ် ထွက်ပေါ် ကွန့်မြူးပြီးလျှင် စိတ်ဝိညာဏ်ကို တစ်ခုသော အာရုံတွင် ထားနိုင်လေရာ ဤသို့ ထားနိုင်မှုကလေးနှင့် ပါရမီ ပြည့်စုံသည်ဟု မဆိုနိုင်ရာ၊ စရဏ တရားသာပြည့်စုံ၍ ဝိဇ္ဇာဉာဏ်တရားတွင်ကား ထိုပုဂ္ဂိုလ်မျိုးသည် ပေါက်မြောက်အောင်မြင်အောင် နှစ်ရှည်လများ အားထုတ်ရတတ်ချေသည်။
ထို့ကြောင့် လက်တွေ့လုပ်ငန်းစဉ်အရ အားထုတ်လိုပါလျှင် အစကိုတွေ့သော် အဆုံးတိုင်အောင် ဝေဘန်သုံးသပ်နိုင်ရန် မိမိတို့၏ ကိုယ်ပိုင် ဉာဏ်ဖြင့် အစွမ်းကုန် အကြိမ်ကြိမ် အဖန်ဖန် ပိုင်းခြားရလေသည်။
သို့မှသာလျှင် (လမ်းဆုံးလျှင် ရွာကို တွေ့ရမည်) ဟူသော စကားပုံအတိုင်း တစ်ခုသော ဓမ္မ၏ အဆုံးသို့ ရောက်သော် မဂ်တရား ဖိုလ်တရားကိုတွေ့ရပေမည်။ လမ်းဆုံးလို့မှ ရွာကို မတွေ့ခဲ့သော် ဤလမ်းသည် ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော မဇ္ဈိမပဋိပဒါ ခေါ် အလယ်လမ်း မဟုတ်သောကြောင့် ဟုဆိုရပေမည်။
တရားဆွေးနွေးကြရာတွင် (ဧကောဓမ္မော) ဟူသော စကားကို အလွန်ပင် အပြောများကြလေရာ ဧကောဓမ္မော၏ သဘာဝကို ဝေဖန်သုံးသပ်ရလျှင် တခုသောဓမ္မ၏ အစကိုတွေ့သော် အဆုံးသို့ ရောက်အောင် ဝေဘန် ပိုင်းခြားသဖြင့် သဘာဝအတိ အသိဉာဏ် ဆိုက်ရောက်ခြင်းကို ဧကောဓမ္မောဟု ဆိုလိုရင်းဖြစ်ပေသည်။
ရှင်တော်မြတ်ဘုရား၏ သာသနာတော်တွင် ဝိပဿနာလုပ်ငန်းစဉ်ကို အလိုရှိကြကုန်သော သူတော်ကောင်းတို့သည် ဧကောဓမ္မော ဆိုက်၍ လမ်းဆုံးသို့ရောက်အောင် (ဝါ) မဂ်ဖိုလ်သို့ ဝင်နိုင်အောင် ပထဝီဓာတ်တပါးကိုပင်လျှင် ပျော့ မာမှု သဘောလောက်နှင့် အသိဉာဏ်ရပ်ဆိုင်းမနေကြပဲ (၉) လွှာအထိ ခွဲစိတ်နိုင်ကြပါလျှင် လမ်းဆုံးသို့ ရောက်၍ မဂ်ဖိုလ်ကို အမှန်တွေ့နိုင်ပါလိမ့်မည်။
မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၂)
ဝိပဿနာတရားကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် အခြေခံသဘောကို မူလထား၍ ရှာဖွေရမည်ဖြစ်သည်။ ပညတ်နှင့် ပရမတ်တရား ၂ ပါးကို ခွဲခြား၍ ဝေဘန်သိရမည်ဖြစ်ပေသည်။
ပညတ်တရားဆိုသည်မှာ အကြောင်းမဲ့သက်သက် ပေါ်ထွက်လာခြင်းမဟုတ်ပေ။ တစ်စုံတစ်ခုသော ပရမတ်တရား ရှိမှသာလျှင် ပရမတ်ကို အခြေခံထား၍ ပေါ်ထွက်နိုင်လေသည်။
ထို့ကြောင့် တိကျမှန်ကန်သော လုပ်ငန်းစဉ်ကို အလိုရှိသော ပုဂ္ဂိုလ်သည် ပရမတ်သဘောကို လက်တွေ့နည်းဖြင့် တွေ့အောင် ရှာဖွေလိုသော် ပညတ်သဘောကို ရှေ့ဦးစွာ ဝေဘန် စစ်ဆေးရမည်၊ ပညတ်ကို ဝေဘန်စစ်ဆေးမှ လိုရင်းဖြစ်သော ပရမတ်သဘောကို တွေ့နိုင်မည်ဖြစ်သည်။
အချို့သော ဝိပဿနာ အားထုတ်သူတို့က ပညတ်တရားကို တဘက်သတ် စီရင်ချက်ချ၍ မရှိဟုပယ်ထုတ်ထားကြလေသည်။ ဤပယ်ထုတ်ချက်မျိုးသည် မဂ်စခန်း ဖိုလ်စခန်းတွင် စီရင်ချက်ချမှတ်သော သဘောမျိုး ဖြစ်ချေသည်။ ယခုအခါမှာကား မဂ်ဖိုလ်သို့ တက်နိုင်ရန် အခြေခံ သဘောတရားကို ရှာဖွေသော အခါကာလဖြစ်၍ ပညတ်တရားကို မရှိသဘောဟု စီရင်ချက် တစ်ဖက်သတ်မချပါနှင့် ပညတ်တရားကို ရန်သူအနေထား၍လည်း မပယ်ထုတ်သင့်ပေ။
လက်တွေ့နည်းအရ ဝေဖန်သိမ်းဆည်းပါလျှင် ၎င်းပညတ်တရားနှင့်ပင် ပရမတ်သဘောကို တွေ့အောင် ရှာဖွေရမည် ဖြစ်သောကြောင့် ၎င်းပညတ်သဘောကို အသုံးပြုလောက်ရုံ လက်ခံ သိမ်းပိုက်ထားစေရမည်၊ ပရမတ်သဘောကို တွေ့သော် ၎င်းပညတ်တရားသည် အသုံးပြုရန် ကိစ္စကုန်သဖြင့် လျစ်လျူပြုရန်သာ ဖြစ်ပေသည်။
ပညတ်တရားကို ရန်သူကြီးအနေသဘောထား၍ မုန်းတီး စက်ဆုပ်စရာလည်း မဟုတ်ပေ၊ ခင်တွယ် နှစ်သက်စရာလည်း မဟုတ်ပေ၊ တစ်ခုသောဓမ္မကို တစ်ခုသောဓမ္မနှင့် ရှာဖွေရန်အတွက် အသုံးပြုခြင်းသာ ဖြစ်သည်ဟု မှတ်ရာပေသည်။
ထို့ကြောင့်ရှေးဦးစွာ ပညတ်တရားကို ဝေဘန်သော် ဝိဉာဏ်သိလောကတွင် ပညတ်တရားသည် ၅ မျိုး ထွက်ပေါ်လာသည်။
(၁) နာမပညတ် - အမည် အမျိုးမျိုးဖြင့် ခေါ်ဝေါ်ခြင်း။
(၂) သဏ္ဍာနပညတ် - ပုံဟန် သဏ္ဍာန် အမျိုးမျိုးဖြင့် သိစေခြင်း။
(၃) ဃနပညတ် - အစိုင်အခဲ အစုအတုံးကို ခေါ်သည်။
(၄) သမူဟပညတ် - အပေါင်းအစု သဘောကို ခေါ်သည်။
(၅) သဘာဝပညတ် - သဘောလက္ခဏာတို့ဖြင့် သိစေခြင်းကိုခေါ်သည်။
ထိုပညတ် ၅ မျိုးတို့တွင် ရှေ့ဦးစွာ နာမပညတ်ကို စစ်တမ်းထုတ်၍ကြည့်ရမည်၊ အဘယ်ကြောင့်ဆိုသော နာမပညတ်သည် အရေးအကြီးဆုံးသော တရားခံကောင်ဖြစ်နေပေသည်။ သက္ကာယဒိဋ္ဌိခေါ် အစွဲတရားကြီးပေါ်ထွက်လာရခြင်းမှာလည်း နာမပညတ်ကြောင့်ပင်ဖြစ်ပေသည်။
လောကတွင် ယောက်ျားဟူ၍၎င်း၊ မိန်းမဟူ၍၎င်း၊ ပုဂ္ဂိုလ်သတ္တဝါဟူ၍၎င်း ခေါ်ဝေါ်ကြခြင်းသည် နာမပညတ်ကြောင့်ပင်ဖြစ်ပေသည်။ ထိုနာမပညတ်ရှိသောကြောင့်သာလျှင် သက္ကာယဒိဋ္ဌိခေါ် အစွဲတရား ပေါ်ထွက်နိုင်လေသည်။ နာမပညတ်မရှိပါသော် ဘာကိုစွဲကိုင်၍ သက္ကာယဒိဋ္ဌိ ပေါ်ထွက်မည်နည်း။
ထို့ကြောင့် သက္ကာယဒိဋ္ဌိဆိုသည်မှာ အကျိုးတရား အရာ၌တည်၏၊ နာမပညတ်သည်ကား အကြောင်းတရား အရာ၌ တည်၏။ အကြောင်းတရားရှိခဲ့သော် အကျိုးတရားလည်း အမှန်ရှိပေမည်၊ ဝိပဿနာအလုပ်ကို အားထုတ်သော ပုဂ္ဂိုလ်တို့က မစွဲနှင့်ဟု ပြောဆို ဆုံးမပိတ်ပင်နေကြသော်လည်း အကြောင်းတရားရှိက အပြောသာ ဖြစ်နေပေလိမ့်မည်။ မစွဲဘဲနေကြမည်မဟုတ်ပေ။ အပြောနှင့်လုပ်ငန်းကြီး မအောင်မြင် မပြီးစီးနိုင်ရာ၊ အကြောင်းတရားကို အမှန်တကယ် ချုပ်ငြိမ်းနိုင်မှသာ အကျိုးတရားလည်း ပြီးငြိမ်းဘွယ် အဖြစ်သို့ ရောက်ပေမည်။
သက္ကာယဒိဋ္ဌိခေါ်တဲ့ အစွဲကြီးကို ဖြုတ်လိုပါလျှင် အစွဲသဘော၏ ထွက်ပေါ်ရာ အခြေခံအုဌ်မြစ်ဖြစ်သည့် နာမပညတ်ကို အသိဉာဏ်နှင့် ဝေဘန်၍ မပေါ်နိုင်အောင် ခြေမှုန်းသုတ်သင် ရှင်းလင်းနိုင်စေရမည်ဖြစ်သည်။
နာမပညတ်ကို တရားခံထား၍ ရှာဖွေသလို နာမပညတ်၏ ပေါ်ထွက်ရာ တရားခံကိုလည်း ရှာဖွေဖို့လိုပေသည်။ ဝိပဿနာတရား၏ လုပ်ငန်းစဉ်ဆိုသည်မှာ တရားခံကို အပျောက်ခံရသော လုပ်ငန်းစဉ်မျိုးမဟုတ်ပေ။ အခြေခံ အရင်းအမြစ်ကို တွေ့အောင် ရှာဖွေရသော လုပ်ငန်းစဉ်မျိုး ဖြစ်သည်။
နာမပညတ်ခေါ် အမည်အမျိုးမျိုး မှည့်ခေါ်ထားနိုင်ခြင်းသည် သဏ္ဍာနပညတ်ပေါ်တွင် အခြေခံအုဌ်မြစ်ရှိသောကြောင့်သာ နာမပညတ်ဖြစ်ပေါ်နိုင်လေသည်။ တစ်စုံတစ်ခုသော အားကိုးမှီခိုရာ မရှိပါလျှင် နာမပညတ်ခေါ် အမည်အမျိုးမျိုးတို့သည် အဘယ်မှာလျှင် ထွက်ပေါ်နိုင်ပါမည်နည်း။
