လူတွေမှာ Basic Needs အခြေခံ လိုအပ်ချက်နှင့် Higher Needs အဆင့်မြင့် လိုအပ်ချက် ဆိုပြီး အကြမ်းအားဖြင့် လိုအပ်ချက် နှစ်မျိုးရှိတယ်။
အခြေခံ လိုအပ်ချက်ကတော့ ရိုးရိုးပြောရရင် စား၊ ဝတ်၊ နေ ရေးပါပဲ။
လူတစ်ယောက် မွေးဖွားလာသည့် အချိန်မှ စပြီး လိုအပ်တဲ့ စားဝတ်နေရေးနှင့်အတူ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်က မေတ္တာ ပါ။ ကိုယ်က အချစ်ခံရဖို့လည်း လိုတယ်။ ပြန်ချစ်ဖို့လည်း လိုပါတယ်။ မေတ္တာ ချို့တဲ့မှုကပဲ စိတ်ဓာတ်ကိုပါ နိမ့်ကျသွားစေတယ်။ “ကလေးတစ်ယောက် လူလားမြောက်ဖို့ တစ်ရွာလုံး(ရဲ့ မေတ္တာ) လိုပါတယ်” ဆိုတဲ့ စကားပုံကိုပဲ ဆရာတော်က ရည်ညွှန်းသွားပါတယ်။
အခြေခံ လိုအပ်ချက်မပြည့်စုံရင် အဆင်မြင့် လိုအပ်ချက်ဘက်ကို ရောက်သွားဖို့ အခက်အခဲရှိပါတယ်။
အခြေခံ လိုအပ်ချက်ပြည့်စုံတဲ့ အခါ အဆင့်မြင့်လိုအပ်ချက်အတွက် ကလေးဟာ အသိဉာဏ်တိုးတက်ရန် ပညာရေး လိုလာပါတယ်။
"ပုံပြောတယ်" ဆိုတာ တနည်းအားဖြင့် ပညာရေးနော်
ပညာရေးရဲ့ အစက ပုံပြောတာ၊ သမိုင်းရဲ့ အစက ပုံပြောတာ၊ ဘာသာတရားရဲ့ အစကလည်း ပုံပြောတာပါပဲ
#Storytelling ဆိုတာ အခြေခံ အင်မတန်ကျပါတယ်။
ပုံပြောရင်းနှင့်မှ ပညာရေးနှင့် ပတ်သက်သည့် သဘောတရားများဖြစ်တဲ့ စိတ်နေသဘောထားကောင်းအောင်၊ အကျင့်စာရိတ္တကောင်းအောင်၊ အများနှင့်လိုက်လျောညီထွေအတူ လုပ်ဆောင်တတ်အောင်၊ စည်းလုံးညီညွတ်မှုရှိအောင်၊ မကောင်းတာ မလုပ်အောင်၊ မကောင်းတာ လုပ်ရင် ဒုက္ခရောက်တဲ့ အကြောင်း တွေကို ထည့်ပြောသွားပါတယ်။
စိတ်ဓာတ်နှင့် အသိဉာဏ် မြင့်မြတ်မှု အပိုင်းကို မသွားလျှင် လောကီဘက်မှာ မည်မျှပင် ပြည့်စုံနေပါစေ၊ အဲ့ဒီလူဟာ သူ့ဘဝမှာ တစ်ခုခု ဟာနေသလို ခံစားရမယ်...
#မဟာမြိုင်ဆရာတော် ဦးဇောတိက ဟောကြားသော အကျိုးရှိရဲ့လား တရားတော်မှ ကောက်နှုတ်ချက်
တရားတော် အပြည့်အစုံကို ဤနေရာတွင် နာယူနိုင်ပါသည်။ https://youtu.be/LhHjyGBILpA
Dedicated to Teachers,
ခုလို အချိန်မှာ -
ဆရာတိုင်းဟာ လုပ်ဖော်ကိုင်ဘက်တွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အင်တာနက် အွန်လိုင်းပေါ်မှာ ရုပ်မြင်သံကြား တွေ့ဆုံ ဆွေးနွေးဖို့ ဘဝပေး အခြေအနေ မရှိကြပါဘူး။
ဆရာတိုင်းဟာ မိမိရဲ့ နေအိမ်ဧည့်ခန်းကို သင်ထောက်ကူပစ္စည်းတွေနဲ့ ဆန်းကြယ်တဲ့ သင်ကြားရေးခန်းမ အဖြစ် ဖန်တီးဖို့ ငွေကြေးမတတ်နိုင်ကြပါဘူး။
ဆရာတိုင်းဟာ နေ့ချင်းညချင်း အွန်လိုင်းပေါ်မှာ သင်ကြားပြသဖို့ ရုပ်ပိုင်း၊ စိတ်ပိုင်း အဆင်သင့် မဖြစ်သေးပါဘူး။
ဆရာတိုင်းဟာ မိမိကျန်းမာရေးနဲ့ လောင်းကြေးထပ်ပြီး၊ နွမ်းပါးတဲ့ မိသားစုတွေကို အစာအာဟာရနဲ့ ငွေကြေး တစ်စွန်းတစ်စ မဝေငှနိုင်ပါဘူး။
ဒါပေမည့် ဆရာတိုင်း လုပ်နေတာ တစ်ခုတော့ ရှိပါတယ်။ ကြိုးစားနေကြခြင်းပါ။
ကပ်ဆိုးကာလကြီးမှာ နည်းပညာ မလုံလောက်မှုတွေ၊ မျှော်လင့်ထားပြီးဖြစ်တဲ့၊ မျှော်လင့်မထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရင်း ဆက်လက် သင်ကြားပေးနိုင်ဖို့ ကို နည်းလမ်းရှာဖွေ ကြိုးစားနေကြပါတယ်။
