စာအုပ်တစ်အုပ်က မျက်ရည်ကျစေတယ်.....
ဒါပေမယ့် ဒီစာအုပ်ဟာ အလွမ်းဝတ္ထုမဟုတ်ဘူး၊ ဝမ်းနည်းဖွယ် အတ္ထုပတ္တိတစ်ပုဒ်လည်း မဟုတ်ဘူး။
အမျိုးသမီးတစ်ယောက်က သူ့ဘဝမှာ တွေ့ကြုံခံစားခဲ့ရတာတွေကို ကုစားနိုင်တဲ့ နည်းလမ်းကို ကိုယ်တိုင်ရှာဖွေတွေ့ရှိပြီး အလုပ်ဖြစ်ခဲ့တယ်။
သူမလိုပဲ မျှော်လင့်ချက်မဲ့ ရောဂါခံစားနေရသူတွေကို ကိုယ်တိုင်ကုစားနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်မျိုးစေ့လေးတွေ ချပေးခဲ့တယ်။
ဒီမျိုးစေ့ကို သန်စွမ်းတဲ့ အပင်တစ်ပင်ဖြစ်လာဖို့က ကိုယ်တိုင်အားထုတ်မှရမယ်။
ဒီစာအုပ်မှာ မှတ်သားမိတဲ့ အဆိုတစ်ခုက ဝေဒနါဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်း (သို့) အပြစ်ပေးခြင်း တစ်မျိုးပဲတဲ့။
မျက်စိမကောင်းတဲ့သူဟာ သူမမြင်ချင်တဲ့အရာရှိနေလို့၊ နားကောင်းကောင်းမကြားရတဲ့သူမှာ သူမကြားချင်တဲ့စကားတွေရှိနေလို့ မသိစိတ်က သူ့ကိုယ်သူ ကာကွယ်လိုက်တာပဲ။
ကိုယ့်ခန္ဓာကိုယ်ကို မကြိုက်ဘူးလို့ ကြွေးကြော်နေတတ်တဲ့လူအများစုက အဝလွန်ဖို့ ရာခိုင်နှုန်းပိုများတယ်။
ကိုယ်ဟာ သိပ်မတော်ပါဘူး လို့တွေးနေ ပြောနေတတ်တဲ့သူဟာ အမြဲတမ်း နောက်ကျကျန်နေခဲ့ပြီး မသိစိတ်က သူ့ကိုယ်သူ အပြစ်ပေးလိုက်တယ်။
ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲဖြစ်ဖြစ် ခံစားရတဲ့ ဝေဒနါတွေ အားလုံးဟာ ကိုယ့်ရဲ့ မသိစိတ်ကပဲ လာတာလို့ ရောဂါအမျိုးမျိုးအတွက် ရှင်းပြထားတယ်။
ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျမအတွက်တော့ အဲ့ဒီအတွေးအခေါ်ဟာ အသစ်အဆန်းပဲ။
ရောဂါတစ်ခုရဲ့ ရာဇဝင် ဇစ်မြစ်ကို အကြောင်းအရင်းများစွာ လေ့လာမှတ်သားခဲ့ဖူးသမျှထဲမှာ ဒီမသိစိတ် (subconscious mind) ဆိုတာ မပါဘူး။ စာရေးသူက သူမရဲ့ သိစိတ်ကိုရော မသိစိတ်ကိုပါ ပေါင်းပြီး သူ့ဘဝကို ကုစားနိုင်ခဲ့ပုံကို ရေးသားထားခဲ့တယ်။
(၁) အပြစ်တင်စိတ်ကို ဖျောက်ပါ
လူတိုင်းဟာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပြင်ဆင် တည်ဆောက်ခွင့်ရှိတယ်။