ထို့ကြောင့် နာမပညတ်၏ အခြေခံဖြစ်သော ဒုတိယတရားခံကို တွေ့အောင် ရှာဖွေပြန်သော သဏ္ဍာနပညတ်ပင် ဖြစ်ပေသည်။ သဏ္ဍာနပညတ်ဆိုသည်မှာလည်း ပုံဟန်သဏ္ဍာန် အမျိုးမျိုးနှင့် အတိုအရှည် အပုအဝိုင်း အလုံးအခုံး အတည့်အရွဲ့ အစောင်းစသော ပုံသဏ္ဍာန်အမျိုးမျိုးကို ခေါ်သည်။
ထိုသဏ္ဍာနပညတ် ရှိသောကြောင့်သာလျှင် နာမပညတ်ခေါ် အမည်အမျိုးမျိုး ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
သို့ဖြစ်၍ သက္ကာယဒိဋ္ဌိခေါ် အစွဲလောကကြီးပေါ်ထွက်နေခြင်းသည် နာမပညတ်ဟူသော အမည်အမျိုးမျိုးတို့ကြောင့် ဖြစ်သည်ဟု မှတ်ယူကြစေလိုသည်။ နာမပညတ်သည်လည်း သဏ္ဍာနပညတ်ခေါ် အတို အရှည် အပု အဝိုင်း အလုံး အပြား စသော ပုံဟန်သဏ္ဍာန်အမျိုးမျိုးတို့ကြောင့် ထွက်ပေါ်လာရလေသည်။
ထိုသဏ္ဍာနပညတ်မရှိခဲ့သော် နာမပညတ်သည်လည်း မရှိနိုင်ပြီ၊ နာမပညတ် မရှိပါကလည်း သက္ကာယဒိဋ္ဌိခေါ် အစွဲလောကကြီးသည် အဘယ်မှာ ထွက်ပေါ်နိုင်မည်နည်း။
သဏ္ဍာနပညတ်ကို အဆင့်ဆင့်ဝေဖန်လိုက်လျှင် သက္ကာယဒိဋ္ဌိနှင့် နာမပညတ်တို့၏ ပေါ်ထွက် အကြောင်းတရား အခြေခံအုဋ္ဌ်မြစ်ဖြစ်ရသလို ထိုသဏ္ဍာနပညတ်သည်လည်း အကြောင်းကင်း၍ သူ့အလိုလို အလေ့ပေါက်ပေါ်ထွက်လာနိုင်သော သဘောတရားမျိုးမဟုတ်ပေ။
ထိုသဏ္ဍာနပညတ်၏ အကြောင်းတရားကို စူးစမ်းရှာဖွေပြန်သော် ဃနပညတ်ကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု အဖြေထွက်ပြန်သည်။ ဃနပညတ်ဆိုသည်မှာ အစိုင်အခဲ အစုအပုံ အတုံးကို ခေါ်ဆိုလေသည်။ သဏ္ဍာန်အရိပ်နိမိတ်လက္ခဏာ ပုံဟန်အမျိုးမျိုး မထွက်ပေါ်သေးသော အစိုင်အခဲ တစ်ခုခုကို ဃနပညတ်ဟုခေါ်ဆိုလေသည်။
ရွှံ့တုံးကြီးတစ်ခုကို နွားရုပ်သဏ္ဍာန် ဆင်ရုပ်သဏ္ဍာန် ကျွဲရုပ်သဏ္ဍာန် ပြုလုပ်ခဲ့သော် နွားရုပ် ဆင်ရုပ် ကျွဲရုပ် ဖြစ်ပေါ်လာသကဲ့သို့ ဃနဟူသော အစိုင်အခဲ ပညတ် ရှိသော် သဏ္ဍာနပညတ်ခေါ် ပုံဟန်သဏ္ဍာန် အမျိုးမျိုး ပေါ်ထွက်လာမည်ကား မလွဲနိုင်ပေ။
ဃနပညတ်သည်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်ရလိမ့်ဦးမည်။ အစိုင်အခဲ ဆိုသည်မှာလည်း သူ့အလိုလို အစိုင်အခဲကြီး ဖြစ်လာမည် မဟုတ်နိုင်ရာ၊ သမူဟခေါ် ပေါင်းစည်း ဖွဲ့စည်းမှု ရှိသောကြောင့်သာလျှင် အစိုင်အခဲ တစ်ခုခု ဖြစ်လာရသည်။
သမူဟပညတ်ဆိုသည်မှာ ပရမတ္ထ သဘာဝဖြစ်သော ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေကို စုပေါင်းခြင်း သဘောကို ဆိုလိုသည်။ ထိုရုပ်မှုန့်ကလေးတွေကို စုပေါင်းခြင်းကြောင့်သာ အစိုင်အခဲ ဖြစ်ပေါ်လာရလေသည်။
ရွှံ့တုံးကြီးတစ်ခု ဖြစ်ပေါ်လာရခြင်းမှာ ရှေးဦးစွာ မြူမှုန်ကလေးများကို စုပေါင်း၍ ရေနှင့်သမအောင် အညီအညွတ်ပြုလုပ်ပါမှ ရွှံ့တုံးကြီး ဖြစ်ပေါ်လာရသလိုပင်၊ ရွှံ့တုံးကြီးနှင့် ဃနပညတ်နှင့်တူ၏။ မြူမှုန်ကလေးများကို ပေါင်းစုခြင်းနှင့်ကား သမူဟပညတ်နှင့်တူသည်၊ သမူဟပညတ် အကြောင်းခံရှိခဲ့သော် ဃနပညတ်သည် ပေါ်ထွက်မည်ဖြစ်ပေသည်။
ဤသို့အားဖြင့် အသိဉာဏ်နှင့်ဝေဘန်သုံးသပ်သော် သက္ကာယဒိဋ္ဌိ၏ တရားခံကား နာမပညတ်ပင် ဖြစ်ပေသည်။ နာမပညတ်၏ တရားခံကား သဏ္ဍာနပညတ်ဖြစ်၏။ သဏ္ဍာနပညတ်၏ တရားခံကား ဃနပညတ်ဖြစ်သည်။
ဃနပညတ်၏ တရားခံကား သမူဟပညတ်ဟူ၍ တရားခံ အဆင့်ဆင့်များကို သဘာဝဉာဏ်နှင့် ဝေဘန်သိမ်းဆည်းအပ်ပေသည်။
ထိုမှတပါး သမူဟပညတ်၏ တရားခံကိုလည်း ရှာဖွေသိမ်းဆည်းရဦးမည်။ သမူဟပညတ်မှာကား သဘာဝခေါ် သဘောတရား ရှိမှသာလျှင် ဖြစ်ပေါ်နိုင်လေသည်။
သဘာဝခေါ် သဘောတရားတို့ကား ရုပ်တရားတို့ပင်တည်း။
ရုပ်တရားဆိုသည်မှာလည်း ပရမတ္ထသဘာဝ ဖြစ်သော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဆိုလိုသည်။ ထိုရုပ်တို့ကို သဘာဝပညတ်ဟုခေါ်သည်။ ထိုသဘာဝဖြစ်သော ရုပ်တို့ကို ပေါင်းစုလိုက်သော် သမူဟပညတ် ဖြစ်ပေါ်လာပေသည်။
၎င်းသမူဟပညတ်၏ တရားခံကား သဘာဝပညတ်ပင် ဖြစ်ပေသည်။ ထိုသဘာဝပညတ်သည်ကား အလုံးစုံသောပညတ်တို့၏ ရေသောက်မြစ်ကြီးတစ်ခု ဖြစ်ပေသည်။ ထိုရေသောက်မြစ်ပြတ်မှသာလျှင် အလုံးစုံသော ပညတ်တရားတို့သည် ပျောက်သုဉ်း၍ သက္ကာယဒိဋ္ဌိခေါ် အစွဲသဘောလည်း မစွဲနိုင်ပဲရှိချေမည်။
သဘာဝကို ပျောက်သုဉ်းအောင် ဝိပဿနာဉာဏ် အနတ္တစခန်းနှင့် မွှေနှောက် ပိုင်းခြား ဝေဘန် သုံးသပ် ဆင်ခြင်ရပေမည်။
(ပျောက်) ဆိုသော စကားသည် မရှိဘဲ လုံးဝ ပျောက်ကွယ်သွားခြင်းကို မယူပါနှင့်၊ အနတ္တဉာဏ် ပိုင်၍ သညာလှည့် ဝိညာဏ်စွဲဆိတ်သုဉ်းသွားခြင်းကို ပျောက်သွားခြင်းဟုခေါ်လွင်အောင် ခေါ်ဝေါ်သုံးစွဲလိုက်ခြင်း သာ ဖြစ်ပေသည်။
သဘာဝတရားကို ပညတ်ဟု ဆိုလိုက်ခြင်းသည် ပညတ်၏ သဘောကို မြင်စေလိုသောကြောင့်၎င်း၊ လုပ်ငန်းစဉ်နှင့် လျော်အောင် ပေါ်လွင်စေလိုသောကြောင့်၎င်း ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ စင်စစ်အမှန်မှာ သဘာဝတရားသည် ပရမတ်တရားသာလျှင်ဖြစ်ပေသည်။
ထိုသဘာဝတရားသည် ပရမတ္ထသစ္စာနယ်၌၎င်း၊ သမုတိသစ္စာနယ်၌၎င်း အလွန်အသုံးဝင်လေသည်။ သမုတိသစ္စာနယ်၌ အသုံးဝင်ပုံမှာ ယခင်ပြဆိုခဲ့ပြီးသော ပညတ်အဆင့်ဆင့်တို့သည် ပေါ်ထွက်၍ သက္ကာယဒိဋ္ဌိ အစွဲတရားကြီး စွဲဆိုနိုင်ခြင်းသည် သဘာဝခေါ် သဘောတရားကြောင့်ပင် ဖြစ်ပေသည်။
ထိုသဘာဝကို အခြေခံထားကြီးပြီးလျှင် ဝိညာဏ်သိလောကနယ်တွင် ဝိညာဏ်စွဲအမျိုးမျိုးတို့ဖြင့် စွဲယူနိုင်၍ လုပ်ငန်းစဉ်တွင် ထင်မြင် လွယ်ကူစေရန် သဘာဝပညတ်ဟု ထုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ပရမတ္ထသစ္စာနယ်၌ကား သဘာဝခေါ် ပရမတ်တရားတို့သည် အလွန် အသုံးဝင်ပြန်လေသည်။ ဝိပဿနာဉာဏ်စဉ်လုပ်ငန်းဆိုင်ရာတို့တွင် ဝေဘန် သိမ်းဆည်းသော အခါ ထိုသဘာဝတရားကို တရားခံထား၍ ခွဲစိတ် ဝေဘန်ရသောကြောင့် ထိုသဘာဝတရားသည် ပညာသိလောကနယ်ကို ဖွင့်ပြသော တရားတို့လည်း ဖြစ်ပေသည်။
ထို့ကြောင့် ဝိပဿနာအလုပ်ကို အားထုတ်လိုသော ပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ ဝိညာဏ်သိလောကနှင့် ပညာသိလောက ၂ ပါးကို ခွဲခြား၍ မှတ်ရပေမည်။
