(ဘာသာစကားဖွံ့ဖြိုးမှုအတွက် ဘာလုပ်ပေးနိုင်သလဲ ဖတ်ရန် နှိပ်ပါ။)
ဦးနှောက်ရဲ့ ဖွံဖြိုးတိုးတက်မှုနှုန်းက တသမတ်တည်း ရှိနေတာမဟုတ်ပါဘဲ၊ လှိုင်းလုံးသဖွယ် အတက်အကျ ဖြစ်နေပါတယ်။ မွေးကင်းစကနေ အသက် ၇-နှစ်အထိ အရွယ်ကတော့ ဦးနှောက်ဖွံဖြိုးမှုနှုန်း အမြင့်မားဆုံး ကာလပါ။
အထူးသဖြင့် ၃-နှစ်ကနေ ၅-နှစ်သား ကလေးတစ်ယောက်ရဲ့ ဦးနှောက်မှာ တစက္ကန့်အတွင်း နျူရွန်ဆဲလ်ပေါင်း တစ်သန်းလောက် အထိ ချိတ်ဆက်မှုတွေ ဖြစ်ကြပါတယ်။ ဒီပမာဏက တက္ကသိုလ် ကျောင်းသားတစ်ယောက်ထက် နှစ်ဆလောက် ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အသုံးမချတဲ့ နျူရွန်ဆက်ထုံးတွေကတော့ လူပျိုပေါက် အပျိုပေါက်အရွယ် မတိုင်မီမှာပဲ ပြန်ပျောက်သွားပါတယ်။ အသုံးများတဲ့ နျူရွန်ဆက်ထုံးတွေကတော့ အသားကျပြီး ခိုင်မာသွားပါတယ်။ ဒါကြောင့် ဒီလို နျူရွန်ဆက်ထုံးတွေ ဝေဝေဆာဆာ ပွင့်လန်းနေချိန်မှာ “သုံးလျှင်ရင်၊ မသုံးရင် ဆုံးလိမ့်မယ်” (Use it or lose it) လို့ ပညာရေးသုတေသီတွေက သတိပေးလေ့ ရှိပါတယ်။
ဒီလို နျူရွန်ဆက်ထုံးတွေ ဝေဝေဆာဆာ ပွင့်လန်းနေချိန်က သင်ယူမှုအတွက် အထိရောက်ဆုံးကာလ ဖြစ်လို့ အခွင့်အလမ်းတွေ ပြူတင်းတံခါးတွေ ပွင့်လင်းနေတဲ့ကာလ (Windows of Opportunity) လို့ ခေါ်ပါတယ်။ ပတ်ဝန်းကျင်က မြင်သမျှ, ကြားသမျှ တွေ့ကြုံခံစားရသမျှကို အလွယ်တကူ သင်ယူနိုင်တဲ့ ဒီအရွယ်ကလေးငယ်တွေရဲ့ စွမ်းရည်ကို မွန်တက်ဆိုရီ (Montessori) က Absorbent Mind လို့ အမည်ပေးထားပါတယ်။ ဒီကာလအတွင်းမှာ သက်ဆိုင်ရာ စွမ်းရည်တွေ ဖွံဖြိုးဖို့ရာအတွက် အမိအရ အသုံးချနိုင်ခဲ့ရင် ရည်ရှည်အကျိုးဖြစ်ထွန်းမှု ပိုပြီးများပါတယ်။ အကယ်၍ ဒီအခွင့်အလမ်းတွေ ပြူတင်းပေါက်တွေ ပိတ်သွားတဲ့ အချိန်မှာ သင်ယူမှုတွေ လုပ်လို့ မရနိုင်တော့ဘူးလား။ သင်ယူမှု ဆိုတာတော့ တသက်တာလုံး လုပ်ဆောင်နိုင်တဲ့ အရာသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အလမ်းတွေ ပြူတင်းပေါက်တွေ ပိတ်သွားမှ ဆိုရင် ပိုခက်ခဲပြီး ပိုပြီး အားစိုက်ထုတ်မှု လိုအပ်ပါတယ်။
အထူးသဖြင့် ဘာသာစကား သင်ကြားမှုအတွက် ၇-နှစ်သားအထိက အကောင်းဆုံးဖြစ်ပါတယ်။ နောက်မှ သင်ကြားရင် ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့် ၇-နှစ်သားအတွင်း ဘာသာစကား, စဉ်းစားတွေးခေါ်မှုနဲ့ အမှုအကျင့်ကောင်းတွေကို အခြေခံအုတ်မြစ်ချနိုင်ဖို့ အရေးကြီးပါတယ်။