ပြင်ဆင်ချင်တယ်လို့ တွေးမိနေတိုင်း အပြစ်တင်စိတ်ပါ တွဲမရှိနေစေဖို့ေတာ့လိုတယ်။
လူအများစုမှာ ကိုယ်ဟာဘယ်သူလဲ ဆိုတဲ့ ရူးနှမ်းနှမ်းအတွေးအခေါ်တွေရှိတတ်တယ်၊ ကိုယ့်ဘဝရပ်တည်မှုနဲ့ ပတ်သက်ပြီး ကိုယ်ကိုယ်တိုင် တင်းကျပ်စွာ ကန့်သတ်ထားတာတွေ အများကြီး ရှိနေတယ်။
ဒီအတွက် ကျမတို့ကိုယ့်ကိုယ်ကို ရှုတ်ချစရာ မလိုပါဘူး။
ကျမတို့ တစ်ဦးစီက အချိန်အခိုက်အတန့်တစ်ခုမှာ အကောင်းဆုံးလို့ ယူဆတဲ့ အရာတွေကို တတ်နိုင်သမျှ လုပ်ခဲ့ကြလို့ပါ။
တကယ်လို့ ပိုကောင်းတဲ့အယူအဆတွေကို သိခဲ့ရင် ၊ နားလည်သဘောပေါက်မှုရှိခဲ့ရင် ဒီ့ထက်ပိုပြီး ကောင်းအောင်လုပ်နိုင်ခဲ့မှာပေါ့။ အသစ်ကို ဘယ်လိုပဲ ပြင်ဆင်ချင်ပါစေ အဟောင်းက ကိုယ့်ကိုယ်ကိုတော့ ဘယ်တော့မှ မမုန်းပါနဲ့၊ အပြစ်မတင်ပါနဲ့။
(၂) "လုပ်သင့်တာ"နဲ့ "လုပ်နိုင်တာ" ကိုကွဲကွဲပြားပြား သိပါ
တခြားသူတွေရဲ့ ထောက်ခံမှုကို ပိုလိုလားတဲ့သူမျိုးဟာ "လုပ်သင့်တယ်"ဆိုတဲ့ စကားကို အသုံးများလိမ့်မယ်။
လုပ်သင့်တယ် ဆိုတဲ့ စကားလုံးဟာ ကိုယ့်ကိုယ်ကို အထိခိုက်ဆုံး စကားလုံးပဲလို့ ထင်တယ်။
"မှားတယ်၊ မှားခဲ့တယ်၊ မှားတော့မယ်" လို့ပြောတာနဲ့ အတူတူပဲ။
ကျမတို့ဘဝမှာ အမှားတွေအများကြီး မလိုအပ်ပါဘူး။
လွတ်လွတ်လပ်လပ်ရွေးချယ်ဖို့ပဲ လိုတယ်။
"လုပ်သင့်တယ်" ဆိုတဲ့ စကားလုံးကို အဘိဓာန်ထဲက လုံးဝထုတ်ပယ်ပစ်ပြီး "လုပ်နိုင်တယ်" ဆိုတဲ့ စကားလုံးကို အစားထိုးချင်မိတယ်။
"လုပ်နိုင်တယ်" ဆိုတဲ့ စကားဟာ ကျမတို့ကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးတဲ့အတွက် ဘယ်တော့မှမမှားတော့ဘူးပေါ့။
(၃) ယုံကြည်မှုဟာ ပြောင်းလဲနိုင်တယ်
ကျမတို့ စိတ်နှလုံးအိမ်ကို ရှင်းလင်းတဲ့အခါမှာလည်း ဒေါသထွက်စရာ မလိုပါဘူး။
တချို့ယုံကြည်ချက်တွေက လွှတ်ပစ်ဖို့ အဆင်သင့်ပဲရှိနေတာပါ။
ထမင်းစားပြီးကျန်တဲ့ စားကြွင်းစားကျန်တွေကို အမှိုက်ပုံးထဲ ပစ်သလို အလွယ်တကူ စွန့်ပစ်လိုက်ပါ။