ဝိညာဏ်သိလောကဆိုသည်မှာလည်း ထင်ရှားရှိသော သဘာဝခေါ် ပရမတ်တရားမှ ထွက်ပေါ်လာသော လောကကြီး ဖြစ်ပေသည်။ ပညာသိလောကဆိုသည်မှာလည်း ထင်ရှားရှိသော သဘာဝခေါ် ပရမတ်တရားမှ ထင်ထင်ရှားရှားထွက်ပေါ်လာကြရသောကြောင့် သဘာဝပညတ်သည် ပညာနှင့်ဝိညာဏ် ၂ ခုတို့၏ ပေါ်ထွက်ရာ လမ်းဆုံကြီးဖြစ်လေသည်။
တစ်ဘက်လမ်းကာ သမုတိသစ္စာခေါ်ဝိညာဏ်သိလောက သို့ သွားရာလမ်း နှင့် တစ်ဘက်လမ်းကား ပရမတ္ထသစ္စာနယ်ခေါ် ပညာသိလောက သို့ သွားရာလမ်းဟူ၍ ၂ လမ်း ၂ သွယ် တည်ရှိနေပုံကို သဘာဝဉာဏ်ဖြင့် မြင်တွေ့အေင် ဝေဘန် သိမ်းဆည်းနိုင်စေရမည်ဖြစ်ပေသည်။
ပညတ်သဘောနှင့် အစွဲကို ဝေဘန်သောအခါ သမုတိသစ္စာခေါ် ဝိညာဏ်သိလောကကို မူထား၍ ဝေဘန်ရသောကြောင့် သဘာဝတရားကို သဘာဝပညတ်အရာဌာနတွင်ထား၍ လျော်အောင် သုံးစွဲထားလေသည်။
ဤသို့အားဖြင့် သဘာဝပညတ်ရှိသောကြောင့်သာ အဆင့်ဆင့် ပညတ်တို့ ထွက်ပေါ်ပြီးလျှင် သက္ကာယဒိဋ္ဌိခေါ် အစွဲ ထွက်ပေါ်လာရလေရာ ထိုအစွဲကိုပျောက်စေလိုလျှင် သဘာဝပညတ်ကို ပျောက်အောင် ဖျောက်နိုင်စေရမည်ဖြစ်သည်။ သဘာဝပညတ် မပျောက်သုဉ်းလျှင် သက္ကာယဒိဋ္ဌိလည်း မကွာနိုင်ပေ။
ထို့ကြောင့် မာမှု ပျော့မှုသာ ရှိ၏ဟု ဝန်ခံနေကြသော သူ ငါကအစ အကျွန်ုပ်တို့သည် အဘယ်မှာလျှင် သက္ကာယဒိဋ္ဌိကွာကြမည်နည်း။ ဤ မာမှု ပျော့မှုကို တွေ့အောင် ယခုပြဆိုသည့်နည်းဖြင့် ပညတ်နှင့်တင်၍ စစ်ဆေးကြည့်ရမည်၊ ပညတ်ကို စစ်ဆေးသော် ရှေးဦးစွာ မာမှု ပျော့မှု ဟူသော သဘာဝလက္ခဏာကို ဉာဏ်မှာတွေ့ပေမည်။
ဤမာမှု ပျော့မှုကိုလည်း (၉) လွှာ ရအောင် ခွဲစိတ်နည်းတို့တွင် တကဏ္ဍအဖြစ် (ဝါ) တလွှာအဖြစ် ပါဝင်သည်ဟု မှတ်ယူကြပါကုန်။
ပထဝီဓာတ်ဆိုသည်မှာ မာမှုသဘော ပျော့မှုသဘောကို ခေါ်သည်။ ဝိပဿနာကို အားထုတ်ကြသော ပုဂ္ဂိုလ်တိုင်း ပထဝီဓာတ်၏ သဘာကို သိကြပေလိမ့်မည်။ သို့ရာတွင် မာမှု ပျော့မှုဟူသော ဆိုင်းဘုတ် ပညတ်လောက်ကိုသာ ဉာဏ်မှာ တွေ့ကြပါလျှင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ အတ္တာနုဒိဋ္ဌိဟူသော အစွဲတရားတို့သည် အဘယ်မှာလျှင် ကွာနိုင်ပါမည်နည်း။
ပထဝီဓာတ်တပါးတည်းကိုပင် အတ္တ အနတ္တ ကွဲပြားအောင် ဉာဏ်မှာ မသိမ်းဆည်းနိုင်ဘဲနှင့် ရုပ် ၂၈ ပါး၊ နာမ် ၅၃ ပါး ခန္ဓာ အာယတန ဓာတ်သစ္စာ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတို့ကို ဒေသနာဉာဏ်လိုက်၍ လေ့လာ ဆည်းပူးနေသော်လည်း အတ္တ အနတ္တ ကွဲပြားနိုင်မည်မဟုတ်ပေ။
ဒေသနာနည်း ဆိုင်းဘုတ်စာ မှတ်တမ်းလောက်နှင့်သာ အထင်ကြီးထင် အဟုတ်ကြီး ဟုတ်နေသော် ဝိပဿနာ လမိုင်းဓာတ် ငြိကပ်ရုံမျှသာ ဖြစ်နေကြမည်ကို အထူး သတိပြုသင့်လှပေသည်။
ဤသတိပေးမှုသည် ပရဝမ္ဘန ခေါ် သဘောမျိုးနှင့် ဝိပဿနာ အားထုတ်သူတို့ကို ရှုတ်ချလိုသော စေတနာထား၍ သတိပေးခြင်းမဟုတ်ပါ။ ပထဝီဓာတ်တပါးကိုပင်လျှင် အတ္တ အနတ္တ ကွဲပြားအောင် ဝရဇိန်မိုးကြိုးစက်ကဲ့သို့ ထက်မြက်စူးယှသောဉာဏ်ဖြင့် အကြိမ်ကြိမ် ပွားများ ဝေဘန်တော်မူစေလိုသော ဆန္ဒအာသီသသာလျှင်ဖြစ်ပါပေသည်။
မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၃)
ပညတ်ဟူသည် သညာဝိညာဏ်ခေါ် နာမ်တရားတို့၏ လုပ်ကြံမှုပင်ဖြစ်သည်။
လုပ်ကြံပုံမှာ - သိမှုဟုခေါ်ဆိုသော နာမ်တရားက အမည်အမျိုးမျိုးမှည့်ခေါ်၍ထားသောကြောင့် နာမပညတ် ဖြစ်ပေါ်လာရပေသည်။ ထို့အတူ သဏ္ဍာနပညတ်မှာလည်း နာမ်တရားကပင် ပုံဟန်သဏ္ဍာန် အမျိုးမျိုးကို လုပ်ကြံ၍ သညာ ဝိညာဏ်တို့က စွဲမှတ်ထားသဖြင့် ဖြစ်ပေါ်နိုင်သောကြောင့် ပညတ်ဟူသည် နာမ်တရားတို့၏ စီမံလုပ်ကြံမှုပင်ဖြစ်၍ အဘယ်မှာလျှင် သဘာဝခေါ် ပရမတ်အားဖြင့် ထင်ရှားရှိနိုင်ပါမည်နည်း။
ပရမတ်ဆိုသည်မှာကား နာမ်တရားတို့၏ ကြံဖန် စီမံလုပ်ကိုင်၍ ဖြစ်ရှိနိုင်သော သဘောမျိုးမဟုတ်ပေ။ သဘာဝအားဖြင့် ဘယ်သူမပြုပဲ ဖြစ်ရှိနေသောတရားပင်ဖြစ်သည်။ ထိုပရမတ်ကို သညာဝိညာဏ် နှစ်ပါးနှင့်ကြည့်ရှု၍ သိနိုင်မည်မဟုတ်ရာ ပညာနှင့် ကြည့်ရှုနိုင်မှသာလျှင် သိသောတရားမျိုးဟူ၍မှတ်ပါ။
ထို့ကြောင့် ပရမတ်အစစ်ကိုသိလျှင် အတ္တစွဲပြုတ်၍ အနတ္တဉာဏ်ဆိုက်တော့သည်။ အနတ္တဉာဏ်ဆိုက်လျှင် သောတာပန်ဟူ၍ ခေါ်နိုင်သည်။
ဝိပဿနာဉာဏ်စဉ်ကို ၉ ပါး၊ ၁ဝ ပါး ထားခြင်းမှာလည်း ဉာဏ်အဆင့်ဆင့်တို့၏ ဖြစ်ပေါ်ပုံကို သိစေလို၍သာ ၉ ပါး၊ ၁ဝ ပါး ထားလေသည်။ လုပ်ငန်းစဉ်နှင့် ဝေဘန်လျှင် သမထတရားများလို လုပ်ငန်းစဉ်အဆင့်ဆင့် ပြောင်းကူး၍ လုပ်ရသည်မဟုတ် တစ်ခုသော သဘာဝဓမ္မကိုပင် ဉာဏ်မှာ သိမ်းပိုက်၍ အနတ္တဉာဏ် အစစ်သို့ ဆိုက်အောင် အစွမ်းကုန် ဆင်ခြင် မွှေနှောက်ခြင်း ဖြစ်၍ လုပ်ငန်းစဉ်အရ ဝေဘန်ကြည့်လျှင် ဒိဋ္ဌိဝိသုဒ္ဓိခေါ် လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပေသည်။
ဒိဋ္ဌိဝိသုဒ္ဓိဆိုသည်မှာ အသိဉာဏ်၏ စင်ကြယ်မှုကိုဆိုလိုသည်။ အသိဉာဏ်စင်ကြယ်ခြင်းဆိုသည်မှာလည်း သညာသိ ဝိညာဏ်သိ နှစ်ပါးမှ လွတ်မြောက်၍ ပညာသိသဘောသို့ ဆိုက်ရောက်ခြင်းကို အသိဉာဏ်၏ စင်ကြယ်ခြင်းဟုခေါ်သည်။
ထိုစကားကို ထင်ရှားပြရလျှင် ကြမ်းတမ်း ခက်မာခြင်းသဘောကို ပထဝီဟုခေါ်ရာ၌ ကြမ်းတမ်း ခက်မာကြောင်းကို တာဝန်ခံနိုင်သော တရားခံကို ရှာဖွေရမည်၊ ရှာဖွေရန်နည်းမှာ ရှေးဦးစွာ ကာယဝိညာဏ်ခေါ် လက်ညှိုး လက်မ တစ်ခုခုက စမ်းသပ်၍ စူးစမ်းသောကြောင့်သာလျှင် ခက်မာကြောင်းကို သိနိုင်လေသည်၊ သို့ရာတွင် လက်ညှိုး၌ရှိသော ကာယပသာဒ ကာယဝိညာဏ်တစ်ခုတို့နှင့်လည်း ကြမ်းတမ်းခက်မာမှုသဘောကို မသိနိုင်ရာ။ မနောဝိညာဏ်ခေါ် သိမှုလည်း ပါဝင် ထောက်ခံရဦးမည်၊ သို့မှသာ ခက်မာမှုသဘောကို သိနိုင်ပေမည်။ ဤသို့အားဖြင့် မာမှု၏သဘောဖြစ်ပုံကို ဝေဘန်သောအခါ ကာယပသာဒ ကာယဝိညာဏ် မနောဝိညာဏ်တို့၏ ထောက်ခံ ပြောဆိုမှုသဘောကိုသာလျှင် ပထဝီဟု ခေါ်ဆိုကြောင်း သိရသောကြောင့် ဤအသိမျိုးသည် သညာသိ ဝိညာဏ်သိဖြစ်၍ အဘယ်မှာလျှင် အစွဲလွတ်နိုင်ပါမည်နည်း။
(မာယူပမဉ္ဇ ဝိညာဏံ) ဟူသော ဒေသနာတော်အရ ဝိညာဏ်ဟူသည် လှည့်ပတ်ဖျားယောင်းတတ်သော မျက်လှည့်သမားမျိုးဖြစ်၍ အစွဲလွတ်ပြီဟု မယူဆနိုင်ပေ။
ထိုဝိညာဏ်သိကိုပင် ဝိပဿနာတရား အားထုတ်သူတို့က အဟုတ်ကြီး ထင်ပြီးကာ မာမှုသာရှိ၏၊ ပျော့မှုသာရှိ၏၊ ယောက်ျား မိန်းမ မရှိဟု ယူဆကြပြီးလျှင် သက္ကာယဒိဋ္ဌိကွာပြီဟု ထင်မှတ်နေကြလျှင် ဝိပဿနာ လမိုင်းဓာတ်ကပ်ရုံသာ အရသာတွေ့နေပေလိမ့်မည်။ မဂ် ဖိုလ်လမ်းဆိုသည်မှာ သညာသိ ဝိညာဏ်သိနှင့် မမိနိုင်သေး။ ပညာသိနှင့်မှ မိနိုင်သည်ဟု မှတ်ကြစေလိုသည်။
