ကျမတို့တွေ လုပ်ငန်းခွင်ထဲမှာ အများဆုံးကြားနေရတဲ့ စကားလုံးက Performance ဆိုတဲ့ စကားလုံးပါ။
ဒီဝန်ထမ်းကတော့ စွမ်းဆောင်နိုင်စွမ်း ( performance ) ကောင်းတယ်၊ ဒီဝန်ထမ်းကတော့ performance လိုအပ်နေသေးတယ် အစရှိသဖြင့် သုံးသပ်အကဲဖြတ်ပေးမှုတွေဟာ နေရာတိုင်းမှာရှိနေကြပြီး၊ လုပ်ငန်းတစ်ခု၊ society တစ်ခု အတွက် မရှိမဖြစ်လိုအပ်တဲ့ လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရပြီး၊အောင်မြင်မှုကိုရေရှည်ထိန်းသိမ်းထားနိုင်တဲ့ စွမ်းဆောင်ရည်မြင့်မားသူ(High Performers) တွေဟာလည်း ကျမတို့ ပတ်ဝန်းကျင်မှာ ရံဖန်ရံခါတွေ့မြင်ရတတ်ပါတယ်။
စာရေးသူ Brendon Burchard ဟာ နယ်ပယ်အသီးသီးက စွမ်းဆောင်ရည်မြင့်မားသူတွေရဲ့ အမူအကျင့်၊စိတ်နေသဘောထားနဲ့ အလေ့အကျင့်တွေကို လေ့လာပြီးနောက် Accidental Brain Injury ရပြီးကျဆင်းနေခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို အချိန်တိုတစ်ခုအတွင်း စွမ်းဆောင်ရည်မြင့်မားသူတစ်ယောက် ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့ပုံကို လက်တွေ့ကျတဲ့ စမ်းသပ်စစ်ဆေးမှု နည်းလမ်းတွေနဲ့ တကွရေးသားခဲ့တဲ့အတွက် Self-coaching လို့ခေါ်တဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ကိုယ်တိုင် မြှင့်တင်လိုသူ ဘယ်သူမဆို ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ မြင်မိတယ်။
HP-6 ဆိုတဲ့ စွမ်းဆောင်ရည်မြင့်မားသူတွေမှာသာ ရှိတတ်တဲ့ တူညီတဲ့ အလေ့အကျင့် (၆) ခုကို ဒီစာအုပ်ရဲ့ အဓိက message တစ်ခု အနေနဲ့ မှတ်သားထားမိတယ်။
HP-1:Seeking Clarity (ရှင်းလင်းပြတ်သားစွာ သိမြင်မှုရှိခြင်း)
High Performers နဲ့ Under-Performers တို့ရဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး ကွာခြားတဲ့ အလေ့အကျင့်က "Self, Social, Skill & Sevice" (4S)
ကိုရှင်းလင်းပြတ်သားစွာထားရှိမှု ရှိခြင်း နဲ့ မရှိခြင်းလို့ ဖော်ပြထားတယ်။
ကိုယ်အမှန်တကယ်လိုချင်တဲ့ Self-best version ကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ထားခြင်းဟာ လျှောက်ရမယ့်လမ်းခရီးရဲ့ လမ်းကြောင်းမှန်ကို ပိုမိုမြင်သာလာစေပြီး၊ အချိန်တိုတစ်ခုအတွင်း စွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်လာနိုင်တဲ့ အခိုင်ခံ့ဆုံး အုတ်မြစ်ပါ။