Ref:
• Pam Schiller, Start Smart: Building Brain Power in the Early Years (2012)
• The first years of life are a vital period for early brain development (http://www.urbanchildinstitute.org)
• In Brief: The Science of Early Childhood Development (https://developingchild.harvard.edu)
သင့်ကလေးအား စာပေအက္ခရာ တစ်လုံးချင်းစီ၏ အသံကို ခွဲခြားသိရန်နှင့် စာအရေးအဖတ်ကို မသင်ကြားမီ၊ လူတို့ပြောသောစကားသံနှင့် အခြားအသံများကို ခွဲခြား နားထောင်တတ်ရန်အတွက် အိမ်တွင် အောက်ပါ လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန်အကြံပြုလိုပါသည်။ ထို့အပြင် ကလေးများအား နေ့စဉ် စာဖတ်ပြခြင်းသည် ဘာသာစကား စွမ်းရည်ထက်မြက်စေရန်အတွက် အလွန်အရေးပါကြောင်း ထပ်လောင်း၍ သိစေအပ်ပါသည်။
✅ 1. Listening to Noises and Identifying Them
(အပြော) ဘာသာစကားတိုင်းသည် ဗျည်း-သရ အသံများ (phonemic sounds) ဖြင့် ဖွဲ့စည်းထားပါသည်။ စာရေးသားသည့် စနစ်သည် ထိုအသံများကို အက္ခရာတင်ထားခြင်း ဖြစ်ပါသည်။ တူရိယာတီးခပ်သံ၊ လေတိုက်၍ သစ်ရွက်လှုပ်သံ၊ ကျေးငှက်မည်သံ စသည်တို့သည်လည်း အသံများပင် ဖြစ်သော်လည်း၊ စကားပြောရာတွင် အသုံးပြုသည့် ဗျည်း-သရ အက္ခရာအသံများ (phonemic sounds) များနှင့် မတူသည့် အခြားအသံ(noises) များ ဖြစ်ကြောင်း သတိပြုစေလိုပါသည်။ ကလေးများသည် စာအရေးအဖတ် မသင်ကြားမီ၊ စကားသံနှင့် အခြားအသံများကို ခွဲခြားသိနိုင်ရန် လိုအပ်ပါသည်။ ဤလေ့ကျင့်ခန်းသည် သင်၏ကလေးအား အာရုံစိုက်၍ နားထောင်တတ်ရန်နှင့် သူကြားသည်ကို ပြန်စဉ်းစား၍ပြောပြတတ်စေရန် သင်ကြားပေးပါသည်။ အိမ်နေရင်းဖြစ်စေ၊ လမ်းသွား ဈေးဝယ်ရင်း ဖြစ်စေ သက်တောင့်သက်သာ လေ့ကျင့်သင်ကြားပေးနိုင်ပါသည်။
👉 ဦးစွာ ခေါင်းလောင်း၊ သော့တွဲ၊ ကပ်ကြေး စသည့် သိသာထင်ရှားစွာ အသံထွက်သည့် အိမ်သုံးပစ္စည်းများကို ရှာဖွေစုဆောင်းပါ။
👉 ထိုပစ္စည်း တစ်ခုခုဖြင့် အသံပြုပါ။
👉 ကလေးအား ဘာသံကြားသလဲ မေးပါ။ ဘယ်က ထွက်တဲ့အသံလဲ မေးပါ။
👉 အခြားပစ္စည်းများကို ပြောင်း၍ အထက်ပါအတိုင်း မေးပါ။