ဆရာတစ်ယောက်ဖြစ်တဲ့ သင်ဟာ လက်ရှိဖြစ်အင်ကို အားမလို အားမရ အတွေးမျိုး အကယ်၍များ ဝင်လာခဲ့ရင်၊ သင့်ရဲ့ နိစ္စဓူဝ လုံ့လစိုက်ထုတ်နေမှုတွေဟာ တစ်မုဟုတ်ချင်း ပျံ့နှံကျော်ကြားမှာ မသေချာပေမည့်၊ မရှိမဖြစ် လိုအပ်တဲ့ အင်အားတွေဆိုတာကို သတိရလိုက်ပါ။
ဒါ အမှန်တရားပါ။
ကျေးဇူးတင်ပါတယ်။
New Vision Education Center
“ပုဗ္ဗာစရိယ မိ နှင့် ဘ” ဟူသည့် ဆိုရိုးစကားနှင့် အညီ မိခင်နှင့် ဖခင်တို့သည် မိမိကလေးကို လူလားမြောက်အောင် ပြုစု ပျိုးထောင်ကြသည့် လက်ဦးဆရာများဖြစ်ကြသည်။ ကလေးတစ်ယောက် လူလားမြောက်အောင် တစ်ရွာလုံး ဝိုင်း၍ စောင့်ရှောက်ရသည်ဟုလည်း ဆိုကြသည်။ မှန်ပါသည်။ ကလေးတစ်ယောက် ကောင်းမွန် မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရန် မိသားစု၊ ပတ်ဝန်းကျင်၊ နိုင်ငံတော်အထိ တာဝန်ရှိပါသည်။ ယခုလို COVID-19 ကာလမျိုးတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စောင့်ရှောက်နေသည်မှာ ပေါ်လွင်လှပါသည်။
ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း
United Nation Convention on the Rights of the Child (CRC) တွင် ကလေးသူငယ် အခွင့်အရေး (၄) ရပ်ကို
အသက်ရှင်သန်ခွင့် (Survival)
ဖွံ့ဖြိုးတိုးတက်ခွင့် (Development)
ကာကွယ်စောင့်ရှောက်ခံခွင့် (Protection)
ပါဝင်ဆောင်ရွက်ခွင့် (Participation) ဟူ၍ ဖော်ပြထားပါသည်။
ဆရာများသည်လည်း ကလေးများကို လူ့ဘောင်လောက၏ အရေးပါသော တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်း ပြုစု ပျိုးထောင်ပေးနေသူများ ဖြစ်ပါသည်။ New Vision Preschool သည် ယုံကြည်စွာ အပ်နှံလာသည့် မိဘများ၏ အသက် ၃ - ၅ နှစ်ထိ အရွယ် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူလျက်ရှိပါသည်။
“ဒီကလေး တတ်လိုက်တာ ... ဘယ်လို တတ်နေမှန်းမသိဘူး...” ဟူ၍ အရပ်ထဲတွင် အလွတ်သဘော ပြောလေ့ ရှိကြသည်ကို မကြာခဏဆိုသလို ကြားရလေ့ရှိပါသည်။ ဆရာဟူသည့် Professional role ကို ယူထားသော သူများအနေနှင့် ဤသို့ အလွတ် အလွယ် ပြော၍ မရပါ။ ကလေးနှင့် ပတ်သက်သည့် အရာအားလုံးကို ဘာကြောင့် ဘာ ဖြစ်သည် ကို သိရှိရန် အချိန်နှင့်အမျှ လေ့လာ ဖြည့်ဆည်းရပါသည်။ ကလေးများနှင့် ပြောဆို ဆက်ဆံသည့် အပြောအဆို အမူအရာတိုင်းသည် သတိလက်လွတ် မရှိစေဘဲ၊ အဓိပ္ပါယ်ပြည့်ဝနေရပါသည်။ ကလေးများ၏ အသက်အရွယ် အလိုက် ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင် ရောက်အောင် ကလေးကိုယ်တိုင် သင်ယူ တတ်မြောက်နိုင်ရန် ဦးဆောင်လမ်းပြ၊ ကူညီ ပံ့ပိုးပေးရပါသည်။
မိမိ၏ သားသမီးအား အကောင်းဆုံးများကိုသာ ပေးဆပ်ချင်ကြသည့် မိဘများနှင့် ထပ်တူဆန္ဒ New Vision Preschool ဆရာများတွင်လည်း ရှိကြပါသည်။ ထိရောက် မှန်ကန်သော ပေးဆပ်မှုမျိုး ဖြစ်စေရန် New Vision Preschool ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများကို ဤစာမျက်နှာမှ တစ်ဆင့်မိဘများနှင့် မျှဝေ ညှိနှိုင်းလိုပါသည်။ မိဘ အုပ်ထိန်းသူများ၏ ပူးပေါင်းပါဝင်မှုကို နွေးထွေးစွာဖြင့် ကြိုဆို ကမ်းလင့်လိုက်ပါသည်။