Dream Big!
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ဟာ ကျမရဲ့ အတွေးကို စတင် ပြောင်းလဲစေခဲ့တယ်။
အတွေးတွေကို ပြောင်းလိုက်ရင်း အပြုအမူတွေဟာလည်း စတင်ပြောင်းလဲလာတာကို သတိထားမိလာတယ်။
ဒီစာအုပ်မဖတ်ခင်က ကျမရဲ့အတွေးနဲ့၊ ဖတ်ပြီး ကျမရဲ့အတွေးဆိုပြီး သိသိသာသာ ကွဲပြားသွားတယ်။
ကျမတို့တွေဟာ သင်ကြားဆုံးမသင်ယူမှု ခံခဲ့ရတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ကလေးဘဝအိပ်မက်ကို မက်ခဲ့ကြတယ်၊ မက်ရဲကြတယ်။
ကလေးတစ်ယောက်အနေနဲ့ ယုံကြည်မှုနဲ့ ရွေးချယ်မှုကဖြစ်တည်လာတဲ့ အိပ်မက်ဆိုတာကို လွတ်လပ်တဲ့ ကိုယ်ပိုင်အခွင့်အရေးဆိုတာ မသိခဲ့ကြဘူး။
အိမ်မွေးတိလေးတွေလိုပဲ "ဘယ်လိုနေရမယ်၊ဘယ်လိုပြုမူရင် လိုချင်တာရမယ်၊ ဘယ်လိုဆိုရင်တော့ ဂရုစိုက်မခံရဘူး" အစရှိတဲ့ ဆုပေး၊ဒဏ်ပေးစနစ်နဲ့ ယဥ်ပါးအောင် ပျိုးထောင်ခံခဲ့ရတယ်။
ဒဏ်ပေးခံရမှာကြောက်တဲ့စိတ်နဲ့ ကိုယ်မဟုတ်တဲ့ပုံရိပ်တစ်ခုကို သခင်အလိုကျ စတင် သဏ္ဍန်လုပ် သရုပ်ဆောင်ခဲ့ကြတယ်။
ဒီလို သရုပ်ဆောင်ပေးလိုက်ရင် ငါဟာ သိပ်တော်တယ်၊ ဥာဏ်ကောင်းတယ်လို့ သတ်မှတ်ခံရပါလားပေါ့။
အဲ့လိုနဲ့ နောက်ဆုံးမှာတော့ ကိုယ်ဟာ ကိုယ်မဟုတ်တဲ့ပုံစံအဖြစ်နဲ့ပဲ တစ်ဘဝလုံးနေထိုင်သွားရတော့တယ်။
ဒါကို "Human Domestication" လို့ခေါ်ပြီး ကောင်းတဲ့လွှမ်းမိုးမှုလည်းရှိနိုင်သလို၊ ဒီလို ကောင်းမွန်တဲ့ လွှမ်းမိုးမှုရဖို့က တစ်ဖက်မှာလည်း ပျိုးထောင်မှုစနစ်အပေါ် အများကြီး မူတည်နေပြန်တယ်။
ပျိုးထောင်မှုစနစ်ဆိုတာ လူတစ်ယောက်ရဲ့ ယုံကြည်မှုက အခြေခံလာတာပဲဖြစ်တယ်။
ယုံကြည်မှုဆိုတာ ကျမတို့ကိုယ်တိုင် စုဆောင်း ရေးသားထားတဲ့ ပြဋ္ဌာန်းစာအုပ်တစ်အုပ် (Book of Law) ပါ။
ဒီပြဋ္ဌာန်းစာအုပ်က မှားတယ်လို့ပြနေရင် မလုံခြုံဘူးလို့ ခံစားရတယ်၊ ဒီစာအုပ်ကို မလိုက်နာရင် ကိုယ့်ကိုယ်ကို အပြစ်ပေးခြင်း စတင်တော့တာပဲ။