လူအများစု ကျရောက်တတ်တဲ့ ထောင်ချောက်တစ်ခုက မိမိရဲ့ Self- best version ကို တခြားသူနဲ့ နှိုင်းယှဥ်တွေးတောခြင်း (comparison) ကနေ အခြေခံပြီး သတ်မှတ်လိုက်တတ်ကြတဲ့အတွက် မခိုင်ခံ့တဲ့အုတ်မြစ်ကြောင့် version မျိုးစုံ မကြာခဏ ပြောင်းလဲနေတတ်တာပါပဲ။
စွမ်းဆောင်ရည်မြင့်မားသူတွေကတော့ "ကိုယ်ဘယ်အရာကို တန်ဖိုးထားလဲ၊ ဘယ်အရာကို လုပ်ရမှာကို ရှက်ရွံတတ်သလဲ၊ ဘယ်လိုလူတစ်ယောက်အဖြစ် မှတ်မိနေစေချင်လဲ၊ ဘယ်လိုလူတစ်ယောက်အဖြစ် မရှင်သန်ခြင်းဘူးလဲ" အစရှိတဲ့ မေးခွန်းတွေအတွက် အဖြေကို မိမိကိုယ်ကို မေးမြန်းခြင်းမှ ရှင်းလင်းပြတ်သားတဲ့ အဖြေ ရှိနှင့်ပြီးသား လူမျိုးတွေဖြစ်တယ်။
Self ဆိုတဲ့ clarity ရှိမှ "ကိုယ့်ပေါင်းသင်း ဆက်ဆံရေးနယ်ပယ်မှာ ဘယ်လို အပြုအမူမျိုးနဲ့ ဆက်ဆံမလဲ၊ ဘယ်လို အမူအကျင့်မျိုးဆို ပြင်ဆင်သင့်သလဲ၊ ဘယ်လို ပါတီအခမ်းအနားမျိုးဆို ဘယ်လိုပြောဆိုသင့်တယ်" အစရှိတဲ့ Social clarity ကိုပိုင်ဆိုင်နိုင်မှာပါ။
Self နဲ့ Social clarity ကနေ "ဘယ်လိုအရည်အချင်းမျိုးရှိတဲ့ လူတစ်ယောက်ဖြစ်ချင်သလဲနဲ့ သူတစ်ပါးကို ဘယ်လို ကူညီဖြည့်ဆည်းပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်သလဲ" အစရှိတဲ့ Skill နဲ့ Service clarity ကို တဆက်တည်းသိမြင်နိုင်လာမှာဖြစ်ပြီး ကိုယ်သွားရမယ့် ဘဝမှတ်တိုင်တွေကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်လာပါလိမ့်မယ်ဆိုတဲ့ ကိုယ့်ရဲ့ Future က 4S နဲ့တကွ clarity ရှိဖို့ လမ်းညွှန်ထားတယ်။
HP-2: Generating Energy (စွမ်းအင် ထိန်းချုပ်မှုရှိခြင်း)
High Performers တွေမှာ ပိုင်ဆိုင်တဲ့ ဒုတိယအလေ့အကျင့်က ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သာမက ခံစားချက်ပိုင်းဆိုင်ရာ အထိပါ စွမ်းအင်အကူးအပြောင်းကို ထိန်းချုပ်နိုင်ခြင်းပဲဖြစ်တယ်။
ဒီ chapter မှာသဘောကျမိတဲ့ အချက်က "Transition" ဆိုတဲ့ "ကူးပြောင်းခြင်းနိယာမ" အကြောင်းရေးသားထားတာပဲ။
ကျမတို့ဟာ တစ်နေ့တာမှာ လုပ်ငန်းဆောင်တာတစ်ခုကနေ အခြားတစ်ခုကို အမြဲတစေပြောင်းလဲ လုပ်နေရခြင်းကို Transition လို့ရေးသားထားတယ်။
နံနက်အိပ်ရာကနိုးလာရင် sleep mode ကနေ work mode ကို ကူးပြောင်းဖို့လိုသလို၊ အလုပ်ပင်ပန်းလာတဲ့ အိမ်ထောင်ဦးစီးကလည်း ကျဆင်းနေတဲ့ energy level ကို ပြန်လည်မြှင့်တင်ပြီး မိသားစုဆီ ပြန်လာတဲ့ energy ကူးပြောင်းခြင်းမျိုးလည်း လိုအပ်ပါတယ်။
အလုပ်မှာ တွေ့ကြုံခံစားခဲ့ရတဲ့ negative emotions တွေကို မိသားစုဝင်တွေဆီ မသယ်ဆောင်သွားမိဖို့အရေးကြီးသလို၊ အိမ်တွင်းမိသားစုပြဿနာကြောင့် ခံစားခဲ့ရတဲ့ negative emotions တွေကိုလည်း အိမ်တံခါးဝမှာတင် ထားခဲ့ဖို့လိုအပ်ပါတယ်။