မာမှု ပျော့မှုဟူသော ပထဝီဓာတ်အသိကို ပညာသိအနေဖြင့် သိနိုင်အောင် ဝိညာဏ်သိကို ခွဲစိတ် ဝေဘန်ရဦးမည်၊ ခွဲစိတ် ဝေဘန်သဖြင့် သဘောတရား အမှန်ကို သိလျှင် (ယထာဘူတ) အသိဟူ၍ ဝိပဿနာဉာဏ်အရာမှာ ခေါ်ဆိုနိုင်လေသည်။
ပညာသိဆိုက်အောင် ပထဝီဓာတ် တစ်ပါး၏ ဒုက္ခသစ္စာကိုသိရမည်။ ပထဝီဓာတ် တစ်ပါး၏ သမုဒယသစ္စာကို ပယ်ရမည် ဖြစ်ပေသည်။
သမုဒယသစ္စာ၏ သဘောကို လက်တွေ့နည်းနှင့် ရှာဖွေသော် အတ္တခေါ် အစွဲတရားတို့ပင် ဖြစ်ပေသည်၊ အစွဲဆိုသည်မှာလည်း ဒိဋ္ဌိပင်ဖြစ်သည်၊ ဒိဋ္ဌိအရ တဖန် ဝေဘန်ပြန်သော် လောဘ၏ တဘက်သော ရေသောက်မြစ်ဖြစ်၍ သမုဒယသစ္စာ၌ အကျုံးဝင်သည်ဟုတ်မှတ်ပါ၊ ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်တို့၏ ပဌမ ပယ်စဉ်သည် ဒိဋ္ဌိတည်းဟူသော သမုဒယသစ္စာ၏ရေသောက်မြစ်ကြီးကို ပယ်ရသည်။ အနာဂါမ်ပုဂ္ဂိုလ်မှသာ ကာမရာဂ ပြဌာန်းသော လောဘခေါ် သမုဒယသစ္စာ ရေသောက်မြစ်ကို ပယ်နိုင်၏။ ရဟန္တာပုဂ္ဂိုလ်မှာကား (မာန) တည်းဟူသော သမုဒယသစ္စာရေသောက်မြစ်ကိုပယ်သတ်ကြလေသည်။
ယခု ပြဆိုအပ်သော ဝိပဿနာ အရာမှာကား ဒိဋ္ဌိတည်းဟူသော သမုဒယ ရေသောက်မြစ်ကို ပယ်ဖြတ်သော လုပ်ငန်းစဉ် ဖြစ်၍ အစွဲတရား အတ္တဒိဋ္ဌိကို သမုဒယသစ္စာဟု လုပ်ထုံးနည်း အစွဲ ၄ ချက်ဖြင့် ပြဆိုထားသည်။ အစွဲ ၄ ချက်ကို ပြဆိုထားရာ၌ ထိုအစွဲတို့ကား သူ့အလိုလို ဓမ္မာတာ အလေ့ပေါက် ပေါ်ထွက်လာကြခြင်း မဟုတ်ပေ၊ မာမှု ပျော့မှုဟူသော သညာသိ ဝိညာဏ်သိ ပရမတ္ထသဘာဝ ရှိသောကြောင့်သာလျှင် စွဲယူကြသော အစွဲသမုဒယများ ဖြစ်ချေသည်။
ထို့ကြောင့် ပထဝီခေါ် မာမှု ပျော့မှုကို ချည်တိုင်ထား၍ ၄ ချက်သေ တုပ်နှောင်ထားသည်။ လေးချက်သေ တုပ်နှောင်ခြင်း ဆိုသည်မှာ ခိုင်မြဲသည်ထက် ခိုင်မြဲပြီး မလွတ်နိုင်ဘဲ အသွားအပြန် တုပ်နှောင်ခြင်းကို ဆိုလိုသည်။ တုပ်နှောင်ပုံကို ဝေဘန်ပြပါဦးမည်။
(၁) ရုပ်သည်ငါဖြစ်၏၊ (၂) ငါသည် ရုပ်ဖြစ်၏၊ (၃) ရုပ်၌ငါရှိ၏၊ (၃) ငါ၌ရုပ်ရှိ၏။ ဤလေးပါးသည် ပထဝီခေါ် မာမှု ပျော့မှု၌ တုပ်နှောင်ထားသော အစွဲလေးချက်ပင်တည်း။
ဤအသွားအပြန် တုပ်နှောင်ခြင်း ဆိုသည်မှာ ရှေးဦးစွာ ရုပ်သည် ငါဖြစ်၏ဟု စွဲယူခြင်းကား “အသွားတုပ်နှောင်ခြင်း” မည်၏။ ၎င်းအသွား တုပ်နှောင်ခြင်းကို စိတ်မချသေး၍ အပြန် တုပ်နှောင်သည်မှာ ငါသည် ရုပ်ဖြစ်၏၊ ဤကား “အပြန်တုပ်နှောင်ခြင်း” တည်း။
ထို့ပြင် အတွင်းတုပ်နှောင်ခြင်း၊ အပြင်တုပ်နှောင်ခြင်းဟူ၍လည်း ရှိသေး၏။ ရုပ်၌ ငါရှိ၏ ဟူသော တုပ်နှောင်ခြင်းသည် “အတွင်းတုပ်နှောင်ခြင်း” မည်၏။ ငါ၌ရုပ်ရှိ၏ဟု တစ်ဖန် တုပ်နှောင်ခြင်းကား “အပြင်တုပ်နှောင်ခြင်း” မည်၏။
ဤသို့အားဖြင့် အစွဲခေါ် အတ္တဒိဋ္ဌိသည် သာမန်အားဖြင့် မစွဲယူဘဲ အလွန်ခိုင်မြဲအောင် (၄) ချက်သော တုပ်နှောင်ခြင်းတို့ဖြင့် တုပ်နှောင်လျှက် အသွားအပြန် အတွင်းအပြင် မလိုရအောင် ပြင်းစွာ ချည်နှောင် ထားသောကြောင့် အန္ဓပုထုဇဉ်ခေါ် ဓာတ်မျက်စိမရှိကြကုန်သော ပုဂ္ဂိုလ်တို့သည် အဘယ်မှာလျှင် လွတ်မြောက်အောင် ဖြတ်ထွက်နိုင်ပါမည်နည်း။
အတ္တဒိဋ္ဌိခေါ် အစွဲ ၄ ချက် ဖြစ်ပေါ်နေပုံကို သဘောပါလောက်ပေပြီ၊ ၎င်းအစွဲ ၄ ချက်ကို အတ္တဒိဋ္ဌိဟု ခေါ်သည်။ ဓမ္မသင်္ဂဏီပါဠိတော်နှင့် အဋ္ဌကထာကြီးများတွင် အတ္တဒိဋ္ဌိ ၂ဝ ကို ထုတ်ဘော်ပြချက်အရ အတ္တဒိဋ္ဌိ ၂ဝ ဆိုသည်မှာ ယခုဖော်ပြခဲ့သော အစွဲ ၄ ချက်ကို ပထဝီဟူသော ရုပ်ခန္ဓာ၌ ၄ ပါး ခွဲစိတ်ဝေဘန်သလို နာမ်ခန္ဓာ ၄ ပါးကိုလည်း တစ်ပါးပါး၌ အစွဲ ၄ ချက်ကို ဝေဘန်ရမည်၊ ခန္ဓာ ၅ ပါးကို ထည့်၍ ၄ နှင့်မြှောက် ၂ဝ ဖြစ်၏၊ ၎င်း ၂ဝ ကို အတ္တဒိဋ္ဌိ ၂ဝ ဟုခေါ်သည်။
၎င်းအတ္တဒိဋ္ဌိ ၂ဝ တို့သည် ခန္ဓာ ၅ ပါးပေါ်တွင် စွဲယူနေကြသော အစွဲများဖြစ်၍ “ခန္ဓာ ၅ ပါးသာရှိ၏၊ ယောက်ျား မိန်းမ မရှိ” ဟုယူဆသိရုံနှင့် ၎င်းအစွဲတို့သည် ပြုတ်ကြမည် မဟုတ်ရာ၊ ခန္ဓာ ၅ ပါးဟူသော သဘာဝရှိလျှင် ၎င်းအစွဲတို့လည်း ရှိမည်ဟုမှတ်ပါ။
ထို့အတူ ပထဝီဟူသော မာမှုသဘောရှိလျှင် ထိုမာမှုသဘောကို စွဲယူသော အစွဲသည်လည်း ရှိမည်မှာ အမှန်ဖြစ်ချေသည်။ ဆိုလိုရင်းသဘောမှာ စွဲစရာရှိလျှင် အစွဲတရားသည် ရှိနေမည်ဖြစ်ပေသည်၊ စွဲစရာဖြစ်သော ပထဝီဓာတ်ကိုဒုက္ခသစ္စာဟုခေါ်သည်၊ အစွဲကိုကား သမုဒယသစ္စာဟူ၍မှတ်ယူရပေမည်။
မီးနှင့် မီးရောင်၏သဘောကို နားလည်ရမည်၊ မီးရှိသော် မီးရောင်သည်ရှိဘိသကဲ့သို့ ပထဝီဓာတ်ဟူသော ဒုက္ခသစ္စာရှိလျှင် မီးရောင်ဟူသော သမုဒယသစ္စာရှိပေမည်၊ မီးရောင်ကိုအလို မရှိလျှင် မီးကိုသာငြိမ်းရမည်၊ မီးငြိမ်းလျှင် မီးရောင်လည်း ငြိမ်းတော့သည်။ မီးကိုမငြိမ်းပါဘဲနှင့် မီးရောင်ကိုသာ ငြိမ်းနေပါလျှင် အဘယ်မှာ ငြိမ်း၍ရပါမည်နည်း။
ထို့ကြောင့် ပထဝီဓာတ် တစ်ပါးကိုပင် အစွဲ ၄ ချက်ပြုတ်အောင် အနတ္တဓာတ်ကို ဝေဘန်ရမည်၊ ဝေဘန်ပုံကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဟူသော သဘောလေးချက်နှင့် ပထဝီပျောက်သုဉ်းအောင် မွှေနှောက် ပိုင်းခြား တတ်ရမည်ဖြစ်သည်။ ပထဝီပျောက်သုဉ်းလျှင် ၎င်းပထဝီကို စွဲကပ်နေသော အစွဲ ၄ ချက်လည်း အဘယ်မှာလျှင် ရှိတော့မည်နည်း။
ပထဝီကို ပျောက်အောင် ဖျောက်ရမည် ဆိုခြင်းမှာလည်း အနတ္တဉာဏ်ဆိုက်အောင် ဝေဘန်ခြင်းပင် ဖြစ်သည်၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား ပထဝီဓာတ်ကို အနတ္တဉာဏ် ပေါက်အောင် ဝေဘန်ခြင်းတို့ဖြစ်ပေသည်။
ပရမတ္ထသဘာဝတို့၏ အနတ္တ လက္ခဏာကို ဝေဘန်ပြသောအခါ အဋ္ဌကထာဆရာမြတ်တို့သည် ဤလက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ခေါ် သဘောကြီး ၄ ချက်တို့ဖြင့် ဝေဘန်၍ အနတ္တဓာတ်ကို ပြတော်မူကြလေသည်။
သို့ရာတွင် လက်တွေ့နည်းနှင့် ဝေဘန်နိုင်မှသာလျှင် အနတ္တဓာတ်ကို တွေ့နိုင်လေသည်။
ဒေသနာနည်းကို အားကိုး၍ သာမန်အားဖြင့် ဝေဘန်လျှင် ဝိညာဏ်စွဲ အနတ္တလောက်သာ ဉာဏ်မှာ တွေ့ကြပေလိမ့်မည်၊ ပညာစစ်အနတ္တတွေ့လျှင် အစွဲပြုတ်နိုင်လေသည်။ ထို့ကြောင့် ပထဝီဓာတ်တစ်ပါး၏ အနတ္တဓာတ်အစစ်ကိုတွေ့မှုသည် လွယ်ကူလှသည်မဟုတ်ပေ။