ကိုယ်ဒီညစားမယ့် ညစာထဲမှာ အမှိုက်ပုံးထဲက စားကြွင်းစားကျန်တွေထည့်ပြီး မစားသလို ဟောင်းနွမ်းနေတဲ့ စိတ်အညစ်အကြေးတွေကို အနာဂတ်ထိ ယူမသွားပါနဲ့။
ကိုယ့်အတွက် အသုံးမဝင်တဲ့ အတွေးတွေကို စွန့်ပစ်ပါ။
တစ်ခုခုကိုတစ်ခါယုံကြည်မိတာနဲ့ တစ်သက်လုံး ယုံကြည်ရမယ်လို့ ဘယ်ဥပဒေကမှ မထုတ်ထားပါဘူး။
(၄) ငြင်းဆန်မှု သဘာဝကို လက်ခံပါ
ငြင်းဆန် တင်းခံအားကြီးလွန်းလို့ လုပ်ဖို့အခက်ခဲဆုံး အရာတစ်ခုကို တွေ့ပီဆိုရင် အဲဒီ တစ်ခဏဟာ အကြီးကျယ်ဆုံး သင်ခန်းစာဖြစ်နေတယ်လို့ သိလိုက်ပါ။ လက်မြှောက်မှာလား၊ အရှုံးပေးမှာလား၊ ရှေ့ဆက်ပြီး လေ့လာမှာလား လို့ စဥ်းစားတာဟာ နောက်တစ်ဆင့် ရှေ့ဆက်ဖို့ အစပျိုးနေတာ ဖြစ်ပါတယ်။
(၅) မျိုးစေ့ကောင်းဖြစ်ဖို့ ပျိုးထောင်ပါ
သန်စွမ်းတဲ့ ခရမ်းချဥ်သီးပင်တစ်ပင်မှာ ခရမ်းချဥ်သီးလုံးရေ၁၀၀ကျော်သီးတယ်။
ဒီလို ခရမ်းချဥ်သီးပင် တစ်ပင်ရဖို့ မျိုးစေ့ခြောက်လေးတစ်ခုကစခဲ့တာပါ။
မျိုးစေ့လေးဟာ ခရမ်းချဥ်သီးပင်နဲ့ လုံးဝမတူဘူး၊ အရသာလည်းမတူဘူး၊
အပင်ဖြစ်လာမယ်လို့ ယုံနိုင်စရာ မရှိဘူး။
ဒါပေမဲ့ ဒီအစေ့ကိုနေရောင်ခြည်ရပြီး မြေဆီလွှာကောင်းတဲ့မြေမှာ ရေမှန်မှန်လောင်းပြီး စိုက်ကြည့်ပါ။
ကိုယ့်အတွက် အတွေ့အကြုံသစ်တစ်ခု ဖန်တီးချင်ရင်လည်း ဒီအတိုင်းပါပဲ။
စိုက်ပျိုးရမဲ့မြေက ကိုယ့်ရဲ့ မသိစိတ်၊ မျိုးစေ့ဆိုတာ သင့်ကိုယ်သင် အခိုင်အမာပြောဆိုနေတဲ့ စကားတွေပဲ။
အတွေ့အကြုံသစ်တစ်ခုလုံးဟာ မျိုးစေ့သေးသေးလေးထဲမှာရှိတယ်
မမေ့မလျော့နဲ့ ရေလောင်းမယ်။
အကောင်းမြင်တဲ့အတွေးနဲ့ နေရောင်ခြည်ပေးမယ်။
အပျက်သဘောအတွေးဝင်လာရင် ပေါင်းသင်သလို ဆွဲနှုတ်ပစ်မယ်။
အညှောင့်သေးသေးလေး ပေါက်လာရင် "အို အောင်ပြီ၊ လက်တွေ့ဖြစ်လာပြီ" လို့ပြောပြီး မြူးတူး ပျော်ရွှင်လိုက်ပါ။
ဘဝကို ခံစားတတ်ဖို့၊ ပြောင်းလဲဖို့၊ ဖန်တီးဖို့အတွက် စတင်ချိန်မှာ ပြန်ဖတ်ဖို့စာအုပ်တစ်အုပ်အဖြစ် မှတ်သားထားမိပါတယ်။
#youcanhealyourlife
#myanmartranslatedbook