ကျမတို့ရဲ့ နေ့စဥ်လုပ်ဆောင်ချက်သေးသေးလေး ဖြစ်စေ၊ ကြီးကြီးမားမားဖြစ်ပါစေ Transition ဆိုတဲ့ အကူးအပြောင်းအချိန်ကို အသိရှိဖို့နဲ့ negative emotions တွေကိုမသယ်ဆောင်သွားမိစေဖို့အတွက် "မျက်စိကို တစ်ခဏမှိတ်ပြီး၊ ပုခုံးပေါ်မှာရှိသမျှ တင်းအားတွေကို တစ်မိနစ်ခန့် အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပြီး ဖြေလျော့ ခြင်းအားဖြင့် " ကောင်းမွန်တဲ့ အကူးအပြောင်းကို ရရှိနိုင်မယ်လို့ အကြံပေးထားတယ်။
ဒီလုပ်ဆောင်ချက်ကို "Release Tension and Set Intention " လို့နာမည်ပေးထားတယ်။
HP-3: Raising Necessity (မဖြစ်မနေလိုအပ်မှု ဖန်တီးယူတတ်ခြင်း)
မရင့်ကျက်သေးတဲ့အရွယ်မှာ ကျမတို့တွေဟာ ခံစားချက်ကိုသာ ဦးစားပေးတတ်ကြတဲ့အတွက် အလုပ်တစ်ခုကို ချစ်မြတ်နိုးမှ လုပ်ရမယ်လို့ Passion Mindset ထားတတ်ကြပေမယ့်၊ ရင့်ကျက်တဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ ဒီလုပ်ငန်းဆောင်တာဟာ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင် "One Thing" ကိုရောက်ဖို့ လိုအပ်တဲ့အရာလို့ ယုံကြည်တာနဲ့ ချစ်မြတ်နိုးမှုပါ တစ်ပါတည်း ဖန်တီးယူလိုက်တဲ့ Craftman Mindset ကို Cal Newport ရေးသားထားတဲ့ "So good they can't ignore you" စာအုပ်မှာ နားလည်သဘောပေါက်မိတယ်။
High performers တွေမှာရှိတဲ့ တတိမြောက်အလေ့အကျင့်က ကိုယ်လုပ်နေတဲ့ အလုပ်အတွက် မဖြစ်မနေလုပ်ဖို့လိုအပ်တယ်ဆိုတဲ့ Necessity နဲ့ Sense of Urgency ကို အလုပ်ပြီးမြောက်စေဖို့အတွက် အမြဲတွဲလျက် ထားတတ်တာပါပဲ။ ဒီအလေ့အကျင့်ကြောင့် Procrastination ဆိုတဲ့ အချိန်ဆွဲခြင်းကို ကျော်လွှားနိုင်တတ်ကြတာတွေ့ရတယ်။
HP-4: Increasing Productivity (အကျိုးဖြစ်ထွန်းစေတဲ့အလုပ်ကို ခွဲခြားသိရှိခြင်း)
Work hard ဆိုတဲ့ စကားလုံးထပ် Work smart ဆိုတဲ့စကားလုံးဟာ High Performers တွေရဲ့လက်စွဲသုံး စကားတစ်ခုဖြစ်လာခဲ့တယ်။
Prolific Quality Output (PQO) ဆိုတာ ဒီနေ့အတွက် အလုပ်မှာ သင် အကောင်းဆုံးပေးနိုင်တဲ့ စွမ်းဆောင်ရည် တစ်မျိုးကဘာလဲ ဆိုတာစဥ်းစားဖို့ပါ။ Pareto ရဲ့ 80/20 principle ဟာလည်း ကျမတို့ကို Work smart ဖြစ်စေဖို့ အမြဲသတိပေးနေတဲ့ အရာပါ။
တစ်နေ့တာရဲ့ 80% သော productivity ကိုပေးနိုင်မယ့် 20% သော လုပ်ငန်းဆောင်တာက ဘာတွေများဖြစ်မလဲ ဆိုတဲ့ အတွေးကို နံနက်မိုးလင်းတိုင်း အရင်ဆုံးစဥ်းစားပြီး တစ်နေ့တာရဲ့ PQO ( 3 )ခုကို ချရေးထားပါ။