သဘောကြီး ၄ ချက်နှင့် ဝေဘန်လျှင် အနတ္တကို ဝေဘန်နိုင်သည်ဟု ညွှန်ကြားသော်လည်း လက်တွေ့နည်းနှင့် ဝေဘန်နိုင်မှသာလျှင် တွေ့နိုင်လေသည်။
သဘောကြီး ၄ ချက်နှင့် ဝေဘန်၍ ပေါက်ရောက်ကြသော အနတ္တဉာဏ်မျိုးကား (ယထာဘူတ) အသိခေါ် အနတ္တဉာဏ်သာ ဖြစ်သေး၏၊ ဉာဏ်စဉ်နှင့် ဝေဘန်လျှင် ဝိပဿနာ၏ အခြေခံအုဌ်မြစ်လောက်ဖြစ်သော အနတ္တဉာဏ်ဖြစ်ပေသေးသည်။
ထိုဉာဏ်ကို မိမိတို့၏ ကိုယ်ပိုင်ဉာဏ်နှင့်မှီအောင် လိုက်နိုင်မှသာလျှင် အထက်ဖြစ်သော ဥဒယဗ္ဗယဝိပဿနာနည်းကို လှမ်းကိုနိုင်မည်ဖြစ်ပေသည်။
ရှင်တော်မြတ်ဘုရားသည် ဝိပဿနာအရာ၌ ဉာဏ်စဉ်များကို ဖော်ထုတ်သောအခါတွင် သုံးချက်သေစရွေးကိုက်ထား၍ ဖွင့်ပြတော်မူသည်။
ဖွင့်ပြတော်မူပုံမှာ (၁) ဒေသနာနည်း၊ (၂) လက်တွေ့နည်း၊ (၃) သဘာဝနည်းအားဖြင့် သုံးချက်သော နည်းကို ရှေးဦးစွာ ဝေဘန်သိရမည်။
ဒေသနာနည်းဆိုသည်မှာ ပထဝီဓာတ်တပါးကို သဘောကြီး (၄) ချက်တို့ဖြင့် ဝေဘန်၍ ပြခြင်းသည် ဒေသနာနည်းမည်၏။ ထိုဒေသနာနည်းကို သာသနာတော် ၃ ရပ်နှင့် ဝေဘန်လျှင် ပရိယတ္တသာသနာမည်၏၊ ကောင်းခြင်း ၃ ပါးနှင့် ဝေဘန်လျှင် အစ၏ကောင်းခြင်း မည်၏။
လက်တွေ့နည်းဆိုသည်မှာ သဘောကြီး ၄ ချက်နှင့်ဝေဘန်ရန်ကို ဒေသနာနည်းက ပြဆိုသည့်အတိုင်း ပထဝီဓာတ်ကို သဘောကြီး ၄ ချက်နှင့် ဝေဘန်သဖြင့် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ထင်မြင်လာသော အနတ္တဓာတ်သည် လက်တွေ့နည်းမည်၏၊ ထိုလက်တွေ့နည်းသည် ပရိယတ္တိသာသနာ မည်၏
သဘာဝနည်းဆိုသည်မှာ သဘောကြီး ၄ ပါးတို့၏ လုပ်ငန်းစဉ်ပြီးဆုံး၍ တရားဥက္ခောင်း ကျရောက်သဖြင့် ထိုဉာဏ်၏ ဧကောဓမ္မော ဆိုက်ရောက်ခြင်းသည် သဘာဝနည်းမည်၏။
ထိုသဘာဝနည်းသည် သာသနာတော် ၃ ရပ်တို့တွင် ပဋိဝေဓ သာသနာတော်မည်၏။ ကောင်းခြင်း ၃ ပါးတို့တွင် အဆုံး၏ ကောင်းခြင်းမည်၏၊ ဤသို့အားဖြင့် တလွှာတလွှာ၌ ၃ ချက်သေ စရွေးကိုက်ညီအောင် အားထုတ်ရမည်၊ ၃ ချက်သေ စရွေးမကိုက်လျှင် လုပ်ငန်းစဉ်သည် ယထာဘူတမဆိုက်သေးဟု မှတ်ရမည်။ ထို့ကြောင့် ပထဝီဓာတ်တပါးကို ဌာန် ၄ ချက်ခေါ် သဘောကြီး ၄ ပါးနှင့် ဝေဘန်သောအခါ ၃ ချက်သေ စရွေးကိုက်အောင် ပိုင်းခြားဝေဘန် ဆင်ခြင်တော်မူကြပါကုန်။
ဆက်လက်ဖော်ပြပါမည်။
မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၄)
ပထဝီဓာတ် တစ်ပါးသေလျှင်လည်း ကြွင်းသော ရုပ်နာမ် အလုံးစုံတို့သည် သေသည်မည်ကုန်၏၊ သေ ဆိုသည်မှလည်း သညာသိ ဝိညာဏ်သိ ပြတ်ခြင်းကို ဆိုလို၏။ ပထဝီဓာတ်ကို လုပ်ငန်းစဉ်နှင့်လျော်အောင် ၂ မျိုး ခွဲခြား၍ ယူနိုင်စေရမည်။
(၁) ဝိညာဏ်ပထဝီ၊ (၂) ပညာပထဝီ ဤသို့အားဖြင့် ၂ မျိုးရှိရာ ကာယဝိညာဏ် မနောဝိညာဏ် ၂ ပါးတို့၏ ထောက်ခံ အားပေးမှုကြောင့် ဖြစ်ပေါ်နေသော ပထဝီကို ဝိညာဏ်ပထဝီဟုခေါ်သည်။
ပညာ ပထဝီ ဆိုသည်မှာကား ထိုကာယဝိညာဏ် မနော ဝိညာဏ် နှစ်ပါးတို့က ထောက်ခံအားပေးသဖြင့် မာသည်ဟု သိရှိကြရသော ဝိညာဏ်တွေ့ ပထဝီကိုပင် သဘောကြီး ၄ ပါးနှင့် ဝေဘန်ပိုင်းခြား ခွဲခြမ်း စိတ်ဖြာ သဖြင့် အသိဉာဏ် ပေါ်ထွက်လာသော ပရမတ္တ သဘာဝ ဆတ်ဆတ် ခေါ် တစ်ခုသော သဘောတရားသည် ပညာသိ ပထဝီ မည်၏။
ထိုပညာသိ ပထဝီကို တွေ့အောင် လက်တွေ့နည်းခေါ် သဘောကြီး ၄ ပါးဖြင့် ပိုင်းခြား ဝေဘန်ရမည်၊ ပိုင်းခြား ဝေဘန်နိုင်သော အသိဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်ဟု ခေါ်၏၊ ထိုဉာဏ်သည် မဂ် ဖိုလ်သို့ ဝင်ရာ အခြေခံ တံခါးဝသဖွယ် ဉာဏ်ဖြစ်၍ ယောဂီပုဂ္ဂိုလ်တို့၌ အလွန် အရေးကြီးလေသည်။
ပျော့ - မာ - ဟူသော ပထဝီဓာတ်ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ခေါ် ဌာန်လေးပါးတို့နှင့် ပိုင်းခြား ဝေဘန် သိမ်းဆည်းရလေသည်။ ပိုင်းခြားဝေဘန်သဖြင့် စင်ကြယ်သော အသိဉာဏ် ထွက်ပေါ်လာခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်သည်။
ဒိဋ္ဌိဝိသုဒ္ဓိကား ဝိပဿနာဉာဏ်၏ ကဏ္ဍ - မဟုတ်သေး၊ ဝိပဿနာ၏ အခြေခံ အဆင့်အတန်းမျှသာ ဖြစ်သေး၏။
လက္ခဏဆိုသည်မှာ (သာမညံဝါ သဘာဝေါဝါ) ဟူ၍ အဋ္ဌကထာဆရာများ ဖွင့်ဆိုထားသောကြောင့် “မိမိ၏သဘောတရားသည်” လက္ခဏမည်၏၊ (ဥပမာ) မာမှု သဘော ပျော့မှုသဘော ပူမှု-အေးမှု ဖွဲ့စည်း တွန်းကန်မှု သဘောတရား တို့ကို “လက္ခဏ” ဟု ခေါ်သည်။
“လက္ခဏ” ဟူသော မှတ်ကြောင်းသဘောတရားက အမျိုးမျိုး ဝေဘန်ထားသောကြောင့် သဘောတရား အမျိုးမျိုးတို့ ထွက်ပေါ်နေနိုင်လေသည်။ “လက္ခဏ” မရှိခဲ့သော် အဘယ်မှာလျှင် မာမှု-ပျော့မှု-ပူမှု-အေးမှု သဘောတရားတို့သည် ရှိနိုင်ပါမည်နည်း၊ “လက္ခဏ” ကိုသာလျှင် အားကိုး၍ ဖြစ်ပေါ်နေကြသော သဘောတရားများသာ ဖြစ်ချေ၏၊ ဤကား အကျဉ်း ဝေဘန်ပြချက် ဖြစ်ပေသည်။
“ရသ” ဆိုသည်မှာ (ကိစ္စသမ္ပတ္တိံ ဝါရသောနာမ) ဟူ၍ အဋ္ဌကထာဆရာ ဖွင့်ပြသောကြောင့် “အမှုကိစ္စ ပြည့်စုံအောင် ဆောင်ရွက်စီမံအားထုတ်သော သဘောကို ‘ရသ’ ဟု ခေါ်သည်၊ ဆိုလိုရင်းမှာ အလုပ်သမားကို ‘ရသ’ ဟုမှတ်၊ အလုပ်သမားဟု ခေါ်ရခြင်းမှာလည်း မာမှုသဘော-ပျော့မှုသဘော-ပူမှု-အေးမှု သဘောတရားတို့ အစဉ်ဖြစ်ပေါ်လာနိုင်အောင် ဆောင်ရွက် လုပ်ကိုင်ပေးခြင်းပင် ဖြစ်သည်၊ ထို ‘ရသ’ ဟူသော အလုပ်သမားက ပြည့်စုံညီညွတ်အောင် ဆောင်ရွက်ပေးနိုင်မှသာလျှင် မာမှု-ပျော့မှု ဟူသော သဘောတရားကို လက္ခဏက ဖန်ဆင်းနိုင်လေသည်၊ ရသမရှိခဲ့သော် အဘယ်မှာလျှင် လက္ခဏသဘော ရှိနိုင်မည်နည်း။
ဝိညာဏ်နယ် လောကကြီးတွင် မာမှု-ပျော့မှု-ပူမှု-အေးမှု စသည်ဖြင့် လက်မထောင်၍ အသားယူနေခြင်းသည် လက္ခဏ စသည်ဖြင့် လက်မထောင်၍ အသားယူနေခြင်း လက္ခဏ ရသ နှစ်ပါး တို့ကြောင့်ပင်ဖြစ်ပေသည်။ လက္ခဏ - ရသ သဘောတရား ၂ ခုကိုပင် ဝေဘန်ကြည့်ရုံနှင့် မာမှု ပျော့မှု ဟူသော ပထဝီသည် မိမိ၏ သဘောတရား သက်သက်ဖြင့် ပျော့ - မာနေခြင်း မဟုတ်ကြောင်းကို ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ဝေဖန်နိုင်လေသည်၊ လက္ခဏ ရသ တို့၏ သဘောကို မသိသော ပုဂ္ဂိုလ်တို့သာလျှင် မာခြင်း ပျော့ခြင်းတို့ကို တကယ့်သဘောကြီး ထင်မှတ်နေပေလိမ့်မည်။ တကယ့်သဘောကြီး ထင်မှတ်နေမှုကို အတ္တဒိဋ္ဌိ အသိမှားဟု ခေါ်သည်၊ ယောက်ျား မိန်းမဘဲဟု စွဲယူမှ အတ္တဒိဋ္ဌိဖြစ်သည် မဟုတ်ရာ၊ မာမှု ပျော့မှု သဘောကို သူ့အလိုလို အနှစ်အသား အနေနှင့်ရှိ၏ဟု ယူဆလျှင်လည်း (ဝါ) ဆွဲကိုင်ထားလျှင်လည်း အတ္တဒိဋ္ဌိဟု မှတ်ရာ၏။
