မူကြိုပညာရေးက ဘာကြောင့် အရေးကြီးသလဲ?
✅ ဦးနှောက်ဖွံ့ဖြိုးမှု
မွေးကင်းစကနေ အသက် ၇-နှစ်အထိ အရွယ် ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနှုန်းက အမြင့်မားဆုံးလို့ ပြောနိုင်ပါတယ်။ ဦးနှောက်ရဲ့ နျူရွန်ဆဲလ်တွေက မွေးကင်းစကနေ ၁-နှစ်သားအတွင်း နှစ်ဆလောက် တိုးပွားလာပြီး၊ ၃-နှစ်သား အရွယ်မှာဆိုရင် လူကြီးတစ်ဦးရဲ့ ဦးနှောက်ပမာဏရဲ့ ၈၀% လောက်ထိ ရောက်လာပါတယ်။ ထိုအတူပဲ နျူရွန်ဆဲလ်တွေက တစ်စက္ကန့်ကို တစ်သန်းနှုန်းလောက်နဲ့ ချိတ်ဆက်မှုတွေ ဖြစ်ပါတယ်။ ၂-နှစ် ၃-နှစ်သားအရွယ်မှာဆိုရင် နျူရွန်ဆက်ထုံး ပမာဏက လူကြီးတစ်ဦးမှာ ရှိသင့်တာထက် ၂-ဆလောက် ပိုပြီး ရှိနေပါတယ်။ ၃-နှစ်ကနေ ၅-နှစ်အရွယ် ကလေးတွေရဲ့ ဦးနှောက်က တက္ကသိုလ်ကျောင်းသား တယောက်ထက် ၂-ဆလောက် ပိုပြီးအလုပ်လုပ်ရတယ်လို့ ဆိုနိုင်ပါတယ်။ အသက် ၃-နှစ်ကနေ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်တဲ့ အရွယ်အတွင်းမှာ အသုံးမပြုတဲ့ နျူရွန်ဆက်ထုံးတွေက ပြန်ပျောက်ကုန်ကာ၊ အသုံးများတဲ့ နျူရွန်ဆက်ထုံးက ပိုပြီး အသားကျခိုင်မာသွားပါတယ်။ ဒါကြောင့် ၃-နှစ်ကနေ ၅-နှစ်အရွယ်ကလေးတွေကို သူတို့အရွယ်နဲ့ သင့်တော်ပြီး အဓိပ္ပါယ်ရှိတဲ့ ကစားနည်းတွေ၊ ကဗျာရွတ်ဆို ကခုန်မှုတွေ၊ ပုံပြင်နားထောင်တာတွေနဲ့ သင်ယူစေတာက သူတို့ အနာဂတ် ပညာရေးအတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်စေပါတယ်။
မွေးကင်းစကနေ အသက် ၇-နှစ်အထိ အရွယ်ကို ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ပွင့်နေတဲ့ အခွင့်အလမ်း ပြူတင်းပေါက်များ (Windows of Opportunity) လို့ သတ်မှတ်ပါတယ်။ ဒီအချိန်မှာ ကလေးတွေရဲ့ ပညာရေးအတွက် ရင်းနှီးမြုတ်နှံခဲ့ရင် ရည်ရှည် အကျိုးဖြစ်ထွန်းမှု ပိုရနိုင်သလို၊ ဒီအခွင့်အလမ်း ပြူတင်းတံခါးတွေပိတ်သွားရင် ပိုပြီးခက်ခဲသွားနိုင်ပါတယ်။ စင်္ကာပူ၊ ဂျပန်၊ ဖင်လန်စတဲ့ နိုင်ငံတွေက ပညာရေးထိပ်တန်းရောက်နေရတဲ့ အကြောင်းရင်းတွေထဲမှာ အရည်အသွေးမှီတဲ့ မူကြိုပညာရေးကို ရခဲ့ကြတာလည်း ပါပါတယ်။ ဒါကြောင့် အချို့နိုင်ငံတွေမှာဆိုရင် အစိုးရကနေ ဦးဆောင်ပြီး Early Childhood Care & Development လုပ်ငန်းတွေကို အလေးတယူဆောင်ရွက်လာတာ တွေ့ရပါတယ်။
✅ စနစ်တကျ စီမံဖန်တီးထားသည့် သင်ယူမှု ပတ်ဝန်းကျင်