👉 (မည်သည့်အသံက အကျယ်ဆုံး ဖြစ်သည်၊ မည်သည့် အသံကို အရင်ကြား၍ မည်သည့် အသံကို နောက်မှ ကြားရသည် စသဖြင့်) မည်သည့် အသံက မည်သို့ ဖြစ်သည်ကို နှိုင်းယှဉ်ပြောခိုင်းပါ။
✅ 2. Recalling Noises
ဘာသာစကားတစ်ခု၏ စကားလုံးများသည် ဗျည်းသံ၊ သရသံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဗျည်းသံ၊ သရသံများတို့ကို ကွဲပြား ခြားနားစွာ နားထောင်နိုင်စွမ်းနှင့် ပြန်လည်ဖော်ထုတ်နိုင်စွမ်း ရှိခြင်းသည် စာ အဖတ်အရေး စွမ်းရည် နှစ်ခုလုံးအတွက် အရေးပါ ပါသည်။ယခုအချိန်တွင် သင်၏ ကလေးသည် တူရိယာ ပစ္စည်းများနှင့် အခြားအသံများကို နားထောင်တတ်ရန် လေ့ကျင့်ပြီး ဖြစ်ပါသည်။ မိမိကြားလိုက်သော အသံများကို အစီအစဉ်အတိုင်း ပြန်လည်ဖော်ထုတ် ပြောနိုင်ခြင်းသည် စကားလုံးများ၏ ဗျည်းသံ၊ သရသံများကို အမည်တပ်နိုင်ရန် အလွန် ကောင်းမွန်သော ပြင်ဆင်ခြင်းပင် ဖြစ်ပါသည်။
👉 မီးဖိုချောင်အတွင်း၌ ရေဘုံဘိုင်ကို ဖွင့်လိုက်ပါ။ ကြောင်အိမ်တံခါးကို ပိတ်လိုက်ပါ။ ပန်းကန်ကို ဇွန်းဖြင့် ခေါက်ပါ။
👉 ကလေးအား ဘာသံတွေလဲဟု မေးပါ။
👉 အခြား အလားတူ ဆူညံသံများ ပြုလုပ်ပါ။
👉 ကလေးအား မျက်စိ မှိတ်ထားခိုင်းပြီး၊ ဘာသံတွေ ကြားရလဲဟု မေးပါ။
👉 ကလေးအား သူကြားခဲ့သော အသံများကို အစဉ်အတိုင်း စဉ်းစား၍ ပြောစေပါ။
✅ 3. Counting Words
စကားလုံးများသည် ဗျည်းသံ၊ သရသံများ အစဉ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ စကားစုနှင့် ဝါကျများသည် စကားလုံး အစဉ်အတန်းကြီးများ ဖြစ်ပါသည်။ စကားလုံးများနှင့် သူတို့၏ အစီအစဉ်ကို နားလည်ခြင်းသည် စာဖတ်သင်ရာတွင် အရေးပါ ပါသည်။ စကားလုံးများကို အစီအစဉ်တကျ ရေတွက်ခြင်းသည် စာသင်စ ကလေးများအတွက် အတန်ငယ် ခက်ခဲပါသည်။ အစဦးတွင် ကလေး မလုပ်နိုင်သေးပါက စိတ်ရှည် သည်းခံပြီး၊ ဆက်တိုက်လေ့ကျင့်ပေးခြင်းဖြင့် တိုးတက်လာစေမည် ဖြစ်ပါသည်။
👉 ကလေးအား ပုံပြင် ဖတ်ပြပါ။
👉 ပုံပြင်မှ စကားလုံး ၅ လုံးထက် မပိုသော ဝါကျကို ရွေးချယ်လိုက်ပါ။ ထိုဝါကျမှ စကားလုံးတစ်လုံးချင်းစီကို လက်ညှိုးဖြင့် ထောက်သွားပြီး ကလေးအား ပြောပြပါ။
👉 ကလေးအား ထိုအတိုင်း သူ၏ လက်ညှိုးကလေးဖြင့် စကားလုံးများကို ထောက်ကာထောက်ကာ လိုက်ပြောစေပါ။
👉 (စကားလုံး ၅ လုံးသည် ကလေးအတွက် များသည် ထင်ပါက၊ ပိုတိုသော ဝါကျ ရွေးချယ်၍ လေ့ကျင့်ပေးနိုင်ပါသည်။)
👉 ထပ်ကာထပ်ကာလေ့ကျင့်ပါ။