အနှစ်အသား ဆိုသည်မှာ (သယံ နိဝါသိ ဝေဒကော ကာရကော) ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ ဖွင့်ပြထားသောကြောင့် ငါ့သဘောနှင့် ငါမာနိုင်သည်၊ ငါပျော့နိုင်သည်၊ ငါလုပ်နိုင်သည်၊ ငါခံစားနိုင်သည်ဟု ယူဆခြင်းကို ဆိုလိုသည်။
လက္ခဏရသ နှစ်ပါးနှင့် ဝေဘန်ကြည့်သောအခါ ၎င်းတို့၏ သဘောနှင့် အဘယ်မှာလျှင် မာနိုင်ပျော့နိုင် ကြမည်နည်း၊ လက္ခဏနှင့် ရသကို အစဉ်အားကိုးနေသော မာမှု ပျော့မှု တို့သာ ဖြစ်ချေသည်၊ ထို့ကြောင့် မာမှု ပျော့မှုကို အနှစ်အသားအနေနှင့် (ဝါ) မိမိ၏သဘောတစ်ခုတည်းဖြင့် ပျော့ မာ နိုင်ကြောင်းအနေနှင့် မသိမ်းပိုက်ထိုက်ပေ၊ မသိမ်းပိုက်နိုင်ပေ၊ ဤသို့ မသိမ်းပိုက်နိုင်ခြင်းသည် အနတ္တမည်၏။
ပစ္စုပဋ္ဌာန်ဆိုသည်မှာ (ဥပဋ္ဌာနကာရောဝါ ဖလံဝါ) ဟူ၍ အဋ္ဌကထာအရှင်မြတ်တို့ မိ်န့်ဆိုတော်မူသောကြောင့် အားထုတ်သော ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်အား ရှေးရှုထင်သော အခြင်းအရာ သဘောတရားကို ဆိုလိုသည်၊ အခြင်းအရာသဘောတရားဟူသည် အသိဉာဏ်၌ ထင်မြင်သော အကျိုးတရားပင် ဖြစ်သည်။
မာမှု ပျော့မှု ဟူသော သဘောတရားသည် အကြောင်းမဲ့သက်သက် ပေါ်ထွက်လာသော သဘောတရားမျိုးမဟုတ်ပေ၊ တစ်စုံတစ်ခုသော အကြောင်းတရားကို အစွဲပြုရမှသာလျှင် ပျော့နိုင် မာနိုင်သော သဘောတရားဖြစ်၍ အကျိုးတရားဟု ဆိုလိုသည်၊ အကျိုးတရားကို တွေ့ရှိခဲ့သော် အကြောင်းတရားကို ရှာဖွေရဦးမည်။ တေဇော ဝါယော အာပေါ ဟူသော ၃ ပါးသော သဘောတရားတို့က အကြောင်းတရားမည်၏၊ မာမှု ပျော့မှု ဟူသော ပထဝီကား အကျိုးတရားမည်၏။
ဤသို့အားဖြင့် ပထဝီဟူသော သဘောတရားကို ပစ္စုပဋ္ဌာန်နှင့် ဝေဘန် သုံးသပ်သော် ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေ့ရှုထင်သော အကျိုးတရားကိုသာ တွေ့ရှိရလေသည်၊ မာသည် ပျော့သည် ဟူသော သဘောတရားကို မတွေ့ရပေ၊ သို့ရာတွင် ဝိညာဏ်နယ်ခေါ် အစွဲလောကကြီးတွင် ခေါ်ဝေါ်အသုံးပြုလို၍သာ မာသဘော ပျော့သဘောဟု ဝိညာဏ်က မှတ်တမ်းတင်ထားလေသည်၊ ထိုဝိညာဏ်၏ မှတ်တမ်းတင်ထားခြင်းကို လက္ခဏ သမားများကသာ ထောက်ခံ၍ အမျိုးမျိုး ဝါဒဖြန့်နေကြသောကြောင့် မောင်မာနှင့် မောင်ပျော့ကို အဟုတ်ရှိ အမှန်ရှိ တကယ်ရှိထင်မှတ်နေကြလေသည်။
ပညာနှင့် သဘောတရားကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရှုသောအခါ မာမှု ပျော့မှု ပျောက်သုဉ်း၍ နောက်ဆုံးတွင် ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေ့ရှုထင်သော သဘောတရား အခြင်းအရာမျှသာ ဖြစ်လေသည်၊ တစ်စုံတစ်ခု အမည်နာမ အားဖြင့် ပြောပြစရာ ဘာပဲဟူ၍ မခေါ်ဝေါ်နိုင်ပေ။
ပဒဋ္ဌာန် ဆိုသည်မှာကား (အာသန္နကာရဏံ ပဒဋ္ဌာနံနာမ) ဟူ၍ အဋ္ဌကထာ အရှင်မြတ်တို့ မိန့်ဆိုတော်မူသောကြောင့် နီးစွာသော အကြောင်းတရားသည် ပဒဋ္ဌာန်မည်၏၊ နီးစွာသော အကြောင်းတရား ဆိုသည်မှာလည်း ဓာတ်ကြီး ၄ ပါးတို့သည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး ကျေးဇူးအထူပြုနေကြသော သဘောတရားများဖြစ်၍ မာမှု ပျော့မှုသည် တေဇော ဝါယော အာပေါဟူသော ၃ ပါးသော ဓာတ်ကြီးတို့၏ ထောက်ပံ့မှုကြောင့် ဖြစ်ပေါ်လာသော သဘောတရားဖြစ်၍ ဓာတ် ၃ ပါးသည် နီးစွာသော အကြောင်းတရားဟု ခေါ်သည်။
ဤသို့အားဖြင့် မာမှု ပျော့မှု ပထဝီသည် ဝိညာဏ်သိလောကတွင် ပျော့ မာ သည်ဟု ဆိုနိုင်သော်လည်း ၃ ပါးသော ဓာတ်ကြီးတို့၏ ထောက်ပံ့မှု အရှိန်အစော်ပင်ဖြစ်သည်၊ ၃ ပါး သော ဓာတ်ကြီးတို့ မထောက်ခံသော် အဘယ်မှာလျှင် ပျော့ မာ နိုင်ပါမည်နည်း၊ ဋ္ဌာန် ၄ ချက်နှင့် ဝေဘန်မကြည့်သော ပုဂ္ဂိုလ်တို့သည်သာလျှင် သူ့ကိုယ်တိုင်လက်မထောင်၍ မာနိုင် ပျော့နိုင်သည်ဟု မှတ်ထင်ကြပေလိမ့်မည်၊ ဌာန် ၄ ပါးနှင့် ဝေဖန်ကြည့်သောအခါ ၃ ပါးသော ဓာတ်ကြီးတို့၏ အရှိန်အစော်ကိုသာ တွေ့ရသဖြင့် အဘယ်မှာလျှင် အနှစ်အသား အနေနှင့် သိမ်းပိုက်နိုင်ပါမည်နည်း၊ ဓာတ်ကြီး ၃ ပါးတို့ကို အစဉ်အားကိုး နေရသောကြောင့် အနှစ်အသားမရှိ၊ မာခြင်း ပျော့ခြင်းမျိုး ဟူ၍မှတ်၊ ၎င်းမာခြင်း ပျော့ခြင်းမျိုးကို အနတ္တဟု မှည့်ခေါ်နိုင်လေသည်။
ဝိပဿနာတရားလုပ်ငန်းဆိုသည်မှာ ဒေသနာနည်းကို အားကိုးတစ်ခုပြုလုပ်နေ၍ ဖြစ်နိုင်သော လုပ်ငန်းမျိုးမဟုတ်ချေ၊ တစ်ခုသော သဘာဝဓမ္မကိုပင် (ဧကောဓမ္မော) ဆိုက်အောင် ကိုယ်ပိုင်ဉာဏ်စွမ်း ရှိသလောက် အစွမ်းကုန် အားကုန်ု မွှေနှောက် ဆင်ခြင် အားထုတ်ရသော လုပ်ငန်းမျိုး ဖြစ်ချေသည်။
ဥပမာ - ပထဝီဓာတ်တစ်ပါးကိုပင် အဖန်ဖန် အထပ်ထပ် ဉာဏ်ကုန်နှိုက်၍ အနတ္တဓာတ်ကို တွေ့အောင် ဆင်ခြင် အားထုတ်ခြင်းပင်ဖြစ်သည်၊ အကာထူထပ်သော သစ်တုံးကြီး တစ်ခုကို ဓါးမကြီးတစ်ခုဖြင့် အဘန်ဘန် ရွေသည်ရှိသော် အကာကုန်၍ အနှစ်ကိုတွေ့ဘိသကဲ့သို့ ပထဝီဓာတ်တစ်ပါးကိုလည်း ဝိပဿနာဉာဏ်ဓါးနှင့် လွှာသည်ရှိသော် အတ္တကွာ၍ အနတ္တကိုဆိုက်တွေ့ပေလိမ့်မည်။
၎င်းအနတ္တဉာဏ် အစစ်အမှန်သို့ ဆိုက်ရောက်ခြင်းကိုပင် သောတာပတ္တိမဂ်ဟု ခေါ်သည်၊ သောတာပတ္တိမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား သောတာပန်ဟူ၍ ခေါ်ကြလေသည်။
ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်ဟု ခေါ်ဆိုနေကြသော ဒီဂရီသည် ဒိဋ္ဌိအစွဲပြုတ်သော (ဝါ) အနတ္တဉာဏ် ဆိုက်သော သဘောတရားကို အစွဲပြု၍ သောတာပန်ဟု ခေါ်ဆိုရင်းဖြစ်သည်။
အတ္တ အနတ္တ လုပ်ငန်းစဉ် စခန်းမှာလည်း ဤယခုဖော်ပြသော စခန်းကစ၍ ပြုလုပ်ရသော အလုပ်စခန်း ဖြစ်ပေသည်၊ ဤစခန်းကို ကျေပွန် နားလည်မှသာလျှင် အထက်စခန်းမှာ အလွယ်တကူ လှမ်းကိုင်နိုင်ပေမည်။
အတ္တဆိုသည်မှာ ပါဠိအခေါ်ဖြစ်သည်၊ မြန်မာလိုပြန်လျှင် အစွဲဟု ပြန်ရမည်၊ အနတ္တ ဆိုသည်မှာကား အစွဲမရှိခြင်းကို ဆိုလိုသည်၊ အစွဲမရှိရန်မှာလည်း စွဲစရာမရှိမှသာ ဖြစ်နိုင်လေသည်၊ ပထဝီဓာတ်ရှိလျှင် ၎င်းကိုစွဲသော အစွဲလည်းရှိပေလိမ့်မည်။