၃-နှစ်ကနေ ၅-နှစ်အရွယ် ကလေးငယ်တွေက မူကြိုမထားဘဲ ကိုယ့်အိမ်မှာကိုယ် သင်ယူမှုတွေ လုပ်နိုင်ကြတယ် ဆိုပေမယ့်၊ မူကြိုထားတဲ့ ကလေးတွေမှာ ပိုပြီး အားသာတဲ့ အချက်တွေ ရှိပါတယ်။ အဓိကအားဖြင့်ကတော့ မူကြိုကျောင်းတွေက သူတို့ အရွယ်နဲ့ သင့်လျော်ပြီး သင်ယူမှုကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးထားနိုင်လို့ပါပဲ။ ရောင်စုံ ရုပ်ပုံကားချပ်တွေ၊ အသံတွေ၊ ကစားစရာတွေကို ကိုယ့်အိမ်မှာ ဖန်တီးပေးထားနိုင်တယ် ဆိုပေမယ့်လည်း၊ အခြားကလေးငယ်တွေနဲ့ အတူ ထိတွေ့ဆက်ဆံပြီး စနစ်တကျ စီမံထားတဲ့ စုပေါင်းကစားနည်းမျိုးတွေ၊ အုပ်စုဖွဲ့ သင်ယူမှုမျိုးတွေကိုတော့ မူကြိုကျောင်းတွေမှာပဲ ရနိုင်ပါလိမ့်မယ်။
✅ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
အခြားကလေးတွေ၊ ဆရာမတွေနဲ့ အတူ ရဲရဲဝံ့ဝံ့ ချိုချိုသာသာ စကားပြောဆက်ဆံတတ်ဖို့၊ တဖက်သားကို လေးလေးစားစား ဆက်ဆံတတ်ဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ ကစားစရာ စတဲ့ ပစ္စည်းတွေကို အတူမျှဝေ သုံးစွဲတတ်ဖို့ စတဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကိုလည်း မူကြိုကျောင်းတွေမှာ ရနိုင်ပါတယ်။ မိမိရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာ၊ တစုံတခုကို အာရုံစိုက်ပြီး စိတ်ပါဝင်စားစွာ သင်ယူနိုင်တာစတဲ့ အရည်အသွေးတွေကလည်း ဒီအရွယ်မှာကတည်းက စနစ်တကျ လေ့ကျင့် သင်ယူထားသင့်ပါတယ်။
✅ ဦးနှောက် ဖွံ့ဖြိုးမှုနှင့် လိုက်ဖက်သည့် သင်ခန်းစာ
အသက် ၃-နှစ် မတိုင်မီ ကလေးငယ်တွေက မှတ်ဉာဏ်ကို ကောင်းကောင်း အသုံး မချနိုင်သေးပါဘူး။ ၃-နှစ်ကျော်မှ မှတ်ဉာဏ်ကို အသုံးချနိုင်လာပါတယ်။ သင်္ကေတတွေနဲ့ စဉ်းစားနိုင်လာပါတယ်။ ဝါကျပြည့်အောင် စကားပြောနိုင်လာပါတယ်။ ကိန်းဂဏန်းတွေကို မှတ်မိ နားလည်လာပြီး၊ ပတ်ဝန်းကျင်ကိုလည်း စူးစမ်းလေ့လာ မှတ်သားလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအရွယ်မှာ ဒြဗ်မဲ့သဘောတရားတွေကို စတင်နားလည်စ ပြုလာတာဖြစ်ပြီး၊ ယုတ္တိနည်းကျ မစဉ်းစားတတ်သေးပါဘူး။ ဒါကြောင့် မူလတန်းကျောင်းတွေမှာ သင်ကြားသလို သင်ကြားရတာမျိုး မဟုတ်ဘဲ၊ ပျော်ရွှင်ဖွယ် ကစားနည်းတွေ၊ ကဗျာရွတ်ဆို ကခုန်မှုတွေ၊ ပုံပြင်တွေနဲ့ သင်ကြားရပါတယ်။ မူကြိုဆရာမတွေက ဘာသာရပ်ကို သာမက ကလေးတွေရဲ့ အရွယ်အလျောက် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နားလည်ထားကြသူများ ဖြစ်ကြပါတယ်။ မူကြိုကျောင်းတွေက ကလေးငယ်တွေကို ပတ်ဝန်းကျင်လောကနဲ့ ထိတွေ့မိတ်ဆက်ပေးပြီး၊ သူတို့ရဲ့ စူးစမ်းလိုမှုကို နှိုးဆွပေးရုံသာမက၊ သူတို့ သိလိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုလည်း သူတို့ဉာဏ်ရည် အလျောက် နားလည်နိုင်အောင် စနစ်တကျ စီမံပေးပါတယ်။