ကလေးကို စာရေးမသင်မီ လက်ချောင်းကြွက်သားလေးများ သန်မာ ဖွံ့ဖြိုးအောင်လေ့ကျင့်ပေးရပါသည်။ အောက်ပါ အချက်များသည် ကလေးများ၏ လက်ချောင်းများ၊ လက်မောင်း လက်တံရှိ ကြွက်သားများ သန်မာစေရန်နှင့် မျက်စိနှင့် လက် ဟန်ချက်ညီ လုပ်ဆောင်နိုင်မှု အတွက် အထောက်အကူပြုသည့် အိမ်တွင် လေ့ကျင့်ပေးနိုင်သည်များ ဖြစ်ပါသည်။
✅ အတုံးလေးများ စီစေခြင်း
✅ ရေကို ဇွန်းဖြင့်ခပ်၍ ခွက်တစ်ခုမှ အခြားခွက်တစ်ခုသို့ ထည့်စေခြင်း၊ ရေချိုးစဉ် ရေဖလားဖြင့် ကဲ့ယူစေခြင်း
✅ ပုတီးစေ့ကဲ့သို့သော အခဲအစေ့များကို မျက်စိမှိတ်၍ ကောက်စေခြင်း
✅ မွေးညှပ်၊ ဇာကနာကဲ့သို့သော ကိရိယာသုံး၍ စက္ကူလုံး၊ သစ်ရွက်ခြောက်၊ အမှိုက်စသည်ကို ကောက်စေခြင်း
✅ အသုံးမလိုတော့သည့် စာရွက်များကို ကလေးနှင့် သင့်တော်သည့် ကတ်ကြေးသုံး၍ ဖြတ်ညှပ်စေခြင်း
✅ ပုတီးစေ့၊ ပန်းပွင့်များကို ကြိုးဖြင့် သီစေခြင်း
✅ လက်တဖက်တည်းဖြင့် စာရွက်၊ လက်ကိုင်ပုဝါကို ဆုပ်နယ်ခြေစေခြင်း
✅ ဂျုံလုံးဖြင့် ပုံဖော်စေခြင်း
✅ (ကလေး၏ လက်ချောင်းများအရွယ်ထက် လုံးပတ် အတန်ငယ်ကြီးသော) Crayon ဖယောင်းချောင်း ကို အသုံးပြု၍ ပုံဆွဲခြင်း၊ အရောင်ခြယ်ခြင်း
Crayon ဖယောင်းချောင်းသည် စာရွက်ပေါ်ရေးခြစ်ရာတွင် လက်ချောင်းကြွက်သားလေးများအတွက် ခဲတံ၊ မှင်တံထက် သာလွန်သော တွန်းအား ဆွဲအားကို ရရှိစေပါသည်။ ပုံပါအတိုင်း လက်ဖြင့် ဆုပ်ကိုင်ရေးရာတွင် Crayon ဖယောင်းချောင်း လုံးပတ် အတန်ငယ်ကြီးကြီးကို အသုံးပြုခြင်းသည် ကလေး၏ လိုရာပုံ ဆွဲလိုမှုကို ပိုမိုလွယ်ကူစေပြီး၊ အချိန်ပို ကြာကြာလည်း ရေးဆွဲစေနိုင်သောကြောင့် ဖြစ်ပါသည်။
ကလေးတွေက တစ်ဦးနဲ့ တစ်ဦ အာရုံ စူးရှထက်မြက်ပုံခြင်း မတူကြပါဘူး။ အချို့ကလေးတွေက အကြားအာရုံမှာ ပိုပြီးထက်မြက်ပါတယ်။ အချို့ကတော့ အမြင်အာရုံမှာ ပိုပြီးထက်သန်တတ်ကြပါတယ်။ Multi-sensory Learning ဆိုတာက အကြား၊ အမြင်၊ အထိအတွေ့ စတဲ့ အာရုံမျိုးစုံအပြင် လှုပ်ရှားမှုများနဲ့ပါ တွဲဖက်ပြီး သင်ယူစေတဲ့ နည်းစနစ်မျိုးကို ခေါ်ပါတယ်။ ဒီလို အာရုံမျိုးစုံ အသုံးပြုစေခြင်းကြောင့် သင်ယူမှတ်သားမှု ပိုမို ထိရောက်စေပါတယ်။ စာသင်ကြားမှုမှာ အခက်အခဲရှိတဲ့ ကလေးတွေကိုတောင် ဒီနည်းစနစ်နဲ့ သင်ပေးရင် တတ်မြောက်လွယ်တာတွေ့နိုင်ပါတယ်။ (သင်ကြားနည်းဖတ်ရန် နှိပ်ပါ။)