အဲ့ဒီတော့ ဒီ ယုံကြည်မှု ပြဋ္ဌာန်းစာအုပ်ထဲက အချက်တွေဟာ အကြွင်းမဲ့ မှန်ကန်နေဖို့လိုအပ်တယ် ဆိုတာ သဘောပေါက်လာတယ်။
ကျမအတွက်တော့ ဒီသဘောတူညီချက်(၄) ချက်က ယုံကြည်မှု ပြဋ္ဌာန်းစာအုပ်ထဲမှာထည့်ထားဖို့ ထိုက်တန်တယ်လို့ ခံစားရစေတယ်။
1st agreement- "be impeccable with your word"
နေ့တိုင်း ရွေးချယ်သုံးနှုန်းနေတဲ့ စကားလုံးတိုင်းကို ရိုးသားမှုနဲ့ အပြစ်ကင်းစင်မှုရှိပါစေ။
စကားဆိုတာ အသွားနှစ်ဖက်ပါတဲ့ ဓားတစ်လက်လိုပဲ။
လူတစ်ယောက် တိုးတက်အောင်မြင်အောင် လုပ်ပေးနိုင်တဲ့ စွမ်းအားလည်းရှိသလို၊ ဆုတ်ယုတ်ကျရှုံးအောင်လည်း ဖန်တီးပေးနိုင်တယ်။
ကောင်းသောစကား၊ မှန်သောစကား၊ အကျိုးရှိသောစကားကို ပြောသင့်တဲ့အချိန်မှာ၊ ပြောသင့်တဲ့လူကိုပဲ ပြောပါ။
အဲ့ဒီလူဟာ သင်ကိုယ်တိုင်လည်း ဖြစ်သလို၊ တခြားသူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။
2nd agreement- "Don't take anything personally"
အဓိကဇာတ်ဆောင် (Main lead syndrome) အစွဲကို ဖျောက်ပါ
တစ်နည်းအားဖြင့် "ငါ့ဘဝမှာ ငါသာလျှင် အရေးကြီးဆုံး"ဆိုတဲ့အတွေးဟာ သိပ်တစ်ကိုယ်ကောင်းဆန်လွန်းတယ် လို့မြင်တယ်။
ကျမတို့တွေဟာ ကိုယ်တိုင်ရေးအတ္ထုပတ္တိဇာတ်လမ်း တစ်ပုဒ်ကို ကိုယ်တိုင်ပရိုဂျူဆာ၊ဒါရိုက်တာလုပ်ပြီး ရိုက်ကူးနေကြတာမှန်ပေမယ့်
ဒီဇာတ်လမ်းအစအဆုံးမှာ ကိုယ်ဟာ အမြဲတမ်း ခေါင်းဆောင် မင်းသား၊မင်းသမီး ဖြစ်နေစရာတော့မလိုပါဘူး။
သင့်ပတ်ဝန်းကျင်က လူတိုင်းက သင့်အလိုကျ သင့်ကို ဖြည့်ဆည်းပေးနေရ မယ့် ဇာတ်ပို့၊ ဇာတ်ရံတွေလည်း အမြဲတမ်း ဟုတ်မနေပါဘူး။
သူတို့ဟာလည်း သူတို့ရဲ့ကိုယ်တိုင်ရေး အတ္ထုပတ္တိဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေပါပဲ။
သင်ဟာလည်း သူတို့ဇာတ်လမ်းမှာ ဇာတ်ပို့၊ဇာတ်ရံ၊ဖြတ်လျှောက်အမျိုးမျိုး ဖြစ်နေနိုင်ပါတယ်။
ကမ္ဘာကြီးဟာ သင့်တစ်ယောက်တည်းကို ဗဟိုပြုပြီး လည်ပတ်နေတာ မဟုတ်ပါဘူး။
3rd agreement- "Don't make assumption"