ပြင်ပအနှောင့်အယှက်တွေ ဘယ်လိုပဲဝင်လာပါစေ ကိုယ့်ရဲ့ PQO (3) ခုကိုတော့ မဖြစ်မနေပြီးစီးအောင်လုပ်ဖို့ တိုက်တွန်းထားတယ်။
Self-discipline နဲ့ Productivity ကိုသိရှိခြင်း ဟာ စွမ်းဆောင်ရည်မြင့်မားသူတွေမှာ ရှိတတ်တဲ့ စတုတ္ထမြောက် အလေ့အကျင့်ပဲဖြစ်တယ်။
HP-5: Developing Influence (လွှမ်းမိုးမှုကောင်း ရှိခြင်း)
စွမ်းဆောင်ရည်မြင့်မားတဲ့ ဦးဆောင်သူတွေဟာ ပတ်ဝန်းကျင်က လူတွေရဲ့ အပြုအမူနဲ့ ဆန္ဒတွေအပေါ် ကောင်းမွန်တဲ့လွှမ်းမိုးမှု ရှိသူများ ဖြစ်ကြတယ်။
ဦးဆောင်သူကောင်းဟာ သူ့ရဲ့လက်အောက်ငယ်သားတွေကို "ဘယ်လိုတွေးခေါ်သင့်သလဲ၊ ဘယ်လိုနည်းလမ်းနဲ့ အောင်မြင်အောင်လုပ်မလဲ၊ ဘယ်အချိန်မှာပြီးမြောက်အောင်လုပ်ကြမလဲ" ဆိုတဲ့ အတွေးတွေကို လက်တွေ့ကျကျ နည်းလမ်းတွေနဲ့ ပန်းတိုင်ကို အတူတကွမြင်နေရအောင် ကြိုးပမ်းတတ်လေ့ရှိကြတယ်။
HP-6: Demonstrating Courage ( မသေချာမှုကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိခြင်း)
" Courage is not the absence of fear, but the mastery of it" လို့ နာမည်ကျော် အမေရိကန်စာရေးဆရာကြီး Mark Twain က ဆိုခဲ့တယ်။
Uncertainty ကို မကြိုက်တဲ့ လူ့သဘာဝအရ Risk taking ဆိုတဲ့ ဝေါဟာရကို ရှောင်ဖယ်တတ်ကြသူ ဦးရေဟာ ကျမတို့ပတ်ဝန်းကျင်မှာ ပိုမိုတွေ့ရှိရတတ်ပါတယ်။
သေချာပြန်စဥ်းစားကြည့်ရင် မသေချာမှုတွေနဲ့ ပြည့်နေတာကမှ လူ့ဘဝဇာတ်ခုံပါ။ သေချာတယ်လို့ထင်ထားခဲ့တဲ့ မနက်ဖြန်တွေ မရောက်လာတဲ့ နေ့ရက်တွေ၊ တစ်ဘဝလုံးလက်တွဲဖို့ သေချာပြီလို့ ရည်ရွယ်ထားခဲ့ပေမယ့် လမ်းခွဲခဲ့ရတဲ့ ဘဝလက်တွဲဖော်တွေ၊ သေချာပြီလို့ ထင်ထားတဲ့ ပိုင်ဆိုင်မှုတွေဟာ တစ်ဘဝ၊တစ်ခဏသာ မျှသာ ဖြစ်တယ်ဆိုတဲ့ မသေချာမှုတွေကြားထဲမှာ သေချာတာကတော့ ဘာတွေပဲဖြစ်လာဖြစ်လာ ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့လိုအပ်တာပါ။
စွမ်းဆောင်ရည်မြင့်မားသူတွေဟာ အကြောက်တရားကင်းမဲ့သူတွေ မဟုတ်ကြပါဘူး။ အကြောက်တရားကို ရင်ဆိုင်ကျော်လွှားနိုင်ကြသူတွေဖြစ်တဲ့ အတွက် ဘယ်လိုအခက်အခဲတွေပဲလာလာ ဖြေရှင်းနိုင်မယ်လို့ မိမိကိုယ်ကို ယုံကြည်ကြသူများသာဖြစ်တယ်။ ဒီယုံကြည်မှုဟာ high performers တွေမှာရှိတတ်တဲ့ ဆဌမမြောက် အရည်အသွေးတစ်ခုပဲ ဖြစ်တယ်။
သင်ရောစွမ်းဆောင်ရည်မြင့်မားသူတစ်ယောက် ဖြစ်ဖို့ ဘယ်အလေ့အကျင့်တွေ ပျိုးထောင်ဖို့ လိုနေ သလဲ?