ထို့ကြောင့် အစွဲမရှိဟု သာမန်မဝေဘန်ကြပဲ စွဲစရာဖြစ်သော ပထဝီကိုသာ အတ္တပျောက်သုဉ်းအောင် အကြိမ်ကြိမ် မွှေနှောက် ဆင်ခြင်ရမည်၊ ဆင်ခြင်သည့်အတိုင်း ပထဝီအတ္တပျောက်သုဉ်းပါလျှင် အနတ္တဉာဏ်ပေါက်ပြီဟု ဆိုနိုင်လေသည်။
လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့ကား ပထဝီဓာတ်တစ်ပါး၌ အတ္တပျောက်သုဉ်းအောင် ခွဲစိတ်ဝေဘန်သော လုပ်ထုံးနည်း သဘောတရား ၄ ချက်တို့ ဖြစ်ပေသည်။
သဘောကြီး ၄ ချက်နှင့် ဝေဘန်နည်းကို မပြသေးမီ အနတ္တသဘောကို အသိဉာဏ်ပေါ်အောင် ရှင်းလင်း ထုတ်ဖော်၍ ပြပါဦးမည်၊ အနတ္တ ဆိုသည်မှာကား အစွဲမရှိခြင်း သဘောကိုဆိုသည်၊ အစွဲမရှိ ဆိုသည်မှာလည်း စွဲစရာ ထိုထို ဤဤ ဘာတစ်ခုမျှ ပြစရာမရှိသောကြောင့် အစွဲမရှိဟု ဆိုရခြင်း ဖြစ်သည်။
စွဲစရာမရှိ့ပုံမှာ .. သဘာဝ အနတ္တဖြင့် ဖြစ်ရှိနေသော သဘောတရားတခုခုကို မမြင်ပဲ ပင်ကိုယ်သဘောတရား သတ္တိဖြင့် ဖြစ်နိုင်သည် လုပ်နိုင်သည်ဟု ထင်မြင်ယူဆနေခြင်းကို အစွဲဟု ခေါ်သည်။
စင်စစ်မှာကား .. ပရမတ္ထသဘောတရားတို့ မည်သည်မှာ မိမိသဘောတရား တစ်ခုတည်းအလိုဖြင့် ဖြစ်နိုင်လုပ်နိုင်ခြင်း မရှိပေ၊ ပထဝီဆိုသည်မှာ ပျော့ မာခြင်း သဘောရှိသည်ဟုဆို၏၊ ထို ပျော့ မာခြင်း သဘောကား မိမိတစ်ဦးတည်းအလိုဖြင့် ပျော့ မာနိုင်ခဲ့သော် ၎င်းကို အနတ္တ မခေါ်နိုင်၊ အတ္တဟု ခေါ်ဆိုရပေမည်။
ပထဝီဓာတ်၏ သဘောကို ပျော့ မာသည်ဟုဆိုရာ ထို ပျော့ မာမှုကို တစ်ဖန် စစ်ဆေးရမည်၊ ပထဝီ၏ ပျော့ မာမှုကို ဝေဘန်ကြည့်သောအခါ ၎င်းဓာတ်တပါးတည်းဖြင့် ပျော့ မာ နေသည်မဟုတ်ပေ၊ အာပေါ တေဇော ဝါယော ဟူသော ၃ ပါးသော ဓာတ်တို့၏ ပေါင်းဆုံထောက်ပံ့မှုသဘောကြောင့် ပျော့ မာကြောင်း သိရလေသည်။
၎င်းဓာတ် ၃ ပါး မရှိခဲ့သော်၊ (ဝါ) မထောက်ပံ့ခဲ့သော် အဘယ်မှာလျှင် ပျော့ မာနိုင်ပါမည်နည်း၊ ဓာတ် ၃ ပါးတို့၏ အရှိန်စော်ကြောင့် ပျော့ မာသည်ဟု လက်မထောင်နေခြင်းသည် ဓာတ် ၃ ပါးတို့တွင် တစ်ပါးပါးကို နှုတ်ထားလိုက်ပါက အဘယ်မှာ ပျော့ မာ နိုင်တော့မည်နည်း။
ထို့ကြောင့် ပထဝီကို ပျော့မာသည်ဟု ဆိုသော်လည်း မိမိ၏ ပင်ကိုယ်သဘော သက်သက် တစ်ခုတည်းဖြင့် မပျော့နိုင် မမာနိုင်သောကြောင့် ၎င်းပထဝီကို အနတ္တ ဓာတ်ကောင်ဟုခေါ်ရမည်၊ ၎င်းအနတ္တဓာတ်ကောင်ကို အထင်ကြီး ထင်မှတ်၍ စွဲယူစရာ မလိုတော့ပြီ၊ စွဲယူနေပါလျှင် အချည်းနှီးသော စွဲယူနေခြင်းဟု ခေါ်ဆိုရပေမည်၊ ဤသို့အားဖြင့် စွဲယူစရာမရှိခြင်းသည် စွဲစရာကိုပင် မရှိသောသဘောကြောင့်သာ ဖြစ်ပေသည်။
ဤသို့ ဉာဏ်အမြင် စင်ကြယ်၍ ယူနိုင်ခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်သည်၊ ဉာဏ်အမြင် မရှိလျှင်ကား ပထဝီကို တကယ့်သဘောကြီး ထင်မှတ်၍ နေကြပေလိမ့်မည်။
ထို့ကြောင့် အစွဲမရှိ ဆိုသော စကားသည် စွဲစရာမရှိသောကြောင့်သာ ဆိုသော စကားဖြစ်၏၊ စွဲစရာမရှိပုံကို ပင်ကိုယ်သဘော တစ်ဦးတည်းသဘော မရှိခြင်းကို နားလည်ရန် အထပ်ထပ် ဝေဘန်ဆင်ခြင်ရမည်၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့အား ဆင်ခြင်ရန်ကိုပြသော လုပ်ထုံးနည်းတို့ မည်ကုန်၏။
ဤသို့ အထပ်ထပ် ဝေဘန်သည်ရှိသော် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ အစွဲဖြစ်သော သဘောတရားနှင့် အစွဲလွတ်သော သဘောတရား ၂ ခုတို့ ထွက်ပေါ်ကွန့်မြူးလာလိမ့်မည်။
ထွက်ပေါ်ကွန့်မြူးပုံမှာ အစွဲလောကခေါ် သင်္ခတနယ်ကြီးနှင့် အစွဲလွတ်သော အသင်္ခတနယ်ကြီးကို ဉာဏ်ဝမှာ ထင်မြင်လာလိမ့်မည်၊ မြတ်စွာဘုရားသည် ဝိပဿနာတရား လုပ်ငန်းစဉ်ကို ဖွင့်ပြရာ အောက်ပါအတိုင်း ဖွင့်ပြတော်မူသည်။
(၁) ဝိညာဏ်နယ်ခေါ် သင်္ခတဓမ္မ၊
(၂) ပညာနယ်ခေါ် အသင်္ခတဓမ္မ ဟူ၍ ဤသို့အားဖြင့် ၂ မျိုးရှိရာ ဝိညာဏ် ၆ ပါးတို့ဖြင့် စွဲယူ သိမှတ်နေကြသော အသိမျိုးဟူသမျှသည် ဝိညာဏ်နယ်ခေါ် သင်္ခတဓမ္မတို့ မည်ကုန်ု၏။
မည်ပုံမှာ .. ပထဝီဓာတ်သည် ပျော့၏ မာ၏ ဟူ၍၎င်း၊ အာပေါဓာတ်သည် ဖွဲ့စည်း၏ ယိုစီး၏ဟူ၍၎င်း၊ တေဇောဓာတ်သည် ပူ၏ အေး၏ ဟူ၍၎င်း သိမှတ်နေကြသော အသိမျိုးတို့သည် သညာသိ၊ ဝိညာဏ်သိ နှစ်ပါးတို့ မည်ကုန်၏။
ထိုအသိနှစ်ပါးတို့သည် ဝိညာဏ်သိ လောကကြီးကို အစဉ် ထောက်ခံနေကြသော အသိမျိုးတို့ဖြစ်၍ အစွဲလောကခေါ် သင်္ခတဓမ္မကြီး ထွက်ပေါ်လာနိုင်လေသည်။
ထိုလောကကြီး ထွက်ပေါ်နေကြသော ယောဂီပုဂ္ဂိုလ်တို့အား အဘယ်မှာလျှင် အစွဲချုပ်ငြိမ်းပါမည်နည်း။ အစွဲ အမျိုးမျိုးတို့သာ ပေါက်ဖွားလျက် ဝိညာဏ်တရား လှည့်ပတ်ချင်သလို လှည့်ပတ်၍ ဒုက္ခသစ္စာနယ်ကြီး ကျယ်ပြန့်မည်မှာ အမှန်ဖြစ်သည်၊ ကျယ်ပြန့်ခြင်းဆိုသည်မှာလည်း ပထဝီဓာတ်ခေါ် ဒုက္ခသစ္စာကို ဝိညာဏ်တရားက အမျိုးမျိုး ဆွဲဆောင်နိုင်သောကြောင့် ကျယ့်ပြန့်ရခြင်း ဖြစ်ပေသည်။
ပညာနယ်ခေါ် အသင်္ခတဓာတ်ဆိုသည်မှာ ဝိညာဏ်အသိဖြင့် ဝေဘန်ထားသော မာမှု ပျော့မှု သဘောတရားတို့ကိုပင် အနတ္တဉာဏ်ဆိုက်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဖြင့် ပိုင်းခြား ဝေဘန်သည်ရှိသော် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ထင်မြင်ပေါ်လာအောင် ပညာသိ အနတ္တဓမ္မခေါ် မာမှု ပျော့မှု သဘောတရားသက်သက်ကို ဆိုလိုသည်။
ထို သဘောတရားမျိုးသည်ကား ဝိညာဏ်သိ လောကမှ လွတ်မြောက်၍ ထွက်ပေါ်လာသော ပရမတ်ဆတ်ဆတ် သဘောတရားဖြစ်သောကြောင့် အားထုတ်သော ယောဂီပုဂ္ဂိုလ်တို့သည်သာလျှင် လက်တွေ့သိနိုင်လေသည်၊ ဒေသနာနည်းအနေနှင့် ဝေဘန်လျှင် ပညာသိခေါ် ပထဝီကိုသာ တွေ့ရပေလိမ့်မည်။
ထို့ကြောင့် လုပ်ထုံးနည်းနှင့် လျော်ညီအောင် ၂ မျိုး ခွဲခြားမှတ်ရမည်၊ (၁) ဝိညာဏ်သိပထဝီ၊ (၂) ပညာသိပထဝီ၊ ဤသို့အားဖြင့်လည်း ၂ မျိုး ခွဲခြားနိုင်လေသည်။
ဝိညာဏ်သိ ပထဝီ ဆိုသည်မှာ ကာယဝိညာဏ်၊ မနောဝိညာဏ် ၂ ပါးတို့က ထောက်ခံကြသဖြင့် မာ၏ ပျော့၏ဟု သိကြသော ပထဝီမျိုးကို ဆိုလိုသည်။
ထိုပထဝီမျိုးကား သညာစွဲ ဝိညာဏ်စွဲ ၂ ပါးမှ မလွတ်မြောက်သောကြောင့် အတ္တဒိဋ္ဌိခေါ် အစွဲ ပထဝီ ဖြစ်ချေ၏၊ ထိုအစွဲပထဝီကို သိရုံနှင့် ဝိပဿနာလုပ်ငန်းစဉ် ဆိုက်ပြီဟု ယူဆနေလျှင် တရားအရသာကို တွေ့နိုင်မည်မဟုတ်ပေ၊ တရားအရသာဆိုသည်မှာလည်း ထိုအစွဲ ပထဝီကို လွန်မြောက်၍ ပညာပထဝီစခန်းသို့ ဆိုက်ရောက်အောင် ဉာဏ်ကုန် နှိုက်နိုင်မှသာလျှင် တရားစစ် တရားမှန်ကို တွေ့မည်ဖြစ်ပေသည်။