တစ်ကိုယ်တည်း ကောက်ချက်မချမိပါစေနဲ့။
ကိုယ်နားမလည်နိုင်တဲ့ ကိစ္စရပ်တိုင်းမှာ တစ်ဖက်သားဟာ ဘာဖြစ်လို့ ဒီအပြုအမူကိုလုပ်သလဲ၊ ဒီလမ်းကြောင်းကို ရွေးချယ်သလဲ၊ ဒီဆုံးဖြတ်ချက်ကိုချသလဲဆိုတဲ့ မေးခွန်းမေးဖို့ သတ္တိရှိပါ။
တစ်ဖက်လူက ကိုယ့်ရဲ့ အကြီးအကဲ၊ မိဘ၊ ဆရာ ဖြစ်နေရင်တောင် မေးမြန်းဖို့ ကြိုးစားပါ။ မိဘက သားသမီးကို ကောင်းစေချင်လို့ ပြန်မေးစရာမလိုဘူး၊ ဆရာက တပည့်ကို တတ်စေချင်လို့ လိုက်လုပ်ရမယ်ဆိုတဲ့ အရေှ့တိုင်း အတွေးအခေါ်တွေနဲ့ ကြီးပြင်းလာကြတဲ့ လူမှုပတ်ဝန်းကျင်မှာတော့ ဒီသဘောတူညီချက်ကသိပ် မလွယ်ကူလှတာ တွေ့ရတယ် ။
4th agreement- "Always do your best! No more or no less!"
အကောင်းဆုံး ကြိုးစားမှုအမြဲရှိပါစေ။
သင်လုပ်နိုင်တာထပ် ပိုကျော်လွန်ပြီး လုပ်ဖို့ သင့်ကိုယ်သင် ဖိအားပေးစရာ မလိုသလို၊ လုပ်နိုင်စွမ်းထပ် လျှော့လုပ်ပြီး နောင်တရ မနေမိပါစေနဲ့။
အကောင်းဆုံး ကြိုးစားတယ်ဆိုတာ ချီးကျူးမှုအတွက် မတောင့်တသလို၊ ဘယ်လိုရလဒ်ပဲရရ လက်ခံနိုင်တတ်ခြင်း အရည်အသွေးပဲ။
နေ့ရက်တိုင်း အကောင်းဆုံးလုပ်ဆောင်နေသူတစ်ယောက်ဟာ သူ့ရဲ့ လုပ်ဆောင်မှုတိုင်းအပေါ် နောင်တကင်းကင်း နဲ့ အဓိပ္ပါယ်ရှိရှိ ရှင်သန်နိုင်သူ တစ်ယောက်ပါ။
ဒီသဘောတူညီချက် (၄) ချက်ကို ယုံကြည်မှုပြဋ္ဌာန်းစာအုပ်ထဲ ထည့်လိုက်တဲ့အခါမှာ လွတ်လပ်တဲ့အိပ်မက်တစ်ခုရဲ့ အစကို မြင်ယောင်လာမိတယ်။
ဒီအိပ်မက်ထဲမှာကျမကိုယ်ကျမ တခြားသူနဲ့နှိုင်းယှဥ်ပြီး ငါ သိပ်မတော်သေးဘူးဆိုတဲ့ စကား မဆိုတော့ဘူး။
ဘဝဇာတ်ခုံမှာ ကျရာဇာတ်ရုပ်ကို လက်သင့်ခံ သရုပ်ဆောင်တတ်လာတယ်။
နားမလည်နိုင်တဲ့ လမ်းညွှန်ချက်တွေအတွက် တစ်ယောက်တည်း ကောက်ချက်မချတော့ဘူး။
ဘာပဲလုပ်လုပ် မျှော်လင့်ချက်အများကြီးမထားဘဲ အကောင်းဆုံးသာလုပ်တယ်။
သေချာတာတစ်ခုကတော့ ဒီတစ်ခါမက်တဲ့ အိပ်မက်ဟာ သိပ်ကို ငြိမ်းချမ်းပြီး၊ ကြီးမားလွန်းတာပါ....
#epknoteforthought
#thefouragreements
#dreambig