#epknoteforthought
#howtobecomeextrordinary
#highperformancehabits
(1) How to become an extraordinary one? (High Performance Habits by Brendon Burchard)
(2) How to see habit as an atom ? (Atomic Habits By Jame Clear)
(3) How to be a highly effective person? (7 Habits of Highly effective People by Stephen R.Covey)
(4) How to search habits you want? (The Power of Habit by Charles Duhigg)
(5) How to build a compound effect? (The Compound effect by Darren Hardy)
(6) How to change mini to maxi ? (Mini Habits By Stephen Guise)
(7) How to build a new habit you want? ( Tiny Habits by BJ Fogg)
Healthy food is essential for everyone.
Consuming unhealthy food daily,even in small quantities, can undermine our well-beings.
Conversely, eating nutritious food daily, even in a small amounts, can nurture both body and soul.
Similarly, habits function like nutritious food.
While their benefits may not be immediately visible, they protect us from failure and pave the way for success.
Therefore,the foremost "spice" of life we need is "cultivating good habits".
လူတိုင်းဟာ ကျန်းမာစေတဲ့ အစားအသောက်ပုံစံကို စားသုံးဖို့လိုအပ်ပါတယ်။
ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အစားအသောက်တွေဟာ အနည်းငယ်ပဲဖြစ်ဖြစ် စားမိရင်တောင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။
အာဟာရရှိပြီး ကျန်းမာစေတဲ့ အစားအသောက်တွေက အရသာနည်းပါးသလို လက်ငင်းအကျိုးမခံစားရတဲ့ အတွက် စားသုံးတဲ့သူ နည်းပါးတာတွေ့ရတယ်။
ကောင်းမွန်တဲ့ အလေ့အကျင့်ဟာ အာဟာရပြည့်၀စေတဲ့ အစားအသောက်ပုံစံ နဲ့ အလားတူပါတယ်။
ဆွဲဆောင်မှု နည်းပါးပြီး လက်ငင်းအကျိုး မရရှိတဲ့ အတွက်ကြောင့် ကောင်းမွန်တဲ့ အလေ့အကျင့်ကို လူတိုင်း မတည်ဆောက်နိုင်ကြတာ တွေ့ရပါတယ်။
ဒါပေမယ့် ဒီကောင်းမွန်တဲ့ အလေ့အကျင့်တွေကမှ လူတိုင်းကို အောင်မြင်ပျော်ရွှင်တဲ့ လမ်းဆီသို့ ခေါ်ဆောင်ပေးသွားမှာပဲ ဖြစ်တယ်။
ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ဘယ်လိုရှာဖွေမလဲ? ဘယ်လိုတည်ဆောက်မလဲ? ဆိုတာ နည်းလမ်းကောင်း တွေ့ရှိနိုင်စေဖို့ ကူညီပေးသွားမှာပါ