ပညာသိ ပထဝီဆိုသည်မှာ ဝိညာဏ်နယ်လောကကြီးတွင် ပေါ်ထွက်နေကြသော မာမှု ပျော့မှု ပူပှု အေးမှု စသော သဘောတရားကြီးတို့ကို လက်တွေ့ဉာဏ်တွေ့ သဘောတွေ့ခေါ် ဌာန် ၄ ပါးနှင့် ပိုင်းခြား ဝေဘန် ခွဲစိတ်သဖြင့် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ပေါ်ထွက်လာသော ပညာသိ အနတ္တဓမ္မခေါ် သဘောတရား သက်သက်ကို ပညာသိ ပထဝီဟု ခေါ်သည်၊ ထိုပထဝီမျိုးကား အလိုလို ပေါ်ထွက်လာသည် မဟုတ်ပေ၊ ဝိညာဏ်သိ ပထဝီမှ အသီးထုတ်၍ ရအပ်သော ပထဝီမျိုး ဖြစ်ချေသည်၊ ထိုပထဝီမျိုးမှသာလျှင် အတ္တဒိဋ္ဌိ ကွာ၍ အနတ္တဉာဏ် ဆိုက်နိုင်ပေမည်။
ထို့ကြောင့် ဝိပဿနာတရားပြ ပုဂ္ဂိုလ်ကြီးများက ဝိပဿနာယောဂီပုဂ္ဂိုလ်တို့အား “သဘာဝကို မိအောင်ကြံ - သဘာဝကို ပြာချ” ဟူ၍ မိန့်တော်မူလေသည်။
“သဘာဝကိုပြာချ” ဆိုသည်မှာ ထိုလက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ခေါ် ဌာန်လေးပါးတို့ဖြင့် ပိုင်းခြားဝေဘန်၍ ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ပေါ်ထွက်လာသော အနတ္တဓာတ် ဆတ်ဆတ်သော သဘောတရားကိုပင် အနိစ္စ ဒုက္ခ အနတ္တ အသုဘစသည်ဖြင့် ဆင်ခြင် ပွားများခြင်းကို ပြာချသည်ဟုဆိုလိုခြင်းဖြစ်သည်၊ ဤ၌လည်း အနိစ္စအစစ် ဒုက္ခအစစ် အနတ္တအစစ်သို့တိုင် ရောက်မှသာလျှင် ပြာကျနိုင်လေသည်၊ ပြာကျမှသာလျှင် သုညတဓာတ်ဆိုက်ရောက်၍ မဂ်ဉာဏ်ကို တွေ့ရမည်ဖြစ်ပေသည်။
မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၅)
နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ရုပ်နာမ်တရားတို့ကို လက်တွေ့ သိမ်းဆည်းနိုင်သော ယောဂီပုဂ္ဂိုလ်တို့၏ နှလုံးအိမ်၌ ပရမတ်ရုပ်စစ်နာမ်စစ် သဘောတရားအစစ်အမှန်တို့ ထွက်ပေါ်ကွန့်မြူးနေပုံမှာ ရုပ်တရား နာမ်တရား ၂ ပါးတို့ကို ဌာန် ၄ ချက်နှင့် အကြိမ်ကြိမ် ဝေဘန်သိမ်းဆည်း ဆင်ခြင်သည်ရှိသော် ယောဂီပုဂ္ဂိုလ်တို့၏ နှလုံးအိမ်၌ ပညတ်စွဲ ရုပ်နာမ်နှင့် ပရမတ်သဘော ရုပ်နာမ် ၂ ပါးတို့ ကွဲပြား ခြားနားလျက် အသိဉာဏ် အပိုင်ရနိုင်လေသည်။
ရနိုင်ပုံမှာ မသိလျှင်ရုပ် - သိလျှင်နာမ် ဟူသော ရုပ်သဘော နာမ်သဘောတို့သည်၎င်း၊ မာမှု ပျော့မှု ပူမှု အေးမှု စသော ရုပ်သဘောတို့သည်၎င်း၊ အာရုံအမျိုးမျိုးသို့ သိခြင်းသဘောတရားတို့သည်၎င်း ပညတ်စွဲ ရုပ်နာမ်မည်ပါသည်။
ပညတ်စွဲ ရုပ်နာမ်နှင့် ပရမတ်သဘော ရုပ်နာမ်နေပုံတို့ကို ၄ မျိုး ခွဲခြားရမည်ဖြစ်သည်။
(၁) လက္ခဏ - ရုပ်နာမ်၊
(၂) ရသ - ရုပ်နာမ်၊
(၃) ပစ္စုပဋ္ဌာန် - ရုပ်နာမ်၊
(၄) ပဒဋ္ဌာန် - ရုပ်နာမ် ဟူ၍ ၄ မျိုး ခွဲခြားနိုင်စေရပေမည်။
လက္ခဏ ရုပ်နာမ် ဆိုသည်မှာ သညာစွဲ ရုပ်နာမ်ကို ဆိုလိုသည်၊ သညာစွဲ ရုပ်နာမ်၏ သဘောကို ဝေဖန်လျှင် ယခုအခါ အများသူငါကစ ဟောပြောယူဆနေကြသော မသိလျှင်ရုပ် - သိလျှင်နာမ် ဟူသော ပညတ်စွဲ ရုပ်သဘော နာမ်သဘောတို့နှင့် ပူမှု အေးမှု မာမှု ပျော့မှု ဟူသော လက္ခဏစွဲ ရုပ်သဘော နာမ်သဘောတို့သည် သညာရှေ့သွားဖြစ်၍ စွဲယူသော ရုပ်နာမ်တို့ ဖြစ်သောကြောင့် ပညတ် ရုပ်နာမ်တို့မည်ပါသည်။
ရသရုပ်နာမ်ဆိုသည်မှာ ဝိညာဏ်စွဲ ရုပ်နာမ်ကိုဆိုလိုပါသည်။ ဝိညာဏ်စွဲအရ ဝေဖန်ပြန်လျှင် (၁) ပဉ္စဝိညာဏ် ခေါ် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ် ၅ ပါးတို့၏ စွဲယူခြင်း၊ (၂) မနောဝိညာဏ်၏ စွဲယူခြင်းအားဖြင့် ၂ ပါးရှိရာ ရသ ရုပ်နာမ်အရ ပဉ္စဝိညာဏ်တို့၏ စွဲယူသော ရုပ်သဘော နာမ်သဘောကို ကောက်ယူရပေမည်။
ထို ရသ ရုပ်နာမ်သည်လည်း ပရမတ်ဆတ်ဆတ် ရုပ်နာမ်မဟုတ်သေးပေ၊ ပညတ်စွဲ ရုပ်နာမ်ပင်ဖြစ်သေး၏၊ သို့ရာတွင် သညာစွဲခေါ် လက္ခဏ ရုပ်နာမ်လောက်ကား မကြမ်းတမ်းလှပေ၊ သိမ်မွေ့သော ပညတ်ရုပ်နာမ်တို့ပင်ဖြစ်ပေသည်။
ထင်ရှားစွာ စွဲချက်တင်လိုလျှင် ပညတ်ရုပ်သဘောကို သညာစွဲလက္ခဏဟူ၍ ဝေဖန်နိုင်ပြီး၊ ပညတ်နာမ်သဘောကို ဝိညာဏ်စွဲ ရသဟူ၍ ဝေဖန်နိုင်ပေမည်။ လက္ခဏ ရသ ၂ ပါးကို ကြောင်းကျိုး ဝေဖန်ရာ၌ လက္ခဏကား ပညတ်ရုပ် သဘောဖြစ်၍ အကျိုးတရားအရာ၌သိမ်းဆည်းနိုင်ပြီး၊ ရသကား ပညတ်နာမ်သဘောဖြစ်၍ အကြောင်းတရားအရာ၌ သိမ်းဆည်းနိုင်လေသည်၊ လိုရင်းအချုပ်မှာ အဝိဇ္ဇာ နှင့် တဏှာသဘောတရား ၂ ပါးတို့ပင်ဖြစ်၏။
ပစ္စုပဋ္ဌာန်ဆိုသည်မှာ မနောဝိညာဏ်စွဲ ရုပ်နာမ်တို့ကို ဆိုလိုသည်။ မနောဝိညာဏ်စွဲအရ ဝေဖန်ပြန်လျှင် ဒိဋ္ဌိစွဲကြီးပင်ဖြစ်ပေသည်။ ထို ဒိဋ္ဌိစွဲခေါ် ပစ္စုပဋ္ဌာန် ရုပ်နာမ်ကိုမြင်မှသာလျှင် ပရမတ်ဆတ်ဆတ် ရုပ်နာမ်သဘောကို တွေ့နိုင်ပေမည်။
ဤ၌ ပရမတ်ဆတ်ဆတ်ဟု ဆိုသော်လည်း ပညတ်စွဲသဘောမှ လွတ်မြောက်သော ဆတ်ဆတ်မျိုးသာ ဖြစ်ပါသေးသည်။ မနောဝိညာဏ်စွဲမှ မလွတ်သေးသောကြောင့် တကယ့် ပရမတ်ဆတ်ဆတ်ဟု မခေါ်ဆိုနိုင်သေးပေ။ မနောဝိညာဏ်ခေါ် ဒိဋ္ဌိစွဲ ချုပ်ငြိမ်း၍ မဂ်ဝင် ဖိုလ်ဝင်နိုင်သော အနတ္တပရမတ်မျိုးမှ သာလျှင် တကယ့်ပရမတ်ဆတ်ဆတ်ဟူ၍ မှတ်ပါလေ။
ပစ္စုပဋ္ဌာန် ရုပ်နာမ်မှာကား ဝိပဿနာအစဖြစ်သော သမ္မသနဉာဏ်သို့ တင်၍ ဆင်ခြင် သုံးသပ်ခြင်းငှါ ထိုက်သော ပရမတ်ဆတ်ဆတ်မျိုးဖြစ်ချေသည်။
ပဒဋ္ဌာန် ရုပ်နာမ်ဆိုသည်မှာ နာမရူပပရိစ္ဆေဒဉာဏ်၌ လိုရင်းဖြစ်သော ပရမတ် ရုပ်သဘော နာမ်သဘောမှာကား မာသဘော ပူသဘောတို့သည် ပရမတ် ရုပ်နာမ်မဟုတ် ပညတ်သိရုပ်သဘောတို့သာ ဖြစ်သည်။ ထိုမာသဘော ပူသဘောကို ဖြစ်စေတတ်သော အမူအရာခေါ် ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေ့ရှုထင်သည့် အခြင်းအရာမျှသာဖြစ်သော သဘောတရားကို ကောက်ယူနိုင်လေသည်။
ထိုအခြင်းအရာကို ထင်ရှားအောင် စွဲချက်တင်လိုလျှင် အကျိုးတရားအရာ၌ တင်နိုင်လေသည်၊ အကျိုးတရားသည်ကား ပရမတ်ရုပ်သဘောမည်၍ အကြောင်းတရားကာ ပရမတ်နာမ်သဘောမည်၏။
ထိုပရမတ်နာမ်သဘောကို ပဒဋ္ဌာန်ရုပ်နာမ်ဟုခေါ်လေသည်။ ပဒဋ္ဌာန် ရုပ်နာမ်၌ တဏှာနှင့် အဝိဇ္ဇာ ၂ ပါးတို့ အခြေခံအုဌ်မြစ်ဖြစ်လေသည်။ ထိုအခြေခံအုဌ်မြစ်ကို ဥဒယဗ္ဗယ ဝိပဿနာဉာဏ်၌ နှုတ်သိမ်းတော်မူပေ လိမ့်မည်။
ဆက်လက်ဖော်ပြပါမည်။
မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။